နတ်အဆင့်လက်သီးချက်
Vol. 8 Ch. 752
ဖုန်းရွှေသံလိုက်နှင့် လူငယ်၊ ကျိုးဟုန်နှင့် မရေမတွက်နိုင်သော လက်ရွေးစင်များ အလန့်တကြားထအော်လိုက်ကြချိန်တွင် မန္တန်ဝင်္ကပါထဲ၌ ပြင်းထန်ကြမ်းတမ်းသော လေပြင်းများ အဆက်မပြတ် တိုက်ခတ်လာသည်။
အင်ပါယာ သရဖူဆောင်းထားပြီး အင်ပါယာဝတ်ရုံများကို ဝတ်ဆင်ထားသည့် ကြီးမားသော အရိပ်သဏ္ဍာန် ပုံရိပ်ကြီးတစ်ခုပေါ်လာ၏။ အမှန်တကယ်တော့ ပိုင်ရှောင်ချန်း၏ မျက်နှာဖုံးကျေးဇူးကြောင့် ယင်းပုံရိပ်ကြီးက မန္တန်ဝင်္ကပါအထဲရှိ လူများအတွက်တော့ ကွဲပြားခြားနားနေသည်။။ သို့သော် ၄င်းမှထုတ်လွှတ်နေသည့် ကြမ်းတမ်းသော လေပြင်းများ တိုက်ခတ်နေဆဲဖြစ်ပြီး ကျိုးဒုံရှန်နှင့် အခြားသူများ၏ ခေါင်းများ ချာချာလည်သွားတော့သည်။
ပင့်သက်ရှိုက်သံများ ဟိုတစ သည်တစ ကြားလာရ၏။ အရိပ်သဖွယ်ပုံရိပ်ကြီး၏ အရှေ့တွင် ပုရွက်ဆိတ်များပမာ လုံးဝ စွမ်းအားကင်းမဲ့သွားသည့်အလား လူအားလုံး ခံစားလိုက်ရသည်။
အားလုံးအနက် ကျိုးဟုန်မှာ သိသိသာသာ ခံစားလိုက်ရသူဖြစ်သည်။ ဝိညာဥ်ရေနွေးအိုးထဲမှာ ပိုင်ရှောင်ချန်း၏ ထာဝရဧကရာဇ်လက်သီးကို သူ ရင်ဆိုင်ခဲ့ဖူး၍ အနှီအရိပ်သဖွယ် ပုံရိပ်ကြီးသည် ယခင်ကထက် များစွာပို၍ အံသြတုန်လှုပ်ဖွယ်ကောင်းကြောင်း ချက်ချင်း သိလိုက်သည်။
၄င်းသည် ပို၍ အကောင်အထည်ရှိလာရုံသာမက ပို၍ ပြင်းထန်လာသည်။ အမှန်တကယ်ဆိုရလျှင် ဝိညာဥ်ရေနွေးအိုးထဲတွင် သူရင်ဆိုင်ခဲ့ရသည်နှင့် ယခုက နှိုင်းယှဥ်၍ပင်မရချေ။
" ဒါ၊ ဒါကြီးက "
ကျိုးဟုန်မှာ တစ်ကိုယ်လုံး တုန်ရီနေပြီး မန္တန်ဝင်္ကပါကို စွမ်းအားဖြည့်ပေးနေသော အခြားသူများမှာလည်း အလားတူပင်။ သူတို့၏ နှလုံးသားများထဲမှ နက်ရှိုင်းသော သတိပေးသံများနှင့် ကြောက်ရွံထိတ်လန့်မှုများ မြင့်တက်လာသည်။
ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းက ရုတ်တရက် မော့လိုက်ရာ ခံစားချက်ကင်းမဲ့နေသော သူ၏မျက်နှာကို အထင်းသား ထွက်ပေါ်လာသည်။ ထို့နောက် သူက သူ့ရှေ့ရှိ မြူမှုန်များအပေါ်သို့ ပြင်းထန်သော လက်သီးတစ်လုံးဖြင့် ထိုးနှက်ချလိိုက်သည်။
ပိုင်ရှောင်ချန်း၏ရင်ထဲတွင် စကားတစ်ခွန်းကို ရေရွတ်နေ၏။
" ထာဝရ ဧကရာဇ် လက်သီး "
ဝုန်းးးး
