← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အပိုင်း (၁၁၇) ဝက်လက်နှပ်ချက်

ဆောင်းဦးရာသီသည် အမြဲတမ်း အလုပ်များရပြီး အိမ်ထောင်စုအများစုသည် ဆောင်းတွင်းအတွက် ရိက္ခာစုဆောင်းရန် အလုပ်များနေကြလေသည်။

ကုထူစူးနှင့် တခြားလမ်းထဲက ယောက်ျားများ၊ ကလေးများသည် သည်ရက်ပိုင်း မိုးလင်းသည်နှင့် တံခါးလာခေါက်ကြပြီး ရှန်မြောင်အိမ်က ကလေးသုံးယောက်လုံးကို"ဆောင်းဦးအသီးအနှံကောက်ရန်" မြို့ပြင်ဘက် တောင်ပေါ်သို့ ခေါ်သွားကြလေသည်။ ထင်းရှူးရွက်၊ ထင်းရှူးသီးနှင့် တောသစ်အယ်သီးများကို ကောက်ကြခြင်း ဖြစ်သည်။

လျိုတို့ဟွားသည် လက်တစ်ဖက်တွင် ဝါးခြင်းတောင်းကို ချိတ်ထားပြီး ကျန်လက်တစ်ဖက်က ခါးတွင် တံစဉ်ငယ်ချိတ်ကာ ဂုန်လျှော်အိတ်ကို ဆွဲလာသည့် ရှန်းအာကို ဆွဲထားလေသည်။ သူမသည် သူမခေါင်းပေါ်က အသစ်ဝယ်လာသည့် ပိုးပန်းပွင့်ကို ကြွားဝါနေတော့သည်။

ရှန်းအာက သူမ၏ ကြွားဝါနေမှုကို မျက်စောင်းထိုးကြည့်လိုက်ပြီး ရှုခင်းပျက်စေမည့် စကားတစ်ခွန်းကို ပြောလိုက်လေသည်။

"ခဏနေ တောင်ပေါ်ရောက်လို့ သစ်ကိုင်းငြိပြီး ပျက်စီးသွားရင် နင် မငိုနဲ့နော်"

ထိုပါးစပ်လေးသည် အဆိပ်ပြင်းလွန်းသဖြင့် လျိုတို့ဟွားမှာ ဒေါသထွက်ပြီး အသက်ရှူပင် မဝတော့ဘဲ ခြေဆောင့်ကာ ပြေးထွက်သွားတော့သည်။ လီကိုအာသည် ထိုအခြေအနေကို မြင်လိုက်လျှင် အခွင့်ကောင်းယူကာ အနားကပ်လာပြီး အင်္ကျီလက်ထဲမှ ပဲလှော်တစ်ဆုပ်ကို ထုတ်ကာ ရှန်းအာ၊ ကျိအာနှင့် ချန်ချွမ်းတို့ကို ခိုးကြောင်ခိုးဝှက် ထည့်ပေးလိုက်၏။ သူက တိုးတိုးလေးလည်း ပြောလိုက်သေးသည်။ "ငါ့အမေက အများကြီး မလှော်ထားဘူး၊ ငါတို့ပဲ စားကြမယ်"

ရလာဒ်အနေဖြင့် မျက်လုံးလျင်သည့် ကျန့်အိမ်က ကောင်လေး မြင်သွားပြန်သည်။ မျက်နှာပေါ်တွင် နှပ်ချေးများ တွဲလောင်းကျနေသည့် ထိုကောင်လေးက ပြေးဝင်လာပြီး လုယူတော့သည်။ ကလေးတစ်သိုက်သည် လေထဲသို့ ပျံတက်သွားသည့် ငှက်ကလေးများအလား ဖြစ်သွားကြတော့သည်။

"ဆောင်းဦးအသီးအနှံကောက်" သည့် အဖွဲ့သည် သည်လို ဆူညံပွက်လောရိုက်လျက် အကြီးက အငယ်ကိုထိန်းကာ မြို့ပြင်ဘက်သို့ တရုန်းရုန်း ထွက်ခွာသွားကြတော့သည်။

ရာသီဥတု အေးလာသည်နှင့် အပြင်ဆိုင်များရှိ မီးသွေးနှင့် ထင်းစျေးနှုန်းများသည် ချက်ချင်း နှစ်ဆတက်သွားပြီး နောက်ပိုင်းတွင် ထပ်တက်လာဦးမည်ဟု ခန့်မှန်းရသည်။ လမ်းကြားထဲက ယောက်ျားများသည် အိမ်အတွက် ငွေချွေတာရန် နေ့တိုင်းလိုလို မြို့ပြင်ဘက် တောင်ပေါ်သို့ ထင်းသွားခုတ်ကြရသဖြင့် ကုထူစူးအပါအဝင် လူတိုင်းသည် မဲနက်ကာ ပိန်ကျသွားအောင် ပင်ပန်းနေကြလေသည်။

ရှန်မြောင်တို့အိမ်သည် ငါးကင်၊ ဘဲကင်ဆိုင် ဖွင့်ထားသဖြင့် နွေရာသီကတည်းက ထင်းနှင့် မီးသွေးများကို အိမ်နှင့်အပြည့် စုဆောင်းထားခဲ့ရာ ဆောင်းတွင်းအတွက် ပြဿနာမရှိဟု ခန့်မှန်းရသည်။ သို့သော် သူမက စီးပွားရေးလုပ်ရာတွင် အသုံးပြုမှုများပြားသဖြင့် စိတ်ချရစေရန် ပြီးခဲ့သည့်ရက်ပိုင်းက လှည်းကြီးနှစ်စီးစာ ထပ်ဝယ်လိုက်သေးသည်။ သို့သော် ထိုအချိန်တွင် ထင်းမီးသွေးစျေးက တက်နေပြီဖြစ်ရာ ထင်းနှစ်လှည်းကို ငွေ ၂ကွမ်း ပေးလိုက်ရသည်။

ဆောင်းတွင်းရောက်လျှင် အရာအားလုံး စျေးတက်လာပြီး အရင်းအနှီးလည်း လိုက်ပါ မြင့်တက်လာသည်။ စားသောက်ဆိုင်နှင့် အရက်ဆိုင်တိုင်း စျေးစတက်လာကြသည်။ ရှန်မြောင်လည်း အနည်းငယ် စျေးတင်ရန် စဉ်းစားနေမိသည်။ အနည်းဆုံးတော့ ထင်းဖိုး ပြန်ကာမိလျှင် တော်ပြီ။ ထင်းမီးသွေး အသုံးအများဆုံးဖြစ်သည့် ရေချိုးဆောင်ဆိုလျှင် ဆောင်းဦးဝင်သည်နှင့် ငွေ ၁၀ဝမ် စျေးတက်သွားသည်။ ရှန်မြောင်နှင့် အိမ်ရှိ မိသားစုများက ရေချိုးရန်ပင် မတတ်နိုင်တော့သလို ဖြစ်နေတော့သည်။

ကံကောင်းသည်မှာ အေးလာလျှင် ရေမကြာခဏချိုးစရာ မလိုတော့ပေ။ ရေနွေးတစ်ဇလုံယူကာ ကိုယ်လက်သန့်စင်ရုံဖြင့်ပင် သန့်ရှင်းမှုကို ကြိုက်နှစ်သက်သည့် "လူကုံထံ" ဖြစ်နေပြီဖြစ်သည်။ လမ်းကြားထဲက ကျန့်မိသားစုဆိုလျှင် တစ်ဆောင်းတွင်းလုံး ခေါင်းမလျှော် ရေမချိုးဘဲ နေကြသည်။ နွေဦးပေါက် နှစ်သစ်ကူးခါနီးမှသာ ရေချိုးဆောင်သို့သွားပြီး စင်ကြယ်အောင် ဂျီးတွန်းကြသည်။

သူတို့မိသားစုက ပျင်းတာ၊ ညစ်ပတ်တာမဟုတ်ပေ။ ကျန့်အဘိုးသည် ဆောင်းတွင်းကြီး ရေချိုးမိရာမှ အအေးပတ်ပြီး တစ်လကျော်လောက် ခံစားလိုက်ရကာ သေဆုံးသွားခဲ့သည်ဟု ကြားဖူးကြသည်။ ထိုအချိန်မှစ၍ သူတို့အိမ်က လူကြီးလူငယ်မရွေး ဆောင်းတွင်းတွင် ရေမချိုးရဲကြတော့ပေ။

သည်ခေတ်တွင် ဆောင်းတွင်း၌ တုပ်ကွေးမိရုံဖြင့် အသက်ဆုံးရှုံးရသည်မှာ အလွန်သာမန် ကိစ္စပင် ဖြစ်နေသည်။

ရာသီဥတု အေးလာသည်နှင့်အမျှ ပိုပြီး ခြောက်သွေ့လာရာ ရှန်မြောင်လည်း ရေချိုးသည့် အကြိမ်အရေအတွက်ကို ဖြည်းဖြည်းချင်း လျှော့ချလိုက်သည်။ သို့သော် သူမသည် နေ့စဉ် ရေခပ်ပြီး သီးသန့် ကိုယ်လက်သန့်စင်လေ့ရှိသည်။ ရှန်းအာနှင့် အားထောင်တို့ကိုလည်း မပျင်းကြရန် တောင်းဆိုထားသည်။ မိန်းကလေးများသည် ယောက်ျားလေးများနှင့်မတူဘဲ ခန္ဓာကိုယ်သန့်ရှင်းမှုကို အထူးဂရုစိုက်ရမည်။ တပြည်လုံးတွင် "ကျန်းရှောင်ညန်ဇီ" တစ်အိမ်တည်းသာ အမျိုးသမီးရောဂါကို ကုသပေးသည်မဟုတ်ပါလား။ သူမကလည်း နေ့တိုင်းလိုလို အရာရှိကြီးများနှင့် လူချမ်းသာများအိမ်သို့ သွားရောက် ကုသပေးနေရသဖြင့် သာမန်ပြည်သူများက သူမကို ရှာတွေ့ရန် မလွယ်ကူပေ။

အမျိုးသမီးများမှာ ဆေးကုသရန် အမြဲတမ်း ခက်ခဲလှသည်။ ရောဂါအသေးအမွှားလေးများဆိုလျှင် အမြစ်ပြတ်အောင် ကုသရန် ခက်ခဲသဖြင့် ကိုယ့်ကိုယ်ကို ကာကွယ်ရမည်။

