အခန်း (၇၅-၇၆)
Vol. 8 Ch. 75-76
အပိုင်း (၇၅) ခွေးအကျင့် လူဆီကူးစက်ခြင်း
ယိုယွီသည် ငယ်စဉ်ကတည်းက ကြမ်းတမ်းသည့် အလုပ်များကို လုပ်ကိုင်ခဲ့ရသဖြင့် လက်အား အလွန်သန်မာလေသည်။ ဉာဏ်ရည်ဉာဏ်သွေး နိမ့်ကျသူဖြစ်သဖြင့် တုံ့ပြန်ပုံက လူများအံ့ဩလောက်အောင် ဖြစ်ရတတ်သည်။ အခြားသူသာဆိုလျှင် နက်ရှိုင်းသော ရေမြောင်းအမှောင်ထဲတွင် တောက်ပနေသော မျက်လုံးတစ်စုံကို တွေ့လိုက်ရပါက ကြက်သီးထကာ ကြောက်လန့်ပြီး ခြေကုန်သုတ် ထွက်ပြေးကြပေလိမ့်မည်။
သို့သော် ယိုယွီသည် အခြားသူများနှင့် မတူပေ။ သူမသည် အော်လည်းမအော်၊ ထွက်လည်းမပြေးဘဲ ရုတ်တရက် လက်လှမ်းကာ အထဲသို့ နှိုက်ဖမ်းလိုက်လေသည်။
သူမသည် ဆံပင်လို အရာတစ်ခုကို လှမ်းဆွဲမိလိုက်ပြီး အားကုန်သုံးကာ ဆွဲထုတ်လိုက်ရာ အတွင်းမှ လူမှန်းတိရိစ္ဆာန်မှန်း မသဲကွဲသော အရာတစ်ခုကို အတင်းအဓမ္မ ဆွဲထုတ်လိုက်မိတော့သည်။
ထိုအခါ လှုပ်ရှားမှုအသံက အတော်ကျယ်လောင်သွားပြီး ရှန်းအာနှင့် လီကိုအာတို့မှာ လန့်ဖျပ်သွားကြကာ လှမ်းကြည့်လိုက်ရင်း ကြောက်လန့်လွန်းသဖြင့် နံရံကို ကပ်ကာ မတ်တတ်ရပ်လိုက်မိကြသည်။ နှစ်ယောက်သား ပူးကပ်နေကြပြီး မျက်လုံးအဝိုင်းသားဖြင့် အချိန်အတော်ကြာသည်အထိ စကားမပြောနိုင် ဖြစ်သွားကြလေသည်။
ယိုယွီ၏ လက်ထဲတွင် ထင်းခြောက်စကဲ့သို့ ပိန်လှီနေသော ကလေးတစ်ယောက်ကို ဖမ်းမိထားလေသည်။ ထိုကလေးသည် ဆံပင်ဖွာလန်ကြဲနှင့် ဖြစ်ပြီး စုတ်ပြတ်နေသော အဝတ်အစားများက ကိုယ်ပေါ်တွင် ကပ်နေကာ တစ်ကိုယ်လုံး စိုရွှဲနေသည်။ အမှောင်ထဲမှ နေ့ခင်းကြောင်တောင် အလင်းရောင်အောက်သို့ ဆွဲထုတ်ခံလိုက်ရသဖြင့် ခြေရောလက်ပါ ကန်ကျောက်ကာ ရုန်းကန်နေသော်လည်း ယိုယွီ၏ သံညှပ်ကဲ့သို့ သန်မာသော လက်ကြီးက မြဲမြံစွာ ဖမ်းချုပ်ထားလေသည်။
ရေမြောင်းသည် မြေအောက်ရေဆင်းလမ်းကြောင်းများနှင့် ဆက်စပ်နေပြီး မြို့ပြင်ကျုံးမြောင်းများဆီသို့ တစ်ဆင့်ပြီးတစ်ဆင့် ပေါက်ရောက်လေသည်။ အတွင်းပိုင်းတွင် နက်ရှိုင်းပြီး ကွေ့ကောက်ရှုပ်ထွေးသည်။ အရင်က ထွက်ပြေးလွတ်မြောက်လာသော ရာဇဝတ်သားများ ရေမြောင်းထဲတွင် ပုန်းခိုဖူးသည့် ဖြစ်စဉ်ရှိခဲ့သဖြင့် နန်းတော်လမ်းမကြီး ဘေးရှိ ရေမြောင်းဝများတွင် သံတိုင်များ တပ်ဆင်ထားပြီး အတွင်းဘက်တွင် သံချွန်များပါ တပ်ဆင်ထားလေသည်။ ရေမြောင်းထဲမှတဆင့် နန်းတွင်းထဲသို့ ဝင်ရောက်လာမည်ကို ကာကွယ်ရန် ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က တွားသွားဝင်ရောက်ရန် ကြိုးစားပါက သံချွန်များနှင့် ငြိကာ ဗိုက်ကွဲသေဆုံးသွားပေလိမ့်မည်။
သို့သော် အခြားနေရာများတွင်မူ ထိုမျှလောက် ငွေကုန်ကြေးကျခံကာ မလုပ်ထားပေ။ ပုံမှန်အားဖြင့် ကျောက်တုံးကြီးအချို့နှင့် တစ်ဝက်လောက် ပိတ်ထားတတ်ပြီး မိုးရွာသည့်ရက်များတွင် ဖယ်ရှားပေးတတ်ကြသည်။ ထိုမျှလုပ်ပေးထားလျှင်ပင် ဂရုစိုက်ရာ ရောက်နေပြီ ဖြစ်သည်။ ယန်လျိုအရှေ့လမ်းကြားမှ ရေမြောင်းဝသည်လည်း ထိုနည်းတူပင်။ ပြီးခဲ့သည့်ရက်က မိုးရွာတုန်းက ဖယ်ရှားထားသည့် ကျောက်တုံးများကို ဘေးတွင် ပစ်ထားခဲ့ပြီး ပြန်ပိတ်ဖို့ မေ့နေကြခြင်း ဖြစ်သည်။
"ယို... ယိုယွီ၊ နင် ဘာ... ဘာကြီး ဖမ်းမိထားတာလဲ"
ရှန်းအာနှင့် လီကိုအာတို့သည် ထိတ်လန့်နေရာမှ တဖြည်းဖြည်း စိတ်ငြိမ်သွားပြီး ဖြည်းဖြည်းချင်း တိုးကပ်လာကြသည်။ ထိုကလေးသည် အလွန်ပိန်လှီလွန်းသဖြင့် ယိုယွီက လက်တစ်ဖက်တည်းနှင့် ဖိထားနိုင်သည်။ သူသည် မကျေမနပ် ခေါင်းမာစွာဖြင့် မြေကြီးပေါ်တွင် မှောက်လျက်သား ရှိနေ၏။ မရုန်းနိုင်တော့သော်လည်း အသက်ကို ပြင်းပြင်းရှူနေပြီး အက်ကွဲနေသော လက်များဖြင့် မြေကြီးကို ကုတ်တွယ်ထားလေသည်။ အားကုန်နေပြီ ဖြစ်သော်လည်း ယိုယွီ ဆွဲခေါ်ရာနောက်သို့ တစ်လှမ်းမျှ ပါမသွားစေရန် တောင့်ခံထားသည်။
သူသည် အဝတ်အစား လုံလောက်အောင် မပါသည့်အပြင် အရိုးပေါ်အရေတင်နေသည့် ခြေထောက်တစ်ဖက်မှာ ပုံမှန်မဟုတ်ဘဲ ကွေးကောက်နေလေသည်။ မျက်နှာသည် ပိန်လွန်းသဖြင့် ပါးရိုးပေါ်တွင် အရေပြားကပ်နေသကဲ့သို့ ဖြစ်နေပြီး ပါးချိုင့်များ ခွက်ဝင်နေကာ တစ်ကိုယ်လုံး ရွှံ့များ ပေကျံနေသည်။ ရှန်းအာသည် သတ္တိမွေးကာ သွားကြည့်လိုက်သောအခါ ထိတ်လန့်ဖွယ် ကောင်းလောက်အောင် ကြီးမားနေသော မျက်လုံးတစ်စုံကိုသာ သဲကွဲစွာ မြင်လိုက်ရသည်။ မျက်လုံးထဲမှ ထွက်ပေါ်နေသော အလင်းရောင်သည် အေးစက်ပြီး ရက်စက်ကြမ်းကြုတ်ပုံ ပေါ်လေသည်။ အရိုးထဲထိ အေးခဲသွားစေမည့် နှင်းစက်များကဲ့သို့ပင်။
