← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အပိုင်း (၂၅)

ရှဲ့အိမ်တော်မှ အစေခံ ပြောပြသွားသော လိပ်စာသည် ဤနေရာနှင့် မဝေးလှပေ။

ရှန်မြောင်သည် လက်မောင်းအင်္ကျီကို ပင့်တင်စည်းနှောင်လိုက်ပြီး ပဲများကို ရေစိမ်ကာ မုန့်နယ်ရန် ပြင်ဆင်လိုက်လေသည်။ ပြတင်းပေါက် အပြင်ဘက်တွင်တော့ ရှန်းအာသည် ကြက်ပေါက်လေးများကို ဖမ်းဆီးပြီးနောက် တန်းစီခိုင်းထားလေသည်။ သူမသည် လက်ကို နောက်ပစ်လျက် ကျိအာ သူမကို ဆူပူဆုံးမနေကျ ပုံစံအတိုင်း အတုခိုးပြီး အမွေးနုလေးများ တဖျပ်ဖျပ်လွင့်နေသော ကြက်ပေါက် ၃ ကောင်ကို လမ်းလျှောက်ကာ ဆူပူဆုံးမနေလေသည်။

သို့သော် ကြက်ပေါက်လေးများက ခဏလေးပင် ငြိမ်မနေဘဲ လေးဖက်လေးတန် ထွက်ပြေးသွားကြရာ အတည်ပေါက်နှင့် ဆူပူရန် ပြင်နေသော ရှန်းအာမှာ စစ်သည်မရှိသော စစ်သူကြီး ဖြစ်ကျန်ရစ်ခဲ့တော့သည်။

ရှန်မိသားစုအိမ်မှ မီးခိုးငွေ့များသည် တစ်ဖန် တလူလူ တက်လာပြန်သည်။ အဖြူရောင် အငွေ့တန်းများသည် လေထဲသို့ တလူလူတက်ကာ ဖြည်းဖြည်းချင်း ပျံ့လွင့်သွားလေသည်။

ယနေ့သည် တိုက်တိုက်ဆိုင်ဆိုင်ပင် ရှန်ဦးကြီး ဇနီးမောင်နှံနှင့် သားဖြစ်သူ ဟိုင်ကောအာတို့ ကိုယ်ပိုင် မြည်းလှည်းမောင်းကာ အိမ်ငှားခကောက်ရန် မြို့တွင်းသို့ ဝင်လာကြသည့်နေ့ ဖြစ်လေသည်။ သူတို့သည် မြို့တွင်း၌ ဆိုင်ခန်းငယ်တစ်ခန်း ပိုင်ဆိုင်ထားကြပြီး ရှန်မြောင်တို့အိမ်နှင့် သိပ်မဝေးလှပေ။ ကျင်းလျန်တံတား မြောက်ဘက်ရှိ ဝေ့မိသားစု မုန့်ဆိုင်နှင့် မျက်စောင်းထိုးတွင် ရှိပြီး တောင်ဘက်မှလာသော ခေတ်ပေါ်အထည်အလိပ်များ ရောင်းချသည့် နယ်ဝေး အထည်သည်တစ်ဦးကို ငှားရမ်းထားခြင်း ဖြစ်လေသည်။

ရှန်ဦးကြီးသည် လှည်းဦးတွင် ခွထိုင်လျက် ဇနီးဖြစ်သူအတွက် ကိုယ်တိုင် လှည်းမောင်းပေးနေသည်။ သူသည် အလွန်ဝဖြိုးသူဖြစ်သဖြင့် လှည်းမှာ တစ်ဖက်သို့ စောင်းနေလေသည်။ အထူးသဖြင့် သူတို့ မိသားစု ၃ ယောက်စလုံးသည် ပြည့်ပြည့်ဖောင်းဖောင်း ဝဖြိုးသူများ ဖြစ်ကြရာ မြည်းအိုကြီးမှာ သူတို့ ၃ ယောက်ကို မနည်းရုန်းကန် ဆွဲနေရသဖြင့် ပင်ပန်းလွန်းအားကြီး၍ မျက်လုံးများပင် ပြူးချင်နေရှာပြီ။

တင်းရှီသည် မျက်နှာတည်ကြီးဖြင့် ရှန်ဦးကြီးကို မှာကြားနေလေ၏။

" ခဏနေ အိမ်ငှားခကောက်ပြီးတာနဲ့ ကျွန်မတို့ တန်းပြန်ကြမယ်၊ ရှင် ဟို ရှန်အာ့လန် ထားရစ်ခဲ့တဲ့ ဝဋ်ကြွေး ၃ ကောင်ကို သွားကြည့်ဖို့ မစဉ်းစားနဲ့နော်၊ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ရှန်သာ့ကျဲအာ သူတို့ကို ခေါ်လာတုန်းက ရှင် သူတို့ကို ငွေ ၂ ကွမ်း ထိုးပေးလိုက်တာ ကျွန်မ မသိဘူး မထင်နဲ့”

ရှန်ဦးကြီးသည် သူ၏ လျှို့ဝှက်ချက် ပေါက်ကြားသွားလိမ့်မည်ဟု ထင်မထားခဲ့သဖြင့် ရယ်ကျဲကျဲ လုပ်ကာ ပြန်ပြောလိုက်လေသည်။

" ဘာပဲပြောပြော အာ့လန်ရဲ့ သားသမီးတွေပဲဟာ၊ ငါတို့က ကိုယ့်အနားခေါ်ပြီး မစောင့်ရှောက်နိုင်တော့ ကိုယ့်ဘက်က တာဝန်မကျေရာ ရောက်နေပြီလေ၊ ပတ်ဝန်းကျင်က ဘယ်လောက်တောင် အပြောအဆို ရိုင်းနေကြသလဲဆိုတာ မင်း မသိလို့ပါ၊ ပိုက်ဆံနည်းနည်းပါးပါး ပေးပြီး ဖြေရှင်းလိုက်တော့ သူတို့ပါးစပ်တွေ ပိတ်သွားတာပေါ့”

တင်းရှီသည် ထို ကြေးပြား ၂ တွဲကို နှမြောနေသဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။

" သာ့ကျဲအာ ပြန်ရောက်လာမှတော့ ကျိအာနဲ့ ရှန်းအာကို သူပဲ လုပ်ကျွေးပြုစုရမှာပေါ့၊ အစ်မကြီးက အမိရာပဲလေ၊ မြို့ဝန်မင်းဆီ သွားတိုင်ရင်တောင် ကျွန်မက မှန်နေတာပဲ”

သို့သော် ရှန်ဦးကြီးက ပေးပြီးသား ဖြစ်နေသဖြင့် သူမသည် ထိုကိစ္စကို ဆက်မပြောလိုတော့ပေ။ ရှန်ဦးကြီးကို ထပ်ပြီး သွားမပတ်သက်ရန်သာ တားမြစ်လိုက်လေသည်။ ထို ရှန်သာ့ကျဲအာသည် ကျင်းလင်မြို့တွင် ၃ နှစ်လောက် နေခဲ့ပြီးနောက် အတော်လေး ရင့်ကျက်လာခဲ့သည်။ စကားပြောလျှင်လည်း အတော်လေး တတ်လာပြီး ရှန်ဦးကြီးကို မြောက်စကားများ ပြောကာ ခေါင်းမဖော်နိုင်အောင် လုပ်တတ်လာသည်။ ရှန်ဦးကြီး သွားကြည့်လျှင် သနားပြီး ငွေထပ်ပေးနေမည်ကို တင်းရှီ စိုးရိမ်နေခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် ဖြည့်မရတဲ့ အိုးပေါက်ကြီး ဖြစ်နေတော့မည် မဟုတ်ပါလား။

ဦးကြီးအနေဖြင့် တူ၊ တူမများကို လစ်လျူရှုထားရန် မကောင်းသော်လည်း တစ်သက်လုံး တာဝန်ယူနိုင်မည် မဟုတ်ပေ။ အိမ်ကလည်း မင်းမှုထမ်း လစာစားနေရသည် မဟုတ်၊ ဘယ်သူ့အိမ်က ငွေက ကောင်းကင်ပေါ်က ကျလာလို့လဲ။ တင်းရှီသည် သမီး ၃ ယောက်ကို ယောက်ျားပေးစားခဲ့ရာ တစ်ယောက်လျှင် မင်္ဂလာကြေး ငွေ ၁၀၀ စီ ထည့်ပေးခဲ့ရသဖြင့် အိမ်မှ စုဆောင်းငွေများ ကုန်သလောက် ဖြစ်နေပြီ ဖြစ်သည်။ သားဖြစ်သူ ဟိုင်ကောအာ မိန်းမယူရန်အတွက်လည်း ပိုက်ဆံစုရဦးမည်။ သမီးယောက်ျားပေးစားရသည်မှာ ပိုက်ဆံကုန်သလို သားမိန်းမယူလျှင်လည်း စရိတ်စက မသေးလှပေ။ သူမသည် တွက်ချက်တတ်သူ ဖြစ်သည့်အလျောက် သူများကလေးများအပေါ် ငွေအများကြီး မသုံးချင်သည်မှာ သဘာဝပင်။

