အခန်း (၉၁၁-၉၁၂)
Vol. 92 Ch. 911-912
အခန်း (၉၁၁) အသက်ရှင်ရတာ ငြီးငွေ့နေပြီလား
စိမ်းပြာရောင်အလင်းတန်းက ရုတ်တရက် ရောက်လာတာကြောင့် လီပါးတောင်း အပါအဝင် လူတိုင်းဟာ တုံ့ပြန်ဖို့ အချိန်မရလိုက်ကြပါဘူး။
လီပါးတောင်းအနေနဲ့ မျက်လုံးထောင့်ကနေ ရိပ်ခနဲ မြင်လိုက်ရရုံပဲ ရှိပါသေးတယ်။
"ရမ်းကားလှချည်လား"
ဖန့်ချန်ရဲ့ မျက်နှာက မှောင်ကျသွားပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ယင်စွမ်းအားတွေ လှိုင်းလုံးပမာ ထွက်ပေါ်လာပါတယ်။
တစ်ခဏချင်းမှာပဲ သူ့ကိုယ်ပေါ်မှာ ရွှမ်ဖျင့် ပုံရိပ် ကိုးခု ပေါ်ထွက်လာပါတယ်။
သူက လက်ဝါးတစ်ချက်နဲ့ စိမ်းပြာရောင်အလင်းတန်းကို ရိုက်ထုတ်လိုက်ပြီး ရွှမ်ဖျင့်ကို စီးနင်းကာ ဟင်းလင်းပြင်ထဲကို ပျံသန်းသွားပါတယ်။
ဟာလာဟင်းလင်းပြင်ထဲမှာတော့ ပျာပျာသလဲ ဖြစ်နေတဲ့ အောက်ဆင်းသူ နှစ်ယောက်ကို တွေ့လိုက်ရပါတယ်။
ဒီအောက်ဆင်းသူ နှစ်ယောက်ဟာ မသေမျိုးဘုရင် အဆင့်ကနေ ယင်လောကဆီ ဆင်းလာကြတာဖြစ်ပြီး သူတို့ရဲ့ ကျင့်ကြံမှုဟာ ယင်အရှင် အဆင့်မှာ ရှိပါတယ်။
သူတို့ရဲ့ တိုက်ကွက်ကို ဖန့်ချန်က အလွယ်တကူ ခြေဖျက်လိုက်တာကို မြင်တော့ သူတို့ဟာ ဒီ နေလှည့်ကင်းအရာရှိ ကို မယှဉ်နိုင်မှန်း ချက်ချင်း သိလိုက်ကြပါတယ်။
"နား... နားလည်မှု လွဲတာပါ..."
သူတို့ထဲက တစ်ယောက်က ရှင်းပြဖို့ ပါးစပ်ဟရုံ ရှိသေးတယ်၊ ဖန့်ချန်က တိုက်ရိုက် လက်ဦးမှု ယူလိုက်တာကြောင့် ရှင်းပြဖို့ အခွင့်အရေး မရလိုက်ပါဘူး။
သူတို့နှစ်ယောက်ဟာ အစွမ်းကုန် ခုခံရင်း တိုက်ခိုက်နေကြပေမဲ့ ဒီနေလှည့်ကင်းအရာရှိရဲ့ ကျင့်ကြံမှုကို သူတို့ တော်တော်လေး အထင်သေးခဲ့မိမှန်း တဖြည်းဖြည်း သိလာရပါတယ်။
တစ်ဖက်လူက သူတို့ရထားတဲ့ သတင်းထက် အများကြီး ပိုတောင့်တင်းနေလို့ပါ။
"နေပါဦး ရှင်းပြခွင့်ပေးပါ ကျွန်တော်တို့က ပိုက်ဆံယူပြီး အလုပ်လုပ်ပေးရတာပါ အရှင်နဲ့ ရန်သူဖြစ်ချင်လို့ မဟုတ်ပါဘူး"
"အရှင်... ကျွန်တော်တို့ သဲလွန်စတွေ ပေးနိုင်ပါတယ် အရှင်ရဲ့ နည်းလမ်းတွေနဲ့ဆိုရင် ဘယ်သူက ခိုင်းတာလဲဆိုတာ သေချာပေါက် စုံစမ်းလို့ ရမှာပါ "
"တောက်... မင်းက ငါတို့ကို အသက်ရှင်လမ်း လုံးဝ မပေးတော့ဘူးပေါ့"
"သူနဲ့ အသေအလဲ တိုက်ကြမယ်"
အောက်ဘက်မှာတော့ လူတိုင်းဟာ ဟင်းလင်းပြင်ထဲက မြင်ကွင်းကို မမြင်ရပေမဲ့ တိုက်ခိုက်နေတဲ့ အသံတွေကိုတော့ ကြားနေရပါတယ်။
ကောင်းကင်ကြီး ဒေါသထွက်နေသလိုမျိုး မိုးခြိမ်းသံတွေ တဂျုန်းဂျုန်း မြည်ဟည်းနေသလိုပါပဲ။
လီပါးတောင်းက ဒေါသတကြီးနဲ့ အော်ဟစ်တယ်
"ဘယ်သူက အသက်ရှင်ရတာ ငြီးငွေ့နေလို့ အရှင်မင်းကြီးကို တိုက်ခိုက်ရဲတာလဲ"
ချီကျန်း တို့ကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်လုံးထဲမှာ မျှော်လင့်ချက် ရောင်ခြည်လေးတွေ သန်းလာပါတယ်။
တကယ်လို့ ဒီနေ့ ဖန့်ချန် တစ်ခုခု ဖြစ်သွားရင် သူတို့တွေ ဒီကနေ လွတ်မြောက်ဖို့ အခွင့်အရေး ရှိလာနိုင်လို့ပါ။
ကျူးယွဲ သီလရှင်ကြီး နဲ့ လယ်သူမ တို့ရဲ့ မျက်နှာတွေကတော့ လေးနက်နေပါတယ်။
ယင်လောကထဲ ရောက်ရောက်ချင်း ဒီလိုကိစ္စမျိုးနဲ့ ကြုံရတယ်ဆိုတော့ ဒီယင်လောကဟာလည်း သိပ်တော့ မငြိမ်သက်ဘူးလို့ တွေးမိကြပါတယ်။
ယဲ့ဝမ်ရှု က လျိုမု ရဲ့ ပျာယာခတ်နေတဲ့ ပုံစံကို မြင်တော့ ပြုံးပြီး နှစ်သိမ့်လိုက်တယ်
"ဆရာ ဘာမှမဖြစ်ပါဘူး"
လျိုမု က ခေါင်းညိတ်ပြပြီး ဟင်းလင်းပြင်ထဲက လှုပ်ရှားမှုတွေကို စိုက်ကြည့်နေပါတယ်။
ချင်းဟဲ သီလရှင်လေးကတော့ အခုမှ သတိပြန်ဝင်လာပါတယ်။