သူ လှမ်းကြည့်လိုက်သဖြင့် ရှန်းအာ ကြောက်လန့်သွားပြီး မတ်တတ်ရပ်ကာ နောက်သို့ ဆုတ်လိုက်မိသည်။ လီကိုအာဆိုလျှင် "ဝှစ်ခနဲ" နေအောင် ရှန်းအာ့နောက်သို့ ဝင်ပုန်းလိုက်ပြီး တုန်ရီနေသော ခေါင်းလေးကိုသာ ပြူထွက်ကြည့်နေတော့သည်။
ထိုလူက မလှုပ်ရှားနိုင်တော့သဖြင့် ရှန်းအာသည် စိတ်စူးစမ်းလာကာ ပြန်ထိုင်ချလိုက်ပြီး မျက်လုံးအဝိုင်းသားဖြင့် ကြမ်းပြင်ပေါ်ကလူကို သေချာကြည့်လိုက်ပြန်သည်။
လီကိုအာသည် ရှန်းအာထက်ပင် သတ္တိနည်းလေသည်။ ရှန်းအာ့နောက်ကျောတွင် အချိန်အတော်ကြာ ပုန်းနေပြီးမှ တိုးတိုးလေး ပြောလေသည်။ "ရှန်းအာ... သူ့ရုပ်က ကြောက်စရာကြီးဟာ၊ မသွားပါနဲ့တော့"
သူက ရှန်းအာကို နောက်သို့ နှစ်ချက်လောက် ဆွဲလိုက်သော်လည်း မရွေ့သဖြင့် ခြေဆောင့်လိုက်ကာ ရှန်းအာနှင့် ယိုယွီကို ထားပစ်ခဲ့ပြီး ရေမြောင်းထဲမှ ကုန်းကုတ်ထွက်ကာ လူသွားခေါ်တော့သည်။
"အမေ... အဒေါ်ကု... ယိုယွီ သူခိုးတစ်ယောက် ဖမ်းမိထားတယ်"
ယိုယွီသည် ကြွက်ဖမ်းမိထားသော ကြောင်တစ်ကောင်လို ထိုကလေးကို မြဲမြံစွာ ဖမ်းချုပ်ထားဆဲဖြစ်ပြီး သူမ၏ ရိုးသားဖြူစင်သော မျက်နှာတွင် ချီးကျူးခံချင်သည့် အပြုံးအချိုလေး ပေါ်နေလေသည်။
ရေမြောင်းထဲတွင် အရိပ်အာဝါသ မရှိပေ။ လေတိုက်ခတ်မှုကြောင့် သစ်ရိပ်များ လှုပ်ရှားနေပြီး အိမ်ခေါင်မိုးစွန်းများကြားမှ နေရောင်ခြည်များ ကျရောက်နေသည်။ ရှန်းအာ့ကိုယ်ပေါ်တွင် ပြန့်ကျဲနေသော အလင်းရိပ်များ ကျရောက်နေပြီး သူမသည် ဒူးပေါ် လက်နှစ်ဖက် ယှက်တင်ကာ ခေါင်းငုံ့လျက် မျက်ခုံးလေး တွန့်ချိုးပြီး နူးညံ့စွာ မေးလိုက်လေသည်။ "နင်က ဘယ်သူလဲ၊ ဒီမှာ ဘာလုပ်နေတာလဲ"
မည်သူမျှ ပြန်မဖြေပေ။ ထိုညစ်ပတ်ပေရေနေသော ကလေးသည် အောက်မှနေ၍ မော့ကြည့်လိုက်သည်။ သန့်ရှင်းဖွေးဥပြီး အလင်းရောင်အောက်တွင် တောက်ပနေသော ရှန်းအာကို ကြည့်လိုက်ရာ အမှောင်နှင့် ယဉ်ပါးနေသော မျက်လုံးများက အလင်းရောင်ကြောင့် ကျိန်းစပ်ကာ မျက်ရည်များ ကျလာသဖြင့် မျက်ခွံကို ပြန်ချထားလိုက်သည်။
'ဒီလူက ယိုယွီထက်တောင် စကားနည်းသေးတယ်'
ခဏလောက် စဉ်းစားလိုက်ပြီးနောက်...
ရှန်းအာ မျက်လုံးများ မှေးကျဉ်းသွားပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။ "နင် ငါနဲ့ အိမ်လိုက်ခဲ့၊ ငါ နင့်ကို မုန့်ကျွေးမယ်၊ ပြီးတော့ ဆံပင်ညှပ်ပေးမယ်"
..........
အိမ်ကခွေးက ပစ္စည်းကောက်တတ်သည့်အကျင့် မပျောက်သေးခင်မှာပင် ထိုအကျင့်ဆိုးက ခွေးဆီကနေ လူဆီ ကူးစက်မည့် လက္ခဏာပြလာလိမ့်မည်ဟု ရှန်မြောင် ထင်မထားခဲ့မိပေ။
သူမသည် အိမ်က အဖြစ်အပျက်များကို မသိဘဲ လန်ရှင်းစာအုပ်ဆိုင်တွင် တက်ကြွစွာဖြင့် ဈေးဝယ်ထွက်နေလေသည်။
သူမ ဆိုင်ဖွင့်လာသည့် ကာလတစ်လျှောက် ငွေလဲကောင်တာတွင် ငွေသား ၅၀ လျန် သွားလဲလှယ်ခဲ့ပြီး ယခင်က စုဆောင်းထားသည်များနှင့်ပေါင်းကာ ဟင်းသိုလှောင်သည့် မြေအောက်ခန်းထဲတွင် လျှို့ဝှက်သိမ်းဆည်းထားလိုက်သည်။
ယခုလက်ရှိ ဆိုင်လည်ပတ်ရန် သုံးစွဲနေသည့် ငွေရင်းနှင့် နေ့စဉ်သုံးစရိတ်များကို ထည့်မတွက်ဘဲ သူမတွင် ငွေ ၁၀၀ လျန်ကျော် စုမိဆောင်းမိ ရှိနေပြီဖြစ်သည်။
ရှန်မိသားစု၏ စားဝတ်နေရေးနှင့် လူနေမှုအဆင့်အတန်းသည် တဖြည်းဖြည်း ပြည့်စုံလာခဲ့သည်။ အသားစားရခြင်းသည် ဇိမ်ခံပစ္စည်း မဟုတ်တော့သလို၊ အရင်ကလို ကျိအာ စာရေးလေ့ကျင့်ရာတွင် သစ်သားပျဉ်ချပ်ပေါ် ရေးပြီး ပြန်ဖျက် သုံးစရာ မလိုတော့ပေ။
ရှဲ့ချီသည် လန်ရှင်းစာအုပ်ဆိုင်ရှိ စာအုပ်စင်များကြားတွင် လျှောက်ကြည့်နေရင်း စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်ပြီး ရှန်မြောင်ကို ပြောလိုက်သည်။ "ချောင်ဝေခေတ်က ဟယ်ယန် ဆိုတဲ့ ပညာရှိတစ်ယောက် ရှိတယ်။ သူမှတ်ချက်ရေးထားတဲ့ 'လွန်းယွီ (ကွန်ဖြူးရှပ် ကျမ်း)' မှတ်စုစာအုပ်က အကောင်းဆုံးပဲ၊ 'လွန်းယွီ' ဝယ်မယ်ဆိုရင် သူ့ရဲ့ မှတ်စုစာအုပ်ကိုပါ တွဲဝယ်သင့်တယ်။ သူက ဟန်ခေတ်နဲ့ ဝေခေတ်က ပညာရှိတွေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ ရှင်းလင်းချက်တွေကို စုစည်းထားတာ၊ အဲဒါကို ဖတ်ပြီးရင် စာသင်တဲ့အခါ ထိရောက်မှု ပိုရှိလိမ့်မယ်"
