← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

အပိုင်း (၁) မြောက်ဖက်အရပ်ဆီသို့ လှေဖြင့် ခရီးနှင်ခြင်း

"ဟယ်... နင့်ပါးစပ်က အနာပေါက်နေတဲ့ သူခိုးမ၊ အရင်တုန်းကတော့ ရောဂါသည်လိုလို ဘာလိုလိုနဲ့ အခုကျမှ ငါ့ကို ပြန်ကိုက်တယ်ပေါ့လေ"

"ငါ့သားက ရှို့ချိုင်ဘွဲ့ ရပြီးပြီ၊ နင့်လို စီးပွားရေးသမားမျိုးရိုးက ဆင်းသက်လာတဲ့ မိန်းမကို ကွာရှင်းပြီး အိမ်ပြန်ဖို့ ခရီးစရိတ်တောင် ပေးလိုက်သေးတယ်၊ ဒါ ငါတို့ဖက်က တော်တော်လေး လိုက်လျောပေးထားပြီးပြီနော်၊ နင်က ငါအသက်ကြီးပြီဆိုပြီး အနိုင်ကျင့်တယ်၊ လက်တုံ့ပြန်တယ်ပေါ့၊ ကြည့်စမ်းပါဦး... ငါ့အိမ်ထဲမှာလည်း အကုန်လုံး ရစရာမရှိအောင်ကို ပျက်စီးကုန်ပြီ၊ ပိုက်ဆံတွေ ပြန်ပေးစမ်း၊ နင်က ဥမဥနိုင်တဲ့ ကြက်မ... ကျက်သရေမရှိလိုက်တာ၊ ထွီ"

"နင့်လို တောသူမဆီက ပါလာတဲ့ မင်္ဂလာလက်ဖွဲ့ပစ္စည်း သေတ္တာအစုတ်ကြီးတွေ၊ သစ်သားပုံးအဆွေးတွေကို ငါက မျက်လုံးထဲတောင် ထည့်မကြည့်ဘူးဟေ့၊ အခုချက်ချင်း အကုန်သယ်သွားစမ်း၊ မဟုတ်ရင် ငါလူခေါ်ပြီး ဒီအမှိုက်တွေကို လွှင့်ပစ်ခိုင်းလိုက်မယ်"

နူးညံ့သိမ်မွေ့ပြီး နွေးထွေးသော နွေဦးရောင်ခြည်သည် လေပြည်တွင် ယိမ်းနွဲ့နေသည့် မိုးမခပင်၏ သစ်ကိုင်းဖျားများမှတစ်ဆင့် ဖြာကျနေ၏။ ချင်ဟွိုင်မြစ်ကမ်းဘေးရှိ တောပန်းသစ်ပင်များသည်လည်း နွေဦးလေပြေကြောင့် ပွင့်လန်းနေကြပြီး သာယာကြည်နူးဖွယ်ကောင်းသည့် အချိန်အခါလေး ဖြစ်လေသည်။

သို့သော် ဝန်းကျင်ရှိ လူအများသည် ထိုသာယာလှပသည့် ရှုခင်းကို ခံစားကြည့်ရှုလိုစိတ် မရှိကြပေ။ ကျဉ်းမြောင်းသည့် လမ်းကြားထိပ်တွင် အုံခဲနေသော လူအုပ်ကြီးက အသက်ကြီးကြီး အမျိုးသမီးကြီးတစ်ဦး၏ ဒေါသတကြီး ဆဲဆိုအော်ဟစ်သံများနှင့်အတူ လူအုပ်ကြားမှ အတင်းတိုးထွက်လာသည့် ပစ္စည်းအပြည့်တင်ထားသော မြည်းလှည်းတစ်စီးကို စိတ်ဝင်တစား ကြည့်ရှုနေကြသည်။

ရှန်မြောင်သည် အပြာရောင်အထုပ်လေးကို လက်မောင်းတွင် ချိတ်လျက် မြည်းလှည်းပေါ်တွင် ထိုင်လိုက်ပြီးနောက် သူမနောက်မှ လိုက်ပါဆဲဆိုနေသည့် အသံများကို ကြားလိုက်ရ၏။ သူမသည် လာရောက်ကြည့်ရှုသူ များပြားလာသည်ကို မြင်လိုက်ရသည့်အခါ ပဝါတစ်ထည်ကို ချက်ချင်း ထုတ်ယူလိုက်ပြီး သူမ၏မက်မွန်ပွင့်သဏ္ဌာန် မျက်ဝန်းအိမ်မှ မျက်ရည်များ တသွင်သွင် စီးကျလာအောင် ဟန်ဆောင်လိုက်တော့သည်။

မူလခန္ဓာပိုင်ရှင်သည် သနားစဖွယ်ကောင်းသော ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထားပြီး ဖျားနာရာမှ ပြန်လည်သက်သာစ ဖြစ်သောကြောင့် လေတိုက်လျှင်ပင် လဲကျသွားနိုင်မည့် ပုံစံမျိုးဖြင့် ပိုလို့ပင် သနားကရုဏာ သက်စရာ ကောင်းနေလေသည်။

စပ်စုလို၍ ရောက်ရှိလာကြသည့် လမ်းသွားလမ်းလာများသည် သူမ၏ ဆေးကြောထားသဖြင့် အရောင်လွင့်နေသည့် ရိုးရှင်းသော အပေါ်ဝတ်ရုံ၊ ခေါင်းပေါ်တွင် ပတ်ထားသည့် အပြာရောင် ပန်းပွင့်ပုံ အဝတ်ခေါင်းစည်းနှင့် သစ်သားဆံထိုး တစ်ချောင်းတည်းသာ ပါရှိသည့် ပုံစံကို မြင်တွေ့လိုက်ရ၏။ ပါးလွှာဖြူဖျော့နေသည့် ပါးပြင်ပေါ်သို့ ဆံနွယ်စအချို့ ဝဲကျနေပြီး မျက်ရည်များ တသွင်သွင် စီးကျနေသော်လည်း ထိုအမျိုးသမီးကြီး၏ ဆဲဆိုမှုကို တစ်ခွန်းမှ ပြန်မပြောရဲဘဲ တစ်ကိုယ်လုံး တုန်ရီနေသည်ကို တွေ့လိုက်ရသောအခါ အားလုံးက သနားမိသွားကြသည်။ စပ်စုတတ်သူ တစ်ယောက်က ထိုနေရာတွင် နေထိုင်သည့် အိမ်နီးချင်းတစ်ယောက်ကို မေးမြန်းလိုက်၏။ "ကြည့်ရတာ ဒီမိန်းကလေးက ရိုးရိုးသားသားလေးပါ၊ ဘာတွေဖြစ်ကုန်ကြတာလဲ"

အိမ်နီးချင်းဖြစ်သူက လက်ထဲတွင် နေကြာစေ့တစ်ဆုပ်ကို ကိုင်လျက် အမေးရှိလာသည်နှင့် မျက်ခုံးပင့် မျက်လုံးပြူးဖြင့် ချက်ချင်း ပြောပြတော့သည်။

"ရှင်မသိသေးလို့ပါရှင်၊ ဒီ ရုံအဒေါ်ကြီးက မုဆိုးမလေ၊ သူ့မှာ စာသင်နေတဲ့ သားတစ်ယောက်ပဲ ရှိတယ်၊ အခုပဲ ရှို့ချိုင်ဘွဲ့ ရသွားတော့ အရင်က ယူထားတဲ့ ချွေးမဖြစ်သူ ရှန်မျိုးနွယ် ဇနီးသည်ကို အထင်မကြီးတော့ဘူးလေ၊ ရှန်ရှီက မိဘနှစ်ပါးလုံး မရှိတော့တဲ့အပြင် ကျန်းမာရေးကလည်း မကောင်း၊ သားသမီးရမယ့် ကံပါမလာဘူးဆိုပြီး အမြဲတမ်း နှိပ်စက်နေကျ၊ အခု ရုံသာ့လန် ပညာသင်သွားနေတုန်း သူ့သဘောနဲ့သူ ကွာရှင်းပစ်လိုက်တာလေ၊ ရှန်ရှီခမျာ အရင်ကတော့ ခေါင်းငုံ့ခံနေရှာတာ၊ ကွာရှင်းခံရမယ်မှန်း သိရော တစ်နေ့လုံး ငိုယိုတောင်းပန်နေရှာတယ်၊ လွန်ခဲ့တဲ့ ရက်ပိုင်းက အကြီးအကျယ် နေမကောင်းဖြစ်တာတောင် ရုံအဒေါ်ကြီးက သမားတော် မခေါ်ပေးဘူး၊ သေသွားရင် အေးရောဆိုတဲ့ သဘောလေ၊ ဒါပေမဲ့ ဘယ်သူထင်မှာလဲ... ရှန်ရှီက အသက်ပြင်းတယ်၊ ပြန်ကောင်းလာတယ်ရှင့်၊ ဟင်း ဟင်း... ဘာဆက်ဖြစ်တယ်လို့ ရှင် ထင်လဲ"

ထိုအိမ်နီးချင်းသည် တံတွေးများ စင်ထွက်မတတ် ပြောနေပြီး မေးမြန်းသူ၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ ဆက်လက် ပြောဆိုလေသည်။