ဧရာမ အရိပ် ဧကရာဇ်ကြီးကလည်း သူ၏ လက်သီးကို ထိုးချလိုက်သည်။ အမှန်တကယ်တော့ အတန်ငယ်ဝေးသောနေရာမှကြည့်လျှင် ပိုင်ရှောင်ချန်းကိုပင် မမြင်နိုင်ပေ။ တစ်ခုတည်းသော မြင်ရသည့်အရာမှာ စံတင်လောက်သော အထင်သေးခြင်းများဖြင့် ငုံကြည့်ရင်း လက်သီးချက်ကို ထုတ်လွှတ်လိုက်သော အရိပ်ဧကရာဇ်ကြီးဖြစ်သည်။
စကားလုံးများနှင့်ပင် ဖော်ပြခြင်းငှာ မစွမ်းသာနိုင်သော ပြင်းထန်သည့် စွမ်းအင်များ ထွက်ပေါ်လာသည်။ ကျိုးဒုံရှန်အတွက် ၄င်းသည် နတ်ဘုရားအစစ် ဆင်းသက်လာသည့်အလား ဖြစ်နေတော့သည်။ လေပြင်းမုန်တိုင်းများ တိုက်ခတ်လာပြီး ကောင်းကင်ဘုံနှင့် သက်ဆိုင်နေသည့် စိတ်ဆန္ဒကဲ့သို့သော စွမ်းအားကြီးသော စိတ်ဆန္ဒတစ်ခု မြင့်တက်လာသည်။
" န… နတ် "
သူက ကြက်သေသေနေလျက် ရေရွတ်လိုက်သည်။ ရှိသမျှ လူတိုင်းမှာ ရင်ဘတ်ထဲမှ နှလုံးသားများ ခုန်ထွက်တော့မည့်အလား ခံစားလိုက်ရသည်။ မန္တန်ဝင်္ကပါထံမှ အက်ကွဲသံများနှင့် အတူ ပြင်းထန်ကျယ်လောင်သော ထစ်ခြုန်းသံများ ပံတင်ထပ်သွားလေသည်။ ကျိုးဟုန်အပါအဝင် မန္တန်ဝင်္ကပါကို စွမ်းအားဖြည့်တင်းပေးနေသော လူတိုင်းမှာ သူတို့ခန္ဓာပေါ်တွင် ဝတ်ဆင်ထားသော သံချပ်ကာများ ကြေမွပျက်စီးလာသည်ကိုသာ ကြည့်နေရတော့သည်။
တောင်တန်းများ ပြိုလဲ၍ ပင်လယ်တို့ ခမ်းခြောက်သွားစေသော အားကြီးတစ်ခုက သူတို့ကို ခပ်ပြင်းပြင်းဝင်ဆောင့်လိုက်ရာ သူတို့မှာ တန်ပြန်တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိတော့ဘဲ လှိုင်းထန်သောပင်လယ်ထဲက လှေငယ်လေးများအလားခံစားလိုက်ရတော့သည်။
ဝိညာဥ်ကျင့်ကြံသူတစ်ယောက်၏ စူးရှတောက်ပသော သံချပ်ကာမှာ အစိတ်စိတ်အမြွှာမြွှာကွဲကြေသွားသည့်အတွက် သူ့မှာ ခုခံနိုင်စွမ်း လုံးလုံးမရှိတော့ချေ။ ထို့နောက် မချိမဆံ့အော်ဟစ်သံတစ်သံ ထွက်ပေါ်လာ၏။ ယင်းမှာ သူ့ကို တောင်တစ်လုံံးဖြင့် ရိုက်နှက်ခြင်းခံလိုက်ရသည်အလား။ သူက မြေကြီးနှင့် မိတ်ဆက်သွားသဖြင့် သူ့ပါးစပ်မှ သွေးများပန်းထွက်ကာ သတိလစ်သွားတော့သည်။
ပိုင်ရှောင်ချန်း အသုံးပြုလိုက်သည့် အားအပြင် သူတို့မှာ မန္တန်ဝင်္ကပါမှ တန်ပြန်သက်ရောက်မှုကိုလည်း ခံစားရသည်ဖြစ်ရာ ဒဏ်ရာပေါ် ဒဏ်ရာဆင့်၍ တင်းခံထားရန် အလွန်ခက်ခဲလှသည် မဟုတ်ပါလော။