၁၀ရက်၊ လဝက်လောက်နေမှ ရေချိုးဆောင်သို့ သွားပြီး တစ်ခါလောက် ဂျီးတွန်းကြသည်။ စုန့်ခေတ် ရေချိုးဆောင်များသည်လည်း ကျား/မ ခွဲခြားထားပြီး အကာအရံမရှိသည့် ရေကန်ကြီးများ ဖြစ်လေသည်။ လူကြီးလူငယ်မရွေး အားလုံးက ဗလာကျင်းလျက် ရှိနေကြသည်။

ရေစိမ်ပြီးနောက် ဂျီးတွန်းသည့် အဒေါ်ကြီးက ဘယ်ပြန်ညာပြန် နေရာလပ်မကျန်အောင် ဂျီးတွန်းပေးလေသည်။ ပြီးလျှင် ဝက်ဆီခရင်မ်ကို လိမ်းပေးလိုက်သည်။ ရှန်မြောင်သည် ရှန်းအာနှင့် အားထောင်ကို ခေါ်သွားရာ အကြိမ်တိုင်း မျက်လုံးများ ရီဝေပြီး တကိုယ်လုံး အပူငွေ့များထွက်ကာ ပြန်လာရသည်။ မျက်နှာများမှာ ဆီဝင်းနေပြီး လမ်းလျှောက်လျှင် ပေါ့ပါးနေတတ်သည်။ တစ်ခါချိုးပြီးလျှင် အကြာကြီး နေလို့ကောင်းလေသည်။

ထိုဂျီးတွန်းသည့် အဒေါ်ကြီးသည် ရှန်းအာကို ဂျီးတွန်းပေးရသည်ကို အထူးနှစ်သက်သည်။ ညစ်ပတ်သည့် ကလေးမလေးကို ဂျီးတွန်းရသည်မှာ အားရစရာကောင်းပြီး ကြမ်းပြင်တစ်ခုလုံး ဂျီးများ ပြည့်သွားတတ်သည်ဟု ဆိုလေသည်။

ထင်းမီးသွေး စုဆောင်းခြင်းအပြင် ရှန်မြောင်သည် ဆန်၊ ဂျုံမှုန့်၊ ဝက်သား၊ ကြက်သားနှင့် မုန်ညင်းဖြူ၊ မုန်လာဥ၊ တောကန်စွန်းဥ၊ ပိန်းဥ စသည့် သိုလှောင်ရလွယ်ကူသော ဟင်းသီးဟင်းရွက်များကိုလည်း စတင်စုဆောင်းရသည်။ ငွေကို ရေလိုသုံးနေရသော်လည်း နှင်းထူထပ်စွာ ကျလာပြီး သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ရေခဲဖုံးသွားသည့်အခါ ပစ္စည်းများ ဝယ်မရတော့မည် ဖြစ်သဖြင့် မဖြစ်မနေ စုဆောင်းမှဖြစ်မည်။

မြေအောက်ခန်းသည် သည်အချိန်တွင် သဘာဝ ရေခဲသေတ္တာကြီး ဖြစ်နေပြီး ပြည့်လုနီးပါး ဖြစ်နေလေပြီ။

ရှေးခေတ်တွင် သာမန်ပြည်သူများအတွက် ဆောင်းတွင်းကို ကျော်ဖြတ်ရသည်မှာ လွယ်ကူသည့် ကိစ္စမဟုတ်ပေ။ အလွန်ချမ်းသာသည့် ပြန့်ကျင်းမြို့တွင်ပင်။ မြို့တွင်း၌ အေးခဲငတ်မွတ်ပြီး လမ်းဘေးတွင် လဲကျသေဆုံးနေသူများကို တွေ့ရခဲသော်လည်း မြို့ပြင် ရေတံခါးအနီး တဲထိုးနေထိုင်ကြသည့် ဆင်းရဲသားများမှာ ဆောင်းတစ်ခါ ကူးလိုက်သည်နှင့် သက်ကြီးရွယ်အိုများ မရှိကြတော့ပေ။

သည်အချိန်တွင် အပြင်၌ သားသမီးများကို ရောင်းစားပြီး ရိက္ခာနှင့် လဲလှယ်သူ များပြားလာလေသည်။

ပုကွကွနှင့် လူပွဲစားသည် ဆိုင်ထဲတွင် ထိုင်ကာ ပဲခေါက်ဆွဲကို ပလုပ်ပလောင်း စားနေသည်။ ပူပူနွေးနွေး သိုးသားဟင်းရည် တစ်ပန်းကန်နှင့် တွဲဖက်ထားပြီး သခွားသီး ဝက်ခေါင်းသားသုပ် တစ်ပွဲလည်း မှာထားလေသည်။ သူသည် ခေါင်းပင်မမော့ဘဲ စားသောက်နေသည်။

သူသည် နယ်တစ်နေရာမှ လူဝယ်ပြီး ပြန်လာခြင်းဖြစ်သည်။ အားထောင်အတွက် သူမအမေ၏ စကားပါးလိုက်သည်ကို တိတ်တဆိတ် သယ်လာပေးခဲ့သည်။ သူသည် သည်တစ်ခေါက် တာ့မင်စီရင်စုသို့ သွားခဲ့ပြီး လူတစ်သုတ် ဝယ်ပြန်လာခဲ့ကာ အားလုံးနီးပါးက ကလေးများဖြစ်ကြသည်။ သူပင်မကြည့်ရက်တော့ဘဲ ခေါင်းခါလိုက်မိသည်။

"အပြင်လောကကြီးက ခါးသီးလိုက်တာ၊ လူအရောင်းအဝယ် အကောင်းဆုံးအချိန်က ဆောင်းတွင်းပဲ"

အားထောင်သည် သူမအမေ စုဆောင်းပေးလိုက်သည့် ငွေဆံထိုးလေးကို ကိုင်ကာ နောက်ဖေးခြံဝင်းထဲတွင် ပုန်းပြီး ငိုနေလေသည်။ လူပွဲစားက ပြောပြလာသည်။ အားထောင့်အမေသည် အားထောင်ကို အမြဲတမ်း စိတ်ပူနေခဲ့သည်။ သူမသည် ပြန့်ကျင်းမြို့တွင် သခင်ကောင်းတစ်ယောက်နှင့် အလုပ်ရနေသည်ကို သိလိုက်ရသောအခါ ဝမ်းသာလွန်းသဖြင့် ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့သည်။ သေတ္တာအောက်ခြေတွင် ဝှက်ထားသည့် အနီရောင်အဝတ်စဖြင့် တစ်ထပ်ပြီးတစ်ထပ် ပတ်ထားသော ဆံထိုးကို အလောတကြီး ထုတ်ယူပြီး လူပွဲစားကို အပ်ကာ အားထောင်အတွက် ယူလာပေးခဲ့ခြင်း ဖြစ်သည်။

အားထောင့်အမေက ယူကျုံးမရ ပြောရှာသည်။ တခြားအိမ်က မိန်းကလေးများသည် ၁၅နှစ်ပြည့်လျှင် မိသားစုက ဧည့်ခံပွဲကျင်းပပြီး စည်ကားသိုက်မြိုက်သည့် ဆံထိုးတင်ပွဲ ကျင်းပပေးကြသည်တဲ့။

အားထောင်လေးကသာ သနားစရာကောင်းလှပြီး အရွယ်ရောက်သည့်နှစ်တွင် သူမကိုယ်တိုင် ရောင်းစားခြင်း ခံလိုက်ရသည်။

သို့သော် သူမသည် ငွေစုပြီး အားထောင်အတွက် ငွေဆံထိုးတစ်ချောင်း လုပ်ပေးခဲ့သည်။ ဆံထိုးထိပ်တွင် ဖောင်းဖောင်းဝိုင်းဝိုင်း မက်မွန်သီးလေး နှစ်လုံးပါသည်။ ဆံထိုးနှင့်အတူ ပါလာသည့် စကားမှာ အားထောင့်အမေ မျက်ရည်များဖြင့် တုံ့ဆိုင်းစွာ ပြောလိုက်သည့် စကားပင်။

"သူ့ကို ကောင်းကောင်းနေဖို့ ပြောပေးပါ၊ အမေ့ကို စိတ်မပူနဲ့လို့၊ လုံးဝ ပြန်မလာခဲ့နဲ့လို့ ပြောပေးပါ"

လူပွဲစားက စကားပါးပေးပြီးနောက် ခေါက်ဆွဲနှင့် ဟင်းများကို ကုန်စင်အောင် စားသောက်ပြီး ထွက်သွားလေတော့သည်။

ရှန်မြောင်က သူ့ကို လိုက်ပို့ပြီးနောက် နောက်ဖေးခြံဝင်းထဲ ဝင်ကာ အားထောင်ကို နှစ်သိမ့်ပေးရန် ပြင်လိုက်သည်။ စိတ်ထဲတွင် နာကျင်ရသော်လည်း အနည်းဆုံးတော့ အမေဖြစ်သူ၏ သတင်းကို ကြားလိုက်ရသည်မဟုတ်ပါလား။ နောက်တစ်ခါ လူပွဲစား တာ့မင်စီရင်စုသို့ သွားလျှင် စကားပြန်ပါးလိုက်ဦးမည်။ သို့မှသာ နှစ်ဖက်စလုံး အဆက်အသွယ် မပြတ်ဘဲ ရှိနေမည်။ ဒါက ကိစ္စကောင်းတစ်ခုပင်။

သို့သော် အားထောင်သည် သူမ ထင်ထားသည်ထက် ပိုပြီး သန်မာလေသည်။ ရှန်မြောင် ဝင်သွားချိန်တွင် သူမသည် မျက်ရည်များကို သုတ်ပြီးပြီဖြစ်ကာ ဘာမှမဖြစ်သလို ထွက်လာပြီး ဧည့်သည်များကို ဧည့်ခံနေတော့သည်။

ရှန်မြောင်က မော့ကြည့်လိုက်သည်တွင် သူမ၏အကြည့်က အားထောင်၏ ဆံထုံးပေါ်သို့ ရောက်သွားပြီး စိတ်ချလက်ချ ပြုံးလိုက်မိလေသည်။

သူမ၏ ခေါင်းပေါ်တွင် မက်မွန်သီးပုံ ငွေဆံထိုးလေးကို ပန်ထားသည်။ ကြည့်လိုက်သည်နှင့် ငွေကောင်းဖြင့် လုပ်ထားမှန်း သိသာသည်။ သူမ၏ မဲနက်သော ဆံနွယ်များကြားတွင် ကြည်လင်သော အရောင်ဖြင့် တောက်ပနေလေသည်။

