← Chapters

အခန်း (၃၅)

Vol. 4 Ch. 35

အခန်း (၃၅)

Vol. 4 Ch. 35

သူမ၏ ရမှတ်များကို စစ်ဆေးကြည့်လိုက်သောအခါ သူမ အံ့အားသင့်သွားသည်။ သူမ မကြည့်ဖြစ်သည်မှာ ကြာပြီဖြစ်ရာ ဤမျှလောက် များပြားနေမည်ဟု မထင်ထားခဲ့ပေ။ အလွန်ကောင်းသည်။ ကျိုးမင်းရှန်အတွက် သုံးစွဲခဲ့သော ရမှတ်များမှာ အဆပေါင်းများစွာ တိုးပွားလာခဲ့ပြီ ဖြစ်သည်။

ရမှတ်များရရန်အတွက် လော့လန်သည် ထိုနေ့လယ်တွင် အမျိုးသမီးတစ်ဦး၏ အိမ်သို့ နောက်ဆက်တွဲ သွားရောက်ကြည့်ရှုရန် ခွင့်တိုင်ခဲ့သည်။ ဒါရိုက်တာလျိုက ပြောလိုက်သည်။ "ပုံမှန်အားဖြင့်တော့ ဒီလိုသွားတာ နှစ်ယောက်သွားရတာလေ"

"ဒါပေမဲ့ အစ်မလျိုက ဒီနေ့ မရှိဘူးလေ"

"အေးလေ... ဒါဆိုလည်း သွားပေါ့။ ဘာပဲဖြစ်ဖြစ် ဒီနေ့နေ့လယ်က အလုပ်သိပ်မရှိပါဘူး"

ဤကဲ့သို့သော ရှုပ်ထွေးသည့်အချိန်တွင် အလုပ်ခွင်နှင့် ကျောင်းများသည် ပေါ့လျော့နေတတ်ကြသည်။ ဤဆင်ခြေမှာ သူမအတွက် နေ့လယ်ပိုင်း အချိန်အားရရန် အကောင်းဆုံး ဖြစ်သွားခဲ့သည်။

ပထမဦးစွာ သူမသည် လူထုရှေ့ စစ်ဆေးမှုကို သွားကြည့်ရန် စီစဉ်ခဲ့ပြီးနောက်မှ အိမ်သို့ သွားရန် ဆုံးဖြတ်ခဲ့သည်။ သူမသည် စီစဉ်ထားသည့်အတိုင်း အလုပ်မှ ထွက်လာသည်နှင့် စစ်ဆေးမည့်နေရာသို့ တိုက်ရိုက် သွားခဲ့သည်။ သူမ ရောက်သွားချိန်မှာ အချိန်ကိုက်ပင် ဖြစ်သည်။ ထိုနေရာတွင် လူအုပ်ကြီးက ဝိုင်းရံထားကြသည်။

ကျောင်းအုပ်ကြီးက အဖြစ်မှန်များကို အလွယ်တကူ ထွက်ဆိုလိုက်ပြီး အပြစ်အားလုံးကို စွင်းတုန်၏ အဖေအပေါ်သို့ ပုံချလိုက်သည်။ အရာအားလုံးမှာ သူ၏ ခြိမ်းခြောက်မှုကြောင့် ဖြစ်ရခြင်း ဖြစ်ကြောင်း၊ သူ့တွင် ရွေးချယ်စရာ မရှိခဲ့ကြောင်းနှင့် အင်အားမရှိခဲ့ကြောင်း သူက ဆိုသည်။

"ကျိုးမင်းရှန်ကို စွင်းတုန်က အုတ်ခဲနဲ့ ရိုက်သတ်ခဲ့တာ အမှန်ပါပဲ။ အဲဒီတုန်းက သူ့အဖေက ကျွန်တော့်ကို ခြိမ်းခြောက်ခဲ့လို့ ဒါဟာ မတော်တဆမှုပါလို့ပဲ ပြောပြီး ငြိမ်နေခဲ့ရတာပါ"

သေချာပေါက်ပင် စွင်းတုန်၏ အဖေမှာ ရှုတ်ချခြင်း ခံခဲ့ရပြီး ပြစ်မှုကျူးလွန်သူဖြစ်သည့် စွင်းတုန်မှာလည်း ချက်ချင်းပင် အဖမ်းခံခဲ့ရသည်။ ယခင်က သူနှင့် ခင်မင်ခဲ့သော သူငယ်ချင်းများမှာ ယခုအခါတွင်မူ ကြိမ်လုံးများကို ကိုင်ဆောင်ကာ သူ့ကို စတင် ရိုက်နှက်ကြတော့သည်။

"ဖြန်း!"

