← Chapters

အခန်း (၉၃၃-၉၃၄)

Vol. 94 Ch. 933-934

အခန်း (၉၃၃-၉၃၄)

Vol. 94 Ch. 933-934

​အခန်း (၉၃၃) ပန်းပေါင်း တစ်ရာ ရောင်စုံဖြာ၊ လူပေါင်း သောင်းခြောက်ထောင် စိတ်မျိုးစုံ

​ရက်အနည်းငယ် ကြာပြီးနောက်မှာတော့ လူအုပ်စုဟာ လီရှောင်နိုင်ငံရဲ့ နယ်နိမိတ်နဲ့ ပိုပိုပြီး နီးကပ်လာပါတယ်။

​လီဖူ အစရှိတဲ့ ဝိညာဥ်သုတ်သင်ခြင်းဌာန ကျင့်ကြံသူတွေဟာ ဗဟုသုတ ကြွယ်ဝကြသူတွေ ဖြစ်ပေမဲ့လည်း၊ အခုတော့ ထိုက်ယင်နဂါးမင်းကြီးရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်အဝါနဲ့ အမြန်နှုန်းကို ကြည့်ပြီး တုန်လှုပ်နေကြပါတယ်။

​သာမန်ကျင့်ကြံသူတွေဆိုရင် နှစ်နဲ့ချီပြီး သွားရမယ့် ခရီးကို အခုတော့ ရက်အနည်းငယ်အတွင်းမှာတင် ခရီးဆုံးတော့မှာပါ။

​တကယ်လို့ သူတို့သာ နဂါးကျောပေါ်မှာ ရှိမနေဘဲ မြေပြင်ပေါ်မှာဆိုရင် ထိုက်ယင်နဂါးမင်းကြီးရဲ့ ပုံရိပ်ကိုတောင် မြင်ရမှာ မဟုတ်သလို၊ ဘာလှုပ်ရှားမှုသံမှလည်း ကြားရမှာ မဟုတ်ပါဘူး။

​"ရှေ့မှာ တစ်ခုခု မှားနေပြီ"

​ရှန်ကျီက ရှေးဦး နတ်ဘုရားမျက်လုံး ကို ဖွင့်ကြည့်လိုက်ပြီး လေးနက်တဲ့ မျက်နှာပေးနဲ့ ပြောပါတယ်။

"ကောင်းကင်ဘုရင်ကျန့်စံအိမ် က စစ်သည် တွေ အလုပ်ရှုပ်နေတာကို ငါမြင်နေရတယ်၊ တစ်ခုခု ဖြစ်ပြီထင်တယ်"

​"ဒီနေရာက..."

​ဖန့်ချန် စိတ်လှုပ်ရှားသွားပြီး ထိုက်ယင်နဂါးမင်းကြီးကို ရပ်ခိုင်းလိုက်ပါတယ်။

အဲဒီနောက် ပတ်ဝန်းကျင် အခြေအနေကို လေ့လာလိုက်ပါတယ်။

​"ဒီနေရာက ကျူးလုနိုင်ငံ နယ်နိမိတ်ပဲ ကိုင်ဟုန် က ကျူးလုရဲ့ ဧကရာဇ်လေ၊ မင်းနဲ့ သူက မစိမ်းပါဘူး"

​ရှန်ကျီက မျက်မှောင်ကြုတ်လိုက်ပြီး

"သူက ကောင်းကင်ဘုရင်ကျန့်စံအိမ်ရဲ့ အင်အားကို သုံးဖို့ ပျင်းတဲ့သူပါ ဒီစစ်သည်တွေကလည်း ပုံမှန်ဆိုရင် ဒီနယ်မြေထဲကို ခြေမချကြဘူး အခု ဘာလို့ ဒီလောက် အများကြီး ရောက်နေရတာလဲ"

​"သူကလည်း ဝိညာဥ်သုတ်သင်ခြင်းဌာန ကျင့်ကြံသူတစ်ယောက်ပဲလေ သွေးဝိညာဉ်ဂိုဏ်းရဲ့ အစီအစဉ်ကို တားဆီးဖို့ စံအိမ်က ကျင့်ကြံသူတွေကို အကူအညီ တောင်းတာလား"

ဖန့်ချန်က စဉ်းစားရင်း ပြောပါတယ်။

​သူ ရှေးဦး နတ်ဘုရားမျက်လုံး ကို ဖွင့်ကြည့်လိုက်တဲ့အခါ အဝေးကြီးအထိ မြင်နိုင်နေပါပြီ။

စစ်သည် တော်တော်များများဟာ ကျင့်ကြံသူတွေကို နေရာအနှံ့မှာ လိုက်ဖမ်းပြီး စစ်ဆေးမေးမြန်းနေတာကို တွေ့ရပါတယ်။

သူတို့ရဲ့ အမူအရာတွေက ကြမ်းတမ်းပြီး၊ ပြန်လည် ခုခံသူရှိရင်တော့ နေရာတင် သတ်ပစ်လိုက်ကြတာပါ။

​"မဖြစ်နိုင်ဘူး"

​ရှန်ကျီက ခေါင်းကို ခပ်ဖွဖွ ခါလိုက်တယ်

"ကောင်းကင်ဘုရင်ကျန့် က မြေခွေးအိုကြီးပဲ ကိုင်ဟုန် ဝိညာဥ်သုတ်သင်ခြင်းဌာနထဲ ဝင်တာကို မျက်စိတစ်ဖက်ပိတ်ပြီး ခွင့်ပြုထားပေမဲ့ ဝိညာဥ်သုတ်သင်ခြင်းဌာနနဲ့ သွေးဝိညာဉ်ဂိုဏ်းကြားက ကိစ္စတွေမှာတော့ သူကိုယ်တိုင် ပါဝင်ပတ်သက်မှာ မဟုတ်ဘူး ကောင်းကင်ဘုရင်ကျန့်က ကြားနေသမားပဲ ကိစ္စအကြီးအကျယ် မရှိဘဲနဲ့တော့ သူ အလွယ်တကူ ဘက်မလိုက်ဘူး"

