← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

အပိုင်း (၅) တောပန်းသီးလေးများ

ရှဲ့ချီက ခေါင်းခါလိုက်၏။

"တစ်ခါမှမမြင်ဖူးမတွေ့ဖူးဘဲနဲ့ မိန်းကလေးတစ်ယောက်ရဲ့အိမ် ဘယ်မှာလဲဆိုတာ စုံစမ်းတာက သိပ်ပြီး ရိုင်းပျရာကျတယ်ကွ"

ယန့်ရှူးက ခေါင်းကိုစောင်းလိုက်ပြီး ရှဲ့ချီ၏ ဖိနပ်ပေါ်ရှိ ဖိနပ်ရာကို ညွှန်ပြကာ ရယ်မောလိုက်လေသည်။ "ကျိုကောက ဘာလို့ တစ်ခါမှမတွေ့ဖူးဘူးလို့ ပြောရတာလဲ၊ အဲဒီညန်ဇီက မနက်တုန်းက ကျိုကောခြေထောက်ကို တစ်ချက် တက်နင်းသွားသေးတယ်လေ"

ရှဲ့ချီမှာ ကြောင်အမ်းအမ်း ဖြစ်သွားတော့၏။ ရေနွေးအိုးတည်ရာအခန်းတွင် ရေသွားခပ်စဉ်က ထိုမိန်းမငယ်လေးလား။

မနက်ပိုင်းက သူသည် ယန့်ရှူးကိုခေါ်ကာ ရေနွေးအိုးတည်ရာအခန်းသို့ ရေသွားခပ်ခဲ့သည်။ လူများပြီး ကြပ်နေသဖြင့် ယန့်ရှူးက ငယ်ရွယ်ပြီး အရပ်ပုသောကြောင့် လူအုပ်တိုးဝှေ့ခြင်းခံရမည်၊ ရေနွေးအိုးထဲ ပြုတ်ကျသွားမည်စိုးရိမ်သဖြင့် ဘေးတွင်စောင့်ခိုင်းကာ သူကိုယ်တိုင် သွားဝယ်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က သူ့နောက်ရှိ အမျိုးသမီးက သူ့ကို တက်နင်းမိခဲ့လေသည်။

ရှဲ့ချီသည် ထိုမိန်းမပျိုလေး၏ ပုံပန်းသဏ္ဍာန်ကို ပြန်သတိရသွားလေသည်။ သူမသည် အိမ်ထောင်ရှင်အမျိုးသမီးကဲ့သို့ ဝတ်ဆင်ထားပြီး ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော်လည်း ဖျားနာထားသည့်ပုံပေါက်ကာ ဖြူဖပ်ဖြူရော် ဖြစ်နေ၏။ သို့သော် သူမတွင် မက်မွန်ပွင့်သဏ္ဍာန် မျက်ဝန်းတစ်စုံရှိပြီး ဆောင်းဦးရာသီရေကန်ပမာ ကြည်လင်တောက်ပနေသည်။ သာမန်ဝတ်စုံနှင့် ခေါင်းပတ်ရိုးရိုးသာ ဝတ်ဆင်ထားသော်လည်း သူမ၏အလှကို ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။

သူသည် တစ်ချက်သာ ကြည့်လိုက်မိပြီးနောက် ထပ်မကြည့်ရဲတော့ပေ။

မိန်းကလေးတစ်ယောက် အပြင်ထွက်လာသည်ကို သူက စိုက်ကြည့်နေလျှင် မည်သို့ သင့်တော်ပါမည်နည်း။

အထူးသဖြင့် မိန်းကလေးတစ်ယောက်၏ ဂုဏ်သိက္ခာသည် အရေးအကြီးဆုံးဖြစ်သည်ပင်။ ထို့အပြင် သူသည် မကြာမီ လက်ထပ်ရတော့မည်ဖြစ်ရာ ကိုယ့်ကိုယ်ကိုရော သူတစ်ပါးအတွက်ပါ အနေအထိုင် ဆင်ခြင်သင့်လေသည်။ ထို့ကြောင့် စိတ်ထဲတွင် မိမိခံတွင်းတွေ့မှုကို ဖြည့်ဆည်းရန်အတွက် သူတစ်ပါးကို စော်ကားသလို မဖြစ်လိုတော့ပေ။ ထို့ကြောင့် ယန့်ရှူးကို ထပ်ကာထပ်ကာ မှာကြားလိုက်လေသည်။

"ယောကျ်ားနဲ့ မိန်းမက မတူဘူးလေ၊ အများကြီး မမေးနဲ့၊ မင်း ပစ္စည်းသွားပြန်ပေးပြီး ကျေးဇူးတင်စကား ပြောလိုက်ရင် ရပြီ"

ယန့်ရှူးသည် စိတ်မပါလက်မပါဖြင့်သာ ပြန်ဖြေလိုက်ရလေသည်။

သည်လို အရသာရှိတာမျိုး ထပ်မစားရတော့ဘူးဟု တွေးလိုက်မိရာ ယန့်ရှူး၏စိတ်ထဲတွင် တစ်စုံတစ်ယောက်က ဆွဲဆိတ်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ထို့ကြောင့် ရှဲ့ချီသည် ညဘက် ကိုယ်လက်သန့်စင်ရန်အတွက် ရေနွေးထပ်သွားခပ်သည့်အချိန်တွင် ယန့်ရှူးသည် ဝမ်းနည်းလွန်းသဖြင့် မျက်လုံးနှင့် နှာခေါင်းထိပ်လေးများ နီရဲလာတော့သည်။ မြေအိုးနှင့် ပန်းကန်ခွက်ယောက်များကို ဆေးကြောပြီး စားပွဲနှင့်ကုလားထိုင်များကို သုတ်သင်လိုက်သည်။ သူသည် မြေအိုးကိုပိုက်ကာ ရှန်မြောင်၏ တံခါးကို သွားခေါက်သည့်အချိန်တွင် ငိုလုနီးပါး ဖြစ်နေလေပြီ။

ရှန်မြောင်သည် ထိုကလေးက ရှင်ကွဲကွဲရတော့မည့်အလား ဝမ်းနည်းမှုကို အောင့်အီးသည်းခံနေသည့် ပုံစံကို မြင်လိုက်ရသောအခါ မနေနိုင်ဘဲ ရယ်မောမိလိုက်လေသည်။ အနည်းငယ် မေးမြန်းကြည့်လိုက်မှ အကြောင်းစုံကို သိရပြီး ရယ်ရခက် ငိုရခက် ဖြစ်သွားတော့သည်။

"ကျိုကောက ပြောတယ်၊ မိန်းကလေးတွေ အပြင်ထွက်ရတာ မလွယ်ကူဘူးတဲ့၊ ဂုဏ်သိက္ခာပိုင်းကို ပေါ့ပေါ့တန်တန် သဘောထားလို့ မရဘူးတဲ့၊ တံတွေးခွက်ပက်လက်မျော နိုင်တယ်တဲ့၊ ကျွန်တော့်ကို အများကြီး မမေးခိုင်းဘူး၊ ဒါပေမဲ့... ဒါပေမဲ့ ကျွန်တော်က ညန်ဇီလုပ်တဲ့ ခေါက်ဆွဲပြုတ်ကို ထပ်စားချင်သေးတယ်၊ ပြီးတော့ ခရမ်းသီးထမင်းကိုလည်း အနံ့ပဲ ရလိုက်ရတယ်၊ မစားရသေးဘူး... ဝူး... ဝူး..."

