အခန်း (၁၃၁-၁၃၂)
Vol. 14 Ch. 131-132
အပိုင်း (၁၃၁)
သူသည် အိမ်ထဲတွင် ထပ်မံလျှောက်ကြည့်လိုက်\။ အိမ်က ဟောင်းနွမ်းနေသော်လည်း တန်းများသည် ခိုင်ခန့်သေးသည်။ ရေနံဆီနှင့် ဆေးဒန်း ရောသုတ်ထားပုံရပြီး နှစ် ၂၀ ခန့် ကြာမြင့်ပြီဖြစ်သော်လည်း ပိုးစားထားခြင်း မရှိပေ။
နံရံဆေးသုတ်ခြင်း၊ အမိုးအကာနှင့် တံခါးပြတင်းပေါက် အသစ်လဲလှယ်ခြင်းမှလွဲ၍ ကျန်သည်များမှာ အဆင်ပြေနေသဖြင့် ရှဲ့ချီသည် ဤအိမ်ကို ဝယ်ယူရန် ဆုံးဖြတ်လိုက်ပြီး ဈေးနှုန်းမေးမြန်းလိုက်သည်။
ယောက်လော်ကဲ့က မျက်လုံးကို ကစားလိုက်ပြီး အလွန်ရိုးသားဟန်ရှိသည့် လေသံဖြင့် ပြောလေသည်။
"ဒီအိမ်ရှင်က အစက ၁၅၀၀ ကွမ်း တောင်းတာ။ ကျွန်တော် သူ့ကို ညှိနှိုင်းပေးထားတယ်။ အိမ်က ဟောင်းနေပြီ။ ဆိုင်ခန်းကလည်း သေးပြီး အနောက်ဘက်လမ်းကြားလောက် နေရာမကောင်းဘူးဆိုတော့ ၁၃၀၀ ကွမ်းနဲ့ ပေးဖို့ ပြောထားတယ်။ ကျွန်တော် ကိုယ့်ဘာသာ ဈေးဆစ်ပေးထားတာနော်။ ဒါ အနိမ့်ဆုံးဈေးပဲ။ သခင်လေး ဘယ်လိုသဘောရလဲ”
'ဈေးသက်သာလိုက်တာ။ အမေ ပိုက်ဆံပေးတာတောင် များသွားသေးတယ်။'
ရှဲ့ချီ လက်ခံလိုက်တော့မည့်ဆဲဆဲတွင် ယန့်ရှူးက သူ့အင်္ကျီစကို ရုတ်တရက် ဆွဲလိုက်သဖြင့် ငုံ့ကြည့်လိုက်၏။ ယန့်ရှူး သကြားကပ်ဆီးသီး စားလို့ကုန်သွား၍ တခြားမုန့် စားချင်သည်ဟု ထင်လိုက်မိသည်။ ချိုးဟောင် လွယ်ထားသည့်အိတ်ကို ဖွင့်ခိုင်းပြီး အထဲမှာပါသည့် ဘဲဥအနှစ်မုန့် ၃ လုံးကို တစ်ယောက်တစ်လုံး ဝေစားခိုင်းတော့မည် ပြုလိုက်သည်။
သို့သော် ယန့်ရှူးက မျက်လုံးဝိုင်းကြီးများဖြင့် သူ့ကို စိုက်ကြည့်နေပြီး စကားမပြောပေ။
ရှဲ့ချီ ရုတ်တရက် နားလည်သွားပြီး ပြောမည့်စကားကို ပြန်မျိုချလိုက်ကာ ယောက်လော်ကဲ့ကို ပြောလိုက်သည်။
"နောက်တစ်နေရာ သွားကြည့်ရအောင်”
ထို့နောက် လူအုပ်ကြီးသည် ပိုဝေးသည့်နေရာသို့ ရောက်သွားကြသည်။ ထိုအိမ်သည်လည်း တူညီစွာ ဟောင်းနွမ်းနေပြီး အခန်းတစ်ခန်း လျော့နည်းကာ ဈေးနှုန်းမှာ ၁၀၀ ကွမ်းသာ လျော့နည်းလေသည်။
ရှဲ့ချီသည် ဆုံးဖြတ်ရခက်နေသည့်ဟန်ဆောင်ပြီး ပြောလိုက်သည်။
"မနက်ဖြန် ဒီအချိန်ကျရင် ယန်လျိုအနောက်ဘက်လမ်းကြားမှာပဲ ပြန်တွေ့ကြတာပေါ့၊ ကျွန်တော် တစ်ညလောက် ပြန်စဉ်းစားပါရစေဦး”
ယောက်လော်ကဲ့လည်း သဘောတူလိုက်သည်။ အိမ်ခြံမြေ ဝယ်ယူခြင်းသည် ကိစ္စကြီးဖြစ်ရာ ချက်ချင်းဆုံးဖြတ်နိုင်သူ ရှားပါးလေသည်။ တစ်ခါတစ်ရံ လနှင့်ချီမှ အရောင်းအဝယ်ဖြစ်တတ်သည်။ ကောင်းသောကိစ္စများတွင် အခက်အခဲများ ရှိတတ်စမြဲဖြစ်ရာ သူလည်း ကျင့်သားရနေသဖြင့် သဘောတူလိုက်ခြင်း ဖြစ်လေသည်။
ယောက်လော်ကဲ့နှင့် လမ်းခွဲပြီးနောက် သခင်နှင့်ကျွန် ၃ ယောက်သည် မြင်းကိုဆွဲကာ ရေတင်စင်ကို ဖြတ်ကျော်ပြီး ယန်လျိုအရှေ့ဘက်လမ်းကြားသို့ လျှောက်လာကြသည်။ ထိုအခါမှ ယန့်ရှူးက ကုန်သွားပြီဖြစ်သော သကြားကပ်ဆီးသီးတုတ်တံကို လျက်ရင်း ပြောလေသည်။
"ကျိုကော အိမ်ဝယ်ချင်တာ ဘာလို့ ရှန်ညန်ဇီကို မမေးတာလဲ။ ရှန်ညန်ဇီက ဆိုင်ခန်းဝယ်ထားတာ မကြာသေးတော့ ဒီပွဲစား ပြောတဲ့ဈေးက များလား နည်းလားဆိုတာ သေချာပေါက် သိမှာပဲ”
ချိုးဟောင်က မျက်လုံးပြူးကာ အံ့ဩဟန်ဆောင်ပြီး ပြောလိုက်သည်။
"ယန့်ရှူးမှာ ဦးနှောက်ရှိမယ်မှန်း မထင်ထားဘူး”
ထိုစကားကြောင့် ယန့်ရှူး ဒေါသထွက်သွားပြီး ဝါးတုတ်တံကို မြှောက်ကာ လိုက်ရိုက်တော့သည်။
စာသင်သားအကူ နှစ်ယောက်သည် ရှေ့သို့ ပြေးလွှားသွားကြရာ ရှဲ့ချီတစ်ယောက်တည်း အနောက်တွင် ကျန်ရစ်ခဲ့ပြီး မြင်းကိုဆွဲကာ နှေးကွေးစွာ လျှောက်လာပြီး။ စိတ်ထဲတွင် သံသယဝင်သွားမိသည်။ 'ဒီမြင်းကို ဘာလို့ ငါက ဆွဲလာရတာလဲ။ ဘယ်သူက အိမ်ရဲ့သခင်လဲ။
"ဟယ်... ဒါ ယန့်ရှူး မလား။ ချိုးဟောင်လည်း ပါတာပဲ... ဒါဆို..."
ရှဲ့ချီသည် ရုတ်တရက် မော့ကြည့်လိုက်၏။ ဒီလောက်တိုက်ဆိုင်လိမ့်မည်ဟု မထင်ထားပေ။ ရှန်ညန်ဇီသည် အပြင်မှ လားလှည်းဖြင့် ပြန်ရောက်လာခြင်း ဖြစ်သည်။ သူမ လှည်းပေါ်မှ ဆင်းလိုက်သည်နှင့် လမ်းကြားထဲတွင် ချိုးဟောင်နှင့် ဆော့ကစားနေသော ယန့်ရှူးကို တွေ့လိုက်ရသည်။
ယန့်ရှူးနှင့်ချိုးဟောင် ရှိနေလျှင်... အလိုအလျောက်ပင် သူမသည် လမ်းကြားထဲသို့ လှမ်းမျှော်ကြည့်လိုက်ရာ ကျောက်ပြားခင်း လမ်းကြားတစ်ဖက်တွင် အနီရောင်မြင်းကြီးကို ဆွဲလာသော ရှဲ့ချီကို တွေ့လိုက်ရလေသည်။
မြင့်မားသန်မာသော အနီရောင်မြင်းကြီးသည် သူ့ဘေးတွင် ငြိမ်သက်စွာ လိုက်ပါလာသည်။ သူသည် နှင်းကာရန် တောကြောင်မြီးရှည် သားမွေးဝတ်ရုံကို ဝတ်ဆင်ထားသည်။ ဝတ်ရုံထဲတွင် မင်ပြာရောင် လက်ကျပ်ပိုးသား ဟူဝတ်စုံနှင့် မီးခိုးပြာရောင် ဟူဘောင်းဘီကို ဝတ်ဆင်ထားသည်။ ဘောင်းဘီအနားစကို ဖိနပ်ထဲ ထည့်ထားပြီး ကျပ်နေသော နွားသားရေဖိနပ်အရှည်သည် သူ့ခြေသလုံးကို တင်းကျပ်စွာ စီးထားသဖြင့် သူ့ကို ပိုမိုအရပ်ရှည်ဟန် ပေါ်စေကာ နှင်းပြင်ထဲမှ ထင်းရှူးပင်ပေါက်လေးတစ်ပင်အလား မတ်မတ်မတ်မတ် ရှိနေလေသည်။
'နှင်းကျနေလို့ ကျိုကော မြင်းစီးချင်လို့ ဒီလိုဝတ်ထားတာ ဖြစ်မယ်။ သူ ဒီလိုဝတ်ထားတာ တွေ့ရခဲတယ်... ဒီလိုပုံစံနဲ့...'