ဆောင်းတွင်းရိက္ခာနှင့် ထင်းများအပြင် ရှန်မြောင်သည် မိသားစုတစ်ခုလုံးကို ခေါ်ပြီး ဝါဂွမ်းဆိုင်သို့သွားကာ ဝါဂွမ်းအသစ် ကျင်းပေါင်းများစွာ ဝယ်ယူခဲ့သည်။ ပြန်ရောက်လျှင် ဝါဂွမ်းဖြည့် ဝါကပ်ပြီး စောင်ချုပ်ကြရမည်။

ထန်အာနှင့် ဖူရှင်းက လက်ကာပြပြီး သူတို့နှစ်ယောက်အတွက် ဝါဂွမ်းအသစ် မလိုကြောင်း၊ စျေးသက်သာသည့် ဝါဂွမ်းအဟောင်း ဝယ်ပေးလျှင် ရပြီဖြစ်ကြောင်း ပြောကြသည်။

ရှန်မြောင်က ဝန်ထမ်းခကို ဖြတ်တောက်သည့် ကိစ္စမျိုး အဘယ်မှာ လုပ်ပါမည်နည်း။ ဝါဂွမ်းဝယ်ပြီး အဝတ်စပါ ဖြတ်လိုက်သည်။ တစ်ယောက်ကို ဆောင်းတွင်းအတွက် ထူထဲသည့် အကြမ်းထည် ဝါဂွမ်းအင်္ကျီ နှစ်ထည်စီ ချုပ်ပေးမည်။ သူမနှင့် အားထောင်က လဝက်လောက် အချိန်ယူပြီး ချုပ်ပေးရန် ပြင်ဆင်ထားသည်။ ရှန်မြောင်သည် လေဖုန်းဦးထုပ် ဒီဇိုင်းကိုပါ ကြိုတင်ချုပ်လုပ်ချင်နေသည်။ ဆောင်းတွင်းတွင် ဆောင်းလျှင် ခိုင်ခန့်ပြီး နွေးထွေးပေလိမ့်မည်။

သူမသည် ရှေးခေတ်တွင် ပထမဆုံးအကြိမ် ဆောင်းတွင်းကို ဖြတ်သန်းရမည်ဖြစ်သဖြင့် အနည်းငယ် စိတ်လှုပ်ရှားနေမိ၏။ မကြာခဏဆိုသလို သူမ စိတ်ထဲတွင် ကျေးဇူးတင်မိနေသည်။ ပြန့်ကျင်းသို့ စရောက်တုန်းက မိုးလင်းမိုးချုပ် အလုပ်လုပ်ပြီး စျေးရောင်းခဲ့သည့်အတွက် ကျေးဇူးတင်မိသည်။ ထိုစဉ်က ပင်ပန်းသော်လည်း အရင်းအနှီး မြန်မြန်ရခဲ့သည်။ ရှဲ့မိသားစုနှင့် သိကျွမ်းခဲ့ပြီး အော်ဒါကြီးများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရခဲ့သောကြောင့်သာ နှင်းလုံးလိမ့်သလို တဖြည်းဖြည်း ပိုကောင်းလာခဲ့ခြင်း ဖြစ်သည်။

သို့မဟုတ်လျှင် သည်လောက် သက်တောင့်သက်သာနှင့် ပြည့်စုံစွာ နေနိုင်မည် မဟုတ်ပေ။

အချုပ်အားဖြင့် ရိက္ခာနှင့် ထင်းမီးသွေး စုဆောင်းခြင်းမှစ၍ နေ့စဉ် ရေချိုးသည့် ကိစ္စအသေးအမွှားအထိ ဆောင်းတွင်းကို ဘေးကင်းစွာ ဖြတ်သန်းနိုင်ရန် အိမ်တိုင်းလိုလို အားသွန်ခွန်စိုက် ပြင်ဆင်နေကြသည်။

ရှန်မိသားစု ခြံဝင်းလေးသည်လည်း သည်နေ့ ထိုနည်းလည်းကောင်းပင်။ ဆီးနှင်း စကျသည်နှင့် အိမ်ရှိလူကုန် လှုပ်ရှားကြတော့သည်။

ရှန်မြောင်သည် ဓားမကြီးကို ကိုင်ကာ မုန်ညင်းဖြူကို နှစ်ခြမ်းခွဲလိုက်သည်။ ထို့နောက် တစ်ခြမ်းစီကို လေးစိတ်ထပ်စိတ်သည်။ စိတ်သည့်အခါ အရင်းပိုင်းကို အနည်းငယ် စောင်းပြီး လှီးရသည်။ သို့မှသာ အရသာ စိမ့်ဝင်လွယ်မည်။ ပြီးလျှင် စိတ်ထားသည့် မုန်ညင်းဖြူများကို ဇလုံကြီးထဲ ထည့်၊ ဆားဖြူးပြီး ရေကြည်လောင်းထည့်ကာ မုန်ညင်းဖြူ မြုပ်သည်အထိ ထားရသည်။ မုန်ညင်းဖြူများ ပျော့အိသွားသည်အထိ လေးနာရီလောက် ထားရလေသည်။

သူမ မုန်ညင်းဖြူ ရေစိမ်နေချိန်တွင် ထန်အာနှင့် ဖူရှင်းတို့သည် အခန်းထဲတွင် မီးခိုးခေါင်းတိုင် ဖောက်ခြင်းနှင့် မီးဖိုခုတင် တည်ဆောက်ခြင်းများ လုပ်နေကြသည်။ ပြန့်ကျင်းမြို့တွင် အိမ်ဆောက်လျှင် ပြောစရာမလိုဘဲ လက်သမားနှင့် ပန်းရံဆရာများက မီးခိုးခေါင်းတိုင် ချန်ထားပေးလေ့ရှိသည်။ မီးဖိုချောင်နှင့်လည်း ဆက်သွယ်ထားတတ်သည်။ နွေဦးနှင့် နွေရာသီတွင် ပိတ်ထားလိုက်လျှင် အခန်းထဲ မီးခိုးမဝင်တော့ပေ။

သည်နေ့ နှင်းမကျသေးခင် ကုတင်ကို ရွှေ့ပြီး သိမ်းလိုက်သည်။ မြေစေးအုတ်ခဲနှင့် ကျောက်တုံးများကို သုံးကာ မီးဖိုခုတင် ဘောင်ခတ်လိုက်သည်။ အပေါ်တွင် မြေစေးအုတ်ခဲ ခင်းပြီး ခုတင်မျက်နှာပြင် လုပ်လိုက်သည်။ ခုတင်ကြားက အပေါက်များကို ရွှံ့ဖြင့် သေသေချာချာ ဖာထေးလိုက်သည်။ သို့ဆိုလျှင် အခန်းထဲက မီးဖိုခုတင် ပြီးစီးပြီဖြစ်သည်။

မီးဖိုခုတင်၏ မီးခိုးခေါင်းတိုင်သည် မီးဖိုချောင်က မီးဖိုနှင့် ဆက်သွယ်ထားသည်။ နေ့ဝက်လောက်ဆိုလျှင် မြေစေးအုတ်ခဲများ ခြောက်သွေ့သွားမည်။ ဆောင်းတွင်း အပူပေးလျှင်လည်း ထင်းအများအပြား သက်သာစေသည်။

ထန်အာသည် မူလကတည်းက လျောင်တုန်းဒေသက ဖြစ်ရာ မီးဖိုခုတင် တည်ဆောက်ရာတွင် မြန်ဆန်ပြီး လက်ရာသေသပ်သည်။ ခုတင်မျက်နှာပြင်ကိုလည်း ညီညာပြန့်ပြူးအောင် လုပ်တတ်သည်။ မနက်ခင်းတစ်ခုတည်းနှင့် သူနှင့် ဖူရှင်းတို့သည် အခန်းနှစ်ခန်းစာ ပြီးစီးသွားပြီ ဖြစ်သည်။ နေ့လယ်စာ စားပြီးသည်နှင့် ဆက်လုပ်ကြသည်။ အိမ်တွင် အခန်း ၆ခန်းရှိရာ အားလုံးပြီးစီးရန် နှစ်ရက် သုံးရက်လောက် ကြာပေလိမ့်မည်။

အားထောင်ကတော့ ဝါးဗန်းကြီးကို ပိုက်ကာ ဘဲမွှေး ရွေးနေသည်။ အရင်ဆုံး ဘဲမွှေးအကြီးများကို ရွေးထုတ်လိုက်သည်။ ထို့နောက် ဘဲမွှေးအသေးနှင့် ဘဲနုမွှေးများကို ကြည့်ကာ လက်ချောင်းဖြင့် အရိုးတံကို ကိုင်ပြီး ဖြည်းဖြည်းချင်း ဆွဲထုတ်သည်။ ပြီးလျှင် ဘဲနုမွှေးများကို အလွှာနှစ်ထပ်ချုပ်ထားသည့် အိတ်ထဲသို့ ဂရုတစိုက် ထည့်ရသည်။ သို့မှသာ လေတိုက်လျှင် လွင့်မသွားမည် ဖြစ်သည်။

ရာသီဥတု အေးလာသည်နှင့် ညဘက်တွင် ဝါဂွမ်းစောင် အထူကြီးနှစ်ထပ်လောက် ခြုံမှ အဆင်ပြေသည်။ ဖိမိလျှင် အသက်ရှူပင် မဝချင်တော့။ ရှန်မြောင်က ဝါဂွမ်းစောင်ကို ဖျက်ပြီး ဝါဂွမ်းတစ်ချို့ ထုတ်ကာ ဘဲမွှေးတစ်ချို့ ထည့်ချင်နေသည်။ ဘဲမွှေးက အပြင်သို့ ထွက်တတ်ပြီး ဝါဂွမ်းထဲ တိုးဝင်တတ်သဖြင့် အမွှေးများကို ဝါဂွမ်းအလယ်တွင် ထည့်ကာ စောင်တစ်ထည်လုံးကို အပ်ချည်ဖြင့် ကန့်လန့်ဖြတ်၊ ဒေါင်လိုက် သေသေချာချာ ချုပ်ရမည်။

အိမ်တွင် ဘဲမွှေး ဆယ်အိတ်ကျော် စုဆောင်းမိနေပြီ။ အရင်က မကြာခဏ ထုတ်လှန်းပြီး အနံ့ပျောက်အောင် လုပ်ထားသဖြင့် ယခု အသုံးဝင်လာပြီ။