သူ့ကို ရိုက်နေသောသူမှာ အသက် ၂၀ ခန့်သာ ရှိသေးသော်လည်း ရက်စက်လှပြီး ပို၍ စိတ်လှုပ်ရှားနေဟန် ရှိသည်။ စွင်းတုန်မှာ အံကြိတ်၍ အောင့်ခံနေခဲ့သည်။ သူသည် ထိုလူကို ကောင်းကောင်း သိသည်။ အပေါ်ယံတွင် သာမန်လူကဲ့သို့ ထင်ရသော်လည်း အခြားလူများ၏ အော်ဟစ်သံများကို ကြားရမှ ပျော်ရွှင်တတ်သူ ဖြစ်သည်။

"အင်း..." သူ ဆက်၍ အောင့်မထားနိုင်တော့ဘဲ ညည်းညူသံ ထွက်လာသည်။ သူ့ကို ရိုက်နေသူမှာ ပို၍ စိတ်လှုပ်ရှားလာပြီး မျက်လုံးများမှာ သွေးရောင်လွှမ်းလာသည်။ လော့လန်သည် လူအုပ်ထဲတွင် သူမ၏ ယောက္ခမနှင့် ကျိုးကျွင်းဟွေ့ကို တွေ့လိုက်ရသည်။ ယောက္ခမဖြစ်သူမှာ မေ့လဲတော့မည့်ပုံ ပေါ်နေသဖြင့် သူမသည် လူအုပ်ထဲမှ အတင်းတိုးဝင်ကာ သူမကို ဖေးမလိုက်သည်။

"လူသတ်သမားဆိုတာ လမ်းပေါ်မှာတင် ရိုက်သတ်ခံရဖို့ ထိုက်တန်တာပဲ"

"အမေ့ကို ဘာလို့ ဒီကို ခေါ်လာတာလဲ"

မေမေကျိုးမှာ လဲကျလုနီးပါး ဖြစ်နေသော်လည်း ခေါင်းကို ခါယမ်းရင်း ပြောလိုက်သည်။"ငါ့ဘာသာ လာချင်လို့ လာခဲ့တာပါ"

"အမေ... အိမ်ပြန်ကြရအောင်နော်။ ကျွန်မ လိုက်ပို့ပါ့မယ်"

မေမေကျိုးမှာ အားနည်းနေသော်လည်း ငြင်းဆန်ဖို့ ရုန်းကန်လိုက်သည်။ "မပြန်ဘူး... ငါ မပြန်ဘူး။ မင်းရှန်ကို သတ်ခဲ့တဲ့သူ ထိုက်တန်တဲ့ အပြစ်ဒဏ် ခံရတာကို ငါ မြင်ချင်တယ်"

လော့လန်က သူမ၏ ယောက္ခမကို ပြောလိုက်သည်။ "အမေ သိသွားပြီဆိုတော့လည်း ကျွန်မတို့ ထပ်ပြီး ဖုံးကွယ်မထားတော့ပါဘူး။ ဒါပေမဲ့ စိတ်ကို တင်းထားပါဦးနော်။ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်မတင်ပါနဲ့။ ဒါ အမေရဲ့ အမှား မဟုတ်ပါဘူး"

ထိုအမျိုးသမီးက သူမ၏ ချွေးမကို ခေါင်းငြိမ့်ပြလိုက်သည်။ သူမသည် အကြမ်းဖက်မှုများကို အမြဲကြောက်လန့်ခဲ့သူ ဖြစ်သော်လည်း ယနေ့တွင်မူ သူမ၏ သားကို သတ်ခဲ့သူ အပြစ်ပေးခံရသည်ကို မျက်မြင်ကိုယ်တွေ့ ကြည့်လိုနေသည်။

တစ်ယောက်က ရာဇဝတ်သားကို ဖုံးကွယ်ပေးခဲ့သည်၊ အခြားတစ်ယောက်က သူမရင်သွေးကို ကာကွယ်ပေးခဲ့သည်၊ နောက်တစ်ယောက်ကတော့ အခြားသူ၏ အထိခိုက်မခံနိုင်ဆုံးနေရာကို အုတ်ခဲနှင့် ရိုက်နှက်ရလောက်အောင် ယုတ်မာသည့် ကောင်လေးတစ်ယောက်ဖြစ်သည်။ သူတို့ထဲတွင် လူကောင်းတစ်ယောက်မှ မပါပေ။ သူတို့ ရိုက်နှက်ခံနေရသည်ကို ကြည့်ရသည်မှာ သူမအတွက် ကျေနပ်စရာ ဖြစ်နေခဲ့သည်။

