← Chapters

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အပိုင်း (၁၅) ဝက်ကလီစာဟင်းရည်

လက်သမားဆရာများသည် ပင်ပန်းကြီးစွာ အလုပ်လုပ်ရသူများ ဖြစ်လေသည်။ ထို့ကြောင့် အစားအသောက်သည် အဓိကအားဖြင့် ဗိုက်ပြည့်ပြီး အဆီအသားပါမှ ကောင်းမွန်ပေလိမ့်မည်။ လုပ်အားခပေးထားသော်လည်း အစားအသောက်ကောင်းကောင်း ကျွေးမွေးလျှင် သူတို့စိတ်ကျေနပ်ကာ အလုပ်ကို ပိုမိုသေသပ်စွာ လုပ်ကိုင်ပေးတတ်ကြသည်။

ထို့ကြောင့် ရှန်မြောင်သည် မနေ့ကတည်းက စျေးဝယ်ရာတွင် သေချာစီစဉ်ထားခဲ့သည်။ လမ်းမပေါ်ရှိ ဝက်သတ်သမားကျန့်ထံမှ ဝက်ကလီစာတစ်စုံကို အထူးတလည် တောင်းဝယ်ထားခဲ့သည်။ အသားကောင်းများကို ရှန်မြောင် မတတ်နိုင်သေးသော်လည်း ဝက်ကလီစာ အသားဟင်းရည်၊ ဆန်လုံးညိုထမင်းနှင့် ဂေါ်ဖီထုပ် အသားနုပ်ကြော်တစ်အိုးကြီးကိုတော့ ချက်ပြုတ်နိုင်ပေလိမ့်မည်။

ရှန်မြောင်သည် ဝက်သား ၃ ပိဿာနှင့် ဆီချက်ရန် အဆီ ၁ ပိဿာ ဝယ်လိုက်ရာ ဝက်သတ်သမားကျန့်က ဝက်ကလီစာတစ်စုံလုံးကို တစ်ဝက်ရောင်း တစ်ဝက်လက်ဆောင် ပေးလိုက်လေသည်။ စုန့်ခေတ်က ဝက်များကို သင်းကွပ်မထားသဖြင့် ဝက်ကလီစာ အနံ့သည် ခေတ်သစ်များထက် ပိုပြင်းထန်သည်။ ရောင်းမထွက်သည့် အချိန်များလည်း ရှိတတ်ပြီး ဝက်သားထက် အပုပ်မြန်သဖြင့် စျေးသက်သာခြင်း ဖြစ်သည်။ သို့သော် ရှန်မြောင်တွင် အနံ့ပျောက်စေမည့် နည်းလမ်းကောင်း ရှိလေသည်။

အရင်ဘဝက စားဖိုမှူးလုပ်စဉ်က ရှန်မြောင်သည် သိပ္ပံနည်းကျ ချဉ်းကပ်သူ ဖြစ်ခဲ့သည်။ တုန်းဖိုဝက်သားဟင်းလျာ ကောင်းကောင်းချက်နိုင်ရန် ဝက်သားညှီနံ့၏ အရင်းအမြစ်ကို လေ့လာခဲ့ဖူးပြီး ထိရောက်သော အနံ့ပျောက်နည်းလမ်းကို ကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့သည်။

ဝက်သားညှီနံ့၏ အဓိက အရင်းအမြစ် နှစ်ခုရှိသည်။ ပထမအချက်မှာ ဝက်၏ ကျောက်ကပ်လုပ်ဆောင်ချက် အားနည်းသဖြင့် သွေးထဲတွင် မိမိဘာသာ မချေဖျက်နိုင်သော အမိုးနီးယားအနံ့များ ကျန်ရစ်နေတတ်သည်။ ဤအနံ့ကို ဖျောက်ဖျက်ရန် လွယ်ကူသည်။ ဝက်ပေါ်ချိန်တွင် သွေးဖောက်ထုတ်ခြင်း သို့မဟုတ် ဝက်သားကို ရေဆေးပြီး ရေနွေးဖျောလိုက်လျှင် ရနိုင်သည်။ ဒုတိယအချက်မှာ ဝက်ကို သင်းမကွပ်ထားခြင်း ဖြစ်သည်။ ဟိုမုန်းအများအပြားသည် ဝက်သားထဲတွင် ကျန်ရစ်နေတတ်သည်။ ရှန်မြောင်သည် နိုင်ငံခြားတွင် အနောက်တိုင်းအစားအစာနှင့် မုန့်ဖုတ်ပညာကို နှစ်နှစ်ကြာ သွားရောက်သင်ယူခဲ့ဖူးရာ အနောက်နိုင်ငံသားများ၏ သင်းမကွပ်သော ဝက်သားဒဏ်ကို အလူးအလဲ ခံခဲ့ရဖူးသည်။ ပထမဆုံးအကြိမ် စားဖူးစဉ်က အော့အန်လုနီးပါး ဖြစ်ခဲ့ရသည်။

