← Chapters

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အပိုင်း (၂၉) ရှင်ဖြစ်နေတာကိုး (၂)

အရပ်စကားဖြင့် ပြောရလျှင် ပြန့်ကျင်းမြို့၏ ဆန်စပါး ၆၀ ရာခိုင်နှုန်းသည် တောင်ဘက်မှ ပြန့်မြစ်ကို ဖြတ်၍ သယ်ယူလာခြင်းဖြစ်သည်။ ယခု စုန့်ခေတ်၏ ဆန်ဈေးသည် အရင်ခေတ်များထက် အများကြီး သက်သာလေသည်။ ပထမအချက်မှာ ကျန်ချောင်စပါးမျိုးကို ကျောင်းကျီနိုင်ငံမှ ကျန်းနန်ဒေသသို့ တင်သွင်းလာခဲ့သောကြောင့် ဖြစ်သည်။ ဤစပါးမျိုးသည် တစ်နှစ်လျှင် နှစ်သီး သို့မဟုတ် သုံးသီး စိုက်ပျိုးနိုင်သဖြင့် စုန့်ခေတ်၏ စပါးထွက်နှုန်းကို အများကြီး တိုးတက်စေခဲ့သည်။ ဒုတိယအချက်မှာ စုန့်ခေတ်၏ ဂျုံစိုက်ပျိုးမှုသည် တစ်နှစ်လျှင် နှစ်သီး စိုက်ပျိုးနိုင်ရုံသာမက ခြောက်သွေ့သော ကုန်းမြင့်ဒေသမှ မြေပြန့်ဒေသသို့ ရွှေ့ပြောင်းစိုက်ပျိုးလာနိုင်ပြီး ကျန်းဟွိုင်၊ တာ့မင်ဖူ အစရှိသည့် ဒေသများမှ ဟွိုင်နန်၊ ကျန်းနန် အစရှိသည့် ဒေသများသို့ တိုးချဲ့စိုက်ပျိုးလာနိုင်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် တောင်ဘက်တွင် သဘာဝဘေးအန္တရာယ် မကျရောက်သရွေ့ ပြန့်ကျင်းမြို့၏ ဆန်ဈေးသည် ဆယ်ရက်လျှင် ငွေအနည်းငယ်သာ အပြောင်းအလဲ ရှိတတ်သည်။ သို့သော် တောင်ဘက်တွင် ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ ကျိုင်းကောင်ကျခြင်း အစရှိသည့် ဘေးအန္တရာယ်များ ဖြစ်ပွားပါက ဆန်ဈေးသည် တစ်လအတွင်း အဆမတန် တက်သွားတတ်သည်။

"အခု တောင်ဘက်ကလာတဲ့ ဂျုံမှုန့်က တာ့မင်ဖူကဟာထက်တောင် ပိုဈေးပေါနေပြီ” သူဌေးနျိုက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။ "စိတ်ချပါ၊ တို့ရဲ့ ဘုရင်မင်းမြတ်က ထာဝရ မင်းကောင်းမင်းမြတ်ပါ၊ ကိုယ်တိုင် ချွေတာရုံသာမက နှစ်တိုင်း လယ်ယာစိုက်ပျိုးရေးကို စစ်ဆေးဖို့ ပြည်နယ်အသီးသီးကို အရာရှိတွေ စေလွှတ်လေ့ရှိတယ်၊ မြစ်ချောင်း တာတမံတွေကိုလည်း နှစ်တိုင်း ပြုပြင်တယ်၊ အခုဆိုရင် မိုးလေဝသသာ မှန်မယ်ဆိုရင် တို့တွေ ဘယ်သူမှ ငတ်မှာ မဟုတ်ဘူး”

အမှန်ပင်။ ဤနေရာမှ စုန့်ခေတ်သည် ကံကောင်းလှသည်။ သမိုင်းကြောင်းသည် ထိုက်ကျူမင်းဆက်တွင် အလှည့်အပြောင်းတစ်ခု ဖြစ်သွားပြီး ကျောက်ကွမ်ယိ မျိုးဆက်မှ ဆင်းသက်လာသည့် အသုံးမကျသော ဘုရင်မျိုးရိုးဗီဇ မရှိတော့ပေ။ ဤကျောက်တာ့ မျိုးဆက်မှ ဆင်းသက်လာသည့် ဘုရင်များ၏ အရည်အသွေးသည် တော်တော်လေး ကောင်းမွန်လေသည်။

ရှန်မြောင် ဂျုံနယ်ရင်း စိတ်ထဲတွင် တိတ်တဆိတ် ဝေဖန်နေလိုက်သည်။

ပဲနီဌာပနာ ပေါင်မုန့်တန်း ၁၅၀ ဆိုသည်မှာ အရေအတွက် မနည်းလှပေ။ သူမ တညနေလုံး အလုပ်ရှုပ်နေမှ ပြီးစီးတော့သည်။ သူမ အရင်က ဝယ်ထားသည့် ဝါးပေါင်းချောင်တစ်ခုတွင် အတန်း ၂၀ လောက်သာ ဆံ့သဖြင့် ၈ ဆင့်လောက် ထပ်လိုက်ရသည်။

လျှော်ကြိုးဖြင့် တစ်ဖက်ကို ၄ ဆင့်စီ ချည်နှောင်လိုက်ပြီး ထမ်းပိုးတံတွင် ချိတ်လိုက်သည်။ ရှန်မြောင်သည် ရှန်းအာနှင့် ကျိအာတို့၏ အားကျသော မျက်လုံးများအောက်တွင် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ပခုံးပေါ် ထမ်းလိုက်သည်။ မတ်တပ်ရပ်ပြီး အလေးချိန်ကို ချိန်ဆကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ် ထွက်လာခဲ့လိုက်သည်။

ထမ်းပိုးဆိုသည်မှာ ဤသို့ပင်။ ဟန်ချက်ညီသွားလျှင် သိပ်လေးသည်ဟု မခံစားရတော့ပေ။

ကျိအာက ရှန်းအာကို တွဲထားပြီး သူမကိုလည်း ကူထိန်းပေးထားသည်။ သုံးယောက်သား ဖြည်းဖြည်းချင်း လျှောက်လာကြသည်။ လမ်းသွားလမ်းလာများ၏ အကြည့်များကို ဖမ်းစားထားနိုင်ပြီး လမ်းဘေးမှ တီးတိုးပြောသံများကိုပင် ကြားနေရသည်။

"ဘုရားရေ၊ ဒီအမျိုးသမီးက ကြည့်တော့ ပိန်ပိန်လေး၊ အားကတော့ သန်လိုက်တာ”

"ဒါ မနက်ခင်းဈေးက မုန့်အဝိုင်းသည်မလေး မဟုတ်ဘူးလား၊ သူက ဘယ်သွားမလို့လဲ”

"မဟုတ်ဘူးလေ၊ ဘာမုန့်အဝိုင်းသည်လဲ၊ အဲဒါ ပန်ကိတ်မုန့်သည်မလေး”

"မထူးပါဘူးကွာ၊ သူပဲဟာ”

"ကြည့်ပါဦး... အများကြီး လုပ်ထားတာပဲ၊ ဒီအမျိုးသမီး ကံကောင်းလိုက်တာ၊ ဧကန္တ သူဌေးတစ်ယောက်ယောက်က အိမ်အရောက် လာခေါ်တာ ဖြစ်မယ်”

ရှန်မြောင် ကြားလိုက်ရသဖြင့် ဘာပြန်ပြောရမှန်း မသိဖြစ်သွားသည်။ ဘာ မုန့်အဝိုင်းသည်မလေးလဲ။ သူမ ဘယ်တုန်းက မုန့်အဝိုင်းသည်မလေး ဖြစ်သွားရတာလဲ။ လူတစ်ယောက်က ဝင်ပြင်ပေးလိုက်ပေမယ့် ပန်ကိတ်မုန့်သည်မလေး ဆိုတဲ့ နာမည်ပြောင်ကလည်း သိပ်ကောင်းလှတာ မဟုတ်ဘူးလေ။

သူမသည် လမ်းကြားများကို ဖြတ်ကျော်လာခဲ့သည်။ ဤအတင်းအဖျင်း ပြောသံများသည် အနောက်ဘက် ကျုံးကူလမ်းကြားသို့ ရောက်သည်အထိ ပါလာခဲ့လေသည်။ ရှဲ့မိသားစု၏ အနောက်ဘက် တံခါးရှေ့သို့ ရောက်လာခဲ့သည်။ မနေ့က သူမနှင့် စကားပြောခဲ့သည့် တံခါးစောင့်ပင် ဖြစ်နေသည်။ သူမ ထမ်းပိုးထမ်းပြီး လာသည်ကို မြင်လိုက်ရသဖြင့် တံခါးခုံပေါ်မှ ခုန်ဆင်းလာပြီး ကူညီလေသည်။

"ရှန်ညန်ဇီ လား၊ အမယ်လေး၊ ဖြည်းဖြည်းလာပါ၊ ကျွန်တော် ထမ်းပေးမယ်၊ လာလာလာ၊ ကျွန်တော့်ကို ပေး၊ အထဲကို လိုက်ပို့ပေးမယ်..."

