← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

အပိုင်း (၃) မှိုအသားနှပ်

လှေပေါ်တွင် အားနေသည့် ရှန်မြောင်သည် ပြန့်ကျင်းသို့ရောက်လျှင် မူလခန္ဓာကိုယ်ပိုင်ရှင်၏ မောင်နှမနှစ်ယောက်ကို စောင့်ရှောက်ရမည်ဖြစ်ရာ ငွေဝင်မရှိဘဲ ထွက်ငွေသာရှိနေသည့် ခရီးလမ်းကို ပူပန်နေမိ၏။ ထိုအချိန်ရောက်မှ စားစရာပြတ်လပ်သွားမည်ကို စိုးရိမ်မိလေသည်။

ယခုမူ ဝင်ငွေရမည့် လမ်းစပေါ်လာပြီဖြစ်ရာ ရှန်မြောင်သည် စိတ်ဝင်စားသွားခဲ့၏။ ထို့ကြောင့် စာသင်သားအကူလေးကို အသေးစိတ် စုံစမ်းမေးမြန်းလိုက်လေသည်။ ထိုစာသင်သားအကူလေးသည် သွက်လက်ချက်ချာပုံရသော်လည်း အမှန်တကယ်တွင်တော့ စိတ်ထားဖြူစင်ရိုးသားသူ ဖြစ်ပေသည်။ ခဏအတွင်းမှာပင် သူ့သခင် “ကျိုကော (၉ယောက်မြောက်အစ်ကို)” ၏ အကြောင်းစုံကို အကုန်အစင် ပြောပြလိုက်တော့သည်။

"ကျွန်တော်တို့က ချန်ကျိုးကို ဆွေမျိုးသွားလည်မလို့၊ မနက်ဖြန် လှေပေါ်က ဆင်းတော့မှာ"

"တိုက်ဆိုင်လိုက်တာ၊ ကျွန်တော့်သခင် ကျိုကောကလည်း ပြန့်ကျင်းဇာတိပဲ၊ အစ်မ ခိုင်ပေါင်းဘုရားကျောင်းကို သိလား၊ တော်ဝင်ကျောင်းတော်က ခိုင်ပေါင်းဘုရားကျောင်းဘေးမှာ ရှိတာလေ၊ ကျွန်တော့်သခင် ကျိုကောက ငယ်ငယ်ကတည်းက တော်ဝင်ကျောင်းတော်ရဲ့ စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ရုံသာမကဘူး၊ မနှစ်ကဆိုရင် တော်ဝင်ကျောင်းတော်ထဲက 'ဖိယုံးစာသင်ကျောင်း' ကိုတောင် အရွေးခံလိုက်ရသေးတယ်၊ ပထမအဆင့်နဲ့ ဝင်ခွင့်ရပြီး အထက်တန်းကျောင်းသားစာရင်း ဝင်သွားတာနော်"

ယန်ရှူးသည် ပြောရင်းဆိုရင်း ရင်ကိုကော့လိုက်လေသည်။ စာများကို သူကပင် ဖတ်ခဲ့ရသည့်နှယ် သူ့နှာခေါင်းသည် မိုးပေါ်ရောက်တော့မတတ်ပင်။

'စာပေသမားတစ်ယောက်ပေါ့လေ'

ရှန်မြောင်သည် ထိုစကားကို ကြားလိုက်ရသော် စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားမိ၏။

စုန့်ခေတ်တွင် တော်ဝင်နန်းတွင်းမှသည် အရပ်သူအရပ်သားများအထိ သားယောက်ျားလေးများကို အကြီးအငယ်လိုက်၍ "ကော" (အစ်ကို) ဟု ခေါ်ဝေါ်လေ့ရှိကြသည်။ ယန်ရှူး၏နှုတ်မှ "ကျိုကော" (အစ်ကို၉) ဟု ဆိုသည်မှာ သူ့သခင်လေး ဖြစ်တန်ရာ၏။

"ကော" ဟု ခေါ်ဝေါ်နေသေးသည်ကို ထောက်ရှုသော် အသက် ၂၀ မပြည့်သေးသည့် လူပျိုပေါက်အရွယ်သာ ရှိလောက်ပေဦးမည်။

စုန့်ခေတ်တွင် တော်ဝင်ကျောင်းတော်၏ အဆင့်အတန်းသည် ခေတ်သစ်မှ ချင်းဟွာတက္ကသိုလ်၊ ပေကျင်းတက္ကသိုလ်တို့အောက် မလျော့ပေ။ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင် တော်ဝင်ကျောင်းတော်သည် မြို့တော်မှ အရာရှိသားသမီးများကိုသာ လက်ခံပြီး ဝင်ခွင့်သတ်မှတ်ချက်မှာလည်း အလွန်တင်းကျပ်လှသည်။ ကြည့်ရသည်မှာ သူမ၏ အိမ်နီးချင်းသည် ငယ်ရွယ်ရုံသာမက အနာဂတ်အလားအလာလည်း မသေးလှချေ။

'သားကောင်းရတနာလေး ဖြစ်နေလျှင် ပြီးတာပါပဲလေ၊ တဖက်လူကလည်း မနက်ဖြန် လှေပေါ်က ဆင်းတော့မှာဆိုတော့ ထမင်းတစ်နပ်စာလောက် ငွေရှာလိုက်ရုံဖြင့် ဘာပတ်သက်မှုမှ ရှိလာမှာ မဟုတ်ပါဘူး။ ဒါလည်း ကောင်းပါတယ်'

ရှန်မြောင်သည် စိတ်အေးသွားရ၏။ ထို့ပြင် ထို "ကျိုကော" သည် သူ့စာသင်သားအကူလေးကို ဤမျှ ဖြူဖြူဖွေးဖွေးနှင့် ရိုးသားဖြူစင်အောင် ကျွေးမွေးစောင့်ရှောက်ထားနိုင်သည်ကို ထောက်ချင့်လျှင် မိသားစုနောက်ခံ ကောင်းမွန်ပြည့်စုံပြီး သဘောထားကြီးမည့်သူ ဖြစ်နိုင်ခြေ များလေသည်။

ထို့ကြောင့် ရှန်မြောင်သည် ခဏလောက် စဉ်းစားလိုက်ပြီးနောက် သဘောတူလိုက်လေသည်။ သူမသည် တံခါးဖွင့်ပေးလိုက်ပြီး ယန်ရှူးနှင့် ထမင်းဖိုး တွက်ချက်ကာ ဆန်နှင့်ရိက္ခာ မည်မျှပါသည်၊ ဘာဟင်းစားချင်သည်များကို မေးမြန်းလိုက်သည်။ သူတို့တွင် အခွံချွတ်ကြိတ်ခွဲပြီးသား ဂျုံမှုန့်များစွာ ပါသည်ကို သိလိုက်ရသောအခါ ပြုံးကာ မေးလိုက်တော့သည်။

"ငါ့ဆီမှာ နေလှန်းထားတဲ့ မှိုခြောက်တွေနဲ့ ဆားနယ်ထားတဲ့ ဝက်သားတချို့ ရှိသေးတယ်၊ မင်းတို့သခင် ကျိုကောအတွက် မှိုအသားဆော့စ်နဲ့ ဂျုံခေါက်ဆွဲပြုတ်တစ်ပွဲ လုပ်ပေးရမလား၊ အချိန်မီမယ်ဆိုရင် မှိုပေါက်စီတစ်ပေါင်းလောက် ထပ်လုပ်ပေးမယ်လေ၊ ဘယ်လိုလဲ"

ယန်ရှူးသည် မူလက ထိုအမျိုးသမီးကို မွှေးကြိုင်လှသည့် "ခရမ်းသီးထမင်း" ကိုသာ ထပ်ချက်ခိုင်းချင်နေခဲ့သော်လည်း လက်ရှိတွင် ကျိုကောတစ်ယောက် စိတ်ဓာတ်ကျနေသည်ကို သတိရသွားပြီး ပူပူနွေးနွေး ခေါက်ဆွဲပြုတ်တစ်ပွဲနှင့် ပေါက်စီက ပို၍သင့်တော်မည်ဟု တွေးမိကာ ချက်ချင်း သဘောတူလိုက်လေသည်။ ထို့နောက် အခန်းထဲသို့ ခပ်သွက်သွက်ပြန်ဝင်သွားပြီး ရှန်မြောင်အတွက် ဂျုံမှုန့်တစ်အိတ် သွားယူပေးလေသည်။