​သူတို့ စကားပြောနေတုန်းမှာပဲ စံအိမ်က စစ်သည်တွေဟာ ကျင့်ကြံသူ အတော်များများကို ဖမ်းဆီးသွားကြသလို၊ တချို့ကိုတော့ နေရာတင် သတ်ဖြတ်လိုက်ကြပါတယ်။

​ဒီစစ်သည်တွေဟာ သတ်ဖြတ်တဲ့နေရာမှာ ဘာကိုမှ ဂရုမစိုက်ကြပါဘူး။

သူတို့ရဲ့ ဝိညာဉ်စွမ်းအား ရိုက်ခတ်မှုတွေက သာမန်လူတွေ နေထိုင်ရာဆီ ရောက်သွားတာတောင် သူတို့ ဂရုမစိုက်ပါဘူး။

​တချို့သော သာမန်လူတွေဟာ အိပ်မက်ထဲမှာတင် သေဆုံးသွားကြသလို၊ တချို့ မိသားစုတွေဆိုရင် ထမင်းဝိုင်းမှာ ဟင်းရွက်လေး ခူးခါစရှိသေး၊ စွမ်းအားရိုက်ခတ်မှုကြောင့် အသားတွေ အရည်ပျော်ပြီး အရိုးစုတွေ ဖြစ်သွားကြရပါတယ်။

​သူတို့ရဲ့ ဝိညာဉ်တွေဟာ အရမ်းကို တွေဝေနေကြပါတယ်။

ဘာကြောင့် သေရမှန်း မသိသလို၊ ဘယ်ကို ဆက်သွားရမှန်းလည်း မသိကြပါဘူး။

​"တကယ်ပဲ နတ်ဘုရားနဲ့ လူသားတွေကို ခွဲခြားထားပြီး စည်းမျဉ်းတွေ သတ်မှတ်ဖို့ လိုနေပြီ"

ဖန့်ချန်ရဲ့ အကြည့်တွေက အေးစက်လာပါတယ်။

​ကြောက်စရာကောင်းတာက သူတို့ရဲ့ လက်ချက်တင်မကဘဲ၊ သက်ရှိတွေကို အရေးမစိုက်တဲ့ သူတို့ရဲ့ စိတ်ဓာတ်ပါပဲ။

​"စံအိမ်ရဲ့ သားကြီး ကိုင်ဟုန် ကျူးလုနိုင်ငံရဲ့ ဧကရာဇ်ဟာ လူယုတ်မာတွေရဲ့ လက်ချက်နဲ့ ကျူးလုမှာ အသတ်ခံလိုက်ရပြီ"

"အကြောင်းစုံ သိသူရှိရင် မြို့တော်ကို လာပြီး သတင်းပေးပါ စံအိမ်က ကြီးမားတဲ့ ဆုလာဘ်တွေ ပေးပါ့မယ် တကယ်လို့ သိလျက်နဲ့ မပြောဘဲ ဖုံးကွယ်ထားတာကို စစ်ဆေးတွေ့ရှိရင် ဆွေမျိုး ၉ ဆက်တင်မက ၁၀ ဆက်အထိ သတ်ပစ်မယ်"

"ဒီနေ့ကစပြီး ကျူးလုက ကျင့်ကြံသူတွေ နယ်စပ်ကို ဖြတ်ကျော်ခွင့် မရှိဘူး၊ ခိုးထွက်သူ မှန်သမျှ သေဒဏ်"

"၁၀ ရက်အတွင်းမှာ လူသတ်သမားကို ရှာမတွေ့ရင် ကျူးလုနိုင်ငံ တစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်မယ်"

​အဲဒီအသံဟာ ကြီးမားတဲ့ ခေါင်းလောင်းသံကြီးလို ကျူးလုတစ်နိုင်ငံလုံးကို ပျံ့နှံ့သွားပါတယ်။

​သာမန်လူတွေကော ကျင့်ကြံသူတွေပါ ဒီအသံကို ကြားလိုက်ရတဲ့အခါ မျက်နှာတွေဟာ ဖြူဖျော့သွားကြပါတော့တယ်။

​"ကောင်းကင်ဘုရင်ကျန့်စံအိမ်ရဲ့ သားကြီး သေသွားပြီ ဟုတ်လား"

"ဘယ်သူက ဒီလောက် သတ္တိကောင်းနေတာလဲ မသေမျိုးဘုရင် ရဲ့ သားကိုတောင် သတ်ရဲတယ်လို့"

"သွေးဝိညာဉ်ဂိုဏ်းနဲ့ ပတ်သက်နေတာလား"

"မဖြစ်နိုင်ဘူး သွေးဝိညာဉ်ဂိုဏ်းက အစီအစဉ်ကြီး လုပ်နေတာ ကောင်းကင်ဘုရင်ကျန့်ကို သွားဆွစရာ အကြောင်းမရှိဘူး..."

​လီဖူတို့ အုပ်စုဟာလည်း တုန်လှုပ်စွာနဲ့ တီးတိုး ပြောဆိုနေကြပါတယ်။

​ဝူထုံတာအိုဂိုဏ်းချုပ်က မျက်မှောင်ကြုတ်လိုက်ပြီး

"အခြေအနေက မသေချာသေးဘူး အားလုံး စကားနည်းတာ အကောင်းဆုံးပဲ"

လို့ သတိပေးလိုက်မှ အားလုံး ငြိမ်ကျသွားပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ စိတ်တွေကတော့ မငြိမ်သက်နိုင်ကြသေးပါဘူး။