မျက်ရည်များကို နောက်ဆုံးတွင် မထိန်းနိုင်တော့ချေ။

ရှန်မြောင်သည် ရယ်ချင်စိတ်ကိုထိန်းကာ ဒူးထောက်ထိုင်ချလိုက်ပြီး သူမ၏လက်ကိုင်ပုဝါဖြင့် ယန့်ရှူး၏မျက်ရည်များကို သုတ်ပေးရင်း ပြုံးကာ ပြောလိုက်လေသည်။

"မင်းရဲ့ကျိုကောက လူကြီးလူကောင်းမို့လို့ ဒီလိုတွေ တွေးပူပေးတာပါ၊ ဒါပေမဲ့ အစ်မက အိမ်ကြီးအိမ်ကောင်းက ဆင်းသက်လာတာမဟုတ်တော့ ဒီလို စည်းကမ်းတွေ မရှိပါဘူး၊ မင်း အစ်မလက်ရာ ထမင်းဟင်းကို စားချင်ရင် ပြန့်ကျင်းမြို့ ကျင်းလျန်တံတားနားက ယန်လျို အရှေ့လမ်းကြားမှာရှိတဲ့ ရှန်မိသားစု ခေါက်ဆွဲဆိုင်ကို လာခဲ့လိုက်နော်၊ အစ်မက စားသောက်ဆိုင် ဖွင့်ထားတာပါ၊ တံခါးဖွင့်ပြီး စီးပွားရှာနေတာဆိုတော့ မမေးရ မမြန်းရတာမျိုး မရှိပါဘူး"

ယန့်ရှူး၏မျက်ရည်များ ချက်ချင်း ရပ်တန့်သွားပြီး မျက်လုံးများ အရောင်တောက်လာတော့သည်။

"တကယ်လား"

"တကယ်ပေါ့၊ ဒါပေမဲ့ အစ်မဆိုင်က အရင်တုန်းက မီးလောင်ထားလို့ ပြန်ပြင်နေတုန်းပဲ ရှိသေးတယ်၊ အင်း... ကျင်းလျန်တံတားပေါ်မှာ အရင်ဆုံး ဆိုင်အသေးလေး ခင်းပြီး ရောင်းရင်ရောင်းရမှာ၊ အစ်မလက်ရာက ရိုးရှင်းပြီး ကြမ်းတမ်းတယ်လို့ သဘောမထားဘူးဆိုရင် မင်းနဲ့ မင်းရဲ့ကျိုကောတို့ လာအားပေးကြနော်"

ရှန်မြောင်သည် မျက်လုံးများ ကွေးညွတ်သွားသည်အထိ ပြုံးလိုက်ပြီး ယခင်က သတိထားနေမှုကို လျှော့ချကာ သူမ၏လိပ်စာနှင့် အစီအစဉ်ကို ရက်ရက်ရောရောပင် ပြောပြလိုက်လေသည်။ နောင်ကျရင် စီးပွားရေးလုပ်ရမှာပဲလေ။ ဘယ်လိုလုပ်ပြီး ဖုံးဖုံးဖိဖိ နေလို့ရမှာလဲ။ ဆိုင်မဖွင့်ခင်ကတည်းက ဖောက်သည် တစ်ယောက်နှစ်ယောက်လောက် ရထားရင် သူတို့က သူမအတွက် ကြော်ငြာပေးကြမှာပဲ။ ဒါက အရမ်းကောင်းတဲ့ကိစ္စလေ။

'ဒါ့အပြင် ဒီကိစ္စကို ကြုံပြီးတဲ့နောက်မှာ ဒီ "ကျိုကော" ဆိုတဲ့လူက နောင်လာမယ့်ခေတ်က မျက်လုံးကြည်ကြည်လင်လင်နဲ့ တက္ကသိုလ်ကျောင်းသားလေးတွေနဲ့ ဘာမှမခြားနားဘူးဆိုတာ ငါ (၈၀) ရာခိုင်နှုန်းလောက် သေချာသွားပြီ။ ဒါက အရည်အသွေးမြင့် ဖောက်သည်ပဲ။ ကိစ္စမရှိပါဘူး။ ကိစ္စမရှိပါဘူး'

ကုန်တင်လှေသည် သန်းခေါင်ယံအချိန် ရောက်သည့်အခါ ရေကြောင်းအရှိန် ပိုနှေးကွေးသွားပြီး အပြင်ဘက်မှ ဆူညံသံများကလည်း ပိုကျယ်လောင်လာလေသည်။ လှေပေါ်တွင် အခြားလုပ်စရာမရှိသလို သူမသည်လည်း အပြင်ထွက် လျှောက်မလည်ချင်သဖြင့် ညဘက်တွင် စောစောအိပ်ရာဝင်ကာ ဝအောင် အိပ်စက်လိုက်တော့၏။

ယခုအချိန်တွင် စောင်ကိုပတ်ကာ ကုတင်ပေါ်မှ ထထိုင်လိုက်သောအခါ လှေခန်း၏ ပြတင်းပေါက်ငယ် အပြင်ဘက်တွင် ကျယ်ပြောလှသည့် မြစ်ပြင်ကျယ်ကို မမြင်ရတော့ဘဲ စည်ကားသိုက်မြိုက်နေသည့် သင်္ဘောကျင်းဆိပ်ကမ်းတစ်ခုကို တွေ့လိုက်ရလေသည်။

ပြန့်ကျင်းနှင့် မဝေးတော့သည့် ရေလမ်းကုန်သွယ်ရေး အချက်အခြာမြို့ဖြစ်သော ချန်ကျိုး သို့ ရောက်ရှိနေပြီဟု ထင်ရသည်။

