အခန်း (၇-၈)
Vol. 1 Ch. 7-8
အပိုင်း (၇) ကျိအာနှင့် ရှန်းအာ
သည်စကားများကို ကြားလိုက်ရသဖြင့် ရှန်မြောင်၏ စိတ်နှလုံးသည် တုန်လှုပ်သွားရလေသည်။ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မောင်နှမများ အခြေအနေသည် သူမ ထင်ထားသည်ထက် ပိုဆိုးဝါးနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ယခုမူ ရှန်မြောင်သည် ကြီးတော်သုံးဦးကို ကြည့်လိုက်ပြီး ပို၍ စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်မိလေသည်။ သူမသည် ကြီးတော်သုံးဦး၏ လက်ကို ဆွဲကိုင်လိုက်ပြီး ရိုးသားစွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်လေသည်။
"ကျွန်မရဲ့ မောင်လေးနဲ့ ညီမလေးကို စောင့်ရှောက်ပေးခဲ့တဲ့ အဒေါ်တို့ကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်၊ ကျွန်မ အခြေအနေ တည်ငြိမ်သွားရင် အဒေါ်တို့အိမ်တိုင်ရာရောက် လာပြီး ကျေးဇူးဆက်ပါ့မယ်"
အဒေါ်ကုသည် စိတ်သဘောထား အကောင်းဆုံးဖြစ်လေသည်။ သူမသည် ရှန်မိသားစုနှင့် မျက်နှာချင်းဆိုင်တွင် နေထိုင်သူဖြစ်ပြီး ပြောလိုက်လေသည်။
"နှစ်ပေါင်းများစွာ အိမ်နီးနားချင်းတွေပဲကို ဘာလို့ ကျေးဇူးတင်စကား ပြောနေမှာလဲ၊ ညည်း မောင်လေး ကျိအာနဲ့ ညီမလေး ရှန်းအာကို မြန်မြန် သွားကြည့်လိုက်ပါ၊ ဒီအထုပ်နှစ်ထုပ်ကိုတော့ ညည်းရဲ့ ကုအာ့ကောကို သယ်သွားခိုင်းလိုက်မယ်၊ ညည်း စိတ်ပူမနေနဲ့တော့"
ရှန်မြောင်သည် ထပ်ခါတလဲလဲ ကျေးဇူးတင်စကား ပြောလိုက်ပြီး အထုပ်များကို အမှန်ပင် အပ်နှံလိုက်ကာ ကျဉ်းမြောင်းပြီး ပစ္စည်းမျိုးစုံ ပုံနေသည့် လမ်းကြားလေးကို ဖြတ်သန်းသွားလိုက်လေသည်။
ယန်လျိုအရှေ့လမ်းကြားသည် အမှန်တကယ်တော့ ပြန့်ကျင်းမြို့ ရန်ချိုးဖန် တောင်ဘက်လမ်း၏ နောက်ဖေးလမ်းကြား ဖြစ်လေသည်။ ဤနေရာရှိ အိမ်တိုင်းသည် တံခါးပေါက်ကို လမ်းမကျောခိုင်းကာ ဆောက်လုပ်ထားကြပြီး ရှေ့တံခါးနှင့် နောက်တံခါးဟူ၍ နှစ်ပေါက်ရှိလေသည်။ ရှေ့တံခါးသည် ဈေးလမ်းမဘက်သို့ မျက်နှာမူထားပြီး အများစုသည် ဧည့်ခန်းမနှင့် တွဲကာ ဆိုင်ခန်းအမျိုးမျိုးအဖြစ် ပြောင်းလဲထားကြလေသည်။ နောက်ဖေးခန်းနှင့် လမ်းကြားထဲရှိ နောက်ဖေးတံခါးကိုတော့ နေ့စဉ် ဝင်ထွက်သွားလာရန် အသုံးပြုကြလေသည်။
ရှန်မြောင်သည် လမ်းတစ်ဝက်သို့ ရောက်သည်နှင့် ရှန်မိသားစုအိမ်ကို မှတ်မိလိုက်လေသည်။ မီးခိုးမှိုင်းများကြောင့် မည်းနက်နေပြီး ထုပ်တန်းများက တစ်ဝက်ခန့် ပြိုကျနေကာ တံတိုင်းတစ်ဝက်လည်း မရှိတော့ဘဲ ကြွေပြားအကျိုးအပဲ့များ ပြည့်နှက်နေသည့် နေရာပင် ဖြစ်လေသည်။
မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ကြီးတော် စာပို့တုန်းကတော့ မီးက သိပ်မကြီးပါဘူးလို့ ပြောထားတာ။ ဒီမှာတော့ ကုန်သလောက်ဖြစ်နေပြီကို မကြီးဘူးတဲ့လား။
ကံကောင်းသည်မှာ ပြန့်ကျင်းတွင် လူနေထူထပ်သဖြင့် မီးဘေးကာကွယ်ရေးသည် အလွန် တင်းကျပ်လေသည်။ ရှန်မြောင်၏ မှတ်ဉာဏ်ထဲတွင် ပြန့်ကျင်းရှိ ရပ်ကွက်လမ်းကြား ခြေလှမ်း ၃၀ဝခန့်တိုင်းတွင် ကင်းတဲတစ်လုံးရှိပြီး ကင်းသမား ၅ဦးက ညဘက် ကင်းလှည့်ကြလေသည်။ လမ်းတိုင်း၏ ရှေ့နှင့်နောက်တွင် အုတ်ဖြင့်စီထားသည့် မီးဘေးကြည့်မျှော်စင် တစ်ခုစီရှိပြီး လူများက အချိန်ပြည့် စောင့်ကြည့်နေကြလေသည်။ မျှော်စင်အောက်တွင်လည်း 'ရှန်း'တပ်ဖွဲ့ဝင် ၁၀ဝခန့် တပ်စွဲထားပြီး မီးလောင်မှု ဖြစ်ပွားသည်နှင့် တပ်ဖွဲ့ဝင်များသည် ရေပုံးကြီးငယ်များ၊ လှေကားများ၊ ပုဆိန်၊ လွှ၊ မီးညှပ် စသည်တို့ကို ကိုင်ဆောင်ကာ မီးငြှိမ်းသတ်ရန် လာရောက်ကြလေသည်။
ရှန်မိသားစု၏ မီးလောင်မှုကို ကင်းလှည့်သူများက အချိန်မီ တွေ့ရှိခဲ့ကြသဖြင့် အိမ်နီးချင်းများကို မကူးစက်ခဲ့ခြင်း ဖြစ်လောက်သည်။ သို့မဟုတ်ပါက အိမ်နီးချင်းများ၏ အိမ်ဆုံးရှုံးမှုကိုပါ လျော်ကြေးပေးရလျှင် ဆီပူလောင်သည့်အပေါ် ဆားပက်သလို ဖြစ်နေပေလိမ့်မည်။
ယခုတွင် ဤကဲ့သို့ လောင်ကျွမ်းသွားပြီဖြစ်ရာ ဆက်ကြည့်နေလည်း အရာထင်မည် မဟုတ်တော့ပေ။ ရှန်မြောင်သည် မူလခန္ဓာကိုယ်ပိုင်ရှင်၏ မောင်နှမများကို စိတ်ပူနေမိသဖြင့် အပျက်အစီးများပေါ် နင်းကာ ခြေလှမ်း တစ်ချက်နိမ့် တစ်ချက်မြင့်ဖြင့် ဝင်ရောက်သွားလိုက်လေသည်။
ပြန့်ကျင်းတွင် မိုးရွာထားသည်လား မသိပေ။ မြေကြီးပေါ်ရှိ သစ်သားအကျိုးအပဲ့များနှင့် အုတ်ခဲများသည် စိုစွတ်နေလေသည်။ ထိုအထဲတွင် လျှောက်သွားနေရင်း မွှန်ထူသည့် မီးလောင်နံ့ကို ခပ်ရေးရေး ရနေသဖြင့် ပိုပြီး ခြောက်သွေ့အထီးကျန်ဆန်နေစေလေသည်။
ခြေလှမ်း ၂လှမ်းခန့် လျှောက်လိုက်သည်နှင့် သူမသည် အောင့်အီးသည်းခံထားရသည့် ချောင်းဆိုးသံ တိုးတိုးလေးနှင့် မိန်းကလေးငယ်တစ်ဦး၏ ရှိုက်ငိုသံကို ကြားလိုက်ရလေသည်။
မီးလောင်ထားသဖြင့် မည်းတူးနေသည့် သစ်သားဘောင်သာ ကျန်တော့သည့် တံခါးရွက်ကို ဖွင့်လိုက်ပြီးနောက် ရှန်မြောင်သည် ပစ္စည်းဟောင်းများ ပုံထားသည့် နေရာလွတ်တစ်ခုသို့ ရောက်ရှိသွားလေသည်။ နံရံအောက်တွင် အရက်အိုးကွဲများသည် နောက်ဖေးခြံဝင်းထဲတွင် တန်းစီလျက် ပုံနေကြသည်။ ထိုအရက်အိုးတန်းကို ကျော်သွားပြီးနောက်တွင် ခေါင်မိုး အကောင်းအတိုင်း ကျန်နေသေးသည့် အခန်းတစ်ခန်းကို တွေ့လိုက်ရလေသည်။ ရှန်မြောင် သေချာစဉ်းစားကြည့်လိုက်ရာ ဤနေရာသည် မီးဖိုချောင် ဖြစ်လောက်သည်ဟု တွေးမိလိုက်လေသည်။
ရှန်မိသားစုသည် ဟင်းရည်ပူပူ ခေါက်ဆွဲဆိုင် ဖွင့်ထားခြင်းဖြစ်ရာ မီးဖိုချောင်ကို အကျယ်ဝန်းဆုံးနှင့် အခိုင်ခံ့ဆုံး ဆောက်လုပ်ထားခဲ့သည်။ ကျောက်တုံးများဖြင့် နံရံစီထားပြီး နံရံတစ်လျှောက်တွင် စားပွဲရှည်များနှင့် မီးဖိုပေါက် ၄ပေါက်ပါသည့် မီးဖိုကြီးကို တည်ဆောက်ထားသည်။ မီးလောင်ထားသဖြင့် ပုံပျက်ပန်းပျက် ဖြစ်နေသော်လည်း ရှန်မိသားစု၏ နောက်ဖေးတွင် လုံးဝ ပြိုကျမသွားဘဲ ကျန်ရစ်နေသည့် တစ်ခုတည်းသော အခန်းဖြစ်လေသည်။
