← Chapters

အခန်း (၉၁၇-၉၁၈)

Vol. 92 Ch. 917-918

အခန်း (၉၁၇-၉၁၈)

Vol. 92 Ch. 917-918

အခန်း (၉၁၇) သူက ငါ့မြေး ဖြစ်သင့်တယ်

​အောင်မြင်ခြင်းဗုဒ္ဓ တို့ မိစ္ဆာသုံးယောက်ဟာ ချက်ချင်းဆိုသလို ဖန့်ချန်ရဲ့ဘေးကို ဆုတ်ခွာလာကြပြီး ဖြည်းဖြည်းချင်း လျှောက်လာနေတဲ့ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြပါတယ်။

​ဒီဝိညာဉ်သန္ဓေသားတွေဟာ တစ်ယောက်ချင်းစီရဲ့ ကျင့်ကြံမှုက အရှင်ကျားဖြူထက် မနိမ့်ကြပါဘူး။

သူတို့ထဲက တစ်ယောက်ရဲ့ အရှိန်အဝါကတော့ တခြားသူတွေထက် သိသိသာသာ သာလွန်နေပြီး ဝိညာဉ်သန္ဓေသားအဆင့်လတ် ဖြစ်နိုင်ခြေ များပါတယ်။

​ယွင်ချန်း နဲ့ ယိုရှန်း ဟာ နယ်နိမိတ်ချင်း ထိစပ်နေပြီး ဒီအဆင့် ၄ အင်ပါယာနိုင်ငံ နှစ်ခုဟာ အဆင့် ၄ နိုင်ငံတွေအကြားမှာ အလယ်အလတ်အောက်ပိုင်းလောက်မှာပဲ ရှိတာကြောင့် ဝိညာဉ်သန္ဓေသားအဆင့်ဦး ဆိုတာ အကန့်အသတ်ပါပဲ။

​ဝိညာဉ်သန္ဓေသားအဆင့်လတ် ဆိုတာကတော့ နှစ်ပေါင်းထောင်ချီအတွင်းမှာတောင် အနည်းငယ်သာ ထွက်ပေါ်ဖူးတာပါ။

​"ဆရာ... ဆရာ အရင်ရှောင်နေလိုက်ပါ"

​အောင်မြင်ခြင်းဗုဒ္ဓ က လေးနက်တဲ့ အမူအရာနဲ့ ပြောလိုက်ပါတယ်။

​ယဲ့ဝမ်ရှူး နဲ့ လျိုမု တို့ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ရှေ့ကလူက တိုးတိုးလေး ပြောလိုက်တယ်

"ဒီစီနီယာ... ဆရာက ရှောင်စရာ မလိုပါဘူး"

​သူက လျိုမုရဲ့ ပါးစပ်ကနေ ဒီမိစ္ဆာကျင့်ကြံသူ သုံးယောက်အကြောင်း ကြားဖူးခဲ့တာပါ၊ နှစ်အတော်ကြာမှ အခု ပထမဆုံးအကြိမ် တွေ့ဖူးတာ ဖြစ်ပါတယ်။

​"ရှောင်စရာ မလိုဘူး"

​အောင်မြင်ခြင်းဗုဒ္ဓ ကြောင်သွားပါတယ်။

​နောက်တစ်စက္ကန့်မှာတော့ ကောင်းကင်ကနေ အစိမ်းရောင် လျှပ်စီးတန်းတစ်ခု ကျဆင်းလာပြီး ဝိညာဉ်သန္ဓေသားအဆင့်လတ် ကျင့်ကြံသူရဲ့ အပေါ်ကို တည့်တည့် ဆင်းရိုက်လိုက်ပါတော့တယ်။

​အစိမ်းရောင် မီးခိုးငွေ့လေးတစ်ခု ထွက်ပေါ်လာပြီး အဲဒီ ဝိညာဉ်သန္ဓေသားအဆင့်လတ် ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်ဟာ သဲပွင့်တွေလို ဖြည်းဖြည်းချင်း ပြိုပျက်သွားပါတယ်။

ဝိညာဉ်သန္ဓေသား ပင်လျှင် ပြာအဖြစ် ကြေမွသွားပြီး ဝိညာဉ် တစ်ခုတည်းသာ ကြောင်တောင်တောင်နဲ့ မူလနေရာမှာ ရပ်ကျန်ခဲ့ပါတော့တယ်။

​ဒီလှုပ်ရှားမှုဟာ အနားက မိစ္ဆာကျင့်ကြံသူတွေကို အကြီးအကျယ် ထိတ်လန့်သွားစေပါတယ်။

မိစ္ဆာကျင့်ကြံသူတွေဟာ လျှပ်စီးစွမ်းအားကို အင်မတန် ထိလွယ်ရှလွယ်ရှိပြီး ခုနက အစိမ်းရောင် လျှပ်စီးစွမ်းအားက ထွက်ပေါ်လာတဲ့ တိုက်ခိုက်မှု အရှိန်အဝါက သူတို့ကို ကြက်သီးထသွားစေပါတယ်။

​ကျန်ရစ်တဲ့ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူအချို့ဟာ ခြေလှမ်းတွေကို ရပ်တန့်လိုက်ကြပြီး အဲဒီ မည်းတူးနေတဲ့ နေရာကို ကြောင်ကြည့်နေကြပါတယ်။

သူတို့ရဲ့ မျက်လုံးထဲမှာ ဇဝေဇဝါ ဖြစ်မှုတွေ၊ ထိတ်လန့်မှုတွေ ပြည့်နေပါတယ်။

​ဒါက ဘာဖြစ်တာလဲ

​ဘာလို့ အကောင်းကြီးကနေ ကောင်းကင်က လျှပ်စီးဒဏ် ကျလာရတာလဲ

​ရွှေအမြုတေ၊ စိတ်ဝိညာဥ်ထွက်ခွာခြင်း၊ ပေါင်းစပ်ခြင်း ဆိုတဲ့ အဆင့်သုံးဆင့် မဟုတ်ရင် ဘေးဒုက္ခသုံးပါး မရှိသင့်သလို၊ တာအိုပေါင်းစပ်ခြင်း လည်း မဟုတ်တာကြောင့် ကပ်ဘေးကိုးပါးလည်း မရှိနိုင်ပါဘူး။

​ခုနက လျှပ်စီးစွမ်းအားက...