ရှန်မြောင်က ကျူးယွီငရုတ်သီးဆော့စ်ကို စပ်လိုက်ပြီး ကြက်သွန်ဖြူ၊ ဂျင်းတို့ကို ထောင်း၊ သကြား၊ ကောက်ညှင်းနှစ်၊ ပုဇွန်ငပိတို့ ထည့်ပြီး မွှေလိုက်လျှင် မုန်ညင်းချဉ်အစပ်လုပ်မည့်အနှစ်က အဆင်သင့် ဖြစ်သွားပြီ။ ဇလုံထဲတွင် ဆားရေစိမ်ထားသည့် မုန်ညင်းဖြူများကို ကြည့်လိုက်တော့ စိမ်ရမည့်အချိန် လိုသေးသည်။ ထို့ကြောင့် ဘဲနုမွှေးများကို လာကူရွေးပေးလိုက်သည်။ နေ့ဝက်လောက် ရွေးပြီးချိန်တွင် အိတ်နှစ်အိတ်သာ ရသေးသည်။ မျက်လုံးများ ပြာလာပြီး ပခုံးများ နာကျင်ကိုက်ခဲလာတော့သည်။

ဆက်ရွေးနေလျှင် မျက်လုံးများ စွေကုန်တော့မည်။

ဘဲမွှေးအင်္ကျီ ဘာကြောင့် ဒီလောက် စျေးကြီးမှန်း အခုမှ သိတော့သည်။ ခေတ်သစ်တွင် စက်ပစ္စည်းများ ရှိလျှင်တောင် ဘဲမွှေးထဲကနေ ရွေးထုတ်လို့ရသည့် ဘဲနုမွှေးက သိပ်မများလှပေ။ သူမက တွက်ချက်ကြည့်လိုက်သည်။ ဘဲဖြူမွှေး တစ်ပေါင်လျှင် အများဆုံး ဘဲနုမွှေး ၆၀အောင်စလောက်သာ ရသည်။ ဘဲခေါင်းစိမ်းမွှေးက ပိုဆိုးသည်။ ရွေးထုတ်လိုက်သည့် မီးခိုးရောင်အမွှေးနုက ၄၀အောင်စလောက်သာ ရှိသည်။

မျက်လုံးညောင်း၊ လက်ညောင်းလာသဖြင့် သူတို့ကို အလျင်အမြန် ရပ်ခိုင်းလိုက်သည်။ အားထောင်ကိုလည်း ထပြီး လမ်းလျှောက်ခိုင်းကာ ခဏနားခိုင်းရသည်။ မျက်လုံးများ ပျက်စီးသွားမည် စိုးသောကြောင့်ပင်။

အားထောင်က ခဏနားပြီးသည်နှင့် ပြန်ထိုင်ကာ ဆက်ရွေးနေပြန်သည်။ ရှန်မြောင်က သူမကို သိပ်အလျင်မလိုရန် ပြောသော်လည်း သူမက ဘဲနုမွှေး အပြည့်ထည့်ထားသည့် အိတ်ကို ချည်လိုက်ပြီး နောက်တစ်အိတ် ယူကာ ခေါင်းငုံ့ပြီး တစ်ချောင်းချင်း ဆက်ရှာနေတော့သည်။

"ကျိအာရဲ့ ဆောင်းဦးကျောင်းပိတ်ရက်က မနက်ဖြန်ဆို ကုန်ပြီ။ ကျောင်းပြန်ဖွင့်တော့မယ်လို့ ကျွန်မ မှတ်မိတယ်။ သူ့အတွက် စောင်တစ်ထည်၊ အင်္ကျီတစ်ထည်လောက် လုပ်ပေးပြီး ယူသွားခိုင်းချင်လို့။ ကျောင်းထဲမှာက အိမ်မှာလောက် အဆင်မပြေဘူးလေ"

ဟုတ်သားပဲ။ အချိန်ကုန်တာ မြန်လိုက်တာ။ ကျိအာတောင် ကျောင်းပြန်တက်ရတော့မယ်။

ရှန်မြောင်မှာ ထိုစကားကို ကြားလိုက်ရတော့ ကြောင်သွားပြီး အားထောင်၏ ပါးပြင်ကို လှမ်းဆွဲလိုက်မိသည်။

"နင်က ငါ့ထက်တောင် အစ်မကြီး ပီသသေးတယ်"

အားထောင်က မော့ကြည့်ပြီး ပြုံးလိုက်သည်။ သူမ၏ ခေါင်းပေါ်က ငွေဆံထိုးလေးကို မသိမသာ စမ်းလိုက်မိသည်။

"အရင်တုန်းက ကျွန်မမှာ မောင်နှမ မရှိဘူး။ အမေတစ်ယောက်တည်းကပဲ ကျွန်မကို ကောင်းကောင်းဆက်ဆံခဲ့တာ။ အခု ရှင်တို့ဆီမှာ လူတိုင်းက ကျွန်မကို ကောင်းကောင်းဆက်ဆံကြတယ်။ ကျွန်မမှာ ပြန်ပေးဆပ်စရာ ဘာမှမရှိဘူး။ ရှင့်မိသားစုကိုပဲ အစွမ်းကုန် ပြန်ပြီး ဂရုစိုက်ပေးနိုင်တာပါ"

ရှန်မြောင်က အလုပ်များလွန်းသဖြင့် နေ့ရက်များကို မေ့နေမှန်း သတိရသွားသည်။ ထို့ကြောင့် နံရံတွင် ချိတ်ထားသည့် "မီးဖိုချောင်စောင့်နတ်မင်းပြက္ခဒိန်" ကို သွားလှန်ကြည့်လိုက်သည်။ သည်ခေတ် ပြည်သူသုံးပြက္ခဒိန်များသည် ကြမ်းတမ်းသည့် ကောက်ရိုးစက္ကူဖြင့် ဆွဲထားခြင်းဖြစ်ပြီး စာလုံးရေ သိပ်မပါပေ။ မီးဖိုချောင်စောင့်နတ်မင်းပုံ၊ နွေဦးနွားပုံ စသည်တို့ ပါရှိပြီး နေ့ရက်၊ ရာသီဥတု အချိန်အခါများကို ပုံနှိပ်ထားကာ စာမတတ်သူများ အရေးကြီးသည့် စိုက်ပျိုးရေးအချိန်အခါကို သိနိုင်ရန် လုပ်ထားခြင်း ဖြစ်သည်။ သူမက ကြည့်လိုက်တော့ ကျိအာ ကျောင်းဖွင့်တော့မည့်အပြင် ကျိုကောလည်း ယွမ်ရှစ်စာမေးပွဲ ဖြေရတော့မည်။

စာမေးပွဲဖြေရမည့်ရက်က လဆန်း ၇ရက် ဖြစ်သည်။ မနက်ဖြန် မဟုတ်ပါလား။

သို့သော် သည်ရက်ပိုင်း ကျိုကော ဘာတွေအလုပ်များနေမှန်း မသိ၊ လုံးဝ ပေါ်မလာခဲ့ပေ။ ရှန်မြောင် စိတ်မကောင်း ဖြစ်မိသည်။ သူမက ကွေ့ဟွားမုန့်ကို အထူးတလည် လုပ်ထားခဲ့သည်။ 'ကွေ့ဟွားပန်းခက်ကို ချိုးယူနိုင်ပါစေ' (အောင်မြင်ပါစေ) ဆိုသည့် အဓိပ္ပာယ်ပင်။ ဝက်လက်ကြီး လေးငါးချောင်းလည်း ဝယ်ထားပြီး မီးဖိုပေါ် တင်ထားလိုက်ပြီ။ ကျိုကောအတွက် ဝက်လက်နှပ်နှင့် ဝက်လက်ကျောက်ကျော လုပ်ကျွေးရန် ပြင်ဆင်ထားသည်။ "ရွှေစာရင်းပေါက်ပါစေ" ဟု အတိတ်နိမိတ် ယူခြင်းပင်။

လူဆိုတာ တ,လိုက်ရင် ရောက်လာတတ်သည်ပင်။ ညနေစောင်း၌ ရှန်မြောင်က စပ်မုန်ညင်းချဉ်များကို မြေအိုးထဲထည့်ပြီး ပိတ်နေစဉ် ယန့်ရှူးက စိတ်လှုပ်ရှားစွာဖြင့် ပြေးဝင်လာ၏။ သူ့လက်ထဲတွင် ခြင်းတောင်းနှစ်လုံးနှင့် ပြည့်နေအောင်ထည့်ထားသည့် တည်သီးနီများကို ကိုင်ထားသည်။

"ရှန်ညန်ဇီ၊ ကျွန်တော် မင်းအတွက် ချွင်းကျွမ်းက တည်သီးတွေ ယူလာတယ်။ ကျွန်တော်နဲ့ ချီလင် အတူတူ ခူးလာတာ!"

ပြေးဝင်လာသဖြင့် တည်သီးများက လမ်းတစ်လျှောက် လိမ့်ကျကုန်တော့သည်။ သူက ကပျာကယာ ကုန်းကောက်လေသည်။ ရှန်မြောင်လည်း ထွက်လာပြီး ဝိုင်းကောက်ပေးလိုက်ရသည်။

"မပြေးနဲ့၊ ဘာတွေ လောနေတာလဲ၊ ပြုတ်ကျကုန်တော့မယ်"

"ကျွန်တော် ဒီရက်ပိုင်း ချွင်းကျွမ်းမှာ စားဖိုမှူးဖန်းရဲ့ လက်ရာကို မစားနိုင်တော့ဘူး။ ရှန်ညန်ဇီ ကြည့်ပါဦး၊ ကျွန်တော် ပိန်သွားတယ်မလား"

ယန့်ရှူးက ရှန်မိသားစု၏ ထမင်းဟင်းကို လွမ်းလွန်းသဖြင့် မျက်ရည်ဝဲမတတ် ဖြစ်နေလေ၏။

ရှန်မြောင်က ကောက်ရင်းဖြင့် လှည့်ကြည့်လိုက်သည်။ ယန့်ရှူး၏ ဝိုင်းစက်ဖောင်းကားနေသည့် မျက်နှာ၊ မျက်လုံးကြီးကြီး၊ နှာခေါင်းပြားပြားနှင့် ပြုံးလိုက်လျှင် ရှေ့သွားနှစ်ချောင်းက လွတ်နေသေးသည်။ အင်း... မတွေ့တာကြာတော့ သူ သွား,လဲနေပြီပဲ။

ခုနက သူ စကားပြောတော့ လေထွက်နေသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

...

