ကျေးဇူးတင်ခြင်း
Vol. 5 Ch. 42
အိုင်ဗီနှင့် ဆိုင်းလပ်စ်တို့သည် ဖရီယာရှိရာသို့ လှည့်ကြည့်လိုက်ကြသည် ။
ဖရီယာ၏ မျက်နှာပေါ်ရှိ စိတ်မရှည်သော အမူအရာကို ကြည့်ရုံဖြင့် သူမ ဘယ်လောက် အလောတကြီး ဖြစ်နေသည်ကို သူတို့ နားလည်နိုင်သည် ။
" အမေ ၊ အနည်းဆုံးတော့ ကျွန်တော်တို့ကို " ဆိုင်းလပ်စ်က စကားစလိုက်သော်လည်း ဖရီယာက ကြားဖြတ်ပြောသည် ။ "ငါသိတယ် ၊ မင်းတို့ နှစ်ယောက်လုံး ဘာမှမစားရသေးဘူးမလား ။ စိတ်မပူနဲ့ ၊ ငါ အစားအသောက်တွေ ပြင်ခိုင်းထားတယ် ၊ ငါ့နောက်ကိုသာ လိုက်ခဲ့ ။ စားရင်းနဲ့ ငါ့မေးခွန်းတွေကို ဖြေလို့ရတယ် ။ ဒါမှမဟုတ် မင်းတို့က ငါ့ရှေ့မှာ စားနေ ၊ ငါက အခြေအနေတွေကို ရှင်းပြမယ် "
ဆိုင်းလပ်စ်တစ်ယောက် စိတ်ထဲမှ ရေရွတ်လိုက်သည် ။ ဟူး ဒါဟာ ငါ့အမေပဲ ။ သူမက သားဖြစ်သူထက် သူမရဲ့ ရှာဖွေတွေ့ရှိမှုတွေကို ပိုပြီး စိတ်ပူနေတာ ။
" ကောင်းပါပြီ " ဆိုင်းလပ်စ် ဝင်မပြောနိုင်ခင်မှာပင် အိုင်ဗီက သဘောတူလိုက်သည် ။ ဖရီယာက ဆိုင်းလပ်စ်ဘက်ကို တစ်ချက်ကြည့်ပြီးနောက် ပုံမှန်လေသံဖြင့် ပြောလိုက်သည် ။
" မင်းတို့ နှစ်ယောက်လုံးက ငါ့အလုပ်ကိစ္စကြောင့် ဒီကို ရောက်လာကြတာပဲ ။ အလကား လာနေတာလို့ တွေးမနေနဲ့ ။ မင်းတို့က ကိုယ့်ရိက္ခာကိုယ် ထုတ်စားမယ်ဆိုရင် အဲဒါက ငါ့ကို စော်ကားတာနဲ့ အတူတူပဲ "
ထိုသို့ပြောပြီးနောက် သူမ ထွက်ခွာသွားသည် ။
အိုင်ဗီ မျက်လုံးအဝိုင်းသား ဖြစ်သွားသည် ။ ဤသူမှာ အိုင်ဗီကို တွေ့တိုင်း စူးစူးဝါးဝါး စိုက်ကြည့်တတ်သည့် ဖရီယာ ဟုတ်ပါရဲ့လား ။
" သွားရအောင် " ဆိုင်းလပ်စ်၏ အသံကြောင့် အိုင်ဗီ အသိဝင်လာပြီး ရှုပ်ထွေးသော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည် ။
မကြာမီတွင် သူတို့နှစ်ယောက်လုံး ဓာတ်ခွဲခန်းထဲသို့ ရောက်ရှိလာကြသည် ။ ဓာတ်ခွဲခန်းမှာ အလွန်ကြီးမားပြီး အမျိုးမျိုးသော စက်ကိရိယာများ ရှိကာ သုတေသီ အများအပြားမှာလည်း အလုပ်ကိုယ်စီဖြင့် ရှုပ်နေကြသည် ။
ဖရီယာက သူတို့ကို လူငယ်တစ်ယောက်ကို စစ်ဆေးနေသည့် သုတေသီအဖွဲ့တစ်စုဆီသို့ ခေါ်ဆောင်သွားသည် ။