သူသည် လမ်းကြားအနက်ပိုင်းမှ အလင်းအမှောင် ရောယှက်နေသော အရိပ်များကြားမှ လျှောက်လှမ်းလာသည်။ ဆောင်းဦးနှင်း ကျပြီးစဖြစ်၍ လမ်းကြားတစ်ခုလုံး စိုစွတ်နေပြီး ကျောက်ပြားများပေါ်ရှိ နှင်းစများအပေါ် နေရောင်ဟပ်လိုက်ရာ ရေငွေ့ရောင်သမ်းနေသကဲ့သို့ ဖြစ်နေသည်။ အဝေးမှ လျှောက်လာသော လူငယ်လေးနှင့် သူ့မြင်းသည် လှိုင်းတွန့်ထနေသော လရောင်အောက်တွင် လျှောက်လှမ်းလာသကဲ့သို့ ထင်မှတ်ရလေသည်။
'အေးစက်တယ်။ သန့်ရှင်းတယ်... ပြီးတော့... အရမ်းကြည့်ကောင်းတယ်။'
ရှန်မြောင် ငေးခနဲ ဖြစ်သွားပြီး ၁၀ လှမ်းခန့်အလို ရောက်မှ သတိပြန်ဝင်လာကာ ပျာပျာသလဲ မေးလိုက်သည်။
"ကျို... ကျိုကောက ဘာလို့ အနောက်ဘက်လမ်းကြားကနေ လာတာလဲ”
"ကျွန်တော်... ကျွန်တော် အိမ်ပြောင်းတော့မလို့” ရှဲ့ချီ၏ နားရွက်များသည် အေးလို့လား ဘာကြောင့်လားမသိ နီရဲနေ၏။ သူသည် အိမ်ကိစ္စကို တိုတိုတုတ်တုတ် ရှင်းပြလိုက်သည်။
"...အဲဒါကြောင့် နောင်ကျရင် ကျွန်တော် တစ်ယောက်တည်း ခွဲနေတော့မှာ၊ ကျောင်းက စာမေးပွဲဖြေတဲ့ ကျောင်းသားတွေကို ၃ ရက် ပိတ်ပေးလို့ အိမ်လာကြည့်တာ။ ခုနက အနောက်ဘက်လမ်းကြားက အိမ်တစ်လုံးကို သဘောကျလို့၊ နည်းနည်းတော့ ဟောင်းပေမယ့် တိတ်ဆိတ်တယ်။ ပွဲစားက ၁၃၀၀ ကွမ်း တောင်းတယ်။ ကျွန်တော်..."
ရှဲ့ချီက မကြီးပါဘူး။ ဝယ်ဖို့ ပြင်ထားပါတယ်ဟု ပြောမလို့ ရှိသေးသည်။ နားထောင်ပြီး ခေါင်းညိတ်နေသော ရှန်ညန်ဇီက သူ့စကားကို လက်ကာပြပြီး ဖြတ်ချလိုက်ကာ ဒေါသထွက်ပြီး အံ့ဩတကြီး ပြောလေသည်။
"၁၃၀၀ ကွမ်း ဟုတ်လား။ ဟာ... ကောက်ကျစ်လိုက်တဲ့လူ။ ပါးစပ်ထဲ ရှိရာ လျှောက်ပြောပြီး ဓားပြတိုက်နေတာပဲ။ အဲဒီဘက်ကအိမ်က အလွန်ဆုံး ၈၀၀ ကွမ်းပဲ တန်တာ။ လာ... ရှင် ကျွန်မနဲ့ လိုက်ခဲ့၊ သွားရှင်းကြမယ်”
ရှန်မြောင်သည် ကိုယ်တိုင် အလိမ်ခံရသည်ထက်ပင် ပိုပြီး ဒေါသထွက်နေလေသည်။ သူမ ဆိုင်ချဲ့တုန်းကတောင် ၁၃၀၀ ကွမ်း မကုန်ခဲ့ပေ။ အနောက်ဘက်လမ်းကြားက ဆိုင်ခန်းနေရာက ခေါင်သလို အိမ်ကလည်း ဟောင်းသေးသည်။ ဒီလောက် ဈေးကြီးတောင်းရဲသည်မှာ ကျိုကောကို လူအ၊ ငွေပေါထင်ပြီး အနိုင်ကျင့်... မဟုတ်ဘူး။ ကျိုကော ဈေးကွက်သဘော မသိတာကို အခွင့်ကောင်းယူပြီး အနိုင်ကျင့်တာပဲ ဖြစ်သည်။
သူမသည် အိမ်ထဲသို့ပင် မဝင်တော့ဘဲ ချိုးဟောင်နှင့် ယန့်ရှူးကို ရှန်မိသားစုခြံဝင်းထဲ ဝင်ခိုင်းလိုက်ပြီး သူမကတော့ ကျိုကောကို ဆွဲကာ နှုတ်ခမ်းကို တင်းတင်းစေ့လျက် ဒေါသတကြီးဖြင့် လမ်းဖြတ်တံတားကျော်ပြီး အိမ်ခြံမြေအကျိုးဆောင်ရုံးခန်းမှ ယောက်လော်ကဲ့ကို စာရင်းသွားရှင်းတော့သည်။
ရှဲ့ချီတစ်ယောက် ခေါင်းထဲတွင် မူးဝေနေပြီး ရှန်မြောင် ဆွဲခေါ်ရာနောက်သို့ ပါသွားတော့၏။ သူ့စိတ်သည် အိမ်ဖိုးကိစ္စပေါ်တွင် မရှိတော့ဘဲ သူ့လက်မောင်းကို ဆွဲကိုင်ထားသည့် ရှန်ညန်ဇီ၏ လက်ပေါ်သို့သာ ရောက်နေပြီး မသိမသာ ပြုံးမိသွားလေသည်။
သို့သော် ရှန်မြောင် လှည့်ကြည့်ပြီး စကားပြောသည့်အခါ သူက အပြုံးကို ချက်ချင်းဖျောက်လိုက်ပြီး နားမလည်သလို ဝမ်းနည်းသလို ပုံစံမျိုး လုပ်ပြလိုက်ရာ ရှန်မြောင်မှာ ယောက်လော်ကဲ့အပေါ် ပိုလို့ပင် ဒေါသထွက်သွားရသည်။ ကျိုကောလို ရိုးသားဖြူစင်တဲ့သူကို ဘယ်လိုလုပ် အနိုင်ကျင့်ရက်တာလဲ။
ကျိုကောက ချမ်းသာတဲ့အိမ်မှာ မွေးလာတာဆိုတော့ အပြင်လောကက လူတွေရဲ့ စိတ်ထားယုတ်မာပုံကို ဘယ်သိမလဲ။ တော်သေးတာပေါ့။ သူမနဲ့ တွေ့လို့။ မဟုတ်ရင် ကျိုကော ၅၀၀ ကွမ်းလောက် အရှုံးပေါ်တော့မယ်။ ၅၀၀ ကွမ်းတောင်နော်။
ရှန်မြောင်သည် သူ့နားနားကပ်ပြီး ပွဲစားစကား မယုံဖို့၊ ပွဲစားတွေက လူသေကို လူရှင်ဖြစ်အောင် ပြောတတ်ကြောင်း ပွစိပွစိ ပြောနေလေသည်။
"ဒီလိုလူလည်တွေနဲ့ တွေ့ရင် ကျိုကော နောက်ဆို သတိထားဦးမှ ဖြစ်မယ်”
ရှဲ့ချီက လိမ္မာစွာ ခေါင်းညိတ်ပြသည်။
ခဏကြာတော့ ရှန်မြောင်က ယောက်လော်ကဲ့ကို ထပ်ပြီး ဒေါသထွက်ပြန်သည်။
"ဒါ ရှင့်အမှားလည်း မဟုတ်ပါဘူး။ ဟိုလူလည် မဲသဲကောင်က အိမ်ဈေးကို ဖြစ်ကတတ်ဆန်း ဆွဲတင်တာ။ တွေ့ကြသေးတာပေါ့... ငါတို့ ကျိုကောကိုတောင် လာလိမ်ရဲတယ်ပေါ့လေ”
ရှဲ့ချီသည် ဒေါသကြောင့် ပန်းရောင်သမ်းနေသော သူမ၏ ပါးပြင်ကို ခိုးကြည့်လိုက်ပြီး "ငါတို့ ကျိုကော" ဟူသော စကားကြောင့် ပုစွန်ပြုတ်တစ်ကောင်လို မျက်နှာတစ်ခုလုံး နီရဲသွားကာ မျက်လုံးထဲမှ အငွေ့များပင် ထွက်လာမတတ် ဖြစ်သွားလေသည်။
သူ့ရင်ထဲတွင် သကြားရည်ကျိုထားသည့် အိုးတစ်လုံးလို ချိုမြိန်သော ပူပေါင်းလေးများ ပွက်ပွက်ဆူလာတော့၏။
'ရှန်ညန်ဇီ ကာကွယ်ပေးတာ ခံရတာ သိပ်ကောင်းတာပဲ။'
**
တစ်ဖက်တွင်တော့ ယွဲ့ထန်သည် ဖူနင်နန်းဆောင်၏ ဘေးဆောင်တွင် ထိုင်ရင်း ဘဲကင်စားနေသော အရှင်မင်းကြီးအား အသင့်စားထန်းပင်ကိစ္စကို လျှောက်တင်နေသည်။
"ဘာကြောင့် ယိုကျိုးတပ်သားတွေက ထန်းပင်စားရပြီး ကျွန်တော့်ရဲ့ ယန်ကျိုးတပ်သားတွေက မုန့်ခြောက်ပဲ စားရတာလဲ”
