အခန်း (၃၉)
Vol. 4 Ch. 39
ကျိုးကျွင်းဟွေ့က သူမ၏ ရည်းစားဖြစ်သူ လာလည်မည်ဟု ပြောသဖြင့် အိမ်ရှိလေထုမှာ အလွန်သာယာနေခဲ့သည်။ ဤကိစ္စအတွက် တစ်လစာ အသားထုတ်ယူခွင့်လက်မှတ်များကို သုံးစွဲပစ်ရန် လော့လန်တွင် ကန့်ကွက်စရာမရှိပေ။ အားလုံးက မိသားစုဝင်တွေပဲဖြစ်ပြီး ဒါက လုပ်သင့်လုပ်ထိုက်သော အရာပင်။ ဝက်နံရိုးပေါင်းချက်ပြီး ကျန်တဲ့ဝက်သားကို ဖက်ထုပ်လုပ်စားနိုင်သည်။
"အမေ... ဝက်သားက နည်းလွန်းနေတယ်။ တခြားသူဆီကနေ အသားလက်မှတ်တွေ လှမ်းချေးပြီး နောက်လကျမှ ပြန်ပေးလိုက်ရင်ရော ဘယ်လိုလဲ" မိသားစုတွင် လူဦးရေများသဖြင့် အသားနည်းလွန်းလျှင် မကောင်းဟု တွေးမိကာ လော့လန်က အကြံပြုလိုက်သည်။
"အဲဒီလိုလုပ်လိုက်ရင် နောက်နှစ်လလောက်အထိ ငါတို့ အသားစားရတော့မှာ မဟုတ်ဘူး"
"ကိစ္စမရှိပါဘူး။ တောမှာတုန်းကဆိုရင် သမီးတို့က တစ်နှစ်နေမှ နှစ်ခါလောက်ပဲ အသားစားရတာလေ။ လပြည့်ပွဲတော်နဲ့ တရုတ်နှစ်သစ်ကူးလောက်ပဲ စားရတာ။ အဲဒီတုန်းကတောင် နည်းနည်းလေးပဲ စားရတာပါ"
"ကောင်းပြီလေ ဒါဆိုရင် ငါသူများဆီကနေ အသားလက်မှတ်တချို့ သွားချေးလိုက်ရမလား"
"ဟုတ်ကဲ့... သွားချေးလိုက်ပါ။ တကယ်လို့ မရခဲ့ရင်လည်း သမီးကို ပြောဦး။ သမီး တစ်ခုခု ကြံဖန်ကြည့်မယ်"
ဆုံးဖြတ်ပြီးသည်နှင့် ယောက္ခမဖြစ်သူသည် ထိုနေ့တွင်ပင် အိမ်နီးချင်းတစ်ဦးထံမှ အသားလက်မှတ်အချို့ကို ချေးငှားနိုင်ခဲ့သည်။ ကျိုးကျွင်းဟွေ့သည် ငွေနှင့်လက်မှတ်များကို ယူကာ တန်းစီရန် သန်းခေါင်ယံအချိန်၌ ထလာခဲ့သည်။ သူမ ရောက်သွားချိန်တွင် လူအများအပြား ရှိနေပြီးဖြစ်သည်။
"ဟာ... ဒီလူတွေက တကယ့်ကို တက်ကြွလွန်းတာပဲ"
အခြားရွေးချယ်စရာ မရှိပေ။ ဈေးကွက်သဘောသဘာဝမှာ ဒီအတိုင်းပင်ဖြစ်ပြီး အရင်းအမြစ်များ ရှားပါးလှသည်။ နေ့စဉ် ဝက်သားပမာဏမှာ အကန့်အသတ်ဖြင့်သာရှိပြီး အနည်းငယ် နောက်ကျသွားပါက ပစ္စည်းကောင်းများ ကုန်သွားတတ်သည်။ အထူးသဖြင့် လူကြိုက်များသော နံရိုးများနှင့် ဖက်ထုပ်လုပ်ရန် အဆီပါသော အသားမျိုးရလိုလျှင် ပို၍ခက်ခဲသည်။
လပြက္ခဒိန် ကိုးလပိုင်းရောက်နေပြီဖြစ်၍ ညဘက်အပူချိန်မှာ အတော်လေး လျော့နည်းနေသည်။ သူမသည် ဂွမ်းထူအင်္ကျီကို ဝတ်ဆင်ထားပြီး အဘိုးအိုတစ်ဦး၏ နောက်တွင် ရပ်နေခဲ့သည်။ ဆိုင်မှာ နံနက်ရှစ်နာရီမှ ဖွင့်မည်ဖြစ်ရာ သူမအနေဖြင့် ငါးနာရီကြာအောင် ရပ်စောင့်နေရဦးမည် ဖြစ်သည်။
