အခန်း (၁၁-၁၂)
Vol. 2 Ch. 11-12
အပိုင်း (၁၁) ပရိဘောဂများ ဖြည့်တင်းခြင်း
ယန်လောင်ဟန့်၏ မျက်နှာသည် တွန့်ချိုးနေပြီး ရှန်မြောင်ကို ဒေါသထွက်လွန်းသဖြင့် ခြေထောက်ကို စောင့်လိုက်လေသည်။
"မင်းက ကျူထောက်သစ်သား (ဘိချ်သစ်)ကို လိုချင်သေးတယ်၊ စာလုံးထွင်းပြီး သစ်ဆေးသုတ်ချင်သေးတယ်၊ ညန်ဇီ ရေ ပြန့်ကျင်းမြို့တစ်ခွင်လုံး လိုက်မေးကြည့်လိုက်စမ်းပါ၊ ဒီလောက် သက်သာတဲ့စျေး ဘယ်မှာရှိလို့လဲ၊ ဒါက သစ်သားအကောင်းစားလေ”
ရှန်မြောင်က ကိုယ်ကို အနည်းငယ်ကိုင်းလိုက်ကာ "ဦးလေးက သဘောထားကြီးတဲ့သူပါ၊ ဦးလေးလည်း မြင်သားပဲ၊ ကျွန်မတို့အိမ်က အခုမှ ကပ်ဘေးသင့်ထားတာ၊ အိမ်မှာ စားသောက်ဖို့ လိုနေတဲ့ ကလေးနှစ်ယောက်လည်း ရှိသေးတယ်၊ ချွေတာလို့ရရင် ချွေတာရမှာပေါ့ရှင်၊ နောက်ရက်နည်းနည်းကြာရင် တံခါးနဲ့ပြတင်းပေါက်တွေလုပ်ဖို့ ဦးလေးဆီ လာရဦးမှာ၊ ကျွန်မနဲ့ဦးလေးနဲ့က ရေရှည်လက်တွဲရမယ့် စီးပွားရေးလေ၊ ကြည့်ပါဦး၊ ကျွန်မ မနေ့ကမှ ဦးလေးဆီမှာ သစ်သားထည်တွေ မှာခဲ့တယ်၊ အခုချက်ချင်း လှည်းလုပ်ဖို့ ဦးလေးဆီ ပြန်လာခဲ့တယ်လေ၊ ဦးလေးရဲ့ လက်ရာကို သဘောကျလို့တင် မဟုတ်ပါဘူး၊ ဦးလေးရဲ့ စိတ်သဘောထားကို လေးစားလို့ပါ”
ပြောလိုက်သည့် စကားများကြောင့် ယန်လောင်ဟန့်၏ ညိုမောင်းနေသော မျက်နှာသည် အနည်းငယ် နီရဲသွားပြီး မေးစေ့သည်လည်း မသိမသာ မော့တက်သွားတော့သည်။ သူသည် ရှန်မြောင်၏ နောက်ဘက်ရှိ ပြိုကျနေသော ခြံစည်းရိုးနှင့် မီးလောင်ထားသဖြင့် မည်းတူးကာ ရက်မတန်းသာ ကျန်တော့သည့် အိမ်ကို လှမ်းကြည့်လိုက်ပြီး သက်ပြင်းရှည် တစ်ချက်ချလိုက်လေသည်။
"ထားလိုက်ပါတော့လေ၊ သူတပါးကို ကောင်းကျိုးပြုတာက ကိုယ့်ကိုယ်ကို ကောင်းကျိုးပြုတာပါပဲ၊ ဝမ် ၂၀၀ ပဲ ထားလိုက်ပါတော့၊ ညန်ဇီလေးတစ်ယောက်တည်း ကလေးတွေကို ဦးဆောင်နေရတာ တကယ်မလွယ်ပါဘူးလေ”
ရှန်မြောင်လည်း ဝမ်းသာသွားတော့သည်။ နောက်ထပ် ဝမ် ၃၀ သက်သာသွားလိမ့်မည်ဟု သူမ ထင်မထားခဲ့ချေ။ သူမသည် ယန်လောင်ဟန့်ကို လက်နှစ်ဖက်ယှက်ကာ အမြန် ဂါရဝပြုလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် ဦးလေး၊ ကျွန်မက ကတိတည်ပါတယ်၊ နောက်ကျရင် တံခါးနဲ့ပြတင်းပေါက်တွေလုပ်ဖို့ ဦးလေးဆီ သေချာပေါက် လာခဲ့ပါ့မယ်”
ယန်လောင်ဟန့်ကလည်း ပြုံးလိုက်လေသည်။
"ကတိတည်ရမယ်နော်၊ မဖောက်ဖျက်ရဘူး”
ရှန်မြောင်က မလိုက်လျောဘဲ ဘယ်နေပါလိမ့်မည်နည်း။ သူမက ရယ်မောရင်း ပြောလိုက်သည်။
"နောက်ဆို ဦးလေး ပေါင်မုန့်လာစားရင် ကျွန်မ တစ်ဝက်လျှော့စျေး ပေးပါ့မယ်”
မနေ့ကတည်းက ရှန်မြောင်သည် ယန်လောင်ဟန့်ကို သူမ လိုချင်သည့် တွန်းလှည်းပုံစံအား ပြောပြခဲ့ပြီး ဖြစ်သည်။ ယန်လောင်ဟန့်သည် နှစ်ပေါင်းများစွာ ဝါရင့်နေသည့် လက်သမားဆရာကြီး ပီသစွာ ပုံဆွဲရာတွင် လက်ရာမြောက်လှသည်။ ရှန်မြောင်က တစ်ခေါက်ပြောလိုက်သည်နှင့် သူသည် အသေးစိတ် ချရေးနိုင်ခဲ့သည်။ ထို့ကြောင့် ရှန်မြောင်သည် ထိုပုံကြမ်းကို ကြည့်ပြီး သူနှင့်အတူ အသေးစိတ် ထပ်မံ ဖြည့်စွက်လိုက်လေသည်။
နောက်ဘီး နှစ်ဘီး တပ်ရမည်။ ဘီးများပေါ်တွင် ရွှံ့မကပ်စေရန် လျှော်ကြိုးများ ပတ်ထားရမည်။ လှည်းအရှေ့ဘက်တွင် 'I' ပုံသဏ္ဍာန် ထောက်တိုင်နှင့် ကွေးညွှတ်နေသော လက်ကိုင်ပါရမည်။ လှည်းပြား၏ ဘေးလေးဖက်တွင် သစ်သားတိုင်လေးချောင်းဖြင့် ဝါးမိုးကာကို ထောက်ထားရမည်။ မိုးကာအမိုးပေါ်တွင် "ရှန် ခေါက်ဆွဲဆိုင်" ဟူသော စာလုံးထွင်းထားသည့် သစ်သားဆိုင်းဘုတ်ကို တပ်ဆင်ကာ ထင်ရှားသည့် အနီရောင်ဆေး သုတ်ရမည်။ "ရှန်ဆိုင်" နှင့် "ဟင်းရည်ခေါက်ဆွဲ" စာလုံးကြားတွင် ခေါက်ဆွဲပန်းကန်ပုံ တစ်ခု ထွင်းရမည်။
လှည်းပြား၏ ဘေးဘက်တွင် အဆက်ထုတ်ကာ တန်းအရှင်လုပ်ထားရမည်။ သို့မှသာ ထောက်လိုက်သည့်အခါ ပစ္စည်းတင်စရာ စင်တစ်ခု ပိုရလာမည်ဖြစ်ပြီး မသုံးသည့်အခါ ခေါက်သိမ်းထားနိုင်သည်။ လှည်းပြားပေါ်ရှိ ဗဟိုချက်ကျသည့်နေရာတွင် အဝိုင်းလိုက် အချိုင့်တစ်ခု ကြိုဖောက်ထားရမည်။ သို့မှသာ ရှန်မြောင် ဈေးရောင်းထွက်သည့်အခါ အစားအစာထည့်ထားသည့် အိုးကို ထိုအချိုင့်ထဲတွင် ထည့်ထားနိုင်ပြီး လှည်းတွန်းသည့်အခါ တိမ်းစောင်းခြင်း မရှိတော့ပေ။
လှည်းပြား၏ အောက်ဘက်တွင် သစ်သားချိတ်နှစ်ခု ထားရှိရမည်။ ကြိမ်ခြင်းတောင်း ချိတ်ရန် အဆင်ပြေစေရန် ဖြစ်သည်။ ထိုခြင်းတောင်းထဲတွင် ပန်းကန်ခွက်ယောက်များနှင့် ဟင်းခတ်အမွှေးအကြိုင်များကို ထည့်ထားနိုင်သည်။
ထို့အပြင် လှည်းတစ်စီးလုံးကို ယန်လောင်ဟန့်အား ရေစိုခံသည့် ထုန်းဆီ သုတ်ခိုင်းလိုက်သည်။ မိုးရွာသည့်အခါ မှိုတက်မည်ကို ကာကွယ်ရန် ဖြစ်သည်။
