← Chapters

အင်ပါယာမျိုးနွယ်စု မန္တန်ဝင်္ကပါ

Vol. 8 Ch. 751

အင်ပါယာမျိုးနွယ်စု မန္တန်ဝင်္ကပါ

Vol. 8 Ch. 751

သခင်မလေးဟုန်ချိန်နှင့် အထက်တန်းလွှာများမှ အင်အားကြီးပုဂ္ဂိုလ်များအားလုံး လှုပ်ရှားလာစဥ် ပိုင်ရှောင်ချန်း၏ မျက်လုံးများရဲရဲနီနေပြီး ကျိုးဟုန်ကို ပစ်မှတ်ထားကာ အလင်းတန်းတစ်ခုအလား တဟုန်ထိုး သွားနေသည်။

ကျိုးဟုန်မှာ မျက်စိမျက်နှာပျက်သွား၏။ ပိုင်ရှောင်ချန်းက အစွမ်းထက်သဖြင့် သူ့ကို လုံးဝမလိုအပ်ဘဲ မတိုက်ခိုက်ချင်ပေ။ ထို့ကြောင့် သူက ချက်ချင်း နောက်ဆုတ်လိုက်သည်။

" ဒီကောင် ပိုင်ဟောက်က လူသတ်ပြီးသွားပြီဆိုတော့ သေကို သေရမယ်။ ငါတို့အားလုံး နည်းနည်းလောက် အချိန်ဆွဲထားကြရမယ်။ ကဲ အားလုံး အတူတူတိုက်ခိုက်ပြီး သူ့ကို တွန်းလှန်ကြစို့ "

သူ၏စကားလုံးများထဲမှ အမှန်တရားကို လူတိုင်း မြင်နေရသည်။ အထူးသဖြင့် ဝိညာဥ်ရေနွေးအိုးထဲမှ တုန်လှုပ်ဖွယ်ရာအဖြစ်အပျက်တွင် ပါဝင်ခဲ့သော လူများ ဖြစ်သည်။ ဤသည်မှာ ကလဲ့စားချေရန် အကောင်းဆုံးအခွင့်အရေးဖြစ်ကြောင်း သူတို့ သိကြသည်။ အချိန်တိုအတွင်း လေထဲတွင် နောက်ထပ် စွမ်းအားကြီးမှော်အတတ်များ ပြည့်နှက်သွားကာ လှိုင်းလုံးပမာ ပိုင်ရှောင်ချန်းထံသို့ အဆက်မပြတ် ရိုက်ခတ်လာသည်။

ပိုင်ရှောင်ချန်းက ထာဝရထီးနက်ကို ဖွင့်လိုက်ပြီး အရှိန်လျှော့မည့်အစား သူက အရှိန်တင်လိုက်သည်။ သူက အိတ်ကိုလည်း ပုတ်လိုက်ကာ ဆယ့်ခြောက်ဆ စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသော လှံနက်ကြီးကို ဆွဲထုတ်လိုက်သည်။ သူက ဒေါသတကြီးအော်ဟစ်ရင်း လက်တစ်ဖက်ဖြင့် ထီးကိုကိုင်၍ သူ့ကိုယ်သူ ကာကွယ်ရင်း နောက်လက်တစ်ဖက်က လှံကို ကိုင်ဆွဲကာ ရှေ့သို့ချီတက်လာတော့သည်။

လှံကြောင့် လေဆင်နှာမောင်းကြီး ဖြစ်ပေါ်လာပြီး ကျိူးဟုန်မှာ ပင့်သပ်ရှိုက်သွားကာ နောက်ထပ် ဆုတ်လိုက်ပြန်သည်။ ကျိုးဟုန်၏ ဘေးတွင် သူ့ကို အဖော်ပြုပေးနေသော လူငယ်တစ်ယောက်ရှိသည်။ လက်ရှိအချိန်တွင် သူ၏ အမူအရာသည် တင်းမာခက်ထန်နေပြီး သူ့မျက်လုံးထဲရှိ အရိပ်အယောင်များအရ တစ်စုံတစ်ခုကို တွက်ချက်နေဟန်တူသည်။ ရုတ်တရက် သူ့မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များတောက်လောင်လာပြီး သူက ရှေးဟောင်းဖုန်းရွှေသံလိုက်အိမ်မြှောင်တစ်ခုကို ထုတ်လိုက်သည်။