ပစ္စည်းတစ်ခု ဝယ်ယူရန် ငါးနာရီကြာ တန်းစီစောင့်ဆိုင်းရခြင်းသည် နောင်လာမည့်ခေတ်ကာလများတွင် စဉ်းစား၍ပင် မရနိုင်သော ကိစ္စဖြစ်သော်လည်း ဤအချိန်ကာလတွင်မူ ပုံမှန်ကိစ္စတစ်ခုသာ ဖြစ်သည်။ ပစ္စည်းတစ်ခုခု ရောင်းမည်ဟု ကြေညာလိုက်သည်နှင့် လူများသည် ရှားပါးသော ထိုအရင်းအမြစ်များကို ဝယ်ယူရန် စောစီးစွာ တန်းစီကြလေ့ရှိသည်။
"ရဲဘော်လေး ဘာဝယ်ဖို့ စိတ်ကူးထားလဲ"
"နံရိုးပါ"
"ငါလည်း အတူတူပဲ။ အို... ရှေ့မှာ လူတွေ အများကြီးပဲကွယ်။ တကယ်လို့ သူတို့အားလုံးသာ နံရိုးလိုချင်ကြရင် ငါတို့အလှည့်ကျရင် ရပါဦးမလားမသိဘူး"
ကျိုးကျွင်းဟွေ့က စိုးရိမ်တကြီးဖြင့် ရှေ့သို့လှမ်းကြည့်လိုက်သည်။ "သမီးလည်း မသိဘူး"
"ရဲဘော်လေး... ငါ အိမ်သာသွားချင်လို့။ နေရာလေး ခဏလောက် ဦးပေးထားလို့ ရမလား။ ငါ ကြားဖြတ်တာ မဟုတ်ပါဘူးလို့ ကတိပေးပါတယ်"
"ဟုတ်ကဲ့ အဘိုးကို မှတ်ထားလိုက်ပါ့မယ်။ ဒါပေမဲ့ မြန်မြန်လုပ်နော်။ ကြာသွားရင် တခြားလူတွေက အဘိုးကို မှတ်မိကြမှာ မဟုတ်ဘူး"
"အေးပါ အေးပါ... ငါ မြန်မြန်လုပ်ပါ့မယ်"
အဘိုးအို ထွက်သွားပြီး ၁၀ မိနစ်ခန့်အကြာတွင် ပြန်ရောက်လာကာ တန်းစီနေသော နေရာ၌ ပြန်ဝင်လိုက်သည်။ သူ စိုးရိမ်ခဲ့သည့်အတိုင်းပင် လူတစ်ယောက်က သူ့ကိုမြင်သွားပြီး တန်းစီရာတွင် ကြားဖြတ်ဝင်သည်ဟု စွပ်စွဲလေတော့သည်။
"သန်းခေါင်ယံကြီးမှာ လူတိုင်း ဒုက္ခခံနေကြရတာ ခင်ဗျား အသက်ကြီးတာနဲ့ပဲ ကြားဖြတ်လို့ မရဘူးလေ"
အဘိုးအိုက အလျင်အမြန် ရှင်းပြလိုက်သည်။ "ငါ ကြားဖြတ်တာ မဟုတ်ပါဘူးကွ။ ငါ ဒီမှာ ရောက်နေတာ ကြာပါပြီ။ ဒီမိန်းကလေးကို မေးကြည့်ပါ"
ကျိုးကျွင်းဟွေ့က ဝင်ရှင်းပြလိုက်သည်။ "အဘိုးက အိမ်သာသွားတာပါ။ သူက ကျွန်မရှေ့မှာ ရောက်နေတာပါ"
ထားပါတော့၊ ရှင်းပြချက်ကို လက်ခံလိုက်ကြသည်။ အချို့လူများက သူတို့ စောစောရောက်သည်ဟု ထင်ခဲ့ကြသော်လည်း နောက်ကျနေပြီဖြစ်သည်။ ရှည်လျားသော လူတန်းကြီးကို မြင်လိုက်ရသဖြင့် နံရိုးရရန် မဖြစ်နိုင်တော့မှန်း သိလိုက်ကြပြီး ရိုးရိုးအသားသာ ဝယ်ရန် ဆုံးဖြတ်လိုက်ကြသည်။