"ဒီရှန်ရှီက သေမင်းဆီကနေ ပြန်လွတ်လာတော့ အသိဉာဏ် ပွင့်သွားတယ် ထင်ပါရဲ့၊ မငိုတော့သလို တောင်းလည်း မတောင်းပန်တော့ဘူး၊ ဘာမှ မပြောဘဲ ငြိမ်ငြိမ်လေး နေပြီး အားပြန်မွေးနေတာ၊ လမ်းလျှောက်နိုင်ပြီ ဆိုတာနဲ့ ရုံအဒေါ်ကြီး မသိအောင် ရှေ့နေတစ်ယောက် သွားငှားပြီး သူ့မင်္ဂလာလက်ဖွဲ့ပစ္စည်းတွေကို ပြန်ယူမယ်လို့ လုပ်ပါလေရော၊ ရုံအဒေါ်ကြီးလို ကပ်စေးနဲတဲ့လူက ဘယ်ပေးချင်ပါ့မလဲ၊ သောင်းကျန်းမယ် လုပ်တုန်း ရှိသေး... ရှန်ရှီက အရင်ဦးအောင် ကြမ်းပြင်ပေါ် လှိမ့်ငိုပြီး အော်ဟစ်တော့တာပဲ၊ ငိုရင်းနဲ့ ရုံမိသားစုရဲ့ အိုးခွက်ပန်းကန်တွေကို ရိုက်ခွဲပစ်လိုက်တာ အကုန်ကွဲကုန်ရော"

ရုံအဒေါ်ကြီးသည် ရိုင်းစိုင်းကြမ်းတမ်းသည့်အပြင် အိမ်နီးချင်းများအပေါ် အမြဲတမ်း အခွင့်အရေးယူတတ်သူ ဖြစ်သောကြောင့် လမ်းကြားထဲတွင် နာမည်ကောင်း မရှိပေ။ ယခု ရုံမိသားစုအကြောင်း ပြောကြသည်နှင့် လူတိုင်းက ဝင်ရောက်ပြောဆိုချင်နေကြသည်။ တစ်စုံတစ်ယောက်က ပါးစပ်အုပ် ရယ်မောရင်း ဝင်ပြောလိုက်၏။

"ရုံအဒေါ်ကြီးက ရှန်ရှီ အိမ်ထောင်သက် ၃ နှစ်အတွင်း ကလေးမမွေးပေးလို့ ကွာရှင်းတယ်ဆိုတာ ရယ်စရာကြီး၊ ရုံသာ့လန်က မင်ကျိုးကျောင်းတော်မှာ စာသွားသင်နေတာ တစ်နှစ်နေလို့ တစ်ခါတောင် ပြန်မလာဘူး၊ နှစ်ကုန်လို့ ပြန်လာတဲ့ တစ်ရက် နှစ်ရက်မှာလည်း ရုံအဒေါ်ကြီးက သူ့သားနားက မခွာဘူး၊ လင်မယားနှစ်ယောက်ကို အခန်းခွဲ အိပ်ခိုင်းတာလေ၊ ကျွန်မတို့ ထင်တာတော့ ရှန်ရှီက အပျိုစင်ပဲ ရှိဦးမယ်"

နောက်တစ်ယောက်ကလည်း ခေါင်းခါလျက် ဝင်ပြောပြန်သည်။

"ဒါတင် ဘယ်ကမလဲ၊ ရုံသာ့လန် စာသင်ဖို့ ကုန်ကျစရိတ်တွေက ရှန်ရှီရဲ့ လက်ဖွဲ့ပစ္စည်းတွေထဲက သုံးထားတာလေ၊ အခု ရုံသာ့လန်က ရှို့ချိုင်ဘွဲ့ ရလာတော့ ဇနီးသည်ကို ကွာရှင်းတယ်၊ လက်ဖွဲ့ပစ္စည်းတွေကိုလည်း ပြန်မပေးချင်ဘူး၊ အဲ့ဒါကြောင့် ရှန်ရှီ ငှားလာတဲ့ ရှေ့နေအဘိုးကြီးက စကားပြောကောင်းပြီး ဥပဒေနားလည်တော့ ကျန်တဲ့ လက်ဖွဲ့ပစ္စည်းတွေကို ပြန်တောင်းပေးလိုက်တာ၊ မဟုတ်ရင် ဒီယောက္ခမဆိုးကြီးက ဒီလောက် ဒေါသထွက်ပါ့မလား"

"ဪ... ဒီလိုကိုး၊ သနားစရာ ကောင်းလိုက်တာ"

မေးမြန်းသူသည် တဖြည်းဖြည်း ဝေးကွာသွားသော မြည်းလှည်းကို ကြည့်ရင်း ခေါင်းညိတ်လိုက်ပြီး လမ်းထိပ်တွင် ခါးထောက် ဆဲဆိုနေဆဲဖြစ်သည့် ဝဖြိုးဖြိုး အမျိုးသမီးကြီးကို ရွံရှာစွာ ကြည့်လိုက်လေသည်။

ရှန်မြောင်သည် ဆူညံသံများကို ကျောခိုင်းထားခဲ့ပြီ ဖြစ်သည်။ ထိုလမ်းကြားမှ ထွက်လာပြီးနောက် သူမသည် မြည်းလှည်းပေါ်တွင် မှီထိုင်လိုက်ပြီး သူမ၏ နက်မှောင်ဝိုင်းစက်နေသော မျက်လုံးများထဲတွင် မျက်ရည်စများ မရှိတော့ပေ။ သူမသည် ဖျားနာထားသဖြင့် အနည်းငယ် ဖြူဖျော့နေသော မျက်နှာလေးကို ဘေးသို့ လှည့်လိုက်ပြီး ချင်ဟွိုင်မြစ်ပြင်ပေါ်တွင် တီးမှုတ်ကပြနေကြသည့် ပန်းလှေများကို ငေးမောကြည့်ရှုနေလိုက်သည်။ မြစ်ကမ်းတစ်ဖက်တစ်ချက်စီမှ မိုးမခပင်၏ သစ်ကိုင်းအနွယ်များသည် ရေပြင်ပေါ်သို့ တွဲလောင်းကျနေပြီး ကမ်းပါးပေါ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ဧည့်သည်များဖြင့် ပြည့်နှက်ကာ စည်ကားသိုက်မြိုက်နေလေသည်။

ဒါကို နောက်ဆုံးအနေနဲ့ ကြည့်လိုက်တာပါပဲ၊ ဒါက မူလခန္ဓာပိုင်ရှင် သူ့တစ်ဘဝလုံး ပုံအောခဲ့တဲ့ နေရာပဲကိုး။

"ရှန်မိန်းကလေး... နန်ကျင်းကူးတို့ဆိပ် ရောက်တော့မယ်ဗျ၊ လှည်းပေါ်မှာပဲ ထိုင်နေနော်၊ ကျွန်တော် ပစ္စည်းသယ်ဖို့ အလုပ်သမား သွားရှာပေးမယ်" မြည်းလှည်းမောင်းသူက ပြောရင်း သန်မာသော မြည်းကို ရပ်တန့်လိုက်သည်။

ရုံအဒေါ်ကြီးကဲ့သို့ ချွေးမဖြစ်သူ၏ ပိုင်ဆိုင်မှုကို မောင်ပိုင်စီးပြီး မိသားစုမရှိသော မိန်းကလေးကို အနိုင်ကျင့်သည့် ယောက္ခမမျိုးသည် ချန်ကျူးသီအိုရီ သိပ်မထွန်းကားသေးသော စုန့်ခေတ်တွင် အလွန်ရှားပါးလှသည်။ ယနေ့နံနက်မှ ငှားရမ်းလာသော ဤလှည်းမောင်းသမားသည်လည်း သူမ၏ သနားစရာကောင်းသော အကြောင်းအရာများကို ကြားသိခဲ့ရသဖြင့် သူမအပေါ် အလွန် သနားကရုဏာ သက်နေပြီး သူ့အလိုလိုပင် ကူညီပေးနေခြင်း ဖြစ်သည်။ ရှန်မြောင်သည် မျက်လုံးများ ကွေးညွှတ်သွားအောင် ပြုံးလိုက်ပြီး နူးညံ့စွာ ကျေးဇူးတင်စကား ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ်ရှင်"

"ရပါတယ်၊ မလိုပါဘူးဗျာ... မိန်းကလေးကလည်း သနားစရာ ကောင်းလွန်းလို့ပါ"

ရှန်မြောင်သည် ကျင်းလင်မြို့တွင် ကြာရှည်နေထိုင်ရန် အစီအစဉ် မရှိပေ။ ဤခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာကတည်းက သူမသည် မူလခန္ဓာရှင်၏ ခင်ပွန်းသည် မိသားစုထံမှ အမြန်ဆုံး ထွက်ခွာရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ထို ရုံမိသားစု ဆိုသည်မှာလည်း စွန့်ခွာရန် ခက်ခဲသည့် ရွှေဘုံငွေဘုံ မဟုတ်ဘဲ မီးတွင်းတစ်ခုသာ ဖြစ်လေသည်။

