← Chapters

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အပိုင်း (၈၃)

အဒေါ်ဝူ ပြောခဲ့သည့်အတိုင်းပင်> လေထင်ကဲ့သို့ ကြွက်သားများ တောင့်တင်းကာ အားအင်ကြီးမားသော ခွေးကြီးသည် လှည်းဆွဲရသည်ကို အလွန် စိတ်လှုပ်ရှားနေလေသည်။ ပုံမှန်အားဖြင့် တည်ငြိမ်ရင့်ကျက်သော်လည်း ယနေ့တွင်မူ အပျော်လွန်ကာ ရှန်းအာကို ဆွဲလျက် ဟိုဘက်ဒီဘက် ပြေးလွှားနေတော့သည်။ ရှန်းအာသည် လှည်းပေါ်တွင် နိမ့်ချည်မြင့်ချည် လှုပ်ခါနေသော်လည်း ဟားတိုက်ရယ်မောကာ လက်များ ခြေများဖြင့် ကခုန်နေလေသည်။

တစ်ခါတစ်ရံတွင် လေထင် အရှိန်ပြင်းလွန်းသဖြင့် ဘီးတပ်ကုလားထိုင်ပင် လေထဲသို့ ပျံတက်မတတ် ဖြစ်သွားပြီး ကွေ့လိုက်သည့်အခါ ဘီးတစ်ဖက် ကြွတက်သွားလေရာ ရှန်မြောင်မှာ လန့်ဖျပ်သွားရသည်။ သို့သော် ရှန်းအာကမူ နည်းနည်းမျှ မကြောက်ဘဲ ပျော်ရွှင်စွာ ရယ်မောလိုက်သည့်အသံသည် အိမ်ခေါင်မိုးကိုပင် ပွင့်ထွက်သွားစေမတတ် ကျယ်လောင်လှသည်။ ကျိအာနှင့် ချန်ချွမ်းကိုပင် လာစီးကြည့်ရန် စည်းရုံးနေသေးသည်။

ကျိအာသည် မျက်လုံးကို အပေါ်လှန်လိုက်ပြီး ချန်ချွမ်း၏ ခြေထောက်ကို လက်ညှိုးထိုးပြကာ ဤမဖြစ်နိုင်သော တောင်းဆိုမှုကို တင်းမာစွာ ငြင်းပယ်လိုက်လေသည်။

သို့သော် ဤ "ကစားစရာအသစ်" သည် လမ်းကြားထဲမှ တခြားကလေးများ၏ စိတ်ဝင်စားမှုကို လျင်မြန်စွာ ဆွဲဆောင်နိုင်ခဲ့avသည်။ တို့ဟူးဆိုင်မှ လျိုတို့ဟွားက တစ်ခေါက်လောက် စီးချင်ကြောင်း ပြောလာရာ ရှန်းအာက လက်ပိုက်လျက် လေသံမာမာဖြင့် ပြောလိုက်သည်။

"တစ်ခါစီးရင် တစ်ဝမ် ပေးရမယ်”

လျိုတို့ဟွားက ခြေဆောင့်ကာ ပြောလိုက်သည်။

"ဘာလို့ ပိုက်ဆံပေးရမှာလဲ”

"ဒါက လေထင်အတွက်လေ၊ သူက လှည်းဆွဲရတာ ပင်ပန်းတယ်၊ ငါတို့ လေထင်က ၃ ခေါက်ပဲ ဆွဲမှာ၊ ဒါကြောင့် ၃ ယောက်စာပဲ နေရာရှိတယ်၊ ငါ လေထင်ကို မပင်ပန်းစေချင်ဘူး၊ နင်တို့ ဘယ်သူစီးချင်လဲ၊ ဦးသူယူပဲ၊ ငါ့မကြီး အလုပ်ရှုပ်နေတုန်းမှ ငါ ထွက်ဆော့လို့ရတာ၊ ဒီတစ်ခါပြီးရင် နောက်တစ်ခါ ရှိချင်မှ ရှိတော့မှာ”

ရှန်းအာက ကျိုးကြောင်းဆီလျော်စွာ ပြန်ပြောလိုက်သည်။

'အို... ကိုယ့်ဘာသာ ဆော့ကစားနေမှန်းတောင် သိသားပဲ'

မီးသွေးသည်ကျန့်မိသားစုမှ ကောင်လေး ကြားလိုက်ရသောအခါ စိတ်လောသွားပြီး ချက်ချင်း လက်ထောင်လိုက်သည်။

"ငါ စီးမယ်၊ ငါ ပထမဆုံးပဲ”

ထိုသို့ပြောပြီးနောက် အိမ်သို့ ပြေးကာ ပိုက်ဆံတောင်းလေတော့သည်။

"အဘွား... အဘွား... ကျွန်တော့်ကို ၁ ဝမ် ပေး၊ မြန်မြန် ၁ ဝမ် ပေး”

လမ်းကြားဘေးတွင် ထိုင်ကြည့်နေသော ကျိအာနှင့် ချန်ချွမ်းတို့မှာ ဆွံ့အသွားတော့၏။

ရှန်မြောင် “...”

'တော်တော်ပိုင်နိုင်တဲ့ လိုချင်စိတ်ကိုဆွတဲ့ ဈေးကွက်ရှာဖွေရေးနည်းဗျူဟာပဲ၊ ရှန်းအာဆိုတဲ့ ကလေးက သင်ဆရာမလိုတဲ့ စီးပွားရေးပါရမီရှင်များလား'

'ထားလိုက်ပါတော့၊ လေထင် လှုပ်ရှားရတာလည်း ကောင်းပါတယ်၊ ဒီရက်ပိုင်း မနက်နဲ့ ညနေ တစ်ခေါက်စီလောက်ပဲ လမ်းလျှောက်ထွက်ရတာ၊ တစ်ခါတလေ ငါ အလုပ်ရှုပ်ရင် တစ်နေ့ တစ်ခေါက်ပဲ ထွက်ရတော့ သူ နည်းနည်း ဝလာပြီ'

ရှန်မြောင်သည် ခေါင်းခါလိုက်ပြီး ကုမိသားစုအိမ်သို့ ထွက်လာခဲ့သည်။ ခြံဝင်းထဲတွင် အဒေါ်ကုနှင့် စကားစမြည်ပြောရင်း ချည်လုံး ၂ လုံး ကူညီရစ်ပတ်ပေးလိုက်သည်။ ညနေစောင်းတွင် ထမင်းလက်ဆုံစားရန် သေချာပေါက် လာခဲ့ကြဖို့ ထပ်ခါတလဲလဲ မှာကြားပြီးမှ နှုတ်ဆက်ထွက်ခွာလာခဲ့လေသည်။

ရှန်းအာ၏ "ခွေးဆွဲဘီးတပ်ကုလားထိုင်" စီးပွားရေးလုပ်ငန်းသည်လည်း ပြီးဆုံးသွားပြီ ဖြစ်၏။ သူမသည် ကုလားထိုင်ကို ချန်ချွမ်းအား ပြန်ပေးလိုက်ပြီး ရရှိလာသော ၃ ဝမ်ကို သိမ်းဆည်းကာ လေထင်၏ကိုယ်ပေါ်မှ အဝတ်စကို ဖြုတ်ပေးလိုက်သည်။ လေထင်၏ ခေါင်းကို ပွေ့ဖက်ကာ ပြုံးရွှင်စွာ ပြောလိုက်သည်။

"လေထင်... ဒါ နင် ရှာထားတာ၊ လာ... ငါ နင့်ကို အရိုးကြီးကြီး သွားဝယ်ကျွေးမယ်”

လေထင်က နားလည်သကဲ့သို့ ဗာဒံစေ့ပုံစံ မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ကြည့်ကာ အမြီးနှံ့ပြလေသည်။

ရှန်မြောင်သည် ချန်ချွမ်းကို ကျောက်ထိုက်ချန်ထံ ခေါ်သွားကာ ပြန်လည်ပြသရန် ရှိနေသဖြင့် ကလေးတစ်သိုက်နှင့် ခွေးတစ်ကောင်ကို ခေါ်ဆောင်ကာ လမ်းပေါ်သို့ ထွက်လာခဲ့ကြသည်။ ကျောက်ထိုက်ချန်အိမ်သို့ အရင်သွားပြီး ဆေးလဲလိုက်သည်။ သမားတော်အိုကြီးက ကြည့်ရှုပြီးနောက် သိပ်မရောင်တော့သဖြင့် ဒီအတိုင်း ဆက်ပြီး ဂရုစိုက်ရန် ပြောလိုက်သည်။

ချန်ချွမ်းကိုလည်း ချီးကျူးလိုက်သေးသည်။ "ဒီကလေးက အခြေခံကောင်းတယ်၊ အသားမာတယ်၊ မကြာခင် ပြန်ကောင်းသွားလိမ့်မယ်”

ထိုအခါမှ မိသားစုတစ်ခုလုံး သက်ပြင်းချနိုင်တော့သည်။ တော်ပါသေးရဲ့။ ရှန်မြောင်သည် မနေ့ညက ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။ ညဘက်ထကာ ချန်ချွမ်းကို ၂ ကြိမ်ခန့် သွားကြည့်ခဲ့သေးသည်။ သမားတော်အိုကြီး ပေးလိုက်သောဆေးတွင် အိပ်ဆေးပါမပါတော့ မသိ၊ သူမ ဝင်သွားသည့်အချိန်တွင် ကလေးက နိုးမလာခဲ့ပေ။ သူမ သွားကြည့်သည့်အချိန်တွင် စိတ်ထဲ၌ စိုးရိမ်ပူပန်နေခဲ့သည်။

'ရောင်ရမ်းသွားရင် ဘယ်လိုလုပ်မလဲ၊ အရိုးလွဲပြီး ပြန်ဆက်သွားရင် ဘယ်လိုလုပ်မလဲ၊ ပြန်မဆက်တော့ရင်ကော ဘယ်လိုလုပ်မလဲ'