အခြားသူသာ ပြောလျှင် ရှန်မြောင်သည် တကယ်လိုအပ်မလိုအပ် စဉ်းစားဦးမည် ဖြစ်သော်လည်း ယခုလို နှစ်တိုင်း ပထမချည်း ရနေသည့် စာတော်သူ ရှဲ့ချီက ညွှန်းသည့် စာအုပ်ဖြစ်နေသဖြင့် သူမတွင် ပြတ်သားသည့် စကားတစ်ခွန်းသာ ရှိလေသည်။ "ဝယ်မယ်"
" 'မန်ဇီကျမ်း' လည်း အတူတူပဲ။ အရှေ့ဟန်ခေတ်က ကျောက်ချီ ရေးထားတဲ့ 'မန်ဇီ အခန်းကဏ္ဍ အဖွင့်ကျမ်း' ဆိုတာ ရှိတယ်၊ အဲဒါက ရှေးအကျဆုံး မှတ်စုကျမ်းပဲ၊ သူက စကားလုံး အနက်ဖွင့်တာနဲ့ စာသားရှင်းလင်းချက်တွေကို သေချာ ရေးထားတာ၊ 'မန်ဇီကျမ်း' ကို လေ့လာရင် ဒီစာအုပ် ဖတ်မှ သဘောပေါက်မှာ"
"ဝယ်မယ်၊ ဝယ်မယ်"
"စုတ်တံ၊ မင်တောင့်နဲ့ စာရွက်တွေကတော့ သိပ်ပြောစရာ မလိုပါဘူး၊ ခုနက နဉ်တာ့ ရွေးပေးလိုက်တာတွေ သုံးလို့ရတယ်။ ဒါပေမဲ့ စာရွက်ပေါ် မျဉ်းဆွဲဖို့ ပေတံနဲ့ စာရွက်ဖြတ်ဖို့ ဓားတော့ ဝယ်ရမယ်။ ကျိအာမှာ တံဆိပ်တုံး ရှိလား မသိဘူး။ မရှိရင် နောက်ရက် အားတဲ့အချိန် ရှန်ညန်ဇီ သူ့ကို တံဆိပ်တုံးထုဖို့ ခေါ်သွားလိုက်ပါ၊ ကျောက်သားက သိပ်ဈေးကြီးစရာ မလိုပါဘူး၊ ပုံမှန်အားဖြင့် အပျော်တမ်းတံဆိပ်တုံး၊ ထောင့်တံဆိပ်တုံးနဲ့ နာမည်တံဆိပ်တုံး သုံးမျိုးရှိရင် ရပြီ။ အရှင်မင်းကြီးက စာပေနဲ့ ပန်းချီကို မြတ်နိုးတော့ ကျောင်းတော်မှာ ပန်းချီသင်တန်း ဖွင့်ထားတယ်၊ ၇ ရက် တစ်ခါ တက်ရတယ်၊ တံဆိပ်တုံး ရှိထားတော့ နောက်ပိုင်း အဆင်ပြေတာပေါ့"
"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ မှတ်ထားလိုက်ပါပြီရှင်"
"သူဌေးကျိုး ဆိုင်မှာ မိုးကာပစ္စည်းတွေလည်း ရောင်းတယ်၊ ကောက်ရိုးကာအင်္ကျီ၊ ခမောက်နဲ့ သစ်သားဖိနပ်တွေလည်း ဆောင်ထားသင့်တယ်..."
ရှန်မြောင်သည် မျက်စိမှိတ် ယုံကြည်နေပြီဖြစ်ရာ ခေါင်းညိမ့်ရုံသာ တတ်နိုင်တော့သည်။ "ဝယ်မယ်၊ ဝယ်မယ်၊ ဝယ်မယ်"
မကြာမီ ကောင်တာပေါ်တွင် စာအုပ်များနှင့် လူသုံးကုန်ပစ္စည်းများ ပုံသွားလေသည်။ သူဌေးကျိုးမှာ သဘောကျလွန်း၍ မျက်လုံးပျောက်မတတ် ပြုံးရယ်နေပြီး ရှန်မြောင်ကို အဝတ်စကြမ်း အကြီးကြီးတစ်ခု လက်ဆောင်ထပ်ပေးကာ ပစ္စည်းများကို သေချာထုပ်ပိုးပြီး တွန်းလှည်းပေါ် တင်ပေးလိုက်သည်။ "လိုတာရှိရင်လည်း ကိစ္စမရှိပါဘူးဗျာ၊ ကျောင်းကနေ ဒီကိုလာဝယ်ရတာ လွယ်ပါတယ်၊ ကြည့်ပါဦး၊ ကျုပ်ဆိုင်ကနေ ခြေဖျားထောက်ကြည့်ရင်တောင် ကျောင်းရဲ့ ဘေးပေါက်ကို လှမ်းမြင်နေရတာ၊ ဒီလမ်းအတိုင်း လမ်းလျှောက်ရင် ခဏလေးနဲ့ ရောက်တယ်"
ရှန်မြောင် ခေါင်းညိမ့်လိုက်ပြီး ကျိအာကို လက်ဆွဲကာ ရှဲ့ချီကို နှုတ်ဆက်ပြီး မြို့ထဲသို့ ပြန်ရန် ပြင်လိုက်သည်။ သူမ ဆန်ဆိုင် သွားရဦးမည်၊ ပြီးတော့ ကျိအာအတွက် အိပ်ရာလိပ် အသေး နှစ်လိပ်လောက် မှာရဦးမည်။ ကျိုကော ပြောပြချက်အရ ကျောင်းဆောင်က အခန်းအကျယ်အဝန်း မတူကြဘဲ အများစုက တစ်ခန်းလျှင် ၄ ယောက်မှ ၈ ယောက်ထိ နေရတတ်သည်။ လူတိုင်း တစ်ယောက်အိပ် ကုတင်နှင့် နေရပြီး ကျဉ်းမြောင်းသည်။ အိမ်က ဖျာနှင့် စောင်များက ကြီးလွန်းသဖြင့် အတိုင်းအတာနှင့် ကိုက်ညီသော အိပ်ရာလိပ်ကို သီးသန့်ချုပ်ပြီး စာအုပ်သေတ္တာပေါ် တင်သွားလျှင် သယ်ယူရလွယ်ကူသလို လျှော်ဖွပ်လှန်းရန်လည်း လွယ်ကူလိမ့်မည်။
ရှဲ့ချီသည် တံခါးဝအထိ တကောက်ကောက် လိုက်ပို့လေသည်။ ရှန်မြောင်က လိုက်မပို့ရန် ပြောမည်ပြုစဉ် သူမ၏ အကြည့် ရပ်တန့်သွားပြီး ရှဲ့ချီ၏ အင်္ကျီထဲတွင် တစ်စုံတစ်ခု လှုပ်ရှားနေသည်ကို ရုတ်တရက် သတိထားမိလိုက်သည်။
ထိုအရာသည် ခါးကြားမှ တရွရွနှင့် တွားတက်လာပြီး မကြာမီ ရင်ဘတ်အင်္ကျီစအောက်သို့ ရောက်လာသည်။ မူလက သပ်ရပ်နေသော ကော်လာနေရာသည် ရုတ်တရက် ဖောင်းပွလာတော့သည်။
သူမ အံ့ဩစွာ ကြည့်နေစဉ်မှာပင် အမွေးပွပွ ဝိုင်းစက်စက် ကြောင်ခေါင်းလေးတစ်ခု အင်္ကျီစကြားမှ ရုန်းထွက်လာပြီး ပါးစပ်ဟကာ "မြောင်... မြောင်" ဟု အဆက်မပြတ် အော်လေတော့သည်။
"ချီလင်?" ရှန်မြောင်က လှမ်းပွေ့လိုက်ပြီး လက်နှစ်ဖက်ဖြင့် မြှောက်ကြည့်လိုက်ရာ ကြောင်ပေါက်လေး၏ စိုစွတ်နေသော မျက်လုံးဝိုင်းလေးများနှင့် အကြည့်ချင်း ဆုံမိသွားသည်။
ညတုန်းက ကျွေးဖုန်း ကိုက်ချီလာတုန်းက ကျွေးဖုန်း၏ တံတွေးတွေရွှဲပြီး အမွေးတွေက ဖွာလန်ကြဲကာ ကြမ်းတိုက်အဝတ်စုတ် လမ်းလျှောက်လာသလို ဖြစ်နေသဖြင့် ကြည့်၍မကောင်းခဲ့ပေ။