"ဒါဆို အစ်မကိုပဲ ဒုက္ခပေးရတော့မယ်"

ယန်ရှူးက လေးလေးစားစား လက်နှစ်ဖက်ဆုပ် ဦးညွှတ်လိုက်ပြီးမှ နှုတ်ဆက်ထွက်ခွာသွားလေသည်။

ရှန်မြောင်သည် တံခါးပိတ်လိုက်ပြီးနောက် လက်ထဲမှ ဝမ် ၁၀ ပြား စရံငွေကို မြှောက်ကာ ချိန်ဆကြည့်လိုက်သည်။ ခြေရင်းတွင်ရှိသော နှင်းကဲ့သို့ ဖြူဖွေးနုညက်နေသည့် ဂျုံမှုန့်အိတ်ကို ကြည့်ရင်း စိတ်ထဲတွင် ကျေနပ်သွားမိ၏။

'သိပ်ကောင်းတာပဲ၊ ပိုက်ဆံရတဲ့အပြင် ကိုယ့်အတွက် ရိက္ခာလည်း သက်သာသွားပြီ'

သူမသည် ယန်ရှူးနှင့် ပြောဆိုထားပြီးဖြစ်သည်။ လက်ခ ၅ ဝမ် လျှော့ယူမည့်အစား စုစုပေါင်း သုံးပွဲစာလုပ်ပြီး သူမလည်း တစ်ပွဲစာ ဝင်စားမည်ဟူ၍ပင်။

သူမသည် အသေးအမွှားလေးကို လိုချင်တပ်မက်နေခြင်း မဟုတ်ပေ။ ခေတ်သစ်တွင် သာမန်ဖြစ်သည့် ဂျုံမှုန့်သည် စုန့်ခေတ်တွင်တော့ အကြိမ်ကြိမ်အခါခါ စစ်ရသည့်အရာဖြစ်ပြီး တစ်တင်းလျှင် ဝမ် ၃၀ ပေးရကာ အရာရှိမျိုးနွယ်များသာ ဝယ်စားနိုင်သည့် အရာဖြစ်လေသည်။ ရှန်မြောင်သည် ဤခေတ်သို့ ရောက်လာကတည်းက အစပိုင်းတွင် ရုံသာ့ညန်၏ နှိပ်စက်မှုကို ခံခဲ့ရပြီး နေ့စဉ် လည်ချောင်းနာစေသည့် မုန့်ကြမ်းများကိုသာ စားခဲ့ရသည်။ နောက်ပိုင်းတွင် ဒုက္ခပင်လယ်မှ လွတ်မြောက်လာခဲ့သော်လည်း ငွေကြေးချွေတာရန်အတွက် ဆန်ကြမ်းများကိုသာ စားသောက်ခဲ့ရရာ နူးညံ့အိစက်သည့် ခေါက်ဆွဲတစ်ပွဲကို မည်မျှတောင့်တနေမိသည် မသိတော့ချေ။

ထို့ကြောင့် သည်တစ်ခေါက်တွင် ယန်ရှူးက ဈေးကြီးသည့် ဂျုံမှုန့်ကို စိုက်ထုတ်ထားပြီး ရှန်မြောင်က သူမပါလာသည့် မှို၊ ဟင်းသီးဟင်းရွက်နှင့် ဝက်သားကို ထုတ်ပေးရသည်။ ကျန်သည်မှာ ထင်းဖိုး၊ ရေဖိုးနှင့် လက်ခသာ တွက်လိုက်ရာ သုံးပွဲအတွက် စုစုပေါင်း ဝမ် ၅၀ ကျသင့်ပြီး ယန်ရှူးက စရံငွေ ၁၀ ဝမ် ကြိုပေးထားခြင်း ဖြစ်လေသည်။

စာသင်သားအကူလေးက ဤမျှ ရက်ရောသွက်လက်နေသည်ဖြစ်ရာ ရှန်မြောင်ကလည်း ဤခေါက်ဆွဲကို သူမ၏ အကောင်းဆုံးလက်ရာဖြင့် ချက်ပြုတ်ရန် ဆုံးဖြတ်လိုက်တော့သည်။

အချိန်က စောသေးသည်ဖြစ်သဖြင့် ဖြည်းဖြည်းချင်း ပြင်ဆင်နိုင်သည်။

သူမက ပြန်မအိပ်တော့ဘဲ သေတ္တာထဲမှ အဝတ်စည်းကြိုးနှစ်ချောင်းကို ထုတ်ကာ လက်မောင်းတွင် ပင့်ချည်လိုက်ပြီး ဂျုံနယ်ရန်နှင့် ဆော့စ်ချက်ရန် ပြင်ဆင်လိုက်လေသည်။

"မှိုအသားဆော့စ် ဂျုံခေါက်ဆွဲပြုတ်" ဆိုသည်မှာ ခေတ်သစ်တွင် ခေါ်သည့် မှိုအသားဆော့စ် ခေါက်ဆွဲပြုတ်ပင်ဖြစ်သည်။ လုပ်ရသည်မှာ မခက်ခဲသော်လည်း ဂျုံနယ်ခြင်း၊ ဂျုံနှပ်ထားခြင်း၊ မှိုရေစိမ်ခြင်းနှင့် အသားဆော့စ်ချက်ခြင်းတို့မှာ အချိန်ပေးရလေသည်။

မှိုအကြောင်း ပြောရလျှင် စုန့်ခေတ်တွင် စီးပွားရေးထွန်းကားပြီး ပြည်သူများ အေးချမ်းစွာ နေထိုင်ကြသဖြင့် မှိုစိုက်ပျိုးသည့် နည်းပညာမှာလည်း တွင်ကျယ်လျက်ရှိသည်။ ကျင်းလင်မြို့တွင် အိမ်တိုင်းလိုလို အိမ်ရှေ့အိမ်နောက်၌ မှိုစိုက်ခင်းလေးများ ရှိတတ်ကြသည်။ ထို့ကြောင့် ရှန်မြောင်သည် မထွက်ခွာမီက ရုံသာ့ညန်အိမ် နောက်ဖေးတွင် မူလခန္ဓာကိုယ်ပိုင်ရှင် ဂရုတစိုက် စိုက်ပျိုးထားခဲ့သည့် မှိုခင်းလေးထဲမှ မှိုများကို တစ်ပွင့်မကျန် ခူးယူလာခဲ့ခြင်းဖြစ်သည်။ ထိုအမျိုးသမီးကြီးအတွက် တစ်ပွင့်မှ ချန်မထားခဲ့ပေ။

"မှိုပေါက်စီ" ကတော့ လက်ရှိအချိန်တွင် အများဆုံး စားလေ့ရှိကြသည့် ပုံစံဖြစ်သည်။

ယခုခေတ်တွင် "မန်ထို" ဟုခေါ်သည်မှာ အမှန်တကယ်တော့ ခေတ်သစ်မှ အစာသွပ်ထားသည့် ပေါက်စီပင် ဖြစ်သည်။ စုန့်ခေတ်မှ တကယ့် "မန်ထို" အစစ်မှာ ဝူသာ့လန် ရောင်းသည့် "ဆွေပင်း" (ပေါင်မုန့်) ဖြစ်ပြီး အများအားဖြင့် အချောင်းရှည်ပုံစံ ရှိကြသည်။

မှိုပေါက်စီ ဆိုသည်မှာ မှိုနှင့်အသား ပါဝင်သည့် ပေါက်စီပင်ဖြစ်သည်။ မှိုအသားပေါက်စီသည် စုန့်ခေတ်တွင် အလွန်နာမည်ကြီးသည်။ ဤခေတ်မှ နာမည်ကျော် အစားအသောက် လေ့လာသူ ဆရာကြီး စူးရှီသည်ပင် သူငယ်ချင်းနှစ်ယောက်ကို ခေါ်ပြီး ပေါက်စီစားရန် အဝေးကြီး သွားခဲ့ဖူးသည်။ စားပြီးနောက် အရသာရှိလွန်းသဖြင့် စာဖွဲ့ခဲ့သေးသည်။