အပိုင်း (၁၁၈)

ပိန်ခြင်း ဝခြင်းနှင့် ပတ်သက်ပြီး ပြောရလျှင်... ပိန်သွားသည်ဟု မဆိုနှင့်၊ တကယ်တမ်း နည်းနည်းတောင် ဝလာသေးသည်။ ပြေးလိုက်လျှင် မျက်နှာပေါ်က အသားများပင် တုန်ခါနေတတ်လေသည်။

ယန့်ရှူးသည် ကြမ်းပြင်ပေါ်က တည်သီးများကို လိုက်ကောက်နေရင်း ရှန်းအာကို ခေါင်းမော့ရှာဖို့ မမေ့ပေ။

"ရှန်းအာက ထင်းရှူးသီးကောက်ဖို့ တောင်ပေါ်သွားတယ်၊ ခဏနေရင် ပြန်လာလိမ့်မယ်။ ယန့်ရှူး၊ မင်း အထဲဝင်ပြီး ကျွေးဖုန်း၊ လေထင်တို့နဲ့ သွားကစားချည်"

ရှန်မြောင်က လက်ကာပြလိုက်ပြီး ဆက်ပြောလိုက်သည်။

"ကျွေးဖုန်းကို ကြည့်ထားနော်၊ ကြက်ဖင်ကို လျက်ခွင့်မပေးနဲ့"

"ဟုတ်ကဲ့! သိပါပြီဗျ"

ရှန်မြောင်သည် သူ ထွက်သွားသည်ကို ကြည့်လိုက်ပြီး တံခါးခုံနားသို့ တည်သီးတစ်လုံး လိမ့်သွားသည်ကို တွေ့လိုက်ရပြန်သည်။ သူမသည် အမြန်ပြေးလိုက်သွားပြီး လက်လှမ်းလိုက်စဉ်မှာပင် သူမရှေ့သို့ ကြည်ပြာရောင် ဝါးရွက်ပုံ ပိုးသားလက်ရှည်အင်္ကျီစလေး ကျလာခဲ့သည်။ သွယ်လျဖြူဖွေးသည့် လက်တစ်ဖက်က သူမထက်အရင် ဦးအောင်ကောက်ယူလိုက်ပြီး အင်္ကျီလက်စဆီမှ အေးမြလတ်ဆတ်သည့် ထင်းရှူးနံ့ သင်းပျံ့လာကာ ကျိုကော၏ ပုံမှန်နူးညံ့သည့်အသံလည်း ထွက်ပေါ်လာလေသည်။

"ကျွန်တော် လုပ်လိုက်မယ်"

ရှန်မြောင်သည် ခါးကို မတ်လိုက်ပြီး မော့ကြည့်လိုက်လေသည်။

ရှဲ့ချီသည် မြင်းစီးလာပုံရသည်။ လရောင်ကဲ့သို့ ဖြူဖွေးကာ ခေါင်းဆောင်းပါသည့် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ ခေါင်းဆောင်းအနားသတ်တွင် ၁ လက်မခန့်ရှည်သည့် မြေခွေးမွေး အဖြူရောင်များ တပ်ဆင်ထားပြီး ထိုနူးညံ့ပွယောင်းသည့် အမွေးအမျှင်များက သူ့မျက်နှာကို ပိုမိုနူးညံ့ကြည်လင်သွားစေသည်။

သူ့လက်ထဲတွင် ဇက်ကြိုးကို ကိုင်ထားသေးပြီး သူ့နောက်ကျောမှ မြင်းခေါင်းကြီးတစ်လုံး ပြူထွက်လာလေသည်။ အရပ်မြင့်မြင့် စွန်ပလွန်ရောင် မြင်းကြီးတစ်ကောင်ဖြစ်ပြီး စိုစွတ်နေသည့် မျက်လုံးဝိုင်းကြီးများဖြင့် ရှန်မြောင်ကို ကြည့်နေလေ၏။

ရှဲ့ချီက တည်သီးကို ရှန်မြောင်အား ကမ်းပေးလိုက်ပြီးမှ မြင်းကို ချည်ရန် လှည့်ထွက်သွားတော့သည်။

ရှန်မြောင်သည် မြင်းနှင့် ခဏလောက် အကြည့်ချင်းဖလှယ်လိုက်ပြီး သူမက အဆန်းတကြယ် မေးလိုက်တော့သည်။

"ကျိုကော၊ ဒါက ဘာမြင်းလဲ။ အရမ်းမြင့်တာပဲ၊ မြင်းဝါသနာရှင်တွေ ပြောလေ့ရှိတဲ့ လျောင်မြင်း လား"

"သူ့အဖေက လျောင်မြင်း၊ အမေက တာတာမြင်းလေ"

ရှန်မြောင်သည် ထိုလှပသည့် မြင်းကြီးကို မျက်လုံးအရောင်လက်ကာ ငေးကြည့်နေမိသည်။ ရှဲ့ချီသည် ၎င်းကို အလွန်သဘောကျပုံရသည်။ သည်မြင်းကို လည်ဆံမွေးများ တောက်ပြောင်နူးညံ့နေသည်အထိ မွေးမြူထားပြီး မျက်တောင်များကလည်း ရှည်လျားကာ ခွာများကိုလည်း သပ်သပ်ရပ်ရပ် ကိုက်ညှပ်ပေးထားလေသည်။

ရှဲ့ချီကလည်း နူးညံ့စွာ ပြောလိုက်သည်။

"ဟုန်ကျိက မြင်းမပါ၊ အရမ်းယဉ်တယ်၊ ရှန်ညန်ဇီ ကိုင်ကြည့်လို့ရတယ်၊ သူက လူကို ဘယ်တော့မှ မကန်ဘူး"

ရှန်မြောင်သည် ခြေဖျားထောက်ကာ လက်လှမ်းပြီး မြင်းခေါင်းကို ပွတ်သပ်လိုက်သည်။ ၎င်းက ခေါင်းကို အနည်းငယ်ငုံ့ပေးပြီး သူမ အကိုင်ခံလေသည်။ တကယ်ပင် ယဉ်ပါပေသည်။

၎င်းသည် အရပ်အလွန်မြင့်ကာ သူမအရပ်ထက်ပင် ခေါင်းတစ်လုံးစာ ပိုမြင့်လေသည်။ ဒါသည် ရှန်မြောင် ပြန့်ကျင်းသို့ ရောက်လာပြီးနောက် တွေ့ဖူးသမျှထဲတွင် အလှဆုံးမြင်းပင်။ တခြားအိမ်က မြင်းဖြစ်စေ၊ ပုံမှန်အချိန် ရှဲ့မိသားစုသုံးသည့် လှည်းဆွဲမြင်းများဖြစ်စေ သည်လောက် မမြင့်ပေ။ ထိုမြင်းများသည် ၎င်း၏လည်ပင်းလောက်ပင် မြင့်မည်မထင်။

စုန့်ခေတ်တွင် အကောင်းဆုံး လျောင်မြင်းသည် Rolls-Royce မြင်းနှင့် တူပြီး၊ တာတာမြင်းသည် Sulam မြင်း၊ စုန့်ခေတ် ဒေသထွက်မြင်းများက BMW အဆင့်၊ နွားကြီးများက Audi ဖြစ်ပြီး မြည်းများကတော့ Volkswagen လောက်သာ ရှိမည်ထင်သည်။

နောက်ပိုင်း မြေဝယ်ပြီး ဘဲမွေးမြူရေးခြံ ဖွင့်လိုက်လျှင် ရှန်မြောင်သည်လည်း ဘဲများ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရန် ငွေသုံးပြီး 'Texas Volkswagen' မြည်းနှစ်ကောင်လောက် ဝယ်ရန် ပြင်ဆင်ထားလေသည်။

ရှန်မြောင်သည် ၎င်းကို ထပ်မံပွတ်သပ်လိုက်ပြီး ထန်အာကို ရေစိမ်ပြီးသား ပျော့နေသည့် ပဲနက်တစ်ချို့ ခပ်ကျွေးခိုင်းလိုက်သည်။ ထိုပဲနက်များသည် မနက်ဖြန် ပဲနက်မြေပဲနို့ကြိတ်သောက်ရန် ပြင်ဆင်ထားခြင်းဖြစ်သော်လည်း ယခုတော့ သည်လှပသည့် Rolls-Royce မြင်းကိုသာ ဦးစားပေး ကျွေးလိုက်ရတော့သည်။

"ကျိုကော အိမ်ထဲ အရင်ဝင်လေ၊ အပြင်မှာ အေးတယ်။ ဒါနဲ့ ကျွန်မ ရှင့်အတွက် ကွေ့ဟွားဆန်မုန့် လုပ်ပေးထားတယ်၊ စာမေးပွဲအောင်ပါစေလို့ ဆုတောင်းပေးပါတယ်! မနက်ဖြန်မနက်စောစော ရှင် စာမေးပွဲခန်းထဲ ဝင်ရတော့မှာ မဟုတ်လား။ မနက် ၇ နာရီ စဖြေရမှာလို့ ကျွန်မ မှတ်မိတယ်။ ဒါဆို ဒီည ကျွန်မတို့ ဝက်လက်ကြီး ပေါင်းစားကြမယ်၊ ရှင့်အတွက် နိမိတ်ကောင်း ယူပေးတာလေ"

"မင်း သတိတရ ရှိပေးတာ ကျေးဇူးပါ၊ တကယ်တော့ အလုပ်ရှုပ်ခံစရာ မလိုပါဘူး"

သည်နှစ် မတော်တဆမှုများ ဖြစ်လာဦးမလား မသိနိုင်ပေ။ ရှဲ့ချီသည် စိတ်ထဲတွင် မျှော်လင့်ချက် သိပ်မထားသော်လည်း နားထောင်ရင်း မျက်လုံးများက အလိုလို နူးညံ့သွားလေသည်။

ရင်ခွင်ထဲတွင် လက်သည်းတစ်ခုဖြင့် ရုတ်တရက် ကုတ်ခံလိုက်ရသလိုပင်။ ရှဲ့ချီသည် ကိစ္စတစ်ခုကို ရုတ်တရက် သတိရသွားပြီး မျက်လှည့်ပြသလိုမျိုး ဝတ်ရုံထဲက လျှို့ဝှက်အိတ်ကပ်ထဲမှ ဝဖိုင့်နေသည့် သုံးရောင်ခြယ် ကြောင်တစ်ကောင်ကို ဆွဲထုတ်လိုက်ကာ ပြောလိုက်သည်။

"ရှန်ညန်ဇီ၊ ကျွန်တော့်အိမ်မှာ ကိစ္စနည်းနည်းရှိလို့ ရှုပ်ယှက်ခတ်နေတာ၊ ကျွန်တော်ကလည်း စာမေးပွဲဝင်ဖြေရဦးမှာဆိုတော့ ဒီနေ့ လာခဲ့တာက တကယ်တော့ ချီလင် ကို မင်းဆီ အပ်ထားခဲ့ချင်လို့ပါ"

ရှန်မြောင်က အံ့ဩတကြီး ပြောလိုက်သည်။

"ဒါက ချီလင် လား"

ဘာလို့ ဒီလောက် ဝနေတာလဲ။ သူမ ခုနက တစ်ချက်ကြည့်လိုက်တုန်းက လုံးဝကို မမှတ်မိတော့လောက်အောင်ပဲ။

ရှဲ့ချီက ကြောင်ခေါင်းကို ကုတ်ပေးရင်း အထဲဝင်ကာ တစ်ခုချင်း ရေတွက်ပြလိုက်သည်။

"ဟုတ်တယ်၊ ချီလင် က အခုထိ ဆိတ်နို့သောက်ရတာ ကြိုက်တုန်းပဲ။ နေ့တိုင်း ၃ နပ်စားတယ်၊ တခါတလေ ငါးအသားမွှာနဲ့ ကြက်သားမျှင် ရောစားတယ်၊ တခါတလေ ငုံးသားနဲ့ ယုန်အသည်း နယ်စားတယ်၊ ဘဲရင်အုပ်သားလည်း စားတယ်၊ ရံဖန်ရံခါ လယ်ကြွက်မိရင် စားဖိုမှူးဖန်းက အသားခြောက်လုပ်ပေးပြီး သူ့ကို သွားရည်စာအဖြစ် ကိုက်ဖို့ ပေးတတ်တယ်"

ရှန်မြောင် : "......"

