← Chapters

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အပိုင်း (၁၃) ဟန်ဆောင်သံယောဇဉ်

ရှန်မြောင်၏ ငိုသံသည် ကျယ်လောင်သထက် ကျယ်လောင်လာသော်လည်း သူမ၏လေသံကတော့ နည်းနည်းလေးမှ ယိမ်းယိုင်သွားခြင်း မရှိပေ။ သူမသည် ဦးကြီးရှန်အိမ်တွင် ကျိအာနှင့် ရှန်းအာတို့ ခံစားခဲ့ရသည့် မတရားမှုများနှင့် နှိပ်စက်ခံရမှုများကို တစ်ခုချင်းစီ ရေတွက်ပြလိုက်လေသည်။ ၃နှစ်လုံးလုံး အဝတ်အစားသစ် တစ်စုံမှ မဝတ်ခဲ့ရခြင်း၊ ရေခပ် ထင်းခွေသည့် အစေခံများနှင့်မခြား ခိုင်းစေခံခဲ့ရခြင်း၊ ကျိအာကို ကျောင်းဆက်မထားတော့ခြင်း၊ ကလေးနှစ်ယောက်ကို ဗလာကျင်းဖြင့် မောင်းထုတ်ခဲ့သဖြင့် အပျက်အစီးများကြားတွင် ဖျားနာကာ ငတ်ပြတ်ပြီး သေလုနီးပါးဖြစ်ခဲ့ရခြင်း စသည်တို့ကို ရေတွက်ပြလိုက်သည်။

ရှန်မြောင် ပြောလိုက်သည့် အကြောင်းအရာတိုင်းသည် ဦးကြီးရှန်ကို မတရားစွပ်စွဲထားခြင်း မရှိပေ။ ထို့ကြောင့် ကျိအာနှင့် ရှန်းအာတို့သည် သူမ၏ ဝမ်းနည်းဖွယ် ငိုရှိုက်သံများအောက်တွင် စိတ်လှုပ်ရှားသွားကြလေသည်။ မိဘများနှင့် မကြီးကို ဆုံးရှုံးခဲ့ရသည့် ၃နှစ်တာကာလအတွင်း ကြီးတော်၏ မျက်နှာရိပ်မျက်နှာကဲကိုကြည့်ကာ အသက်ရှင်ခဲ့ရသည့် နေ့ရက်များက မျက်စိရှေ့တွင် ပြန်ပေါ်လာသယောင် ခံစားလိုက်ရသည်။

ကျိအာသည် အောင့်ထားသော်လည်း မျက်ရည်များက တိတ်တဆိတ် စီးကျလာလေသည်။

ရှန်းအာကတော့ ခေါင်းမော့ကာ အော်ငိုလိုက်တော့သည်။

ထို့ကြောင့် ရှန်မြောင်သည် ဦးကြီးရှန်၏ လက်မောင်းကို လွှတ်လိုက်ပြီး သူတို့နှစ်ယောက်ကို ဖက်ထားလိုက်လေသည်။ ထိုသနားစရာကောင်းသည့် မြင်ကွင်းသည် ဘေးမှ ကြည့်ရှုနေသူများကို ဂရုဏာသက်သွားစေတော့သည်။ တစ်ချို့က ဝင်ရောက်ကာ ထောက်ခံပြောဆိုကြသည်။

"ဒီဦးကြီးလုပ်တဲ့သူကို ကြည့်ပါအုံး၊ တစ်ကိုယ်လုံး တောက်ပြောင်နေအောင် ဝတ်ထားပြီးတော့ ကိုယ့်တူနဲ့ တူမအရင်းခေါက်ခေါက်တွေကျတော့ သူတောင်းစားလို ဝတ်ထားရတယ်၊ ကျွတ်... ကျွတ်..."

တခြား အိမ်နီးချင်းများကလည်း တီးတိုးပြောဆိုနေကြသည်။

"ငါပြောပါတယ်၊ ရှန်မိသားစုက ကလေးနှစ်ယောက်ကို မတွေ့တာ ရက်နည်းနည်းရှိပြီလို့၊ အိမ်ကနေ မောင်းထုတ်ခံလိုက်ရတာကိုး၊ သနားစရာကောင်းလိုက်တာ”

ဦးကြီးရှန်၏ မျက်နှာသည် ဝက်သည်းရောင်ကဲ့သို့ နီမြန်းလာတော့သည်။ သူသည် ထိတ်လန့်တုန်လှုပ်နေပြီး ဘေးပတ်ဝန်းကျင်က အိမ်နီးနားချင်းများ၏ အထင်သေးသည့် အကြည့်များကိုပင် ပြန်မကြည့်ရဲတော့ပေ။ ထို့ကြောင့် သူက 'အမယ်လေး၊ အမယ်လေး' ဟု ညည်းတွားရင်း ရှန်မြောင်မောင်နှမသုံးယောက်ကို တွဲကူသလိုနှင့် အနောက်ဘက်ခြံဝင်းသို့ အတင်းတွန်းပို့ကာ ပြောလိုက်သည်။

"ပြန်ပြောကြတာပေါ့၊ ပြန်ပြောကြတာပေါ့”

သည်အချိန်တွင် အနောက်ဘက်ခြံဝင်းနှင့် မျက်နှာစာဆိုင်ကြားက တဝက်ချထားသည့် ခန်းဆီးကို လူတစ်ယောက်က ကြမ်းတမ်းစွာ ဆွဲဖွင့်လိုက်လေသည်။

"တူမကြီး ပြောတာ မှားနေပြီ၊ မိသားစုဆိုတာ ဘယ်မှာ ပဋိပက္ခနဲ့ အထင်လွဲတာမျိုး မရှိဘဲ နေမလဲ၊ ဒယ်အိုးနဲ့ ယောက်မ တိုက်မိသလို၊ သွားနဲ့ လျှာ ကိုက်မိသလိုမျိုးက သာမန်ကိစ္စပါပဲ၊ တူမကြီးက ငယ်သေးတော့ ဘာလို့ ဒီလောက်ထိ ပြဿနာဖြစ်အောင် လုပ်နေရတာလဲ”

ထိုအချိန်တွင် ဝဝဖိုင့်ဖိုင့်နှင့် ခပ်ကြမ်းကြမ်းပုံစံရှိသည့် အမျိုးသမီးတစ်ယောက်သည် ခါးတွင် ခါးစည်း စည်းလျက် ခြေလှမ်းကျဲကြီးများဖြင့် ထွက်လာလေသည်။ သူမသည် မူလခန္ဓာကိုယ်ပိုင်ရှင်၏ ကြီးတော်ဖြစ်သူ တင်းရှီ ဖြစ်လေသည်။ သူမတွင် ဖြူဝင်းသည့် မျက်နှာဝိုင်းနှင့် စူးရှသည့် မျက်လုံးတစ်စုံရှိသည်။ ငယ်စဉ်က အလှအပအချို့ ရှိခဲ့ပုံရသော်လည်း အလွန်အမင်း ဝလာခြင်းကြောင့် မျက်ခုံးနှင့် မျက်လုံးများတွင် အလှတရားကို မမြင်ရတော့ဘဲ ပါးနပ်မှုနှင့် လောဘဆန်မှုတို့ကိုသာ တွေ့ရတော့သည်။

သူမသည် စကားနည်းနည်းပြောရုံဖြင့် ရှန်မြောင်၏ သနားအောင်လုပ်သည့် နည်းလမ်းကို ဖြိုခွင်းလိုက်ပြီး တန်ပြန်တိုက်ခိုက်လိုက်တော့သည်။

"တူမကြီးရေ၊ ညည်းက ပြန့်ကျင်းမှာ မရှိတော့ အတွင်းရေးကို မသိပါဘူး”

သူမသည် ကျိအာနှင့် ရှန်းအာကို လက်ညှိုးထိုးပြပြီး နာကျင်ခံခက်ဖြစ်နေသည့်ဟန် ပြောလိုက်သည်။

"ဒီကလေးနှစ်ယောက်က ဆိုးသွမ်းလွန်းလို့ ထိန်းကျောင်းရတာ တကယ်ခက်တာပါ၊ သူသာ ဆရာ့အိမ်မှာ ညီအစ်ကိုအချင်းချင်းရော အတန်းဖော်တွေကိုပါ လက်ပါပြီး ရိုက်နှက်တာမျိုး မလုပ်ခဲ့ရင် ဆရာက ဘယ်လိုလုပ်ပြီး ကျောင်းထုတ်ပါ့မလဲ၊ ဒါက တို့တွေ သူ့ကို ကျောင်းမထားပေးတာ မဟုတ်ဘူးနော်၊ သူ့စိတ်က ကြမ်းလွန်းလို့ ဆရာက လက်မခံတော့တာ၊ ငါဆိုတဲ့ ကြီးတော်က တူကို ဆုံးမတဲ့နေရာမှာ တစ်လွှာခြားနေတော့ အပြင်းအထန်လည်း မပြောရဲဘူး၊ ညည်းက ကလေးမမွေးဖူးသေးတော့ ဒီကြားထဲက အခက်အခဲကို ဘယ်နားလည်ပါ့မလဲ”

တင်းရှီသည်လည်း တော်ရုံမဟုတ်ပေ။ ပြောရင်းဆိုရင်း မျက်ရည်များ ကျလာပြီး ရှိုက်ကြီးတငင်ဖြင့် ရှန်မြောင်ကို လာဖက်လေသည်။

"တူမကြီးရယ်၊ ညည်းရဲ့ ဦးကြီးနဲ့ ကြီးတော်ကို အထင်မလွဲလိုက်ပါနဲ့၊ တို့တွေလည်း ကျိအာ ကောင်းဖို့အတွက် လုပ်ခဲ့တာပါ၊ သူ့ကို မဆုံးမဘဲနေရင် သူ့စိတ်နဲ့ဆို နောက်ကျရင် လူရိုက်တာမဟုတ်ဘဲ လူသတ်မယ့်ကောင် ဖြစ်လာမှာ၊ ကြီးတော်က ဒေါသထွက်ထွက်နဲ့ စကားနှစ်ခွန်းလောက် ပြောလိုက်မိတာကို သူက မျက်နှာကြီး အမူအရာပျက်ပြီး ရှန်းအာကိုပါ ခေါ်ထွက်သွားတယ်လေ၊ အမယ်လေး... ကြီးတော်နဲ့ ညည်းဦးကြီးမှာ နေ့မနား ညမနား လိုက်ရှာလိုက်ရတာ၊ စားမဝင် အိပ်မပျော်နဲ့ ဒီ ၂ရက်အတွင်း ခြေထောက်တွေတောင် သေးသွားပြီ၊ သူက ညည်းတို့အိမ်က ဆိုင်အိုကြီးဆီ ပြေးသွားမယ်လို့ ဘယ်သူက ထင်မှာလဲ”

ကျိအာမှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းလာလေသည်။ သူက ဒေါသတကြီး ပြောလိုက်သည်။

"ကြီးတော် အမှားအမှန်ကို ပြောင်းပြန်လုပ်နေတာ!"