ကံကောင်းထောက်မစွာ ယနေ့တွင် စိုးရိမ်စရာ အခြေအနေများ တစ်ခုမှ ဖြစ်မလာခဲ့ပေ။

နောက်ပိုင်းတွင် ရှန်မြောင်က ချန်ချွမ်း ငါးစား၍ ရမရ သေချာမေးမြန်းလိုက်သည်။ သမားတော်အိုကြီးက စဉ်းစားပြီးနောက် တခြားလူဆိုလျှင် ပေးမစားသော်လည်း ဤကလေးမှာ ပိန်လွန်းပြီး အစာငတ်ခံထားရသဖြင့် ကိုယ်တွင်းကလီစာများက သာမန်လူထက် အေးစက်အားနည်းနေကြောင်း၊ ငါးစားလျှင် ကောင်းကြောင်း၊ ငါးဥက အားရှိပြီး အစာကြေလွယ်သဖြင့် သူ့အတွက် အကျိုးများကြောင်း ပြောလိုက်သည်။

ခွင့်ပြုချက်ရသည်နှင့် ရှန်မြောင်သည် ကလေး ၃ ယောက်နှင့် ခွေးတစ်ကောင်ကို ဦးဆောင်ကာ ပေါ့ပါးသွက်လက်စွာ ပြန်လာခဲ့ကြသည်။ ရှန်းအာက လေထင်ကို အရိုးကြီးကြီး ဝယ်ကျွေးရန် စိတ်စောနေသဖြင့် သားသတ်သမားကျန့်၏ အသားဆိုင်သို့ ဝင်ကာ အသားအနည်းငယ် ကပ်ကျန်နေသေးသော အရိုးကြီးတစ်ချောင်း ဝယ်လိုက်လေသည်။

ရှန်းအာသည် အလွန်ပျော်ရွှင်သွားပြီး အိမ်ရောက်သည်နှင့် အရိုးကို ဆေးကြောကာ လေထင်ကို ပေးလိုက်သည်။ ကျွေးဖုန်းက အမြီးတနှံ့နှံ့ဖြင့် လာရောသော်လည်း ရှန်းအာက တွန်းထုတ်လိုက်၏။

ဤကလေးသည် အလုပ်နှင့်ပတ်သက်လျှင် တိကျပြတ်သားလှသည်။ သူမက လှည့်ကာ ကျွေးဖုန်းကို လေးလေးနက်နက် ဆုံးမလိုက်သည်။

"နင်က အားမှ မစိုက်ရတာ၊ စားလို့ မရဘူး၊ လာမရှုပ်နဲ့၊ ဒါက လေထင် ပင်ပင်ပန်းပန်း ရှာထားတာ၊ နင် နောက်ကျလို့ ကြီးလာပြီး လှည်းဆွဲနိုင်ရင် နင့်ကိုလည်း အရိုးဝယ်ကျွေးမှာပေါ့၊ အခုတော့ လိမ္မာနေနော်၊ ကြက်ဖင်ကို လိုက်မနမ်းနဲ့တော့၊ ပြီးခဲ့တဲ့တစ်ခါ နင် ငါ့လက်ကို လာလျက်တုန်းက ငါ့လက်မှာ နင့်တံတွေးတွေ ပေကုန်လို့ ၂ ရက်လောက် နံနေတာ၊ အကုန်လုံး ကြက်ချေးနံ့တွေချည်းပဲ”

ကျွေးဖုန်းက စိတ်ဆိုးပြီး ဝုတ်ဝုတ် ဟု အော်လေသည်။

ရှန်းအာကလည်း စိတ်ဆိုးကာ ခါးထောက်လိုက်သည်။ "ဟယ်... နင်က ပြန်ပြောရဲသေးတယ်ပေါ့”

ထို့နောက် လူတစ်ယောက်နှင့် ခွေးတစ်ကောင်သည် ဘာသာစကားမတူ မျိုးစိတ်မတူဘဲ ရန်ဖြစ်နေကြပြီး အရှိန်ပိုပြင်းလာသည်။ ကျိအာက ကြည့်မနေနိုင်တော့သဖြင့် လှည့်ကြည့်ကာ အော်ဟစ်နေသော ကျွေးဖုန်းကို ဆွဲခေါ်သွားပြီး မီးဖိုချောင်တံခါးဝတွင် ချည်ထားလိုက်သည်။ သူက မီးဖိုချောင်ထဲဝင် လက်ဆေးပြီး ဝက်သားတစ်တုံး လှီးကာ ထုတ်ကျွေးလိုက်သည်။ အစ်မဖြစ်သူက ခွေးကို မီးဖိုချောင်ထဲ လုံးဝ ပေးမဝင်ပေ။

ကျိအာက ထိုင်ချကာ ကျွေးဖုန်း အသားစားပြီး ငြိမ်သွားသည်ကို ကြည့်နေလိုက်၏။ မူလက ခေါင်းပွတ်ပေးမလို့ လုပ်သော်လည်း ရှန်းအာပြောသော ကြက်ချေးနံ့ကို သတိရသွားပြီး နားရွက်ဖျားလေးကိုသာ ကိုင်ကာ ပြောလိုက်သည်။

"ပုံမှန်ဆိုရင်လည်း နင့်ကို အစာမကျွေးဘဲ ထားတာမှ မဟုတ်တာ၊ လေထင် စားရရင် နင်လည်း စားရတာပဲ၊ နင်က ဘာကိစ္စ အဲဒါကြီးကို သွားစားနေရတာလဲ၊ နောက်ကျရင် မစားနဲ့တော့နော်”

ကျွေးဖုန်းသည် အမြီးကုပ်ကာ မျက်လုံးကစားပြီး တအီအီ အသံပြုလေသည်။ သူသည် ရှန်မိသားစုအိမ်တွင် အမွေးတောက်ပြောင်ပြီး ဗိုက်စူနေအောင် စားသောက်ထားရသူ ဖြစ်ရာ ဆာလောင်၍ မဟုတ်သည်မှာ သေချာသည်။ ရှန်မြောင်က အကြိမ်ကြိမ် တွေ့ဖူးပြီး တွေ့တိုင်း ပါးစပ်ကို ဆွဲဟကာ မစားရန် တားမြစ်သော်လည်း တားမရပေ။ ဝါသနာတစ်ခုဟုသာ သတ်မှတ်လိုက်ရတော့သည်။

ရှန်မြောင်သည် မီးဖိုချောင်ထဲတွင် ဟင်းခတ်အမွှေးအကြိုင်များကို စတင်လှော်နေပြီ ဖြစ်သည်။ ကျိအာက ပြတင်းပေါက်အောက်တွင် ကျွေးဖုန်းကို သန့်ရှင်းသောခွေးလေးဖြစ်ရန် ဆုံးမနေသည်ကို ကြားလိုက်ရသဖြင့် ရယ်ချင်သွားသည်။ ထို့နောက် ကိစ္စတစ်ခု သတိရသွားကာ ပြတင်းပေါက်မှ ခေါင်းပြူပြီး တိုးတိုးလေး မှာလိုက်သည်။

"ကျိအာ... နင် ခဏနေကျရင် ချန်ချွမ်းကို အိမ်သာတက်ချင်လားလို့ မေးကြည့်ဦး၊ သူက သွားရလာရမကောင်းတော့ သိပ်မပြောရဲဖြစ်နေမယ်၊ အောင့်ထားရင် ဒုက္ခရောက်လိမ့်မယ်၊ နင် ဒီရက်ပိုင်း အိမ်မှာရှိတုန်း သူ့ကို ဂရုစိုက်ပေးဦးနော်”

ကျိအာက ပြန်ထူးလိုက်ပြီး ရေခပ်ကာ လက်ဆေးလိုက်ပြန်သည်။

ဤတွင်မှ ရှန်မြောင်သည် ဟင်းပွဲကြီးကို အာရုံစိုက် ပြင်ဆင်နိုင်တော့သည်။ ဒီရက်ပိုင်း မိုးချုပ်တာ နောက်ကျလာသဖြင့် ခေတ်သစ်မှ နွေရာသီကာလကို သတိရမိသွားသည်။ ထိုခေတ်တွင် လမ်းဘေးတစ်ဖက်တစ်ချက်စီ၌ ညဈေးတန်းများ ပြည့်နှက်နေတတ်သည်။ ညလေပြည်က နွေးထွေးစွာ တိုက်ခတ်လာပြီး စားသောက်ဆိုင်အများအပြားက စားပွဲခုံများကို အပြင်ထုတ်ခင်းကာ ရောင်စုံမီးများ ထွန်းထားသော မိုးကာတဲများ ထိုးထားတတ်သည်။ စားပွဲတိုင်းလိုလိုတွင် အသားကင်၊ ငါးကင် သို့မဟုတ် မာလာကျောက်ပုစွန်ထုပ်များ ရှိတတ်ပြီး ရေခဲ၊ ကိုကာကိုလာ၊ ဘီယာတို့ဖြင့် တွဲဖက်စားသောက်ကြရာ အဝေးမှ ဖြတ်သွားလျှင်ပင် မွှေးကြိုင်သောရနံ့ကို ရရှိနိုင်သည်။

ထို့နောက် စုန့်ခေတ်တွင် ခေတ်သစ်ကလို ပန်းကန်ပြားဇောက်နက်ကြီးဖြင့် အောက်က ဟင်းရည်ပွက်ပွက်ဆူအောင် လုပ်ထားသော ငါးကင်မျိုး မရှိကြောင်း သူမ သိလိုက်ရသည်။ ဤခေတ်မှ ငါးကင်ဆိုသည်မှာ ဝါးတုတ်ဖြင့်ထိုးပြီး တခြားအသားကင်များလို ကင်စားကြသည့်ပုံစံမျိုးသာ ဖြစ်သည်။