ရှန်မြောင် မငြင်းလိုက်ရခင်မှာပင် ပခုံးပေါ်က ထမ်းပိုးသည် တံခါးစောင့်ထံ ရောက်သွားခဲ့ပြီ။ သူနှင့်အတူ တံခါးစောင့်နေကြသည့် တခြားအစေခံများက ဝိုင်းလာပြီး သူ့ကို စကြတော့သည်။

"ယန်ချီ၊ ဒီနေ့ နေက အနောက်ဘက်က ထွက်နေတာလား၊ မင်းလို လူပျင်းက ဘယ်လိုလုပ်ပြီး ဒီလောက် ဝီရိယကောင်းနေရတာလဲ၊ ဧကန္တ နတ်သမီးလေး ဆင်းလာတာကို တွေ့လိုက်လို့လား”

ယန်ချီ၏ မျက်နှာမှာ ရဲသွားတော့သည်။ လက်က ထမ်းပိုးကို ကိုင်ထားပြီး ခြေထောက်ဖြင့် လှမ်းကန်ကာ သူတို့ကို မောင်းထုတ်လိုက်သည်။

"သွားစမ်းပါကွာ၊ ဘာတွေ လျှောက်ပြောနေတာလဲ၊ ဒါက သာ့ညန် (သခင်မကြီး) မှာထားတဲ့ အလုပ်ကွ... ရှန်ညန်ဇီ၊ ကျွန်တော့်နောက် လိုက်ခဲ့ပါ၊ ခြေလှမ်း သတိထားနော်..."

ရှန်မြောင်က ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမှမပြောပေ။ ဤအချိန်က အမျိုးသမီးများ အပြင်ထွက် အလုပ်လုပ်လျှင် ပါးစပ်သရမ်းသူများနှင့် တွေ့ရတတ်စမြဲပင်။ ဂရုစိုက်လေ ပိုဆိုးလေ ဖြစ်တတ်သဖြင့် မသိချင်ယောင် ဆောင်နေလိုက်တာက ပိုကောင်းသည်။

သူမ အနည်းငယ် ခါးညွှတ်လိုက်ပြီး ကျိအာနှင့် ရှန်းအာကို ဆွဲကာ ရှဲ့မိသားစု၏ မြင့်မားသော ကျောက်စိမ်းတံခါးခုံကို ကျော်ဖြတ်ဝင်ရောက်လိုက်သည်။

အိမ်ကြီးအိမ်ကောင်းများ၏ ဘေးတံခါးများသည် အစေခံများ ဝင်ထွက်ရန် သို့မဟုတ် ဆန်၊ ရေ၊ ထင်း စသည်တို့ကို သယ်ယူရန် အသုံးပြုကြသည်။ ထို့ကြောင့် ရှန်မြောင် ဝင်သွားလိုက်သည်နှင့် ခြံဝင်းငယ်လေးတစ်ခု ဖြစ်နေသည်။ အရှေ့နှင့် အနောက်ဘက် အဆောင်များကို မြင်းဇောင်းများအဖြစ် ပြောင်းလဲထားသည်။ အစေခံအများအပြားသည် မြေလှည်းများကို တွန်းကာ မြက်ခြောက်များ သယ်ယူနေကြသည်။ ခြံဝင်းကို ဖြတ်ကျော်ပြီးနောက် ကွေ့ကောက်နေသော စင်္ကြံလမ်းရှည်ကြီး တစ်ခုကို ဖြတ်လျှောက်ရသည်။ နောက်ထပ် တံခါးတစ်ချပ်ကို ဖြတ်ကျော်ပြီး ပန်းခြံငယ်လေးတစ်ခုကို ဖြတ်သွားရသည်။ နောက်ဆုံးတွင် တံခါးငယ်လေးတစ်ခုမှ ဝင်သွားမှသာ ယန်ချီ ပြောသည့် အပြင်ဖက် မီးဖိုဆောင်သို့ ရောက်လေသည်။

လမ်းတစ်လျှောက်တွင် ပေါင်းသင်နေသူ၊ တံမြက်စည်းလှည်းနေသူ၊ ကျောက်တောင်တုပေါ် တက်ပြီး ရေညှိခြစ်နေသူ စသည်ဖြင့်... အစေခံများ အလုပ်ရှုပ်နေကြသည်။ ရှန်မြောင် လျှောက်ရတာ ခြေထောက်ညောင်းလာပြီး ကြည့်ရတာလည်း မျက်စိနောက်လာသည်။ ဤရှဲ့မိသားစုတွင် အစေခံ ရာပေါင်းများစွာ မွေးထားသည်ဟု ထင်ရသည်။

ကျိအာက လျှောက်လေလေ ပိုပြီး စိတ်လှုပ်ရှားလာလေလေပင်။ အစပိုင်းတွင် ဟိုကြည့်ဒီကြည့် လုပ်နေသော်လည်း နောက်ပိုင်းတွင် ဘယ်ကိုမှ မကြည့်တော့ဘဲ ရှေ့ကိုသာ စိုက်ကြည့်နေတော့သည်။ ရှန်းအာကတော့ ပျော်ရွှင်နေသည်။ ပန်းခြံငယ်လေးကို ဖြတ်သွားစဉ် ပတ်ဝန်းကျင်တွင် ပန်းပင်များ ဝေဆာနေသည်ကို တွေ့လိုက်ရသဖြင့် ရှန်မြောင်လက်ကို လှုပ်ယမ်းကာ တီးတိုးနှင့် အံ့သြတကြီး ပြောလိုက်သည်။

"မကြီး၊ ကြည့်ပါဦး၊ ဟိုမှာ ပန်းပွင့်တွေ အများကြီးပဲ”

ယန်ချီက သူတို့ကို မီးဖိုဆောင်သို့ ခေါ်သွားသည်။ မီးဖိုဆောင်သည် အလွန်ကျယ်ဝန်းသည်။ မီးဖိုရှည် ၄ ခု တည်ဆောက်ထားပြီး အငွေ့တထောင်းထောင်း ထနေသည်။ စားဖိုမှူး အများအပြားသည် အထဲတွင် အလုပ်ရှုပ်နေကြသည်။

"ဒါ သာ့ညန် မှာထားတဲ့ သက်သတ်လွတ်မုန့် လာပို့တဲ့ ရှန်ညန်ဇီပါ” ယန်ချီက အထဲက ဦးစီးလုပ်ကိုင်နေသည့် စားဖိုမှူးကို ရှင်းပြလိုက်ပြီး ထမ်းပိုးကို ချပေးလိုက်သည်။ ရှန်မြောင်ကို မိတ်ဆက်ပေးလိုက်သည်။

"ရှန်ညန်ဇီ၊ ဒါက အပြင်ဘက် မီးဖိုဆောင်က ခေါင်းဆောင် စားဖိုမှူးဖန်းပါ၊ ရှန်ညန်ဇီ ဘာပစ္စည်းလိုလို သူ့ကို ပြောလိုက်ရုံပါပဲ”

ရှန်မြောင် လှမ်းကြည့်လိုက်ရာ သန်မာထွားကျိုင်းသော လူကြီးတစ်ယောက် ဖြစ်နေသည်။ ထိုလူက မျက်နှာထား တင်းတင်းနှင့် ဂျုံနယ်နေပြီး သူမကို ခေါင်းညိတ်ပြရုံသာ ပြလိုက်သည်။

သူမလည်း ပြန်လည် နှုတ်ဆက်လိုက်သည်။

ယန်ချီက ဆက်ပြောလိုက်သည်။ "ကျွန်တော် ဒီနေရာအထိပဲ လိုက်ပို့တော့မယ်၊ ညနေ ၆ နာရီလောက်ကျမှ ပြန်လာပြီး လိုက်ပို့ပေးမယ်နော်”

ရှန်မြောင် မှတ်ထားလိုက်ပြီး ကျေးဇူးတင်စကား ထပ်ပြောလိုက်သည်။

ယန်ချီ ထွက်သွားတော့မှ စားဖိုမှူးဖန်းက ရှန်မြောင်ကို မော့ကြည့်လိုက်ပြီး ဘေးနားရှိ မီးမွှေးမထားသည့် မီးဖိုနှစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

"မင်း အဲဒီမီးဖိုနှစ်ခုကို သုံးလိုက်ပါ၊ တခြားပစ္စည်းတွေကို လျှောက်မကိုင်နဲ့၊ မီးဖိုဆောင်မှာ သုံးမယ့် ထင်းတွေက အခန်းငယ်ထဲမှာ ရှိတယ်၊ ကိုယ့်ဘာသာ သွားယူပြီး သုံးလိုက်”

