← Chapters

အခန်း (၃၀)

Vol. 3 Ch. 30

အခန်း (၃၀)

Vol. 3 Ch. 30

"သွားကြည့်ရအောင်" ကျိုးကျွင်းဟွေ့က အဆိုပြုလိုက်ပြီး ထိုအရှုပ်အထွေးကို ကြည့်ချင်နေသည်။

"စွင်းတုန်က မင်းရှန်ရဲ့ အတန်းဖော်ဆိုတော့ မင်းရှန်နဲ့ ပတ်သက်မှု ရှိမရှိ သွားကြည့်ရအောင်။ လာပါ... ဘာဖြစ်နေလဲ သွားကြည့်ကြမယ်"

လော့လန်သည် ထိုကဲ့သို့သော အဖြစ်အပျက်များကို စောင့်ကြည့်လေ့ရှိသူဖြစ်ရာ သဘောတူလိုက်သည်။ ယခုနှစ်အတွင်း အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့သဖြင့် စွင်းတုန်၏ အခြေအနေသည် ကျိုးချင်းရှန်နှင့် ဆက်စပ်နိုင်ကြောင်း သူမ သံသယရှိသည်။ စွင်းတုန်သည် လူများကို အုတ်ခဲဖြင့် တိတ်တဆိတ် ပစ်ပေါက်တတ်သူဟု နာမည်ကြီးရာ အကယ်၍ သူ၏ဖခင် ပြုတ်ကျသွားပါက အကြောက်လွန်၍ နှုတ်ပိတ်နေခဲ့ရသော ကျောင်းသားများမှာ သတ္တိပြန်ဝင်လာကြပေလိမ့်မည်။

စွင်းမိသားစုအိမ်မှာ မဝေးလှပေ။ သူတို့နှင့် လမ်းတစ်လမ်းတည်းတွင် နေထိုင်ကြသည်။ သူတို့ ရောက်သွားချိန်တွင် အပြင်ဘက်၌ လူအုပ်ကြီး စုဝေးနေပြီဖြစ်သည်။ အိမ်ထဲမှ အော်ဟစ်သံ၊ ငိုယိုသံနှင့် ပစ္စည်းများ ရိုက်ခွဲသံများအပြင် လူအုပ်ကြီး၏ အတင်းပြောသံများကိုပါ အဝေးမှပင် ကြားနေရသည်။

"ဒါရိုက်တာစွင်းကို အခု ဘယ်ပို့လိုက်ပြီလဲ။ သူ့အခြေအနေ ဘယ်လိုရှိလဲ"

"မသိဘူး။ တိုင်ကြားခံရတယ်လို့ ကြားတယ်၊ အခု အိမ်ကို ရှာဖွေနေကြတာ"

ကျိုးကျွင်းဟွေ့သည် လော့လန်ကို ဆွဲ၍ လူအုပ်ကြားမှတဆင့် ခြံဝင်းထဲသို့ ဝင်သွားခဲ့သည်။ အတွင်းဘက်တွင် စွင်းမိသားစုအိမ်မှာ ဖရိုဖရဲ ဖြစ်နေသည်။ လော့လန်သည် သူမ ရှာဖွေနေသောသူကို ချက်ချင်း တွေ့လိုက်ရသည်။ အရပ်ရှည်ရှည် ဆယ်ကျော်သက်ကောင်လေးသည် မျက်နှာပျက်နေပြီး အမျိုးသမီးတစ်ဦးက သူ့ကို တင်းကျပ်စွာ ဖက်ထားသည်။

"စိတ်လိုက်မာန်ပါ မလုပ်နဲ့။ စိတ်အေးအေးထား အမေ ရှင်းပါ့မယ်"

"အမေ... ကျွန်တော့်ကို လွှတ်စမ်းပါ။ သူတို့ ဘာလုပ်ရဲလဲ ကြည့်ရအောင်"

အစောင့်တပ်သားတစ်ဦးက သူ့ကို မနှစ်မြို့သောအကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။

"ခေါင်းမာလိုက်တဲ့ ကလေး။ အချုပ်ထဲမှာ ရက်နည်းနည်းလောက် နေပြီးရင် ဘယ်လိုနေမလဲ ကြည့်ကြသေးတာပေါ့"

"သူနဲ့ ဖက်မဖြစ်ပါနဲ့။ သူက နားမလည်တဲ့ ကလေးမို့ပါ" မိခင်ဖြစ်သူက အပြုံးဖြင့် အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားရင်း ပြောလိုက်သည်။

