← Chapters

မြှင့်တင်ထားသော ဉာဏ်ရည်စွမ်းအား

Vol. 5 Ch. 43

မြှင့်တင်ထားသော ဉာဏ်ရည်စွမ်းအား

Vol. 5 Ch. 43

" ဒါကြောင့် မစ္စအိုင်ဗီရဲ့ အကြံဉာဏ်က ကျွန်တော်တို့ကို အများကြီး အထောက်အကူ ဖြစ်စေခဲ့တာပါ ။ သူမကြောင့်သာ မဟုတ်ရင် သုတေသီတွေနဲ့ စစ်သားတွေ အများကြီးဟာ ဒီထက်ပိုပြီး ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်တယ် ။

စစ်တပ်အတွင်းမှာ ပျံ့နှံ့သွားခဲ့တဲ့ သူမရဲ့ သတိပေးချက်က ကျွန်တော်တို့ကို ကယ်တင်ခဲ့တာပါ ။ သူမရဲ့ အကူအညီအတွက် ကျွန်တော်တို့ ကျေးဇူးတင်ပါတယ် "

ထိုသို့ပြောပြီးနောက် သူက အိုင်ဗီကို ဦးညွှတ်လိုက်သည် ။ အခြားသော သုတေသီများကလည်း တိုးတိုးတိတ်တိတ် ပြောဆိုလာကြသည် ။

" ဒါဆို ဒါက အိုင်ဗီပေါ့လေ ။ ဟုတ်ပါရဲ့ ၊ သူက တကယ်ကို လှတာပဲ "

" သူ့စိတ်ထားက ပိုတောင် လှသေးတယ် ။ ဒီလို အရေးကြီးတဲ့ အချက်အလက်ကို ဆုပ်ကိုင်မထားဘဲ ဝေမျှပေးခဲ့တာ ကြည့်ရင် သူ ဘယ်လောက် နူးညံ့သိမ်မွေ့သလဲဆိုတာ သိသာတယ် "

" အားကျလိုက်တာ ။ ငါ့မှာသာ သူ့လို ချွေးမမျိုး ရှိရင် သိပ်ကောင်းမှာပဲ "

နောက်ဆုံးစကားကြောင့် ဆိုင်းလပ်စ်နှင့် ဖရီယာ နှစ်ယောက်လုံးက ထိုစကားပြောလိုက်သည့် အမျိုးသမီးကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ကြသည် ။

ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ ။

ဖရီယာက သူမ၏ မျက်မှန်ကို အသာအယာ ပြင်လိုက်ရင်း ပြောသည် ။

" သူက တခြား ဘယ်သူ့ရဲ့ ချွေးမမှ ဖြစ်လာမှာ မဟုတ်ဘူး "

သူမသည် 'တခြားဘယ်သူ့' ဆိုသည့် စကားလုံးကို အလေးပေး ပြောလိုက်ခြင်း ဖြစ်သည် ။

သူမအနေဖြင့် သားဖြစ်သူ၏ ရွေးချယ်မှုကို သဘောမတူခဲ့ဘဲ စိုးရိမ်မှုများ ရှိခဲ့သည်မှာ မှန်သော်လည်း သူမ၏သား ကြိုးစားပမ်းစား ပိုးပန်းထားရသော ဇနီးလောင်းကိုမူ မည်သူ့ကိုမှ လုယူခွင့် ပေးမည်မဟုတ်ပေ ။

မှန်ပါသည် ။ ၎င်းမှာ အိုင်ဗီ၏ အကြံဉာဏ်က သူမ၏ နှလုံးသားကို လှုပ်ခတ်သွားစေခြင်းကြောင့် လုံးဝမဟုတ်ပါ ။ သူမကတော့ ထိုအချက်ကို ဝန်ခံရန် ငြင်းဆန်နေဆဲပင် ။