​ဖန့်ချန်က ရှန်ကျီကို ကြည့်လိုက်သလို၊ ရှန်ကျီကလည်း ဖန့်ချန်ကို ပြန်ကြည့်ပါတယ်။

နှစ်ယောက်လုံးရဲ့ မျက်လုံးထဲမှာတော့ လေးနက်မှုနဲ့ သံသယတွေ ရှိနေပါတယ်။

​ကိုင်ဟုန် သေသွားပြီ

​တကယ်လို့ ဒီသတင်းက အမှန်ဆိုရင်တော့ ဒီနေရာမှာ စစ်သည်တွေ ဘာလို့ ဒီလောက်များနေတာလဲဆိုတာ နားလည်နိုင်ပါတယ်။

ကောင်းကင်ဘုရင်ကျန့်စံအိမ်မှာ တကယ်ကို ကိစ္စအကြီးကြီး ဖြစ်သွားတာပါ။

သူတို့ ထင်ထားတာထက်တောင် ပိုကြီးပါတယ်။

​"စတုတ္ထမင်းသမီး... ကိုင်ဟုန်ရဲ့ သေဆုံးမှုက သွေးဝိညာဉ်ဂိုဏ်းနဲ့ ပတ်သက်နေမယ်လို့ ထင်လား"

ဖန့်ချန်က လေးနက်တဲ့ အသံနဲ့ မေးပါတယ်။

​ခုနက ကြားလိုက်ရတဲ့ အသံအရဆိုရင် လူသတ်သမားကို ရှာမတွေ့ရင် စံအိမ်က ကျူးလုနိုင်ငံကို ကဲ့ဟုန်အတွက် အသုဘအဖော်အဖြစ် သတ်ပစ်တော့မှာပါ။

အဲဒီလိုဆိုရင် သေဆုံးမယ့်သူက သန်းပေါင်း ရာနဲ့ချီ၊ ထောင်နဲ့ချီ ဖြစ်သွားပါလိမ့်မယ်။

​"လီရှောင်ဘိုးဘေးကြီးက မသေမျိုးဘုရင်အဆင့် တက်လှမ်းဖို့ ကြိုးစားနေတာ ဒီအချိန်မှာ ကိုင်ဟုန်ကို သတ်လိုက်ရင် ကောင်းကင်ဘုရင်ကျန့်က ချက်ချင်း သိသွားပြီး လီရှောင်နိုင်ငံကို ကိုယ်တိုင် ရောက်လာလိမ့်မယ် ဒါက သူတို့အတွက် ဘာမှ အကျိုးမရှိဘူး"

ရှန်ကျီက စဉ်းစားရင်း ပြောပါတယ်။

​သူတို့အတွက် ဘာမှ အကျိုးမရှိဘူး

​ဖန့်ချန်ရဲ့ မျက်လုံးတွေက လှုပ်ရှားသွားပြီး ရှန်ကျီကို ရုတ်တရက် ကြည့်လိုက်ပါတယ်

"စတုတ္ထမင်းသမီး... တကယ်လို့ မင်းသမီးသာ ဟန်တန်းနိုင်ငံမှာ တစ်ခုခု ဖြစ်သွားခဲ့ရင် လီရှောင်နိုင်ငံအပေါ် သက်ရောက်မှု ရှိမှာလား"

"အဲဒီ မသေမျိုးဘုရင်တွေက ဝင်မပါချင်ကြတာက သူတို့ရဲ့ အကျိုးစီးပွားကို မထိခိုက်လို့ပဲ ဒါပေမဲ့ မင်းသမီးရဲ့ အဆင့်အတန်းက မတူဘူးလေ မင်းသမီးက အလယ်ပိုင်းဒေသရဲ့ စတုတ္ထမင်းသမီးတင်မကဘူး၊ နတ်ဘုရားလမ်းစဉ်ဂိုဏ်း ရဲ့ ရှန်ကျီ လည်း ဖြစ်နေတာကိုး"

​"ငါသာ တစ်ခုခု ဖြစ်သွားခဲ့ရင်..."

​ရှန်ကျီက မျက်မှောင်ကြုတ်လိုက်တယ်

"လီရှောင်ဘိုးဘေးကြီး မသေမျိုးဘုရင် ဖြစ်ဖို့ အခွင့်အရေးက ၁ ရာခိုင်နှုန်းတောင် ရှိမှာ မဟုတ်တော့ဘူး အဲဒီတုန်းက ငါ ဒါကို ထည့်တွက်ခဲ့လို့ပဲ ဝူထုံဂိုဏ်းချုပ်ကို သွားကယ်ခဲ့တာ သူက ငါ့အပေါ်မှာ ကျေးဇူးရှိဖူးလို့လေ"

​"ဟန်တန်းနိုင်ငံက ကိစ္စကို မင်းသမီးကို ဘယ်သူ လာပြောတာလဲ "

​"ဝိညာဥ်သုတ်သင်ခြင်းဌာန က လုပ်ဖော်ကိုင်ဖက်တွေပေါ့"

​ဒီလိုပြောရင်းနဲ့ ရှန်ကျီက ဖန့်ချန်ကို လေးနက်တဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်

"မင်း ဘာပြောချင်တာလဲ"

​"ဟန်တန်းနိုင်ငံမှာ သေသွားတဲ့ သွေးဝိညာဉ်ဂိုဏ်းက ဝိညာဉ်နတ်ဘုရား ဟာ လီရှောင်ဘိုးဘေးရဲ့ အုပ်စုက မဟုတ်ဘူး"

​ဖန့်ချန်က တိုးတိုးလေး ရေရွတ်လိုက်တယ်

"ကိုင်ဟုန်ကို ဘယ်သူသတ်လိုက်လဲဆိုတာ ကျွန်တော် ခန့်မှန်းလို့ ရပြီထင်တယ်"

​"မင်းပြောတာက... သွေးဝိညာဉ်ဂိုဏ်းထဲမှာ လီရှောင်ဘိုးဘေး မသေမျိုးဘုရင် ဖြစ်သွားမှာကို မလိုလားတဲ့သူ ရှိနေတယ်ပေါ့ ဒါကြောင့် ငါနဲ့ ကိုင်ဟုန်ကို သုံးပြီး အလယ်ပိုင်းဒေသက အင်အားကြီးတွေကို ဝင်ပါလာအောင် လုပ်တာလား "