သူမသည် ယန့်ရှူး၏အကြည့်ကို ရှောင်ကာ ကြက်ဖင်ကို တိတ်တဆိတ် ပါးစပ်အကြီးကြီးဟနေသည့် ကျွေးဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး၊ အရိုးကြီးကို ကိုက်ကာ ဟင်းကျန်ခေါက်ဆွဲသုပ် စားနေသည့် လေထင်ကို တစ်ချက် ကြည့်လိုက်ပြန်သည်။ နောက်ဆုံးတွင် အကြည့်များကို ရှဲ့ချီရင်ခွင်ထဲက ဆီပြန်ချောမွတ်နေသည့် မျက်နှာကြီးနှင့် ဝက်ကြောင်ကြီးဆီ ပြန်ပို့လိုက်သည်။

သွားပါပြီ၊ သူဌေးသမီးအတုလေး ဆင်းရဲသားအိမ် ပြန်ပို့ခံရပြီပဲ!

ချီလင် ရှန်အိမ်ထဲ ရောက်လာပြီး ရှဲ့ချီက သူ့ကို ချပေးလိုက်သည်နှင့် ခေါင်းလှည့်ကာ စင်အောက်သို့ ဝင်ပုန်းနေတော့သည်။ ကျွေးဖုန်းက စပ်စုချင်စိတ်ဖြင့် ခွေးခေါင်းပြူကြည့်ရာ အမွေးတွေထောင်နေသည့် ချီလင်က မြွေဟောက်တစ်ကောင်လို ဒေါသတကြီး မှုတ်ထုတ်လိုက်လေသည်။

ရှဲ့ချီ၏မျက်နှာတွင် သက်ကြီးဖခင်တစ်ယောက်ကဲ့သို့ စိုးရိမ်စိတ်များ ချက်ချင်းပေါ်လာ၏။ ရှန်မြောင်တွင် ကြောင်မွေးဖူးသည့် အတွေ့အကြုံရှိသဖြင့် သူ့ကို အရင်လာထိုင်ပြီး မွှေးကြိုင်ချိုမြိန်သည့် ကွေ့ဟွားမုန့် စားခိုင်းလိုက်သည်။

"ကိစ္စမရှိပါဘူး၊ သူပုန်းနေရင် အတင်းမဆွဲထုတ်နဲ့၊ ခဏလောက် ရင်းနှီးသွားအောင် လွှတ်ထားလိုက်၊ သူ စိတ်ချရပြီလို့ ထင်ရင် ထွက်လာလိမ့်မယ်"

ကွေ့ဟွားဆန်မုန့်ဆိုသည်မှာ ကောက်ညှင်းဆန်နှင့် ဆန်ကို ၃ အချိုး ၁ ဖြင့် ရောစပ်ကာ၊ ရေစိမ်ပြီးမှ ကြိတ်ချေ၍ ကြိတ်ဆုံဖြင့် ညက်နေသည့် မုန့်နှစ်ရည် ဖြစ်အောင် ကြိတ်ရသည်။ သကြားနည်းနည်းထည့် မွှေပြီးနောက် တဆေးထည့်ကာ ပုံမှန်ထက် နှစ်ဆပွလာအောင် နှပ်ထားရသည်။ အတွင်းတွင် ပျားအုံကဲ့သို့ အပေါက်လေးများ ဖြစ်လာသောအခါ အိမ်ခြံဝင်းထဲက ခူးထားသည့် ကွေ့ဟွားပန်းခြောက်များကို ဖြူးပြီး ပေါင်းအိုးတင်လိုက်ရုံပင်။

နာရီဝက်ခန့် ပေါင်းပြီးချိန်တွင် အချိန်ကျသည်နှင့် ပေါင်းအိုးအဖုံးကို ဖွင့်လိုက်လျှင် ကွေ့ဟွားပန်းရနံ့များက "ဝုန်း" ခနဲ ထွက်ပေါ်လာပေလိမ့်မည်။

ရှဲ့ချီသည် ချွန်းကျွမ်း မှ မြင်းစီးလာခဲ့ရာ လမ်းတစ်လျှောက်လုံး လေအေးများမိလာခဲ့သည်။ ရှန်မြောင်က တြိဂံပုံ လှီးဖြတ်ထားသည့် ကွေ့ဟွားဆန်မုန့်တစ်တုံး ထိုးပေးလိုက်ရာ နွေးထွေးမှုသည် ရနံ့ထက်စော၍ သူ့ရင်ထဲသို့ ရောက်ရှိသွားတော့သည်။

ရှဲ့ချီသည် မူလက အချိုစာ သိပ်မကြိုက်တတ်သော်လည်း သည်ကွေ့ဟွားဆန်မုန့်မှာ ကွေ့ဟွားနံ့ အလွန်မွှေးပြီး ပါးစပ်ထဲတွင် နူးညံ့ကာ ချိုမြမြလေး ဖြစ်နေသည်။ အခြားအနံ့အသက်များ မပါဘဲ စားရသည်မှာ ညက်ညောသဖြင့် မထင်မှတ်ဘဲ သူ့ခံတွင်းနှင့် အလွန်တွေ့နေလေသည်။

ဒါသည် အဆန်းအပြား မဟုတ်ပေ။ အရင်က စားဖိုမှူးဖန်းလည်း လုပ်ဖူးသလို အပြင်က မုန့်ဆိုင်များတွင်လည်း ရောင်းကြသည်။ သို့သော် အရင်က ဘာကြောင့်မှန်းမသိ ကောင်းမှန်းမသိခဲ့ပေ။

"တကယ်စားကောင်းတယ်"

ရှဲ့ချီသည် မျက်လုံးများ ကွေးညွှတ်သွားသည်အထိ ပြုံးလိုက်ပြီး လမ်းတစ်လျှောက် လေအေးတိုက်ခံထားရသည့် ခြေလက်များလည်း နွေးထွေးလာခဲ့သည်။ သူသည် တစ်တုံးလုံး ကုန်အောင် စားလိုက်သော်လည်း ပါးစပ်ထဲတွင် အီမသွားပေ။ သူက အနည်းငယ် စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ "အပြင်မှာရောင်းတဲ့ ကွေ့ဟွားမုန့်ထက် ပိုလတ်ဆတ်တယ်နော်၊ ရှန်ညန်ဇီ ဘယ်လိုလုပ်လိုက်တာလဲ"

ရှန်မြောင်သည် သူ စားကောင်းနေသည်ကို မြင်လိုက်ရသဖြင့် ပြုံးလိုက်ပြီး ပြောလိုက်လေသည်။ "တကယ်တော့ ဘာမှမဟုတ်ပါဘူး၊ ကျွန်မ သကြားတစ်ဇွန်း လျှော့ထည့်လိုက်တာပါ။ ဒါမှ ဆန်နံ့ကို အချိုအရသာက ဖုံးမသွားမှာလေ။ မုန့်ဆိုင်တွေကတော့ ပေါင်းပြီးရင် အချိုနံ့ ပိုမွှေးအောင် သကြားများများ ထည့်ရတာ ကြိုက်ကြတယ်။ ဒါပေမဲ့ ဟင်းချက်တယ်ဆိုတာ ပုံသေမရှိဘူးလို့ ကျွန်မ ထင်တယ်၊ ယူခြင်းနဲ့ စွန့်ခြင်းကလည်း ဟင်းချက်ပညာရပ်တစ်ခုပါပဲ၊ တခါတလေ စွန့်လွှတ်လိုက်တာက ရယူတာထက် ပိုကောင်းတတ်တယ်"

ရှဲ့ချီသည် ကြောင်ကြောင်တောင်တောင်လေးဖြင့် ခေါင်းညိတ်လိုက်သည်။ ဟုတ်တာပဲ။ ဟင်းချက်တာတောင် အယူအဆရှိရရင် သူတို့မျိုးနွယ်စုကရော ဘာထူးလို့လဲ။ အရင်က လောဘကြီးလွန်းခဲ့လို့သာ အောက်လက်ငယ်သားတွေက အထက်လူကြီးကို လှည့်စား၊ ပြည်သူတွေကို နှိပ်စက်တဲ့ကိစ္စတွေ လုပ်ခဲ့ကြတာပေါ့။

တော်သေးတယ်။ အချိန်မီလောက်ပါသေးတယ်။

ရှဲ့ချီ၏စိတ်များ တခြားနေရာ ရောက်သွားသည်ကို ရှန်မြောင် မသိလိုက်ဘဲ ယန့်ရှူးနှင့် ယိုယွီကိုပါ ကွေ့ဟွားမုန့်လာစားရန် လှမ်းခေါ်လိုက်သည်။

သူတို့နှစ်ယောက်သည် တံခါးစောင့်နတ်မင်းများကဲ့သို့ မီးဖိုချောင်တံခါးဝတွင် စောင့်နေကြပြီး မီးဖိုပေါ်မှ အသားနံ့ တသင်းသင်းမွှေးနေသည့် ဝက်လက်ကြီးများကို စိုက်ကြည့်နေကြသည်။ ရှန်မြောင် ခေါ်လိုက်သံကို ကြားမှသာ မခွဲနိုင်မခွာရက်ဖြင့် မုန့်လာစားကြလေသည်။