ယနေ့တွင် သူမက အိုး ၂ လုံးခန့် စမ်းလုပ်ကြည့်ရန် ပြင်ဆင်လိုက်သည်။ စုန့်ခေတ်က လူစစ်စစ်ဖြစ်သော အဒေါ်ကုတို့မိသားစု ကြိုက်မကြိုက် ကြည့်ရမည်။ အကယ်၍ ကောင်းသည်ဆိုလျှင် သူမက စားပွဲပု၊ ထိုင်ခုံပုများ ဝယ်ကာ ဆိုင်ရှေ့တွင် ၂ ဝိုင်း ၃ ဝိုင်းခန့် ထပ်ခင်းလိုက်မည်။ စားပွဲတိုင်းတွင် မီးသွေးထည့်ထားသော မြေမီးဖိုလေးများ တင်ထားပြီး လေညင်းခံရင်း ငါးကင်စားကာ ရေတွင်းထဲ စိမ်ထားသော အေးမြသည့်ထင်းရူးရွက်အရက်ကို သောက်သုံးရလျှင် သာယာလိုက်မည့် ဖြစ်ခြင်းပင်။

ငါးကင်လုပ်ရာတွင် ငါးကြင်း၊ ကကတစ်ငါး၊ ငါးရံ့၊ ချင်းကျန်းငါး ကြိုက်ရာသုံးနိုင်သည်။ သို့သော် နောက်ငါး ၂ မျိုးကို ဤနေရာတွင် သူမ မတွေ့ဖူးပေ။ ကကတစ်ငါးက ဈေးကြီးပြီး ငါးကြင်းက ဈေးသက်သာသည်။ ထို့ကြောင့် ရှန်မြောင်က ငါးကြင်းကို ရွေးချယ်လိုက်သည်။

ရှန်မြောင်သည် စောစောကတည်းက ဟင်းချက်စရာများကို ပြင်ဆင်ထားပြီးဖြစ်၏။ ယခုအချိန်တွင် လှီးဖြတ်ထားသော ဟင်းသီးဟင်းရွက်များကို လေးထောင့်ပုံစံ မြေပန်းကန်ပြားအနက်ထဲတွင် အောက်ခံအဖြစ် ဖြန့်ခင်းလိုက်ရုံသာ ဖြစ်သည်။

သူမသည် ငါးကို စတင်ကြော်လှော်လိုက်သည်။ ငါးမှ ရေများကို သုတ်ပြီး ကော်မှုန့်ကပ်လိုက်သည်။ စုန့်ခေတ်တွင် ကော်မှုန့်ပြုလုပ်နည်းပညာမှာ အဆင့်မြင့်နေပြီဖြစ်သည်။ သူတို့သည် ဒရင်ကောက်မြစ် သို့မဟုတ် ဆန်ကို ရေစိမ်ပြီး ပွလာအောင် လုပ်သည်။ ထို့နောက် ကြိတ်ချေစစ်ထုတ်ပြီး အနည်အနှစ်များကို ဖယ်ရှားကာ နောက်ဆုံး အနည်ထိုင်စေခြင်းဖြင့် ကော်မှုန့် ရရှိလေသည်။ ဥပမာ - ပြန့်ကျင်းမြို့မှ နာမည်ကြီး "ချုံယန်မုန့်" ဆိုလျှင် ကော်မှုန့်အများအပြား ထည့်သွင်းပြုလုပ်ထားခြင်း ဖြစ်သည်။ ချမ်းသာကြွယ်ဝသော သူကောင်းမျိုးရိုးအိမ်များတွင် အဝတ်များကို ကော်တင်ရာ၌ ကော်မှုန့်ကို အသုံးပြုကြသည်။ ကော်မှုန့်ကို ကော်ရည်ဖျော်ပြီး စုတ်တံဖြင့် အဝတ်များကို သုတ်လိမ်းလိုက်လျှင် နူးညံ့သောအထည်များ ဝတ်ဆင်ရာ၌ တွန့်ကြေလွယ်ခြင်း မရှိတော့ဘဲ သားနားနေစေသည်။

ရှန်မြောင်သည် ဆိုင်ဖွင့်ကတည်းက အပြင်ဘက် ကုန်စုံဆိုင်မှ ဝယ်လာသော အသင့်သုံးကော်မှုန့်ကိုသာ သုံးစွဲခဲ့သည်။ ခေတ်သစ်မှ ကော်မှုန့်လောက် ဖြူဖွေးနူးညံ့ခြင်း မရှိသော်လည်း အသုံးပြုရန် လုံလောက်သည်။

ငါးအဆင်သင့်ဖြစ်ပြီဆိုလျှင် ဆီအိုးတည်လိုက်သည်။ ငါးကြော်မည့်ဒယ်အိုးသည် အိုးကော အိုးဘေးပါ ပူနေမှ ရမည်။ မဟုတ်လျှင် ကောင်းကောင်းကြော်၍ မရပေ။ အိုးပူလာသောအခါ ရှန်မြောင်က အိုးကို မကာ ဘေးပတ်လည်သို့ လှည့်ပေးလိုက်သည်။ အိုးအောက်ခြေ ဖြူလာသည်အထိ လုပ်ပြီးမှ ဆီတစ်ဇွန်းထည့်ကာ အိုးကို နှံ့အောင် လုပ်လိုက်သည်။

အိုးနှံ့အောင် လုပ်ထားသော ဆီကို သွန်ထုတ်ပြီး ဆီအေးတစ်ဇွန်း ထပ်ထည့်လိုက်သည်။ ဆီအနည်းငယ် ပူလာသည်နှင့် ငါးမြီးကို အရင်ထည့်ပြီး ရွှေဝါရောင်သန်းအောင် ကြော်လိုက်သည်။ ငါးမြီးကို အရင်မကြော်လျှင် အိုးကပ်တတ်သည်။ ငါးမြီးပုံကျပြီး ကော့တက်လာမှ ငါးအပေါ်ပိုင်းကို ဖြည်းဖြည်းချင်း လျှောချလိုက်သည်။

တစ်ဖက် ကျက်သွားလျှင် အိုးထဲမှ ဆီများကို ပန်းကန်လုံးအသေးထဲ သွန်ထည့်လိုက်ပြီး တစ်ဖက်သို့ လှန်လိုက်သည်။ ပြီးမှ ဆီပြန်ထည့်ပြီး ကျန်တစ်ဖက်ကို ကြော်သည်။ ဤသို့ကြော်မှသာ ရွှေဝါရောင်သန်းပြီး ကြွပ်ရွကာ ဆီမစိုဘဲ အသားနူးညံ့သော ငါးကြော်ကို ရရှိမည်ဖြစ်သည်။

သူမသည် ကြော်ထားသောငါးကို ဟင်းသီးဟင်းရွက်ခင်းထားသော မြေပန်းကန်ထဲ ထည့်လိုက်သည်။ အိုးထဲတွင် ကျန်နေသော ငါးကြော်ဆီကို ချန်ထားလိုက်သည်။ ဤငါးကြော်ဆီက အမွှေးဆုံးဖြစ်သည်။ ပဲငပိ၊ ငရုတ်ကောင်း၊ ပဲငံပြာရည်နှင့် တခြားအမွှေးအကြိုင်များကို ထည့်ပြီး ဆီသတ်လိုက်သည်။ အရောင်တောက်ပြီး အနံ့မွှေးလာသည်အထိ ချက်ပြီးနောက် အရိုးပြုတ်ရည် ဇွန်းကြီး ၂ ဇွန်း ထည့်လိုက်သည်။ ပွက်ပွက်ဆူလာသောအခါ စပ်ရှိန်းပြီး မွှေးကြိုင်နေသော ဟင်းရည်ကို ငါးကင်ပေါ်သို့ လောင်းချလိုက်တော့သည်။

မီးဖိုသေးလေးကို မီးညှိပြီး မြေပန်းကန်ကို မီးဖိုပေါ်တင်ကာ မီးအေးအေးဖြင့် ဆက်တည်ထားလိုက်ရာ မွှေးရနံ့များ သင်းပျံ့နေတော့သည်။

ကုထူစူးသည် ဒီရက်ပိုင်းမှ အချဉ်ပေါက်လာသော ဇီးသီးအရက်အိုးကို ဆွဲလျက် မိဘများနောက်မှ ဖြည်းဖြည်းချင်း လိုက်ပါလာခဲ့၏။ ရှန်မိသားစု၏ တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ခြံဝင်းတစ်ခုလုံး ပျံ့လွင့်နေသော ငါးကင်နံ့က မျက်နှာကို လာဟပ်တော့သည်။

သူက မော့ကြည့်လိုက်ရာ သာ့ကျဲအာသည် အင်္ကျီလက်ကို ပင့်တင်ထားပြီး သန်မာသွက်လက်သော လက်မောင်းတစ်ဝက်ကို ဖော်လျက် မြေပန်းကန်ပြားကြီးကို ကိုင်ကာ မီးဖိုချောင်ထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။

သူမသည် ဝါဖန့်ဖန့် မီးရောင်အောက်သို့ သဘာဝကျကျ ဝင်ရောက်လာပြီး မျက်လုံးများ ပိတ်သည်အထိ ပြုံးရယ်လျက် နှုတ်ဆက်လိုက်သည်။

"အဒေါ်ကု၊ ဦးလေးကု၊ ကုအာ့ကော၊ လာကြ လာကြ၊ အားလုံး အဆင်သင့်ဖြစ်ပြီ၊ ကျွန်မ ဟင်းအသစ် ချက်ထားတယ်၊ လာမြည်းကြည့်ကြ”

"အလို... တံခါးဝ ဝင်ကတည်းက မွှေးနေတာ၊ မစားရသေးဘူး၊ သွားရည်တောင် ကျချင်လာပြီ”

"ဟုတ်ပါ့၊ သာ့ကျဲအာ၊ ဒါ ဘာဟင်းလဲ၊ ဒီငါးကြော်ရဲ့အောက်မှာ ဟင်းရည်တွေ ရှိနေပါလား၊ ဟင်းရည်ထဲမှာ ဟင်းသီးဟင်းရွက်တွေလည်း အများကြီးပဲ၊ ဒါမျိုး တစ်ခါမှ မစားဖူးဘူး”

"တစ်ခါမှ မစားဖူးတာတင် မဟုတ်ဘူး၊ မြင်တောင် မမြင်ဖူးဘူး”

"ညည်းကျေးဇူးနဲ့ တို့တွေ ပါးစပ်အရသာ တွေ့ရတော့မယ်”

အဒေါ်ကုနှင့် ဦးလေးကုတို့သည် ပြုံးရွှင်စွာဖြင့် ရှေ့တိုးလာပြီး နှုတ်ဆက်ချီးမွမ်းနေကြသည်။

ကုထူစူးကမူ ရုတ်တရက် ငေးငိုင်သွားပြီး ခြေလှမ်းရပ်တန့်ကာ ခေါင်းငုံ့လျက် အရက်အိုးကြိုးကို တင်းတင်းဆုပ်ကိုင်ပြီး တိတ်ဆိတ်စွာ လိုက်ပါသွားသည်။

'မီးရောင်အောက်က သူမပုံစံက အိမ်ထောင်မကျခင်တုန်းကလို နူးညံ့သိမ်မွေ့စွာ ပြုံးနေတာပဲ။ တကယ့်ကို ဘဝခြားသွားသလိုပဲ'

ကုထူစူးသည် မူလက ပြောပြမတတ်နိုင်သော လွမ်းဆွတ်မှုများကို ခံစားနေရပြီး စိတ်မကောင်းဖြစ်လာသည်။ သို့သော် အနားရောက်၍ သေချာကြည့်လိုက်သောအခါ ....