ထို့ကြောင့် ရုံမိသားစုက ကွာရှင်းလိုခြင်းသည် သူမ၏ ဆန္ဒနှင့် တစ်ထပ်တည်း ကျနေတော့သည်။ ရှန်မြောင်သည် ထင်းပုံကြားတွင် "ရောဂါအခြေအနေ ကြည့်နေသည့်" ရက်များအတွင်း မူလခန္ဓာရှင်၏ မှတ်ဉာဏ်များကို အကြိမ်ကြိမ် ပြန်လည် စိစစ်ကြည့်ရှုခဲ့ပြီးနောက် ဤခေတ်သည် သူမ သိရှိထားသည့် သမိုင်းထဲမှ စုန့်ခေတ်နှင့် အနည်းငယ် ကွဲပြားကြောင်း သိရှိလိုက်ရသည်။ စုန့်ထိုက်ဇူ(ဧကရာဇ်) လက်ထက်တွင် နန်းတော်မှ ငွေကြေးသုံးစွဲ၍ ယန်ယွင် ပြည်နယ် ၁၆ ခုကို ပြန်လည် ဝယ်ယူခဲ့ပြီး ထီးနန်းဆက်ခံမှုတွင်လည်း ညီအစ်ကိုစဉ်ဆက် မဟုတ်ဘဲ စုန့်ထိုက်ကျုံးသည် ကျောက်ခွမ်းရင်၏ မြေးအကြီးဆုံး ကျောက်ဝေကျန့် ဖြစ်လာခဲ့သည်။

ထို့ကြောင့် ဤစုန့်ခေတ်သည် စည်ပင်ဝပြောပြီး အင်အားတောင့်တင်းကာ ပြည်ပရန်များ ရှိနေသေးသော်လည်း ကျင်းခန်းခေတ်၏ အရှက်တရားနှင့် မန်ကျန်းဟုန်ကဲ့သို့ ဖြစ်ရပ်မျိုး မရှိပေ။ မူလခန္ဓာရှင်၏ မှတ်ဉာဏ်ထဲတွင် ကျင်းလင်မြို့သည် ကျန်းနန်ဒေသ၏ အစည်ကားဆုံး နေရာဖြစ်ပြီး ကုန်စည်ကူးသန်းရောင်းဝယ်မှု အလွန်ဖွံ့ဖြိုးသည်။ မြေယာအရောင်းအဝယ်နှင့် ငွေချေးလုပ်ငန်းများလည်း များပြားသောကြောင့် ကုန်သွယ်ရေး အငြင်းပွားမှုများလည်း များပြားလေ့ရှိသည်။ ကျင်းလင်မြို့တွင် ရှေ့နေအလုပ်သည် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များကဲ့သို့ပင် နေရာအနှံ့ တွေ့မြင်ရတတ်ပြီး တရားဥပဒေဆိုင်ရာ ပညာရပ်များကို သင်ကြားပေးသည့် "ရှေ့နေကျောင်း" များပင် ရှိလေသည်။ ထို့ကြောင့် ရှန်မြောင်သည် ရုံအဒေါ်ကြီး ဖဲဝိုင်းသွားနေခိုက် ရှေ့နေတစ်ယောက်ကို အလွယ်တကူ ငှားရမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် စုန့်ခေတ် ဥပဒေအရ အမျိုးသမီးတစ်ဦးသည် ကွာရှင်းခံရခြင်း ဖြစ်ပါက ကိုယ်တိုင် ကွာရှင်းခွင့်တောင်းခြင်း မဟုတ်သဖြင့် ပြစ်ဒဏ်ခံရခြင်း၊ ထောင်ကျခြင်းများ မရှိသည့်အပြင် မင်္ဂလာလက်ဖွဲ့ပစ္စည်းများကို ပြန်လည်တောင်းယူရာတွင်လည်း အပြစ်တင် ကဲ့ရဲ့ခံရမည် မဟုတ်ပေ။ လက်ဖွဲ့ပစ္စည်းများကို မတရား သိမ်းပိုက်ထားသည့် ယောက္ခမအိမ်သည်သာ လူအများ၏ ကဲ့ရဲ့ရှုံ့ချခြင်းကို ခံရမည်ဖြစ်ပြီး တရားရုံးသို့ ရောက်လျှင်လည်း ထိုကဲ့သို့ လောဘကြီးသူများကို ဘက်လိုက်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူမသည် မူလခန္ဓာရှင်ကဲ့သို့ မဟုတ်ဘဲ ရုံမိသားစုကို အထိနာအောင် လုပ်ခဲ့ခြင်း ဖြစ်သည်။

ရုံသာ့လန် ဆိုသူမှာ မိခင်၏ စကားကိုသာ နားထောင်ပြီး ဇနီးသည်ကို နှိပ်စက်ခွင့်ပြုထားသည့် ပျော့ညံ့သူ တစ်ယောက်သာ ဖြစ်သည်။ မူလခန္ဓာရှင်၏ မှတ်ဉာဏ်ထဲတွင် ထို ရုံသာ့လန်သည် သူ့အမေအခန်းထဲတွင် သွားအိပ်လေ့ ရှိသည်ဟုပင် မှတ်သားထားသည်။ အလုပ်လည်း မလုပ်၊ မူလခန္ဓာရှင်ကိုသာ မယူခဲ့လျှင် ထိုကဲ့သို့ သက်တောင့်သက်သာ နေနိုင်မည် မဟုတ်ပေ။ စုန့်ခေတ်တွင် သမီးမိန်းကလေးများကို လက်ဖွဲ့ပစ္စည်း အများအပြား ထည့်ပေးသည့် ဓလေ့ရှိသည်။ သာမန် ကုန်သည်မိသားစုမှ ဆင်းသက်လာသော်လည်း မူလခန္ဓာရှင်၏ လက်ဖွဲ့ပစ္စည်းသည် ငွေကြေး သို့မဟုတ် ပစ္စည်းတန်ဖိုး "ကွမ်း" (ကြေးဒင်္ဂါးပြားတွဲ) တစ်ရာခန့် ရှိခဲ့သည်။

သို့သော် ဤကောင်မလေးသည် အ,လွန်းသဖြင့် မိမိလက်ဖွဲ့ပစ္စည်းများကို လက်ထဲတွင် ဆုပ်ကိုင်မထားဘဲ ရုံသာ့လန် ပညာသင်ရန်နှင့် အိမ်စရိတ်အတွက် ထုတ်ပေးခဲ့ရုံသာမက အိမ်ထဲရှိ ကျားမကြီးကိုပါ ပြုစုလုပ်ကျွေးခဲ့သေးသည်။ ယခု ပြန်ရလိုက်သည်မှာ ဆယ်ပုံ ပုံလျှင် တစ်ပုံ နှစ်ပုံခန့်သာ ရှိတော့သော်လည်း ငွေ ၂၃ ကွမ်း ရလိုက်သဖြင့် သူမ ပြန့်ကျင်းမြို့သို့ ပြန်ရန် လုံလောက်နေပြီ ဖြစ်သည်။ ဟုတ်ပါသည်... မူလခန္ဓာရှင်သည် ပြန့်ကျင်းမြို့သူ ဖြစ်သည်။

မူလခန္ဓာရှင်၏ မိဘများသည် ပြန့်ကျင်းမြို့တွင် "ထန်ပင်းဆိုင်" (နောက်ခေတ်အခေါ် ခေါက်ဆွဲဆိုင်) ဖွင့်လှစ်ထားပြီး ရောင်းအား ကောင်းမွန်သည်။ လွန်ခဲ့သည့် သုံးနှစ်က ရုံသာ့လန်သည် စာမေးပွဲ မအောင်မြင်သဖြင့် ပြန့်ကျင်းမြို့သို့ လာရောက်ပြီး ကဗျာများ ရေးစပ်ကာ နာမည်ကြီးအောင် ကြိုးစားခဲ့သည်။ ရှန်မိသားစု ခေါက်ဆွဲဆိုင်တွင် နံနက်စာ စားရင်း ရိုးရှင်းသော အဝတ်အစား ဝတ်ဆင်ထားသော်လည်း လှပနေသည့် မူလခန္ဓာရှင်ကို တွေ့မြင်ပြီး သဘောကျခဲ့ခြင်း ဖြစ်သည်။ သို့သော် ရှန်မြောင် ထင်သည်ကတော့ ထိုလူသည် မရိုးသားပေ၊ ရှန်မိသားစု၏ များပြားလှသော လက်ဖွဲ့ပစ္စည်းများကို မျှော်မှန်းခဲ့ပုံရသည်။

မှတ်ဉာဏ်များကို ပြန်လည် စဉ်းစားကြည့်သောအခါ သူမ၏ ထင်မြင်ချက်မှာ မှန်ကန်နေသည်။

ရုံသာ့လန်သည် ရုပ်ရည်သန့်ပြန့်ပြီး စကားပြော ကောင်းသဖြင့် သူသည် အရည်အချင်းရှိသော်လည်း နေရာမရသေးသည့် စာပေပညာရှင် တစ်ဦး ဖြစ်ကြောင်း၊ ဝင်စားသည့် နတ်သားတစ်ပါး ဖြစ်ကြောင်း ရှန်မိသားစုက ထင်မှတ်သွားအောင် လှည့်စားနိုင်ခဲ့ပြီး သမီးဖြစ်သူနှင့် လက်ထပ်ပေးခဲ့ကြသည်။ သို့သော် မူလခန္ဓာရှင်သည် ကျင်းလင်မြို့သို့ ရောက်ရှိပြီး ၆ လ မပြည့်ခင်မှာပင် ရှန်မိသားစု၏ မိဘနှစ်ပါးသည် ဟင်းသီးဟင်းရွက်နှင့် ဆန်များ ဝယ်ယူရန် မြို့ပြင်သို့ ထွက်ခွာစဉ် အရှိန်ပြင်းစွာ မြင်းစီးလာသည့် သူဌေးသား တစ်ယောက်နှင့် တိုက်မိပြီး သေဆုံးခဲ့ရသည်။