ဟိုင်ကောအာသည် လှည်း၏ တစ်ဖက်တွင် ထိုင်လျက် ဆီများပေကျံနေသော လက်ဖြင့် ကြက်ပေါင်ကြီးတစ်ချောင်းကို ကိုင်ကာ ပါးစပ်အပြည့် ကိုက်ဝါးနေလေသည်။ တင်းရှီက ကျိအာတို့အကြောင်း ပြောလိုက်သည်ကို ကြားသောအခါ အနည်းငယ် ကျဆင်းသွားပြီဖြစ်သော ပါးမို့မို့လေးက ပြန်ပြီး နာကျင်လာသလို ခံစားလိုက်ရသည်။

သူသည် အလွန်ဝဖြိုးသဖြင့် မျက်လုံးနှစ်လုံးမှာ အစ်နေပြီး မျဉ်းကြောင်းလေး တစ်ကြောင်းသဖွယ် ဖြစ်နေလေသည်။ ထို မျက်လုံးမှေးမှေးလေးထဲတွင် ယခင်က ရန်ပွဲကို သတိရသွားပြီး ဝမ်းနည်းစိတ်များ ဖြစ်ပေါ်လာလေသည်။ ဟိုင်ကောအာသည် သူ့ဘက်က ဘာမှမမှားဟု အမြဲထင်နေခဲ့သည်။ ကျိအာသည် ရှန်ဦးကြီးအိမ်တွင် ထင်းခုတ်ရေခပ် လုပ်ရပြီး တင်းရှီက အိမ်ဖော်တစ်ယောက်လို ခိုင်းစေခဲ့သော်လည်း ကျိအာသည် မတရားသေဆုံးသွားသော မိဘများနှင့် အစ်မကြီးအကြောင်း တစ်ခွန်းမှ မဟခဲ့ပေ။ ဟိုတုန်းက ရှန်အာ့လန် ဇနီးမောင်နှံသည် ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အထက်တန်းလွှာ လူချမ်းသာတစ်ယောက်နှင့် လမ်းမလယ်တွင် တိုက်မိပြီး သေဆုံးသွားခဲ့ရသည်။ ထိုသတင်းသည် ပြန့်ကျင်းမြို့တွင် ဟိုးလေးတကျော် ဖြစ်ခဲ့သော်လည်း နောက်ဆုံးတွင် လူ့အသက် ၂ ချောင်း ဆုံးရှုံးသွားရုံသာ ရှိပြီး အသံတိတ် ပျောက်ကွယ်သွားခဲ့ရသည်မှာ ဝမ်းနည်းစရာပင် ကောင်းလှသည်။

ကျောင်းနေဖက်များ စုမိကြလျှင် တီးတိုးပြောဆိုတတ်ကြသည်။ တချို့က သူ့မိဘများ လူချမ်းသာနှင့် တိုက်မိပြီး သေဆုံးသွားသည့် အမှုမှာ ဘာမှမဖြစ်ဘဲ ပြီးသွားကြောင်း ပြောကြသည်။ တချို့ကလည်း ထူးဆန်းသဖြင့် မေးမြန်းကြသည်။

" သူ့မှာ အစ်မတစ်ယောက် ရှိတယ်မလား၊ အနာဂတ်ကောင်းမယ့် စာပေပညာရှင်နဲ့ အိမ်ထောင်ကျသွားတယ်လို့ ကြားတယ်၊ ဘာလို့ ပြန်မလာပြီး သူတို့ကို တောင်ဘက်အရပ်ဆီ ခေါ်မသွားတာလဲ၊ ကိုယ့်အရင်းအချာ အစ်မဆီ သွားမမှီခိုဘဲ မင်းတို့အိမ်မှာပဲ ဘာလို့ တွယ်ကပ်နေရတာလဲ... "

ဟိုင်ကောအာသည် တင်းရှီ ညည်းညူပြောဆိုသည်များကို မကြာခဏ ကြားဖူးသဖြင့် ပေါ့ပေါ့ပါးပါးပင် ဝင်ပြောလိုက်သည်။ " ဘာဖြစ်ရမှာလဲ၊ ရှန်ကျိက တစ်နေ့တစ်နေ့ ငါးသေမျက်နှာ ပေးထားပြီး ပါးစပ်ကလည်း မချိုတော့ ဘယ်သူက သူ့ကို ကျွေးချင်မှာလဲ၊ သူ့အစ်မအရင်းကတောင် သူ့ကို ရွံလို့ ငါ့အိမ်မှာ ပစ်ထားပြီး ထွက်သွားတာနေမှာပေါ့၊ ကျင်းလင်မြို့က စည်ကားသလို ကျန်နန်ဒေသကလည်း ငါးပေါ စပါးပေါဆိုတော့ အဲဒီမှာ ပျော်ပြီး အိမ်ပြန်ဖို့တောင် သတိရတော့မှာ မဟုတ်ဘူး၊ ဘယ်သူက သူ့ကို သတိရနေတော့မှာလဲ”

ကျောင်းနေဖက်များက ဝိုင်းရယ်ကြလေသည်။ " ငါးသေမျက်နှာတဲ့၊ စကားလုံးက ရိုင်းပေမယ့် ကွက်တိပဲကွ”

" ငါသာ သူ့အစ်မဆိုရင်လည်း ဒီလို ဝန်ထုတ်ဝန်ပိုး ၂ ကောင်ကို ယောက္ခမအိမ် ခေါ်သွားမှာ မဟုတ်ဘူး၊ သူများတွေ ဘယ်လို ကဲ့ရဲ့ကြမလဲဆိုတာ မသိနိုင်ဘူးလေ”

ဟိုင်ကောအာက ရယ်မောရင်း ထပ်ပြောလိုက်လေသည်။ " ငါ့အမေ ပြောဖူးတယ်၊ သူ့အစ်မက ငယ်ငယ်ကတည်းက ဘာမှ မဆုံးဖြတ်ရဲတဲ့ ပျော့ညံ့ညံ့ပဲတဲ့၊ သူများက စကားမာမာလေး နှစ်ခွန်းလောက် ပြောလိုက်ရင်တောင် မျက်ရည်ကျတတ်တာ၊ သိပ်အသုံးမကျဘူးတဲ့၊ ကိစ္စတစ်ခုခု ကြုံရင် ရုန်းကန်ဖို့ မကြိုးစားဘဲ လိပ်လို ခေါင်းဝင်ပုန်းပြီး ကိုယ့်ကိုယ်ကိုယ် လှည့်စားကာ ပုန်းငိုတတ်တာတဲ့၊ ရွှံ့ပုံလိုပဲ ဘယ်လိုမှ ထူမရဘူး၊ လူတွေ အထင်အသေးဆုံး ပုံစံမျိုးလေ၊ ငါ့အစ်မ ၄ ယောက်ကိုလည်း သူ့လိုမျိုး လုံးဝ အဖြစ်မခံဘူးလို့ မှာထားသေးတယ်... "

စကားမဆုံးခင်မှာပင် ထိုစကားများကို ကြားသွားသော ကျိအာက လက်သီးဖြင့် ဝင်ထိုးလိုက်တော့သည်။

ထိုစဉ်က ထိုးချက်ကြောင့် သူ မျက်စိပြာသွားပြီး အော်ပင် မအော်နိုင်လိုက်ပေ။ နောက်ထပ် လက်သီးတစ်ချက် ထပ်ရောက်လာပြန်သည်။

ထိုကောင်က သူ့ကိုယ်ပေါ် တက်ခွထားပြီး အင်္ကျီကော်လာကို အတင်းဆွဲကာ မျက်လုံးထဲတွင် ရေခဲရိုက်ထားသကဲ့သို့ အေးစက်စက် အကြည့်ဖြင့် ကြိမ်းဝါးလေသည်။ " ငါ့မိဘတွေနဲ့ ငါ့မကြီးကို နောက်တစ်ခွန်းလောက် ထပ်စော်ကားရဲရင် စော်ကားကြည့်၊ ငါ မင်းကို သေအောင် သတ်ပစ်မယ်”