ကျောက်ပေါ်ယွင်က လက်ကာပြလိုက်ပြီး ဘဲသားကို မျိုချကာ ကုန်းကုန်း ပေးလာသည့် လက်ကိုင်ပဝါဖြင့် ပါးစပ်သုတ်ပြီးမှ ယွဲ့ထန်ကို စိတ်ရှည်လက်ရှည် ရှင်းပြလေသည်။
"အဲဒီလို မဟုတ်ပါဘူးကွ။ ရှီးစစ်သူကြီးလေးက အရင်ကတည်းက ငါကိုယ်တော်ဆီ လျှို့ဝှက်စာ ပို့ထားပြီးသား။ ပြန့်ကျင်းမြို့တော်က ကုန်သည်ကြီးတစ်ယောက်က အသင့်စားထန်းပင်ကို စားကြည့်ပြီး စီးပွားရေးအကွက်မြင်တာနဲ့ ယိုကျိုးမှာ ထန်းပင်လုပ်ငန်း သွားထောင်တာတဲ့။ အဲဒါနဲ့ ရှီးစစ်သူကြီးလေးက လျောင်လူမျိုးတွေဆီကနေ လု... မဟုတ်ဘူး ကောက်ရလာတဲ့ မြင်းတွေကို ရောင်းပြီးရတဲ့ပိုက်ဆံနဲ့ ထန်းပင်တစ်သုတ် ဝယ်ပြီး စစ်ရိက္ခာအဖြစ် စမ်းသပ်ကြည့်ချင်တယ်။ လုပ်သင့် မလုပ်သင့် ငါကိုယ်တော်ကို လှမ်းမေးတာ။ ငါကိုယ်တော်လည်း စဉ်းစားကြည့်ပြီး ခွင့်ပြုလိုက်တာပဲ။ သူ့ကို စမ်းကြည့်ခိုင်းလိုက်တာ။ တကယ်ပဲ သတင်းတွေ ထွက်နေသလို ကောင်းမကောင်း သိရအောင်လို့လေ”
ယွဲ့ထန် ကြားလိုက်ရမှ မျက်နှာထား လျော့သွားတော့သည်။
"ငါကိုယ်တော်က ရှီးစစ်သူကြီးလေးကို သတင်းမဖြန့်ဖို့ မှာထားတာ။ စစ်သူကြီးယွဲ့ကို မပြောပြရုံတင် မဟုတ်ဘူး။ တခြား နယ်စပ်က အုပ်ချုပ်ရေးမှူးတွေကိုလည်း ဘယ်သူ့မှ မပြောပြခိုင်းထားဘူး။ ဒီအသင့်စားထန်းပင် ဈေးနှုန်းက မုန့်ခြောက်ဈေးထက် ၄၊ ၅ ဆလောက် ကြီးတယ်ကွ။ စစ်သည်တွေကို ထန်းပင်တစ်ပွဲ ကျွေးမယ့်ပိုက်ဆံနဲ့ဆို မုန့်ခြောက် ၅ လုံးလောက် ဝယ်လို့ရတယ်။ ဘဏ္ဍာရေးဝန်ကြီးကတော့ ဒီအသင့်စားထန်းပင်ကို တပ်ထဲမှာ ဖြန့်ဝေဖို့ကိစ္စကို သေမလောက် ကန့်ကွက်နေတာ။ ပိုက်ဆံဖြုန်းတီးလွန်းတယ် ဆိုပြီးတော့လေ”
ကျောက်ပေါ်ယွင်က ပြောရင်းဖြင့် လက်ကာပြကာ မျက်နှာမဲ့လိုက်ပြီး ဘဲသားတစ်ဖတ်ကို အချိုဆောစ့်တို့ကာ ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ ပြီးမှ ဆက်ပြောလေသည်။
"ဒုတိယအချက်က ဒီအသင့်စားထန်းပင်က စစ်ရိက္ခာကိစ္စ ဖြစ်နေတယ်။ ငါကိုယ်တော်လည်း သတိထားရမှာပေါ့။ တကယ်လို့ ယန်ယွင် ၁၆ ခရိုင်လုံးမှာ အသုံးပြုမယ်ဆိုရင် နန်းတွင်းဘဏ္ဍာတိုက်က ဘယ်လိုလုပ် ပိုက်ဆံလောက်မှာလဲ။ စစ်သူကြီးယွဲ့လည်း သိတဲ့အတိုင်းပဲ။ ဆောင်းမဝင်ခင်တုန်းက ငါကိုယ်တော်ရဲ့ ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲမှာ ကြွက်သိုက်ဖွဲ့လို့ရတဲ့အထိ ပြောင်သလင်းခါနေတာ။ ဘယ်လိုလုပ်ပြီး ဟိုလေမိုးလေ ပြောရဲမှာလဲ။ ဒါပေမဲ့ မင်း စိတ်မပူပါနဲ့။ အခု ငါ့လက်ထဲမှာ ငွေရွှင်နေပြီ။ ရှီးစစ်သူကြီးလေး အိမ်ပြန်ရောက်လာရင် မင်းတို့ စစ်သူကြီးနှစ်ယောက်စလုံးကို နန်းတော်ထဲ ခေါ်ပြီး သေချာ မေးရဦးမယ်။ ဒီထန်းပင်ကို စစ်သည်တွေ စားရတာ အဆင်ပြေရဲ့လား။ တကယ်ပဲ စားကောင်းပြီး အဆင်ပြေရဲ့လားဆိုတာလေ။ တကယ်လို့ ဟုတ်တယ်ဆိုရင် ငါကိုယ်တော်ရဲ့ ဘဏ္ဍာတိုက်ထဲက ပိုက်ဆံတစ်ဝက်ကို ထုတ်ပြီး စစ်သည်တွေအတွက် ထန်းပင်ဝယ်ပေးဖို့၊ စက်ရုံဆောက်ပေးဖို့ဆိုတာ ဘာမှ နှမြောစရာ မရှိပါဘူး”
ယွဲ့ထန်လည်း အလျင်အမြန် ဦးညွှတ်အရိုအသေပြုလိုက်သည်။
"နယ်စပ်က စစ်သည်တွေကိုယ်စား အရှင်မင်းကြီးရဲ့ ကျေးဇူးတရားကို ကျေးဇူးတင်ရှိကြောင်း ပြောပါရစေ”
"ဒီလောက်ကြီး အားနာစရာ မလိုပါဘူးကွာ။ စစ်သည်တွေဆိုတာ ငါ့ရဲ့ စုန့်နိုင်ငံတော်ကြီးရဲ့ ခြံစည်းရိုးတွေ ဓားတွေ လှံတွေပဲ။ ကောင်းကောင်းမွန်မွန် ဆက်ဆံရမှာပေါ့၊ ပြီးတော့..."
ကျောက်ပေါ်ယွင်သည် အိမ်တစ်အိမ်ကို သိမ်းပိုက်ပြီးကတည်းက ရက်ရောနေတော့သည်။ သူသည် ဝန်ကြီးဝမ်ရဲ့ အထူးဧည့်သည်ကတ်ကို ကပ်သုံးစရာ မလိုတော့ပေ။ လျန်ကုန်းကုန်းကို ကတ်အသစ် သွားလုပ်ခိုင်းထားပြီးပြီ။ အခုဆို သူ နေ့တိုင်း ဘဲကင် ၂ ကောင် ဝယ်စားရင်တောင် ပိုက်ဆံနှမြောနေမှာ မဟုတ်တော့ပေ။
သူက လက်ကို ဝှေ့ယမ်းလိုက်သည်။ "ငါ့မှာ ပိုက်ဆံမရှားဘူး”
......
ညရောက်လာသည်နှင့် နှင်းများကျဲပါးစွာ ကျဆင်းလာပြန်သည်။
အိမ်ခြံမြေရုံးခန်းမှ ပြန်လာပြီးနောက် ရှဲ့ချီသည် အလိုက်တသိဖြင့် ရှန်မြောင်နှင့်အတူ ရှန်မိသားစုအိမ်သို့ လိုက်ပါလာခဲ့သည်။ ထိုအိမ်ကို ရှန်ညန်ဇီက စကားစွမ်းရည်ဖြင့် ၈၀၀ ကွမ်းရအောင် ညှိနှိုင်းပေးနိုင်ခဲ့သည်။
မနက်ဖြန် စာချုပ်ချုပ်လို့ရပြီ။ 'ရှန်ညန်ဇီက တော်လိုက်တာ။'
ရှန်ညန်ဇီက သူ့အတွက် ယောက်လော်ကဲ့ကို အလျှော့မပေးဘဲ တင်းတင်းမာမာ ပြောဆိုခဲ့သည့် ပုံရိပ်ကို ပြန်တွေးမိပြီး နားရွက်များ ရဲလာကာ နှင်းဆီသကြားနီ ဂျင်းပြုတ်ရည်ခွက်ကို ကိုင်ရင်း နွေးထွေးသည့် အနွေးစားပွဲတွင် ထိုင်နေလိုက်သည်။
ချီလင်ကလည်း ချက်ချင်း သူ့ပေါင်ပေါ်သို့ တက်အိပ်လေသည်။
ရှန်ညန်ဇီက မီးဖိုချောင်ထဲတွင် ငန်းပေါင်းသွားလုပ်နေပြီး ထန်အာက သူ့အတွက် လက်ဖက်ရည် ထည့်ပေးရင်း ပြောပြသည်။
"ရှန်ညန်ဇီက လလယ်ရက်လောက်ဆိုရင် ဒီလက်ဖက်ရည်ကို ချက်သောက်လေ့ရှိတယ်။ ကြိုက်လို့ နေမှာပေါ့”
ရှန်ညန်ဇီ ကြိုက်သည့်အရာ ဖြစ်သောကြောင့် ရှဲ့ချီလည်း သေချာပေါက် မြည်းစမ်းကြည့်ရမည်။ ထန်အာက မီးဖိုပေါ်ရှိ မြေအိုးထဲမှ တစ်ခွက် ငှဲ့ပေးလိုက်ရာ သူသောက်လိုက်သည်နှင့် လည်ချောင်းမှ ဗိုက်ထဲအထိ ပူဆင်းသွားသည်။