ထိုညက အမှောင်ထုကြောင့် သေချာမမြင်ရသော်လည်း ဒီနေ့ကြည့်လိုက်မှ ဒီကြောင်လေးက အတော်လှမှန်း သိလိုက်ရသည်။ အမွေးရှည်ကြောင်လေးဖြစ်ပြီး ဘယ်ဘက်မျက်နှာက လိမ္မော်ရောင်၊ ညာဘက်မျက်နှာက အနက်ရောင်ဖြစ်ကာ အလယ်တည့်တည့်တွင် ကွဲနေသည်။ ခေါင်းပေါ်တွင် အဝါရောင်အကွက်လေး ပါပြီး ကိုယ်လုံးပေါ်တွင် အဝါရောင်က အနက်ရောင်ထက် များလေသည်။ ဗိုက်သားမှာ ဖြူဖွေးနေပြီး နောက်ခြေထောက်တွင် အကွက်လေးများ ပါသည်မှလွဲလျှင် ရှေ့ခြေထောက်နှစ်ဖက်လုံး ဖြူဖွေးနေသည်။
ခြေသည်းလေးများကို လှန်ကြည့်လိုက်တော့ ခြေဖဝါးလေးဖက်စလုံး ပန်းရောင်လေးများ ဖြစ်နေသည်။
ရှဲ့ချီက သေချာ ဂရုစိုက်ထားပုံရသည်။ ပွေ့လိုက်သည်နှင့် ဆိတ်နို့နံ့ သင်းသင်းလေး ရနေပြီး အမွေးများက ခြောက်သွေ့ပွယောင်းနေကာ အသံလည်း ပိုကျယ်လာသည်။
"ရှင်က ဘာလို့ သူ့ကို တစ်ချိန်လုံး သယ်သွားနေရတာလဲ" ရှန်မြောင်က ကြောင်ကို ပွတ်သပ်ပေးရင်း ရှဲ့ချီကိုယ်ပေါ်ကနေ ရုတ်တရက် ကြောင်တစ်ကောင် ထွက်လာသည်ကို ရယ်ချင်နေမိတော့သည်။
ရှဲ့ချီက မတတ်သာသလို ချစ်ခင်စွာဖြင့် ကြောင်ခေါင်းလေးကို တို့ထိလိုက်ကာ "ကျွန်တော် တစ်ညလုံး အစာကျွေးထားတော့ သူက ကျွန်တော့်ကို ခင်သွားတာ၊ ယန့်ရှူးနဲ့ ချိုးဟောင်တို့ ဝင်ကျွေးရင် မစားဘူး၊ အသံကုန် အော်ငိုနေရော၊ ကျွန်တော်ရောက်သွားမှ ငြိမ်သွားတာ၊ ဗိုက်ဆာမှပဲ အော်တော့တယ်... အခုလည်း ဗိုက်ဆာလို့ နေမှာ"
ပြီးတော့ ၂ နာရီခြား တစ်ခါလောက် ကျွေးနေရတာဆိုတော့ ခေါ်သွားတာ ပိုအဆင်ပြေသည်။
ဒီနေ့ ရှဲ့ချီနှင့် အတူပါလာသူမှာ ချိုးဟောင် ဖြစ်သည်။ သူက အလိုက်တသိပင် ကျောပိုးအိတ်ထဲမှ ဆိတ်နို့ခဲကို ထုတ်ယူကာ အတုံးသေးလေး လှီးဖြတ်လိုက်ပြီး သူဌေးကျိုးထံမှ ရေနွေးတောင်းကာ ဖျော်လိုက်သည်။ ပြီးနောက် ငွေဇွန်းလေး ထုတ်လိုက်ပြီး အားလုံးအဆင်သင့်ဖြစ်သောအခါ ပန်းကန်လုံးနှင့် ဇွန်းကို ရှဲ့ချီအား ပေးလိုက်လေသည်။
ရှန်မြောင်သည် ရှဲ့ချီ ကြောင်စာကျွေးသည်ကို စိတ်ဝင်တစား ကြည့်နေမိတော့သည်။ သူ့လက်ဖဝါးက ကျယ်ပြန့်သဖြင့် လက်တစ်ဖက်တည်းနှင့် ကြောင်ကို ထိန်းထားပြီး ကျန်လက်တစ်ဖက်က ဇွန်းကိုကိုင်ကာ စိတ်ရှည်လက်ရှည် တစ်ဇွန်းချင်း တိုက်နေလေသည်။ ချီလင်က ပန်းရောင်လျှာလေး ထုတ်ပြီး လျှက်သောက်လိုက်၊ စိတ်မရှည်သဖြင့် "မြောင်... မြောင်" ဟု အော်လိုက်နှင့် ဖြစ်နေပြီး နားရွက်လေးများက လှုပ်စိလှုပ်စိ ဖြစ်နေလေသည်။
နို့စို့ကြောင်လေး ဗိုက်ဝသွားသောအခါ ဗိုက်ပူလာပြီး ပါးစပ်တစ်ဝိုက်တွင် နို့များ ပေကျံနေသည်။ ရှဲ့ချီက သူအမြဲဆောင်ထားသော လက်ကိုင်ပဝါကို ထုတ်ပြီး ညင်သာစွာ သုတ်ပေးလိုက်လေသည်။
ဒီလောက်ကြောင်သေးသေးလေးက ဗိုက်ဝလျှင် အိပ်ချင်လာသည်။ ရှဲ့ချီကိုယ်ပေါ်တွင် ယိုင်နဲ့နဲ့ လေးငါးလှမ်း လျှောက်ပြီးနောက် အင်္ကျီရင်ဘတ်ထဲသို့ အလိုအလျောက် တိုးဝင်သွားပြန်သည်။
ဒီနေ့ ရှဲ့ချီ ဝတ်ထားသော အင်္ကျီက ပွယောင်းယောင်းဖြစ်ပြီး ခါးပတ်စည်းထားသဖြင့် ဝမ်းဗိုက်နှင့် ခါးပတ်ကြားတွင် သဘာဝကြောင်အိပ်ရာလေး ဖြစ်နေတော့သည်။ ရှန်မြောင် လှမ်းကြည့်လိုက်သောအခါ ကြောင်လေး ဝင်နေသဖြင့် အင်္ကျီက မသိမသာ ဖောင်းနေသည်ကို တွေ့လိုက်ရသည်။
ခုနကလည်း ဒီလိုပဲ အိပ်နေတာ ဖြစ်မည်။ သူမ သတိမထားမိလိုက်ခြင်းသာ။
"ပင်ပန်းလိုက်တာ၊ ရှင်ကိုယ်တိုင် ချီလင်ကို ပြုစုနေရတာပဲ..." ရှန်မြောင် စိတ်မကောင်းဖြစ်သွားတော့၏။ နို့စို့ကြောင်ကို ပြုစုရတာ ဘယ်လောက် ပင်ပန်းလဲ သူမ သိသည်။ "သူက ရှင့်ကို ဒီလောက် ကပ်နေမှတော့ ကျောင်းပါ ခေါ်သွားရတော့မှာပေါ့၊ စာကျက်တာ အနှောင့်အယှက် ဖြစ်နေမလား၊ အိမ်ပြန်ခေါ်သွားလိုက်ရမလား"
ရှဲ့ချီက ခါးနေရာကို လက်တင်လိုက်ပြီး အင်္ကျီစအပေါ်မှနေ၍ ချီလင်၏ ကျောကို ညင်သာစွာ ပွတ်သပ်ပေးရင်း ခေါင်းခါလိုက်သည်။ "ကိစ္စမရှိပါဘူး... ရှန်... အဟမ်း... ချီလင်က လိမ္မာပါတယ်၊ ဗိုက်ဝရင် လျှောက်မအော်ပါဘူး၊ ပြီးတော့... ဆရာဖုန်းက စာအုပ်ရေးနေလို့ ဒီရက်ပိုင်း ကျွန်တော့်ကို သိပ်မကြပ်မတ်ပါဘူး"
ရှန်မြောင်သည် သူ့လက်ကို သတိထားမိလိုက်ပြီး မော့ကြည့်လိုက်ရာ သူက မျက်လွှာချထားသည်ကို တွေ့လိုက်ရသည်။ မျက်တောင်ရှည်ကြီးများက စင်းကျနေပြီး ကြည့်ရသူ၏ ရင်ထဲတွင် ရေလှိုင်းအလား နူးညံ့သိမ်မွေ့သော ခံစားမှုမျိုး ဖြစ်ပေါ်လာစေလေသည်။
သို့သော် သူမ အားနာနေမိဆဲ ဖြစ်သဖြင့် အဆင်မပြေတာရှိရင် ပြောဖို့ ထပ်ခါတလဲလဲ မှာကြားလိုက်သည်။