အိုင်ဗီသည် ဝင်ပေါက်တွင် ရပ်နေရင်း အတိတ်မှ မှတ်ဉာဏ်များစွာ ခေါင်းထဲသို့ စီးဝင်လာသည် ။ သူမ၏ ခြေလက်များ အေးစက်လာပြီး နှလုံးသားမှာ လေးလံလာသည် ။
နာကျင်မှု ။ သူမ ယခင်က ခံစားခဲ့ရသော နာကျင်မှုများက သူမကို စတင် ခြောက်လှန့်လာသည် ။
' အိုင်ဗီ ၊ ကိုယ့်ကိုယ်ကိုယ် ထိန်းစမ်း ။ နင်က အတိတ်ဘဝမှာ ရှိနေတာ မဟုတ်ဘူး ။ ကျေးဇူးပြုပြီး နင်က တခြားသူတွေနဲ့ မတူဘူးဆိုတာကို ဘယ်သူ့ကိုမှ မသိစေနဲ့ ' ဟု သူမ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည် ။
အိုင်ဗီ မလှုပ်မယှက် ရပ်နေသည်ကို မြင်သောအခါ ဆိုင်းလပ်စ်က ရပ်တန့်သွားပြီး တိုးတိုးလေး မေးလိုက်သည် ။
" အိုင်ဗီ ၊ ဘာဖြစ်လို့လဲ "
အိုင်ဗီသည် စက်ရုပ်တစ်ရုပ်ကဲ့သို့ ဆိုင်းလပ်စ်ဘက်သို့ ခေါင်းလှည့်ကြည့်ကာ ခေါင်းခါပြလိုက်သည် ။
" ဘာ... ဘာမှမဟုတ်ပါဘူး ။ ကျွန်မ... ကျွန်မ နည်းနည်း... အေး နေလို့ပါ "
" အေးတယ် ဟုတ်လား " ဆိုင်းလပ်စ် စိုးရိမ်သွားပြီး အိုင်ဗီ၏ နဖူးကို စမ်းကြည့်လိုက်သည် ။
သူ၏ နွေးထွေးသော လက်က အိုင်ဗီ၏ ပူကျစ်နေသော နဖူးနှင့် ထိတွေ့သွားသောအခါ သူမ အနည်းငယ် တုန်သွားသည် ။ အိုင်ဗီက ငြိမ်သက်စွာ ရပ်နေရင်း သူမ၏ တုံ့ပြန်မှုကို အလျင်အမြန် ဖုံးကွယ်လိုက်သော်လည်း ဆိုင်းလပ်စ်က သတိထားမိသွားပြီး ဖြစ်သည် ။
" မင်း တကယ် အေးနေတာပဲ " သူက ဆုံးဖြတ်ချက်ချသလို ပြောလိုက်ပြီး အိုင်ဗီ၏ လက်ကို အလျင်အမြန် ဆုပ်ကိုင်လိုက်သည် ။ သူတို့လက်များကိုဆုပ်ကိုင်ထားရင်း သူက သူမကို စိုက်ကြည့်ကာ ပြောသည် ။
" အိုင်ဗီ ၊ တကယ်လို့ မင်း ကြောက်နေတယ်ဆိုရင် ငါ့ကို အားကိုးလိုက်ပါ ။ ငါ ဒီမှာ ရှိနေတယ်နော် "
ဆိုင်းလပ်စ်၏ လက်မှ ဖြစ် ပေါ်လာသော နွေးထွေးမှုကြောင့် အိုင်ဗီ၏ ထိတ်လန့်မှုများ ပျောက်ကွယ်သွားသည် ။ ဆိုင်းလပ်စ်မှာ အိုင်ဗီ၏ ဒဏ်ရာတိုင်းအတွက် ကုသပေးနိုင်သည့် ဆေးစွမ်းကောင်းတစ်ခွက် ကဲ့သို့ပင်ဖြစ်သည် ။