စောစောက စာပေပညာရှိလေး ရပ်နေခဲ့တဲ့ နေရာမှာ ဘာမှမရှိတော့တာကို မြင်လိုက်ရတဲ့အခါ သူမရဲ့ ရင်ထဲမှာလည်း ဟာတာတာ ဖြစ်သွားပါတယ်။
အသက်ရှင်စဉ်က အသတ်ခံခဲ့ရပြီး၊ သေပြီးနောက်မှာလည်း ၁၆ နှစ်တိုင်တိုင် မရဏလမ်းကို ခက်ခက်ခဲခဲ ရှာခဲ့ရတာ... ဒီနေ့မှာတော့ ရုတ်တရက် ဘေးဒုက္ခနဲ့ ကြုံပြီး ဝိညာဉ်လွင့်စင်သွားရပြန်ပြီလား
ဖန့်ချင်းယောင် က ချင်းဟဲ ရဲ့ ပုံစံကို ကြည့်ပြီး ဘာတွေးနေလဲဆိုတာ သိပေမဲ့ ဘယ်လို နှစ်သိမ့်ပေးရမှန်း မသိတာကြောင့် မျက်လုံးထဲမှာ စိုးရိမ်စိတ်တွေပဲ ပေါ်နေပါတယ်။
အဲဒီအချိန်မှာပဲ လူတိုင်းဟာ နဂါးစစ်စစ်တွေ ဆင်းသက်လာသလိုမျိုး စိမ်းပြာရောင် လျှပ်စီးတန်း နှစ်ခု ဟင်းလင်းပြင်ထဲမှာ ဝင်းခနဲ ဖြတ်သန်းသွားတာကို မြင်လိုက်ရပါတယ်။
အဲဒီနောက်မှာတော့ ဖန့်ချန်က ဟင်းလင်းပြင်ထဲကနေ ပျံထွက်လာပြီး လူတိုင်းရှေ့မှာ ဆင်းသက်လိုက်ပါတယ်။
ချီကျန်း တို့ အုပ်စုကတော့ တော်တော်လေး စိတ်ပျက်သွားကြပါတယ်။
လီပါးတောင်း က အမြန်ပဲ ရှေ့တိုးလာပြီး ဒူးထောက်လိုက်တယ်
"အရှင်မင်းကြီး... အပြစ်ပေးတော်မူပါ"
ဖန့်ချန်ရဲ့ အမူအရာက တည်ငြိမ်နေပြီး
"မင်းမှာ ဘာအပြစ်ရှိလို့လဲ"
သူက ဝမ်ချွမ်မြစ် ဘက်ကို တစ်ချက်ကြည့်လိုက်တယ်
"အပြစ်ရှိတဲ့သူတွေက သေသေချာချာ ပုန်းနေကြတာပဲ၊ နောက်တစ်ခါ သူတို့ ဘယ်တော့ ပြန်တိုက်မလဲဆိုတာ ငါ စောင့်ကြည့်ဦးမယ်"
အဲဒီ အောက်ဆင်းသူသူ နှစ်ယောက်ကတော့ သေသွားပါပြီ၊ ဝိညာဉ်ပါ လုံးဝ လွင့်စင်သွားတာပါ။
သူတို့ သိတာကတော့ တစ်စုံတစ်ယောက်က ယင်သက်တမ်းဒင်္ဂါး အမြောက်အမြားပေးပြီး ခိုင်းတာပဲ၊ ဘယ်သူခိုင်းတာလဲဆိုတာ သူတို့ကိုယ်တိုင်လည်း သေချာ မသိကြပါဘူး။
သူတို့ကို လာငှားတဲ့သူက ရာထူးက ထုတ်ပယ်ခံထားရတဲ့ နေလှည့်ကင်းနတ်ဘုရား တစ်ယောက်ပါ။
နေလှည့်ကင်းနတ်ဘုရား တစ်ယောက်တည်းနဲ့တော့ ဒီလောက်များပြားတဲ့ ယင်သက်တမ်းဒင်္ဂါးတွေကို သုံးပြီး နေလှည့်ကင်းအရာရှိ တစ်ယောက်ကို တိုက်ခိုက်ခိုင်းဖို့ မဖြစ်နိုင်တာ ရှင်းနေပါတယ်။
ဒီကိစ္စရဲ့ နောက်ကွယ်မှာ သေချာပေါက် ယင်အရှင်တစ်ယောက်ယောက် ရှိနေရမယ်။
အဲဒါ ဘယ်သူလဲဆိုတာကိုတော့ အဲဒီ နေလှည့်ကင်းနတ်ဘုရားကို တွေ့တဲ့အခါမှ သေသေချာချာ စစ်မေးရပါလိမ့်မယ်။
ဒါပေမဲ့ အဲဒီ နေလှည့်ကင်းနတ်ဘုရားဟာလည်း အောက်ဆင်းသူ ဖြစ်တာကြောင့် တော်တော်နဲ့တော့ ယင်လောကထဲမှာ ပေါ်လာရဲဦးမှာ မဟုတ်ပါဘူး။
ဖန့်ချန်က ငုံ့ကြည့်လိုက်တဲ့အခါ သူ့လက်ထဲမှာ ပြည့်ဖောင်းနေတဲ့ ငွေအိတ်အချို့ကို ကိုင်ထားပါတယ်။
စိတ်အာရုံတစ်ခုနဲ့တင် အိတ်ထဲက ယင်သက်တမ်းဒင်္ဂါးတွေဟာ ချက်ချင်း အရည်ပျော်သွားပြီး ငရဲမင်းအမိန့် ထဲကို စီးဝင်သွားပါတယ်။
ငရဲမင်းအမိန့်ထဲက ယင်သက်တမ်းတွေဟာ တရိပ်ရိပ် တက်လာပြီး နောက်ဆုံးမှာ ၁၃,၅၄၆ နှစ် အထိ ရောက်သွားပါတယ်။
၃,၅၄၆ ဆိုတာက ငရဲမင်းအမိန့်ထဲမှာ မူလကတည်းက ရှိနေတဲ့ သက်တမ်းဖြစ်ပြီး ပိုလာတဲ့ ၁၀,၀၀၀ ကတော့ အဲဒီ အောက်ဆင်းသူ နှစ်ယောက်ဆီက ရတာပါ။
"သွားကြစို့"
ဖန့်ချန်က အေးအေးဆေးဆေး ပြောလိုက်ပါတယ်။
မကြာခင်မှာပဲ လူတိုင်း ဝမ်ချွမ်မြစ် ရှေ့ကို ရောက်လာကြပါတယ်။
သူတို့တွေက ဝမ်ချွမ်မြစ်ကို ကြည့်ပြီး စပ်စုချင်နေကြတာကြောင့် လီပါးတောင်း က ဧည့်လမ်းညွှန် လုပ်ပေးပြီး ဝမ်ချွမ်မြစ်ရဲ့ အဓိပ္ပာယ်ကို ရှင်းပြပေးလိုက်ပါတယ်။
"ကိုယ့်ကို သတိရပေးမယ့်သူ မရှိရင် ဒီဝမ်ချွမ်မြစ်ကို ဖြတ်ဖို့ ခက်ခဲတယ်လား လူ့လောကကို ပြန်သွားရမယ်၊ ဒါမှမဟုတ် မြစ်ထဲမှာ နစ်မြုပ်သွားရမယ်..."