​သူတို့ ရုတ်တရက် သတိဝင်လာပြီး ဖန့်ချန်ဆီကို ပြိုင်တူ လှည့်ကြည့်လိုက်ကြပါတယ်။

မျက်လုံးထဲက အထင်အမြင်သေးမှုတွေ ပျောက်ကွယ်သွားပြီး လေးနက်မှုနဲ့ စိုးရိမ်မှုတွေ ဝင်ရောက်လာပါတယ်။

​ဒီလျှပ်စီးစွမ်းအားဟာ ဒီဘယ်ကမှန်းမသိတဲ့ ကျင့်ကြံသူ ခေါ်ယူလိုက်တာ ဖြစ်နိုင်ခြေ အရှိဆုံးပါပဲ

​တာအိုဝတ်စုံနဲ့ အဘိုးအိုရဲ့ မျက်နှာ အမူအရာ ပြောင်းလဲသွားပါတယ်။

ဘေးပတ်ဝန်းကျင်ကို အေးအေးဆေးဆေး ကြည့်နေတဲ့ သူဟာလည်း ဖန့်ချန်ဆီကို မကြည့်ဘဲ မနေနိုင်တော့ပါဘူး။

ခဏအကြာမှာတော့ သူက ဖြည်းဖြည်းချင်း မေးလိုက်တယ်

​"ဒီလျှပ်စီးစွမ်းအားကို မိတ်ဆွေ ခေါ်လိုက်တာလား"

​သူ့အသံထဲမှာ သံသယစိတ်တွေ ပါဝင်နေပါတယ်။

​အရှင်ကျားဖြူကတော့ ထိတ်လန့်နေပါပြီ။

ခုနကလူက ဝိညာဉ်သန္ဓေသားအဆင့်လတ်လေ၊ အဲဒါကို လျှပ်စီးတစ်ချက်တည်းနဲ့ အိမ်ပြန်လွှတ်လိုက်တာလား

​သူ ကျင့်ကြံလာတဲ့ သက်တမ်းတစ်လျှောက်မှာ ဒီလို လျှပ်စီးစွမ်းအားမျိုး တစ်ခါမှ မမြင်ဖူးသလို၊ ဝိညာဉ်သန္ဓေသားအဆင့်လတ် ကျင့်ကြံသူ တစ်ချက်တည်းနဲ့ အသတ်ခံရတာလည်း မတွေ့ဖူးပါဘူး။

​ရင်ထဲက လှိုင်းလုံးတွေကို ဖိသိပ်ထားရင်း အရှင်ကျားဖြူဟာ ဖန့်ချန်ကို လှမ်းကြည့်လိုက်ပြီး စိတ်ထဲမှာ ဇဝေဇဝါ ဖြစ်နေမိပါတယ်။

​ဖန့်ချန်က ပြုံးလိုက်ပြီး အောင်မြင်ခြင်းဗုဒ္ဓ တို့ကို ပြောလိုက်တယ်

"မင်းတို့ တွေ့ပြီမလား၊ လောကမှာ ထိပ်တန်း တိုက်ခိုက်ရေး စွမ်းအားတွေ အများကြီး ရှိတယ် ဓားပညာ က တစ်ခု၊ လျှပ်စီးစွမ်းအား ကလည်း တစ်ခုပဲ ဒါတွေထဲက တစ်ခုခုကို ကျွမ်းကျင်အောင် လုပ်နိုင်ရင် ကျင့်ကြံခြင်းလောကမှာ လျှောက်သွားတဲ့အခါ တခြားသူရဲ့ အနိုင်ကျင့်တာ ခံရမှာ မဟုတ်ဘူး"

​"ဆ... ဆရာ... ခုနက ဓားပညာက အရမ်းမြန်လွန်းလို့ တပည့် သေသေချာချာ မမြင်လိုက်ရဘူး..."

​ယဲ့ဝမ်ရှူး က မသိစိတ်နဲ့ ပြောလိုက်ပါတယ်။

​စကားလည်း ဆုံးရော၊ အောင်မြင်ခြင်းဗုဒ္ဓ လက်ထဲက ဓားငယ်လေး ဟာ နောက်တစ်ကြိမ် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြန်ပါတယ်။

​ဖူးးး

​ဝိညာဉ်သန္ဓေသား တစ်ယောက်ဟာ နောက်လှန်လဲကျသွားပြန်ပါပြီ၊ မျက်ခုံးနှစ်ခုကြားမှာ ဓားဒဏ်ရာ တစ်ခုနဲ့ပါ။

​သူ့ရဲ့ ဝိညာဉ်ဟာ ကြောင်တောင်တောင်နဲ့ ထရပ်လိုက်ပြီး ခုနက သေသွားတဲ့သူနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပါတယ်။

ဒါ တကယ်ပဲ ဘာတွေ ဖြစ်ကုန်တာလဲ

​ကျန်နေတဲ့ ဝိညာဉ်သန္ဓေသား နှစ်ယောက်ကတော့ ရှေ့တိုးရမလို နောက်ဆုတ်ရမလို ဖြစ်နေပါပြီ။

သူတို့မျက်နှာမှာ ထိတ်လန့်မှုကလွဲလို့ ဘာမှ မရှိတော့ပါဘူး။

​"ဒီတစ်ခါကော သေသေချာချာ မြင်လိုက်ရဲ့လား"

​ဖန့်ချန်က မေးပါတယ်။

​ယဲ့ဝမ်ရှူး ရဲ့ မျက်နှာက ကြောင်တောင်တောင် ဖြစ်နေပါတယ်။

သူ ဘယ်လို ပြန်ဖြေရမလဲ၊ မြင်လိုက်တယ်လို့ ဖြေရမလား၊ မမြင်လိုက်ဘူးလို့ ဖြေရမလား...