နေထွက်လာပြီးနောက် နောက်ဆုံးတွင် ဆိုင်ပွင့်လာသည်။ ထိုနေ့အတွက် ဝက်တစ်ကောင်သာရှိပြီး လူတိုင်းက လည်ပင်းရှည်အောင် ဆန့်ထုတ်ကာ ကြည့်နေကြသည်။ ကျိုးကျွင်းဟွေ့အလှည့် ရောက်သောအခါ နံရိုး နှစ်ပေါင်ခန့်သာ ကျန်တော့သဖြင့် အကုန်ဝယ်ယူလိုက်သည်။ အဆီနှင့်အသား ရောနေသောကြောင့် ဖက်ထုပ်လုပ်ရန် အကောင်းဆုံးဖြစ်သည့် ဝက်သုံးထပ်သား အနည်းငယ်ကိုလည်း သူမ ရလိုက်သေးသည်။
သူမ အိမ်ပြန်ရောက်သောအခါ မိသားစုက မနက်စာ စားပြီးကြပြီဖြစ်သည်။ လော့လန်က သူမထံမှ ပစ္စည်းများကို လှမ်းယူလိုက်ပြီး အစားစားကာ အိပ်ရေးဝဝအိပ်ရန် ပြောလိုက်သည်။ "နေ့လယ်စာကို ယောက်မ တာဝန်ယူလိုက်မယ်။ ပြီးရင် လာနှိုးမယ်လေ"
"ဟုတ်ကဲ့... ကျေးဇူးပါ ယောက်မ"
"ရပါတယ်။ သွားစားလိုက်ပါဦး"
စနေ၊ တနင်္ဂနွေပိတ်ရက်တွင် သမက်အသစ်ကို ဧည့်ခံရန်အတွက် လော့လန်က ချက်ပြုတ်ရေး တာဝန်ယူလိုက်သည်။ ယောက္ခမဖြစ်သူက ကူညီပေးနေစဉ် ခြံဝင်းထဲ၌ စာဖတ်နေသော ကျိုးကျွင်းဖန်ကို စိုးရိမ်စိတ်ဖြင့် လှမ်းကြည့်လိုက်မိသည်။ ဖြူစင်မှုများ အပြည့်ရှိနေသော မျက်နှာလေးနှင့် စမ်းချောင်းရေကဲ့သို့ ကြည်လင်သော မျက်ဝန်းများကို ပိုင်ဆိုင်ထားသည့် ဤကလေးမ၏ အနာဂတ်က ဘယ်လိုများ ဖြစ်လာမလဲ။
"အမေ... ကျွင်းဖန်ကို ဝိုင်းကူခိုင်းလိုက်ရအောင်" သူမက အကြံပြုလိုက်သည်။ စာမေးပွဲ ဖြေစရာမလိုတော့သဖြင့် စာလေ့လာခြင်းက သိပ်အရေးမကြီးတော့ပေ။ သူမ၏ အနာဂတ် မည်သို့ပင်ဖြစ်စေကာမူ အခြေခံလူနေမှုစရိုက်များကိုတော့ သူမ သိထားဖို့ လိုအပ်သည်။
"ညည်းပြောတာ ဟုတ်တယ်။ အမေ ပေါ့ဆသွားတယ်။ ဒီကလေး ချက်ပြုတ်နည်း သင်ထားသင့်တာ"
အမေကျိုးက တံခါးဝသို့သွားကာ ကျယ်လောင်စွာ လှမ်းခေါ်လိုက်သည်။"ကျွင်းဖန် ဒီကို လာခဲ့ဦး"
ကျိုးကျွင်းဖန်က စာအုပ်ကိုကိုင်ကာ လိမ္မာစွာ ထလာပြီး မီးဖိုချောင်တံခါးဝသို့ နားမလည်နိုင်သော အကြည့်များဖြင့် လျှောက်လာခဲ့သည်။
"အမေ... ဘာခိုင်းမလို့လဲ"
"ချက်ပြုတ်တာ လာကူလုပ်ပေးဦး"
"သမီးကလား"
"ဘယ်သူရှိသေးလို့လဲ?” အမေကျိုးက စနောက်သော အပြုံးလေး ပြုံးလိုက်သည်။ “ညည်းက အပျိုကြီး ဖြစ်နေပြီ။ နောင်အနာဂတ်အတွက် ဒါတွေ သင်ထားဖို့ လိုတယ်လေ”
“အော်... ဟုတ်ကဲ့”