" တာအိုရောင်ရင်းတို့၊ ကျုပ် ဖုန်းရွှေသံလိုက်အိမ်မြှောင်ရဲ့ ညွှန်ပြချက်တွေအတိုင်း ထိန်းချုပ်ဖို့ နေရာတစ်ခုရွေးလိုက်ပါ "

သူ့ပါးစပ်မှ ထိုစကားလုံးများ ထွက်သွားသည်နှင့် ဖုန်းရွှေသံလိုက်အိမ်မြှောင်မှ စူးရှတောက်ပသောအလင်းများ ထွက်ပေါ်လာကာ ပုံရိပ်ယောင်တစ်ခုအသွင်ဖြင့် ပိုင်ရှောင်ချန်းကို ဝန်းရံလာသည်။

သူတိုက်ခိုက်လိုက်စဥ် သူနှင့်အတူ တလက်လက်စူးရှတောက်ပနေသော အစက်အပြောက် တစ်ရာကျော်က လိုက်ပါလှုပ်ရှားနေသည်။ ထိုအခြင်းအရာကို မြင်သောအခါ လက်ရွေးစင်များ၏မျက်လုံးများ ဝင်းလက်သွားပြီး စူးရှတောက်ပသောအစက်အပြောက်များ ပေါ်ထွက်လာသည့် နေရာများတွင် ချက်ချင်း နေရာယူလိုက်ကြသည်။

ပထမဆုံးဝိညာဥ်ကျင့်ကြံသူသည် ရုတ်ချည်း စူးရှတောက်ပသော သံချပ်ကာတစ်ခုဝတ်ဆင်ထားမိသည်ကို တွေ့လိုက်ရသည်။ တချိန်တည်းမှာပင် သံချပ်ကာက ပိုင်ရှောင်ချန်း၏ ပတ်လည်တွင် မြူခိုးများ ဖြစ်ပေါ်သွားစေသည်။ သူက နေရာယူပြီးသည်နှင့်တစ်ပြိုင်နက် ပိုင်ရှောင်ချန်းသည် သူ့အပေါ်သို့ ပြင်းထန်သော ဖိအားတစ်ခုသက်ရောက်လာကြောင်း ခံစားလိုက်ရသည်။

အချိန်အနည်းငယ်အတွင်း လူအများ တဖွဲဖွဲရောက်လာကြပြီး ထိုသို့ သူတို့နေရာယူလိုက်သည်နှင့် သူတို့ခန္ဓာကိုယ်အပေါ်တွင် သံချပ်ကာဝတ်စုံများ ပေါ်လာသည်။ သံချပ်ကာတစ်စုံချင်းစီသည် အလင်းတန်းများဖြင့် ချိတ်ဆက်နေသည် ဖြစ်ရာ မြူခိုးများ ပိုမို သိပ်သည်းလာတော့သည်။

ယခုအခါ ပိုင်ရှောင်ချန်းအပေါ် မန္တန်ဝင်္ကပါမှ မယုံကြည်နိုင်ဖွယ် ဖိအားများ သက်ရောက်လာသည့်အတွက် သူ လှုပ်ရှားရ ခက်ခဲလာသည်။ ထိုမျှသာမက ဤသည်က ပိတ်လှောင်ခြင်းမဟုတ်ဘဲ ဖိအားပေးခြင်းသာ ဖြစ်သည့်အတွက် သူ၏ ထာဝရပြုစားခြင်းသိုင်းက လုံးဝအသုံးမဝင်တော့ပေ။

ကျိုးဟုန်က မန္တန်ဝင်္ကပါထဲတွင် နေရာယူလိုက်သောအခါ ယင်း၏ စွမ်းအား ပို၍ပြင်းထန်လာသည်။ သို့သော် ရှိသမျှလူတိုင်းက ပူးပေါင်းရန် မရွေးချယ်ကြပေ။ အထူးသဖြင့် တိုက်ခိုက်သူ ပထမနှစ်သုတ်ရှိ လူများဖြစ်သည်။ ဥပမာဆိုရလျှင် ကျိုးဒုံရှန်ဖြစ်သည်။ သူတို့မှာ ပိုင်ရှောင်ချန်း၏အတိုက်အခိုက်စွမ်းရည်ကြောင့် တုန်လှုပ်သွားခဲ့သဖြင့် သူ့ကို မန္တန်ဝင်္ကပါက ချုပ်နှောင်နေသည့်တိုင် သူတို့မှာ သူ့အနားကပ်ရန် ချီတုံချတုံဖြစ်နေကြသေးသည်။