အစောင့်တပ်သားများနှင့် စွင်းတုန်မှာ မောက်မာသည့်နေရာတွင် သိပ်မကွာခြားလှသော်လည်း အစောင့်တပ်သားများက ပို၍ ရိုင်းစိုင်းကြသည်။ မိခင်ဖြစ်သူက ချုပ်ထိန်းထားသဖြင့် စွင်းတုန်မှာ ဘာမှ ဆက်မပြောရဲဘဲ ဒေါသတကြီး အံကြိတ်နေရုံသာ တတ်နိုင်သည်။

သူ့ဖခင်မှာ အဖမ်းခံထားရပြီး တရားစီရင်မှုကို စောင့်ဆိုင်းနေရသည်။ စွင်းတုန်မှာ စိတ်ပျက်အားငယ်ခြင်းနှင့် ဒေါသထွက်ခြင်းတို့ ရောထွေးနေပုံရပြီး မျက်လုံးများ နီရဲကာ အံကြိတ်ထားသည်။ အနီးနားရှိ လူများက သူ့ကို အာရုံစိုက်ကာ တီးတိုးပြောနေကြသည်။

"သူက ရန်ဖြစ်လိုက် ခိုးလိုက်နဲ့ နာမည်ကြီးပဲ၊ သူ့အဖေ အရှိန်အဝါနဲ့ ပြဿနာတွေကို ရှင်းနေကျလေ။ အခု သူ့အဖေ မရှိတော့ဘူးဆိုတော့ သူ ဘဝင်မြင့်နိုင်ဦးမလား ကြည့်ရသေးတာပေါ့"

"သူ ဒေါသထွက်နေတာ မမြင်ဘူးလား။ သူ့အမေသာ ဆွဲမထားရင် ပြန်ချမယ့်ပုံပဲ"

"လုပ်ကြည့်ပါစေလေ။ တကယ်သာ လုပ်ရင် ငါက..."

"ထွက်သွားကြစမ်း" စွင်းတုန်က ဘေးမှကြည့်နေသူများကို ဟိန်းဟောက်လိုက်ပြီး သူ၏ မကောင်းသော ခံစားချက်များကို ဖွင့်ထုတ်လိုက်သည်။ သူသည် လေးလံသော တုတ်တစ်ချောင်းကို ကောက်ကိုင်ပြီး လူအုပ်ကြီးကို ချိန်လိုက်သည်။

"အခု ထွက်သွား၊ မဟုတ်ရင် ငါ့ကို ရိုင်းတယ်လို့ အပြစ်မတင်နဲ့။ လူတစ်ယောက်လောက် လျော့သွားလည်း ကိစ္စမရှိဘူး။ ငါက သေမှာ မကြောက်ဘူး၊ ဒါကြောင့် ဘယ်သူမဆို နေချင်ရင် နေခဲ့လိုက်"

ထိုသို့ပြောပြီးနောက် သူသည် တုတ်ကို ခြိမ်းခြောက်သည့်ပုံစံဖြင့် ဝှေ့ယမ်းလိုက်ရာ လူအုပ်ကြီးမှာ လျှင်မြန်စွာ နောက်ဆုတ်သွားကြသည်။ လော့လန်သည် ကျိုးကျွင်းဟွေ့ကို ဆွဲကာ ထိုအချိန်တွင် သူ့ကို ထိပ်တိုက်မတွေ့ခြင်းက အကောင်းဆုံးဟု ဆုံးဖြတ်လိုက်သည်။

ဝင်ရောက်စီးနင်းမှု ပြီးဆုံးသွားသောအခါ လူအုပ်ကြီးသည် လူစုကွဲသွားပြီး ခြံဝင်းထဲမှ ထွက်ခွာသွားကြသည်။ သူတို့သည် အဝေးမှနေ၍ ဖြစ်ပျက်ခဲ့သည်များကို ဆက်၍ဆွေးနွေးနေကြသည်။

"ဒီကောင်လေးက တကယ် မလွယ်ပါလား။ သူ့အဖေ ဒုက္ခရောက်နေတာတောင် သူက မောက်မာနေတုန်းပဲ"

"သူက ရန်ဖြစ်တဲ့နေရာမှာ နာမည်ကြီးလေ။ တို့လမ်းထဲက ကလေး ဘယ်နှယောက်လောက်များ သူ့အနိုင်ကျင့်တာ မခံရဖူးလို့လဲ။ သူ့ကို တောနယ်ဘက် ပို့ပစ်သင့်တာ"