ရှန်မြောင်က သူ့ကို လက်ဖြင့် ဖိထားလိုက်ပြီး တင်းရှီကို အေးစက်စက် ကြည့်လိုက်ကာ မျက်ရည်များကို သုတ်ရင်း အံ့သြဟန်ဆောင်လိုက်သည်။

"ဒီလို အကြောင်းအရင်း ရှိနေသေးတာလား၊ ကျွန်မ မသိခဲ့ပါဘူး၊ ကြည့်ရတာ ကျွန်မက ဦးကြီးနဲ့ ကြီးတော်တို့ကို အထင်လွဲမိသွားပြီ ထင်တယ်”

ပြောပြီးသည်နှင့် သူမသည် မတ်တပ်ရပ်လိုက်ပြီး ကျိအာ၏လက်ထဲမှ သစ်တော်သီးထုပ်ကို ယူကာ တင်းရှီကို မနှိမ့်ချလွန်း မမြှောက်စားလွန်းသည့်ပုံစံဖြင့် လေးလေးနက်နက် ဦးညွှတ်အရိုအသေပေးလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။

"တူမက ကျိအာရဲ့ဆရာအိမ်ကိုသွားပြီး အကြောင်းအရင်း မေးပြီးပါပြီ၊ ဟိုင်အာနဲ့ တခြားအတန်းဖော်တွေက ကျိအာကို မိဘမဲ့မလို့ အကာအကွယ် မရှိဘူးဆိုပြီး အနိုင်ကျင့်ကြတယ်တဲ့၊ ညစ်ညမ်းတဲ့ စကားတွေနဲ့ ပြောဆိုကြလို့ ကျိအာက သည်းမခံနိုင်ဘဲ လက်ပါသွားတာပါ၊ ဒါပေမဲ့ လက်ပါသွားတာက သူ့အမှားပါ၊ ဒီနေ့ တူမ လာခဲ့တာက သူ့အစား တောင်းပန်ဖို့ လာခဲ့တာပါ၊ ဒီနွေဦးရာသီ သစ်တော်သီးက အပူငြိမ်းစေပြီး လည်ချောင်းနဲ့ အဆုတ်ကို အားဖြည့်ပေးပါတယ်၊ ဟိုင်အာ စားဖို့ အကောင်းဆုံးပါပဲ၊ လက်ဆောင်က တန်ဖိုးမကြီးပေမဲ့ မေတ္တာပါပါတယ်၊ ကြီးတော် မငြင်းပါနဲ့နော်”

မနှိမ့်ချလွန်း မမြှောက်စားလွန်းဘဲ ယဉ်ကျေးသိမ်မွေ့သည့် ထိုစကားများကြောင့် ဘေးမှ ကြည့်နေကြသည့် အိမ်နီးနားချင်းများက တိတ်တဆိတ် ခေါင်းညိတ်မိသွားကြသည်။ တစ်ချို့က ပြဇာတ်ကြည့်နေသကဲ့သို့ မှတ်ချက်ပြုကြသည်။

"ဒီတူမကတော့ ယဉ်ကျေးမှုရှိပြီး အကြီးအငယ် လေးစားတတ်တာပဲ”

"ညီအစ်ကိုဝမ်းကွဲတွေ ဖြစ်နေပါလျက်နဲ့ တစ်နေရာတည်းမှာ စာအတူသင်နေပြီး အချင်းချင်း မကူညီတဲ့အပြင် တခြားသူတွေကို ဦးဆောင်ပြီး စော်ကားခိုင်းတာကတော့ အရိုက်ခံရတာ မမှားပါဘူး”

"ကြားရတာ ဒီရှန်တာ့ (သားကြီး)ရဲ့ ညီ ရှန်အာ့(ဒုတိယသား) ဆုံးသွားတာ ၃နှစ်ပဲ ရှိသေးတယ်တဲ့၊ ဝမ်းနည်းခြင်းကာလ ပြီးတာနဲ့ မိဘမဲ့ဆိုပြီး လှောင်ပြောင်တာက လူ့နှလုံးသားကို တံကျင်နဲ့ထိုးတာပဲ၊ ငါသာဆိုရင် သားတစ်ယောက်အနေနဲ့ အဲဒီလူရဲ့ပါးစပ်ကို ဆွဲဖြဲပစ်လိုက်မှာ”

"ရိုက်တာ ကောင်းတယ်၊ ဒါမှ သားလိမ္မာ”

ထိုစကားများသည် ဦးကြီးရှန်နှင့် တင်းရှီတို့၏ နားထဲသို့ ရောက်သွားရာ ပါးရိုက်ခံလိုက်ရသကဲ့သို့ မျက်နှာများ ပူထူသွားစေတော့သည်။ ထိုအရာများက အမှန်တရားဖြစ်နေပြီး စာသင်ကျောင်းက ဆရာကိုပါ ထည့်ပြောထားသဖြင့် သူတို့တွင် ငြင်းစရာ စကားမရှိတော့ပေ။

ကျိအာတစ်ယောက်သာ ရှက်ရွံ့ခြင်းနှင့်အတူ ရှန်မြောင်၏ စကားများကို အံ့သြနေမိသည်။

'ဒီအတွင်းရေးကို... မကြီး ဘယ်လိုလုပ်ပြီး သိသွားတာလဲ၊ သူက ဆရာ့အိမ်ကို လုံးဝ မသွားခဲ့ပါဘူး။'

ရှန်မြောင်က ခန့်မှန်းပြီး လျှောက်ပြောလိုက်ခြင်းပင်။

အမှန်တကယ်တော့ သူမ အစောကြီးကတည်းက ရိပ်မိနေခဲ့သည်။ ကျိအာ၏ စိတ်နေစိတ်ထားကို အခြေခံပြီး ခန့်မှန်းကြည့်လိုက်ရုံဖြင့် သိနိုင်သည်။ ၂ရက်လောက်သာ အတူနေဖူးသော်လည်း ရှန်မြောင်သည် လူကဲခတ်သည့်နေရာတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်ရှိလေသည်။ ဒီလို စောစောစီးစီး ရင့်ကျက်ပြီး အိမ်ထောင်ဦးစီးဆန်သည့် ကလေးတစ်ယောက်ကို လက်ပါအောင် လုပ်နိုင်သည့်အရာက ဘာရှိနိုင်ပါမည်နည်း။

ဒီကိစ္စနှင့်ပတ်သက်ပြီး ပါးစပ်သရမ်းကြလို့သာ နေမည်။

ရှန်မြောင်၏ သစ်တော်သီးများသည် ယခုအချိန်အတွက် အသုံးဝင်လာလေသည်။ သူမက လက်ဗလာနှင့် လာခဲ့ခြင်းမဟုတ်ပေ။ တန်ဖိုးကြီးသည့် ပစ္စည်းမဟုတ်သော်လည်း သူမသည် ပြဿနာ လာရှာခြင်း မဟုတ်ဘဲ လူကြီးများကို အရိုအသေပေးခြင်းဖြစ်ကြောင်း သက်သေပြနိုင်ရန် ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။

တင်းရှီက ရေပုပ်နှင့် လှမ်းပက်ကာ ကျိအာအပေါ် အပြစ်ပုံချလိုက်သဖြင့် သူမက ခုခံရခြင်း ဖြစ်သည်။ ကျိအာသည် နောင်တွင် စာသင်ရဦးမည်ဖြစ်ရာ ဒီလိုနာမည်ဆိုးနှင့် မဖြစ်စေရပေ။

ရန်ဖြစ်ခြင်းသည် ဟင်းချက်ခြင်းနှင့် တူလေသည်။ အပူချိန်ကို ဂရုစိုက်ရသည်။

အရင်ဆုံး အသံဖြင့် လွှမ်းမိုးထားခြင်းသည် ဟင်းခတ်အမွှေးအကြိုင်များကို မီးပြင်းဖြင့် ဆီသတ်လိုက်သကဲ့သို့ပင်။ ထို့နောက် အကျိုးအကြောင်း ခိုင်လုံအောင် ပြောခြင်းသည် မီးအေးအေးဖြင့် ချက်ပြုတ်ခြင်းဖြစ်ပြီး ယခုအချိန်သည် ခံစားချက်ကို လှုံ့ဆော်ကာ မီးပြင်းဖြင့် ဟင်းရည်ပစ်အောင် တည်ရမည့်အချိန်ပင်။

ထို့ကြောင့် ခဏလောက် ရပ်နားလိုက်ပြီးနောက် ရှန်မြောင်သည် လေသံပြောင်းလိုက်ကာ ဓားသွားကဲ့သို့ စူးရှသည့် မျက်လုံးများဖြင့် တင်းရှီကို ကြည့်လိုက်လေသည်။

"ကြီးတော် အခုလေးတင်ပြောသွားတာတွေကို တူမ လက်ခံပါတယ်၊ ကျိအာမှာ အမှားရှိတာကိုလည်း တူမ မငြင်းပါဘူး၊ ဒါပေမဲ့ တစ်ချက်တော့ ရှိတယ်၊ ကျိအာက အရမ်းငယ်ပါသေးတယ်၊ သူ့စိတ်က မရင့်ကျက်သေးရင်တောင် နားလည်ပေးပြီး သေသေချာချာ သင်ပေးသင့်တာပါ၊ ဒီလို ရက်စက်တဲ့ နည်းလမ်းနဲ့ သူ့ကို ဆုံးမတာမျိုး မလုပ်သင့်ပါဘူး၊ တူမသာ ပြန့်ကျင်းကို ရုတ်တရက် ပြန်မလာဖြစ်ခဲ့ရင် သူတို့တွေ ယန်လျိုအရှေ့လမ်းကြားထဲမှာ ငတ်သေကုန်ကြလောက်ပြီဆိုတာ ကြီးတော် သိရဲ့လား၊ ကြီးတော်က နေရာအနှံ့ လိုက်ရှာတယ်ဆို၊ ဘာလို့ အိမ်မှာ သွားမရှာတာလဲ၊ ကလေးတစ်ယောက်က ဘယ်လောက် ဝေးဝေး ပြေးနိုင်မှာမို့လို့လဲ၊ နာရီဝက်လောက်ပဲ လျှောက်ရတဲ့ ခရီးကို ၄-၅ရက် ကြာတဲ့အထိ မရောက်လာဘူးနော်”