“ကောင်းကင်ဘုံတွင် စွန်းပင်းထျန်၊ လူ့ပြည်တွင် မှိုပေါက်စီ” ဟုဆိုကာ "ဒီမှိုအသားပေါက်စီက ရှယ်ပဲဟေ့" ဟု ဆိုလိုခြင်း ဖြစ်တန်ရာ၏။

ရှန်မြောင်သည် ခေါက်ဆွဲအတွက် အသားဆော့စ်ကို အရင်လုပ်ရန် ဆုံးဖြတ်လိုက်သည်။

ခေါက်ဆွဲပြုတ်သည် ဟဲနန်ဟင်းလျာဖြစ်ပြီး အဓိက လျှို့ဝှက်ချက်မှာ လတ်ဆတ်မွှေးကြိုင်သည့် ဟင်းရည်တွင် ရှိသည်။ အကယ်၍ ခေတ်သစ်တွင်ဆိုလျှင် ရှန်မြောင်သည် သိုးသားအကောင်းစား၊ သိုးရိုးကြီးများကို အနည်းဆုံး ငါးနာရီကြာအောင် ပြုတ်ပေလိမ့်မည်။ ထိုအခါမှသာ နွားနို့ကဲ့သို့ ဖြူဖွေးအိစက်သည့် သိုးသားဟင်းရည်ကို ရရှိမည်။ ထိုအချိန်ကျမှ ခေါက်ဆွဲကို အပြားလိုက် ပါးပါးလေး ဆွဲဆန့်ပြီး အိုးထဲထည့်ကာ ဟင်းသီးဟင်းရွက်များကို ရေနွေးဖျောပြီး အောက်ဆုံးတွင် ခင်းရသည်။ ငရုတ်သီးဆီလေး ဆမ်း၊ ကြက်သွန်ဖြူချဉ်လေးဖြင့် တွဲစားလိုက်လျှင် မျက်ခုံးပွင့်သွားအောင် အရသာရှိလှပေသည်။

သို့သော် လက်ရှိအခြေအနေတွင် ထိုသို့သော အခွင့်အရေးနှင့် အချိန်မရှိချေ။

သို့သော်လည်း မှိုအသားဆော့စ်ဖြင့် ချက်သော ခေါက်ဆွဲသည်လည်း တစ်မျိုးတစ်ဘာသာ အရသာရှိပေသည်။

ဝက်သားမှာ ဈေးပေါသော်လည်း ရှန်မြောင်သည် ဝယ်ထားသည့် ဝက်သားများ ကြာရှည်ထားလျှင် ပျက်စီးသွားမည်ကို စိုးရိမ်သဖြင့် နေ့လယ်က တစ်ကြိမ်ချက်စားပြီး ကျန်သည်များကို နှမြောမနေဘဲ အကုန်ထုတ်သုံးလိုက်တော့သည်။ သူမသည် အခွံပါသည့် ဝက်အဆီတုံးများကို သွက်လက်စွာ ဖယ်ထုတ်လိုက်ပြီး အသားများသည့်နေရာများကို ပဲစေ့အရွယ် အတုံးသေးသေးလေးများ တုံးလိုက်သည်။ မီးဖိုခန်းမှ ခပ်လာသည့် ရေနွေးဖြင့် မှိုခြောက်များကို စိမ်လိုက်သည်။ ထို့နောက် မြေအိုးကို မီးဖိုငယ်ပေါ် တင်လိုက်ပြီး အခွံပါသည့် ဝက်အဆီတုံးများကို ထည့်ကာ ဆီထွက်လာသည်အထိ လှိမ့်လိုက်သည်။ အဆီဖတ်များ ကျုံ့သွားပြီး ဝက်ဆီဖတ် ဖြစ်သွားသည်အထိပင်။

ဤဝက်ဆီဖတ်များကို သီးသန့်ဖယ်ထားပြီး နောက်မှ ပေါက်စီလုပ်ရာတွင် သုံးရမည်။

ရှန်မြောင်သည် ထိုအိုးထဲသို့ အသားတုံးလေးများကို ထည့်ကာ အရောင်ပြောင်းသွားသည်အထိ ဖြည်းဖြည်းချင်း ချက်လိုက်သည်။ ဤမြေအိုးဖြင့် ဟင်းချက်ရသည်မှာ အိုးကပ်လွယ်သဖြင့် ရှန်မြောင်ကဲ့သို့ မီးဖိုချောင် ကျွမ်းကျင်သူဖြစ်၍သာ တော်တော့သည်။ သူမသည် တူဖြင့် လျင်မြန်စွာ မွှေပေးနေသည်။ ဤသို့ အနည်းငယ် တူးသွားသည့် အနံ့သင်းသင်းလေးက အရသာကို ပိုကောင်းစေသည်။ ထို့နောက် ရေစိမ်ထားသည့် မှိုများကို အတုံးသေးသေးတုံးကာ ရောထည့်ပြီး မွှေလိုက်သည်။ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ နာနတ်ပွင့် စသည့် ဟင်းခတ်အမွှေးအကြိုင်များကို ထည့်လိုက်သည်။ ကိုယ်တိုင်လုပ်ထားသည့် ဂျင်းချဉ်စပ်ဆော့စ် တစ်ဇွန်းထည့်လိုက်ရာ စပ်ရှိန်းရှိန်း အနံ့မွှေးမွှေး ထွက်လာတော့သည်။ ပဲငံပြာရည်၊ ရှာလကာရည်၊ ဆားနှင့် ဖာလာစေ့ အနည်းငယ် ထပ်ထည့်လိုက်သည်။

အမှန်တကယ်ဆိုလျှင် ငရုတ်ကောင်းမှုန့် အနည်းငယ် ထည့်သင့်သော်လည်း စုန့်ခေတ်တွင် ငရုတ်ကောင်းမှာ ဈေးကြီးလှသည်။ ငရုတ်ကောင်းတစ်ပိဿာလျှင် ငွေကြေးအမြောက်အမြား ပေးရပြီး ပိုးထည်တစ်လိပ်သည် ငရုတ်ကောင်းတစ်အိတ်နှင့်သာ လဲလှယ်၍ ရလေသည်။ ရှန်မြောင်ကဲ့သို့ သာမန်ပြည်သူအဖို့ ဝယ်စရာနေရာပင် မရှိချေ။ ထို့ကြောင့် သူမသည် ဖာလာစေ့ကို အစားထိုး အသုံးပြုလိုက်ရသည်။ အရသာ အနည်းငယ် လိုအပ်နေသော်လည်း ရှန်မြောင်တွင် လျှို့ဝှက်ချက်တစ်ခု ရှိနေသေးသည်။ ယင်းမှာ ပဲငါးပိအနှစ် ထည့်ခြင်းပင်။

သူမ ဟင်းလှီးဓား သွားဝယ်စဉ်က ပဲငါးပိအနှစ် ရောင်းသည့် ဆိုင်တစ်ဆိုင်ကို တွေ့ခဲ့သဖြင့် ရှန်မြောင် အံ့သြသွားခဲ့ရသေးသည်။ စုန့်ခေတ်တွင် ဟင်းခတ်အမွှေးအကြိုင်နှင့် ဆော့စ်မျိုးစုံ ပြည့်စုံနေပြီဖြစ်ကြောင်း သိလိုက်ရ၏။ အရသာမြည်းကြည့်ရာ ကောင်းမွန်သဖြင့် အိုးငယ်တစ်လုံး ဝယ်လာခဲ့ခြင်းဖြစ်သည်။ ယခုမူ အသုံးဝင်လာခဲ့ပြီ။ ဤ ပဲငါးပိအနှစ် တစ်ဇွန်းမောက်မောက်ကို ထည့်လိုက်ရာ မှိုအသားဆော့စ်သည် ပြည့်စုံသွားတော့သည်။ စောစောက မှိုစိမ်ထားသည့် ရေနှစ်ခွက်ကိုပါ ထည့်လိုက်လျှင် ပြီးပြည့်စုံသွားလေပြီ။