ဆိုင်းလပ်စ်သည် မိခင်ဖြစ်သူအတွက် ဂုဏ်ယူနေမိပြီး အိုင်ဗီ၏ လက်ကို ဆုပ်ကိုင်ထားဆဲဖြစ်သော သူ၏ လက်တစ်ဖက်ကို မြှောက်ကာ မျက်ခုံးကို အေးအေးဆေးဆေး ကုတ်လိုက်သည် ။

မာတင်။ မင်းကတော့ကွာ ၊ အိုင်ဗီက မင်းလူဆိုတာ ငါတို့ မြင်ပါတယ် ။

အခြားသူများ ။ ကောင်းပြီလေ ၊ ကောင်းပြီ ။ ကမ္ဘာပျက်နေတဲ့ အချိန်မှာတောင် မပြတ်တောက်နိုင်တာကတော့ ဒီလူငယ်တွေရဲ့ အချစ်ဇာတ်လမ်းတွေပါပဲ ။

အိုင်ဗီမှာမူ သူမအပေါ် ဝိုင်းဝန်းချီးမွမ်းနေကြသဖြင့် ဆွံ့အသွားရသည် ။ အရာအားလုံးက ရုတ်တရက် လက်တွေ့မဆန်သလို ခံစားလိုက်ရသည် ။

" မစ္စအိုင်ဗီ ၊ ကျွန်တော်တို့ကို ကူညီပေးနိုင်မလား " မာတင်က စိတ်ရင်းမှန်ဖြင့် တောင်းဆိုလိုက်သည် ။

အိုင်ဗီ ခေတ္တရပ်တန့်သွားပြီးနောက် မျက်မှောင်ကြုတ်လျက် ပြောသည် ။

" ကျွန်မ အများကြီးတော့ မသိပါဘူး ။ ဒါပေမဲ့ ဆံပင်အရောင်နဲ့ မျက်လုံးအရောင် ပြောင်းလဲသွားတာက ဒီအင်န်အေထဲက မျိုးဗီဇ ပြောင်းလဲမှုကြောင့် ဖြစ်တာပါ "

ရူဘီဘေလေသည် သူမ၏ ပြာလဲ့သော မျက်လုံးများဖြင့် အိုင်ဗီကို မသေချာသလို စိုက်ကြည့်ရင်း ပြာလုနီးပါး ဆံပင်အမျှင်အချို့ကို နားနောက်သို့ သပ်တင်လိုက်သည် ။

" ဟုတ်လို့လား ။ ဒါပေမဲ့ DNA ဖွဲ့စည်းပုံက ဘာမှ ပြောင်းလဲမသွားဘူးလေ "

သူမသည် ဖရီယာ၏ အဖွဲ့တွင် ဝါရင့် သုတေသီတစ်ဦး ဖြစ်သည် ။

" ဟုတ်ပါတယ် ၊ ကျွန်မ စစ်ဆေးကြည့်ပြီးပါပြီ ။ ဒါပေမဲ့ စွမ်းအားရှင် အားလုံးရဲ့ DNA က အရင်အတိုင်းပဲ ရှိနေသေးတယ်လို့ ရလဒ် ထွက်ပါတယ် "

" ဒါမှမဟုတ် ဒါက မင်းရဲ့ ထင်မြင်ချက်သက်သက်ပဲလား "

သူတို့ သူမစကားကို နားလည်မှုလွဲနေသည်ကို အိုင်ဗီ သိလိုက်သဖြင့် ထပ်မံ ရှင်းပြသည် ။

" ကျွန်မ ဆိုလိုတာက လက်ရှိ အရောင်မဟုတ်ဘဲ ကျွန်မတို့မှာ ရှိနိုင်တဲ့ တခြားသော ဆံပင်အရောင်နဲ့ မျက်လုံးအရောင် မျိုးဗီဇတွေက စွမ်းအားနိုးထလာတဲ့ အချိန်မှာ လှုံ့ဆော်ခံလိုက်ရတာကို ပြောတာပါ "

တစ်လောကလုံး တိတ်ဆိတ်သွားသည် ။

ပတ်ဝန်းကျင်မှာ မည်မျှအထိ တိတ်ဆိတ်သွားသလဲဆိုလျှင် ပန်ကာလည်သံကပင် ဆူညံနေသကဲ့သို့ ခံစားရသည် ။

