အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
အပိုင်း (၄၇) စာမေးပွဲသွားဖြေခြင်း (၂)
အဒေါ်လီသည် သူမ၏အကြည့်များကို ရှန်သာ့ကျဲအာထံ ပြန်လည်ပို့ဆောင်လိုက်လေသည်။ ဒီနေ့တွင် ရှန်မြောင်သည် သေသပ်စွာ ပြင်ဆင်ခြယ်သထားသည်ကို တွေ့ရသည်။ ခေတ်စားနေသည့် ပန်းပွင့်ပုံသဏ္ဌာန် ဆံထုံးကို ထုံးဖွဲ့ထားပြီး ရောင်စုံပိုးချည်မျှင်များဖြင့် ပန်းပွင့်ဖတ်ပုံစံ ပေါ်လွင်အောင် တန်ဆာဆင်ထားလေသည်။ ပင်ကိုအလှကို ပေါ်လွင်စေသည့် ကြွေပန်းပွင့် ပန်းထိုးကွက်များပါရှိသော အစိမ်းနုရောင် ရင်ခွဲလက်ကျပ်အင်္ကျီနှင့် ပန်းရောင်သမ်းသော အဖြူရောင်ဂါဝန်နှင့် အေက်ခံဘောင်းဘီရှည်ကို ဝတ်ဆင်ထားကာ ခြေထောက်တွင် အလွန်သန့်ရှင်းစင်ကြယ်သည့် ပိတ်ဖိနပ်ရိုးရိုးကို စီးထားလေသည်။
သူမ၏ ကျောပေါ်တွင် ကြီးမားသော ခြင်းတောင်းတစ်လုံးကို လွယ်ပိုးထားသည်။ ခြင်းတောင်းအဝကို အဝတ်ကြမ်းတစ်စဖြင့် ဖုံးအုပ်ထားသဖြင့် အတွင်း၌ မည်သည့်အရာများ ပါဝင်သည်ကို မမြင်ရပေ။ သို့သော် ရှန်မြောင်၏ ခါးအနည်းငယ် ကိုင်းညွတ်နေသည့်အနေအထားကို ကြည့်ခြင်းအားဖြင့် အတွင်းမှပစ္စည်းများ မပေါ့ပါးကြောင်း သိသာနေလေသည်။ ထို့ကြောင့် အဒေါ်လီသည် စိတ်ထဲတွင် ထင်ကြေးတစ်ခုပေါ်လာပြီး အံ့သြတကြီး မေးမြန်းလိုက်တော့သည်။
"ရှန်သာ့ကျဲအာ... နေပါဦး၊ ညည်းက ဖိယုံးစာသင်ကျောင်းရှေ့မှာ ဈေးသွားခင်းမလို့တော့ မဟုတ်ပါဘူးနော်”
သူမသည် ကျိအာ၏ မျက်နှာကို ငဲ့ညှာဖို့ မစဉ်းစားတော့ဘူးလား။
ရှန်မြောင်က ရိုးသားစွာပင် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပါတယ်ရှင်”
သူမသည် ကျိအာကို မြို့ထဲသို့ စာမေးပွဲသွားဖြေရန် လိုက်ပို့ခြင်းဖြစ်ရာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်မနေချင်တော့ပေ။ ထို့ကြောင့် ယနေ့တွင် ကျင်းလျန်တံတား၌ ဈေးသွားခင်းရန် အဆင်မပြေတော့ချေ။ သို့သော် ရှန်မြောင်သည် အငြိမ်မနေတတ်သူဖြစ်ပြီး တစ်ရက်လောက် အားလပ်နေပြီး ဝင်ငွေမရှိလျှင် အိပ်ပျော်မည့်သူမဟုတ်ပေ။ ထို့ကြောင့် မနေ့ကတည်းက ခြံဝင်းထဲရှိ မြေမီးဖိုဖြင့် ပိုးစာသီးနှင့် မြေပဲ ပေါင်မုန့်အိအိလေး အလုံး (၁၀၀) ကို ကြိုတင်ဖုတ်ထားလိုက်သည်။ ကျိအာ စာမေးပွဲဖြေရန် ဝင်သွားသည့်အချိန်တွင် တော်ဝင်ကျောင်းတော်ရှေ့၌ ပေါင်မုန့်လတ်လတ်ဆတ်ဆတ်များကို ရောင်းချရန် ပြင်ဆင်ထားလေသည်။
အရင်းအနှီး သက်သာစေရန်အတွက် ရှန်မြောင်သည် ဂျုံကြမ်း၊ ဆီနည်းနည်း၊ သကြားမပါသည့် နည်းလမ်းကို အသုံးပြုထားပြီး ပြန့်ကျင်းမြို့သူမြို့သားများ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသုံးနိုင်စေရန် ရည်ရွယ်သည်ဟု ကြေညာထားသည်။
မနက်ပိုင်းတွင် သူမနှင့် ကျိအာ၊ ရှန်းအာတို့သည်လည်း ဤပေါင်မုန့်ကိုပင် စားသောက်ခဲ့ကြသည်။ တစ်ညသိပ်ထားသော်လည်း မနက်ပိုင်းတွင် မြေမီးဖိုထဲ၌ အနည်းငယ် ပြန်နွှေးလိုက်သည်နှင့် အလွန်နူးညံ့ပျော့ပျောင်းသွားလေသည်။ လှော်ထားသည့် မြေပဲဆန်အကွဲများက အခွံမာသီးရနံ့ သင်းပျံ့စေပြီး ဆီဓာတ်အနည်းငယ် ပါဝင်စေသဖြင့် စားရသည်မှာ အရမ်းမခြောက်ကပ်စေပေ။ ပိုးစာသီးများ ရာသီကုန်ခါနီးဖြစ်သဖြင့် သစ်သီးသည်များက အလွန်သက်သာသော ဈေးဖြင့် ရောင်းချကြရာ သူမက အကုန်သိမ်းကျုံးဝယ်ယူခဲ့သည်။ လတ်ဆတ်သော ပိုးစာသီးများကို ပါးပါးလှီးပြီး အရည်ညှစ်ကာ ဂျုံနယ်ရာတွင် ထည့်နယ်လိုက်သဖြင့် မုန့်သားတွင် ခရမ်းရောင်ဖျော့ဖျော့လေး သမ်းနေစေသည်။ လတ်ဆတ်သော အချဉ်ဓာတ်နှင့် အချိုဓာတ်က ပေါင်မုန့်၏ အရသာနှင့် အလွှာများကို ပိုမိုကောင်းမွန်စေလေသည်။
ထို့ပြင် ဤမုန့်လုပ်ရာတွင် ဂျုံသားကို အမြှေးပါးဖြစ်အောင် နယ်စရာမလိုသလို ပုံဖော်သည့် လက်ရာလည်း မလိုအပ်ပေ။ ဂျုံမှုန့်ကို (၅) ကြိမ်၊ (၆) ကြိမ်ခန့်သာ စစ်ထားပြီး ဂျုံကြမ်းမှုန့်များ၏ အဖတ်များကို တမင်ချန်ထားသဖြင့် စားလိုက်သည့်အခါ ရိုးရှင်းလွန်းသည်ဟု မခံစားရစေပေ။ သူမသည် ဂျုံကို အပူချိန်မြင့်မားသည့်နေရာတွင် အချဉ်ဖောက်ခြင်း မပြုဘဲ တစ်ညသိပ် အချဉ်ဖောက်သည့် နည်းလမ်းကို အသုံးပြုထားသဖြင့် ဂျုံဖတ်များ ကျန်ရှိနေသည့်တိုင် ပါးစပ်ထဲထည့်လိုက်သည်နှင့် မုန့်သားကို အရည်ပျော်သွားမတတ် နူးညံ့စေလေသည်။
အရင်းအနှီး နည်းပါးပြီး ပြုလုပ်ပုံ ရိုးရှင်းသော်လည်း ရှန်မြောင်က တစ်လုံးလျှင် (၁၂) ဝမ်ဖြင့် ရောင်းချရန် ရည်ရွယ်ထားသည်။
ပထမအချက်မှာ ယနေ့ တော်ဝင်ကျောင်းတော်ရှေ့တွင် လူစည်ကားမည်မှာ သေချာပြီး ကိုယ့်သားသမီး ပညာရေးအတွက် စာမေးပွဲကြေး ဝမ် (၂၀၀) အကုန်ခံနိုင်သည့် မိဘများသည် ချမ်းသာသည်ဟု မဆိုသာလျှင်တောင် စားဝတ်နေရေး မပူရသူများ ဖြစ်ကြသည်။ ဈေးပေါလွန်းလျှင် သူတို့က အထင်ကြီးမည် မဟုတ်ပေ။