ရှန်မြောင်သည် ချွေးများကို သုတ်လိုက်ပြီး မီးညှပ်ဖြင့် မီးဖိုထဲမှ မီးသွေးခဲအချို့ကို ဖယ်ထုတ်လိုက်၏။ ထို့နောက် အိုးထဲသို့ သကြားနှင့် နှမ်းအနည်းငယ် ထည့်လိုက်ပြီး မီးအေးအေးဖြင့် တည်ထားလိုက်သည်။ အသားဆော့စ်ရည်များက ပျစ်နှစ်ကာ ညိုရောင်သန်းလာပြီး ခေတ်သစ်မှ အနံ့နှင့်မခြား မွှေးကြိုင်သော အနံ့များ ထွက်ပေါ်လာတော့သည်။

ရှန်မြောင်သည် အနံ့ကို ရှူလိုက်ရုံဖြင့် သွားရည်ယိုချင်လာတော့သည်။ တကယ်ကို မွှေးလွန်းလှသည်။

အသားဆော့စ်အိုး ပွက်ပွက်ဆူနေသည့်အချိန်တွင် ရှန်မြောင်သည် ဂျုံစတင်နယ်လိုက်လေသည်။ ဂျုံနယ်ခြင်းသည်လည်း ပညာရပ်တစ်ခုပင်။

ရှန်မြောင်သည် ငါးနှစ်သမီးအရွယ်ကတည်းက ဂျုံနယ်တတ်ခဲ့သည်။ ငယ်စဉ်က တခြားကလေးများ စန္ဒရားတီး၊ အက သင်နေချိန်တွင် သူမသည် တို့ဖူးလှီးခြင်းနှင့် ဂျုံနယ်ခြင်းကို သင်ယူခဲ့ရသည်။ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ရောက်သောအခါ မိဘများက လွှတ်ထားလိုက်ပြီး အိမ်၏ ထမင်းဝိုင်းကို သူမကိုယ်တိုင် တာဝန်ယူခဲ့ရသည်။ အလယ်တန်းကျောင်းသူအရွယ် ရောက်သည့်အခါ နှစ်သစ်ကူးညစာကိုပင် တစ်ယောက်တည်း ဒိုင်ခံချက်ပြုတ်နိုင်ခဲ့လေသည်။

ခေါက်ဆွဲလုပ်ရန်အတွက် ဂျုံကို ရေနွေးဖြင့် နယ်ရမည်ဖြစ်ပြီး ရေကို ဖြည်းဖြည်းချင်း ထည့်ကာ နယ်ပေးရသည်။ ဂျုံမှုန့်များ စေးကပ်လာသည်နှင့် မျက်နှာပြင်ချောမွတ်သည့် ဂျုံတုံးဖြစ်အောင် လျင်မြန်စွာ နယ်ရလေသည်။ ဤအဆင့်သည် အလွန်အရေးကြီးသည်။ ကြာသွားပါက လက်မှ အပူချိန်ကြောင့် ဂျုံသား ပွလာပြီး ခေါက်ဆွဲ၏ အရသာကို ထိခိုက်စေနိုင်သည်။ ရှန်မြောင်သည် ဂျုံနယ်ရာတွင် ဆားအနည်းငယ် ထည့်လေ့ရှိသည်။ ဤသည်မှာ ခေါက်ဆွဲသား နူးညံ့အိစက်စေသည့် လျှို့ဝှက်ချက်ပင်။

ဂျုံနယ်ပြီးသောအခါ ရေစိုဝတ်ဖြင့် အုပ်ကာ ၁၅ မိနစ်ခန့် နှပ်ထားလိုက်သည်။ ထို့နောက် ဂျုံတုံးကို အချောင်းရှည် လှိမ့်လိုက်ပြီး လက်နှစ်လုံးခန့် အကျယ်ရှိသည့် အပြားလိုက် လှီးလိုက်လေသည်။

ခေါက်ဆွဲပြင်ဆင်ပြီးနောက် ရှန်မြောင်သည် ရေတစ်ငုံသောက်ကာ အနားယူလိုက်ပြီး ဟင်းသီးဟင်းရွက်များကို ပြင်ဆင်လိုက်သည်။ သူမသည် "ပိုင်စုန့်" ဟုခေါ်သည့် မုန်ညင်းဖြူတစ်ထုပ်ကို ယူလိုက်သည်။ ဤမုန်ညင်းဖြူမျိုးသည် ထန်ခေတ်က ယန်ကျိုးဒေသတွင် စတင်မျိုးဖောက်ခဲ့ခြင်းဖြစ်ပြီး "အရွက်ဝိုင်း၍ ကြီးမားခြင်း၊ စားလိုက်လျှင် အမျှင်မကျန်ဘဲ ကြွပ်ရွနုဖတ်ခြင်း၊ ရာသီမရွေး စိုက်ပျိုးနိုင်ပြီး အချဉ်တည်စားလျှင် အလွန်အရသာရှိခြင်း" တို့ကြောင့် လူကြိုက်များခဲ့သည်။

ထိုအချိန်မှစ၍ ပြည်သူအများ နှစ်သက်စရာ ဖြစ်လာခဲ့သည်။ ရယ်စရာကောင်းသည်မှာ ရှန်မြောင်၏ ပြီးခဲ့သည့်ဘဝက နာမည်ပြောင်မှာ "စုန့်စုန့်" ဖြစ်သည်။ သူမအမေက သူမကို မမွေးခင် မုန်ညင်းချဉ်စပ်တစ်ပွဲ စားလိုက်ရာ ဗိုက်နာပြီး မွေးဖွားခဲ့သဖြင့် သူမအဖေက "မုန်ညင်းချဉ်စပ်" ဟု နာမည်ပေးရန် ကြံခဲ့ဖူးသည်။ ထိုအကြံကို အမေဖြစ်သူက ဝိုင်းရိုက်ခဲ့သဖြင့် နောက်ဆုံးတွင် မုန်ညင်းဖြူ၏ "စုန့်" ဟူသော ယဉ်ကျေးသည့် စကားလုံးကို ရွေးချယ်ခဲ့ခြင်း ဖြစ်လေသည်။

ထို့အပြင် သူမသည် မုန်လာဥနှစ်ဥ၊ ဟင်းနုနယ်၊ သခွားသီးနှင့် နံနံပင်တို့ကိုလည်း သယ်ဆောင်လာခဲ့သေးသည်။ ခရီးဆောင်သေတ္တာ နှစ်လုံးအနက် တစ်ဝက်မှာ စားစရာများ ဖြစ်နေသည်။ ဟင်းသီးဟင်းရွက်များချည်း ဖြစ်သော်လည်း "ဆောင်းနှင်းကျလျှင် ဂျုံပင်သန်၍၊ နွေဦးမိုးရွာလျှင် ဟင်းရွက်ပေါသည်" ဆိုသည့် စကားအတိုင်း နွေဦးရာသီ ဟင်းသီးဟင်းရွက်များသည် လတ်ဆတ်ပြီး ဈေးပေါလေသည်။ ထို့ပြင် ရာသီဥတုက အေးနေသေးသဖြင့် ဤဟင်းသီးဟင်းရွက်များကို ရိုးရိုးအပူချိန်တွင် ရက်အနည်းငယ် အထားခံသည်။

သို့သော် လမ်းတွင် လှေကမ်းကပ်လျှင် ထပ်ဝယ်နိုင်သဖြင့် ရှန်မြောင် အများကြီး ဝယ်မလာခဲ့ပေ။

ထို့ကြောင့် မုန်လာဥ တစ်ဝက်ကို လှီးလိုက်သည်။ နွေဦးပေါက် မုန်လာဥသည် ကြွပ်ရွပြီး အရသာရှိသဖြင့် အမျှင်လေးများဖြစ်အောင် လှီးလိုက်သည်။ မုန်ညင်းဖြူနှင့် သခွားသီးအမျှင်လေးများ၊ နံနံပင်များကို ပန်းကန်လုံးထဲတွင် သီးသန့်စီ ထည့်ထားလိုက်သည်။ ကြိုက်သူများ ထည့်စားနိုင်ရန်ဖြစ်သည်။ ရှေးယခင်ကတည်းက ယနေ့ထိတိုင် နံနံပင် စားသည်၊ မစားသည်က ငြင်းခုန်စရာ ခေါင်းစဉ်တစ်ခု မဟုတ်ပါလား။