"အခု လူတွေကို တောနယ်ဘက် ပို့နေတယ်လို့ ကြားတယ်။ အထက်တန်း ပြီးတာနဲ့ အကုန်သွားရမှာတဲ့"

"တစ်ဦးတည်းသော သားသမီးတွေတော့ ကင်းလွတ်ခွင့် ရတယ်လို့ ကြားတာပဲ"

"ငါ့သားက တစ်ဦးတည်းသော သားလေ" စကားဝိုင်းမှာ လမ်းကြောင်းလွဲစပြုလာသည်။

"တစ်ဦးတည်းသော သားသမီးဆိုတာက သားသမီး တစ်ယောက်တည်းရှိတာကို ပြောတာ၊ နင့်မိသားစုလို သမီး ၅ ယောက် သား ၁ ယောက် ရှိတာကို ပြောတာ မဟုတ်ဘူး။ ကျောင်းကသာ အလုပ်စီစဉ်မပေးရင် အကုန်လုံး တောနယ်ဘက် သွားကြရမှာ"

"တကယ်လား။ ဒါဆို ဒီစွင်းတုန်ဆိုတဲ့ ကောင်လေးလည်း မကြာခင် တောနယ်ဘက် ရောက်တော့မှာပေါ့"

"အဲဒီမှာရော သူ ဗိုလ်ကျဦးမှာလား"

"မထင်ပါဘူး။ နဂါးက ဘယ်လောက်စွမ်းစွမ်း ဒေသခံမြွေလောက်တော့ ဘယ်အဆိပ်ပြင်းပါ့မလဲ။ သူက လူစိမ်းဆိုတော့ သူများနယ်မြေမှာ ဘဝင်မြင့်ရဲမှာ မဟုတ်ပါဘူး"

စွင်းတုန်သည် လူတိုင်းကို စွင်းမိသားစု ခြံဝင်းထဲမှ မောင်းထုတ်လိုက်သည်။ သူသည် လူအုပ်ကို တားဆီးရန် တံခါးပိတ်လိုက်နိုင်သော်လည်း သူ့ပတ်ဝန်းကျင်မှ အသံများကိုမူ ရှောင်လွှဲ၍ မရနိုင်ပေ။ သူသည် ဒေါသကြောင့် အံကိုကြိတ်ထားပြီး လေးလံသောတုတ်ကို ဆုပ်ကိုင်ကာ ထွက်သွားရန် ပြင်လိုက်သော်လည်း မိခင်ဖြစ်သူက သူ့ကို အတင်းဆွဲထားလိုက်သည်။

"ပြဿနာ ထပ်မရှာပါနဲ့တော့"

သူ၏ အဘွားဖြစ်သူမှာ တစ်နေ့တာ ဖြစ်ပျက်ခဲ့သည်များကြောင့် တုန်လှုပ်နေရှာသည်။ ကာကွယ်ပေးမည့် သားဖြစ်သူ ဆုံးရှုံးသွားသဖြင့် သူမသည် အိုစာသွားပုံရသည်။ သူမ၏ လေသံမှာ ပြောင်းလဲသွားပြီး မြေးဖြစ်သူ၏ အလိုကို မလိုက်တော့ပေ။

"လိမ္မာပါ မြေးရယ်။ အဖေလည်း မရှိတော့ဘူးဆိုတော့ အမေ စကားနားထောင်ပါ။ အဖေ မသွားခင် အမေ့စကား နားထောင်ဖို့ မှာခဲ့တယ် မဟုတ်လား။ လိမ္မာပါ၊ ပြဿနာ မရှာပါနဲ့တော့"

"အာ..."

ဒေါသတကြီး အော်ဟစ်သံကို အပြင်မှ ကြားလိုက်ရပြီး လော့လန်သည် ယောက်မဖြစ်သူကို ကြည့်ကာ ပြန်ရန် လှည့်ထွက်လာခဲ့သည်။ ကျိုးကျွင်းဟွေ့မှာ အတော်လေး ကျေနပ်နေပြီး လမ်းတစ်လျှောက် လော့လန်ကို ပြောပြလာသည်။

"သူက မင်းရှန်ကို အမြဲ အနိုင်ကျင့်နေကျလေ။ အဲဒါကြောင့် ကျွန်မနဲ့ သူနဲ့ ရန်တောင် ဖြစ်မလို့ လုပ်ခဲ့ဖူးသေးတယ်။ ဟွန်း... ဒီကောင်လေးက တကယ် မလွယ်ဘူး။ ရန်ဖြစ်ရင် ဘာမဆို လုပ်ရဲတဲ့ကောင်"