ပြောရင်းဆိုရင်း ရှန်မြောင်သည် မျက်ရည်များ ကျလာပြန်ကာ တောက်လျှောက် နှုတ်ဆိတ်နေသည့် ဦးကြီးရှန်ဘက် လှည့်ပြောလိုက်သည်။

"ဦးကြီး... ဦးကြီးက စာတတ်ပေတတ်လေ၊ ကိုယ့်ရဲ့ သက်ကြီးရွယ်အိုကို ရိုသေရင် သူများရဲ့ သက်ကြီးရွယ်အိုကိုလည်း ရိုသေရတယ်၊ ကိုယ့်ရဲ့ သားသမီးကို ချစ်ရင် သူများရဲ့ သားသမီးကိုလည်း ချစ်ရတယ်ဆိုတဲ့ စကားကို ဦးကြီးက မသိလို့လား၊ ပြီးတော့ ကျွန်မတို့က 'သူများ' မဟုတ်ပါဘူး၊ ဦးကြီးရဲ့ တူအရင်း တူမအရင်းတွေပါ၊ မိသားစုဆိုတာ အရိုးကွဲအောင် ရိုက်တောင် အသားချင်း ဆက်နေတာပါ၊ ကျိအာသာ ကောင်းစားရင် ဟိုင်အာအတွက်လည်း နောင်တချိန်မှာ အကူအညီရမယ့်သူ တစ်ယောက် တိုးလာမှာပဲလေ၊ ဦးကြီး တကယ် မှားနေပြီ”

"ဦးကြီး မှတ်မိသေးလား၊ အဘိုး ရှိတုန်းက ကျွန်မနဲ့ ကျိအာ မြို့ထဲကို နှစ်သစ်ကူး နှုတ်ဆက်လာတဲ့အချိန်တုန်းကဆိုရင် ဦးကြီးက ကျိအာကို ပခုံးပေါ်တင်ပြီး ဗြောက်အိုးဖောက်ပေးခဲ့သေးတယ်လေ၊ ကျွန်မတို့အိမ်က အဆက်အသွယ်မလုပ်ဘဲ နေပြီးမှ အမြတ်ထုတ်ချင်လို့ ရောက်လာတဲ့ ဆွေမျိုးဆင်းရဲတွေ မဟုတ်ပါဘူး၊ ကျွန်မအဖေက ဦးကြီးရဲ့ ညီအရင်းခေါက်ခေါက်ပါ၊ သနားစရာကောင်းလိုက်တဲ့ ကျွန်မရဲ့ မိဘနှစ်ပါးလုံး အာဏာရှိတဲ့သူတွေရဲ့ မြင်းခွာအောက်မှာ ရင်ဘတ်တွေ ချိုင့်ဝင်ပြီး သေခဲ့ရတာ၊ အမေက နေရာတင် ပွဲချင်းပြီး ဆုံးသွားခဲ့တယ်၊ အဖေက သွေးတွေအန်ပြီး နောက်ဆုံးထွက်သက်အချိန်လေးမှာ သူ့အစ်ကိုကို တွေ့ရဖို့ အသက်ကို မနည်းအောင့်ထားခဲ့ရတာ... အဘိုးနဲ့ အဘွား မရှိတော့ပေမဲ့ ဦးကြီးနဲ့ အဖေက အပြန်အလှန် မှီခိုခဲ့ရတဲ့ ညီအစ်ကိုတွေ မဟုတ်ဘူးလား၊ အဲဒီတုန်းက ဦးကြီးက ကျိအာနဲ့ ရှန်းအာကို စောင့်ရှောက်ပါ့မယ်လို့ ကတိပေးခဲ့မှ အဖေက မျက်လုံးမှိတ်ဖြောင့်ခဲ့တာလေ၊ ဦးကြီး အကုန်လုံး မေ့သွားပြီလား”

ညီအစ်ကိုရင်းချာ သွေးသားသံယောဇဉ်သည် အတိတ်ကို ပြန်ပြောင်းသတိရခြင်းကို ခံနိုင်ရည်မရှိပေ။ အကျိုးစီးပွားက မျက်စိပိတ်နေချိန်တွင် မေ့လျော့နေတတ်သော်လည်း တစ်စုံတစ်ယောက်က ထုတ်ဖော်ပြောလိုက်ချိန်တွင်တော့ အဆပေါင်းများစွာသော အပြစ်ရှိစိတ်နှင့် ဝမ်းနည်းမှုတို့ ဖြစ်ပေါ်လာတတ်သည်။ ဦးကြီးရှန်သည် ညီဖြစ်သူ မသေခင်က သူ့ကိုမြင်မှ စိတ်ချလက်ချဖြစ်သွားသည့် မျက်ဝန်းများကို သတိရသွားသည်။ ပါးစပ်အပြည့် သွေးများနှင့်အတူ 'အစ်ကိုကြီး' ဟု တိုးတိုးလေး ခေါ်ပြီး အသက်ထွက်သွားခဲ့သည်။

သူသည် လက်မောင်းကို မ,ကာ မျက်ရည်စများကို သုတ်လိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်မိသည်။

"ဦးကြီး မင်းတို့ကို တာဝန်မကျေခဲ့ပါဘူးကွယ်”

ထိုစကားတစ်ခွန်းဖြင့် ရှန်မြောင်သည် ဒီခရီးစဉ်တွင် အနိုင်ရသွားပြီ ဖြစ်သည်။

သူမ ဒီကို လာရခြင်းသည် မျက်နှာဖုံးကို ခွာချပြီး သဘောထားကို ပြသရန်ဖြစ်သလို ကျိအာ၏ နာမည်ဂုဏ်သတင်းကိုလည်း ရှင်းပေးရန် ဖြစ်သည်။ စုန့်ခေတ်တွင် အရာရှိရွေးချယ်ခြင်းနှင့် စာမေးပွဲဖြေဆိုခြင်းတို့သည် ကိုယ်ကျင့်တရားနှင့် ဂုဏ်သတင်းကို အလွန်အလေးထားကြသည်။ ထို့ကြောင့် သူမသည် ရမ်းကားခြင်း၊ အကြီးအကဲကို စော်ကားခြင်းမျိုး မလုပ်နိုင်ဘဲ ဒီနည်းလမ်းအတိုင်း ကိုယ်ကျင့်တရားနှင့် ဖိအားပေးခြင်းကိုသာ သုံးရလေသည်။

သူမ၏ မျက်နှာပေါ်မှ မျက်ရည်များ တဖြည်းဖြည်း ရပ်တန့်သွားပြီး ချက်ချင်းဆိုသလို မျက်နှာထား ပြောင်းလဲသွားကာ တင်းရှီကို ပြောလိုက်တော့သည်။

"ကြီးတော် ပြောတာ မှန်ပါတယ်၊ မိသားစုဆိုတာ သွားနဲ့ လျှာ ကိုက်မိသလို ဖြစ်တတ်တာ သဘာဝပါပဲ၊ စကားတွေ ရှင်းသွားပြီဆိုတော့လည်း ပြီးသွားတာပါပဲ၊ လာပါ၊ လာပါ၊ အိမ်ထဲဝင်ပြီး စကားပြောကြရအောင်”

ပြောပြီးသည်နှင့် သူမသည် ဘေးပတ်ဝန်းကျင်မှ လူများကို ပြုံးကာ ဦးညွှတ်လိုက်သည်။

"ကျွန်မက အဝေးရောက်နေပြီး ဦးကြီးနဲ့ ကြီးတော်ကို မတွေ့ရတာ ကြာတော့ စိတ်မထိန်းနိုင်ဘဲ ဖြစ်သွားပါတယ်၊ လူကြီးမင်းတို့ ရယ်စရာ ဖြစ်သွားရပြီ၊ ဒါက မိသားစုကိစ္စဆိုတော့ လူကြီးမင်းတို့ ပြန်နားကြပါတော့ရှင်”

အပြင်လူများကို ရှန်မြောင်က ပြန်လွှတ်လိုက်သဖြင့် ဦးကြီးရှန်သည် သက်ပြင်းချလိုက်ပြီး ကုလားထိုင်ပေါ်တွင် ပစ်ထိုင်ချလိုက်တော့သည်။

တင်းရှီသည်လည်း ဘာမှ ထပ်မပြောသာတော့ပေ။ သေသွားသည့် မတ်ဖြစ်သူကိုပါ ဆွဲထည့်ပြောလာပြီး လူသေက အကြီးဆုံးဖြစ်နေသဖြင့် ထပ်ပြောနေလျှင် သူမသာ အရေးနိမ့်တော့မည်။ သို့သော် သူမသည် မျက်လုံးကို ပင့်ကာ ရှန်မြောင်ကို ခေါင်းအစခြေအဆုံး အကြိမ်ကြိမ် ကြည့်လိုက်ပြီး သံသယများ ပိုဝင်လာတော့သည်။

'ဒီကောင်မလေး ကျင်းလင်မှာ ဘာဆေးတွေများ စားလာခဲ့တာလဲ၊ အခုဆိုရင် ဦးနှောက်ပြေးတာတင်မကဘူး၊ ပါးစပ်ကလည်း ဓားသွားလို ထက်နေလိုက်တာ၊ မျက်နှာပြောင်းတာကလည်း စာအုပ်လှန်သလိုပဲ၊ တကယ်ကို ၃နှစ်လောက် ခွဲခွာပြီးမှ ပြန်တွေ့ရတဲ့ ပညာရှိတစ်ယောက်လို ဖြစ်နေပါလား။'

နှာခေါင်းရှုံ့လိုက်ပြီး တင်းရှီသည် ခါးကောက်ကြောင်းပင် မမြင်ရတော့သည့် ရေပုံးခါးကို လှုပ်ကာ အနောက်ဘက်ခြံဝင်းသို့ အရင်ဝင်သွားတော့သည်။

ဦးကြီးရှန်ကတော့ အချိန်တော်တော်ကြာ တုံ့ဆိုင်းနေပြီးမှ ရှန်မြောင်ကို ခေါ်လိုက်သည်။

"အားလုံး အထဲဝင်ထိုင်ကြလေ”

"ဟုတ်ကဲ့”

ရှန်မြောင်သည် ဦးကြီးရှန်၏ နီရဲနေဆဲ မျက်ဝန်းများကို တစ်ချက်ကြည့်လိုက်ပြီး သိပ်မလိုလားသည့် ကျိအာနှင့် မိဘများကို သတိရကာ ရှိုက်နေသည့် ရှန်းအာကို တွဲပြီး အနောက်သို့ လိုက်ဝင်သွားလေသည်။