မီးဖိုချောင်၏ ညာဘက်မှနေ၍ ရှေ့ဘက်ဆိုင်ခန်းသို့ သွားရာ တံခါးပေါက်ငယ် တစ်ခုကို မြင်နေရပြီး ထိုနေရာလည်း မီးလောင်ခံထားရပုံ ပေါ်လေသည်။ ရှန်မြောင်သည် လည်ပင်းဆန့်ကာ ကြည့်လိုက်ရာ ကြမ်းပြင်ပေါ်တွင် ပြိုကွဲနေသည့် စင်များ၊ ခြေကျိုးလက်ကျိုး ဖြစ်နေသည့် စားပွဲကုလားထိုင်များ ပြန့်ကျဲနေသည်ကို တွေ့လိုက်ရလေသည်။
"နောက်မှပဲ ပြန်ရှင်းတော့မယ်"
သူမသည် အသံလာရာသို့ မီးဖိုချောင်၏ မည်းတူးနေသော တံခါးခုံကို ကျော်ဖြတ်ကာ ဝင်သွားလိုက်လေသည်။
မြင်ကွင်းသည် မှိန်ဖျော့သွားပြီး သစ်မြက်နံ့သင်းသင်းနှင့် ဆေးနံ့တို့ ရောနှောနေလေသည်။ သို့သော် မှိန်ဖျော့သည့် အလင်းရောင်နှင့် အသားကျသွားသည့်အခါ အခန်းထဲရှိ အခြေအနေသည် ရှန်မြောင် ထင်ထားသည်ထက် ပိုကောင်းနေလေသည်။
မီးဖိုချောင်ထဲတွင် ခေါင်မိုးကြွပ်များ မီးလောင်ပြီး အပေါက်ကြီး ဖြစ်နေသည်မှလွဲ၍ နံရံများနှင့် မီးဖိုခုံတို့သည် အကောင်းပကတိအတိုင်း ရှိနေသေးလေသည်။ မီးခိုးမှိုင်းမိသဖြင့် မည်းနက်နေပြီး မီးအရှိန်ကြောင့် တူးခြစ်နေသည့် အရာများသာ ရှိလေသည်။
မီးဖိုခုံ၏ နောက်တွင် ဖျာတစ်ဝက် ထွက်နေပြီး စောင်နှင့် ခေါင်းအုံးတစ်စုံလည်း ရှိနေလေသည်။ ဤအိပ်ရာခင်းများသည် အိမ်နီးနားချင်း တစ်ဦးဦးက ပေးကမ်းထားခြင်း ဖြစ်လောက်လေသည်။ ဟောင်းနွမ်းနေသော်လည်း လျှော်ဖွပ်ထားသဖြင့် အလွန် သန့်ရှင်းနေလေသည်။
စောင်ပုံသည် ဖောင်းနေပြီး အောင့်အီးထားသည့် ငိုသံသည် ထိုအထဲမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။
ရှန်မြောင်သည် ကွေ့ပတ်သွားပြီး ကြည့်လိုက်ရာ ၁၀နှစ်ဝန်းကျင် ကောင်လေးတစ်ယောက်သည် နံရံကိုမှီကာ ဆံပင်ဖားလျားဖြင့် ဖျာပေါ်တွင် တစ်ပိုင်းတစ်စ လှဲနေသည်ကို တွေ့လိုက်ရလေသည်။ ကောင်လေး၏ ရုပ်ရည်သည် ရှန်မြောင်၏ ယခုခန္ဓာကိုယ်နှင့် ၇၀၊ ၈၀ ရာခိုင်နှုန်းခန့် တူညီနေလေသည်။ မက်မွန်ပွင့် ပုံသဏ္ဌာန် မျက်လုံးချင်း တူညီပြီး မျက်ခုံးရိုး အနည်းငယ် ကော့ညွှတ်နေသည့် ပုံစံသည်လည်း ထပ်တူနီးပါး တူညီလေသည်။
သူသည် ဖျားနေဆဲ ဖြစ်ပုံရလေသည်။ နှုတ်ခမ်းများ ဖြူဖျော့နေသော်လည်း ပါးပြင်နှစ်ဖက်မှာ နီရဲနေလေသည်။ ကိုယ်တိုင် နေမကောင်းဖြစ်နေသော်လည်း အားတင်းကာ ရင်ခွင်ထဲတွင် တိုးဝင်နေသည့် ကောင်မလေးကို ဖြည်းညှင်းစွာ ပုတ်ပေးကာ ချော့မြှူနေလေသည်။ ထိုကောင်မလေးသည် အိပ်ပျော်နေသော်လည်း အိပ်မက်ထဲတွင် ရှိုက်ငိုနေပြီး မျက်လုံးများ မှိတ်ထားသည့်တိုင် မျက်ရည်များက မျက်လုံးထောင့်မှ စီးကျနေကာ မျက်နှာတစ်ခုလုံး မျက်ရည်များ ပေကျံနေလေသည်။
ရှန်မြောင်သည် ကြောင်အသွားပြီး ခြေလှမ်းများ လေးလံသွားကာ မလှမ်းနိုင်သလောက် ဖြစ်သွားလေသည်။
ဖျားနာပြီး မူးဝေနေသည့် ကောင်လေးက သူမကို အရင်ဆုံး တွေ့ရှိသွားတော့သည်။ သူသည် မျက်လုံးထဲတွင် သွေးကြောများ ယှက်သန်းနေသည့် မျက်လုံးများဖြင့် မော့ကြည့်လိုက်လေသည်။ ရောဂါကြောင့် အနည်းငယ် သတိမကောင်း ဖြစ်နေသဖြင့် သူသည် မျက်မှောင်ကြုတ်ကာ ရှန်မြောင်ကို အချိန်အတော်ကြာ ငေးကြည့်နေပြီးမှ သူမကို မှတ်မိသွားပုံရလေသည်။ သို့သော် သူသည် နှုတ်ခမ်းကိုသာ စေ့ထားလိုက်ပြီး ခေါင်းပြန်ငုံ့သွားလေသည်။
ရှန်မြောင်သည် တိတ်ဆိတ်စွာဖြင့် ရှေ့တိုးသွားပြီး လက်ကိုမြှောက်ကာ ထိုကောင်လေး၏ နဖူး အပူချိန်ကို စမ်းကြည့်ရန် လုပ်လိုက်သော်လည်း သူက ခေါင်းကို လှည့်ကာ ရှောင်တိမ်းလိုက်လေသည်။ ကောင်လေးသည် ရုတ်တရက် ရက်စက်သည့် အကြည့်ဖြင့် သူမကို စိုက်ကြည့်ကာ မေးလိုက်လေသည်။
"နင်က ဘာလာလုပ်သေးတာလဲ"
ရှန်မြောင်သည် ပြန်မဖြေဘဲ သူက အကြိမ်ကြိမ် ရှောင်တိမ်းနေသည့်ကြားမှ ခေါင်းမာစွာဖြင့် လက်ကို သူ့နဖူးပေါ် တင်လိုက်လေသည်။ လက်ဖဝါးမှတဆင့် ရရှိလိုက်သည့် ပူကျစ်နေသော အထိအတွေ့သည် သူမ၏ နှလုံးသားကို မီးတောက်တစ်ခုက လာရောက်ကင်မြှိုက်လိုက်သကဲ့သို့ ခံစားလိုက်ရလေသည်။ သူမသည် လေသံပျော့ပျော့ဖြင့် ပြောလိုက်လေသည်။
"ကျိအာ မင်း ဒုက္ခရောက်ခဲ့ရပြီပဲ၊ မကြီး ပြန်လာပြီ၊ နောက်ထပ် ဘယ်မှ မသွားတော့ဘူး"
ထိုစကားတစ်ခွန်းကြောင့် ရှန်ကျိ၏ မျက်လုံးထဲတွင် အတင်းဟန်ဆောင်ထားသည့် ရက်စက်မှုများသည် ပြိုလဲပျက်စီးသွားတော့သည်။ နှာခေါင်းထဲတွင် စူးရှသည့် ခံစားမှုတစ်ခု ဖြစ်ပေါ်လာပြီး မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လျှံကာ ကျလုဆဲဆဲ ဖြစ်လာသော်လည်း ခေါင်းမာစွာဖြင့် မျက်လုံးကို ပြူးကျယ်အောင် ဖွင့်ထားပြီး မျက်ရည်မကျစေရန် ထိန်းထားသဖြင့် မျက်လုံးများ ပို၍ နီရဲလာတော့သည်။
ရှန်မြောင်သည် စိတ်ထဲတွင် သက်ပြင်းတစ်ချက် ထပ်ချလိုက်မိလေသည်။ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ် အနက်ရှိုင်းဆုံးနေရာတွင် မိဘမဲ့ ကျန်ရစ်ခဲ့သည့် မောင်နှမနှစ်ယောက်၏ အော်ဟစ်ငိုကြွေးသံများသည် အမြဲတစေ ခြောက်လှန့်နေခဲ့သည်။ သူမသည် ယောက္ခမကို မလွန်ဆန်ရဲသဖြင့် သတ္တိနည်းကာ ဤကလေးနှစ်ယောက်ကို အစ်ကိုကြီးအိမ်တွင် ရက်စက်စွာ ထားခဲ့မိသည်။
လှည်းပေါ်တက်၍ ထွက်ခွာခါနီးတွင် ၄နှစ်သာရှိသေးသည့် ရှန်းအာသည် သေမလောက် ငြင်းဆန်ခဲ့သည်။ ပိတ်ဖြူဝတ်စုံကို ဝတ်ဆင်ထားသည့် ထိုကလေးငယ်လေးသည် မူလခန္ဓာကိုယ်ပိုင်ရှင်၏ စကပ်စကို အသေအလဲ ဆွဲထားပြီး ငိုယိုကာ "မကြီး မသွားပါနဲ့၊ မကြီး မသွားပါနဲ့" ဟု အော်ဟစ်ခဲ့လေသည်။
နောက်ဆုံးတွင် ရှန်းအာသည် ရှန်ဦးကြီး၏ အတင်းအဓမ္မ လက်ဖြည်ကာ ဆွဲခေါ်ခြင်းကို ခံလိုက်ရသည်။ ရှန်ဦးကြီး၏ ရင်ခွင်ထဲတွင် ရုန်းကန်ကန်ကျောက်နေပြီး အောက်သို့ ခုန်ဆင်းကာ သူမကို ဖက်ထားရန် ကြိုးစားရင်း အသံဝင်သွားသည်အထိ ငိုကြွေးခဲ့လေသည်။ ရှန်ကျိသည် အစပိုင်းတွင် မငိုခဲ့ပေ။ မူလခန္ဓာကိုယ်ပိုင်ရှင် လှည်းပေါ် ရောက်သွားသည့်အခါမှ သူသည် ဦးကြီး၏လက်ကို ရုန်းထွက်ပြီး ခြေကုန်သုတ်ကာ အပြင်းအထန် လိုက်ပြေးခဲ့လေသည်။