"နေဦး!" စွင်းတုန်မှာ သွေးထွက်သံယိုဖြစ်အောင် ရိုက်နှက်ခံနေရစဉ် လက်ထဲတွင် အစီရင်ခံစာတစ်စောင်ကို ကိုင်ဆောင်ထားသည့် ကျိုးချင်းရှန် ပေါ်လာခဲ့သည်။

ရိုက်နှက်နေသူသည် အစီရင်ခံစာကို တစ်ချက်ကြည့်လိုက်ပြီး အသေးစိတ်ကို ဂရုမစိုက်ဘဲ ကျိုးချင်းရှန်၏ စကားကြောင့်သာ စိတ်လှုပ်ရှားသွားသည်။

"စွင်းတုန်က မနေ့ညက ကျွန်တော့်အိမ်ထဲကို ခိုးဝင်ပြီး ရေကန်ထဲမှာ အဆိပ်ခတ်ခဲ့တာ။ ဒါက စစ်ဆေးချက် အစီရင်ခံစာပဲ"

သူသည် ကြိမ်လုံးကို မြှောက်ကာ စွင်းတုန်ကို ထပ်မံ ရိုက်နှက်လိုက်ပြန်သည်။ နာကျင်မှုကြောင့် စွင်းတုန်မှာ တစ်ကိုယ်လုံး တုန်ရီနေပြီး ကြွက်သားများမှာလည်း ဆတ်ဆတ်ခါနေခဲ့သည်။

"ကောင်းတယ်! မင်းလို ကောင်မျိုးက လူ့အမှိုက်ပဲ။ အရင်က လူကို အုတ်ခဲနဲ့ ခိုးရိုက်တယ်၊ အခုကျတော့ ညသန်းခေါင်မှာ မိသားစုတစ်စုလုံးကို အဆိပ်ခတ်ဖို့ ကြိုးစားတယ်ပေါ့လေ။ ပြောစမ်း... တခြား ဘာယုတ်မာတာတွေ လုပ်ထားသေးလဲ"

"မ... မရှိတော့ပါဘူး၊ တကယ်ပါ..." စွင်းတုန်မှာ တစ်ကိုယ်လုံး တုန်ရီနေပြီး မျက်ရည်နှင့် နှပ်များမှာလည်း စီးကျနေသည်။ "တခြား ဘာမှ မလုပ်ထားပါဘူး"

"ဟား!" ထိုလူက လှောင်ပြုံးပြုံးလိုက်သည်။ သူက ဆက်၍ ရိုက်နှက်လိုက်သည်။ "ဝန်မခံဘူးပေါ့ ဟုတ်လား။ မင်း အကုန် မပြောဘဲ နေနိုင်မလား ကြည့်ကြတာပေါ့"

"ဖြန်း! ဖြန်း!"

"အား... ကျွန်တော့်ကို သေနတ်နဲ့ပဲ ပစ်သတ်လိုက်ကြပါတော့! ကျေးဇူးပြုပြီး... အား..."

သူမ၏ သားကို သတ်ခဲ့သူမှာ သေခွင့်တောင်းနေသည်ကို ကြည့်ပြီး မေမေကျိုးသည် ပါးစပ်ကို ပိတ်ကာ ငိုကြွေးနေလေသည်။ လော့လန်နှင့် ကျိုးကျွင်းဟွေ့တို့က သူမကို တွဲထားပေးကြသည်။ လော့လန်သည် သူမ၏ မတ်ကလေးကို တစ်ခါမျှ မတွေ့ဖူးသဖြင့် တည်ငြိမ်နေသော်လည်း ကျိုးကျွင်းဟွေ့မှာမူ အစ်မတစ်ယောက်အနေဖြင့် အံကြိတ်ကာ မုန်းတီးနေမိသည်။

"နင် နောက်ဆုံးတော့ ဝဋ်လည်ပြီပေါ့။ ကောင်းကင်ကြီးက စောင့်ကြည့်နေတာပဲ"

"အား!" စွင်းတုန်မှာ နာကျင်စွာဖြင့် ထပ်မံ အော်ဟစ်လိုက်ပြီး လူအုပ်ထဲသို့ လှမ်း၍ အော်ပြောလိုက်သည်။

"သူ... သူခိုင်းတာ! အဲဒီအဘွားကြီးက ကျိုးမိသားစုကို ကိုင်တွယ်ဖို့ ငါ့ကို ခိုင်းတာ! သူပဲ!"