​ရှန်ကျီရဲ့ မျက်နှာက မှောင်ကျသွားပြီး လက်သီးကို မသိမသာ ဆုပ်လိုက်ပါတယ်။

သူမကို ကိရိယာတစ်ခုလို အသုံးချခံလိုက်ရတယ်ဆိုတာကို သူမ မခံစားနိုင်ပါဘူး။

​"မြို့တော်ကို သွားရအောင် ကိုင်ဟုန် ဘယ်မှာ သေသွားတာလဲ မေးမယ် အဲဒီနေရာကို သွားကြည့်ရအောင်"

ဖန့်ချန်က ပြောပြီး ထိုက်ယင်နဂါးမင်းကြီးကို ဆက်ပြီး ပျံသန်းခိုင်းလိုက်ပါတယ်။

​"မင်း ခုနက ခန့်မှန်းလိုက်တဲ့သူက ဘယ်သူလဲ"

ရှန်ကျီက မေးပါတယ်။

​"ချင်ဟော့ချန်း "

​ဖန့်ချန်က ပြောတယ်

"သူ မဟုတ်ရင်တောင် သူ့နောက်ကွယ်က လူပဲ"

​ချင်ဟော့ချန်း

​ရှန်ကျီရဲ့ မျက်လုံးထဲမှာ တုန်လှုပ်မှုတွေ ဖြတ်ပြေးသွားပါတယ်။

ဟင်လင်းပြင်ထာဝရာဓားဂိုဏ်းတောင် သွေးဝိညာဉ်ဂိုဏ်းရဲ့ ထိုးဖောက်တာကို ခံလိုက်ရပြီလား

​"မင်းမှာ အထောက်အထား ရှိလို့လား မင်းတို့ ဓားကျင့်ကြံသူတွေက သွေးဝိညာဉ်ဂိုဏ်းထဲ ဝင်ဖို့ မဖြစ်နိုင်ဆုံးသူတွေပဲ မင်းတို့က ထာဝရအသက်ရှည်ဖို့ ကျင့်ကြံနေကြတာ မဟုတ်ဘူးလေ"

ရှန်ကျီက စိတ်ရှုပ်ထွေးစွာ ပြောပါတယ်။

​"ဟုတ်ပါတယ်၊ ထာဝရအသက်ရှည်ဖို့ ကျင့်ကြံတာ မဟုတ်ဘူး ဒါပေမဲ့ ပန်းပေါင်း တစ်ရာ ရောင်စုံဖြာသလို၊ လူပေါင်း သောင်းခြောက်ထောင် စိတ်မျိုးစုံ ရှိတာပဲလေ ချင်ဟော့ချန်းက ဘာကို တောင့်တနေလဲ ဘယ်သူသိမှာလဲ"

​ဖန့်ချန်က တည်ငြိမ်စွာ ပြောတယ်

"အထောက်အထား မလိုပါဘူး သူနဲ့ ကိုင်ဝူ နှစ်ယောက်လုံးက သွေးဝိညာဉ်ဂိုဏ်းသားတွေပဲ ကျွန်တော် လီရှောင်နိုင်ငံမှာ ကိုယ်တိုင် မြင်ခဲ့ရတာ"

​"အဲဒီတစ်ခေါက်တုန်းကလား... ဘာလို့ ငါ့ကို ကြိုမပြောခဲ့တာလဲ"

ရှန်ကျီက ဖန့်ချန်ကို သံသယ မျက်လုံးတွေနဲ့ ကြည့်လိုက်ပါတယ်။

​"စီနီယာအစ်ကို ချင် တောင်မှ သွေးဝိညာဉ်ဂိုဏ်းသား ဖြစ်နေမှတော့... စတုတ္ထမင်းသမီးကိုကော ကျုပ်က ဘယ်လိုလုပ်ပြီး ယုံကြည်ရမှာလဲ"

​ဖန့်ချန်က သက်ပြင်းသဲ့သဲ့ ချလိုက်တယ်

"ကျုပ် ကိုင်ဟုန်ကို ကြိုပြီး သတိပေးထားသင့်တာ ဒါဆို သူ အခုလို သေမှာ မဟုတ်ဘူး"

​ရှန်ကျီ ခဏလောက် တိတ်သွားပြီးမှ ခေါင်းညိတ်လိုက်တယ်

"ငါ စဉ်းစားကြည့်ပြီးပြီ၊ ငါသာ မင်းနေရာမှာဆိုရင်လည်း ဒီကိစ္စကို အလွယ်တကူ ပြောမှာ မဟုတ်ဘူး"

​နာရီဝက် ကြာပြီးနောက်မှာတော့ ထိုက်ယင်နဂါးမင်းကြီးဟာ ကျူးလုနိုင်ငံ မြို့တော်ရဲ့ ကောင်းကင်ယံကို ရောက်လာပါတယ်။

​အပေါ်ကနေ လှမ်းကြည့်လိုက်ရင် ကျူးလုမြို့တော်ဟာ မင်္ဂလာရှိတဲ့ တိမ်တိုက်တွေပေါ်မှာ နင်းထားတဲ့ နတ်နဂါးတစ်စင်း၊ နတ်ဘုရားတံခါးကို ခုန်ကူးတော့မယ့် ပုံစံမျိုး ရှိပါတယ်။

​အစိမ်းရောင် ဝတ်စုံဝတ်ထားတဲ့ အဖိုးကြီးတစ်ယောက်ဟာ ဟင်းလင်းပြင်မှာ လက်ပစ်ရပ်နေပြီး၊ နတ်စစ်သည်တွေ နေရာအနှံ့မှာ လူဖမ်းနေတာ အိမ်တွေကို ချိပ်ပိတ်နေတာတွေကို အေးစက်စက် အကြည့်နဲ့ ကြည့်နေပါတယ်။