"သူက အမြဲတမ်း အဲဒီလိုပဲလား"

"ဒါပေါ့။ သူက မိသားစုမှာ တစ်ဦးတည်းသော သားယောက်ျားလေးဆိုတော့ ငယ်ငယ်ကတည်းက အလိုလိုက်ခံထားရတာ။ တစ်ခါတုန်းကဆို မင်းရှန်ရဲ့ နဖူးကိုတောင် ကွဲအောင် လုပ်ဖူးတယ်။ နောက်ဆုံးကျတော့ ကျောင်းက သူ မင်းရှန်နဲ့ ရန်ဖြစ်တဲ့အထဲ မပါပါဘူးလို့ ပြောလိုက်တယ်။ ကျွန်မ သံသယရှိပေမဲ့ သက်သေ မပြနိုင်ခဲ့ဘူး။ ကလေးတွေကလည်း တစ်ခွန်းမှ မပြောရဲကြဘူး၊ ကျွန်မတို့ကို မြင်တာနဲ့ အကုန် ထွက်ပြေးကုန်ကြတာ"

"ဒီတစ်ခါတော့ တစ်ယောက်ယောက် ဖွင့်ပြောလာမလားပဲ"

"ယောက်မ ဘာကို ဆိုလိုတာလဲ။ အဲဒီကလေးတွေကို သွားရှာပြီး သူ့နဲ့ ပတ်သက်မှု ရှိမရှိ စုံစမ်းကြည့်ရမယ်လို့ ပြောချင်တာလား"

"စိတ်မပူပါနဲ့။ နင့်အစ်ကို ပြန်ရောက်လာပြီဆိုတော့ သူ အကုန် စီစဉ်ပါလိမ့်မယ်"

"ယောက်မ..." ကျိုးကျွင်းဟွေ့က အသံကို နှိမ့်လိုက်သည်။ "ဒါ ယောက်မနဲ့ အစ်ကိုနဲ့ စီစဉ်ထားတာလား။ မင်းရှန် သေရတာ စွင်းတုန်ကြောင့်လို့ တကယ် ယုံကြည်နေတာလား"

"ငါ ဘာမှမသိဘူး၊ မမေးနဲ့တော့။ နင့်အစ်ကို ဆူတာ မခံချင်ဘူးမလား"

"ဒါ ဘာစကားလဲ။ ကျွန်မတို့က မိသားစုတွေပဲလေ။ မင်းရှန်အတွက် တရားမျှတမှု ရှာဖွေပေးမယ်ဆိုရင် သူ့အစ်မအနေနဲ့ ကျွန်မလည်း ကူညီပေးသင့်တာပေါ့"

"အကူအညီ လိုအပ်ရင် နင့်ကို အသိပေးမှာ သေချာပါတယ်"

သူမထံမှ အသုံးဝင်သော သတင်းအချက်အလက် မရရှိသဖြင့် ကျိုးကျွင်းဟွေ့သည် ခေါင်းမာစွာဖြင့် ထိုနေ့ညနေတွင် အစ်ကိုဖြစ်သူကို သွားမေးလေသည်။ ကျိုးချင်းရှန်သည် အခန်းထဲတွင် စာဖတ်နေပြီး ခေါင်းမော့ကြည့်လိုက်ရာ သူ၏ မျက်နှာထားမှာ တည်ငြိမ်အေးဆေးနေသည်။

"ချောင်ပိတ်ရိုက်ရင် ခွေးတောင် ပြန်ကိုက်တတ်တယ်၊ လောလောဆယ် ပြဿနာ မရှာပါနဲ့ဦး"

"အစ်ကို..." ကျိုးကျွင်းဟွေ့က အသံဆွဲပြီး ပြောလိုက်သည်။ "စွင်းတုန်က ညီမတို့ မောင်လေးကို သတ်လိုက်တာဆိုတာ ဟုတ်မဟုတ် ပြောပြပါလား"

"နင် သိစရာ မလိုပါဘူး။ ညီလေးအတွက် အစ်ကို တရားမျှတမှု ရှာပေးပါ့မယ်"