ဤသို့ဖြင့် "မှိုအသားဆော့စ် ဂျုံခေါက်ဆွဲပြုတ်" အတွက် အားလုံးအဆင်သင့် ဖြစ်သွားပြီဖြစ်သည်။ မိုးမချုပ်သေးသဖြင့် ရှန်မြောင်သည် မှိုပေါက်စီ ထပ်လုပ်လိုက်သည်။ သူမ ဖယ်ထားသော မှိုနှင့် အသားအပြင် ဝက်ဆီဖတ်များကို ထောင်းထည့်လိုက်ရာ မွှေးကြိုင်သော အသားအစာသွပ်ပေါက်စီ သုံးလုံး ရရှိလာသည်။ ပေါက်စီများကို တူဖြင့်ညှပ်ကာ မြေအိုးပေါ်တွင်တင်၍ ပေါင်းလိုက်ပြီးနောက် မိုးချုပ်သွားလေသည်။

မြေအိုးကို ဆေးကြောပြီး ရေနွေးတည်ကာ ဟင်းသီးဟင်းရွက်နှင့် ခေါက်ဆွဲကို ပြုတ်လိုက်သည်။ ထို့နောက် မှိုအသားဆော့စ်နှင့် ဟင်းရည်ကိုပါ ထည့်လိုက်ပြီး ကြက်သွန်မြိတ်ဖြူးလိုက်သည်။ ရှန်မြောင်သည် မနေနိုင်တော့ဘဲ မြည်းကြည့်လိုက်ရာ ခေါက်ဆွဲသားမှာ နူးညံ့အိစက်နေပြီး ဟင်းရည်အနှစ်များ စိမ့်ဝင်နေသဖြင့် ပါးစပ်ထဲတွင် အာရုံခံစားမှု အပြည့်ရသွားစေသည်။

'မဆိုးပါဘူး၊ လက်ရာ မပျက်သေးဘူးပဲ'

ရှန်မြောင်သည် သူမအတွက် တစ်ပွဲစာ ဖယ်ထားလိုက်ပြီး ပေါက်စီများကို ဆီစိမ်စက္ကူဖြင့် ထုပ်ကာ မြေအိုးလိုက် မ,ပြီး ဘေးခန်းသို့ သွားပို့လိုက်တော့သည်။ သူမ သွားပို့ချိန်တွင် ယန်ရှူးတစ်ယောက်တည်းသာ ရှိနေ၏။ လှေပေါ်ရှိ အခန်းများမှာ အတူတူပင်ဖြစ်သော်လည်း ဤ "ကျိုကော" ၏ အခန်းထဲတွင်တော့ ဟောင်းနွမ်းစုတ်ပြဲနေသော စာအုပ်များကို နေရာအနှံ့ တွေ့ရလေသည်။

ရှန်မြောင်သည် အထဲသို့ မဝင်တော့ဘဲ ပစ္စည်းများကို ချထားပေးလိုက်သည်။ ယန်ရှူးထံမှ ကျန်ငွေကို ယူပြီးနောက် ခါးကိုအနည်းငယ်ကိုင်းကာ ပြုံးကာ မှာလိုက်သည်။

"မင်းနဲ့ မင်းသခင် ကျိုကော ပူတုန်းလေး စားကြနော်၊ မဟုတ်ရင် ခေါက်ဆွဲတွေ ပွကုန်လိမ့်မယ်"

မှာကြားပြီးနောက် သူမလည်း ထွက်ခွာသွားလေသည်။

ယန်ရှူးသည် ဟိုဘက်ခန်းမှ မွှေးပျံ့လာသော အနံ့ကို စောစောကတည်းက ရနေခြင်းဖြစ်သည်။ ယခုအခါ စားပွဲပေါ်တွင် အငွေ့တထောင်းထောင်းထနေသည့် ခေါက်ဆွဲပြုတ်ကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေမိ၏။ မြေအိုးဘေးတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း စားပွဲပေါ် မှောက်ကာ အနံ့ခံလိုက်ရသည်မှာ တံတွေးပင် မျိုချချိန် မရတော့ပေ။

သူသည် တံခါးပေါက်ကို စိတ်ပူစွာ လှမ်းကြည့်လိုက်မိသည်။ ကျိုကောက အိမ်သာသွားတာ ဘာလို့ ခုထိ ပြန်မလာသေးတာလဲ။

ကံကောင်းစွာဖြင့် မကြာမီမှာပင် တံခါးသည် "ကျွီ" ခနဲ ပွင့်သွားပြီး ရိုးရှင်းသည့် အစိမ်းရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော စာသင်သား လူငယ်တစ်ယောက်သည် တွေဝေငေးငိုင်သည့် ပုံစံဖြင့် ဝင်လာလေသည်။ သူသည် အစိမ်းရောင် အနားကွပ်ထားသည့် ဖိနပ်ကို စီးထားပြီး ဖိနပ်တစ်ဖက်ပေါ်တွင် ထင်ရှားသည့် ဖိနပ်ရာ တစ်ပိုင်း ပါရှိနေလေတော့သည်။

...

အပိုင်း (၄) ထိုစာသင်သား

"ကျိုကော ပြန်ရောက်လာပြီပဲ၊ ကြည့်ပါဦး ကျွန်တော် ဘာဝယ်လာလဲလို့"

ယန့်ရှူးသည် ရတနာတစ်ခုကို ဆက်သသည့်နှယ် ခုံဝိုင်းလေးပေါ်သို့ တက်လိုက်ပြီး မြေအိုးအဖုံးကို ဖွင့်လိုက်လေသည်။ ပူနွေးသည့် အငွေ့များနှင့်အတူ ထောင်းခနဲ ထွက်လာသည့် အသားနံ့က အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ မြေအိုးထဲတွင် ဟင်းရည်အနှစ် ပျစ်ပျစ်နှစ်နှစ်နှင့် အတူ ခေါက်ဆွဲဖတ်လေးများသည် သပ်ရပ်ညီညာစွာဖြင့် အနီရောင်သန်းနေသော ဟင်းရည်ထဲတွင် နစ်မြုပ်နေကြ၏။

ရှဲ့ချီသည်လည်း ထိုအမွှေးအနံ့ကြောင့် မှင်တက်သွားမိသည်။

"မွှေးလိုက်တာ၊ ဘယ်က ရလာတာလဲ"

အပြင်သို့ ရောက်နေစဉ်ကာလအတွင်း ရှဲ့ချီနှင့် ယန့်ရှူးတို့သခင်နှင့် ကျွန်နှစ်ယောက်သည် မီးမွှေးနည်းပင် ကောင်းကောင်း မတတ်ကျွမ်းသဖြင့် တည်းခိုခန်းများတွင် တည်းသည့်အချိန်မှလွဲ၍ ကျန်အချိန်များတွင် ပေါင်မုန့်ခြောက်နှင့် ဆန်စေ့လှော်များကိုသာ စားသောက်ခဲ့ရသည်။ ထို့ကြောင့် ပူပူနွေးနွေး ခေါက်ဆွဲဟင်းရည်ကို မစားရသည်မှာ ကြာလှပြီဖြစ်သည်။

"ကျွန်တော် ဟိုဘက်အခန်း နံပါတ် '၂' က အစ်မဆီက ဝယ်လာတာ"

ယန့်ရှူးက ပန်းကန်နှင့်တူများကို အဆင်သင့်ယူထားပြီးဖြစ်ရာ ခုံပေါ်တက်ပြီး မြေအိုးထဲမှ ခေါက်ဆွဲများကို ပန်းကန်လုံးနှစ်လုံးထဲသို့ ခွဲထည့်လိုက်သည်။ ထို့ပြင် အသားဆော့စ်ထဲမှ အသားများကို ရှဲ့ချီ၏ ပန်းကန်ထဲသို့ ရွေးထည့်ပေးလိုက်ပြီး ခုံပေါ်မှ ဆင်းကာ ရှဲ့ချီကို လာဆွဲလေသည်။

"ကျိုကော လာစားတော့လေ"