ဒုတိယအချက်မှာ သူမသည် ပိုးစာသီးဖြင့် ခရမ်းရောင်ဆိုးထားပြီး အလယ်တွင် မြေပဲဆန်အကွဲများကို ပတ်ပတ်လည် ဖြူးထားသဖြင့် ဖုတ်ပြီးသောအခါ ခရမ်းရောင်ထဲတွင် ရွှေဝါရောင်များ ပါဝင်နေလေသည်။ ထို့ကြောင့် သူမက "ဇီဖောင်ကျင်းတိုက် (ခရမ်းရောင်ဝတ်ရုံ ရွှေခါးပတ်)" ပေါင်မုန့်ကြီးဟု နာမည်ပေးလိုက်သည်။
"ခရမ်းရောင်ဝတ်ရုံ ရွှေခါးပတ်" ဆိုသည်မှာ ရာထူးကြီးမြင့်ခြင်း၏ ပြယုဂ်ဖြစ်ပြီး စာမေးပွဲဖြေဆိုချိန်တွင် ရောင်းချခြင်းဖြစ်ရာ အတိတ်နိတ်မိတ်ကောင်းပြီး အဓိပ္ပာယ်ပြည့်စုံလှသည် မဟုတ်ပါလော။
တတိယအချက်မှာ သူမ၏ လက်ရာသည် (၁၂) ဝမ်နှင့်တန် တန်ပေသည်။ မနေ့ညက သူမသည် ညဉ့်နက်သည်အထိ ပေါင်မုန့်ဖုတ်ခဲ့ရသည်လေ။
သို့သော် ဤအကြောင်းအရာများကို သူမက ထုတ်ပြောမည် မဟုတ်ပေ။ အဒေါ်လီ မပြောဘဲ ချန်ထားသည့် စကားကို သူမကလည်း နားလည်သည်။ စုန့်ခေတ်သည် ကုန်သည်များကို သဘောထားကြီးပြီး အထင်မသေးသည့် ခေတ်ဖြစ်သည့်အပြင် ခေတ်သစ်မှ ရောက်လာသည့် ရှန်မြောင်အတွက်လည်း မျက်နှာပျက်စရာဟု မခံစားရပေ။
အကယ်၍ ကျိအာကသာ ဒါကို မျက်နှာပျက်စရာဟု ထင်နေခဲ့လျှင် သူသည် သူမ၏ မောင်ဖြစ်လာမည် မဟုတ်ပေ။
ထို့ကြောင့် သူမက တစ်ချက်သာ ထူးလိုက်ပြီး လီမိသားစု သုံးယောက်ကို နှုတ်ဆက်လိုက်တော့သည်။
သူမ နောက်လှည့်ကြည့်လိုက်ရာ ခြံဝင်းထဲတွင် ကျောပေါ်၌ ကြက်ပေါက်စ သုံးကောင်တင်ထားသည့် ခွေးကလေးကို တွေ့လိုက်ရသဖြင့် မှာကြားလိုက်လေသည်။
"အိမ်ကို ကောင်းကောင်းစောင့်နော်၊ တို့တွေ သွားပြီ”
ခွေးကလေးသည် အတော်အတန် ကြီးထွားလာပြီဖြစ်ကာ ခြံဝင်းထဲ၌ မတ်တပ်ရပ်လျက် အသံအောင်အောင်ဖြင့် "ဝုတ်" ခနဲ ဟောင်လိုက်ပြီး အမြီးကို ရဟတ်လို ဝိုင်းနေအောင် ခါရမ်းပြလိုက်လေသည်။
ရှန်မြောင်သည် လေထင်ဆီသို့ အကြည့်ပို့လိုက်ပြီး သူ့ကို လှမ်းပွတ်သပ်လိုက်သည်။
"မင်းလည်း ပင်ပန်းခံပြီး သူတို့ကို ကြည့်ပေးပါဦးနော်”
လေထင်က အမြီးမနှံ့ပေ။ ခေါင်းကြီးကို စောင်းကာ သူမကို တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးပြန်မှိတ်ကာ ရှေ့ခြေနှစ်ချောင်းကို ဆန့်ထုတ်လျက် အပျင်းကြောဆန့်လိုက်လေသည်။ "ဒီလောက်ကိစ္စသေးသေးလေးများ မှာနေရသေးတယ်" ဟု ပြောနေသကဲ့သို့ပင်။
ရှန်မြောင်လည်း ပြုံးလိုက်မိလေသည်။
လေထင် အိမ်ရောက်နေသည်မှာ ရက်အတော်ကြာပြီ ဖြစ်သည်။ ခြံဝင်းထဲသို့ ဝင်မလာဘဲ တံခါးဝတွင် အဒေါ်ဝူကို စောင့်နေဆဲဖြစ်သော်လည်း ရှန်မိသားစုအပေါ်ထားရှိသည့် သဘောထားမှာမူ စရောက်ခါစနှင့် လုံးဝ ကွာခြားသွားခဲ့သည်။ ယခုအခါ ရှန်မြောင် ပွတ်သပ်သည်ကို ခံသလို ကျိအာနှင့် ရှန်းအာတို့ ပွတ်သပ်သည်ကိုလည်း ငြိမ်ခံလေသည်။
ရှန်မြောင် မနက်ခင်းဈေးရောင်းရာမှ ပြန်လာလျှင် သူ့ကို လမ်းလျှောက်ထွက်ခိုင်းပြီး ညစာစားပြီးလျှင်လည်း တစ်ခေါက် ထပ်ခေါ်သွားလေ့ရှိသည်။
ယခင်ဘဝက ခွေးမွေးဖူးသဖြင့် ဤကဲ့သို့ ခွေးကြီးများသည် လှုပ်ရှားမှုများစွာ လိုအပ်ကြောင်း သူမ သိသည်။ သို့သော် လေထင်သည် သူမ အတင်းခေါ်ထုတ်မှသာ လိုက်သည်။ လမ်းလျှောက်လျှင်လည်း ယန်လျိုအရှေ့လမ်းကြားနှင့် သိပ်မဝေးချင်ပေ။ တံတားကျော်သွားသည်နှင့် ခေါင်းပြန်လှည့်ကာ ရှန်မြောင်ကို အိမ်ပြန်ရန် ပူဆာတတ်သည်။
အစပထမတွင် ရှန်းအာက ကြောက်သော်လည်း နောက်ပိုင်းတွင် နားရွက်ဆွဲ၊ နှုတ်ခမ်းမွှေးဆွဲလုပ်တာသည်ပင် လေထင်က မျက်လုံးလေးဖွင့်ကြည့်ပြီး ဘာမှမလုပ်သည်ကို သိသွားသောအခါ ရှန်းအာသည် သတ္တိကောင်းလာပြီး လေထင်၏ကျောပေါ်သို့ မှောက်ချကာ လည်ပင်းတုတ်တုတ်ကြီးကို ဖက်လျက် သီချင်းဆိုတော့သည်။
"...ခွေးကလေး လိုချင်တယ်၊ အကောင်းစား လိုချင်တယ်၊ ငါ့အိမ်က ခွေးကြီးကတော့ တုံးအအနဲ့၊ သူခိုးကိုမကိုက်ဘဲ ကြက်ကိုပဲ လိုက်ကိုက်တယ်" ဟူသော ကလေးကဗျာကို ဆိုလေတော့သည်။
ဆိုပြီးသွားလျှင် လေထင်၏နားရွက်နားသို့ကပ်ကာ "ငါ့အိမ်က ကြက်တွေကို မကိုက်ရဘူးနော်၊ အထူးသဖြင့် ရုံရုံကို မကိုက်ရဘူး" ဟု သေချာမှာကြားတတ်သေးသည်။
တစ်ခါက ရှန်မြောင် သူ့ကို လမ်းလျှောက်လိုက်ပို့ရန် ကြိုးဖြေပေးလိုက်ချိန်တွင် ခြံထဲရှိ ခွေးကလေးနှင့် ကြက်ဖအဖြူကောင်တို့ ရန်ဖြစ်နေကြသဖြင့် သူမက ဝင်ဆွဲရန် အပြေးသွားလိုက်ရသည်။ ပုံမှန်အချိန်တွင် ရေတွင်းနား မသွားရန် အထိန်းချုပ်ခံထားရသည့် ရှန်းအာသည် အခွင့်ကောင်းရသွားပြီး ခြေကုန်သုတ်ကာ လမ်းကြားထိပ်ရှိ ရေတွင်းတဲသို့ ရေကစားရန် ပြေးထွက်သွားတော့သည်။
ဒါကို လေထင်က ကောင်းကောင်းရှင်းလိုက်သည်။ ဘယ်သူမှ ခိုင်းစရာမလိုဘဲ နောက်မှလိုက်သွားကာ ရေပုံးဆွဲကြိုးကို လှမ်းဆွဲနေသည့် ရှန်းအာ၏ ဘောင်းဘီစကို ကိုက်ဆွဲပြီး အနောက်သို့ ဆွဲယူလာခဲ့သည်။ ရေတွင်းအနားသို့ အကပ် မခံပေ။ နောက်ဆုံးတွင် အကြံမအောင်ဘဲ ပါးဖောင်းဖောင်းဖြင့် စိတ်ကောက်ပြန်ပါလာသည့် ရှန်းအာကို ပြန်ခေါ်လာနိုင်ခဲ့လေသည်။
ဤအပြုအမူက ကျီဖုန်းနှင့် တစ်ပုံစံတည်းပင်။
ရှန်မြောင်၏ စိတ်ထဲတွင် ခံစားချက်များ ရှုပ်ထွေးသွားရသည်။ သူက ကျီဖုန်း မဟုတ်မှန်း သိသော်လည်း လွမ်းဆွတ်မိနေဆဲပင်။