​အခန်း (၉၃၄) ငါ အိပ်မက်မက်နေတာလား

​အစိမ်းရောင်ဝတ်စုံဝတ် အဖိုးကြီးရဲ့ အောက်မှာတော့ ကျင့်ကြံသူ ထောင်ပေါင်းများစွာဟာ စီစီရီရီ ဒူးထောက်နေကြရပါတယ်။

သူတို့ထဲမှာ အနိမ့်ဆုံးအဆင့်က အခြေခံတည်ဆောက်ခြင်းအဆင့် ကနေ စတာဖြစ်ပြီး၊ ဝိညာဥ်ခွဲဖြာခြင်းအဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်တောင် ပါဝင်နေပါတယ်။

​ဒီ ဝိညာဥ်ခွဲဖြာခြင်းအဆင့် ကျင့်ကြံသူတွေကလွဲရင် ကျန်တဲ့သူတွေရဲ့ မျက်နှာမှာတော့ တွေဝေမှုထိတ်လန့်မှုနဲ့ မလုံခြုံမှုတွေ အနည်းနဲ့အများ ရှိနေကြပါတယ်။

​တစ်ချိန်တည်းမှာပဲ တခြားကျင့်ကြံသူ အများအပြားကိုလည်း ဆက်တိုက် ဖမ်းဆီးခေါ်ဆောင်လာနေကြတုန်းပါပဲ။

​အစိမ်းရောင်ဝတ်စုံဝတ် အဖိုးကြီးက ရုတ်တရက် ခပ်ဖွဖွ ရယ်လိုက်ပြီး၊ အဲဒီ ဝိညာဥ်ခွဲဖြာခြင်းအဆင့် ကျင့်ကြံသူတွေဆီကို တစ်ယောက်ချင်းစီ လိုက်ကြည့်လိုက်ပါတယ်

​"မင်းတို့က ဝိညာဥ်ခွဲဖြာခြင်းအဆင့်တွေဆိုတော့ မင်းတို့ရဲ့ ဝိညာဉ်ခွဲတွေက ကျူးလုနယ်နိမိတ်ထဲမှာ မရှိကြဘူး ဒါကြောင့် သိပ်မကြောက်ကြဘူးပေါ့... ဟုတ်လား"

​ဝိညာဥ်ခွဲဖြာခြင်းအဆင့် ကျင့်ကြံသူတွေ တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြပြီး တစ်ယောက်က အမြန် ပြန်လျှောက်တင်လိုက်တယ်

"စီနီယာ... ကျွန်တော်မျိုးတို့ မရဲဝံ့ပါဘူး "

​အဖိုးကြီးက ပြုံးပြီး ပြောတယ်

"တကယ်တော့ ကိစ္စမရှိပါဘူး ဒီနေ့ ငါ ဒီမှာ မင်းတို့ကို ရှာတွေ့နိုင်သလို နောက်တစ်နေ့ကျရင်လည်း မင်းတို့ရဲ့ ဝိညာဉ်ခွဲတွေကို တစ်ခုချင်းစီ လိုက်ရှာပြီး သတ်ပစ်နိုင်တာပဲ"

"တကယ်လို့ တစ်ခု နှစ်ခုလောက် ထွက်ပြေးလွတ်မြောက်သွားရင်တောင် ဘာဖြစ်မှာလဲ မင်းတို့ရဲ့ ရှေ့ဆက်မယ့် ကျင့်ကြံခြင်းလမ်းစဉ်ကတော့ ပြတ်တောက်သွားပြီလေ တစ်သက်လုံး ဒီအဆင့်မှာပဲ ရပ်တန့်နေရတော့မှာ ဒါ... မင်းတို့ မြင်ချင်တဲ့ အဖြေလား"

​ဝိညာဥ်ခွဲဖြာခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ မျက်နှာတွေဟာ နားထောင်ရင်းနဲ့ ပိုပိုပြီး ဖြူဖျော့လာကြပါတယ်။

ခုနကလို တည်ငြိမ်မှုတွေ မရှိတော့ပါဘူး။

​တကယ်လို့ ဝိညာဉ်ခွဲ သာ အသတ်ခံလိုက်ရရင် တာအိုပေါင်းစပ်ခြင်းအဆင့် ကို တက်လှမ်းမယ့် လမ်းကြောင်း ပျက်စီးသွားရုံတင်မကဘဲ လက်ရှိအဆင့်မှာ ဆက်ရှိနေဖို့ဆိုတာတောင် ပါရမီအရမ်းကောင်းမှ ရတာပါ။

ပါရမီ နည်းနည်းလေး လျော့တာနဲ့ ကျင့်ကြံမှုအဆင့် နိမ့်ကျသွားတာက အဆန်းမဟုတ်ပါဘူး။

​ဒါကြောင့်လည်း ဝိညာဥ်ခွဲဖြာခြင်းအဆင့် ကျင့်ကြံသူတွေဟာ ကိုယ်တိုင်သေမှာကို သိပ်မကြောက်ကြပေမဲ့၊ တစ်ဖက်လူနဲ့ တိုက်ခိုက်ရမှာကိုတော့ အရမ်းကို ဝန်လေးတတ်ကြတာပါ။

​"စီနီယာဟုန်... ကျွန်တော်မျိုးတို့ တကယ်ပဲ အရှင်မင်းကြီးကို ဘယ်သူသတ်လိုက်လဲဆိုတာ မသိပါဘူး အရှင်မင်းကြီးနဲ့အတူ ပါသွားတဲ့ အမတ်တွေလည်း အကုန်သေကုန်ပြီ တစ်ယောက်မှ အသက်မရှင်ဘူး"

​"ဟုတ်ပါတယ် ကျွန်တော်တို့က ဒီကိစ္စနဲ့ ဘာမှမပတ်သက်ပါဘူး ကျွန်တော်တို့က ဝိညာဥ်ခွဲဖြာခြင်းအဆင့်တွေပဲ ရှိသေးတာ ကျူးလုရဲ့ အမှုထမ်းတွေပဲလေ အရှင်မင်းကြီးကို ဘယ်လိုလုပ်ပြီး သတ်ရဲမှာလဲ..."

