အခန်း (၈၉-၉၀)
Vol. 9 Ch. 89-90
အပိုင်း (၈၉)
ထို့ကြောင့် ရှန်ညန်ဇီ ဈေးဆစ်လျှင် ယန်လောင်ဟန့်သည် ပွစိပွစိ ပြောတတ်သော်လည်း လျှော့ပေးမြဲ ဖြစ်၏။ သို့သော် သူစိမ်းများအတွက်တော့ ထိုသို့ မဟုတ်ပေ။ ယခုအခါ သူ့တွင် ဖြေရှင်းရန် နည်းလမ်း ရှိနေပြီ ဖြစ်သည်။ ဧည့်သည်က ဈေးဆစ်လျှင် နှစ်ခါသာ လျှော့ပေးမည်။ ထို့ထက်ပိုလျှင် လောဘတက်လာတတ်ပြီး အရောင်းအဝယ် ပျက်တတ်သည်။ ထို့ကြောင့် အောက်ဆုံးဈေးကို တင်းခံထားလိုက်သည်။ ဝယ်သူ ပြန်လှည့်ထွက်သွားလျှင်လည်း စိတ်မပြောင်းဘဲ တင်းခံထားလိုက်သည်။
အများအားဖြင့် ထိုသူများသည် ထွက်သွားကြသော်လည်း မကြာခင် ပြန်ရောက်လာတတ်ကြသည်။
ယခု အသစ်မှာထားသော စားပွဲနှင့် ထိုင်ခုံများတွင်လည်း ထိုနည်းတူပင် ဖြစ်သည်။ ရှန်မြောင် မှာထားသည့်အတိုင်း စားပွဲတိုင်းတွင် နံပါတ်များ ထွင်းထားပြီး စားပွဲခြေထောက်နှင့် ထိုင်ခုံခြေထောက်များတွင် "ရှန်ကျိ" ဟူသော စာလုံးနှစ်လုံးကို ထပ်မံ ထွင်းထုထားသည်။ ဒန်းနီရောင် သုတ်လိမ်းထားသဖြင့် အလွန် ထင်ရှားလှပေသည်။
ရှန်မြောင်သည် စားပွဲနှင့် ထိုင်ခုံများကို ချောမွတ်အောင် သွေးထားပြီး ဆေးသုတ်ထားသည်မှာလည်း ညီညာသည်ကို မြင်လိုက်ရသည်။ သူမသည် ယန်လောင်ဟန့်ကို ပိုက်ဆံထုတ်ပေးရင်း စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်သည်။ "ဦးလေး... ဦးလေးလက်ရာက တကယ် ပိုကောင်းလာတာပဲ၊ အနေတော်ပဲ”
ယန်လောင်ဟန့်က အထင်လွဲသွားပြီး ချက်ချင်း သတိထားလိုက်သည်။ "ငါ ညည်းကို အများကြီး လျှော့ပေးထားပြီးပြီနော်၊ လက်ဆောင်ထပ်ပေးဖို့ မရှိတော့ဘူး”
သူများတွေ အမြီးဖြတ်လျှင် ၂၈၂ ဝမ်ကျပါက ၂ ဝမ်လောက်သာ လျှော့ပြီး ၂၈၀ ဝမ် အပြည့်ပေးတတ်ကြသည်။ သို့သော် ရှန်မြောင်က မတူပေ။ သူမက မျက်နှာပြောင်တိုက်ပြီး အမြီးဖြတ်လျှင် ၈၂ ဝမ်တိတိ လျှော့ခိုင်းတတ်သည်။
ဘယ်သူက အမြီးဖြတ်ရာတွင် ၈၂ ဝမ်အထိ ဖြတ်ပါသနည်း။ ဒါကို အမြီးဟု ခေါ်နိုင်ပါဦးမည်လား။ ယန်လောင်ဟန့်သည် အစပိုင်းတွင် မိမိကိုယ်မိမိ ဤမျှ အချိုကြိုက်သူ ဖြစ်လိမ့်မည်ဟု မယုံကြည်ခဲ့သော်လည်း နောက်ပိုင်းတွင် အကြိမ်ပေါင်းများစွာ အချိုကြိုက်မိရက်သား ဖြစ်သွားခဲ့ရသည်။
ရှန်မြောင်က ရယ်ချင်စိတ်ကို ထိန်းကာ ပိုက်ဆံတစ်ဝက်ကို သူ့အား ပေးလိုက်သည်။
"ကျွန်မက ဦးလေးကို ချီးကျူးတာပါ၊ လက်ဆောင်ထပ်တောင်းမလို့ မဟုတ်ပါဘူး၊ လန့်သွားလိုက်တာ၊ ရော့... ဒါ ပြောထားတဲ့အတိုင်း တစ်ပြားမှ မလျော့ဘူး”
ပြောပြီးနောက် သူမက လမ်းကြားထဲသို့ လက်ညှိုးထိုးပြလိုက်သည်။
"ဒါနဲ့ တို့ဟူးလုပ်တဲ့ လျိုမိသားစုက မြို့ပြင်မှာ ဆိုင်အသစ် ထပ်ဖွင့်မလို့တဲ့၊ စားပွဲတွေ ထိုင်ခုံတွေနဲ့ ပရိဘောဂတွေ အသစ်လုပ်ချင်လို့ ကျွန်မကို လာမေးကြတယ်၊ ကျွန်မ ဦးလေးကို ညွှန်းပေးလိုက်တယ်၊ ဦးလေး ခဏနေရင် သူတို့ကို သွားရှာလိုက်လေ”
ရှန်မြောင်က ဘယ်ညာကြည့်လိုက်ပြီး လူရှင်းသည်ကို တွေ့မှ ယန်လောင်ဟန့်အား တိုးတိုးကပ်ပြောလိုက်သည်။ "အဒေါ်လျိုက စားပွဲလုပ်ခ ဘယ်လောက်ကုန်လဲ လာမေးသေးတယ်၊ ကျွန်မက ဦးလေး အပြင်မှာယူတဲ့ ဈေးနှုန်းအတိုင်း ပြောလိုက်တယ်၊ တော်ကြာ ဦးလေး ဟိုရောက်ရင် ကိုယ့်ဘာသာ ဈေးညှိနှိုင်းလိုက်တော့၊ ဘယ်လောက်နဲ့ ယူမလဲဆိုတာ ဦးလေးတို့နှစ်ယောက် ကိစ္စပဲ၊ ကျွန်မ ဝင်မပါတော့ဘူး”
နှစ်ဖက်စလုံးက အသိမိတ်ဆွေများ ဖြစ်ကြသည်။ အကယ်၍ သူမ ဈေးသက်သာစွာ လုပ်ခဲ့ရသည်ကို လျိုမိသားစုအား ပြောပြလိုက်လျှင် ယန်လောင်ဟန့်အတွက် မကောင်းပေ။ ယန်လောင်ဟန့်ဘက်မှ ကူညီပြီး ဈေးတင်ပြောပေးလိုက်လျှင်လည်း စိတ်မလုံပေ။ သူတို့ဘာသာ ဈေးဆစ်ကြသည်က အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ယန်လောင်ဟန့်မှာ ဝမ်းသာအားရ ဖြစ်သွားပြီး ရှန်မြောင်ကို စားပွဲကုလားထိုင်များ ခင်းကျင်းပေးပြီးနောက် လျိုမိသားစုထံ တန်းတန်းမတ်မတ် ထွက်သွားတော့သည်။
ရှန်မြောင်သည် ယန်လောင်ဟန့် ဝင်သွားသည်ကို ကြည့်ပြီးနောက် မိမိအိမ်နှင့် ကပ်လျက်ရှိသော အိမ်ကို တွေးတောငေးမော ကြည့်လိုက်မိသည်။ ထိုအိမ်သည် မူလက ဆပ်ပြာတုံး လုပ်သော အိမ်ဖြစ်သော်လည်း လူမနေသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က ပွဲစားတစ်ယောက် လူခေါ်လာပြီး လာကြည့်သေးသည်။ အိမ်ရှင်က ရှင်းကော်ဘုရားကျောင်းတွင် အကြွေးပတ်လည်ဝိုင်းနေသဖြင့် ပြန်မဆပ်နိုင်တော့ဘဲ အိမ်ကို ရောင်းချမည်ဟု ဆိုသည်။
သို့သော် ရှန်မြောင် ပြန်ရောက်နေသည်မှာ ကြာပြီဖြစ်သော်လည်း ထိုအိမ်မှာ ရောင်းမထွက်သေးပေ။
ပြန့်ကျင်းမြို့တွင်းရှိ မြေဈေးမှာ ရွှေဈေးကဲ့သို့ပင်။ မြို့တွင်းရှိ နေရာကောင်းသော ဆိုင်ခန်းတစ်ခန်းလျှင် ၃၀၀၀ ကွမ်းအထိ ဈေးပေါက်ပြီး တော်ဝင်လမ်းမဘေးရှိ ဆိုင်ခန်းများဆိုလျှင် ကွမ်း ၂၀၀၀၀ အထိ မိုးခေါင်ရေရှား ဈေးပေါက်လေသည်။ ထို့ကြောင့်ပင် ဦးကြီးနှင့် ကြီးတော်တို့၏ နာမည်ပေါက် ဆိုင်ခန်းနှစ်ခန်း ရှိပြီး နေထိုင်ရ ပြည့်စုံသော်လည်း ရှန်မိသားစု၏ ဂျုံခေါက်ဆွဲဆိုင်ကို မျက်စိကျကာ မြေဂရန်နှင့် အိမ်ဂရန်ကို ပြန်မပေးချင်ဘဲ အချိန်ဆိုင်းနေခဲ့ကြခြင်း ဖြစ်သည်။
၃၀၀၀ ကွမ်းဆိုသည်မှာ ငွေသား ၃၀၀၀ လျန်နှင့် ညီမျှပြီး ရွှေဈေးနှင့် တွက်လျှင် ရွှေ ၄၀၀၊ ၅၀၀ လျန်ခန့် ရှိသည်။ သာမန်ပြည်သူများ မဆိုထားနှင့်၊ မူးမတ်မျိုးနွယ်များပင် မူလကတည်းက ကြွယ်ဝချမ်းသာသော ဆွေကြီးမျိုးကြီး မဟုတ်လျှင် ဝယ်ယူနိုင်သူ နည်းပါးလှသည်။
ဤဆိုင်ခန်းသည် မကျယ်ဝန်းလှပေ။ ရှန်မိသားစုအိမ်ထက်ပင် ကျဉ်းသေးသည်။ သို့ဖြစ်၍ ၃၀၀၀ ကွမ်းအထိ ဈေးမခေါ်ပေ။ လွန်ခဲ့သော ရက်ပိုင်းက လျိုမိသားစု ဆိုင်ခွဲဖွင့်ရန်အတွက် ပွဲစားကို မေးမြန်းကြည့်ရာ မူလက ၂၀၀၀ ကွမ်း ခေါ်သော်လည်း ရှင်းကော်ဘုရားကျောင်းမှ အကြွေးအတင်းတောင်းနေသဖြင့် မရောင်းရလျှင် ပြန့်မြစ်ထဲ ခုန်ချရတော့မည့်အခြေအနေ ဖြစ်နေသောကြောင့် ယခုအခါ ၁၅၀၀ ကွမ်းအထိ ဈေးလျှော့ထားလေသည်။