လူတိုင်း ဝမ်ချွမ်မြစ်ရဲ့ စည်းကမ်းတွေကို ကြားပြီး လန့်သွားကြပါတယ်။
အမှန်ပါပဲ၊ သူတို့တွေဟာ လှေငယ်လေးတွေ အများကြီး လှိုင်းတံပိုးတွေကြားကနေ ဖြည်းဖြည်းချင်း လာနေတာကို မြင်နေရပါတယ်။
ကမ်းပေါ်က လေလွင့်ဝိညာဉ် တော်တော်များများဟာ သူတို့ရဲ့ ဆွေမျိုးတွေကို မြင်တဲ့အခါ လှမ်းခေါ်ကြပြီး လှေပေါ်တက်ကာ မြူထုကြီးထဲကို ထွက်ခွာသွားကြပါတယ်။
"သခင်လေး... အဲဒီစာပေပညာရှိလေးရဲ့ အိမ်မှာ အမေအို တစ်ယောက်တည်း ရှိတာ အခု သူလည်း ဝိညာဉ်လွင့်စင်သွားပြီဆိုတော့ နောက်ပိုင်း သူ့အမေ သေလို့ ဒီကိုရောက်လာရင် ဝမ်ချွမ်မြစ်ကို ဖြတ်ဖို့ ခက်တော့မှာပဲ..."
ချင်းဟဲ သီလရှင်လေးက တိုးတိုးလေး မေးလိုက်တယ်
"တခြား နည်းလမ်းများ ရှိသေးလားဟင်..."
"ယင်သက်တမ်းကို လှေအဖြစ် ပြောင်းလဲပြီး လူတွေကို ဝမ်ချွမ်မြစ် ဖြတ်ပေးလို့ ရတယ်"
ဖန့်ချန်က ချင်းဟဲ ရဲ့ စိတ်ကူးကို ရိပ်မိလိုက်ပါတယ်
"မင်းက အခု ယင်လောကသွားသူ ဖြစ်နေပြီ ယင်လောကမှာ ယင်သက်တမ်း ရှာလို့ ရတယ် တကယ်လို့ အဲဒီစာပေပညာရှိရဲ့ အမေ သေလို့ ဒီကို ရောက်လာရင် မင်း သူ့ကို လှေကူလှော်ပေးလို့ ရတာပေါ့"
"ဟုတ်သားပဲ"
ချင်းဟဲ ရဲ့ မျက်လုံးလေးတွေ ဝင်းခနဲ ဖြစ်သွားပြီး သူမရဲ့ မျက်နှာက အုံ့မှိုင်းမှုတွေ ချက်ချင်း ပျောက်ကွယ်သွားပါတယ်။
ဖန့်ချန် ရင်ထဲမှာ သက်ပြင်းချမိပါတယ်။
တချို့လူတွေက အသက်ရှင်နေသရွေ့ တခြားသူတွေအတွက်ပဲ အမြဲ တွေးပေးနေတတ်ကြတယ်။
ဒါက ကောင်းသလား၊ ဆိုးသလားဆိုတာ ခွဲခြားဖို့ ခက်ပေမဲ့ ဒီလိုနေထိုင်ရတာကတော့ တော်တော်လေး ပင်ပန်းမှာ အမှန်ပါပဲ။
ဒီကိစ္စမှာတော့ ချင်းဟဲ သီလရှင်လေးက သူ့ထက် အများကြီး ပိုပြီး ဖြူစင်သလို၊ နောင်ကျရင်လည်း သူ့ထက် ပိုပြီး ပင်ပန်းရပါလိမ့်မယ်။
ဖန့်ချန်က စိတ်အာရုံ တစ်ချက်နဲ့ တံတားတစ်စင်းကို ဖန်တီးလိုက်ပါတယ်။
ကမ်းပေါ်က ဝိညာဉ်တွေရော၊ လှေပေါ်က ဝိညာဉ်တွေပါ ဒီမြင်ကွင်းကို ကြည့်ပြီး မှင်တက်သွားကြပါတယ်။
သူတို့တွေ ဘာဖြစ်လို့ ဖြစ်မှန်း မသိခင်မှာပဲ လူတစ်အုပ်ဟာ တံတားပေါ်ကို တက်လှမ်းသွားကြပါပြီ။
ဆွေမျိုးတွေ လာမကြိုသေးတဲ့ လေလွင့်ဝိညာဉ် တချို့က တံတားပေါ် လိုက်တက်ဖို့ ကြိုးစားကြပေမဲ့ လီပါးတောင်း ရဲ့ ဓားချက်ကြောင့် လွင့်ထွက်သွားကြပါတယ်။
ချင်းဟဲ က တစ်ခုခု ပြောချင်ပေမဲ့ ဖန့်ချန်ကို ကြည့်လိုက်တော့ ဘာမှ မတုံ့ပြန်တာကို တွေ့တာကြောင့် သက်ပြင်းပဲ အသာလေး ချလိုက်ပါတယ်။
ဒါက ယင်လောကရဲ့ စည်းကမ်းပဲလို့ သူမ တွေးမိပုံရပါတယ်။
သူမ ရင်ထဲမှာတော့ နောင်ကျရင် ယင်သက်တမ်းဒင်္ဂါးတွေ အများကြီး ရှာမယ်လို့ တိတ်တဆိတ် အားခဲထားလိုက်ပါတယ်။
အဲဒီလိုဆိုရင် တခြားသူတွေ အကူအညီ လိုအပ်တဲ့အခါ သူမ ကူညီပေးနိုင်မှာ မဟုတ်လား။
လူတိုင်း တံတားပေါ် ရောက်သွားတဲ့အခါ တံတားဟာ တဖြည်းဖြည်း မှေးမှိန်သွားပြီး လေလွင့်ဝိညာဉ်တွေရဲ့ အမြင်ထဲကနေ ပျောက်ကွယ်သွားပါတော့တယ်။
အဲဒီ ဝိညာဉ်တွေက ဘယ်လောက်ပဲ ဒေါသတကြီး အော်ဟစ်နေပါစေ၊ တံတားကတော့ ပြန်ပေါ်မလာတော့ပါဘူး။