ချန်ကျိုးကို ကျော်လွန်ပြီးနောက် လှေကို (၅) ရက် (၆) ရက်ခန့် ဆက်စီးလျှင် ချိုက်ကျိုး၌ မြင်းလှည်းလဲစီးရမည်ဖြစ်ပြီး လမ်းခရီး (၂) ရက်ခန့် ဆက်သွားလျှင် ခမ်းနားထည်ဝါလှသော ခိုင်ဖုန်းမြို့၏ တောင်ဘက်မြို့တံခါးကို လှမ်းမြင်ရတော့မည် ဖြစ်လေသည်။

လှေကမ်းကပ်သည်နှင့် လှေဦးကို ကြိုးဖြင့်ဆွဲသူများသည် ရေထဲသို့ ကိုယ်တစ်ပိုင်းဆင်းကာ အော်ဟစ်ပြီး ဆွဲနေကြသည်။ ရှန်မြောင်လည်း ငေးကြည့်ရင်း အိပ်မပျော်တော့သဖြင့် ထလိုက်တော့သည်။

ချန်ကျိုး ကဲ့သို့သော ရေလမ်းကုန်သွယ်ရေး အချက်အခြာကျသည့်မြို့သည် တစ်ညလုံး မအိပ်မစက် စည်ကားနေတတ်ပြီး မိုးမလင်းသေးသော်လည်း ဆိပ်ကမ်းတွင် မီးပုံးများစွာ ထွန်းညှိထားကာ နေရာတိုင်းတွင် အလုပ်ရှုပ်နေသော လှေရိပ်၊ လူရိပ်များကို တွေ့နေရလေသည်။

သူမသည် ဆံပင်ကို ထုံးဖွဲ့ရင်း အပြင်ဘက်မှ သွားလာလှုပ်ရှားနေသူများကို ငေးကြည့်နေမိသည်။ မီးရောင်မှိန်မှိန်အောက်တွင် လူအသွားအလာ မပြတ်ချေ။ အထုပ်အပိုးထမ်းသည့် ကူလီများ၊ ကုန်ပစ္စည်းများ ရွက်ပြီး လှည့်လည်ရောင်းချနေသည့် ဈေးသည်များနှင့် မီးသွေးနှင့်ထင်းများ တင်ဆောင်လာသည့် မြည်းလှည်းများလည်း ရှိလေသည်။ ထိုမီးသွေးသည်များသည် ကမ်းကပ်လာသည့် လှေတိုင်း၏ ရှေ့တွင် တန်းစီစောင့်ဆိုင်းနေကြပြီး လှေများက သူတို့၏ မီးသွေးများကို ဝယ်ယူဖြည့်တင်းကြရန် မျှော်လင့်နေကြသည်။

'ခဏလောက် ကြည့်ပြီးတဲ့နောက် ငါ့စိတ်ထဲ ကျန်ရစ်နေတဲ့ စိတ်ဓာတ်ကျစရာတွေ ပျောက်ကွယ်သွားသလိုပဲ၊ ရှေးခေတ်ထက် အများကြီး ယဉ်ကျေးမှုတိုးတက်တဲ့ ခေတ်ကနေ ကူးပြောင်းရောက်ရှိလာတဲ့သူတစ်ယောက်အနေနဲ့ စိတ်ထဲမှာ လွမ်းဆွတ်တာ၊ ကြောက်ရွံ့တာနဲ့ မကျေနပ်တာတွေ ဘယ်လိုလုပ်ပြီး မရှိဘဲ နေမလဲ၊ ဒါပေမဲ့ ငါက ဒီကူလီတွေလိုပဲ အသက်ရှင်ချင်သေးတယ်၊ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဆက်ပြီး အသက်ရှင်ချင်တာပါပဲ'

ရှန်မြောင်သည် သေတ္တာထဲမှ ဝက်မှင်ဘီး သွားပွတ်တံနှင့် ဝါးဆားသွားတိုက်ဆေးတို့ကို ထုတ်ယူလိုက်ပြီး မျက်နှာသစ်ရန် ပြင်ဆင်လိုက်တော့သည်။

'စုန့်ခေတ် ကို စရောက်တုန်းက ငါ တော်တော် အံ့သြခဲ့ရတယ်။ တီဗီဇာတ်လမ်းတွဲတွေထဲမှာ လူလိမ်တွေချည်းပဲ။ ရှေးခေတ်လူတွေက သွားတိုက်ရင် သစ်ကိုင်းဝါးပြီး သွားပွတ်ကြတယ်လို့ ပြကြတာလေ။ ဒါပေမဲ့ စုန့်ခေတ်မှာ သွားပွတ်တံဆိုင်တွေနဲ့ သွားတိုက်ဆေးဆိုင်တွေ နေရာတိုင်းမှာ ရှိနေတာပဲ။ ပြီးတော့ ဒီက သွားပွတ်တံပုံစံက ခေတ်သစ်သွားပွတ်တံနဲ့ တော်တော်တူတာ။ သစ်သားလက်ကိုင်အရှည်မှာ ဝက်မှင်နှစ်တန်းပါတာလေ။ ဝက်မှင်မို့လို့ နည်းနည်း ကြမ်းတာတစ်ခုပဲ ရှိတာ'

'ပိုကောင်းတဲ့ သွားပွတ်တံတွေဆိုရင် ကျောက်စိမ်းတို့ ဆင်စွယ်တို့နဲ့ လက်ကိုင်လုပ်ပြီး ကျောက်မျက်ရတနာတွေ စီခြယ်ထားတာ၊ အကွက်တွေ ဖော်ထားတာတောင် ရှိသေးတယ်။ ဝက်မှင်ကိုလည်း အကောင်းစား ရွေးသုံးကြတာ။ ဒါပေမဲ့ ပုံစံကတော့ အတူတူပါပဲ။ ပစ္စည်းပဲ ကွာခြားတာပါ'

'သေချာစဉ်းစားကြည့်ရင်လည်း ဟုတ်တာပဲ။ ရှေးခေတ်လူတွေက လူရိုင်းတွေမှ မဟုတ်တာပဲလေ။ ပိုပြီး လက်ရာမြောက်တဲ့ ပစ္စည်းတွေတောင် လုပ်နိုင်ကြတာပဲ။ သွားပွတ်တံတစ်ချောင်းလောက်က ဘာခက်ခဲမှာမို့လို့လဲ။ အရင်းအနှီးလည်း များတာမှ မဟုတ်တာ'