ပြောပြီးသည်နှင့် ခေါင်းငုံ့ကာ ဂျုံပြန်နယ်နေသည်။ သန်မာသော လက်မောင်းနှစ်ဖက်က အဆက်မပြတ် ရိုက်ပုတ်နေသဖြင့် ဘုန်းဘုန်း ဒိုင်းဒိုင်း အသံများ ထွက်ပေါ်နေသည်။

ဤလူက သူမ ရောက်လာသည်ကို သိပ်ကြည်ဖြူပုံမရချေ။ ရှန်မြောင်က ခံစားလွယ်သူဖြစ်သော်လည်း အရေးမလုပ်ပေ။ မည်သို့ပင်ဖြစ်စေ သူမက ပိုက်ဆံယူပြီး လာလုပ်ခြင်းဖြစ်သည်။ မုန့်ဖုတ်ပြီးရင် ပြန်သွားရုံသာ။ တခြားသူတွေရဲ့ စိတ်ခံစားချက်က ဘယ်လိုရှိရှိ၊ သူမကို အထင်ကြီးကြီး မကြီးကြီး သူမနှင့် ဘာဆိုင်လို့လဲ။

ထို့ကြောင့် သူမသည် ကျိအာကို ခေါ်ပြီး ထင်းသွားသယ်လိုက်သည်။ ဤမီးဖိုဆောင် နှစ်ဖက်စလုံးတွင် ဘေးခန်းများ ရှိသည်။ တစ်ဖက်တွင် ထင်းပုံထားပြီး တစ်ဖက်တွင် ဆန်၊ ရေ၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို သိုလှောင်ထားသဖြင့် ရှာရမခက်ပေ။

ထင်းသယ်လာပြီးနောက် လမ်းကြားအဆုံးကို လှမ်းမြင်နေရသည်။ သပ်ရပ်စွာ ဝတ်ဆင်ထားသည့် အစေခံအများအပြားသည် ဝါးလုံးများနှင့် ရောင်စုံဖျင်စများကို အသုံးပြုကာ တရားနာရန် မဏ္ဍပ်ထိုးနေကြသည်။ ရှန်မြောင် ခြေဖျားထောက်ပြီး ကြည့်လိုက်ရာ လူရိပ်များ လှုပ်ရှားနေပြီး တရားစာရွတ်သံများလည်း သဲ့သဲ့ကြားနေရသည်။ တကယ့်ကို ကြီးကျယ်ခမ်းနားလှသည်။

ရှန်းအာအတွက် လူမသုံးသည့် ခုံပုလေးတစ်လုံး ရှာပေးလိုက်ပြီး မီးဖိုဆောင်တံခါးနားက ထောင့်လေးမှာ ထိုင်ခိုင်းထားလိုက်သည်။ ဒီနေရာက ရှန်မြောင် ခေါင်းလှည့်လိုက်သည်နှင့် လှမ်းမြင်ရသောနေရာဖြစ်ပြီး တံခါးဝဖြစ်နေသဖြင့် လေတဖြူးဖြူးနှင့် အေးမြသလို ထင်းမီးခိုးငွေ့လည်း မမိနိုင်ပေ။

ပြီးနောက် အပေါ်ဆုံး ပေါင်းချောင်ထဲကနေ ရှန်းအာခေါင်းလောက်ရှိတဲ့ ပေါက်စီအကြီးကြီးတစ်လုံးကို ထုတ်ယူလိုက်သည်။ ရှန်မြောင်က ပဲနီဌာပနာ ပေါင်မုန့်လုပ်တုန်းက အားနေသဖြင့် သူ့အတွက် ပဲနီဌာပနာ မက်မွန်သီးပုံ ပေါက်စီတစ်လုံး လုပ်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် တဆေး အများကြီး ထည့်မိလိုက်သဖြင့် အနည်းငယ် ကြီးလွန်းသွားခဲ့သည်။

ဒါပေမဲ့ လုပ်ပြီးသွားပြီဆိုတော့ ဘယ်လွှင့်ပစ်လို့ရမလဲ။ သူမ ပေါင်းပြီး ယူလာခဲ့လိုက်သည်။

ရှန်းအာက ပျော်ရွှင်စွာဖြင့် ယူလိုက်သည်။ ဒီကလေးက တကယ် စားနိုင်သော်လည်း ကလေးဆိုတာ စားနိုင်မှ အားရှိပြီး အရပ်ရှည်မှာလေ။ ရှန်မြောင်က သူမကို အစားမရှောင်ခိုင်းပေ။ ပြီးတော့ ရှန်းအာက စားပြီးသည်နှင့် လျှောက်ပြေးနေပြီး ကြက်များကို ခြံအပြည့် လိုက်မောင်းနေတတ်သဖြင့် ဝဖို့လမ်းမမြင်ပေ။

စားစရာရှိလျှင် ရှန်းအာက တော်တော်ငြိမ်သည်။

ယခုလည်း တံခါးနားက ခုံပုလေးပေါ်တွင် လိမ္မာစွာ ထိုင်ပြီး မက်မွန်သီးပေါက်စီအကြီးကြီးကို ကိုက်စားနေလေသည်။ တစ်ကိုက် ကိုက်လိုက်သည်နှင့် မျက်နှာတစ်ခုလုံး မြုပ်သွားတော့သည်။ စားဖိုမှူးဖန်းပင် ဘေးမှနေ၍ အကြိမ်ကြိမ် လှမ်းကြည့်နေမိသည်။ ဤမျှ စိတ်ဝင်စားစရာကောင်းသည့် မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးသောကြောင့် ထင်သည်။

ကျိအာက မီးဖိုဘေးတွင် စောင့်ပြီး သူမအတွက် မီးကူမွှေးပေးနေသည်။ မီးဖိုအပူချိန် တဖြည်းဖြည်း မြင့်တက်လာပြီးနောက် ရှန်မြောင် အလုပ်စလုပ်လိုက်တော့သည်။

........

ရှဲ့မိသားစု၏ တိတ်ဆိတ်ငြိမ်သက်သော ခြံဝင်းငယ်တစ်ခုအတွင်းတွင် ရှဲ့ချီသည် ဝါးကုတင်ပေါ်တွင် လှဲလျောင်းနေပြီး ဗိုက်ဆာလွန်းသဖြင့် အားပြတ်နေသည်။ ဘေးမှ အလုပ်အကျွေးပြုနေသည့် ယန့်ရှူးလည်း ဗိုက်ဆာလွန်းသဖြင့် မျော့မျော့သာ ကျန်တော့သည်။

ယနေ့ အိမ်တွင် အဘိုးဖြစ်သူ၏ မွေးနေ့ပွဲကျင်းပနေသည်။ အိမ်အပြင်ဘက် မြေကွက်လပ်တွင် မဏ္ဍပ်ကြီးများ ဆက်တိုက် ထိုးထားပြီး ဘုန်းကြီး အပါး ၁၅၀ ပင့်ကာ သုံးရက်တိတိ တရားရွတ်ဖတ်ပူဇော်နေသည်။ ဧည့်ခံကျွေးမွေးရန်လည်း ပြင်ဆင်ရသဖြင့် ရှဲ့မိသားစုသည် ဤရက်ပိုင်းအတွင်း ဆွေမျိုးမိတ်သင်္ဂဟများ ဝင်ထွက်သွားလာကာ အလုပ်များနေကြသည်။

ရှဲ့ချီတစ်ယောက် မိုးမလင်းခင်ကတည်းက ထခဲ့ရသည်။ သက်သတ်လွတ်ဝတ်စုံကို ဝတ်ဆင်ပြီး အဖေ၊ ဦးလေးများနှင့် ညီအစ်ကိုများနောက် လိုက်ကာ မြို့ပြင်ရှိ အဘိုးအုတ်ဂူသို့ သွားရောက် ကန်တော့ခဲ့ရသည်။ ထို့နောက် ဘိုးဘွားပိုင်အိမ်သို့ ပြန်လာပြီး ဘိုးဘွားများ၏ ကမ္ဗည်းတိုင်ရှေ့တွင် အမွှေးတိုင်ထွန်းခဲ့ရသည်။ ပြီးနောက် အဖေ၊ ဦးလေးနှင့် ညီအစ်ကိုများနှင့်အတူ အဝေးကလာသည့် ဆွေမျိုးများကို ဧည့်ခံခဲ့ရသည်။ ညနေ ၄ နာရီလောက်ကျမှ အားလပ်သွားပြီး အခန်းပြန်ကာ အနားယူနိုင်တော့သည်။

နေ့လယ်စာ စားပွဲတွင် အရက်သောက်ပြီး ကဗျာရွတ်ရသလို အဖေက လူအများရှေ့တွင် ကဗျာစာပေ မေးမြန်းစစ်ဆေးတတ်သဖြင့် ဗိုက်ပြည့်အောင် မစားနိုင်ခဲ့ပေ။