အိုင်ဗီသည် ဆွံ့အသွားကြသော သုတေသီများကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည် ။ သူမ ပြောလိုက်သည့်အချက် မှန် ၊ မမှန် သူမ ကိုယ်တိုင်လည်း မဝေခွဲနိုင်ပေ ။

၎င်းမှာ သူမ၏ အတိတ်ဘဝတွင် သူမဘာသာ စဉ်းစားခဲ့သော သီအိုရီတစ်ခုသာ ဖြစ်သည် ။ သို့သော် ပြဿနာမှာ ထိုသီအိုရီ မှန်ကန်ကြောင်း သူမ တစ်ခါမျှ အတည်မပြုနိုင်ခဲ့ခြင်းပင် ။

" ဟင် ၊ ငါ ဒါကို ဘာလို့ မတွေးမိခဲ့တာပါလိမ့် " မာတင်က ရေရွတ်လိုက်ပြီး ခေါင်းကို ကုတ်ကာ စမ်းသပ်မှုများကို ဆက်လက် လုပ်ဆောင်‌ တော့သည် ။

အခြားသော သုတေသီများလည်း အလုပ်ကိုယ်စီ ပြန်လုပ်ကြသည် ။

ဖရီယာက သက်ပြင်းချလိုက်ပြီး အိုင်ဗီဘက်သို့ လှည့်လာသည် ။

" နောက်ထပ် မေးစရာ တစ်ခု ရှိသေးတယ် "

သူမ၏ မေးခွန်းကြောင့် အလုပ်ထဲ အာရုံရောက်နေကြသော သုတေသီများမှာလည်း ရပ်တန့်သွားပြီး အိုင်ဗီကို သားကောင်ကို ချောင်းနေသည့် သိမ်းငှက်များကဲ့သို့ စိုက်ကြည့်ကြပြန်သည် ။

ဆိုင်းလပ်စ် မျက်မှောင်ကြုတ်ကာ အိုင်ဗီ၏ ရှေ့တွင် ကာရပ်လိုက်သည် ။ သူ၏ အလွန်အမင်း ကာကွယ်လိုသော အပြုအမူကြောင့် သုတေသီအချို့က ပြုံးလိုက်ကြသော်လည်း အချို့မှာမူ စကားမပြောနိုင်လောက်အောင် ဖြစ်သွားကြသည် ။

ဖရီယာ နှာခေါင်းရှုံ့လိုက်သည် ။

" သား ၊ အမေတို့က သူ့ကို စားမပစ်ပါဘူး ။ စွမ်းအားတွေအကြောင်း သိချင်ရုံတင်ပါ ။ ပြီးတော့ မိုးရွာပြီးတဲ့နောက် ဘာလို့ တချို့က စွမ်းအား နိုးထလာပြီး တချို့ကျတော့ နိုးမလာရတာလဲ ဆိုတာကို သိချင်တာ "

အိုင်ဗီက ဆိုင်းလပ်စ်၏ ကျောကို အသာအယာ ပုတ်လိုက်ပြီး ဘေးသို့ တိုးထွက်လိုက်သဖြင့် သုတေသီများ သူမကို မြင်လိုက်ရသည် ။

" စွမ်းအား နိုးထခြင်းဆိုတာ ခံနိုင်ရည် ၊ ခွန်အားနဲ့ အလားအလာ စတဲ့ အချက်အလက် အမျိုးမျိုးပေါ်မှာ မူတည်တယ် လေ။ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခိုင်မာတဲ့သူတွေက စိတ်နဲ့ဆိုင်တဲ့ စွမ်းအားတွေ နိုးထလာတတ်တယ် ။

ဥပမာ စိတ်ဖတ်တာ ၊ အရာဝတ္ထုတွေကို စိတ်နဲ့ ရွှေ့တာ ၊ စိတ်ချင်း ဆက်သွယ်တာမျိုးတွေပေါ့ ။ ခွန်အားကောင်းတဲ့ သူတွေကျတော့ အရှိန်အဟုန် မြန်တာ ၊ ခွန်အားကြီးတာ ဒါမှမဟုတ် သွက်လက်တာမျိုးတွေ ဖြစ်လာတတ်တယ် ။