ရှန်မြောင်သည် ဇွန်းသေးလေးဖြင့် သွားတိုက်ဆေးမှုန့် တစ်ဇွန်းကို ခပ်ယူပြီး သွားပေါ်တွင် သုတ်လိမ်းလိုက်ကာ သွားပွတ်တံဖြင့် စတင်တိုက်လိုက်လေသည်။ သူမသုံးသည့် သွားတိုက်ဆေးသည် ဈေးအပေါဆုံး အမျိုးအစားဖြစ်ပြီး ဝါးဆား၊ ထင်းရှူးဆီနှင့် ဖူလင် (Poria cocosမှိုတစ်မျိုး) စသည်တို့ကို အခြောက်လှမ်း ထောင်းပြီးနောက် အမှုန်အမွှားများကို စစ်ထုတ်ကာ အိုးထဲထည့်ထားခြင်း ဖြစ်သဖြင့် အမှုန့်ပုံစံ ဖြစ်နေသည်။

ကြားရသည်မှာ ယခုခေတ် သူဌေးသူကြွယ်များ အသုံးပြုသည့် သွားတိုက်ဆေးများမှာ ရွှေဝါရောင်ပယင်း၊ ရှားစောင်း၊ စန္ဒကူးဖြူ၊ ကန်းစုန့် စသည့် ရှားပါးဆေးဖက်ဝင်ပစ္စည်းများကို အမှုန့်ကြိတ်ပြီး ပျားရည်နှင့် ရောစပ်ကာ ခရင်မ်ပုံစံပြုလုပ်ထားခြင်း ဖြစ်သည်။ ကြွေအိုးထဲတွင် ထည့်ထားပြီး နောင်လာမည့်ခေတ်က သွားတိုက်ဆေးများကဲ့သို့ အသုံးပြုရ လွယ်ကူသော်လည်း ဈေးနှုန်းမှာ အလွန်ကြီးမားလေသည်။

'ငါကတော့ မရွေးပါဘူး။ ဈေးပေါတဲ့ သွားတိုက်ဆေးလည်း သုံးလို့ကောင်းတာပါပဲ'

ရှန်မြောင်သည် အတွင်းရော အပြင်ပါ သေချာဂရုတစိုက်နှင့် သွားများကို (၂) ကြိမ်ခန့် တိုက်လိုက်လေသည်။

'ရှေးခေတ်မှာ သွားနဲ့မျက်လုံးကို သေချာ ကာကွယ်ရမယ်။ မျက်မှန်ပါဝါတက်လာရင် ဒီခေတ်က ရေခဲကျောက်နဲ့သွေးထားတဲ့ လက်လုပ်ရှေးဟောင်းမျက်မှန် "အိုင်တာ့" ကို ဝယ်နိုင်မှာ မဟုတ်လောက်ဘူး။ သွားပိုးစားရင်တော့ ပိုဆိုးပြီ။ ဒီခေတ် ဆေးပညာအခြေအနေနဲ့ သွားအာရုံကြောကုထုံး မလုပ်ချင်ပါဘူး'

မျက်နှာသစ်ပြီးနောက် ရှန်မြောင်သည် ရေပုပ်သွန်ရန် ပြင်လိုက်လေသည်။ တံခါးဖွင့်လိုက်သည်နှင့် ကြမ်းပြင်ပေါ်တွင် ပိတ်စအိတ်တစ်လုံး ကျနေသည်ကို တွေ့လိုက်ရ၏။ အထဲတွင် အစိမ်းရောင်သန်းနေသည့် တောပန်းသီး အနီရောင်လေးများစွာနှင့် စာရေးထားသည့် စာရွက်တစ်ရွက် ပါရှိသည်။

ရှန်မြောင်သည် အထဲမှ စာရွက်ကို ထုတ်ကြည့်လိုက်ရာ စာရွက်ပေါ်တွင် လှပသေသပ်ပြီး လက်ရာမြောက်သည့် ကျုံးယောင်လက်ရေးမူကို တွေ့လိုက်ရသည်။ 'လက်ရေးက တကယ် လှလိုက်တာ'

မူလခန္ဓာကိုယ်ပိုင်ရှင်သည် စာမတတ်သော်လည်း စာတတ်သူမှာ ယခုရောက်ရှိနေသော ရှန်မြောင် ဖြစ်သည်။ ယခုစာများမှာ ဒေါင်လိုက် ရေးသားထားသည့် ရှေးဟောင်းတရုတ်စာလုံးများ ဖြစ်သော်လည်း ရှန်မြောင်သည် ငယ်စဉ်က အဘိုးဖြစ်သူနှင့်အတူ လက်ရေးလှ သင်ယူဖူးလေသည်။ သူမအကြိုက်ဆုံး လက်ရေးပညာရှင်များမှာ ကျုံးယောင် နှင့် ကျောက်မုန့်ဖူ တို့ဖြစ်ကြသည်။ သူမကိုယ်တိုင် သင်ယူခဲ့မှုမှာ သိပ်မကောင်းလှသော်လည်း ယခုစာများကို ဖတ်ရှုရန်မှာ မခက်ခဲလှချေ။

စာရွက်ပေါ်တွင် နူးညံ့သိမ်မွေ့သော စကားလုံးများဖြင့် ဤသို့ ရေးသားထားလေသည်။

"ညန်ဇီ ရှန်မြောင် ဖတ်ရှုရန် -

မနေ့ညက ညစာရဲ့ အရသာက ပြောမပြတတ်အောင် ကောင်းမွန်လွန်းပါတယ်။ လျှာပေါ်မှာ ထိတွေ့လိုက်သမျှ အရာအားလုံးက ထူးကဲမွန်မြတ်လှပါတယ်။ မထင်မှတ်ဘဲ ကလေးက ရိုင်းပျစွာ စကားပြောမိတဲ့အတွက် အများကြီး စော်ကားမိသလို ဖြစ်သွားပါတယ်။ စိတ်ထဲမှာ အလွန်ပဲ ရှက်ရွံ့မိပါတယ်၊ အခု တောင်းပန်တဲ့အနေနဲ့ တောပန်းသီးလေးတွေကို လက်ဆောင်ပေးလိုက်ပါတယ်။ တောပန်းသီးလေးတွေက သေးငယ်ပေမဲ့ လက်ခံပေးဖို့ မျှော်လင့်ပါတယ်။ ဒါမှ ကျွန်တော့်ရဲ့ အားနာမှုကို ဖြေဖျောက်နိုင်မှာပါ။

—လေးစားစွာဖြင့် ရှဲ့ချီ

ပေါင်ယွမ် (၃) နှစ်၊ (၄) လပိုင်း (၉) ရက်၊ လှေပေါ်တွင်"