ဦးကြီးရှန်အိမ်၏ အနောက်ဘက်ခြံဝင်းသည် ရှန်မိသားစုဆိုင်ခန်းထက် များစွာ ကျယ်ဝန်းလေသည်။ သပ်ရပ်သည့် လေးဘက်ပိတ် ခြံဝင်းပုံစံဖြစ်ပြီး ပင်မအခန်း ၃ခန်း၊ ဘေးခန်း ၄ခန်းနှင့် မျက်နှာချင်းဆိုင်အခန်း ၂ခန်း စုစုပေါင်း အခန်း ၉ခန်းဖြင့် ကောင်းကင်ကြည့် မြေကွက်လပ်တစ်ခုကို ဝန်းရံထားသည်။ မြေကွက်လပ်ကိုလည်း အလွန် လှပတင့်တယ်အောင် ပြင်ဆင်ထားသည်။ စင်္ကြံလမ်းတစ်လျှောက်တွင် ရေဆေးကျောက်ပြား ခင်းထားပြီး ထင်းရှူး၊ ဝါး၊ မက်မွန်၊ ဂန္ဓမာ၊ သစ်ခွ စသည့် ပန်းအလှပင် အမျိုးမျိုးကို စုဆောင်းထားသည်။ အလယ်တွင် ဝါးစားပွဲနှင့် ကုလားထိုင် တစ်စုံ ချထားပြီး ထောင့်တွင် ရေတွင်းတစ်တွင်းလည်း တူးထားသည်။ ရှန်မြောင် ခေါင်းပြူကြည့်လိုက်ရာ အတွင်း၌ သခွားသီးလေးအချို့ စိမ်ထားသည်ကို တွေ့လိုက်ရသည်။ ဦးကြီးရှန်၏ နေထိုင်မှုဘဝက တကယ်ကို သက်တောင့်သက်သာ ရှိလှသည်။

လူအများ ကုလားထိုင်တွင် အသီးသီး ထိုင်လိုက်ကြသည်။ ရှန်မြောင်သည် ငိုပြီးသွားသော်လည်း တဆတ်ဆတ်တုန်နေသေးသည့် ရှန်းအာကို ဖက်ထားပြီး လက်ကိုင်ပုဝါထုတ်ကာ မျက်နှာသုတ်ပေးလိုက်သည်။ ကျိအာကတော့ မထိုင်ဘဲ ရှန်မြောင်၏ အနောက်တွင် မျက်နှာတင်းတင်းဖြင့် ရပ်နေလေသည်။

ထိုင်ပြီးနောက် ရှန်မြောင်က စကားစမပြောပေ။ သူမ၏ တိတ်ဆိတ်မှုက ဦးကြီးရှန်နှင့် တင်းရှီကို နေရခက်စေသည်။ နောက်ဆုံးတွင် တင်းရှီက လက်ပိုက်လိုက်ပြီး အေးစက်စက်ဖြင့် စပြောလိုက်သည်။

"တူမကြီး အဝေးကြီးကနေ ပြန်လာတာ ဒီကလေးနှစ်ယောက်ကို ကျင်းလင်ကို ပြန်ခေါ်သွားမလို့လား၊ ခေါ်မယ်ဆိုရင်လည်း ခေါ်သွားလိုက်ပါ၊ ကြီးတော်က ၃နှစ်လုံးလုံး ထိန်းကျောင်းပေးခဲ့တာတောင် အတွင်းရော အပြင်ရော လူရာမဝင်ဘူး ဖြစ်နေရတယ်၊ စည်းကမ်းတင်းကျပ်ပြန်တော့လည်း မင်းတို့က မပျော်ကြဘူး၊ လျှော့ပေးပြန်တော့လည်း ပြဿနာရှာကြပြန်တယ်”

ရှန်မြောင်က ခေါင်းခါပြလိုက်သည်။

"အစ်မကြီးဆိုတာ အမေလိုပါပဲ၊ ကြီးတော် ပြောသလိုပဲ တူမက ကျိအာနဲ့ ရှန်းအာကို ပြန်ခေါ်ပြီး ကိုယ်တိုင်ပဲ လူဖြစ်အောင် ပြုစုပျိုးထောင်သွားမှာပါ၊ ဒါပေမဲ့ တူမ နောက်ဆိုရင် ကျင်းလင်ကို မပြန်တော့ဘူး၊ ပြန့်ကျင်းမှာပဲ နေတော့မှာ၊ အဖေ ချန်ထားခဲ့တဲ့ ဟင်းရည်ဆိုင်လေးကို ပြန်ဖွင့်ချင်လို့”

တင်းရှီက မျက်မှောင်ကျုတ်လိုက်ပြီး ချက်ချင်း အကွက်မြင်သွားသည်။

"ညည်း ယောက္ခမက ကွာရှင်းခိုင်း လိုက်တာလား”

ရှန်မြောင် လန့်သွားသည်။ သူမ၏ ကြီးတော်သည် သဘောထားမကြီး၊ စကားကြမ်းသော်လည်း ကိစ္စရပ်များကို သုံးသပ်ရာတွင် အလွန်ထက်မြက်သည်။ တစ်ချက်တည်းနှင့် မှန်အောင် ခန့်မှန်းနိုင်လေသည်။

ရှန်မြောင်က ပြန်မဖြေသည်ကို မြင်လိုက်ရသဖြင့် တင်းရှီက မထီမဲ့မြင် ပြုသလို နှုတ်ခမ်းမဲ့လိုက်သည်။

"လွန်ခဲ့တဲ့နှစ်တွေတုန်းက ရုံမိသားစု လာကမ်းလှမ်းတုန်းကတည်းက ငါက အဲဒီ ရုံသာ့ညန်ကို ကြည့်မရခဲ့တာ၊ ဘာကောင်မို့လို့လဲ၊ ပါးစပ်ဟလိုက်တာနဲ့ ငါ့သားက ဘယ်လို၊ ငါ့သားက ဘယ်ပုံ ဆိုပြီး ပြောနေတာ၊ သူလည်း ကလေးစာသင်သားပဲ မဟုတ်ဘူးလား၊ ပြောနေပုံက နောက်နေ့ပဲ ကျွီရန် စာမေးပွဲ အောင်တော့မလိုလိုနဲ့၊ အဲဒီ ရုံသာ့လန် ဆိုတဲ့ကောင်လည်း အတူတူပဲ၊ မျက်နှာချောအောင် လိမ်းခြယ်ထားပြီးတော့ ညည်းက ဘာလို့များ သဘောကျခဲ့ရတာလဲ၊ အဲဒီမိသားစုက မွဲလည်းမွဲသေးတယ်၊ ငါ ဘယ်ဘက်ကကြည့်ကြည့် ညာဘက်ကကြည့်ကြည့် သဘောမကျခဲ့ဘူး၊ ညည်း မိဘတွေကသာ ဘယ်လို အမှိုင်းမိသွားလဲ မသိပါဘူး၊ ရုံသာ့လန် ကြီးပွားလာမယ့်အပေါ် လောင်းကြေးထပ်ချင်နေကြတာလေ၊ အခုတော့ ကောင်းကြသေးရဲ့လား၊ ကိုယ့်သမီးအရင်းကို မီးတွင်းထဲ တွန်းပို့လိုက်သလို ဖြစ်သွားပြီ၊ ငါပြောမယ်... စာတတ်ပေတတ်တွေ၊ ရှို့ချိုင်တွေ ဆိုတာ အလကားပဲ၊ စာတတ်တဲ့သူတွေထဲမှာ မိန်းမဖောက်ပြန်တဲ့သူတွေ များတယ်၊ ဘာမှ သုံးစားမရဘူး”

ဦးကြီးရှန်က မကျေနပ်သလို ချောင်းဟန့်လိုက်သော်လည်း တင်းရှီက ဂရုမစိုက်ဘဲ နှာခေါင်းရှုံ့လိုက်သည်။

"ငါ့အိမ်က သမီး ၄ယောက်လုံးရဲ့ မင်္ဂလာကိစ္စကို ငါ ကိုယ်တိုင် စီစဉ်ပေးခဲ့တာ၊ ညည်း အာ့ကျဲ(ဒုတိယအစ်မ)ကို ပိုးထည်ဆိုင်ပိုင်ရှင်ရဲ့သားနဲ့ ပေးစားခဲ့တယ်၊ စန်းကျဲ(တတိယအစ်မ)ကို စစ်မှုထမ်းအရာရှိနဲ့ ပေးစားခဲ့တယ်၊ စစ်ကျဲ(စတုတ္ထအစ်မ)ကို အိမ်နီးချင်းကောင်လေးနဲ့ ပေးစားခဲ့တယ်၊ ငါဆိုတဲ့လူက အတွင်းသဘောနဲ့ ငွေကိုပဲ ကြည့်တာ၊ ဘယ်လောက်ပဲ ကောင်းကင်ပြိုမတတ် လျှောက်ပြောနေပါစေ၊ ယောကျ်ားကောင်းပြီး တိုးတက်ချင်စိတ် ရှိတာလောက်၊ ယောက္ခမ သဘောကောင်းတာလောက် မကောင်းပါဘူး”

တကယ်ကို အမြင်ရှင်းပါလား။ ရှန်မြောင်သည် တင်းရှီအပေါ် အနည်းငယ် အမြင်ကြည်သွားသည်။ သို့သော် သူမ၏ ပါးစပ်က လူမုန်းစရာ ကောင်းလွန်းသည်။ သူမသာ မူလခန္ဓာကိုယ်ပိုင်ရှင်ဆိုလျှင် ယခုစကားများကို ကြားပြီး ဒေါသထွက်လွန်း၍ သွေးအန်မိမလား မသိပေ။

"ကြီးတော် ပြောတဲ့စကားတွေကို အရင်တုန်းက တူမ နားမလည်ခဲ့ဘူး၊ အခု ဒုက္ခရောက်မှပဲ နားလည်လာတော့တယ်”

ရှန်မြောင်က ဆွေးမြေ့နေသည့် ပုံစံဖြင့် ဟန်ဆောင်ပြောလိုက်ရာ တင်းရှီက သူမ၏ ရုတ်တရက် ပြောင်းလဲလာမှုအပေါ် သံသယဝင်နေမှုကို လျော့ပါးသွားစေသည်။

"သူတို့မိသားစုက ဘာလို့ ညည်းကို ကွာရဲရတာလဲ၊ ညည်း စာရေးပြီး အကြောင်းကြားလိုက်သင့်တာ၊ ပြီးတော့..."