မူလခန္ဓာရှင်သည် နာရေးကိစ္စ ဆောင်ရွက်ရန် ပြန့်ကျင်းမြို့သို့ ပြန်လာခဲ့ပြီး အသက်ငယ်သေးသည့် မောင်နှင့် ညီမကို စီစဉ်နေရာချထားပေးရန် ကြိုးစားခဲ့သည်။ လွန်ခဲ့သည့် သုံးနှစ်က ရှန်မောင်လေးမှာ ၇ နှစ်၊ ညီမလေးမှာ ၄ နှစ်သာ ရှိသေးပြီး မိဘမဲ့ ဖြစ်သွားခဲ့ရသည်။ သူမသည် မောင်နှမများကို ကျင်းလင်မြို့သို့ ခေါ်ဆောင်သွားချင်သော်လည်း ရုံမိသားစုက လက်မခံပေ။ ယောက္ခမက မျက်နှာကြီး မျက်နှာငယ်နှင့် ဆက်ဆံပြီး ရုံသာ့လန်ကလည်း ခေါင်းငုံ့ပြီး ဘာမှ ဝင်မပြောခဲ့ပေ။

နောက်ပိုင်းတွင် မူလခန္ဓာရှင်သည် အကြောင်းပြချက် အမျိုးမျိုး ရှာပြီး သူမကိုယ်သူမ ဖြေသိခဲ့ရသည်။ သူမကိုယ်တိုင်လည်း သူများအိမ်တွင် နေရသူဖြစ်ခြင်း၊ မောင်ဖြစ်သူမှာလည်း ပြန့်ကျင်းတွင် စာသင်နေပြီဖြစ်၍ ကျောင်းပြောင်းရန် ခက်ခဲခြင်းတို့ကြောင့် နောက်ဆုံးတွင် မောင်နှမနှစ်ယောက်ကို ဦးလေးဖြစ်သူအိမ်တွင် အပ်နှံခဲ့ရသည်။ မိဘပိုင် ခေါက်ဆွဲဆိုင်ကို အွဲစားငှားရမ်းလိုက်ပြီး ရရှိလာသည့် ငွေကြေးအားလုံးကို ဦးလေးဖြစ်သူအား ကလေးစရိတ်အဖြစ် ပေးအပ်ခဲ့သည်။

သို့သော် မကြာမီကာလက ရှန်ရှီ၏အဒေါ်ဖြစ်သူထံမှ စာတစ်စောင် ရောက်လာပြီး ခေါက်ဆွဲဆိုင် ငှားရမ်းသူသည် မီးပေါ့ဆမှုကြောင့် တစ်ညတွင် မီးလောင်ကျွမ်းခဲ့ကြောင်း၊ ဆိုင်တစ်ခုလုံး ပျက်စီးသွားပြီး ငှားရမ်းသူမှာလည်း ထွက်ပြေးသွားကြောင်း၊ ယခုအခါ ဆိုင်အပျက်အစီးကို မည်သူမှ မငှားလိုတော့သဖြင့် ပိုက်ဆံ ထပ်မံ ပို့ပေးရန် တောင်းဆိုလာခဲ့သည်။

မူလခန္ဓာရှင်သည် မောင်နှမနှစ်ယောက်ကို ကျင်းလင်မြို့သို့ ခေါ်ယူရန် ထပ်မံ ကြိုးစားခဲ့ပြန်သည်။ ဤအချက်သည်ပင် ရုံအဒေါ်ကြီးက ချွေးမကို မောင်းထုတ်ရန် ဆုံးဖြတ်လိုက်သည့် အကြောင်းရင်း ဖြစ်လေသည်။ မူလခန္ဓာရှင်၏ လက်ဖွဲ့ပစ္စည်းများလည်း ကုန်ခါနီးပြီဖြစ်ပြီး ဝန်ထုပ်ဝန်ပိုးနှစ်ခု ထပ်တိုးလာမည်ကို မလိုလားပေ။ သားဖြစ်သူမှာလည်း ရှို့ချိုင်ဘွဲ့ ရရှိထားပြီ ဖြစ်သောကြောင့် နောက်ထပ် လက်ဖွဲ့ပစ္စည်း အများအပြား ပါလာမည့် ဇနီးသည် အသစ်တစ်ယောက်ကို ယူလိုက်ခြင်းက ပိုပြီး အကျိုးရှိပေလိမ့်မည်။

ကြားရသည်မှာ ရုံသာ့လန်အား မင်ကျိုးကျောင်းတော်မှ ကျောင်းအုပ်ဆရာကြီးကျန့်က သဘောကျနေပြီး ကျန့်မိသားစုတွင်လည်း အရွယ်ရောက်နေပြီဖြစ်သည့် သမီးတစ်ယောက် ရှိသည်ဟု ဆိုသည်။ ရုံသာ့လန်သည် ယခုအခါ ကျန့်မိသားစုကို မျက်နှာလိုမျက်နှာရ လုပ်နေပြီး အိမ်သို့ပြန်မလာသည်မှာ ၆ လကျော် ကြာမြင့်နေပြီ ဖြစ်သည်။ သူသည် မူလခန္ဓာရှင် သေဆုံးသွားမည့်အချိန်ကို စောင့်ဆိုင်းပြီး ဇနီးအသစ် ယူရန် ကြံစည်နေပုံရသည်။

ရှန်မြောင်သည် ရှေ့နေနှင့်အတူ လက်ဖွဲ့ပစ္စည်း ကိစ္စများကို ဖြေရှင်းရင်း ရုံမိသားစုလက်မှ လွတ်မြောက်ပြီးနောက် မည်သို့ ဆက်လက် လုပ်ဆောင်ရမည်ကို စဉ်းစားခဲ့သည်။ မူလခန္ဓာရှင်၏ နောက်ခံရာဇဝင်ကို စဉ်းစားမိပြီး ကျင်းလင်မြို့မှ ထွက်ခွာကာ ပြန့်ကျင်းမြို့သို့ သွားရောက် အသက်မွေးဝမ်းကျောင်း ပြုခြင်းသည် လမ်းစတစ်ခု ဖြစ်နိုင်ကြောင်း တွေးမိလိုက်သည်။ ထို့အပြင် မူလခန္ဓာရှင်၏ မိသားစုမှာ စားသောက်ဆိုင်ဖွင့်သူများ ဖြစ်သဖြင့် သူမ၏ ယခင်ဘဝ ကျွမ်းကျင်မှုနှင့် ကိုက်ညီနေလေသည်။

ဒါ တိုက်ဆိုင်လိုက်တာ၊ ငါ့ဘဝဟောင်းတုန်းက ဘိုးဘွားစဉ်ဆက် ၃ ဆက်လုံး စားဖိုမှူးတွေချည်းပဲ

ထို့အပြင် မူလခန္ဓာရှင်၏ မောင်နှင့် ညီမလေးသည် ပြန့်ကျင်းမြို့တွင် သူများအိမ်၌ နေထိုင်နေရရှာသည်။ ရှန်မြောင်သည် မူလခန္ဓာရှင်ကဲ့သို့ တုံးအ,သူ တစ်ယောက် မဟုတ်ပေ။ စာကို ဖတ်ကြည့်လိုက်သည်နှင့် ထိုအဒေါ်ဖြစ်သူမှာ သဘောကောင်းသူ မဟုတ်ကြောင်း သိလိုက်လေသည်။ ပြန့်ကျင်းမြို့တွင် မြေဈေးမှာ ရွှေဈေးကဲ့သို့ ကြီးမြင့်ရာ ဆိုင်ခန်းငှားရမ်းခမှာလည်း မနည်းလှပေ။ ၃ နှစ်လုံးလုံး ငှားရမ်းခများ ရရှိထားပါလျက်နှင့် ယခုကဲ့သို့ အတင်းအကြပ် တောင်းဆိုနေခြင်းကို ကြည့်ပါက ကလေးနှစ်ယောက် မည်သို့ နေထိုင်နေရမည်ကို မသိနိုင်ပေ။

သူများခန္ဓာကိုယ်ကို ယူထားပြီးမှတော့ ကျန်ရစ်ခဲ့သည့် ဆွေမျိုးသားချင်းများကို စောင့်ရှောက်ပေးသင့်သည် မဟုတ်ပါလား။

သူမ တစ်ယောက်တည်း တွေးတောနေစဉ် လှည်းမောင်းသမားသည် အလုပ်သမား ခေါ်ဆောင်လာခဲ့ပြီး ဈေးဆစ်ပေးခဲ့သဖြင့် သူမသည် မြောက်ဖက်သို့သွားမည့် လှေပေါ်သို့ တက်ရောက်နိုင်ခဲ့လေသည်။

...