လှေခန်းအပြင်ဘက် စင်္ကြံလမ်းမှာ မှောင်မည်းနေပြီး တံခါးရှေ့များတွင် အိပ်ပျော်နေကြသည့် အစေခံများကို ဝိုးတဝါး တွေ့နေရသည်။ ဟောက်သံများ ဆူညံနေပြီး လောလောဆယ်တွင် ဘယ်သူမှ မနိုးကြေသးေချ။ ဘေးခန်းရှိ ယန့်ရှူးနေခဲ့သည့် အခန်းတံခါးမှာ ပွင့်နေလေသည်။ ရှန်မြောင်က ခေါင်းပြူကြည့်လိုက်ရာ အခန်းထဲတွင် သန့်ရှင်းသပ်ရပ်နေပြီး လူရိပ်လူယောင်ပင် မတွေ့ရတော့ပေ။

ကြည့်ရသည်မှာ ခရီးတွင်စေရန်အတွက် ယန့်ရှူးတို့ သခင်နှင့်တပည့် နှစ်ယောက်စလုံး လှေပေါ်မှဆင်းကာ ခရီးဆက်ထွက်သွားကြပြီဟု ထင်ရသည်။

ခြေအောက်မှ လှေကြမ်းခင်းသည် မြစ်ရေစီးကြောင်းနှင့်အတူ ယိမ်းထိုးလှုပ်ရှားနေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေ၏။ တော်သေးသည်က ရှန်မြောင် စောစောထမိခြင်းပင်။ သို့မဟုတ်ပါက တံခါးရှေ့တွင် ချထားသည့် တောပန်းသီးအိတ်ကို လူတစ်ယောက်ယောက်က ယူသွားလောက်ပြီ။

ရှန်မြောင်သည် ခေါင်းကို ပြန်သွင်းလိုက်ပြီး ဆိပ်ကမ်းမှ ယိမ်းထိုးနေသော မီးရောင်မှိန်မှိန်အောက်တွင် တံခါးဘောင်ကိုမှီကာ စာကို နောက်တစ်ခေါက် ထပ်ဖတ်လိုက်လေသည်။ စာရွက်အပြည့် ယဉ်ကျေးသိမ်မွေ့မှုများကို ခံစားလိုက်ရပြီးနောက် ပြုံးလျက်သားဖြင့် ထိုသစ်သီးအိတ်ကို ဆွဲကာ တံခါးပိတ်ပြီး အခန်းထဲသို့ ပြန်ဝင်လာခဲ့လိုက်တော့သည်။

...

အပိုင်း (၆) ပြန့်ကျင်းသို့ ရောက်ရှိခြင်း

သင်္ဘောခန်းထဲသို့ ဝင်ရောက်ပြီးနောက် ရှန်မြောင်သည် တောပန်းသီးတစ်လုံးကို ဆေးကြောကာ စားလိုက်လေသည်။ အသီးက ချဉ်လွန်းသဖြင့် သူမ၏မျက်နှာမှာ ရှုံ့မဲ့သွားတော့သည်။ သို့သော် အချိန်အကြာကြီး အသီးအနှံမစားခဲ့ရသည်ဖြစ်ရာ သွားကျိန်းခံကာ အများအပြား စားလိုက်လေသည်။ နောက်ပိုင်းတွင် သူမသည် ဇိမ်ခံကာ ဆားရည်ဖျော့ဖျော့ဖြင့် စိမ်ပြီး စားလိုက်သည်။ ဆား၏အကူအညီကြောင့် အသီးသည် အချဉ်ဓာတ်ထဲတွင် အချိုဓာတ်ကဲလာကာ ပိုပြီး အရသာရှိလာတော့သည်။

သူမသည် စိတ်ထဲတွင် သက်ပြင်းချလိုက်မိလေသည်။

ငါ ဒီရှဲ့ချီလား ရှဲ့ကျိုကောလားနဲ့ တစ်ခါမှ မတွေ့ဖူးပေမဲ့ ဒီထမင်းတစ်နပ်၊ သစ်သီးတစ်လုံးနဲ့တင် ကောင်းမွန်တဲ့ မိသားစုနောက်ခံရှိတဲ့ စာပေပညာရှင်တစ်ယောက်နဲ့ မိန်းမဆီက ကပ်စားချင်ပြီး လမ်းဖြတ်လျှောက်ချင်တဲ့ မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ခင်ပွန်းဟောင်းတို့ ဘယ်လောက်ကွာခြားလဲဆိုတာ အခု ရှင်းရှင်းလင်းလင်း ခံစားမိလိုက်ပြီ။

ထို့နောက်တွင် သင်္ဘောပေါ်မှ နေ့ရက်များသည် ထူးခြားမှုမရှိဘဲ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့လေသည်။ ၁၀ရက်ကျော်ကြာပြီးနောက် မနက်ခင်းတွင် သင်္ဘောစီးပြီး လှည်းပြောင်းစီးခဲ့သည့် ရှန်မြောင်သည် “ချင်းမင်ပွဲတော်ကာလ မြစ်ရေယာဉ်” ပန်းချီကားထဲတွင် ပါဝင်ဖူးသည့် ရှန်ရှန့်တံခါးဝရှေ့သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

သူမသည် ချန်ကျိုးတွင် လှည်းပြောင်းစီးစဉ်က မြည်းလှည်းတစ်စီးကို ငှားရမ်းခဲ့ပြီး ယခုအခါတွင် ထိုမြည်းလှည်း၏ ရှေ့တန်းတွင် ဘေးတစောင်းထိုင်လိုက်ကာ မျက်စိရှေ့မှ စုန့်ခေတ်မြို့တော် ပြန့်ကျင်း၏ စည်ကားသိုက်မြိုက်နေသည့် မြင်ကွင်းကို ငေးမောကြည့်ရှုရင်း စိတ်ကူးယဉ်နေမိလေသည်။

တံခါးစောင့်စစ်သည်များထံတွင် ဝမ်အနည်းငယ်ပေးကာ စစ်ဆေးမှုခံယူပြီးနောက် ရှန်မြောင်သည် မြို့ထဲသို့ ချောမောစွာ ဝင်ရောက်နိုင်ခဲ့လေသည်။ မြို့တံခါးနားသို့ လျှောက်သွားသည့်အခါ သူမသည် မော့ကြည့်လိုက်ပြီး အံ့ဩမှင်သက်သွားတော့သည်။ မြင့်မားလိုက်သည့် မြို့ရိုးတံခါး။ သည်တံခါးပေါက်သည် အနည်းဆုံး ၈မီတာ၊ ၉မီတာခန့် ရှိလိမ့်မည်။ ထို့အပြင် အလွန်ထူထဲလှပေသည်။ ရှန်မြောင်သည် သည်မြည်းလှည်းဖြင့် ၆လံခန့် (နောက်ပိုင်းခေတ် အတိုင်းအတာဖြင့် ၁၈မီတာခန့်) သွားမှသာ လွန်မြောက်နိုင်မည်ဟု ထင်မြင်မိလေသည်။