မှာကြားပြီးနောက် ရှန်မြောင်သည် ခြံထဲရှိ ခွေးအိမ်လေးကို လှမ်းကြည့်လိုက်သည်။ အုတ်ခဲများဖြင့် စီထားသည့် ခွေးအိမ်အသစ်လေး၏ အဝင်ဝတွင် အစာခွက်၊ ရေခွက်များ အပြည့်ထည့်ထားသည်။ သူတို့ တစ်နေ့လုံး အပြင်သွားကြမည်ဖြစ်ရာ ခွေးကလေးနှင့် ကြက်ကလေးများ ဗိုက်ဆာမည် မဟုတ်ပေ။
လေထင်၏ရှေ့ရှိ ရေခွက်နှင့် အစာခွက်များလည်း ပြည့်နေသည်။
ဘာမှ မလိုအပ်တော့ကြောင်း သေချာမှ တံခါးသော့ခတ်ပြီး ရှန်းအာနှင့် ကျိအာကို ဆွဲကာ သုတ်ခြေတင် ထွက်ခွာလာခဲ့တော့သည်။
လှည်းက လူကို မစောင့်ပေ။ ကြန့်ကြာနေ၍ မဖြစ်ချေ။
အဒေါ်လီသည် သူတို့ထွက်သွားသည့် ကျောပြင်ကို ကြည့်ရင်း သည်းခံနေသည့်ကြားမှ မနေနိုင်တော့ဘဲ လီထျောင်ဇီကို ပွစိပွစိ ပြောတော့သည်။
"ခရီးသည်တင်လှည်း စီးဦးမယ်တဲ့လေ၊ တကယ်ကို ဖြုန်းတီးတာပဲ၊ ဒီရှန်သာ့ကျဲအာက ဟို ရှဲ့မိသားစု အိမ်တော်ထိန်းဆီကနေ ငွေတွေအများကြီး ရထားလို့သာ ဒီလိုဖြုန်းရဲတာနေမှာ၊ သူ့ကံကလည်း ကောင်းလိုက်တာနော်၊ ဒီလို အထက်တန်းစား လူချမ်းသာတွေနဲ့ သွားပြီး ချိတ်ဆက်မိတယ်လို့”
လီထျောင်ဇီက မနိုင်ပါလား ဟူသည့်လေသံဖြင့် ပြန်ပြောလိုက်၏။ "ဒါကလည်း သူ့အရည်အချင်းပါပဲကွာ၊ မင်းကလည်း မသိဘူး၊ ငါ မိုးမလင်းခင် အလုပ်ထွက်လုပ်တိုင်း ဒီလမ်းကြားထဲက တခြားအိမ်တွေ မှောင်မဲနေပေမယ့် ရှန်မိသားစုအိမ်က မီးလင်းနေရုံသာမက မီးခိုးတောင် ထွက်နေပြီ၊ အဲဒီအချိန်ဆို မင်းက အိပ်ရာထဲမှာ အိပ်ကောင်းတုန်းရှိသေးတယ်၊ သူတို့ရတဲ့ ပိုက်ဆံက ပင်ပင်ပန်းပန်း လုပ်ထားရတဲ့ ပိုက်ဆံပါ၊ ကဲပါ... တော်ပါတော့၊ မြန်မြန်သွားစို့၊ ကိုအာ စာမေးပွဲဖြေဖို့က အရေးကြီးဆုံးပဲ”
ထိုအခါမှ အဒေါ်လီသည် အလျင်စလို လှည်းကူတွန်းပေးပြီး မြို့အတွင်းဂိတ်သို့ ရောက်မှ ရပ်လိုက်တော့သည်။
ရှန်မြောင်တို့ မောင်နှမသုံးယောက်လည်း လှည်းစီးသည့်နေရာသို့ အလျင်အမြန် ရောက်ရှိသွားကြသည်။
ယနေ့ လှည်းစီးမည့်သူ အလွန်များပြားပြီး လမ်းတွင်လည်း ပိတ်ဆို့နေသည်။ ကံကောင်းစွာဖြင့် ရှန်မြောင်တို့က စောစောထွက်လာခဲ့ကြသဖြင့် တော်ဝင်ကျောင်းတော်၏ ခမ်းနားထည်ဝါသော မုခ်ဦးရှေ့သို့ ရောက်သည့်အချိန်တွင် အချိန်ကိုက်ပင် ဖြစ်နေသည်။
လူများ တဖြည်းဖြည်း များပြားလာပြီး ကျောင်းတော်ရှေ့တွင် တန်းစီနေကြသည်။ တော်ဝင်ကျောင်းတော်ကို ယနေ့ လုံခြုံရေး တင်းကြပ်ထားပြီး အပြာရောင်ဝတ် စစ်သည်ရဲမက်များက ဓားများကိုယ်စီဖြင့် စောင့်ကြပ်နေကြသည်။ စာဖြေမည့် ကလေးများသည် ဂိတ်ဝရှိ တဲတွင် နှစ်ကြိမ်တိုင်တိုင် ရှာဖွေစစ်ဆေးခြင်း ခံရပြီးမှ စာမေးပွဲခြင်းတောင်းကို ဆွဲလျက် ဝင်ရောက်ခွင့်ရကြသည်။
ရှန်ကျိသည် မျက်နှာကို တင်းထားပြီး စစ်ဆေးခံမည့် လူအုပ်ကြီးထဲသို့ တိုးဝင်လိုက်သည်။
လူအုပ်စီးကြောင်းအတိုင်း မျောပါသွားရင်း အစ်မကြီးနှင့် ရှန်းအာတို့က သူ့ကို လိုက်ပို့ပေးလို့ မရတော့ကြောင်း တွေးမိကာ ရုတ်တရက် စိတ်လှုပ်ရှား ထိတ်လန့်လာမိသည်။ မနေနိုင်တော့ဘဲ နောက်လှည့်ကြည့်လိုက်ရာ အစ်မကြီးက ရှန်းအာကို ဆွဲထားရင်း သူ့ကို ရပ်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူ့အကြည့်ကို မြင်သည်နှင့် အစ်မကြီးက မျက်လုံးလေးမှိတ်ကာ ပြုံးပြလိုက်ပြီး ခြေဖျားထောက်လျက် လက်လှမ်းပြလိုက်သည်။
"ကျိအာ... စိတ်မလှုပ်ရှားနဲ့၊ အကောင်းဆုံး ဖြစ်အောင်သာ လုပ်ခဲ့၊ အသက်ကို ဝဝရှူ၊ ဘယ်လိုပဲ ဖြေဖြေ မကြီး ရှိတယ်၊ မကြီးနဲ့ ရှန်းအာက အပြင်မှာပဲ စောင့်နေမယ်၊ ဘယ်မှ မသွားဘူး၊ စိတ်ကို လျှော့ပြီး ပေါ့ပေါ့ပါးပါးသာ ဖြေခဲ့၊ ညနေကျရင် ကြက်ပေါင်းဟင်းရည် သောက်ရမယ်၊ မကြီး မလာခင်ကတည်းက တည်ခဲ့တယ်"
ရှန်းအာကလည်း ခုန်ဆွခုန်ဆွလုပ်ရင်း အော်ပြောလေသည်။
"အစ်ကို... စာမေးပွဲ အောင်ပါစေနော်”
ရှန်ကျိသည် ရယ်မောလိုက်မိလေသည်။ မကြီးနှင့် ရှန်းအာကို တစ်ချက်ပြန်ကြည့်ပြီးနောက် သူ့မျက်လုံးများ တည်ငြိမ်ခိုင်မာသွားကာ နောက်ပြန်လှည့်ပြီး လူအုပ်ကြီးနှင့်အတူ တစ်လှမ်းချင်း လျှောက်လှမ်းသွားတော့သည်။ အဒေါ်လီက မိခင်တစ်ယောက်အနေဖြင့် လီကိုအာကို အောင်မြင်မှုရရန်၊ မျက်နှာပန်းလှရန် ဖိအားပေး မှာကြားသော်လည်း သူ့မကြီးကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် အပြင်မှာ စောင့်နေမယ်၊ ကြက်ပေါင်းဟင်းရည် တိုက်မယ်ဟု ဆိုလေသည်။
သူ ခေါင်းငုံ့လိုက်ပြီး ပူနွေးစပြုလာသည့် မျက်ဝန်းများကို လက်ခုံဖြင့် သုတ်လိုက်သည်။
ထို့နောက် တံခါးဝရှိ တဲဆီသို့ လျှောက်သွားလိုက်သည်။ စစ်သည်ရဲမက်များက သူ့ကို ဓားအိမ်ဖြင့် ခေါင်းအစ ခြေအဆုံး စစ်ဆေးသည်။ အပေါ်အင်္ကျီ၊ ဘောင်းဘီမှစ၍ အတွင်းခံဘောင်းဘီအထိ ကြည့်ရှုစစ်ဆေးသည်။ ရှန်ကျိ မျက်နှာရဲသွားရသည်။ အဝတ်အစား ပြန်ဝတ်ပြီးနောက် စာမေးပွဲခြင်းတောင်းကို ဖွင့်ပြရန် အမိန့်ပေးခံရလေသည်။