မကြာမီ ဒုတိယတစ်ယောက်သည်လည်း အလားတူဖြစ်ပျက်သွားသည်။ ထို့နောက် သုံးယောက်မြောက်၊ လေးယောက်မြောက်.. ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ့်နှစ်ယောက်မြောက် လက်ရွေးစင်တစ်ယောက်ကို ထိမှန်သွားပြီးနောက် ဆယ့်ငါးယောက်မြောက်။ ဆယ့်ရှစ်ယောက်မြောက်။ မန္တန်ဝင်္ကပါကို အားဖြည့်ပေးနေခဲ့သည့် လူတစ်ရာကျော်မှာ တစ်ယောက်ပြီးတစ်ယောက် မြေကြီးနှင့် မိတ်ဆက်သွားရာ ချီများ၊ သွေးများ ပရမ်းပတာဖြစ်သွားပြီး အတွင်းအင်္ဂါများ ပျက်စီးသွားသဖြင့် မချိမဆံအော်ဟစ်နေကြတော့သည်။
အများစုမှာ အားသက်ရောက်မှုကြောင့် သူတို့၏ ကျင့်ကြံခြင်းအခြေခံများကို ဆုံးရှုံးလုနီးပါးဖြစ်သွားကြသည်။ အကုန်လုံးမှာ ဒဏ်ရာအပြင်းအထန်ရသွားပြီး အသက်ရှုမှားသွားကြတော့သည်။
ထိုအထဲတွင် ကျိုးဟုန်လည်း ပါသည်။ သူက အခြားလူအများစုထက် အတော်ကြာတောင်ခံထားသည့်တိုင် နောက်ဆုံးတွင် သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး နောက်သို့ လွင့်ထွက်သွားတော့သည်။ မန္တန်ဝင်္ကပါကား.... လုံးဝ ပျက်စီးသွားလေပြီ။
ဖုန်းရွှေသံလိုက်မှာ ကြေမွပျက်စီးသွားသည့်အတွက် ၄င်းကိုကိုင်ထားသည့် လူငယ်ထံသို့ တန်ပြန်တိုက်ခိုက်လိုက်ရာ သိသာစွာ အသက်အရွယ်အိုမင်းသွားလေသည်။ သူ၏ ဆံပင်များ ဖြူဆွတ်သွားပြီး သူ့ပါးစပ်မှ အတွင်းအင်္ဂါအစအနများပြည့်နေသည့် သွေးများ ပန်းထွက်လာတော့သည်။ သူက မန္တန်ဝင်္ကပါကို ထိန်းချုပ်နေခဲ့သည် ဖြစ်ရာ အခြားလူများထက် ပို၍ကြီးမားသော တန်ပြန်သက်ရောက်မှုကို ခံလိုက်ရလေသည်။ သူက သူ၏ အသက်ဓာတ်ကို မန္တန်ဝင်္ကပါထဲ ထည့်၍ တည်ငြိမ်အောင်ကြိုးစားခဲ့သော်လည်း ကျရှုံးသွားခဲ့သည်။ အချိန်အနည်းငယ်ကြာသော် သွေးပျက်ဖွယ်အော်သံနက်ကြီး ကြားလိုက်ရပြီး သူက ပေါက်ကွဲထွက်သွားကာ ခန္ဓာကိုယ်သာမက ဝိညာဥ်ပါ ဇီဝိန်ချုပ်ခံလိုက်ရတော့သည်။
ပိုင်ရှောင်ချန်းက ရှေ့တစ်လှမ်းတက်လိုက်သည့်အတွက် ပျက်စီးသွားသော မန္တန်ဝင်္ကပါဆီမှ လေပြင်းများ ထွက်ပေါ်လာကာ အရပ်မျက်နှာတစ်ခွင်လုံးကို လှဲကျင်းတိုက်ခတ်သွားလေသည်။
သူ၏ ဆံပင်များသည် လုံးဝရှုပ်ပွနေပြီး သူ့ကို ဝန်းရံထားသောလေထု ပျောက်ကွယ်သွားလေပြီ။ စောစောက အခိုက်အတန့်ကကဲ့သို့ သူက ကြောက်စရာမကောင်းသည့်တိုင်...ရှိသမျှလူတိုင်းအတွက် သူသည် မသေမျိုး မိစ္ဆာတစ်ကောင်အလား။