ရှန်မိသားစု ခြံဝင်းထဲတွင် စားပွဲ ၂ လုံး တွဲခင်းထားသည်။ စားပွဲပေါ်ရှိ မီးသွေးမီးဖိုလေးများက မီးတောက်ကောင်းနေပြီး မီးသွေးမီးက တငွေ့ငွေ့ ပူနေသည်။ ငါးကင်အိုးထဲရှိ ဟင်းရည်က ပွက်ပွက်ဆူနေပြီး အငွေ့တထောင်းထောင်း ထနေသည်။ ငါးအသားမှ ထွက်ပေါ်လာသော အကျက်ညီသည့်အနံ့သည် ရေနွေးငွေ့နှင့်အတူ နေရာအနှံ့ ပျံ့လွင့်လို့နေသည်။

ထို့ကြောင့် အကြောင်းမဲ့ လွမ်းဆွတ်နေသော ကုထူစူးသည် ထိုမွှေးရနံ့၏ လွှမ်းခြုံမှုကို ခံလိုက်ရ၏။ သူသည် ခြေထောက်ကို ကွေးကာ ခုံပုလေးပေါ်တွင် ထိုင်လိုက်ပြီး သူ့မျက်နှာချင်းဆိုင်ရှိ ရွှေဝါရောင်သန်းနေသော ငါးခေါင်းကြီးကို ကြည့်ကာ စောစောက သူ ဘာကို ဝမ်းနည်းနေမှန်းပင် မေ့သွားတော့သည်။

မီးရောင်အောက်တွင် နူးညံ့စွာ ပြုံးနေသော အမျိုးသမီးပုံရိပ်လည်း လွင့်ပါးသွားပြီ ဖြစ်သည်။

သူသည် တံတွေး တိတ်တဆိတ် မျိုချလိုက်မိပြီး ခေါင်းထဲတွင် ရှေ့မှ ငါးကင်သာ ရှိတော့သည်။

သူတစ်ယောက်တည်း မဟုတ်ပေ။ ရှန်းအာဆိုလျှင် တူကိုင် ပန်းကန်မကာ ခါးမတ်မတ်ဖြင့် ထိုင်နေပြီဖြစ်သည်။ ကလေးများက သီးသန့်တစ်ဝိုင်းစားကြပြီး ငါးကင်အရသာမှာလည်း မတူပေ။ သူမသည် ကြက်သွန်မြိတ်၊ နံနံပင်နှင့် ပဲပိစပ်တို့ ဖုံးအုပ်ထားသော ငါးပန်းကန်ကြီးကို မျက်တောင်မခတ် စိုက်ကြည့်နေပြီး လူကြီးများ စားသည်နှင့် သူမလည်း တူစရတော့မည်ဖြစ်သည်။

သူမမှာ မွှေးလွန်းသဖြင့် တံတွေးမျိုချနေရပြီ။

ဤအချိန်တွင် ကျိအာက အသင့်စားခေါက်ဆွဲဖတ် ၄-၅ ခုကို ယူလာပြီး သန့်ရှင်းသောတူဖြင့် ငါးအောက်တွင် ထိုးထည့်လိုက်သည်။ စပ်ရှိန်းပြီး မွှေးကြိုင်သောဟင်းရည်ထဲတွင် နှစ်ထားကာ အရသာစိမ့်ဝင်ပြီး နူးအိလာစေရန် လုပ်လိုက်သည်။

ရှန်မြောင်သည် မီးဖိုချောင်ထဲသို့ နောက်ဆုံးတစ်ခေါက် ဝင်သွားပြီး ပူလောင်နေသော ငရုတ်ကောင်းဆီ တစ်ဇွန်းကြီးကို ခပ်ကာ အပြေးထွက်လာပြီး ကုမိသားစုရှေ့မှ ငါးကင်ပေါ်သို့ လောင်းချလိုက်သည်။ ငါးကင်သည် တရှဲရှဲမြည်သွားပြီး ငရုတ်ကောင်းနံ့သည် ငါးနံ့နှင့်ရောကာ ရုတ်တရက် ထွက်ပေါ်လာတော့သည်။

ရှန်မြောင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး "ကဲ... စုံသွားပြီ၊ အဒေါ်ကု၊ ဦးလေးကု၊ ပြီးတော့ ကုအာ့ကော၊ ထိုင်မနေကြနဲ့၊ မြန်မြန် စားကြ၊ အကုန် မြည်းကြည့်ကြနော်၊ ဒီငရုတ်ကောင်းစိမ်း ငါးကင်ကြွပ်ကြွပ်က အားလုံးရဲ့ ပါးစပ်နဲ့ ကိုက်ရဲ့လားလို့”

...

အပိုင်း (၈၄) စာသင်ကျောင်း ဖွင့်လှစ်ခြင်း

ရှေ့မှောက်ရှိ မြေအိုးထဲမှ ငါးကင်၏ ငါးရေခွံသည် ရွှေအိုရောင်သမ်းကာ ဆီဝင်းလက်နေပြီး မွှေးကြိုင်လှသည့် အနံ့အရသာသည် လူတို့၏ နှာခေါင်းဝသို့ အလုအယက် တိုးဝင်နေလေသည်။ အဒေါ်ကုသည်လည်း အားနာမနေတော့ပေ။ သူမသည် အမှန်တကယ်ပင် မွှေးကြိုင်လှသည့် အနံ့ကြောင့် ဧည့်ဝတ်ပြုစကားပင် မဆိုနိုင်တော့ဘဲ ပြုံးရွှင်စွာဖြင့် တူကိုမလိုက်ပြီး ပြောလိုက်လေသည်။

"သာ့ကျဲအာရဲ့ လက်ရာကို ငါ အစောကြီးကတည်းက သိပြီးသားပါ၊ သေချာပေါက် စားလို့ကောင်းမှာ”

ထို့ကြောင့် သူမနှင့် ဦးလေးကုတို့သည် တပြိုင်နက်တည်း တူကို လှမ်းလိုက်ကြပြီး ငါးအသားတစ်ဖတ်စီကို ညှပ်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်ကြလေသည်။ ကိုက်လိုက်သည်နှင့် ပထမဆုံး အရသာခံမိသည်မှာ ကြွပ်ရွနေအောင် ကြော်ထားသည့် အပေါ်ယံအရေခွံဖြစ်ပြီး ဖွဖွလေး ကိုက်လိုက်ရုံဖြင့် "ကျိ" ဟူသော အသံလေး ထွက်ပေါ်လာသည်။ သို့သော် ထိုကြွပ်ရွမှုသည် ခြောက်ကပ်နေသည့် ကြွပ်ရွမှုမျိုး မဟုတ်ဘဲ ငါးသည် ဟင်းရည်အနှစ်များ စိမ့်ဝင်နေပြီဖြစ်ရာ ဝါးလိုက်သည်နှင့် အရသာရှိလှပြီး မွှေးကြိုင်နေလေသည်။

ဒုတိယတစ်ကိုက် စားလိုက်မိသည်မှာ လတ်ဆတ်နူးညံ့သော ငါးအသားပင် ဖြစ်လေသည်။ ငါးအသားကို အရင်ကင်ပြီးမှ ပြုတ်ထားခြင်းဖြစ်ကာ ဟွားကျောင်းနှင့် အခြားသော ဟင်းခတ်အမွှေးအကြိုင်များဖြင့် နယ်ထားသဖြင့် အရသာ စိမ့်ဝင်နေပြီ ဖြစ်လေသည်။ ငါးအသား၏ မူလသဘာဝ အချိုဓာတ်အပေါ်တွင် ပြင်းထန်လှသော ဟင်းခတ်အမွှေးအကြိုင်အနံ့နှင့် ဆီပူလောင်းထည့်ပြီးနောက် ရရှိလာသည့် ထူးခြားသော ကျွမ်းနံ့တို့ ထပ်ပေါင်းလိုက်ရာ ငါးညှီနံ့ လုံးဝ မရတော့ပေ။

သူတို့သည် ရှန်သာ့ကျဲအာ၏ လက်ရာကောင်းမွန်ကြောင်း သိထားကြသဖြင့် အဒေါ်ကုနှင့် ဦးလေးကုတို့သည် ဤငါးကင်အပေါ် အနည်းငယ် မျှော်လင့်ထားခဲ့ကြသော်လည်း ဤမျှလောက်အထိ စားကောင်းလိမ့်မည်ဟု ထင်မထားခဲ့မိကြပေ။