သူ့ခြင်းတောင်းက တခြားသူများထက် ပိုကြီးသည်။ မကြီး သေချာဝယ်ပေးထားခြင်း ဖြစ်သည်။
ခြင်းတောင်းထဲတွင် စုတ်တံ နှစ်ချောင်း၊ စက္ကူတစ်ထပ်၊ မှင်တောင့်တစ်တောင့်၊ မှင်သွေးကျောက်ပြင်တစ်ခုသာ ပါရှိသည်။ ထို့နောက် အဖုံးပါသည့် ကြွေပန်းကန်လုံးအကြီး တစ်လုံးနှင့် တူတစ်စုံ ပါသည်။ စစ်သည်ရဲမက်က အဖုံးဖွင့်ပြရန် ပြောသဖြင့် သူ ဖွင့်ပြလိုက်သည်။
အတွင်း၌ ဆီကြော်ထားသည့် ခေါက်ဆွဲခြောက်တစ်ခွေ၊ ထက်ခြမ်းခွဲထားသည့် ကြက်ဥအနှစ်မကျက်တကျက်၊ နေလှန်းထားသည့် ဟင်းသီးဟင်းရွက်ခြောက်များ၊ ဝက်သားပြားအချို့ ပါဝင်ပြီး ပန်းကန်လုံးအောက်ခြေ၌ အညိုရောင်ခဲနေသည့် အဆီအသားဟင်းနှစ် အနှစ်တုံးကြီးနှင့် ကြက်သွန်မြိတ်၊ နံနံပင် လှီးထားသည်များ ပုံထားသည်ကို တွေ့လိုက်ရသည်။
အဓိကအချက်မှာ အလွန်မွှေးပျံ့နေခြင်းပင်။
ရှားပါးပြီး စုံလင်လှသည့် ဤအစားအသောက်ကြောင့် စစ်သည်ရဲမက်မှာ ကြောင်အသွားတော့သည်။
သူက ရှန်ကျိကို မော့ကြည့်လိုက်၏။
ရှန်ကျိကလည်း အပြစ်ကင်းစင်သည့် မျက်လုံးများဖြင့် ပေကလပ် ပေကလပ် ပြန်ကြည့်နေသည်။
"မင်းက... ဒီထဲမှာ ခေါက်ဆွဲပြုတ်စားမလို့လား”
စစ်သည်ရဲမက်က အံ့သြတကြီးမေးရင်း ပန်းကန်ထဲကို မွှေနှောက်စစ်ဆေးလိုက်သည်။ ခေါက်ဆွဲခြောက်ကိုပင် ထက်ခြမ်းချိုးကြည့်လိုက်သည်။ တကယ်ပင် ဘာမှ ဝှက်သယ်လာခြင်း မရှိပေ။ သူက မနေနိုင်ဘဲ သတိပေးလိုက်သည်။
"အထဲမှာ မီးဖိုမရှိဘူး၊ မီးသွေးလည်း မရှိဘူးနော်၊ ရေနွေးတစ်အိုးပဲ ပေးမှာ၊ ဒီခေါက်ဆွဲက ကျက်မှာမဟုတ်ဘူး၊ မဝင်ခင် အိမ်ကလူတွေကို ပန်ကိတ်တစ်ချပ်နှစ်ချပ်လောက် သွားဝယ်ခိုင်းလိုက်၊ မဟုတ်ရင် တစ်နေ့လုံး ဗိုက်ဆာနေလိမ့်မယ်”
"ကျေးဇူးတင်ပါတယ် ရဲမက်ကြီး၊ ရေနွေးရှိရင် လုံလောက်ပါပြီ”
ရှန်ကျိက ခါးကိုင်းပြီး အရိုအသေပြုလိုက်သည်။ ပြီးမှ သတိရသွားပြီး ဆက်ပြောလေသည်။
"ကျွန်တော်တို့အိမ်က ကျင်းလျန်တံတား၊ ယန်လျိုအရှေ့လမ်းကြားမှာ ခေါက်ဆွဲဆိုင်ဖွင့်ထားတာပါ၊ နောက်ရက် အားရင် လာမြည်းစမ်းကြည့်ပါဦး၊ ကျွန်တော့်မကြီးရဲ့ လက်ရာက တကယ့်ကို ပြိုင်ဘက်ကင်းပဲ၊ လာစားရင် နောင်တမရစေရဘူး”
မကြီးက အိမ်အမိုး မိုးပြီးလျှင် မနက်ခင်းဈေးထွက်မရောင်းတော့ဘဲ အိမ်မှာပဲ ဆိုင်ဖွင့်တော့မည်ဟု ပြောထားသည်။ ယန်လောင်ဟန့်ဆီမှာလည်း စားပွဲ၊ ကုလားထိုင်၊ ကောင်တာခုံတွေ မှာထားသလို "ရှန်အမှတ်တံဆိပ်" ဟု ရေးထွင်းထားသည့် ပန်းကန်ခွက်ယောက်များကိုလည်း မှာယူထားပြီးဖြစ်သည်။
ရှန်ကျိသည် မကြီးကို ကူညီချင်စိတ် အပြည့်ရှိသဖြင့် အခွင့်အရေးရသည်နှင့် အိမ်ဆိုင်အတွက် ကြော်ငြာဝင်လေသည်။
ဒီကလေး ပြောမရမှတော့လည်း သဘောပဲလေ။ စစ်ဆေးရေးတာဝန်ရှိသည့် စစ်သည်ရဲမက်က အဖုံးကို ပစ်ထည့်ပေးလိုက်ပြီး ရှန်ကျိကို ဝင်ခွင့်ပြုလိုက်သည်။ ထွက်သွားသည့် ကလေး၏ကျောပြင်ကို ကြည့်ပြီး သူ ခေါင်းခါမိသည်။
စာမေးပွဲလာဖြေတာလား၊ ဈေးလာရောင်းတာလား။
သို့သော် နောက်ထပ် လူအများအပြားကို စစ်ဆေးပြီးသည့်တိုင် ထိုစစ်သည်ရဲမက်၏ နှာခေါင်းထဲတွင် စောစောက ကလေး၏ ခြင်းတောင်းထဲမှ ဟင်းခတ်အမွှေးအကြိုင်နံ့က စွဲကျန်နေဆဲပင်။
ခေါက်ဆွဲက အိုးထဲတောင် မရောက်သေးဘူး ဒီလောက်မွှေးနေတာ၊ ဘာနဲ့များ လုပ်ထားပါလိမ့်။ အရင်က ဒီလိုမျိုး တစ်ခါမှ မစားဖူးပါဘူး။ သူ စိတ်လှုပ်ရှားလာသည်။ တကယ်ပဲ ပြောသလောက် စားကောင်းပါ့မလား။
နောက်ရက် အားလပ်ရက်ကျရင်... သွားစားကြည့်ရမလားပဲ။
...
အပိုင်း (၄၈) ဆီးသီးဖျော်ရည်
ကျိအာတစ်ယောက် အဆင်ပြေချောမွေ့စွာ ဝင်သွားသည်ကို ကြည့်နေရင်း၊ သူ့ခန္ဓာကိုယ်သေးသေးလေးသည် တော်ဝင်ကျောင်းတော်၏ မြင့်မားသော တံခါးပေါက်ဆီသို့ လူအုပ်ကြီးနှင့်အတူ မျောပါသွားကာ မကြာမီမှာပင် ခြေဖျားထောက်ကြည့်ကြည့်၊ လည်ပင်းဆန့်ကြည့်ကြည့် မမြင်ရတော့ဘဲ မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။ ရှန်မြောင် သက်ပြင်းချလိုက်ပြီး ခြင်းတောင်းကိုလွယ်ကာ ဘေးဘီဝဲယာကို ကြည့်ရှုလိုက်ပြီး ဆိုင်ခင်းရန် နေရာကောင်းတစ်ခု အမြန်ရှာဖွေရန် ပြင်ဆင်လိုက်တော့သည်။
တော်ဝင်ကျောင်းတော်၏ "ဖိယုံးစာသင်ကျောင်းခွဲ" သည် မြို့ပြင်တွင် တည်ရှိသော်လည်း ပတ်ဝန်းကျင်မှာ လူပြတ်ခြောက်ကပ်မနေပေ။
စာတိုက်လမ်းမကြီးက ကျယ်ဝန်းပြီး မြေဝါများက ကျစ်လစ်နေသည်။ မြင်းဒုန်းစိုင်းစီးသွားသည်မှလွဲလျှင် ဖုန်မှုန့်များ ထွက်ပေါ်လေ့မရှိပေ။ လမ်းဘေးဝဲယာတွင် ထန်လီပန်းပင်များ စိုက်ပျိုးထားရာ ယခုအချိန်သည် ပန်းပွင့်များ ဝေဆာပြီး စိမ်းလန်းစိုပြေနေသည့် ကာလဖြစ်လေသည်။ ကျောင်းတော်၏ ခြံစည်းရိုးတစ်လျှောက်တွင် အပန်းဖြေနားနေဆောင်များနှင့် ဇရပ်များ ဟိုတစ်စု သည်တစ်စု ရှိနေပြီး ထင်းရှူးပင်ကြီးများ၊ ကျောက်တောင်တုများဖြင့် တန်ဆာဆင်ထားကာ လေပြည်လေညင်း တိုက်ခတ်နေသဖြင့် အလွန်တရာ သာယာလှပနေပေသည်။