"ကျိုကော ၊ ကျွန်တော် မီးဖိုဆောင်ဘက် သွားကြည့်ပြီး စားစရာတစ်ခုခု သွားရှာလိုက်ရမလား"

ယန့်ရှူးက သည်းမခံနိုင်တော့ဘဲ ညည်းတွားလိုက်သည်။

"အိမ်မှာ လူများပြီး အလုပ်ရှုပ်နေတာ၊ တတိယမိသားစုက အဒေါ်က သာ့ညန်ကို ကူပြီး ပွဲစီစဉ်ပေးနေတာ၊ သခင်လေးတွေရဲ့ အဆောင်က အလုပ်ကြမ်းသမားတွေကိုတောင် ခေါ်သွားပြီး ကူခိုင်းနေတယ်၊ ကျွန်တော်တို့အဆောင်က အစေခံတွေ၊ စာကြည့်တိုက်ကို စောင့်တဲ့ ချိုးဟောင်ကိုတောင် ဆွဲခေါ်သွားကြတယ်၊ တကယ် ဆိုးတာပဲ၊ ကျွန်တော်တို့တွေ ပြန်ရောက်လာတာတောင် ပူပူနွေးနွေး စားစရာလေး တစ်ခုမှ မရှိဘူး”

ရှဲ့ချီက ဒါတွေကို သိပ်မတွက်ကပ်ပေ။ အမေက အခွင့်အရေး အဆုံးရှုံးခံမည့်သူ မဟုတ်ပေ။ သူမ နောက်ကျရင် တခြားနေရာကနေ ပြန်ယူလိုက်မှာပဲ။ သူက လူငယ်ဆိုတော့ မပါဝင်တာ အကောင်းဆုံးပဲ။ ထို့ကြောင့် ပြုံးရုံသာ ပြုံးလိုက်သည်။

"ဒီရက်ပိုင်း အလုပ်ရှုပ်နေတော့ ဂရုမစိုက်နိုင်တာတွေ ရှိမှာပေါ့၊ ကိစ္စမရှိပါဘူး၊ အမေက ဘွားဘွားကြီးရဲ့ အဆောင်ကို စကားသွားပြောတယ် ထင်တယ်၊ အတော်ပဲ ငါလည်း သွားနှုတ်ဆက်သင့်တာဆိုတော့ မုန့်သွားယူရင်း အတွင်းဆောင်ကို ဝင်လိုက်ကြတာပေါ့”

ယန့်ရှူး ပျော်ရွှင်စွာဖြင့် ခုန်ပေါက်လိုက်သည်။ "ကောင်းလိုက်တာ၊ ဒါဆို ကျွန်တော်တို့တွေ စားစရာယူပြီးရင် အပြင်ဘက် မီးဖိုဆောင်ဘက်က လမ်းကြားလေးအတိုင်း သွားကြမယ်၊ အဲဒါက ပိုနီးတယ်”

ရှဲ့ချီ ခေါင်းညိတ်လိုက်ပြီး အပေါ်ထပ်အင်္ကျီကို ခြုံကာ ထလိုက်လေသည်။ နှစ်ယောက်သား လှေကားထစ်များအတိုင်း ဆင်းလာပြီး ခြံဝင်းတံခါးမှ ထွက်လာခဲ့ကြသည်။

လေထဲတွင် တရားစာရွတ်သံများ ပါလာသည်။ ပတ်ဝန်းကျင်တွင် အမွှေးတိုင်အငွေ့များ ဖုံးလွှမ်းနေသဖြင့် အနည်းငယ် မွှန်နေသည်။ ရှဲ့ချီ လက်ဖြင့် နှာခေါင်းကို အုပ်လိုက်ပြီး ယန့်ရှူးနှင့်အတူ ခြေလှမ်းသွက်သွက်ဖြင့် လျှောက်လာခဲ့သည်။ စင်္ကြံလမ်းရှည်ကို ကွေ့ပြီး တံခါးတစ်ချပ်ကို ကျော်ဖြတ်လိုက်သည်နှင့် အရင်ဆုံး မြင်လိုက်ရသည်မှာ ချစ်စရာကောင်းအောင် ဝတ်ဆင်ထားသည့် ကလေးမလေးတစ်ယောက် ဖြစ်သည်။ သူမသည် ဆံပင်ကို အလုံးနှစ်လုံး စည်းထားပြီး အနီရောင်ဖဲကြိုးလေးက ပါးပြင်နားတွင် တွဲလောင်းကျနေသည်။ မီးဖိုဆောင်တံခါးဘေးတွင် ထိုင်ကာ မက်မွန်သီးပေါက်စီအကြီးကြီးကို ကိုင်ပြီး ပါးစပ်ဟကာ စိတ်ပါလက်ပါ ကိုက်စားနေလေသည်။

ဒါ ဘယ်ကကလေးလဲ။ ဘာလို့ မမြင်ဖူးပါလိမ့်။

ယန့်ရှူး စူးစမ်းချင်စိတ်ဖြင့် လျှောက်သွားမည် ပြုစဉ် မီးဖိုဆောင်ထဲမှ ပန်းထိုးဖိနပ်တစ်ရန် ထွက်လာခဲ့သည်။ လိမ္မော်ရောင်အင်္ကျီအောက်တွင် ကြက်သွေးရောင် စကပ်ကို ဝတ်ဆင်ထားသည်။ လက်မောင်းနှစ်ဖက်ကို ပင့်တင်ထားပြီး ကြိုးဖြင့် မြင့်မြင့်ချည်ထားသဖြင့် ဖြူဖွေးပြီး သန်မာသည့် လက်မောင်းတစ်စုံ ပေါ်နေလေသည်။

မော့ကြည့်လိုက်ရာ ရင်းနှီးနေသည့် မျက်နှာတစ်ခု ဖြစ်နေလေ၏။

မျက်ခုံးမျက်လုံး လှပပြီး နှာတံလေးက သေးငယ်ကာ ကော့နေသည်။ ထိုမိန်းကလေးသည် မီးဖိုဆောင်တွင် အလုပ်ရှုပ်နေသည်မှာ ကြာပြီထင်သည်။ ပါးပြင်များသည် မီးဖိုအပူရှိန်ကြောင့် ပန်းရောင်သန်းနေပြီး နွေဦးကာလတွင် ဖူးပွင့်လာသည့် မက်မွန်ပန်းခက်လေးနှင့် တူနေသည်။ သူမသည်လည်း ယန့်ရှူးကို မြင်လိုက်ရသဖြင့် အံ့သြစွာဖြင့် "အယ်" ဟု ရေရွတ်လိုက်သည်။

"ရှန်ညန်ဇီ!"

ယန့်ရှူးက နည်းနည်းမှ မမေ့ဘဲ ဝမ်းသာအားရ အော်ခေါ်လိုက်သည်။ ပြီးနောက် အနောက်ဘက်ရှိ သခင်ဖြစ်သူကို စိတ်လှုပ်ရှားစွာဖြင့် လှည့်ပြောလိုက်သည်။

"ကျိုကော၊ ကျိုကော၊ ကြည့်ပါဦး၊ လှေပေါ်တုန်းက တွေ့ခဲ့တဲ့ ဟင်းရည် လက်ရာကောင်းကောင်း လုပ်တတ်တဲ့ ရှန်ညန်ဇီလေ”

မရှည်လှသည့် ကျောက်စရစ်ခဲလမ်းကြားလေးကို ခြားထားသော်လည်း ယန့်ရှူး အော်ဟစ်နေစရာ မလိုဘဲ ရှဲ့ချီ မြင်ပြီးဖြစ်သည်။

မိန်းကလေးသည် မီးဖိုဆောင်၏ ရေညှိတက်နေသော ကျောက်လှေကားထစ်ပေါ်တွင် ရပ်နေသည်။ နွေဦးလေညင်းဖြင့် ဆေးကြောထားသကဲ့သို့သော မျက်ဝန်းတစ်စုံဖြင့် လှမ်းကြည့်နေလေသည်။

သူ အစပိုင်းတွင် အနည်းငယ် အံ့သြသွားသော်လည်း မကြာမီတွင် လှေပေါ်က ပူပူနွေးနွေးနှင့် အရသာရှိလှသော ဟင်းရည်မုန့်ကို သတိရသွားတော့သည်။ မနေ့ညနေက အမေ လူလွှတ်ပြီး ပို့ခိုင်းလိုက်သည့် ဈေးက သက်သတ်လွတ်မုန့်များကိုလည်း ဆက်စပ်မိသွားပြီး ရုတ်တရက် သဘောပေါက်သွားတော့သည်။

အမေပြောနေသည့် ရှန်ညန်ဇီ ဆိုတာ သူ တွေ့ဖူးခဲ့သည့် ရှန်ညန်ဇီ ဖြစ်နေတာကိုး။

သူလည်း ရေစက်ပါတယ်ဟု ခံစားလိုက်ရသဖြင့် ပြုံးလိုက်ပြီး လက်ကို ယှက်ကာ နှုတ်ဆက်လိုက်သည်။

"ရှန်ညန်ဇီ၊ မတွေ့တာ ကြာပြီနော်”

ရှန်မြောင်သည်လည်း အလျင်အမြန် ခါးညွှတ်ကာ နှုတ်ဆက်လိုက်ရသည်။ အစပိုင်းတွင် သူမ တကယ် မမှတ်မိခဲ့ပေ။ ရှဲ့ချီ စကားပြောလိုက်မှသာ ထိုနွေးထွေးယဉ်ကျေးသည့် အသံကြောင့် သူမ တက်နင်းမိလိုက်သည့် ဖိနပ်ပေါ်က ခြေရာလေးနှင့် နာကျင်သွားသဖြင့် ရှုံ့မဲ့သွားသည့် လူငယ်လေး၏ ချောမောသော မျက်နှာကို ရုတ်တရက် သတိရသွားတော့သည်။

ဒီ ရှဲ့ကျိုကော ဆိုတာ ရှင်ဖြစ်နေတာကိုး။

...