ဒီနေ့ ရှဲ့ချီ ဆိတ်နို့တိုက်နေတာ မြင်မှ သူမ သတိရတော့သည်။ ဝမ်ဝူညန် သို့မဟုတ် အခြား တိရိစ္ဆာန်ရောင်းသည့် ဆိုင်များတွင် နို့တိုက်နေသည့် ကြောင်မိခင် ရှိမရှိ သွားစုံစမ်းကြည့်လို့ ရသည်ပဲ။ အဲဒီနေ့က စိတ်ပူလွန်းလို့ ထူပူပြီး သတိမရခဲ့ခြင်းပင်။
သို့သော် ရှဲ့ချီက ယဉ်ကျေးစွာ ငြင်းပယ်ခဲ့ပြီး ရှန်မြောင်တို့ မောင်နှမနှစ်ယောက်ကို လမ်းထိပ်အထိ လိုက်ပို့လေသည်။ သူတို့ တွန်းလှည်းနှင့် အဝေးသို့ ရောက်သွားမှ သူလည်း ဈေးဝယ်ထွက်လာတာ ဖြစ်ကြောင်း သတိရသွားသည်။ ခုနက အကုန်မေ့လျော့ပြီး ဘာမှ မဝယ်ရသေးပေ။
ယခု သူ လက်ဗလာနှင့် ဖြစ်နေပြီး တစ်နေကုန် လျှောက်ကြည့်ပြီး ဘာမှ မဝယ်ရသေးချေ။
ထို့ကြောင့် စာအုပ်ဆိုင်သို့ အမြန်ပြန်လာခဲ့ရာ တံခါးဝသို့ ဝင်လိုက်သည်နှင့် ရှန်အန်းနှင့် နဉ်ယီတို့၏ စူးရှသော အကြည့်များနှင့် တိုးလေတော့သည်။
နှစ်ယောက်သားက သူ့ကို ပြောင်စပ်စပ် မျက်နှာပေးနှင့် ကြည့်နေကြ၏။
ရှန်အန်းက ဘာမှ မပြောသော်လည်း နဉ်ယီကတော့ မျက်ခုံးပင့် မျက်လုံးပြူး လုပ်ပြပြီး ဟက်ဟက်ပက်ပက် ရယ်ကာ စနောက်လေတော့သည်။ "ရှဲ့ကျိုရေ ရှဲ့ကျို... ခုနက မင်းနဲ့ ရှန်ညန်ဇီတို့နှစ်ယောက် ခေါင်းချင်းဆိုင်ပြီး ကြောင်လေးကို ကြည့်နေကြပုံများ ပန်းချီဆွဲထားသင့်တယ်ဗျာ၊ ခေါင်းစဉ်ကိုတော့ 'မိသားစုသုံးယောက် ပေါင်းစည်းခြင်း' လို့ ပေးရမယ်၊ ဘယ်လိုသဘောရလဲ"
ရှဲ့ချီမှာ နားရွက်များ ပူထူသွားပြီး ဘေးနားက စာအုပ်တစ်အုပ်ကို ကောက်ယူကာ ပစ်ပေါက်လိုက်တော့သည်။
"ပေါက်ကရတွေ၊ သူများမိန်းကလေး ဂုဏ်သိက္ခာကျအောင် မလုပ်စမ်းနဲ့"
........
အပိုင်း (၇၆)
ရှန်မြောင်နှင့် ကျိအာတို့ မြို့အတွင်းသို့ ပြန်ရောက်သောအခါ ထိုက်ဖုန်းဆန်ဆိုင်သို့ အရင်ဝင်ကာ ဈေးနှုန်း စုံစမ်းကြည့်လိုက်သည်။ ဈေးက လွန်ခဲ့သော ရက်နည်းငယ်က အတိုင်းပင် ဖြစ်သောကြောင့် သူမသည် ဂျုံမှုန့် ကျင်း ၁၀၀၊ ပဲနီ၊ ပဲစိမ်း၊ ဆန်နှင့် ပြောင်းဆန် အစရှိသည်တို့ကို ကျင်းရာနှင့်ချီပြီး မှာယူလိုက်လေသည်။
တွန်းလှည်းက သေးနေသဖြင့် အကုန်တင်လို့ မရနိုင်ပေ။ ကံကောင်းသည်မှာ သူမသည် ထိုက်ဖုန်းဆန်ဆိုင်ပိုင်ရှင်နှင့် ရင်းနှီးပြီးသားဖြစ်သဖြင့် သူက နောက်ရက်ကျလျှင် ဆိုင်က အလုပ်သမားများကို လာပို့ခိုင်းလိုက်မည်ဟု ပြောလေသည်။
ထို့နောက် အသားရောင်းသည့်ဆိုင်မှ ပန်းရောင်သမ်းနေသော ဆားနယ်ဝက်သားခြောက်ကို တွေ့သဖြင့် အနည်းငယ် ဝယ်လိုက်ပြန်သည်။ မျှစ်ခြောက်ရောင်းသည့် ဈေးသည်နှင့် တွေ့ပြန်တော့လည်း နည်းနည်း ဝယ်လိုက်ပြန်သည်။ ထိုသို့ လမ်းတစ်လျှောက် ဝယ်လာရင်း ကျိအာနှင့် စကားပြောလာရာ အိမ်တွင် ဘာဖြစ်နေသည်ကို မသိဘဲ အေးအေးလူလူ လမ်းလျှောက်လာခဲ့ကြသည်။
နေဝင်ချိန် ရောက်သောအခါ ရှန်မြောင်နှင့် ကျိအာတို့ လမ်းထိပ်သို့ ရောက်လာကြ၏။ သူမတို့အိမ်ခြံဝင်းတံခါး ပွင့်နေပြီး လူရိပ်လူယောင်များ တွေ့နေရသဖြင့် စိတ်ထဲတွင် မကောင်းသော ခံစားချက် ဖြစ်ပေါ်လာလေသည်။
အိမ်သို့ အမြန်လျှောက်လာခဲ့ရာ အိမ်ရှေ့တွင် အိမ်နီးနားချင်းများ စုဝေးကာ ကျယ်လောင်စွာ ငြင်းခုံနေကြသည်ကို တွေ့လိုက်ရသည်။
အဒေါ်ကု၊ အဒေါ်လီ၊ ကူသာ့လန်နှင့် တို့ဖူးသည် အမျိုးသမီးလျိုတို့ ဝိုင်းအုံနေကြသည်။ အဒေါ်လီက နေကြာစေ့ စားနေရင်း မျက်စိလျင်စွာဖြင့် ရှန်မြောင် ပြန်လာသည်ကို မြင်လိုက်ရာ လှမ်းအော်လိုက်သည်။ "သာ့ကျဲအာ၊ ပြန်လာပြီလား၊ ညည်းညီမ ရှန်းအာက ညစ်ပတ်ပေရေနေတဲ့ မျောက်တစ်ကောင်ကို ကောက်လာတယ်ဟေ့"
ထိုအခါ လူအုပ်ကြီးက လမ်းဖယ်ပေးကြသည်။ ရှန်မြောင် သေချာကြည့်လိုက်ရာ အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ခြံဝင်းထဲတွင် အရိုးပေါ်အရေတင်နေသော ကလေးတစ်ယောက် ရောက်နေသည်။ ထိုကလေး၏ ကိုယ်ပေါ်မှ ရေပုပ်ရေစပ်များ တောက်တောက်ယိုကျနေပြီး မနက်က ပိုနေသော ကြက်ဥမုန့် နှစ်ချပ်ကို ကိုင်လျက် ကြမ်းပြင်ပေါ်တွင် ထိုင်ကာ အငမ်းမရ စားသောက်နေလေသည်။ ဆံပင်များက ဖွာလန်ကြဲကာ အထွေးလိုက် ဖြစ်နေပြီး အဝေးကနေပင် အပုပ်နံ့ ရနေသည်။
"ကိုအာ ပြောတာတော့ ယိုယွီက ရေမြောင်းထဲကနေ ဖမ်းမိတာတဲ့"
"ကြည့်ရတာ ရေမြောင်းထဲမှာ ပုန်းနေတာ ကြာပြီထင်တယ်၊ သူတစ်ယောက်တည်း ဘယ်လိုလုပ် အဲဒီထဲ ရောက်နေတာလဲ"
"ဒုက္ခသည်တွေများ ဝင်လာတာလား၊ သူ့ကို ဘယ်သူဘယ်ဝါမှန်း မသိတော့ အာဏာပိုင်တွေကို သွားတိုင်တာ ကောင်းမယ်ထင်တယ်"