မိန်းကလေး၏ လိမ္မာသောပုံစံကြောင့် လော့လန်၏ စိတ်နှလုံးကို ဂွမ်းစလေးတစ်စကဲ့သို့ ပျော့ပျောင်းသွားစေသည်။ သူမ၏ ယောက်မလေးသည် ယုန်ဖြူလေးတစ်ကောင်ကဲ့သို့ နူးညံ့လွန်းလှသဖြင့် လော့လန်အနေဖြင့် ချက်ပြုတ်ခိုင်းရန် မရက်စက်နိုင်ပေ။ ကောင်းပြီလေ၊ ဟင်းသီးဟင်းရွက် ဆေးကြောတာလောက်ကတော့ သိပ်မခက်ခဲလောက်ပါဘူး။ ပင်ပန်းတဲ့အလုပ်မှ မဟုတ်တာ။
"ကျွင်းဖန် ယောက်မအတွက် ဟင်းရွက်တွေ ရွေးပြီး ဆေးပေးနော်။” သူမက ဇကာတစ်လုံးကို ကျွင်းဖန့်အား ကမ်းပေးလိုက်သည်။ “သေချာ ပြောင်အောင်ဆေးပြီး ဒီခြင်းတောင်းထဲ ထည့်ထားလိုက်”
“ဟုတ်ကဲ့”
မိန်းကလေးသည် လိမ္မာစွာဖြင့် ဟင်းရွက်ဆေးရန် ခြင်းတောင်းကို သယ်သွားခဲ့သည်။ လော့လန်က ဓားကိုယူ၍ နံရိုးများကို အတုံးသေးများ တုံးလိုက်ပြီး ရေနွေးဖျောရန် ရေစတင်တည်လိုက်သည်။
"အမေ... သမီးကို စီချွမ်းငရုတ်ကောင်း၊ နာနတ်ပွင့်နဲ့ ငရုတ်သီးခြောက်လေး နည်းနည်းလောက် ပေးပါလား"
"ရတာပေါ့"
လော့လန်သည် နံရိုးများကို ရေနွေးဖျောပြီး သွေးအမြှုပ်များကို ဆေးကြောလိုက်သည်။ ထို့နောက် ဒယ်အိုးထဲတွင် ဆီအပူပေးပြီး သကြားကို အရောင်တင်လိုက်သည်။ နံရိုးများ အရောင်ပြောင်းသွားသည်နှင့် ဟင်းခတ်အမွှေးအကြိုင်များ ထည့်ကာ မွှေးလာသည်အထိ မွှေလိုက်သည်။ ထို့နောက် နံရိုးများ မြုပ်သည်အထိ ရေနွေးထည့်၊ အဖုံးအုပ်ပြီး ပေါင်းထားလိုက်သည်။
မကြာမီတွင် ခြံဝင်းတစ်ခုလုံး နံရိုးပေါင်းနံ့များ သင်းပျံ့လာပြီး အသားစားရခဲသူများကို သွားရည်ကျစေတော့သည်။ လော့လန်သည် အရံဟင်းအတွက် အာလူးများကို အခွံခွာနေပြီဖြစ်သော်လည်း ကျိုးကျွင်းဖန်မှာ ခြံဝင်းထဲမှ ပြန်ဝင်မလာသေးပေ။
လော့လန်သည် အာလူးများကို အမြန်အခွံခွာ၊ ပဲသီးများကို သန့်စင်ပြီး လက်ကို ရှေ့ခါးစည်းတွင် သုတ်ကာ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။ ကျိုးကျွင်းဖန်မှာ ခြံဝင်းထဲရှိ ရေပိုက်ခေါင်းနားတွင် ရှိနေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။
နံနက်ခင်းနေရောင်ခြည်သည် မြင့်မားသော ရှားစောင်းပင်ကြားမှ ဖြတ်သန်းကာ သူမအပေါ်သို့ ကျရောက်နေသည်။ သူမသည် ပန်းရောင်အင်္ကျီကို ဝတ်ဆင်ထားပြီး လက်မောင်းအထိ လက်ခေါက်တင်ထားသဖြင့် ချောမွတ်သော ကျောက်စိမ်းကဲ့သို့ လက်မောင်းလေးက ပေါ်နေသည်။