အပိုင်း (၃၀) ကျိချိုက်ကော်ပြန့်လိပ်

ဤလောကတွင် ရှဲ့မျိုးရိုးနာမည်ရှိသူများမှာ ရေတွက်၍မကုန်နိုင်အောင် များပြားလှသော်လည်း သူမ ကိုယ်တိုင်ရောက်ရှိနေသည့် ရှဲ့အိမ်တော်မှာ လှေပေါ်တွင် တွေ့ဆုံခဲ့ဖူးသည့် လူငယ်သခင်နှင့် အစေခံတို့၏ နေအိမ်ဖြစ်နေလေသည်။ ရှန်မြောင်သည် သည်လောက်အထိ မမျှော်လင့်ထားခဲ့မိချေ။ သူမသည်လည်း လောကကြီး၏ ကံတရားစီမံရာကို နှုတ်ဖြင့် ဖွင့်ဟ၍မရနိုင်အောင် ထူးဆန်းအံ့ဩဖွယ်ကောင်းလှသည်ဟု ခံစားမိလေသည်။

ရှဲ့ချီက အနားသို့ လျှောက်လာသောအခါ သူမသည် မျက်လုံးများကွေးညွှတ်သွားအောင် ပြုံးလိုက်ပြီး နှုတ်ဆက်လိုက်၏။ "ရှဲ့ကျိုကော မင်္ဂလာပါရှင်၊ ရှင်ပေးလိုက်တဲ့ တောပန်းသီးတွေအတွက် ကျေးဇူးတင်ပါတယ်၊ အဲဒါလေးတွေကြောင့် ကျွန်မလမ်းခရီးမှာ အရသာအသစ်အဆန်းတွေ တိုးပွားခဲ့ရတယ်"

ထိုစာလွှာလေးကို ရှန်မြောင်သည် သေတ္တာအောက်ခြေတွင် ဖိသိမ်းထားဆဲပင်။ အကြောင်းရင်းမှာ ထိုစာလုံးများသည် အလွန်လက်ရေးလှလွန်းသဖြင့် သူမ လွှင့်ပစ်ရန် နှမြောနေသောကြောင့်ပင်။

ထိုတောပန်းသီးတစ်အိတ်... ရှဲ့ချီလည်း ပြန်လည်အမှတ်ရသွားလေသည်။

သူသည် ရှေးဟောင်းစာအုပ်များကို ရှာဖွေရန် ကျင်းလင်မြို့တွင်းနှင့် မြို့ပြင်သာမက ကျေးလက်တောရွာများအထိပါ ခြေဆန့်ခဲ့သည်။ သို့သော် သူ၏ ကံဆိုးမိုးမှောင်ကျတတ်သည့် ကံတရားကြောင့် လမ်းခရီးတစ်လျှောက် မတော်တဆမှုများ မကြာခဏ ကြုံတွေ့ခဲ့ရသည်။ ထိုတောပန်းသီးအိတ်မှာ တောင်ပေါ်ရှိ တကိုယ်တည်းနေသူ ပညာရှိတစ်ဦးကို သွားရောက်ရှာဖွေစဉ်က ကနဦးတွင် တောင်စောင်းမှ ခြေချော်ကျခဲ့ပြီးနောက် ငိုယိုနေသည့် ယန့်ရှူးကို ကျောပိုးကာ တောခွေးများလိုက်သဖြင့် လမ်းတစ်လျှောက် ပြေးခဲ့ရပြီး စမ်းချောင်းဘေးသို့ ရောက်မှသာ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က သူသည် အလွန်သနားစရာကောင်းအောင် ဖြစ်ပျက်နေပြီး ရေငတ်လွန်းသဖြင့် လည်ချောင်းများပင် ခြောက်ကပ်နေခဲ့သည်။ ယန့်ရှူးမှာလည်း ကြောက်လွန်းသဖြင့် ခြေထောက်များ ပျော့ခွေနေလေရာ သူသည် ဝတ်ရုံစကို ခါးတွင်ထိုး၍ ကိုယ်တိုင် သစ်ပင်ပေါ်တက်ပြီး အသီးခူးစားကာ ဗိုက်ဖြည့်ခဲ့ရသည်။

သို့သော် မထင်မှတ်ဘဲ သစ်ကိုင်းကျိုးကျသွားလေရာ...

သူသည် ထူထပ်သော သစ်ရွက်ဆွေးများ၊ သစ်ကိုင်းကျိုးများပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ ယန့်ရှူးမှာလည်း လန့်ဖျပ်သွားပြီး ဝါးခနဲ အော်ငိုကာ လှိမ့်ဆင်းလာပြီး သူ့လက်မောင်းနှင့် ခြေထောက်များကို စမ်းသပ်ကြည့်လိုက်၊ လည်ပင်းကို စမ်းကြည့်လိုက်ဖြင့် သူသေသွားမည်ကို စိုးရိမ်နေရှာသည်။ သို့သော် သူသည် မြေကြီးပေါ်တွင် လဲလျောင်းရင်း မော့ကြည့်လိုက်ရာ သူ့ကြောင့် ပြုတ်ကျလာသည့် တောပန်းသီးများ တဖြုတ်ဖြုတ် ကျဆင်းနေသည်ကို မြင်လိုက်ရလေသည်။ ကောင်းကင်အဆုံးတွင် နေဝင်ဆည်းဆာရောင်များ ဖြာကျနေပြီး တောင်တန်းများသည် ရွှေရောင်သမ်းနေကာ တိမ်တိုက်များသည် ခေါင်းပေါ်မှ ဖြတ်သန်းသွားကြလေသည်။

ထိုအလှတရားကြောင့် သူသည် နာကျင်မှုကိုပင် မေ့လျော့သွားပြီး ရောင်စုံစိုပြေကာ ကျယ်ပြောလှသည့် ကောင်းကင်ကြီးကို အကြာကြီး ငေးမောကြည့်ရှုနေမိသည်။ တောပန်းသီးတစ်လုံး သူ့နဖူးတည့်တည့်ကို လာမှန်မှသာ အသိပြန်ဝင်လာတော့သည်။

ထို့ကြောင့် ထိုတောပန်းသီးအိတ်ကို လှေပေါ်တက်သည်အထိ သူ သယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ ပင်ပန်းနွမ်းနယ်သည့်အခါ တစ်လုံးယူစားလိုက်လျှင် ပါးစပ်ထဲ၌ ထိုနေ့က တောင်ပေါ်ရှိ နေဝင်ဆည်းဆာ အလှတရားများ ကိန်းဝပ်နေသကဲ့သို့ ခံစားရပြီး အခက်အခဲများနှင့် ပင်ပန်းမှုများကို မေ့လျော့သွားစေကာ စိတ်သက်သာရာ ရစေသည်။

သူကိုယ်တိုင် ကောင်းမွန်သည်ဟု ခံစားရသောကြောင့်သာ ကျေးဇူးတင်လက်ဆောင်အဖြစ် ပေးခဲ့ခြင်း ဖြစ်သည်။

ယခု ရှန်မြောင်က ထိုသို့ ပြောလာသည်ကို ကြားရသောအခါ သူ၏ရင်ထဲတွင် နွေးထွေးသွားပြီး ရယ်ရယ်မောမောဖြင့် ခေါင်းခါလိုက်မိလေသည်။ "ယန့်ရှူးက ရိုင်းပျမိသွားပါတယ်"

ယန့်ရှူးသည် ဘေးနားမှ လျှာထုတ်ပြလိုက်ပြီး ထိုင်ခုံပေါ်တွင် မန်ထိုအကြီးကြီးကို ကိုက်စားနေသည့် ရှန်းအာကို မျက်လုံးများဖြင့် အငမ်းမရ လှမ်းကြည့်ကာ တံတွေးမြိုချလိုက်မိသည်။