ဝက်လက်နှပ်ချက်သည် မီးဖိုပေါ်တွင် မီးအေးအေးဖြင့် တည်ထားဆဲဖြစ်သည်။

ဝက်လက်နှပ်ချက် ချက်မည်ဆိုလျှင် ရေနွေးဖျောပြီးနောက် ဟင်းခတ်အမွှေးအကြိုင်များနှင့် အတူတူ လှော်ရသည်။ ဝက်လက်များ အနည်းငယ် ဝါလာသည်အထိ မွှေပေးရမည်။ သို့မှသာ စားသည့်အခါ အရေခွံက မွှေးနေလိမ့်မည်။ ထိုအချိန်တွင် အရက်၊ ပဲငံပြာရည် အနည်းငယ် ဆမ်းပြီး သကြားတစ်ဇွန်းထည့်ကာ ဆက်မွှေရမည်။ ဝက်လက်များ အရောင်တက်လာလျှင် ဝက်လက်မြုပ်သည်အထိ ရေနွေးထည့်၊ မီးပြင်းပြင်းဖြင့် ဆူအောင်တည်ပြီးမှ မီးအေးအေးဖြင့် ၁ နာရီကျော်ကြာအောင် နှပ်ထားရသည်။ ဝက်လက်များ နူးအိပြီး ဟင်းရည်ပျစ်ခဲလာသည့်အခါ ဆားဖြူးပြီး အရသာ ထပ်မံမြည်းစမ်းလိုက်လျှင် ရပြီဖြစ်သည်။

ကောင်းကင် မည်းမှောင်သွားသည့်အချိန်တွင် ဝက်လက်နှပ်ချက်တစ်ဇလုံ အိုးထဲမှ ထွက်လာခဲ့တော့သည်။

ရှန်မြောင်သည် အကြောပါသည့် အကြီးဆုံးတစ်တုံးကို ရွေးလိုက်ပြီး စာမေးပွဲအောင်ဖို့ လိုအပ်နေသည့် ရှဲ့ချီကို အရင်ထည့်ပေးလိုက်၏။ ရှဲ့ချီသည် ပန်းကန်ထဲက ဝက်လက်ကြီးကို ကြည့်ပြီး မူလက ဘယ်နေရာကနေ စကိုက်ရမလဲ မသိဖြစ်နေသော်လည်း အနံ့က တကယ်ကို မွှေးလွန်းနေသည်။

သို့ဖြင့် သူသည် မာန်များကို လျှော့လိုက်ပြီး ယူကာ ပါးစပ်ထဲထည့် ကိုက်လိုက်တော့သည်။ ဝက်လက်အရေခွံသည် နူးညံ့ပြီး အိစက်နေကာ ကိုက်လိုက်လျှင် "ကျိခနဲ" အသံမြည်သွားပြီး ကော်ဓာတ်အပြည့် ရှိနေသည်။

အတွင်းမှ အသားသည်လည်း နူးညံ့နေအောင် နှပ်ထားသဖြင့် နှစ်ချက်လောက် ဝါးလိုက်သည်နှင့် အရည်ပျော်သွားတော့မည်။ ဝက်လက်နှပ်ချက်၏ ပြင်းရှသည့် အရသာသည် ပါးစပ်ထဲတွင် ချက်ချင်း ပျံ့နှံ့သွား၏။ ရှန်ညန်ဇီ ဟင်းချက်လျှင် ဟင်းခတ်အမွှေးအကြိုင်နံ့ သိပ်မပြင်းတတ်ပေ။ ထိုအစား ဝက်လက်၏ အသားနံ့ကို ပိုမိုပေါ်လွင်စေသည်။ တစ်ခုစားပြီးသွားသောအခါ ရှဲ့ချီသည် နောက်တစ်ခု ထပ်မယူဘဲ မနေနိုင်တော့ပေ။

ယခုအချိန်တွင် ရှန်ညန်ဇီ၏ လက်ရာကို မကြာခဏ စားဖူးနေပြီ ဖြစ်သော်လည်း ထပ်ခါထပ်ခါ စားချင်နေမိဆဲပင်။

ရှန်းအာနှင့် မျောက်ကလေးများလည်း တစ်နေကုန် ကစားပြီး ပြန်ရောက်လာကြပြီ။ ထင်းရှူးရွက်၊ ထင်းရှူးသီး အိတ်ကြီးတစ်လုံး သယ်လာကြပြီး ဆူးပါသည့် သစ်အယ်သီးတစ်ပုံလည်း ကောက်လာကြသေးသည်။

သူတို့ ပြန်ရောက်လာသည့်အချိန် ကွက်တိပင်။ အိမ်ပြန်ရောက်သည်နှင့် ဝက်လက်စားရတော့သည်။

ယခုတော့ ရှန်းအာနှင့် ယန့်ရှူး နှစ်ယောက်သား ဝက်လက်ကိုက်ရင်း မျက်နှာတွင် ပေကျံနေကာ ကြောင်စုတ်လေးများ ဖြစ်နေကြပြီ။ စားပြီးသည်နှင့် လက်ချောင်းများကိုပါ စင်ကြယ်အောင် စုပ်နေကြသေးသည်!

ညစာစားပြီးနောက် ရှဲ့ချီနှင့် ယန့်ရှူးတို့ ပြန်သွားကြလေသည်။ ညဘက်တွင် ရှန်မြောင်သည် ဝက်လက်အေးတုံး ထပ်လုပ်ထားလိုက်ပြီး မနက်ဖြန်မနက်ထလျှင် ကြက်သွန်ဖြူဆော့စ်ဖျော်ကာ ဆန်ပြုတ်နှင့် တွဲသောက်ရန် ပြင်ဆင်ထားသည်။ သေချာပေါက် စားကောင်းပေလိမ့်မည်။

နောက်တစ်နေ့တွင် ဒေသအဆင့် စာမေးပွဲဖြေရမည့်နေ့ဖြစ်သဖြင့် လမ်းမပေါ်တွင် မိုးမလင်းခင်ကတည်းက ဆူညံနေတော့သည်။ အားလုံးက စာမေးပွဲသွားဖြေမည့်သူကို လိုက်ပို့ကြခြင်းပင်။ ယန့်ရှူးတစ်ယောက်တည်း ရှဲ့ချီကို လိုက်ပို့ပြီးနောက် ရှဲ့အိမ်သို့ ပြန်မသွားဘဲ ရှန်အိမ်သို့ ထမင်းလာကပ်စားရန် ခုန်ဆွခုန်ဆွ ရောက်လာပြန်သည်။

ရှန်မြောင်က သူတစ်ယောက်တည်း ဖြစ်နေသည်ကို မြင်သောအခါ ထူးဆန်းသွားပြီး မေးလိုက်၏။

"ယန့်ရှူး၊ ဘာလို့ မင်းတစ်ယောက်တည်း ကျိုကောကို စာမေးပွဲလိုက်ပို့ရတာလဲ။ ဒါက..."

သိပ်ပြီး အလေးမထားလွန်းဘူး မဟုတ်လား။ ဒါက တော်ဝင်စာမေးပွဲကြီးလေ!

ယန့်ရှူးသည် ပူပူနွေးနွေး ပျစ်နှစ်နေသည့် ဆပ်ဆန်ပြုတ်ကို သလင်းကျောက်ကဲ့သို့ ကြည်လင်တုန်ခါနေသည့် ဝက်လက်အေးတုံးဖြင့် တွဲဖက်စားသောက်နေသည်။ တူတစ်ချောင်းစာ ယူကာ ပါးစပ်ထဲထည့်လိုက်ရာ "လျှော" ခနဲ အရည်ပျော်သွားတော့သည်။ သူက မျိုချလိုက်ပြီးမှ လက်လျော့သည့်ပုံစံဖြင့် ပြောလေသည်။

"သာ့ညန်ဇီနဲ့ လန်ကျွင်း (သခင်ကြီး)တို့က ပြောကြတယ်၊ အရင်နှစ်တွေက ထုံးစံအတိုင်းဆိုရင် ကျိုကောက ဒီနေ့ပဲ ပြန်ရောက်လာနိုင်တာမို့ လိုက်မပို့တော့ဘူးတဲ့"

ရှန်မြောင် : "......"

သနားစရာကောင်းတဲ့ ကျိုကော၊ ကံဆိုးလွန်းလို့ မိသားစုကတောင် မျှော်လင့်ချက် မထားတော့ဘူးပဲ။

ယန့်ရှူးပင်လျှင် မနက်စာစားပြီးသည်နှင့် ရုတ်တရက် တည်ငြိမ်သွားပြီး ဒဏ်ရာကုဆေးအိတ်တစ်အိတ် လွယ်ကာ စာမေးပွဲခန်းမရှေ့သို့ သွားစောင့်နေလေသည်။ ကျိုကော တစ်ခုခု ကံဆိုးပြီး ထွက်လာမည်ကို စိုးရိမ်နေခြင်းပင်။ သူ့ခမျာ သနားစရာကောင်းစွာဖြင့် စာမေးပွဲခန်းမအပြင်တွင် တစ်နေကုန် လေအေးမိခံလိုက်ရသော်လည်း ထင်မှတ်မထားဘဲ ကျိုကော ပြန်မထွက်လာခဲ့ပေ!

သူသည် အလွန်စိတ်လှုပ်ရှားသွားပြီး ရှန်အိမ်သို့ တစ်ရှိန်ထိုးပြေးကာ သတင်းကောင်းလာပို့တော့သည်။ ထို့နောက် ရှဲ့အိမ်သို့ တစ်ရှိန်ထိုး ပြန်ပြေးသွားပြီး လှည်းပြင်ကာ ချွန်းကျွမ်းသို့ သတင်းကောင်း သွားပို့ပြန်သည်။

ကျိုကောက ပထမဆုံးတစ်ရက်ကို ကျော်ဖြတ်နိုင်ခဲ့ပြီပဲ! သူက နေကို အချိန်ရတုန်း မော့ကြည့်လိုက်သေးသည်။ မမှားပါဘူး၊ နေက အရှေ့ဘက်က ထွက်နေတုန်းပါပဲ။ ထို့ကြောင့် ပိုပြီး စိတ်လှုပ်ရှားသွားတော့သည်။

ဧကန္တ... ရှဲ့မိသားစု သင်္ချိုင်းဂူကို တစ်ယောက်ယောက် မီးလာရှို့သွားတာများလား။

ရှန်မြောင်လည်း ဝမ်းသာသွားသည်။ ကြည့်ရတာ စာမေးပွဲမဖြေခင် ဝက်လက်စားလိုက်တာ မှန်သွားပုံရသည်။ တခြားလူများက စာမေးပွဲအောင်စာရင်းထွက်မှ တော်တယ်လို့ သတ်မှတ်ကြပေမယ့် ကျိုကောကျတော့ တစ်ရက်လောက် ချောချောမွေ့မွေ့ ပြီးသွားရင်ကိုပဲ ဒီကံဆိုးသူမောင်ရှင် ကံကောင်းလာပြီလို့ မှတ်ယူရမယ်!