'ရှန်ညန်ဇီက လက်ဖက်ရည်ထဲကို ဂျင်းရည်တွေ ဘယ်လောက်တောင် ထည့်ထားတာလဲ။'
သို့သော် အစပိုင်း မအီမသာဖြစ်မှုကို ကျော်လွန်သွားပြီးနောက် သူလည်း တဖြည်းဖြည်း ကြိုက်နှစ်သက်လာသည်။
'မဆိုးဘူးပဲ။ စပ်ရှိန်းရှိန်းနဲ့ ချိုမွှေးပြီး ပန်းနံ့သင်းနေတာပဲ။ သောက်ပြီးတာနဲ့ အအေးဓာတ်တွေ ပျောက်သွားသလိုပဲ။ ဆောင်းတွင်းမှာ သောက်ရတာ တကယ် နေလို့ကောင်းတယ်။ ဒါပေမဲ့ ဘာလို့ လလယ်ရက်မှာ သောက်တာလဲ။ ဒီလက်ဖက်ရည်မှာ ဘာအကြောင်းထူး ရှိလို့လဲ။'
ရှဲ့ချီ စိတ်ထဲတွင် နောက်မှ ရှန်ညန်ဇီကို မေးကြည့်ဦးမည်ဟု တွေးလိုက်သည်။
လက်ဖက်ရည် တစ်ဝက်ခန့်သောက်ပြီးနောက် ယန့်ရှူးနှင့်ချိုးဟောင်က ပန်းကန်ခွက်ယောက်များကို ကူညီသယ်ယူလာပြီး စားပွဲပေါ်တွင် လူအရေအတွက်အလိုက် ချခင်းပေးကာ ဟင်းပွဲများကို ကူသယ်ပေးကြသည်။ နောက်ဆုံးတွင် ရှန်မြောင်က မောက်နေအောင် ထည့်ထားသည့် သံဒယ်အိုးကြီးကို ကိုင်ကာ ထွက်လာလေသည်။
"သံဒယ်အိုး ငန်းပေါင်းရပြီဟေ့”
အနွေးစားပွဲ အလယ်တွင် သံပြားအဖုံးတစ်ခုရှိသည်။ အဖုံးဖွင့်လိုက်လျှင် အဝိုင်းပေါက်တစ်ခု ပေါ်လာပြီး အောက်တွင် မီးသွေးခဲများ ရဲရဲတောက်နေကာ အပေါက်ဝသည် ဒယ်အိုးကို တည်ထားရန် အနေတော်ဖြစ်သည်။
ဒီနေ့ ငန်းပေါင်းအိုးတွင် ပြောင်းဖူးမုန့်များလည်း ကပ်ထားသည်။ ရွှေဝါရောင် မုန့်ပြားလေးများသည် အိုးနှုတ်ခမ်းပတ်လည်တွင် တစ်ပတ်လည် ရှိနေပြီး အောက်ခြေသည် ဟင်းရည်နှင့် ထိစပ်နေသည်။ မုန့်များ၏ အလယ်တွင်တော့ ဆီရွှဲရွှဲနှင့် နူးအိနေသော ငန်းသားတုံးများ၊ ပဲသီး၊ တို့ဖူးကြော်၊ ကြာဇံ၊ ဂေါ်ဖီထုပ်၊ ဘဲသွေးခဲ၊ ပဲပြားခြောက်၊ ကြွက်နားရွက်မှို စသည်တို့ ရှိနေလေသည်။
မွှေးရနံ့က ပြင်းထန်လွန်းလှပြီး ပွက်ပွက်ဆူနေသော အနံ့သည် မီးသွေးမီးဖြင့် ပေါင်းတင်လိုက်သကဲ့သို့ ပိုမိုပြင်းထန် လေးပင်လာသည်။
ရှဲ့ချီမှာ မနေနိုင်တော့ဘဲ တံတွေးမြိုချလိုက်မိသည်။
ယန့်ရှူးမှာမူ ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ တံတွေးများ စီးကျလာမတတ် ဖြစ်နေရာမှ အမြန်ပြန်စုပ်လိုက်ရပြီး မျက်လုံးများက သံဒယ်အိုးထဲမှ ခွာမရ ဖြစ်နေတော့သည်။
ရှန်မြောင်သည် မီးဖိုချောင်ထဲ ပြန်ဝင်ပြီး နွှေးထားသည့် ဘာလီအရက်ကို ယူလာခဲ့သည်။ သူမ တစ်ချက်ဝေ့ကြည့်လိုက်ရာ ကလေးများက တစ်စု၊ ထန်အာ၊ ဖူရှင်းနှင့် အားထောင်တို့က ရှဲ့ချီဘေးတွင် မထိုင်ရဲသဖြင့် တစ်စု စုထိုင်နေကြသည်။
'ဒါဆို... ဒါဆို... ငါပဲ ထိုင်စရာ ကျန်တော့တာလား။'
ကျိုကောဘေးတွင် ဟာလာဟင်းလင်း ဖြစ်နေသည်ကို မြင်တော့ သူမလည်း မျက်နှာပြောင်တိုက်ပြီး ဝင်ထိုင်လိုက်တော့သည်။ ထိုင်ပြီးနောက် အားလုံးက ကြည့်ရုံကြည့်ပြီး မစားသေးသည်ကို တွေ့ရသဖြင့် အမြန်ပြောလိုက်သည်။
"အားလုံး ကြောင်ကြည့်နေကြတာလား။ တူကိုင်ကြလေ။ စားကြတော့”
ရှန်မြောင် ပြောလိုက်မှ လူအများစုသည် တစ်ယောက်ကိုတစ်ယောက် ဟင်းထည့်ပေး၊ အရက်ငှဲ့ပေးနှင့် မြူးမြူးထူးထူး စားသောက်ကြတော့သည်။
"စားလို့ကောင်းလိုက်တာ။ ငန်းသားက ဒီလောက်မွှေးမှန်း မသိခဲ့ဘူး။ အရိုးထဲထိ အရသာဝင်နေတာပဲ”
အားထောင်က အရိုးကို စုပ်ရင်း ပြောသည်။
"ပြောင်းဖူးမုန့်က စားကောင်းတယ်။ အပေါ်ပိုင်းက ကြွပ်ရွမွှေးကြိုင်နေပြီး အောက်ပိုင်းက ဟင်းရည်တွေ စိမ့်ဝင်နေတာ။ ဒီမုန့်က သိပ်ကောင်းတာပဲ”
ထန်အာက တစ်ခါတည်း မုန့်နှစ်ခု ဆက်တိုက် စားလိုက်သည်။
ရှဲ့ချီသည် အငွေ့တထောင်းထောင်းကြားမှ ခေါင်းငုံ့ကာ ငန်းသားတစ်ဖတ်ကို ကိုက်စားလိုက်၏။ ပါးစပ်ထဲတွင် ငန်ချိုမွှေးကြိုင်ပြီး နူးအိနေသော အသားအရသာသည် ပါးစပ်မှ အစာအိမ်၊ အစာအိမ်မှ နှလုံးသားအထိ စိမ့်ဝင်ပျံ့နှံ့သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ ရုတ်တရက် ခေါင်းလှည့်ပြီး ရှန်ညန်ဇီကို စကားပြောရန် ပြင်လိုက်စဉ် ရှန်ညန်ဇီကလည်း သူ့ဘက်သို့ ပြိုင်တူ လှည့်ကြည့်လာသည်။
မျက်လုံးချင်း ဆုံသွားသောအခါ နှစ်ယောက်စလုံး တောင့်ခဲသွားကြပြီး ဘာကြောင့် လှည့်ကြည့်မိမှန်း မေ့သွားကာ ပျာပျာသလဲ အကြည့်လွှဲလိုက်ကြသည်။
တစ်ယောက်က အလုပ်ရှုပ်နေသလို ဟန်ဆောင်ပြီး အသားစားနေသည်။ တစ်ယောက်က ဘာမှမဖြစ်သလို ခွက်ကို မော့ပြီး အရက်သောက်နေသည်။ နောက်ဆုံးမှ ရှဲ့ချီက တိုးတိုးလေး ပြောလိုက်သည်။
"ဒီလိုမျိုးလေးက သိပ်ကောင်းတာပဲ”
"ဟုတ်ပါရဲ့”
ရှန်မြောင်က မီးရောင်အောက်ရှိ နှင်းစက်ပုံရိပ်များကို ကြည့်ရင်း ပြုံးလိုက်၏။
တိတ်ဆိတ်စွာ နှင်းကျနေသော ဆောင်းညတွင် ဆွေမျိုးမိတ်ဆွေများနှင့် ဝိုင်းဖွဲ့ထိုင်ပြီး ပွက်ပွက်ဆူကာ အငွေ့တထောင်းထောင်း ထနေသော ငန်းပေါင်းအိုးကို စားသောက်ရခြင်းသည်... တကယ်ကို ကောင်းမွန်လှပေသည်။
သည်အချိန် သည်အခိုက်အတန့်တွင် လောကီအလှနှင့် ကဗျာဆန်မှုများ ယှဉ်တွဲရှိနေသည်မှာ အံ့ဩစရာပင်။
...