ရုတ်တရက် သူမ ကျိအာနှင့် ရှန်းအာအပေါ် ဆက်ဆံခဲ့ပုံများကို သတိရသွားပြီး တင်းရှီ၏ စကားများက အနည်းငယ် အဆင်မပြေ ဖြစ်သွားသော်လည်း နှုတ်ခမ်းကို စေ့လိုက်ပြီး ဆက်ပြောသည်။

"ညည်းဦးကြီးကို ကျင်းလင်လွှတ်ပြီး ညည်းဘက်က ရပ်တည်ခိုင်းလိုက်ရင်ရော ဘယ်လိုလဲ”

ကျိအာက မျက်လုံးလှန်ကြည့်လိုက်သည်။ ကြီးတော်ကြီးက အမြဲတမ်း ဒီလိုပဲ၊ ပြောတော့ အကောင်းသား၊ တကယ်တမ်း စာရေးပြီး အကြောင်းကြားရင်တောင် ၃လလောက် အချိန်ဆွဲပြီးမှ ထကြွမယ့်ပုံမျိုး။

ရှန်မြောင်က ပြုံးလိုက်သည်။

"ကြီးတော် စေတနာကို ကျေးဇူးတင်ပါတယ်၊ တူမကလည်း အဲဒီမိသားစုကို သည်းမခံနိုင်တော့လို့ပါ၊ အိမ်မှာလည်း အဆင်မပြေတာတွေ ဖြစ်နေတာနဲ့ ကြုံတာနဲ့ပဲ အိမ်ပြန်လာပြီး မိသားစုကို ဦးဆောင်ဖို့ စဉ်းစားလိုက်တာ၊ အနည်းဆုံးတော့ ကျိအာ အရွယ်ရောက်တဲ့အထိပေါ့”

ဒီနေရာရောက်တော့ မြေပုံကို ဖြန့်လိုက်မှ ဓားမြှောင် ပေါ်လာသကဲ့သို့ တင်းရှီလည်း သဘောပေါက်သွားပြီး မျက်ခွံကို ပင့်ကြည့်လိုက်သည်။

"အခု ရောက်လာတာကရော ဘာကိစ္စရှိလို့လဲ”

ရှန်မြောင်သည် လိုရင်းရောက်ပြီဖြစ်၍ စကားအရှည်ကြီး မပြောတော့ဘဲ တင်းရှီကို တစ်ချက်ကြည့်၊ ဦးကြီးရှန်ကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ ရည်ရွယ်ချက်အမှန်ကို ရှင်းပြလိုက်တော့သည်။

"တူမ ပြန်ရောက်လာပြီဆိုတော့ နောက်ဆိုရင် ကျိအာနဲ့ ရှန်းအာအတွက် ဦးကြီးနဲ့ ကြီးတော် ပူစရာမလိုတော့ပါဘူး၊ ကြီးတော်... တူမတို့အိမ်ရဲ့ မြေဂရန်နဲ့ အိမ်ဂရန်ကို ကျိအာဆီ ပြန်ပေးသင့်ပြီ မဟုတ်လားဟင်”

...

အပိုင်း (၁၄) ခြေချစရာနေရာတစ်ခု

တင်းရှီ၏ မျက်နှာထားက တောင့်တင်းသွားလေသည်။ သူမသည် ငြင်းဆန်ရန် အကြောင်းပြချက်တစ်ခုခု ရှာနေတော့သည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း သူမ၏ သမီးများကို ဂုဏ်ရှိရှိဖြင့် အိမ်ထောင်ချပေးနိုင်ခဲ့ခြင်းမှာ ကိုယ်ပိုင်စုဆောင်းငွေအပြင် ရှန်ညီလေး၏ ဆိုင်ခန်းမှ လစဉ်ရရှိသော အိမ်လခ ၃ပုံ ၄ပုံခန့် ပါဝင်နေခြင်းကြောင့် ဖြစ်သည်။ ၃နှစ်လုံးလုံး အကျိုးအမြတ်ကို စားသုံးလာခဲ့ပြီးမှ ယခု ရုတ်တရက် ပြန်ပေးလိုက်ရမည်ဆိုတော့ နှလုံးသားထဲမှ နာကျင်လာရလေသည်။

သို့သော် မထင်မှတ်ဘဲ ဦးကြီးရှန်က ရက်ရောစွာ ပြောလိုက်လေသည်။

"ငါတို့က အစကတည်းက ယူထားဖို့ ရည်ရွယ်ချက်မရှိပါဘူး၊ ကျိအာက ငယ်သေးတာရယ်၊ ပြီးခဲ့တဲ့နှစ်တွေတုန်းက မင်းတို့ဆိုင်ခန်းကို ငါတို့ကို ထိန်းသိမ်းဖို့ အပ်နှံထားခဲ့တာရယ်ကြောင့် အပြင်ကို ငှားပြီး သူ့အစား ဝင်ငွေ သိမ်းထားပေးရုံပါ၊ အခု မင်း ပြန်ရောက်လာပြီဆိုတော့လည်း မင်းကို ပြန်ပေးရမှာပေါ့”

ထိုစကားကြောင့် တင်းရှီမှာ ဒေါသထွက်လွန်း၍ မူးလဲချင်သလို ဖြစ်သွားတော့သည်။ သူမတွင် အိမ်ထောင်မချရသေးသည့် သမီးတစ်ယောက် ကျန်သေးသည်လေ။ မင်္ဂလာကြေးတောင် မစုရသေးဘဲ ကောင်းမွန်သည့် ဆိုင်ခန်းတစ်ခုကို မလိုချင်တော့ဘူးလို့ ပြောလိုက်တာတဲ့လား။ သူမသည် စားပွဲအောက်မှနေ၍ ဦးကြီးရှန်ကို အားကုန် လှမ်းဆွဲဆိတ်လိုက်ရာ ဦးကြီးရှန်၏ မျက်နှာတစ်ခုလုံး နာကျင်မှုကြောင့် ရှုံ့မဲ့သွားသော်လည်း သူက စကားကို ဆုံးအောင် ဆက်ပြောလိုက်သည်။

"ဒီနှစ်တွေအတွင်း မင်းကလည်း မရှိ၊ ဘယ်သူကမှလည်း မပြောကြတော့ ဦးကြီးက ညီအစ်ကိုသံယောဇဉ်ကို မေ့လုနီးပါး ဖြစ်နေခဲ့တာ၊ မင်း ပြန်ရောက်လာမှပဲ ဦးကြီးက ညီလေးရဲ့ အတိတ်က အကြောင်းတွေကို ပြန်သတိရလာတော့တယ်”

စကားမဆုံးခင်မှာပင် သူ့အသံက တိမ်ဝင်သွားပြီး ရှိုက်သံပါလာတော့သည်။

ရှန်မြောင်ပင် အံ့သြသွားရသည်။ နောက်ဆုံး ပြောလိုက်သည့် ရှန်အဖေအကြောင်း စကားများသည် ဦးကြီးရှန်အပေါ် ဤမျှအထိ သက်ရောက်မှု ပြင်းထန်လိမ့်မည်ဟု သူမ ထင်မထားခဲ့မိပေ။ ဦးကြီးရှန်သည် ရုတ်တရက် မျက်ရည်ကျလာပြီး ငိုရင်း ပြောလိုက်လေသည်။

"မင်းတို့ စောင့်နေကြဦး၊ ဦးကြီး သွားပြီး မြေဂရန်နဲ့ အိမ်ဂရန် သွားယူပေးမယ်၊ ပြီးတော့ ငွေတစ်ထုပ်ပါ ထပ်ဆောင်းပေးလိုက်ပါ့မယ်”

စကားသံ မဆုံးသေးခင်မှာပင် တင်းရှီက ခြေထောက်တစ်ဖက် မြှောက်ကာ ဦးကြီးရှန် ထိုင်နေသည့် ကုလားထိုင်ကို ကန်ချလိုက်ပြီး ဒေါသတကြီးဖြင့် သူ့နားရွက်ကို ဆွဲကာ အော်ဟစ်လိုက်တော့သည်။

"ရှန်သာ့လန်... ရှင် ဦးနှောက်ထဲ ရေဝင်နေတာလား၊ ဘာစကားတွေ လျှောက်ပြောနေတာလဲ၊ ညီလေးရဲ့ ဆိုင်က မီးလောင်ထားလို့ မီးသွေးတုံးတွေပဲ ကျန်တော့တာ၊ ရောင်းရင်တောင် ရောင်းရခက်နေတာကို၊ မြေဂရန်နဲ့ အိမ်ဂရန် ပေးလိုက်တာက ထားပါတော့၊ ငွေပါ ထပ်ပေးမယ်ဆိုရင်တော့ ကျွန်မလက်ထဲက ဒီဒလိမ့်တုံးကို အရင်မေးကြည့်လိုက်အုံး”

ဦးကြီးရှန်သည် အဆူခံလိုက်ရသဖြင့် တစ်ကိုယ်လုံး တုန်သွားပြီး ဘာမှ ပြန်မပြောရဲတော့ဘဲ အိမ်မကြီးထဲသို့ ခေါင်းငိုက်စိုက်ဖြင့် ပြေးဝင်သွားကာ စက္ကူထုပ်တစ်ထုပ် ယူလာပေးလေသည်။ ရှန်မြောင် လှမ်းယူကြည့်လိုက်ရာ သူတို့အိမ်၏ မြေဂရန်နှင့် အိမ်ဂရန် အစစ်အမှန် ဖြစ်နေသည်။

သူမ သက်ပြင်းချလိုက်မိ၏။

ပြန်ရလာပြီပဲ။ ဒီတစ်ခေါက်လာရတာ အလဟဿ မဖြစ်တော့ဘူး။ ဒီပစ္စည်းတွေ ရှိနေမှ သူမနဲ့ ကျိအာ၊ ရှန်းအာတို့ ပြန့်ကျင်းမြို့မှာ ခြေချစရာနေရာတစ်ခု ရှိလာမှာဖြစ်သည်။

၃နှစ်တာ ကာလအတွင်း ရခဲ့သည့် အိမ်လခများကတော့ တင်းရှီ၏ အိတ်ကပ်ထဲ ရောက်သွားပြီးဖြစ်၍ ပြန်ရအောင် တောင်းဖို့ ခက်ခဲလိမ့်မည်။ ထို့ကြောင့်လည်း ရှန်မြောင်က အိမ်လခကိစ္စကို ထုတ်မပြောခဲ့ခြင်း ဖြစ်သည်။