"ရှန်ညန်ဇီ ဆိုတာ အမေ လွန်ခဲ့တဲ့ နှစ်ရက်က ပြောနေတဲ့ ကျင်းလျန်တံတားပေါ်က မုန့်လုပ်လက်ရာ အရမ်းကောင်းတဲ့ ရှန်ညန်ဇီ ဖြစ်နေတာကိုး"

ရှဲ့ချီ စဉ်းစားကြည့်လိုက်ပြီးနောက် အလွန်စိတ်ဝင်စားစရာ ကောင်းနေသဖြင့် ပြုံးလိုက်မိလေသည်။ "တကယ့်ကို တိုက်ဆိုင်လွန်းတာပဲ၊ ညန်ဇီနဲ့ တရားဝင် မတွေ့ဆုံဖူးသေးပေမယ့် ကျွန်တော်က ညန်ဇီရဲ့ လက်ရာကို သုံးကြိမ်တောင် စားဖူးနေပြီပဲ"

လှေပေါ်တွင် တစ်ကြိမ်၊ အသားမန်ထိုကင်နှင့် သက်သတ်လွတ်မန်ထိုကင် စားရသည်မှာ နှစ်ကြိမ် ဖြစ်သည်။

"ဒီနေ့ကတော့ ရှဲ့အိမ်တော်က သာ့ညန်ရဲ့ စေခိုင်းချက်အရ တရားပွဲအတွက် လိုအပ်တဲ့ သက်သတ်လွတ်မုန့်တွေကို လာရောက်ကင်ပေးတာပါ၊ အခုတော့ အများစု ကင်လို့ပြီးသွားပါပြီ၊ ဒါက နောက်ဆုံးတစ်ဖိုပါပဲ" ရှန်မြောင်က အမှန်အတိုင်း ပြောပြလိုက်ပြီး အပူငွေ့များ ထွက်နေသည့် မီးဖိုကို လှည့်ကြည့်လိုက်သည်။

မီးဖိုကို စင်္ကြံလမ်းအောက်တွင် တည်ထားရာ ဤဂိတ်တံခါးဝနှင့် အလွန်နီးကပ်လေသည်။ ကျိအာသည် အစောပိုင်းက အပြင်ဘက်မှ အသံများကို ကြားသဖြင့် မတ်တပ်ရပ်ကြည့်ခဲ့သော်လည်း အခြေအနေကို သိလိုက်ရသည်နှင့် မဆင်မခြင် ထွက်မလာတော့ဘဲ မီးဖိုထဲမှ မီးကိုသာ ဂရုတစိုက် စောင့်ကြည့်ကာ မီးသွေးများကို မကြာခဏ ထိုးဆွပေးနေလေသည်။

ယန့်ရှူးမှာ ရှဲ့အိမ်တော်သို့ ပြန်ရောက်ကတည်းက အိပ်မက်ထဲတွင်ပင် ရှန်မြောင်၏ လက်ရာ ဂျုံခေါက်ဆွဲပြုတ် (ထန်ပင်) ကို စားနေမိသည်အထိ လွမ်းဆွတ်နေခဲ့ခြင်း ဖြစ်သည်။ ယခု ရှန်မြောင် အားလပ်နေသည်ကို သိလိုက်ရသည်နှင့် ရှဲ့ချီကို တစ်ချက်ခိုးကြည့်ပြီး သနားစရာ မျက်နှာပေးဖြင့် တောင်းဆိုလိုက်တော့သည်။ "ရှန်ညန်ဇီနဲ့ ပြန်တွေ့ရတာ တကယ့်ကို ကံကောင်းတာပဲ၊ ကျိုကောက ဒီနေ့ အပြင်မှာ တစ်နေကုန် အလုပ်ရှုပ်နေတာမို့လို့ ကောင်းကောင်း မစားရသေးဘူး၊ ညန်ဇီက အရသာရှိတာလေးတွေ လုပ်ပေးပြီး ဗိုက်ဖြည့်ပေးလို့ ရမလားဟင်"

ရှဲ့ချီက ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ "ယန့်ရှူး... ရိုင်းလိုက်တာ"

ယန့်ရှူးမှာ ချက်ချင်း လည်ပင်းကျုံ့သွားတော့သည်။

ရှန်မြောင်မှာမူ စော်ကားခံရသည်ဟု မထင်မိပေ။ ရှဲ့အိမ်တော်မှ သာ့ညန်သည် ရက်ရောလှပြီး လုပ်ခလစာ အပြည့်ပေးထားသလို ဆုကြေးငွေများလည်း အများအပြား ပေးထားလေသည်။ ရက်ရောသော ဧည့်သည်များကို ဆက်ဆံရာတွင် သူမလည်း ရက်ရောတတ်လေသည်။ မည်သို့ပင်ဆိုစေ ရှဲ့အိမ်တော်မှ ဟင်းသီးဟင်းရွက်နှင့် ထင်းမီးများကို သုံးရမည်ဖြစ်ရာ သူမဘက်မှ နစ်နာစရာ မရှိပေ။

ထို့ပြင် ထမင်းဟင်းချက်ပြုတ်ခြင်းသည် သူမအတွက် အလွယ်ကူဆုံး အလုပ်ပင် ဖြစ်သည်။

ထို့ကြောင့် ရှဲ့ချီ တောင်းပန်စကား မဆိုမီ သူမက ရယ်မောကာ ဦးအောင် ပြောလိုက်လေသည်။ "ရပါတယ်ရှင်၊ ကျွန်မလည်း ဒီမှာ ဒီအတိုင်း ထိုင်စောင့်နေရတာပဲ၊ ယန့်ရှူးက ဟိုဘက်က စားဖိုမှူးဖန်ကို သွားပြောလိုက်လေ၊ ဒါဆိုရင် မသင့်တော်တာ ဖြစ်မှာမဟုတ်ပါဘူး"

"ကျွန်တော် အခုပဲ သွားပြောလိုက်မယ်" ယန့်ရှူးသည် ခွင့်ပြုချက်ရသည်နှင့် ချက်ချင်း ပြေးထွက်သွားတော့သည်။

မီးဖိုချောင်ထဲတွင် ဆန်၊ ရေ၊ အသား၊ ငါး အကုန်အစုံအလင် ရှိလေသည်။ စားဖိုမှူးဖန်သည် မျက်နှာမည်းကြီးဖြင့် ထွက်လာပြီး ခါးကြားမှ သော့ကို အင်တင်တင်ဖြင့် ထုတ်ပေးကာ ဟင်းသိုလှောင်ခန်းတံခါးကို ဖွင့်ပေးပြီး ရှန်မြောင် ဝင်ရောက်ရွေးချယ်ရန် လမ်းဖယ်ပေးလိုက်သည်။

ယန့်ရှူးကတော့ စိတ်လှုပ်ရှားစွာဖြင့် ရှန်မြောင်နောက်သို့ လိုက်ဝင်သွားလေသည်။ ရှဲ့ချီသည် ယခင်က မီးဖိုချောင်သို့ တစ်ခါမျှ မရောက်ဖူးသဖြင့် စိတ်ဝင်စားမိကာ ဝင်ကြည့်ချင်သော်လည်း စားဖိုမှူးဖန်က ခါးကိုကိုင်းကာ အလွန်ရိုကျိုးသော လေသံဖြင့် အပြင်ဘက် ကျောက်သားဇရပ်တွင် ထိုင်စောင့်နေရန် ဖိတ်ခေါ်လိုက်လေသည်။ သူသည် ရှဲ့အိမ်တော်၏ သခင်လေးကို ဆက်ဆံရာတွင် စောစောက ရှန်မြောင်ကို ဆက်ဆံခဲ့သကဲ့သို့ မျက်နှာထားတင်းတင်း မဟုတ်တော့ဘဲ အပြုံးများ ဝေဆာနေကာ ပြောလိုက်သည်။

"ကျိုကောက ဂုဏ်သရေရှိ လူကြီးမင်းပဲ၊ ဒီလိုနေရာမျိုးကို ဘယ်ဝင်လို့ ဖြစ်မလဲ၊ ကျွန်တော်မျိုး ကျိုကောအတွက် သန့်ရှင်းအေးချမ်းတဲ့ နေရာလေး လိုက်ပို့ပေးပါ့မယ်"

ရှဲ့ချီ၏ ခြေလှမ်းများ အနည်းငယ် တုန့်ဆိုင်းသွားသည်။ သို့သော် ရှန်မြောင်က တစ်ပတ် လှည့်ကြည့်ပြီးနောက် ပြန်လှည့်လာကာ ပြုံးရွှင်စွာဖြင့် မေးမြန်းလိုက်လေသည်။