နေရောင်ခြည်အောက်တွင် သူမသည် ကျောက်စိမ်းကောင်းတစ်တုံးကဲ့သို့ လှပနေသည်။ ဆံနွယ်စလေးများသည် မျက်နှာထက်သို့ ကျရောက်နေပြီး လေပြေညင်းက ကြွေရုပ်ကဲ့သို့ ပါးပြင်များကို ဖြတ်သန်းတိုက်ခတ်နေသည်။
လော့လန်သည် ပုံမှန်ဆိုလျှင် အဝေးမှပင် လှမ်းခေါ်လိုက်မည်ဖြစ်သည်။ သူမသည် လယ်ထဲတွင် အလုပ်လုပ်ဖူးသူဖြစ်၍ အသံဩဇာကောင်းသည်။ သူမသည် ရွာအငြိမ့်အဖွဲ့မှ အဆိုတော်ဖြစ်ပြီး မြောင်းတစ်ဖက်မှလူများ ရှင်းလင်းစွာ ကြားနိုင်အောင် အော်ပြောနိုင်သူဖြစ်သည်။
သို့သော် ယနေ့တွင် ပါးစပ်ဟလိုက်သော်လည်း စကားလုံးများက လည်ချောင်းဝတွင် တစ်ဆို့နေပြီး ထွက်မလာနိုင်ပေ။ မြင်ကွင်းမှာ လှပလွန်းပြီး နူးညံ့သိမ်မွေ့လွန်းသဖြင့် သူမ မဖျက်ဆီးရက်တော့ပေ။
"ကျွင်းဖန်" လော့လန်က နွေဦးလေပြေကဲ့သို့ နူးညံ့စွာ လှမ်းခေါ်လိုက်သည်။ အသံကြားသဖြင့် ကျိုးကျွင်းဖန် လှည့်ကြည့်လိုက်သည်။ မိန်းကလေး၏ ဖြူစင်ပြီး လှပသော မျက်နှာလေးကို မြင်လိုက်ရသောအခါ လော့လန်၏ အသံမှာ ဆက်လက်နူးညံ့နေဆဲဖြစ်သည်။ "ဟင်းရွက်တွေ ဆေးပြီးပြီလား"
"ပြီးခါနီးပါပြီ"
လော့လန် ဟင်းတစ်မယ် ချက်ပြီးသွားသည့်အချိန်အထိ မိန်းကလေးမှာ ဟင်းရွက်ဆေးနေဆဲဖြစ်သည်။ ယောက်မလေး၏ စေ့စပ်သေချာပြီး နှေးကွေးသောပုံစံကို ကြည့်ရင်း လော့လန်တစ်ယောက် ဖက်ထုပ်အတွက် အသားစဉ်းနေသော ခင်ပွန်းသည်ကို စကားမပြောဘဲ မနေနိုင်တော့ပေ။
"ဟိုလေ... ကျွင်းဖန်က အိမ်စာလုပ်ရင် မြန်ရဲ့လားဟင်" ကျိုးချင်းရှန်က သူမလက်ထဲမှ ဓားကိုယူကာ အသားစတင်စဉ်းနေပြီး သူမက နံရံကို မှီထားလိုက်သည်။
"ဖြေလေ... ရှင့်ကို မေးနေတာ"
ကျိုးချင်းရှန်က သူမကို လှမ်းကြည့်လိုက်သည်။ "မင်းက ကျွင်းဖန်ကျတော့ နူးညံ့နေတာပဲ၊ ကိုယ့်ကိုကျတော့ အော်ငေါက်နေတာလား"
“အော်.. ငါ့ယောကျ်ားငတုံးရယ် ..” လော့လန်က ရယ်မောလိုက်သည်။ "ကျွင်းဖန်က ပန်းရောင် မုန့်လုံးလေးလို နူးညံ့တာလေ။ ရှင်နဲ့ ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ"
"ခွဲခြားဆက်ဆံတာပဲ"
"စကားလမ်းကြောင်း မလွှဲနဲ့။ ပြောစမ်းပါ ကျွင်းဖန်က တခြားကိစ္စတွေမှာရော ဒီလိုပဲ စေ့စပ်သေချာတတ်လား"
"မသိဘူး"
"ရှင်က ဘယ်လို အစ်ကိုကြီးမျိုးလဲ။ ရှင်သိတာ ဘာရှိလဲ?"