​သူ့ရဲ့ မတော်တဆ မေးခွန်းတစ်ခုက ဝိညာဉ်သန္ဓေသား တစ်ယောက်ကို အသက်ပျောက်စေလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး။

သူ့ဆရာရဲ့ ဓားပညာဟာ နတ်ဘုရားအဆင့် ကို ရောက်နေပြီဆိုတာ သိသာပါတယ်။

​လင်ရွှီ တာအိုဂိုဏ်း က ကျင့်ကြံသူတွေဟာ ကြောက်လွန်းလို့ အပ်ကျသံတောင် မကြားရတော့ပါဘူး။

လူတိုင်းက တံတွေးတွေ မြိုချနေကြပါတယ်။

မျက်စိတစ်မှိတ်အတွင်းမှာတင် ဝိညာဉ်သန္ဓေသား အကြီးအကဲ နှစ်ယောက် ဒီလိုပဲ မရှိတော့တာလား

​"ဆရာ... ခုနက လျှပ်စီးစွမ်းအားကိုလည်း တပည့် သေသေချာချာ မမြင်လိုက်ရဘူး"

​တောင်သခင်ကျား က အသံကြီးနဲ့ ပြောလိုက်ပါတယ်။

​ကျန်နေတဲ့ ဝိညာဉ်သန္ဓေသား နှစ်ယောက်ဟာ ရှေးဟောင်း သားရဲကြီးတစ်ကောင်ရဲ့ အကြည့်ကို ခံလိုက်ရသလို ခံစားလိုက်ရပြီး ကြက်သီးတွေ ထကာ ဦးရေခွံတွေ ထုံကျင်လာပါတယ်။

သူတို့ ထွက်ပြေးဖို့ ပြင်လိုက်စဉ်မှာပဲ ပြာလဲ့လဲ့ လျှပ်စီးတစ်ခု ကျလာပြီး သူတို့ထဲက တစ်ယောက်ဟာ ပြာအဖြစ် ကြေမွသွားပြန်ပါတယ်။

​အခုဆိုရင် အဘိုးအိုလင်မူ ခေါ်လာတဲ့ ဝိညာဉ်သန္ဓေသား လေးယောက်မှာ သုံးယောက် သေသွားပါပြီ။

နောက်ဆုံး ကျန်ရစ်သူကတော့ ချွေးစေးတွေ ပြန်နေပြီး တစ်ကိုယ်လုံး စိုရွှဲနေပါပြီ။

​အချိန်တိုလေးအတွင်းမှာ သူဟာ ဘဝရဲ့ အတက်အကျတွေကို အကြိမ်ကြိမ် ကြုံလိုက်ရပြီး သေမင်းတံခါးဝကနေ သုံးခါတိုင်တိုင် ပြန်လှည့်လာခဲ့ရတာပါ။

​နောက်တစ်ခါကော... သူ့အလှည့် ဖြစ်တော့မှာလား

​ဒါကို တွေးမိပြီး သူက အဘိုးအိုလင်မူကို ကြည့်ကာ ထိတ်လန့်တကြား အော်လိုက်တယ်

"အကြီးအကဲလင်... ကျွန်တော့်ကို ကယ်ပါဦး"

​တာအိုဝတ်စုံနဲ့ အဘိုးအိုရဲ့ မျက်နှာက လေးနက်သွားပါတယ်။

လင်ရွှီ တာအိုဂိုဏ်း က အားကောင်းပေမဲ့ ဝိညာဉ်သန္ဓေသားတွေက လမ်းဘေးက ကျောက်ခဲတွေလို ပေါနေတာ မဟုတ်ပါဘူး။

​စုစုပေါင်း ဝိညာဉ်သန္ဓေသား ခြောက်ယောက်ပဲ ရှိတာကို သူက ဒီတစ်ခါ လေးယောက် ခေါ်လာခဲ့တာပါ။

အခုတော့ သုံးယောက် သေသွားပြီ...

​ဒါက လင်ရွှီ တာအိုဂိုဏ်း ရဲ့ ဝိညာဉ်သန္ဓေသား ထက်ဝက်လောက် သေသွားတာနဲ့ အတူတူပါပဲ၊ ဆုံးရှုံးမှုက အရမ်းကြီးလွန်းလှပါတယ်။

​"မိတ်ဆွေ... ငါတို့ သီးသန့် စကားပြောကြရအောင်"

​အဘိုးအိုက အသံကို နှိမ့်ပြီး ပြောလိုက်ပါတယ်။

​"ငါက ငါ့တပည့်တွေကို အတတ်ပညာတွေ လေ့ကျင့်ပြနေတာလေ၊ မင်း ခဏလောက် စောင့်ဦး"

​ဖန့်ချန်က ပြုံးပြီး အောင်မြင်ခြင်းဗုဒ္ဓ တို့ကို ကြည့်လိုက်တယ်

"မင်းတို့ ဓားပညာနဲ့ လျှပ်စီးစွမ်းအားအပေါ်မှာ မရှင်းတာ ရှိသေးလား ဒီနေ့ ဆရာ့စိတ်အခြေအနေက မဆိုးဘူးဆိုတော့ နောက်ထပ် အကြိမ်အနည်းငယ် ထပ်ပြီး လေ့ကျင့်ပြလို့ ရတယ်"

​နောက်ဆုံး ကျန်နေတဲ့ ဝိညာဉ်သန္ဓေသားဟာ ထိတ်လန့်လွန်းလို့ အသက်ရှူတောင် ရပ်သွားပါတယ်။

သူက သူ့ကိုယ်သူ ကယ်တင်ဖို့အတွက် ဖန့်ချန်ကို ချက်ချင်း လက်အုပ်ချီ ဂါရဝပြုလိုက်ပြီး

​"စီနီယာ... ဂျူနီယာ မှားသွားပါပြီ စီနီယာ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ "

​လင်ရွှီ တာအိုဂိုဏ်း က ကျင့်ကြံသူတွေဟာ သူတို့ရဲ့ ဝိညာဉ်သန္ဓေသား အကြီးအကဲက အမှားဝန်ခံ တောင်းပန်နေတာကို မြင်တော့ ထိတ်လန့်မှုတွေကြားကနေ စိတ်မကောင်း ဖြစ်နေကြပါတယ်။