​"ပါးစပ်နဲ့ ပြောရုံနဲ့တော့ မရဘူး သားကြီးကို သတ်တဲ့ လူသတ်သမားကို အပ်နိုင်မှ ဒါမှမဟုတ် အဖိုးကြီးအတွက် သဲလွန်စလေးပဲဖြစ်ဖြစ် ပေးနိုင်မှသာ မင်းတို့ ဒီနေ့ အသက်ရှင်နိုင်မယ်"

​အဖိုးကြီးက ပြုံးရင်း ဆက်ပြောတယ်

"အဖိုးကြီးက နောက်ပြောင်နေတာ မဟုတ်ဘူးနော် ၁၀ ရက်အတွင်း လူသတ်သမားကို မတွေ့ရင် ဒါမှမဟုတ် သဲလွန်စ မရှိရင်... မင်းတို့ ကျူးလုနိုင်ငံသားတွေ အကုန်လုံး မင်းသားကြီးအတွက် အသုဘအဖော်အဖြစ် သေပေးရမယ်"

​လူတိုင်း ထိတ်လန့်တကြားနဲ့ ဒေါသထွက်သွားကြပါတယ်။

​တကယ်ပဲ ကျူးလုတစ်နိုင်ငံလုံးကို သတ်ပစ်မှာလား

ဒါဆို လူ ဘယ်လောက်တောင် သေကုန်မလဲ

သူတို့ထဲက ၉၀ ရာခိုင်နှုန်းကျော်က မျိုးဆက်ပေါင်းများစွာ ဒီမှာ အခြေချနေထိုင်လာကြသူတွေပါ။

အခု ကျူးလုသာ ပျက်စီးသွားရင် သူတို့ရဲ့ မိသားစုတွေ၊ မျိုးနွယ်စုတွေလည်း အကုန် အဆုံးသတ်သွားမှာပေါ့

​"ဟုန်သခင်ကြီး...မြို့တော်ထဲက နာမည်ကြီး ကျင့်ကြံသူတွေကို အကုန်ဖမ်းပြီးပါပြီ ကျန်တဲ့သူတွေကိုတော့ အကျဉ်းထောင်ထဲ ထည့်ထားပါတယ် အခု ဘာဆက်လုပ်ရမလဲ"

စစ်သည် တစ်ယောက်က ကောင်းကင်ယံကနေ ဆင်းသက်လာပြီး အဖိုးကြီးကို လက်အုပ်ချီ လျှောက်တင်ပါတယ်။

​အဖိုးကြီးက အေးစက်စက်နဲ့

"ဘယ်လိုလုပ်ရမလဲဆိုတာကို ငါက သင်ပေးနေရဦးမှာလား အပြင်က လူတွေကို အနားမပေးနဲ့ ကျူးလုက ကျင့်ကြံသူအားလုံးကို ခေါ်လာပြီး မေးရမယ်ဘယ်သူက ဒီလောက် သတ္တိကောင်းပြီး ကောင်းကင်ဘုရင်ကျန့်စံအိမ် ရဲ့ သားကြီးကို ထိရဲတာလဲဆိုတာကို"

​"ဟုတ်ကဲ့ပါ"

စစ်သည်က လှည့်ထွက်သွားပါတယ်။

​အောက်က ကျင့်ကြံသူတွေရဲ့ စိတ်ထဲမှာတော့ အရမ်းကို တုန်လှုပ်နေကြပါပြီ။

ကောင်းကင်ဘုရင်ကျန့်စံအိမ်ရဲ့ သဘောထားက ရှင်းနေပါတယ်။

လူသတ်သမားကို ရှာမတွေ့ရင် သူတို့အားလုံးဟာ ကျူးလုဧကရာဇ်နဲ့အတူ ငရဲပြည် ကို လိုက်သွားရမယ့် အသုဘအဖော်တွေ ဖြစ်လာမှာပါ။

​"ကိစ္စက ဖြစ်ပြီးသွားပြီ ငါတို့ ဝင်ပါလည်း ဘာမှထူးမှာမဟုတ်ဘူး လီရှောင်ကိုပဲ သွားရအောင်"

ရှန်ကျီက ဖန့်ချန်ကို တစ်ချက်ကြည့်ပြီး ပြောပါတယ်။

​"တကယ်လို့ ကိုင်ဟုန်သာ အသက်ရှင်နေဦးမယ်ဆိုရင် ကျူးလုနိုင်ငံသားတွေ သူ့အတွက်ကြောင့်နဲ့ အသတ်ခံရမှာကို မြင်ချင်မှာ မဟုတ်ဘူး"

ဖန့်ချန်က ဆိုပါတယ်။

​ရှန်ကျီက ခေါင်းညိတ်တယ်

"ဒါက ဟုတ်ပါတယ် ဒါပေမဲ့ ငါတို့မှာ ဘာနည်းလမ်းရှိလို့လဲ မသေမျိုးဘုရင်ရဲ့ ဒေါသကို ဘယ်လိုရေနဲ့ ငြှိမ်းသတ်နိုင်မှာလဲ"

"မင်းက သူတို့ကို ချင်ဟော့ချန်း က ကိုင်ဟုန်ကို သတ်တာပါလို့ တိုက်ရိုက်သွားပြောမှာလား သူတို့ ယုံ မယုံက တစ်ပိုင်း ရန်သူကို ကြိုပြီး သတိပေးသလို ဖြစ်သွားလိမ့်မယ်"