၁၅၀၀ ကွမ်းဆိုသည်မှာလည်း ဈေးကြီးနေသေးသည်။ လျိုမိသားစုက လက်လျော့လိုက်ပြီး မြို့ပြင်ဘက်တွင်သာ ဆိုင်ဖွင့်ရန် ဆုံးဖြတ်လိုက်သည်။ ဝေးကွာသော်လည်း ဆိုင်ခန်းငှားရမ်းခက ထက်ဝက်ကျော် သက်သာသောကြောင့် ဖြစ်သည်။ ရှန်မြောင်ကတော့ စိတ်ဝင်စားမိသည်။ မိမိပိုင်ဆိုင်မှုကို တွက်ချက်ကြည့်ပြီးနောက် တုံ့ဆိုင်းကာ လက်ရှောင်လိုက်သည်။
သူမသည် ဆိုင်ချဲ့ရန် စိတ်ကူးရှိနေသည်မှာ ကြာပြီဖြစ်သည်။ ယခု ရှန်မိသားစုဆိုင်တွင် စားပွဲ ၅ ဝိုင်း၊ ၆ ဝိုင်းခန့်သာ ခင်းနိုင်သည်။ တံခါးဝတွင် ၃ ဝိုင်း ထပ်ခင်းလျှင်လည်း နည်းလွန်းနေသေးသည်။ လွန်ခဲ့သော ရက်များက နောက်ဖေးခြံဝင်းနှင့် လမ်းကြားထဲတွင်ပါ ခင်းကျင်းခဲ့ရသည်။ ၎င်းမှာ မတတ်သာ၍ လုပ်ရခြင်း ဖြစ်သည်။
အကယ်၍ သူမက လမ်းကြားကို နှစ်ရှည်လများ ကျူးကျော်နေလျှင် အိမ်နီးနားချင်းများက ယခုမပြောသော်လည်း ရေရှည်တွင် စိတ်ငြိုငြင်လာနိုင်သည်။ ပြဿနာဖြစ်မည့်အစား ဆိုင်ခန်းတစ်ခု ထပ်ဝယ်လိုက်ခြင်းက ပိုကောင်းပေသည်။ နှစ်အိမ်ပေါင်းလိုက်လျှင် ဆိုင်ခန်းကျယ်သွားပြီး လူများများ ထိုင်နိုင်မည်။ "အများပိုင်လမ်း" ကို ပိတ်ဆို့စရာမလိုဘဲ သပ်ရပ်သန့်ရှင်းသွားမည်။
ဤနည်းလမ်းအပြင် ရှန်မြောင်သည် အခြားနေရာတွင် ဆိုင်ခန်းကြီးကြီး တစ်ခန်း ငှားရမ်းရန်လည်း စဉ်းစားမိသည်။ သို့သော် သူမသည် ယန်လျိုအရှေ့လမ်းကြားတွင် နာမည်ရကာစ ဖြစ်သဖြင့် ဤနေရာတွင် ဆက်ရှိနေခြင်းက ပိုကောင်းပေသည်။ ထို့အပြင် ကိုယ်ပိုင်ဆိုင်ခန်းဖြစ်သဖြင့် အိမ်လခပေးစရာမလိုဘဲ ကုန်ကျစရိတ် သက်သာလေသည်။
သို့သော် ဘေးအိမ်ကို ဝယ်ယူရန် သူမတွင် ငွေအလုံအလောက် မရှိပေ။ ထို့ကြောင့် အခက်တွေ့နေရသည်။ အံကြိတ်ပြီး ငွေချေးကာ ရှေးခေတ်အိမ်ကျွန်ဘဝ ခံယူပြီး ဆိုင်ခန်းဝယ်မလား၊ သို့မဟုတ် နေရာပြောင်းကာ ကိုယ့်ဆိုင်ကို သူများငှားပြီး သူများဆိုင်အကြီးကို ပြန်ငှားကာ အသစ်ပြန်စမလား။
ဆိုင်ချဲ့သည်ဖြစ်စေ၊ ဆိုင်အကြီး ငှားသည်ဖြစ်စေ ငွေကြေးပြဿနာအပြင် လူအင်အားပြဿနာလည်း ရှိနေသေးသည်။ ယခု ဆိုင်က သေးသဖြင့် သူမက စားဖိုမှူး၊ ယိုယွီက အောက်ခြေသိမ်း၊ အဒေါ်ကုက စားပွဲထိုး လုပ်လျှင် နိုင်နင်းသည်။ သို့သော် ဆိုင်ကြီးသွားပြီး စားပွဲဝိုင်း များလာလျှင် လူလိုလာမည်။ ရှန်မြောင်၏ အလတ်စား စားသောက်ဆိုင် ဖွင့်ခဲ့ဖူးသော အတွေ့အကြုံအရ အနည်းဆုံး စားဖိုမှူးတစ်ယောက်၊ လက်ထောက်တစ်ယောက်၊ အောက်ခြေသိမ်း နှစ်ယောက်၊ စားပွဲထိုး နှစ်ယောက် လိုပေလိမ့်မည်။
ထိုအခါ လူသုံးယောက် ထပ်ငှားရမည်ဖြစ်ရာ ကုန်ကျစရိတ် တက်လာပြန်သည်။
ထို့ကြောင့် မည်သို့ ရွေးချယ်သင့်သနည်း။ အခွင့်အရေးကို အရယူပြီး ခြေလှမ်းကျဲကျဲ လှမ်းမလား၊ သို့မဟုတ် သတိထားပြီး မူလအတိုင်း ဆက်သွားမလား။
ရှန်မြောင်သည် မီးဖိုချောင်သို့ ပြန်ဝင်ပြီး စဉ်းစားခန်း ဖွင့်နေမိသည်။ ဤနေရာသို့ ရောက်လာပြီးနောက် ပထမဆုံးအကြိမ် စိတ်ညစ်စရာ ကြုံလာရခြင်း ဖြစ်သည်။
သူမ ငွေချေးပြီး ဆိုင်ချဲ့မလား၊ ဆိုင်သစ်ပြောင်းမလား ဝေခွဲမရ ဖြစ်နေချိန်တွင် ကျောင်းအိပ်ကျောင်းစား သွားနေသော ရှန်ကျိသည်လည်း ဖွဲများရောနေသော မီးခိုးရောင် ဆန်ပြုတ်ကို စိုက်ကြည့်ရင်း တူမကိုင်နိုင်ဘဲ ဖြစ်နေရှာသည်။
ဖိယုံးစာသင်ကျောင်း၏ အစားအသောက်များသည် သူဌေးကျိုး ပြုလုပ်သော ဝက်စာများနှင့် တူနေသဖြင့် သူ့ကို စိတ်ညစ်ရစေတော့သည်။
မကြီးက သူ့ကို ဂျုံမှုန့်အကောင်းစားနှင့် ဖွဲချွတ်ပြီးသား ဆန်ကောင်းများ ထည့်ပေးလိုက်သည်ကို သူ မှတ်မိသည်။ ချက်လိုက်သောအခါ အဘယ်ကြောင့် ဤပုံစံ ဖြစ်သွားရသနည်း။ ရှန်ကျိသည် မီးဖိုချောင်ထဲ ဝင်ပြီး ဖြစ်ပျက်နေသည့် အခြေအနေကို ကြည့်ချင်စိတ် ပေါက်သွားတော့သည်။
"ငါတော့ မရတော့ဘူး၊ ဗိုက်ဆာလွန်းလို့ သေတော့မယ်”
ဟိုင်ကောအာသည် ပန်းကန်ကို ကိုင်ကာ သူ့ဘေးနား ရောက်လာပြီး သက်ပြင်းချ ညည်းတွားလိုက်သည်။
"ဒီကျောင်းဆောင်က စားဖိုမှူးလက်ရာက ဘာလို့ ငါ့အမေလက်ရာထက်တောင် ဆိုးနေရတာလဲ၊ မျိုချလို့ကို မရဘူး၊ ဒီကျောင်းဆောင်မှာ လာစားတဲ့သူတိုင်း ညည်းညူနေကြတာ မဆန်းပါဘူး”
ရှန်ကျိသည် အရင်က ကိစ္စများကို မှတ်မိနေသေးသဖြင့် မူလက ဟိုင်ကောအာကို ဂရုမစိုက်ဘဲ နေချင်သည်။ သို့သော် ပထမနေ့ ဆန်လာပို့ကတည်းက တွေ့ခဲ့ရပြီး နောက်ပိုင်း ထမင်းစားတိုင်း ဆုံနေရသည်မှာ ထူးဆန်းလှသည်။
မည်သို့ဆိုစေ တစ်ဝမ်းကွဲ ညီအစ်ကိုများ ဖြစ်ကြပြီး တစ်ကျောင်းတည်း တက်နေကြသူများ ဖြစ်သဖြင့် မျက်ကွယ်ပြုထား၍ မကောင်းပေ။
ရှန်ကျိ၏ အခန်းဖော်များသည် စိတ်သဘောထား ကောင်းမွန်ကြသည်။ ပြိုင်ဆိုင်လိုစိတ် ပြင်းထန်သူများ မပါသလို၊ တွက်ကပ်သူများလည်း မရှိသဖြင့် အဆင်ပြေကြသည်။
ဟိုင်ကောအာကတော့ တင်းအခန်းတွင် ကျသည်။ ဖြစ်ချင်တော့ ထိုအခန်းမှ ကျောင်းသားများက ခေါင်းကို တန်းလန်းချည်၊ ပေါင်ကို ဆူးဖြင့် ထိုးကာ အအိပ်မေ့ အစားမေ့ စာကြိုးစားသူများ ဖြစ်ကြသည်။ မျက်လုံးဖွင့်ထားချိန်မှစ၍ အိမ်သာတက်ချိန်ထိ စာကျက်ကြသည်။ ဒါတင်မက တုဖူကဗျာရူးတစ်ယောက်လည်း ပါသေးသည်။ နေ့တိုင်း တုဖူကဗျာတစ်ပုဒ် ကူးရေးပြီး စက္ကူကို မျိုချကာ ကဗျာပါရမီ ဓာတ်ကူးအောင် လုပ်တတ်သေးသည်။
ဟိုင်ကောအာသည် စာမကြိုးစားဘဲ တစ်နေ့တစ်နေ့ အစားအသောက်ကိုသာ အာရုံစိုက်တတ်သည်။ သို့သော် ယခုအခါ အခြေအနေက မတူတော့ပေ။ သူ့မိသားစု အရှိန်အဝါသည် ကျောင်းတော်ထဲတွင် သာမန်သာ ရှိသဖြင့် သူများတွေက သူ့ကို ဖားယားမနေကြပေ။ စာကို လေးလေးစားစား မလုပ်သဖြင့် အမြင်ကပ်ကာ အပေါင်းအသင်း မလုပ်ကြပေ။
ထို့ကြောင့် ရှန်ကျိနှင့် တွေ့သောအခါ ရင်းနှီးသည်ဟု ခံစားရပြီး မျက်နှာပြောင်တိုက်ကာ အမြဲ လာကပ်တတ်သည်။