အပိုင်း (၁၃၂) လာ့ပါးပွဲတော်ရက် ဖွင့်ဟဝန်ခံခြင်း
တစ်ခဏအတွင်းမှာပင် ၁၂လပိုင်းသို့ ရောက်ရှိလာလေပြီ။ ပြန့်မြစ်ရေပြင်သည် ခဲသွားပြီး တောင်နှင့်မြောက် ကူးလူးသွားလာနေသော ရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများလည်း လုံးဝ ရပ်တန့်သွားလေသည်။ ကြားသိရသလောက်ဆိုလျှင် ကျင်းတုန်းလမ်းမအနီး မြောက်ဘက်ပိုင်းရှိ ပြည်နယ်နှင့် ခရိုင်များတွင် နှင်းထုသည် ဒူးခေါင်းအထိ မြင့်တက်နေပြီး အစိုးရရုံးများကိုလည်း စောစီးစွာ ပိတ်သိမ်းထားလိုက်ပြီ ဖြစ်သည်။
ရေလမ်းဆိပ်ကမ်း၌ တစ်နှစ်ပတ်လုံး အလုပ်ရှုပ်နေခဲ့ကြသော လှေထိုးသားများ၊ ရေလုပ်သားများနှင့် ကမ်းနားတစ်လျှောက်ရှိ ရေကြောင်းပို့ဆောင်ရေး အရာရှိထောင်ပေါင်းများစွာတို့သည်လည်း နောက်ဆုံးတွင် နှစ်သစ်ကူးရန် အိမ်ပြန်နိုင်ကြပြီ ဖြစ်လေသည်။
မနေ့က တောင်ဘက်အရပ်မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ တင်ဆောင်လာသော နောက်ဆုံးသင်္ဘော ပြန့်ကျင်းမြို့တော်သို့ ဆိုက်ရောက်လာခဲ့သည်။
ဤနောက်ဆုံးသင်္ဘောသည် ကံမကောင်းရှာပေ။ ခရီးစတင်ပြီး မကြာမီမှာပင် နှင်းမုန်တိုင်းနှင့် ကြုံတွေ့ရသဖြင့် လမ်းတွင် ကြန့်ကြာနေခဲ့ရသည်။ နောက်ပိုင်းတွင် နှင်းတိတ်သွားပြီး ပြန့်ကျင်းမြို့တော်နှင့် မိုင် ၂၀ သာကွာဝေးသော ချန်ချောင်မြို့နယ်သို့ ခက်ခက်ခဲခဲ ရောက်ရှိလာခဲ့သော်လည်း မြစ်ရေခဲများသည် ပိုမိုထူထဲလာသဖြင့် သင်္ဘောအင်အား တစ်ခုတည်းဖြင့် ရှေ့ဆက်တိုး၍ မရတော့ချေ။
ထို့ကြောင့် လှေဆွဲသမားများ၊ နယ်မြေခံစစ်သည်များနှင့် ပြည်သူအများအပြားကို ငှားရမ်းကာ နှင်းထဲတွင် ရေခဲများကို ခွဲထုတ်ရင်း သင်္ဘောကို တစ်လက်မချင်း ရွေ့လျားကာ ပြန့်ကျင်းသို့ရောက်အောင် ယူဆောင်လာခဲ့ရသည်။ သို့သော် သင်္ဘောဦးပိုင်း ရေတံခါးဝသို့ မရောက်မီမှာပင် အနောက်ဘက်မှ မြစ်ရေများ ထပ်မံခဲသွားပြန်သဖြင့် ရှေ့တိုးမရ နောက်ဆုတ်မရ အခြေအနေနှင့် ကြုံတွေ့ရလေသည်။
အနောက်ဘက်ကို ခွဲထုတ်လိုက်လျှင် အရှေ့ဘက်က ခဲသွားသည်နှင့် ရက်အနည်းငယ်ကြာအောင် အလုပ်ရှုပ်နေခဲ့သော်လည်း သင်္ဘောမှာ ထိုနေရာတွင်ပင် ရှိနေဆဲဖြစ်ပြီး ယခုအခါ ရေခဲပန်းပုရုပ်ကြီးတစ်ခု အဖြစ်သို့ ရောက်ရှိသွားတော့သည်။
နောက်ပိုင်းတွင် အရှင်မင်းကြီးက အမိန့်ထုတ်ပြန်လိုက်သည်။ ရှိပါစေတော့။ ရေကြောင်းသယ်ယူပို့ဆောင်ရေးမှူးကို ရိက္ခာများ အကုန်ချခိုင်းပြီး သင်္ဘောကို ထိုနေရာတွင်ပင် ထားရှိစေကာ ရေတံခါးဝအနီးရှိ တဲအိမ်နေ ဆင်းရဲသားပြည်သူများကို ဆောင်းရာသီ ခေတ္တခိုလှုံခွင့် ပေးလိုက်လေသည်။ လာမည့်နှစ် နွေဦးပေါက်မှသာ ပြန်လည်ထွက်ခွာစေမည် ဖြစ်သည်။
သင်္ဘောပေါ်မှ ရိက္ခာများ ချသည့်အခါ မြစ်ကမ်းနားတွင် လူအများအပြား ဝိုင်းအုံကြည့်နေကြသည်။ နူးညံ့ချောမွတ်သော ဟင်းနုနွယ်ရွက်များ၊ ကြီးမားပြည့်ဖြိုးပြီး အရသာရှိသော တောင်ကန်စွန်းဥများ၊ ကြာစွယ်များ၊ ကျောင့်ပိုင်များ၊ ယွဲ့ကျိုး (ရှောက်ရှင်း) နှင့် ကွေ့ကျိုး (ကွမ်ရှီး) မှ လိမ္မော်သီးများ၊ ဝမ်ကျိုးမှ ကမ္ဗလာသီးများ၊ လူကျိုးမှ လိမ္မော်သီးများ၊ ဟုန်ကျိုး (နန်ချန်း) မှ ကျွဲကောသီးများ၊ ဝူကျိုး (ကျင်းဟွာ) မှ ပန်းသီးများ၊ ချွမ်ကျိုးမှ လိုဂန်သီးနှင့် ဇီးသီးများ စသည်ဖြင့် တောင်းလိုက် ချပေးနေလေသည်။
တောင်းတစ်တောင်း ချလိုက်တိုင်း လူအုပ်ကြီးဆီမှ "ဝါး" ဟူသော အာမေဋိတ်သံများ ထွက်ပေါ်လာလေသည်။
တောင်ဘက်ဒေသ၏ ဆောင်းရာသီသည် ရိတ်သိမ်းချိန်ကဲ့သို့ ရှိနေဆဲဖြစ်သဖြင့် အားကျဖွယ်ကောင်းလှသည်။ မြစ်ရေများ မခဲသွားသလို တောင်ပေါ်တွင်လည်း စိမ်းလန်းစိုပြေပြီး အသီးအနှံများ သီးနေဆဲ။ တောင်ကုန်းတောင်တန်းများနှင့် မြစ်ချောင်းအင်းအိုင်များ နေရာတိုင်းတွင် အစားအစာများ ပေါကြွယ်ဝနေမည် ဖြစ်လေသည်။
ဤဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများသည် သင်္ဘောပေါ်မှ ချလိုက်သည်နှင့် မိုးထိအောင် ဈေးခေါ်ကြပြီး လုယက်ဝယ်ယူကြသဖြင့် ကုန်စင်သွားတော့သည်။ လူတွေ အရမ်းများလွန်းသဖြင့် ရှန်မြောင်ကတော့ လူအုပ်ကြားထဲ တိုးဝှေ့ကြည့်ရုံသာ ကြည့်ပြီး တစ်လုံးမှ မဝယ်ခဲ့ပေ။
သို့သော် ဟင်းသီးဟင်းရွက်တစ်ပင်ကို ဝမ် ရာချီပေးရမည်ဆိုလျှင် သူမ ဝယ်မည်မဟုတ်ပေ။ ယခုအခါ နေထိုင်ရသည်မှာ အဆင်ပြေချောင်လည်လာပြီ ဆိုသော်လည်း သူမသည် ငွေကို ရေလိုသုံးသည့် အကျင့် မရှိသေးပေ။
သူမအိမ်နောက်ဖေး ဥယျာဉ်ထဲတွင်လည်း နှင်းရိုက်ထားသော မုန်ညင်းဖြူ၊ မုန်လာဥ၊ ဟင်းနုနွယ်တို့သည် လတ်ဆတ်နေဆဲပင်။ ထို့အပြင် ဆောင်းရာသီ၌ ကြီးထွားမှုနှေးကွေးပြီး အရွက်များ သေးသွယ်နေသော ကြက်သွန်မြိတ်များလည်း ရှိနေသေးရာ ဤဆောင်းတွင်းလများတွင် ဟင်းသီးဟင်းရွက် စားစရာ မရှိဖြစ်မည်ကို ပူစရာမလိုပေ။
သစ်သီးဝလံများအတွက်မူ ကျိုကော အိမ်ပြောင်းလာချိန်တွင် သူ့အိမ်မှ ချယ်ရီပင်ကို ရွှေ့ပြောင်းစိုက်ပျိုးခဲ့ရုံသာမက မြင်းလှည်းဖြင့် သစ်သီးအများအပြားကိုလည်း သယ်ဆောင်လာခဲ့လေသည်။ သူ့ခြံထဲမှ ချယ်ရီသီးများ၊ ချင်းကျိုးမှ စွံပလွန်သီးနှင့် ဟောသွန်းသီးများ၊ လင်ထုန်မှ သလဲသီးများ၊ ပြန့်ကျင်းဒေသထွက် စပျစ်သီးများ၊ ကျန်းယဲ့မှ ပန်းသီးများ၊ တာမင်ခရိုင်မှ ဇီးသီးနှင့် မက်မွန်သီးများ စသည်ဖြင့် စုံလင်လှသည်။
မြောက်ဘက်ဒေသ၏ ဆောင်းရာသီတွင်လည်း သစ်သီးဝလံများစွာ ရှိပေသည်။ သို့သော် လူများသည် မမြင်ဖူးသည့် အရာများကို ပိုမိုတန်ဖိုးထားတတ်ကြစမြဲ။ နောက်ပိုင်းခေတ်တွင် ခရီးသွားကြသကဲ့သို့ပင်။ ကိုယ်နေရတာ ငြီးငွေ့နေသည့် နေရာတစ်ခုမှ အခြားလူများ နေရတာ ငြီးငွေ့နေသည့် နေရာတစ်ခုသို့ သွားရောက်လည်ပတ်ကြခြင်းမျိုး ဖြစ်လေသည်။