"ငါကြည့်ရတာတော့ မဖြစ်နိုင်ဘူး၊ သူက တစ်ယောက်တည်းလေ၊ ဒီလောက်အသက်အရွယ်လေးနဲ့ ချင်ကျိုးကနေ ပြန့်ကျင်းအထိ လမ်းလျှောက်လာနိုင်ပါ့မလား။ ကြည့်ပါဦး၊ ပိန်လိုက်တာ နံရိုးတွေတောင် ပေါ်နေပြီ၊ ရာသီဥတု ပူလာလို့သာပဲ၊ မဟုတ်ရင် အေးပြီး သေလောက်ပြီ၊ ဒီနေ့အထိ အသက်ရှင်မှာ မဟုတ်ဘူး။ ငါ့အမြင်တော့ မတိုင်ပါနဲ့တော့၊ ဒီရက်ပိုင်း စစ်ဆေးရေးက တင်းကျပ်နေတာ၊ တရားမဝင် ဝင်လာတဲ့ ဒုက္ခသည်လို့ သတ်မှတ်ပြီး ထောင်ထဲ ထည့်လိုက်ရင် သူက ဒီခန္ဓာကိုယ်နဲ့ နှစ်ရက်လောက် ထမင်းငတ်တာနဲ့ သေသွားလိမ့်မယ်"
"မတိုင်ရင် ဘယ်သူက ကျွေးမွေးမှာလဲ၊ ပြောတာတော့ လွယ်တာပေါ့"
အိမ်နီးချင်းများ၏ ငြင်းခုံသံများကို နားထောင်ရင်း ရှန်မြောင်တစ်ယောက် ခေါင်းကိုက်လာတော့သည်။ သူမသည် ရှန်းအာကို လှမ်းကြည့်လိုက်ရာ ရှန်းအာက ထိုကလေးရှေ့တွင် ဒူးတုပ်ထိုင်ကာ မေးထောက်လျက် ဆီများခဲနေသော ကြက်ဥမုန့်ကို အတင်းမြိုချနေသည့် ကလေးကို သနားကြင်နာစွာ ကြည့်နေလေသည်။
ရှန်ကျိက ဘာမှဝင်မပြောသော မကြီးဖြစ်သူကို ကြည့်လိုက်၊ ရှန်းအာကို ကြည့်လိုက်၊ ပြီးတော့ ရေခပ်ဖို့ပဲ စိတ်ဝင်စားနေသော ယိုယွီကို ကြည့်လိုက် ဖြစ်နေသည်။ ယိုယွီကတော့ တခြားကိစ္စ စိတ်မဝင်စား၊ အချိန်တန်ရင် ရေခပ်ရမယ်ဆိုတာပဲ သိသည်။
ငြင်းခုံသံများကြားတွင် ခဏလောက် တိတ်ဆိတ်စွာ ရပ်နေပြီးနောက် ရှန်မြောင်သည် အဒေါ်ကုဘက်သို့ လှည့်ကာ ပြုံးလျက် ပြောလိုက်တော့သည်။ "အဒေါ်ကု၊ နေ့လယ်က ရှန်းအာတို့ကို ကြည့်ပေးတာ ကျေးဇူးတင်ပါတယ်၊ ဒီလိုကိစ္စ ကြုံရမယ်လို့ မထင်ထားမိဘူး၊ ဒါပေမဲ့ ကြုံလာတော့လည်း မတတ်နိုင်ဘူးလေ" ထို့နောက် တခြားသူများဘက် လှည့်ကာ "အားလုံးပဲ ပြန်ကြပါတော့ရှင်၊ ခဏနေရင် ကျွန်မ သေချာမေးကြည့်ပါဦးမယ်၊ အကြောင်းစုံ သိရအောင်လို့ပါ"
အဒေါ်ကုက ရှန်မြောင်ကို စိုးရိမ်တကြီး ကြည့်ပြီး ထွက်မသွားခင် ဘေးကို အသာဆွဲခေါ်ကာ ပြောလိုက်သည်။ "ကိစ္စမများတာ အကောင်းဆုံးပဲ၊ အာဏာပိုင်တွေကို မတိုင်ပါနဲ့တော့၊ မောင်းထုတ်လိုက်ရုံပါပဲ၊ မဟုတ်ရင် ပြဿနာ တက်နေဦးမယ်။ ဒီခေတ်ကြီးမှာ ကိုယ့်ကိစ္စကသာ အဓိကပဲ၊ တစ်လောကလုံးကို လိုက်ကယ်တင်လို့ မရပါဘူး"
ရှန်မြောင်က ခေါင်းညိမ့်ပြလိုက်ပြီး "ဘာက အရေးကြီးတယ်ဆိုတာ ကျွန်မ သိပါတယ်။ အဒေါ် မပူပါနဲ့"
လူတွေ ထွက်သွားမှ ရှန်မြောင်သည် ရှန်းအာကို ခေါ်ပြီး အကျိုးအကြောင်း သေချာမေးလိုက်တော့သည်။ ထို့နောက် ထိုကောင်လေးဘက်ကို လှမ်းကြည့်လိုက်သည်။ သနားစရာကောင်းလောက်အောင် ပိန်လှီနေပြီး ကြက်ဥမုန့်ကို စားပြီးသွားပြီ ဖြစ်သည်။ သူက နံရံကိုကိုင်ကာ ယိုင်နဲ့နဲ့ ထရပ်လိုက်သည်။ သူ့ခြေထောက်တစ်ဖက်က ကျိုးနေပြီး ကျိုးနေတာ ကြာပြီဖြစ်ပုံရသည်။ အရိုးက သူ့အလိုလို ပြန်ဆက်နေသော်လည်း ကုသပေးမည့်သူ မရှိသဖြင့် ကောက်ကွေ့ကာ ခြေထော့နေလေသည်။
လေတိုက်လာသောအခါ အေးစက်စက် ရှိသဖြင့် သူသည် နံရံထောင့်သို့ တိုးကပ်ကာ တုန်ရီနေသည်။
ရှန်မြောင် သက်ပြင်းချလိုက်ပြီး ရှန်းအာ၏ နဖူးကို လက်ညှိုးဖြင့် ထောက်လိုက်သည်။ "နင်က ကျွေးဖုန်းထက်တောင် ပိုစွမ်းနေပါရောလား"
ရှန်းအာက ကြောင်တောင်တောင် ကြည့်ရင်း တိုးတိုးလေး မေးလိုက်သည်။ "မကြီး... သမီး အမှားလုပ်မိလို့လား"
"မဟုတ်ပါဘူး၊ မကြီးက သမီး လူဆိုးနဲ့ တွေ့မှာ စိုးလို့ပါ" တကယ်တော့ ဖြစ်စဉ်တစ်ခုလုံးကို နားထောင်ကြည့်လိုက်လျှင် ရှန်းအာက နောက်ကြောင်းမသိရတဲ့ ကလေးတစ်ယောက်ကို အိမ်ခေါ်လာခြင်းထက်၊= ရေမြောင်းထဲတွင် လူတစ်ယောက် ပုန်းနေခြင်းက ပိုပြီး ထိတ်လန့်စရာ ကောင်းနေသည်။ ကြည့်ရသည်မှာ ရက်အတော်ကြာ ပုန်းနေပုံရသည်။ လမ်းကြားထဲက လူများကလည်း ဘယ်သူမှ မသိကြပေ။ တကယ်လို့ ပုန်းနေတာက ကလေးမဟုတ်ဘဲ လူဆိုးလူမိုက်သာဆိုရင် ရှန်းအာနဲ့ ယိုယွီတို့ အသက်ရှင်ပါဦးမလား။
ဒီကိစ္စကို နောက်ရက်ကျရင် အသင့်စားခေါက်ဆွဲ လာဝယ်နေကျ ရဲမက်ကို ပြောပြရမယ်။ ရေမြောင်းတွေကို ရှာဖွေစစ်ဆေးခိုင်းရမယ်။ မဟုတ်ရင် ပြဿနာ တက်နိုင်တယ်။
ရှန်မြောင်သည် တွေးရင်းနှင့် မီးဖိုချောင်ထဲဝင်ကာ ရေနွေးအိုးထဲမှ ရေနွေးခပ်ပြီး ရေအေးနှင့် ရောစပ်လိုက်သည်။ ရေပုံးထဲ ထည့်ပြီး ခြံဝင်းထဲ သယ်လာခဲ့သည်။ ထိုကလေးက ဟင်းခင်းဘေးတွင် ကပ်ထိုင်နေဆဲပင်။ ရှန်မြောင်က လျှောက်သွားလိုက်ပြီး မေးလိုက်သည်။ "နင့်နာမည် ဘယ်သူလဲ"
"နင့်အိမ် ဘယ်မှာလဲ"
"နင့်မိဘတွေရော"
ထိုကလေးက မလှုပ်မယှက် ငြိမ်နေ၏။ အစတုန်းက ရှန်မြောင်ကို တစ်ချက်ကြည့်သော်လည်း နောက်ပိုင်း မျက်လွှာချထားလိုက်သည်။ စကားတစ်ခွန်းမှ မပြောပေ။