ဟိုင်ကောအာသည် နာလည်းနာ ကြောက်လည်းကြောက်သဖြင့် အော်ဟစ်ငိုယိုလိုက်လေသည်။ " မင်းလည်း မင်းအစ်မကို မုန်းနေတာ မဟုတ်ဘူးလား၊ ငါ အကုန် ကြားပြီးသား၊ ရှန်းအာက ငိုပြီး မင်းအစ်မကို ရှာတော့ မင်းက ဒေါသတကြီးနဲ့ သူ့အကြောင်း ထပ်မပြောဖို့ ဟိန်းဟောက်ခဲ့တာလေ၊ မင်းကိုယ်တိုင်တောင် သူ့ကို မုန်းနေပြီးတော့ ငါ့ကိုကျ ဘာလို့ လာရိုက်တာလဲ၊ ငါပြောတာ ဘယ်နေရာ မှားလို့လဲ”

သူ့ကို ပြန်ဖြေသည့်အရာမှာ ကျိအာ၏ ပြင်းထန်သော ဒေါသထွက်သက်သံများနှင့် နောက်ထပ် လက်သီးတစ်ချက်သာ ဖြစ်လေသည်။

ရန်ပွဲကို လာဖျန်ဖြေသော ကျောင်းနေဖက်များလည်း အထိုးခံလိုက်ရလေသည်။

နောက်ဆုံးတွင် ရှုပ်ထွေးသွားပြီး ဆရာလျို ရောက်လာကာ ကြည့်လိုက်သောအခါ ဒေါသကြောင့် မုတ်ဆိတ်မွေးများပင် ထောင်တက်လာလေသည်။ အကြောင်းရင်းကို မေးမြန်းပြီးနောက် စတင်လက်ပါသော ရှန်ကျိကို ကျောင်းမှ ထုတ်ပစ်လိုက်လေသည်။

သူ့အမေက သားဖြစ်သူ မျက်နှာဖူးယောင်နေသည်ကို မြင်လိုက်ရသောအခါ သေချာပေါက် ကျေအေးပေးမည် မဟုတ်ပေ။ ချက်ချင်းပင် တံမြက်စည်းကို ဆွဲကာ ကျိအာကို ဆဲဆိုရိုက်နှက်ပြီး အသက်ရှူမဝအောင် ငိုနေသော ရှန်းအာကိုပါ တစ်ပါတည်း အိမ်ပေါ်မှ မောင်းချလိုက်တော့သည်။

ကျိအာသည် အရိုက်ခံရသဖြင့် ပါးစပ်ထောင့်မှ သွေးများ ထွက်နေသော်လည်း လှည့်မကြည့်ပေ။ တောင်းပန်ခြင်းလည်း မပြုဘဲ ရှန်းအာ၏ လက်ကို တင်းတင်းဆုပ်ကိုင်ကာ သည်းထန်စွာ ရွာသွန်းနေသော မိုးရေထဲသို့ တစ်လှမ်းချင်း တိုးဝင်သွားပြီး မကြာခင် ပျောက်ကွယ်သွားခဲ့လေသည်။

နောက်ပိုင်းတွင် ဟိုင်ကောအာသည် သူတို့ကို လုံးဝ မတွေ့ရတော့ပေ။

တစ်နေ့က ရှန်ကျိ၏ အစ်မ ပြန်ရောက်လာပြီး သူ့ကိုခေါ်ကာ အိမ်လာလည်တုန်းက ဟိုင်ကောအာ အပြင်ထွက် ဆော့ကစားနေချိန် ဖြစ်လေသည်။ သူ ခံလိုက်ရသော လက်သီး ၂ ချက်က သိပ်မပြင်းထန်လှပေ။ အရေပြား ပွန်းပဲ့ဒဏ်ရာသာဖြစ်ပြီး ရက်အနည်းငယ်ကြာလျှင် ပျောက်ကင်းသွားမည့် ဒဏ်ရာများ ဖြစ်သဖြင့် အပြင်ထွက်ဆော့ကစားခြင်းကို မနှောင့်ယှက်နိုင်ခဲ့ပေ။ သို့သော် သူပြန်ရောက်ချိန်တွင် ရှန်ကျိ၊ ရှန်ရှန်းနှင့် သူ့အစ်မတို့ ပြန်သွားကြပြီ ဖြစ်သဖြင့် မတွေ့လိုက်ရပေ။

ယခင်က ရှန်ဦးလေးနှင့် ဒေါ်လေးတို့ ရှိစဉ်က နှစ်သစ်ကူးပွဲတော်များတွင် ရှန်သာ့ကျဲအာကို တွေ့ဖူးသည်။ ရှန်သာ့ကျဲအာသည် ရှန်မိသားစု မိန်းကလေးများထဲတွင် အချောဆုံးဖြစ်ပြီး ပန်းဖူးလေးကဲ့သို့ လှပလေသည်။ သို့သော် သူမသည် အမြဲတမ်း ခေါင်းငုံ့ထားတတ်ပြီး လူများနှင့် စကားပြောလျှင်လည်း ရှက်ရွံ့စွာဖြင့် လက်ကိုင်ပုဝါကို လိမ်ချိုးနေတတ်သည်။

အမေက သူမကို အလွန်အထင်သေးပြီး သူမအကြောင်း ပြောလျှင် ကောင်းသတင်း တစ်ခွန်းမှ မပါပေ။ အမြဲတမ်း တောသူမဆန်သည်ဟု ပြောတတ်သည်။ သို့သော် ထိုနေ့က သူမသည် ရှန်ကျိနှင့် ရှန်ရှန်းကို ခေါ်ပြီး ရောက်လာရာ အမေက ဒေါသထွက်ပြီး အဖေနှင့် အတော်ကြာအောင် ရန်ဖြစ်ခဲ့သော်လည်း နောက်ဆုံး ဒေါသပြေသွားချိန်တွင် နှာခေါင်းရှုံ့လျက် အဖေ့ကို ပြောလိုက်သည်မှာ...

" ရှင်တို့အိမ်က အာ့လန်ရဲ့ သမီးကြီးကတော့ လူကြီးဖြစ်လာပါပြီ၊ အစ်မကြီးတစ်ယောက်ရဲ့ ပုံစံ ပေါက်လာပြီ”

ဟိုင်ကောအာသည် အမေ ဘာကို ဆိုလိုမှန်း နားမလည်ပေ။ ဘာပဲဖြစ်ဖြစ် သူကတော့ ကျိအာတို့နှင့် အတူမနေချင်တော့ပေ။ ထိုရှန်ကျိက လူကိုရိုက်လျှင် သိပ်နာသည်ကိုး။

ပြီးတော့... သူက အတင်းစကား နည်းနည်းပြောမိရုံနဲ့ လက်ပါစရာ လိုလို့လား။ အဖေပြောတော့ သူတို့က ငယ်ပေမယ့် စာသင်သားတွေ ဖြစ်နေပြီတဲ့၊ ဘာလို့ ဒီလောက် ရိုင်းစိုင်းရတာလဲ၊ ပါးစပ်ကို ပါးစပ်ချင်း ပြန်တုံ့ပြန်ရမှာ မဟုတ်ဘူးလား။

သူသည် ခေါင်းခါလိုက်ပြီး ကြက်ပေါင်ကို တစ်ကိုက်ကြီးကြီး ကိုက်လိုက်သည်။ မျိုပင် မမျိုချရသေးခင် ကိစ္စတစ်ခုကို သတိရသွားပြီး နောက်လှည့်ကာ တင်းရှီကို ပြောလိုက်လေသည်။

" အမေ... ဘေးအိမ်က ရှောင်တိုး ပြောတယ်၊ ကျင်းလျန်တံတားပေါ်မှာ ပန်ကိတ်မုန့်မယ်လေး တစ်ယောက် ရောက်နေတယ်တဲ့၊ လုပ်တဲ့ ပန်ကိတ်မုန့်က သိပ်မွှေးတာပဲတဲ့၊ သူတို့အိမ်က တိုက်ဆိုင်လို့ တစ်ခါ ဝယ်စားဖူးတယ်၊ အရမ်းစားကောင်းတယ်တဲ့၊ ကျွန်တော်တို့ ခဏနေ သွားကြည့်ပြီး နည်းနည်းလောက် ဝယ်စားကြမလား”

ရှန်ဦးကြီး၏ မျက်လုံးများလည်း အရောင်လက်သွားလေသည်။

" ဟေ... ပန်ကိတ်မုန့်မယ်လေး ဟုတ်လား”

ဒါဆို သေချာပေါက် လှမှာပေါ့။

တင်းရှီက မျက်နှာပျက်သွားပြီး လက်ဝါးမြှောက်ကာ သားအဖနှစ်ယောက်လုံးကို တစ်ချက်စီ ရိုက်ထည့်လိုက်လေသည်။ " ငါတို့က အလုပ်ကိစ္စနဲ့ လာတာနော်၊ တစ်ယောက်က စားဖို့ပဲ သိတယ်၊ နောက်တစ်ယောက်က... " တင်းရှီက ရှန်ဦးကြီးကို မျက်စောင်းထိုးလိုက်ပြီး မဲ့ပြုံး ပြုံးကာ မေးလိုက်သည်။ " ပန်ကိတ်မုန့်မယ်လေးက ဘာဖြစ်လို့လဲ၊ ရှင်ကရော သွားကြည့်ချင်လို့လား”