ခွန်အားရော စိတ်ပိုင်းဆိုင်ရာပါ နှစ်မျိုးလုံး ကောင်းတဲ့သူတွေလည်း ရှိပါတယ် ။ သူတို့ကတော့ သဘာဝဓာတ်တွေနဲ့ ဆိုင်တဲ့ စွမ်းအားတွေ နိုးထဖို့ အခွင့်အရေး ပိုများပါတယ် "

သုတေသီများက သူမ၏ စကားများကို တစ်ခုချင်း မှတ်သားထားကြသည် ။

" ဒါဆိုရင် စွမ်းအားကို ဘယ်လို ပိုသန်မာအောင် လုပ်ရမလဲဆိုတာရော သိလား " ဖဲလစ်က မေးလိုက်သည် ။ သူသည် အလုပ်သင် သုတေသီတစ်ဦး ဖြစ်ပြီး သူတို့ကို ခြောက်လှန့်နေသော မေးခွန်းများကို အိုင်ဗီက ဖြေကြားပေးနေသဖြင့် သူ၏ မျက်လုံးများမှာ အားကျမှုများဖြင့် တောက်ပနေသည် ။

' သူက တော်လည်းတော်သလို လည်းလှတယ် ။ ငါသာ ဆိုင်းလပ်စ်ထက် အရင် သူ့ကို တွေ့ခဲ့ရင် သိပ်ကောင်းမှာပဲ '

အိုင်ဗီ၏ တည်ငြိမ်သော အမူအရာက သူ့ကို စွဲမက်စေသည် ။ သူမ၏ ကျော့ရှင်းမှုက တောက်ပနေပြီး အေးစက်ကာ လျှို့ဝှက်ဆန်းပြားသော အငွေ့အသက်များက လူတိုင်း၏ အာရုံကို ဖမ်းစားထားသည် ။

သုတေသီ အများစုမှာ အပေါ်ယံကို ကြည့်သူများ မဟုတ်ကြသော်လည်း အိုင်ဗီ၏ အလှတရားမှာ ငြင်းဆန်၍မရသော စွမ်းအားတစ်ခု ဖြစ်ကြောင်းကိုမူ သူတို့ လက်ခံကြသည် ။

" ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်တာ ၊ တရားမှတ်တာနဲ့ စွမ်းအားတွေကို စွမ်းအင်ကုန်ခမ်းသွားတဲ့အထိ နေ့စဉ် ပုံမှန် အသုံးပြုပေးတာမျိုးတွေ လုပ်နိုင်ပါတယ် ။

စွမ်းအားဆိုတာ ခွက်တစ်ခုလိုပါပဲ ၊ အဲဒီခွက်ထဲက အရာတွေကို သွန်ထုတ်လိုက်တိုင်း ၊ နောက်တစ်နေ့ ပြန်ဖြည့်တဲ့အခါ အဲဒီခွက်က ပိုကြီးလာတတ်တယ်လို့ မှတ်ယူနိုင်ပါတယ် ။

ဒါပေမဲ့ စွမ်းအင်တွေကို ကုန်ခမ်းသွားအောင် လုပ်တဲ့ နည်းလမ်းကိုတော့ အခုလောလောဆယ် မလုပ်ဖို့ အကြံပေးချင်ပါတယ် ။ ဘာလို့လဲဆိုတော့ ကျွန်မတို့ဆီမှာ စွမ်းအင် ပြန်ဖြည့်ပေးနိုင်တဲ့ ပစ္စည်းတွေ မရှိသေးလို့ပါ "

" အနာဂတ်မှာ စွမ်းအင် ပြန်ဖြည့်ပေးနိုင်တဲ့ ပစ္စည်းတွေ ရှိလာနိုင်တယ်လို့ မင်း ဆိုလိုတာလား " အေဗာရီက ထက်ထက်မြက်မြက် မေးလိုက်သည် ။