" ဘယ်လောက် အသုံးမကျတဲ့ အရူးတွေလဲ "

ကျိုးဟုန်က အေးစက်စက်နှာမှုတ်ရင်း တွေးလိုက်သည်။ ကျိုးဒုံရှန်နှင့် အခြားသူများကို လျစ်လျူရှုရင်း သူက မန္တန်ဝင်္ကပါကို အားဖြည့်ရာတွင် အာရုံစိုက်လိုက်ပြီး နတ်ဘုရားစွမ်းရည်များနှင့် မှော်အတတ်များ ထုတ်လွှတ်လိုက်သည်။

ပိုင်ရှောင်ချန်းမှာမူ လည်ပတ်နေသော မန္တန်ဝင်္ကပါ၏ အလည်တွင် ကျန်ရှိနေပြီး သူ့ပတ်လည်ရှိသိပ်သည်းထူထပ်သော မြူများက ဖန်တီးခြင်းများအားလုံးကို ချုပ်နှောင်ထားရာ လွတ်မြောက်နိုင်မည့်ပုံမပေါ်သည့်အတွက် မျက်နှာပျက်နေတော့သည်။ ထို့အပြင် ဖိအားသည် အချိန်နှင့်အမျှ ပို၍ ပြင်းထန်လာသည်။ ထို့နောက် သူရှိရာဘက်သို့ ဓားအလင်းတန်းများ ပြေးဝင်လာရာ သူက မျက်မှောင်ကြုတ်သွားပြီး သူ့ကိုယ်သူ ကာကွယ်ရန် ထာဝရထီးနက်ကို ဆန့်ထုတ်လိုက်သည်။ အချိန်အနည်းငယ်ကြာသော် ပေါက်ကွဲသံများ ပေါ်ထွက်လာပြီး သူ့ခန္ဓာကိုယ်ထဲမှ ချီများ ၊သွေးများ ဆူပွက်လာသည်ကို ခံစားလိုက်ရသည်။

ယခုအချိန်တွင် သူက မန္တန်ဝင်္ကပါ၏ အပြင်ဘက်မှ လူတစ်ယောက်ကိုမှ မမြင်သော်လည်း ထိုလူများက သူ့ကို မြင်နေရသည်။ ဝင်မပါသော ကျိုးဒုံရှန်နှင့် အခြားသူများက မန္တန်ဝင်္ကပါ၏ အစိတ်အပိုင်းဖြစ်သော ဝိညာဥ်ကျင့်ကြံသူများ တစ်ရာကျော် ဆက်လက်လှုပ်ရှားနေသည့်အတွက် ပိုင်ရှောင်ချန်း တဖြည်းဖြည်း အားနည်းလာသည်ကို စောင့်ကြည့်နေကြသည်။ မန္တန်ဝင်္ကပါက သတ်မှတ်ထားသော နေရာမှာ ကျုံ့သွားသည်နှင့် သေစေနိုင်သော တိုက်ကွက်ကြီး ထွက်ပေါ်လာမည်ဖြစ်ကြောင်း အလွယ်တကူ ခန့်မှန်းနိုင်သည်။

" အဲဒါ ဘာ မန္တန်ဝင်္ကပါတုန်း "

ကျိုးဒုံရှန်က သူမြင်နေရသော အရာကြောင့် မှင်သက်ကာ ပင့်သပ်ရှိုက်ရင်း တွေးလိုက်သည်။

ကျိုးဟုန်သည် သူ၏ ကျင့်ကြံခြင်းအခြေခံများက တောက်ပသောအလင်းအစက်ပြောက်ထဲ စုပ်ယူခံနေရသည်ကို ခံစားနေရင်းမှ ဝင်္ကပါထဲတွင် ပိုင်ရှောင်ချန်းက တွေဝေတွန့်ဆုတ်နေသည်ကို ကြည့်ကာ အေးတိအေးစက် ရယ်မောလိုက်သည်။ ထို့နောက် သူ၏ အကြည့်သည် ဖုန်းရွှေသံလိုက်ကိုင်ထားသော မန္တန်ဝင်္ကပါအပြင်ဘက်ရှိ လူငယ်ထံရောက်သွားသည်။