မနေ့က သူမ ပြောသည်ကို နားထောင်ပြီးနောက် ယန်လောင်ဟန့်သည် ရှန်မြောင်ကို အချိန်အကြာကြီး စကားမပြောဘဲ ကြည့်နေခဲ့သည်။ ထိုအကြည့်များထဲတွင် စိတ်ပျက်အားငယ်မှုများနှင့်အတူ ရှန်မြောင်၏ ကပ်စေးနည်းမှုအပေါ် မသေချာသည့် အရိပ်အယောင်များ ပါဝင်နေသည်။
"ညန်ဇီ လိုချင်တဲ့လှည်းက ပုံမှန်မဟုတ်ဘူး၊ လုပ်ရတာ အရမ်းရှုပ်ထွေးတယ်... ညန်ဇီမှာ ဘာအစီအစဉ်ရှိလဲ၊ လုပ်ဖို့အတွက် ဝမ် ဘယ်လောက်သုံးဖို့ ပြင်ဆင်ထားလဲ”
ရှန်မြောင်သည် ဟန်လုပ်ကာ ပြုံးလိုက်ပြီး မျက်လုံးများ လှည့်စားလိုက်ရင်း ယန်လောင်ဟန့်ကို မျှော်လင့်ချက်များ ပေးလိုက်ပြန်သည်။
"အိုး ဦးလေးရယ်၊ ကျွန်မက ဦးလေးဆီကနေ အမြတ်ထုတ်တယ်လို့ မထင်ပါနဲ့၊ အဲဒီအချိန်ကျရင် ဦးလေး ကောင်းကောင်းလုပ်ပေးလိုက်၊ ပြီးရင် လှည်းဘီးပေါ်မှာ 'ယန်လောင်ဟန့် သစ်သားထည်လုပ်ငန်း' ဆိုတဲ့ စာလုံးကြီးကြီး ထွင်းလိုက်၊ ကျွန်မက အဲဒါကို ကျင်းလျန်တံတားပေါ်မှာ သွားတင်လိုက်မယ်၊ လူတွေက မေးလာရင် ကျွန်မက ဦးလေးဆီ လွှတ်လိုက်မှာ၊ ဦးလေးက ဧည့်သည်မလာမှာကို ပူနေရသေးလို့လား၊ ဦးလေးက ကျွန်မကို သက်သာအောင်လုပ်ပေးတာက တစ်ချက်ခုတ် နှစ်ချက်ပြတ် နည်းလမ်းလေ၊ မကောင်းဘူးလား”
ယန်လောင်ဟန့်သည် ဘာမျှပြန်မပြောပေ။ လက်ထဲက ဆေးတံကိုသာ ဖွာနေလိုက်သည်။ အချိန်အကြာကြီး တွန့်ဆုတ်နေပြီးမှ နောက်ဆုံးတွင် ပြောလာလေသည်။
"ငါ့ကို စဉ်းစားခွင့်ပေးဦး၊ မနက်ဖြန် ပစ္စည်းလာပို့ရင် မင်းကို ပြောပြမယ်”
ရှန်မြောင်က သူ့ကို စဉ်းစားခိုင်းလိုက်ပြီး နှုတ်ဆက်ကာ ပြန်လာခဲ့သည်။ ယန်လောင်ဟန့် သဘောတူလိမ့်မည်ဟု သူမ ယုံကြည်မှုရှိသည်။ အကြောင်းမှာ သူမ ထိုစကားများကို ပြောလိုက်သည့်အချိန်က ယန်လောင်ဟန့်ဘေးနားရှိ တပည့်များအားလုံး ခေါင်းတငြိမ့်ငြိမ့်နှင့် သဘောကျနေကြသည်ကို တွေ့လိုက်ရသောကြောင့်ပင်။
ထင်ထားသည့်အတိုင်းပင် ဒီနေ့မနက်တွင် သဘောတူညီမှု ရခဲ့လေသည်။
ယန်လောင်ဟန့်က သူ့တပည့်သုံးယောက်နှင့်အတူ နေ့ရောညပါ လုပ်လျှင်ပင် ပစ္စည်းအပ်ရန် လဝက်ခန့် ကြာလိမ့်မည်ဟု ပြောသည်။ ရှန်မြောင်က သဘောတူလိုက်ပြီး စရံငွေ ဝမ် ၁၀၀ ပေးလိုက်သည်။ ဒါက သဘာဝကျပါသည်။ သူမ၏ လှည်းက အထူးမှာယူထားခြင်းဖြစ်ပြီး အသင့်လုပ်ပြီးသား ပစ္စည်း ရှိမည်မဟုတ်ပေ။ ဒီရက်ပိုင်း လှည်းမရှိလည်း ကိစ္စမရှိပါ၊ သူမ ပေါ့ပါးသည့် အရာတချို့ကို လုပ်ပြီး သွားရောင်းပါမည်။
ယန်လောင်ဟန့် ထွက်သွားပြီးနောက် ရှန်မြောင်သည် ဝါးလုံးအချို့ကို ကောက်ယူလိုက်သည်။ ဒီနေ့က နေသာသည့် နေ့တစ်နေ့ ဖြစ်သည်။ နွေဦးနေရောင်က နွေးထွေးနေသည်။ ရှန်မိသားစု၏ အနောက်ဘက်ခြံဝင်းသည် အလင်းရောင် ကောင်းကောင်းရပြီး ခြံဝင်းတစ်ခုလုံး နေရောင်ခြည် ဖြာကျနေသည်။ ရှန်မြောင်သည် စင်္ကြံလမ်းအောက်ရှိ လှေကားထစ်တွင် ရပ်လိုက်ပြီး မျက်လုံးကို ကျဉ်းကာ နေလုံးကြီးကို လှမ်းကြည့်လိုက်သည်။
'ဒီခြံဝင်းကို ပန်းတွေ ဟင်းသီးဟင်းရွက်တွေ စိုက်ဖို့သုံးရင်လည်း အင်မတန် သင့်တော်တာပဲ၊ နောက်မှ အားတဲ့အချိန်ကျရင် ဒီအနောက်ဘက်ခြံဝင်းကို မြေကွက်နှစ်ကွက်လောက် ဖော်လိုက်မယ်၊ ဈေးနေ့ရောက်ရင် ကြက်ပေါက်လေးတွေ၊ ဟင်းသီးဟင်းရွက်မျိုးစေ့တွေ ဝယ်လိုက်ရင် မကောင်းဘူးလား။'
သူမသည် စိတ်ထဲတွင် ဈေးနေ့ရက်ကို တွက်ချက်ရင်း ဝါးလုံးများကို ပြိုကျနေသော နံရံပေါ်တွင် တင်လိုက်သည်။ ပြီးနောက် အဒေါ်ရုံက ကျိအာကို ငှားပေးထားသည့် အိပ်ရာခင်းများကို ဖြုတ်လျော်လိုက်ပြီး ဂွမ်းစောင်ကို ဝါးလုံးပေါ်တွင် တင်ကာ နေလှန်းလိုက်လေသည်။
ထို့နောက် ရေတစ်ပုံး ကျိုလိုက်ပြီး ကျိအာနှင့် ရှန်းအာတို့ကို အိမ်အနောက်ဘက် လူကွယ်သည့်နေရာသို့ အလှည့်ကျလွှတ်ကာ ကိုယ်လက်သန့်စင် ရေချိုးခိုင်းလိုက်သည်။ သူတို့ ဝတ်ထားသည့် အပေါ်ဝတ်အင်္ကျီများကို ချွတ်ခိုင်းပြီး သူမ လျှော်ဖွပ်ပေးလိုက်သည်။
လျှော်ဖွပ်နေရင်း ဂွမ်းစောင်လာပို့သည့်သူ ရောက်လာသည်။ ဂွမ်းစောင်သည်သည် ဒီလိုအိမ်မျိုးမှာ လူနေသေးသည်ကို အလွန်အံ့ဩနေသည့် မျက်နှာထား ဖြစ်နေလေသည်။ ထို့အပြင် သူသည် ရှန်အဖေကို သိပုံရသည်။ ရှန်မြောင်အတွက် ဂွမ်းစောင်ကို အိမ်ထဲသို့ သယ်လာပေးရင်း ရှန်မြောင်ကို ကြည့်ကာ ညည်းတွားလိုက်လေသည်။
"မင်းရဲ့ အဖေနဲ့အမေက တကယ့်ကို ကံဆိုးမိုးမှောင်ကျတာပဲ၊ ဟင်း၊ နောက်တော့ မီးလောင်ပြန်ရော... ကံဆိုးလိုက်တာ”
ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ရှန်မြောင်ကလည်း သူနှင့်အတူ လိုက်ပြီး သက်ပြင်းချလိုက်သည်။ ဂွမ်းစောင်သည်က စေတနာဖြင့် ပြောလေသည်။