အခြေအနေကောင်းတုန်း ရပ်တန့်လိုက်ခြင်းက အကောင်းဆုံးဖြစ်၍ သူမသည် ပြတ်ပြတ်သားသား ဆုံးဖြတ်ကာ ကလေးနှစ်ယောက်ကို ခေါ်ပြီး နှုတ်ဆက်ထွက်ခွာလာလိုက်သည်။ တင်းရှီကတော့ မျက်နှာပျက်ကာ လိုက်ပင် မပို့တော့ပေ။ ဦးကြီးရှန်ကတော့ တံခါးဝအထိ လိုက်ပို့ပေးသည်။ ရှန်မြောင်က မပို့ပါနှင့်တော့ဟု တားသော်လည်း သူက ရှန်မြောင်၏ လက်ကို လှမ်းဆွဲထားလိုက်သည်။

သူသည် သူခိုးတစ်ယောက်ကဲ့သို့ ဘယ်ကြည့်ညာကြည့် လုပ်လိုက်ပြီး ရှန်မြောင်၏ လက်အင်္ကျီလက်ကြားထဲသို့ ကြေးပြားတစ်လိပ်ကို အမြန်ထိုးထည့်ပေးလိုက်ကာ တန်းပြေးသွားတော့သည်။

"ဦးကြီး မလိုက်ပို့တော့ဘူးနော်၊ မင်းတို့ မြန်မြန် ပြန်ကြတော့”

ပိုက်ဆံပေးတာ မယူရင် အရူးပဲ ဖြစ်မှာပေါ့။ အထူးသဖြင့် ဦးကြီးရှန်ဆီက ပိုက်ဆံဆိုရင် ပိုလို့တောင် ယူရဦးမည်။ ရှန်မြောင်သည် အားနာမနေတော့ဘဲ လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာပင် လက်အင်္ကျီထဲ သိမ်းထည့်လိုက်လေသည်။

ဒါက ဦးကြီးရှန်အနေနဲ့ ကျိအာနဲ့ ရှန်းအာကို ပေးဆပ်ရမယ့် အကြွေးပဲလေ။

သူမသည် လက်အင်္ကျီကို ဖိထားပြီး ကလေးနှစ်ယောက်ကို ခေါ်ကာ လှည်းငှားပြီး အမြန်ပြန်လာခဲ့လိုက်သည်။ ဦးကြီးရှန်အိမ်တွင် အချိန်ကြာသွားခဲ့ပြီဖြစ်ရာ ပြန်ရောက်လို့ မြို့အတွင်းပိုင်း တောင်ဘက် ကျူးချွဲ့တံခါး ပိတ်သွားလျှင် ပြန်လို့ရတော့မည် မဟုတ်ပေ။

ကံကောင်းစွာဖြင့် အပြန်ခရီးက ချောမွေ့ခဲ့သည်။ အိမ်ပြန်ရောက်သည်နှင့် ရှန်မြောင်သည် ကျိအာကို ဆွဲခေါ်ပြီး စောင်ခေါင်းမြီးခြုံကာ ပိုက်ဆံရေတွက်ကြတော့သည်။ သူမသည် လမ်းတစ်လျှောက်လုံး လုယက်ခံရမည်ကို စိုးရိမ်နေခဲ့သဖြင့် ပိုက်ဆံထုပ်ထားသည့် ဆီစိမ်စက္ကူမှာ ကြေမွနေပြီဖြစ်သည်။ စက္ကူထုပ်ကို ဖြေလိုက်ရာ အတွင်း၌ သပ်ရပ်စွာ စီထားသည့် ဝမ် ၂တွဲကို တွေ့လိုက်ရသည်။ ဝမ် ၂၀၀၀ တောင် ရှိလေသည်။

ဒါက ဦးကြီးရှန်အတွက်တော့ ပင်လယ်ရေတစ်စက်သာ ရှိသော်လည်း ရှန်မြောင် မောင်နှမသုံးယောက်အတွက်တော့ အချိန်ကိုက်ရွာသည့် မိုးတစ်ပေါက် ဖြစ်လေသည်။

တောက်ပြောင်နေသည့် ကြေးပြားသစ်များသည် သူတို့သုံးယောက်၏ မျက်လုံးများကို အရောင်တောက်သွား၏။ ရှန်မြောင်က ကျိအာနှင့် တိုင်ပင်လိုက်သည်။

"ပိုက်ဆံတစ်တွဲကို အရင်ထုတ်ပြီး တို့တွေ အနောက်ဆောင်က နံရံတွေနဲ့ တံခါးပြတင်းပေါက်တွေကို ပြုပြင်လိုက်ကြမယ်၊ မဟုတ်ရင် ညဘက် တံခါးမပိတ်ရဲဘဲ ဖြစ်နေမှာ၊ အိမ်မှာက ကလေးနှစ်ယောက်နဲ့ မိန်းမသားတစ်ယောက်ပဲ ရှိတာဆိုတော့ သူခိုးတွေ မျက်စိကျမှာ စိုးရိမ်ရတယ်”

"မကြီး စိတ်ပူတာ ဟုတ်ပါတယ်"

ကျိအာကလည်း သဘောတူလိုက်သော်လည်း မျက်နှာမကောင်းစွာဖြင့် ခေါင်းငုံ့လိုက်သည်။

"ကျွန်တော်က အသက်ငယ်လွန်းတော့ မကြီးအတွက် အိမ်ကို မစောင့်ရှောက်ပေးနိုင်တာပဲ နာကျည်းမိတယ်”

"မောင်လေးရဲ့ စေတနာကို မကြီး သိပါတယ်၊ ဒါပေမဲ့ မောင်လေးက ငယ်သေးတာပဲဟာ၊ ကိုယ့်ကိုယ်ကို ဒီလောက်ကြီး အတင်းအကျပ် ဖိအားပေးစရာ မလိုပါဘူး"

ရှန်မြောင်က သူ့ကို ကြည့်ရင်း လေးလေးနက်နက် ပြောလိုက်သည်။

"မောင်လေးက တော်တော် လိမ္မာနေပါပြီ”

ကျိအာက ခေါင်းခါလိုက်သည်။ သူ လုပ်ပေးနိုင်တာ နည်းလွန်းသည်ဟု ခံစားနေရသည်။

"ကျန်တဲ့ ပိုက်ဆံတစ်တွဲကို တို့တွေ သိမ်းထားကြမယ်၊ နောက်ကျရင် မောင်လေး စာသင်ဖို့ ဆရာရှာတဲ့နေရာမှာ သုံးရအောင်လေ”

ရှန်မြောင်က ငွေကို ခွဲဝေပြီးသည်နှင့် ကလေးနှစ်ယောက်ကို ခေါ်ပြီး ညစာသွားစားကြသည်။ ပြီးလျှင် နောက် ၂ရက်နေရင် ဈေးဆိုင်ခင်းရန် လိုအပ်သည့် ပစ္စည်းများ ဝယ်ရမည်။ ထို့နောက် ဦးလေးကြီးယန်ကို သွားရှာပြီး အနောက်ဘက်ဝင်းက တံခါး၊ ပြတင်းပေါက်၊ ခြံစည်းရိုး၊ မီးဖိုနှင့် ခေါင်မိုးတို့ကို အရင်ဆုံး ပြုပြင်ခိုင်းရမည်။

မနေ့က ညဈေးတန်းကို လျှောက်ကြည့်ခဲ့ပြီးဖြစ်၍ ကျင်းလျန်တံတားနားက စီးပွားရေး အဆောက်အအုံပုံစံကို သူမ စိတ်ထဲ မှတ်သားထားပြီးဖြစ်သည်။

လောလောဆယ် လုပ်ရမည့်အရာကိုလည်း သူမ စဉ်းစားပြီးသားပင်။

...........

ပြန့်ကျင်း၏ နွေဦးနှောင်းပိုင်း ရာသီဥတုသည် လေပြည်လေညှင်းနှင့်အတူ နွေးထွေးသာယာလျက်ရှိပြီး မိုးမခပင်များက မြူခိုးငွေ့သဖွယ် ဝေဝေဆာဆာ ရှိနေသည်။ ညဈေးတန်းသည် မနက် ၃နာရီ ၄နာရီလောက်မှ ပြီးဆုံးသွားတတ်သော်လည်း မိုးမလင်းခင်မှာပင် လမ်းကြားများထဲ၌ လူများ ပြန်လည်စည်ကားလာပြီး မနက်ခင်းဈေး စတင်လေတော့သည်။

မနက်ခင်း မြူနှင်းများကြားတွင် ဈေးသည်များ၏ အော်ဟစ်ရောင်းချသံများက ရှန်မြောင်ကို အိပ်ရာမှ နိုးစေခဲ့သည်။ သူမသည် အိပ်ချင်မပြေသေးသဖြင့် ကုတင်ပေါ်တွင် စောင်ကို ပိုက်ရင်း ခဏလောက် ငေးငိုင်နေပြီးမှ အပြည့်အဝ နိုးကြားလာတော့သည်။

ဆိုင်အမြန်ဖွင့်နိုင်ရန်အတွက် သူမသည် ကျိအာနှင့် ရှန်းအာကို ခေါ်ပြီး ၂ရက်လုံးလုံး အလုပ်များနေခဲ့ရသည်။ ကလေးနှစ်ယောက်လုံး သူမ၏ ကလေးလုပ်သားများ ဖြစ်လာပြီး အတွင်းရော အပြင်ပါ ဝိုင်းကူလုပ်ပေးကြသည်။

လွန်ခဲ့သည့် ၂ရက်က သူမသည် ဦးလေးကြီးယန်ကို အရင်ခေါ်ပြီး သူ ညွှန်းပေးသည့် ပန်းရံဆရာကောင်းတစ်ယောက်နှင့် ဈေးဆစ်ကာ လက်ခ တွက်ချက်ပြီးနောက် ကျိအာနှင့် ရှန်းအာကို အိမ်မှာထားခဲ့ပြီး အလုပ်သမားများကို စောင့်ကြည့်ခိုင်းထားခဲ့သည်။ ရှန်မြောင်သည် လော့ဟန်သစ်သီးလက်ဖက်ရည် တစ်အိုးကြီးနှင့် အသားဆန်ပြုတ်ပျစ်ပျစ် တစ်အိုးကို ကြိုတင်ချက်ပြုတ်ထားခဲ့ပြီး ကျိအာနှင့် ရှန်းအာကို ပန်းရံဆရာများအား မနက်ခင်းလက်ဖက်ရည်နှင့် မနက်စာ ကျွေးမွေးခိုင်းကာ ခြံဝင်းပြုပြင်ခြင်းကို သေချာ ကြပ်မတ်ခိုင်းထားခဲ့သည်။