ရှဲ့ချီသည် မူလက ခံတွင်းပျက်နေခဲ့သည်။ သူနှင့် ယန့်ရှူးတို့ ခရီးထွက်လာခြင်းမှာ သူ့ဖခင်အတွက် ရှေးဟောင်းကျမ်းစာအုပ်များကို ရှာဖွေရန်ဖြစ်သည်။ သူ့ဘိုးဘေးများသည် ကျင်နိုင်ငံခေတ်က အလွန်ထင်ရှားကျော်ကြားသည့် ချန်ကျွင်းဒေသမှ ရှဲ့မျိုးနွယ်များ ဖြစ်ကြသည်။ ဆွေမျိုးအဆက်အနွယ်များ ဖြစ်သော်လည်း "မျိုးနွယ်ကြီးငါးခုနှင့် အိမ်တော်ခုနစ်ခု" ဟု ကျော်ကြားခဲ့သည့် အထက်တန်းလွှာမျိုးနွယ်များမှ ဆင်းသက်လာသူများ ဖြစ်ကြသည်။ ယခုအခါ ဝမ်မျိုးနွယ်နှင့် ရှဲ့မျိုးနွယ်တို့သည် သာမန်အရပ်သားဘဝသို့ ရောက်ရှိနေပြီဖြစ်သော်လည်း ရှဲ့မိသားစုသည် စာပေပညာဖြင့် နိုင်ငံ့ဝန်ထမ်းအဖြစ် အဆက်ဆက် အမှုထမ်းခဲ့ကြသည်။ သို့သော် ထူးထူးခြားခြား ကြီးပွားတိုးတက်ခြင်းမရှိခဲ့ပေ။

ဘုရင်မင်းမြတ်သည် တော်ဝင်ကျောင်းတော်ကို တိုးချဲ့ပြီး ဖိယုံးစာသင်ကျောင်းကို တည်ထောင်ခဲ့ခြင်းမှာ အထက်တန်းလွှာများ ပြန်လည်အာဏာရလာမည်ကို တားဆီးရန်နှင့် သာမန်ပြည်သူလူထုထဲမှ ပညာတတ်များကို ရွေးချယ်ခန့်ထားရန် ရည်ရွယ်ခြင်းဖြစ်သည်။ ထို့ကြောင့် သူ၏ဖခင်သည် အထက်တန်းလွှာမျိုးနွယ်မှ ဆင်းသက်လာသူ ဖြစ်သည့်အတွက် ဘုရင်မင်းမြတ်၏ သံသယဝင်ခြင်းကို ခံခဲ့ရသည်။ စာပေပညာ ထူးချွန်သော်လည်း ဘဝတစ်လျှောက်လုံး ကြိုးစားခဲ့ပါလျက် အတွင်းဝန်ရုံးတွင် အဆင့် ၈ သာရှိသည့် စာပြင်အရာရှိငယ်လေး ဘဝဖြင့်သာ နေခဲ့ရသည်။

လွန်ခဲ့သောလက ဖခင်ဖြစ်သူသည် ရုံးတော်မှ ပြန်ရောက်လာပြီး မျက်နှာမကောင်း ဖြစ်နေခဲ့လေသည်။ ဘုရင်မင်းမြတ်သည် ပျောက်ဆုံးနေပြီဖြစ်သော "ကျိကျို့ကျမ်း" ကို ရှာဖွေလိုကြောင်း၊ ကုန်သည်တစ်ဦးသည် တွမ်းဟွမ်ဒေသရှိ ရှောင်ဖန်းဖန်မြို့တွင် "ကျိကျို့ကျမ်း" ၏ အပိုင်းအစများ ရေးမှတ်ထားသော ဝါးစာပေချပ်များကို ရရှိခဲ့ဖူးကြောင်း သတင်းကြားသိရသော်လည်း ထိုကုန်သည်သည် ကျင်းလင်မြို့သို့ ရောက်ရှိပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားကြောင်း ပြောပြခဲ့သည်။

ဘုရင်မင်းမြတ် အလိုရှိသည့်အရာဆိုလျှင် မည်မျှပင် ခက်ခဲပါစေ အောက်ခြေဝန်ထမ်းများက ဆောင်ရွက်ပေးရစမြဲပင်။ ထို့ကြောင့် ယခုရက်ပိုင်းအတွင်း ပြန့်ကျင်းမှ အရာရှိအများအပြားသည် ပြင်ပတာဝန်များ ယူကာ တွမ်းဟွမ်သို့ စွန့်စားသွားရောက်ပြီး ဝါးစာပေချပ်များ ပိုမိုရရှိရန် ရွှယ်လဲ့မြစ်ကမ်းတစ်လျှောက် တူးဖော်ရှာဖွေနေကြသည်။ အခြားတစ်ဖွဲ့မှာမူ ကျင်းလင်မြို့သို့ သွားရောက်ကာ ထိုကုန်သည်၏ ခြေရာခံကို စုံစမ်းနေကြသည်။

စုန့်ခေတ်တွင် အမျိုးသမီးများကို လက်ဖွဲ့ပစ္စည်း အများအပြားပေးကာ လက်ထပ်ယူရသည့် ဓလေ့ ထွန်းကားသဖြင့် အမျိုးသားများနှင့် အမျိုးသမီးများသည် ယခင်ခေတ်များထက် အိမ်ထောင်ပြု နောက်ကျလေ့ရှိကြသည်။ ရှဲ့ချီသည် ငယ်ရွယ်သေးသော်လည်း ငယ်စဉ်ကတည်းက မိဘများ စီစဉ်ပေးထားသည့် လက်ထပ်ပွဲရှိပြီး မင်္ဂလာဆောင်ရန် နီးကပ်လာပြီဖြစ်သည်။ မင်္ဂလာအခမ်းအနား ခြောက်ရပ်အနက် ထက်ဝက်ခန့် ပြီးစီးနေပြီဖြစ်သည်။ ထို့ကြောင့် ဖခင်ဖြစ်သူက ဘုရင်မင်းမြတ်၏ မျက်နှာသာပေးမှုကို ရယူလိုသဖြင့် သူ့ကိုပါ စေလွှတ်လိုက်ခြင်းဖြစ်သည်။

"ကျိုကော မင်းက အရင်ဆုံး ကျင်းလင်ကို သွားပြီး အဲဒီစာပေချပ်တွေကို ရှာကြည့်လိုက်၊ သတင်းမရရင်လည်း ကိစ္စမရှိပါဘူး၊ လမ်းကြုံ ချန်ကျိုးကို ဝင်ပြီး မင်္ဂလာကိစ္စအတွက် အတည်ပြုခဲ့လိုက်ဦး"

သူနှင့် အဒေါ်၏ သမီးကြီးတို့သည် ငယ်စဉ်ကတည်းက စေ့စပ်ထားခြင်းဖြစ်သည်။ သို့သော် နှစ်ဖက်မိသားစု ဝေးကွာခြင်းနှင့် ကျား၊ မ အနေအထိုင် စည်းကမ်းတင်းကျပ်ခြင်းတို့ကြောင့် ရှဲ့ချီသည် စုစုပေါင်း သုံးလေးခေါက်သာ တွေ့ဖူးခဲ့သည်။ နောက်ဆုံးတွေ့ခဲ့ရသည်မှာ လွန်ခဲ့သော သုံးနှစ်က ဖခင်ဖြစ်သူနှင့်အတူ မိသားစုလိုက် ချန်ကျိုးသို့ သွားရောက်ကာ တင်တောင်းခဲ့စဉ်က ဖြစ်သည်။ ချည်ကြမ်းကန့်လန့်ကာနောက်ကွယ်မှ တိတ်ဆိတ်စွာ ရပ်နေသော ဝါးတားတားပုံရိပ်တစ်ခုသည်သာ ရှဲ့ချီအတွက် ထိုအစ်မဝမ်းကွဲအပေါ် ကျန်ရစ်ခဲ့သည့် တစ်ခုတည်းသော အမှတ်တရ ဖြစ်လေသည်။

ကျင်းလင်တွင် လူရှာရသည်မှာ ပင်လယ်ပြင်တွင် အပ်ရှာသကဲ့သို့ အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ ရှဲ့ချီသည် အချိန်အတော်ကြာ နေထိုင်ခဲ့ပြီးနောက် အခြားရှားပါးစာအုပ်များနှင့် ရှေးဟောင်းစာအုပ်အချို့ကိုတော့ ရှာဖွေတွေ့ရှိခဲ့လေသည်။ "ကျိကျို့ကျမ်း" ကဲ့သို့ တန်ဖိုးမကြီးသော်လည်း အတော်အသင့် အကျိုးရှိခဲ့ပြီဖြစ်ရာ ဖခင်ဖြစ်သူအတွက် မျက်နှာပန်းလှစေရန် လုံလောက်ပေလိမ့်မည်။