သူတို့တွေဟာ မရှိနိုင်တော့တဲ့ မြစ်ကူးခွင့်ကိုပဲ ကံမကောင်းစွာနဲ့ ဆက်စောင့်နေကြရပါတယ်။
ဆုယဲ့မြို့ ကတော့ လီပါးတောင်း တာဝန်ကျတဲ့ နေရာဖြစ်ပြီး ပိုင်ယွဲမြို့ တို့၊ ယူဟွမ်မြို့ တို့ထက် အများကြီး ပိုစည်ကားသလို အောက်ဆင်းသူတွေကိုလည်း နေရာအနှံ့ တွေ့နိုင်ပါတယ်။
"ယင်လောကနဲ့ လူ့လောကဆိုတာ မှန်တစ်ချပ်ရဲ့ ရှေ့နဲ့ နောက်လိုပဲ လူ့လောကမှာ သေသွားတဲ့ ဝိညာဉ်တွေက စည်းကမ်းအရ သူတို့နဲ့ သက်ဆိုင်တဲ့ ယင်လောက မြို့တွေဆီကို ရောက်သွားကြလိမ့်မယ်"
"ဒီ ဆုယဲ့မြို့ က မီးတောက်အင်ပါယာ နဲ့ ဘာမှ မပတ်သက်ဘူး မင်းတို့ နောက်တစ်ခါ ကိုယ့်ဘာသာကိုယ် ယင်လောကဆီ လာရင် ဒီနေရာကို ရောက်မှာ မဟုတ်ဘူး အဲဒီမှာဆိုရင် အောက်ဆင်းသူတွေကိုလည်း အများကြီး တွေ့ရမှာ မဟုတ်ဘူး တစ်ယောက်မှတောင် တွေ့မှာ မဟုတ်ဘူး"
ဖန့်ချန်က လမ်းညွှန်ချက် အချို့ ပေးလိုက်ပါတယ်။
ယဲ့ဝမ်ရှု နားလည်သွားပါတယ် -း
"ဒါကြောင့် တခြားအရပ်မှာ သေတဲ့သူတွေကို သူတို့ရဲ့ ဇာတိမြေကို ပြန်သယ်ပြီး သင်္ဂြိုဟ်ကြတာကိုး အဲဒီလိုမှ မဟုတ်ရင် ယင်လောကမှာရှိတဲ့ ဆွေမျိုးတွေနဲ့ ပြန်မဆုံနိုင်တော့ဘူးလေ"
"ဒါဆိုရင် ယင်လောကထဲမှာ လွတ်လွတ်လပ်လပ် သွားလာလို့ ရလားဟင်"
ကျူးယွဲ သီလရှင်ကြီးက တွေးတွေးဆဆ မေးလိုက်ပါတယ်။
"ယင်သက်တမ်းဒင်္ဂါး အလုံအလောက် ရှိရမယ် ဒါမှမဟုတ် ယင်လောကမှာ ရာထူးတစ်ခုခု ရှိရမယ် ဒီနှစ်ချက်ထဲက တစ်ချက်နဲ့ ပြည့်စုံရင် ရပါတယ်"
ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။
'ရာထူးရှိရမယ်'
စောစောက ဖန့်ချန် တံတားတစ်စင်းကို အလွယ်တကူ ခေါ်ယူလိုက်တာကို လူတိုင်း ပြန်တွေးမိပြီး တစ်ခုခုကို နားလည်သွားကြပါတယ်
မကြာခင်မှာပဲ လူတိုင်း ခန့်ညားထည်ဝါတဲ့ အဆောက်အအုံကြီးတစ်ခု ရှေ့မှာ ရပ်လိုက်ကြပါတယ်။
"အရှင်... ဒါက ဆုယဲ့မြို့ရဲ့ ယင်စစ်သည်ဌာန ပါ ဒီက မြို့အရာရှိနဲ့ ညလှည့်ကင်းဗိုလ်ချုပ်ကို အရှင်မင်းကြီးကို လာပြီး ဂါရဝပြုဖို့ ခေါ်လိုက်ရမလားခင်ဗျာ"
လီပါးတောင်း က အင်မတန် ရိုသေစွာ မေးလိုက်ပါတယ်။
ချီကျန်း တို့ ဝိညာဉ်တွေဟာ သူတို့ရှေ့က ယင်စစ်သည်ဌာန ကို မော့ကြည့်လိုက်ကြပါတယ်။
အဲဒီနေရာက အင်မတန် တည်ငြိမ်အေးစိမ့်နေပြီး တံခါးဝမှာရှိတဲ့ ထူးဆန်းတဲ့ သားရဲကျောက်ရုပ်ကြီး နှစ်ရုပ်က ပါးစပ်ကြီးတွေကို ဟထားတာဟာ လူတွေကို ဝါးမျိုတော့မယ့်အတိုင်း ကြောက်စရာ ကောင်းလှပါတယ်။
"မလိုပါဘူး ငါ သူတို့ကို ဟိုဟိုဒီဒီ လိုက်ပြလိုက်ဦးမယ် မင်း ဒီလူအုပ်ကို ခေါ်သွားပြီး သေသေချာချာ ဧည့်ခံ ပေးလိုက်ပါ"
ဖန့်ချန်က လက်ယမ်းပြလိုက်ပြီး ကျူးယွဲ သီလရှင်ကြီး တို့ကို ခေါ်ကာ ရှေ့ကို ဆက်လျှောက်သွားပါတယ်။
လီပါးတောင်း ကတော့ ချီကျန်း ကို အကြည့်တစ်ချက်နဲ့ ကြည့်လိုက်ပြီး ခပ်ရယ်ရယ်နဲ့ ပြောလိုက်တယ်
"ကဲ... သွားကြစို့ မင်းတို့အတွက် ကောင်းတဲ့ကိစ္စတွေ စောင့်နေတယ်"
ပြောပြီးတာနဲ့ သူက သံကြိုးကို အားနဲ့ ဆွဲလိုက်တာကြောင့် နာကျင်နေတဲ့ ချီကျန်း တို့ အုပ်စုဟာ ယင်စစ်သည်ဌာန ထဲကို အတင်းအဓမ္မ ဆွဲခေါ်သွားခြင်း ခံလိုက်ရပါတော့တယ်။
...