"မင်းအဖေဆီမှာ ဟင်းရည်ခေါက်ဆွဲလာစားရင် အမြဲတမ်း လျှော့ပေးတတ်တယ်၊ ဆင်းရဲသားတွေ လာစားရင် ဟင်းရည်ထပ်ထည့်ပေးတာ ပိုက်ဆံမယူဘူး၊ သူက လူကောင်းတစ်ယောက်ပါ၊ နောက်ဆိုရင် မင်းရဲ့ဂွမ်းစောင် အိပ်လို့ မာသွားရင် ဒီအတိုင်း မ လာခဲ့လိုက်၊ ငါ မင်းကို ဂွမ်းဖတ်ပေးမယ်၊ ဝမ်တစ်ပြားမှ မယူဘူး”
ဒါက ကောင်းလိုက်တာ။ ရှန်မြောင်က သူ့ကို ရေတစ်ခွက် တိုက်လိုက်ပြီး တံခါးဝအထိ လိုက်ပို့လိုက်လေသည်။
သူမ ပြန်ရောက်လာသည့်အခါ ကျိအာသည် ဂွမ်းစောင်များကို ခင်းပြီးနေပြီ ဖြစ်သည်။ အခန်းထဲတွင် နွေးထွေးပြီး နူးညံ့သည့် ဂွမ်းစောင်အသစ်နံ့လေးများ ပြည့်နေသည်။ ရှန်းအာသည် အတွင်းခံအင်္ကျီလေးသာ ဝတ်ထားပြီး ဖိနပ်ချွတ်ကာ ဂွမ်းစောင်ပေါ်တွင် ပျော်ရွှင်စွာ လူးလှိမ့်နေတော့သည်။
ရှန်မိသားစု၏ အိမ်ရှေ့ဆိုင်တံခါး ပျဉ်ချပ်များသည် မီးခိုးမှိုင်းစွဲရုံသာရှိပြီး ရှန်မြောင် တစ်ချပ်ချင်းစီ ခေါက်ကြည့်လိုက်ရာ ခိုင်ခံ့နေသေးသည်။ ထို့ကြောင့် သူမသည် တံခါးဂျက်တွင် ဆွေးမြည့်နေသည့် သစ်သားတုံးတစ်တုံးကို သပ်ရိုက်ထည့်လိုက်သည်။ သို့မှသာ တံခါးဂျက် လုံးဝ လှုပ်မရတော့ဘဲ ဆိုင်တံခါးကို ဖွင့်မရတော့ပေ။
ထိုနည်းအားဖြင့် ဒီဆိုင်ခန်းသည် သူတို့မောင်နှမ သုံးယောက် နေ့စဉ် နေထိုင်သည့် အခန်းအဖြစ်သို့ လုံးဝ ပြောင်းလဲသွားတော့သည်။
ပြန်လှည့်ကြည့်လိုက်ရာ ရှန်းအာသည် မြင်းပုံစံလေး ရေးဆွဲထားသည့် စက္ကူလေရဟတ်ကို ကုတင်ခေါင်းရင်းတွင် ထိုးစိုက်နေသည်ကို မြင်လိုက်ရသဖြင့် သူမ ပြုံးမိလိုက်လေသည်။
ရိုးရှင်းနွမ်းပါးသော်လည်း ဒီအိမ်လေးက အခုမှ အိမ်ပုံစံ ပေါက်လာတော့သည်။
ရှန်မြောင်သည် မနေ့ညက ဝယ်လာသည့် အထည်စများကို ထုတ်လိုက်ပြီး ကျိအာနှင့် ရှန်းအာကို မတ်တပ်ရပ်ခိုင်းလိုက်သည်။ သူမက အထည်စကို ကိုင်ပြီး သူတို့ကိုယ်တိုင်းကို တိုင်းတာကာ အပ်ချည်ဖြင့် နှစ်ချက်လောက် ချုပ်ပြီး အမှတ်အသား လုပ်လိုက်သည်။ ထို့နောက် ကုတင်ဘေးတွင် ထိုင်ကာ စတင် ချုပ်လုပ်တော့သည်။
သူမ ပန်းထိုးဖို့ အစီအစဉ်မရှိပေ။ သူတို့ အရင်က ဝတ်ခဲ့သည့် အင်္ကျီပုံစံအတိုင်း တိုင်းတာဖြတ်တောက်ပြီး ချုပ်လိုက်ရုံသာ။ အစပိုင်းတွင် ရှန်မြောင်သည် အပ်နှင့်အပ်ချည်ကို ကိုင်ရသည်မှာ လက်စိမ်းနေသေးသည်။ နောက်ပိုင်း ချည်သားအနည်းငယ် ထိုးပြီးသည့်နောက်တွင် ဒီခန္ဓာကိုယ်သည် အရင်က ခံစားချက်ကို ပြန်ရလာသကဲ့သို့ ဖြစ်လာပြီး သူမ လုပ်ရသည်မှာ ပို မြန်ဆန်လာသည်။ ကလေးနှစ်ယောက်၏ အဝတ်အစားများက အထည်သုံးစွဲမှု နည်းပြီး ချုပ်လုပ်ရသည်မှာလည်း လူကြီးများထက် ပိုမြန်သည်။
သူမ အလုပ်ရှုပ်နေစဉ် ကျိအာသည် ဆေးသောက်ပြီးနောက် ခြံဝင်းထဲတွင် သစ်ကိုင်းခြောက်ဖြင့် စာလုံးရေးကျင့်နေလေသည်။ ရှန်မြောင် ပြန်ရောက်လာ၍လား မသိ၊ သူ၏ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးများနှင့် ရင်ထဲက သောကများ ချက်ချင်း ပေါ့ပါးသွားပြီး ရောဂါပျောက်ကင်းသည်မှာ အလွန်မြန်ဆန်သည်။ မနေ့ကနှင့် ဒီနေ့တွင် အဖျား ထပ်မတက်တော့ဘဲ ချောင်းအနည်းငယ် ဆိုးရုံသာ ကျန်တော့သည်။
ရှန်းအာကလည်း လိမ္မာစွာဖြင့် သူမကို အပ်ချည်မျှင်များ ခွဲပေးပြီး အထည်စကို ဆွဲဆန့်ပေးနေသည်။ သူမ နေ့လယ်အထိ ချုပ်လိုက်ရာ အနားကွပ်ခြင်း၊ ကြယ်သီးပေါက်ဖောက်ခြင်းများ ပြီးသွားပြီး ရှန်းအာ၏ အပေါ်ဝတ်အင်္ကျီ ပြီးသွားတော့သည်။ ဒီကလေးမလေး အတွင်းခံအင်္ကျီဖြင့် လျှောက်ပြေးနေစရာ မလိုတော့ပေ။
ရှန်းအာကို အင်္ကျီအသစ် ဝတ်ကြည့်ခိုင်းလိုက်သည်။ ငန်းဝါရောင် အင်္ကျီလေးက ရှန်းအာ၏ မျက်နှာကို ဖြူဝင်းပြီး ပန်းရောင်သမ်းနေစေကာ နို့နံ့သင်းသည့် မြေပဲဆံလေးနှင့် တူနေတော့သည်။ သူမ အင်္ကျီအသစ် မဝတ်ရသည်မှာ ဘယ်လောက်ကြာပြီမှန်း မသိတော့ပေ။ ပျော်လွန်းသဖြင့် မျက်နှာလေး နီရဲနေပြီး ဇီးကွက်လေးလို လှည့်ပတ်ကြည့်နေကာ ပျော်ရွှင်စွာဖြင့် ရှန်မြောင်၏ လည်ပင်းကို ဖက်ထားပြီး မလွှတ်တော့ပေ။
"လက်မြန်မြန်လွှတ်၊ မကြီး အသက်ရှူလို့ မဝတော့ဘူး၊ နင် နည်းနည်းဝေးဝေးမှာ သွားရပ်၊ မကြီး သေချာကြည့်ရအောင် လှလားလို့”
ရှန်မြောင်က ရယ်မောရင်း ကိုယ်ပေါ်က ရှန်းအာကို ဆွဲခွာလိုက်ပြီး သူမ၏ အင်္ကျီလက်ကို ဆွဲဆန့်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
သူမ ပထမဆုံးအကြိမ် ချုပ်ခြင်းဖြစ်သဖြင့် အပ်ချက်များက ကြမ်းတမ်းနေသေးသော်လည်း အတော်အတန် အဆင်ပြေသည်။
နေ့လယ်ပိုင်းတွင် ရှန်မြောင်သည် ခေါက်ဆွဲတစ်ပန်းကန်လောက် ပြုတ်စားရန် စိတ်ကူးထားသော်လည်း မီးမမွှေးရသေးခင် အဒေါ်ရုံက မြေအိုးလာပြန်ပေးလေသည်။ မြေအိုးထဲတွင် ဆန်ပြုတ်များ ထည့်လာပြီး ပေါင်မုန့်ပြား အချို့ကိုပါ ထည့်ပေးလိုက်သေးသည်။