သူက လက်ညှိုးထိုးပြလိုက်ရာ တောင်ဘက်အခန်းမှ အဘွားအိုမှာ အလိုလို ထွက်ပြေးရန် ပြင်လိုက်သော်လည်း သူမ လှည့်လိုက်သည်နှင့် တစ်စုံတစ်ယောက်က ဆွဲထားလိုက်သည်။ ထိုလူက သူမကို ဂုံနီအိတ်တစ်လုံးကဲ့သို့ ဆွဲခေါ်လာခဲ့သည်။

"ကျွန်မ မဟုတ်ပါဘူး! ကျွန်မ မဟုတ်ပါဘူး!"

အဘွားအိုမှာ စွင်းတုန်၏ အခြေအနေကို ကြည့်ပြီး အလွန်ထိတ်လန့်ကာ တစ်ကိုယ်လုံး ပျော့ခွေပြီး လဲကျသွားသည်။ ထိုလူက သူမကို လွှတ်လိုက်ရာ သူမသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သူမ မလုပ်ကြောင်း ထပ်တလဲလဲ ပြောနေတော့သည်။

"ခင်ဗျားကို ကြည့်ရတာလည်း လူကောင်းတော့ မဟုတ်ဘူး။ ပြောစမ်း... တခြား ဘာမကောင်းတာတွေ လုပ်ထားသေးလဲ။ ငယ်ငယ်တုန်းကကော မဟုတ်တာတွေ ဘာလုပ်ခဲ့သေးလဲ"

ထိုသူက ပါးစပ်ဖွင့်လိုက်သည်နှင့် ထိုကဲ့သို့ စကားမျိုးကို ပြောလိုက်သည်။ လူကောင်းတစ်ယောက် မဟုတ်တာ သိသာလှ၏။ မိန်းမသားများအပေါ် ထိုကဲ့သို့သော တစ်ဖက်သတ် အမြင်ဆိုးများရှိသူများကို ရွံရှာစရာ စိတ်ဓာတ်ရှိသည်ဟုသာ ဆိုရပေမည်။ လော့လန်တို့မှာ ထိုကဲ့သို့သော အရာများကို သဘောမကျသော်လည်း ယနေ့တွင်မူ လူယုတ်မာများကို နှိပ်ကွပ်နေခြင်းဖြစ်သဖြင့် ကြည့်ရသည်မှာ ကျေနပ်စရာ ကောင်းနေခဲ့သည်။

"ဘာမှ မရှိပါဘူး၊ မဟုတ်ဘူး! ကျွန်မ မဟုတ်ပါဘူး၊ ကျွန်မ မဟုတ်ပါဘူး!"

အဘွားအိုမှာ အလွန်ထိတ်လန့်နေသဖြင့် စကားများမှာလည်း ဗလုံးဗထွေး ဖြစ်နေဲ့သည်။ သို့သော် ထိုလူက ထပ်မမေးတော့ဘဲ သူမကို ကြိုးနှင့် တုတ်နှောင်လိုက်သည်။

"ခင်ဗျားက လူကြီးဆိုတော့ ကြိမ်လုံးနဲ့ မရိုက်တော့ပါဘူး။ ဒီမှာပဲ သေသေချာချာ ဒူးထောက်နေ"

ပူပြင်းလှသော နေရောင်အောက်တွင် ဒူးထောက်နေရသည့် အဘွားအိုမှာ ဆန်ခါချသကဲ့သို့ တုန်ရီနေသည်။ ယနေ့တွင် စွင်းတုန်အား လူသတ်သမားအဖြစ် ဖော်ထုတ်နိုင်ခဲ့သောကြောင့် အခြားသူများမှာမူ ရိုက်နှက်ခြင်း သိပ်မခံခဲ့ရပေ။ ကောင်းကင်ယံ တဖြည်းဖြည်း မှောင်လာသည်နှင့်အမျှ လူအုပ်ကြီးမှာလည်း လူစုခွဲသွားကြသည်။ အခြားသူများကိုမူ အချိန်မရွေး ဆင့်ခေါ်နိုင်ရန်အတွက် အိမ်သို့ ပြန်ခွင့်ပေးလိုက်သည်။