နာရီအနည်းငယ် ကြာပြီးနောက်မှာတော့ ကျူးယွဲ သီလရှင်ကြီး တို့ဟာ ယင်လောကရဲ့ မြင်ကွင်းတွေကို စုံစုံလင်လင် မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်တာကြောင့် ဖန့်ချန်က သူတို့ကို လူ့လောကကို ပြန်ခေါ်လာခဲ့ပါတယ်။
ဒီတစ်ခါ အတွေ့အကြုံကြောင့် သူတို့ နောက်တစ်ခါ ယင်လောကဆီ လာတဲ့အခါ ဝမ်ချွမ်မြစ်ရေကို မထိတွေ့မိဖို့ အစရှိတဲ့ တားမြစ်ချက်တွေကို ရှောင်ရှားတတ်သွားကြပါပြီ။
"ဖန့်သခင်လေး... အခု ဘယ်ကို ဆက်သွားမလို့လဲ"
နန်းတော်အပြင်ဘက်မှာ ဖန့်ချန်က လူတိုင်းကို နှုတ်ဆက်ပြီး ယဲ့ဝမ်ရှု၊ လျိုမု တို့နဲ့အတူ နတ်ဘုရားလှေပေါ် တက်တဲ့အချိန်မှာ ကျူးယွဲ သီလရှင်ကြီးက လှမ်းမေးလိုက်ပါတယ်။
"မဟာချန်း ကို ခဏသွားမယ် ပြီးရင် ယွင်ချန်း ကို သွားကြည့်မယ် အားလုံးပဲ... ရေစက်ရှိရင် ပြန်ဆုံကြတာပေါ့"
ဖန့်ချန်က ပြုံးပြီး လက်အုပ်ချီ နှုတ်ဆက်လိုက်ရာ နတ်ဘုရားလှေဟာ သက်တန့်ရောင် အလင်းတန်းတစ်ခုအဖြစ် ကောင်းကင်ယံမှာ ပျောက်ကွယ်သွားပါတော့တယ်။
ကျန်းရှောင်ခဲ ကတော့ သက်ပြင်းတစ်ချက် ချလိုက်ပြီး တစ်ခုခုကို ဆုံးရှုံးသွားသလို ခံစားနေရပါတယ်။
ကျူးယွဲ သီလရှင်ကြီးက ချင်းဟဲ တစ်ခုခုကို တွေးတောနေတာ မြင်တော့ ဘာမှမပြောဘဲ ရပ်နေတဲ့ ဖန့်ချင်းယောင် ကို ကြည့်ပြီး အေးအေးဆေးဆေး ပြောလိုက်တယ်
"နင်သာ သူ့ကို အမီလိုက်နိုင်တဲ့အထိ ကျင့်ကြံနိုင်ရင်တော့ အခွင့်အရေး ရှိနိုင်ပါသေးတယ်"
"ဆရာ... ကျွန်မ..."
ဖန်ချင်းယောင် အနည်းငယ် လန့်သွားပါတယ်။
"မပြောနဲ့တော့ ဆရာက အတွေ့အကြုံရှိတဲ့သူပဲ မျက်စိမကန်းပါဘူး"
ကျူးယွဲ သီလရှင်ကြီးက ပြောလိုက်တယ်
"ဂိုဏ်းကို ပြန်ကြစို့ ငါလည်း ယင်လောကဆီ သွားတဲ့ပညာကို ထပ်စမ်းကြည့်ဦးမယ် အဲဒီအခါကျရင် နင်တို့ ငါ့အတွက် အစောင့်အရှောက် လုပ်ပေးကြဦးငါ ယင်လောကမှာ အခြေချပြီးပြီဆိုမှ နင်တို့ လာခဲ့ကြတာပေါ့"
"ဟုတ်ကဲ့ပါ"
အခန်း (၉၁၂) ဒါက မင်းရဲ့ ဖန့်ချန်ဦးလေးပဲ
"အဆင့် ၅ မဟာချန်းနိုင်ငံ... ဆရာ့နောက်ကိုသာလိုက်လာရင် မီးတောက်နိုင်ငံကနေ မဟာချန်းကို လာဖို့ဆိုရင် နှစ်ချီပြီး ကြာမှာပဲ"
ယဲ့ဝမ်ရှုဟာ စည်ကားလှတဲ့ လမ်းမထက်မှာ ကျင့်ကြံသူအချို့ ဖြတ်သွားဖြတ်လာ လုပ်နေတာကို ကြည့်ရင်း စိတ်ထဲမှာ အံ့ဩတကြီး ရေရွတ်လိုက်မိပါတယ်။
"ဖန့်ချန်... မင်းက ဖန့်မျိုးနွယ်ဝင် တစ်ယောက်အနေနဲ့ ဒီနေ့ ငါနဲ့ တရားဝင် ယှဉ်ပြိုင်ရဲလား မင်းရဲ့ အဲဒီ လက်စောင်းထက်တဲ့ အမေကို ငါတို့ကြားက ရန်ငြိုးတွေထဲ ဝင်မပါခိုင်းနဲ့ဦး"
"ဘာလို့ မယှဉ်ရဲရမှာလဲ မင်းက မင်းသားဖြစ်နေလို့ ငါက ကြောက်နေမယ် ထင်နေလား မင်းအဖေ ချန်းကျိုယဲ့ ဧကရာဇ် ဖြစ်လာတာတောင် ငါတို့ ဖန့်အိမ်တော်ရဲ့ ကျေးဇူးကြောင့်ပဲ ဒါကို မသိရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကတည်းက မဟာချန်းက ပျောက်ကွယ်သွားလောက်ပြီ"
"အတိတ်က ကိစ္စတွေကို ဘာလို့ ပြန်ပြောနေတာလဲ အဲဒီတုန်းက ကိစ္စတွေက အစစ်လား၊ အတုလားဆိုတာ ဘယ်သူက အတည်ပြုနိုင်မှာလဲ၊ ကောလာဟလတွေလည်း ဖြစ်နိုင်တာပဲ စကားများမနေနဲ့... ဓားကို ကြည့်စမ်း"
ယဲ့ဝမ်ရှုတို့ အုပ်စုရဲ့ မျက်နှာတွေကတော့ ထူးဆန်းနေပါတယ်။
နာမည်တူ၊ မျိုးရိုးတူတဲ့ ကောင်လေးတစ်ယောက်နဲ့ တွေ့နေရတာကိုး။
ဖန့်ချန်ရဲ့ မျက်နှာမှာတော့ အပြုံးတစ်ခု ပေါ်လာပါတယ်။
မလှမ်းမကမ်းမှာ လူအုပ်ကြီး ဝိုင်းအုံနေပြီး လူငယ်နှစ်ယောက်ရဲ့ တိုက်ပွဲကို ကြည့်နေကြတာပါ။
"ဒီ မဟာချန်းမှာလေ... ဓားလမ်းစဉ် ကျင့်ကြံတဲ့သူတွေက ပိုပိုများလာတာပဲ"
သက်လတ်ပိုင်း လူတစ်ယောက်က သက်ပြင်းချရင်း ပြောလိုက်ပါတယ်။