ရှန်မြောင်က အချိန်အကြာကြီး ငြင်းဆန်သော်လည်း မအောင်မြင်သဖြင့် လက်ခံလိုက်ရတော့သည်။ ဟူး၊ ဒီကျေးဇူးကြွေးက ပိုပိုပြီး များလာပါရောလား။
အဒေါ်ရုံက မပြန်ခင် မနေနိုင်ဘဲ သူမလက်ကို ဆွဲကာ မျက်ရည်ကျလေသည်။
"...ကံဆိုးတဲ့ ကလေးလေး”
ကြည့်ရတာ အဒေါ်ရုံလည်း သူမ ကွာရှင်းခံရပြီး ပြန်ရောက်လာမှန်း သိသွားပြီ ထင်သည်။ ရှန်မြောင်ကတော့ ကိုယ့်ကိုယ်ကို အရှက်ရသည်ဟု မထင်သလို ကံဆိုးသည်ဟုလည်း မထင်ပေ။ တကယ် ကံဆိုးသည့် ရှန်မြောင်အစစ်ကတော့ အဆုံးမရှိသော နောင်တများနှင့် သေဆုံးသွားခဲ့ပြီ။
နေ့လယ်ပိုင်းတွင် ကျိအာနှင့် ရှန်းအာတို့သည် နွေးထွေးပြီး နူးညံ့သည့် ဂွမ်းစောင်အသစ်ထဲတွင် အိပ်ပျော်သွားကြသည်။ ရှန်မြောင်က နေ့လယ်အိပ်လေ့မရှိသဖြင့် နေ့လယ်ခင်း နွေးထွေးသည့် နေရောင်အောက်တွင် ထိုင်ကာ ကျိအာ၏ အပေါ်ဝတ်အင်္ကျီကို ဆက်လက် ချုပ်လုပ်နေလိုက်သည်။
သူတို့နှစ်ယောက် အိပ်ရာနိုးသည့်အခါ မြေအိုးဆိုင်မှ အလုပ်သမားသည်လည်း ထမ်းပိုးဖြင့် ပစ္စည်းလာပို့လေသည်။ မြေထည်ပန်းကန်ပြား အချို့ကိုလည်း လက်ဆောင်ပေးလိုက်သေးသည်။ ရှန်မြောင်က သူ့ကို ကျေးဇူးတင်စကားပြောပြီး ဘယ်ဆိုင်က မီးသွေးနှင့် သံထည်ပစ္စည်း သက်သာလဲဟု မေးကြည့်လိုက်သည်။ ထိုအလုပ်သမားသည် ရှန်မြောင်ကို မြင်သည့်အခါ မျက်နှာနီရဲသွားပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် စကားကို ရှင်းအောင် မနည်းပြောလိုက်ရသည်။
အားလုံး ပြီးစီးသွားသည့်အခါ ရှန်မြောင်သည် ကျိအာနှင့် ရှန်းအာကို သေသပ်စွာ ဝတ်ဆင်ခိုင်းလိုက်သည်။ ဒီနေ့ချုပ်သည့် အင်္ကျီအသစ်ကို ဝတ်ခိုင်းလိုက်သည်။ ရှန်းအာကို ခေါ်ပြီး ခုံပုလေးပေါ်တွင် ထိုင်ခိုင်းကာ ဒီညီမငယ်လေးကို ဆံထုံးလုံးလုံးလေး နှစ်ဖက် သေချာ စည်းပေးလိုက်သည်။ ပြီးနောက် သူမသေတ္တာထဲက လိပ်ပြာပုံ ပိုးပန်းပွင့်လေး တစ်စုံကို သူမဆံပင်တွင် ထိုးပေးလိုက်သည်။
ရှန်ကျိသည် ကြည့်ရင်း ကြည့်ရင်း ရုတ်တရက် ထိုးထွင်းသိမြင်စွာဖြင့် မေးလိုက်လေသည်။
"မကြီးက ကျွန်တော်တို့ကို အပြင်ခေါ်သွားမလို့လား”
ရှန်မြောင်က ရှန်းအာကို ဆွဲထူလိုက်ပြီး ဘယ်ပြန်ညာပြန် ကြည့်လိုက်သည်။ ခုနှစ်နှစ်အရွယ် ပဲစေ့လေးက ဒီအတိုင်း ပြင်ဆင်လိုက်ရုံနှင့်ပင် ချစ်စရာ ကောင်းလွန်းနေသည်။ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
"ဟုတ်တာပေါ့၊ နင့်ကျန်းမာရေးလည်း တော်တော်ကောင်းလာပြီဆိုတော့ နေ့ကောင်းရက်သာ ရွေးမနေဘဲ ဒီနေ့ပဲ သွားလိုက်ကြစို့၊ ငါတို့ ဒီနေ့ပဲ ဦးကြီးအိမ်ကိုသွားပြီး ရှင်းစရာရှိတာ ရှင်းကြမယ်”
ရှန်ကျိ၏ စိတ်အခြေအနေသည် ချက်ချင်း နိမ့်ကျသွားတော့သည်။
"ကြီးတော်က စကားပြော ရင့်သီးတယ်၊ မကြီး အနိုင်ကျင့်ခံရမှာ ကျွန်တော် ကြောက်တယ်”
ရှန်မြောင် အံ့ဩစွာဖြင့် လှည့်ကြည့်လိုက်သည်။ ဒီကလေးက သူမကိုတောင် စိတ်ပူတတ်နေပြီလား။
ရှန်ကျိသည် သူမ၏ အကြည့်ခံလိုက်ရသဖြင့် နေရခက်သွားကာ ခေါင်းငုံ့ပြီး ခြေဖျားကို စိုက်ကြည့်နေသည်။ အချိန်အကြာကြီး နေမှ ရုတ်တရက် စူးရှပြတ်သားသော အကြည့်ဖြင့် မော့ကြည့်လာပြီး ပြောလေသည်။
"ဆရာက ပြောဖူးတယ်၊ လူကြီးလူကောင်းဆိုတာ ယဉ်ကျေးမှုကို ထိန်းသိမ်းရမယ်၊ ညစ်ညမ်းတဲ့စကားတွေပြောပြီး လူကြီးလူကောင်းစံနှုန်းကနေ မဖောက်ဖျက်ရဘူးတဲ့၊ ဒါပေမဲ့ ကြီးတော်က မကြီးကို ဆဲဆိုလာခဲ့ရင်တော့ ကျွန်တော်... ကျွန်တော် မကြီးဘက်ကနေ သေချာပေါက် ပြန်ဆဲပေးမယ်”
ရှန်မြောင် "ခစ်" ခနဲ ရယ်မောလိုက်မိသည်။
ဒီကလေး၊ စာဖတ်တာ နည်းနည်း ရူးကြောင်ကြောင် နိုင်ပေမဲ့ လုံးဝကြီးတော့ မတုံးသေးပါဘူး။
သူမ ရင်ထဲတွင် နွေးထွေးသွားသည်။ ရုံမိသားစုနှင့် ခွဲခွာလာပြီးကတည်းက သူမ ဒီစိမ်းသက်သော လောကကြီးတွင် တွေ့ရသူတိုင်းက လူကောင်းတွေချည်းပင်။ ရှန်မြောင်က အကျင့်ပါနေသလို ကျိအာ၏ ခေါင်းကို ပွတ်သပ်လိုက်သည်။ ဒီတစ်ခါတော့ ရှောင်တိမ်းခြင်း မရှိပေ။
"မပူပါနဲ့၊ နင်နဲ့ငါက ရန်သွားဖြစ်ကြမှာမှ မဟုတ်တာ၊ သူတို့တွေ နင်နဲ့ ရှန်းအာကို နှိပ်စက်ခဲ့တဲ့ကိစ္စ မရှိဘူးဆိုရင်တောင် ငါက အိမ်ထောင်ဘက်အိမ်ကနေ ပြန်လာတာ ၃ နှစ်ရှိပြီ၊ အခု ပြန်ရောက်လာတော့ ယဉ်ကျေးမှုအရ ဦးကြီးကို သွားနှုတ်ဆက်ရမှာပဲလေ၊ ပြီးတော့..."
ရှန်မြောင် ကိုင်းညွှတ်လိုက်ပြီး ကျိအာ၏ နှာခေါင်းလေးကို ဆွဲကာ မျက်ခုံးပင့်ပြလိုက်သည်။
"မကြီးက သေချာပေါက် နိုင်အောင်မပြောနိုင်ဘူးလို့ နင်က ဘယ်လိုလုပ် သိတာလဲ”
...