" မကြည့်ပါဘူး၊ မကြည့်ပါဘူး၊ ကြည့်စရာ ဘာရှိလို့လဲ” ရှန်ဦးကြီး၏ ကျောပြင်တွင် ကြက်သီးမွေးညင်းများ ထသွားပြီး ချက်ချင်းပင် လက်ကာပြကာ စကားလမ်းကြောင်း လွှဲလိုက်လေသည်။ " အဲ့ဒီအချိန်ရှိရင် အိမ်ငှားခကောက်ပြီး မင်းအတွက် အဝတ်ချုပ်ဖို့ အထည်ကောင်းကောင်း ၂ စ လောက် သွားဝယ်တာ ပိုကောင်းပါတယ်၊ ဟိုအထည်ဆိုင်ပိုင်ရှင်က ပြီးခဲ့တဲ့လတုန်းက ယွင်ရှားပိုးသားအသစ်တွေ ရောက်မယ်လို့ ပြောထားတယ်လေ”

ဟိုင်ကောအာသည်လည်း မျက်နှာကိုအုပ်ထားပြီး အသံပင် မထွက်ရဲတော့ပေ။

ထိုအခါမှ တင်းရှီ၏ မျက်နှာထား အနည်းငယ် ကောင်းမွန်သွားတော့သည်။

သူတို့ ၃ ယောက်သည် ကျင်းလျန်တံတားသို့ ရောက်သည်အထိ လှည်းမောင်းလာခဲ့ကြသည်။ တံတားကို ဖြတ်ကူးချိန်တွင် ဟိုင်ကောအာနှင့် ရှန်ဦးကြီးတို့သည် တိတ်တဆိတ် လိုက်ရှာကြည့်သော်လည်း ပန်ကိတ်မုန့်မယ်လေး ဆိုသူကို မတွေ့ရပေ။ တံတားအလယ်သို့ ရောက်သောအခါ ဖျော်ရည်ဆိုင်တစ်ဆိုင်ကို ဖြတ်သွားစဉ် မြည်းဆွဲလာသော အမျိုးသားတစ်ဦးက ဝဖိုင့်ဖိုင့်အမျိုးသမီးကို မေးမြန်းနေသည်ကို ကြားလိုက်ရလေသည်။

" ဟို မုန့်ရောင်းတဲ့ အမျိုးသမီးရောဗျ”

" ကုန်သွားလို့ ပြန်သွားပြီ”

" နေ့လယ်ပဲ ရှိသေးတာကို၊ ဘာလို့ ဆိုင်သိမ်းသွားတာလဲ”

" ဒါပေါ့ရှင်... သူက ရုပ်လည်းချော၊ မုန့်လုပ်တာလည်း ကောင်းဆိုတော့ ရှင်လို လာမေးတဲ့ လူတွေ အများကြီးပဲ၊ နေ့လယ်ရောက်ဖို့ မပြောနဲ့၊ မနက်ခင်းဈေး မကွဲခင်တောင် သူ့မုန့်တွေက ကုန်နေပြီ၊ မှတ်ထားနော်... မနက်ဖြန် သူ မိုးမလင်းခင် လာလိမ့်မယ်၊ စောစော လာခဲ့ကြ” ဝဖိုင့်ဖိုင့်အမျိုးသမီးက နေကြာစေ့စားရင်း တခစ်ခစ်ရယ်ကာ ပြောလိုက်လေသည်။

ထိုလူသည် အစနောက်ခံလိုက်ရသဖြင့် မျက်နှာပူသွားပြီး မြည်းကိုဆွဲကာ အမြန်ထွက်ခွာသွားတော့သည်။

ဟိုင်ကောအာသည် ထိုစကားကို ကြားလိုက်ရသဖြင့် စိတ်ပျက်လက်ပျက် နောက်လှည့်ကြည့်လိုက်သည်။ စောစောစီးစီး ကုန်သွားရတယ်လို့၊ အဲ့ဒီ ပန်ကိတ်မုန့်မယ်လေးက ဘာလို့ များများ မလုပ်တာလဲ။

" ဟိုလူက ဝေ့မုန့်ဆိုင်က ဆိုင်ရှင် မဟုတ်လား”

တင်းရှီက မေးမြန်းနေသူကို မှတ်မိသွားပြီး တွေးတောလိုက်လေသည်။

" ကြည့်ရတာ ဒီမုန့်သည်မလေးရဲ့ လက်ရာ မဆိုးဘူးထင်တယ်၊ ဝေ့ဆိုင်ရှင်တောင် သူ့မုန့်ကို လာဝယ်တယ်ဆိုတော့”

တင်းရှီသည် ထမင်းဟင်းချက်လျှင် ဆေးဖော်သကဲ့သို့ အိုးကပ်အောင် ချက်တတ်သဖြင့် သူတို့မိသားစု၏ ကိုယ်ပေါ်မှ အသားများသည် ဆိုင်ထမင်းဆိုင်ဟင်း စားသောက်ရာမှ ရရှိလာခြင်း ဖြစ်သည်။ ထို့ကြောင့် ကျင်းလျန်တံတားပေါ်တွင် မစားဖူးသော အရသာသစ် ပေါ်လာသည်ဟု ကြားလျှင် စိတ်ဝင်စားသွားလေသည်။

" နှမြောစရာပဲ၊ နောက်ကျသွားတယ်၊ မဟုတ်ရင် ငါတို့မိသားစုလည်း ဝယ်စားကြည့်လို့ ရတာကို” ရှန်ဦးကြီးက ကြာပွတ်ကို ဝှေ့လိုက်ပြီး သူတို့မိသားစုသည် တံတားကို ဖြည်းဖြည်းချင်း ဖြတ်ကျော်သွားကြတော့သည်။

သူတို့ ထွက်ခွာသွားပြီး မကြာခင်မှာပင် ကျင်းလျန်တံတားအနီးရှိ ယန်လျိုအရှေ့လမ်းကြားမှ ရှန်မြောင်သည် ခြင်းတောင်းကြီးကို လွယ်လျက် ထွက်လာခဲ့လေသည်။ ခြင်းတောင်းထဲတွင် အခုမှ ကင်ထားသော သက်သတ်လွတ် ပဲနီဌာပနာမန်ထိုများ ပါရှိလေသည်။ သူမသည် ရှန်းအာ၏ လက်ကိုဆွဲကာ နှစ်ယောက်သား တာ့ရှန့်ကော်ဘုရားကျောင်း ရှိရာသို့ ထွက်လာခဲ့ကြတော့သည်။

…

အပိုင်း (၂၆) ရှဲ့မိသားစု၏ ဂုဏ်သတင်း (၁)

ရှန်မြောင်သည် အလံနီအောက်တွင် မွေးဖွားကြီးပြင်းလာသူဖြစ်ပြီး နွေဦးလေညင်းကဲ့သို့ လွတ်လပ်သူဖြစ်သည်။ ငယ်စဉ်ကတည်းက ခေါင်းမာတတ်ပြီး ဟင်းချက်လက်ရာ ပါရမီပါသဖြင့် အဘိုးဖြစ်သူ၏ အသည်းကျော်ဖြစ်ခဲ့သည်။ အိမ်တွင်နေစဉ်က အဘိုးပြီးလျှင် ဒုတိယအကြီးဆုံးဟူသော ဘဝဖြင့် နေထိုင်ခဲ့ရသူဖြစ်ရာ ရာစုနှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့ပြီဖြစ်သော ရှေးဟောင်းမျိုးနွယ်ကြီးများ၏ အမူအကျင့်များကို မျက်ဝါးထင်ထင် မတွေ့ဖူးခဲ့ချေ။

မူလခန္ဓာကိုယ်ပိုင်ရှင် ရှန်သခင်မလေးသည်လည်း ဈေးသည်အသိုင်းအဝိုင်းမှ မွေးဖွားလာသူဖြစ်ပြီး အသက် ၂၀ ကျော်သာ နေထိုင်ခဲ့ရရှာသည်။ သူမမြင်ဖူးသမျှထဲတွင် အတော်ဆုံးလူမှာ မိခင်ကို တွယ်ကပ်တတ်သော သူမ၏ ပျော့ညံ့ညံ့ခင်ပွန်းသည် ရုံသာ့လန်သာဖြစ်လေသည်။ ထို့ကြောင့် အထက်စီးဆန်သော မျိုးရိုးမြင့်များနှင့် ဆက်ဆံရမည့် အခွင့်အရေးလည်း မရှိခဲ့ပေ။