​လင်ရွှီ တာအိုဂိုဏ်း က ဘယ်တုန်းက ဒီလို အခြေအနေမျိုး ရောက်ခဲ့လို့လဲ ဝိညာဉ်သန္ဓေသား သုံးယောက် ဆက်တိုက် သတ်ဖြတ်ခံရတယ် ဟုတ်လား

​တစ်ဖက်လူက ဘယ်ကလဲ ဒီလို အစွမ်းထက်တဲ့သူက ဘာလို့ ယွင်ချန်း လို နေရာသေးသေးလေးမှာ ပေါ်လာတာလဲ

​"မင်းမှာ ဘာအမှား ရှိလို့လဲ"

​ဖန့်ချန်က တည်ငြိမ်စွာ မေးလိုက်ပါတယ်။

​အဲဒီ ဝိညာဉ်သန္ဓေသား ကြောင်သွားပြီး ဘယ်လို ပြန်ဖြေရမလဲ မသိဖြစ်နေပါတယ်။

​အဘိုးအိုလင်မူကတော့ နောက်ဆုံးမှာ ဒေါသကို မထိန်းနိုင်တော့ဘဲ ဖြည်းဖြည်းချင်း ပြောလိုက်တယ်

"မိတ်ဆွေ... မင်းက လက်ဖျောက်တစ်ချက်တီးပြီး ငါတို့ဂိုဏ်းက ဝိညာဉ်သန္ဓေသား သုံးယောက်ကို သတ်လိုက်တာ၊ လင်ရွှီ တာအိုဂိုဏ်း ကို လုံးဝ မျက်နှာမထောက်တာပဲ"

​"ငါက လင်ရွှီ တာအိုဂိုဏ်း ကို မျက်နှာထောက်စရာ လိုလို့လား "

​ဖန့်ချန်က ပြန်ပြီး မေးခွန်းထုတ်လိုက်ပါတယ်။

​အဘိုးအို ကြောင်သွားပြီး မျက်နှာက ပိုပြီး မည်းမှောင်သွားတယ်

"လင်ရွှီ တာအိုဂိုဏ်း ဆိုတာ ကျိရွှီနိုင်ငံ ရဲ့ တာအိုဂိုဏ်းကြီး သုံးခုထဲက တစ်ခုပဲ ထိပ်တန်းလို့ မဆိုနိုင်ပေမဲ့ ဂိုဏ်းထဲမှာ စိတ်ဝိညာဥ်ထွက်ခွာခြင်း အလယ်လတ်အဆင့် ရှိတဲ့ ဘိုးဘေးတစ်ပါး ရှိတယ်"

​"ဒါ့အပြင်... မင်း ကျုံးကျိုး က မဟာချဲ့ထွင်းဂိုဏ်း အကြောင်း ကြားဖူးလား ငါတို့ လင်ရွှီ တာအိုဂိုဏ်း ရဲ့ တည်ထောင်သူ ဘိုးဘေးဟာ ငယ်စဉ်တုန်းက မဟာချဲ့ထွင်းဂိုဏ်း ရဲ့ တပည့်တစ်ယောက်ပဲ သူက ကျိရွှီနိုင်ငံက လာတာမို့ အသက်ကြီးမှ ဇာတိကိုပြန်ပြီး ဂိုဏ်းထောင်ခဲ့တာ"

​"အစကနေ အဆုံးအထိ ဒီဆက်နွယ်မှုက မပြတ်ခဲ့ဘူး အနှစ်နှစ်ဆယ်တိုင်းမှာ ငါတို့က ဝိညာဉ်ကျောက်တုံးတွေကို ဂါရဝကြေးအဖြစ် ပေးပို့နေရတာ"

​ကျုံးကျိုး က မဟာချဲ့ထွင်းဂိုဏ်း...

​အရှင်ကျားဖြူရဲ့ မျက်နှာ အမူအရာ ပြောင်းလဲသွားပါတယ်။

လင်ရွှီ တာအိုဂိုဏ်း မှာ ဒီလို နောက်ခံမျိုး ရှိနေလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး။

ကျုံးကျိုးက တာအိုဂိုဏ်းကြီး သုံးခုအကြောင်းကို သူ မိစ္ဆာမိတ်ဆွေတွေနဲ့ စကားပြောရင်း ကြားဖူးနားဝ ရှိခဲ့ပါတယ်။

​ဖန့်ချန် စကားမပြောရသေးခင်မှာပဲ အဘိုးအိုက ထပ်ပြီး နှာခေါင်းရှုံ့လိုက်တယ်

"အခုဆိုရင် မဟာချဲ့ထွင်းဂိုဏ်း က နတ်မျိုးစေ့ ရွှီချင်းဆုန်း ဟာ မကြာခင် ကျိရွှီနိုင်ငံကို ရောက်လာတော့မယ် ငါတို့ ဒီတစ်ခါ ထွက်လာတာကလည်း တပည့်တွေကို လေ့ကျင့်ပေးပြီး မဟာချဲ့ထွင်းဂိုဏ်း အတွက် မျိုးစေ့ကောင်းတွေ ရှာပေးဖို့ပဲ"

​"ရွှီချင်းဆုန်း... သိတာပေါ့၊ ပြောရရင် ငါနဲ့ သူနဲ့ကြားက ဆက်ဆံရေးက တော်တော်လေး နီးစပ်တယ်"

​ဖန့်ချန်က ပြုံးပြီး ခေါင်းညိတ်လိုက်တယ်

"ကြည့်ရတာ မိသားစုဝင်အချင်းချင်း မှားပြီး တိုက်မိကြတာပဲ "

​အားလုံး ကြောင်သွားကြပါတယ်။

​အရှင်ကျားဖြူကတော့ ပါးစပ်အဟောင်းသား ဖြစ်နေပါပြီ။ ဒီလူက အဲဒီလို လူကြီးလူကောင်းနဲ့ သိတာလား

​အဘိုးအိုဟာ အံ့ဩသွားပြီး သူ့ရဲ့ မောက်မာမှုတွေ ချက်ချင်း ပျောက်ကွယ်သွားကာ အလျှင်အမြန် မေးလိုက်တယ်

"စီနီယာနဲ့ သူက ဘာတော်တာလဲ..."