"စွင်းတုန်နဲ့ သူ့အဖေက လူကို တမင်သတ်ခဲ့တဲ့အပြင် နောက်ပိုင်းမှာ မိသားစုတစ်စုကို အဆိပ်ခတ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါကြောင့် သူတို့ကို သဘက်ခါ တောင်ဘက် မြောင်းကြီးထဲမှာ သေနတ်နဲ့ ပစ်သတ်မယ်။ အားလုံး လာကြည့်ကြပါဦး"

သူမတို့ကို တရားမျှတမှု‌ပေးဖို့ ကတိရလိုက်၏။ ဤကာလတွင် အသက်မပြည့်သည့် ပြစ်မှုကျူးလွန်သူများကို ကာကွယ်သည့် လူသတ်မှုနှင့် အဆိပ်ခတ်မှု နှစ်ခုစလုံးမှာ သေဒဏ်ထိုက်သော ပြစ်မှုများ ဖြစ်သည်။ ဒီခေတ်၏ ထူးခြားသော အမှုကိုင်တွယ်ဖြေရှင်းပုံများက နောက်လာမည့် အနာဂတ်မျိုးဆက်သစ်များကို အံအားသင့်စေသလို အားရကျေနပ်မှုလည်း ပေးစွမ်းနိုင်ခဲ့၏။

လူတိုင်း ထွက်ခွာသွားကြစဉ် သူတို့၏ မျက်နှာများတွင် ကြောက်ရွံ့မှုများ ရှိနေကြပြီး သွေးအလိမ်းလိမ်းဖြစ်နေသော စွင်းတုန်ကို လှမ်းကြည့်နေကြသည်။ သူသည် အပြစ်အားလုံးကို ခံယူသွားရသဖြင့် သူတို့ စိတ်သက်သာရာ ရသွားကြသော်လည်း ကြောက်ရွံ့နေကြဆဲဖြစ်သည်။

စွင်းတုန်ကို ကြိုးဖြေပေးလိုက်ချိန်တွင် သူသည် လမ်းမလျှောက်နိုင်တော့ပေ။ သူ့ကို ရိုက်ခဲ့သည့်လူက သူ၏ဖခင်ကို ကန်ပြီး ပြောလိုက်သည်။

"မင်းတို့တော့ သေဖို့သာ ပြင်ထားတော့! မင်းသားကိုလည်း တစ်ခါတည်း ခေါ်သွားလိုက်ဦး"

စွန်းမိသားစု၏ အခြေအနေမှာ ကျိုးမိသားစုအတွက် ကျေနပ်စရာပင် ဖြစ်သည်။ လူသတ်သမားမှာ နောက်ဆုံးတွင် အပြစ်ပေးခံရတော့မည်ဖြစ်သည်။ ကျိုးမင်းရှန်အနေဖြင့် ယခုအခါတွင်မူ အေးချမ်းစွာ အနားယူနိုင်ပေတော့မည်။

လော့လန်သည် တစ်စုံတစ်ယောက်က သူမ၏ အဝတ်ကို တင်းတင်းဆွဲထားသည်ကို ခံစားလိုက်ရသည်။ လှည့်ကြည့်လိုက်သောအခါ ကျိုးကျွင်းဖန် ဖြစ်နေသည်။ ထိုမိန်းကလေး၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ရှိနေပြီး သူမသည် မည်သည့်အချိန်ကတည်းက လော့လန်၏ နောက်သို့ ရောက်နေခဲ့မှန်း မသိပေ။ လော့လန်က သူမ၏ ယောက်မငယ်၏ လက်မောင်းကို အသာအယာ ပုတ်ရင်း နှစ်သိမ့်လိုက်သည်။

"မကြောက်နဲ့နော်"

ကောင်မလေးက သူမ၏ နူးညံ့သော မျက်နှာလေးကို ပင့်ကြည့်ကာ တည်ငြိမ်ဟန်ဆောင်ရင်း ခေါင်းငြိမ့်ပြလိုက်သည်။

"ညီမ မကြောက်ပါဘူး။ သူတို့က လူဆိုးတွေပဲ... ကျွန်မ အစ်ကိုကို သတ်ခဲ့တဲ့သူတွေလေ"

"မှန်တယ်။ လူဆိုးတွေက အပြစ်ပေးခံရမှာပဲ။ အဲဒါကြောင့် ငါတို့က ဝမ်းသာရမှာ"

"အစ်မ တောင်ဘက်အိမ်က အဘွားကြီးကော ဘာဖြစ်မှာလဲဟင်"