သူက ဖခင်ထံသို့ စာရေးအကြောင်းကြားပြီးနောက် ချန်ကျိုးသို့ ခရီးဆက်ခဲ့လိုက်သည်။ အိမ်မှနေ၍ အစ်မဝမ်းကွဲအတွက် မင်္ဂလာလက်ဖွဲ့သေတ္တာများနှင့် လက်ဆောင်ပစ္စည်းများကို ချန်ကျိုးသို့ ကြိုတင်ပို့ဆောင်ထားပြီးဖြစ်သော်လည်း အကြောင်းမသိရဘဲ အဒေါ်တို့ဘက်မှ စာပြန်ခြင်းမရှိခဲ့ပေ။ ချန်ကျိုးနှင့် နီးကပ်လာလေလေ ရှဲ့ချီ၏ ညာဘက်မျက်ခွံသည် တဆတ်ဆတ် လှုပ်လာလေလေဖြစ်ပြီး စိတ်ထဲတွင်လည်း ဂနာမငြိမ် ဖြစ်နေမိလေသည်။

ရှဲ့ချီသည် ပညာတတ်မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး စာအုပ်ပေါင်း သောင်းချီဖတ်ခြင်းထက် ခရီးမိုင်ပေါင်း သောင်းချီသွားခြင်းက ပိုကောင်းသည်ဟူသော အယူအဆကို လက်ခံထားသူဖြစ်သည်။ ဦးလေးများနှင့်အတူ လိုက်ပါကာ ပညာရှာခရီးထွက်ဖူးသဖြင့် လှေစီး၊ လှည်းစီး ပင်ပန်းဒဏ်ကို ခံနိုင်ရည်ရှိသည်။ သည်တစ်ခေါက် ခရီးစဉ်သည် အတော်ပင် ချောမွေ့နေခဲ့သည်။ ယခင်နှစ်များက သူခရီးထွက်လျှင် ဓားပြနှင့် အရင်တိုးပြီးမှ သူခိုးနှင့် တွေ့ရတတ်သည်။ လှေမှောက်လျှင်မှောက်၊ မမှောက်လျှင် လှည်းမှောက်တတ်သည်။ ထိုမျှ ကြမ်းတမ်းသည့် ခရီးများတွင်ပင် သူသည် စိတ်မငြိမ်မသက် ဖြစ်လေ့မရှိခဲ့ပေ။ ယခုမူ ခံတွင်းပင် ပျက်နေရသည်။

တကယ်ကို ထူးဆန်းနေသည်။

'ငါ ကံဆိုးမိုးမှောင် ကျတော့မှာများလား'

ယန့်ရှူးသည် ပန်းကန်ကို ကိုင်ထားရင်း တံတွေးများ မျိုချနေရပြီဖြစ်ကာ တိုက်တွန်းလိုက်လေသည်။ "ကျိုကော... အရမ်းကြီး တွေးမနေပါနဲ့၊ ပူတုန်းလေး စားလိုက်ပါဦး"

ရှဲ့ချီသည် တစ်ချက်ကြည့်လိုက်ပြီး နူးညံ့နေအောင် ချက်ထားသည့် အသားတုံးလေးများကို တူဖြင့် ရွေးဖယ်လိုက်ကာ ဇီဇာကြောင်စွာ ပြောလိုက်သည်။

"ဒါ ဝက်သားတွေမလား၊ ဘယ်က ရလာတာလဲ၊ ဝက်သားက ညှီစော်နံပါတယ်ကွာ၊ ဒီခေါက်ဆွဲပန်းကန်ကို အလကားဖြစ်ကုန်ပြီ... မင်းပဲ စားလိုက်တော့၊ ငါ ပေါင်မုန့်ပဲ စားတော့မယ်"

ပြောပြီးသည်နှင့် တူကို ချလိုက်လေသည်။

ဝက်သားတွင် ထူးဆန်းပြီး ပြင်းထန်သည့် ညှီစော်ပါရှိတတ်သဖြင့် စုန့်ခေတ်လူများသည် ထန်ခေတ်လူများကဲ့သို့ပင် သိုးသားကို အမြတ်တနိုးထားကြသည်။

စာပေပညာရှင်များကြားတွင် ပို၍ဆိုးသေးသည်။ အစားအသောက်ကို တင်စားသည့် "ဆွမ်း "膳" ၊ ဘောဇဉ် "馐"၊ ဟင်းချို "羹"၊ စားဖွယ်သောက်ဖွယ်"馔"" စသည့် စာလုံးများသည် သိုး “羊“ နှင့်သာ သက်ဆိုင်ပြီး ဝက်နှင့် လုံးဝမသက်ဆိုင်ပေ။

(အဲဒီစာလုံးတွေမှာ သိုး ဆိုတဲ့ စာလုံးကိုပဲ ထည့်ရေးရတာလို့ ပြောတာပါ)

"လိကျိကျမ်း" တွင်လည်း "လူကြီးလူကောင်းတို့သည် ဝက်သားကို မစား" ဟု ဆိုထားသဖြင့် စုန့်ခေတ်တွင် အထက်တန်းလွှာမှသည် သာမန်ပြည်သူအထိ ဝက်သားစားရန် မနှစ်သက်ကြချေ။ အချို့ဆိုလျှင် ဝက်သားသည် အစေခံကျွန်များ စားသည့် အစားအစာဟုပင် ယူဆကြသည်။

ယန့်ရှူးသည် ချမ်းသာသည့် လယ်သမားမိသားစုမှ ပေါက်ဖွားလာသူဖြစ်ပြီး လွန်ခဲ့သော နှစ်အနည်းငယ်က ကျိုင်းကောင်ကပ်ဘေးကြောင့် မိသားစုပျက်စီးကာ ရှဲ့မိသားစုထံသို့ ကျွန်အဖြစ် ရောက်ရှိလာသူဖြစ်သည်။ သူသည် စာမတတ်သလို "လိကျိကျမ်း" ကိုလည်း ဖတ်ဖူးခြင်းမရှိပေ။ သို့သော် ငတ်ပြတ်ပြီး သေဆုံးနေကြသည့် အဖြစ်ဆိုးများကို မြင်ဖူးသဖြင့် ဝက်သားအပေါ် အနည်းငယ်မျှ ခွဲခြားဆက်ဆံခြင်းမရှိပေ။ အထက်တန်းလွှာများတွင် လူကြီးလူကောင်း ဖြစ်ချင်၍ ဝက်သားမစားဘဲ နေတတ်သည့် အကျင့်မျိုးရှိသည်ကိုလည်း နားမလည်ချေ။

သူ့သခင် တွေးတောငေးငိုင်နေသည့် ခဏလေးအတွင်းမှာပင် ယန့်ရှူးသည် အပူမမှုဘဲ ခေါက်ဆွဲတစ်ဝက်ကျော်ကျော်ကို စားပြီးနေလေပြီ။ ထိုစကားကို ကြားလိုက်ရသောအခါ ခေါင်းကို ဆက်တိုက်ခါလိုက်ပြီး ပြောလိုက်သည်။

"ကျိုကော မြည်းကြည့်လိုက်ရင် သိမှာပါ၊ ကျွန်တော့်အထင်တော့ ရှဲ့အိမ်တော်က လက်ရာအကောင်းဆုံး စားဖိုမှူးတောင် ဒီလောက်မကောင်းဘူး၊ ဒီအစ်မရဲ့လက်ရာဆိုရင် ဖန်လုံ စားသောက်ဆိုင်ကြီးမှာတောင် စားဖိုမှူးဝင်လုပ်လို့ရတယ်၊ ကျိုကော နမ်းကြည့်ပါဦး၊ ဘယ်မှာ ညှီစော်ရလို့လဲ၊ ဒီခေါက်ဆွဲပြုတ်က ဟင်းရည်က ချို၊ အရသာက ရှိနဲ့ ဘာတစ်ခုမှ အပြစ်ပြောစရာ မရှိဘူး၊ ကျွန်တော့်တစ်သက် ဒီလောက်စားလို့ကောင်းတဲ့ ခေါက်ဆွဲမျိုး မစားဖူးဘူး၊ လျှာပါ မြိုချမိမတတ်ပဲ"