​"သူက အရင်တုန်းက ငါ့ကို အဘိုး လို့ ခေါ်ဖူးတယ်၊ ဒါကြောင့် သေသေချာချာ တွက်မယ်ဆိုရင်... သူက ငါ့မြေး ဖြစ်သင့်တယ်"

​ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။

​အခန်း (၉၁၈) သေဆုံးသွားသော ရင်ဆိုင်မှု

​လူတိုင်းက ဖန့်ချန်ဟာ မဟာချဲ့ထွင်းဂိုဏ်းက ရွှီချင်းဆုန်းနဲ့ တကယ်သိတာလို့ ထင်နေကြပေမဲ့ ဒီစကားတွေကို ကြားလိုက်ရတဲ့အခါမှာတော့ မျက်နှာပေးတွေက တစ်ယောက်တစ်မျိုးစီ ထူးဆန်းသွားကြပါတယ်။

​တာအိုဝတ်စုံနဲ့ အဘိုးအိုရဲ့ မျက်နှာက မည်းမှောင်သွားပြီး

"မင်းက မဟာချဲ့ထွင်းဂိုဏ်းက ကျင့်ကြံသူကို စော်ကားရဲတယ်ပေါ့ ငါ့အမြင်မှာတော့ မင်းက တကယ်ပဲ အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်"

​သူ့ပါးစပ်ကနေ ဂါထာတွေကို ရွတ်ဆိုလိုက်ပြီး ဝတ်စုံလက်အင်္ကျီကို ဝေ့ယမ်းလိုက်ရာ ခန္ဓာကိုယ်ထဲကနေ ဟိန်းထွက်လာတဲ့ ဝိညာဉ်စွမ်းအားတွေက တစ်ခဏချင်းမှာတင် လေထုကို ပြောင်းလဲသွားစေပါတယ်။

စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ကြောက်မက်ဖွယ် အရှိန်အဝါဟာ တောင်ပြိုသလိုမျိုး သက်ရောက်လာတာကြောင့် အရှင်ကျားဖြူ အပါအဝင် မိစ္ဆာကျင့်ကြံသူတွေဟာ ရင်ထဲကနေ တုန်လှုပ်သွားကြပါတယ်။

​ချက်ချင်းဆိုသလို တာအိုဝတ်စုံနဲ့ အဘိုးအိုဟာ လည်ပင်းမှာ အေးစက်စက် အထိအတွေ့တစ်ခုကို ခံစားလိုက်ရပါတယ်။

အဲဒီဓားဟာ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိဘဲ ဖန့်ချန်က သူ့လည်ပင်းပေါ်မှာ တင်ထားပြီးသား ဖြစ်နေပါပြီ။

​"မိတ်ဆွေ... ဆက်လုပ်လေ လင်ရွှီတာအိုဂိုဏ်းရဲ့ စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် နည်းလမ်းတွေက ဘယ်လိုလဲဆိုတာ ငါကြည့်ပါရစေဦး"

​ဖန့်ချန်က ပြုံးပြီး ပြောပါတယ်။

​အဘိုးအိုရဲ့ နှလုံးသားဟာ အောက်ခြေအထိ နစ်မြုပ်သွားပါပြီ။

ထွက်ပေါ်လာတော့မယ့် ဝိညာဉ်စွမ်းအားတွေကိုလည်း အတင်းပြန်ဖိနှိပ်လိုက်ရပါတယ်။

သူက ဓားသွားကို တစ်ချက်ကြည့်၊ ဖန့်ချန်ကို တစ်ချက်ကြည့်နဲ့ မျက်နှာက အင်မတန် ကြည့်ရဆိုးနေပါတယ်။

​တစ်ဖက်လူက သူ့ရှေ့ကို ဘယ်လိုရောက်လာသလဲဆိုတာ သူ လုံးဝ မမြင်လိုက်ရပါဘူး။

​ဒီလို ကိုယ်ဖျောက်လှုပ်ရှားမှုမျိုးနဲ့ ခုနက ဝိညာဉ်သန္ဓေသား သုံးယောက် သေဆုံးသွားတဲ့ ပုံစံအရ ရှေ့ကလူရဲ့ ကျင့်ကြံမှုဟာ စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့်နှောင်းပိုင်း ဒါမှမဟုတ် အနည်းဆုံး အလယ်လတ်အဆင့် ဖြစ်ရမယ်ဆိုတာ သူ အသေအချာ သိသွားပါပြီ။

ဒါ့အပြင် သူ့နောက်ခံကလည်း မသေးလှပါဘူး၊ မဟုတ်ရင် မဟာချဲ့ထွင်းဂိုဏ်းကို ဘယ်လိုလုပ် မျက်နှာမထောက်ဘဲ နေပါ့မလဲ

​အဲဒါက ကျုံးကျိုးရဲ့ နတ်ဘုရားမင်းဆက်တွေထဲက တစ်ခုဖြစ်ပြီး မသေမျိုးဘုရင် ကိုယ်တိုင် အုပ်ချုပ်တဲ့ ဂိုဏ်းကြီးလေ

​လင်ရွှီတာအိုဂိုဏ်းက ကျင့်ကြံသူတွေဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပါတယ်။

ကံကောင်းလို့ အသက်ရှင်ကျန်နေတဲ့ ဝိညာဉ်သန္ဓေသားဟာလည်း အခုချိန်မှာ လုံးဝ မလှုပ်ရဲပါဘူး။