သူမသည် တွေးလိုက်မိလေသည်။

ငါ အရင်ဘဝတုန်းက သမိုင်းသင်ခဲ့ရတုန်းက လျောင်နဲ့ကျင်းတို့ တောင်ဘက်ကို စစ်ချီလာတဲ့အခါ ဒီလိုခိုင်ခံ့တဲ့မြို့မျိုးနဲ့တွေ့ရင် လက်လျှော့ပြန်လှည့်သွားရတာ အံ့ဩစရာမရှိတော့ပါဘူး။ ဒီလောက်ထူတဲ့ မြို့ရိုးကြီးကို ကျောက်ခဲပစ်စက်တွေ ယူလာရင်တောင် ဖြိုခွင်းဖို့ ခက်ခဲမှာပဲ။

ရှေ့သို့ ဆက်သွားလိုက်သောအခါ ရှန်မြောင်သည် ရောင်စုံအဆောက်အဦးများ၊ ပျံသန်းနေသယောင်ရှိသည့် သက်တန့်တံတားများကို မြင်တွေ့လိုက်ရပြီး နေရာတိုင်းတွင် မြင့်မားစွာ လွင့်ပျံနေသည့် ဆိုင်အလံများ၊ ဆိုင်းဘုတ်များ ရှိနေလေသည်။ ဆက်လျှောက်သွားလိုက်ရာ ကုန်ပစ္စည်းများ အပြည့်တင်ထားသည့် ကုလားအုတ်ကုန်သည်ယာဉ်တန်းနှင့်ပင် မမျှော်လင့်ဘဲ ကြုံတွေ့လိုက်ရလေသည်။

“ချင်းမင်ပွဲတော်ကာလ မြစ်ရေယာဉ်”သည် အမှန်ပင် လက်တွေ့ကျသည့် လက်ရာမွန်တစ်ခု ဖြစ်ပေသည်။ သူမသည် ပန်းချီကားချပ်ထဲသို့ ရုတ်တရက် ရောက်ရှိသွားပြီး ပြန့်ကျင်း၏ စည်ကားသည့် လမ်းမမြင်ကွင်းထဲမှ ပါဝင်သူတစ်ဦး ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။ အတွင်းမြို့ထဲတွင် လူအလွန်များပြားလွန်းသဖြင့် တံတားကူးသည့်အခါ မြည်းလှည်းမောင်းသူသည် အောက်သို့ ခုန်ဆင်းလိုက်ပြီး ပြည့်ကြပ်နေသည့် လူအုပ်ကြီးကြားထဲတွင် မြည်းလှည်းကို ဆွဲကာ တစ်လှမ်းချင်း ခက်ခက်ခဲခဲ သွားနေရလေသည်။

ထိုမြည်းသည်လည်း လူအုပ်ကြားတွင် တိုးဝှေ့နေရသဖြင့် စိတ်မရှည် ဖြစ်လာတော့သည်။

သွားလာနေကြသည့် ဈေးသည်များနှင့် လမ်းသွားလမ်းလာများသည် ပြည့်ကြပ်နေပြီး လမ်းပေါ်တွင် ရောင်းချသည့်ပစ္စည်းမျိုးစုံ ရှိနေလေသည်။ အထူးသဖြင့် လမ်းထောင့်များရှိ ဆိုင်ငယ်လေးများသည် ကုန်ပစ္စည်းများ အပြည့်တင်ထားသည့် ကုလားထိုင်ပုလေးများကို လမ်းမပေါ်ထိ ခင်းကျင်းထားပြီး ဧည့်သည်များကို ဆွဲဆောင်နေကြလေသည်။

ရှန်မြောင်သည် စိတ်ထဲတွင် ရယ်မောလိုက်မိလေသည်။ လမ်းမကို နေရာယူပြီး ဈေးရောင်းတဲ့ ကိစ္စက ရှေးခေတ်ကတည်းက ရှိခဲ့တာပဲ။

ခိုင်ဖုန်းစီရင်စုတွင် ပြန့်မြစ်၊ ဟွေမင်မြစ် အစရှိသည့် မြစ်ချောင်းများက မြို့ကို ဖြတ်သန်းစီးဆင်းနေသဖြင့် "တံတားဈေး" နှင့် "မြစ်ဈေး" တို့သည် အစည်ကားဆုံး ဖြစ်လေသည်။ မြစ်ကမ်းပါးတစ်လျှောက်လုံးတွင် ဆိုင်ငယ်လေးများက ငါးကြေးခွံပမာ စီတန်းနေကြသည်။ မြစ်ကမ်းနားရှိ စားသောက်ဆိုင် အများစုသည် လမ်းမဘက်သို့ မျက်နှာမူကာ တံခါးမကြီး ဖွင့်ထားကြပြီး မြစ်ဘက်သို့ မျက်နှာမူထားသည့် အနောက်ဘက်တွင် ခြေတံရှည်အိမ်ပုံစံ တဲများကို ထုတ်ထားကြလေသည်။ ရှန်မြောင်သည် လမ်းလျှောက်ရင်း ကြည့်ရှုကာ ဤအရာသည် နောက်ပိုင်းခေတ် "တရားမဝင် အဆောက်အဦးများ" ၏ အစဖြစ်လောက်သည်ဟု ခံစားမိလိုက်လေသည်။

တံတားဈေးသည် ပိုပြီး လွတ်လပ်မှု ရှိလေသည်။ ဈေးသည်များကကျယ်ဝန်းသည့် တံတားမျက်နှာပြင်၏ ဘေးနှစ်ဖက်ကို အသုံးပြုကာ ဆိုင်ခင်းကြသည်ကို "ဆိုင်ပျံ" ဟု ခေါ်ဆိုကြသည်။ အချို့သော ကုန်သည်များသည် တဲများထိုးကာ အတည်တကျ ဆိုင်ခန်းများ ဖွင့်လှစ်ထားကြသည်လည်း ရှိလေသည်။