ယန့်ရှူး၏မျက်နှာ တစ်ခုလုံး ပန်းကန်ထဲ ဝင်သွားတော့မတတ် ဖြစ်နေသည်ကို မြင်လိုက်ရပြီး ရှဲ့ချီသည်လည်း သူ၏ တရှူးရှူး တရှပ်ရှပ် မြည်အောင် ခေါက်ဆွဲစုပ်နေသည့် ပုံစံကြောင့် စိတ်ပါလာတော့သည်။ နှာခေါင်းဝတွင် ဝဲပျံနေသည့် မွှေးရနံ့ကလည်း ဆွဲဆောင်နေသဖြင့် တူနှင့် ဇွန်းကို ပြန်ကောက်ကိုင်လိုက်ပြီး ဟင်းရည်ကို အနည်းငယ် မြည်းကြည့်လိုက်သည်။

စိုးရိမ်စရာကောင်းသည့် ညှီစော် လုံးဝမရှိသည်ကို တွေ့လိုက်ရ၏။

အသား၏ မွှေးပျံ့မှု၊ မှို၏ လတ်ဆတ်မှု၊ ဟင်းရည်၏ ပြင်းရှမှုတို့သည် လျှာပေါ်တွင် အလုအယက် ပေါက်ကွဲထွက်လာသောအခါ ရှဲ့ချီ သတိမထားလိုက်မိခင်မှာပင် လက်ထဲမှ တူသည် ခေါက်ဆွဲဖတ်များကို အလိုအလျောက် ညှပ်ယူပြီး ပါးစပ်ထဲ ထည့်လိုက်မိလေသည်။

ယန့်ရှူးသည် ရှဲ့ချီတစ်ယောက် ပုံမှန်အချိန်ကကဲ့သို့ အမွှေးတိုင်ထွန်း ရေချိုးပြီးမှ ဖြည်းဖြည်းချင်း စားသောက်တတ်သည့် အလေ့အထကို ပြောင်းလဲကာ ခဏလေးအတွင်း ခေါက်ဆွဲတစ်ပန်းကန်လုံး ကုန်အောင် စားလိုက်သည်ကို မျက်လုံးအပြူးသားနှင့် ကြည့်နေမိတော့သည်။ ဟင်းရည်အောက်ခြေမှ မုန်လာဥမျှင်၊ သခွားသီးမျှင်နှင့် မုန်ညင်းဖြူများကိုပင် မချန်တော့ချေ။

သူ ကြောင်သွားမိသည်။ စောစောက ရွေးချယ်ပြီး မစားဘူး ပြောနေသူက ဘယ်သူပါလိမ့်။

"ဒီခေါက်ဆွဲပြုတ်က..."

ရှဲ့ချီသည် စားရင်းနှင့် ချွေးများပင် ပြန်လာလေသည်။ သူသည် ထိုင်လျက် အရသာခံနေရင်း နဖူးမှ ချွေးများကို ပိုးလက်ကိုင်ပဝါဖြင့် သုတ်လိုက်သည်။ ပါးစပ်ကိုလည်း သုတ်လိုက်ပြီးမှ ကျေနပ်အားရစွာ သက်ပြင်းချလိုက်သည်။

"ဒီအနှစ်နဲ့ တွဲစားလိုက်တာ တကယ့်ကို လိုက်ဖက်ညီတာပဲ၊ တစ်ပန်းကန် စားလိုက်ရတာ တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားတာပဲကွာ၊ ကောင်းလိုက်တာ၊ ကောင်းလိုက်တာ"

ပြောပြီးနောက် ဗိုက်ကို ပွတ်လိုက်ပြန်သည်။

"ဒီလောက် အရသာရှိတာမျိုး မစားရတာကြာပြီ၊ စားလို့မဝသေးသလိုပဲ"

ယန့်ရှူးသည် အောင့်မထားနိုင်ဘဲ ရယ်လိုက်မိသည်။ မှိုပေါက်စီ နှစ်လုံးကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။

"အစ်မက ပြောလိုက်တယ်၊ ကျိုကောက အခုမှ လူပျိုပေါက်အရွယ်မို့လို့ များများစားပေးရမယ်တဲ့၊ အစ်မက ပေါက်စီနှစ်လုံးတောင် ထည့်ပေးလိုက်တယ်၊ အကုန်လုံး ကျိုကောပဲ စားလိုက်တော့"

ရှဲ့ချီက တစ်လုံးတည်းသာ ယူလိုက်သည်။ ရှဲ့မိသားစုသည် ချမ်းသာကြွယ်ဝသဖြင့် သူသည် ကောင်းမွန်သည့် အစားအသောက်များကို မစားဖူးသူမဟုတ်ပေ။ ယခုအချိန်တွင် ခဏတာ အံ့သြမှင်တက်မှုမှ တည်ငြိမ်သွားပြီဖြစ်ရာ ပြုံး၍ ယန့်ရှူး၏ ခေါင်းကို ပုတ်လိုက်သည်။

"မင်းရှာပေးတဲ့ အစားအသောက်ကောင်းပဲ၊ မင်းနဲ့အတူတူ စားရမှာပေါ့"

ယန့်ရှူးသည် ဝမ်းသာအားရဖြင့် ပြောလိုက်တော့သည်။ "ကျိုကောကို ကျေးဇူးတင်ပါတယ်"

နှစ်ယောက်သားသည် ပေါက်စီများကို စားလိုက်ကြသည်။ ရှဲ့ချီ တစ်ကိုက် ကိုက်လိုက်ရာ ပေါက်စီသားသည် ပွပြီး နူးညံ့အိစက်နေလေသည်။ အလွှာပါးပါးလေးအောက်တွင် အသားအစာသွပ်ကို ကိုက်မိလိုက်ပြီး အထဲတွင် ဘာထည့်ထားမှန်း မသိသော်လည်း မှိုအသားအနှစ်အရသာအပြင် မွှေးမွှေးကြွပ်ကြွပ်လေး ဖြစ်နေလေသည်။

ရှဲ့ချီသည် စောစောက စား၍မဝသေးသည့် အရသာကို ထပ်မံခံစားလိုက်ရပြန်သည်။ သူသည် ခဏလေးအတွင်း စားသောက်လိုက်ပြီးနောက် ခေါင်းခါကာ ရေရွတ်လိုက်မိသည်။ "ဒီအနှစ် ချက်ထားတာ တကယ်ကောင်းတာပဲ၊ နှမြောစရာကောင်းတာက မနက်ဖြန် ချန်ကျိုးဆိပ်ကမ်း ရောက်ရင် ငါတို့ သွားရတော့မှာ၊ မဟုတ်ရင် အဲဒီအစ်မကို တစ်အိုး၊ နှစ်အိုးလောက် ထပ်ချက်ခိုင်းပြီး အိမ်ပြန်လက်ဆောင် သယ်သွားလို့ရတာပေါ့၊ အဘွားက သွားမကောင်းတော့ မာတာတွေ မစားနိုင်ဘူး၊ ဒီအနှစ်နဲ့ ဆန်ပြုတ်သောက်ရရင် သဘောကျမှာ သေချာတယ်"

'ဟုတ်သားပဲ၊ ဒီတစ်နပ် စားပြီးရင် နောက်ထပ် ဘယ်တော့မှ စားရပါ့မလဲ'

ထိုအကြောင်းကို တွေးမိသောအခါ ယန့်ရှူးသည် မှိုပေါက်စီကိုပင် မစားရက်တော့ဘဲ နည်းနည်းချင်းစီ ကိုက်စားနေမိသည်။ ရုတ်တရက် အကြံတစ်ခု ရသွားပြီး ပြောလိုက်သည်။

"ကျိုကော... အဲဒီအစ်မကလည်း ပြန့်ကျင်းဇာတိပဲတဲ့၊ ကျွန်တော် မြေအိုးသွားပြန်ပေးရင်း သူ့အိမ် ပြန့်ကျင်း ဘယ်နားမှာလဲဆိုတာ မေးခဲ့လိုက်မယ်လေ၊ ကျွန်တော်တို့ ပြန့်ကျင်း ပြန်ရောက်မှ သူ့ဆီ သွားဝယ်ကြမယ်၊ ဘယ်လိုလဲ"

...

All Chapters