သူသည် အော်ဟစ်ခြင်း မရှိခဲ့ပေ။ ယနေ့ကဲ့သို့ပင် မျက်ရည်များ ပြည့်လျှံကာ မျက်လုံးများ နီရဲနေပြီး ခေါင်းမာစွာဖြင့် တရစပ် ပြေးလိုက်ခဲ့သည်။ လုံးဝ မမှီနိုင်တော့သည့် အချိန်ရောက်မှ လေထဲတွင် "မကြီး" ဟူသည့် ရင်ကွဲပက်လက် အော်သံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
မူလခန္ဓာကိုယ်ပိုင်ရှင်သည် လှည့်မကြည့်ရဲခဲ့ဘဲ လှည်းပေါ်တွင် မျက်ရည်များဖြင့်သာ မျက်နှာသစ်နေခဲ့ရသည်။ ထိုငိုသံသည် သူမကို စွဲလမ်းနေပြီး ရုံမိသားစုအိမ်တွင် နေ့ရောညပါ စိတ်မချမ်းမြေ့ ဖြစ်စေခဲ့သည်။ ပြန့်ကျင်းသို့ စာနှင့် ပစ္စည်းများ မကြာခဏ ပို့ပေးခဲ့သော်လည်း စိတ်ထဲရှိ နောင်တတရားကိုတော့ မဖြေဖျောက်နိုင်ခဲ့ပေ။
ယခု ရှန်မြောင်သည် သူမအစား ဤကလေးနှစ်ယောက်၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ စိတ်ထဲတွင် သူမပိုင်ဆိုင်ခြင်းမရှိသော၊ သို့သော် ဖယ်ရှား၍ မရခဲ့သော နောင်တတရားများသည် မီးခိုးငွေ့ပမာ ပျောက်ကွယ်သွားသလို ဖြစ်သွားလေသည်။
ရှန်မြောင်သည် ကိုယ်ကိုကိုင်းကာ ရှန်းအာကို ရှန်ကျိ၏ ရင်ခွင်ထဲမှ သူမ၏ ကျောပေါ်သို့ လွှဲယူလိုက်လေသည်။ ထိုကလေးမလေးသည် အိပ်မက်ထဲတွင် ရှိုက်ငိုနေသော်လည်း နိုးမလာခဲ့ပေ။ ရှန်မြောင်၏ ကျောပေါ်သို့ ရောက်သည်နှင့် အငိုရပ်သွားပြီး ပို၍ နှစ်ခြိုက်စွာ အိပ်ပျော်သွားလေသည်။ ရှန်ကျိသည် သူမကို ကြည့်နေရုံသာ ကြည့်နေပြီး စကားမပြောပေ။
"လမ်းလျှောက်နိုင်သေးရဲ့လား၊ မကြီး မင်းကို ကျောက်ထိုက်ချန်အိမ် (ကျောက်သမားတာ်) ခေါ်သွားပြီး ဆေးထပ်ယူပေးမယ်"
ရှန်မြောင်သည် လက်တစ်ဖက်ဖြင့် ရှန်းအာကို ပင့်မထားပြီး ကျန်လက်တစ်ဖက်ဖြင့် သူ့ကို ဆွဲလှည့်လိုက်လေသည်။
ရှန်ကျိသည် ပြောသည့်အတိုင်း နံရံကို အားပြုကာ ခက်ခက်ခဲခဲ ထရပ်လိုက်၏။ ခန္ဓာကိုယ်က ယိုင်နဲ့နေသဖြင့် ရှန်မြောင်သည် မျက်စိလျင်စွာ လှမ်းတွဲလိုက်သော်လည်း သူက ရှောင်တိမ်းလိုက်ပြန်သည်။ သူသည် အသက် ၂ချက်ခန့် ရှူလိုက်ပြီး မေးလိုက်ပြန်သည်။
"နင် ဘာလို့ ပြန်လာတာလဲ"
ရှန်မြောင်သည် ဘဝနှစ်ခုလုံးတွင် ဤမျှ ခေါင်းမာသည့် ကလေးမျိုးကို မတွေ့ဖူးခဲ့ချေ။ ငယ်ငယ်ရွယ်ရွယ်နှင့် တည်ငြိမ်ရင့်ကျက်ကာ ဉာဏ်ကောင်းလွန်းလှသည်။ သူမ ကွာရှင်းခံလိုက်ရသည့် ကိစ္စကို ဖုံးကွယ်ထား၍ မရနိုင်သဖြင့် အဖြစ်အပျက်ကို အကျဉ်းချုံးပြောပြလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။
"ရုံမိသားစုက လောဘကြီးပြီး ယုတ်မာတယ်၊ ကွာရှင်းလိုက်တာ ကောင်းပါတယ်၊ ဒီနှစ်တွေအတွင်း မကြီး နောင်တရနေခဲ့တာ၊ အခုတော့ ကောင်းသွားပါပြီ၊ မကြီး သူတို့နဲ့ ဘာမှမပတ်သက်တော့ဘူး၊ မင်းတို့ကို ပြန်လာစောင့်ရှောက်လို့ ရတာပေါ့..."
ထင်မှတ်မထားသည်မှာ သူမအပေါ် အနည်းငယ် အငြိုးအတေးရှိနေမည်ဟု ထင်ထားခဲ့သော ရှန်ကျိသည် နားထောင်ပြီးနောက် ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီရဲလာပြီး အရပ်သုံးစကားလုံးများဖြင့် ဆဲဆိုလိုက်လေသည်။
"ရုံမိသားစုက နင့်ကို အနိုင်ကျင့်ရဲတယ်ပေါ့၊ ငတိတုံးကောင်တွေ၊ တိရစ္ဆာန်တွေ"
သူသည် ဒေါသထွက်လွန်းသဖြင့် ပြင်းထန်စွာ ချောင်းဆိုးလာတော့သည်။ ခက်ခက်ခဲခဲ သက်သာလာသောအခါ အသံအေးစက်စက်ဖြင့် ရုံမိသားစုကို အစိမ်းလိုက် ဝါးစားချင်နေသည့်ဟန် ပြောလိုက်လေသည်။
"သူတို့က နင့်မှာ မိဘတွေမရှိတော့ဘူး၊ ငါကလည်း ငယ်သေးတော့ နင့်ဘက်က ရပ်တည်ပေးမယ့်သူမရှိဘူးလို့ တွက်ထားကြတာ၊ ငါ အသက်ငယ်နေတာကိုပဲ နာတယ်၊ မဟုတ်ရင် ငါ ကျင်းလင်အထိ သွားသတ်ပြီး ရုံသာ့လန်ရဲ့ ခွေးခြေထောက် ၃ချောင်းလုံးကို ရိုက်ချိုးပစ်မယ်"
ရှန်မြောင်က ပြုံးရုံသာ ပြုံးလိုက်ပြီး မေးလိုက်လေသည်။
"နောက်ဆုံးတော့ ငါ့ကို အစ်မလို့ အသိအမှတ်ပြုပြီပေါ့လေ"
ရှန်ကျိ၏ မျက်နှာသည် တောင့်တင်းသွားပြီး နှာခေါင်းရှုံ့လိုက်ကာ စောစောက အနေခက်နေသည့် ပုံစံသို့ ပြန်ရောက်သွားလေသည်။
"သွားကြစို့၊ မင်းကို ဆေးသွားယူပေးမယ်"
ရှန်မြောင်သည် ရှန်းအာကို ကုန်းပိုးလိုက်ပြီး ရှန်ကျိ၏ လက်ကို အတင်းဆွဲကာ သုံးယောက်သား ရှုပ်ထွေးနေသည့် လမ်းကြားလေးများအတိုင်း ဖြတ်လမ်းမှ ကျောက်ထိုက်ချန်အိမ်သို့ သွားလိုက်ကြလေသည်။ ကျောက်ထိုက်ချန်အိမ်သည် နန်းတွင်းသမားတော် မျိုးဆက်ဖြစ်ပြီး တံခါးရှေ့တွင် ချိတ်ဆွဲထားသည့် "ရှင်းလင်ချွန်းမန်" (ဆေးလောကတွင် ဂုဏ်သတင်းပြည့်ဝခြင်း) ဟူသော ဆိုင်းဘုတ်သည် နတ်ရွာစံ ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ချီးမြှင့်ထားခြင်း ဖြစ်လေသည်။ ကလေးရောဂါနှင့် အမျိုးသမီးရောဂါ ကုသရာတွင် အထူးကျွမ်းကျင်ပြီး အစဉ်အလာကြီးမားသဖြင့် ပြန့်ကျင်းတခွင်တွင် နာမည်ကျော်ကြားသည့် ဆေးခန်းကြီး ဖြစ်လေသည်။
သို့သော် ဆေးကုသခသည် တခြားနေရာထက် ဈေးကြီးသဖြင့် သာမန်ပြည်သူအများစုသည် အရေးပေါ်အခြေအနေနှင့် ရောဂါကြီးများ မဟုတ်လျှင် ကျောက်ထိုက်ချန်အိမ် တံခါးကို မဝင်ကြပေ။ ထို့ကြောင့် ရှန်မြောင်သည် ရှန်ကျိနှင့် ရှန်းအာတို့ကို ခေါ်ဆောင်ပြီး ဝင်သွားချိန်တွင် မလှမ်းမကမ်းရှိ လူပြည့်ကျပ်နေသည့် "ရန်မိသားစု" ဆေးခန်းနှင့် ယှဉ်လျှင် ကျောက်ထိုက်ချန်အိမ်တွင် ကလေးပွေ့ထားသည့် အမျိုးသမီး အနည်းငယ်သာ ဆေးစောင့်နေကြသည်ကို တွေ့ရလေသည်။
ဆိုင်ထိုင်သည့် မုတ်ဆိတ်ဖြူနှင့် ခြေကြွသမားတော်သည် မေးထောက်ထားပြီး နွေဦးနေရောင်ခြည်၏ အနွေးဓာတ်ကြောင့် အိပ်ချင်နေပြီ ဖြစ်လေသည်။
ရှန်မြောင်၏ ခံယူချက်သည် ဤခေတ်လူများနှင့် မတူညီပေ။ ရောဂါအသေးစားကို ကောင်းစွာ မကုသဘဲ ရောဂါကြီးဖြစ်မှ ကုသလျှင် ပေးဆပ်ရသည့် တန်ဖိုးက ကြီးမားလေသည်။ အထူးသဖြင့် ကလေးများအတွက် တောင့်ခံထား၍ မရပေ။