အပိုင်း (၁၂) ရှန်ဦးကြီး၏ နေအိမ်
ရှန်ဦးကြီး၏ နေအိမ်သည် မြို့ပြင်နှင့် မြို့အတွင်းပိုင်း ဆုံမှတ်တွင် တည်ရှိလေသည်။ ပြန့်ကျင်းမြို့အတွင်းပိုင်းနှင့် အပြင်ဘက်သို့ ကူးလူးဆက်ဆံသွားလာသည့် "မြို့ပတ်လှည်း" ကို စီးနင်းလိုက်ပါလျှင် အချိန် နာရီဝက်ခန့်သာ ကြာမြင့်ပြီး သိပ်ဝေးသည်ဟု မဆိုနိုင်ချေ။
အရာရှိမင်းများ နေထိုင်ကြသည့် နန်းတွင်းသည် မြောက်ဘက်သို့ အနည်းငယ် ယိမ်းလေရာ ပြန့်ကျင်းတွင် "မြောက်ပိုင်းက မြင့်မြတ်ပြီး တောင်ပိုင်းက နိမ့်ကျသည်" ဟူသော ဆိုရိုးစကား ရှိခဲ့လေသည်။ သို့သော် ပြန့်ကျင်းတွင် လူဦးရေ ထူထပ်လာသည်နှင့်အမျှ မြေဈေးများမှာလည်း တစ်နေ့တခြား ခေါင်ခိုက်လာခဲ့ရာ ကုန်သည်သူဌေးကြီးများသည် မြို့တောင်ဘက်တွင် ကြီးမားသော ခြံဝင်းများကို ဝယ်ယူဆောက်လုပ်ပြီး ပြောင်းရွှေ့နေထိုင်လာကြတော့သည်။
ရှန်ဦးကြီးသည်လည်း ထိုနည်းလည်းကောင်းပင်။ သူသည် မြို့အတွင်းပိုင်းတွင် ရှန်ဖခင်ကဲ့သို့ပင် ရှေ့တွင် ဆိုင်ခန်းဖွင့်ပြီး နောက်တွင် နေအိမ်ထားရှိသည့် ဆိုင်ခန်းတစ်ခန်း ပိုင်ဆိုင်ထားသော်လည်း မြို့ပြင်ရှိ သူ့နေအိမ်ကတော့ ခြံဝင်းနှစ်ထပ်နှင့် အခန်းပေါင်း (၉) ခန်းအထိ ရှိလေသည်။
ထို့အပြင် ရှန်ဦးကြီးသည် တောရွာတွင် လယ်မြေဧက (၅၀) ပိုင်ဆိုင်ထားသေးသည်။ သူသည် မြို့ပြင်တွင် နေထိုင်ခြင်းမှာ ရွာသို့သွားရောက်ပြီး မြေငှားခကောက်ခံရန်နှင့် နယ်ဘက်ထွက်ပြီး ဆန်စပါးဝယ်ယူရန် အဆင်ပြေစေရန်အတွက် ဖြစ်လေသည်။ ရှန်ဦးကြီးသည် ဆန်ဆိုင်ဖွင့်ထားသူ ဖြစ်ပေသည်။
အပြင်ထွက်ရမည် ဖြစ်သည့်အတွက် ရှန်မြောင်သည် အနည်းငယ် ပြင်ဆင်ခြယ်သလိုက်သည်။ သူမသည် မက်မွန်ရောင်ပေါ်တွင် ဇီးပွင့်ပုံများ ထိုးထားသည့် ရင်ကွဲလက်ကျပ် အင်္ကျီရှည်တစ်ထည်ကို လဲလှယ်ဝတ်ဆင်လိုက်ပြီး အောက်တွင် အစိမ်းရောင်ဂါဝန်ကို ဝတ်ဆင်လိုက်လေသည်။ အထည်သားများမှာ သာမန်ချည်သားများသာ ဖြစ်ပြီး ဤဝတ်စုံသည် မူလခန္ဓာကိုယ်ပိုင်ရှင် ကျင်းလင်မြို့သို့ စတင်လက်ထပ်သွားစဉ်က ချုပ်လုပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် မူလခန္ဓာကိုယ်ပိုင်ရှင်သည် ရုံမိသားစု၏ အိမ်မှုကိစ္စအဝဝကို တာဝန်ယူလုပ်ကိုင်ခဲ့ရသဖြင့် နေ့စဉ် သာမန်လက်တိုအင်္ကျီများကိုသာ ဝတ်ဆင်ခဲ့ရပြီး ဤကဲ့သို့သော အဝတ်အစားများကို ဝတ်ဆင်ခဲလှသဖြင့် ယခုထိတိုင် သစ်လွင်နေသေးခြင်း ဖြစ်လေသည်။
သေတ္တာထဲမှ တစ်ချောင်းတည်း ကျန်တော့သည့် မက်မွန်ကိုင်းပုံ ထွင်းထုထားသော ငွေဆံထိုးကို ထုတ်ယူပြီး ဆံထုံးထုံးလိုက်ကာ မက်မွန်ရောင် ခေါင်းပေါင်းဖြင့် ဆံထုံးကို ပေါင်းစည်းလိုက်သည်။ ထိုမှလွဲ၍ သူမ၏ တစ်ကိုယ်လုံးတွင် အခြားမည်သည့် အဆင်တန်ဆာမျှ မရှိတော့ချေ။
သူမက အဝတ်အစားလဲပြီး ထွက်လာသောအခါ ကျိအာသည် သူမကို တိတ်ဆိတ်စွာဖြင့် အကြာကြီး ငေးကြည့်နေမိသည်။ ရှန်မြောင်က "ဘာကြည့်နေတာလဲ" ဟု မေးလိုက်သောအခါ သူသည် ခေါင်းခါရမ်းလိုက်ပြီး ပြုံးကာ ပြောလိုက်လေသည်။
"မကြီးက အရမ်းလှတာပဲ၊ အဖေက အရင်တုန်းက အိမ်နီးနားချင်းတွေရှေ့မှာ မကြီးက ဒီပတ်ဝန်းကျင် ၁၀ မိုင်အတွင်းမှာ အလှဆုံးမိန်းကလေးလို့ အမြဲတမ်း ကြွားလေ့ရှိတယ်၊ သမီးမိန်းကလေးရှိတဲ့ ဦးလေးတွေ အဒေါ်တွေဆို မျက်စောင်းထိုးကြပေမယ့် ပြန်ပြောစရာစကား မရှိကြဘူးလေ"
ရှန်မြောင်သည် နှိမ့်ချမနေဘဲ နှုတ်ခမ်းထောင့်စွန်းများ ကော့တက်သွားအောင် ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည်။
"ဒါပေါ့"
မူလခန္ဓာကိုယ်ပိုင်ရှင်သည် အမှန်တကယ်ပင် ရုပ်ရည်ချောမောလှပလေသည်။ သူမသည် မြင်လိုက်သည်နှင့် တောက်ပသွားစေသည့် မိန်းမလှမျိုး မဟုတ်သော်လည်း ကွေးညွှတ်နေသည့် မျက်ခုံးနှင့် မျက်လုံးများမှာ ကျန်းနန်ဒေသ မိုးရေစိုနေသည့် လမ်းကြားလေးများထဲမှ ပေါက်ဖွားလာသည့် နူးညံ့သိမ်မွေ့ခြင်းမျိုး ရှိနေပြီး နွေဦးရာသီတွင်မှ အညှောင့်ထွက်လာသည့် မက်မွန်ကိုင်းလေးကဲ့သို့ ကြည်လင်သန့်ရှင်းကာ မြင်ရသူအဖို့ လောကီအာရုံများကို မေ့လျော့သွားစေနိုင်လေသည်။
ရှန်းအာကလည်း ထိုစကားကို ကြားလိုက်ရသဖြင့် ခေါင်းမော့ကာ ရှန်မြောင်ကို ကြည့်လိုက်လေသည်။
ရှန်မြောင်သည် သူမ၏ လက်သေးသေးလေးကို ဆွဲကိုင်လိုက်ပြီး ခေါင်းငုံ့ကာ မျက်လုံးများ ပိတ်သွားသည်အထိ ပြုံးပြလိုက်လေသည်။
"တို့ရဲ့ ရှန်းအာလေးကလည်း လှပါတယ်ရှင်၊ နောက်ဆိုရင် မကြီးထက်တောင် ပိုလှလာဦးမှာ"
ရှန်းအာသည် သူမ၏ပုံစံအတိုင်း ချက်ချင်းလိုက်လုပ်ကာ ရင်ကော့လိုက်ပြီး ပြောလိုက်လေသည်။
"ဒါပေါ့"