သူသာ တစ်ချက်လှုပ်လိုက်ရင် ချက်ချင်း သေသွားမှာကို သူ ကြောက်နေတာပါ။

​ယွီရွှီတောင်က မိစ္ဆာကျင့်ကြံသူတွေရဲ့ ရင်ထဲမှာတော့ လှိုင်းလုံးကြီးတွေ ထနေပါတယ်။

သူတို့က ဖန့်ချန်ကို အထိတ်တလန့်နဲ့ ခိုးကြည့်လိုက်၊ အောင်မြင်ခြင်းဗုဒ္ဓ သုံးယောက်ကို လှမ်းကြည့်လိုက်နဲ့ မျက်လုံးထဲမှာ အားကျမှုတွေ၊ မနာလိုမှုတွေ ပြည့်နေပါတယ်။

​အရှင်ကျားဖြူက ဘာလို့ ဒီမိစ္ဆာသုံးယောက်ကို ဒီလောက်အထိ မျက်နှာသာပေးပြီး ယွီရွှီတောင် ရောက်တာနဲ့ လူအသွင်ပြောင်းခြင်း အတတ်ပညာတွေကို သင်ပေးသလဲဆိုတာ သူတို့ အခုမှ သဘောပေါက်သွားပါတော့တယ်။

​တွက်ကြည့်ရရင် ဒီသုံးယောက်ရဲ့ နောက်ခံက မသေးပါဘူး၊ သူတို့ဆရာရဲ့ ကျင့်ကြံမှုက ဝိညာဉ်သန္ဓေသားအဆင့်ကို သိသိသာသာ ကျော်လွန်နေပြီလေ

​"မယုံနိုင်စရာပဲ..."

​အရှင်ကျားဖြူက မျက်လုံးကို ပွတ်ပြီး ကြည့်ရင်း ရင်ထဲမှာ တုန်လှုပ်နေမိပါတယ်။

​အဘိုးအိုလင်မူရဲ့ လည်ပင်းမှာ သွေးစအချို့ ထွက်လာတာကို မြင်တော့ သူက အမြန်ပဲ ကြားဝင်ဖျန်ဖြေလိုက်တယ်

​"ဖန့်မိတ်ဆွေ... ဒီကိစ္စကို အေးအေးဆေးဆေး ပြန်တိုင်ပင်ကြရင် မကောင်းဘူးလား"

​"ဘယ်လို တိုင်ပင်မှာလဲ လင်ရွှီတာအိုဂိုဏ်းက ဝိညာဉ်သန္ဓေသား သုံးယောက် သေသွားပြီ၊ သူတို့က မင်းတို့ ယွီရွှီတောင်ကို လက်တုံ့ပြန်မှာ မဟုတ်ဘူးလို့ မင်းထင်နေတာလား"

​ဖန့်ချန်က ပြုံးပြီး မေးပါတယ်။

​အရှင်ကျားဖြူ ကြောင်သွားပါတယ်။

သူ့မျက်နှာက တဖြည်းဖြည်း မည်းမှောင်လာပြီး အဘိုးအိုလင်မူကို စိုက်ကြည့်လိုက်တယ်

​"စီနီယာလင်... မူလက ကျုပ်တို့ကြားမှာ ဘာပြဿနာမှ မရှိခဲ့ဘူး ဘာလို့ စီနီယာက ဒီလို ဖြစ်အောင် လုပ်ရတာလဲ"

​အဘိုးအိုလင်မူက ဟန်မပျက်အောင် ကြိုးစားရင်း မျက်နှာမှာ အတင်းအပြုံးတစ်ခု လုပ်လိုက်တယ်

"ဒီကိစ္စက ဆွေးနွေးလို့ ရပါသေးတယ်"

​"ဆွေးနွေးလို့ မရတော့ဘူး ငါသာ မင်းနေရာမှာဆိုရင် ဝိညာဉ်သန္ဓေသား သုံးယောက် သေသွားတဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် အဖော်အဖြစ် တစ်ယောက်ယောက်ကို ဆွဲခေါ်သွားမှာပဲ တကယ်လို့ မင်းသာ လင်ရွှီတာအိုဂိုဏ်းကို ပြန်ရောက်သွားရင် ငါတို့ ယွီရွှီတောင် ပျက်စီးမယ့်နေ့က သိပ်မဝေးတော့ဘူး"

​အရှင်ကျားဖြူက တဟားဟားနဲ့ အေးစက်စက် ရယ်မောလိုက်ပါတယ်။

​ယွီရွှီတောင်က မိစ္ဆာကျင့်ကြံသူတွေဟာ ဒီနေရာကို ဝိုင်းလာကြပါတယ်။

လုချန်ချင်း တို့ကလည်း ပုံစံပြောင်းလိုက်ကြပြီး ကျန်နေတဲ့ လင်ရွှီတာအိုဂိုဏ်း ကျင့်ကြံသူတွေကို ပိတ်ဆို့ထားလိုက်ကာ ထွက်ပြေးဖို့ လမ်းစမချန်ထားပါဘူး။

​အဘိုးအိုရဲ့ မျက်နှာ အကြီးအကျယ် ပျက်သွားပါတယ်။

သူက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး

"မင်းတို့ သေသေချာချာ စဉ်းစားကြစမ်း ငါတို့ လင်ရွှီတာအိုဂိုဏ်းနဲ့ မဟာချဲ့ထွင်းဂိုဏ်းရဲ့ ဆက်ဆံရေးက အလကားပြောနေတာ မဟုတ်ဘူး ဝိညာဉ်သန္ဓေသား အနည်းငယ် သေတာက ဆွေးနွေးလို့ ရသေးပေမဲ့ တကယ်လို့ ငါပါ သေသွားရင်တော့ ဘယ်လိုမှ ဆွေးနွေးလို့ ရမှာ မဟုတ်တော့ဘူး"

​"နောက်ပြီး တခြား တာအိုဂိုဏ်း နှစ်ခုကလည်း ငါတို့ ဒီနေ့ ယွီရွှီတောင်မှာ ရှိနေတာကို သိကြတယ် ငါတို့ တစ်ခုခုဖြစ်ရင် မင်းတို့ ယွီရွှီတောင်လည်း သံသယကနေ လွတ်မှာ မဟုတ်ဘူး"

​အရှင်ကျားဖြူရဲ့ မျက်နှာက အမျိုးမျိုး ပြောင်းလဲနေပြီး နောက်ဆုံးတော့ အားကိုးရာမဲ့စွာနဲ့ ဖန့်ချန်ကို လှည့်ကြည့်လိုက်တယ်