မျက်နှာချိုသွေးသူကို ပါးမရိုက်ကောင်းပေ။ ရှန်ကျိသည် ယခုအခါ မကြီးဟူသော ကျောထောက်နောက်ခံ ရှိနေပြီဖြစ်၍ စိတ်ဓာတ်ခွန်အားများ ပြည့်ဝနေပြီ ဖြစ်သည်။ ဟိုင်ကောအာအပေါ်တွင်လည်း သည်းခံစိတ် ဝင်လာပြီး မောင်းမထုတ်တော့ပေ။ တဖြည်းဖြည်းနှင့် နှစ်ယောက်သား ဆက်ဆံရေး ကောင်းမွန်လာခဲ့သည်။
ယခု ဟိုင်ကောအာသည် စားပွဲပေါ် မှောက်လျက် အားပြတ်နေရှာသည်။ ဗိုက်ထဲတွင် ဟာတာတာဖြစ်ပြီး ဆန္ဒပြနေပြီ ဖြစ်သဖြင့် မနေနိုင်တော့ဘဲ ရှန်ကျိကို တိုးတိုးကပ်ပြောလိုက်သည်။
"ငါတို့လည်း ဟို အထက်တန်းကျောင်းသားတွေလို လုပ်ကြမလား... အပြင်လူ ငှားပြီး အစားအသောက် သွားဝယ်ခိုင်းရအောင်လေ”
ရှန်ကျိက မျက်ခွံပင့်ကြည့်လိုက်ပြီး "သူတို့ကို တစ်ခေါက်ခိုင်းရင် အနည်းဆုံး ဝမ် ၂၀ ပေးရတယ်၊ ဈေးကြီးလွန်းတယ်”
မကြီးက သူ့ကို ပိုက်ဆံအများကြီး ပေးလိုက်သော်လည်း သူသည် ကျောင်းတွင် ချွေတာသုံးစွဲသည်။ ပိုက်ဆံဆိုသည်မှာ မကြီး ပင်ပင်ပန်းပန်း ရှာထားရသည် မဟုတ်ပါလား။ သူက ဘယ်လိုလုပ် ဖြုန်းတီးရက်ပါမည်နည်း။
မကြီးနှင့် ရှန်းအာတို့ နေကောင်းကြရဲ့လား၊ ဆိုင်ရော ရောင်းကောင်းရဲ့လား၊ ပင်ပန်းနေကြမလား မသိဘူးဟု တွေးမိသည်။
"ငါ ဒကာခံပါ့မယ်" ဟိုင်ကောအာက စိတ်အားထက်သန်စွာ ပြောလိုက်သည်။ "မင်း တွေ့မိလား၊ (ကျာ)အခန်းက ကျောင်းသား နဉ်ယီ ရေးထားတဲ့ ဆောင်းပါးလေ၊ ကျောင်းထဲမှာ လက်ဆင့်ကမ်း ဖတ်နေကြတာ၊ သူက ငါးကင်စားခဲ့တဲ့အကြောင်း ရေးထားတာ၊ ပုံတောင် ဆွဲထားသေးတယ်၊ တော်တော် စားချင်စရာကောင်းတာ၊ ငါ တစ်ခေါက်ပဲ ဖတ်ရသေးတယ်၊ သွားရည်ကျလွန်းလို့ လက်ကိုင်ပုဝါတောင် နှစ်ထည် စိုသွားပြီ”
ရှန်ကျိက မော့ကြည့်လိုက်ပြီး "ငါးကင် ဟုတ်လား" ဟု မေးလိုက်သည်။
"ဟုတ်တယ်လေ၊ ကျောင်းသား နဉ်ယီ ရေးထားတာက... ညဈေးတန်း လမ်းလျှောက်သွားစဉ် ရုတ်တရက် မွှေးပျံ့သော အနံ့ကို ရလိုက်သည်... မြေအိုးထဲတွင် ဟင်းသီးဟင်းရွက်များ ခင်းထားပြီး ငါးကြီးတစ်ကောင်ကို အလယ်တွင် ထည့်ထားသည်၊ အောက်တွင် မီးဖိုငယ်ဖြင့် မီးသွေးခဲများ ရဲရဲတောက်နေသည်... ဟင်းရည် ပွက်ပွက်ဆူလာသောအခါ ငါးသည် ဟင်းရည်ထဲတွင် နစ်မြုပ်သွားသည်၊ ခဏကြာသော် ငါးအရေခွံ ကြွပ်ရွလာပြီး အသားများ ကျက်လာသည်၊ မိတ်ဆွေ သုံးလေးယောက်ဖြင့် စုဖွဲ့ကာ ထိုကဲ့သို့ တည်ရင်း စားရင်းဖြင့်... အနံ့သည် မွှေးကြိုင်လှသည်၊ အစပ်၊ လတ်ဆတ်၊ အရသာရှိ ပြည့်စုံလှသဖြင့် ယစ်မူးဖွယ် ကောင်းလှသည် တဲ့..."
ရှန်ကျိက နှုတ်ခမ်းမဲ့လိုက်ပြီး ပြောလိုက်၏။ " မင်းက အလွတ်တောင် ရနေပါလား"
"ဘယ်လိုလဲ၊ ဒီည ငါ မင်းကို ငါးကင် ဝယ်ကျွေးမယ်၊ မင်း ပိုက်ဆံစိုက်စရာ မလိုဘူး၊ အပြင်လူတွေက ကျောင်းထဲ ဝင်မရတော့ နောက်ဖေးတောင်ကုန်းက ခြံစည်းရိုးကနေ လှမ်းပေးခိုင်းမယ်၊ ငါတို့ ဟိုမှာပဲ စားပြီးမှ ပြန်ကြမယ်”
ဟိုင်ကောအာက လက်အုပ်ချီပြီး တောင်းပန်လိုက်သည်။ "ငါ့ကို အဖော်လုပ်ပေးပါကွာ၊ ငါတို့အခန်းက ဆရာက စိတ်ကြီးတယ်၊ ကျောင်းဆောင်က ခိုးထွက်ပြီး စားတာမိရင် အပြစ်ပေးခံရမှာ၊ မင်းက (ကျာ) အခန်းက ကျောင်းသားဆိုတော့ ပါလာရင် အရိုက်မခံရလောက်ဘူး၊ လုပ်ပါနော်... နော်လို့”
ရှန်ကျိ စဉ်းစားလိုက်ပြီး စူးစမ်းလိုက်သည်။ "မြို့ထဲကနေ လာပို့ရမှာ ဝေးတာကို အေးသွားမှာပေါ့၊ ဘယ်လိုလုပ် စားလို့ကောင်းတော့မှာလဲ”
"ဟာ... မင်းက မြို့ထဲက လာပို့မှန်း ဘယ်လိုသိတာလဲ၊ မင်းလည်း ကြားဖူးတယ်မလား” ဟိုင်ကောအာက သတင်းစုံစမ်းထားပြီး ဖြစ်သည်။ "ပိုက်ဆံ ၁၀ ဝမ် ပိုပေးရင် မြေအိုးပါ ဝယ်လို့ရတယ်၊ ဆိုင်ရှင်က ငါးကြော်နဲ့ ဟင်းသီးဟင်းရွက်တွေကို မြေအိုးထဲ ထည့်ပေးလိုက်လိမ့်မယ်၊ ဟင်းရည်ကို ဝါးကျည်တောက်နဲ့ သပ်သပ် ထည့်ပေးလိုက်မယ်၊ အပြင်လူ လာပို့ရင် ငါတို့ဘာသာ မီးဖိုလေးနဲ့ တည်ပြီး ဟင်းရည်လောင်းထည့်လိုက်ရင် ပွက်ပွက်ဆူလာပြီး စားလို့ရပြီ၊ အခန်း (ခ) က ကျောင်းသားတွေတောင် အဲဒီလို စားပြီးကြပြီ”
ဪ... ဒီလိုကိုး၊ မကြီးက ဉာဏ်ကောင်းသားပဲ။
ရှန်ကျိ မေးစေ့ကို ပွတ်သပ်လိုက်ပြီး သဘောတူလိုက်သည်။
ဟိုင်ကောအာသည် လက်ထဲမှ ဝက်စာဆန်ပြုတ်ကို စည်ပိုင်းထဲ လောင်းထည့်လိုက်ပြီး ပျော်ရွှင်စွာဖြင့် ရှန်ကျိကို ဆွဲခေါ်သွားတော့သည်။ ပါးစပ်မှလည်း အစားအသောက်အကြောင်း ရေပက်မဝင် ပြောနေတော့သည်။
"မင်းတို့ မြို့တွင်းထဲမှာ စားစရာကောင်းတာတွေ အများကြီးပဲ၊ ဒီအကောင်းစားတွေကို မင်း စားဖူးမှာပါ၊ မင်း စာမေးပွဲလာဖြေတုန်းက အသင့်စား ခေါက်ဆွဲ ယူလာကတည်းက ငါ သတိထားမိတယ်၊ အဲဒီနောက်ပိုင်းမှ ငါ သိလိုက်ရတာ ဒီလို စားစရာကောင်းတာတွေ ရှိမှန်းလေ၊ ကြားတာတော့ မန်ထိုးသေးသေးလေး(ရှောင်လုံပေါင်း)တွေ၊ ယန်ကျိုးပဲခေါက်ဆွဲ၊ ပေါင်းခေါက်ဆွဲတွေ ပေါ်သေးတယ်တဲ့... အား... ကြားတာနဲ့တင် စားချင်လာပြီ၊ ငါ့အဖေနဲ့ အမေက မြေငှားခကောက်ရင်း ငါ့ကို တောမှာ တစ်လခွဲလောက် သွားထားတာ၊ ပြန့်ကျင်း ပြန်ရောက်တာနဲ့ ဒီအကျဉ်းထောင်ထဲ လာထည့်လိုက်တော့တာပဲ၊ ငါ ဘာမှ မစားလိုက်ရဘူး၊ မဟုတ်ရင် အဲဒီ အသင့်စားခေါက်ဆွဲတို့၊ မန်ထိုအသေးတို့၊ ပဲခေါက်ဆွဲတို့ကို ငါ လမ်းတလျှောက်လုံး လိုက်စားပစ်မှာ”
သူ ပြောနေပုံမှာ အားပါးတရ ရှိလှပြီး စိတ်လှုပ်ရှားလွန်း၍ မျက်နှာမှ အသားများပင် တုန်ခါနေကာ သွားရည်များ စီးကျနေသည်။ ဂုဏ်သရေရှိလှသော ကတိသစ္စာ တည်နေသည့်နှယ်။
ရှန်ကျိက သူ့ကို အရူးတစ်ယောက် ကြည့်သလို ကြည့်နေသည်။
သူများတွေ ပြောတာ နားထောင်တုန်းက စားစရာကောင်းကြောင်းပဲ နားထောင်ပြီး ဆိုင်နာမည်ကို မမှတ်ထားဘူးလား။ ဒါမှမဟုတ် လောကကြီးမှာ ရှန်မျိုးရိုးတွေ အများကြီးမို့လို့ သူ့ဆွေမျိုးတွေ ဖြစ်မယ်လို့ မထင်မိတာများလား။
ပြောရမယ်ဆိုရင်... အဲဒီဆိုင်တွေ အကုန်လုံးက တစ်ဆိုင်တည်း ဖြစ်နေပြီး အဲဒီဆိုင်ရှင်က သူ့မကြီး ဖြစ်နေမယ်ဆိုတဲ့ ဖြစ်နိုင်ခြေလဲ ရှိသေးတာပဲမလား။
...