ကျိုကော အိမ်ပြောင်းသည့်ကိစ္စ ပြောရလျှင် သူသည် အလွန်လျင်မြန်စွာ ပြောင်းရွှေ့ခဲ့လေသည်။ ထိုနေ့က စာချုပ်ချုပ်ဆိုပြီး သော့အပ်လိုက်သည်နှင့် ညနေဘက်တွင် အစိုးရရုံးမဆင်းမီ အမည်ပေါက်ပြောင်းခြင်းကို ချက်ချင်း ဆောင်ရွက်ခဲ့ရာ သီချင်းလေးတစ်အေးအေးဖြင့် အိမ်ပြန်ရန် ပြင်နေသော စာရေးဝန်ထမ်းလေးမှာ သူတို့ကို မျက်ဖြူလှန်ပြသည်အထိ ဖြစ်ခဲ့ရသည်။
နောက်တစ်နေ့ မနက်စောစောတွင် ရှဲ့မိသားစုမှ အစေခံ ဒါဇင်ပေါင်းများစွာ ရောက်လာပြီး အိမ်ကို ရှင်းလင်းကြလေသည်။ အမိုးအကာများ လဲလှယ်ခြင်း၊ တံခါးနှင့် ပြတင်းပေါက်များ ပြုပြင်ခြင်း၊ ပေါင်းပင်များ နှုတ်ခြင်းတို့ကို တစ်ရက်တည်းဖြင့် ပြီးစီးအောင် ဆောင်ရွက်လိုက်ကြသည်။
နောက်ထပ် ၂ ရက်အကြာတွင် ခြံဝင်းထဲ၌ အုတ်ပြာများ ခင်းကျင်းပြီးစီးသွားခဲ့သည်။
အိမ်ပြုပြင်မွမ်းမံပြီးသည်နှင့် ပစ္စည်းများကို လှည်းဖြင့် တစ်စီးပြီးတစ်စီး သယ်ဆောင်လာကြသည်။ ၂ ရက်၊ ၃ ရက် ဆက်တိုက် သယ်ဆောင်လာကြရာ အရှေ့ဘက်နှင့် အနောက်ဘက်လမ်းကြားမှ လူများအားလုံး လာရောက်ကြည့်ရှုကြတော့သည်။ ကျိုကောကို မသိသော သူများက "ဘယ်က အရေးပါအရာရောက်တဲ့ ပုဂ္ဂိုလ်ကြီးများ တိုင်းခန်းလှည့်လည် လာတာပါလိမ့်" ဟု ခန့်မှန်းကြသည်။ တချို့ကလည်း "ငါတို့ ယန်လျိုလမ်းကြားမှာ ဘယ်သူများ အမှုကြီးအခင်းကြီး ဖြစ်ထားလို့လဲ" ဟု ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ကြသည်။
သူတို့သည် မြင်းလှည်းပေါ်မှ ၁၈ ချပ်ပါ ဆင်စွယ်ပန်းပု ကန့်လန့်ကာကြီး တစ်ခုကို ချပေးလိုက်သည်ကို ငေးမောကြည့်ရှုနေကြသည်။ ကန့်လန့်ကာ ဘောင်ကို ဆင်စွယ်နှစ်ချောင်းဖြင့် ထွင်းထုထားပြီး အလယ်တွင် ကျောက်စိမ်းဖြူတုံးကြီးဖြင့် "ကမ်းပါးနီစစ်ပွဲ" ပုံကို ထွင်းထုထားသည်။ စုန့်ခေတ်တွင် အစိမ်းရောင် ကျောက်စိမ်းက ဘုရင်ဟူသော ခေတ်ရေစီးကြောင်း မရောက်သေးဘဲ ကျောက်စိမ်းဖြူကိုသာ တန်ဖိုးအထားဆုံး ဖြစ်လေသည်။
ထိုအရာကို ဤဟောင်းနွမ်းနေသော အိမ်အိုကြီး၏ ဧည့်ခန်းမဆောင်တွင် ပေါ့ပေါ့ပါးပါးပင် ထားရှိလိုက်ရာ ဘေးမှ ကြည့်နေသူများမှာ ပို၍ပင် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ တချို့က အံ့ဩလွန်းသဖြင့် တံတွေးပင် မျိုချလိုက်မိသည်။ ဒီကန့်လန့်ကာ တစ်ခုတည်းနဲ့တင် ဒီအိမ်တစ်လုံးစာထက် ပိုတန်ဖိုးကြီးနေလောက်သည်။
နောက်ပိုင်းတွင် စာအုပ်များကို လှည်း ၅ စီး၊ ၆ စီးခန့် သယ်ဆောင်လာကြသည်။ ကျိုကောသည် အရှေ့ဘက်ရှိ ဆိုင်ခန်းကို စာဖတ်ခန်းနှင့် စာကြည့်တိုက်အဖြစ် ပြောင်းလဲလိုက်သည်။ မူလက လမ်းမဘက်သို့ ဖွင့်ထားသော ဆိုင်တံခါးကို ပိတ်ကာ နံရံပြန်စီလိုက်ပြီး အလင်းရောင်ရရှိရန်နှင့် ဝင်ထွက်သွားလာရန် ပြတင်းပေါက်ကြီး တစ်ပေါက်နှင့် တံခါးငယ်တစ်ပေါက်သာ ချန်ထားခဲ့သည်။ ထို့နောက် ရှဲ့မိသားစုမှ အစေခံများကို မိုးထိအောင်မြင့်သော စာအုပ်စင် ၄ ခု ပြုလုပ်ခိုင်းပြီး သူ့စာအုပ်များအားလုံးကို ထားရှိလေသည်။
မီးအိမ်တစ်လုံး၊ လှုပ်ကုလားထိုင်တစ်လုံးနှင့် စားပွဲပုတစ်လုံး။
ပြတင်းပေါက်အပြင်ဘက်တွင် နှင်းများကျဆင်းနေချိန် သူသည် ဝါးလှုပ်ကုလားထိုင်ကို ဖြည်းညင်းစွာ လှုပ်ရင်း စာအုပ်ပင်လယ်ထဲတွင် စီးမျောကာ စာဖတ်နေတတ်သည်။
အခက်ခဲဆုံးမှာ ရှဲ့ချီ၏ မြင်းကိစ္စပင်။ သူ့မြင်းကြီးမှာ ခြံစည်းရိုးနံရံလောက် နီးပါး မြင့်မားလေသည်။ ထိုအချိန်က "စည်းကမ်းကျော်လွန်ခြင်း" မရှိစေရန် နန်းတော်က သာမန်ပြည်သူများ၏ နေအိမ် အဆောက်အအုံများအတွက် တင်းကျပ်သော စည်းမျဉ်းများ သတ်မှတ်ထားသည်။ သာမန်ပြည်သူများ၏ ခြံစည်းရိုးသည် အများဆုံး ၅ ပေ ၆ လက်မ (၁၇၇ စင်တီမီတာ) သာ မြင့်ခွင့်ရှိသည်။ အိမ်အများစု၏ ခြံစည်းရိုးသည် ၄ ပေ ၇ လက်မ (၁၅၀ စင်တီမီတာ) ခန့်သာ ရှိကြသည်။
ရှန်မြောင် အရင်က အိမ်ဆောက်စဉ်က ခြံစည်းရိုးကို စည်းကမ်းသတ်မှတ်ချက်တွင် အမြင့်ဆုံးဖြစ်သည့် ၅ ပေ ၆ လက်မအထိ ဆောက်လုပ်ခဲ့သည်။ သို့သော် သူမက ဉာဏ်အနည်းငယ်သုံးပြီး ခြံစည်းရိုးပေါ်တွင် ကြွေပန်းကန်ကွဲစများကို စိုက်ထားခဲ့ရာ ထိုအမြင့်ပါ ပေါင်းလိုက်လျှင် ၅ ပေ ၇ လက်မ (၁၈၀ စင်တီမီတာ) ခန့် ရှိလေသည်။
သို့သော် ရှဲ့ချီ၏မြင်းသည် နားရွက်မပါဘဲလျက်ပင် ၅ ပေ ၇ လက်မထက် ကျော်လွန်နေလေသည်။
တစ်ခါက ရှန်မြောင် ကျိုကောအတွက် မုန့်သွားပို့ချိန်တွင် အဝေးမှနေ၍ ရှဲ့ချီအိမ်၏ ခြံစည်းရိုးအပေါ်တွင် အနီရောင် မြင်းနားရွက်နှစ်ဖက် လှုပ်ယမ်းနေသည်ကို မြင်လိုက်ရသဖြင့် ရယ်ချင်စရာ ဖြစ်နေလေသည်။
မြင်းများသည် လှုပ်ရှားသွားလာရန် နေရာကျယ်ကျယ် ဝန်းကျင်လိုအပ်ပေသည်။ 'ရောလ်ရိုက်' (Rolls Royce) မြင်းသည် ကျိုကောထက်ပင် ဆင်းရဲဒဏ်ကို မခံနိုင်ရှာပေ။ ခြံဝင်းထဲတွင် ချည်နှောင်ထားသည်မှာ ၂ ရက်ပင် မရှိသေး၊ စိတ်ဓာတ်ကျလာပြီး အစာမစား ရေမသောက်ဘဲ မြေကြီးပေါ်တွင် ခြေကွေးအိပ်ကာ မှိုင်တွေနေတော့သည်။ ထို့ကြောင့် ရှဲ့ချီလည်း မတတ်သာဘဲ အိမ်စေများကို အကူအညီတောင်းကာ ချန်ကျိုးသို့ ပြန်ပို့ပြီး အခြားမြင်းများနှင့် သွားရောက် ပေါင်းစည်းခိုင်းလိုက်ရသည်။
ကြားရသည်မှာ ထိုအနီရောင်မြင်းကြီးသည် ချန်ကျိုးရှိ အိမ်ဟောင်းသို့ ပြန်ရောက်သွားပြီး မြင်းဇောင်းအကြီးကြီးတွင် နေရကာ ပြေးလွှားစရာ မြက်ခင်းပြင်ကျယ်ကြီး ရှိနေသဖြင့် ချက်ချင်း ပြန်လည်ကျန်းမာလာသည် ဆို၏။ သူဌေးအိမ်များသည် မြင်းမွေးမြူရန်အတွက် လယ်မြေ ဧက ၂၀၊ ၃၀ ခန့်ကို သီးနှံမစိုက်ဘဲ မြင်းစားမြက်များသာ စိုက်ပျိုးထားလေ့ ရှိသည်။ ရှဲ့မိသားစုသည်လည်း ထိုနည်းအတိုင်းပင်။ ရှေးယခင်ကတည်းက ပြောစမှတ် ရှိခဲ့သည်မှာ မြင်းဝယ်ရတာ လွယ်သလောက် မွေးရတာ ခက်သည် ဟူ၍ပင်။
'ရောလ်ရိုက်' မြင်းကြီးသည် မကြာမီမှာပင် ပြန်လည် ကျန်းမာလာလေသည်။