"ငါတို့ အရင်ဆုံး ငါးကို စားကြမယ်၊ ငါးက အထဲမှာ ကြာကြာပြုတ်နေရင် အသားမာသွားလိမ့်မယ်၊ ငါးစားပြီးရင် အောက်က အသီးအရွက်နဲ့ ထန်းပင်ကို စားကြမယ်၊ တကယ်လို့ ထန်းပင်စားလို့ အားမရသေးရင် ငါ ထမင်းပေါင်းထားသေးတယ်၊ ဒီငါးကင်ဟင်းရည်အနှစ်ကို ထမင်းပေါ် ဆမ်းစားရင်လည်း အရမ်း အရသာရှိတယ်”

ရှန်မြောင်က ပြုံးလျက် အဆီတစ်ဝင်းဝင်းနှင့် နူးညံ့သော ငါးဗိုက်သား အတုံးကြီးတစ်တုံးကို ညှပ်ယူကာ အဒေါ်ကု၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်လေသည်။

"အဒေါ်ကု၊ ဦးလေးကု၊ ကုအာ့ကော၊ ရှင်တို့အားလုံး များများစားကြနော်၊ အားမနာကြပါနဲ့”

ရှန်မြောင် ပြောလိုက်သည့် စကားအနည်းငယ်က လူတိုင်း၏ သွားရည်ကို ယိုစေပြန်သည်။ ဦးလေးကုသည် တစ်လုပ်ပြီးတစ်လုပ် စားနေကာ မည်သူမျှ တိုက်တွန်းစရာမလိုဘဲ တူကို လုံးဝ မရပ်တန့်နိုင်တော့ပေ။ သူသည် မရည်ရွယ်ဘဲ ပဲပင်ပေါက်နှင့် မုန်ညင်းဖြူတစ်ဖတ်ကို ညှပ်မိလိုက်သည်။ ဟင်းရည်အနှစ်များကို စုပ်ယူထားသော ဟင်းသီးဟင်းရွက်များသည် နူးအိနေပြီ ဖြစ်သော်လည်း စားလိုက်လျှင် အရသာ လုံးဝ ပျက်မသွားဘဲ အစပ်အရသာထဲတွင် သိမ်မွေ့သော အချိုဓာတ်လေး ရောနှောနေသည်ကို ခံစားလိုက်ရလေသည်။ ၎င်းမှာ မုန်ညင်းဖြူနှင့် ပဲပင်ပေါက်တို့၏ မူလသဘာဝ အချိုဓာတ်ဖြစ်ပြီး ဝါးလိုက်သည်နှင့် အစပ်အရသာကြားမှ တစ်လှိုင်းပြီးတစ်လှိုင်း ထွက်ပေါ်လာခြင်း ဖြစ်လေသည်။

ကုထူစူးသည် စကားတစ်ခွန်းမှ မဆိုဘဲ ခေါင်းငုံ့ကာ စားနေလေသည်။ ငါးအသားမှာ အလွန်နူးညံ့ပြီး ကြော်ထားသဖြင့် ကျစ်လျစ်ကာ အိစက်သော အထိအတွေ့ကို ပိုမိုရရှိစေကာ ဖွဖွလေး စုပ်လိုက်ရုံဖြင့် အရိုးနှင့်အသား ကွာသွားလေသည်။ ကုထူစူးသည် ရံဖန်ရံခါ အရိုးနုလေးများကို ထွေးထုတ်လိုက်ပြီး ဤငါးရိုးများသည်ပင် ကြွပ်ရွနေအောင် ကြော်ထားသဖြင့် သွားဖြင့် ကိုက်လိုက်လျှင် ပြတ်နိုင်ကြောင်း ခံစားမိလိုက်သည်။ သူသည် အရသာခံရန်ပင် အချိန်မရဘဲ တစ်လုပ်ပြီးတစ်လုပ်သာ ဆက်တိုက် စားနေမိတော့သည်။

အထူးသဖြင့် ဤငါးကင်ကို မီးဖိုပေါ်တွင် အမြဲတင်ထားသဖြင့် ပူပူနွေးနွေး စားလိုက်ရရာ ဝမ်းဗိုက်တစ်ခုလုံး မွှေးကြိုင်သော အနံ့များဖြင့် ပြည့်နှက်သွားလေသည်။ ငါးကဲ့သို့သော အစားအစာသည် ပူနွေးနေသမျှ ကာလပတ်လုံး ညှီနံ့ရမည် မဟုတ်ဘဲ မီးသွေးမီး၏ ထူးခြားသော မီးခိုးငွေ့အနံ့လေးပါ ရရှိနေသဖြင့် ပို၍ စားကောင်းစေသည်။ အလွန် အရသာရှိလှသဖြင့် ကုထူစူးသည် ခေါင်းငုံ့ကာ အချိန်အတော်ကြာ စားပြီးမှ ရုတ်တရက် သတိရသွားကာ လက်ထဲမှ အရက်ကို ထိုင်ခုံပေါ်သို့ ဝင်ထိုင်လိုက်သည့် ရှန်မြောင်အား ကပျာကယာ ကမ်းပေးလိုက်လေသည်။

"သာ့ကျဲအာ၊ ဒါက ဒီနှစ်နွေဦးကမှ ချက်ထားတဲ့ ဇီးသီးအရက်ပါ၊ မင်း ယူလိုက်ပါ”

"လာလည်းလာသေးတယ်၊ ဘာလို့ ပစ္စည်းတွေ ယူလာရတာလဲ” ရှန်မြောင်က ပြုံးရွှင်စွာဖြင့် လှမ်းယူလိုက်လေသည်။ "ကွက်တိပဲ၊ ဇီးသီးအရက်က ချိုချဉ်အရသာလေးနဲ့ လန်းဆန်းစေတယ်၊ ကျွန်မ ရှင်တို့အားလုံးကို တစ်ခွက်စီ ငှဲ့ပေးမယ်၊ ဒီလိုဆို အသားစားရင်း အရက်သောက်ရတာ ပိုပြီး အရသာရှိသွားပြီပေါ့”

ရှန်းအာ ကြားသွားသောအခါ ပါးစပ်ထဲမှ ငါးအသားကို အမြန်မျိုချပြီး လက်မြှောက်လိုက်လေသည်။

"မကြီး၊ သမီးလည်း သောက်ချင်တယ်”

ရှန်မြောင်က ပြုံးလျက် ငြင်းပယ်လိုက်လေသည်။ "ကလေးတွေ အရက်သောက်ရင် ဦးနှောက်ပျက်တတ်တယ်၊ နင်တို့အတွက် သီးသန့် ငါးဟင်းရည်အိုး တည်ပေးထားတယ်၊ အဲဒါပဲ သောက်ပါ”

ရှန်းအာက မျက်နှာပြောင်ပြလိုက်ပြီး ပြန်ထိုင်ကာ ဆက်စားနေတော့သည်။

ရှန်မြောင်သည် အရက်ငှဲ့နေရင်း မီးဖိုချောင်ထဲတွင် တို့ဖူးနှင့်အတူ ပြုတ်ထားသော ငါးဟင်းရည်ကို ယူလာပြီး ချန်ချွမ်းနှင့် နီးသည့်နေရာတွင် တမင်ရည်ရွယ်ကာ ချပေးလိုက်လေသည်။ "ရှောင်ချွမ်း ဟင်းရည် များများသောက်နော်၊ ငါးကင်က ငါးအသားက နည်းနည်း ငန်သေးတယ်၊ နင့်ခြေထောက် မကောင်းသေးတော့ လျှော့စား”

ကလေးတချို့သည် ဘေးက စားပွဲတစ်လုံးတွင် သီးသန့်ထိုင်ကာ အစပ်မပါသော ငါးကင်အိုးကြီးတစ်အိုးကို စောင့်ဆိုင်းနေကြသည်။ သူတို့၏ အိုးထဲတွင် ဟွားကျောင်း မထည့်ထားပေ။ ရှန်မြောင်သည် အထူးတလည် ဒယ်အိုးအခြောက်ဖြင့် ကင်ပေးထားခြင်းဖြစ်ပြီး ဆီသိပ်မထည့်ထားပေ။ ကလေးများ အစပ်သိပ်မစားနိုင်သလို ချန်ချွမ်း မစားနိုင်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤအိုးကို ပဲငံပြာရည်အနှစ်အရသာဖြင့် ချက်ပြုတ်ထားရာ အခြောက်ကင်ပြီးနောက် ပဲငံပြာရည်အနံ့ မွှေးကြိုင်နေပြီး နောက်ထပ် လတ်ဆတ်သော အရသာတစ်မျိုး ဖြစ်နေလေသည်။

ရှန်မြောင်က သူတို့ကို အပူမလောင်စေရန်နှင့် အရိုးဂရုစိုက်ရန် တစ်ခွန်းသာ မှာကြားပြီး သူတို့ဘာသာ စားသောက်နေသည်ကို လွှတ်ထားလိုက်သည်။ ကျိအာသည် ကိုယ်တိုင် အရင်တစ်ဖတ် ညှပ်ယူလိုက်ပြီး ပူလွန်းသဖြင့် ဟူးခနဲ မှုတ်နေရသည်။ ထို့နောက် ရှန်းအာနှင့် ချန်ချွမ်းကို အလျင်အမြန် ညှပ်ပေးလိုက်ပြီး ညီမလေးနှင့် ညီလေးတို့အတွက် အရိုးနည်းသော ငါးဗိုက်သားကို ရွေးပေးရန်လည်း သတိရသေးသည်။

ရှန်းအာသည်လည်း အလုအယက် စားသောက်နေပြီး ပူလွန်းသဖြင့် "ဟူး ဟူး"နှင့် ပါးစပ်ကို ဟနေရကာ နောက်တစ်ဖတ် ထပ်ညှပ်ရန် မစောင့်နိုင်တော့ပေ။ ဖင်တစ်ခြမ်းက လေထဲကြွနေပြီး ပန်းကန်ထဲကဟာကို ကိုင်ထားရင်း အိုးထဲကဟာကို သွားရည်ကျနေကာ မေးလိုက်လေသည်။

"အစ်ကို၊ ထန်းပင် ကျက်ပြီလား”