သူပေါ်လာသည့် အခိုက်အတန့်တွင် ကျိုးဒုံရှန်က အလန့်တကြားထအော်လိုက်ကာ တခဏလေးပင် ရပ်မနေရဲတော့သဖြင့် နောက်ပျံပြေးတော့သည်။ ထိုနေရာကို အပြေးအလွှားလာနေခဲ့ကြသည့် လက်ရွေးစင်များအားလုံး လူစုကွဲသွားလေပြီ။ အခုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းသည် သူတို့ရင်ဆိုင်ရန်အတွက် အလွန်တုန်လှုက်ခြောက်ခြားစရာ ကောင်းလွန်းလေသည်။
ပိုင်ရှောင်ချန်းက ထွက်ပြေးနေသော ကျိုးဒုံရှန်နှင့် အခြားလက်ရွေးစင်များကို လုံးဝလျစ်လျူရှုလိုက်လေသည်။ စောစောက လက်သီးချက်ကို အသုံးပြုခြင်းသည် သူ့ကို လုံးဝ အားနည်းသွားစေပြီး သူ၏ အပြင်အားကိုယ်စွမ်းအားကို ဘာမှမရှိတော့သည်အထိ ကုန်ခမ်းသွားစေသည်။ ကံကောင်းထောက်မစွာ သူ၏ ကျင့်ကြံခြင်းအခြေမှာ နေရာတကျရှိနေသေးရာ ၄င်းကို အသုံးပြု၍ သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်လိုက်လေသည်။ သို့မဟုတ်လျှင် သူ့မှာ လက်ကလေးတစ်ချောင်းပင် မနိုင်မည် မဟုတ်ပေ။
သူလှုပ်ရှားလိုက်စဥ်တွင် သူ၏ ကျင့်ကြံခြင်းအခြေကို လှည့်ပတ်လိုက်ကာ သူ၏ လက်သီးချက်ကြောင့် လွင့်ထွက်သွားသည့် လက်ရွေးစင်တစ်ရာကျော်အနက် အနီးဆုံးတစ်ယောက်ထံ ပျံသွားလိုက်သည်။ သူတို့အားလုံးသည် ဒဏ်ရာပြင်းထန်စွာ ရထားကြပြီး ပိုင်ရှောင်ချန်း၏ စွမ်းအားကြောင့် ကြက်သေသေနေကြလေသည်။ သူ၏လက်တစ်ချက်လေး ဝှေ့လိုက်သည်နှင့် သူက သူတို့အားလုံးကို အတူတကွ စုဝေးလိုက်ပြီး သူ့ရှေ့ရှိ မြေပေါ်သို့ လှဲသိပ်လိုက်သည် မဟုတ်ပါလော။
ယခုအချိန်တွင် သူ့မှာ အလွန့်အလွန် ပင်ပန်းနွမ်းနယ်နေ၏။ သူ၏ ကျင့်ကြံခြင်းအခြေ ဖြေလျှော့သွားကြောင်း ခံစားလိုက်ရသောအခါ သူ၏ အမြင်အာရုံတို့ ဝေဝါးသွားသဖြင့် သူက လျှာကိုကိုက်၍ ရှင်းလင်းပြတ်သားအောင် ထိန်းလိုက်သည်။ သူ့မှာ ဟောဟဲလှိုက်ရင်း လက်ရွေးစင်တစ်ရာကျော်ကို စိုက်ကြည့်လိုက်သည်။
" ထပ်ပြီး ထပ်ပြီး ထပ်ပြီးပဲ" သူက အက်ကွဲကွဲအသံဖြင့် ပြောလိုက်သည်။ " မင်းတို့ ကောင်တွေ တော်တော် တရားလွန်လာပြီ" လက်ရွေးစင်များမှာမူ သူကို ဖြူဆုပ်နေသော မျက်နှာများဖြင့် ပြန်လည်စူးစိုက်ကြည့်လိုက်ကြသည်။