အပိုင်း (၉၀) အပယ်ခံလိုက်ရခြင်း
ရှန်ဟိုင်... ဒါကတော့ ဟိုင်ကောအာ၏ နာမည်ရင်းပင် ဖြစ်လေသည်။ သူသည် တံတိုင်းခြေရင်း၌ ထိုင်ရင်း လမ်းဘေးလူလေလူလွင့်များ လာပို့သည့် ငါးကင်ကို ၃ ကြိမ်ဆက်တိုက် အားရပါးရ စားခဲ့လေသည်။ အလွန်အကျွံ စားမိသဖြင့် လည်ချောင်းနာကာ အပူကန်လာတော့မှသာ သူသည် နှမြောတသစွာဖြင့် လက်လျှော့လိုက်တော့၏။ သို့မဟုတ်ပါက သူသည် နောက်ထပ် ရက်အနည်းငယ်ကြာအောင် စားနေလျှင်ပင် ငြီးငွေ့လိမ့်မည် မဟုတ်ပေ။ ယခုမူ သူ၏ အခန်းထဲ၌ မြေအိုး ၃ လုံး စုမိနေလေပြီ။ ဤအရာများက နေရာယူလှသော်လည်း သူသည် လွှင့်မပစ်ရက်သဖြင့် ဆေးကြောသန့်စင်ကာ တစ်ခုခုအတွက် အသုံးချရန် စဉ်းစားနေမိတော့သည်။
ငါးကင်ထည့်သည့် ဤမြေအိုးမှာ အကြမ်းစား မြေထည်ဖြစ်ပြီး လက်ရာလည်း အနည်းငယ် ကြမ်းတမ်းလှ၏။ သို့သော် သူ၏ ကံမှာ ကောင်းလှသဖြင့် လာပို့သည့် မြေအိုးတစ်လုံးပေါ်တွင် မြစိမ်းရောင် စက်လေး တစ်စက် ပါလာခဲ့လေသည်။ ၎င်းက မည်းတူးနေသော မြေအိုးအကြမ်းစားလေးကို ရှေးဆန်သည့် အလှတရားလေး တစ်ခု ပေးစွမ်းနေလေသည်။
ရှန်ဟိုင်သည် မြေအိုးကို ဆေးကြောပြီးနောက် အစက်လေးကို သေချာကိုင်ကြည့်ရင်း 'ဒီမြေအိုးအကောင်းဆုံးထဲမှာ သစ်ခွပင်လေးတွေ စိုက်ပြီး ပြတင်းပေါက်နားမှာ ထားလိုက်ရင် တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းမှာပဲ' ဟု တွေးတောနေမိတော့သည်။
ရှန်ဦးကြီးသည် ခန့်ညားထည်ဝါမှုကို မြတ်နိုးသူဖြစ်ရာ အိမ်၌ ဇီးပန်း၊ သစ်ခွ၊ ဝါးနှင့် ဂန္ဓာမာပန်းပင် အစရှိသည်တို့ကို အများအပြား စိုက်ပျိုးထားလေသည်။ ရှန်ဟိုင်သည်လည်း ထိုအသိုင်းအဝိုင်းတွင် ကြီးပြင်းလာသူဖြစ်သဖြင့် အစားအသောက်အပြင် ပန်းပင်များ ပြုစုပျိုးထောင်ခြင်းနှင့် ကြွေထည် မြေထည်ပစ္စည်း အမျိုးမျိုးကို စုဆောင်းခြင်းကိုလည်း ဝါသနာပါလေသည်။ ယခုမူ သူသည် ကင်ငါးထည့်သည့် မြေအိုးကိုပင် တလေးတစားဖြင့် ကြည့်ရှုခံစားနေမိလေတော့သည်။
ထိုစဉ် သူ၏ လက်ချောင်းများက မြေအိုးအောက်ခြေရှိ ထွင်းထုထားသော အမှတ်အသားတစ်ခုကို ထိမိသွားသဖြင့် မြေအိုးကို မှောက်ကြည့်လိုက်ရာ "ယန်လျိုအရှေ့လမ်းကြား ရှန်ကျိ" ဟူသော စာလုံးလေးများကို တွေ့လိုက်ရလေသည်။
ရှန်ဟိုင်သည် ခဏလောက် ကြောင်ကြည့်နေပြီးမှ မြေအိုးကို အခန်းထဲ ပြန်ထားကာ ကျိကောအာ ရှိရာ ကျောင်းဆောင်ဆီသို့ ချက်ချင်း ပြေးသွားတော့သည်။
ကျိအာသည် နေ့ဝက်ခန့် ကျောင်းတက်ပြီးနောက် နေ့လယ်တွင် အဆောင်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။ သူသည် ခုတင်ဘေးက စားပွဲတွင်ထိုင်ကာ အတန်းချိန်က သင်ကြားခဲ့သော သင်ခန်းစာအသစ်များကို သူကိုယ်တိုင် ချုပ်လုပ်ထားသော စာအုပ်အလွတ်ထဲတွင် ထပ်မံကူးရေးနေပြီး ဘေးတွင် ဆရာကျိုး ရှင်းပြခဲ့သော အဓိပ္ပာယ်ဖွင့်ဆိုချက်များကို အနီရောင်မှင်ဖြင့် မှတ်စုရေးနေသည်။ သည်လိုလုပ်ခြင်းက နောက်ပိုင်း ပြန်လည်လေ့လာရာတွင် အဆင်ပြေစေလေသည်။
သူ့အဆောင်ထဲတွင် မျက်မှန်တပ်ထားသော ကျောင်းသားလေးတစ်ယောက်ရှိပြီး မုန့်ဟုန်ဟယ် ဟုခေါ်သည်။ သူသည် အသက်အငယ်ဆုံးဖြစ်ပြီး ယခုနှစ်မှ ၈ နှစ်ပြည့်ကာ ရှန်းအာထက် တစ်နှစ်သာ ကြီးလေသည်။ သို့သော် သူသည် ယခုနှစ်စာမေးပွဲတွင် အဆင့် ၇ ရခဲ့ပြီး ကျိအာ၏ ဘေးကုတင်တွင် အိပ်ရသူ ဖြစ်သည်။
သူသည် ကောက်ညှင်းသကြားမုန့် နှစ်ခုကို ကိုင်ကာ တစ်ခုကို စားရင်း ကျိအာ စာကူးနေသည်ကို ဘေးမှ လှဲကာ ကြည့်နေသည်။ မုန့်မှုန့်များနှင့် သကြားမှုန့်များက သူ့အဝတ်အစားပေါ်သို့ ပြုတ်ကျနေသည်ကိုပင် သူ မသိပေ။
ကျိအာသည် အိမ်တွင် ညီမဖြစ်သူကို ဂရုစိုက်ရသည်မှာ အကျင့်ပါနေပြီဖြစ်ရာ တစ်ချိန်တည်းတွင် အာရုံနှစ်ခုထားခြင်းကို ကျွမ်းကျင်လေသည်။ စာလုပ်ရင်းနှင့် ဆော့ကစားတတ်သော ရှန်းအာကို ဂရုစိုက်ရပြီး သူမ ချော်လဲတော့မည်ဆိုလျှင် အချိန်မီ လှမ်းဆွဲနိုင်ခြင်းသည် သူ့အတွက် နေ့စဉ်ကိစ္စတစ်ခုလို ဖြစ်နေသည်။
ထို့ကြောင့် သူသည် လက်က စာရေးခြင်းကို မရပ်တန့်သော်လည်း နောက်စေ့တွင် မျက်လုံးပါနေသကဲ့သို့ ဘယ်ဘက်လက်ဖြင့် ရင်ဘတ်ထဲမှ လက်ကိုင်ပုဝါကို ထုတ်ကာ ခေါင်းမမော့ဘဲ မုန့်ဟုန်ဟယ်ကို ကမ်းပေးလိုက်သည်။
"သုတ်လိုက်ပါဦး၊ တော်ကြာ အဝတ်အစားတွေ ပေကုန်တော့မယ်"
မုန့်ဟုန်ဟယ်က ကပျာကယာ လှမ်းယူပြီး သုတ်လိုက်သည်။ သုတ်ပြီးနောက် ဆက်စားလေသည်။ တစ်ခုစားပြီးသွားသော်လည်း နောက်ထပ်တစ်ခုကို ဆက်မစားတော့ဘဲ လက်ကိုင်ပုဝါဖြင့် သေချာထုပ်ကာ ကျိအာ၏ စားပွဲဘေးတွင် တင်ထားလိုက်သည်။ ကျိအာ စားရန်အတွက် သီးသန့် ချန်ထားလိုက်ခြင်း ဖြစ်သည်။