​ဒီလိုပြောရင်းနဲ့ သူမက အဖိုးကြီးကို လှမ်းကြည့်လိုက်တယ်

"ဟုန်ဆန်းရှန်း က ကောင်းကင်ဘုရင်ကျန့်စံအိမ်မှာ နာမည်ကြီးတဲ့ သတ်ဖြတ်ရေးသမားပဲ သူ သတ်ခဲ့တဲ့ လူတွေရဲ့ ကံကြမ္မာ အကျိုးဆက် တွေက မသေမျိုးဘုရင်တောင် မလိုက်နိုင်ဘူး"

"ကျင့်ကြံခြင်းအစကနေ အခု လွတ်လပ်သောမသေမျိုး အဆင့်အထိ သတ်လာခဲ့တာ တကယ်လို့ သူ သတ်ခဲ့တဲ့လူတွေသာ ဒီလောက်မများရင် သူက အခုလောက်ဆို ကပ်ဘေးဒဏ်ကို အောင်မြင်ပြီး မသေမျိုးဘုရင် ဖြစ်နေလောက်ပြီ"

"ကောင်းကင်ဘုရင်ကျန့်က သူ့ကို လွှတ်လိုက်တာက လူသတ်သမားကို ရှာဖို့သက်သက်တင် မဟုတ်ဘူး သူ့ရဲ့ ဒေါသကို ပေါက်ကွဲဖို့လည်း ပါဝင်တယ် ကျူးလုက လူတွေတင်မကဘူး တခြားနေရာက လူတွေလည်း အများကြီး သေရလိမ့်ဦးမယ်"

​သူမက သက်ပြင်းတစ်ချက်ချလိုက်တယ်

"ငါ သွားပြီး စကားပြောကြည့်မယ် ငါ့မျက်နှာကို ထောက်ထားပြီး လျှော့ပေးမလားလို့"

​"ကျွန်တော်လည်း မင်းသမီးနဲ့အတူ လိုက်ခဲ့မယ်"

ဖန့်ချန်က ဆိုပါတယ်။

​နှစ်ယောက်လုံး ရုတ်တရက် ပေါ်လာတာကြောင့် ဟုန်ဆန်းရှန်းတောင်မှ သူတို့ ဘယ်အချိန်က ရောက်နေတာလဲဆိုတာ မသိလိုက်ပါဘူး။

ရှန်ကျီရဲ့ မျက်နှာကို မြင်လိုက်ရတဲ့အခါ သူ့ရဲ့ မျက်နှာပေးက ချက်ချင်း ပြောင်းလဲသွားပါတယ်။

​"စတုတ္ထမင်းသမီးက ဘာလို့ ဒီကို ရောက်နေတာလဲ"

ဟုန်ဆန်းရှန်းက မျက်မှောင်ကြုတ်ပြီး မေးပါတယ်။

ကိုင်ဟုန် သေဆုံးပြီးခါစမှာ ရှန်ကျီ ပေါ်လာတာကို သူက ဒီကိစ္စနဲ့ မဆက်စပ်ဘဲ မနေနိုင်ပါဘူး။

​"စီနီယာဟုန်... ကျွန်မက ဒီနေရာကို ဖြတ်သွားရင်းနဲ့ စီနီယာ ပြောတာတွေကို ကြားလိုက်ရတာပါ ကိုင်ဟုန်... သူ သေသွားပြီလား"

ရှန်ကျီက လက်အုပ်ချီ နှုတ်ဆက်ပါတယ်။

​"သားကြီး သေသွားတာ မှန်ပါတယ် အသက်ဝိညာဉ်မီးအိမ် လည်း ငြိမ်းသွားပြီ"

ဟုန်ဆန်းရှန်းက ရှန်ကျီကို စိုက်ကြည့်ရင်း

"စတုတ္ထမင်းသမီးက တစ်ခုခုများ သိထားတာ ရှိလို့လား"

​"ကိုင်ဟုန်ရဲ့ သေဆုံးမှုက ကိစ္စတော်တော်ကြီးပါတယ် စီနီယာဟုန်အနေနဲ့ ကျူးလုက အပြစ်မဲ့တဲ့လူတွေကို မသတ်စေချင်ဘူး"

ရှန်ကျီက ပြောပါတယ်။

​ဟုန်ဆန်းရှန်းရဲ့ မျက်နှာက အေးစက်သွားပြီး လက်ကို ဝေ့ယမ်းလိုက်တယ်

"စတုတ္ထမင်းသမီးက ဖြတ်သွားတာဆိုရင်လည်း ထွက်သွားလိုက်ပါ ဒီကိစ္စမှာ ကောင်းကင်ဘုရင်ကျန့်စံအိမ်ရဲ့ သဘောထားက ရှင်းပါတယ် ဘယ်သူမှ ဝင်စွက်ဖက်လို့ မရဘူး"

​"တကယ်လို့ ကိုင်ဟုန် ကိုယ်တိုင်ဆိုရင်ကော"

ဖန့်ချန်က မေးလိုက်ပါတယ်။

​ဟုန်ဆန်းရှန်းက ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ပြီး စဉ်းစားဟန်နဲ့

"မင်းက ဟင်လင်းပြင်ထာဝရာဓားဂိုဏ်း က ဖန့်ချန်လား"

​"ဟုတ်ပါတယ်"

​"မင်း ခုနက ပြောလိုက်တဲ့ စကားရဲ့ အဓိပ္ပာယ်က ဘာလဲ"

ဟုန်ဆန်းရှန်းက မျက်မှောင်ကြုတ်ပါတယ်။

အခုရှေ့က လူငယ်က မကြာသေးခင်ကမှ နာမည်ကြီးလာသူဖြစ်ပြီး၊ ဓားဂိုဏ်းတင်မကဘဲ တောရိုင်းကျောင်းတော် ရဲ့ တပည့်လည်း ဖြစ်နေတာကြောင့် သူ နည်းနည်းတော့ စိတ်ရှည်ပေးလိုက်ပါတယ်။