ရုပ်ရှင်များနှင့် စာအုပ်များထဲတွင် ဖော်ပြထားသော မျိုးရိုးမြင့်များနှင့် နန်းတွင်းသားတို့၏ ဘဝပုံစံသည်လည်း အမှန်တရားနှင့် ကွဲလွဲနေတတ်ပြီး မျက်မြင်ကိုယ်တွေ့နှင့်မူ အနည်းငယ် ကွာခြားနေတတ်သည်။ သရုပ်ဆောင်မှုနှင့် လက်တွေ့ဘဝကြားတွင် အတားအဆီးတစ်ခု ရှိနေသောကြောင့် ဖြစ်ပေလိမ့်မည်။

ရှန်မြောင်သည် ခြင်းတောင်းကို လွယ်လျက် အနောက်ဘက် ကျုံးကူလမ်းမကြီးသို့ လျှောက်လာသောအခါ သည်လမ်းတစ်လျှောက်တွင် ကုန်ရောင်းကုန်ဝယ် လှည်းများ တစ်စီးမှ မရှိသလို စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များရှေ့တွင် ထိုင်နေတတ်သော အားယားနေသူများကိုလည်း မတွေ့ရပေ။

အနောက်ဘက် ကျုံးကူလမ်းမကြီး တစ်ခုလုံးသည် သာယာနာပျော်ဖွယ် ဘုရားစာရွတ်ဖတ်သံများ၊ ခေါင်းလောင်းသံများ ထွက်ပေါ်နေသော တာ့ရှန့်ကော်ဘုရားကျောင်းနှင့် ကျောချင်းကပ်လျက် တည်ရှိသည်။ လမ်းဘေးဝဲယာ တစ်လျှောက်တွင် မြင့်မားသော ဂင်းကိုးပင်များ၊ ထင်းရှူးပင်များ စီတန်းပေါက်ရောက်နေပြီး အလွန်တိတ်ဆိတ်ကာ သွားလာသူ အလွန်နည်းပါးလေသည်။

လမ်းမပေါ်တွင် သပ်ရပ်သော အုတ်ပြာများကို ခင်းထားပြီး အပြင်ဘက် လမ်းမများကဲ့သို့ ဖုန်တောမထပေ။ ပြန့်ကျင်းမြို့တော်တစ်ခုလုံးတွင် နန်းတော်နှင့် ဆက်သွယ်ထားသော လမ်းမတော်ကြီးတစ်ခုတည်းသာ အုတ်ခင်းထားသည်ဟု ရှန်မြောင် ထင်မှတ်ခဲ့သော်လည်း သည်နေရာတွင်လည်း အုတ်ခင်းလမ်း ရှိနေမည်ဟု မထင်ထားခဲ့ပေ။

သူမသည် ခြေလှမ်းများကို လျှော့လိုက်ပြီး ရှန်းအာ၏ လက်ကိုဆွဲကာ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။

သစ်ပင်ရိပ်များသည် ထူထပ်ကာ အေးမြလှသဖြင့် ဝင်လာသည်နှင့် စိတ်ကြည်နူးဖွယ် အေးမြမှုကို ခံစားလိုက်ရသည်။ နေရောင်ခြည်သည် သစ်ရွက်များကြားမှ ဖြတ်သန်းကာ အလင်းစက်ကလေးများအဖြစ် လူတို့၏ မျက်နှာနှင့် ပခုံးထက်သို့ ကျရောက်နေသည်။ ဘုရားကျောင်းမှ အမွှေးတိုင်နံ့များသည် နံရံများကို ကျော်ဖြတ်ကာ လေနှင့်အတူ ပါလာသည်။

သည်နေရာသည် သဘာဝအတိုင်း တည်ငြိမ်အေးချမ်းသော အရသာတစ်ခု ရှိနေပြီး ပြင်ပလောက၏ ဆူညံရှုပ်ထွေးမှု မှန်သမျှကို ခြံဝင်းကျယ်ကြီးများနှင့် မြင့်မားသော တံတိုင်းကြီးများက ကာကွယ်ပေးထားသကဲ့သို့ ရှိလေသည်။ နေ့လယ်ခင်းအချိန်တွင် အသံဗလံဟူ၍ မကြားရဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။

အိမ်တော်၏ အဓိကတံခါးမကြီးမှာ ကြေးနီသံမှိုစွဲထားသော အနီရောင် တံခါးရွက်ကြီး လေးချပ်ဖြစ်ပြီး တံခါးရှေ့တွင် ခန့်ညားထည်ဝါသော ခြင်္သေ့ရုပ်ကြီး နှစ်ရုပ် ရှိလေသည်။ ဘေးဘက်ရှိ တံခါးပေါက်ငယ်များတွင် အစေခံများ စောင့်ကြပ်နေကြသည်။ အနီးကပ် သွားကြည့်လိုက်သောအခါ ထိုတံခါးပေါက်ငယ်များ၏ တံခါးခုံများကို ရေဖြင့်တိုက်စားထားသော ကျောက်ပြာတုံးကြီးများဖြင့် ပြုလုပ်ထားသည်ကို တွေ့ရသည်။ 'ရှဲ့' ဟူသော စာလုံး ရေးဆွဲထားသည့် မီးအိမ်နီကြီးများကို အုတ်နံရံများပေါ်တွင် ချိတ်ဆွဲထားလေသည်။

မီးမထွန်းရသေးသော မီးအိမ်အောက်တွင် သပ်ရပ်စွာ ဝတ်ဆင်ထားသော အိမ်တော်ထိန်း အစေခံ နှစ်ယောက် သုံးယောက် ထိုင်နေကြပြီး ဖရဲစေ့လှော် စားကာ စကားစမြည် ပြောဆိုနေကြသည်။ ရှန်မြောင် လျှောက်လာသည်ကို မြင်သောအခါ သူတို့ထဲမှ တစ်ယောက်က ရှန်မြောင်ကို အကဲခတ်သလို ကြည့်လိုက်ပြီး လက်ထဲမှ ဖရဲစေ့များကို အင်္ကျီလက်ကြားထဲ ထည့်လိုက်ကာ ဖော်ရွေစွာ မေးလိုက်သည်။

"ဒီမိန်းကလေးက ရှန်မျိုးနွယ်လား။ သခင်မကြီးရဲ့ အပါးတော်မြဲ အတွင်းဆောင်မှူးကျန့်က မိန်းကလေးကို ဒီမှာစောင့်နေဖို့ မှာထားလိုက်လို့ပါ"

ရှန်မြောင်က ကျောပေါ်မှ ခြင်းတောင်းကို ချလိုက်ပြီး မနှိမ့်ချလွန်း မထင်ပေါ်လွန်းသော ပုံစံဖြင့် အရိုအသေပြုလိုက်ကာ ပြန်ဖြေလိုက်သည်။ "ဟုတ်ပါတယ်ရှင်၊ ကျွန်မက မနက်က အတွင်းဆောင်မှူးကျန့် မှာထားတဲ့အတိုင်း သက်သတ်လွတ်မန်ထိုတွေ ကင်လာခဲ့ပါတယ်"

"မိန်းကလေး ရောက်လာတာ အချိန်ကိုက်ပါပဲ၊ ခဏလောက် စောင့်ပေးပါဦး၊ ကျွန်တော် ဒီမန်ထိုတွေကို ယူသွားပြီး အတွင်းဆောင်မှူးကျန့်ဆီ သွားပို့လိုက်ပါ့မယ်"

ထိုလူစုထဲမှ သန်သန်မာမာ အစေခံတစ်ယောက်က ရှန်မြောင်၏ ခြင်းတောင်းထဲမှ ဆီစိမ်စက္ကူဖြင့် ထုပ်ထားသော မန်ထိုကင်များကို ထုတ်ယူလိုက်ပြီး ရှန်မြောင်အား စိတ်ရှည်လက်ရှည် ရှင်းပြလေသည်။ "မိန်းကလေး စိတ်မရှိပါနဲ့နော်၊ ကျွန်တော်တို့က တမင် နှောင့်နှေးကြန့်ကြာအောင် လုပ်နေတာ မဟုတ်ပါဘူး၊ ကျွန်တော်က ဂိတ်တံခါး စောင့်တဲ့သူဆိုတော့ အတွင်းဆောင်ထဲ ဝင်ခွင့်မရှိလို့ပါ၊ ဒီတံခါးကနေ ဝင်သွားပြီးရင် ဒုတိယတံခါးက အစောင့်ဆီကို အရင်ပို့ပေးရတယ်၊ ပြီးမှ အဲဒီအစောင့်ကတဆင့် သွားလျှောက်တင်ရတာပါ၊ ပြီးရင် အတွင်းဆောင်မှူးကျန့်က သခင်မကြီးရဲ့ အထိန်းတော်ကြီးဆီ ထပ်တင်ပြရဦးမှာ၊ သခင်မကြီးက ညွှန်ကြားချက် တစ်စုံတစ်ရာ ပေးလာမှ မိန်းကလေးကို ပြန်ပြောပြလို့ ရမှာပါ"