အပိုင်း (၂) အသားနုတ်နုတ်စင်း ခရမ်းသီးနှပ်

ရှန်မြောင်သည် ကျင်းကူးတို့ဆိပ်ရှိ ရုံးခန်းတွင် “ကုန်းယန်” ဟုခေါ်သည့် ရုံးတော်ထုတ် ခရီးသွားလာခွင့်လက်မှတ်ကို ပြသစစ်ဆေးခံပြီးနောက် လှေပိုင်ရှင်နှင့် စာရင်းရှင်းလိုက်သည်။ ထို့နောက် အထမ်းသမားများကို သူမ၏ သစ်သားသေတ္တာကြီးနှစ်လုံးအား သူမ ငှားရမ်းထားသည့် အခန်းဆီသို့ သယ်သွားခိုင်းလိုက်ပြီး ဆုကြေးအဖြစ် ဝမ် ၂ဝမ် ပေးလိုက်သည်။ ထို့နောက်မှ လှေခန်းထဲတွင် ထိုင်ကာ သက်ပြင်းချနိုင်တော့သည်။

ရှေးခေတ်က ခရီးဝေးသွားရတာ တကယ်မလွယ်ပါလား၊ အဲဒီ "ကုန်းယန်" ဆိုတာက မှတ်ပုံတင်နဲ့တူမယ်ထင်တယ်။ ရှေ့နေကို အကူအညီတောင်းပြီး ရုံးတော်မှာ နောက်ပေါက်ကနေ ဝင်လုပ်ခိုင်းတာတောင် ငွေ ၁ကွမ်း ကုန်သွားတာလေ။ ဒီအရာမပါဘဲ သာမန်ပြည်သူတွေက အပြင်ထွက်လို့မရဘူး။ မြစ်ကူးတို့ဆိပ်တွေ၊ မြို့ဝင်ဂိတ်တွေမှာ ဒါကို ထုတ်ပြရတာ။ တကယ်လို့ မပြနိုင်ရင် ထောင်နန်းစံရမှာ။

လမ်းခရီးတွင် စားသောက်ရန် ဆန်၊ ဟင်းသီးဟင်းရွက် ဝယ်ယူခြင်း၊ မြည်းလှည်းငှားခြင်း၊ မြင်းရထားမောင်းသူနှင့် အထမ်းသမား ငှားရမ်းခြင်း စသည့် အသေးအဖွဲ ကုန်ကျစရိတ်များကို ထည့်မပြောလျှင်ပင် လှေလက်မှတ်ခတစ်ခုတည်းနှင့်တင် ရှန်မြောင်ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေရန် လုံလောက်လေသည်။ သူမ ရှာဖွေတွေ့ရှိခဲ့သည်မှာ ရုံးတော်ပိုင် ဆန်သယ်လှေဖြစ်ပြီး ဆန်များချပြီးနောက် အပြန်ခရီးတွင် လူတင်ဆောင်ခြင်းဖြစ်သည်။ ဈေးနှုန်းကြီးမြင့်သော်လည်း လုံခြုံစိတ်ချရပြီး မသမာသူ လူလေလူလွင့်များ နည်းပါးလေသည်။

ရှန်မြောင်သည် တစ်ကိုယ်တည်း ခရီးထွက်လာခြင်းဖြစ်ရာ လုံခြုံရေးက အရေးအကြီးဆုံး ဖြစ်သည်။

ကျင်းလင်မှ ပြန့်ကျင်းအထိ ဆန်သယ်လှေစီးခမှာ ဝမ် ၂၀၀ ပေးရပြီး ရေလမ်းခရီးမှာ ရက်ပေါင်း ၂၀ ကျော် ကြာမြင့်မည်ဖြစ်ရာ သီးသန့်အိပ်ခန်းယူခြင်းက ပိုကောင်းပေလိမ့်မည်။ ထို့ကြောင့် နောက်ထပ် ဝမ် ၁၀၀ ထပ်ပေါင်းပေးလိုက်ရပြီး ပစ္စည်းထားသိုခအတွက် ဝမ် ၄၀ ထပ်ပေးရသည်။

လှေပေါ်တွင် စားသောက်ရန်နှင့် ရေချိုးသန့်စင်ရန်လည်း လိုအပ်ပေလိမ့်မည်။ ရှေးခေတ်လူအများစုက ကိုယ့်ရိက္ခာကိုယ် ယူလာတတ်ကြရာ ရှန်မြောင်လည်း ဒေသဓလေ့အတိုင်း လိုက်လုပ်ရတော့သည်။ ရုံသာ့ညန်(အဒေါ်ကြီးရုံ)၏ ဆဲဆိုမှုများကို လျစ်လျူရှုကာ သူမသည် မိုးမလင်းခင်ကတည်းက ဈေးသို့သွားပြီး ၁၀ရက်စာ မုန့်ပြား၊ ၅ရက်စာ ဆန်ကြမ်း၊ ၁ရက်စာ အသားနှင့် ဟင်းသီးဟင်းရွက်များကို ကြိုတင်ဝယ်ယူခဲ့သည်။ ထို့အပြင် ဆီ၊ ဆား၊ ငံပြာရည်၊ ရှာလကာရည် ထည့်ထားသည့် မြေအိုးငယ်လေးများကိုလည်း ယူဆောင်လာခဲ့သည်။ သို့သော် ရေနွေးပူပူ သောက်ချင်လျှင်ဖြစ်စေ၊ မုန့်ကင်ချင်လျှင်ဖြစ်စေ၊ ဆန်ပြုတ်ပြုတ်ချင်လျှင်ဖြစ်စေ လှေပိုင်ရှင်၏ မီးဖိုကို ငှားရမည်ဖြစ်ရာ ရေဖိုး၊ ထင်းဖိုး ထပ်ပေးရပြန်သည်။ ရှေးလူကြီးတွေပြောတဲ့ အိမ်မှာနေရင် ချွေတာပြီး ခရီးထွက်ရင် သုံးဖြုန်းရတယ်ဆိုတာ ဒါမျိုးကိုး။

သို့သော် ပေးရသည့်ဈေးနှင့် ထိုက်တန်ပါပေသည်။ ဝမ် ၁၀၀ ပေးရသည့် အခန်းမှာ ကျယ်ဝန်းပြီး လင်းရှင်းလေသည်။ နေ့စဉ် ရေနွေးတစ်အိုးနှင့် မီးသွေးတစ်တောင်းကို အခမဲ့ ရရှိသည်။ သူမသည် မှိုနံ့ရနေသည့် သစ်သားကုတင်မာမာပေါ်မှ ဖုန်များကို ခါလိုက်ပြီး သူမ၏မွေ့ရာကို ခင်းလိုက်သည်။ ထို့နောက် ပရုတ်သေတ္တာထဲမှ လုံးဝန်းပြည့်ဖြိုးနေသည့် ခရမ်းသီးလုံးတစ်လုံးနှင့် ဆီ၊ ဆားနယ်ထားသည့် ဝက်သားသုံးထပ်သား တစ်ထုတ်ကို ထုတ်လိုက်သည်။ ထို့နောက် ဆန်ပန်းကန်တစ်ဝက်ခန့်ကို ယူကာ ရေနွေးဖြင့် စိမ်ထားလိုက်သည်။

ဒီနေ့သည် မူလခန္ဓာကိုယ်ပိုင်ရှင်နှင့် သူမအတွက် ဘဝသစ်ကို ဂုဏ်ပြုသည့်နေ့ဟု သတ်မှတ်ကာ ရှန်မြောင်သည် လှေပေါ်ရှိ မီးဖိုဆောင်မှ မီးဖိုတစ်ခုကို သွားငှားပြီး ကိုယ့်ဘာသာ အသားနုတ်နုတ်စင်း ခရမ်းသီးနှပ် ထမင်းပေါင်းတစ်ပွဲ လုပ်စားရန် စီစဉ်လိုက်သည်။

လှေပေါ်တွင် လူပေါင်းစုံ ရောနှောနေသဖြင့် သူမသည် ခမောက်ဆောင်းလိုက်ပြီး အခန်းတံခါးကို သေချာသော့ခတ်ကာ ကျဉ်းမြောင်းသည့် သစ်သားလှေကားအတိုင်း လှေဝမ်းဗိုက်အောက်ထပ်သို့ ဆင်းလာခဲ့သည်။ လူအများစုပေါင်းအိပ်ရသည့် အခန်းကျယ်နှစ်ခန်းကို ကျော်ဖြတ်ပြီး လှေပဲ့ပိုင်းသို့ ရောက်သောအခါ ရေနွေးအိုးခန်းထဲတွင် ရေခပ်နေသည့် ခရီးသည်များနှင့် ပြည့်ကျပ်နေသည်ကို တွေ့လိုက်ရသည်။ ရေငွေ့၊ မီးခိုးငွေ့များနှင့် အမျိုးစုံသော အနံ့အသက်များ ရောနှောနေသဖြင့် အလွန်မွန်းကျပ်နေလေသည်။

ရေနွေးအိုးခန်းမှာ မကျယ်ဝန်းလှသော်လည်း လူအသွားအလာများပြီး လှေလုပ်သားက ရေနွေးအိုးဘေးတွင် ရပ်ကာ အသံကုန်ဟစ်နေသည်။