" ဒုတိယမင်းသား အကူအညီပေးဖို့ လွှတ်လိုက်တဲ့ ဒီကောင်လေးက တကယ်ပဲ မန္တန်ဝင်္ကပါအရာမှာ ဆရာတစ်ဆူပဲ " သူက တွေးလိုက်သည်။

" ပိုင်ဟောက်၊ အာ ပိုင်ဟောက်။ ငါ့အပြင် ဒီကိစ္စမှာ ဒုတိယမင်းသား နဲ့ မဟာမင်းသားတောင် ပါဝင်နေတယ်ဆိုတာ မင်းဘယ်တော့မှ မသိတော့မှာ တော်တော်ဆိုးတာပဲ။ မင်းက မင်းမျိုးနွယ်၊ အထက်တန်းလွှာတွေကြားထဲက အတော်များများကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့တယ်။ မင်းက..... အင်ပါယာမျိုးနွယ်စုကိုတောင် အတိုက်အခံလုပ်ခဲ့သေးတာပဲ "

ကျိုးဟုန်က ကောက်ကျစ်ယုတ်မာစွာ ရယ်မောနေစဥ် ပိုင်ရှောင်ချန်း၏ မျက်နှာအမူအရာသည် ပို၍ မည်းမှောင်သွားတော့သည်။ ထို့နောက် သူက လမ်းကြောင်းရွေးကာ တောင်ဖြိုသိုင်းကို ဆင့်ခေါ်ရင်း ဖျတ်ခနဲ လှုပ်ရှားလိုက်သည်။

ဝုန်းခနဲ ပေါက်ကွဲသွားပြီး မန္တန်ဝင်္ကပါသည် တသိမ့်သိမ့်တုန်သွား၏။ သို့သော် တန်ပြန်အားသည် ပိုင်ရှောင်ချန်းကိုလည်း ထိသွားသဖြင့် သူ့မျက်နှာထက်တွင် ဒေါသပုန်ထနေသော အရိပ်အယောင်များ အထင်းသား ပေါ်ထွက်လာတော့သည်။ သိသာစွာပင် ဤ မန္တန်ဝင်္ကပါ၏ ခုခံနိုင်စွမ်းကို အလွယ်တကူ ဖျက်စီး၍ရမည်မဟုတ်ပေ။

" ဒီတော့ ဝင်္ကပါ အပြင်ဘက်က လူတိုင်းရဲ့ အကာအကွယ်စွမ်းအားတွေ အားလုံးကို အတူတူ စုပေါင်းထားတာပေါ့ "

သူက အချိန်တိုင်း ပို၍ ပြင်းထန်လာသော အရှိန်အဝါများဖြင့် သူ့ထံ တိုးဝင်လာနေသည့် ဓားအလင်းတန်းများကို ဆက်လက် ရှောင်တိမ်းလိုက်သည်။

များမကြာမီ ထိုဓားအလင်းများသည် နတ်တစ်ပါးကဲ့သို့ အင်အားပြင်းထန်လာတော့မည် ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ အနှီမန္တန်ဝင်္ကပါ မည်မျှစွမ်းအားကြီးမားကြောင်း သတိပြုမိလိုက်သောအခါ အသက်ရှူမှားသွားလေသည်။

" မန္တန်ဝင်္ကပါ ဒီလောက်မြန်မြန်ဖြစ်လာတာ တော်တော်လေးအံသြစရာကောင်းတာပဲ။ ပုံမှန်ဆို ဒီလို ကြီးပြီး စွမ်းအားကြီးတဲ့ ဝင်္ကပါတွေက နေရာတကျဖြစ်ဖို့ အချိန်တော်တော်ကြာတာ "