အဆင့်ဆင့်သော တံခါးများနှင့် နက်ရှိုင်းလှသော အိမ်တော်ကြီး၏ အခြေအနေကို ထိုအစေခံများ၏ စကားမှတဆင့် အနည်းငယ် ခန့်မှန်းကြည့်နိုင်သည်။

ရှန်မြောင်လည်း နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

'ဒီအထက်တန်းစား အိမ်တော်ကြီးက ဌာနတွေ၊ အဆင့်တွေ များတဲ့ ကုမ္ပဏီကြီးတစ်ခုလိုပါပဲလား... ဧည့်သည်လာရင် ဧည့်ကြိုကနေ အုပ်ချုပ်ရေးမှူးဆီ သတင်းပို့၊ အုပ်ချုပ်ရေးမှူးက လက်ထောက်ဆီ၊ လက်ထောက်က မန်နေဂျာဆီ၊ မန်နေဂျာက ဒုတိယဥက္ကဋ္ဌဆီ... အင်း... ကြည့်ရတာ အတော်လေး စောင့်ရမယ့်ပုံပဲ၊ ဒါပေမဲ့ ငွေ ၃ ကွမ်းရဖို့အတွက်ဆိုတော့ စောင့်ရတာ တန်ပါတယ်လေ... အနားယူတယ်လို့ပဲ သဘောထားလိုက်မယ်'

ထို့နောက် သူမသည် ခြင်းတောင်းလွတ်ကို ဆွဲကာ ရှန်းအာကို ခေါ်ပြီး တံခါးပေါက်ဘေးတွင် ဝင်ရပ်လိုက်သည်။ ထိုနေရာတွင် သစ်ပင်ရိပ် ရှိသဖြင့် နေရိပ်ပြီး အေးမြလေသည်။ တစ်ခုခုကို စဉ်းစားမိပြီး သူမ၏ အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါဖြင့် ထုပ်ထားသော သကြားခဲအဝါလေး တစ်တုံးကို ထုတ်ကာ ရှန်းအာကို မုန့်ပဲသရေစာအဖြစ် ပေးလိုက်သည်။ ဒါသည် မနက်က ပဲနီဌာပနာ လုပ်စဉ်က ပိုနေသော သကြားခဲလေး ဖြစ်ပြီး ကလေးကို ချော့ရာတွင် အသုံးဝင်မည်ဟု တွေးကာ အိတ်ထဲ ထည့်လာခဲ့ခြင်း ဖြစ်သည်။

အခုတော့ တကယ်ပင် အသုံးဝင်လာခဲ့ပြီ။

ထိုအစေခံ ဝင်သွားပြီးနောက် တံခါးပေါက်တွင် အစောင့်နှစ်ယောက်သာ ကျန်ရစ်တော့သည်။ ထိုအထဲမှ လူငယ်တစ်ယောက်သည် ရှန်မြောင်ကို မျက်လုံးထောင့်မှ အကဲခတ်နေပြီး ကလေးပါ ပါလာသည်ကို တွေ့သောအခါ အခန်းထဲသို့ ပြန်ဝင်သွားပြီး ထိုင်ခုံပုလေး နှစ်လုံး ယူလာပေးလေသည်။

"သွားလိုက်ပြန်လိုက်နဲ့ဆိုရင် နာရီဝက်လောက်တော့ ကြာလိမ့်မယ်၊ တကယ်လို့ သခင်မကြီးမှာ ကိစ္စရှိနေရင် ပိုကြာနိုင်တယ်၊ ဒီမှာပဲ ထိုင်စောင့်နေကြပါ"

"ကျေးဇူးတင်ပါတယ်ရှင်"

ရှန်မြောင်လည်း အားနာမနေဘဲ ထိုင်လိုက်သည်။

ထိုအစောင့်နှစ်ယောက်လည်း အားနေသည်ဖြစ်ရာ ရှန်မြောင်နှင့် စကားစမြည် ပြောဆိုကြတော့သည်။ ကျွန်အဖြစ် အသက်မွေးရသူများမှာ မျိုးရိုးစဉ်ဆက် ကျွန်ဖြစ်လာသူများ သို့မဟုတ် ငယ်စဉ်ကတည်းက ရောင်းစားခံရသူများ ဖြစ်ကြရာ ကိုယ်ပိုင် နောက်ခံဟူ၍ မရှိကြပေ။ စကားပြောလျှင်လည်း ပြောစရာ အကြောင်းအရာ သိပ်မရှိသဖြင့် မိမိတို့၏ သခင်များအကြောင်းကိုသာ ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုတတ်ကြသည်။

ထို့ကြောင့် ရှန်မြောင်သည် ဤရှဲ့မိသားစုမှာ ထင်ရှားကျော်ကြားလှသော လန်ယာဝမ်မျိုးနွယ်နှင့် တစ်တန်းတည်း ထားရသည့် ချန်ကျွင်းရှဲ့မျိုးနွယ် ဖြစ်ကြောင်း သိလိုက်ရသည်။ သို့သော် ရှေးဟောင်းမျိုးနွယ်ကြီးများသည် အချိန်ကြာလာသည်နှင့်အမျှ ဩဇာအာဏာ ကျဆင်းလာခဲ့ရသည်။ ရှဲ့မျိုးနွယ်၏ အထင်ရှားဆုံး ပင်မမျိုးဆက်များ ဆိုလျှင်လည်း ထန်ခေတ်နှောင်းပိုင်းက စာမေးပွဲကျသော ကျောင်းသားတစ်ဦး ဖြစ်သည့် ဟွမ်ချောင်၏ လက်ချက်ဖြင့် မျိုးပြုန်းမတတ် အသတ်ဖြတ် ခံခဲ့ရဖူးသည်။

ယခု လက်ရှိ ကျန်ရှိနေသော မျိုးဆက်မှာ ဆွေမျိုးအဝေးများ ဖြစ်သော်လည်း ရာစုနှစ်ပေါင်းများစွာ တည်တံ့လာသော အရှိန်အဝါကြောင့် ကျန်ရစ်ခဲ့သော မိသားစုပိုင်ဆိုင်မှုများသည် သာမန်မဟုတ်ချေ။ တံခါးစောင့်များသည် ဤမျှ ကြီးကျယ်ခမ်းနားသော ပိုင်ဆိုင်မှုများကို သူတို့ကိုယ်တိုင် ရှာဖွေထားသကဲ့သို့ ရင်ကော့ခေါင်းမော့ကာ ဂုဏ်ယူဝင့်ကြွားနေပြီး လမ်းတစ်ဖက်ရှိ အခြားအိမ်တော် တစ်ခုကို လက်ညှိုးထိုးပြကာ ရှန်မြောင်အား ပြောပြလေသည်။

အနောက်ဘက် ကျုံးကူလမ်းမကြီးတွင် မိသားစု နှစ်စုသာ နေထိုင်ကြသည်။ တစ်စုမှာ ရှဲ့မိသားစုဖြစ်ပြီး ကျန်တစ်စုမှာ တော်ဝင်မျိုးရိုးဖြစ်သော ကျောက်မျိုးနွယ် ဖြစ်သည်။ ထိုအိမ်တော်တွင် နေထိုင်သူမှာ ဆွန်မင်းဆက်ကို တည်ထောင်သော ဧကရာဇ် ကျောက်ခွမ်းယင်၏ ဝမ်းကွဲညီအစ်ကို တော်စပ်သူ၏ တတိယမြောက်သားမှ ဆင်းသက်လာသူများ ဖြစ်ပြီး စစ်မှန်သော မျိုးရိုးမြင့် မင်းဆွေမင်းမျိုးများ ဖြစ်ကြသည်။

သားစဉ်မြေးဆက် ဆင်းသက်လာပြီးနောက် ဤကျောက်မျိုးနွယ်ဝင်များသည် အနိမ့်ဆုံးဖြစ်သော "နယ်စား" ရာထူးသာ ကျန်ရှိတော့သည်။