ကံကောင်းသည်မှာ ရှန်ကျိသည် ခေတ္တ အအေးမိသွားခြင်းသာ ဖြစ်လေသည်။ မုတ်ဆိတ်ဖြူ သမားတော်က ကြည့်ရှုစစ်ဆေးပြီးနောက် စိုးရိမ်စရာမရှိကြောင်း ပြောကာ ၅ရက်စာ ဆေးသောက်ရန် ဆေးစာရေးပေးလေသည်။ ထို့အပြင် ၃ရက်စာ ချောင်းဆိုးပျောက် သလိပ်ကြေစေမည့် ကန်ချောင်ကျဲကန်း ဆေးရည်ကိုလည်း ပေးလိုက်သည်။ ၎င်းသည် ကျိုချက်ပြီးသား ဆေးရည်ဖြစ်ပြီး ဝါးဘူးထဲတွင် ထည့်ထားသဖြင့် နောက်ပိုင်းခေတ် ချောင်းဆိုးပျောက်ဆေးရည်နှင့် တူညီလေသည်။ ခြေဖဝါးရှိ ယုံချွမ်သွေးကြောအမှတ်တွင် ကပ်ရမည့် အဖျားကျဆေးကပ်ခွာ ၃ခုကိုလည်း ပေးလိုက်သဖြင့် စိတ်အေးသွားရတော့သည်။
သမားတော်သည် နေရာတွင်ပင် သူ့ခြေဖဝါး၌ ဆေးကပ်ခွာ ၂ခုကို ကပ်ပေးလိုက်သည်။ ရှန်မြောင်သည် ယုံချွမ်သွေးကြောအမှတ် မည်သည့်နေရာတွင် ရှိသည်ကိုပါ သင်ယူလိုက်လေသည်။ ဤဆေးကပ်ခွာကို တစ်ရက် တစ်ကြိမ် လဲလှယ်ရမည်ဖြစ်ရာ သင်ယူထားလိုက်ပါက ပြန်ရောက်လျှင် ကိုယ်တိုင် ကပ်ပေးနိုင်ပြီး နေ့တိုင်း လာနေစရာ မလိုတော့ပေ။
ဆေးယူပြီးနောက် သုံးယောက်သား လမ်းဟောင်းအတိုင်း ပြန်လာခဲ့ကြသည်။ ကျောပေါ်ရှိ ရှန်းအာသည် ပို၍ပင် နှစ်ခြိုက်စွာ အိပ်ပျော်သွားပြီး ဟောက်သံသဲ့သဲ့ပင် ထွက်ပေါ်လာလေသည်။
ရှန်မြောင်က မေးလိုက်လေသည်။
"ရှန်းအာက ဒီလောက် အိပ်မက်နေတာ တစ်ခုခု ဖြစ်နေတာများလား"
ရှန်ကျိက ကြားလိုက်ရသဖြင့် ခေါင်းငုံ့ကာ မျက်နှာမကောင်းစွာဖြင့် ပြောလိုက်လေသည်။
"မနေ့က ကျွန်တော် အဖျားအရမ်းတက်တော့ ရှန်းအာက ငိုပြီး တစ်ညလုံး ပြုစုပေးခဲ့တာ၊ သူ မျက်လုံး မမှိတ်ရဲရှာဘူး၊ ကျွန်တော်လည်း သေသွားမှာ ကြောက်နေတာလေ"
ရှန်မြောင်သည် ခဏမျှ တိတ်ဆိတ်သွားပြီး ကျောပေါ်ရှိ ရှန်းအာကို ပင့်တင်လိုက်ကာ ဒေါသတကြီးဖြင့် အံကြိတ်၍ ပြောလိုက်လေသည်။
"နောက်ပိုင်း မင်းနေကောင်းသွားရင် ဦးကြီးအိမ်ကို သွားပြီး တရားမျှတမှု သွားတောင်းကို တောင်းရမယ်"
ရှန်ကျိသည် ရှားရှားပါးပါး ကလေးဆန်စွာဖြင့် စိတ်ကောက်သည့် လေသံဖြင့် ပြောလိုက်လေသည်။
"ကျွန်တော် ဦးကြီးအိမ်တံခါးကို ဘယ်တော့မှ ခြေမချချင်တော့ဘူး၊ မကြီး ကျင်းလင်ကို ပြန်သွားပြီးကတည်းက ဦးကြီးနဲ့ ကြီးတော်က အိမ်က ဆိုင်ခန်းကို လွှဲပြောင်းပေးဖို့ အမြဲတမ်း တိုက်တွန်းနေတာ၊ ကျွန်တော်က ငယ်သေးတယ်၊ နောက်ပိုင်း စာသင်ရင်လည်း စာသင်စရိတ်ကြီးမယ်၊ ဒီဆိုင်ခန်းကို ကျွန်တော့်ဆီ ထားခဲ့လည်း အလကားပဲတဲ့၊ သူတို့ကို ပေးလိုက်ရင် သူတို့ သေချာ စီမံပေးမယ်၊ နောက်ပိုင်း ကျွန်တော်နဲ့ ရှန်းအာကို တစ်သက်လုံး ပြန်လုပ်ကျွေးမယ်တဲ့လေ၊ ကျွန်တော် လက်မခံတော့ သူတို့ တော်တော် ဒေါသထွက်သွားကြတာ၊ နောက်ပိုင်း အိမ်မီးလောင်သွားတော့ ကြီးတော်က အိမ်ငှားခ မရတော့ဘူးဆိုပြီး ကျွန်တော်နဲ့ ရှန်းအာကို ပိုပြီး မျက်နှာထားတင်းလာတာ၊ စကားနာထိုးတာတွေ လုပ်လာတယ်၊ ကျွန်တော်လည်း အဲဒီမှာ မနေချင်တော့ပါဘူး"
ရှန်မြောင် စိတ်ထဲတွင် ထင်သည့်အတိုင်းပင် ဖြစ်နေလေသည်။ မူလခန္ဓာကိုယ်ပိုင်ရှင်သည် ဦးကြီးအိမ်မှ ငွေတောင်းသည့်စာကို လက်ခံရရှိချိန်တွင် ရုံသာ့ညန်က မည်မျှ ဆူပူနေပါစေ စိတ်မပြောင်းဘဲ မောင်နှမနှစ်ယောက်ကို ကျင်းလင်သို့ ခေါ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းမှာ တစ်ခုခု မှားယွင်းနေသည်ကို ရိပ်မိ၍ ဖြစ်လောက်လေသည်။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ မူလခန္ဓာကိုယ်ပိုင်ရှင်သည် အချိန်မမီလိုက်ဘဲ ရုံမိသားစု၏ ဖိနှိပ်မှုကြောင့် အိပ်ရာထဲ လဲသွားခဲ့ရခြင်း ဖြစ်လေသည်။
ရှန်မိသားစု၏ ဟင်းရည်ပူပူ ခေါက်ဆွဲဆိုင်သည် မြို့အတွင်းပိုင်း၏ စည်ကားသည့် နေရာတွင် တည်ရှိသည်။ ဟုန်တံတားလောက် မစည်ကားသော်လည်း အရာရှိမင်းများ၏ နန်းတော်နှင့် ၂လမ်းသာ ခြားလေသည်။ ကျင်းလျန်တံတား အနီးတွင်လည်း အရာရှိအိမ်တော်များစွာ ရှိပြီး တာ့ရှန်ကော် ဘုရားကျောင်းနှင့် လမ်းတစ်လမ်းသာ ခြားလေသည်။ နောက်ပိုင်းခေတ်နှင့် ယှဉ်လျှင် ပေကျင်း ချန်အန်းလမ်းမကြီး၏ မျက်နှာချင်းဆိုင် ဆိုင်ခန်းဖြစ်ရာ တန်ဖိုးမရှိဘဲ နေပါမည်လား။
ရှန်မိသားစုသည် ဘိုးဘွားစဉ်ဆက်က ချမ်းသာခဲ့ဖူးသည်။ ရှန်အဘိုးသည် သုညမှ စတင်ကာ ဆိုင်ခန်း ၄ခန်း စုဆောင်းနိုင်ခဲ့သည်။ အဘိုးကွယ်လွန်ပြီးနောက် ရှန်ဦးကြီးသည် သားကြီးဖြစ်သဖြင့် မြို့အတွင်းပိုင်းတွင် ဆိုင်ခန်း ၁ခန်း၊ မြို့အပြင်ခြမ်းတွင် ဆိုင်ခန်း ၁ခန်း၊ ကျေးလက်ရှိ လယ်မြေများနှင့် ငွေသေတ္တာ ၂လုံးကို ရရှိခဲ့သည်။ ရှန်အဖေက သားလတ်ဖြစ်သဖြင့် မြို့အတွင်းနှင့် အပြင်တွင် ဆိုင်ခန်း ၂ခန်း ရရှိခဲ့သော်လည်း ရှန်ဦးကြီးလောက် မကြီးမားပေ။ တစ်ခန်းမှာ ယခု မီးလောင်သွားသည့် ဟင်းရည်ပူပူ ခေါက်ဆွဲဆိုင်ဖြစ်ပြီး မြို့အပြင်ရှိ တစ်ခန်းကိုတော့ ရှန်မြောင်၏ မင်္ဂလာဆောင်အတွက် ရောင်းချခဲ့ရလေသည်။
ယခင်က ရှန်အဖေနှင့် ရှန်အမေ ရှိနေစဉ်က ရှန်ဦးကြီးမိသားစုသည် ညီဖြစ်သူ၏ အိမ်ကို မမနာလိုခဲ့ကြပေ။ အကြောင်းမှာ သူတို့က ပိုချမ်းသာနေသောကြောင့်ပင်။ ကျေးလက်မှ သီးနှံခွန် ကောက်ခံရပြီး မြို့အပြင်တွင် အကြီးဆုံး ဆန်ဆိုင်ကို ဖွင့်လှစ်ထားသဖြင့် နေ့စဉ် ရွှေအိတ်လိုက် ဝင်နေသည်ဟု မဆိုနိုင်သော်လည်း ငွေအိတ်လိုက် ဝင်နေသည်ဟု ဆိုနိုင်လေသည်။ သို့သော် ယခုအခါ ရှန်အဖေနှင့် ရှန်အမေတို့ မရှိတော့ဘဲ သမီးနှစ်ယောက်ကလည်း အရာမဝင်၊ အမွေဆက်ခံမည့် အရွယ်မရောက်သေးသော သားတစ်ယောက်သာ ကျန်ရှိတော့သဖြင့် သူတို့၏ စိတ်ကူးများ ယိုင်နဲ့လာခြင်း ဖြစ်လေသည်။
စုန့်ခေတ် ဥပဒေအရ ကျိအာသာ မရှိတော့လျှင် ဤဆိုင်ခန်းသည် ရှန်ဦးကြီးမိသားစုပိုင် ဖြစ်သွားမည် ဖြစ်လေသည်။
သို့သော် ကျိအာသည် အသက်ငယ်သော်လည်း ဉာဏ်ကောင်းပြီး မူလခန္ဓာကိုယ်ပိုင်ရှင်ကဲ့သို့ သဘောထားပျော့ပျောင်းကာ ခြယ်လှယ်ရ လွယ်ကူသူ မဟုတ်သည်ကို မည်သူက ထင်ထားပါမည်နည်း။ ရှန်ဦးကြီးမိသားစုသည် ထိုအချက်ကြောင့်ပင် ရှက်ရမ်းရမ်းကာ ကလေးနှစ်ယောက်ကို အိမ်မှ မောင်းချလိုက်ခြင်း ဖြစ်လောက်သည်။
ကျိအာက သူမကို ပေါ့ပေါ့ပါးပါး ပြောပြခဲ့သော်လည်း "မျက်နှာထားတင်းပြီး စကားနာထိုးတယ်" ဟူသည့် စကားရပ်သည် ဤ ၃နှစ်တာ ကာလကို လွှမ်းခြုံထားလေသည်။ သူတပါးအိမ်တွင် မှီခိုနေထိုင်ရသဖြင့် ပြောမပြနိုင်သည့် ဒုက္ခများကို သူတို့ ခံစားခဲ့ရမှာ သေချာလေသည်။