ရှန်မြောင်မှာ မတတ်သာဘဲ သူ့ကို လှမ်းဆွဲထူလိုက်ရသည်။ သူမ အားနည်းနည်း သုံးလိုက်ရုံနှင့် စွန်ရုပ်လေးကို ဆွဲလိုက်သလို ပါလာလေသည်။
မုန့်စားထားသော်လည်း ငတ်ပြတ်နေတာ ကြာပြီဖြစ်၍ ခေါင်းမူးပြီး ယိုင်နေရှာသည်။ အရိုးပြိုင်းပြိုင်း လက်ကောက်ဝတ်လေးကို ကိုင်လိုက်ရသည့်အခါ ရှန်မြောင်၏ ရင်ထဲတွင် ဆို့နင့်သွားသည်။ သူမသည် လက်ရှိဘဝတွင်သာမက ယခင်ဘဝတွင်ပါ ဒီလောက်ထိ ငတ်ပြတ်နေသည့် ကလေးမျိုး မတွေ့ဖူးခဲ့ပေ။
ရှန်းအာသာ မုန့်နှစ်ချပ် မကျွေးခဲ့ရင် သူ တကယ် သေသွားလောက်တယ်။
ရှန်မြောင်စိတ်ထဲ ထိုသို့ ခံစားလိုက်ရသည်။
သူ့ကို ဆွဲထူပြီးနောက် အဝတ်စုတ်လို ဖြစ်နေသော အဝတ်အစားများကို ချွတ်ပစ်လိုက်ပြီး ရေပုံးထဲ ထည့်လိုက်သည်။ ရေနှင့်ထိသောအခါ ရုန်းကန်သော်လည်း အားမရှိသဖြင့် ငြိမ်ကျသွားခဲ့သည်။ ရှန်မြောင်သည် အဝတ်စုတ်တစ်ခုယူပြီး သူ့ကိုယ်ကို တိုက်ချွတ်ပေးလိုက်ရာ ရေများက ရေမြောင်းထဲက ရေများလို မည်းနက်သွားပြီး အနံ့ဆိုးများ ထွက်လာသည်။ အနံ့ဆိုးလွန်းသဖြင့် ကျိအာ ဆွဲခေါ်သွားသည့် ရှန်းအာပင် နှာခေါင်းပိတ်ပြီး ပြေးရလေသည်။
ပထမရေပုံးကို သွန်ပစ်လိုက်ပြီး ဒုတိယရေပုံး သွားခပ်သည်။ ဒုတိယအကြိမ် ဆေးကြောသော်လည်း ရေက မည်းနက်နေဆဲပင်။
တတိယအကြိမ်တွင်မှ ရေအရောင် ကြည်သွားပြီး သူ ဘာလို့ ရုန်းကန်ရလဲဆိုတာ ရှန်မြောင် သိလိုက်ရသည်။ သူ့တစ်ကိုယ်လုံးတွင် အညိုအမဲစွဲဒဏ်ရာများ၊ ကြာပွတ်ရာများနှင့် မကျက်သေးသော အနာတရများ ရှိနေသည်။ အချို့ဒဏ်ရာများက ရေမြောင်းထဲတွင် ပွန်းပဲ့ထိခိုက်ထားခြင်း ဖြစ်နိုင်သော်လည်း အချို့မှာမူ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများ ဖြစ်သည်။
သူမ လက်တုံ့သွားပြီး ကပ်ကြေးသွားယူကာ အထွေးလိုက်ဖြစ်နေသော ဆံပင်များကို ညှပ်ပစ်လိုက်သည်။ ထို့နောက် ခေါင်းလျှော်ပြီး မျက်နှာကို သစ်ပေးလိုက်သည်။ ရေမချိုးခင်က ညစ်ပတ်နေသော ထင်းခြောက်စ ဖြစ်သော်လည်း၊ ရေချိုးပြီးသောအခါ ဖြူဖျော့ပြီး အညိုအမဲစွဲနေသော ထင်းခြောက်စ ဖြစ်သွားတော့သည်။ ရုပ်ရည်က ကြည့်ကောင်းမကောင်း မသဲကွဲပေ။
ခေါင်းကြီးကိုယ်သေးနှင့် ဖြစ်နေတော့သည်။
သို့သော် လူပုံစံတော့ ပေါက်သွားပြီ။ ရေထဲတွင် စိမ်နေရင်း အနာစပ်သဖြင့် ရံဖန်ရံခါ တွန့်သွားသည်မှာ သနားစရာ ကောင်းလှသည်။
ရှန်မြောင်က ကျိအာကို လှမ်းခေါ်မည် ပြုစဉ် ကျိအာက သူ့အဝတ်အစားထဲမှ အငယ်ဆုံးတစ်စုံကို ထုတ်ယူလာပြီး သူမအနောက်တွင် ရောက်နေလေပြီ။ "မကြီး... ဒါလေး ပေးဝတ်လိုက်ပါ"
ရှန်မြောင် လှမ်းယူပြီး ဝတ်ပေးလိုက်သည်။ လက်နှင့် ခြေထောက်များက ရှည်လွန်းနေသဖြင့် ခေါက်တင်ပေးလိုက်ရသည်။ အဝတ်အစားက ကြီးနေသဖြင့် အိတ်စွပ်ထားသလို ဖြစ်နေသည်။
"မကြီး"
"ဟင်"
"ကျွန်တော့်အခန်းထဲမှာ ပေးအိပ်လိုက်ပါ"
"လောလောဆယ် ရက်နည်းနည်းတော့ သည်းခံလိုက်ပေါ့၊ သူ သက်သာလာမှ အာဏာပိုင်တွေဆီ ပို့မလား တစ်နေရာရာ ပို့မလား ကြည့်ကြတာပေါ့" ရှန်မြောင်သည် ခေါင်းညိမ့်လိုက်ပြီး ရေများကို သွန်ပစ်ပြီးနောက် သူ့ဆံပင်တိုတိုလေးတွေကို တဘက်အထူကြီးနှင့် သုတ်ပေးလိုက်သည်။ ထို့နောက် သူ့ကို ပွေ့ချီလိုက်ရာ ရှန်းအာ့အရွယ် သို့မဟုတ် ရှန်းအာထက် ငယ်မည့်ပုံ ပေါက်သော်လည်း ကိုယ်အလေးချိန်မှာမူ ရှန်းအာ၏ ထက်ဝက်ခန့်သာ ရှိလေသည်။ အလွန်ဆုံး ကျင်း ၂၀သာ ရှိမည်။
ပေါ့လွန်းသဖြင့် ညဘက် အသံတိတ် ကွယ်လွန်သွားမှာကိုပင် စိုးရိမ်ရသည်။
ကျိအာ၏ အိပ်ရာပေါ် တင်ပေးလိုက်ပြီး ရှန်မြောင်က သူ့နဖူးကို စမ်းကြည့်လိုက်သည်။ ကိုယ်ပူမရှိပေ။ ကျန်းမာရေး အခြေခံကောင်းမွန်ပုံရသည်။ "ခဏလောက် နားလိုက်ပါဦး၊ စိတ်ချလက်ချ အိပ်လိုက်နော်"
ရှန်မြောင်သည် ကလေးချစ်တတ်သူ ဖြစ်သည်။ ရှန်းအာနှင့် ကျိအာတို့၏ ကုတင်ပေါ်တွင် ကောက်ရိုးဖျာခင်းပြီး အပေါ်က မွေ့ရာနှစ်ထပ် ခင်းပေးထားသည်။ ယခု ရာသီဥတု ပူလာသဖြင့် ကြိမ်ဖျာပါ ထပ်ခင်းပေးထားရာ အိပ်လိုက်လျှင် နူးညံ့အေးမြပြီး နေလို့ကောင်းလှသည်။
ထိုကလေးသည် လှဲလိုက်သည်နှင့် ဝါဂွမ်းပုံထဲ ကျသွားသလိုဖြစ်ပြီး ခဏချင်း အိပ်ပျော်သွားလေသည်။
ရှန်မြောင်သည် ခဏရပ်ကြည့်နေပြီး ဆိုင်ဖွင့်ရန် ထွက်လာခဲ့လိုက်တော့၏။