“အခုလေးတင် ကျိုထားတဲ့ ရေနွေးပူပူဗျို့၊ ရေတစ်မုတ်ကို ၃ဝမ်ပဲ၊ ကြည်လင်အေးမြတဲ့ ချန်ကျန်းမြစ်ရေကတော့ ရေတစ်မုတ်ကို ၁ဝမ်၊ ဟုတ်ကဲ့ ၃ဝမ် ရပါတယ်၊ နောက်တစ်ယောက်”

သူမသည် လူအုပ်ကြားထဲသို့ တိုးဝင်သွားရသည်။ မထင်မှတ်ဘဲ နောက်မှ ဝဖိုင့်ဖိုင့်အမျိုးသမီးတစ်ယောက်က တွန်းလိုက်သဖြင့် သူမရှေ့မှ အရပ်ရှည်ရှည် လူငယ်တစ်ယောက်၏ အပြာရောင်ဖိနပ်ကို တက်နင်းမိသွားတော့သည်။

ထိုလူငယ်သည် အသက် ၁၇၊ ၁၈ နှစ်အရွယ်ခန့်ရှိပြီး ရိုးရှင်းသည့် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း ထင်းရှူးပင်တစ်ပင်ကဲ့သို့ ခံ့ညားလေသည်။ ရုတ်တရက် အနင်းခံလိုက်ရသဖြင့် နာကျင်သွားပြီး လှည့်ကြည့်လာရာ မျက်နှာအမူအရာမှာ နာကျင်မှုကြောင့် အနည်းငယ် ရှုံ့မဲ့နေသော်လည်း အလွန်ချောမောနေဆဲပင်။

ဖိနပ်အသစ်ဖြစ်ပြီး ဖိနပ်အဝမှ ပေါ်နေသည့် ခြေအိတ်အဖြူသည်လည်း ဖုန်တစ်စက်မှ မရှိအောင် ဖြူဖွေးနေသည်။ ယခုအခါ ဖိနပ်ပေါ်တွင် ထင်ရှားသည့် ခြေရာတစ်ခု စွန်းထင်းသွားပြီဖြစ်ရာ ရှန်မြောင်မှာ အလွန်အားနာသွားပြီး ခေါင်းငုံ့ကာ တောင်းပန်လိုက်သည်။

“သခင်လေး စိတ်မရှိပါနဲ့ရှင်၊ ဒီမှာ လူတွေအရမ်းကျပ်နေတော့ မတော်တဆ ဖြစ်သွားရတာပါ”

ထိုလူငယ်သည် ရှန်မြောင်ကို တစ်ချက်ကြည့်လိုက်ပြီး အကြည့်ကို ချက်ချင်းလွှဲကာ ဘေးသို့စောင်းပေးရင်း လက်ကာပြလိုက်သည်။

“ကိစ္စမရှိပါဘူး၊ ကျွန်တော်က ငေးငိုင်နေမိလို့ သတိမထားမိလိုက်တာပါ၊ မိန်းကလေးအမှား မဟုတ်ပါဘူး”

သူက သဘောကောင်းစွာဖြင့် အပြစ်ကို သူ့ခေါင်းပေါ်သို့ ပုံချလိုက်သဖြင့် ရှန်မြောင်သည် မျက်လုံးများ မှေးစင်းသွားသည်အထိ ပြုံးပြလိုက်ပြီး ဦးညွှတ်နှုတ်ဆက်လိုက်သည်။ ထိုလူငယ်သည်လည်း ကမန်းကတန်း လက်ကာပြရင်း တစ်ဖက်သို့လှည့်ကာ ရှေ့ဆက်လျှောက်သွားတော့သည်။

တစ်ဖက်သို့ အနိုင်နိုင်တိုးဝင်ပြီးနောက် စရံငွေပေးကာ မီးဖိုနှစ်ပေါက်ပါသည့် ရွှံ့မီးဖိုအဟောင်းတစ်လုံးကို ငှားလိုက်သည်။ လှေလုပ်သားက ရှန်မြောင် သယ်ရလွယ်ကူစေရန် ကောက်ရိုးကြိုးဖြင့် ချည်ပေးလိုက်သည်။ သူမ ရေနွေးအိုးခန်းမှ ထွက်လာချိန်တွင် နောက်ပြန်လှည့်ကြည့်လိုက်သည်တွင် ခုနက စာသင်သားလူငယ်သည်လည်း ငွေပေးပြီး ရေနွေးတစ်အိုးဖြည့်ကာ ထွက်ခွာသွားသည်ကို တွေ့လိုက်ရသည်။

သူမ၏အခန်းသို့ ပြန်ရောက်သောအခါ ရှန်မြောင် သက်ပြင်းချလိုက်ပြီး ထမင်းချက်ရန် လက်ပင့်တင်လိုက်သည်။

အခန်းထဲတွင် ပြတင်းပေါက်ငယ်တစ်ခုသာ ရှိသဖြင့် မီးသွေးခိုးများ မွှန်ထူကာ အခန့်မသင့်လျှင် အဆိပ်သင့်နိုင်သည်ဟု တွေးမိကာ ရှန်မြောင်သည် မီးဖိုကို တကူးတက သယ်မ၍ တံခါးဝသို့ ရွှေ့လိုက်သည်။ သူမနေသည့် အထပ်မှာ အခန်းသီးသန့်များဖြစ်ပြီး ကုန်းပတ်၏အောက်တစ်ထပ်တွင် ရှိသည်။ ဆန်သယ်လှေပေါ်တွင် အကောင်းဆုံးအခန်းများဖြစ်ပြီး တစ်တန်းလုံးတွင် အခန်း ၇ ခန်း၊ ၈ ခန်းခန့် ရှိလေသည်။ အခန်းတိုင်း၏ ရှေ့တွင် ပစ္စည်းများ ပြည့်ကျပ်နေ၏။ အချို့က သူမကဲ့သို့ပင် မီးဖိုဖြင့် ထမင်းချက်ကြပြီး အချို့မှာ အစေခံများ ပါလာသဖြင့် တံခါးဝတွင် ဖျာနှင့် စောင်ပါးများခင်းကာ အစေခံများကို အိပ်စေသည်။

သူမ ထွက်လာသောအခါ လူအများက ကဲ့ရဲ့သည့်အကြည့်ဖြင့် ကြည့်ကြသည်။ သူမက တစ်ကိုယ်တည်းဖြစ်ပြီး အရွယ်ရောက်ပြီး အမျိုးသမီးတစ်ယောက် ဖြစ်နေသည်။ အိမ်ထောင်သည်ပုံစံ ဝတ်ဆင်ထားပြီး ရိုးရှင်းသော်လည်း ထူးဆန်းနေလေသည်။

သူမသည် ဂရုမစိုက်ဘဲ အခန်းထဲသို့ အရင်ပြန်ဝင်ကာ အထုပ်များထဲမှ ဓားတစ်ချောင်းကို ထုတ်ယူပြီး ပြန်ထွက်လာခဲ့လိုက်၏။

သူမ လက်ထဲတွင် ဓားကိုကိုင်ထားပြီး ကျွမ်းကျင်စွာဖြင့် လက်ချောင်းထိပ်များတွင် လှည့်ကစားလိုက်သည်ကို မြင်လိုက်ရသောအခါ ခိုးကြည့်နေသည့် မျက်လုံးများအားလုံး တိတ်တဆိတ် ပြန်ရုတ်သိမ်းသွားကြတော့သည်။

ဤဓားကို လွန်ခဲ့သည့်ရက်အနည်းငယ်က ရှေ့နေငှားရန်သွားသည့်လမ်းတွင် ဝယ်ခဲ့ခြင်းဖြစ်သည်။ စားဖိုမှူးတစ်ယောက်အနေဖြင့် ဓားကောင်းတစ်လက် မရှိမဖြစ် လိုအပ်သည်။ ရှန်မြောင်သည် ဓားနှင့်ပတ်သက်လျှင် ဂျီးမများလှသော်လည်း ဓားပုံစံ၊ သတ္တုအမျိုးအစား၊ လက်ကိုင်ရိုးနှင့် ဓားသွေးသည့်ပုံစံတို့ကိုတော့ စီစစ်လေ့ရှိသည်။ အဖေက ပြောဖူးတယ်၊ ဓားကောင်းတစ်လက်က စားဖိုမှူးတစ်ယောက်နဲ့ တစ်သက်လုံး တွဲသွားတာတဲ့၊ ဒါပေမဲ့ စုန့်မင်းဆက်ရဲ့ သံရည်ကျိုနည်းပညာက ခေတ်သစ်လောက် မကောင်းဘူးလေ။ သူမ ဓားဆိုင်ပေါင်းများစွာကို ပတ်ကြည့်ပြီးမှ ဒီဓားကို ရွေးချယ်နိုင်ခဲ့ခြင်း ဖြစ်သည်။