ထိုသို့ ပြောလိုက်သဖြင့် ကျိုးကျွင်းဟွေ့ သက်ပြင်းချကာ ဆက်မမေးတော့ပေ။ သူမသည် အစ်ကိုဖြစ်သူကို အမြဲ အားကိုးလေးစားခဲ့သည်။ ဖခင်ဖြစ်သူ ပျောက်ဆုံးသွားပြီး မောင်လေးဖြစ်သူ ဆုံးပါးသွားသောအခါ သူမ၊ မိခင်နှင့် အစ်ကို သုံးယောက်သာ ကျန်ရစ်ခဲ့သည်။ သူမသည် ကျောင်းသို့ အကြိမ်ကြိမ် သွားရောက်ခဲ့သော်လည်း မည်သည့်ရလဒ်မျှ မရခဲ့ဘဲ နောက်ဆုံးတွင် အင်အားမဲ့စွာ မောင်းထုတ်ခံခဲ့ရသည်။ ထို့နောက် မိခင်ဖြစ်သူ ဖျားနာလာသောအခါ ဤဒုက္ခများအားလုံးကို သူမတစ်ယောက်တည်း ရင်ဆိုင်ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် အစ်ကိုဖြစ်သူ စစ်မှုထမ်းရာမှ ပြန်ရောက်လာခဲ့သည်။

"အစ်ကို ယောက်မကို ကောင်းကောင်း ဆက်ဆံနော်"

ကျိုးချင်းရှန် ပြန်လှည့်ကြည့်လိုက်သည်။ ညီမဖြစ်သူက ဘာကြောင့် ရုတ်တရက် ထိုသို့ပြောမှန်း နားမလည်သော်လည်း တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။ လော့လန်သည် သူရွေးချယ်ထားသော မိန်းကလေးဖြစ်သည်။ သူမသည် ရဲရင့်ပြီး ပွင့်လင်းသူဖြစ်ရာ သူမအကြောင်း တွေးလိုက်မိရုံဖြင့် သူ၏ မျက်နှာထားမှာ နူးညံ့သွားလေသည်။

"မြန်မြန် သွားအိပ်တော့၊ ပြီးတော့ အမေ ဆေးသောက်ဖို့ ရေငှဲ့ပေးဖို့ မမေ့နဲ့ဦး"

"သိပါပြီ"

သူတို့၏ ဖခင်ဖြစ်သူမှာ သတင်းအစအနမရဘဲ ပျောက်ဆုံးနေသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ သူ့ညီမ ထွက်သွားပြီးနောက် သူသည် စာအုပ်ကိုပိတ်ကာ အရာအားလုံးကို ပြန်လည်စဉ်းစားနေမိသည်။

မိခင်ဖြစ်သူ၏ ဖျားနာမှု၊ ညီဖြစ်သူ၏ သေဆုံးမှုနှင့် ဖခင်ဖြစ်သူ ပျောက်ဆုံးနေမှုတို့မှာ တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေကြသည်။ အကယ်၍ သူသည် ညီဖြစ်သူအတွက် တရားမျှတမှု ရှာပေးနိုင်ပြီး ဖခင်ကိုသာ ပြန်ရှာတွေ့ခဲ့ပါက မိခင်၏ ကျန်းမာရေးလည်း ပြန်လည်ကောင်းမွန်လာလိမ့်မည်။

"ဘာတွေ အသည်းအသန် စဉ်းစားနေတာလဲ" လော့လန်သည် ရေမိုးချိုးပြီးနောက် မျက်နှာလိမ်းခရင်မ်ကို လှမ်းယူရင်း အခန်းထဲသို့ ဝင်လာခဲ့သည်။ သူမခင်ပွန်း၏ လေးလံနေသော မျက်နှာပေးကို သတိထားမိသွားကာ သူမက မေးလိုက်သည်။

“ကိုယ့်အဖေအကြောင်း စဉ်းစားနေတာပါ"

"အဖေ ပျောက်သွားတဲ့ နေရာကိုရော သွားကြည့်ပြီးပြီလား"

"သွားခဲ့ဖူးတယ်။” ကျိုးချင်းရှန်သည် အသက်ရှင်နေသလား သေဆုံးသွားပြီလားဆိုသည့် အရိပ်အယောင်မျှပင် မရှိခြင်းအပေါ် စိတ်ရှုပ်ထွေးစွာဖြင့် သက်ပြင်းချလိုက်သည်။ “ဒါပေမဲ့ ဘာရလဒ်မှ မထွက်လာဘူး၊ သဲလွန်စလေးတောင် မတွေ့ခဲ့ရဘူး"

"ဒါဆိုရင်တော့ ဒေသခံရဲစခန်းကို စုံစမ်းပေးဖို့ တောင်းဆိုရမှာပဲ"

"အမှုတွဲ ဖွင့်ထားပြီးသားပါ"