သူက မျက်မှောင်ကြုတ်ရင်း မန္တန်ဝင်္ကပါကို နေရာချသည့်တစ်ယောက်ဖြစ်သော ကျိုးဟုန်ဘေးတွင် ရပ်နေသော ဖုန်းရွှေသံလိုက်နှင့် လူငယ်ကို ပြန်တွေးလိုက်သည်။

သူက ပိုင်ရှောင်ချန်းအတွက် ဝိညာဥ်ရေနွေးအိုးထဲတွင် ပါဝင်ခဲ့သည် လူမဟုတ်သော လူစိမ်းသက်သက်သာဖြစ်သည်။

" ဒီလို ငဖွတ် မန္တန်ဝင်္ကပါက ငါ့ကို ထိန်းနိုင်မယ် ထင်တယ်ပေါ့ "

သူ၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်ယောင်များ ထင်ဟပ်လာတော့သည်။ ဤသည်မှာ ထိုင်ပြီး အချိန်ဖြုန်းနေရမည့် အခိုက်အတန့်မဟုတ်ကြောင်း သူသိသည်။ သရဲကြီးဘုရင်က သခင်မလေးဟုန်ချိန်အား သူ့ကို ကူညီရန် နားချနိုင်၊ မနိုင် ပြောရန်ခက်ပြီး မန္တန်ဝင်္ကပါ၏ စွမ်းအားသည် အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာသည်နှင့်အမျှ ပို၍ပြင်းထန်လာတော့သည်။ တစ်နည်းအားဖြင့် အန္တရာယ်က သူ့အပေါ် အလျင်အမြန် ကျရောက်တော့မည်ဟု ဖော်ပြနေသည်။

" မင်းရဲ့ မန္တန်ဝင်္ကပါကပဲ စွမ်းအားကြီးမလား၊ ငါ့ရဲ့ ထာဝရဧကရာဇ်လက်သီးကပဲ စွမ်းအားပိုကြီးမလား ကြည့်ကြသေးတာပေါ့ "

သူက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးနောက် သူ၏ အရှိန်အဝါ၊ ကျင့်ကြံခြင်းအခြေခံအငွေ့အသက်များနှင့် အခြားအရာများအားလုံး ပျောက်ကွယ်သွားသည်။ ထိုအရာအားလုံးက သူ့ခန္ဓာကိုယ်ထဲ ကျုံ့ဝင်သွားပြီး သူ၏ သက်စောင့်အားပင်လျှင် မူလအတိုင်း ပြန်ဖြစ်သွားသည်။

မည်သည့်နတ်ဘုရားအာရုံဖြင့် စမ်းသပ်ကြည့်ပါစေ ပိုင်ရှောင်ချန်းသည် အလောင်းတစ်လောင်းအလား မည်သည့် အရှိန်အဝါမှ မရှိတော့ဘဲ ဖြစ်နေလိမ့်မည်။

ကျိုးဒုံရှန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ကျိုးဟုန်၏ မျက်နှာအိုစာသွားသည်။

" သူ ဟို လက်သီးချက်ကြီးကို သုံးတော့မှာလား "

ကျိုးဟုန်နှင့် ဝိညာဥ်ရေနွေးအိုးရှိ အဖြစ်အပျက်တွင် ပါဝင်ခဲ့သော မန္တန်ဝင်္ကပါထဲမှ အခြားလူများမှာ သူတို့ မြင်နေရသော အရာကြောင့် သတိထားလာြကပြီး သူတို့ ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ပို၍ ထုတ်လွှတ်လိုက်တော့သည်။ ထိုလက်သီးချက်ကြီးကြောင့် ဖြစ်ပျက်သွားခဲ့သည့် သူတို့မြင်ခဲ့ရသော အရာများသည် သူတို့တစ်သက်မေ့နိုင်မည်မဟုတ်သည့် အရာများ မဟုတ်ပါလော။

ထိုကဲ့သို့ မတုံ့ပြန်သည့် တစ်ယောက်တည်းသော လူမှာ ဖုန်းရွှေသံလိုက်နှင့် လူငယ်ဖြစ်သည်။ သူက ကျိုးဟုန်နှင့် အခြားသူများ တုံ့ပြန်ပုံကို မြင်ရသော်လည်း သူသည် ဤ မန္တန်ဝင်္ကပါကို နတ်အဆင့်အောက်ရှိ မည်သူမှ ဖျက်စီးနိုင်မည်မဟုတ်ကြောင်း ယုံကြည်ချက် အပြည့်ရှိနေသည်။