အိုင်ဗီသည် သူမ၏ လက်ကို ရုန်းမထွက်ခဲ့ပေ ။ သူမသည် လူသားတစ်ယောက် ဖြစ်ပြီး သူမ၏ ပင်ကိုယ်အသိစိတ်များကို ပိတ်ပစ်နိုင်သည့် စက်ရုပ်တစ်ရုပ် မဟုတ်ပါဘူး။
တစ်နေ့ကျလျှင် သူမ ဒီအခြေအနေကို ကျော်ဖြတ်နိုင်ကောင်း ကျော်ဖြတ်နိုင်လိမ့်မည် ။ သို့သော် ထိုအဆင့်ကို မရောက်ခင်မှာတော့ သူမ အကူအညီ လိုအပ်နေသည် ။
' ဒီတစ်ကြိမ်ပဲ ၊ နောက်ဆိုရင် သူ့နားကို ငါ ဘယ်တော့မှ ထပ်မကပ်တော့ဘူး '
ဖရီယာသည် ထိုအခြေအနေကို ဘေးမှနေ၍ မျက်မှောင်ကြုတ်ကာ ကြည့်နေသည် ။
ဓာတ်ခွဲခန်းထဲသို့ ရောက်သောအခါ အိုင်ဗီ၏ ကိုယ်ခန္ဓာမှာ ပိုမို အေးစက်လာသည်ကို ဆိုင်းလပ်စ် ခံစားလိုက်ရသည် ။
" အိုင်ဗီ ၊ မင်း... " သူက စကားစလိုက်သော်လည်း အိုင်ဗီက ခေါင်းခါပြသည် ။
သူမသည် ဖရီယာကို ကူညီရန် ဤနေရာသို့ ရောက်နေခြင်း ဖြစ်သည် ။ အကယ်၍ သူတို့ ယခု ထွက်သွားလျှင် ဒီခရီးစဉ်တစ်ခုလုံးမှာ အလဟဿ ဖြစ်သွားလိမ့်မည် ။
အဖွဲ့နားသို့ ရောက်သောအခါ ဖရီယာက လှမ်းခေါ်လိုက်သည် ။
" မာတင် ၊ ကျွန်မ ပြန်လာပြီ "
မာတင်ဘိတ်ကာတွင် ငွေဖြူရောင် ဆံပင်များ ရှိပြီး သူ၏ မှိန်ဖျော့နေသော အပြာရောင် မျက်လုံးများမှာ သူ ဖြတ်သန်းခဲ့သော အသက် ၅၀ သက်တမ်းအတွင်း စုဆောင်းထားသည့် အသိပညာ ဗဟုသုတများကို ပြသနေသည် ။
သူက ဖရီယာကို ခေါင်းညိတ်ပြပြီးနောက် အိုင်ဗီကို ကြည့်လိုက်သည် ။ အိုင်ဗီက သူ၏ အကြည့်အောက်တွင် စိတ်မသက်မသာ ဖြစ်နေသည်ကို သတိထားမိသောအခါ ထိုလူကြီးက သူ၏ တည်ကြည်သော အမူအရာကို လျှော့ချရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ ။
သူက အသက်ပြင်းပြင်း ရှူလိုက်ပြီး ဩဇာပါသော အသံဖြင့် ပြောလိုက်သည် ။
" မစ္စအိုင်ဗီ ၊ ဒီလူငယ်လေးကို ကြည့်ပြီး တစ်ခုခု သိတာရှိရင် ပြောပြပေးနိုင်မလား ။ သူ့နာမည်က အိုလီဗာပါ "
မာတင် ညွှန်ပြသောဘက်သို့ အိုင်ဗီ လိုက်ကြည့်လိုက်သည် ။ အိုလီဗာသည် ကုတင်တွင် တင်းကျပ်စွာ ချည်နှောင်ခံထားရသည်ကို မြင်သောအခါ သူမ၏ မျက်လုံးများ ဝိုင်းသွားသည် ။
သူမ၏ ကြောက်ရွံ့မှုက ဆင်ခြင်တုံတရားကို ကျော်လွန်သွားပြီး ချည်နှောင်ထားသော ကြိုးများကို ဖြုတ်ပေးရန် ချက်ချင်း လှုပ်ရှားလိုက်သည် ။
