ရှန်မြောင်သည် ယောက္ခမဆိုး၏ ကွာရှင်းစွန့်ပစ်ခြင်းကို ခံလိုက်ရသည့် ဇနီးသည်တစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်ကူးပြောင်းရောက်ရှိလာခဲ့၏။ မူလခန္ဓာရှင်၏ မိဘနှစ်ပါးမှာ စောစီးစွာ ကွယ်လွန်သွားခဲ့ပြီး မီးလောင်ပျက်စီးသွားသည့် ခေါက်ဆွဲဆိုင်တစ်ဆိုင်နှင့် အငတ်ဘေးမှ သီသီလေး လွတ်မြောက်လာခဲ့သည့် မောင်နှင့် ညီမလေး၊ နှစ်ယောက်ကိုသာ သူမအတွက် ချန်ထားရစ်ခဲ့သည်။ လူတိုင်းက သူမကို သနားစရာ ကံဆိုးသူမလေးဟု ပြောဆိုကြ၏။ ခင်ပွန်းဟောင်း၏ မိသားစုကလည်း သူမကို ဟာသတစ်ခုလို ကြည့်ချင်နေကြသည်။ သို့သော် ဘိုးဘွားစဉ်ဆက် စားဖိုမှူးမျိုးရိုးမှ ဆင်းသက်လာသည့် ရှန်မြောင်ကတော့... ‘ဒါ တိုက်ဆိုင်လိုက်တာ၊ ငါ့ကျွမ်းကျင်မှုနဲ့ ကွက်တိပဲ’ လမ်းဘေးဆိုင်လေး ခင်းခြင်း၊ ခြံဝင်းကို ပြုပြင်ခြင်းနှင့် ခေါက်ဆွဲဆိုင်ကို စီမံခန့်ခွဲခြင်းတို့မှစ၍ ပြန့်ကျင်းမြို့တွင် ဖန်လုံစားသောက်ဆိုင်သာမက နာမည်ကျော်ကြားလူကြိုက်များသည့် ရှန်မိသားစု စားသောက်ဆိုင်ကြီးပါ ရှိလာတော့သည်။ ..... ရှဲ့ချီသည် သတ်ရခက်သည့် ကံဆိုးသူမောင်ရှင် ဖြစ်လေသည်။ ခရီးထွက်ပြီး တာဝန်ထမ်းဆောင်ရာတွင် ဦးစွာ လုယက်ခံရပြီးနောက် လိမ်လည်ခံရပြန်သည်။ ငွေကြေးတစ်ပြားမှ မပါဘဲ အဒေါ်ဖြစ်သူ၏ အိမ်သို့ သွားရောက်ခိုလှုံရာ နှစ်ပေါင်းများစွာ မတွေ့ခဲ့ရသည့် သူ၏စေ့စပ်ထားသူ ဝမ်းကွဲအစ်မတွင် ကိုယ်ဝန်ရှိနေသည်ကို မမျှော်လင့်ဘဲ တွေ့ရှိလိုက်ရပြန်၏။ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်စွာဖြင့် ပြန့်ကျင်းမြို့သို့ ပြန်ရောက်လာပြီးနောက် ရက်ပေါင်းများစွာ အစားအသောက် အရသာကို မခံစားနိုင်ဖြစ်နေခဲ့သည်။ ကျင်းလျန်တံတားပေါ်ရှိ လမ်းဘေးဆိုင်လေးတစ်ဆိုင်ကို ဖြတ်သွားမိသည့် အချိန်အထိပင်။ ပေါက်စီကင်တစ်ခုကို ဝယ်ယူပြီး တစ်ကိုက် ကိုက်လိုက်သည်နှင့် စိတ်ညစ်စရာများအားလုံး ပြေပျောက်သွားသလို ခံစားလိုက်ရသည်။ "စားလို့ကောင်းလိုက်တာ" ——ကျွန်တော့်ဘဝ တစ်လျှောက်လုံး ကံကောင်းခြင်းတွေက မင်းနဲ့ တွေ့ဆုံဖို့ ဖြစ်တည်နေခဲ့တာပါလား။