"ငါ စစ်ထဲဝင်တုန်းက သူမက ကလေးလေးပဲ ရှိသေးတာ၊ အမေ နောက်ကွယ်မှာပဲ အမြဲပုန်းနေတတ်တာလေ။ ဒီနှစ်မှ ငါပြန်ရောက်တာဆိုတော့ မသိတာတွေ အများကြီး ရှိသေးတယ်"
"ဟင်း... သူက အရမ်း... ကျွန်မ စိုးရိမ်မိတယ်။ သူမ အနာဂတ်မှာ ဒုက္ခရောက်မှာ ကျွန်မ ကြောက်တယ်"
"သူမက ဖန်လုံအိမ်ထဲက ပန်းပွင့်လေးလိုပဲ။ အမေက အရမ်းအလိုလိုက်ထားတာလေ"
“သူမက အရမ်းလှတယ်...” လော့လန်က နှစ်လိုခြင်းနှင့် စိုးရိမ်ခြင်း ဒွန်တွဲနေသော လေသံဖြင့် ပြောလိုက်သည်။ “ပတ်ဝန်းကျင်ဆိုတာက လူတိုင်းနေထိုင်ဖို့ သင့်လျော်ပြီး အားလုံးအဆင်ပြေသင့်တာလေ”
“အခုကတည်းက သူမကို ပြောင်းလဲပေးရင် ကောင်းမလား?”
"မလောပါနဲ့၊ ဖြည်းဖြည်းချင်းပေါ့"
တကယ်လို့ ဒီလိုကလေးမျိုးသာ နယ်ဘက်ဆင်းရမယ်ဆိုရင် သူတို့ သေချာစီစဉ်ပေးဖို့ လိုလိမ့်မည်။ ကျိုးချင်းရှန်သည် သူ့ညီမကို အနီးနားရှိ တပ်ဖွဲ့တစ်ခုခု၌ တာဝန်ကျစေရန် အဆက်အသွယ် ရှာနေပြီဖြစ်သည်။ သူတို့တပ်ဖွဲ့သည် ပထမဦးစားပေးဖြစ်သော်လည်း မဖြစ်နိုင်ခဲ့လျှင် အနီးနားရှိ မည်သည့်နေရာမဆို အဆင်ပြေသည်။ အဓိကမူဝါဒမှာ သူမကို နီးနီးနားနား၌ ထားရန်ပင်ဖြစ်သည်။
"ယောက်မ" ကျိုးကျွင်းဖန်က မီးဖိုချောင်ထဲသို့ ခေါင်းပြူကြည့်လိုက်သည်။ သူမ၏ ဖြူစင်သော အသားအရေကြောင့် မျက်လုံးများက ပို၍ တောက်ပကာ သက်ဝင်လှုပ်ရှားနေသယောင် ထင်ရသည်။
"ဘာဖြစ်လို့လဲ။ တစ်ခုခု လိုချင်လို့လား" ဤမိန်းကလေးမှာ အလွန်သတ္တိနည်းလှသည်။ ဟိုလူက ညည်းအစ်ကိုပါ၊ ဓားပြမှ မဟုတ်တာ။ သူမ စကားစပြောရုံရှိသေး အစ်ကိုဖြစ်သူကို မြင်လိုက်ရသဖြင့် ချက်ချင်း ပြန်တွန့်သွားလေသည်။
"မဟုတ်ပါဘူး၊ ညီမက ယောက်မ အကူအညီလိုမလားလို့ လာကြည့်တာပါ"
"ကြက်သွန်ဖြူ ထောင်းပေးပါလား။ ညီမလေးထောင်းတဲ့ ကြက်သွန်ဖြူက အရမ်းမစပ်ဘဲ စားလို့ကောင်းတယ်"
"ဟုတ်ကဲ့"
မိန်းကလေးသည် ပန်းထိုးနေသကဲ့သို့ စေ့စပ်သေချာစွာဖြင့် ကြက်သွန်ဖြူခွာနေပြီး လော့လန်ကမူ အအေးဟင်းလျာများကို အမြန် ပြင်ဆင်နေလိုက်သည်။ ကျိုးချင်းရှန်က ဂျုံနယ်ပေးပြီး သူတို့နှစ်ဦးသား ဖက်ထုပ်စတင်လုပ်ကြသည်။ မကြာမီ ယောက္ခမဖြစ်သူ ရောက်လာပြီး သုံးဦးသား ဖက်ထုပ်နှစ်ဗန်းကို လျင်မြန်စွာ ပြီးစီးအောင် လုပ်လိုက်ကြသည်။