"အကုန်လုံး ပြည့်စုံနေတာပဲ၊ ရှဲ့ကျိုကောက ဘာစားချင်လဲဟင်၊ ဟင်းသိုလှောင်ခန်းထဲက ကျိချိုက်ပင်တွေက လတ်ဆတ်နေတာ တွေ့တယ်၊ ကျိုကောအတွက် ကျိချိုက်ကော်ပြန့်လိပ်လေး လုပ်ပေးရမလား၊ ပြီးတော့ ကြက်သွန်မြိတ်ဆီဆမ်း ခေါက်ဆွဲသုပ် တစ်ပန်းကန်နဲ့ တွဲစားလိုက်ရင်ရော၊ အချိန်က မစောတော့ဘူးဆိုတော့ ဗိုက်နည်းနည်း ပြည့်ရုံလေး စားလိုက်ပေါ့၊ အသားတွေငါးတွေ အများကြီး လုပ်မနေတော့ဘူး၊ မဟုတ်ရင် ညစာ စားမဝင်ဘဲ နေလိမ့်မယ်"

ရှန်မြောင် စကားဆုံးသည်နှင့် ယန့်ရှူးက "ကောင်းတယ်၊ ကောင်းတယ်" ဟု အော်ဟစ်လိုက်တော့သည်။

"ကောင်းတာပေါ့၊ ရှန်ညန်ဇီက တကယ့်ကို စဉ်းစားတွေးခေါ် ပြည့်စုံတာပဲ"

ရှဲ့ချီက မကျေမနပ်ဖြင့် လက်ကိုကွေးကာ ယန့်ရှူး၏ခေါင်းကို တစ်ချက်ခေါက်လိုက်ပြီးမှ ရှန်မြောင်ကို ပြုံးပြလိုက်သည်။ "ချောင်းစပ်မှာ ကျိချိုက်ပွင့်တွေ ဝေနေပြီဆိုတော့ စားလို့အကောင်းဆုံး အချိန်ပဲ၊ ဒါဆိုရင် ရှန်ညန်ဇီ စီစဉ်တဲ့အတိုင်းပဲ လုပ်ပေးပါဗျာ"

"ဒါဆိုရင် ကျိုကော ခဏလောက် စောင့်ပေးနော်၊ ခဏလေးနဲ့ ရပါပြီ"

ရှန်မြောင်သည် ကျိချိုက်ပင် တစ်စည်းကြီးကို ယူလိုက်ပြီး မီးဖိုချောင်ထဲသို့ ဝင်သွားကာ တစ်ဖက်စင်္ကြံအောက်ရှိ မီးဖိုကို သွားကြည့်လိုက်သည်။ ကျိအာကို ယပ်ခတ်ပြီး မီးအားမြှင့်ခိုင်းလိုက်ကာ ထင်းထပ်ထည့်ခိုင်းလိုက်သည်။ မီးအပူချိန် မလုံလောက်လျှင် ကင်လိုက်သည့် မုန့်များသည် အရောင်ဖျော့တော့မည် ဖြစ်ရာ မကောင်းပေ။

"ကျိအာ... ဒီမီးဖိုကို နင့်ကို အပ်ထားခဲ့မယ်နော်၊ မီးအရှိန်ကို အခုအတိုင်းလေးပဲ ထားပေး၊ လုံးဝ မီးမလျော့သွားစေနဲ့၊ မဟုတ်ရင် အတွင်းက မကျက်ဘဲ နေလိမ့်မယ်၊ တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။ အိမ်မှာ လုပ်သလိုပဲ လုပ်"

"မကြီး စိတ်ချပါ" ကျိအာက ခေါင်းညိတ်လိုက်ပြီး မီးဖိုထဲမှ မီးကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေလိုက်သည်။

ထို့နောက် တံခါးဝသို့ သွားကာ ရှန်းအာ၏ ခေါင်းကို တစ်ချက်ပွတ်သပ်ပေးပြီးမှ ပြန်ဝင်သွားလေသည်။ ရှဲ့အိမ်တော်၏ စဉ်းနီတုံးပေါ်တွင် တင်ထားသော ဓားမကြီးကို ယူလိုက်ပြီး လက်ထဲတွင် ချိန်ဆကြည့်ကာ ဓားသွားကို ဂရုတစိုက် စမ်းသပ်ကြည့်လိုက်သည်။ စိတ်ထဲတွင် ချီးကျူးမိသွားသည်... တကယ့်ကို ဓားကောင်းတစ်လက်ပဲ၊ ဒီသံမဏိသားက သူမ ဝမ် ၈၀ ပေးဝယ်ထားတဲ့ ဓားထက်တောင် အများကြီး ပိုကောင်းနေသေးတယ်။

စားဖိုမှူးဖန်က ပြန်ဝင်လာပြီး ရှန်မြောင်က ဓားကို ကိုင်ကြည့်နေသည်ကို မြင်သောအခါ မာန်ပါပါဖြင့် ပြောလိုက်လေသည်။

"ဒီဓားက နာမည်ကြီး ပန်းပဲဆရာ ကိုယ်တိုင် ထုလုပ်ထားတာကွ၊ ဓားမျက်နှာပြင်ပေါ်က တူထုရာတွေကို မြင်လား၊ ငွေ ၂ လျန်တောင် ပေးရတာနော်"

ရှန်မြောင် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ တကယ်ကို လူချမ်းသာတွေမှ သုံးနိုင်တဲ့ ဓားပါလား။

သို့သော်လည်း တန်ပါသည်။ ရှန်မြောင်သည် ဓားကို လက်ထဲတွင် ကျွမ်းကျင်စွာ လှည့်ကစားလိုက်သည်။ အလေးချိန်က အနေတော်ပင်။ ဤဓားက သူမ အသုံးပြုနေကျ ဓားထက် ပိုအဆင်ပြေသည်။

သူမသည် ကျိချိုက်ပင်များကို ရေဆေးလိုက်ပြီး လက်ဖြင့် သေသပ်စွာ စီလိုက်ကာ တဒုန်းဒုန်းမြည်အောင် လှီးဖြတ်လိုက်တော့သည်။

နွေဦးရာသီတွင် သက်ရှိအရာအားလုံး ပြန်လည်နိုးထလာကြရာ ကျိချိုက်ပင် စားရန် အကောင်းဆုံးအချိန် ဖြစ်သည်။ ကျိချိုက်ပင်များကို စုန့်ခေတ်လူများက "နွေဦးသံတော်ဆင့် ဟင်းရွက်" ဟု ခေါ်ဝေါ်ကြသည်။ ဆောင်းရာသီ ကုန်ဆုံးသည်နှင့် ကျိချိုက်ပင်များသည် လယ်ကွင်းများနှင့် မြေကွက်လပ်များရှိ နှင်းခဲများကို ထိုးဖောက်ကာ အညှောင့်စိမ်းလေးများ ထွက်လာတတ်သည်။ ၃ လပိုင်း၊ ၄ လပိုင်းတွင် ကြီးထွားလာပြီး ၄ လပိုင်းကုန် ၅ လပိုင်းတွင် ခူးဆွတ်ကြရာ ယခုအချိန်သည် အနုဆုံးအချိန် ဖြစ်သည်။

ယခုအချိန် ကျိချိုက်ပင်များသည် လတ်ဆတ်ရှင်းသန့်နေပြီး အရိုးတံဖြူဖြူ အရွက်စိမ်းစိမ်းဖြင့် ရေဓာတ်ပြည့်ဝကာ စိုပြေနေလေသည်။ ရာသီပေါ်ဟင်းရွက်ကို စားရခြင်း၏ အကျိုးကျေးဇူးမှာ ဟင်းရွက်ကိုယ်တိုင်က လတ်ဆတ်နေသဖြင့် ချက်ပြုတ်သူဘက်က အမှားမလုပ်မိပါက ဟင်းရွက်၏ မူလအရသာကို ခံစားနိုင်ခြင်း ဖြစ်သည်။

အထူးသဖြင့် ကျိချိုက်ပင်သည် လတ်ဆတ်ရှင်းသန့်သဖြင့် ကော်ပြန့်လိပ် အရေခွံကို ဆီဖြင့် ကြော်လိုက်သည့်အခါ "အပိုအလိုမရှိ" ဆိုသည့်အတိုင်း အပြင်ခွံက ကြွပ်ရွပြီး အတွင်းသားက နူးညံ့ကာ အပြင်နှင့်အတွင်း အပြန်အလှန် ဖြည့်ဆည်းပေးသကဲ့သို့ ဖြစ်နေမည်။

ဟင်းရွက်တစ်စည်းလုံးကို လှီးဖြတ်လိုက်ရာ အလွန်လျင်မြန်လေသည်။ ရှန်မြောင်သည် ဓားအမြန်သုံးရသည်ကို အသားကျနေပြီ ဖြစ်သည်။ ဤဓားကလည်း သူမ အရင်သုံးနေကျ ဓားထက် ပိုထက်သဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ကျိချိုက်ပင်များကို အတုံးသေးသေးလေးများဖြစ်အောင် လှီးဖြတ်လိုက်သည်။ လှီးဖြတ်လိုက်သည့် ဟင်းရွက်စတိုင်းသည် အရွယ်အစား ညီညာနေလေသည်။ လျင်မြန်သွက်လက်စွာ လှီးဖြတ်လိုက်သဖြင့် စဉ်းနီတုံးပေါ်တွင် ဟင်းရွက်အရည်များ ပေကျံမနေဘဲ ကျိချိုက်ပင်၏ အလတ်ဆတ်ဆုံး အရသာကို ထိန်းသိမ်းထားနိုင်လေသည်။