"ဒါပေမဲ့ နယ်စားဆိုတာလည်း ဘုရင့်ဆွေမျိုးပဲလေ" ဟု တံခါးစောင့်က ဆိုသည်။

ရှန်မြောင်သည် အလိုက်သင့်ပင် မျက်လုံးများကို ပြူးကျယ်ပြလိုက်ပြီး ထိုအစေခံ လက်ညှိုးထိုးပြရာသို့ လည်ပင်းဆန့်ကာ ကြည့်လိုက်လေသည်။ အကြီးမားဆုံး ဂင်ကိုပင်ကြီး၏ နောက်ဘက်ရှိ လမ်းတစ်ဝက်သည် ရှဲ့မိသားစုပိုင်ဖြစ်ပြီး အရှေ့ဘက် လမ်းတစ်ဝက်မှာ ကျောက်မိသားစုပိုင် ဖြစ်လေသည်။

တကယ့်ကို ဗဟုသုတ ရလိုက်တာပါပဲ။ ရှန်မြောင်သည် ပြုံးရွှင်စွာဖြင့် ဆက်လက် နားထောင်နေပြီး အပျင်းဖြေနေလိုက်၏။

ထိုတံခါးစောင့်သည် ရှန်မြောင်၏ တုံ့ပြန်ပုံကို ကြည့်ပြီး သိပ်ဘဝင်မကျ ဖြစ်သွားသည်။ အဘယ်ကြောင့် အံ့ဩရုံသာ အံ့ဩပြီး ကြောက်ရွံ့လေးစားသည့်ပုံ မပေါ်ရသနည်း။ သူမက လမ်းဘေးတွင် မုန့်ရောင်းပြီး အသက်မွေးရသည့် သာမန်လက်လုပ်လက်စား တစ်ယောက် ဖြစ်ပါလျက်၊ ဧကရာဇ်၏ ဆွေတော်မျိုးတော်များနှင့် တစ်ချိန်က နာမည်ကြီးခဲ့သော ရှဲ့မျိုးနွယ် အိမ်တော်ရှေ့ ရောက်နေပါလျက်၊ အဘယ်ကြောင့် ရှက်ရွံ့ခြင်း၊ နိမ့်ကျခြင်းနှင့် လေးစားခြင်းတို့ကို မခံစားရသနည်း။

တကယ် ထူးဆန်းသည်။

တကယ်လို့များ ရှန်မြောင်က ခြေထောက်အောက်က ခင်းထားတဲ့ အုတ်ပြာတွေက ခေတ်သစ်ပန်းခြံတွေလောက် မညီညာဘူးလို့ တွေးနေတာတွေ၊ ဒီလမ်းက ဂင်ကိုပင်တွေက လော့ယန်က ဂင်ကိုပင်တွေလောက် မလှဘူးလို့ စိတ်ထဲမှာ ပြောနေတာတွေကိုသာ သူသိလိုက်လျှင် နေရာတင် မူးလဲသွားလောက်ပေသည်။

ချန်ကျွင်းရှဲ့မျိုးနွယ်ဆိုလျှင်ရော ဘာဖြစ်သနည်း။ မျိုးရိုးမြင့် ကျောက်မိသားစုဆိုလျှင်ရော ဘာဖြစ်သနည်း။ ရှန်မြောင်သည် ဤခေတ်တွင် အံဝင်ခွင်ကျ ဖြစ်အောင် ကြိုးစားနေထိုင်နေသော်လည်း သမိုင်းအမြင်ဖြင့် ကြည့်မြင်တတ်သည့် အကျင့်ကို ဖျောက်ဖျက်၍ မရနိုင်ပေ။

'ဒါတွေအားလုံးက သမိုင်းထဲက ဖုန်မှုန့်တွေပဲလေ... အတိတ်က ကုန်ဆုံးသွားခဲ့ပြီပဲ... ငါက ပိုပြီးလှပကျယ်ပြန့်တဲ့ ရှုခင်းတွေကို မြင်ဖူးတာပဲ... ဟောင်းနွမ်းနေတဲ့ ကမ္ဘာဟောင်းတစ်ခုကို ဘာလို့ လွမ်းဆွတ်နေရမှာလဲ... ပြီးတော့ ငါ့မျိုးရိုးက မမြင့်မြတ်လို့ဆိုပြီး ဘာကိစ္စ ဝမ်းနည်းနေရမှာလဲ... လူတန်းစား ကွာဟမှုကြောင့် ဘာလို့များ အားငယ်နေရမှာလဲ...'

သူမသည် လမ်းဘေးတွင် မုန့်ရောင်းရသည်ကိုလည်းကောင်း၊ အိမ်တွင် ဘာပစ္စည်းမှ မရှိသည်ကိုလည်းကောင်း၊ အမျိုးသမီးတစ်ယောက် အနေဖြင့် ဘဝကို ရုန်းကန်နေရသည်ကိုလည်းကောင်း ဘယ်သောအခါမှ နိမ့်ကျသည်ဟု မခံစားဖူးပေ။

ထို့ကြောင့် တံခါးစောင့်၏ ဝါကြွားသံများကို ပုံပြောသံ ကြားရသကဲ့သို့ သဘောထားကာ စိတ်ဝင်တစား နားထောင်နေလိုက်သည်။ ရှန်းအာလေးသည်လည်း အစ်မဖြစ်သူ၏ ပေါ့ပါးအေးဆေးသော ပုံစံကြောင့် ခေါင်းလေးစောင်းကာ အစ်မ၏ ခြေထောက်ကို မှီလျက် သကြားလုံးကို ငြိမ်သက်စွာ ဆက်စုပ်နေလေသည်။

မြန်မြန်မစားလျှင် သကြားခဲက လက်ထဲတွင် အရည်ပျော်သွားတော့မည်။ ရှန်းအာသည် လက်ဝါးထဲတွင် စေးကပ်ကပ် ဖြစ်နေပြီကို သတိထားမိလိုက်ရာ ခေါင်းငုံ့ကာ သကြားခဲ တစ်တုံးလုံးကို ပါးစပ်ထဲ အကုန်ထည့်လိုက်သည်။ ပြန်မော့ကြည့်လိုက်သောအခါ ပါးဖောင်းဖောင်းလေး ဖြစ်နေတော့၏။

ရှဲ့အိမ်တော်၏ အတွင်းဆောင်တွင် ရှဲ့ချီသည် စာဖတ်ပြီး၍ ရှဲ့ထျောင်နှင့်အတူ တုတ်သိုင်း ကျင့်ကြံနေရသည်။ သူ၏ သိုင်းပညာ ပါရမီသည် အစ်ကိုဖြစ်သူကို မမီသဖြင့် ရှဲ့ထျောင်၏ တိုက်ခိုက်မှုကြောင့် ဆင်ဝင်အောက်ထိ ဆုတ်ခွာပေးလိုက်ရသည်။ နောက်ဆုံးတွင် ဉာဏ်ဆင်ကာ တိုင်လုံးကို ခြေကန်ပြီး ကိုယ်ကိုမြှောက်လျက် တုတ်ဖြင့် ပြန်လည် ရိုက်ချလိုက်မှသာ တစ်မှတ် ပြန်ရလိုက်သည်။

သူသည် ရှဲ့ထျောင်က "ဒါ အတည်မယူဘူး၊ ပြန်လုပ်မယ်" ဟု အော်ပြောနေသည်ကို ဂရုမစိုက်ဘဲ လက်ကာပြလိုက်ပြီး ချွေးတလုံးလုံးဖြင့် ရေချိုးရန် အခန်းထဲ ဝင်သွားတော့သည်။

ရေမိုးချိုးပြီး လန်းလန်းဆန်းဆန်း ပြန်ထွက်လာသောအခါ ယန့်ရှူးက အဝတ်အစားသန့်များကို ဆက်သရင်း ဝမ်းသာအားရ ပြောလေ၏။

"ခုနလေးတင် အတွင်းဆောင်မှူးကျန့်က သခင်မကြီးဆီ မွှေးကြိုင်နေတဲ့ မန်ထိုကင်တွေ လာဆက်သသွားတယ်၊ ပြီးတော့ ကျိုကောကို သွားမြည်းစမ်းကြည့်ဖို့ လာခေါ်ခိုင်းလိုက်သေးတယ်၊ ကျွန်တော်တောင် တံခါးအပြင်ကနေ အနံ့ရနေတာ၊ မွှေးလိုက်တာဗျာ"

"ဒါဆိုရင်လည်း သွားမြည်းကြည့်ကြတာပေါ့"

ရှဲ့ချီက ပြုံးလိုက်ပြီး လက်ကိုင်ပုဝါကို လေကာကန့်လန့်ကာပေါ် တင်လိုက်ကာ လက်များကို ဆန့်တန်းလျက် အတွင်းခံအင်္ကျီကို ဝတ်ဆင်လိုက်သည်။

ရှဲ့ချီသည် အပြင်ထွက်လေ့ရှိသဖြင့် အဝတ်အစား ဝတ်ဆင်ရာတွင် အစေခံများ ကူညီသည်ကို မကြိုက်ဘဲ ကိုယ်တိုင် ဝတ်ဆင်လေ့ရှိသည်။ ယန့်ရှူးမှာ စားကောင်းသောက်ဖွယ် စားရမည်ကို တွေးပြီး စိတ်လောနေသဖြင့် လေကာကန့်လန့်ကာအနောက်မှ ခေါင်းပြူကြည့်ကာ တွေးနေမိသည်။

'ကျိုကောက အဝတ်အစား ဝတ်ထားရင် စာပေပညာရှင်ပုံစံ ပေါက်ပေမဲ့ အဝတ်အစား ချွတ်လိုက်ရင်တော့ လူကောင်သေးသလို ထင်ရပြီး တကယ်တမ်းကျတော့ ကြွက်သားအမြှောင်းမြှောင်းနဲ့ တောင့်တင်းသန်မာတာပဲ... ပခုံးကျယ်ကျယ် ခါးသေးသေးနဲ့ နယ်စ်မှာ နှစ်‌ပေါင်းများစွာ စောင့်ကြပ်ပေးနေရတဲ့ အစ်ကိုဝမ်းကွဲတွေလို စစ်သူကြီး ပုံစံမျိုးပဲ...'