သူမသည် ဟင်းရည်အနှစ်များဖြင့် ပြည့်နှက်နေသော အသင့်စား ထန်းပင်ခေါက်ဆွဲကို စားချင်လှပြီ ဖြစ်သည်။ ထန်းပင်ကို အနှစ်ထဲတွင် မွှေလိုက်ပြီး ထန်းပင်တစ်ချောင်းချင်းစီတိုင်း အနှစ်များ ကပ်ငြိနေသည်ကို မြင်ရုံနှင့်တင် အလွန်စားကောင်းမည့်ပုံ ပေါက်နေလေသည်။

ကျိအာသည် တူတစ်စုံ ထပ်ယူလိုက်ပြီး ငါးအောက်မှ ထန်းပင်များကို မွှေလိုက်ကာ တစ်ချောင်းဆွဲထုတ်ပြီး စမ်းကြည့်လိုက်သည်။ ထန်းပင်သည် ဟင်းရည်အနှစ်များကို စုပ်ယူထားသဖြင့် မွှေးကြိုင်နေပြီး အရသာ ဝင်နေကာ အနေတော် ကျက်နေပြီ ဖြစ်သည်။ သူက အမြန်မျိုချလိုက်ပြီး ပန်းကန်ပေးရန် ညီမဖြစ်သူကို လှမ်းခေါ်လိုက်သည်။ "ရပြီ ရပြီ၊ နင့်ကို ခပ်ပေးမယ်”

ရှန်းအာက သူမ၏ပန်းကန်လုံးကို လှမ်းပေးလိုက်ပြီး ချန်ချွမ်း၏ ပန်းကန်ကိုပါ လှမ်းယူကာ ကူညီပေးလိုက်လေသည်။ သူတို့နှစ်ယောက်လုံး ငါးဟင်းရည်အနှစ်များ စုပ်ယူထားသော ထန်းပင်တစ်ပန်းကန်စီ ရလိုက်ကြသည်။ ကျိအာက သူတို့တစ်ယောက်စီအတွက် ငါးအသား အတုံးကြီးကြီး တစ်တုံးစီ ထပ်ညှပ်ပေးပြီး ထန်းပင်ပေါ်တွင် တင်ပေးလိုက်လေသည်။ ဤကဲ့သို့ ပူပူနွေးနွေးကျက်နေသော ထန်းပင်သည် ချောမွေ့ပြီး အိစက်နေသည်။ ထန်းပင်တစ်လုပ်စား၊ ငါးအသားတစ်လုပ်စားလိုက်ရာ ငါးရေခွံက ကြွပ်ရွပြီး အသားက နူးညံ့ကာ အဆီများ စိမ့်ထွက်လာပြီးနောက် ထန်းပင်တစ်ချောင်းချင်းစီပေါ်တွင် အရည်ပျော်သွားသဖြင့် လတ်ဆတ်မှုနှင့် အနှစ်အရသာတို့ ပေါင်းစပ်သွားကာ ကလေးနှစ်ယောက်လုံး ခေါင်းမဖော်နိုင်အောင် စားနေကြတော့သည်။

ချန်ချွမ်းကတော့ တစ်ချိန်လုံး အသံမထွက်ဘဲ တူကို လျင်မြန်စွာ လှုပ်ရှားနေပြီး လျှာဖြင့် အရိုးများကို ကျွမ်းကျင်မြန်ဆန်စွာ ထုတ်လိုက်၊ မျိုချလိုက်နှင့် ကျေနပ်နေသော အမူအရာကို မထိန်းနိုင်အောင် ဖြစ်နေလေသည်။

"ချန်ချွမ်း၊ နင် အရိုးထုတ်တာ သန့်လိုက်တာ”

ရှန်းအာမှာ အံ့ဩသွားတော့သည်။ သူမ အလွန် ကြိုးစားသော်လည်း ထွေးထုတ်လိုက်သော အရိုးပေါ်တွင် ငါးအသားများ ကပ်ကျန်နေတတ်သဖြင့် သူမမှာ နှမြောတသ ဖြစ်ရသည်။

ချန်ချွမ်းကတော့ ရေငွေ့များကြားမှ ခေါင်းမော့လာပြီး ကြောင်အမ်းအမ်းဖြစ်ကာ မည်သို့ ပြန်ဖြေရမှန်း မသိဖြစ်နေ၏။

ရှန်မိသားစု၏ ကယ်တင်ခြင်းကို မခံရမီက သူသည် ဂုန်နီအိတ်ထဲတွင် အထည့်ခံထားရပြီး ခြေလက်များကို ကြိုးတုပ်ကာ စားသောက်၊ မစင်စွန့်ချိန်မှသာ ကြိုးဖြေပေးခြင်း ခံရသည်။ ထိုအချိန်က သူသည် တစ်ရက်လျှင် မုန့်တစ်ချပ်သာ စားရသည်။ သူ အလွန်အမင်း ဆာလောင်ခဲ့ရသည်။ နောက်ပိုင်းတွင် သူ့ကို ဖမ်းခေါ်လာသော နှုတ်ခမ်းမွေးနှင့်လူက သူ့ကို ကြိုးမတုပ်တော့ခြင်းမှာ သူ့ခြေထောက် ကျိုးသွားပြီး ဝေးဝေး မပြေးနိုင်တော့သောကြောင့် ဖြစ်သည်။

နှုတ်ခမ်းမွေးနှင့်လူ ဖမ်းခေါ်လာသည်မှာ သူတစ်ယောက်တည်း မဟုတ်ပေ။ သူ့တွင် ဂုန်နီအိတ် အများအပြား ရှိပြီး အထဲတွင် ယောက်ျားလေးများ၊ မိန်းကလေးများ ပါဝင်သည်။ သူသည် ကလေးများကို သူတို့ နာမည်ဘယ်လိုခေါ်လဲ၊ အိမ်ဘယ်မှာလဲဟု မကြာခဏ ရက်စက်စွာ မေးတတ်သည်။ အကယ်၍ သူတို့ ပြောနိုင်လျှင် ပြင်းပြင်းထန်ထန် ရိုက်နှက်တတ်သဖြင့် နောက်တစ်ကြိမ်တွင် အရိုက်ခံရမှာ ကြောက်၍ မပြောရဲအောင် လုပ်လေသည်။

သူသည် သူတို့ကို နာမည်အသစ်များလည်း ပေးထားသည်။

နောက်ပိုင်းတွင် အချို့ကလေးများသည် သူတို့၏ မူလနာမည်များကို တဖြည်းဖြည်း မေ့သွားကြသည်။ ထိုအချိန်ရောက်မှသာ နှုတ်ခမ်းမွေးနှင့်လူက သီချင်းညည်းရင်း သူတို့ကို ရောင်းစားလိုက်လေသည်။

ချန်ချွမ်းသည် အထဲတွင် ခေါင်းအမာဆုံးဖြစ်သည်။ သူသည် အကြိမ်တိုင်း ထိုလူကို အမုန်းပွားသော မျက်လုံးများဖြင့် ကြည့်ကာ သူ့နာမည်ကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့သဖြင့် အများဆုံးအရိုက် ခံခဲ့ရသည်။ ထို့ကြောင့် သူသည် အထဲတွင် ခြေထောက်ရိုက်ချိုးခံရသည့် တစ်ဦးတည်းသောသူ ဖြစ်လာပြီး နောက်ဆုံးမှ ရောင်းစားခံရသူ ဖြစ်ခဲ့သည်။

ပြန့်ကျင်းမြို့သို့ ရောက်ပြီး အသက်လု ထွက်ပြေးရမည့် အခွင့်အရေး ရလာသောအခါ သူသည် ရေမြောင်းထဲသို့ အသေအလဲ လှိမ့်ဆင်းခဲ့ပြီး အထဲသို့ အတင်းတိုးဝင် ပုန်းအောင်းခဲ့သည်။ ထိုကဲ့သို့သော သတ္တိမျိုး မည်သည့်နေရာမှ ရလာမှန်း သူ မသိခဲ့ပေ။ သူသည် ငယ်ရွယ်နုနယ်သော်လည်း မွေးရာပါ စိတ်ဓာတ်မာကျောသူဖြစ်ပြီး အလျှော့မပေး၊ လက်မမြှောက်လိုသူ ဖြစ်သည်။

ထို့ကြောင့် ယနေ့ထက်တိုင် သူသည် အများကြီး မေ့လျော့သွားပြီ ဖြစ်သော်လည်း အိမ်၏ ပုံပန်းသဏ္ဍာန်ကို မှတ်မိနေသေးသလို သူ့နာမည်ကိုလည်း မှတ်မိနေသေးသည်။

သူ့အိမ်သည် ရေစပ်တွင် ရှိသဖြင့် ငယ်စဉ်ကတည်းက ငါးစားတတ်သည်။ အမေသည် စပါးခင်းထဲမှ ငါးလေးများကို ဝယ်လာတတ်ပြီး အိမ်တွင် တစ်ယောက်တစ်ကောင် ပေါင်းစားကြရာ သူနှင့် အဖေသည် အကြိမ်တိုင်း ငါးရိုးကို တစ်ဆက်တည်းဖြစ်အောင် ထုတ်နိုင်ကြသည်။

သူ့အစ်မအရင်းနှင့် မောင်လေးတို့သည် ငါးစားရာတွင် သူ့လောက် မကျွမ်းကျင်ကြပေ။

ချန်ချွမ်းသည် ခေါင်းပြန်ငုံ့သွားပြီး ပလုတ်ပလောင်း ဆက်စားနေလိုက်သည်။

ရှန်မိသားစုအိမ်ရောက်သည့် ဤရက်အနည်းငယ်သည် အိမ်မှ ထွက်လာပြီးနောက်ပိုင်း သူ အကောင်းဆုံး နေရသည့် နေ့ရက်များပင်။ ဗိုက်ဝအောင် စားရသည်။ နွေးနွေးထွေးထွေး ဝတ်ရသည်။ အရိုက်မခံရသလို ညဘက်တွင်လည်း အချိန်မရွေး ခြေထောက်ဆွဲပြီး ရောင်းစားခံရမည်ကို ကြောက်စရာ မလိုတော့ပေ။