ရှန်မြောင်က ဟင်းချက်ပစ္စည်းတိုင်းကို တန်ဖိုးထားတတ်သူ ဖြစ်သည်။ ကျိချိုက်ပင်၏ အချိုဓာတ်က အရည်ထဲတွင် ရှိသည်။ အကယ်၍ လှီးဖြတ်ရာတွင် နှေးကွေးလေးလံပြီး စဉ်းနီတုံးပေါ်တွင် ဟင်းရွက်ရည်များ ပြည့်နေပါက သည်လောက်ကောင်းမွန်သော ဟင်းရွက်ကို ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။ အချိုဓာတ်မရှိသော ကျိချိုက်ပင်ကို အစာသွပ်ပြီး ကြော်လိုက်လျှင် ရင့်သွားတတ်ပြီး ခါးသက်သက် အရသာထွက်ကာ စားလိုက်လျှင် သွားကြားညပ်တတ်လေသည်။

ထို့ကြောင့် ဓားထက်ထက်ဖြင့် လှီးဖြတ်ရမည်။ သူမသည် လူတွေရှေ့တွင် တမင်ကြွားဝါနေခြင်း မဟုတ်ပေ။

သို့သော် ထိုအချိန်၌ ဘေးနားတွင် ဟန်ဆောင်ကာ အလုပ်လုပ်နေသော စားဖိုမှူးဖန်သည် ရှန်မြောင်၏ လုပ်ကိုင်ပုံကို မျက်လုံးထောင့်မှ တိတ်တဆိတ် အကဲခတ်နေပြီး သည်လောက်ကောင်းမွန်သော ဓားခုတ်စွမ်းရည်ကို မြင်လိုက်ရသောအခါ သူမကို အစက မြင်ခဲ့သည့် အထင်သေးမှုနှင့် မကျေနပ်မှုများ လျော့ပါးသွားတော့သည်။

သူသည် ရှဲ့အိမ်တော်တွင် မွေးဖွားကြီးပြင်းလာသည့် အိမ်ပေါက်ကျွန်ဖြစ်ပြီး တတိယမျိုးဆက် ဖြစ်လေပြီ။ သူတို့မိသားစုသည် မျိုးရိုးစဉ်ဆက် သုံးဆက်တိုင်တိုင် ရှဲ့အိမ်တော်တွင် ကျွန်ခံခဲ့ရုံသာမက စားဖိုမှူးအဖြစ် အမှုထမ်းခဲ့သဖြင့် လက်ရာမဆိုးလှပေ။ သို့သော် သာ့ညန်က သူလုပ်သည့် မုန့်များကို မကြိုက်ဘဲ ဈေးထဲမှ သက်သတ်လွတ်မုန့်များကို ရုတ်တရက် ပြောင်းလဲ မှာယူလိုက်ပြီး သူ့လက်ရာကို အသုံးမပြုတော့သဖြင့် သူ့စိတ်ထဲတွင် ဝမ်းနည်းခြင်း၊ မကျေနပ်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းများ ပြည့်နှက်နေခဲ့သည်။

ဖန်မိသားစု၏ သုံးဆက်တိုင်တိုင် လက်ဆင့်ကမ်းလာခဲ့သော လက်ရာသည် သူ့လက်ထက်တွင် ပျက်စီးသွားတော့မည်လေလား။

ယနေ့ ရှန်မြောင် ရောက်လာသည့်အခါ တွေ့လိုက်ရသည်မှာ နို့နံ့ပင် မစင်သေးသော မိန်းမပျိုလေး ဖြစ်နေသဖြင့် သူ့ရင်ထဲတွင် ပိုလို့ပင် ဒေါသထွက်မိလေသည်... ဤကဲ့သို့ ငယ်ရွယ်သော မိန်းမပျိုလေးသည် လက်ရည်ဝနေမည် မဟုတ်ဘဲ မည်သည့် အရသာရှိသော ဟင်းပွဲကို ချက်ပြုတ်နိုင်ပါမည်နည်း။

စားဖိုမှူးအတတ်ပညာသည် နှစ်ကာလကြာရှည် စုဆောင်းရသည့် လက်မှုပညာဖြစ်ပြီး စဉ်းနီတုံးပေါ်တွင် ဆယ်နှစ်၊ အနှစ်နှစ်ဆယ် အချိန်မပေးဘဲ မည်သို့ လေ့ကျင့်နိုင်ပါမည်နည်း။

စားဖိုမှူးဖန်သည် မူလက လက်မခံနိုင်ခဲ့ပေ။

ယခု ရှန်မြောင် ဓားကိုင်ပြီး ဟင်းရွက်လှီးနေပုံမှာ ကျွမ်းကျင်ပိုင်နိုင်ရုံသာမက လျင်မြန်တိကျလှသဖြင့် ဓားခုတ်စွမ်းရည်နှင့် ပတ်သက်ပြီး တစ်ဝက်လောက် ယုံကြည်လက်ခံသွားလေပြီ။

ရှန်မြောင်သည် ဟင်းရွက်လှီးပြီးနောက် အမဲသား (မျက်လုံးသား/နံရိုးအသား) တစ်တုံးကို လှီးဖြတ်လိုက်သည်။ စောစောက ရှဲ့အိမ်တော်၏ ဟင်းသိုလှောင်ခန်းထဲတွင် အမဲသားတစ်ဝက်ကို တွေ့လိုက်ရသဖြင့် သူမ အံ့ဩသွားခဲ့ရသည်။ စုန့်ခေတ်တွင် လယ်ယာသုံးနွားများ သေဆုံးမှသာ ဈေးကွက်သို့ တင်ပို့ရောင်းချလေ့ရှိပြီး ဈေးနှုန်းမှာလည်း အလွန်ကြီးမြင့်လှရာ သာမန်ပြည်သူများ တစ်သက်လုံး အမဲသားတစ်ဖတ်ပင် စားဖူးကြမည် မဟုတ်ပေ။ သို့သော် ရှဲ့အိမ်တော်တွင်မူ နေ့စဉ် စားသောက်နေကျ အသားဟင်းကဲ့သို့ ဖြစ်နေသည်။

သူတို့အိမ်တော်သည် တစ်နေရာရာတွင် နွားမွေးမြူရေး လုပ်ထားသည်မှာ သေချာသည်။ ရှန်မြောင် စိတ်ထဲမှ တွေးလိုက်မိ၏။

အမဲမျက်လုံးသားသည် ကင်စားလျှင် အလွန်ကောင်းမွန်သည်။ အသားမျှင်များ နူးညံ့ပြီး အဆီဓာတ်များသဖြင့် ကော်ပြန့်လိပ် အစာသွပ်ရာတွင် အသုံးပြုခြင်းသည် အနည်းငယ် ဖြုန်းတီးရာ ရောက်သော်လည်း ဤကဲ့သို့သော အမဲသားကို အစာသွပ်ပြီး ကျိချိုက်ပင်နှင့် တွဲဖက်လိုက်လျှင် အလွန်လိုက်ဖက်ညီကာ တစ်ကိုက် ကိုက်လိုက်သည်နှင့် ကြွပ်ရွပြီး မွှေးကြိုင်ချိုမြိန်နေပေလိမ့်မည်။

ရှန်မြောင်သည် ဘယ်ညာကြည့်လိုက်ပြီး စားဖိုမှူးဖန်၏ ရှေ့မှာပင် နောက်ထပ် စဉ်းနီတုံးတစ်ခုပေါ်မှ ဓားတစ်လက်ကို ယူလိုက်ကာ လက်နှစ်ဖက်ဖြင့် ဓားနှစ်လက်ကို ကိုင်ပြီး ဘယ်ညာ တပြိုင်နက် ခုတ်ထစ်လိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် အမဲသားများ ညက်သွားတော့သည်။ ဓားကို ချပြီး ရေတစ်ခွက်ခပ်ကာ ဆေးကြောပြီး နေရာတကျ ပြန်ထားလိုက်၏။ ထို့နောက် လှည့်ထွက်လာပြီး ပဲငံပြာရည်၊ ဆား၊ ဆီ၊ ချင်းပြား၊ အရက်တို့ကို ယူကာ အသားကို နယ်လိုက်သည်။ ပြီးနောက် ကျိချိုက်ပင်နှင့် ရောနယ်လိုက်ရာ ကော်ပြန့်လိပ်အတွက် အစာပလာ အဆင်သင့် ဖြစ်သွားလေတော့သည်။

...

All Chapters