သို့သော် ယခုအခါ ကလေးစာမေးပွဲရှိသဖြင့် ဖိယုံးစာသင်ကျောင်းရှေ့တွင် နွားလှည်း၊ မြင်းလှည်း၊ မြည်းလှည်း အမျိုးမျိုး ပြည့်နှက်နေလေသည်။ အစေခံအများအပြားသည် တိရစ္ဆာန်များကို ဆွဲလျက် လှည်းဘေးတွင် စောင့်ဆိုင်းနေကြသည်။ လမ်းလျှောက်လာသူများလည်း ရှိသလို လီမိသားစုကဲ့သို့ မြေလှည်းတွန်းလာသူများလည်း ရှိကြသည်။ ရှန်မြောင်ကဲ့သို့ အထမ်းထမ်းပြီး ဈေးလာရောင်းသည့် ဈေးသည်များလည်း မရေမတွက်နိုင်အောင် ရှိနေလေသည်။ အချုပ်ဆိုရသော် လူအသွားအလာ မပြတ်ဘဲ လူသံများ ဆူညံနေကာ အလွန်တရာ စည်ကားနေတော့သည်။
စစ်သည်များသည် ဓားများကို ကိုင်ဆောင်လျက် လူအုပ်ကြားထဲတွင် လှည့်လည်သွားလာနေကြရာ စာပေလေ့လာရာဌာန၏ တိတ်ဆိတ်ငြိမ်သက်ခြင်းများ ပျောက်ဆုံးနေလေသည်။
ရှန်မြောင် တစ်ချက်ဝေ့ကြည့်လိုက်ရာ ကျောင်းတော်နှင့် မနီးမဝေးရှိ စာတိုက်လမ်းမအနီးတွင် နေရာကောင်းတစ်ခု ရှာတွေ့သွားလေသည်။ ထိုနေရာသည် မြင့်မားသော ဟိုင်ထန်ပန်းပင်အောက်တွင်ဖြစ်ပြီး သစ်ကိုင်းသစ်ခက်များ စိမ်းလန်းဝေဆာနေသဖြင့် နေရိပ်ရလေသည်။ လူသွားလူလာများသည့် လမ်းမဘက်သို့ မျက်နှာမူထားပြီး အနောက်ဘက်တွင် လူပြည့်နေသည့် ဇရပ်နှင့် နားနေဆောင်များ ရှိနေလေသည်။ စာမေးပွဲဖြေမည့် ကလေးများကို စောင့်ဆိုင်းနေကြသည့် မိဘဆွေမျိုးများအားလုံး ထိုနေရာတွင် စုပြုံနားနေကြခြင်း ဖြစ်သည်။
သူမက ခြင်းတောင်းကို ချလိုက်ပြီး ထိုင်ခုံပု နှစ်လုံးကို ထုတ်လိုက်သည်။ ထို့နောက် ဆီစိမ်စက္ကူဖြင့် ထုပ်ထားသည့် ပေါင်မုန့်များကို ယက်ထားသည့် ကြိမ်ခြင်းတောင်းလေးထဲသို့ ထည့်လိုက်ပြီး ခြင်းတောင်းကြီးကို မှောက်လျက် စားပွဲအဖြစ် ဖန်တီးလိုက်လေသည်။
သူမနှင့် ရှန်းအာသည် သစ်ပင်အောက်တွင် ခုံပုတစ်လုံးစီ ယူထိုင်လိုက်ပြီး ရံဖန်ရံခါ ဈေးခေါ်ကြတော့သည်။
"မီးဖိုက ချကာစ ပေါင်မုန့်တွေနော်၊ ဇီဖောင်ကျင်းတိုက် ပေါင်မုန့်ကြီးတွေပါ၊ စားလို့လည်းကောင်း နိမိတ်လည်းကောင်းတယ်၊ မွှေးပြီး အိစက်နေတဲ့ ပေါင်မုန့်ကြီးတွေနော်"
သူမက တစ်ခွန်းအော်လိုက်လျှင် ရှန်းအာကလည်း ကြည်လင်ပြတ်သားပြီး နို့နံ့မစင်သေးသည့်အသံလေးဖြင့် လိုက်အော်လေသည်။ ကလေးအသံက နုနယ်ပြီး ညီအစ်မနှစ်ယောက်တွင် အစ်မဖြစ်သူက ရုပ်ရည်ချောမောကာ ညီမငယ်လေးက ဆံပင်ကို ကွင်းလေးနှစ်ကွင်းဖြစ်အောင် စည်းထားပြီး ပေါက်စီလုံးလေးအလား ချစ်စရာကောင်းနေသဖြင့် လူအများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့လေသည်။
ရှန်မြောင်က အခွင့်ကောင်းယူပြီး မုန့်တစ်လုံးကို ဖောက်ကာ ယူလာသည့် ဓားကြီးဖြင့် အတုံးသေးလေးများ တုံးလိုက်သည်။ ထို့နောက် ထပ်အော်လိုက်ပြန်သည်။
"အရင်မြည်းပြီးမှ ဝယ်ပါ၊ မစားကြည်ံ့ရင် အခွင့်ရေးလွှတ်သွားမှာနော်၊ ဒီဆိုင်ကျော်သွားရင် နောက်တစ်ဆိုင် မရှိတော့ဘူးနော်"
အလကားရသည်ကို မလိုချင်သူမှာ လူအနုံအအသာ ရှိပေလိမ့်မည်။ မကြာမီ လူအများအပြား ဝိုင်းအုံလာကြသည်။ ကြိမ်ခြင်းတောင်းထဲရှိ ချစ်စရာကောင်းပြီး ခရမ်းရောင်ထဲ ရွှေဝါရောင်သမ်းနေသည့် ပေါင်မုန့်များကို မြင်လိုက်ရပြီး မြည်းစမ်းကြည့်လိုက်သည့်အခါ စိတ်လှုပ်ရှားသွားကြတော့သည်။ ဈေးမေးကြည့်တော့ နည်းနည်းကြီးသော်လည်း...
ဆံပင်ကို သပ်ရပ်စွာ ထုံးဖွဲ့ထားသည့် အမျိုးသမီးတစ်ယောက်သည် စာမေးပွဲဖြေမည့် သားဖြစ်သူကို ဆွဲလျက် မုန့်ရောင်းသည့် မိန်းကလေးကို တွေးဆဆဖြင့် ကြည့်လိုက်သည်။
"ဒါစားရင် ဉာဏ်ပွင့်ပြီး နောင်ကျရင် အရာရှိကြီး ဖြစ်မှာ"
ထိုမိန်းကလေးက ပြုံးလိုက်လျှင် မျက်လုံးလေးများ လခြမ်းကွေးကဲ့သို့ ဖြစ်သွားကာ သူမ၏လက်ထဲမှ မုန့်ကဲ့သို့ပင် နှစ်လိုဖွယ်ကောင်းလှသည်။ အသံကလည်း ကြည်လင်ပြတ်သားပြီး မင်္ဂလာရှိသည့် စကားများကို ပြောဆိုလေသည်။
"နိမိတ်ကောင်း ယူသွားလိုက်လေ၊ သခင်လေး စာမေးပွဲမှာ အောင်မြင်ပါစေ၊ ကောင်းကောင်းစားပြီး ကောင်းကောင်းဖြေနိုင်ပါစေ၊ ထုပ်ပေးလိုက်ရမလား"
စကားသံက နားထောင်လို့ ကောင်းလွန်းသဖြင့် ထိုအမျိုးသမီးသည် တွန့်ဆုတ်မနေတော့ဘဲ ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံထုတ်ကာ ပြောလိုက်လေသည်။
"နှစ်လုံး ထုပ်ပေး"
ထို့နောက် သူမနှင့် သားဖြစ်သူသည် ဆိုင်ရှေ့မှာပင် မုန့်တစ်ခုကို ခွဲဝေစားလိုက်ကြသည်။ သားအမိနှစ်ယောက် တစ်ကိုက် ကိုက်လိုက်သည်နှင့် အံ့သြတကြီး ကြည့်မိသွားကြသည်။ ဒီပေါင်မုန့်က တခြားဟာတွေနဲ့ မတူပါလား။ စစားလိုက်လျှင် ရိုးရှင်းသည့် အရသာကြမ်းကို ခံစားရသော်လည်း သေချာဝါးကြည့်လိုက်လျှင် ဂျုံနံ့မွှေးမွှေးနှင့် အချိုဓာတ်သင်းသင်းလေး ထွက်ပေါ်လာသည်။ လျှာပေါ်တွင် စွဲကျန်ရစ်သည့် ပိုးစာသီးရနံ့နှင့် လှော်ထားသည့် မြေပဲဆန်မွှေးမွှေးတို့ ပေါင်းစပ်သွားကာ အကြိမ်ကြိမ် ပြန်စားချင်စိတ် ပေါက်သွားစေသည်။ အထူးသဖြင့် မုန့်မျက်နှာပြင်ပေါ်တွင် ကပ်ကျန်နေသည့် မီးကင်ထားသည့် ဂျုံဖတ်များက စားလိုက်လျှင် သစ်အယ်သီး စပေါ်ခါစ အရသာမျိုး ပေးစွမ်းနေလေသည်။