"အကယ်၍ သူတို့သာ အဖေရှိတဲ့နေရာကို ရှာတွေ့လို့ အဖေသာ အသက်ရှင်နေသေးရင် အမေ့ရောဂါအတွက် အများကြီး အထောက်အကူဖြစ်မှာ"

သူတို့နှစ်ဦးစလုံးမှာ အတွေးချင်းတူနေကြသဖြင့် ကျိုးချင်းရှန်၏ တွန့်ချိုးနေသော မျက်မှောင်များမှာ အနည်းငယ် ပြေလျော့သွားသည်။ မိခင်ဖြစ်သူကို ဆေးခန်းပြစဉ်က ဆရာဝန်များက သူမ၏ရောဂါမှာ စိတ်မကောင်းဖြစ်ရာမှ အမြစ်တွယ်နေခြင်းဖြစ်သည်ဟု ပြောခဲ့ဖူးသည်။ သူ့ညီမှာ အပြီးတိုင် ထွက်ခွာသွားပြီဖြစ်၍ ထိုအချက်ကို ပြောင်းလဲ၍မရနိုင်တော့ပေ။ သို့သော် အကယ်၍ မိသားစုထဲတွင် အဖွဲ့ဝင်အသစ်တစ်ဦး တိုးလာနိုင်ခဲ့ပါက ဒါက စိတ်ပိုင်းဆိုင်ရာ အားပေးမှုနှင့် ကုသမှုတစ်ခု ဖြစ်လာနိုင်ပေသည်။

သူတို့ဖခင် ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်၍ မိခင်ဖြစ်သူအနေဖြင့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်သည်။ သတင်းဆိုးဖြစ်နေလျှင်တောင် သူမအနေဖြင့် လက်ခံနိုင်ပေလိမ့်မည်။

လောလောဆယ်တွင် သူသည် ညီဖြစ်သူအတွက် တရားမျှတမှု ရှာဖွေပေးရမည်ဖြစ်သည်။ အကယ်၍ မိသားစုဝင်အသစ်တစ်ဦးကိုပါ ထပ်တိုးနိုင်လျှင် ပို၍ပင် ကောင်းပေလိမ့်မည်။ အကယ်၍ ထိုသို့မဖြစ်နိုင်ပါကလည်း ဖြစ်လာအောင် အခြားနည်းလမ်းကို သူရှာဖွေရပေမည်။

သူက သူမကို စူးစူးစိုက်စိုက် ကြည့်နေသဖြင့် သူမမှာ ချမ်းစိမ့်စိမ့်ပင် ဖြစ်သွားရသည်။

"အဲဒီအကြည့်က ဘာလဲ။ ကျွန်မက ဝက်သားပေါင်း အတုံးမဟုတ်ဘူးနော်"

"မင်းအတွက် အလုပ်ရပြီ၊ မနက်ဖြန် မင်းအလုပ်ခွင်ကို ကိုယ်လိုက်ပို့ပေးမယ်"

လော့လန်မှာ စိတ်လှုပ်ရှားသွားပြီး သူ့ဘေးနားသို့ ပြေးလာသည်။"ဘယ်လိုရာထူးလဲ"

"အမျိုးသမီးရေးရာအဖွဲ့ချုပ်မှာ"

"အမျိုးသမီးရေးရာအဖွဲ့ချုပ် ဟုတ်လား။ အဲဒီမှာ ဘာတွေလုပ်ရတာလဲ"

"အမျိုးသမီးရေးရာတွေနဲ့ ပတ်သက်တဲ့ အလုပ်တွေပေါ့။ အသေးစိတ်ကိုတော့ ကိုယ်လည်း သေချာမသိဘူး။ အမျိုးသမီးတွေကြားထဲ ကွင်းဆင်းတာနဲ့ သူတို့ရဲ့ ဥပဒေကြောင်းအရ အခွင့်အရေးတွေကို ကာကွယ်ပေးတာမျိုး ဖြစ်လိမ့်မယ်။ ဥပမာ - အမျိုးသမီးတစ်ယောက် အနိုင်ကျင့်ခံရရင် အမျိုးသမီးရေးရာအဖွဲ့ဆီမှာ အကူအညီ တောင်းလို့ရတယ်"

"အဲဒါ တကယ်ကောင်းတာပဲ။ အလုပ်လုပ်ရင်းနဲ့ လူတွေရဲ့ အတင်းအဖျင်း(ဖရဲသီး)တွေကိုပါ စားလို့ရမှာပေါ့"

သူမအတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်နေပြီး ဤအလုပ်မှာ သူမနှင့်ပင် ကွက်တိကျနေသယောင် ရှိသည်။