ထို့နောက်တွင် ရှဲ့မိသားစု၏ သာ့ညန်သည် ကျိုကော၏ ဦးလေးမှတစ်ဆင့် ကျိုကောအတွက် မြည်းတစ်ကောင် ပို့ပေးလိုက်လေ၏။ ထိုမြည်းသည် ပစ္စည်းမဲ့လူတန်းစား၏ စရိုက်လက္ခဏာနှင့် အလွန်ကိုက်ညီပြီး ယန်လျိုအနောက်ဘက်လမ်းကြားတွင် ကောင်းစွာ အသားကျနေလေသည်။ ဘာကျွေးကျွေး စားပြီး တစ်နေ့လျှင် မြည်းချေး ၁၅ ပိဿာခန့် စွန့်ပစ်သဖြင့် ကျိုးတာ့ခမျာ နှာခေါင်းပိတ်ပြီး ကျုံးရလေ၏။
ကျိုကော ယန်လျိုအနောက်ဘက်လမ်းကြားတွင် အခြေချပြီး မကြာမီမှာပင် ရှန်မြောင်အိမ်ရှိ "မီးဖိုချောင်နတ်" ပုံပါသော ရက်ရာဇာပြက္ခဒိန်မှ စာရွက် ၃ ရွက်ကို လှန်လိုက်လျှင် ရှောင်ဟန် (ရာသီဥတု အနည်းငယ်အေးသောအချိန်) သို့ ရောက်ရှိတော့မည် ဖြစ်သည်။
ရှောင်ဟန်သည် တစ်နှစ်တာအတွင်း နတ်များအားလုံးကို စုပေါင်းပူဇော်သော နေ့ထူးနေ့မြတ် ဖြစ်သည်။
လမ်းမပေါ်တွင် 'လာ့' ပွဲတော် (နှစ်ကုန်နတ်ပူဇော်ပွဲ) အတွက် ဗုံမောင်းများ တီးခတ်ပြင်ဆင်နေကြပြီ ဖြစ်သည်။ လူများသည် တစ်နှစ်ပတ်လုံး ပင်ပန်းဆင်းရဲခဲ့ကြပြီး ယခုအခါ လယ်ယာလုပ်ငန်းခွင်များလည်း ပြီးဆုံးပြီဖြစ်သဖြင့် ကြီးကျယ်ခမ်းနားသော ပွဲလမ်းသဘင်များ ကျင်းပကာ ပျော်ရွှင်စွာ ဆင်နွှဲကြသလို ဘေးအန္တရာယ် ကင်းရှင်းစေရန်လည်း ဆုတောင်းကြသည်။ ထို့ကြောင့် ကုထူစူးသည် မနက်စောစော ရှန်မြောင်၏ အိမ်တံခါးကို လာခေါက်ပြီး ရပ်ကွက်လူကြီး ပြောလိုက်သည့်အကြောင်းကို လာပြောလေသည်။ ယန်လျိုအရှေ့ဘက်နှင့် အနောက်ဘက်လမ်းကြား နှစ်ခုပေါင်းပြီး "ကပ်ရောဂါဘေး မောင်းထုတ်သည့်လှေ" တစ်စင်း တည်ဆောက်ကာ မြို့ပြင်သို့ တွန်းထုတ်ပြီး မီးရှို့ရမည်။ သို့မှသာ ကပ်ရောဂါဘေးများကို မောင်းထုတ်နိုင်ပြီး လာမည့်နှစ်တွင် ဘေးကင်းကျန်းမာမည် ဟူ၍။
ယန်လျိုလမ်းကြား နှစ်ခုစလုံးသည် ရပ်ကွက်တစ်ခုတည်းတွင် ပါဝင်ပြီး ရပ်ကွက်နေပြည်သူများက အသက်ကြီးဝါရင့်သူကို 'ရပ်ကွက်လူကြီး' အဖြစ် တင်မြှောက်ထားကြသည်။ 'လာ့' ပွဲတော်တွင် အခြားရပ်ကွက်များကို မရှုံးစေရန် ယန်လျိုလမ်းကြားရှိ အိမ်ထောင်စုတိုင်းက တစ်အိမ်လျှင် ငွေဝမ် ၅၀၀ စီ ထည့်ဝင်ကာ ကြီးမားသော လှေကြီးတစ်စင်း တည်ဆောက်ရန် သဘောတူလိုက်ကြသည်။ ယခင်နှစ်များက ဝါးပြားများဖြင့် လှေကိုယ်ထည်နှင့် လှေဝမ်းကို ပြုလုပ်လေ့ရှိသော်လည်း ဒီနှစ်တွင်တော့ ထင်းရှူးသားကို အသုံးပြုမည်။ သို့မှသာ ပိုမိုကြီးမားအောင် ပြုလုပ်နိုင်လိမ့်မည်။ ဒီနှစ်တော့ နိုင်ကို နိုင်ရမည်။
ထို့နောက် သင်္ဘောအပြင်ဘက်တွင် ရောင်စုံစက္ကူများ ကပ်ခြင်း၊ ကျုံးခွေနတ်မင်းရုပ်တုနှင့် ခက်ရင်းခွဖြင့် ထိုးထားသော တစ္ဆေရုပ်များကို ထုလုပ်ခြင်းများ ပြုလုပ်ကြသည်။ ထို့ပြင် လှေကိုယ်ထည်၊ ဦးပိုင်းနှင့် ပဲ့ပိုင်းတို့တွင် နဂါးပုံ၊ တိမ်ပုံ၊ ရေလှိုင်းပုံ၊ ပန်းပွင့်ပုံ စသည့် ရောင်စုံပန်းချီများကို ရေးဆွဲကြသည်။
သင်္ဘောပေါ်တွင် "ကပ်ရောဂါဘေး မောင်းထုတ်သည့်လှေ" အတွက် အလှူငွေထည့်ဝင်သော အိမ်များ၏ အမည်များကို ရေးသားထားသည့် ရောင်စုံအလံငယ်လေးများ စိုက်ထူထားလေသည်။
ရှန်မြောင်သည် သူမနာမည်ကို မရေးသလို ကျိအာ့နာမည်ကိုလည်း မရေးဘဲ "ရှန်ကျိထန်းပင်ဆိုင်" ဟု တမင် ရေးသားလိုက်သည်။ 'လာ့' ပွဲတော်ရက်တွင် လူတွေ အများကြီး လာကြမည်။ ဗုံမောင်းသံတွေ ဆူညံနေမည်။ ကြော်ငြာဖို့ သိပ်ကောင်းသည့် အခွင့်အရေးပင်။
အဒေါ်ကုက သူမ ဒီလိုရေးသည်ကို မြင်သောအခါ ကိုအာကို အကူအညီတောင်းပြီး ဦးလေးကုနာမည် မရေးတော့ဘဲ "ကုမိသားစုအရက်ဆိုင်" ဟု ပြောင်းရေးခိုင်းလိုက်လေသည်။ နေ့လည်ရောက်သောအခါ တစ်အိမ်နှင့်တစ်အိမ် သတင်းပြန့်သွားပြီး လမ်းကြားတစ်ခုလုံးရှိ အလံများတွင် မိမိတို့ဆိုင်နာမည်များကို ပြောင်းလဲရေးသားကုန်ကြတော့သည်။
ကျိုကောသည်လည်း အိမ်ပြောင်းလာခါစဖြစ်သော်လည်း ငွေကြေးကို ရက်ရက်ရောရော ထည့်ဝင်လေသည်။ ရှန်မြောင်က အလံပေါ်တွင် သူ ဘာရေးမလဲဟု သိချင်နေစဉ် သူက စာအုပ်ကို ပိတ်လိုက်ပြီး ပုံမှန်ကိစ္စတစ်ခုလို သဘောထားကာ ပြုံးပြီး ပြောလိုက်သည်။
"ကျွန်တော်လည်း ရှန်မိသားစုဆိုင်လို့ပဲ ရေးလိုက်မယ်။ ဒါဆိုရင် ရှန်ညန်ဇီအတွက် အလံနှစ်ခု ဖြစ်သွားပြီး လူတွေ ပိုသတိထားမိမှာပေါ့”
ထိုအခိုက်အတန့်တွင် ရှန်မြောင်သည် သူမ၏ ရင်ထဲမှ ခံစားချက်ကို ဖွင့်ဟပြောပြရန် ခက်ခဲနေမိတော့၏။
ရင်ထဲတွင် တသိမ့်သိမ့် လှုပ်ရှားသွားရလေသည်။
ကပ်ရောဂါဘေး မောင်းထုတ်သည့်လှေ တည်ဆောက်ခြင်းကိစ္စကို ထိုပွဲတော်သုံး ပစ္စည်းများ ပြုလုပ်သည့် လက်မှုပညာရှင် ဆရာကြီးများကို အပ်နှံထားသဖြင့် ရှန်မြောင် စိတ်ပူစရာ မလိုပေ။ ပိုက်ဆံပေးပြီး အလံမှာပြီးသည်နှင့် ဂရုစိုက်စရာ မလိုတော့ပေ။
စုပေါင်းပွဲတော် ဖြစ်သောကြောင့် မိမိအိမ်တွင် ပူဇော်မည့် ပစ္စည်းများကို ပိုပြီး သေချာပြင်ဆင်ရမည်။ မဟုတ်လျှင် သိပ်ပြီး ဖြစ်ကတတ်ဆန်းနိုင်လွန်းသည်ဟု ပြောဆိုကာ တစ်နှစ်ပတ်လုံး အတင်းပြောခံနေရလိမ့်မည်။ ‘လာ့ပါး’ ပွဲတော်တွင် ပူဇော်ပစ္စည်းများသည် အလွန် အသေးစိတ်ကျသည်။ ‘လာ့ပါး’ အရက်၊ ‘လာ့ပါး’ အသား၊ 'လာ့ပါး' ကြက်သွန်ဖြူတို့ကို ပြုလုပ်ရပြီး လတ်ဆတ်သော သီးနှံများ၊ ပဲအမျိုးမျိုး (ဥပမာ - ဆန်၊ ဂျုံ၊ ပြောင်း စသည်) ကိုလည်း ပြင်ဆင်ရသည်။ ပူဇော်သည့်အခါ ပန်းကန်လုံးအသေးလေးများထဲ ထည့်ပြီး စက္ကူနီ ကပ်ထားရသည်။ ဤသည်မှာ မြေစောင့်နတ်က သီးနှံများ ဖြစ်ထွန်းအောင် စောင့်ရှောက်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ပြသခြင်းဖြစ်လေသည်။
‘လာ့ပါး’ အသားနှင့် ကြက်သွန်ဖြူကို ရှန်မြောင် ပြီးခဲ့တဲ့လကတည်းက လုပ်ထားပြီးပြီ။ အသားခြောက်ကို ချီလင်က ခိုးစားလို့ လျော့တောင်သွားသေးသည်။ ‘လာ့ပါး’ အရက်ကိုတော့ သူမ မကျွမ်းကျင်သဖြင့် နတ်ပူဇော်သည့်နေ့တွင် သုံးရန် အဒေါ်ကုဆိုင်မှ တစ်အိုး ဝယ်ထားလိုက်သည်။