သို့နှင့် မိခင်ဖြစ်သူသည် ဆက်မစားတော့ဘဲ ကျန်နေသည့် နိမိတ်ကောင်းမုန့်များကို သားဖြစ်သူ၏ ခြင်းတောင်းထဲသို့ အမြန်ထည့်ပေးလိုက်ပြီး စာမေးပွဲခန်းထဲသို့ အလျင်အမြန် တွန်းပို့လိုက်တော့သည်။
သတိကြီးသူများကတော့ အိမ်က အစားအစာများ ယူလာကြပြီး အပြင်စာ မစားရန် ကလေးများကို မှာကြားကြသည်။ သို့သော် အများစုမှာ မြည်းစမ်းကြည့်ပြီးသည်နှင့် မဝယ်ဘဲ မနေနိုင်ကြပေ။ နိမိတ်ကောင်းရုံသာမက အရသာကလည်း စွဲဆောင်မှု ရှိလွန်းသည်လေ။
ဦးကြီးရှန်၏ မြည်းလှည်းက ရှန်မြောင်၏ဆိုင်ရှေ့သို့ ရောက်လာချိန်တွင် ရှန်မြောင်သည် မုန့်ထုပ်ပေးရင်း အလုပ်ရှုပ်နေလေသည်။ မော့ကြည့်လိုက်ရာ မောက်မာလှသည့် ကြီးတော် တင်းရှီနှင့် ဦးကြီးရှန်နှင့် ရက်ပိုင်းအတွင်း ပိုဝလာသည့် ဟိုင်ကောအာတို့ကို တွေ့လိုက်ရသည်။
ဟိုင်ကောအာသည် အိပ်မှုန်စုံမွှားဖြင့် မျက်လုံးများ မို့အစ်နေကာ အိပ်ရာထဲမှ ဆွဲထုတ်လာသည့်ပုံ ပေါက်နေ၏။ ဝဖိုင့်နေသည့် ခန္ဓာကိုယ်ကို ကြိုးကြာနီများ မိုးပေါ်ပျံတက်နေပုံ ပန်းထိုးထားသည့် အနီရောင်ဖဲသားဝတ်ရုံဖြင့် ထုပ်ပိုးထားရာ အချဉ်ပေါက်လွန်နေသည့် မန်ထိုအဟောင်းတစ်လုံးနှင့် တူနေတော့သည်။
သူတို့သည် မြို့ပြင်တွင် နေထိုင်ကြသဖြင့် ဖိယုံးစာသင်ကျောင်းနှင့် ရှန်မြောင်တို့ထက် ပိုနီးသော်လည်း နောက်ကျမှ ရောက်လာကြသည်။ လှည်းပေါ်မှဆင်းသည်နှင့် အလျင်စလို ဝင်သွားကြပြီး ရှန်မြောင်ကို မြင်သော်လည်း မနှုတ်ဆက်ကြပေ။ ဟိုင်ကောအာကို ကျောင်းတော်တံခါးဝသို့ ပို့ပြီးမှ ပြန်လှည့်လာကြသည်။ တင်းရှီသည် ရှန်မြောင်၏ ခြင်းတောင်းထဲမှ လျော့ပါးသွားပြီဖြစ်သော မုန့်များကို မိုးပေါ်မှ စီးမိုးကြည့်လျက် မလိုတမာလေသံဖြင့် ပြောလိုက်သည်။
"နှစ်လုံးပေးစမ်း"
ရှန်မြောင်က မျက်လွှာပင့်ကြည့်လိုက်သော်လည်း တင်းရှီကို မကြည့်ဘဲ ဦးကြီးရှန်ကို ကြည့်ကာ ပြုံးလိုက်သည်။
"ဦးကြီး... နှစ်လုံးကို (၂၄) ဝမ်ပါ"
တင်းရှီက မျက်မှောင်ကြုတ်လိုက်သည်။
"ဆွေမျိုးအချင်းချင်းကိုများ ပိုက်ဆံယူရသလား"
"ညီအစ်ကိုအရင်းတောင် စာရင်းကို ရှင်းနေအောင်လုပ်ရတယ်လေ၊ တူမလေးက ပင်ပင်ပန်းပန်းနဲ့ ရှာရတာပါ၊ ကြီးတော်က မကူညီတဲ့အပြင် တူမဆီက အမြတ်ထုတ်ချင်နေတာလား၊ ဦးကြီး... ဦးကြီးပဲ တရားသဖြင့် စဉ်းစားပေးပါဦး၊ ဦးကြီးလည်း သိတဲ့အတိုင်းပဲ၊ အဖေနဲ့အမေ မဆုံးခင်တုန်းက ကျွန်မတို့ သုံးယောက်လုံးကို ဦးကြီးဆီ အပ်ခဲ့တာလေ၊ ကျွန်မကလည်း ဦးကြီးကို အမြဲတမ်း ဒုက္ခမပေးချင်ပါဘူး၊ ဒါပေမယ့် ကျွန်မတို့အိမ် မီးလောင်ထားတာ ဘယ်လိုပုံစံဖြစ်သွားလဲ ဦးကြီး မြင်တယ်မလား၊ ဒီရက်ပိုင်း အိမ်ပြန်ဆောက်ဖို့ ကျွန်မရဲ့ တင်တောင်းရွှေငွေတွေ အကုန်လုံး ထည့်လိုက်ရရုံမကဘူး၊ အခုဆို အိုးတောင် မတည်နိုင်တော့ဘူး၊ ဦးကြီး ကြည့်ပါဦး..."
"တော်ပြီ တော်ပြီ၊ ရပ်တော့"
တင်းရှီသည် ဘေးနားမှ လူများက ကွက်ကြည့်ကွက်ကြည့် လုပ်လာသည်ကို မြင်လိုက်ရသဖြင့် ရှန်မြောင်၏ ငိုချင်းချနေမှုကို အမြန်တားလိုက်ရသည်။ အင်္ကျီလက်ကြားထဲမှ ၂၄ဝမ် ထုတ်ကာ ရေတွက်လိုက်ပြီး ရှန်မြောင်ရှေ့သို့ ဖတ်ခနဲ ပစ်ချလိုက်လေသည်။
"ရော့... ယူသွားတော့"
ရှန်မြောင်က နှမြောတသဟန်ဖြင့် ပေါင်မုန့်နှစ်လုံး ထုပ်ပေးလိုက်သည်။ တင်းရှီကလည်း အတော်လေး ပါးနပ်သည်။ သနားစရာကောင်းအောင် လုပ်ပြမည့် ဇာတ်လမ်း မစခင်မှာပင် သူမက ရိပ်မိသွားသည်။ သို့မဟုတ်ပါက မျက်နှာလိုချင်သည့် ဦးကြီးရှန်၏ စရိုက်အရ ဒီလောက်လူအများကြီးရှေ့တွင် ခါးကြားထဲမှ ပိုက်ဆံ တစ်ကွမ်း၊ နှစ်ကွမ်းလောက်တော့ ထုတ်ပေးမှာ သေချာသည်။
တင်းရှီသည် ပူနွေးနေသေးသည့် မုန့်နှစ်လုံးကို ယူပြီး ဦးကြီးရှန်ကို အတင်းဆွဲကာ ထွက်သွားတော့သည်။ ထို့နောက် ဟန်လုပ်ပြုံးရင်း ပြောလိုက်သေးသည်။ "ငါတို့ ဟိုဘက်မှာသွားနားပြီး ဟိုင်ကောအာကို စောင့်လိုက်ဦးမယ်၊ တူမကြီး ဈေးရောင်းတာ မနှောင့်ယှက်တော့ပါဘူး"
ရှန်မြောင်က အပြုံးမပျက်ဘဲ လက်ပြလိုက်သည်။ "ကောင်းကောင်းပြန်ပါရှင်"
ခဏကြာတော့ ဦးကြီးရှန်က ပြန်ရောက်လာပြီး ရှန်မြောင်ကို အလွန်အံ့သြသည့် အကြည့်ဖြင့် ကြည့်ကာ မုန့်ဖတ်များ ကပ်ကျန်နေသေးသည့် ပါးစပ်ကို သုတ်လိုက်ရင်း ပြောလာ၏။ "တူမကြီး... ဒီမုန့်တွေအကုန်လုံး ညည်း လုပ်တာလား"
ရှန်မြောင်က ပုံမှန်လိုပင် ပြန်ဖြေလိုက်သည်။ "ဟုတ်တာပေါ့"
ဦးကြီးရှန်တစ်ယောက် မျက်လုံးပြူးသွားပြန်သည်။ "ညည်း ဘယ်ကနေ သွားသင်လာတာလဲ၊ ကျင်းလင်မြို့မှာ သင်လာတာလား၊ ဦးကြီး မသိဘူးမထင်နဲ့၊ ညည်းအဖေက ညည်းကို သက်တောင့်သက်သာ နေစေချင်တာမို့လို့ ဘိုးစဉ်ဘောင်ဆက် လက်ရာတွေကို တစ်ခုမှ သင်မပေးခဲ့ပါဘူး"
"ဟုတ်ပါတယ်၊ ကျင်းလင်မှာ သင်လာတာ" ရှန်မြောင်က မျက်နှာမပျက်ဘဲ ပြုံးပြုံးလေး ပြန်ဖြေလိုက်သည်။