"သူ့ကိုတော့ ဖမ်းထားမှာပေါ့။ ဘာဆက်ဖြစ်မလဲဆိုတာတော့ မပြောတတ်သေးဘူး"

သူတို့ စကားပြောနေစဉ်မှာပင် စွင်းတုန်ကို ရိုက်ခဲ့သည့်လူက သူတို့အနားသို့ ရောက်ရှိနေသည်ကို သတိမထားမိလိုက်ကြပေ။ ကျိုးကျွင်းဖန်သည် သူ၏လက်ထဲရှိ ကြိမ်လုံးကို မြင်သောအခါ အလိုလို လော့လန်၏ နောက်သို့ ပုန်းလိုက်သည်။ သူမ၏ မိခင်နှင့် အစ်မဖြစ်သူပင်လျှင် သူ့ကို ကြောက်ရွံ့နေကြသည်။ သူ မေးလိုက်သည်။

"ခင်ဗျားတို့က ကျိုးမင်းရှန်ရဲ့ ဆွေမျိုးတွေလား"

"ဟုတ်ပါတယ်"

ထိုလူ၏ အကြည့်မှာ ကျိုးကျွင်းဖန်ထံသို့ ရောက်နေသဖြင့် လော့လန်က သူမကို ကွယ်လိုက်သည်။ ကျိုးကျွင်းဖန်မှာ သနားစရာ ယုန်ငယ်လေးနှင့် တူလှသဖြင့် ဤကဲ့သို့သောလူ၏ အကြည့်အောက်သို့ အရောက်မခံနိုင်ပေ။ သို့သော် ထိုလူသည် ကျိုးကျွင်းဖန်ကို နှစ်အစပိုင်းကတည်းက တွေ့ဖူးထားခြင်း ဖြစ်သည်။

"အော်... နှုတ်ဆက်ပါတယ်၊ ကျွန်တော့်နာမည် မုယွမ်လီပါ။ အသက်က ၂၂ နှစ်ပါ"

လော့လန်က လက်ကမ်းနှုတ်ဆက်လိုက်သည်။"ဟုတ်ကဲ့ နှုတ်ဆက်ပါတယ်၊ ကျွန်မက ကျိုးမင်းရှန်ရဲ့ မရီးပါ"

ထိုလူက သူမ၏နောက်သို့ လှမ်းကြည့်ရင်း မေးလိုက်သည်။ "ဒီအမျိုးသမီးလေးက ကျိုးမင်းရှန်ရဲ့ ညီမလား"

“ဟုတ်” လော့လန်က သူမ၏ ယောက်မငယ်ကို လက်တစ်ဖက်ဖြင့် ကာကွယ်ရင်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ ဤလူ၏ မျက်နှာမှာ ရက်စက်မည့်ပုံ ပေါ်နေသည်။ သူက ပြုံးရန် ကြိုးစားနေသော်လည်း သူ၏ ယခင်အမူအရာများအရ လူကောင်းတစ်ယောက် မဟုတ်သည်မှာ သိသာသည်။ သူမ၏ ခင်ပွန်း ရှေ့သို့ တိုးလာသည့်အခါတွင်မူ သူမက သူမဒီ အခြေအနေကို ကိုင်တွယ်နိုင်ကြောင်း မျက်ရိပ်ပြလိုက်သည်။

"ပြောစရာ မရှိတော့ရင် ကျွန်မတို့ ခွင့်ပြုပါဦးနော်"

အဖြေကိုပင် မစောင့်တော့ဘဲ သူမသည် သူမ၏ ယောက်မငယ်ကို ကာကွယ်ရင်း လှည့်ထွက်လာခဲ့ပြီး ကျိုးကျွင်းဟွေ့ကိုလည်း ဆွဲခေါ်လာခဲ့သည်။ ကျိုးကျွင်းဟွေ့မှာ ပါးနပ်သူဖြစ်သဖြင့် သူမ၏ မိခင်ကို ခေါ်ကာ လော့လန်၏ နောက်သို့ လိုက်လာခဲ့သည်။

သူတို့ အဝေးသို့ ရောက်သောအခါ ကျိုးကျွင်းဟွေ့က နောက်သို့ လှည့်ကြည့်ရင်း ပြောလိုက်သည်။

"သူ စွင်းတုန်ကို ရိုက်တာကို ကြည့်ရတာ ကျေနပ်စရာကောင်းပေမဲ့ သူနဲ့တော့ မပတ်သက်တာ အကောင်းဆုံးပဲ"