အဆောင်တစ်ခုတွင် ကျောင်းသား ၅ ယောက်ရှိပြီး မုန့်ဟုန်ဟယ်သည် အသက်ငယ်ကာ အိမ်က အလိုလိုက်ထားသဖြင့် အလုပ်တော်တော်များများကို မလုပ်တတ်ပေ။ ရေပုံး မသယ်နိုင်၊ အဝတ်မလျှော်တတ်၊ ညဘက်တွင် ခေါင်းအုံးစွပ်ဖြင့် လုပ်ထားသော အရုပ်ကို ဖက်အိပ်မှ အိပ်ပျော်ခြင်းတို့ကြောင့် တခြားသူများက သူ့ကို ကွယ်ရာတွင် "လေးလုံး" ဟု လှောင်ပြောင်ကြသည်။ ကျိအာတစ်ယောက်သာ သူ့ကို မရွံရှာသဖြင့် မုန့်ဟုန်ဟယ်သည် ကျိအာနှင့် ပိုပြီး ရင်းနှီးလေသည်။
ကျောင်းဆောင်က အစားအသောက်များ မကောင်းမွန်သဖြင့် မုန့်ဟုန်ဟယ်သည် နှစ်ရက်လောက် စားပြီးသည်နှင့် ဝမ်းပျက်သွားတော့သည်။ ထို့နောက်ပိုင်း မုန့်အမေသည် နေ့စဉ် ၃-၄ မိုင်ခန့် လမ်းလျှောက်ကာ မုန့်ဟုန်ဟယ်အတွက် ထမင်းချိုင့်နှင့် မုန့်များကို ကျောင်းဝင်းအပြင်ဘက်သို့ လာပို့ပေးတတ်ပြီး တစ်ခါတည်း သားဖြစ်သူ၏ ညစ်ပတ်နေသော အဝတ်အစားများကို အိမ်ပြန်ယူကာ လျှော်ပေးလေသည်။
မုန့်ဟုန်ဟယ်သည် ကျောင်းဝင်းခြံစည်းရိုးကို ခြားလျက် မိခင်ဖြစ်သူအား ကျောင်းတွင်းက အသေးအဖွဲကိစ္စများကို ပြောပြတတ်ရာ အတူနေသော ကျိအာက သူ့ကို ဂရုစိုက်ကြောင်းလည်း ပါဝင်လေသည်။ နောက်ပိုင်း မုန့်အမေ မုန့်လာပို့သည့်အခါတိုင်း နှစ်ယောက်စာ ထည့်ပေးလိုက်ပြီး မုန့်ဟုန်ဟယ်ကို အမြဲတမ်း သေချာမှာကြားလေသည်။
"သား လုံးဝ ကပ်စေးမနည်းရဘူးနော်၊ အတန်းဖော်နဲ့ အတူတူ ခွဲစားရမယ်"
ဤကောက်ညှင်းသကြားမုန့်သည် သူ့မိခင် ကိုယ်တိုင်လုပ်ထားခြင်း ဖြစ်သည်။ သကြားကို ရေရောကျိုပြီး ပေါင်းထားသော ကောက်ညှင်းဆန်ထဲ ထည့်ကာ မီးဖိုပေါ်တွင် မွှေရသည်။ သကြားရည် ကောက်ညှင်းဆန်ထဲသို့ လုံးဝစိမ့်ဝင်သွားသည်အထိ မွှေပြီးနောက် ပုံစံခွက်ဖြင့် လေးထောင့်ပုံစံ ဖိလိုက်လျှင် စား၍ရပြီ ဖြစ်သည်။ စားလိုက်လျှင် ပျော့အိစေးပိုင်နေသော်လည်း သွားတွင် မကပ်ဘဲ ချိုမွှေးကာ အီမသွားပေ။
မိခင်လုပ်ပေးသော သကြားမုန့်သည် အပြင်က ဝယ်သည်ထက် ပိုကောင်းသည်ဟု သူ ထင်မြင်မိပြီး သူကိုယ်တိုင် အလွန်နှစ်သက်သည်။ သို့သော် ကျိအာ ကြိုက်မကြိုက်တော့ မသိပေ။ သူတို့အိမ်က စားသောက်ဆိုင်ဖွင့်ထားသည်ဆိုတော့ အရသာရှိတာတွေ အများကြီး စားဖူးလောက်သည်။
ကျိအာသည် သူ့လုပ်ရပ်ကို မြင်သော်လည်း အားမနာတော့ဘဲ ပြောလိုက်သည်။ "ကျေးဇူးပဲ၊ အနံ့က တော်တော်မွှေးတာပဲ"
"မင်း မြည်းကြည့်၊ ငါ့အမေ လုပ်ပေးလိုက်တာ" မုန့်ဟုန်ဟယ်၏ မျက်လုံးများ အရောင်တောက်သွားသည်။
"အင်း၊ ခဏနေ ရေးပြီးရင် စားမယ်" ကျိအာက မင်ရည်ကို တို့လိုက်ပြီး စာမျက်နှာတစ်ရွက်လှန်ကာ ဆက်ရေးနေလိုက်သည်။
မုန့်ဟုန်ဟယ်လည်း ပျော်ရွှင်စွာဖြင့် သူ့ကုတင်ပေါ်ပြန်ထိုင်ကာ စာဖတ်နေလိုက်တော့သည်။
ရှန်ဟိုင်က ပြတင်းပေါက်တွင် တွဲလောင်းခိုကာ အော်ဟစ်ငိုယိုနေချိန်တွင် ကျိအာသည် စာတစ်ပုဒ် ကူးရေးပြီးသွားပြီဖြစ်ရာ သကြားမုန့်ကို ယူစားနေလေသည်။
"ကျိအာ... ကျိအာ... မင်း ငါ့ကို ဖုံးကွယ်ထားရက်တယ်နော်" ရှန်ဟိုင်က ပြတင်းပေါက်ကို တွန်းဖွင့်လိုက်သည်။ ဝတုတ်သော ကိုယ်လုံးက ပြတင်းပေါက်ဘောင်တွင် တစ်ဝက်တစ်ပျက် ညပ်နေသဖြင့် ခေါင်းက ပိုပြီး လုံးဝိုင်းနေသယောင် ဖြစ်နေသည်။ သူက ဝမ်းနည်းပက်လက်ဖြင့် ပြောလိုက်လေသည်။ "အဲဒီ ငါးကင်က မင်းတို့အိမ်က လုပ်တာပဲ၊ မင်း ဘာလို့ ငါ့ကို မပြောတာလဲ"
"မင်းမှ မမေးတာ" ကျိအာက သကြားမုန့်ကို နှစ်ကိုက် သုံးကိုက်နှင့် စားလိုက်ပြီး မုန့်ဟုန်ဟယ်ဘက် လှည့်ကာ အရမ်းစားကောင်းတယ်၊ ကျေးဇူးပဲ ဟု ပြောလိုက်သေးသည်။
မုန့်ဟုန်ဟယ်သည် ရုတ်တရက် ထွက်ပေါ်လာသော ရှန်ဟိုင်ကြောင့် လန့်သွားသော်လည်း ကျိအာက သကြားမုန့် စားကောင်းကြောင်း ချီးကျူးလိုက်သဖြင့် ချက်ချင်း ပျော်ရွှင်သွားကာ ပြောလိုက်လေသည်။ "ဟုတ်တယ်မလား၊ ဟုတ်တယ်မလား၊ ငါလည်း အရမ်းကြိုက်တယ်၊ နောက်တစ်ခါကျရင် အမေ့ကို ပိုလုပ်ခိုင်းလိုက်မယ်"
ရှန်ဟိုင်သည် ပြတင်းပေါက်ဘောင်ပေါ်တွင် မှီကာ ကျိအာကို ဆက်လက်၍ ပွစိပွစိ ပြောဆိုကာ အပြစ်တင်နေတော့သည်။ "မင်းက ငါ့ကို သုံးကြိမ်တောင် ကျွေးခိုင်းသေးတယ်"
ကျိအာက ထူးဆန်းသလို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "မင်းဘာသာမင်း စားချင်တာလေ၊ ပြီးတော့ ငါ့ကို အဖော်လိုက်ခိုင်းတာမလား"
"ဒါပေမဲ့ အဲဒါ မင်းတို့အိမ်ကလေ"
"ငါတို့အိမ်ကဟာဆိုလည်း မင်းက ပိုက်ဆံပေးရမှာပဲလေ"
"ငါနဲ့ မင်းက ညီအစ်ကိုတွေပဲဟာ၊ မင်းတို့ဆိုင်ကမှန်း သိရင် မင်းက အားလပ်နေတဲ့လူ တစ်ယောက်လောက်ကို အကူအညီတောင်းပြီး မင်းအစ်မကို လုပ်ခိုင်းလိုက်ရင် ရနေတာပဲဟာ၊ ဘာလို့ ဒီလောက် ဒုက္ခခံနေဦးမှာလဲ" ရှန်ဟိုင်၏ စိတ်ထဲတွင် မကျေနပ်နိုင် ဖြစ်နေဆဲပင်။