ရှန်မြောင်သည် လှည်းပေါ်တွင်ထိုင်ကာ ဟိုဟိုသည်သည် ကြည့်ရှုနေပြီး တံတားကို ဖြတ်သန်းသည့်အခါ တံတားဈေးပေါ်ရှိ ဆိုင်ငယ်လေးများကို အသေချာဆုံးနှင့် ဂရုတစိုက် ကြည့်ရှုလိုက်လေသည်။ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မိဘများ ချန်ထားခဲ့သည့် ဆိုင်ခန်းသည် မီးလောင်မှုကြောင့် မည်သို့ဖြစ်သွားသည်ကို မသိရသေးချေ။ သူမတွင် ပိုလျှံသည့်ငွေကြေး မရှိသဖြင့် ငွေစုဆောင်းရန် အစားအသောက် တစ်ခုခု လုပ်ကိုင်ချင်ပါက လမ်းဘေးဆိုင်ငယ်လေး ဖွင့်ခြင်းသည် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်လေသည်။

သို့သော် တစ်ခေါက် လှည့်လည်ကြည့်ရှုပြီးနောက်တွင် ရှန်မြောင်သည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု သိပ်မရှိတော့သလို ဖြစ်သွားတော့သည်။ ပြန့်ကျင်းရှိ ကုန်ပစ္စည်းများသည် အလွန်စုံလင်ပြီး အစားအသောက်ကောင်းများလည်း မနည်းလှပေ။ အကယ်၍ လက်ရာမကောင်းလျှင် သို့မဟုတ် ဆန်းသစ်သည့် ပစ္စည်းများကို မရောင်းချနိုင်လျှင် မည်သူမျှ စိတ်ဝင်စားလိမ့်မည် မဟုတ်ပေ။

တံတားအောက်သို့ ဆင်းခါနီးတွင် ရှန်မြောင်သည် တစ်ကိုယ်လုံးတွင် ကုန်ပစ္စည်းမျိုးစုံ ချိတ်ဆွဲထားသည့် ကုန်သည်တစ်ယောက်ကို တွေ့လိုက်ရသဖြင့် လှည်းမောင်းသူကို ခဏရပ်ခိုင်းလိုက်သည်။ သူမက လှည်းပေါ်မှ ဆင်းကာ ဝါးဖြင့် ပြုလုပ်ထားသည့် လေရဟတ် နှစ်ခုကို ရွေးချယ်လိုက်လေသည်။

ထိုကုန်သည်သည် စကားပြောသွက်လက်ပြီး လေရဟတ်ကို ကိုင်ကာ ကစားပြရင်း ပြောလိုက်လေသည်။

"ညန်ဇီက မျက်စိအမြင်ရှိပါပေတယ်၊ ဒီဝါးလေရဟတ်က ၁ဝမ်ကို ၂ခုရပါတယ်၊ ဖုန့်ရန်က ဝါးရင့်ကို ရွေးပြီး လုပ်ထားတာမလို့ ကြာရှည်ခံတယ်၊ ပြုတ်ကျမှာလဲ မကြောက်ရသလို ရေထိမှာလဲ မကြောက်ရဘူး၊ ကြာကြာကစားလို့ရတယ်"

ရှန်မြောင်သည် ရွေးချယ်ရင်း မူလခန္ဓာကိုယ်ပိုင်ရှင်၏ မောင်နှမနှစ်ယောက်၏ မွေးနှစ်ကို စဉ်းစားမိလိုက်ပြီး မြွေပုံစံ ခြယ်သထားသည့်တစ်ခုနှင့် မြင်းပုံစံ ခြယ်သထားသည့် တစ်ခုကို ယူလိုက်လေသည်။ လေရဟတ်၏ ဒလက်များကို ချောမွတ်နေအောင် သွေးထားသဖြင့် ကလေးများ၏လက်ကို ထိခိုက်ရှနစေမည် မဟုတ်ပေ။ ၁ဝမ်လျှင် ၂ခုရသည့် ကစားစရာကိုပင် ဤမျှ သေသပ်အောင် ပြုလုပ်ထားသဖြင့် ရှန်မြောင်တစ်ယောက် အမြင်ကျယ်သွားတော့သည်။

ထိုလှည်းမောင်းသမားကလည်း ပြုံးကာ ပြောလိုက်လေသည်။

"ဒီညန်ဇီက မိဘအိမ်ကို ပြန်လာတာလား၊ အပြင်ထွက်တာတောင် ကလေးတွေအတွက် လက်ဆောင်ဝယ်သွားဖို့ မမေ့ဘူး၊ မိခင်မေတ္တာကြီးမားပြီး သားသမီးတွေက လိမ်မာတာမလို့ ညန်ဇီရဲ့အိမ်က နောင်ဆိုရင် သေချာပေါက် စည်ပင်ဝပြောမှာပါ"

"ဦးလေးရဲ့ မင်္ဂလာရှိတဲ့စကားအတွက် ကျေးဇူးတင်ပါတယ်"

ရှန်မြောင်က ပြုံးကာ လှည်းပေါ်တက်လိုက်ပြီး အများကြီး ရှင်းပြမနေတော့ပေ။

ထိုသို့ဖြင့် စည်ကားကြပ်ညပ်နေသည့် လူအုပ်ထဲတွင် တိုးဝှေ့ကာ ၂နာရီခန့် သွားပြီးနောက် လှည်းမောင်းသမားသည် မြင်းကို ရပ်တန့်လိုက်ပြီး လည်ပင်းတွင် ဆွဲထားသည့် တဘက်ဖြင့် ခေါင်းပေါ်မှ ချွေးများကို သုတ်လိုက်လေသည်။

"ရှန်ညန်ဇီ ကျင်းလင်တံတားကို ရောက်ပါပြီ"

ရှန်မြောင်က ငွေရှင်းလိုက်ပေးသည်။ လှည်းမောင်းသမားသည် သူမအတွက် အထုပ်အပိုးနှစ်ခုကို ချပေးပြီး ကျင်းလင်တံတား အနောက်ဘက်ရှိ လမ်းကြားထိပ်တွင် ထားပေးလိုက်သည်။ သည်လမ်းကြားထဲတွင် ကြီးမားသည့် မိုးမခပင်ကြီး အများအပြား ရှိနေသဖြင့် လူများက ယန်လျိုအရှေ့လမ်းကြား (မိုးမခ အရှေ့လမ်းကြား) ဟု ခေါ်ဆိုကြလေသည်။

ထိုနေရာသည် မူလခန္ဓာကိုယ်ပိုင်ရှင် ငယ်စဉ်က ကြီးပြင်းခဲ့သည့် နေရာလည်း ဖြစ်လေသည်။

သို့သော် ရှန်မြောင်သည် ဤနေရာသို့ ရောက်သည်တိုင် လုံခြုံမှု မရှိသေးဟု ခံစားနေရ၏။ သူမသည် လမ်းတစ်လျှောက်လုံး သေချာစဉ်းစားခဲ့ပြီး ရှန်အမှတ်တံဆိပ် ဟင်းရည်ပူပူ ခေါက်ဆွဲဆိုင်သို့ အရင်သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အိမ်နီးနားချင်းများကို အခြေအနေ မေးမြန်းစုံစမ်းပြီး ကိုယ်တိုင် စိတ်ချရပြီဆိုမှ ရှန်ဦးကြီးအိမ်သို့ သွားပြီး မောင်နှမနှစ်ယောက်ကို သွားကြိုတာ ပိုကောင်းလိမ့်မည်ဟု တွေးလိုက်လေသည်။