တကယ်လို့ တစ်ဖက်လူက အလကား လျှောက်ပြောနေတာဆိုရင်တော့ သူ နှင်ထုတ်ပစ်မှာပါပဲ။

​"ကျွန်တော် ဘာပြောနိုင်မှာလဲ ကျွန်တော့်ရဲ့ အလောင်းကို စကားပြောခိုင်းမလို့လား "

ကိုင်ဟုန်က ဘေးမှာ အားကိုးရာမဲ့တဲ့ မျက်နှာနဲ့ ရပ်နေပါတယ်။

သူ့ဘေးက ဝိညာဉ် တွေလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး စိတ်လေးနေကြပါတယ်။

​သူတို့ လုံးဝ မထင်ထားတာက ကိုင်ဟုန် သေသွားတာနဲ့ ပထမဆုံး ဒုက္ခရောက်တာက ကျူးလုနိုင်ငံ ဖြစ်နေတာပါ။

သူတို့ရဲ့ မျိုးနွယ်တွေလည်း ကျူးလုမှာပဲ ရှိတာလေ။

တကယ်လို့ ကျူးလုသာ ပျက်စီးရင် သူတို့ရဲ့ ဆွေမျိုးတွေလည်း အကုန်ပါကုန်မှာပေါ့။

​"ချင်ဟော့ချန်း... မင်း တကယ် ယုတ်မာတာပဲ မင်းကို လူကြီးလူကောင်းလို့ ထင်ခဲ့တာ မင်းက လူယုတ်မာပဲ"

ကိုင်ဟုန်က စဉ်းစားလေ ဒေါသထွက်လေဖြစ်ပြီး ဖန့်ချန်ရဲ့ ရှေ့ကို ပျံလာကာ အော်ပြောပါတယ်

"မင်းရဲ့ စီနီယာအစ်ကို ချင်ဟော့ချန်းက သွေးဝိညာဉ်ဂိုဏ်းသားပဲ သိလား"

​"သိတယ်"

ဖန့်ချန်က ခေါင်းညိတ်ပြပါတယ်။

​ကိုင်ဟုန် ကြောင်သွားပါတယ်။

သူ့ရဲ့ မျက်နှာပေးက အရမ်းကို ထူးဆန်းသွားသလို၊ ဘေးက အမတ်ဝိညာဉ်တွေလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြပါတယ်။

​"မင်း ဘာတွေပြောနေတာလဲ ဘာကို သိတာလဲ"

ဟုန်ဆန်းရှန်းက မျက်မှောင်ကြုတ်ပြီး မေးပါတယ်။

​ဖန့်ချန်က ကိုင်ဟုန်ကို ကြည့်လိုက်တယ်

"မင်းအဖေရဲ့ ဒေါသကို မင်းပဲ ငြှိမ်းသတ်နိုင်မှာ အဆင်သင့် ဖြစ်ပြီလား"

​"ဘာကို အဆင်သင့်ဖြစ်ရမှာလဲ မဟုတ်သေးပါဘူး... မင်းက ငါ့ကို ဘယ်လိုမြင်နေတာလဲ "

ကိုင်ဟုန် အံ့ဩတုန်လှုပ်သွားပါတယ်။

​နောက်တစ်ခဏမှာတော့ ပတ်ဝန်းကျင်မှာ ယင်စွမ်းအား တွေ ဝေ့ဝဲလာတာကို သူ ခံစားလိုက်ရပါတယ်။

ဖန့်ချန်က လက်ကို ခပ်ဖွဖွ ဝေ့ယမ်းလိုက်ရာ၊ စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ထဲကို စီးဝင်သွားပါတယ်။

​ဒီခံစားချက်က အရမ်းထူးခြားပါတယ်။

သူက သူ့ရဲ့ ခန္ဓာကိုယ်ကို ပြန်ရလိုက်သလိုမျိုးပါပဲ။

​ဟုန်ဆန်းရှန်းနဲ့ ရှန်ကျီရဲ့ မျက်လုံးထဲမှာ ကိုင်ဟုန်ရဲ့ ပုံရိပ်က တဖြည်းဖြည်း ထင်ရှားလာပါတယ်။

​အောက်မှာ ဒူးထောက်နေတဲ့ ကျင့်ကြံသူတွေကတော့ ဒါကို မမြင်ရပါဘူး။

ဘာလို့လဲဆိုတော့ ဖန့်ချန်က ပတ်ဝန်းကျင်မှာ တားမြစ်ချက် တွေ ချထားလို့ပါ။

ကျူးလုမြို့တော်ထဲမှာ ချင်ဟော့ချန်းရဲ့လူတွေ ရှိနေနိုင်တာကြောင့်၊ ဖန့်ချန်က ဒီကိစ္စကို ရန်သူတွေ ကြိုမသိစေချင်ပါဘူး။

​"မင်းသားကြီး "

ဟုန်ဆန်းရှန်း အံ့ဩသွားပါတယ်။

​ရှန်ကျီလည်း တုန်လှုပ်သွားရပါတယ်။

ဒါဆို ကိုင်ဟုန် မသေသေးဘူးလား

သူမက ကိုင်ဟုန်ကို သေချာကြည့်လိုက်ပေမဲ့၊ သူက သာမန်လူတွေနဲ့ မတူတာကို ခံစားမိပါတယ်။

ဒါပေမဲ့ ဘယ်နေရာမှာ မတူတာလဲဆိုတာကိုတော့ သူမ မသိပါဘူး။

​"ဖန့်ချန်... ဒါက ဘာအတတ်လဲ ငါ သေချာပေါက် သေသွားတာလေ ဘာလို့ မင်းက မြင်နိုင်သလို သူတို့ကိုလည်း မြင်အောင် လုပ်ပေးနိုင်ရတာလဲ ငါ... ငါ အိပ်မက်မက်နေတာလား"

ကိုင်ဟုန်က လေးနက်တဲ့ မျက်နှာပေးနဲ့ မေးလိုက်ပါတော့တယ်။

All Chapters