သူမ၏ မိခင်လည်း နောက်သို့ လှည့်ကြည့်လိုက်ပေမယ့် ထိုလူများ မရှိတော့ပေ။ သူမ၏သားဖြစ်သူ အနားတွင် ရှိနေသဖြင့် သူမ သတ္တိပြန်ဝင်လာပြီး ပြောလိုက်သည်။

"ချင်းရှန် အဲဒီလိုလူမျိုးနဲ့ ဝေးဝေးနေနော်"

သူမက သူမ၏ သမီးနှင့် ချွေးမကိုလည်း သတိပေးလိုက်သည်။ "နင်တို့လည်း အတူတူပဲ။ စွင်းတုန်တို့ သားအဖ အပြစ်ပေးခံရတာကို တွေ့ပြီးရင် ဒီလိုကိစ္စမျိုးတွေမှာ ထပ်ပြီး မပါဝင်ကြနဲ့တော့"

လော့လန်နှင့် ကျိုးကျွင်းဖန်တို့က အလိုက်သင့် ခေါင်းငြိမ့်လိုက်ကြသည်။ "နားလည်ပါပြီ"

တောင်ဘက်အိမ်မှ အဘွားအိုသည် အဆိပ်ခတ်မှုတွင် ပါဝင်ခဲ့သောကြောင့် ထိုညတွင် သူမမှာ အခန်းမှောင်လေးထဲတွင် အပိတ်ခံလိုက်ရသည်။ အိမ်ပြန်လမ်းတွင် လော့လန်နှင့် အခြားသူများသည် မည်သည့်အိမ်နီးချင်းနှင့်မျှ မဆုံခဲ့ပေ။ သူတို့ ညစာ စားပြီးချိန်တွင် အိမ်နီးချင်းများမှာ သတင်းကြားသဖြင့် သူတို့အိမ်သို့ ရောက်လာကြသည်။

"တကယ်ပဲလား။ တောင်ဘက်အိမ်က အဘွားကြီး အဖမ်းခံလိုက်ရတာလား"

"သူကပဲ စွင်းတုန်က ခြိမ်းခြောက်လို့ပါလို့ ပြောခဲ့တာ မဟုတ်ဘူးလား။ အဲဒါကို ဘာလို့ အဖမ်းခံရတာလဲ"

ကျိုးချင်းရှန်က အိမ်နီးချင်းများ၏ အတင်းတုပ်မှုကို ကိုင်တွယ်ဖြေရှင်းလိုက်သည်။ "ကျွန်တော်လည်း မသိပါဘူး။ စွင်းတုန်ကတော့ အဲဒီအဘွားကြီးကပဲ သူ့ကို လာရှာပြီး ညဘက် ခိုးဝင်ပြီး လူတွေကို ဒုက္ခပေးဖို့ ခိုင်းတာပါလို့ ပြောတယ်လေ"

"အာ... သူမက အဲဒီလောက်တောင် ဆိုးတာလား"

"ဘယ်သူသိမှာလဲ။ တစ်ယောက်တစ်မျိုး ပြောနေကြတာပဲ"

သူသည် အိမ်နီးချင်းများကို ရှင်းပြနေစဉ် လော့လန်သည် ညဘက် နောက်ဆက်တွဲ သွားရောက်ကြည့်ရှုရန် အခွင့်အရေး ယူလိုက်သည်။ သူမ သွားတွေ့မည့် အမျိုးသမီးမှာ အလုပ်လုပ်နေသူဖြစ်သဖြင့် သူမသည် ညဘက်မှ သွားရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီးရေးရာ အလုပ်အများစုမှာ ကြားဝင်စေ့စပ်ပေးရခြင်း ဖြစ်သည်။ သူမ ရောက်သွားချိန်တွင် ဇနီးမောင်နှံနှစ်ဦး ရန်ဖြစ်နေသည်နှင့် တိုးခဲ့သည်။ ခေတ္တမျှ ရုန်းရင်းဆန်ခတ် ဖြစ်ပြီးနောက် သူမသည် နောက်ဆုံးတွင် လျှပ်စစ်တုတ်ကို အသုံးပြုကာ ထိုအမျိုးသားကို ရပ်တန့်စေပြီး သူမ၏ စကားကို နားထောင်ရန် ထိုင်ခိုင်းလိုက်သည်။