ဖန့်ချန်က သူ့ကို တစ်ချက်ကြည့်ပြီး ပြုံးကာ မေးလိုက်တယ်
"အစ်ကို... မဟာချန်းမှာ ဓားကျင့်တဲ့သူတွေ ဒီလောက်တောင် များတာလား"
"ညီလေးက လူစိမ်းထင်တယ်"
အဲဒီလူက ယဲ့ဝမ်ရှုတို့ အုပ်စုကို တစ်ချက်ဝေ့ကြည့်ပြီး ဖန့်ချန်ကို ပြုံးပြလိုက်ပါတယ်
"အခု မဟာချန်းရဲ့ လူငယ်မျိုးဆက်သစ်တွေထဲမှာ ဆယ်ယောက်မှာ ကိုးယောက်က ဓားကျင့်ကြတာ၊ ဘာလို့လဲဆိုတာ မင်းသိလား"
ဖန့်ချန် ပြန်မဖြေခင်မှာပဲ အဲဒီလူက လူငယ်နှစ်ယောက်ရဲ့ တိုက်ပွဲကို ကြည့်ရင်း ဆက်ပြောပါတယ်
"လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က မဟာချန်းမှာ ဓားကျင့်ကြံသူ တစ်ယောက် ပေါ်ထွက်ခဲ့ဖူးတယ် သူ့ရဲ့ ဓားချက်က ဝိညာဉ်သန္ဓေသား အဆင့်ကိုတောင် သတ်နိုင်ပြီး မဟာချန်းကို ဘေးဒုက္ခကနေ ကယ်တင်ခဲ့တာ နှမြောစရာကောင်းတာက အဲဒီတုန်းက ငါက အရမ်းငယ်သေးတော့ အဲဒီနေရာမှာ မရှိခဲ့ဘူး မဟုတ်ရင် ဓားချက်တစ်ချက်နဲ့ သမိုင်းကို ပြောင်းလဲစေခဲ့တဲ့ မြင်ကွင်းကို ငါကိုယ်တိုင် မြင်ဖူးမှာ"
"အဲဒီအချိန်ကစပြီး မဟာချန်းရဲ့ မျိုးဆက်သစ်တွေထဲမှာ ဓားကျင့်တဲ့သူတွေ ပိုပိုများလာတာပဲ တစ်နေ့ကျရင် ဓားကျင့်ကြံသူကြီး တစ်ယောက်ယောက်က သူတို့ကို တပည့်အဖြစ် သဘောကျပြီး သိမ်းပိုက်လိမ့်မယ်လို့ မျှော်လင့်နေကြတာ အခုခေတ်မှာ ဓားပညာ အခြေခံလေးတောင် မတတ်ရင် လူကြားထဲ လှောင်ပြောင်ခံရတတ်တယ်"
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်... ဓားကျင့်ကြံသူ...
ယဲ့ဝမ်ရှုနဲ့ လျိုမုတို့ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဖန့်ချန်ကို မသိမသာ လှမ်းကြည့်လိုက်ပါတယ်။
သူတို့ ရင်ထဲမှာတော့ ခန့်မှန်းမိနေကြပါပြီ။
စကားပြောနေတုန်းမှာပဲ တိုက်ခိုက်နေတဲ့ လူငယ်နှစ်ယောက်ဟာ အနိုင်အရှုံး ပေါ်သွားပါတယ်။
ဖန့်ချန် လို့ အမည်ရတဲ့ လူငယ်ကျင့်ကြံသူက အသာစီးနဲ့ အနိုင်ရသွားတာပါ။
သူ့ရဲ့ ပြိုင်ဘက်မှာတော့ ဝိညာဉ်စွမ်းအားတွေ ကုန်ခမ်းနေပြီး အခုတော့ မကျေမနပ်နဲ့ စိုက်ကြည့်နေပါတယ်။
နှုတ်ခမ်းတွေ တုန်ရီနေတာဟာ တော်တော်လေး ဒေါသထွက်နေပုံရပါတယ်။
ဖန့်ချန်ကတော့ ခေါင်းကို အသာလေး ညိတ်လိုက်ပါတယ်။
ဖန့်ယွင် ရဲ့ သားဟာ အသက်သိပ်မကြီးသေးပေမဲ့ အခြေခံပညာကတော့ မဆိုးပါဘူး။
ကျင့်ကြံမှုကလည်း ချီသန့်စင်ခြင်း အဆင့် ၇ မှာ ရှိနေတာဆိုတော့ အခု ဖန့်အိမ်တော်ရဲ့ လူငယ်မျိုးဆက်သစ်တွေထဲမှာတော့ ရှေ့တန်းကပဲ ဖြစ်ရပါမယ်။
"ဘယ်လိုလဲ ငါ့ရဲ့ ဓားပညာကို မင်း အရှုံးပေးပြီလား ငါ့ရဲ့ မျိုးရိုးက ဘာလဲဆိုတာကိုလည်း ကြည့်ဦး ငါ့ရဲ့ ဦးလေးက တစ်ချိန်က ဓားတစ်ချက်နဲ့ ကောင်းကင်နဲ့ မြေကြီးကို တုန်လှုပ်စေခဲ့တာ နတ်ဘုရားတွေ၊ ဝိညာဉ်တွေတောင် ကြောက်လန့်ရလောက်တဲ့အထိပဲ မင်းက ငါနဲ့ ဓားချင်းယှဉ်ချင်တာက နည်းနည်းတော့ နုသေးတယ်"
"သူက သူ၊ မင်းက မင်းပဲ မင်းရဲ့ ဓားပညာက ငါ့ထက် တစ်ဆင့်သာတာနဲ့ တကယ်နိုင်ပြီလို့ မထင်နဲ့ မင်း ငါနဲ့ နောက်တစ်ပွဲ ယှဉ်ရဲလား ဒီတစ်ခါတော့ ငါ ဓားမသုံးဘူး"
"လာဦးမလို့လား ရတယ်လေ၊ အဆုံးထိ လိုက်ပေးမယ်"
နှစ်ဖက်လုံး ဆက်လက် တိုက်ခိုက်ကြပါတယ်။
ခုနက ရှုံးသွားတဲ့ လူငယ်ကျင့်ကြံသူက ရုတ်တရက် လက်ကို မြှောက်လိုက်ရာ ဝိညာဉ်စွမ်းအားတွေ စုစည်းလာပြီး သူ့ရဲ့ လက်ကောက်ဝတ်မှာ ရှိတဲ့ ပြောင်းလုံးပုံစံ အနက်ရောင် သေတ္တာလေးထဲကနေ မှောင်မိုက်တဲ့ အလင်းတန်းတွေ ထွက်ပေါ်လာပါတယ်။
အလင်းတန်းတွေ ထွက်ပေါ်လာတာနဲ့အတူ ဝိညာဉ်စွမ်းအားတွေ ပြည့်နှက်နေတဲ့ မြားတစ်စင်းဟာ ဖန့်ယွင်ရဲ့ သားဆီကို တည့်တည့်မတ်မတ် အရှိန်နဲ့ ပြေးဝင်သွားပါတယ်။