​"ဖန့်မိတ်ဆွေ... နှစ်ဖက်စလုံး အဆင်ပြေမယ့် နည်းလမ်းမျိုး ရှိမလား"

​ဖန့်ချန်က ပြန်မဖြေဘဲ အဘိုးအိုရဲ့ အနောက်ဘက်ကို လှမ်းကြည့်လိုက်ပါတယ်။

သူ့အနောက် ဆယ်လံလောက် အကွာမှာ ဝတ်စုံကောင်းဝတ်ထားတဲ့ လူလတ်ပိုင်း တစ်ယောက် ရပ်နေပါတယ်။

စောစောက သေသွားတဲ့ ဝိညာဉ်သန္ဓေသား သုံးယောက်ရဲ့ဝိညာဉ် တွေဟာလည်း အဲဒီလူလတ်ပိုင်း ဘေးကို ရောက်လာကြပြီး ဇဝေဇဝါ ဖြစ်နေကြပါတယ်။

​"ဝမ်ရွှေ... မင်းက ဘာလို့ ဒီမှာ ရှိနေတာလဲ"

​ပထမဆုံး သေသွားတဲ့ ဝိညာဉ်သန္ဓေသားအဆင့်လတ်က မေးလိုက်ပါတယ်။

​"မင်းတို့ စိတ်ထဲမှာ မသိဘူးလား"

​လူလတ်ပိုင်းက အေးစက်စက် ရယ်မောလိုက်ပါတယ်။

​"ကျုပ်တို့ စိတ်ထဲမှာ သိသင့်လို့လား"

​ဝိညာဉ်သန္ဓေသား သုံးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။

ဝိညာဉ်သန္ဓေသားအဆင့်လတ်က လေးနက်တဲ့ အမူအရာနဲ့

"လွန်ခဲ့တဲ့ ရက်ပိုင်းက မင်းက လူအချို့ကို ခေါ်ပြီး လျိုဖုန်းတောင်ကြားကို ဖြတ်သွားရင်း အစအနမရှိ ပျောက်ကွယ်သွားတယ်လို့ ကြားခဲ့တယ် တစ်စုံတစ်ယောက်က မင်းကို လုပ်ကြံလိုက်ပြီလို့ ထင်ထားကြပေမဲ့ ဒါက ကျုပ်တို့ သုံးယောက်နဲ့ ဘာဆိုင်လို့လဲ "

​"မင်းတို့ တကယ်ပဲ မသိတာလား"

​လူလတ်ပိုင်းက မျက်မှောင်ကြုတ်လိုက်ပြီး

"ငါ့ကို သတ်တဲ့သူက မင်းတို့ လင်ရွှီဂိုဏ်းရဲ့ စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် နှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ လင်ဟောင် ပဲ"

​"အကြီးအကဲလင်"

​သုံးယောက်စလုံး ကြောင်သွားပြီး အဘိုးအိုလင်ဟောင်ကို အံ့ဩတကြီး၊ မယုံနိုင်မှုတွေနဲ့ လှည့်ကြည့်လိုက်ကြပါတယ်။

​"လင်ရွှီတာအိုဂိုဏ်းနဲ့ ဘုရင်မျိုးနွယ်စုရဲ့ ဆက်ဆံရေးက အမြဲတမ်း ပြေလည်ခဲ့တာပဲ အကြီးအကဲလင်က ဘာလို့ မင်းကို သတ်ရမှာလဲ ကျုပ်တို့ ဘာအကြောင်းပြချက်မှ စဉ်းစားလို့ မရဘူး..."

​"ဘာလို့လဲ ဟုတ်လား မင်းတို့ ဘာတွေ တွေးနေလဲ ငါမသိဘူး၊ ဒီကာလအတွင်းမှာ မင်းတို့ တာအိုဂိုဏ်းကြီး သုံးခုအပြင် ကျန်တဲ့ ဂိုဏ်းငယ်လေးတွေက အကြီးအကဲတွေလည်း သူတို့တပည့်တွေကို ခေါ်ပြီး အဆင့် ၄ အင်ပါယာနိုင်ငံ အသီးသီးကို သွားပြီး လေ့ကျင့်နေကြတယ်"

​"ဒီအဆင့် ၄ အင်ပါယာနိုင်ငံတွေက ကျိရွှီနိုင်ငံရဲ့ လက်အောက်ခံ မဟုတ်ဘူး မင်းတို့ ပြောကြည့်စမ်း... ဒီလိုလုပ်တာက သူတို့နောက်ကွယ်က အဆင့် ၃ အင်ပါယာနိုင်ငံတွေကို နားလည်မှု လွဲသွားစေနိုင်မလား"

​"အဲဒီအချိန်ကျရင် ပြဿနာကြီးတွေ တက်လာခဲ့ရင် ဘယ်လို အခြေအနေမျိုး ဖြစ်လာမလဲ"

​"ဒီလို အစပျိုးနေတဲ့ အချိန်တုန်းက ငါက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တယ် အဆင့် ၃ အင်ပါယာနိုင်ငံတွေကိုတောင် သွားပြီး ရှင်းပြခဲ့သေးတယ် မထင်မှတ်ဘဲ နိုင်ငံကို ပြန်ရောက်တာနဲ့ လင်ဟောင်ရဲ့ လုပ်ကြံတာကို ခံလိုက်ရတာပဲ မင်းတို့ သူ့ကို သွားမေးကြည့်လိုက်စမ်း၊ သူ တကယ်ပဲ ဘာလုပ်ချင်နေတာလဲဆိုတာ"

​"ကျုပ်တို့က မဟာချဲ့ထွင်းဂိုဏ်း အတွက် မျိုးစေ့ကောင်းတွေ ရှာပေးဖို့နဲ့ တပည့်တွေကို လေ့ကျင့်ပေးဖို့ ထွက်လာတာပါ ဒီလောက် ရိုးရှင်းတဲ့ ကိစ္စက ဘယ်လိုလုပ် ပြဿနာကြီး ဖြစ်လာမှာလဲ"