တစ်ညလုံး စကားပြောပြီးနောက် ထိုအမျိုးသားမှာ နောက်နောင်တွင် သူ၏ဇနီးကို လက်ပါခြင်း မပြုတော့ရန် သဘောတူလိုက်သည်။ သူမ ထိုအိမ်မှ ထွက်လာချိန်တွင် အနည်းငယ် နောက်ကျနေပြီ ဖြစ်သည်။ သူမသည် ဓာတ်မီးတစ်လက်ကို ယူဆောင်ကာ လမ်းမကြီးကို ရှောင်ပြီး အနီးရှိ လမ်းကြားလေးအတိုင်း လျှောက်လာခဲ့သည်။

သူမ ညဘက် အလုပ်ကိစ္စဖြင့် ထွက်မည်ကို ကျိုးချင်းရှန်းအား ပြောပြထားပြီးသား ဖြစ်သော်လည်း နောက်ကျနေပြီဖြစ်သဖြင့် သူတို့ စိတ်ပူနေမည်ကို စိုးရိမ်သောကြောင့် သူမသည် အလွန်မြန်မြန် လျှောက်လာခဲ့သည်။

သူမ ဓာတ်မီးဖြင့် လှမ်းထိုးကြည့်လိုက်ရာ လူနှစ်ယောက် ဖက်ထားသည်ကို တွေ့လိုက်ရသလို ဖြစ်သွားသည်။ သူတို့၏ ပုံစံအရ နမ်းနေကြခြင်း ဖြစ်ပုံရသည်။ အို... လူပုံအလယ်တွင် ဤမျှလောက် ရဲတင်းစွာ နမ်းနေသူမှာ ဘယ်သူပါလိမ့်။ ဤအပြုအမူက သူမကို တုန်လှုပ်စေခဲ့သော်လည်း သူတို့၏ အဝတ်အစားများမှာ ရင်းနှီးနေသလို ရှိသည်။

လော့လန် - 'စနစ်... အဲဒါ ကျိုးကျွင်းဟွေ့လား'

စနစ် - 'ဟုတ်တယ်။ အိုး... စိတ်ဝင်စားစရာ ကောင်းလိုက်တဲ့ သတင်းပဲ။ ကျိုးကျွင်းဟွေ့က ဘယ်သူနဲ့ ရှိနေတာလဲ။ ဟိုတစ်ခေါက်က လူပဲလား"

ထိုလူနှစ်ယောက်မှာ တစ်စုံတစ်ယောက် ရှိနေသည်ကို သတိပြုမိသွားကြပြီး ဆန့်ကျင်ဘက်အရပ်သို့ အမြန်ပြေးသွားကြရာ ချက်ချင်း မြင်ကွင်းမှ ပျောက်ကွယ်သွားကြသည်။ သူမ၏ ယောက်မဖြစ်သူမှာ မိုက်မဲသော အပြုအမူတစ်ခုခု လုပ်မိမည်ကို လော့လန် စိုးရိမ်သဖြင့် ဓာတ်မီးကို ပိတ်ကာ သူတို့နောက်သို့ လိုက်ခဲ့သည်။

ထိုသူမှာ သူမ၏ ယောက်မ ဟုတ်မဟုတ်ဆိုသည်မှာ အိမ်ပြန်ရောက်လျှင် သိရမည်ဖြစ်သည်။ ထိုလူနှစ်ယောက်ကို မျက်ခြေပြတ်သွားပြီးနောက် သူမသည် လမ်းကြားအတိုင်း အိမ်သို့ အမြန်ပြေးပြန်လာခဲ့သည်။ ဝင်းတံခါးမှာ အနည်းငယ် ဟနေသဖြင့် သူမသည် တွန်းဖွင့်ကာ ထိုအတိုင်း ထားခဲ့လိုက်သည်။

သူမအခန်းသို့ မပြန်ဘဲ သူမ၏ ယောက်မနှစ်ယောက် နေထိုင်သည့် အခန်းသို့ တန်းဝင်သွားခဲ့သည်။ တံခါးမှာ ပွင့်နေပြီး အထဲတွင် အရာအားလုံးမှာ ရှင်းလင်းနေသည်။ ကျိုးကျွင်းဖန်မှာ စာထိုင်ဖတ်နေသည်။ သူမ ဝင်လာသည်ကို မြင်သောအခါ ကျိုးကျွင်းဖန်က ဇဝေဇဝါ ဖြစ်နေသော မျက်နှာထားဖြင့် စာအုပ်ကို ချလိုက်သည်။

"နင့်အစ်မ ဘယ်မှာလဲ"

"အပြင်သွားတယ်လေ"

"ဘယ်ကို သွားတာလဲ"

"သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်မှာ ကိစ္စရှိလို့ဆိုပြီး သွားတာ"

All Chapters