‘လာ့ပါး’ ပွဲတော် ပြီးဆုံးပြီးနောက် ပူဇော်ထားသည့် သီးနှံများကို ရောနှောကာ 'လာ့ပါး' ဆန်ပြုတ် ပြုတ်ကြလေသည်။ ဤအလေ့အထသည် နောက်ပိုင်းခေတ်အထိ ပါလာသည့် ဓလေ့တစ်ခုဖြစ်သည်။ ရိုးရာ 'လာ့ပါး' ဆန်ပြုတ်တွင် ပါဝင်ပစ္စည်းများ အလွန်စုံလင်သည်။ နောက်ပိုင်းခေတ်လူတချို့က '၈' ဂဏန်းကို အယူသည်းသဖြင့် ဆန် ၈ မျိုး၊ ပဲ ၈ မျိုး၊ အသီးခြောက် ၈ မျိုး ထည့်သွင်း ပြုလုပ်ကြသည်။
ရှန်မြောင်ကတော့... အိမ်မှာ ရှိတာ ထည့်လိုက်တာပါပဲ။
အိမ်တိုင်းအိမ်တိုင်း ကျိုချက်ကြသည့် လာ့ပါးဆန်ပြုတ်သည် တစ်အိမ်နှင့်တစ်အိမ် မတူညီကြပေ။ သို့သော် မရှိမဖြစ် ပါဝင်ပစ္စည်း ၂ မျိုးမှာ ကောက်ညှင်းနှင့် ပဲနီပင်။ ကြားရသလောက် တာ့ရှန့်ကော်ဘုရားကျောင်းနှင့် ရှင်းကော်ဘုရားကျောင်းတို့တွင် နှစ်စဉ် လာ့ပါးပွဲတော်ရက်၌ ဆင်းရဲသားများကို ဆန်ပြုတ်အလှူ လုပ်လေ့ရှိရာ ဘုန်းကြီးများသည်လည်း ထိုနည်းအတိုင်း ပြုတ်လေ့ရှိသည်ဟု ဆိုသည်။
ပြောရမယ်ဆိုရင် လာ့ပါးဆန်ပြုတ်က ဘုရားကပ် ဆန်ပြုတ်ပဲလေ။
နောက်ဆုံးတွင် ရှန်မြောင်သည် အိမ်တွင် ပိုနေသော ဟင်းချက်ပစ္စည်းများကို ကြည့်ကာ လာ့ပါးဆန်ပြုတ်အတွက် ပါဝင်ပစ္စည်းများကို ဆုံးဖြတ်လိုက်သည်။ ဆန်၊ ဆန်ကြမ်း၊ ကောက်ညှင်း၊ ဘာလီ၊ ပဲနီ၊ ပဲစိမ်း၊ တို့အပြင် အသီးခြောက်များဖြစ်သည့် စွန်ပလွန်သီး၊ လိုဂန်သီး၊ စပျစ်သီးခြောက်၊ မြေပဲ။ သစ်အယ်သီး၊ လီလီပန်းခြောက် တို့ဖြစ်သည်။
ရေတွက်ကြည့်လိုက်လျှင် မနည်းလှပေ။ ရိုးရာလည်းဆန်သလို စုံလည်း စုံလင်လှသည်။
သူမက ခြံဝင်းထဲတွင် ထိုအရာများကို ပြင်ဆင်နေချိန်တွင် အနောက်ဘက်လမ်းကြားရှိ ကျိုကော၏ အိမ်နီးချင်းဖြစ်သူ ကောရှန်ကွမ်းသည် ပန်းကန်လုံးအကြီးကြီးကို ကိုင်ဆောင်လျက် အသင့်စားထန်းပင် ဝယ်ရန် ရှန်မြောင်၏ နောက်ဖေးတံခါးကို လာခေါက်လေသည်။
ကောရှန်ကွမ်းသည်လည်း အိမ်ပြောင်းလာခါစပင် ရှိသေးသည်။ သူက မူလက ဘုန်းကြီးကျောင်းတွင် နေထိုင်သူဖြစ်သဖြင့် ရှန်မြောင်ဆိုင်မှ အစားအစာများကို မစားဖူးခဲ့ပေ။ ယခု စားကြည့်လိုက်သောအခါ မရပ်တန့်နိုင်အောင် ဖြစ်သွားတော့သည်။
အထူးသဖြင့် အသင့်စားထန်းပင် ဖြစ်သည်။ ပြန့်ကျင်းမြို့တော်ရှိ အခြားသူများမှာ စားလို့ ရိုးအီနေပြီဖြစ်သော်လည်း သူကတော့ ယခုမှ စပြီး အရသာတွေ့နေခြင်း ဖြစ်သည်။
အားထောင်က တံခါးဖွင့်ပေးလိုက်၏။ ကောရှန်ကွမ်းကို မြင်လိုက်သည်နှင့် မေးစရာမလိုတော့ဘဲ ဖူရှင်းကို အသင့်စားထန်းပင် ၂ တုံး ယူလာခိုင်းလိုက်သည်။
"ဒီနေ့ ကြက်ပြုတ်ရည် အရသာ ယူမယ်။ အနှစ်များများ ထည့်ပေး။ ငါက အရည်ပျစ်ပျစ် ကြိုက်တယ်”
သူက မှာကြားရင်း လက်ကို နောက်ပစ်ကာ ရှန်မြောင် ဇလုံကြီးထဲတွင် စိမ်ထားသော ပဲများကို လှမ်းကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ဝေဖန်သုံးသပ်လေသည်။
"ဒီအချိုးအစားက ကွက်တိပဲ။ ညီညွဗတ်မျှတတယ်။ ကောက်ညှင်းက ကျောက်ကပ်ကို အားဖြည့်ပေးတယ်။ ဘာလီက အစိုဓာတ်ကို ဖယ်ရှားပေးတယ်။ ဒီဆန်နှစ်မျိုးက အအေးစာ ဖြစ်ပေမယ့် စွန်ပလွန်သီးနဲ့ လိုဂန်သီးရဲ့ အပူဓာတ်နဲ့ ပြန်ပြီး မျှတသွားစေတယ်။ ကွက်တိပဲ။ ရှန်ညန်ဇီက ဆေးပညာများ သင်ဖူးသလား”
ဝိဇ္ဇာလမ်းလိုက်သူနှင့် ဆေးပညာသည် ခွဲခြားမရပေ။ ကောရှန်ကွမ်းက အကျိုးအကြောင်းခိုင်လုံစွာ သုံးသပ်ပြလေသည်။
ရှန်မြောင်က ရယ်မောကာ ပြောလိုက်၏။ "ဆေးပညာ မသင်ဖူးပါဘူး။ အိမ်မှာ ကျန်တာတွေ ထည့်သုံးလိုက်တာပါ”
"ညန်ဇီ ပြောပုံကလည်း... သိပ်ပြီး စည်းစနစ်မကျသလိုပဲ”
ကောရှန်ကွမ်းသည် ရယ်ရခက်ငိုရခက်ဖြင့် ခေါင်းခါရင်း ထန်းပင်ယူကာ ပြန်သွားလေသည်။
စည်းစနစ်မကျဘူးဟု မှတ်ချက်ပေးခံရသော ပါဝင်ပစ္စည်းများသည် ပြုတ်လိုက်သောအခါ မဆိုးလှပေ။
သန့်ရှင်းသော မြေအိုးကို ထုတ်ယူကာ သီးနှံစုံကို ရောသမမွှေပြီး ထည့်ပြုတ်လိုက်သည်။ စပြုတ်ပြီဆိုသည်နှင့် လက်နား၍ မရတော့ပေ။ အိုးအောက်ခြေ မကပ်စေရန် လက်ကိုင်အရှည်ပါသော ယောက်မကြီးဖြင့် မွှေပေးနေရသည်။
မွှေလေ ဆန်ပြုတ်က ပျစ်လေ၊ ပျစ်လေ မွှေရ ခက်လေပင်။
လာ့ပါးဆန်ပြုတ် လုပ်ရသည်မှာလည်း ကာယလုပ်အားသုံးရသည့် အလုပ်ပင်။
ကံကောင်းသည်မှာ ရှန်မြောင်သည် အားမသေးပေ။ သီးနှံစုံကို အိုးထဲတွင် လှန်ကျော်ပြီး မွှေပေးနေလိုက်သည်။ ပဲနီများ ကြေမွပြီး ပျစ်နှစ်နူးညံ့လာသည်အထိ ပြုတ်ပြီးနောက် သကြားအနည်းငယ် ထည့်လိုက်လျှင် ရပြီ။ ဆန်ပြုတ်၏ ချိုမွှေးသော ရနံ့သည် ပျံ့လွင့်လာ၏။ လမ်းကြားထဲတွင် အိမ်တိုင်းလိုလို ဆန်ပြုတ်ပြုတ်နေကြသဖြင့် မွှေးကြိုင်သော ရနံ့များသည် တစ်အိမ်နှင့်တစ်အိမ် ခွဲခြားမရအောင် ရောနှော ပျံ့လွင့်လို့နေလေသည်။
ထန်အာကို အနောက်ဘက်လမ်းကြားသို့လွှတ်ပြီး ကျိုကောတို့ လူတစ်စုကို ဆန်ပြုတ်သောက်ရန် ဖိတ်ခိုင်းလိုက်သည်။ ရှန်မြောင်သည် အားလပ်ချိန်တွင် မီးဖိုချောင်ထဲသို့ ဝင်ကာ လမ်းတွင်ဝယ်လာသော "မီးဖိုချောင်နတ်" ပုံကို ကပ်လိုက်သည်။
ယခုအချိန်တွင် အိမ်တိုင်း၏ မီးဖိုချောင်၌ "မီးဖိုချောင်နတ်" ပုံကို ကပ်ထားလေ့ရှိကြသည်။ ‘လာ့ပါး’ ပွဲတော်မတိုင်မီတွင် စေးကပ်သော "သကြားမုန့်" ဖြင့် မီးဖိုချောင်နတ်ကို ပူဇော်ရသည်ဟု အဒေါ်ကုက ပြောဖူးသည်။
"မီးဖိုချောင်နတ်ကို သကြားမုန့် ကျွေးလိုက်ရင် ပါးစပ်က စေးကပ်သွားပြီး နတ်ပြည်ပြန်ရောက်တဲ့အခါ ပါးစပ်ဟလို့ မရတော့ဘူး။ ဒါဆိုရင် သိကြားမင်းကို မကောင်းသတင်းတွေ ပြောလို့မရတော့ဘူးလေ။ ဒါမှ နောက်တစ်နှစ်လုံး အဆင်ပြေချောမွေ့မှာ”
ရှန်မြောင်လည်း သကြားမုန့် အများအပြား ဝယ်လာခဲ့လိုက်၏။ ရှန်းအာသည် ပါးစပ်ထဲတွင် မုန့်တစ်တုံးကို ငုံထားရင်း လေးလေးနက်နက် မေးလိုက်တော့၏။
"တကယ်လို့ မီးဖိုချောင်နတ်က ကောင်းတာတွေ ပြောချင်နေရင် ဘယ်လိုလုပ်မလဲ”
...