ချန်ချွမ်းသည် တံခါးဖွင့်သံကြားလျှင် လန့်နိုးတတ်သေးသော်လည်း ကြောက်လန့်ပြီး ကျုံ့မသွားတော့ပေ။

အကြောင်းမှာ သူသည် ရှန်မိသားစုမှ အစ်မကြီး၏ ခြေသံကို မှတ်မိနေပြီ ဖြစ်သောကြောင့်ပင်။ သူမ ညဘက် အလုပ်ပြီးလျှင် အခန်းတံခါးကို ဖွဖွလေး တွန်းဖွင့်လေ့ရှိသည်။ ရှန်မိသားစု၏ သစ်သားတံခါးမှာ အသစ်လုပ်ထားခြင်းဖြစ်ရာ တံခါးပတ္တာသည် အလွန်တိုးညှင်းသော "ကျွီ" ဟူသည့် အသံသာ ထွက်လေသည်။ ထိုအသံသည် လူကို မနိုးစေနိုင်သော်လည်း ချန်ချွမ်းသည် အဘယ်ကြောင့်မှန်းမသိ အိပ်ပျော်နေလျှင်ပင် အမြဲ ကြားနေရသည်။

ထို့နောက်တွင် ရှန်အစ်မကြီးသည် ခြေသံလုံလုံဖြင့် ဝင်လာပြီး သူနှင့် ကျိအာကို စောင်ခြုံပေးတတ်သလို စိုးရိမ်တကြီးဖြင့် သူ့နဖူးကို ဖွဖွလေး စမ်းတတ်လေသည်။ သူမသည် သူ့ခြေထောက်ဒဏ်ရာကြောင့် ကိုယ်ပူလာမည်ကို စိုးရိမ်နေပုံရပြီး အမြဲတမ်း စမ်းသပ်ကြည့်ကာ အဆင်ပြေမှ စိတ်ချလက်ချ ပြန်သွားအိပ်တတ်သည်။

ဤအရာများကို သူ သိသည်။ သူသည် မျက်လုံးမှိတ်ပြီး အိပ်ပျော်ချင်ယောင် ဆောင်နေလိုက်ခြင်းသာ။ ဤသို့လုပ်ခြင်းက ရှန်အစ်မကြီးကို ပိုပြီး စိတ်ချစေနိုင်မည်၊ သူ့အတွက် စိတ်ပူတာ သက်သာစေမည်ဟု သူ့မသိစိတ်က ယူဆမိသဖြင့် သူသည် နာကျင်မှုကြောင့် အိပ်မပျော်လျှင်ဖြစ်စေ၊ ညဘက် နာပြီး နိုးလာလျှင်ဖြစ်စေ လူသိအောင် မလုပ်ချင်ခဲ့ပေ။

သူ ငေးငိုင်နေစဉ် ရှန်းအာနှင့် ကျိအာတို့သည် အကြွပ်ဆုံး ကြော်ထားသည့် ငါးရေခွံတစ်ဖတ်ကို လုနေကြသည်။ ရှန်းအာသည် ဝဝကစ်ကစ်လေး ဖြစ်ရာ ကျိအာ၏ ကိုယ်ပေါ်သို့ တွယ်တက်ပြီး ဆော့ကစားနေသဖြင့် နောက်ဆုံးတွင် ကျိအာမှာ စားပွဲပေါ် မှောက်ရသည်အထိ ဖြစ်သွားသည်။

ကျိအာသည် သူမကြောင့် ရယ်မောကာ တစ်ကိုယ်လုံး အားမရှိတော့သဖြင့် အရှုံးပေးကာ ထိုငါးရေခွံကို သူမပန်းကန်ထဲ ထည့်ပေးလိုက်မှသာ သူမ ကျေနပ်သွားတော့သည်။

သို့သော် မထင်မှတ်ဘဲ ရှန်းအာသည် ထိုငါးရေခွံကို ချန်ချွမ်း၏ ပန်းကန်ထဲသို့ ပြောင်းထည့်ပေးလိုက်လေသည်။

ချန်ချွမ်းက ပန်းကန်ကို တစ်ချက်ကြည့်ပြီး ရှန်းအာကို တစ်ချက်ကြည့်လိုက်သည်။

ရှန်းအာ၏ မျက်လုံးများသည် စပျစ်သီးနက်ကဲ့သို့ အလွန်ကြီးမားပြီး ဝိုင်းစက်နေသော်လည်း ပြုံးလိုက်လျှင် ကွေးညွှတ်သွားကာ ရှန်အစ်မကြီးနှင့် အလွန်တူလေသည်။ သို့သော် ရှန်အစ်မကြီး၏ အပြုံးက နူးညံ့သော ရေလှိုင်းနှင့်တူပြီး အိမ်ရှေ့မှ တည်ငြိမ်သော မြစ်ရေနှင့် တူသည်။ ရှန်းအာကတော့ ပိုပြီး ဝဝကစ်ကစ်လေး ဖြစ်သဖြင့် ပြုံးလိုက်လျှင် ပျားရည်တစ်ဇွန်း ပိုထည့်ထားသော ဒိန်ခဲကဲ့သို့ ချိုမြိန်နေသည်။

"ငါ အနိုင်လုလာရတာ၊ နင့်ကို ကျွေးမယ်” ရှန်းအာက ဂုဏ်ယူစွာဖြင့် ဘယ်ဘက်သို့ ခေါင်းစောင်းလိုက်၊ ညာဘက်သို့ ခေါင်းစောင်းလိုက် လုပ်နေပြီး ဖင်ကို ရွှေ့ကာ သူ့ဘေးသို့ တိုးလာပြီး သူ့နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။ "ချန်ချွမ်း၊ နင် နင့်အဖေနဲ့အမေကို လွမ်းနေတာမလား”

ပူနွေးသော လေငွေ့နှင့်အတူ ငါးကင်နံ့ပါ ရောနှောကာ သူ့နားဘေးတွင် လာရိုက်ခတ်နေသည်။

ချန်ချွမ်းသည် မေးခွန်းကြောင့် ကြောင်အ,သွားပြန်သည်။

ရှန်းအာကတော့ တစ်လုံးချင်းစီ သူမဘာသာ ဆက်ပြောနေပြီး သူ့နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။ "ငါလည်း ငါ့အဖေနဲ့ အမေကို အရမ်းလွမ်းတာပဲ၊ ဒါပေမဲ့ ကြီးတော်က ပြောတယ်၊ သူတို့တွေ ကောင်းကင်ဘုံကို စောစောရောက်သွားကြပြီတဲ့၊ ဒီဘဝမှာ ပြန်တွေ့ရတော့မှာ မဟုတ်ဘူးတဲ့။ ဒါပေမဲ့ နင်က မတူဘူးလေ၊ နင့်အဖေနဲ့အမေက ရှိသေးတယ်၊ သူတို့လည်း နင့်ကို လိုက်ရှာနေလောက်မှာ၊ တစ်နေ့ကျရင် နင် ပြန်တွေ့ရမှာပါ၊ ပြန်တွေ့ရမယ့် မျှော်လင့်ချက် ရှိနေသရွေ့ ငါတို့သုံးယောက်ထက်စာရင် အများကြီး ပိုကောင်းနေပါပြီ”

သူမ အသံလေးက ပျော့ပျောင်းနေပြီး နားထဲတွင် ယားကျိကျိ ဖြစ်နေသည်။

"ဒါကြောင့် နင် အိမ်ကို မလွမ်းနဲ့တော့၊ များများစား၊ ငါတို့ အတူတူ မြန်မြန် အရွယ်ရောက်အောင် ကြီးပြင်းကြမယ်” ရှန်းအာက သူမ၏ ငါးကင်နံ့ နံနေသော လက်ဖောင်းဖောင်းလေးကို ဆန့်ထုတ်လိုက်ပြီး သူ့၏ ပိန်လှီပြီး အမာရွတ်ဗရပွလက်ကို ဆုပ်ကိုင်လိုက်လေသည်။ "ငါ ကြီးလာရင် မကြီးလိုပဲ တော်တဲ့သူ ဖြစ်လာမှာ၊ ငါ တော်လာရင် အဖေနဲ့အမေကို ခိုးပြီး မလွမ်းတော့ဘူး။ နင် ကြီးလာရင် နင့်အဖေနဲ့အမေကလည်း နင့်ကို ရှာတွေ့ပြီး အိမ်ပြန်ခေါ်သွားလောက်ပြီ”

"ဒါပေမဲ့... နင့်အဖေနဲ့အမေ နောင်တစ်ချိန် နင့်ကို လာခေါ်ရင် နင် ငါ့ကို မမေ့ရဘူးနော်၊ ငါ့ဆီ စာရေးရမယ်”

ရှန်းအာက သူ့လက်ချောင်းများကို ဆုပ်နယ်ရင်း စပျစ်သီးနက်ကဲ့သို့ မျက်လုံးဝိုင်းကြီးများဖြင့် သူ့ကို လေးလေးနက်နက် စိုက်ကြည့်နေလေသည်။ "ကတိပေးနော်”

ဖြူဖွေးဖောင်းအစ်နေသော လက်သန်းလေးက သူ့လက်ကို ချိတ်လိုက်ပြီး ဖွဖွလေး ယမ်းလိုက်သည်။ သူ့ရင်ထဲတွင် အချိန်ကြာမြင့်စွာ ဖိနှိပ်ထားသော ဝမ်းနည်းမှုတစ်ခု ရုတ်တရက် ထိုးတက်လာပြီး ထိုအချဉ်ဓာတ်က သူ့လည်ချောင်းကို တင်းကြပ်စေကာ မျက်ရည်အိမ်ကို စပ်ဖျင်းဖျင်း ဖြစ်စေသဖြင့် မျက်လုံးများကို အားကုန်ဖွင့်ကာ မျက်ရည်ကို ပြန်သိမ်းလိုက်ရသည်။