"ဘာအတင်းအဖျင်းလဲ။ ဒီရာသီမှာ ဖရဲသီးစားရင် ဝမ်းလျှောတတ်တယ်။ အဲဒီအစား ပန်းသီးပဲ စားသင့်တယ်"

"ဟားဟား"

"ဘာက ရယ်စရာကောင်းလို့လဲ"

သူမသည် အားရပါးရ ရယ်မောလိုက်ရာမှ သူ့အပေါ်သို့ လဲကျသွားသည်။ ပုံမှန်ဆိုလျှင် သွက်လက်တက်ကြွသော ထိုလူသည် အိပ်ရာပေါ်တွင်မူ နူးညံ့ပျော့ပြောင်းကာ အလွယ်တကူ အရှုံးပေးတတ်သူဖြစ်ပြီး ဘာမှမခုခံဘဲ ကြည်ကြည်ဖြူဖြူပင် ပူးပေါင်းဆောင်ရွက်ပေးတတ်သည်။

"ဟင်း”

အသံအားလုံးမှာ သူ့လည်ချောင်းထဲတွင် ပျောက်ကွယ်သွားပြီး သေးငယ်သော အခန်းလေးထဲတွင် တိုးတိုးဖျော့ဖျော့ အသံများဖြင့် ပြည့်နှက်သွားသည်။ ညဉ့်မှာ မှောင်မိုက်တိတ်ဆိတ်နေပြီး တိမ်ကင်းစင်ကာ မိုးတိတ်သွားသည့်အလား အားလုံးပြီးဆုံးသွားချိန်တွင် သူတို့နှစ်ဦး စကားဆက်ပြောရန် အခြေချလိုက်ကြသည်။

လော့လန်မှာ စိတ်ဓာတ်တက်ကြွနေသဖြင့် အိပ်မပျော်နိုင်ဘဲ သူ့ကိုပါ မအိပ်ရန် ဆွဲထားသည်။ ကျိုးချင်းရှန်သည်လည်း စိတ်သဘောထားကောင်းသူဖြစ်၍ သူမဘေးတွင် လဲလျောင်းကာ အဖော်ပြုပေးနေသည်။

"အမျိုးသမီးရေးရာ အလုပ်ဆိုတာ တောဘက်ကို ခဏခဏ ဆင်းရတတ်တယ်။ တချို့ကတော့ ပင်ပန်းတယ်လို့ ထင်ကြပေမဲ့ မင်းအတွက်တော့ အဆင်ပြေမှာပါ"

"အဲဒါက ဘာပင်ပန်းစရာ ရှိလို့လဲ။ ဒါနဲ့... အကယ်၍ ယောက်ျားဖြစ်သူက မိန်းမကို ရိုက်နှက်ရင်ရော အမျိုးသမီးရေးရာက ကိုင်တွယ်ရတာလား"

"ကိုင်တွယ်ရမှာပေါ့၊ မဟုတ်ဘူးလား"

သူကိုယ်တိုင်လည်း သေချာမသိသဖြင့် ပြန်ဖြေလိုက်သည်။

"ဒါပေမဲ့ ဒီလိုကိစ္စမျိုးကျတော့ အကူအညီတောင်းတဲ့ အမျိုးသမီးအပေါ်မှာပဲ မူတည်တယ်။ မဟုတ်ရင်တော့ အိမ်တွင်းရေးလို့ပဲ သတ်မှတ်ကြတာ။ ဒါကြောင့် မနက်ဖြန်ကျရင် အမျိုးသမီးရေးရာက အစ်မကြီးဆီမှာ သေချာသင်ယူဦး၊ မသိတာရှိရင်လည်း အများကြီးမေး။ မင်းက အလယ်တန်းအောင်ထားတာဆိုတော့ စာရေးစာချီလည်း လုပ်နိုင်မှာပါ။ သူရေးတဲ့ ပုံစံကိုပဲ လေ့လာလိုက်"

"ဟုတ်ကဲ့... သိပါပြီ"

မိသားစုထဲတွင် သတင်းကောင်းရှိနေသဖြင့် သူတို့နှစ်ဦးစလုံးမှာ အလွန်ပျော်ရွှင်နေကြပြီး ပုံမှန်ထက် အနည်းငယ်နောက်ကျမှ အိပ်ရာဝင်ခဲ့ကြသည်။ နောက်တစ်နေ့မနက်တွင် ကျောင်းတက်ရန် စောစောထရသော ကျိုးကျွင်းဖန်ထက်ပင် လော့လန်က အရင်နိုးနေသည်။ သူမ၏ ယောင်းမက အခန်းထဲမှ ထွက်လာပြီး သူမကို မြင်သောအခါ အံ့သြသွားသည်။

"ယောက်မ?"