ဒီမြားရဲ့ ပြင်းအားဟာ ချီသန့်စင်ခြင်း အဆင့် ၇ နေနေသာသာ၊ အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူတောင်မှ သတိထားရမယ့် အရာပါ။
တကယ်လို့ ထိမိသွားရင် မသေတောင် မသန်မစွမ်း ဖြစ်သွားနိုင်ပါတယ်။
ဖန့်ယွင်ရဲ့ သားဟာ ကြောင်အသွားပါတယ်။
သူ့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် ဒါကို လုံးဝ ရှောင်လို့ မရပါဘူး။
မြားက သူ့ရဲ့ ရင်ဘတ်ကို ဖောက်ထွက်တော့မယ့်အခြေအနေကို သူ မျက်တောင်မခတ်တမ်း ကြည့်နေရရုံပဲ ရှိပါတော့တယ်။
သူ့ရဲ့ ပြိုင်ဘက်ဟာလည်း အခုမှ နောင်တရသွားပုံ ရပါတယ်။
တကယ်လို့ တစ်ဖက်လူ သေသွားရင် သူလည်း ပြဿနာအကြီးအကျယ် တက်ပါလိမ့်မယ်။
ဒီနေ့မှာ သိက္ခာကျသွားတယ်လို့ ခံစားရတာရယ်၊ လူတွေ အများကြီး ကြည့်နေတာရယ်ကြောင့် စိတ်လိုက်မာန်ပါနဲ့ ဒီလို သတ်ဖြတ်နိုင်တဲ့ လက်နက်ကို သုံးလိုက်မိတာပါ။
"ချန်းရွှန့် မင်း တော်တော် ရဲတင်းတာပဲ"
အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး ဖန့်ယွင်က အရှိန်အဟုန်နဲ့ ပြေးဝင်လာပါတယ်။
ဒါပေမဲ့ သူမရဲ့ အရှိန်ဟာ မြားထက် မမြန်တာကြောင့် မမီနိုင်တော့ပါဘူး။
သူမရဲ့ သား အသက်ဆုံးရှုံးတော့မယ်ဆိုတာ မြင်တော့ ဖန့်ယွင် ပျာယာခတ်သွားတယ်
"ချန်အာ မြန်မြန်ရှောင် "
"မင်းသားလေးတော့ ပြဿနာကြီးတက်ပြီ..."
လူအုပ်ထဲက အဖိုးကြီး ဝန်ထမ်းတစ်ယောက်က သက်ပြင်းချလိုက်ပါတယ်။
ဒါပေမဲ့ နောက်တစ်စက္ကန့်မှာပဲ သူ မှင်တက်သွားပါတယ်။
ဖန့်ယွင်လည်း သူမရဲ့ ခြေလှမ်းတွေကို ရပ်တန့်လိုက်ရသလို၊ ဘေးကနေ ကြည့်နေတဲ့ လူတွေနဲ့ ကျင့်ကြံသူတွေရဲ့ မျက်နှာမှာလည်း ထူးဆန်းတဲ့ အမူအရာတွေ ပေါ်လာပါတယ်။
ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိတဲ့ လူရိပ်တစ်ခုဟာ ကွင်းထဲကို ရောက်လာပြီး အဲဒီမြားကို အသာလေး ဖမ်းဆွဲလိုက်ပါတယ်။
အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့်ကိုတောင် အန္တရာယ်ပေးနိုင်တဲ့ မြားဟာ သူ့လက်ထဲမှာ မှုန့်မှုန့်ညက်ညက် ကြေမွသွားပြီး လေထဲမှာ လွင့်ပါသွားပါတယ်။
"အစ်ကို... ကျေးဇူးအများကြီး တင်ပါတယ်"
ဖန့်ယွင်ရဲ့ သားက အမြန် ကျေးဇူးတင်စကား ပြောလိုက်ပါတယ်။
တစ်ချိန်တည်းမှာပဲ နဖူးပေါ်က ချွေးအေးတွေကို သုတ်ရင်း သူ့ပြိုင်ဘက်ကို ဒေါသတကြီး အော်လိုက်တယ်
"ငလူးမသား ငါက မင်းနဲ့ ပညာချင်း ယှဉ်နေတာကို မင်းက ငါ့ကို သတ်ဖို့ ကြိုးစားတယ်ပေါ့ မင်းက ယုတ်မာတယ်၊ မင်းက အရှက်မရှိဘူး "
သူ့ရဲ့ ပြိုင်ဘက်ကတော့ အဆဲခံရလို့ မျက်နှာပျက်နေပေမဲ့ စိတ်ထဲမှာတော့ သက်ပြင်းချနိုင်သွားပါတယ်။
ဒါပေမဲ့ လူအများကြီးရှေ့မှာ အခုလို အဆဲခံရတာဟာ သိက္ခာကျတယ်လို့ ခံစားရတာကြောင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး
"ပညာယှဉ်ရင် ထိခိုက်ဒဏ်ရာ ရတတ်တာပဲ မင်းက ပညာမတတ်လို့ ဖြစ်တာ ဒီတစ်ပွဲတော့ မင်းရှုံးသွားပြီ၊ နောက်ခါ ငါ့ကို တွေ့ရင် ရိုရိုသေသေ ဆက်ဆံဦး"
ပြောပြီးတာနဲ့ သူက ဖန့်ချန်ကို ကြည့်ပြီး ဒေါသတကြီး မေးလိုက်တယ်
"မင်းက ဘယ်သူလဲ ဒီမင်းသားက တရားဝင် တိုက်ခိုက်နေတာကို မင်းက ဘယ်လိုလုပ် ဝင်ပါရဲတာလဲ ပြီးတော့ ငါ့ရဲ့ ရတနာကိုပါ ဖျက်ဆီးလိုက်သေးတယ်"
အဲဒီမြားဟာ သာမန်ရတနာ မဟုတ်ပါဘူး။
အဝါရောင်အဆင့် အလတ်စား ရတနာဖြစ်ပြီး တန်ဖိုးကြီးလှပါတယ်။
သူ့အဖေက သူ့ကို ကိုယ်လုံခြုံရေးအတွက် ပေးထားတဲ့ ပစ္စည်းပါ။
အခုတော့ အဲဒါက ဖျက်ဆီးခံလိုက်ရပြီဆိုတော့ သူ တော်တော်လေး နှမြောနေပါတယ်။