အိုင်ဗီသည် အေဗာရီကို စိုက်ကြည့်လိုက်ပြီး အေးဆေးစွာ ပြန်ဖြေသည် ။

" ကျွန်မ မသိပါဘူး ။ ကျွန်မရဲ့ စွမ်းအားက မြှင့်တင်ထားတဲ့ ဉာဏ်ရည်စွမ်းအားနဲ့ ဆိုင်တာမို့လို့ ဒီလောက်ပဲ အနည်းအကျဉ်း သိထားတာပါ "

သုတေသီအဖွဲ့မှာ နားလည်သွားသည့် အမူအရာများ ပြသကြသည် ။ အိုင်ဗီက သူတို့ မသိသည်များကို ဘာကြောင့် သိနေရသလဲဆိုသည်ကို ယခုမှ သဘောပေါက်သွားကြခြင်း ဖြစ်သည် ။

" အား ၊ ငါတော့ အိုင်ဗီကို ပြန်ပေးဆွဲချင်စိတ်တောင် ပေါက်လာပြီ ။ ဉာဏ်ကောင်းတဲ့ မိန်းကလေးတွေကို ငါ အရမ်းသဘောကျတာ ၊ သူတို့က တကယ် ဆွဲဆောင်မှု ရှိတယ် " သုတေသီတစ်ယောက်က တိုးတိုးလေး ရေရွတ်သည် ။

" မနာလိုလိုက်တာ ။ ငါလည်း အဲဒီလို ဉာဏ်ရည် မြှင့်တင်တဲ့ စွမ်းအားမျိုး ရချင်တယ် "

" ဘုရားရေ ။ ငါသာ အဲဒီစွမ်းအား ရရင် သုတေသနတွေ အကုန်လုံးကို တစ်ရက်တည်းနဲ့ အပြီးလုပ်ပြီး အိပ်ပစ်လိုက်မှာ "

" ဒါဆို မင်းက စွမ်းအင်မိုး မရွာခင်ကတည်းက စွမ်းအား နိုးထနေခဲ့တာပေါ့ ဟုတ်လား " အေဗာရီက ဆက်လက် မေးမြန်းပြန်သည် ။

ဤတစ်ကြိမ်တွင်မူ ဖရီယာနှင့် ဆိုင်းလပ်စ် နှစ်ယောက်လုံး မကျေမနပ် ဖြစ်သွားကြသည် ။ သူတို့က အိုင်ဗီဘက်မှ ကာကွယ်ပြောဆိုရန် ပြင်လိုက်သော်လည်း အိုင်ဗီက အေးဆေးစွာပင် ကြားဖြတ်၍ ပြန်ဖြေလိုက်သည် ။

" အလိုလို သိမြင်တဲ့ စိတ် လို့ပဲ ပြောချင်ပါတယ် ။ အခု ရှင် ခံစားနေရသလိုမျိုးပေါ့ ။ ရှင်က ကျွန်မဆီမှာ ရှင့်ရဲ့ မေးခွန်းအားလုံးအတွက် အဖြေရှိနေတယ်လို့ ခံစားနေရတယ် မဟုတ်လား "

အေဗာရီ အံ့အားသင့်သွားသည် ။ အမှန်ပင် သူမ ထိုသို့ ခံစားနေရခြင်း ဖြစ်သည် ။

ဒါပေမဲ့ အိုင်ဗီက ဘယ်လို သိတာလဲ ။

သူမ၏ မေးခွန်းကို သိ‌ နေသကဲ့သို့ အိုင်ဗီက ပြုံးလိုက်ပြီး တည်ငြိမ်သော အသံဖြင့် ပြန်ဖြေလိုက်သည် ။

" ဂုဏ်ယူပါတယ် အေဗာရီ ၊ ရှင် စွမ်းအား နိုးထလာပြီ ။ မြှင့်တင်ထားတဲ့ ဉာဏ်ရည်စွမ်းအား ပဲ "

All Chapters