"ဦးကြီးက ဘာလို့ ဒီလောက် အံ့သြနေရတာလဲ၊ အဖေက သင်မပေးတာ ဟုတ်ပါတယ်၊ ဒီမုန့်တွေ မန်ထိုတွေကို အဖေလည်း မလုပ်တတ်ပါဘူး၊ ပြန့်ကျင်းတစ်မြို့လုံးမှာ ဒုတိယတစ်ဆိုင် ရှာတွေ့မှာ မဟုတ်ဘူး၊ ဒါတွေအကုန်လုံး ကျွန်မဘာသာ စမ်းသပ်တီထွင်ထားတာပါ"
ဦးကြီးရှန်သည် မုန့်အရသာကို ပြန်တွေးကြည့်ပြီး ရှန်မြောင် ပြောသည်မှာ မှန်ကြောင်း ဝန်ခံလိုက်ရသည်။ သို့သော် သူ့မှာ အံ့သြ၍ မဆုံးသေးပေ။ ရှန်မြောင်ကို ခေါင်းအစ ခြေအဆုံး ကြည့်လိုက်ပြီး ရေရွတ်လိုက်မိသည်။
"ငါတို့ ရှန်မိသားစုမှာ ညည်းက ပါရမီအရှိဆုံး ဖြစ်နေလိမ့်မယ်လို့ မထင်မှတ်ထားဘူး "
ဟိုအရင်တုန်းက ရှန်အဘိုးသည်လည်း မုန့်ပေါင်းတစ်ခြင်းဖြင့် စီးပွားစတင်ခဲ့ပြီး တဖြည်းဖြည်းနှင့် ကြီးပွားလာခဲ့ခြင်း ဖြစ်သည်။ သို့သော် ဦးကြီးရှန်သည် စာပေဘက်တွင်သာ စိတ်ဝင်စားသဖြင့် အဘိုး၏လက်ရာကို မသင်ယူခဲ့ပေ။ ထို့ကြောင့် မျိုးရိုးစဉ်ဆက် လက်မှုပညာသည် ညီဖြစ်သူ ရှန်အာ့လန် (ရှန်မြောင်အဖေ) ထံသို့ ရောက်ရှိသွားခဲ့သည်။
သို့သော် ရှန်အာ့လန်သည် မုန့်လုပ်ကောင်းသော်လည်း ရှိပြီးသားကိုသာ လိုက်လုပ်တတ်ပြီး အသစ်အဆန်း မထွင်နိုင်ပေ။ ရှန်အဘိုးလို မုန့်ပေါင်းမှသည် ခေါက်ဆွဲ၊ မန်ထို၊ ပေါက်စီ အစုံအလင် လုပ်တတ်သည့်အဆင့်ထိ မရောက်ခဲ့ပေ။
စိတ်မကောင်းစရာ အကောင်းဆုံးမှာ ရှန်အာ့လန်သည် သူ့ပညာကို လက်ဆင့်မကမ်းနိုင်ခင် လမ်းဘေးတွင် ရုတ်တရက် သေဆုံးသွားခဲ့ရခြင်းပင်။
ရှန်မြောင်သည် ကိုယ်လုံးကိုယ်ပေါက် သေးသွယ်ပြီး မျက်နှာလေးက နူးညံ့ကာ ပန်းပွင့်များ ဝေဆာနေသည့် ဟိုင်ထန်သစ်ပင်အောက်တွင် ရပ်နေသည်မှာ ခါးကြားတွင် ထိုးထားသည့် ငွေရောင်လက်နေသည့် ဓားကြီးကိုသာ မမြင်ပါက ပန်းချီကားထဲမှ မိန်းမလှလေး တစ်ယောက်အလားပင်။
ဦးကြီးရှန်သည် သူမကို ကြည့်ရင်း အတိတ်ကို လွမ်းမိသလိုလို ဖြစ်သွားတော့သည်။ အိမ်တွင် သားသမီးမြေးမြစ်များ များပြားသော်လည်း ယောက်ျားကွာရှင်းထားသည့် ရှန်မြောင်တစ်ယောက်တည်းသာ ဒီလိုလက်ရာမျိုး ပိုင်ဆိုင်ထားပြီး အဘိုးနှင့် အတူဆုံး ဖြစ်နေရသည်ကိုး။
ကံတရားက ဆန်းကြယ်လိုက်တာ။
သက်ပြင်းချရင်း ဦးကြီးရှန်သည် တူမဖြစ်သူထံမှ ပေါင်မုန့်ခြောက်လုံး ထပ်ဝယ်လိုက်လေသည်။ သူနှင့် တင်းရှီအတွက် သုံးလုံးစီ ဖြစ်သည်။ သူတို့နှစ်ယောက်လုံးက အစားကြီးသူများ ဖြစ်ကြသည်။ ထို့ပြင် ဒီမုန့်က တကယ်စားကောင်းသည်။ ပိုးစာသီးအရသာမှာ ရှားပါးပြီး စားလိုက်လျှင် အနည်းငယ် ချဉ်သလိုလိုနှင့် နောက်ပိုင်းမှ အရသာစုံ ပေါ်လာသည်။ အဓိကမှာ မီးအပူချိန် အနေတော်ဖြစ်သဖြင့် တင်းရှီတစ်ယောက် စားပြီးရင်း စားချင်ဖြစ်နေသော်လည်း ကိုယ်တိုင် လာမဝယ်ရဲသဖြင့် ဦးကြီးရှန်ကို လွှတ်လိုက်ခြင်း ဖြစ်တော့သည်။
သူမက ထပ်ခါထပ်ခန် မှာလိုက်သေးသည်။ "ရှင် မှတ်ထားဦးနော်၊ ကျွန်မတို့က ဒီလောက်အများကြီး ဝယ်ပေးမှာဆိုတော့ တူမကြီးကို ဈေးလျှော့ခိုင်းဦး၊ ဈေးကို စိတ်ကြိုက်ခေါ်ခွင့် မပေးနဲ့၊ တကယ်ပါပဲ၊ ဒီရှန်မြောင်က ဆွေမျိုးဆီက ပိုက်ဆံကိုတောင် မလျှော့ပေးချင်ဘူး"
သို့သော် ရှန်မြောင်ရှေ့ရောက်တော့ ဦးကြီးရှန်မှာ မည်သို့ ပြောထွက်ပါမည်နည်း။ ခါးကြားတွင် ပတ်ထားသည့် ပိုက်ဆံအိတ်ထဲမှ (၇၂) ဝမ်ကို ရိုးရိုးသားသားပင် ရေတွက်ပေးလိုက်လေသည်။ ရှန်မြောင်က ပိုက်ဆံယူပြီး လျှော်ကြိုးဖြင့် မုန့်များကို စည်းနှောင်ကာ ပေးလိုက်သည်။
ဦးကြီးရှန်သည် မုန့်ထုတ်ကို ပိုက်ပြီး ထွက်သွားရန် ပြင်လိုက်သော်လည်း နှစ်လှမ်းမျှ လှမ်းပြီးနောက် ပြန်လှည့်လာပြန်သည်။ ရှန်မြောင်ကို မျက်လုံးပင့်ကြည့်လိုက်ပြီး သူ့အကြည့်များက ရှုပ်ထွေးနေ၏။ ရှန်မြောင်က အိုးမတည်နိုင်တော့ဘူးဟု ပြောထားသည်ကို သတိရသွားပြီး ခြေဆောင့်နင်းကာ အံကြိတ်လိုက်ပြီး ခါးကြားမှ တစ်ကွမ်းကို ဖြုတ်၍ ရှန်မြောင်ကို ပေးလိုက်လေသည်။
"ဒါက ဦးကြီး စုထားတဲ့ ကိုယ်ပိုင်ပိုက်ဆံ၊ ညည်း ယူထားလိုက်"
ရှန်မြောင်သည် ဦးကြီးရှန်၏ ပိုက်ဆံကို ယူရာတွင် လက်မနှေးပေ။ သူ နောင်တရသွားမည် စိုးသဖြင့် ချက်ချင်း လှမ်းယူလိုက်တော့သည်။
"ကျေးဇူးတင်ပါတယ် ဦးကြီး၊ ဦးကြီးက စာတတ်ပေတတ် ပညာရှိမို့လို့ ကြီးတော်ထက် ပိုပြီး အသိဉာဏ်ရှိတာပဲ... ကျွတ်... ကျွတ်... ကြီးတော်ရဲ့ စိတ်သဘောထားက ဦးကြီးလောက် မပြည့်ဝဘူး" သူမက ဝမ်းသာအားရ ပြောရင်း ဦးကြီးရှန်၏ ခါးကြားမှ ဖောင်းကားနေသော နေရာကို မျက်လုံးစွေကြည့်လိုက်သေးသည်။
"ကုန်ပြီ၊ မကြည့်နဲ့တော့၊ ဦးကြီးမှာ ပိုက်ဆံမရှိတော့ဘူး"
ထိုအခါမှ ရှန်မြောင်က အကြည့်ပြန်ရုတ်လိုက်လေသည်။ တစ်ခါတွေ့မှ တစ်ခါ "ဓားပြတိုက်" ရရင်တောင် မနည်းဘူးဟု တွေးလိုက်မိသည်။
ဦးကြီးရှန်က မနေနိုင်ဘဲ ဆက်ပြောပြန်သည်။
"ညည်းကလည်းအေ... ကျပ်တည်းနေမှတော့ ကျိအာကို ကျောင်းဆက်မထားပါနဲ့တော့လား၊ ညည်းရဲ့ မုန့်လုပ်တဲ့ပညာ သင်ပေးလိုက်ပြီး ထမင်းစားရရုံလောက် ရှာခိုင်းလိုက်ပါတော့၊ ဘာလို့ ဒီလောက် ပင်ပန်းခံနေမှာလဲ၊ ဖိယုံးစာသင်ကျောင်းကို ဝင်ခွင့်ရရင်တောင် ငွေတွေအများကြီး ကုန်ဦးမှာ၊ ညည်းတစ်ယောက်တည်း နေ့တိုင်း မုန့်လုပ်ရောင်းနေရုံနဲ့ ဘယ်လိုလုပ် တတ်နိုင်မှာလဲ"