ရှန်မြောင်က ကျိအာ၏ လက်ကို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရင်း ပြောလိုက်၏။
"မကြောက်ပါနဲ့၊ မကြီး ဒီကိစ္စတွေ ကြုံပြီးသွားတော့ အမြင် ပွင့်သွားပြီ၊ မင်းတို့ကို နောက်ထပ် အနိုင်ကျင့်မခံရစေတော့ဘူး၊ လာ... မကြီး ပြန်ရောက်ရင် မင်းတို့ကို ဂျုံဖတ်ဟင်းရည် ချက်တိုက်မယ်၊ မင်းက ဖျားနေတာဆိုတော့ ဆန်ပြုတ်ချည်း သောက်နေရင် အရသာမရှိသလို အာဟာရလည်း မပြည့်ဝဘူး၊ ဂျုံဖတ်ဟင်းရည်က အပူဓာတ်ပေးပြီး အစာအိမ်ကို နွေးထွေးစေတော့ အတော်ပဲ"
ရှန်ကျိသည် စကားမပြောပေ။ သူသည် မျက်လုံးထောင့်မှနေ၍ ရှန်မြောင်ကို တိတ်တိတ်လေး အကဲခတ်လိုက်သည်။ မကြီး၏ ငယ်စဉ်က စိတ်နေသဘောထားကို သူ မသိဘဲ နေပါမည်လား။ ဤမျှ သဘောထားပြည့်ဝပြီး ပျော့ညံ့သည့် မကြီး ရှိနေ၍သာ သူသည် ဤကဲ့သို့ စိတ်ဓာတ်မျိုး ရှိလာခဲ့ခြင်း ဖြစ်လေသည်။ သို့သော် ယခုတစ်ခေါက် မကြီး ပြန်လာသည့်အခါ တွေဝေပြီး စိုးရိမ်စိတ်များ ပြည့်နှက်နေတတ်သည့် မျက်ဝန်းများသည် ပြောင်းလဲသွားခဲ့လေပြီ။ ကြည်လင်ပြတ်သားကာ ခိုင်မာလာသဖြင့် သူ့စိတ်ထဲတွင် အားကိုးချင်စိတ်များ ဖြစ်ပေါ်လာစေသည်။
သို့သော် မကြာမီ သူသည် ထိုအားနည်းသည့်စိတ်ကို ရင်ထဲမှ ဖယ်ထုတ်လိုက်လေသည်။
မကြီးက ရုံမိသားစုအိမ်ကနေ ပြန်ရောက်လာပြီဆိုတော့ နောက်ပိုင်း လူတွေ အတင်းပြောတာ ခံရအုံးမှာ၊ ငါက အိမ်ထောင်ဦးစီးအဖြစ် ပိုပြီး ကြိုးစားရမယ်။ သူသည် စိတ်ထဲတွင် ကြိတ်ပြီး သန္နိဋ္ဌာန် ချလိုက်လေသည်။
ရှန်မြောင်ကတော့ ကျိအာ၏ ပို၍ တည်ငြိမ်ရင့်ကျက်လာသည့် မျက်နှာထားကို သတိမထားမိဘဲ နွေးထွေးစွာဖြင့် ဆက်ပြောနေလေသည်။
"ငါ အရင်က ချန်ကျိုးကို ဖြတ်တုန်းက ခရမ်းရောင် တောင်ကန်စွန်းဥ တစ်လုံး ဝယ်ထားတာ မစားရသေးဘူး၊ အခု သုံးလို့ရပြီ... ဒါပေမဲ့ အထုပ်အပိုးတွေက အဒေါ်ကုအိမ်မှာ ကျန်ခဲ့တာပဲ၊ ဟုတ်သား... ခဏနေရင် ထင်းနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ သွားဝယ်ရအုံးမယ်၊ ဂျုံဖတ်ဟင်းရည်အတွက် အရေးကြီးဆုံးက မီးအရှိန်ပဲ..."
"ဘာ... ဂျုံဖတ်ဟင်းရည် ဟုတ်လား"
လည်ပင်းနောက်ဘက်တွင် ရုတ်တရက် စိုစွတ်မှုကို ခံစားလိုက်ရသဖြင့် ရှန်မြောင်သည် အံ့ဩစွာ လှည့်ကြည့်လိုက်ရာ မူလက အိပ်မောကျနေသော ရှန်းအာသည် ခေါင်းလေးထောင်လာပြီး အိပ်ချင်မူးတူးဖြင့် ပါးစပ်ထောင့်မှ စီးကျလာသည့် သွားရည်များကို သုတ်လိုက်သည်ကို တွေ့လိုက်ရလေသည်။
ရှန်မြောင်သည် ရယ်မောလိုက်မိလေသည်။
ငါ့ရဲ့ ညီမလေးက ငတ်ကြီးကျတဲ့ကောင်မလေးများ ဖြစ်နေမလား။
...
အပိုင်း (၈) ဂျုံဖတ်ဟင်းရည်
မွန်းတည့်ချိန် ရောက်လာသည့်အခါ အရက်ဝယ်သူများ များပြားလာပြီး ပြန့်ကျင်းတွင် ယခုတလော ခေတ်စားနေသည့် နှင်းဆီရေမွှေးအရက်သည် နေ့တစ်ဝက်အတွင်း ကုန်စင်သွားလေသည်။ ကုထူစူးသည် ဆိုင်မှ နောက်ဖေးသို့ အလျင်အမြန် သွားရောက်ပြီး အရက်တစ်အိုး ထပ်မံ သယ်ယူရန် ပြင်ဆင်လိုက်လေသည်။
သူသည် တံခါးခန်းဆီးကို လှန်ကာ စင်္ကြံလမ်းအတိုင်း လျှောက်လာစဉ် မိမိတို့အိမ်မှ အရက်ပို့ရန် အသုံးပြုသည့် လှည်းပေါ်တွင် ထူးဆန်းသည့် ကြေးနီရောင် သစ်သားသေတ္တာကြီး နှစ်လုံး တင်ထားသည်ကို တွေ့လိုက်ရလေသည်။
ထိုသေတ္တာများသည် ဟောင်းနွမ်းနေသော်လည်း ဘေးနှစ်ဖက်ရှိ ကြေးလက်ကိုင်များ၊ သော့ခလောက်များနှင့် အထိန်းများသည် သလဲသီး၊ စပျစ်သီးနှင့် တည်သီးပုံများ ထွင်းထုထားသဖြင့် လက်ရာမြောက်လှပြီး အမျိုးသမီးများ၏ မင်္ဂလာဆောင် လက်ဖွဲ့ပစ္စည်းသေတ္တာများ ဖြစ်ကြောင်း သိသာနေလေသည်။
ထို့အပြင် မျက်မှန်းတန်းမိနေသလိုလည်း ခံစားရလေသည်။
"အမေ၊ ဒါတွေက ဘယ်က ရောက်လာတာလဲ"
ကုထူစူးသည် လည်ပင်းတွင် ချိတ်ဆွဲထားသည့် တဘက်ဖြင့် ချွေးများကို သုတ်လိုက်ပြီး မီးဖိုချောင်ဘက်သို့ လှမ်းအော်မေးလိုက်လေသည်။
"ကျွန်တော် လှည်းကို အရေးတကြီး သုံးစရာ ရှိလို့ ဒါတွေကို အရင် ချထားလိုက်မယ်နော်"
အဒေါ်ကုသည် မီးဖိုချောင်ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး လက်ထဲတွင် ယောက်မကြီးကို ကိုင်ထားလျက် ကိုယ်ကိုကိုင်းကာ အလျင်အမြန် တားမြစ်လိုက်လေသည်။
"မချနဲ့၊ မချနဲ့၊ အတော်ပဲ၊ သား အဲဒီပစ္စည်းတွေကို မျက်နှာချင်းဆိုင်က ရှန်မိသားစုအိမ်ကို သွားပို့ပေးလိုက်၊ သူတို့အိမ်က သမီးကြီး ပြန်လာပြီ"
ကုထူစူးသည် ကြောင်အသွားပြီး မေးလိုက်လေသည်။
"ရှန်အစ်မ ဟုတ်လား"
"ဟုတ်ပါ့တော်၊ ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး ပြန်ရောက်လာလဲ မသိပါဘူး၊ ဒါပေမဲ့ ပြန်ရောက်လာတာ ကောင်းပါတယ်လေ၊ ကျိအာနဲ့ ရှန်းအာတို့က ငယ်ငယ်လေးနဲ့ သနားစရာ ကောင်းလိုက်တာ... ဟဲ့၊ ဟဲ့၊ သား ဘယ်ပြေးမလို့လဲ"
ကုထူစူးသည် လက်ထဲတွင် ကိုင်ထားသည့် အရက်ခပ်ခွက်ကို ပစ်ချလိုက်ပြီး လှည်းကို တွန်းကာ ပြေးထွက်သွားလေသည်။
နောက်ဖေးတံခါးပေါက်မှ ထွက်လိုက်သည်နှင့် မီးလောင်ထားသဖြင့် မည်းတူးနေသော ရှန်မိသားစုအိမ်၏ တိုင်များကို လှမ်းမြင်လိုက်ရလေသည်။ သူသည် နေ့တိုင်း အရက်သွားပို့တိုင်း ထိုအိမ်ကို ငေးကြည့်ပြီး ဝမ်းနည်းနေမိသည်။
ငယ်စဉ်က အိမ်နီးနားချင်းများ ဖြစ်ကြသဖြင့် မိဘများ အလုပ်ရှုပ်နေချိန်တွင် သူ့ကို ရှန်မိသားစုအိမ်၌ အပ်ထားလေ့ရှိသည်။ တစ်နေ့လျှင် ထမင်း ၃နပ်ရှိရာ ၂နပ်ကို ရှန်မိသားစုအိမ်၌ စားသောက်ခဲ့ရသည်။ ရှန်မိသားစုသည် ဟင်းရည်ပူပူ ခေါက်ဆွဲဆိုင် ဖွင့်ထားသဖြင့် နေ့စဉ် မီးခိုးတလူလူနှင့် ဟင်းနံ့မွှေးကြိုင်နေတတ်သည်။
သူနှင့် ရှန်အစ်မတို့သည် တံခါးခုံတွင် အတူတူ ထိုင်စောင့်လေ့ရှိကြသည်။ လမ်းကြားထိပ်မှ "တောင်တင်းတင်း" ဟူသော အသံ ကြားလိုက်ရသည်နှင့် ဇယ်ကျိုးသကြားလုံးသည် လာပြီမှန်း သိလိုက်ကြသည်။ ရှန်အဒေါ်ကြီးသည် ဝမ်ကြေးပြားအနည်းငယ် ထုတ်ပေးတတ်ပြီး သူ့ကို ရှန်အစ်မနှင့်အတူ သကြားလုံး သွားဝယ်ခိုင်းလေ့ရှိသည်။