ကျိအာက အေးစက်စက်ဖြင့် ပြောလိုက်လေသည်။ "ဟိုင်ကောအာ၊ ငါတို့က ညီအစ်ကိုတွေဆိုတာ မင်း အခုမှ သိတာလား၊ ငါ မင်းတို့အိမ်မှာ သုံးနှစ်လောက် နေခဲ့တာတောင် မင်း ငါ့ကို ညီအစ်ကိုလို ဆက်ဆံတာ မတွေ့ဖူးပါဘူး၊ မင်းတို့တစ်မိသားစုလုံးက ငါနဲ့ ရှန်းအာကို ဝန်ထုပ်ဝန်ပိုးလို့ပဲ သဘောထားခဲ့ကြတာလေ။ ဘယ်လိုလဲ... အခုမှ ငါးသုံးကောင် စားပြီးတာနဲ့ ငါနဲ့မင်းရဲ့ ဆက်ဆံရေးက ဒီလောက်တောင် အပြောင်းအလဲကြီး ဖြစ်သွားရောလား၊ မင်း အရင်တုန်းက ငါ့ကို အထင်သေးခဲ့တာ မဟုတ်လား"
"မင်း..." ရှန်ဟိုင် မျက်နှာ ရဲခနဲ ဖြစ်သွားပြီး "အဲဒါတွေက ကြာလှပြီပဲဟာ၊ မင်းက ဘာလို့ ပြန်ပြောနေသေးတာလဲ" ဟု တိုးတိုးတိတ်တိတ် ပြောလိုက်သည်။
ကျိအာ၏ မျက်လုံးများထဲတွင် လှောင်ပြောင်ရိပ်များ ယှက်သန်းလာပြီး ပြောလိုက်သည်။ "အဲဒါ သုံးနှစ်နော်၊ သုံးရက်လည်း မဟုတ်ဘူး၊ သုံးလလည်း မဟုတ်ဘူး။ ငါ့မှတ်ဉာဏ်က မင်းလောက် မကောင်းပေမယ့် အဲလောက်ကြီးလည်း မညံ့ပါဘူး"
သူသည် ခဏလောက် ရပ်တန့်သွားပြီး စိတ်ခံစားချက်များကို ပြန်လည်ထိန်းချုပ်လိုက်ကာ စားပွဲပေါ်က စာရွက်နှင့် စုတ်တံများကို သိမ်းဆည်းလိုက်သည်။ "ဟိုင်ကောအာ၊ ငါလည်း အတိတ်က အကြောင်းတွေကို ပြန်မပြောချင်ပါဘူး၊ ဒါပေမဲ့ ဒီနေ့ ဒီအခွင့်အရေးကို ယူပြီး မင်းကို ရှင်းရှင်းလင်းလင်း ပြောပြရမယ်။ ငါ့အဖေနဲ့ အမေ ဆုံးသွားပြီးနောက် ငါတို့အိမ်က ဆိုင်ကို ဦးကြီးကပဲ ဦးစီးခဲ့တာလေ။ ငါနဲ့ ရှန်းအာက မင်းတို့အိမ်မှာ သုံးနှစ်နေခဲ့တာ အလကား နေခဲ့တာမှ မဟုတ်တာ၊ ဒီအချက်ကို မင်း ငြင်းလို့မရဘူးမလား။
နောက်ပိုင်း ဆိုင်မီးလောင်သွားလို့ မင်းတို့အိမ်က အိမ်ငှားခ မရတော့တဲ့အချိန်မှာ အစ်မ ပြန်လာမယ်မှန်းလည်း မသိတော့ ငါနဲ့ ရှန်းအာကို ဆက်မထားချင်ကြတော့ဘူး၊ အဲဒါကိုလည်း ငါက ဖြစ်သင့်တဲ့ကိစ္စပါလို့ အောင့်အီးပြီး ပြောလိုက်ပါမယ်။ ဒါပေမဲ့ တကယ်လို့များ အစ်မသာ ပြန်မလာခဲ့ရင်ရော... ကြီးတော် ဒေါသပြေသွားလို့ ငါတို့ကို သတိရလာမယ့်အချိန်ကျရင် ငါနဲ့ ရှန်းအာက မင်းနဲ့ ဒီနေရာမှာ မတ်တပ်ရပ်ပြီး စကားပြောဖို့ အသက်ရှိပါဦးမလားဆိုတာ မင်း စဉ်းစားကြည့်ပါဦး"
ရှန်ဟိုင် စကားမပြောနိုင်တော့ပေ။
ကျိအာသည် စာအုပ်များကို တစ်အုပ်ချင်းစီ သေချာသိမ်းဆည်းလိုက်ပြီး အပြစ်ရှိစိတ်ကြောင့် မျက်နှာမကောင်းဖြစ်နေသော ရှန်ဟိုင်ကို မော့ကြည့်လိုက်၏။ သူ့အကြည့်များက တည်ငြိမ်နေပြီး လေသံကလည်း တည်ငြိမ်နေကာ သူများအကြောင်း ပြောပြနေသကဲ့သို့ ဖြစ်နေသော်လည်း ရှန်ဟိုင်သည် ထိုအကြည့်ကို ခံလိုက်ရသဖြင့် တစ်ကိုယ်လုံး ယားယံလာသလို ခံစားလိုက်ရသည်။
သူ ဒီနေရာကို လာခဲ့မိတာ နောင်တရသွားတော့သည်။ သူ့ဦးနှောက်က ပျက်စီးသွားပြီ ထင်ပါရဲ့။ ဆက်ဆံရေး ကောင်းမွန်အောင်လုပ်ပြီး နောက်ပိုင်း အရသာရှိတာတွေ ပိုစားရအောင် ကြံစည်မိတာ။ အခုတော့ စားဖို့ နေနေသာသာ နောက်ပိုင်းဆို ပိုတောင် ခက်ခဲသွားဦးမယ်။
"မင်းက ပါးစပ်သရမ်းပြီး အပေါ်ယံကြွားဝါရတာ ကြိုက်တာကလွဲရင် ရှန်းအာကို ရိုက်နှက်တာမျိုးတော့ မလုပ်ခဲ့ပါဘူး၊ ဒါကြောင့်လည်း ဒီရက်ပိုင်း ငါ မင်းနဲ့ အေးအေးဆေးဆေး ဆက်ဆံနေတာ။ ဒါပေမဲ့ ဒါက ငါ့ရင်ထဲမှာ အဖုအထစ် မရှိတော့ဘူးလို့ မဆိုလိုဘူး။ ငါ့မှာ တန်ဖိုးထားရမယ့် မိသားစု ရှိပြီးသားမို့ မင်းတို့ကို ဂရုမစိုက်တော့တာ။
ဒါကြောင့်... မင်းလည်း ငါ အာဃာတတွေ မေ့ပစ်ပြီး မင်းနဲ့ ညီအစ်ကိုတွေလို ပြန်ဖြစ်လာမယ်လို့ မမျှော်လင့်နဲ့တော့။ မင်းနဲ့ငါက အခုချိန်မှာ သာမန်အတန်းဖော်တွေပဲ၊ ဒီဆက်ဆံရေးက ရေထက်တောင် ပေါ့ပျက်သေးတယ်။ ဒါကြောင့် နောက်ပိုင်း မင်း ငါတို့ဆိုင်ကို လာစားရင် အကြွေးမရသလို လျှော့စျေးလည်း မရှိဘူး၊ ပေးရမယ့် ငွေပမာဏအတိုင်း ရှင်းရမယ်၊ နားလည်လား"
ရှန်ဟိုင်သည် သူ့ကိုယ်လုံးကို ပြတင်းပေါက်မှ မနည်းပြန်ဆွဲထုတ်လိုက်ပြီး ပြတင်းပေါက်အောက်သို့ တိတ်တဆိတ် ပြန်လျှောဆင်းသွားတော့သည်။ သူသည် ပြန်မပြောရဲဘဲ ခေါင်းငိုက်စိုက်ဖြင့် ပြေးထွက်သွားတော့သည်။
မုန့်ဟုန်ဟယ်သည် စာအုပ်တစ်အုပ်ကို ကိုင်ထားရင်း မျက်လုံးနှစ်လုံး ပြူးကျယ်လျက် နားထောင်နေလေသည်။ နှာခေါင်းပေါ်တွင် တင်ထားသော မျက်မှန်ပင် အောက်သို့ လျှောကျလာရာ တိတ်တဆိတ် ပြန်ပင့်တင်လိုက်ပြီး ထိုစကားများကို စိတ်ထဲတွင် မှတ်သားထားလိုက်သည်။
နောက်ပိုင်း တစ်ယောက်ယောက်က သူ့ကို "လေးလုံး" ဟု လာရောက်လှောင်ပြောင်လျှင် သူလည်း ကျိအာကဲ့သို့ ဂုဏ်ရှိရှိဖြင့် ပြန်လည်တုံ့ပြန်လိုက်မည်။ အေးစက်စက် မျက်နှာထားဖြင့် 'မင်းနဲ့ငါက သူစိမ်းတွေပဲ၊ မင်းဘာပြောပြော ငါ ဂရုမစိုက်ဘူး' ဟု ပြောလိုက်မည်။
သင်ယူလိုက်ပြီ။ မုန့်ဟုန်ဟယ်သည် စာအုပ်ကို ပိုက်ထားရင်း တိတ်တဆိတ် ခေါင်းညိတ်လိုက်တော့သည်။
....