စုန့်ခေတ်မှ ဓားပုံစံသည် ခေတ်သစ်မှ ဓားအဟောင်းပုံစံနှင့် အလွန်တူညီလေသည်။ ရှန်မြောင်က တရုတ်ဓားပြားပုံစံကို နှစ်သက်သူဖြစ်သည်။ အကယ်၍များ ထွက်ပြေးရမည်ဆိုလျှင် သူမ သေချာပေါက် တရုတ်ဓားပြားကို ယူသွားမည်။ “ရှေ့ပိုင်းနဲ့လှီး၊ နောက်ပိုင်းနဲ့ခုတ်၊ အလယ်ပိုင်းနဲ့ဖြတ်” ဟူသလို ကိုယ်လွတ်ရုန်းရာတွင်လည်း သုံးနိုင်သလို အသားလှီး၊ အရိုးခုတ်ရာတွင်လည်း သုံးနိုင်သည်။ ကြက်သွန်ဖြူလည်း ထုနိုင်သည်။ ဓားအကျောထူသည့် ဓားပြားဖြစ်သော်လည်း ရှန်မြောင်သည် ၂ စင်တီမီတာရှိသည့် တိုဖူးကို အချပ် ၂၀ ဖြစ်အောင် လှီးနိုင်သလို၊ ပန်းမျှင်တိုဖူးဟင်း လုပ်မည်ဆိုလျှင်လည်း အေးဆေးပင်။ ငါးအသားလွှာလွှာဖို့ဆိုလျှင် ပြောစရာပင် မလိုပေ။ ထို့ကြောင့် စားဖိုမှူးကောင်းတစ်ယောက်သည် ဓားအများကြီး သယ်သွားစရာ မလိုပေ။

မူလခန္ဓာကိုယ်ပိုင်ရှင်၏ ယောက္ခမဆိုးကြီးက သူမကို ဘာကြောင့် လွှတ်ပေးလိုက်ပါသနည်း။ ရှေ့နေက တင်တောင်းငွေများကို ပြန်ပေးရန် ဖိအားပေးခဲ့သည်။ ရှေ့နေပြန်သွားပြီးနောက် ရုံသာ့ညန်သည် မကျေမနပ်ဖြင့် သူမကို လက်စားချေရန် ကြံစည်ခဲ့သည်။ ထိုအခါ သူမသည် ဤဓားကို ထုတ်ကာ ခြံထဲတွင် ဓားသွေးရင်း အသားတုံးကို တဒုန်းဒုန်းမြည်အောင် ခုတ်ပြလိုက်ပြီး ရုံသာ့ညန်ကို ရူးသွပ်သူတစ်ယောက်လို ပြုံးပြလိုက်သည်။ လူဆိုသည်မှာ ပျော့လျှင်နင်း၊ မာလျှင်ကျဉ်းတတ်ကြရာ ရုံသာ့ညန်သည် သူမ ရူးသွားပြီဟု ထင်ကာ ကြောက်လန့်ပြီး ခြေလှမ်းများ တုံ့သွားကာ တစ်ရက်လုံး အခန်းထဲမှ မထွက်ရဲခဲ့ပေ။

တကယ်တော့ ရှန်မြောင်က ကိုယ့်ဓားကို သွေးရသည်ကို နှစ်သက်ခြင်းသာ ဖြစ်သည်။ လက်နက်ပစ္စည်းများတွင် ဝိညာဉ်ရှိသည်ဟု သူမ အမြဲခံစားရသည်။ ကိုယ့်အကျင့်နှင့်ကိုက်ညီအောင် သေချာစွာ ဓားသွားဖွင့်ခြင်း၊ ဓားသွေးခြင်း ပြုလုပ်မှသာ ဤဓားသည် သူမထံသို့ အပြည့်အဝ ကျိုးနွံမည်ဖြစ်သည်။

ပြောရမည်ဆိုလျှင် ငွေရှိမှ ဇီဇာကြောင်နိုင်မည်။ ရှန်မြောင်၏ လက်ရှိစီးပွားရေး အခြေအနေအရ ခေတ်သစ်အမြင်ဖြင့်ဆိုလျှင် အဆင့်မီရုံသာရှိသည့် ဤဓားကို ဝယ်ရန်အတွက် အံကြိတ်ခဲ့ရသည်။ သူမလက်ထဲမှ ဓားသည် ဝမ် ၈၀ အထိ ပေးရပြီး ဓားဆိုင်တွင် ရှာတွေ့နိုင်သည့် အကောင်းဆုံး သံမဏိညှပ်ဓား ဖြစ်သည်။

သူမသည် ခေါင်းထဲတွင် အမျိုးမျိုး တွေးတောနေသော်လည်း လက်ကတော့ အလုပ်မပျက်ပေ။ တံခါးဝတွင် ထိုင်လျက် သစ်သားစဉ်းနှီတုံး ပါးပါးလေးကို ခင်းကာ ဓားကိုမြှောက်လိုက် ချလိုက်ဖြင့် ခဏအတွင်းမှာပင် လက်ထဲမှ ဖြူဖွေးနေသည့် ခရမ်းသီးကို အပိုင်းလိုက်လှီးပြီး မြေအိုးထဲထည့်ကာ မီးဖိုပေါ်တင်၍ ပေါင်းလိုက်သည်။ နောက်ထပ် မီးဖိုတစ်ခေါင်းတွင်လည်း ထမင်းတည်ထားရာ မကြာမီ ထမင်းရနံ့နှင့် ခရမ်းသီးရနံ့တို့ မွှေးပျံ့လာတော့သည်။

စုန့်မင်းဆက်တွင် ခရမ်းသီးကို ခရမ်းသီးဟုမခေါ်ဘဲ “လော့ဆူး” ဟု ခေါ်ကြသည်။ ပုံစံမှာလည်း အရှည်မဟုတ်ဘဲ ကြက်ဥကဲ့သို့ လုံးဝန်းကာ အဖြူရောင်နှင့် အဝါရောင် ရှိတတ်သည်။ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်သာ မရှိလျှင် ရှန်မြောင် ဈေးထဲရောက်သွားချိန်၌ ဒါကို သူမ မှတ်မိနေသည့် ခရမ်းသီးဟု ထင်မိမည် မဟုတ်ပေ။ ‘ငါ မှတ်မိနေတဲ့ ခရမ်းသီးပုံစံနဲ့ တခြားစီပါလား’ သို့သော် သူမ ဈေးထဲတွင် လိုက်ကြည့်သောအခါ ခရမ်းရောင် ခရမ်းသီး ရောင်းသည်ကိုလည်း တွေ့ရသည်။ သို့သော် အရေအတွက် နည်းပြီး ဈေးလည်းကြီးသည်။ စုန့်ခေတ်တွင် ပထမအဆင့်မှ တတိယအဆင့် ရာထူးရှိသူများသာ ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ရသဖြင့် ခရမ်းရောင်ကို အမြတ်တနိုးထားကြရာ ခရမ်းသီးပင် ကင်းလွတ်ခွင့် မရချေ။

သို့သော် ရှန်မြောင်အတွက်တော့ ဗိုက်ထဲရောက်သွားမည့် အရာများဖြစ်ရာ အလှအပ ကြည့်နေစရာ မလိုပေ။ ဓားလိုမျိုး "တန်ဖိုးကြီး ပစ္စည်း" မဟုတ်သဖြင့် ရှန်မြောင်သည် ဈေးသက်သာသည့် အဖြူရောင်ခရမ်းသီးကို တွေဝေခြင်းမရှိဘဲ ဝယ်ခဲ့လိုက်သည်။

ခရမ်းသီးပေါင်းနေစဉ်တွင် သူမသည် ကြက်သွန်နီ၊ ကြက်သွန်ဖြူ အနည်းငယ်လှီးလိုက်ပြီး ဆီ၊ ဆား၊ ငံပြာရည်တို့ဖြင့် အနှစ်စပ်လိုက်သည်။ စုန့်ခေတ်တွင် ငရုတ်သီးမရှိသေးသော်လည်း စုန့်ခေတ်လူများသည် အစပ်ကြိုက်ကြသည်။ ထိုခေတ်က အစပ်ဆိုသည်မှာ “စပ်ဖျဉ်းဖျဉ်း” အရသာမျိုး ဖြစ်နိုင်သည်။ ရှန်မြောင်သည် မူလပိုင်ရှင်၏ မှတ်ဉာဏ်အရ ခရီးမထွက်မီက ချင်း၊ ကြက်သွန်ဖြူ၊ ဂျူးမြစ်တို့ကို နုတ်နုတ်စင်းပြီး ငရုတ်ကောင်း၊ ဆား၊ ရေတို့နှင့် ရောကာ ထောင်း၍ စုန့်ခေတ်အရသာ စပ်ဖျဉ်းဖျဉ်းအနှစ်တစ်အိုး လုပ်လာခဲ့လိုက်သည်။ ယခု ထိုအထဲမှ တစ်ဇွန်းခပ်ယူလိုက်ပြီး အနှစ်ထဲထည့်ကာ ငရုတ်သီးအစား အရသာမြှင့်တင်လိုက်သည်။

သူမ၏လှုပ်ရှားမှုများမှာ သွက်လက်လှသည်။ ခဏအကြာတွင် ပေါင်းထားသည့် ခရမ်းသီးကျက်သွားသဖြင့် ဆယ်ယူကာ အအေးခံထားလိုက်သည်။ ထို့နောက် ဆီအိုးထဲမှ ဆီတစ်ဇွန်းခပ်ကာ မြေအိုးထဲထည့်ပြီး အပူပေးလိုက်သည်။ ကြက်သွန်မြိတ် ဆီသတ်လိုက်ပြီးနောက် “ရှဲ” ခနဲ အသံနှင့်အတူ အသားနုတ်နုတ်စင်းများကို ထည့်၍ လှော်လိုက်သည်။