ကျိအာသည် အနောက်မှ လိုက်ပါလာရင်း အစ်မနှင့် ညီမငယ်လေးတို့၏ အလှချင်းပြိုင်နေကြသည့် ပေါ့ပါးသွက်လက်သော ပုံရိပ်များကို ကြည့်ကာ မနေနိုင်ဘဲ ပြုံးမိလိုက်လေသည်။ သို့သော် ရှန်မြောင်၏ ဆံထုံးပေါ်တွင် ထိုးစိုက်ထားသည့် တစ်ချောင်းတည်းသော ငွေဆံထိုးကို မြင်လိုက်ရသည့်အခါတွင်တော့ မျက်နှာပေါ်က အပြုံးများ ပျောက်ကွယ်ကာ ညှိုးငယ်သွားရပြန်သည်။
ဤငွေဆံထိုးသည် မိခင်ဖြစ်သူမှ အစ်မကြီးအတွက် ပြင်ဆင်ပေးခဲ့သည့် မင်္ဂလာလက်ဖွဲ့အဖြစ် ပေးခဲ့သည်များထဲမှ ဖြစ်တန်ရာ၏။ ၎င်းသည် ခေါင်းဆောင်းရတနာ တစ်စုံလိုက် ဖြစ်လေသည်။ သူ အမှတ်မမှားလျှင် ထိပ်ပန်ဆံထိုးတစ်ချောင်း၊ ဘေးပန်ဆံထိုးတစ်စုံ၊ ဆံထိုးရှည်တစ်စုံ၊ ဆံထိုးအတိုတစ်ချောင်း၊ ဆံထိုးအလယ်တစ်ချောင်း၊ ဘေးပန်အဆင်တန်ဆာတစ်စုံ၊ နားကပ်တစ်စုံ၊ လက်ကောက်တစ်စုံ၊ လက်စွပ်တစ်စုံ၊ နဖူးစည်းအဆင်တန်ဆာနှင့် ဆံထိုးသေးလေး အများအပြား ပါဝင်သင့်လေသည်။
သို့သော် ယခုမူ အစ်မကြီး၏ဘေးတွင် ဆံထိုးတစ်ချောင်းသာ ကျန်ရစ်တော့သည်။
ဤ (၃) နှစ်တာ ကာလအတွင်း သူသည် အစ်မကြီးကို အပြစ်တင်ခဲ့ဖူးလေသည်။
သို့သော် ယခု သေချာပြန်လည် တွေးတောကြည့်လိုက်လျှင် အစ်မကြီးသည်လည်း ကောင်းမွန်စွာ နေခဲ့ရမည် မဟုတ်ပေ။ သို့မဟုတ်လျှင် သူမသည် သူနှင့် ရှန်းအာကို ပစ်ထားခဲ့မည် မဟုတ်ချေ။ သူမသည် ယခင်က နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သည့် စိတ်ထားရှိခဲ့ရာ ရုံမိသားစု၏ နှိပ်စက်မှုကို အလွန်အမင်း ခံစားခဲ့ရသဖြင့်သာ ဤကဲ့သို့ စိတ်နေစိတ်ထားများ ပြောင်းလဲသွားခြင်း ဖြစ်တန်ရာ၏။
ကျိအာသည် မူလက ပြန်ရောက်လာသည့် အစ်မကြီးကို စိမ်းနေသလို ခံစားခဲ့ရလေသည်။ အစ်မကြီးသည် ရုပ်ရည် မပြောင်းလဲသော်လည်း စိတ်နေသဘောထားကတော့ လုံးဝ ကွာခြားသွားခဲ့သည်။ သူမသည် ပြတ်သားကာ ကြံ့ခိုင်လာပြီး အသေးအဖွဲကိစ္စများကို ဂရုမစိုက်တော့ပေ... မျက်လုံးထဲတွင် ကြောက်ရွံ့တုန်လှုပ်ခြင်းများ လုံးဝ မရှိတော့ချေ။
သို့သော် ယခုအချိန်တွင်တော့ သူ နားလည်သွားခဲ့ပြီ။ အစ်မကြီးသည် ဒုက္ခများစွာ ခံစားခဲ့ရသည်မှာ သေချာလေသည်။
ကျိအာ၏လက်များမှာ သတိမထားမိလိုက်ဘဲ လက်သီးဆုပ်မိလျက်သား ဖြစ်သွားလေ၏။ ရှန်မြောင်က နောက်လှည့်ပြီး သူ့ကို လှမ်းခေါ်လိုက်မှသာ သတိဝင်လာတော့သည်။
"ကျိအာ၊ မင်း ဘာလို့ နောက်ကျကျန်နေရတာလဲ၊ မြန်မြန်လာ၊ တို့တွေ မြန်မြန်သွားမှရမယ်၊ မဟုတ်ရင် မြို့ပတ်လှည်းထွက်သွားလို့ တို့တွေ လမ်းလျှောက်သွားနေရလိမ့်မယ်"
"လာပြီဗျ"
ကျိအာသည် လက်သီးကို ဖြေလျှော့လိုက်ပြီး အစ်မနှင့် ညီမငယ်နောက်သို့ ခြေလှမ်းကျဲကြီးများဖြင့် အမီလိုက်သွားလိုက်သည်။ စိတ်ထဲတွင်လည်း တိတ်တဆိတ် ကတိပြုလိုက်မိလေသည်။
'မနက်ဖြန်ကစပြီး ငါ မကြီးကို အလုပ်တွေ အများကြီး ကူလုပ်ပေးရမယ်၊ ကျောင်းပြန်တက်ရသည်ဖြစ်စေ မတက်ရသည်ဖြစ်စေ ငါ ကြိုးစားပြီး ငွေစုရမယ်၊ တစ်နေ့ကျရင် ငါ မကြီးအတွက် ခေါင်းဆောင်းရတနာတစ်စုံ ပြန်ဝယ်ပေးမယ်'
'ရွှေဆိုင်ငွေဆိုင်ထဲက ဈေးအကြီးဆုံးနဲ့ အလှဆုံးဟာကို ဝယ်ပေးပစ်မယ်'
ယခုအချိန်သည် နွေဦးရာသီကုန်ဆုံးခါနီးအချိန် ဖြစ်လေရာ နေ့လယ်ခင်း နေရောင်ခြည်သည် ကိုယ်ပေါ်သို့ ဖြာကျနေပြီး မပူလွန်း မအေးလွန်း ရှိလှသည်။ ရှန်မြောင်သည် လက်တစ်ဖက်စီတွင် တစ်ယောက်စီကို ဆွဲကာ တိရစ္ဆာန်ရောင်းဝယ်သည့် ဈေးတန်းအနီးသို့ လျှောက်သွားလိုက်သည်။ ထိုနေရာတွင် မြင်း သို့မဟုတ် နွားများဖြင့် ဆွဲသည့် ငှားရမ်းစီးနင်းနိုင်သော "မြို့ပတ်လှည်း" (၃) (၄) စီး ရပ်နားထားလေသည်။ ထိုလှည်းတွင် အမိုးနှင့် အခင်းများ ပါရှိပြီး တစ်စီးလျှင် လူ (၆) ဦးမှ (၁၀) ဦးအထိ စီးနင်းလိုက်ပါနိုင်သည်။ လူကြီးတစ်ဦးလျှင် (၂) ဝမ်၊ ကလေးတစ်ဦးလျှင် (၁) ဝမ် ပေးရလေသည်။
ဤသည်မှာ ပြန့်ကျင်းမြို့ထဲက ကုန်သည်များ ဝယ်ယူထားပြီး မြို့သူမြို့သားများ စုပေါင်းစီးနင်းနိုင်ရန် စီစဉ်ထားသည့် "အငှားလှည်းယာဉ်" များပင် ဖြစ်သည်။
ရှန်မြောင်သည် ငွေ (၃) ဝမ် ပေးချေလိုက်သည်။ ရှန်းအာမှာ ငယ်ရွယ်သေးသဖြင့် ပေါင်ပေါ်တွင် တင်၍ ခေါ်သွားနိုင်ပြီး နေရာမယူသည့်အတွက် သူမက ကောင်းကောင်းမွန်မွန် ပြောဆိုလိုက်ရာ လှည်းမောင်းသမားက ပိုက်ဆံမယူတော့ပေ။ လှည်းပေါ်တွင် လူပြည့်သည်နှင့် လှည်းမောင်းသမားက လူတစ်ယောက်ချင်းစီ သွားလိုသည့်နေရာကို မေးမြန်းပြီး လမ်းတစ်လျှောက်တွင် ခရီးသည်များကို အလှည့်ကျ ချပေးမည်ဖြစ်သည်။
ရှန်မြောင်၏ အမြင်အရ ပြောရလျှင် ဤသည်မှာ ရှေးခေတ် ဘတ်စ်ကားနှင့် တူလေသည်။ သို့သော် ဈေးအနည်းငယ်ကြီးသည်။
အကြောင်းမှာ ဤခေတ်ကာလမှ (၁) ဝမ်၏ ဝယ်ယူနိုင်စွမ်းအားသည် ခေတ်သစ်မှ (၁) ကျပ်ထက် များစွာ သာလွန်သောကြောင့်ပင်။
စောင့်ဆိုင်းနေစဉ်အတွင်း ရှန်မြောင်သည် လမ်းဘေးတွင် သစ်တော်သီး ရွက်ရောင်းနေသည့် ကလေးတစ်ယောက်ကို တွေ့လိုက်ရသဖြင့် (၃) ဝမ်ဖိုး ဝယ်ယူလိုက်ရာ စိမ်းစိမ်းစိုစိုနှင့် လုံးဝန်းနေသည့် သစ်တော်သီး ဆယ်လုံးကျော် ရလိုက်လေသည်။