အမေကျိုးက ဖက်ထုပ်လုပ်ရင်း စိုးရိမ်သောမျက်နှာဖြင့် မေးလိုက်သည်။ "၁၁ နာရီ ခွဲနေပြီ၊ ဘာလို့ သူတို့ မလာကြသေးတာလဲ"
ကျိုးချင်းရှန်က နှစ်သိမ့်လိုက်သည်။ "အမေ... စိတ်မပူပါနဲ့။ သမက်အသစ်က နေရခက်မှာစိုးလို့ အရမ်းစောစော မလာချင်တာ နေမှာပါ"
လော့လန်က သူမ၏ခင်ပွန်းကို ကြည့်လိုက်ပြီး ယောက္ခမဖြစ်သူ ထွက်သွားသည်နှင့် တိုးတိုးလေး မေးလိုက်သည်။ "ရှင်က မိန်းမအိမ် လိုက်လည်ရမှာ နေရခက်လို့လား"
"မဟုတ်ပါဘူး၊ အမေ စိတ်သက်သာအောင် ပြောလိုက်တာပါ"
'ဒီလူ...' လော့လန် အံ့ဩသွားသည်။ သူက တင်းမာသော စစ်သားတစ်ယောက်ဟူသည့် သူမ၏အမြင်နှင့် လုံးဝကွဲပြားနေသည်။ သူက စကားသိပ်မပြောဘဲ အလုပ်ကိုသာ တိတ်တဆိတ် လုပ်တတ်သူဖြစ်သည်။ သူ့ညီလေး ဆုံးပါးသွားစဉ်ကလည်း သူ သေချာစုံစမ်းခဲ့ပြီးဖြစ်သော်လည်း မိသားစုက မသိခဲ့ကြပေ။ သူက အလွန် နှုတ်လုံသူဖြစ်သည်။
အရာအားလုံး အဆင်သင့်ဖြစ်နေပြီ။ အမေကျိုးက ပြန်အိပ်နေသော သမီးကြီးကို သွားနှိုးလိုက်သည်။
"အပြင်ထွက်ပြီး သူတို့ကို သွားကြိုလိုက်ချေ"
ကျိုးကျွင်းဟွေ့ ထလာပြီး မျက်နှာသစ်၊ အဝတ်အစားလဲပြီးချိန်တွင် ၁၁ နာရီခွဲနေပြီဖြစ်သည်။ သူမ အပြင်ဘက်သို့ ခြေလှမ်းလိုက်သည်နှင့် လက်ဆောင်ပစ္စည်းများ ကိုင်ဆောင်ထားသော ရည်းစားဖြစ်သူ ရောက်လာခဲ့သည်။ သူတို့ အတူတူ ဝင်လာကြပြီး အမေကျိုးက ဧည့်သည်ကို အိမ်ထဲသို့ ဖိတ်ခေါ်လိုက်သည်။
လော့လန်က နှုတ်ဆက်ပြီးနောက် ဖက်ထုပ်ပြုတ်ရန်နှင့် အအေးဟင်းလျာများ ပြင်ဆင်ရန် မီးဖိုချောင်ထဲသို့ ဝင်သွားသည်။ ကျိုးချင်းရှန်က ဧည့်ခန်းရှိ ထိုင်ခုံတွင် သေသပ်စွာ ထိုင်နေသည်။ သူသည် တပ်မတော်မှ ဗိုလ်ကြီးဟောင်းတစ်ဦးဖြစ်ပြီး သူ၏ တည်ငြိမ်ခက်ထန်သော ပုံစံက လူများကို စိတ်လှုပ်ရှားစေသည်။
"နှုတ်ဆက်ပါတယ်၊ အစ်ကိုကြီး"
"မင်းနဲ့ ကျွင်းဟွေ့က နေရာတစ်ခုတည်းမှာ ယာယီဝန်ထမ်းတွေအဖြစ် လုပ်နေကြတယ်လို့ ကြားတယ်"
"ဟုတ်ကဲ့"
"မင်းရဲ့ မိသားစုက ဘယ်ကလဲ။ မိသားစုအခြေအနေကရော ဘယ်လိုရှိလဲ"