သူမသည် အထုပ်ကြီးအထုပ်ငယ်များဖြင့် လှည်းပေါ်မှ ဆင်းလိုက်သည်နှင့် လမ်းထိပ်ရှိ မိုးမခပင်အောက်တွင် ပန်းထိုးရင်း စကားစမြည်ပြောနေကြသည့် အမျိုးသမီး နှစ်ယောက် သုံးယောက်က လှမ်းကြည့်လာကြလေသည်။ ရှန်မြောင်သည် အိမ်ထောင်ပြုပြီး ၃နှစ်အကြာတွင် နာရေးကိစ္စအတွက် ပြန်လာသည်မှလွဲ၍ တစ်ခါမှ ပြန်မလာခဲ့ပေ။ ထိုစဉ်က မိဘများ၏ အလိုလိုက်ခံရပြီး ဖြူဖွေးဝင်းပကာ ပြည့်ဖြိုးသည့် ကောင်မလေးသည် ယခုအခါ ဘဝဒဏ်ကြောင့် ပိန်လှီကာ ညှိုးနွမ်းနေပြီ ဖြစ်လေသည်။ ထို့ကြောင့် ထိုလူများသည် အချိန်အတော်ကြာ စိုက်ကြည့်နေကြသော်လည်း မရဲတရဲဖြစ်ကာ မခေါ်ရဲကြပေ။

ရှန်မြောင်ကမူ သူတို့ကို သတိထားမိလိုက်ပြီး မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်ထဲမှ ထိုအဒေါ်ကြီးများ၏ နာမည်များကို လျင်မြန်စွာ ရှာဖွေလိုက်လေသည်။ ချက်ချင်းပင် အင်္ကျီလက်ထဲမှ လက်ကိုင်ပုဝါကို ထုတ်ကာ မျက်လုံးထောင့်များကို အားပါပါ ပွတ်သပ်လိုက်ရာ မျက်လုံးများ နီရဲလာတော့သည်။ သူမသည် ရှိုက်ကြီးတငင် ငိုကြွေးကာ လှမ်းခေါ်လိုက်တော့သည်။

"အဒေါ်ကု၊ အဒေါ်လီ၊ အဒေါ်ဖန်း၊ ကျွန်မက ရှန်မိသားစုက သမီးကြီးလေ၊ အဒေါ်တို့က ကျွန်မ ငယ်ငယ်ကတည်းက စောင့်ရှောက်လာခဲ့ကြတာ၊ အခု ကျွန်မကို မမှတ်မိကြတော့ဘူးလား"

သူမသည် လက်ကိုင်ပုဝါကို ခါလိုက်ပြီး မျက်နှာကိုအုပ်ကာ ငိုကြွေးလိုက်လေသည်။

ထိုအဒေါ်ကြီးသုံးယောက်သည် ထိုအခါမှ ဝုန်းခနဲ ဝိုင်းအုံလာကြပြီး သူမ၏လက်ကို ဆွဲကာ မရပ်မနား ငိုကြွေးကြလေသည်။ တစ်ယောက်တစ်ပေါက်ဖြင့် အလုအယက် ဂရုစိုက်မေးမြန်းကြတော့သည်။

"အလိုလေး သမီးကြီးရယ်၊ အဒေါ်တို့က မှားမှာစိုးလို့ မခေါ်ရဲခဲ့ပါဘူး၊ ညည်း... ညည်းက ဘာလို့များ ကိုင်းခြောက်လို ပိန်သွားရတာလဲ၊ ဪ... ပြန်လာမယ်ဆိုလည်း စာလေးဘာလေး ပို့ပါလား၊ ဒါဆိုရင် အဒေါ်တို့က ညည်းရဲ့ ကုအာ့ကော (ဒုတိယအစ်ကိုကု)ကို မြို့ပြင်ထိ လာကြိုခိုင်းမှာပေါ့"

"အမယ်လေး၊ သမီးကြီး ညည်းပြန်လာတာ ကောင်းပါတယ်၊ ညည်း မသိရှာပါဘူး၊ ညည်းတို့အိမ်က မီးလောင်လို့ တစ်ဝက်လောက် ပြိုကျကုန်ပြီ၊ ညည်းရဲ့ ကောင်းလှပါတယ်ဆိုတဲ့ ဟိုဦးကြီးဆိုတဲ့လူက နှစ်ခေါက်လောက်ပဲ လာကြည့်ပြီး အနည်းဆုံး ငွေ ၄၀၊ ၅၀ လောက်ကုန်မှ ပြန်ပြင်လို့ရမယ်ဆိုတာ ကြားတော့ ကြောက်ပြီး နောက်ထပ် လာတောင်မလာရဲတော့ဘူး"

"ဒါတင် ဘယ်ကမလဲ၊ ညည်း အိမ်ကို မြန်မြန်ပြန်လိုက်အုံး၊ ညည်းရဲ့ မောင်လေး ကျိအာနဲ့ ညီမလေး ရှန်းအာကို ညည်းရဲ့ ရက်စက်တဲ့ ကြီးတော်က တံမြက်စည်းနဲ့ အိမ်ပေါ်ကနေ မောင်းချလိုက်တာ၊ အခု ကလေးနှစ်ယောက် သနားစရာကောင်းလွန်းလို့လေ၊ မိုးယိုနေတဲ့ အိမ်ပျက်ထဲမှာ ခိုကပ်နေရပြီး လမ်းနီးနားချင်းတွေ ကျွေးမှပဲ အသက်ဆက်နေရရှာတာ"

"ဒါတင်ပဲလား၊ ညည်းမောင်လေး ကျိအာဆိုရင် ဟိုတစ်နေ့ကပဲ ဖျားလိုက်သေးတယ်၊ တစ်ကိုယ်လုံး မီးခဲလို ပူကျစ်နေတာပဲ၊ ညည်းရဲ့ ဦးလေးကုက ညတွင်းချင်း ဆေးခန်းကို ကုန်းပိုးသွားပြီး ဆေးနှစ်ခွက်လောက် တိုက်လိုက်မှ သတိပြန်ရလာတာ၊ အခုထိ အိပ်ရာထဲက မထနိုင်သေးဘူး"

...

All Chapters