သို့သော် အတွင်းခံ၊ အပေါ်ရုံအင်္ကျီ၊ ဝတ်ရုံရှည်များကို တစ်ထပ်ပြီးတစ်ထပ် ဝတ်ဆင်လိုက်သောအခါ လေထဲတွင် လွင့်ပျံနေသော အင်္ကျီလက်များနှင့်အတူ ရှဲ့မျိုးနွယ်တို့၏ ကြည်လင်အေးမြသော ပုံစံမျိုး ပြန်လည် ပေါ်ပေါက်လာတော့သည်။

ရှဲ့မိသားစုဝင် ကလေးများသည် ကျားမ မရွေး စာပေရော သိုင်းပညာပါ သင်ယူကြရသည်။ အကြောင်းမှာ သခင်မကြီးရှီးသည် ရှဲ့အိမ်တော်သို့ လက်ထပ်လာစဉ်က ရွှေရောင်ကွပ်ထားသော ရှီးမျိုးနွယ်၏ တုတ်ရှည်တစ်ချောင်းကိုပါ ယူဆောင်လာခဲ့သောကြောင့် ဖြစ်သည်။ အိမ်တော်၏ အကြီးဆုံး သခင်မဖြစ်သူသည် အိမ်မှုကိစ္စ စီမံခန့်ခွဲရာတွင် တော်ရုံသာမက ကလေးများကို ပျိုးထောင်ရာတွင်လည်း ထူးခြားသော နည်းလမ်းများ ရှိပေသည်။

ယန့်ရှူးသည် ရှဲ့ချီ ပြင်ဆင်ပြီးသွားပြီကို မြင်သောအခါ ပျော်ရွှင်စွာဖြင့် ရှေ့မှ လမ်းပြခေါ်ဆောင်သွားလေသည်။ ရှဲ့အိမ်တော် အဓိကဆောင်သို့ ရောက်သောအခါ သခင်မကြီးရှီး၏ ရှေ့ရှိ သစ်သားပန်းပု စားပွဲပေါ်တွင် လှီးဖြတ်ထားသော မန်ထိုကင် ပန်းကန်များကို တွေ့လိုက်ရသည်။ ညီမငယ် ရှဲ့ရှစ်ယီးညန်(ရှဲ့သခင်မလေး၁၁)နှင့် အစ်ကိုဖြစ်သူ ရှဲ့ထျောင်တို့လည်း ရှိနေကြသည်။

ရှဲ့ထျောင်၏ ရှေ့ရှိ ပန်းကန်မှာ ပြောင်သလင်းခါနေပြီ ဖြစ်ပြီး ညီမဖြစ်သူ ရှဲ့ရှစ်ယီးညန် ၏ ပန်းကန်ထဲသို့ လက်လှမ်းနေသည်ကို တွေ့လိုက်ရသည်။ ရှဲ့ရှစ်ယီးညန် က အစ်ကိုဖြစ်သူ၏ လက်ကို ဖြတ်ရိုက်ချလိုက်သည်။

"အမေ... အစ်ကိုကြီးကို ကြည့်ပါဦး! သမီးတောင် စားလို့ မဝသေးဘူး!"

ရှဲ့ထျောင်က အရိုက်ခံလိုက်ရသဖြင့် နီရဲသွားသော လက်ဖမိုးကို ပြန်ရုတ်လိုက်ပြီး နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။ "နင်က ပုံမှန်ဆိုရင် ကျောက်ဖေးယန့် လုပ်ချင်လို့ဆိုပြီး အစာလျှော့စားနေတာ မဟုတ်ဘူးလား၊ နှစ်လုပ်လောက် စားပြီးရင် တူချတတ်တဲ့သူက အခုကျမှ ဘာလို့ အငမ်းမရ စားနေရတာလဲ" ညီမဖြစ်သူ ပြန်မပြောခင် သူက သခင်မကြီးရှီးဘက် လှည့်ကာ ပြောလိုက်ပြန်သည်။ "အမေ... ဘာလို့ လူလွှတ်ပြီး များများ မဝယ်ခိုင်းလိုက်တာလဲ"

သခင်မကြီးရှီးသည် မောင်နှမနှစ်ယောက်၏ ရန်ပွဲကို ဂရုမစိုက်ဘဲ ပြောလိုက်သည်။ "ဒါက အရသာ ဘယ်လိုရှိလဲ သိရအောင် စမ်းပြီး လုပ်ခိုင်းကြည့်တာလေ၊ မင်းတို့ သဘောကျတယ် ဆိုရင်တော့ ဒီတစ်ဆိုင်ပဲ မှာစားကြတာပေါ့၊ ငါတို့အိမ်က စားဖိုမှူးဖန်က သက်သတ်လွတ်မုန့် လုပ်ရင် ဇီးယိုကိတ်တို့၊ ဖူလင်းကိတ်တို့လောက်ပဲ လုပ်တတ်တာ၊ စားလိုက်ရင် ဘုန်းကြီးတွေတောင် သီးကုန်ကြတာ... ဒီလို မန်ထိုကင်ကျတော့ အေးသွားရင်တောင် မမာဘဲ စားကောင်းနေတုန်းပဲ... ဒီမုန့်လုပ်တဲ့ မိန်းကလေးက အတော်လေး ဉာဏ်ကောင်းတာပဲ... ဪ... ကျိုကော လာပြီလား၊ သားလည်း မြည်းကြည့်ပါဦး"

ရှဲ့ချီက ငုံ့ကြည့်လိုက်သောအခါ မနက်က စားခဲ့သော မန်ထိုကင် ဖြစ်နေသည်။ ပုံစံကတော့ သိပ်မကွာခြားပေ။ သို့သော် မနက်က စားခဲ့သော နူးညံ့ချိုမြိန်သည့် အရသာကို သူ မမေ့သေးပေ။ ယခုလည်း မြင်လိုက်ရသည်နှင့် တစ်တုံး ကောက်ယူပြီး စားလိုက်မိသည်။ ဤသက်သတ်လွတ် မန်ထိုကင်သည် အသားအဆီနှင့် ကြက်ဥပါသော မန်ထိုကင်ထက် မညံ့ပေ။ ကြက်ဥအနံ့ လျော့နည်းသွားသော်လည်း ပိုမို လတ်ဆတ်လန်းဆန်းသော အရသာမျိုး ပေးစွမ်းနိုင်သည်။

သူသည် ခေါင်းညိတ်လိုက်ပြီး ခန္ဓာကိုယ် သွယ်လျချင်သဖြင့် နေ့လယ်စာနှင့် ညစာ မစားဘဲနေသော ညီမဖြစ်သူကို ကြည့်ကာ ပြုံးလိုက်သည်။

"ဒီမန်ထိုကင်က ရှစ်ယီးညန်ကိုတောင် ခံတွင်းတွေ့စေတယ် ဆိုတော့ မဆိုးဘူးဆိုတာ အမေ ယုံပြီမလား"

ရှဲ့ရှစ်ယီးညန် ၏ မျက်နှာလေး နီရဲသွားသည်။ သူမလည်း စားချင်တာပေါ့။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက အထက်တန်းစား သခင်မလေးတွေနဲ့ ရွှေရောင်ရေကန်မှာ လှေစီးထွက်တုန်းက "ရှေးဟောင်းထန်ခေတ်က အလှပိုင်ရှင်လေး" လို့ ဝိုင်းစနောက်ခံလိုက်ရတာလေ။ အဲဒါ သူမကို ဝတယ်လို့ ပြောချင်တာ မဟုတ်ဘူးလား။

...

All Chapters