အသားနှင့် ကြက်သွန်ဆီသတ်နံ့တို့ မွှေးကြိုင်လာသည်။ ရှန်မြောင်သည် ဆီသုံးရမည်ကို နှမြောခြင်း မရှိပေ။ သူမသည် အသားလှော်ရင်း စောစောက စပ်ထားသည့် အနှစ်ကို ထည့်လိုက်သည်။ ထို့နောက် ပေါင်းထားသည့် ခရမ်းသီးနှင့် ကြက်သွန်ဖြူထောင်းတို့ကို ထည့်ပြီး မွှေးလာအောင် ဆက်မွှေလိုက်သည်။ နောက်ဆုံးတွင် ကြက်သွန်မြိတ်ဖြူးလိုက်ရာ ဟင်းတစ်ပွဲ ရလေပြီ။

ခရမ်းသီးကြော်ပြီးသွားချိန်တွင် နောက်မြေအိုးတစ်လုံးထဲမှ ထမင်းလည်း ကျက်ပြီဖြစ်သည်။ သူမ စားသည်မှာ ခေတ်သစ်ကဲ့သို့ ဆန်မဟုတ်ဘဲ ဈေးသက်သာသည့် ဆန်ကွဲနှင့် ပြောင်းဆန် ဖြစ်သည်။ ထိုဆန်များကို မချက်ခင် ပန်းကန်လုံးအောက်ခြေဖြင့် ဖိကြိတ်လိုက်ပြီးမှ ပေါင်းလိုက်လျှင် ကျက်လွယ်သည်။

သူမက မွှေးကြိုင်နေသည့် အသားနုတ်နုတ်စင်း ခရမ်းသီးနှပ်ကို အရည်ရော အဖတ်ပါ မီးခိုးတလူလူထွက်နေသည့် ထမင်းပေါင်းပေါ်သို့ လောင်းချလိုက်သည်။ ထို့နောက် သစ်သားဇွန်းဖြင့် မွှေလိုက်ရာ ပုံစံပျက်သွားသော်လည်း ပို၍ မွှေးကြိုင်သွားတော့သည်။ ထမင်းထဲတွင် အသားနံ့၊ ခရမ်းသီးနံ့တို့ ရောနှောသွားပြီး ထမင်းစေ့တိုင်းတွင် ဟင်းရည်များ စိမ့်ဝင်သွားသည်။ သူမ မြည်းကြည့်လိုက်သည်။ ‘အင်း၊ မဆိုးဘူး၊ အခြေအနေ အကန့်အသတ်ရှိပေမဲ့ ငါ့လက်ရာက မကျသေးပါဘူး’

ထို့နောက် သူမ ခေါင်းမော့လိုက်သောအခါ စင်္ကြံလမ်းထဲရှိ လူများသည် ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိဘဲ လည်ပင်းတရှည်ရှည်ဖြင့် တိတ်တဆိတ် ကြည့်နေကြသည်ကို တွေ့လိုက်ရလေသည်။ ဘေးခန်းရှေ့တွင် ဝဖိုင့်ဖိုင့် စာသင်းသားအကူတစ်ယောက် ရှိနေသည်။ ဆံပင်ကို နှစ်ဖက်ခွဲစည်းထားပြီး ၇ နှစ်၊ ၈ နှစ်အရွယ်ခန့် ရှိမည်။ သူသည် သူမလက်ထဲမှ မွှေးကြိုင်နေသည့် မြေအိုးကို စိုက်ကြည့်ရင်း ခြေလှမ်းမရွှေ့နိုင်တော့ဘဲ တံတွေးများ မကြာခဏ မြိုချနေသည်။ အခြားသူများလည်း ထိုနည်းလည်းကောင်းပင်၊ မျက်လုံးများ အရောင်တောက်နေကြသည်။

ဒါသည် ခေတ်သစ်တွင် သာမန်အိမ်ချက်ဟင်းတစ်ပွဲသာ ဖြစ်သော်လည်း တစ်နှစ်ပတ်လုံး ဆီဦးထောပတ် မစားရသည့် အစေခံများအဖို့တော့ ရှားပါးသော အရသာထူးပင် ဖြစ်နေလေသည်။ ထို့အပြင် ဤရနံ့သည် ကျဉ်းမြောင်းသော စင်္ကြံလမ်းလေးထဲတွင် ပျံ့လွင့်နေသဖြင့် လူတိုင်း သွားရည်ယိုစေသည်။ ရှန်မြောင်က ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် ပန်းကန်လုံးကို ကွယ်ကာ အခန်းထဲသို့ ချက်ချင်း ပြန်ဝင်လိုက်သည်။ မကြာမီ မီးဖိုကိုပါ အခန်းထဲ သယ်သွင်းလိုက်ပြီး နောက်ဆုံးတွင် ဓားကိုကိုင်ကာ တံခါးကို သတိထား၍ ပိတ်လိုက်တော့သည်။

သူမသည် ချမ်းသာသူ မဟုတ်သလို တစ်ကိုယ်တည်း ခရီးထွက်လာသူ ဖြစ်သဖြင့် သဘောကောင်း မပြမိတာ ပိုကောင်းလိမ့်မည်။

အခန်းထဲတွင် ပုန်းပြီး ထမင်းအမြန်စားလိုက်သည်။ အပြင်ဘက် စင်္ကြံလမ်းမှ လူများ လူစုကွဲသွားပြီဖြစ်ကြောင်း ခေါင်းပြုစုကြည့်ပြီးမှ စိတ်အေးသွားတော့သည်။ ထို့နောက် အောက်ထပ်သို့ဆင်းကာ ရေနွေးအိုးခန်းတွင် ပန်းကန်ဆေးလိုက်သည်။ လှေပေါ်တွင် နေရမည့်ရက် ရှည်သေးသဖြင့် မီးဖိုကို စောစောစီးစီး ပြန်မအပ်သေးဘဲ ဆက်ထားလိုက်သည်။ သူမ ထမင်းစားရဦးမည်လေ။

‘နောက်တစ်ခါကျရင်တော့ ရိုးရှင်းတာလေးပဲ လုပ်စားတော့မယ်’

သူမသည် ရှေးခေတ် လုံခြုံရေးအခြေအနေအပေါ် သိပ်ပြီး ယုံကြည်မှုမရှိလှပေ။ စုန့်ခေတ်သည် ချမ်းသာသော်လည်း ဤကဲ့သို့ ဈေးကြီးသော ဆန်သယ်လှေပေါ်တွင် ဆင်းရဲသားရှားပါးသော်လည်း သူမက မိန်းကလေးတစ်ယောက်ဖြစ်နေသဖြင့် သတိထားခြင်းက မမှားပေ။

ရှန်မြောင်သည် ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းပြီးနောက် ဓားကို ခေါင်းအုံးကာ တစ်ရေးအိပ်ရန် ပြင်လိုက်စဉ် တံခါးခေါက်သံ သဲ့သဲ့ကြားလိုက်ရ၏။

သူမက ဓားကို ကိုင်လိုက်ပြီး တံခါးဂျက်ကို အနည်းငယ်ဖြုတ်ကာ တံခါးကို အနည်းငယ်ဟ၍ အပြင်သို့ ချောင်းကြည့်လိုက်သည်။

တံခါးရှေ့တွင် ရပ်နေသူမှာ စောစောက သူမ၏ အသားနုတ်နုတ်စင်း ခရမ်းသီးနှပ်ကိုကြည့်ပြီး တံတွေးများ စီးကျနေသည့် ဝဖိုင့်ဖိုင့် စာသင်သားအကူလေး ဖြစ်နေသည်။ သူမ ကြည့်လိုက်သည်ကို မြင်သောအခါ ထိုဝဖိုင့်ဖိုင့် စာသင်သားအကူလေးသည် သူ့အင်္ကျီစကို ဆုပ်ကိုင်ထားရင်း သူမကို ပြုံးပြလေသည်။

ရှန်မြောင်သည် တံခါးကို ဖွင့်မပေးဘဲ လေသံအေးအေးဖြင့် မေးလိုက်သည်။

“ကောင်လေး ဘာကိစ္စရှိလို့လဲ”

“ကျွန်တော် ရောက်လာတာ ရိုင်းသွားရင် ခွင့်လွှတ်ပါ”

စာသင်သားအကူလေးသည် လူကြီးတစ်ယောက်လို လက်နှစ်ဖက်ဆုပ်ကာ ဦးညွှတ်လိုက်ပြီး ရင်ဘတ်ထဲမှ ဝမ် ၂၀ ခန့်ကို ထုတ်ကာ ရှန်မြောင်ရှေ့သို့ ကမ်းပေးရင်း တောင်းပန်လိုက်သည်။

“ကျွန်တော့်နာမည် ယန်ရှူး ပါ၊ ဘေးခန်းမှာ နေပါတယ်၊ အစ်မ ချက်တဲ့ဟင်းနံ့က အရမ်းမွှေးနေလို့ပါ၊ အစ်မ အားမယ်ဆိုရင် ကျွန်တော့်ရဲ့ ကျိုကော (သခင်လေး၉) အတွက် ညစာလေး ချက်ပေးလို့ ရမလားခင်ဗျာ”

စကားပင် မဆုံးသေးခင် ထိုစာသင်သားအကူလေး၏ ဗိုက်ထဲမှ “ဂွီ” ခနဲ အသံများ မြည်ဟည်းလာတော့သည်။

...

All Chapters