"​ဒီကိစ္စမှာ နားလည်မှု လွဲတာမျိုး ရှိနိုင်ပါတယ် တစ်စုံတစ်ယောက်က အကြီးအကဲလင်အဖြစ် ဟန်ဆောင်ပြီး ကျိရွှီနိုင်ငံ ဘုရင်မျိုးနွယ်စုနဲ့ ကျုပ်တို့ လင်ရွှီဂိုဏ်းကို ရန်တိုက်ပေးတာ ဖြစ်နိုင်မလား"

​ဝိညာဉ်သန္ဓေသားအဆင့်လတ်က သံသယစိတ်နဲ့ ပြောပါတယ်။

​"မင်း နာမည် ဘယ်သူလဲ"

​အသံတစ်ခု ထွက်ပေါ်လာပါတယ်။

​လွင့်မျောနေတဲ့ ဝိညာဉ် လေးယောက်စလုံး ကြောင်သွားပြီး ဖန့်ချန်ဆီကို ထိတ်လန့်တကြီး လှည့်ကြည့်လိုက်ကြပါတယ်။

​ဒီလူက သူတို့ကို မြင်နိုင်တာလား

​"မိတ်ဆွေက ဘယ်သူလဲ၊ ဘာလို့ ငါတို့ကို မြင်နိုင်ရတာလဲ"

​လူလတ်ပိုင်းက အံ့ဩတကြီး မေးလိုက်ပါတယ်။

​"မင်း နာမည် ဘယ်သူလဲ"

​ဖန့်ချန်က တည်ငြိမ်စွာ ထပ်မေးပါတယ်။

​အောင်မြင်ခြင်းဗုဒ္ဓ တို့ကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပါတယ်။

​အဘိုးအိုလင်မူ (လင်ဟောင်) က ဖန့်ချန်က သူ့ကို မေးနေတယ်လို့ ထင်ပြီး

"ကျွန်တော့်နာမည် လင်ဟောင်ပါ"

လို့ တိုးတိုးလေး ဖြေပါတယ်။

​"ကျုပ်က ကျိရွှီနိုင်ငံက ပိုင်ကျင့်ဖန် ပါ ဘုရင်မင်းမြတ်ရဲ့ တတိယမြောက် ညီတော်ပေါ့ မသေခင်က စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ပါ"

​ပိုင်ကျင့်ဖန်က လက်အုပ်ချီ နှုတ်ဆက်ပါတယ်။

​ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး လင်ဟောင်ကို လှမ်းကြည့်လိုက်တယ်

"မင်း လျိုဖုန်းတောင်ကြားမှာ ပိုင်ကျင့်ဖန်ကို လုပ်ကြံသတ်ဖြတ်ခဲ့တာ ဘာရည်ရွယ်ချက်နဲ့လဲ"

​အားလုံး ကြောင်သွားကြပါတယ်။

​အရှင်ကျားဖြူကတော့ အံ့ဩတကြီး ဖြစ်နေပါတယ်။ ဘာလို့ စကားဝိုင်းက ဒီလို ပုံစံမျိုး ပြောင်းသွားရတာလဲ။

​အဲဒီ ပိုင်ကျင့်ဖန် ဆိုတာကကော... ဘယ်သူလဲ

​လင်ဟောင်က ရင်ထဲက တုန်လှုပ်မှုကို ဖိသိပ်ထားရင်း ဇဝေဇဝါ ဖြစ်ဟန်ဆောင်လိုက်တယ်

"မိတ်ဆွေ ဘာတွေ ပြောနေတာလဲ၊ ပိုင်ကျင့်ဖန်က ကျုပ်တို့နိုင်ငံရဲ့မင်းသား လေ၊ ကျုပ်နဲ့ သူနဲ့က ရင်းနှီးတဲ့ မိတ်ဆွေတွေပါ ဘယ်လိုလုပ် သတ်ရမှာလဲ"

​"တကယ့်ကို အရှက်မရှိတဲ့လူပဲ"

​ပိုင်ကျင့်ဖန်က အကြိမ်ကြိမ် အေးစက်စက် ရယ်မောလိုက်ပါတယ်။

​ဘေးက ဝိညာဉ်သန္ဓေသား သုံးယောက်ကတော့ ထိတ်လန့်နေကြပါပြီ။

ဒီနည်းလမ်းတွေ ထူးဆန်းလှတဲ့ ကျင့်ကြံသူက... သူတို့လို လွင့်မျောနေတဲ့ ဝိညာဉ်တွေကို တကယ်ပဲ မြင်နိုင်တာလား

​"ပိုင်ကျင့်ဖန်က မင်းကို အရှက်မရှိတဲ့လူလို့ ပြောနေတယ် မင်း အခု မပြောချင်သေးဘူးဆိုရင်လည်း... သေဆုံးသွားပြီးတော့မှပဲ သူနဲ့ ရင်ဆိုင်လိုက်တော့"

​ဖန့်ချန်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး ဓားတစ်ချက်နဲ့ လင်ဟောင်ရဲ့ ဦးခေါင်းခွံကို ခွဲချလိုက်ပါတယ်။

သူ့ရဲ့ ဝိညာဉ်သန္ဓေသားဟာ ထွက်ပြေးဖို့တောင် အချိန်မရဘဲ ဓားချက်နဲ့အတူ ပျက်စီးသွားပါတော့တယ်။

​လင်ဟောင်ရဲ့ လွင့်မျောနေတဲ့ ဝိညာဉ်ဟာ ခန္ဓာကိုယ်ထဲက ထွက်လာပြီး လှည့်ကြည့်လိုက်တဲ့အခါ သူ့ကို စိုက်ကြည့်နေတဲ့ ပိုင်ကျင့်ဖန်ကို တွေ့လိုက်ရပါတယ်။

ပိုင်ကျင့်ဖန်ရဲ့ မျက်နှာမှာတော့ အဓိပ္ပာယ်ပါတဲ့ အပြုံးတစ်ခု ရှိနေပါတော့တယ်။

All Chapters