ညဈေးတန်းက စည်ကားလာပြီး ရှန်မိသားစု၏ ဟင်းရည်ခေါက်ဆွဲဆိုင်တွင် လူစည်ကားနေသည်။ မီးဖိုချောင်ထဲတွင် အသားပေါင်းအိုးက အဆင်သင့်ဖြစ်နေပြီ။ ကလေးကို ရေချိုးပေးထားသည့် အနံ့ဆိုးများ ပျောက်ကွယ်သွားပြီး ရှန်မိသားစု ဝင်းထဲတွင် ဟင်းချက်သံများနှင့် အသားပေါင်းနံ့များ မွှေးပျံ့နေသည်။
အသားပေါင်းတစ်အိုးလုံး တစ်ညတည်းနှင့် ကုန်သွားသည့်အပြင် အရင်က ရောင်းမကောင်းသည့် အရက်များပါ ရောင်းထွက်သွားသည်။ အရက်ရောင်းချင်လျှင် အမြည်းကောင်းကောင်း ရှိရမည် ဆိုသည်မှာ မှန်ကန်ပေသည်။ ရှန်မြောင်သည် အသားလှီးပေးရင်း နောက်ရက်ကျလျှင်တော့ ကြက်သွန်ဖြူချဉ်၊ မုန်လာဥချဉ်နှင့် မြေပဲဆားလှော်များ လုပ်ပြီး ခေါက်ဆွဲနှင့် တွဲဖက်စားရန် စီစဉ်ရမည်ဟု တွေးလိုက်သည်။
နောက်ပိုင်း ရက်အနည်းငယ်တွင် ထိုကလေးသည် စားလိုက်အိပ်လိုက်နှင့်သာ ကုန်ဆုံးစေသည်။ ကျိအာ့အခန်းထဲတွင် ကွေးနေပြီး အားမရှိသဖြင့် မလှုပ်ရှားပေ။ တခါတလေ မီးမထွန်းထားလျှင် သူ ဘယ်နားရှိမှန်းပင် မသိရပေ။
ရှန်မြောင် ထမင်းစားချိန်တိုင်း ထမင်းသွားပို့ပေးလျှင် အရိုးပါ ဝါးစားမတတ် အငမ်းမရ စားသောက်တတ်သည်။ သို့သော် စကားတစ်ခွန်းမှ မပြောပေ။ ရှန်မြောင် ဆေးထည့်ပေးတုန်းက ပြည်တည်နာကို ဖောက်ထုတ်လိုက်လို့ အော်သံထွက်လာမှသာ အသံမအ,ကြောင်း သိရသည်။
ရှန်းအာနှင့် ယိုယွီတို့သည် အစပိုင်းတွင် ပြတင်းပေါက်မှ ချောင်းကြည့်ကြသည်။ အထူးသဖြင့် အနေမတတ်သည့် ရှန်းအာက စကားသွားပြောသော်လည်း သူက ပြန်မပြောသလို လှည့်လည်းမကြည့်ပေ။
နောက်တော့ ရှန်းအာလည်း ပျင်းသွားခဲ့သည်။ ကလေးဆိုတာက စိတ်ဝင်စားလွယ်သလို စိတ်ပျက်လွယ်သည်။ ထို့အပြင် သူမတွင် သူငယ်ချင်းများစွာ ရှိသေးသည်။ ဥပမာ ရှန်းကော်လို သူငယ်ချင်းမျိုး ရှိသေးသဖြင့် ယိုယွီကို ခေါ်ပြီး တခြားသူများနှင့် သွားကစားကာ သူ့ကို ဂရုမစိုက်တော့ပေ။
ရေမြောင်းထဲက ကောက်ရလိုက်သည့် ကလေးသည် ရှန်မြောင်တို့အိမ်တွင် ၄-၅ ရက်ခန့် နေလိုက်ရသဖြင့် သေမင်းအရိပ်အယောင်များ ပျောက်ကွယ်သွားပြီး အားပြန်ပြည့်လာခဲ့လေသည်။ လမ်းလျှောက်လျှင် မယိုင်တော့သည့်အချိန်တွင် ရှဲ့မိသားစုမှ အိမ်တော်ထိန်းကျန့် ရောက်လာပြန်သည်။
သူက ယိုကျိုးတွင် ဟင်းရည်ခေါက်ဆွဲစက်ရုံ တည်ဆောက်မည့် စာချုပ်ကို လာပို့ခြင်းဖြစ်သည်။ ရှန်မြောင်က သေချာဖတ်ရှုစစ်ဆေးပြီး အားလုံးအဆင်ပြေမှ လက်မှတ်ထိုးလိုက်သည်။
စာချုပ်ကိစ္စ ပြီးသွားသဖြင့် ရှဲ့မိသားစုက ယိုကျိုးသို့ လူလွှတ်ကာ စက်ရုံဆောက်တော့မည်။ ရှန်မြောင်လည်း မကြာခင် အသင့်စားခေါက်ဆွဲ ပြုလုပ်နည်းကို လွှဲပေးရမည်။
ကိစ္စပြီးသောအခါ အိမ်တော်ထိန်းကျန့်က ပြောလိုက်သည်။ "မနက်ဖြန် မနက်စောစော ကျိုးတာ့က ရှန်ညန်ဇီကို လာကြိုပြီး ဖုန်းအိမ်တော်ကို ပို့ပေးပါလိမ့်မယ်"
ရှန်မြောင်က ပြုံးပြီး ခေါင်းညိမ့်လိုက်သည်။ အိမ်တော်ထိန်းကျန့် ပြန်သွားသောအခါ သူမသည် စဉ်းစားပြီး ကျိအာ့အခန်းထဲသို့ ဝင်သွားလိုက်သည်။
ကျိအာက မရှိပေ။ ညီမဖြစ်သူ ရှန်းအာက တိုဖူးသည်သမီး လျိုတို့ဟွားနှင့် ရန်ဖြစ်နေသဖြင့် သွားဖြန်ဖြေပေးနေသည်။
ထိုကလေးက မှောင်နေလည်း မလှုပ်ပေ။ အခန်းထဲတွင် မီးမထွန်းထားသဖြင့် မှောင်မည်းနေသည်။ သူသည် နံရံထောင့် အမှောင်ထဲတွင် ထိုင်နေပြီး မျက်လုံးဝိုင်းကြီးများဖြင့် တိတ်ဆိတ်စွာ ကြည့်နေသည်။
ကုတင်အောက်တွင် သေတ္တာကြီးနှစ်လုံးသာ မရှိလျှင် ကုတင်အောက် ဝင်ပုန်းနေလောက်သည်။ တခြားကလေးများက အမှောင်ကြောက်သော်လည်း သူကတော့ အမှောင်ထဲမှာ ပိုလုံခြုံသည်ဟု ခံစားရပုံပင်။
ရှန်မြောင်က ကုတင်ဘေးတွင် ဝင်ထိုင်လိုက်ပြီး မေးလိုက်သည်။ "နင့်နာမည် ဘယ်သူလဲ၊ နင့်အိမ် ဘယ်မှာလဲ၊ နင့်မိဘတွေရော"
ပြန်မဖြေပေ။
သူမက ပခုံးတွန့်လိုက်ပြီး ဆက်ပြောသည်။ "မနက်ဖြန် ငါ အပြင်သွားစရာရှိတယ်။ နင် အမှန်အတိုင်း မပြောရင် ငါ နင့်အကြောင်း မသိရဘဲ ဒီလို ဆက်ထားလို့ မရဘူး။ ညစာစားပြီးရင် ငါ နင့်ကို လမ်းတံတားဦးစီးဌာန ခေါ်သွားပြီး ရဲမက်တွေလက်ထဲ အပ်လိုက်မယ်၊ သူတို့ ကူညီပေးလိမ့်မယ်၊ နားလည်လား"
ရှန်မြောင်က ရေရှည်မွေးထားဖို့ စိတ်ကူးမရှိပေ။ နောက်ကြောင်း မသိရတာကိုး။ အဒေါ်ကု ပြောတာ မှန်သည်။ ဒီလောကကြီးမှာ ကိုယ့်မိသားစုကိုသာ ကာကွယ်နိုင်တာ။ လူတိုင်းမှာ ကံကြမ္မာ ကိုယ်စီ ရှိကြသည်။ သူမ ဒီကလေးကို ရက်အနည်းငယ် ကယ်တင်ပေးခဲ့ပြီးပြီ။ အားပြန်ပြည့်အောင် စောင့်ပြီးရင် အာဏာပိုင်တွေဆီ အပ်ရပေလိမ့်မည်။
...