တုတ်ချောင်းငယ် နှစ်ချောင်းတွင် ကပ်နေသည့် မွှေးကြိုင်ချိုမြိန်ပြီး စေးကပ်နေသော ဇယ်ကျိုးသကြားလုံးသည် ဆန်နှင့် ဂျုံအဖူးကို ကျိုချက်ထားခြင်း ဖြစ်သည်။ အဝါရောင်သန်းနေပြီး စားလိုက်လျှင် သွား၌ ကပ်ငြိနေတတ်သဖြင့် မကြိုက်သည့် ကလေးဟူ၍ မရှိပေ။ သူနှင့် ရှန်အစ်မသည် လမ်းကြားထိပ်ရှိ မိုးမခပင်အောက်တွင် ထိုင်ကာ လေညင်းခံရင်း စည်ကားသည့် လမ်းမကြီးကို ငေးမောကြည့်ရှုကာ သကြားလုံးကို တမြုံ့မြုံ့ စားလေ့ရှိသည်။ ရှန်အဒေါ်ကြီးက နောက်ဖေးတံခါးမှ ထမင်းစားရန် လှမ်းခေါ်မှသာ ပြန်လာကြသည်။
ယခုမူ ရှန်ဦးလေးနှင့် အဒေါ်တို့ ကွယ်လွန်သွားကြပြီ ဖြစ်သဖြင့် လူစည်ကားခဲ့သည့် ရှန်မိသားစု ခေါက်ဆွဲဆိုင်သည်လည်း လူသူကင်းမဲ့သည့် အပျက်အစီးပုံကြီး ဖြစ်သွားလေသည်။
လေတိုက်သည့်အခါ ရှန်မိသားစု ခြံဝင်းထဲမှ ပြာမှုန်များသည် လေထဲတွင် ဝဲပျံနေတတ်သည်။ မိုးရွာသည့်အခါ အုတ်ကျိုးအုတ်ပဲ့များ ကြားမှ မြက်ရိုင်းများ ပေါက်ရောက်လာတတ်သည်။ ညဉ့်နက်သည့်အခါ ကြောင်အော်သံများကို ကြားရတတ်သည်။
လွန်ခဲ့သည့်ရက်က ရှန်ကျိတို့ မောင်နှမနှစ်ယောက် မိုးထဲလေထဲ ဝင်သွားသည်မှလွဲ၍ ရှန်မိသားစုအိမ်သည် လူသူကင်းမဲ့နေသည်မှာ ကြာမြင့်ပြီ ဖြစ်လေသည်။
သို့သော် ယနေ့တွင် သူ မော့ကြည့်လိုက်ရာ ကျိုးပဲ့နေသည့် မီးဖိုတိုင်မှ မီးခိုးငွေ့များ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသဖြင့် မျက်ရည်ဝဲလာပြီး ခြေလှမ်းများပင် ရပ်တန့်မသွားသလို ဖြစ်သွားလေသည်။
ထို့နောက် နူးညံ့သည့် အမျိုးသမီးအသံတစ်ခုနှင့်အတူ ခြေသံများ နီးကပ်လာသည်ကို ကြားလိုက်ရလေသည်။
"ကျိအာ မင်း ခဏ လှဲနေအုံး၊ မကြီး ကုမိသားစုအိမ်က အထုပ်တွေ သွားယူလိုက်အုံးမယ်"
ကုထူစူးသည် ပြိုကျနေသည့် သစ်သားတံခါးကြားမှ ထွက်လာသည့် သွယ်လျသော အမျိုးသမီးကို ငေးမောကြည့်ရှုနေမိသည်။ ပေါင်ချိန် ၁၀ဝရှိသည့် အရက်အိုးကို လက်တစ်ဖက်တည်းဖြင့် မနိုင်သော သန်မာသည့် ယောက်ျားကြီးသည် ယခုအချိန်တွင် မျက်လုံးပင် မလှုပ်နိုင်တော့ဘဲ တစ်ကိုယ်လုံး တောင့်တင်းသွားကာ လက်ဖဝါးတွင် ချွေးများ စို့လာလေသည်။
ရှန်မြောင်သည် လှည့်ပြီး မှာကြားလိုက်သော်လည်း ရှန်းအာသည် သူမ၏အနားသို့ ပြေးလာပြီး အင်္ကျီစကို ဆွဲကာ မလွှတ်တော့ပေ။ သူမသည် ဆံပင်ပေါက်စ အရွယ်သာ ရှိသေးသဖြင့် အနီရောင်ကြိုးဖြင့် ဆံပင်နှစ်ဖက် စည်းထားသော်လည်း ကျိအာ၏ လက်ရာ မသေသပ်သဖြင့် ဆံထုံးများသည် အရွယ်အစား မညီဘဲ ရွဲ့စောင်းကာ ရှုပ်ပွနေလေသည်။ သို့သော် သူမသည် မျက်နှာလေး မော့ကာ မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးပြနေသဖြင့် အလွန် ချစ်စရာ ကောင်းနေလေသည်။
သူမ၏ ကျောပေါ်တွင် နိုးလာပြီး ၃နှစ်ကြာ ကွဲကွာနေသည့် အစ်မကြီးကို မှတ်မိသွားချိန်မှစ၍ ရှန်းအာသည် ဝမ်းနည်းပက်လက် ငိုကြွေးပြီး သူမ၏လည်ပင်းကို ဖက်ကာ တစ်ဖဝါးမှ အခွာမခံတော့ပေ။
ရှန်မြောင်သည်လည်း သူမကို လက်ဆွဲထားရန် ခွင့်ပြုလိုက်ရလေသည်။
ထို့နောက် လှည့်ကြည့်လိုက်ရာ လမ်းကြားထဲတွင် အရပ်မြင့်မြင့်၊ အသားညိုညို၊ မျက်ခုံးထူ မျက်လုံးကျယ်နှင့် သူမနှင့် ရွယ်တူခန့်ရှိမည့် ယောက်ျားတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရလေသည်။ သူသည် အဝတ်ကြမ်းကို ဝတ်ဆင်ထားပြီး ရာသီဥတု အနည်းငယ် အေးနေသော်လည်း ရင်ဘတ်ကို ဟထားကာ ပင်ပန်းသည့်အလုပ် လုပ်ထားသကဲ့သို့ နဖူးတွင် ချွေးများ စို့နေလေသည်။
ကုအဒေါ်ကြီး၏ သားကြီးသည် ငယ်စဉ်ကတည်းက ဆုံးပါးသွားသဖြင့် ဤသူသည် ကုအဒေါ်ကြီး၏ ဒုတိယသား ကုအာ့ကော ကုထူစူး ဖြစ်လောက်လေသည်။ မူလခန္ဓာကိုယ်ပိုင်ရှင်နှင့် ငယ်သူငယ်ချင်းများ ဖြစ်ကြပြီး လက်ထပ်ရန်ပင် စီစဉ်ထားခဲ့ဖူးသည်ဟု ကြားသိရသည်။ နောက်ပိုင်းတွင် ဟန်ဆောင်ကောင်းသည့် ရုံသာ့လန် ဝင်ရောက်နှောင့်ယှက်သဖြင့် ငယ်ချစ်ဦးသည် ပြင်ပလူကို ရှုံးနိမ့်သွားခဲ့ရခြင်း ဖြစ်လေသည်။
ရှန်မြောင်သည် မှတ်ဉာဏ်များကို ပြန်ရှာကြည့်လိုက်ပြီး သူ့လက်ထဲတွင် တွန်းလှည်းကို တွေ့လိုက်ရသဖြင့် ခါးကိုအနည်းငယ်ညွတ်ကာ ယဉ်ကျေးစွာ ပြုံးပြလိုက်လေသည်။
"ကုအာ့ကော၊ တကယ်ပဲ အားနာစရာပါပဲ"
ကုထူစူးသည် ထိုအခါမှ သတိပြန်ဝင်လာပြီး ခေါင်းခါကာ ပြောလိုက်လေသည်။
"အားနာစရာ မလိုပါဘူး၊ ငါ ကူသယ်ပေးပါမယ်"
ရှန်မြောင်သည် ကျေးဇူးတင်စကား ဆိုလိုက်ပြန်သည်။ သေတ္တာနှစ်လုံးသည် ကြီးမားလေးလံသဖြင့် သူမ သယ်နိုင်သော်လည်း အနည်းငယ် ခက်ခဲလေသည်။ လမ်းတစ်လျှောက်တွင်လည်း ငွေပေးကာ လှည်းမောင်းသမားများနှင့် အထမ်းသမားများကို အကူအညီတောင်းခဲ့ရသည်။
ရှန်မိသားစုဝင်းသည် ရှုပ်ပွနေသဖြင့် တွန်းလှည်းက ဝင်မရပေ။ ကံကောင်းသည်မှာ ကုထူစူးသည် အလုပ်ကြမ်း လုပ်လေ့ရှိသူ ဖြစ်သဖြင့် ခဏချင်းအတွင်း ရှန်မြောင်အတွက် သေတ္တာကြီးနှစ်လုံးကို မီးဖိုချောင်ထဲသို့ သယ်ပေးလိုက်လေသည်။
ကုထူစူးသည် မတ်တတ်ရပ်ကာ အသက်ရှူရင်း ချွေးသုတ်လိုက်သည်။ ရှန်မြောင်သည် မီးဖိုပေါ်ရှိ မြေအိုးထဲမှ ရေနွေးတစ်ခွက်ကို ခပ်ကာ သူ့ကို ကမ်းပေးလိုက်လေသည်။
"ကုအာ့ကော ရေနွေးလေး သောက်ပါအုံး၊ ကျွန်မလည်း မရှင်းလင်းရသေးတော့ ဧည့်ဝတ်မကျေ ဖြစ်သွားပြီ"
"မလိုပါဘူး၊ မလိုပါဘူး"
ကုထူစူးသည် ဘေးဘီကို ကြည့်လိုက်ရာ ရှန်မြောင်သည် အရှေ့ဘက်မှ မတ်တတ်ရပ်နိုင်သည့် ခုံတန်းရှည်အချို့ကို ယူလာပြီး အုတ်ခဲများဖြင့် ခုကာ နံရံဘက်တွင် ကပ်လျက် ဖျာခင်းထားသည်ကို တွေ့လိုက်ရလေသည်။ နေမကောင်းဖြစ်နေသည့် ရှန်ကျိကို ထိုနေရာတွင် ခေတ္တ လှဲခိုင်းထားခြင်း ဖြစ်လေသည်။
သူ ရောက်လာသည်ကို မြင်သောအခါ ကျိအာသည် ထထိုင်ပြီး နှုတ်ဆက်ရန် ကြိုးစားသော်လည်း ကုထူစူးသည် အမြန်သွားရောက်ကာ ပြန်လှဲနေစေပြီး ရှန်မြောင်ကို အားနာစွာ ပြောလိုက်လေသည်။