" ဒီ မလောက်လေးမလောက်စား ပိုင်ဟောက်က အင်ပါယာ မျိုးနွယ်စု ရဲ့ လျှို့ဝှက် မန္တန်ဝင်္ကပါကို ဘယ်လိုလုပ် ဖျက်စီးနိုင်မှာလဲ "

အမှန်တကယ်တော့ ကျိုးဟုန်နှင့် အခြားသူများပင်လျှင် ပိုင်ရှောင်ချန်း၏ ထာဝရဧကရာဇ်လက်သီးက ယခင်က သူတို့ ကြုံတွေ့ခဲ့ရသည်ထက် များစွာ သာလွန်နေကြောင်း မသိကြပေ။

ဝိညာဥ်ရေနွေးအိုးထဲမှာရှိစဥ်က ပိုင်ရှောင်ချန်းသည် လက်သီးချက်ကို အားဖြည့်နိုင်ရန် သူ၏ အပြင်အားခန္ဓာကိုယ် စွမ်းအားအလုံးစုံကို သုံးခဲ့ရသည်။ သို့သော် ယခုတွင် သူက ရောစပ်အရိုး၏ နဝမမြောက် အဆင့်သို့ရောက်နေပြီဖြစ်ရာ သူ၏ ထာဝရဧကရာဇ်လက်သီးသည် အပြင်အားခန္ဓာကိုယ်စွမ်းအား၏ နှစ်ဆကို ထုတ်ဖော်နိုင်ပြီ ဖြစ်သည်။

ယခင်က ပမာဏမှာ အံသြတုန်လှုပ်ဖွယ် ကောင်းခဲ့သော်လည်း နှစ်ဆဆိုသည်မှာ ပိုင်ရှောင်ချန်းပင် သေချာမသိသည့် အစွမ်းဖြစ်သည်။ သူသိသမျှမှာ ၄င်းကြောင့် သခင်မလေးဟုန်ချိန်ပင် ဒဏ်ရာရသွားနိုင်ပေသည်။

ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ လုံးဝအသက်မဲ့နေဟန်တူပြီး သူ၏ ခန္ဓာကိုယ်သည် ခြောက်ကပ်နေသော သစ်ပင်တစ်ပင် အလား။ သို့သော် ထိုအခိုက်အတန့်တွင် သူက လက်သီးဆုပ်လိုက်သည်။

လက်သီးပတ်လည်တွင် တွင်းနက်ကြီးကဲ့သို့ အနက်ရောက်လေဆင်နှာမောင်းကြီးတစ်ခုပေါ်လာတော့သည်။ ပတ်ဝန်းကျင်တစ်ခုလုံး ပုံပျက်ရှုံ့တွလာပြီး လာနေသော ဓားအလင်းတန်းများမှာ လိမ်ဖယ်ကွေးကောက်သွားသည်။

တွင်းနက်ကြီးထံမှ ထူးဆန်းသော ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ၄င်းက မန္တန်ဝင်္ကပါကို ဖြတ်၍ ပျံ့နှံ့လာသည်တွင် အထဲရှိ လူများမှာ သေစေနိုင်သော အန္တရာယ်ကြီးကို အာရုံရလိုက်ကြရာ ကြောက်လန့်မှုများဖြင့် ရင်တဒိန်းဒိန်းခုန်သွားတော့သည်။

ဖုန်းရွှေသံလိုက်အိမ်မြှောင်နှင့် လူငယ်မှာ သိသာစွာ တုန်လှုပ်သွားပြီး ဖုန်းရွှေသံလိုက်အိမ်မြှောင်မှာမူ ပြင်းပြင်းထန်ထန် တုန်ခါသွားတော့သည်။

" မဖြစ်နိုင်ဘူး"

သူက အော်လိုက်သည်။ သူ၏ ရန်သူသည် လက်သီးကို ဆုပ်လိုက်ရုံသာ ရှိသေးသည် မဟုတ်ပါလော။

All Chapters