ကျိအာသည် နားမလည်နိုင်စွာဖြင့် ရှန်မြောင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် အံ့ဩမှုများ ပြည့်နှက်နေလေသည်။ အမှန်တကယ်တွင် သူသည် လမ်းတစ်လျှောက်လုံး စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ အစ်မကြီး ရှန်ဦးကြီးအိမ်သွားပြီး အနိုင်ကျင့်ခံရမည်ကို စိုးရိမ်နေမိသည်။ ကြီးတော်၏ ပါးစပ်က အတော်လေး နိုင်ရာစား မဟုတ်ပါလား။
အစ်မကြီးက ရန်သွားဖြစ်မည်မှာ သိသာနေလျက်နှင့် သစ်တော်သီးဝယ်စားရန် စိတ်ကူးရှိနေသေးသည်ဟု မည်သူက ထင်ထားပါမည်နည်း။
ရှန်မြောင်ကတော့ ရှင်းပြမနေဘဲ ပြုံးရုံသာ ပြုံးလိုက်လေသည်။
'ရန်ဖြစ်တယ်ဆိုတာက လမ်းဘေးက ရန်တွေ့တဲ့ မိန်းမတွေလို မြေကြီးပေါ် လူးလှိမ့်နေရုံနဲ့ မပြီးဘူး၊ အော်ဟစ်ဆူပူပြီး နိုင်သွားရင်တောင် ကိုယ်ကျိုးနည်းတာပဲ အဖတ်တင်ပြီး ကိုယ့်ဂုဏ်သိက္ခာလည်း ကျဆင်းသွားမှာ၊ ဒါပေမယ့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာမှာ အသာစီးရယူနိုင်ပြီး လူထုရဲ့ ထောက်ခံမှုကို ရယူနိုင်မယ်ဆိုရင်တော့ အခြေအနေက တစ်မျိုးပြောင်းသွားမှာပဲ'
လှည်းပေါ်တက်လိုက်ပြီးနောက် မြို့အတွင်းပိုင်းမှ စည်ကားမှုများသည် မြို့ပြင်သို့ ရောက်သောအခါ အခြားပုံစံတစ်မျိုးသို့ ပြောင်းလဲသွားလေသည်။ မြို့ရိုးတစ်လျှောက်တွင် နေရာအကျယ်ကြီး ယူထားသည့် သူဌေးအိမ်ကြီးများ၏ ခြံစည်းရိုးများ ရှိနေပြီး ဘေးတံခါးပေါက်တွင် မြင်းလှည်းများနှင့် ဝေါယာဉ် အများအပြား ရပ်နားထားလေသည်။ တောက်ပြောင်လှပစွာ ဝတ်ဆင်ထားသည့် အိမ်တော်မှ အစေခံများသည် တံခါးဘေးတွင် မှီကာ သွားကြားထိုးရင်း အတင်းပြောနေကြပြီး သာမန်လူများ အနားကပ်လာသည်ကို မြင်လျှင် အသံမာမာဖြင့် မောင်းထုတ်လေ့ရှိကြသည်။
လှည်းဘီးလိမ့်သံ တဂျိဂျိဖြင့် မြို့ပြင်ဘက်သို့ ဆက်လက်ထွက်ခွာလာပြီး ကျုံးမြောင်းနှစ်ခုကို ဖြတ်ကျော်ပြီးနောက် လမ်းမကြီး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ကျင်းလျန်တံတား အနီးဝန်းကျင်ကဲ့သို့ လူနေထူထပ်သော ရပ်ကွက်များ ပေါ်လာတော့သည်။ စားသောက်ဆိုင်များနှင့် ဧည့်ဂေဟာများသည် ငါးကြေးခွံပမာ စီတန်းနေပြီး ဆိုင်ခန်းအမျိုးမျိုးနှင့် နေအိမ်များသည် မြို့အတွင်းပိုင်းနှင့် ယှဉ်လျှင် ပိုသစ်လွင်ပြီး ပိုကြီးမားကျယ်ဝန်းကြလေသည်။ ရှန်ဦးကြီးသည် သည်ရပ်ကွက်တွင် နေထိုင်လေသည်။
ရှန်မြောင်က ကျိအာနှင့် ရှန်းအာတို့ကို ခေါ်ဆောင်ကာ လှည်းပေါ်မှ ဆင်းလိုက်ပြီး သူမ၏ မှတ်ဉာဏ်ကို အသုံးပြုကာ လမ်းကြားများကို ဖြတ်သန်းလျှောက်လှမ်းလာခဲ့ရာ မကြာမီတွင် လူစည်ကားသော ဈေးတန်းထဲ၌ "ရှန်တာ့ ဆန်ဆိုင်" ဟူသော ဆိုင်းဘုတ်ကို တွေ့လိုက်ရလေသည်။
ကျိအာသည် အဝေးမှနေ၍ ရှန်ဦးကြီး၏ အိမ်ရှေ့တွင် ချိတ်ဆွဲထားသည့် "ဆန်" စာလုံးအကြီးကြီးနှင့် "ရှန်တာ့" ဟု ရေးထိုးထားသော အလံကို လှမ်းမြင်လိုက်ရသည်နှင့် မျက်နှာထားမှာ တည်သွားပြီး ပခုံးများ တင်းမာသွားတော့သည်။
ရှန်မြောင်က သူ့ကို နှစ်သိမ့်သည့်အနေဖြင့် လက်ကို ပုတ်ပေးလိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားလိုက်လေသည်။
အထဲသို့ ဝင်လိုက်သည်နှင့် မြင့်မားသော ကောင်တာ၏ အနောက်တွင် ကြိမ်ပုခက် ကုလားထိုင်တစ်လုံး ချထားသည်ကို တွေ့လိုက်ရသည်။ အသက် (၄၀) ခန့်ရှိပြီး ဗိုက်ရွှဲရွှဲနှင့် ပိုးထည်များ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ထိုကုလားထိုင်ပေါ်တွင် လှဲလျောင်းနေပြီး စာအုပ်တစ်အုပ်ကို ကိုင်ကာ ခေါင်းတငြိမ့်ငြိမ့်ဖြင့် စိတ်ဝင်တစား ဖတ်ရှုနေလေသည်။ ဖတ်ရင်းဖတ်ရင်းဖြင့် လက်ချောင်းထိပ်ကို ပါးစပ်ထဲထည့်ကာ စုပ်လိုက်ပြီး စာမျက်နှာကို ဖြည်းဖြည်းချင်း လှန်လိုက်လေသည်။
ရှန်မြောင်သည် အချိန်အနည်းငယ်ယူကာ အားယူလိုက်ပြီး သစ်တော်သီးများကို ကျိအာ လက်ထဲသို့ ထိုးထည့်လိုက်ကာ စူးစူးဝါးဝါး အော်ဟစ်လိုက်တော့သည်။
"ဦးကြီးရေ"
ဤအသံသည် တိမ်မည်းမရှိဘဲ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကျယ်လောင်လှသဖြင့် ကျိအာနှင့် ရှန်းအာတို့ပင် လန့်ပြီး သူမကို လှည့်ကြည့်သွားကြသည်။ စာအုပ်ထဲတွင် စိတ်နှစ်ထားသော ရှန်ဦးကြီးကတော့ ပြောစရာပင် မလိုတော့ချေ။ ရှန်ဦးကြီးမှာ လန့်ဖျပ်သွားပြီး တစ်ကိုယ်လုံးရှိ အဆီများပင် တုန်ခါသွားကာ လက်ထဲမှ စာအုပ်ပါ လွတ်ကျသွားတော့သည်။ သူသည် စာအုပ်ကို လှမ်းဖမ်းရန် ကုန်းထလိုက်သော်လည်း ပက်လက်ကုလားထိုင်ပါ ပြောင်းပြန်လန်သွားပြီး "ဝုန်း" ခနဲ မြည်သံနှင့်အတူ ပက်လက်လန် လဲကျသွားလေသည်။
"အား... ကျွတ် ကျွတ်... ငါ့တင်ပါးတော့ သွားပြီ..."