ဖြည်းဖြည်းချင်းဖြင့် ထိုငိုချင်စိတ်ကို ကြိုးစားထိန်းချုပ်လိုက်နိုင်ပြီး တိုးတိုးလေး "အင်း" ဟု ပြန်ဖြေလိုက်ကာ သူသည်လည်း သူ့လက်သန်းလေးကို ကိုးရိုးကားရား ကွေးလိုက်ပြီး ရှန်းအာ၏ နူးညံ့သော လက်ချောင်းလေးပေါ်သို့ တင်လိုက်လေသည်။

"ငါ မမေ့ပါဘူး၊ နင့်ဆီ စာရေးပါ့မယ်”

"ငါ အစ်ကို့ဆီမှာ စာရေးသင်နေပြီ၊ နောက်ဆို ငါလည်း နင့်ဆီ ပြန်ရေးမှာ” ရှန်းအာက ပါးစပ်ဖြီးကာ ထပ်ပြုံးလိုက်ပြန်သည်။

ကလေးနှစ်ယောက်သည် ရိုးသားစွာဖြင့် ကတိပြုလိုက်ကြပြီး ထို့ကြောင့်ပင် တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာ မှီတွယ်ထားကြကာ ပခုံးချင်းတိုက်၊ လက်ချင်းချိတ်ထားကြသည်။ စိတ်ထဲတွင် ဖုံးကွယ်ထားပြီး သာမန်အချိန်တွင် သတိမရတတ်သော၊ လူကြီးများနှင့် အစ်ကိုဖြစ်သူကို ပြောပြရန် ရှက်ရွံ့နေသော လေးလံလှသည့် လွမ်းဆွတ်မှုများသည် ဤအငွေ့တထောင်းထောင်းထနေသော ညချမ်းတွင် အပြန်အလှန် မှီခိုနေသော နွယ်ပင်နှစ်ပင်ကဲ့သို့ပင် တစ်ယောက်လက်ချောင်းများကို တစ်ယောက် ချိတ်တွယ်ထားလိုက်ကြတော့သည်။

.....

ရှန်မြောင်သည် အစပိုင်းတွင် ကလေးနှစ်ယောက်ကြားမှ ပြောင်းလဲမှုကို သတိမထားမိခဲ့ပေ။ ထိုနေ့က ငါးကင်ကို ကုမိသားစုဝင်များ တညီတညွတ်တည်း ချီးကျူးကြသည်ကို ကြားလိုက်ရပြီးနောက် သူမသည် ဆိုင်တွင် ဟင်းပွဲအသစ်အဖြစ် ငါးကင်တင်ရန် စတင်အလုပ်ရှုပ်နေတော့သည်။

သူမသည် ငါးကင်၏ အမယ်များ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ ဟင်းရည်အနှစ် အချိုးအစားနှင့် တွဲဖက်စားသုံးပုံများကို အကြိမ်ကြိမ် စမ်းသပ်ခဲ့ပြီး မိသားစုတစ်ခုလုံးကို လေတက်လျှင်ပင် ငါးကင်နံ့ထွက်သည်အထိ ဆက်တိုက် ကျွေးခဲ့သည်။ အပူကန်မသွားသည်ကပင် ကံကောင်းသည်ဟု ဆိုရမည်။ နောက်ဆုံးတွင် သူမသည် အချိုးအစား အကျဆုံးကို ရှာတွေ့သွားပြီး ခေတ်သစ် ညဈေးတန်းများမှ ထူးခြားသော အရသာကို ပြီးပြည့်စုံစွာ ပြန်လည်ဖန်တီးနိုင်ခဲ့သည်။

ထို့နောက်တွင် ငါးဆိုင် အတော်များများကို နှိုင်းယှဉ်ကြည့်ပြီးနောက် ကြောင်ကျားလေး အစာတောင်းလေ့ရှိသော ငါးဆိုင်ကို ကုန်ကြမ်းပေးသွင်းသူအဖြစ် ရွေးချယ်လိုက်သည်။ ကြောင်၏ ရွေးချယ်မှုသည် အကြောင်းရှိသည်ဟု ဆိုရမည်။ ပြန့်ကျင်းမြို့တွင် နယ်မြေအကြီးကြီး ပိုင်စိုးထားသော ကြောင်သည် ဘယ်ဆိုင်က ငါး အလတ်ဆတ်ဆုံးလဲ၊ ဘယ်ဆိုင်ရှင်က စိတ်ထားအကောင်းဆုံးနှင့် အရိုးသားဆုံးလဲ ဆိုသည်ကို သိလေသည်။ နောက်ပိုင်းတွင် ရှန်မြောင်သည် ထိုငါးဆိုင်နှင့် ရေရှည်လက်ကားယူရန် ဈေးညှိနှိုင်းခဲ့သည်။

ငါးဆိုင်ရှင်ကလည်း အလွန်ဝမ်းသာသွားခဲ့သည်။ အကြောင်းမှာ ဆိုင်တွင် ငါးခေါင်းပွ၊ ကကတစ် စသည်တို့သာ အရောင်းသွက်ပြီး ကန်ထဲရှိ ငါးကြင်း အကောင်ကြီးများမှာ ရောင်းမထွက်ဘဲ ရှိနေသောကြောင့်ဖြစ်သည်။ ယခု ရှန်မြောင်က ယူမည်ဆိုသဖြင့် ပုံမှန်ဈေးထက် ၃၅ ရာခိုင်နှုန်း လျှော့ပေးလိုက်သည်။ သူလည်း ငါးပိုရောင်းရပြီး ငွေရသလို ငါးကန်လည်း ရှင်းသွားသဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိသွားသည်။

ငါးပါ တစ်ခါတည်း သတ်ပေးသေးသည်။

ငါးဒိုင်ကို စီစဉ်ပြီးနောက် သူမသည် ကုန်ကျစရိတ်ကို တွက်ချက်လိုက်၏။ ငါး၊ အမယ်များ၊ ဟင်းခတ်အမွှေးအကြိုင်၊ မြေပန်းကန်၊ မီးသွေး စသည်တို့ကို ထည့်တွက်ရမည်။ သူမသည် ညအတော်များများ စဉ်းစားပြီးနောက် ၉၈ ဝမ်ဖြင့် ရောင်းရန် ဆုံးဖြတ်လိုက်သည်။ ဤသည်မှာ ဟင်းပွဲကြီးဖြစ်ပြီး အမယ်များ စုံလင်ကာ လူအများ ဝိုင်းဖွဲ့စားသောက်ရန် သင့်တော်သည်။ ထူးခြားသော ချက်ပြုတ်နည်းနှင့် စုံလင်သော ကုန်ကြမ်းများကြောင့် ဤဈေးနှင့် ထိုက်တန်သည်။ စီးပွားရေးအရ ကြည့်လျှင်လည်း ဤဈေးနှုန်းသည် အမြတ်နည်းသည်ဟု ဆိုရမည်။

နောက်ပိုင်းတွင် အိုးလုပ်ငန်းမှ မြေပန်းကန်များနှင့် တွဲဖက် မီးဖိုလေးများ ပို့လာပြီးနောက် အရာအားလုံး အဆင်သင့် ဖြစ်သွားပြီ ဖြစ်ရာ ရှန်မြောင်သည် ခေတ်သစ် ကြော်ငြာပိုစတာ ပုံစံအတိုင်း ကျိအာကို ဝိုင်းဖွဲ့ငါးကင်စားနေပုံ ပန်းချီကားချပ်ကြီး ဆွဲခိုင်းလိုက်သည်။

ပုံထဲတွင် မိသားစုတစ်စုသည် စားပွဲဝိုင်းကြီးတစ်ခုကို ဝိုင်းဖွဲ့နေပြီး စားပွဲပေါ်တွင် ဒယ်အိုးကြီးတစ်လုံး ရှိသည်။ အိုးထဲတွင် ကြော်ထားသော ရွှေရောင်ငါးကြီးတစ်ကောင် ရှိနေပြီး ငါးအောက်တွင်လည်း ဟင်းပွဲများ လျှံကျမတတ် ပြည့်နှက်နေသည်။

အပေါ်တွင် ကြော်ငြာစာသားကိုလည်း ရေးသားထားသည်။ "ငါးကင်တစ်အိုး၊ ပျော်ရွှင်မှုတစ်ပွဲ" ဟူ၍ ဖြစ်ပြီး ဘေးတွင် တောက်လောင်နေသော မီးတောက်ပုံများ ပါရှိသည်။ မီးတောက်ပေါ်တွင် "အချိန်ကန့်သတ် အထူးဈေးနှုန်း၊ ၁၈၈ ဝမ်" ဟု ရေးသားပြီး ဖြတ်ထားကာ ဘေးတွင် ပိုကြီးမားသော အနီရောင်စာလုံးဖြင့် "အထူးလျှော့ဈေး! ဒီနေ့တစ်ရက်တည်း! ၉၈ ဝမ်!" ဟု ရေးသားထားသည်။ ပိုစတာအောက်ခြေတွင် "ကျင်းလျန်တံတား ယန်လျိုအရှေ့လမ်းကြား၊ ရှန်ကျိထန်းပင်ဆိုင်" ဟူသော လိပ်စာကို ထည့်သွင်းထားလိုက်သည်။

ရှန်မြောင်သည် ထိုကြော်ငြာပိုစတာကို ကျိအာအား ပုံအတော်များများ ဆွဲခိုင်းလိုက်သည်။ တစ်ပုံကို ကိုယ့်အိမ်တံခါးတွင် ကပ်ထားပြီး ကျန်နှစ်ပုံကို လမ်းပေါ်တွင် လျှောက်သွားနေတတ်သော လူလေလူလွင့် နှစ်ယောက်အား တစ်ယောက်ကို ၂၀ ဝမ် ပေးကာ ပိုစတာကို ရင်ဘတ်နှင့် ကျောဘက်တွင် ကပ်ခိုင်းပြီး ရွေ့လျားကြော်ငြာဘုတ်အဖြစ် အသုံးပြုလိုက်လေတော့သည်။

...

All Chapters