" ရှင်တို့ ဘာလုပ်နေကြတာလဲ ။ လူသားတွေကို သုတေသန လုပ်လို့ မရဘူးလေ ။ ဒါဟာ တားမြစ်ထားတဲ့ ကိစ္စပဲ ။ သူ့ကို အခုချက်ချင်း လွှတ်ပေးလိုက်ပါ "
အိုင်ဗီ၏ ဒေါသတကြီး အော်ဟစ်သံကြောင့် သုတေသီအားလုံး အံ့အားသင့်သွားကြသည် ။ အိုင်ဗီမှာ ထိုအချိန်တွင် ဘယ်သူ့ အမြင်ကိုမျှ ဂရုမစိုက်နိုင်တော့ပေ ။ ပလက်တီနမ် ဆံပင်ရွှေရောင်နှင့် နက်မှောင်သော မျက်လုံးများ ရှိသည့် အိုလီဗာ အမည်ရှိ လူငယ်လေးမှာ ဘယ်လောက်အထိ ကြောက်ရွံ့နေမည်ကိုသာ သူမ စဉ်းစားနေမိသည် ။
" ဟားဟားဟား " အိုလီဗာ၏ ရယ်သံက တင်းမာနေသော အခြေအနေကို ဖြတ်တောက်လိုက်ပြီး အိုင်ဗီကို ကြောင်အသွားစေသည် ။ သူ ခံစားခဲ့ရသော သုတေသန စမ်းသပ်မှုများကြောင့် စိတ်လွတ်သွားလေသလားဟု သူမ တွေးတောနေမိသည် ။
" အို... ဘုရားရေ ။ မစ္စအိုင်ဗီက ဒီလောက်အထိ စိတ်ဝင်စားဖို့ကောင်းလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားမိဘူး ။ ကျေးဇူးပြုပြီး တော့ စိတ်အေးအေးထားပါ ၊ ကျွန်တော်က ကိုယ့်သဘောနဲ့ကိုယ် လုပ်နေတာပါ ။ တကယ်တော့ ကျွန်တော်ကိုယ်တိုင်က ဒီသုတေသနအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ပါ " အိုလီဗာ၏ ရှင်းပြချက်ကြောင့် အိုင်ဗီ နောက်ဆုတ်သွားသည် ။
ဆိုင်းလပ်စ်သည် အေးအေးလူလူပင် အိုင်ဗီရှိရာသို့ လျှောက်လာပြီး သူတို့၏ လက်များကို ယှက်နွှယ်လိုက်သည် ။ ထိုအပြုအမူကြောင့် အိုင်ဗီ၏ နှလုံးခုန်သံ မြန်သွားရသည် ။ သူက အိုင်ဗီ၏ စောစောက ပြင်းထန်သော တုံ့ပြန်မှုကို မမြင်လိုက်သကဲ့သို့ပင် တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည် ။
" မစ္စတာဘိတ်ကာ ၊ ခင်ဗျား ဘာပြောနေတာလဲ "
မာတင်သည်ဆိုင်းလပ်စ်က အိုင်ဗီကို မေးခွန်းထုတ်ပြီး ပြဿနာမရှာရန် အရိပ်အမြွက် ပြနေခြင်းဖြစ်သည်ကို သိရှိသဖြင့် သူက စကားလမ်းကြောင်းအတိုင်း ဆက်ပြောသည် ။