ရှန်မြောင်လည်း လိုက်လျောညီထွေဖြစ်အောင် ခေါင်းငုံ့ပြီး မျက်ရည်သုတ်ပြလိုက်ကာ သနားစရာပုံစံ ဖမ်းလိုက်သေးသည်။ "ဦးကြီး ပြောတာ ဟုတ်ပါတယ်၊ အခုတလော ခက်ခဲနေတာတော့ အမှန်ပါပဲ၊ ဒါပေမယ့် ကျွန်မက သူ့အစ်မလေ၊ သူတို့ကို သုံးနှစ်လုံးလုံး ပစ်ထားခဲ့မိတာ နောင်တရလို့ မဆုံးပါဘူး၊ ဘယ်လိုလုပ် သူ့ကို ထပ်ပြီး ရက်စက်ရက်ရော လုပ်ရက်ပါ့မလဲ၊ ပိုင်ဆိုင်သမျှ ရောင်းချပြီး ကျောင်းထားပေးရမယ်ဆိုရင်တောင် ထားပေးရမှာပဲ၊ ဒါကြောင့် ဦးကြီး နောင်ကျရင် တူမဆီကို မကြာခဏ လာလည်နော်၊ ကျွန်မတို့က အရိုးခွဲထုတ်လိုက်ရင်တောင် အကြောတွေက ဆက်နေတာလေ၊ သနားစရာကောင်းတဲ့ တူမတွေ တူတွေကို ပိုက်ဆံများများ ပိုပေးဖို့ မမေ့နဲ့နော်"
"ညည်း သိရဲ့လား၊ စာသင်သားတစ်ယောက် မွေးထုတ်ဖို့ဆိုတာ တစ်နှစ်ကို အနည်းဆုံး ငွေ ဆယ်ဂဏန်းလောက်ကုန်တာ၊ ညည်း မတတ်နိုင်ပါဘူး၊ ဦးကြီးလည်း မတတ်နိုင်ဘူးဟဲ့၊ ဦးကြီးကို လာမမျှော်လင့်နဲ့၊ ဦးကြီးအိမ်မှာလည်း စားမယ့်သူတွေ အများကြီး၊ ပြီးတော့ ပိုက်ဆံတွေအကုန်လုံးက ညည်းရဲ့ ကြီးတော် လက်ထဲမှာ၊ ညည်းရဲ့ ကြီးတော်က ဘာကောင်လဲ သိလား၊ သူက စအိုမပါတဲ့ ပီရှူးကောင် (ရွှေငွေစားပြီး ပြန်မစွန့်တဲ့ကောင်) ပဲ၊ သူ့အိတ်ထဲရောက်သွားတဲ့ ပိုက်ဆံက ဘယ်လိုလုပ် ပြန်ထွက်လာမှာလဲ၊ ဦးကြီး ဒီနေ့ ညည်းကိုပေးလိုက်တဲ့ တစ်ကွမ်း၊ နှစ်ကွမ်း ဆိုတာတောင် မလွယ်ဘူးနော်၊ အေးလေ... ညည်းက ဦးကြီးစကား နားမထောင်မှတော့ ဘယ်တော့မှ စီးပွားတက်မှာ မဟုတ်ဘူး"
ဦးကြီးရှန်သည် ခေါင်းခါရင်း ဝတ်ရုံရှည်ကို ပင့်ကာ မုန့်များကို ပွေ့ပိုက်လျက် ထွက်ခွာသွားလေသည်။
ရှန်မြောင်သည် ခေါင်းမော့လိုက်သည့်အခါ မျက်နှာပေါ်တွင် မျက်ရည်စတစ်စက်မျှ မရှိပေ။ ဦးကြီးရှန်၏ ဝဖိုင့်နေသော ကျောပြင်ကို လှမ်းပြီး လျှာထုတ်ပြလိုက်သည်။ စိတ်ကြည်နူးစွာဖြင့် ငွေနှစ်ကွမ်းကို လက်ထဲတွင် ချိန်ဆကြည့်ပြီး ရင်ဘတ်ထဲ ထိုးထည့်ကာ မုန့်ဆက်ရောင်းနေလိုက်တော့သည်။
နေ့လယ်ရောက်သောအခါ ယူလာသည့် ပေါင်မုန့်များ ကုန်သလောက်ဖြစ်သွားပြီး လေးငါးလုံးသာ ကျန်တော့သည်။
ထိုအခါမှ သူမသည် ကျေနပ်အားရစွာ ထိုင်ချလိုက်ပြီး အနားယူကာ ရှန်းအာကို တိုးတိုးလေး ကပ်ပြောလိုက်သည်။ "ကျိအာ စာမေးပွဲဖြေပြီးတာနဲ့ တို့တွေ ဝက်သတ်သမားဝမ်ရဲ့ဆိုင်ကို သွားပြီး ဝက်လက်ကြီးကြီး တစ်စုံလောက် ဝယ်ကြမယ်၊ မနက်ဖြန်ကျရင် မကြီးက နင်တို့ကို အသီးနံ့သင်းတဲ့ ဝက်လက်ကင် လုပ်ကျွေးမယ်၊ စားလို့ အရမ်းကောင်းတယ်နော်"
ဘေးနားတွင် ထိုင်ခုံပုလေးဖြင့် ထိုင်နေသည့် ရှန်းအာသည် သူမအတွက် သီးသန့်ဖယ်ထားသည့် မုန့်အကြီးကြီးကို စားနေရင်း ရှန်မြောင်၏ သရုပ်ဆောင်ချက်များကို အစအဆုံး မြင်တွေ့လိုက်ရသဖြင့် မှတ်သားထားလိုက်သည်။ သူမက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း မုန့်ကို ငုံ့ကိုက်လိုက်သည်။ ပြီးမှ ရှန်မြောင်နှင့် တူလှသော မျက်လုံးဝိုင်းလေးများ ပိတ်သွားသည်အထိ ပြုံးပြလိုက်သည်။
"ဟုတ်... မကြီး သဘော"
ပြောပြီးသည်နှင့် မုန့်ကို ဆက်စားနေလေသည်။ မုန့်နည်းနည်းစားလိုက်၊ ကိုယ်ပေါ်တွင် လွယ်ထားသည့် အဖုံးပါ ဝါးရေဘူးထဲမှ ရေကို သောက်လိုက်နှင့် အရသာတွေ့နေတော့သည်။
ဒီဝါးရေဘူးကို ဈေးခင်းသည့်ရက်က ဝယ်လာခြင်းဖြစ်သည်။ ဆိုင်ရှင်က သက်တမ်းရင့် ဝါးပိုးဝါးကြီးဖြင့် ပြုလုပ်ထားသဖြင့် အလွန်ခိုင်ခံ့သည်။ ဝါးဆစ်ပိတ်ကို ဖြတ်ပြီး အတွင်းသားကို ချောမွတ်အောင် တိုက်စားထားကာ အသုံးပြုရသည်မှာ အဆင်ပြေသည်။ အဖုံးက သီးသန့်စွပ်ရသည့်ပုံစံဖြစ်ပြီး လေလုံသည်အထိ ပိတ်လို့မရသော်လည်း လမ်းလျှောက်သည့်အခါ ရေမဖိတ်ပေ။ မူလက ကြိုးမပါသော်လည်း ရှန်မြောင်က ယန်လောင်ဟန့်ကို အကူအညီတောင်းပြီး အပေါက်နှစ်ပေါက် ဖောက်ခိုင်းကာ ကိုယ့်ဘာသာ ကြိုးတပ်ထားသဖြင့် လွယ်သွားလို့ ရလေသည်။
မနက်စောစောက ရှန်မြောင်သည် ဒီရေဘူးထဲတွင် ရှန်းအာအတွက် ချိုချဉ်အရသာ ဇီးဖျော်ရည်ကို ထည့်ပေးလာခဲ့သည်။ ဇီးဖျော်ရည်လုပ်ရန် ပစ္စည်းများကို မနေ့ညကတည်းက ပြင်ဆင်ထားပြီး မနက်ရောက်တော့ ကျိုလိုက်ရုံပင်။ ဇီးဖျော်ရည် လုပ်ရသည်မှာ လွယ်ကူသည်။ ဇီးသီးခြောက်၊ ဟောသွန်းသီးခြောက်၊ လိမ္မော်ခွံခြောက်နှင့် နွယ်ချိုတို့ကို (၁၅) ဂရမ်စီ ယူ၊ ရေဆေးပြီး နာရီဝက်ခန့် ရေစိမ်၊ ပြီးလျှင် စိမ်ထားသည့်ရေနှင့်အတူ မြေအိုးထဲထည့်ပြီး မီးပြင်းပြင်းဖြင့် ဆူအောင်တည်၊ ပြီးလျှင် မီးအေးအေးဖြင့် ဖြည်းဖြည်းချင်း ကျိုရသည်။ အရောင်ရင့်လာပြီဆိုလျှင် ဇီးသီး၏အချဉ်ဓာတ်ကို ထိန်းညှိရန် သကြားခဲထည့်ပြီး ခဏဆက်ကျိုလိုက်လျှင် ရလေပြီ။
ရှန်မြောင်က ဒီဇီးဖျော်ရည်ကို ကျိအာအတွက် ရည်ရွယ်ပြီး ကျိုထားခြင်း ဖြစ်ပေသည်။
...