ကျိအာသည် ခေါင်းငုံ့ကာ အသက်ပြင်းပြင်း ရှူလိုက်ပြီး ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရသည်။
ရှန်မြောင်သည် နှုတ်ခမ်းကို ဖိကိုက်ထားပြီး သနားစရာကောင်းသည့် ပုံစံကို ဆက်လက်ထိန်းထားနိုင်ရန် ကြိုးစားနေရသည်။ ရှန်းအာကတော့ မထိန်းနိုင်တော့ဘဲ ရှန်ဦးကြီး၏ အဖြစ်ပျက်ကို မြင်လိုက်ရသဖြင့် ဟားတိုက် ရယ်မောလိုက်တော့သည်။
"ဘယ်သူလဲကွ"
ရှန်ဦးကြီးသည် ဒေါသတကြီးဖြင့် ကြမ်းပြင်ပေါ်မှ ပြန်ထလာပြီး ကောင်တာကို ရိုက်ကာ ဆူပူရန် ပြင်လိုက်သော်လည်း ရှန်မြောင်ကို မြင်လိုက်ရသည့်အခါ ကြောင်အသွားတော့သည်။
"တူမကြီး... မင်း ဘယ်လိုလုပ်ပြီး ပြန်ရောက်လာတာလဲ"
ရှန်မြောင်သည် ရှေ့သို့ ပြေးဝင်သွားပြီး ကောင်တာဘေးရှိ အကာအရံတံခါးလေးကို ဖွင့်ကာ ပိုးထည်များ ဝတ်ဆင်ထားသည့် ရှန်ဦးကြီး၏ လက်မောင်းအိုကြီးကို လက်နှစ်ဖက်ဖြင့် အသေအချာ ဆွဲကိုင်လိုက်ပြီး အော်ဟစ်ငိုယိုလိုက်တော့သည်။
"ဦးကြီးရေ... တူမကြီး ဒုက္ခရောက်လိုက်တာရှင်၊ ဦးကြီး မသိပါဘူး... တူမကြီး အသက်တောင် ပျောက်လုနီးပါး ဖြစ်ခဲ့ရတာပါ၊ အခုမှပဲ ဆွေမျိုးသားချင်းတွေနဲ့ အရှင်လတ်လတ် ပြန်တွေ့ရတော့တယ်"
ရှန်ဦးကြီးမှာ အဆွဲခံလိုက်ရသဖြင့် နာကျင်သွားပြီး သွားများကို စေ့ထားလိုက်ရသည်။ ထူးဆန်းသည်မှာ ရုန်း၍မရခြင်းပင်။ ရှန်မြောင်က ထိုကဲ့သို့ အသံအကျယ်ကြီးဖြင့် အော်ဟစ်နေသဖြင့် ဆန်ဆိုင်အပြင်ဘက်တွင် အိမ်နီးနားချင်းများနှင့် လမ်းသွားလမ်းလာများ စုဝေးရောက်ရှိလာကြပြီး တံခါးဝမှနေပြီး ချောင်းကြည့်နေကြတော့သည်။
ရှန်ဦးကြီးသည် ရှန်မြောင်၏ ငိုသံကြောင့် ရင်တုန်ပန်းတုန် ဖြစ်လာပြီး လူခေါ်ရန်သာ တတ်နိုင်တော့သည်။
"မိန်းမရေ... ဟေ့ မိန်းမ... မြန်မြန် ထွက်လာစမ်း"
ရှန်မြောင်သည် ရှန်ဦးကြီး၏ အင်္ကျီလက်ဖြင့် နှာရည်နှင့် မျက်ရည်များကို သုတ်လိုက်ပြီး အေးစက်စွာ ပြုံးလိုက်လေသည်။
ရှန်ဦးကြီး၏ နာမည်ရင်းမှာ ရှန်ကောသို ဖြစ်သည်။ သူသည် စီးပွားရေး လုပ်ကိုင်သော်လည်း ငယ်စဉ်က ရှန်အဘိုးမှ စာသင်ကျောင်းသို့ ပို့ပြီး စာသင်စေခဲ့သည်။ သို့သော် ရှန်အဘိုးက သူ့အား မျှော်လင့်ချက်ကြီးကြီးထားပြီး ထိုနာမည်ကို ပေးခဲ့သော်ငြား ရှန်ဦးကြီးသည် ဆယ်နှစ် နှစ်ဆယ်ကြာအောင် စာဖတ်ခဲ့သော်လည်း ရှို့ချိုင်စာမေးပွဲကိုပင် မအောင်မြင်ခဲ့ချေ။
ယခုအခါတွင် သူသည် စာတစ်ကြောင်းနှစ်ကြောင်းလောက်သာ ရွတ်ဖတ်တတ်သည့် ဆန်ကုန်သည်တစ်ဦး ဖြစ်လာခဲ့သော်လည်း မိမိကိုယ်ကို ပညာတတ်တစ်ယောက်ဟု သတ်မှတ်ထားဆဲပင်။ သူသည် အထက်တန်းစား ဆန်ချင်ယောင်ဆောင်ကာ "ကျုံးယုံးကျမ်း"၊ "မင်းစီးကျမ်း"၊ "လိကျင်းကျမ်း" စသည့် သူတော်စင်တို့၏ ကျမ်းစာအုပ်များကို ကိုင်ဆောင်ဖတ်ရှုလေ့ရှိပြီး ဗဟုသုတ ပြည့်စုံသော်လည်း နေရာမရသည့် ပညာရှင်ပုံစံ ဖမ်းနေတတ်လေသည်။
သို့သော် သူ့တွင် ထိုကဲ့သို့ နောက်ခံသမိုင်းကြောင်း ရှိနေသဖြင့် ရှန်မြောင်သည် မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်ထဲမှ ရှန်ဦးကြီးအပေါ် ထားရှိသည့် အမြင်များနှင့် ပေါင်းစပ်ကာ "အရည်အချင်းမရှိဘဲ မိမိကိုယ်ကို အထင်ကြီးနေသူ" များကို မည်သို့ ကိုင်တွယ်ရမည်ကို ကြိုတင်စဉ်းစားထားပြီး ဖြစ်လေ၏။
ရှေးခေတ် ပညာတတ်များ၏ ပါးစပ်ဖျားတွင် စွဲနေသော စကားတစ်ခွန်း ရှိလေသည်။ "ပညာရှိကို သတ်လို့သာရမယ်၊ စော်ကားလို့မရဘူး" ဟူ၍ ဖြစ်သည်။ သူတို့သည် ဂုဏ်သိက္ခာနှင့် မျက်နှာကို အလွန်တရာ အလေးထားကြပြီး လူကြားထဲတွင် အရှက်ကွဲရခြင်းသည် သူတို့ကို သတ်လိုက်သည်ထက် ပို၍ ခံစားရခက်စေသည်။
ထို့ကြောင့် ရှန်မြောင်သည် ပို၍ ကျယ်လောင်စွာ ငိုကြွေးလိုက်ပြီး ငိုရင်းဖြင့် အသံကျယ်ကျယ် မေးခွန်းထုတ်လိုက်တော့သည်။
"ဦးကြီး... ဦးကြီးက တူမကြီးရဲ့ တစ်ဦးတည်းသော ဆွေမျိုးရင်းချာလေ... သွေးက ရေထက် ပျစ်ပါတယ်၊ တူမကြီးရဲ့ မိဘတွေ မတော်တဆ ဆုံးပါးသွားခဲ့တုန်းက တိုင်တည်စရာ နေရာမရှိလို့ တူမကြီး ကျင်းလင်မြို့ကို အဝေးကြီး ထွက်ပြီး အိမ်ထောင်ပြုခဲ့ရတာပါ၊ ငယ်ရွယ်တဲ့ မောင်လေးနဲ့ ညီမလေးကို ဦးကြီးဆီမှာ အပ်နှံခဲ့ပြီး မိသားစုပိုင် ဆိုင်ခန်းကိုလည်း ဦးကြီးကိုပဲ ဦးစီးခိုင်းခဲ့တာလေ၊ ဘာဖြစ်လို့များ သူတို့ကို အိမ်ပေါ်က မောင်းထုတ်ပြီး လမ်းဘေးရောက်အောင် လုပ်ရက်တာလဲ၊ သူတို့လေးတွေ အအေးမိပြီး ငတ်ပြတ်သေလုနီးပါး ဖြစ်ခဲ့ရတယ်လေ"
ရှေးလူများသည် ဆွေမျိုးများ စုဝေးနေထိုင်လေ့ရှိကြပြီး ဆွေမျိုးသားချင်းများ အချင်းချင်း အမှီသဟဲ ပြုကြသည်။ ရှန်မြောင်တို့ မောင်နှမသုံးယောက်၏ မိဘများ ဆုံးပါးသွားပြီဖြစ်ရာ ဦးကြီးဖြစ်သူက တူ၊ တူမများကို စောင့်ရှောက်ရန် တာဝန်ရှိလေသည်။ အထူးသဖြင့် ရှန်မိသားစုတွင် ရှန်ဦးကြီးနှင့် ရှန်ဖခင်ဟူ၍ ညီအစ်ကို နှစ်ယောက်တည်းသာ ရှိလေရာ ရှန်ဦးကြီးကသာ ညီဖြစ်သူ၏ ကျန်ရစ်သူ မိသားစုကို စွန့်ပစ်လိုက်လျှင် လောကလူသားများ၏ ဝိုင်းဝန်းကဲ့ရဲ့ရှုတ်ချခြင်းကို ခံရပြီး ကျောရိုးကျိုးသည့်အထိ အပြောခံရမည် ဖြစ်သည်။
ရှန်မြောင်သည် ရှန်ဦးကြီးကို တရားရုံးတွင် တရားစွဲဆိုသည့် နည်းလမ်းကို မရွေးချယ်ခဲ့ပေ။ ပထမအချက်မှာ ရှန်မြောင်သည် အငယ်ဖြစ်ပြီး ရှန်ဦးကြီးက လူကြီးဖြစ်သဖြင့် လူငယ်က လူကြီးကို တရားစွဲလျှင် "ဇနီးသည်က ခင်ပွန်းသည်ကို ကွာရှင်းခွင့်တောင်း" သကဲ့သို့ "နိမ့်ကျသူက မြင့်မြတ်သူကို တရားစွဲခြင်း" ခေါင်းစဉ်အောက်တွင် အကျုံးဝင်နေသဖြင့် တရားရုံးက အမှုမလက်ခံမီ တုတ်ချက် (၃၀) အရိုက်ခံရမည် ဖြစ်သည်။ ဒုတိယအချက်မှာ ရှန်ဦးကြီးက ကျိအာတို့ကို မစောင့်ရှောက်ခြင်းသည် ကိုယ်ကျင့်တရားဆိုင်ရာ ပြဿနာသာ ဖြစ်ပြီး ဥပဒေကို ချိုးဖောက်ခြင်း မဟုတ်သဖြင့် အာဏာပိုင်များက ဤကဲ့သို့သော အိမ်တွင်းရေး ကိစ္စရပ်များကို ဝင်ရောက်ဖြေရှင်းပေးရန် ဝန်လေးကြသောကြောင့် ဖြစ်သည်။
'သောက်ကျိုးနဲ လောကကြီးပါလား'
ထို့ကြောင့် ရှန်မြောင်သည် ဤကဲ့သို့ မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ရှန်ဦးကြီးမိသားစု၏ တစ်ကိုယ်ကောင်းဆန်မှုကို ဖွင့်ချကာ သူမနှင့် ကျိအာ၊ ရှန်းအာတို့အတွက် အကျိုးအမြတ်အချို့ ရယူရန် ရွေးချယ်လိုက်ခြင်း ဖြစ်လေတော့သည်။
...