အဲဒီအချိန်မှာပဲ အဖိုးကြီး ဝန်ထမ်းနဲ့ ဖန့်ယွင်တို့ဟာ ဖန့်ချန်ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို မှတ်မိသွားကြပါတယ်။
အဖိုးကြီးက ချန်းရွှန့်ရဲ့ စကားကို ကြားတာနဲ့ ကြောက်လန့်တကြား တုန်ရီသွားပါတယ်။
ဖန့်ယွင်ကတော့ ဝမ်းသာအားရနဲ့ ဖန့်ချန်ဆီကို ပြေးလာပါတယ်။
သူမ စကားမပြောရသေးခင်မှာပဲ သူမရဲ့ သားက ရယ်ရယ်မောမောနဲ့
"မေမေ... ဒီအစ်ကိုက ခုနက သားကို ကယ်လိုက်တာ သူ့ကို အိမ်ခေါ်ပြီး ထမင်းကျွေးရအောင်လေ"
ချန်းရွှန့်ရဲ့ မျက်လုံးတွေ တုန်ခါသွားပြီး နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပါတယ်။
လူအုပ်ထဲမှာ တစ်ယောက်ယောက်ကို ရှာနေရင်း အဖိုးကြီး ဝန်ထမ်း သူတို့ဆီကို ပြေးလာတာ မြင်မှပဲ စိတ်အေးသွားပါတယ်။
"ဒီလူ တော်တော် ကံကောင်းတာပဲ စောစောကသာ ငါ ဝင်ကယ်လိုက်ရင် ဖန့်အိမ်တော်နဲ့ ရင်းနှီးသွားမှာအဲဒါဆို မဟာချန်းမှာ ငါ လမ်းသလားလို့ ရပြီ"
ဘေးနားက အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူအချို့ကတော့ နှမြောတသ ဖြစ်နေကြပါတယ်။
မဟာချန်းဟာ ချန်းမျိုးနွယ်ဝင်တွေ တည်ထောင်ခဲ့တဲ့ တိုင်းပြည်ဆိုတာ လူတိုင်း သိကြပေမဲ့ အခုအချိန်မှာတော့ ဖန့်အိမ်တော်ရဲ့ အဆင့်အတန်းဟာ ချန်းမျိုးနွယ်ထက်တောင် ပိုပြီး မြင့်မားနေသလိုပါပဲ။
ရွှေအမြုတေ အဆင့်ရှိတဲ့ ဘိုးဘေးကြီး နှစ်ယောက်ရှိနေတာနဲ့တင် လူတိုင်းက ရိုသေနေရတာပါ။
ပြီးတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဓားကျင့်ကြံသူကြီး တစ်ယောက် ပေါ်ထွက်ခဲ့ဖူးတာကိုလည်း မမေ့ကြသေးပါဘူး။
"ချန်အာ... လျှောက်မပြောနဲ့ဦး မင်း မမှတ်မိတော့ဘူးလား ဒါက မင်းရဲ့ ဖန့်ချန်ဦးလေးပဲ"
ဖန့်ယွင်က သူမရဲ့ သားကို ဒေါသတကြီး တစ်ချက်ကြည့်လိုက်ပြီး ဖန့်ချန်ကို လှည့်ကာ ရိုရိုသေသေ နှုတ်ဆက်လိုက်တယ်
"အစ်ကိုဖန့်ချန်... မတွေ့တာ တော်တော်ကြာပြီနော်"
"ဪ... ဆရာ့ရဲ့ တူကိုး..."
ယဲ့ဝမ်ရှုတို့ ရိပ်မိသွားကြပါတယ်။
ဘေးက ကြည့်နေတဲ့သူတွေကတော့ မှင်တက်သွားကြပါတယ်။
ဖန့်ချန် ဦးလေး
ဒါဆိုရင် အဲဒီတုန်းက...
တစ်ခုခုကို သတိရသွားပုံရတဲ့ လူအုပ်ကြီးရဲ့ အကြည့်တွေက တဖြည်းဖြည်း ပြောင်းလဲသွားပါတယ်။
ဖန့်ချန်ကို ကြည့်တဲ့အခါမှာတော့ လေးစားခြင်း၊ ကြောက်ရွံ့ခြင်းနဲ့ စပ်စုခြင်းတွေ ရောပြွမ်းနေပါတော့တယ်။
"ဖန့်ချန်... ဦးလေးလား"
ဖန့်ယွင်ရဲ့ သားဟာ ဖန့်ချန်ကို ကြောင်ကြည့်နေမိပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူနဲ့ တစ်ခါတွေ့ဖူးတဲ့ အမှတ်ရစရာတွေကို အသည်းအသန် ပြန်စဉ်းစားနေတာပါ။
တကယ်ပဲ ဒီပုံစံအတိုင်းပါပဲ၊ အရင်ကထက်တောင် ပိုပြီး ကြည့်ကောင်းလာပါသေးတယ်။
ဖန့်ချန်ရဲ့ မျက်နှာမှာ အပြုံးလေးတစ်ခု ပေါ်လာပြီး
"ဖန့်ချန်..."
သူ စကားကို ဆက်မပြောနိုင်တော့ပါဘူး။
ဖန့်ယွင်ရဲ့ သားကတော့ အမြန်ပဲ လက်အုပ်ချီ ဦးညွှတ်လိုက်တယ်
"ကျစ်ကျန့် က ဦးလေးကို ဂါရဝပြုပါတယ်"
"အစ်ကိုဖန့်ချန်... ကျစ်ကျန့် ဆိုတာ သူ့ရဲ့ အမည်ပွား ပါ အစ်ကို သူ့ကို အဲဒီနာမည်နဲ့ပဲ ခေါ်လိုက်ပါ"
ဖန့်ယွင်က ခပ်ပြုံးပြုံးနဲ့ ရှင်းပြပါတယ်။
"ကျစ်ကျန့်..."
ဖန့်ချန်က ခေါင်းကို အသာလေး ညိတ်ပြလိုက်တယ်
"နောင်ကျရင် လူတွေနဲ့ မဆင်မခြင် ပညာမယှဉ်ပါနဲ့ဦး တကယ်လို့ ယှဉ်မယ်ဆိုရင်လည်း အစစအရာရာ ပြည့်စုံအောင် ပြင်ဆင်ထားရမယ် ကိုယ့်မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေရမယ် အနည်းဆုံးတော့ တစ်ဖက်လူကို သတ်နိုင်မယ့် အခွင့်အရေး ၉၉.၉ ရာခိုင်နှုန်း ရှိမှသာ တိုက်ပွဲထဲ ဝင်ရမယ်"
"ဒီနေ့ကတော့ မင်း ကံကောင်းလို့ မဟုတ်ရင် မင်း သေသွားလောက်ပြီ"