ရှန်မြောင်ကတော့ လမ်းတံတားဌာနသို့ သွားပြီး ငွေ ၅၀ ဝမ် ပေးဆောင်ကာ စာရင်းသွင်းလိုက်သည်။ ထိုသို့ဖြင့် 'တံတားဈေးရောင်းချခွင့် ခွင့်ပြုချက်' ဟူသည်ကို ရရှိခဲ့လေသည်။ ထိုအထဲတွင် နေရာငှားခက ၂၀ ဝမ် ဖြစ်ပြီး ၃၀ ဝမ်ကတော့ လမ်းတံတားဌာနက စစ်သားများအတွက် လက်ဖက်ရည်ဖိုး ဖြစ်သည်။

လမ်းတံတားဌာနရှိ အပြာရောင်ဝတ် စစ်သားအများစုသည် လူမိုက်လူရမ်းကားများဖြစ်ကြပြီး မိသားစုက ငွေပေးကာ အလုပ်သွင်းထားသူများ ဖြစ်ကြသည်။ ရှန်မြောင် သွားရောက် စာရင်းသွင်းစဉ်က နှုတ်ဖြင့် စနောက်ကျီစယ်ခြင်း ခံခဲ့ရသေးသည်။ ကံကောင်းစွာဖြင့် လက်ရှိ ခိုင်ဖုန်းမြို့ဝန်သည် ပေါင်ချိန်ကဲ့သို့ မျက်နှာကြီးငယ်မလိုက် တရားမျှတသည့် အရာရှိကောင်းတစ်ဦး ဖြစ်နေသဖြင့် ထိုစစ်သားများသည် ကိုယ်ထိလက်ရောက် ကျူးလွန်ရဲခြင်းမရှိဘဲ စကားဖြင့် စနောက်ရုံသာ လုပ်ရဲကြသည်။

ရှန်မြောင်သည် ထိုစကားများကို နားနားက ခွေးဟောင်သံဟု သဘောထားလိုက်ပြီး တည်ငြိမ်စွာဖြင့် ကိစ္စပြီးအောင် လုပ်ဆောင်ခဲ့သည်။ လမ်းတံတားဌာနမှ အစိမ်းရောင် သစ်သားဆိုင်းဘုတ် တစ်ခု ရရှိခဲ့ပြီး အပေါ်တွင် 'အုပ်စု ၃၊ ဘယ်ဘက်၊ နံပါတ် ၅' ဟု အနီရောင်ဖြင့် ရေးသားထားသည်။ ထိုအရာက သူမ၏ ဆိုင်ခန်းနံပါတ် ဖြစ်လောက်မည်။

ထို့ကြောင့် သူမသည် နေရာကို သွားရောက် ကြည့်ရှုလိုက်ရာ ကျင်းလျန်တံတားပေါ်ရှိ မြင့်မားသော တိုင်လုံး ၄တိုင်ပေါ်တွင် ၁၊ ၂၊ ၃၊ ၄ ဟု ရေးသားထားသည်ကို တွေ့လိုက်ရသည်။ အမှတ် ၃ တိုင်မှစ၍ ရှေ့သို့ တံတားတိုင် ၅တိုင် ရေတွက်လိုက်လျှင် အလွန်ကျဉ်းမြောင်းသော မြေကွက်လပ်တစ်ခု ရှိလေသည်။ အကျယ် ၁ပေလောက်သာ ရှိပြီး ထိုနေရာမှလွဲ၍ ကျန်သည့်နေရာများတွင် တစ်ခုနှင့်တစ်ခု ကပ်နေအောင် ပြည့်ကျပ်နေပြီး ဘာမှ ထိုးထည့်လို့မရတော့ပေ။

(*အရင် ၁ပေက ခေတ်သစ် ၁ပေခွဲနီးပါး)

တိုက်ဆိုင်စွာပင် ထိုနေရာသည် ယခင်က ရှန်မြောင် စုံစမ်းမေးမြန်းခဲ့ဖူးသည့် အချိုရည်ရောင်းသော အစ်မကြီး၏ ဘေးတွင် ဖြစ်နေသည်။ ထိုအစ်မကြီးက သူမကို မှတ်မိနေပြီး သူမ လက်ထဲက သစ်သားတိုကင်ပြားကို မြင်လိုက်သည်နှင့် သတိထားသည့်ပုံစံဖြင့် မေးလိုက်သည်။

"ညန်ဇီက အရင်တုန်းက ငါ့ကို အများကြီး လာမေးနေတာ၊ ဒီကိစ္စကြောင့်ကိုး၊ ညန်ဇီက ဘာရောင်းမှာလဲ”

ရှန်မြောင်က ပြုံးပြလိုက်သည်။

"ကျွန်မက မုန့်ကင် ရောင်းမှာပါ၊ မုန့်စားရင် ရေငတ်မှာပဲလေ၊ အဲဒီကျရင် အစ်မရဲ့ အချိုရည်တစ်ခွက် သောက်လိုက်ရင် ကွက်တိ ဖြစ်မသွားဘူးလား၊ ကျွန်မက အစ်မနဲ့ ဘေးချင်းကပ် နေရာရတာ အပြန်အလှန် အကျိုးပြုကြဖို့ ရေစက် ပါလာလို့နေမှာ”

ထိုအခါမှ အချိုရည်သည် အစ်မကြီးက သက်ပြင်းချနိုင်သွားပြီး ရှန်မြောင်ကို ကြည့်သည့် မျက်လုံးများကလည်း ရန်လိုမှု မရှိတော့ပေ။

လုပ်ထုံးလုပ်နည်းများ ပြီးစီးသွားခြင်း၊ ဆိုင်ခန်းနေရာ ရရှိခြင်းနှင့် အိမ်နီးချင်း ဆက်ဆံရေး တည်ဆောက်ပြီးခြင်းတို့ကြောင့် ရှန်မြောင်သည် နောက်တစ်နေ့ ဈေးရောင်းရန် လိုအပ်သည့် ပါဝင်ပစ္စည်းများကို ဝယ်ယူလေတော့သည်။ ဂျုံမှုန့်၊ ဆန်၊ ကြက်သွန်မြိတ်၊ ဟင်းခတ်အမွှေးအကြိုင်များ၊ ဆီ၊ ဆား၊ ပဲငပိ၊ ရှာလကာရည် စသည့် ဟင်းခတ်ပစ္စည်းများ၊ ဝက်သုံးထပ်သား၊ နှမ်း၊ မုန်ညင်းဖြူ၊ ကြက်ဥ၊ ကြက်သား၊ ပဲနီလေး၊ ဝက်အူ၊ ဝက်သည်း၊ ဝက်ကျောက်ကပ် စသည့် ဝက်ကလီစာများ...

မူလခန္ဓာကိုယ်ပိုင်ရှင်၏ လက်ကျန် မင်္ဂလာပါဝင်ပစ္စည်းများကို တော်တော်များများ သုံးစွဲလိုက်ရလေသည်။

ပစ္စည်းများ များလွန်းသဖြင့် အထမ်းသမားတစ်ယောက်ကို ငှားရမ်းကာ အိမ်သို့ လှည်းဖြင့် သယ်ခိုင်းလိုက်ရသည်။

တွက်ကြည့်လိုက်လျှင် ခြံစည်းရိုးနှင့် တံခါးပြတင်းပေါက် ပြင်ဆင်စရိတ်က ၉၁၃ ဝမ်၊ မီးသွေးတစ်လှည်း ဝယ်လိုက်တာက ၂၀၀ ဝမ်၊ ပါဝင်ပစ္စည်းများ ဝယ်ယူစရိတ်က ၃၀၀ ဝမ်ကျော်၊ အရင်က လမ်းစရိတ်ပါ ပေါင်းလိုက်လျှင် စုစုပေါင်း ၂၀၀၀ ဝမ် (ငွေ ၂တွဲ) ခန့် ကုန်ကျသွားပြီ ဖြစ်သည်။

ဝင်ငွေက မရှိသေးဘဲ ထွက်ငွေကသာ ရှိနေသဖြင့် စားရင်းကုန်သွားမည့် အခြေအနေပင်။

ရှန်မြောင်သည် သူမ၏ခါးတွင် ချိတ်ထားသော ပြားကပ်နေသည့် ပိုက်ဆံအိတ်လေးကို ပုတ်ကာ သက်ပြင်းချလိုက်မိသည်။

အိမ်ပြန်ရောက်ပြီးနောက် သူမသည် ဈေးထဲက ဝယ်လာသည့် ရာသီပေါ် သစ်သီးအချို့ကို ယူကာ ကုမိသားစုအိမ်သို့ သွားရောက်ပြီး မနက်ဖြန်အတွက် လှည်း ခဏလောက် ငှားချင်ကြောင်း ကုအဒေါ်ကို ပြောလိုက်သည်။ ကုထူစူးက ဘေးမှနေ၍ ချက်ချင်းပင် သဘောတူလိုက်ပြီး လှည်းက တွန်းရတာ လေးလွန်းသဖြင့် မနက်စောစော သူကိုယ်တိုင် လာပို့ပေးမည်ဟု ပြောလေသည်။

ကုအဒေါ်သည် ဘေးမှနေ၍ သူမ၏သား ဖြစ်ပျက်နေပုံကို ကြည့်ပြီး မျက်စောင်းထိုးနေတော့၏။

ရှန်မြောင်လည်း အခြေအနေကို ရိပ်မိသဖြင့် ယဉ်ကျေးစွာ ကျေးဇူးတင်စကားပြောပြီး အထူးတလည် ရှင်းပြလိုက်ရသည်။

"ကုအာ့ကော ပြောပြလို့ ကျေးဇူးတင်ပါတယ်၊ ကျင်းလျန်တံတားတစ်ဖက်က ဦးလေးကြီးယန်က လက်မှုပညာ ကောင်းတယ်ဆိုလို့ ကျွန်မ သူ့ဆီမှာ လှည်းတစ်စီး မှာထားလိုက်ပါပြီ၊ နောက်ဆိုရင် ဒီလို ဒုက္ခပေးစရာ မလိုတော့ပါဘူး”

ကုအဒေါ် ဘာမှ မပြောရသေးခင်မှာပင် ကုထူစူးက အလုအယက် ပြောလိုက်သည်။

"ဒုက္ခမဟုတ်ပါဘူး၊ ဒုက္ခမဟုတ်ပါဘူး၊ နောက်ကျရင် ဘာကိစ္စရှိရှိ ပြောသာပြောပါ”