ယန့်ရှူး ချွန်းကျွမ်းသို့ အလျင်အမြန် သွားနေချိန်တွင် လမ်းမကြီးပေါ်၌ ရှဲ့ ဟူသောစာလုံးရေးထားသည့် မီးအိမ်ချိတ်ဆွဲထားသော ရိုးရှင်းသည့် မြင်းလှည်းတစ်စီးသည် အရှေ့တံခါးဆီသို့ ဖြည်းဖြည်းချင်း ကပ်လာနေ၏။

ရှဲ့အဖေသည် သူ၏အစိမ်းရောင် အဆင့်၉အရာရှိဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ထူထဲသည့် လျှောက်တင်လွှာကို ကိုင်ထားသည်။ ခါးပတ်တွင် ဝါးကတ်ပြားကို ထိုးထားပြီး စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ခေါင်းလုံး ချွေးများပြန်နေကာ သူ့ကို သတ္တိလာပေးသည့် ရှီးရှီကို မေးလိုက်လေသည်။

"ညန်ဇီ၊ ဒါက တကယ်ရော အလုပ်ဖြစ်ပါ့မလား။ ငါ့ခြေသလုံးကြွက်သားတွေ တောင့်နေပြီ၊ ကြောက်လွန်းလို့ မတ်တပ်တောင် မရပ်နိုင်တော့ဘူး"

ရှီးရှီက နေသားကျနေပြီဖြစ်၍ သူ့လက်ဖမိုးကို နှစ်သိမ့်စွာ ပုတ်လိုက်ပြီး ပြောလိုက်သည်။

"လန်ကျွန်း မကြောက်ပါနဲ့၊ ကျိုကော ပြောတာ မှန်ပါတယ်။ မဖျက်ဆီးဘဲ ပြန်မတည်ဆောက်နိုင်ဘူး၊ လေသင့်ရာ ရွက်လွှင့်တာက အကောင်းဆုံးနည်းလမ်းပါပဲ။ ရှင်က အိမ်မှုကိစ္စကို ကြပ်မတ်မှုမရှိပါဘူးလို့ ကိုယ့်ကိုယ်ကို အပြစ်တင်ပြီး လျှောက်တင်လွှာတင်၊ ဒူးထောက်ပြီး အပြစ်ရှိကြောင်း ဝန်ခံ၊ ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ တောင်းဆို၊ ပြီးရင် ရာထူးက နှုတ်ထွက်လိုက်ရင် အရှင်မင်းကြီးက ရှင့်ရဲ့ကောင်းကွက်ကို တွေးမိမှာပါ၊ ရှဲ့မိသားစုရဲ့ ကောင်းကွက်ကိုလည်း တွေးမိမှာပါ"

ရှဲ့အဖေသည် နောက်ဆုံးတော့ သတ္တိအနည်းငယ် ဝင်လာပြီး လက်သီးဆုပ်ကာ တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ၊ ညန်ဇီ ပြောတာ အရမ်းမှန်တယ်။ အိမ်သူအိမ်သားတွေ အေးချမ်းဖို့ဆိုရင် ဒီရာထူးကို စွန့်သင့်ရင် စွန့်ရမှာပေါ့! ဘာပဲဖြစ်ဖြစ် အဆင့်၉ အရာရှိလေးပဲဟာ၊ ငါ ဘဝတစ်ဝက်လုံး သုံးလာပြီးပြီ၊ တော်လောက်ပါပြီ!"

သို့သော် မြင်းလှည်း နန်းတော်တံခါးဝသို့ ရောက်သည့်အခါ ရှဲ့အဖေသည် လိုက်ကာကို မကာ လက်တစ်ကမ်းအလိုရှိ အရှေ့တံခါးကို လှမ်းကြည့်လိုက်သည်။ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်၊ နောက်ထပ်တစ်ချက် ထပ်ရှူလိုက်နှင့် ရှီးရှီကို လှည့်ကြည့်နေပြီး လှည်းပေါ်မှ မဆင်းနိုင် ဖြစ်နေလေသည်။

သည်းမခံနိုင်တော့သည့် ရှီးရှီက ခြေထောက်နှင့် ကန်ထုတ်လိုက်တော့သည်။

"မြန်မြန် သွားစမ်းပါ! ခဏနေ မိုးချုပ်သွားရင် နန်းတော်တံခါးလာခေါက်လို့ တုတ်ချက် ၁၀ ချက် အရင်အရိုက်ခံချင်နေတာလား"

ရှဲ့အဖေသည် ခါးသက်သက် မျက်နှာထားဖြင့် နန်းတော်တံခါးဝသို့ တရွေ့ရွေ့သွားကာ တုန်တုန်ယင်ယင်နှင့် ဝါးကဒ်ပြားကို ကမ်းပေးပြီး အရှင်မင်းကြီးကို တွေ့ခွင့်တောင်းလိုက်လေသည်။

**

စာမေးပွဲဖြေသည့်နေ့ဖြစ်သောကြောင့် ရှန်မြောင်၏ ဆိုင်တွင်လည်း ဒီနေ့ ထူးထူးခြားခြား စည်ကားနေသည်။ ထန်းပင်များ ရောင်းရသည်မှာ ရေစီးကမ်းပြိုသကဲ့သို့ပင်။ ဆိတ်သားစွပ်ပြုတ်ဆိုလျှင် နေ့ဝက်နှင့် ကုန်သွားသည်။ နောက်ပိုင်း နေ့ခင်းကြောင်တောင်ကြီး ငါးကင် မှာစားသူများပင် ရှိလာသည်။

ရှန်မြောင်၏ ဆိုင်ထဲမှ လူအားလုံးသည် မိုးချုပ်ခါနီးအထိ မနားတမ်း အလုပ်လုပ်လိုက်ရသည်။ ဆောင်းဦးနေဝင်သွားပြီး ဧည့်သည်များအားလုံး ပြန်သွားမှသာ ဆိုင်ထဲက ခုံတန်းရှည်ပေါ်တွင် ခွေခေါက်ကာ ခဏနားနိုင်ကြတော့သည်။

မိုးချုပ်သွားသည်နှင့် တဖြည်းဖြည်း အေးလာခဲ့သည်။ အပြင်ဘက် လမ်းမပေါ်တွင်လည်း လူရှင်းသွားပြီး နွေရာသီတုန်းကလောက် မစည်ကားတော့ပေ။ ရှန်မြောင်က အိမ်ပြန်ပြီး အချိန်ရတုန်း ဂွမ်းအင်္ကျီ ပြန်ချုပ်ရန် ပြင်လိုက်စဉ် အဘိုးလျန် ရောက်လာပြန်သည်။

ဒီတစ်ခါ သူသည် ပိတ်စအနု ရိုးရိုးအဝတ်အစားကို ဝတ်မထားပေ။

သူသည် ခေါင်းပေါ်တွင် အနားသတ် ရွှေချည်ထိုးထားသည့် အနက်ရောင် ဖူထိုခေါင်းဆောင်းကို ဆောင်းထားသည်။ ကိုယ်ပေါ်တွင် တိမ်ပုံစံများ ထိုးထားသည့် အစိမ်းရင့်ရောင် အရာရှိဝတ်ရုံကို ဝတ်ဆင်ထားသည်။ ဝတ်ရုံလက်မှာ ကျယ်ဝန်းပြီး ငွေရောင်ချည်မျှင်များ တလက်လက် တောက်ပနေကာ တစ်ကိုယ်လုံးရှိ အရှိန်အဝါသည် လွန်ခဲ့သည့် နှစ်ကြိမ်ကနှင့် လုံးဝ ကွာခြားနေလေသည်။

သူ့နောက်တွင် အဆင်တန်ဆာမပါသည့် ကျယ်ဝန်းမြင့်မားသော လှည်းတစ်စီး ပါလာပြီး လှည်းဘေးတွင် မီးအိမ်ဆွဲထားသည့် အပြာရောင်ဝတ် မိန်းမစိုးလေး လေးယောက်လည်း လိုက်ပါလာသည်။

လျန်ချန်သည် နန်းတွင်းအဆင့်မြင့် မိန်းမစိုးများကိုယ်စားပြုသည့် ဝတ်စုံဖြင့် ပေါ်လာသည်နှင့် လေအေးထဲတွင် လျှောက်သွားနေသည့် လမ်းသွားလမ်းလာများက မြင်လိုက်ရပြီး ကပျာကယာ ရှောင်ဖယ်သွားကြလေသည်။

ဖူရှင်း နှင့် ထန်အာ တို့ဆိုလျှင် လန့်လွန်းလို့ ခုံပေါ်ကနေ ပြုတ်ကျကုန်ကြသည်။

လျန်ချန်သည် တံခါးခုံကို ကျော်ဝင်လာပြီး ယဉ်ကျေးသိမ်မွေ့စွာ လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်၏။

"ရှန်ညန်ဇီ၊ အခြေအနေ ပြောင်းလဲသွားပြီ၊ ဧည့်သည်တွေက စောရောက်နေကြပြီမို့ ဒီကျွန်တော်မျိုးနဲ့အတူ ယွိကျင်ဥယျာဉ်ကို အမြန်လိုက်ခဲ့ပြီး ညစာစားပွဲ ပြင်ဆင်ပေးပါရန် မေတ္တာရပ်ခံပါတယ်"

ရှန်မြောင်၏ မျက်လုံးများမှာ အံ့ဩလွန်းလို့ ပြူးကျလုနီးပါး ဖြစ်သွားတော့သည်။

မဟုတ်သေးပါဘူး။ မဟုတ်သေးပါဘူး။ ရှင်က ဘယ်လိုလုပ်ပြီး မျက်နှာနှစ်မျိုး ဖြစ်နေရတာလဲ!

လမ်းမကြီးဘေးမှာနေတဲ့ ချမ်းသာတဲ့မိသားစုဆို။ ဘယ်လိုလုပ်ပြီး ယွိကျင်ဥယျာဉ် ဖြစ်သွားရတာလဲ။ ဒီ ယွိကျင်ဥယျာဉ်က... တော်ဝင်ဥယျာဉ် မဟုတ်ဘူးလား။

...

All Chapters