ဤလူသည် မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် အလွန် အစွမ်းထက်လိမ့်မည်ဟု သူတို့ဘယ်တုန်းကမှ စိတ်ပင်မကူးဖူးခဲ့ပေ။ ယင်းကား မတန်မဆကြီးပင်။
"အဲဒါက ဘာ နတ်ဘုရားစွမ်းရည်တုံး။ သူက ယင်ယန်ဝိညာဥ်အဆင့်မှာလေ။ ဒီလို လျှို့ဝှက်မှော်သိုင်းကို ဘယ်လိုလုပ် သုံးနိုင်တာလဲ။ လက်သီးချက်ကြီးက ဘာကြီးတုန်းကွာ "
ကျိုးဟုန်မှာ စိတ်ထဲတွင် ကျိန်ဆဲနေသော်လည်း သူ့မျက်နှာမှာ သေလူကဲ့သို့ ဖြူဆုတ်နေသည်။ ဤပိုင်ဟောက်မှာ သူတို့နောက်ဆုံးအကြိမ် ထိပ်တိုက်တွေ့ခဲ့စဥ်ကထက် များစွာ ပို၍ သန်မာလာကာ သူက နောက်ကျကျန်ခဲ့ကြောင်း သဘောပေါက်လိုက်သဖြင့် ခါးသီးစွာ ခံစားနေရတော့သည်။
ထိုလက်သီးချက်သည် အိပ်မက်ဆိုးများ၏ အကြောင်းရင်းဖြစ်ခဲ့ပြီး ယခုတွင် ယခင်ကထက်ပင်ပို၍ မိစ္ဆာဆန်စွာ ကြောက်စရာကောင်းနေတော့သည်။
သူတစ်ယောက်တည်းသာ ထိုသို့ တုံ့ပြန်လိုက်ခြင်းမဟုတ်ပေ။ လူတိုင်းမှာ တုန်လှုပ်ခြောက်ခြားမှုများစွာဖြင့် ဦးခေါင်းခွံများကျိန်းစပ်လျက် ပိုင်ရှောင်ချန်းကို ကြည့်နေကြသည်။ လူအများစုအတွက် ဤသည်မှာ သတင်းများထွက်ပေါ်နေသည့် ပိုင်ဟောက်ကို ပထမဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်ရခြင်းဖြစ်သည်။ ဤအခိုက်အတန့်တွင် သူတို့သည် သူ၏ထင်ရှားကျော်ကြားသော အစွမ်းက ဟာသမဟုတ်ကြောင်း လုံးဝယုံကြည်လက်ခံသွားလေပြီ။ သူက လူသားတစ်ယောက်မှ ဟုတ်ပါလေစ။
လက်ရှိအချိန်တွင် ပိုင်ရှောင်ချန်းမှာ အသက်ရှူသံမှန်အောင် ထိန်းချုပ်နေသော်လည်း အခြားသူများအတွက် သူက မသေမျိုးမိစ္ဆာတစ်ကောင်က တားမြစ်ထားသော သမ္မာကျမ်းစာများကို သံပြိုင်ကြွေးကြော်လျက် သူတို့ကို ရဲရဲနီနေသော မျက်လုံးများဖြင့် စိန်းစိန်းဝါးဝါးကြည့်နေသည့်အလား။ သူက ကောင်းကင်ကြမ္မာဆေးလုံးကို ထုတ်လိုက်ပြီး သူ့ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ ၄င်း၏ အံဖွယ်ဆန်းကြယ်သော စွမ်းရည်များက သူ့၏ ကျင့်ကြံခြင်းအခြေခံကို ချက်ချင်းပင် ထိပ်ဆုံးပြန်ရောက်သွားစေပြီး သူ၏ ခန္ဓာကိုယ်ကို ကောင်းမွန်သော အနေအထားသို့ ရောက်သွားစေသည်။ ထို့နောက် သူက အသက်တစ်ချက်ရှူလိုက်ပြီး သူ၏ ထာဝရထီးနက်ကို မကာ အနီးဆုံးရှိ ကြောက်လန့်နေသော ဝိညာဥ်ကျင့်ကြံသူထံ လမ်းလျှောက်သွားလိုက်သည်။