ကုအဒေါ်၏ နှုတ်ခမ်းထောင့်မှ အပြုံးများ တောင့်တင်းသွားသည်ကို မြင်လိုက်ရသဖြင့် ရှန်မြောင်သည် ကုမိသားစုအိမ်မှ အမြန်ပြန်လာခဲ့လိုက်သည်။ နောက်နောင် ကုထူစူးကို တတ်နိုင်သမျှ ဒုက္ခမပေးတာ ကောင်းလိမ့်မည်ဟု တွေးမိသည်။ သူမအနေဖြင့် လိပ်ပြာသန့်သော်လည်း တဖက်လူ အထင်လွဲမည်ကို စိုးရိမ်ရသည်။ ကိုယ်တိုင်ကလည်း 'ကွာရှင်းထားသူ' ဖြစ်သဖြင့် သံသယကင်းအောင် နေသင့်သည်။

မည်သို့ပင်ဆိုစေ သူမ၏ ဈေးဆိုင်ခင်းရန် ပြင်ဆင်မှုများကတော့ ပြီးစီးသလောက် ရှိနေပြီဖြစ်သည်။

ရှန်မြောင် ပြန်ရောက်လာချိန်တွင် အနောက်ဖက်ခြံဝင်း၌ နံရံဆောက်လုပ်နေဆဲဖြစ်သည်။ မူလက ပြိုကျနေသည့် နေရာများကိုပါ အကုန်ဖြိုချပြီး ထုံး၊ သဲ၊ ကျောက်မှုန့် ရောထားသည့် နံရံအမျိုးအစားဖြင့် ပြန်လည် တည်ဆောက်ရန် ပန်းရံဆရာနှင့် ဈေးတည့်ထားပြီး ဖြစ်သည်။ ထိုသို့ ဆောက်လုပ်ခြင်းက သာမန်ရွှံ့နံရံထက် ကုန်ကျစရိတ် ပိုများသော်လည်း ခြံစည်းရိုးဆိုသည်မှာ ခိုင်ခံ့ရန် လိုအပ်သဖြင့် ပိုငွေသုံးပြီး ကောင်းကောင်း လုပ်လိုက်ခြင်းက နောင်တစ်ချိန် ပြန်ပြင်ရမည့် ဒုက္ခမှ ကင်းဝေးစေမည်။

ခြံဝင်းတံခါးအတွက် ဦးလေးကြီးယန်ကို အလွန်ထူထဲခိုင်ခံ့သည့် သစ်ကြားသီးသား တစ်ချပ် ရွေးခိုင်းထားသည်။ ဈေးကြီးသော်လည်း သစ်ကြားသီးသား၏ လှပသော အကွက်အဆင်များကို ရှန်မြောင် သဘောကျသည်။ ထို့အပြင် မာကျောပြီး ခြစ်ရာမထင်လွယ်ခြင်း၊ အစိုဓာတ်ကြောင့် ပုံပျက်မလွယ်ခြင်းနှင့် ခြမစားခြင်းတို့ကြောင့် ဖြစ်သည်။ အရင်ဘဝတုန်းက ရှန်မြောင်အမေ မင်္ဂလာဆောင်တုန်းက ပါလာသည့် သစ်ကြားသီးသား ပရိဘောဂများသည် ဆယ်စုနှစ်ချီ ကြာသည့်တိုင် အသစ်အတိုင်း ရှိနေသေးသည်။

မီးဖိုဆောင်က ရေယိုနေသည့် ခေါင်မိုးနှင့် တန်းများကိုလည်း ပြင်ဆင်လိုက်သည်။ မီးဖိုဆောင်တံခါးကိုတော့ ပိုသက်သာသည့် ထင်းရှူးသားကို ရွေးလိုက်သည်။ ပေါ့ပါးပြီး ပြုပြင်ရလွယ်ကူကာ ဈေးနှုန်းကလည်း သစ်ကြားသီးသားထက် တစ်ဝက်ခန့် သက်သာသည်။

ရှန်မြောင် ခြံဝင်း ပြုပြင်နေသည့် အသံများကို အိမ်နီးနားချင်းများ ဖုံးကွယ်ထားလို့ မရပေ။ အတင်းအဖျင်း ပြောလိုသူများ စုဝေးကာ နေကြာစေ့စားရင်း စကားစမြည်ပြောကြသည်။ တိုးတိုးတိတ်တိတ် သနားပြကြသည်။

"... နင်တို့ သိကြလား၊ ရှန်မိသားစုက သမီးကြီးလေ ယောက္ခမအိမ်က ကွာရှင်းပြီး ပြန်ပို့လိုက်တာတဲ့”

"သူ့ယောကျ်ားက ဘာလို့ ကွာရှင်းတာလဲ”

"ကြားတာတော့ ယောက္ခမက စီစဉ်တာတဲ့၊ အဲဒီ ရှို့ချိုင်လင်တော်မောင်ကလေ... ဟို... အမေနဲ့ အတူအိပ်တဲ့ အကျင့်ရှိလို့တဲ့..."

"ဘုရားရေ... အဲလို တိရစ္ဆာန်မျိုး ရှိသေးတာလား”

"အမယ်လေး... ဟုတ်တာပေါ့၊ အခုတော့ ကိုးကွယ်ရာမဲ့ပြီး မောင်နှမတွေကို လုပ်ကျွေးနေရရှာတယ်... သူ့ဦးကြီးကလည်း အသုံးမကျလိုက်တာ၊ ညီအရင်းရဲ့ ကလေးတွေကိုတောင် တစ်ယောက်မှ ဂရုမစိုက်ဘူး..."

ရှန်မြောင်သည် နှာခေါင်းကို အပြစ်ကင်းစင်သည့် ပုံစံဖြင့် ပွတ်သပ်လိုက်သည်။ ဒီအဒေါ်ကြီးတွေက နောက်ကွယ်မှာ အတင်းပြောတယ်ဆိုပြီး ဘာလို့ အသံကျယ်ကြီးနဲ့ ပြောနေကြတာလဲ။ သူမက မပြင်ရသေးတဲ့ ခြံစည်းရိုး တစ်ဖက်ကနေ အတိုင်းသား ကြားနေရတာကို...

ဒါပေမဲ့ သူမလည်း မကြားချင်ယောင် ဆောင်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒီလို သတင်းစကားတွေက သူမအတွက် အကျိုးမယုတ်စေပါဘူးလေ။

သူမက အတင်းပြောခံရမှာလည်း မကြောက်သလို သနားခံရမှာလည်း မကြောက်ပေ။

ဒါကလည်း သူမ ကျင်းလင်ကနေ မဖြစ်မနေ ထွက်ခွာလာရခြင်း အကြောင်းအရင်း တစ်ချက်ပင်။ ပြန့်ကျင်းဟူသည် ရှန်မိန်းကလေး၏ ဇာတိမြေ ဖြစ်သည်။ လမ်းကြားထဲက အိမ်နီးချင်းများက ရှန်မိသားစုနှင့် ဆယ်စုနှစ်ချီ ဆက်ဆံလာခဲ့ကြပြီး သူမ ငယ်ငယ်ကတည်းက ကြီးပြင်းလာတာကို မြင်ခဲ့ရသူများဖြစ်၍ အများစုက မုန်းတီးစိတ် မရှိကြပေ။

ရှန်မြောင်သည် ခြံစည်းရိုး တည်ဆောက်နေသည့် အခြေအနေကို ခဏလောက် စောင့်ကြည့်လိုက်၏။ ဦးလေးကြီးယန် ရှာပေးသည့် ပန်းရံဆရာမှာ ဟယ့်မျိုးနွယ် ဖြစ်ပြီး အသက် ၅၀ ကျော် ဝါရင့်ဆရာကြီး တစ်ဦးဖြစ်သည်။ အလုပ်လုပ်ရာတွင် ကျွမ်းကျင်ပြီး လက်သွက်သည်။ ၁နာရီ မပြည့်ခင်မှာပင် မူလ နံရံအကျိုးအပဲ့များကို ဖြိုချလိုက်ပြီး နေ့တစ်ဝက်လောက်အတွင်း တစ်ဝက်ခန့် ဆောက်လုပ်ပြီးစီးနေပြီ။

သူမက တစ်ချက် မှာကြားလိုက်သည်။

"ဟယ့်ထိုက်ကျောက်... ဒီဘက်က ပြီးလို့ အားရင်လေ၊ မြေမီးဖို ဘယ်လို တည်ဆောက်ရမလဲဆိုတာ ကျွန်မ လာပြောပြမယ်နော်”

'ထိုက်ကျောက်' ဆိုသည်မှာ စုန့်ခေတ်က လက်မှုပညာသည်များကို လေးစားသမှုဖြင့် ခေါ်ဝေါ်သော အသုံးအနှုန်းဖြစ်သည်။ ဟယ့်ထိုက်ကျောက်က စကားနည်းပြီး ခေါင်းတစ်ချက်သာ ညိတ်ပြကာ အလုပ်ဆက်လုပ်နေသည်။ ဒါက အစကတည်းက ပြောထားပြီးသား ကိစ္စဖြစ်သည်။ သူက ရှန်မြောင်အတွက် ခြံစည်းရိုး၊ ခေါင်မိုး ပြင်ပေးရမည့်အပြင် မီးဖို ၂ခုနှင့် မြေမီးဖို ၁ခု တည်ဆောက်ပေးရမည်။

ရှန်မြောင်က သူတို့ အလုပ်ရှုပ်ပြီး မေ့သွားမှာစိုးသဖြင့် ကြိုပြောထားခြင်းဖြစ်သည်။ ပြောပြီးသည်နှင့် မီးဖိုဆောင်သို့ ပြန်ကာ ပါဝင်ပစ္စည်းများကို ပြင်ဆင်လေတော့သည်။

မီးဖိုဆောင်ထဲတွင် ပါဝင်ပစ္စည်း တစ်ဝက်လောက်ကို အားလပ်ချိန်၌ ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။ သူမသည် လက်အင်္ကျီလက်များကို သိုင်းချည်လိုက်ပြီး လက်ကောက်ဝတ်ကို လှည့်ကာ ကြွက်သားများကို လျှော့လိုက်သည်။

ထို့နောက် စဉ်းတီတုံးပေါ်က ဓားမကြီးကို လက်တစ်ဖက်တည်းဖြင့် ဆွဲနှုတ်လိုက်ပြီး လက်ကောက်ဝတ်ကို လှည့်လိုက်ရာ ဓားသွားသည် လေထဲတွင် အရောင်တောက်သွားပြီး ဝဲပျံသွားတော့သည်။

သူမသည် ဒီနေ့ လူဆယ်ဂဏန်းလောက်စာ နေ့လယ်စာကို တာဝန်ယူရမည်။ စားကောင်းပြီး ဗိုက်ဝကာ တန်ဖိုးနည်းအောင် ချက်ပြုတ်ရမည်ဖြစ်ရာ လက်စွမ်းပြရပေတော့မည်။

...

All Chapters