ယန်လျိုအရှေ့လမ်းကြားတွင် ရှန်မြောင်သည်လည်း နေရာမရှိသဖြင့် ငါးကင်ကို မဖြစ်မနေ စားချင်သော ဧည့်သည်အချို့ကြောင့် စိတ်ကူးတစ်ခု ရသွားကာ ငါးကင်ကို ပါဆယ်ထုတ်ပေးခြင်းသည် ထင်သလောက် မခက်ခဲကြောင်း တွေ့ရှိလိုက်ရသည်။
အိမ်နီးနားချင်းများ ဆိုလျှင် အိမ်မှ ဇလုံကြီးများ ကိုယ်တိုင် ယူလာကြသည်။ အကယ်၍ အချိန်မီ မယူလာနိုင်လျှင်လည်း ငွေ ၁၀ ဝမ်ဖြင့် ရှန်ကျိဆိုင်မှ မြေအိုးခွက်များကို အပေါင်ခံကာ ယူသွားပြီး ကိုယ့်ဘာသာ ချက်ပြုတ်စားသောက်ကြသည်။ နောက်ရက် သို့မဟုတ် အားလပ်သည့်အချိန်မှသာ ဆေးကြောပြီး ပြန်လာပေးကာ အပေါင်ငွေကို ပြန်ထုတ်ယူကြလေသည်။
တစ်ချို့လူများကမူ ၁၀ ဝမ်ဖြင့် ဝယ်ယူသွားပြီး ပြန်မပေးတော့ဘဲ နောက်တစ်ကြိမ် လာစားမှသာ ထိုမြေအိုးခွက်ကို ပြန်ယူလာကြသည်။
နောက်ပိုင်းတွင် ရှန်မြောင်သည် မြေအိုးဖိုမှ အိုးထိန်းသည်နှင့် တိုင်ပင်ကာ အဆင့်မြှင့်ထားသော မြေအိုးခွက် အလုံး ၃၀ ကို ထပ်မံမှာယူလိုက်သည်။ အဖုံးပါခြင်း၊ ကြိုးသိုင်းရန် လက်ကိုင်ကွင်းနှစ်ဖက်ပါခြင်း၊ အိုးထိန်းသည်အား အိုးလုပ်စဉ်ကတည်းက အပြင်ဘက်ကို ချောမွတ်အောင် လုပ်ခိုင်းသဖြင့် မီးဖုတ်ပြီးချိန်တွင် အရောင်တင်လိုက်လျှင် ညီညာကာ ကြည့်ကောင်းသွားစေရန် စီစဉ်လိုက်သည်။
နောက်ဆုံးတွင် အပေါ်၌ မီးတောက်ထဲမှ ခုန်ထွက်လာသည့် ငါးပုံစံကို ထွင်းထုခိုင်းလိုက်သည်။ ထိုပုံ၏ အောက်တွင် "ရှန်ကျိငါးကင် (ယုံခန်းရပ်ကွက် ကျင်းလျန်တံတား ယန်လျိုအရှေ့လမ်းကြား)" ဟူသော စာသားကို ထွင်းထုထားသဖြင့် သည်မြေအိုးခွက်မှတစ်ဆင့် ကြော်ငြာကို အိမ်တိုင်းစေ့ ရောက်ရှိသွားစေရန် ရည်ရွယ်လိုက်သည်။
ထို့နောက် ရှန်မြောင်သည် ဤတံဆိပ်ပါသော မြေအိုးခွက်များအတွက် အပေါင်ငွေကို ၁၅ ဝမ် အထိ တိုးမြှင့်လိုက်ပြီး ငါးကင်သီးသန့် ထည့်ရန် စီစဉ်လိုက်ရာ မမျှော်လင့်ဘဲ လူကြိုက်များသွားတော့သည်။ အိမ်တွင် အစေခံရှိသူ အများစုသည် အစေခံများကို လွှတ်ကာ လာဝယ်ခိုင်းကြပြီး မြေအိုးခွက်များကို ပြန်မပေးဘဲ ယူထားလိုက်ကြသည်။
ပါဆယ်ထုတ်ပိုးမှုကို အဆင့်မြှင့်လိုက်ခြင်း၏ အကျိုးကျေးဇူးသည် သည်မျှသာ မကပေ။ လူအများက ရှန်မြောင်၏ ငါးကင်သည် သန့်ရှင်းသပ်ရပ်မှုကို ဂရုစိုက်ပြီး တခြားဆိုင်များထက် ပိုကောင်းသည်ဟု ထင်မြင်သွားကြသည်။ ဟုတ်ပါသည်။ ယခုအချိန်တွင် ပြန့်ကျင်းမြို့ထဲ၌ ငါးကင်ရောင်းချသူမှာ သူမတစ်ယောက်တည်း မဟုတ်တော့ပေ။
ကျင်းလျန်တံတား အနီးတစ်ဝိုက်တွင် စွပ်ပြုတ်နှင့် မုန့်ရောင်းသော ဆိုင်ကြီးအချို့သည်လည်း လိုက်လံတုပကာ မြေအိုးခွက်ငါးကင်ကို ပြုလုပ်လာကြပြီး သူမကဲ့သို့ပင် ငါးကင်ထဲတွင် ခေါက်ဆွဲထည့်စားခြင်းကိုပါ လုပ်ဆောင်လာကြသည်။ အစပိုင်းတွင် တစ်ပွဲလျှင် ၉၈ ဝမ်ဖြင့် ရောင်းချကြသည်။
နောက်ပိုင်းတွင် ရှန်မြောင်က မတုန်မလှုပ် ရှိနေသည်ကို မြင်လိုက်ရသလို ဆိုင်ခန်းကျဉ်းမြောင်းမှု အားနည်းချက်ကို အားသာချက်အဖြစ် ပြောင်းလဲကာ ပါဆယ်ရောင်းချခြင်းကိုပါ ပြုလုပ်လာသဖြင့် ထိုဆိုင်များသည် စျေးနှုန်းကို တိုက်ရိုက်လျှော့ချလိုက်ပြီး တစ်ပွဲလျှင် ၈၉ ဝမ်ဖြင့် ရောင်းချလိုက်ကြသည်။ ထို့အပြင် လူနှစ်ယောက်ဖြင့် လမ်းတလျှောက် အော်ဟစ်ရောင်းချခိုင်းသဖြင့် ရှန်မြောင်နှင့် အတိအလင်း ယှဉ်ပြိုင်လိုကြောင်း ထင်ရှားနေလေသည်။
သို့သော် ရှန်မြောင်၏ ငါးကင်ဟင်းရည်နှင့် အမွှေးအကြိုင်များသည် လျှို့ဝှက်ချက်ဖြစ်သဖြင့် တခြားဆိုင်များမှ အချိန်တိုအတွင်း တုပ၍ မရနိုင်ပေ။ သို့သော် သူတို့သည်လည်း ပါးနပ်ကြသည်။ ဆိတ်သားဟင်းရည် အရသာနှင့် ပဲငပိအနှစ် အရသာတို့ကို ထပ်မံထုတ်လုပ်လိုက်သဖြင့် ကိုယ်ပိုင်အားသာချက်ကို အသုံးချလိုက်ခြင်း ဖြစ်သည်။ ရှန်မြောင်၏ ပြင်းရှမွှေးကြိုင်သော ဟင်းရည်နှင့် ကွာခြားမှုကြီးမားသော်လည်း စား၍မကောင်းသည်တော့ မဟုတ်ပေ။
ဤအတိုင်း ဆက်သွားလျှင် ရှန်မြောင်၏ တစ်ဦးတည်းမူပိုင် အားသာချက်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားပေလိမ့်မည်။
အဒေါ်ကုသည် အလွန်စိုးရိမ်ပူပန်နေပြီး ခြံဝင်းထဲတွင် ထိုင်ကာ ရှန်မြောင်အတွက် ဟင်းရွက်သင်ပေးရင်း ထိုဆိုင်ပိုင်ရှင်များကို နာရီဝက်ကျော်ကြာသည်အထိ စကားလုံးမထပ်စေဘဲ ဆဲဆိုနေတော့သည်။ သူမသည် ကုမိသားစုမှ အရပ်ရှည်ရှည် သန်သန်မာမာ ဦးလေးများနှင့် ညီအစ်ကိုများကို ခေါ်ပြီး ထိုဆိုင်များသို့ သွားရောက် ရှင်းလင်းခိုင်းချင်နေသည်။
"စိတ်မဆိုးပါနဲ့၊ ဒီလိုကိစ္စမျိုးက ရှိလာမှာပဲ၊ တားဆီးဖို့လည်း ခက်ပါတယ်" ရှန်မြောင်သည် ခါးကုန်းကာ အိမ်နောက်ဖေး ဥယျာဉ်ထဲတွင် ရေလောင်းရင်း အဒေါ်ကုကို စိတ်ငြိမ်စေရန် ပြုံးကာ ပြောလိုက်သည်။
အဒေါ်ကုက ရင်ဘတ်ကို ဖိကာ နာကြည်းစွာ ပြောလိုက်သည်။ "ငါဖြင့် ဒေါသထွက်လွန်းလို့ သေတော့မယ်၊ ညည်းက ရယ်နိုင်သေးတယ်နော်"
ရှန်မြောင်သည် တကယ်ကို ဂရုမစိုက်ခြင်း ဖြစ်သည်။ အရင်ဘဝတွင် ဤကဲ့သို့သော ကိစ္စမျိုးကို သူမ အများကြီး တွေ့ဖူးသည်။ ဥပမာ အရင်ဘဝမှ လက်ဖက်ရည်ဆိုင်များသည်လည်း ထိုနည်းအတိုင်းပင်။ တစ်ဆိုင်က သစ်သီးလက်ဖက်ရည် ထုတ်လိုက်သည်နှင့် နောက်ဆိုင်တိုင်းက လိုက်ထုတ်ကြသည်။ ဤကိစ္စအတွက် ဒေါသထွက်ပြီး လိုက်ရှင်းနေလျှင် ဘယ်တော့မှ ပြီးဆုံးမည် မဟုတ်ပေ။
"ငါတို့လည်း ငွေနည်းနည်းလောက် လျှော့ပေးလိုက်ရင်ရော... အခု လူတော်တော်များများက စျေးသက်သာတာ မက်ပြီး ဟိုဆိုင်တွေ သွားစားနေကြတာ မြင်ရတာ ငါဖြင့် ရင်ပူလိုက်တာ" အဒေါ်ကုက တိုးတိုးတိတ်တိတ် အကြံပြုလိုက်သည်။