"ကောင်းသောနံနက်ခင်းပါ!"

"ကောင်းသော နံနက်ခင်းပါ"

"ကျောင်းသွားရမှာမလား... မြန်မြန်လုပ်!"

သူမ၏ ယောက်မဖြစ်သူမှာ အလွန်တက်ကြွပျော်ရွှင်နေသည်ကို မြင်ရသဖြင့် ကျိုးကျွင်းဖန်လည်း စိတ်လက်ပေါ့ပါးသွားသည်။ မိခင်ဖြစ်သူ နိုးလာချိန်တွင် လော့လန်မှာ နံနက်စာ ပြင်ဆင်နေပြီးဖြစ်ကာ သူတို့နှစ်ဦး မီးဖိုချောင်တွင် စကားစမြည် ပြောဖြစ်ကြသည်။

"အမေ... အမေက အဖေ့ကို တကယ်ပဲ အများကြီး လွမ်းနေတာလား"

"ငါက အတော်လေး စိတ်ပူနေတာပါ။ သူ့မှာ ဘာတွေဖြစ်နေလဲဆိုတာ မသိရတော့ ဒီလို မရေမရာ အခြေအနေကြီးနဲ့ စိတ်အေးဖို့ ခက်တယ်"

"လူကောင်းတွေက စောင့်ရှောက်မှု ခံရမှာပါ။ စိတ်ကိုအေးအေးထားပြီး စောင့်ကြည့်ပါဦး။ မကြာခင်မှာ သတင်းကောင်း ရလာမှာပါ"

"မနေ့က စွင်းမိသားစုမှာ တစ်ခုခုဖြစ်တယ်ဆိုတာ နင်ကြားမိလား"

လော့လန်က သူမ၏ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်ဘဲ ပြန်ပြောသည်။

"ကြားတယ်အမေ... စောင့်ကြည့်နေလိုက်ပါ၊ မကောင်းတာလုပ်တဲ့သူတွေက တစ်နေ့တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံ ခံရမှာပဲ"

"စွင်းမိသားစုက အဲဒီကောင်လေးက ညစ်ပတ်တာ ဝါသနာပါတယ်။ သူ့လိုလူစားမျိုးက အတော်လေး ရက်စက်တာ... မင်းရှန်ကိုတောင် သူ့နားမကပ်ဖို့ ငါအမြဲပြောခဲ့ရတယ်။ သူတို့ အတူတူကစားနေတုန်း သူ ညစ်ပတ်တာကို ငါအကြိမ်ကြိမ် တွေ့ဖူးတယ်။ လူတွေကို ခြေထိုးတာတို့၊ ရန်ဖြစ်ရင် ခိုးရိုက်တာတို့ပေါ့"

"သူ့ကြောင့် ကလေးအတော်များများ ဒုက္ခရောက်ဖူးတယ်လို့ အိမ်နီးနားချင်းတွေ ပြောတာလည်း ကြားဖူးတယ်"

"ဟုတ်တယ်! ဒီနားက ဘယ်ကလေးကမှ သူ့ရဲ့ အနိုင်ကျင့်တာကို မခံရဖူးတာ မရှိဘူး။ တို့အိမ်က ခွေးလေး ရှေ့ခြံထဲကနေ ပျောက်သွားတုန်းကလည်း သူခိုးသွားတာလို့ တချို့က ပြောကြတယ်။ တောထဲမှာ ကလေးတချို့က ခွေးသားကင်နေကြတာတဲ့၊ ခွေးအရေခွံတောင် အဲဒီမှာ ကျန်ခဲ့သေးတယ်။ သူတို့ လိုက်ဖမ်းတော့ အဲဒီကောင်လေး လမ်းကြားထဲကနေ အိမ်ထဲကို ပြေးဝင်သွားတာ မြင်လိုက်ကြတာပဲ။ ဒါပေမဲ့ သူ့အဘွားကတော့ မြေးက အိမ်မှာမရှိပါဘူးလို့ ဇွတ်ငြင်းနေတာနဲ့ ဘယ်သူမှ ဘာမှမတတ်နိုင်ခဲ့ဘူး"

"ကြည့်ရတာ အသီးဆိုတာ အပင်နဲ့ မဝေးဘူးဆိုတဲ့ စကားက မှန်နေတာပဲ"

All Chapters