ကျင့်ကြံသူထံသို့ ထီးနက်ကို စိုက်ပြီးနောက် သက်စောင့်အားများသည် သူ့ဆီ စီးဆင်းလာကာ သူ၏ အပြင်အားခန္ဓာကိုယ်ကို ပို၍ပင် ပြန်ကောင်းသွားစေသည်။ ဝိညာဥ်ကျင့်ကြံသူမှာ စူးစူးဝါးဝါးအော်လိုက်ပြီး ပိန်ချုံးခြောက်ကပ်လာသော်လည်း ကံကောင်းထောက်မစွာ ထာဝရဧကရာဇ်လက်သီးသုံးပြီးနောက် ပိုင်ရှောင်ချန်း၏ သတ်ဖြတ်လိုစိတ်များသည် များစွာ လျော့နည်းသွားခဲ့သည်။ ထို့ကြောင့် တခဏကြာသော် သူက ထာဝရထီးနက်ကို နုတ်ယူလိုက်ပြီး နောက်လက်ရွေးစင်ထံ သွားလိုက်သည်။
လူတိုင်းမှာ ထိတ်လန့်ကြောက်ရွံမှုများဖြင့် ဦးခေါင်းခွံများစပ်ဖျဥ်းဖျဥ်းဖြစ်လာပြီး ဝိညာဥ်ရေနွေးအိုးထဲတွင် မရှိခဲ့သူများသာမက ရှိခဲ့သည့် လူများလည်း ပါဝင်လေသည်။
" ကြည့် စကားပြောရအောင်လေနော် ပိုင်ဟောက်....မ... အအအအာာားးးး "
" ဒီလိုမလုပ်နဲ့လေ ပိုင်ဟောက်။ မင်း ငါ့ကို ဝိညာဥ်ရေနွေးအိုးထဲမှာ ခြောက်ကပ်နေအောင် စုပ်ယူပြီးပြီလေ။ မင်း လုပ်စရာမလို၊ ဟေးး.. မလုပ်နဲ့ အအားး...."
" မင်း ငါ့ကို တကယ်သတ်ရဲတယ်လား ပိုင်ဟောက် "
" အတင့်ရဲလိုက်တာ။ ငါ့မျိုးနွယ်စုခေါင်းဆောင်ကြီးက ကောင်းကင်နယ်စားနော်။ ဒါက ဝိညာဥ်ရေနွေးအိုးမဟုတ်ဘူး ပိုင်ဟောက်။ ဒါက ဗဟိုဧကရာဇ်မြို့တော်"
တောင်းဆိုခယသံများ ၊ ခြိမ်းခြောက်သံများ အစရှိသည့် စကားသံမျိုးစုံကို ကြားနိုင်သည်။ အနီးနားရှိ ဆိုင်များက လူများသည်လည်း ဖြစ်ပျက်နေသည်များကို ချောင်းကြည့်လိုက်ချိန်တွင် ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာတော့သည်။ သို့သော် တစ်ယောက်မှ အပြင်ထွက်မကြည့်ရဲခဲ့ကြသော်လည်း ယခု သူတို့ကြည့်ရဲကြသည်တွင် အံသြတုန်လှုပ်ဖွယ် မြင်ကွင်းကြီးနှင့် အကြည့်ချင်းဆုံသွားတော့သည်။
အမှန်တကယ်တော့ သူက လက်ဖျားခါလောက်အောင် စွမ်းအားကြီးလှသည်မဟုတ်ပေ။ ဝိညာဥ်ကျင့်ကြံသူပေါင်းများစွာ ရှိသည့် တစ်ဖွဲ့လုံးသာ သူ့ကို တစ်ပြိုင်နက်တည်းတိုက်ခိုက်ခဲ့ပါက သူ့မှာ ဒဏ်ရာအပြင်းအထန်ရလျှင်ရ၊ မဟုတ်လျှင် အသတ်ပင် ခံရမည်ဖြစ်သည်။ သို့သော် သူတို့က အဖွဲ့သုံးဖွဲ့ခွဲ၍လာခဲ့ပြီး ကျိုးဒုံရှန်ကဲ့သို့ လူအချို့မှာ ထွက်ပြေးရန် ရွေးချယ်လိုက်ကြသည့်အတွက် သူက သူတို့ကို ပယ်ပယ်နယ်နယ် အနိုင်ယူလိုက်နိုင်ခြင်းဖြစ်ပေသည်။