"သူတို့နှစ်ယောက် ပြန်ရောက်တုန်းက အမေက အိမ်မှာ လာနေဖို့ ခေါ်ပေမဲ့ ကျိအာက ခေါင်းမာပြီး ဘယ်လိုမှ လက်မခံဘူးလေ၊ အမေကလည်း မတတ်နိုင်တော့လို့ အိပ်ရာလိပ်တွေ ပို့ပေးပြီး ဒီအခန်းကို ရှင်းလင်းပေးထားတာ... ဒါပေမဲ့ ဒီကလေးက မိုးမိပြီး ဖျားသွားရှာတယ်"
"ဒါက အာ့ကောနဲ့ အဒေါ်ကြီးအပြစ်မှ မဟုတ်တာ၊ ကျွန်မ ကိုယ်တိုင် သူတို့ကို မခေါ်ထားနိုင်ခဲ့လို့ ဖြစ်ရတာပါ၊ ဒီကလေးနှစ်ယောက် အအေးမိ အစာငတ်ပြီး မသေတာ အဒေါ်ကြီးနဲ့ အာ့ကောတို့ စောင့်ရှောက်ပေးခဲ့လို့ပါ၊ ကျွန်မ ကျေးဇူးတင်လို့ မဆုံးပါဘူး၊ အာ့ကောကို ကျွန်မ ဂါရဝပြုပါရစေ"
ရှန်မြောင်သည် ရှေ့တိုးပြီး ခါးညွတ်ကာ ဂါရဝပြုလိုက်လေသည်။ အိမ်တိုင်းတွင် ကိုယ်ပိုင်အခက်အခဲများ ရှိကြသဖြင့် ဤမျှ ကူညီပေးခြင်းသည်ပင် အလွန်ကောင်းမွန်လှပြီ ဖြစ်လေသည်။
ကုထူစူးသည် အလျင်အမြန် ရှောင်တိမ်းလိုက်ပြီး စကားပင် ထစ်သွားကာ လက်ကာပြလိုက်လေသည်။
"မလုပ်ပါနဲ့၊ မလုပ်ပါနဲ့"
ထိုအချိန်တွင် မြေအိုးထဲမှ ရေနွေးများ ဆူပွက်လာပြီး အဖုံးပွင့်လုမတတ် ဖြစ်လာသဖြင့် ရှန်မြောင်သည် အမြန်သွားရောက်ကာ ထင်းအချို့ကို လျှော့လိုက်လေသည်။ ကုထူစူးသည် ရှန်မြောင်တို့ အတည်တကျ မဖြစ်သေးဘဲ အလုပ်များနေမှန်း သိသဖြင့် နှုတ်ဆက်ရန် ပြင်လိုက်လေသည်။
"မင်း ထင်းဝယ်ထားတာလား၊ ဒါလောက်နဲ့ လောက်မှာ မဟုတ်ဘူး၊ မင်း အရင် ရှင်းလင်းထားလိုက်၊ နောက်မှ ငါ ဆိုင်အားရင် ထင်းတစ်စီးလောက် လာပို့ပေးမယ်၊ ငါ သွားတော့မယ်"
ရှန်မြောင်သည် ဟန်ဆောင်ငြင်းဆန်မနေတော့ဘဲ ပြုံးကာ လက်ခံလိုက်လေသည်။ သူမတို့သုံးယောက် ကျောက်ထိုက်ချန်အိမ်မှ ပြန်လာစဉ်က ထင်းတစ်စီးနှင့် အရေးပေါ်သုံးပစ္စည်း အနည်းငယ်သာ ဝယ်လာနိုင်ခဲ့သည်။ ကလေးနှစ်ယောက်နှင့် ဖြစ်သဖြင့် ပစ္စည်းအများကြီး မသယ်နိုင်ခဲ့ပေ။ သူမသည် ဘယ်လက်တွင် ထင်းတစ်စီး၊ ညာလက်တွင် ဂျုံမှုန့်တစ်အိတ်၊ ချိုင်းကြားတွင် ဈေးဆစ်၍ အပိုရလာသော ကြက်သွန်မြိတ်တစ်ပင် ညှပ်ထားပြီး ကျောပေါ်တွင် ဒယ်အိုးကြီးကို လွယ်ထားရသည်။ ရှန်းအာက ပန်းကန်ခွက်ယောက်များကို ကူသယ်ပေးပြီး ကျိအာကလည်း ဇွတ်ကူညီချင်သဖြင့် ရေပုံးအသစ်တစ်လုံးနှင့် ကြက်ဥတစ်ခြင်းကို ကိုင်ထားရလေသည်။
သုံးယောက်သား ပြန်ရောက်ချိန်တွင် မောဟိုက်နေကြလေသည်။
ကုထူစူးကို ပြန်ပို့ပြီးနောက် သူမသည် ဂျုံဖတ်ဟင်းရည် ချက်ရန် စတင်ပြင်ဆင်လိုက်လေသည်။ ယနေ့တွင် ကုမိသားစုကို ကျေးဇူးတင်သည့်အနေဖြင့် သွားရောက်ပို့ဆောင်ရန်အတွက် ပိုမို ချက်ပြုတ်ရန် စီစဉ်ထားလေသည်။
မီးဖိုချောင်ရှိ မီးဖိုများကို စစ်ဆေးကြည့်ရာ ၄လုံးအနက် ၂လုံးသာ သုံး၍ရတော့သည်။ အနည်းငယ် သန့်ရှင်းရေး လုပ်ပြီးနောက် လမ်းကြားထဲရှိ အများသုံး ရေတွင်းမှ ရေခပ်ကာ သောက်ရေ အရင်ကျိုလိုက်လေသည်။
ရှန်မြောင်သည် ကျိုထားသည့် ရေနွေးကို လောင်းထည့်ပြီး ဂျုံဖတ်ဟင်းရည် ချက်ရန် ရေထပ်တည်လိုက်လေသည်။
ဂျုံဖတ်ဟင်းရည်ကို အသီးအရွက် သက်သက်ဖြင့်လည်း ချက်နိုင်သလို အသားထည့်၍လည်း ချက်နိုင်လေသည်။ သို့သော် ဖျားနာပြီး အားနည်းနေသည့် ကျိအာအတွက် ကြက်ဥ၊ ဟင်းနုနွယ်၊ မှိုခြောက်နှင့် တောင်ကန်စွန်းဥတို့ ပါဝင်သည့် ပေါ့ပါးပြီး အာဟာရရှိသည့် ဟင်းရည်က ပိုသင့်တော်လေသည်။
ရှန်မြောင်၏ သေတ္တာထဲတွင် တောင်ကန်စွန်းဥ တစ်လုံး၊ ဟင်းနုနွယ် တစ်စည်းနှင့် မှိုခြောက်အိတ် တစ်ဝက် ပါလာသေးသည်။ လမ်းခရီးတွင် မကုန်သေးသည့် ဆီနှင့် ဆားကဲ့သို့ ဟင်းခတ်ပစ္စည်းများလည်း ရှိနေသေးသည်။ ခုနက ကြက်ဥနှင့် ဂျုံမှုန့် ထပ်ဝယ်လာသဖြင့် ပစ္စည်းစုံလင်သွားလေသည်။
ဂျုံဖတ်ဟင်းရည် ကောင်းမကောင်းသည် ဂျုံဖတ်အပေါ်တွင် မူတည်လေသည်။ အရသာရှိသည့် ဂျုံဖတ်ဟင်းရည်သည် ဟင်းရည်ပျစ်ပျစ်နှင့် ဂျုံဖတ်အိအိ ဖြစ်ရမည်။ ရှန်မြောင်သည် ဂျုံမှုန့်ထဲသို့ ရေကို ဖြည်းဖြည်းချင်း ထည့်ကာ မွှေပေးနေပြီး ဂျုံဖတ်လေးများ ဖြစ်လာသည်အထိ လုပ်ဆောင်လိုက်သည်။ ထို့နောက် ကြက်ဥ ၂လုံးကို ခေါက်ထည့်လိုက်ပြီး ရေနွေးဖျောထားသည့် မှိုခြောက်နှင့် ဟင်းနုနွယ်တို့ကို လှီးထည့်လိုက်လေသည်။
ဒယ်အိုးပူလာလျှင် ဆီထည့်ကာ ကြက်သွန်မြိတ်ကို ဆီသတ်ပြီး မှိုခြောက်နှင့် ဟင်းနုနွယ်ကို ထည့်ကျော်လိုက်သည်။ အရည်ထွက်လာလျှင် ဟင်းနုနွယ်ကို ပြန်ဆယ်ထားပြီး ရေထည့်ကာ မှိုခြောက်ဟင်းရည် တည်လိုက်သည်။ ရေဆူလာလျှင် ဂျုံဖတ်များကို ဖြည်းဖြည်းချင်း ထည့်ကာ ယောက်မဖြင့် မွှေပေးရင်း မီးအရှိန်လျှော့ရန် ထင်းများကို ဆွဲထုတ်လိုက်လေသည်။
ဂျုံဖတ်ဟင်းရည်၏ မွှေးပျံ့သည့် အနံ့သည် တဖြည်းဖြည်း ပြင်းထန်လာပြီး ပွက်ပွက်ဆူနေသည့် အသံနှင့်အတူ ရှုပ်ပွနေသော မီးဖိုချောင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။ တဖြည်းဖြည်းနှင့် မွှေးကြိုင်သည့် ရေနွေးငွေ့များသည် ရှန်မိသားစုအိမ်မှ လွင့်ပျံထွက်ခွာသွားပြီး ကျဉ်းမြောင်းသည့် လမ်းကြားလေးထဲတွင် ပျံ့လွင့်သွားလေသည်။
မွန်းတည့်ချိန် ရောက်လာသဖြင့် လမ်းကြားထဲရှိ အိမ်တိုင်းသည် နေ့လယ်စာ ချက်ပြုတ်နေကြလေသည်။
စုန့်ခေတ်တွင် သာမန်ပြည်သူများမှစ၍ မင်းမျိုးမင်းနွယ်များအထိ တစ်နေ့ ၃နပ် စားသောက်ကြလေသည်။ သို့သော် ပြည်သူများသည် နေ့လယ်စာကို ရိုးရှင်းစွာ စားသောက်လေ့ရှိပြီး ဟင်းအသစ် မချက်ဘဲ မနက်က ကျန်သည့် အစားအစာများကို ပြန်နွှေးစားခြင်း သို့မဟုတ် မုန့်ပဲသရေစာများ စားခြင်းတို့ ပြုလုပ်လေ့ရှိကြသည်။
ကုမိသားစုသည်လည်း ထိုနည်းတူပင်။ ကုအဒေါ်ကြီးနှင့် သားဖြစ်သူသည် မနက်က ကျန်သည့် ဆန်ပြုတ်နှင့် မုန့်ကြမ်းကို စားသောက်နေစဉ် နံရံတစ်ဖက်မှ မွှေးကြိုင်သည့် အနံ့တစ်မျိုး ပျံ့လွင့်လာသည်ကို ရုတ်တရက် သတိထားမိလိုက်ကြလေသည်။
"ဘယ်အိမ်က ဟင်းရည်ချက်နေတာလဲ၊ မွှေးလိုက်တာ"
ကုအဒေါ်ကြီးသည် တူကို ရပ်လိုက်ပြီး လေထဲတွင် အနံ့ခံကြည့်လိုက်လေသည်။
"မှိုဟင်းရည်အနံ့နဲ့ တူပေမဲ့ တော်တော် ကွာခြားနေတယ်"
ကုထူစူးသည် မုန့်ကို ခေါက်ကာ ၂ကိုက်ဖြင့် ကုန်အောင် စားလိုက်ပြီး ပါးစပ်သုတ်ကာ ပြောလိုက်လေသည်။