" အဲဒါနဲ့ ကျွန်တော် အရင်က ပြောသလိုပဲ ၊ ဒီလူငယ်လေးက အိုလီဗာပါ ။ လွန်ခဲ့တဲ့ တစ်ပတ်ကတင် သူ့မှာ အညိုရောင် ဆံပင်နဲ့ အညိုရောင် မျက်လုံးတွေ ရှိခဲ့တာ ၊ ဒါပေမဲ့ အခုတော့ သူ့ရဲ့ ဆံပင်အရောင်နဲ့ မျက်လုံးအရောင်က ပြောင်းလဲသွားပြီ ။ မင်းတို့မှာ တစ်ခုခု သိထားတာ ရှိလား "
ဆိုင်းလပ်စ် မျက်မှောင်ကြုတ်လိုက်သည် ။ " ဒီကိစ္စမှာ အိုင်ဗီက ဘယ်လို ကူညီနိုင်မှာလဲ ။ သူမက သုတေသီ မဟုတ်ဘူးလေ "
ဖရီယာက သူမ၏ နဖူးကို လက်ဖြင့်ကိုင်ကာ ရှင်းပြသည် ။
" ပြီးခဲ့တဲ့ အခေါက်က အိုင်ဗီက မိုးရွာနေတုန်း အိပ်ပျော်နေဖို့ သတိပေးခဲ့တယ် ၊ ငါတို့လည်း အဲဒီအတိုင်း လိုက်နာခဲ့ကြတယ် ။ ငါ တခြားသူတွေကိုလည်း အဲဒီလိုပဲ လုပ်ဖို့ ပြောခဲ့တယ် ။ အဲဒါက တကယ်ပဲ အကျိုးရှိသွားတယ် ။
အဲဒီမိုးက ပုံမှန်မဟုတ်ဘူး ၊ ငါတို့က အဲဒါကို စွမ်းအားမိုးလို့ ခေါ်တယ် ။ အကယ်၍ စိတ်ဓာတ်မခိုင်မာတဲ့သူ ဒါမှမဟုတ် ခန္ဓာကိုယ် အားနည်းတဲ့သူတွေ မိုးစိုသွားရင် ဇမ်ဘီတွေ ဖြစ်သွားကြတယ် ။
ဒါပေမဲ့ စိတ်ဓာတ်ခိုင်မာတဲ့သူတွေ မိုးစိုရင်တော့ ထူးခြားတဲ့ စွမ်းအားတွေ နိုးထလာနိုင်တယ် ။ မိုးရေနဲ့ မထိတွေ့ခဲ့တဲ့ သူတွေလည်း ချွင်းချက် မရှိပါဘူး ။
ဒါပေမဲ့ သူတို့ထဲက ၃၀ ရာခိုင်နှုန်းကပဲ ဇမ်ဘီ ဖြစ်သွားကြတယ် ။ ၃၅ ရာခိုင်နှုန်းက သာမန်လူတွေအဖြစ် ကျန်ရှိနေပြီး နောက်ထပ် ၃၅ ရာခိုင်နှုန်းကတော့ စွမ်းအားရှင်တွေ ဖြစ်လာကြတယ် ။
ပိုပြီး အံ့သြဖို့ကောင်းတာက ငါတို့ နောက်ပိုင်း စုဆောင်းရရှိတဲ့ အချက်အလက်တွေပဲ ။ စွမ်းအားရှင် ၉၅ ရာခိုင်နှုန်းလောက်မှာ သေးငယ်တဲ့ ဘေးထွက်ဆိုးကျိုးကနေ ကြီးမားတဲ့ ဘေးထွက်ဆိုးကျိုးတွေအထိ ရှိနေကြတယ် ။
တချို့က စွမ်းအားသုံးပြီးရင် အရမ်းအိပ်ငိုက်တာ ဒါမှမဟုတ် စိတ်တိုတာမျိုး ခံစားရတယ်။ တချို့က ခေါင်းကိုက်တယ် ၊ တချို့ကတော့ အစာအိမ် အက်ဆစ်ဓာတ်များတာမျိုး ဖြစ်တယ် ။ ဘေးထွက်ဆိုးကျိုးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး ။
ဘေးထွက်ဆိုးကျိုး လုံးဝမရှိတဲ့ ၅ ရာခိုင်နှုန်းသော စွမ်းအားရှင်တွေကတော့ နွေးထွေးတဲ့ ပတ်ဝန်းကျင်မှာ အိပ်စက်ပြီး မိုးရေနဲ့ ဝေးဝေးနေခဲ့တဲ့ သူတွေပဲ "