အမေကျိုးသည် တစ်သက်လုံး ဤကိစ္စများကို သိပ်မဖြေရှင်းခဲ့ဖူးဘဲ ကလေးများနှင့် အိမ်မှုကိစ္စများကိုသာ ဂရုစိုက်ခဲ့သူဖြစ်သည်။ ယခုတွင်မူ သူမသည် ရေနွေးကြမ်းငှဲ့ပေးပြီး ဘေးတွင်သာ ထိုင်နေသည်။ ခင်ပွန်းသည် မရှိတော့သဖြင့် သားဖြစ်သူ ဦးစီးမှသာ စိတ်လုံခြုံမှု ရတော့သည်။ ထို့ကြောင့်လည်း ကျိုးချင်းရှန်က အိမ်ပြန်ပြောင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အပြောင်းအလဲကြီးတစ်ခု ဖြစ်ပြီးနောက်ပိုင်း မိခင်ဖြစ်သူ၏ စိတ်ပိုင်းဆိုင်ရာ အားကိုးရာမဲ့သွားသဖြင့် သူပြန်လာခြင်းက သူမ၏ ကျန်းမာရေးပြန်လည်ကောင်းမွန်လာစေရန် အထောက်အကူ ဖြစ်စေလိမ့်မည်။
ကျွင်းဟွေ့၏ ရည်းစားသည် အပြာရောင် ကျုံးရှန့်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း အလွန်ပွနေပြီး အဆင်မပြေဖြစ်နေသဖြင့် ငှားဝတ်လာမှန်း သိသာနေသည်။ သူသည် ရိုးရာမုန့်ဗူးကို ကိုင်ဆောင်ထားသော်လည်း အရောင်ကိုကြည့်ခြင်းအားဖြင့် အချိန်ကြာမြင့်စွာ သိမ်းထားမှန်း လော့လန် ပြောနိုင်သည်။ သူသည် စိတ်လှုပ်ရှားနေပြီး တင်းမာသော ယောက်ဖလောင်းကို ရင်ဆိုင်ရသောအခါ ချွေးများပြန်ကာ ဘေးဘီကို စိုးရိမ်တကြီး ကြည့်နေသည်။
"ကျွန်... ကျွန်တော့်မှာ မောင်နှမ ရှစ်ယောက်ရှိပါတယ်။ ကျွန်တော်က ဆဌမမြောက်ပါ"
"မိဘတွေ ရှိသေးလား"
"မရှိတော့ပါဘူး"
"ဒါဆို မင်းမှာ အိမ်မရှိလောက်ဘူးပေါ့။ တကယ်လို့ လက်ထပ်မယ်ဆိုရင် အလုပ်ဌာနက အိမ်ပေးမှာလား"
"မပေးပါဘူး"
ထိုအမျိုးသားသည် ချွေးများကို သုတ်လိုက်ပြီး မျက်လုံးများက ဟိုဒီဝေ့ဝဲကြည့်ကာ ခြေထောက်များက မထိန်းနိုင်အောင် တုန်ရီနေသဖြင့် လော့လန်၏ စိတ်ထဲတွင် သူ့အပေါ် အကောင်းမြင်စိတ်များ ပျောက်ဆုံးသွားစေသည်။ သူသည် ရုပ်ရည်သန့်ပြန့်ပြီး ခန္ဓာကိုယ်တောင့်တင်းသော်လည်း တည်ငြိမ်မှုမရှိခြင်းက သူ့ကို အားကိုးရမည့်ပုံ မပေါက်စေပေ။
"ဒါဆို မင်းရဲ့ အစီအစဉ်က ဘာလဲ"
"ကျွန်တော်... မစဉ်းစားရသေးပါဘူး"
ကျိုးချင်းရှန် လှည့်၍ ညီမဖြစ်သူကို စူးစိုက်ကြည့်လိုက်သည်။ ' ဒါက မင်းရွေးချယ်ထားတဲ့ အမျိုးသားလား။ ဒီအဆင့်ရောက်နေပြီကို ဘာမှ မစဉ်းစားရသေးဘူး ပြောရသလား။ သူက လက်ထပ်ဖို့ရော စိတ်ကူးရှိရဲ့လား။ ဘာမှမရှိတာက ကြောက်စရာမကောင်းပေမယ့် ဘာအစီအစဉ်မှ မရှိတာကတော့ စိတ်ပူစရာပင်။'
အစ်ကိုဖြစ်သူ၏ အကြည့်ကြောင့် ကျွင်းဟွေ့ စိတ်လှုပ်ရှားစွာဖြင့် ဝင်ပြောလိုက်သည်။ "အစ်ကိုကြီး အရမ်း တည်မနေပါနဲ့။ သူ ကြောက်ပြီး စကားမပြောတတ် ဖြစ်နေပြီ"
အမေကျိုးကလည်း ဝင်ပြောခဲ့သည်။ "စားကြစို့... အရင် စားလိုက်ကြရအောင်"