ထို့နောက် သူမသည် ရှန်မြောင်က ခေါင်းခါလိုက်သည်ကို မြင်လိုက်ရသည်။ ရှန်မြောင်သည် ဟင်းရွက်များကို အေးအေးလူလူ ဆက်လက်ရေလောင်းလိုက်ပြီး လက်ထဲက ရေမုတ်ကို ခြံစည်းရိုးပေါ်တွင် ချိတ်လိုက်လေသည်။
သာ့ကျဲအာတွင် ထူးဆန်းသော အကျင့်တစ်ခု ရှိသည်။ သူမသည် နံရံပေါ်တွင် ချိတ်၍ရသမျှ ပစ္စည်းအားလုံးကို ချိတ်ထားတတ်သည်။ မီးဖိုချောင်ထဲတွင် ဓား၊ ယောက်မ၊ ဂေါ်ပြားမှစ၍ ရေစုတ်ဝတ်အထိ ကြိုးတပ်ကာ နံရံပေါ်တွင် တစ်တန်းကြီး ချိတ်ဆွဲထားသည်။ ခြံဝင်းထဲတွင်လည်း ထိုနည်းအတိုင်းပင်။
ရေမုတ်၊ တံမြက်စည်း၊ ဂေါ်ပြား၊ ခြင်းတောင်း၊ ပလိုင်း နှင့် ခမောက်၊ ရေဇလုံအထိ နံရံပေါ်တွင် မရှိတာ ဟူ၍ မရှိပေ။ အဒေါ်ကုသည် မကြာခဏဆိုသလို တွေးမိသည်။ ရှန်မိသားစု ခြံဝင်းထဲက မြေကြီးများက စူးတတ်လို့များလား။ ဘာလို့များ ကြမ်းပြင်ပေါ် မချထားရတာလဲ။ သို့သော် သူမ ကြည့်ရင်းကြည့်ရင်းနှင့် မျက်စိကျင့်သားရလာပြီး အကျိုးကျေးဇူးကိုလည်း သိလာခဲ့သည်။ ဤကဲ့သို့ ထားခြင်းက တကယ်ပင် သပ်ရပ်ပြီး လူကို စိတ်ရွှင်လန်းစေလေသည်။
ရှန်မြောင် ဤမျှ တည်ငြိမ်နေသည်ကို တွေ့လိုက်ရသဖြင့် သူမ၏ စိတ်ထဲတွင်လည်း အနည်းငယ် တည်ငြိမ်သွားသော်လည်း သက်ပြင်းချနေမိဆဲပင်။
"သူတို့လိုပဲ ဟင်းသီးဟင်းရွက်စျေးနှုန်းမှာ လိုက်ကစားနေရင် ဒီနေ့ ငွေနည်းနည်းလျှော့၊ မနက်ဖြန် ငွေနည်းနည်းလျှော့နဲ့ ကျွန်မတို့ဆိုင် မကြာခင် ပိတ်လိုက်ရလိမ့်မယ်"
ရှန်မြောင်သည် လက်ဆေးလိုက်သည်။ စိတ်ထဲတွင် ဆုံးဖြတ်ချက် ချပြီးပြီ ဖြစ်သည်။ ခေါင်းလှည့်ကာ အဒေါ်ကုကို ပြုံးပြုံးရွှင်ရွှင် ပြောလိုက်လေသည်။
"အဒေါ်ကု မပူပါနဲ့၊ ဒီကိစ္စကို ဖြေရှင်းဖို့ ကျွန်မဆီမှာ ပျော်စရာကောင်းတဲ့ နည်းလမ်းတစ်ခု ရှိတယ်။ ဒီနေ့ စောသေးတော့ အဒေါ်ကု ဆိုင်ခဏစောင့်ပေးပါဦး၊ ကျွန်မ မြေအိုးဖိုနဲ့ မီမိသားစု သစ်ပန်းပုဆိုင်ကို ခဏသွားလိုက်ဦးမယ်"
ခေတ်သစ်မှ စားသောက်ကုန်လောကတွင် ပြိုင်ဆိုင်မှုက ပိုပြီး ပြင်းထန်ရာ ယှဉ်ပြိုင်နိုင်စွမ်း ရှိရန်အတွက် စျေးနှုန်းစစ်ပွဲ ဆင်နွှဲခြင်းသည် အတုံးအအဆုံး နည်းလမ်းတစ်ခု ဖြစ်လေသည်။
ရှန်မြောင်သည် အပြင်ထွက်ရန် ပြင်ဆင်လိုက်ပြီး လေထင်ကိုပါ ကြိုးတပ်လိုက်သည်။ ခွေးကျောင်းရင်း တန်းသွားရန် စဉ်းစားလိုက်ခြင်း ဖြစ်သည်။
အဒေါ်ကုသည် ရှန်မြောင်က လေထင်ကို ကြိုးတပ်နေသည်ကို တိတ်တဆိတ် ကြည့်နေပြီး လေထင်က စိတ်လှုပ်ရှားစွာဖြင့် အပြင်သို့ ပြေးထွက်ရန် ပြင်နေသည်ကိုလည်း ကြည့်နေသည်။ သူမက "ဂရုစိုက်..." ဟု အော်လိုက်ခါရှိသေး ရှန်မြောင်က ခွေးကြိုးကို လက်ပေါ်တွင် လေးငါးပတ်လောက် ရစ်ပတ်လိုက်ပြီး အားဖြင့် ပြန်ဆွဲလိုက်ရာ ပျံထွက်တော့မည့် လေထင်ကို ထိန်းချုပ်လိုက်နိုင်သည်ကို တွေ့လိုက်ရသည်။
သာ့ကျဲအာက အားသန်သားပဲ။ အဒေါ်ကုသည် သူမ လေထဲသို့ ပါသွားမတတ် ဆွဲခေါ်ခံလိုက်ရသော အဖြစ်အပျက်ကို ပြန်တွေးမိပြီး ဤအချက်ကို အမှန်တကယ် လက်ခံလိုက်ရတော့သည်။ သို့သော်လည်း... သူမ ပြန်စဉ်းစားကြည့်လိုက်သည်။ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကလည်း သာ့ကျဲအာက ဟင်းသီးဟင်းရွက်ဆိုင်မှ လာပို့သော ဟင်းရွက်ခြင်းတောင်း အကြီးကြီးကို ထမ်းချင်ထမ်းလိုက်တာပဲ။
ရှန်မြောင်သည် ခွေးဆွဲပြီး ထွက်သွားလေသည်။ ယခု ၆ လပိုင်းအစ ရောက်နေပြီဖြစ်ရာ ပြန့်ကျင်းမြို့ထဲတွင် ကြာပန်းမီးအိမ် ရောင်းချသော စျေးသည်များ များပြားလာသည်။ ပြန့်ကျင်းမြို့တွင် ၆ လပိုင်း ၂၄ ရက်နေ့တိုင်း "ကြာပန်းပွဲတော်" ဟူသော နွေရာသီ ပွဲတော်ကြီး ကျင်းပလေ့ရှိသည်။ ထိုနေ့ရောက်လျှင် ကျားမ မရွေး၊ အသက်အရွယ်မရွေး ကျင်းမင်ရေကန်သို့ သွားရောက်ကာ လှေစီးခြင်း၊ ကြာပန်းရှုစားခြင်းများ ပြုလုပ်ကြပြီး ပြန့်မြစ်ထဲတွင် ကြာပန်းမီးအိမ် မျှောကြကာ တစ်နေ့လုံး စည်ကားသိုက်မြိုက်ကြသည်။
ကြာပန်းပွဲတော် ရောက်ရန် လဝက်ကျော် လိုသေးသဖြင့် အချိန်မီလောက်သည်။ သူမသည် ဤအချက်ကို အကြံရသွားပြီး ခေတ်သစ်တွင် နာမည်ကြီးခဲ့သော လက်ဖက်ရည်ဆိုင်မှ လက်ဖက်ရည်အိတ်နှင့် လက်ကိုင်အိတ်များကို ဆက်စပ်တွေးတောမိကာ ပွဲတော်အပြင်အဆင်ဖြင့် လှုပ်ရှားမှုတစ်ခု ပြုလုပ်ရန် ပြင်ဆင်လိုက်သည်။
ဧည့်သည်ကို ဆွဲဆောင်ချင်လျှင် ဟင်းပွဲကောင်းမွန်ရုံသာမက ဈေးကွက်မြှင့်တင်ရေးကိုလည်း လုပ်တတ်ရမည်။
ရှန်မြောင်သည် မြေအိုးဖိုသို့ အရင်သွားပြီး "ပွဲတော် အထူးထုတ်" မြေအိုးခွက်များကို မှာယူလိုက်သည်။ အိုးထိန်းသည်အား အိုးပေါ်တွင် "ကြာတောထဲ ကူးခတ်နေသော ငါး" ပုံစံ ထွင်းထုခိုင်းပြီး မြေအိုးအဖုံးကို ကြာရွက်ပုံစံ ပြုလုပ်ကာ အစိမ်းရောင် ရွှံ့ဆေးသုတ်ခိုင်းလိုက်သည်။ လက်ကိုင်ကို ကြာရိုးပုံစံ ပြုလုပ်လိုက်ရာ ပြီးသွားသည့်အခါ ရှေးဆန်ပြီး လက်ရာမြောက်သော အိုးတစ်လုံး ဖြစ်လာလေသည်။ သူမက အများကြီး မမှာဘဲ အလုံးရေ ဆယ်ဂဏန်းလောက်သာ မှာလိုက်သည်။ ရည်ရွယ်ချက်မှာ အကန့်အသတ်ဖြင့် ထုတ်လုပ်ထားသော ပစ္စည်းဖြစ်စေရန်ပင်။
ပြီးနောက် သူမသည် မီရှောင်ညန်ဇီ၏ သစ်ပန်းပုဆိုင်သို့ သွားရောက်ကာ "ရှန်ကျိ အထူးအသင်းဝင် အရုပ်ဆက်လက်စွဲ" ပြုလုပ်ရန် စီစဉ်လိုက်သည်။ သစ်ပန်းပုဆိုင်ရှိ သစ်သားစအကျန်များကို အသုံးပြုပြီး သစ်သားပြား အရုပ်ဆက်လေးများ ပြုလုပ်ခိုင်းလိုက်သည်။ သူမ၏ အထူးဧည့်သည် အသင်းဝင်ဖြစ်လာပါက ပွဲတော်ကာလ လျှော့စျေးများ ခံစားခွင့်ရရှိမည့်အပြင် ငါးကင်တစ်ကြိမ်စားတိုင်း အရုပ်ဆက်တစ်ခု ရရှိမည် ဖြစ်သည်။ အရုပ်ဆက်တစ်ခုလုံး ပြည့်သွားပါက လျှော့စျေးကူပွန် သို့မဟုတ် သီးသန့် အမှတ်တရပစ္စည်းများ လဲလှယ်နိုင်မည် ဖြစ်သည်။
အင်း... ဘာအမှတ်တရပစ္စည်း လုပ်ရင် ကောင်းမလဲ။
...