"ရှန်အစ်မ ချက်နေတာ ဖြစ်မယ်၊ ကျွန်တော် အထုပ်သွားပို့တုန်းက သူ ရေနွေးတည်နေပြီး မှိုခြောက်တွေလည်း စိမ်ထားတာ တွေ့တယ်"
"သူ့လက်ရာ ဒီလောက်ကောင်းမှန်း အရင်က မသိခဲ့ပါဘူး"
ကုအဒေါ်ကြီးသည် အံ့ဩသွားပြီး ဝမ်းနည်းစွာဖြင့် ညည်းတွားလိုက်လေသည်။
"ဟုတ်သားပဲ၊ အရင်က ရှန်အဘိုးကြီးက သမီးကြီးကို အရမ်းချစ်တာ၊ ဘာအလုပ်မှ မခိုင်းတော့ ဘယ်သူမှ သူ ချက်ပြုတ်တာ မမြင်ဖူးကြဘူး၊ ဟင်း... ရှန်မိသားစုက ဘာဝဋ်ကြွေးပါလာလဲ မသိပါဘူး၊ နှစ်နည်းနည်းလေးအတွင်းမှာ အိမ်ကွဲမိသားစုပြို ဖြစ်ကုန်ရတယ်"
ဤကိစ္စသည် ကြားရသူတိုင်း စိတ်မကောင်း ဖြစ်ရလေသည်။ ၃နှစ်ကြာခဲ့ပြီ ဖြစ်သော်လည်း ခိုင်ဖုန်းရုံးတော်တွင် အမှုမပြီးပြတ်သေးပေ။ မည်သူ ဝင်တိုက်သွားမှန်း မသိရသလို ရှာလည်း မရှာရဲကြပေ။ ဧကရာဇ်မင်းမြတ်၏ အောက်တွင် ခရမ်းရောင် ဝတ်ရုံဝတ်ဆင်သူများသည် အမြတ်ဆုံး ဖြစ်သဖြင့် ၎င်းသည် အာဏာရှိသည့် လူကြီးလူကောင်း တစ်ယောက် ဖြစ်မှာ သေချာလေသည်။ သူတို့ကဲ့သို့ သာမန်ပြည်သူများက မည်သို့ တတ်နိုင်ပါမည်နည်း။
ထိုသို့ တွေးလိုက်မိသဖြင့် ပိုလို့ပင် ဝမ်းနည်းအားငယ်စရာ ကောင်းလာတော့သည်။
ကုထူစူးသည် ဆန်ပြုတ်တစ်ပန်းကန်လုံးကို ဗိုက်ထဲသို့ လောင်းထည့်လိုက်လေသည်။
"အမေ၊ ခဏနေရင် ကျွန်တော် ဆိုင်သွားမကူတော့ဘူး၊ အဖေ ပြန်လာရင် ဆိုင်ကြည့်ခိုင်းလိုက်မယ်၊ ကျွန်တော် ရှန်မိသားစုဆီ ထင်းသွားပို့ပေးမလို့၊ အမေ စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေလည်း ခူးပြီး သွားပေးလိုက်အုံးမယ်"
"အေးပါ၊ ဒီမောင်နှမ ၃ယောက် သနားစရာပါ၊ သွားလိုက်ပါ၊ သူတို့ကို ကူညီပြီး ရှင်းလင်းပေးလိုက်အုံး၊ ရှန်မိသားစုအိမ်က မီးလောင်ထားတော့ မိန်းမတစ်ယောက်နဲ့ ကလေးနှစ်ယောက် ဘယ်လိုလုပ် နိုင်ပါ့မလဲ"
ကုအဒေါ်ကြီးသည် ပြောရင်း ဆန်ပြုတ်တစ်လုပ် သောက်လိုက်ရာ အရသာမရှိသလို ခံစားလိုက်ရလေသည်။ နံရံတစ်ဖက်မှ မွှေးရနံ့က ပိုပြင်းထန်လာသဖြင့် သူမ ကိုယ်တိုင်ပင် သွားရည်ကျလာတော့သည်။
ထို့ကြောင့် တူကို ချလိုက်ပြီး ပြောလိုက်လေသည်။ "မဖြစ်တော့ဘူး၊ အရမ်းမွှေးနေတယ်၊ ငါလည်း ပူပူနွေးနွေးလေး တစ်ခုခု ချက်စားအုံးမှ"
ရှန်မိသားစုအိမ်တွင်တော့ ရှန်မြောင်သည် ရိုးရှင်းလွယ်ကူသည့် နေ့လယ်စာကို ချက်ပြုတ်ပြီးစီးလုနီးပါး ဖြစ်နေလေသည်။ ရှန်းအာသည် မည်သည့်အချိန်က ရောက်လာမှန်း မသိဘဲ မီးဖိုဘေးတွင် ရှန်မြောင် ကြက်ဥထည့်၊ ဆား၊ သကြား၊ ဂျင်းနှင့် ပဲငံပြာရည် အနည်းငယ် ထည့်၊ ခုနက ဆယ်ထားသည့် ဟင်းနုနွယ်ကို ပြန်ထည့်လိုက်သည်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေလေသည်။ ခဏအကြာ တည်ပြီးနောက် ဟင်းအိုးချလိုက်တော့သည်။
ကျွမ်းကျင်လျှင် ဂျုံဖတ်ဟင်းရည် ချက်ပြုတ်ခြင်းသည် အလွန်မြန်ဆန်ပြီး ဤကဲ့သို့ အလုပ်များချိန်တွင် စားသောက်ရန် အသင့်တော်ဆုံး ဖြစ်လေသည်။
ရှန်မြောင်သည် ဂျုံဖတ်ဟင်းရည်ကို ဒယ်အိုးထဲမှ သူမ ကျင်းလင်က သယ်လာသည့် မြေအိုးထဲသို့ လောင်းထည့်လိုက်ရာ ရှန်းအာ၏ လည်ချောင်းထဲမှ "ဂလု" ဟူသော မြိုချသံ ထွက်ပေါ်လာလေသည်။
သူမသည် ဇွန်းဖြင့် ဟင်းရည်တစ်ဇွန်းခပ်ကာ အရသာမြည်းကြည့်လိုက်ရာ အနည်းငယ် ပေါ့နေသဖြင့် ဆားထပ်ထည့်လိုက်သည်။ ဂျုံဖတ်များသည် ဝါးလိုက်လျှင် အိစက်နေသဖြင့် ယေဘုယျအားဖြင့် အဆင်ပြေလေသည်။
ရှန်းအာသည် ခြေဖျားထောက်ကာ မျှော်ကြည့်နေလေပြီ။
"မကြီး၊ မကြီး၊ ညီမလေးကိုလည်း တစ်လုပ်လောက် ကျွေးပါ"
ရှန်မြောင်သည် ရယ်မောလိုက်ပြီး သူမကို တစ်ဇွန်း ခပ်ကျွေးရန် ပြင်လိုက်သည်။ မှုတ်ပြီးနောက် သူမ၏ပါးစပ်နားသို့ တေ့ပေးလိုက်ရာ ရှန်းအာသည် တစ်လုပ်စားပြီးနောက် မျက်လုံးများ အရောင်တောက်လာတော့သည်။
"မကြီး၊ စားလို့ကောင်းလိုက်တာ၊ မွှေးနေတာပဲ"
သူမသည် ကျိအာနှင့် ရှန်းအာအတွက် တစ်ပန်းကန်စီ ခပ်ပေးလိုက်ပြီး ကိုယ့်အတွက် ပန်းကန်တစ်ဝက်ကျော်ကျော် ခပ်လိုက်လေသည်။ ဒယ်အိုးထဲတွင် တစ်ဝက်ခန့် ကျန်နေသေးရာ မီးဖိုပေါ်တွင် နွေးထားပြီး ခဏနေလျှင် ကုမိသားစုအိမ်သို့ သွားပို့ရန် စီစဉ်ထားလေသည်။
စားပွဲနှင့် ကုလားထိုင် မရှိသေးသဖြင့် သုံးယောက်သား မီးဖိုဘေးတွင် မတ်တတ်ရပ်ကာ စားလိုက်ကြသည်။
ရှန်းအာသည် ပန်းကန်တစ်လုံး ရလိုက်သည်နှင့် ပျော်လွန်းသဖြင့် ခုန်ပေါက်လုမတတ် ဖြစ်သွားလေသည်။ သူမသည် မီးဖိုခုံလောက်ပင် အရပ်မရှည်သေးသဖြင့် ခြေဖျားထောက်ကာ မီးဖိုဘေးတွင် ပါးလေးဖောင်းလျက် အအေးခံရန် ကြိုးစားနေလေသည်။ ၂ခါ ၃ခါလောက် မှုတ်ပြီးသည်နှင့် မစောင့်နိုင်တော့ဘဲ တစ်ဇွန်းပြီး တစ်ဇွန်း ပါးစပ်ထဲ ထည့်တော့သည်။ တစ်ခါတလေ ပူသွားသဖြင့် ခုန်ဆွခုန်ဆွ ဖြစ်သွားသော်လည်း ပါးစပ်ကတော့ မရပ်တန့်ပေ။
ထိုမျှ အလုပ်ရှုပ်နေသည့်ကြားမှ သူမသည် မျက်လုံးလေးမှေးကာ ချီးကျူးလိုက်သေးသည်။
"မကြီး၊ အရမ်း စားလို့ကောင်းတာပဲ"
ကျိအာ၏ စားပုံသည် ပိုပြီး ယဉ်ကျေးသိမ်မွေ့သော်လည်း မကြာမီ ပန်းကန်ပြောင်သွားတော့သည်။ မှိုထည့်ထားသည့် ဂျုံဖတ်ဟင်းရည်သည် ပျစ်နှစ်ချောမွတ်နေပြီး အသားအရသာ ရနေလေသည်။ ဂျုံဖတ်လေးများသည် တစ်လုံးချင်း ကွဲနေပြီး စားလိုက်သည်နှင့် တစ်ကိုယ်လုံး နွေးထွေးသွားကာ မူးဝေနေသည့် ခေါင်းပင် ကြည်လင်သွားသလို ခံစားလိုက်ရသည်။ သူသည် ချွေးပင် ထွက်လာလေသည်။
မကြီးရဲ့ လက်ရာ ဘယ်တုန်းက ဒီလောက် ကောင်းသွားတာလဲ။
ရှန်ကျိသည် နှုတ်မှ မကြီးဟု မခေါ်သေးသော်လည်း စိတ်ထဲတွင် အလိုအလျောက် ခေါ်မိနေလေသည်။ ကုအဒေါ်ကြီးကဲ့သို့ပင် သူ့စိတ်ထဲတွင် ထူးဆန်းနေမိသည်။
သို့သော် သူသည် ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်လိုက်လေသည်။ အဖေက ခေါက်ဆွဲလုပ်တာ ဒီလောက် ကောင်းတာပဲ၊ မကြီးက ချက်ပြုတ်ရေးမှာ ပါရမီပါလာတာ ဖြစ်မှာပေါ့။
သူသည် မြေအိုးထဲမှ ပန်းကန်တစ်ဝက်ခန့် ထပ်ခပ်လိုက်ပြီး ခေါင်းငုံ့ကာ ဆက်စားနေတော့သည်။
...