ထိုအချိန်ကျမှသာ သင်းမကွပ်သော ဝက်သားအရသာ မည်သို့ရှိမှန်း သူမ သိခဲ့ရသည်။ အတင်းနှိုင်းပြရလျှင် ဝက်သားကို ဝက်ဆီးထဲ တစ်ညလုံး စိမ်ထားပြီး ရေမဆေးဘဲ ဒယ်အိုးထဲ ထည့်ချက်လိုက်သည့် ခံစားမှုမျိုးပင်။

သို့သော် အရင်ဘဝက အတွေ့အကြုံ ဗဟုသုတများကြောင့် ရှန်မြောင်သည် စုန့်ခေတ်က ညှီစော်နံသော ဝက်သားကို ကိုင်တွယ်ရာတွင် ကျွမ်းကျင်နေပြီ ဖြစ်သည်။

သင်းမကွပ်ထားသဖြင့် ကျန်ရစ်နေသော ညှီနံ့သည် အလွန်ခေါင်းမာရာ အားစိုက်ထုတ်ရလေသည်။ ရှန်မြောင်က 'ပုဆိန်သုံးလက်' ဟု အမည်ပေးထားသော အဆင့်သုံးဆင့်ဖြင့် အကျဉ်းချုပ်လိုက်သည်။

ပထမအဆင့်၊ ဝက်သားကို လှီးဖြတ်ပြီးနောက် ရေအေးဖြင့် ဆေးကြောကာ အသားထဲမှ သွေးများကို စင်ကြယ်အောင် ဆေးကြောရမည်။

ဒုတိယအဆင့်၊ ဂျင်း၊ ကြက်သွန်မြိတ်၊ အရက်တို့ဖြင့် ပြုလုပ်ထားသော ရေထဲတွင် ဝက်သားကို ၁၅ မိနစ်ခန့် စိမ်ထားပြီးမှ ရေနွေးဖျောရမည်။

ရေနွေးဖျောရာတွင် မဖြစ်မနေ ရေအေးမှ စတင်တည်ရမည်ဖြစ်ပြီး ရှာလကာရည်နှင့် အရက်ဝါတို့ကို ထည့်ရမည်။ ဝက်၏ ဟိုမုန်းများသည် အဓိကအားဖြင့် အဆီတွင် ကျန်ရှိနေတတ်သည်။ ရေအေးဖြင့် စတင်ပြုတ်မှသာ ဝက်သားနှင့်ရေသည် တပြိုင်နက်တည်း အပူချိန်မြင့်တက်လာမည် ဖြစ်သည်။ သို့မှသာ ဝက်သားအပေါ်ယံသည် ရေနွေးကြောင့် ချက်ချင်းကျက်မသွားဘဲ သွေးပုပ်များနှင့် အနံ့ဆိုးများ အသားထဲတွင် မပိတ်မိနေပေလိမ့်မည်။

ရှာလကာရည်ထည့်ခြင်းသည် အဆီကို ပြိုကွဲစေပြီး အနံ့ဆိုးများကို ရေငွေ့နှင့်အတူ ပျံထွက်သွားစေနိုင်သည်။

ဤနေရာတွင် အရေးကြီးဆုံး အချက်တစ်ချက် ရှိသေးသည်။ အိုးအဖုံး လုံးဝ မအုပ်ရပေ။ အနံ့ဆိုးများ ထွက်သွားနိုင်ရန် လမ်းဖွင့်ပေးရမည်။ ဆယ်ယူပြီးနောက် ရေနွေးပွက်ပွက်ဆူဖြင့် ဆေးကြောရမည်။ အကယ်၍ ရေအေးဖြင့် ဆေးကြောလိုက်လျှင် အပူချိန်ကွာခြားမှုကြောင့် အသားများ မာသွားတတ်ကာ အရာရာ သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။

တတိယအဆင့်မှာ အသားနှပ်ခြင်း ဖြစ်သည်။ ကြက်သွန်မြိတ်နှင့် ဂျင်းကို နုပ်နုပ်စဉ်းပြီး အရည်ညှစ်ကာ ထပ်မံစိမ်ထားရမည်။

ကြက်သွန်မြိတ်နှင့် ဂျင်းသည် ညှီစော်နံသော ဝက်သား၏ ရန်သူပင်။ ကြက်သွန်မြိတ်၊ ဂျင်းရည်စိမ်ထားသော အသားသည် အနံ့ဆိုးပျောက်ရုံသာမက ရေနွေးဖျောထားသော ဝက်သားကို အရည်ရွှမ်းစေကာ အသားကို နူးညံ့သွားစေလေသည်။

ယန်လောင်ဟန့်သည် တံခါးဘောင်များကို တပ်ဆင်နေပြီး တပည့်များက ဆောက်ဖြင့် အပေါက်ဖောက်ကာ ကူညီနေကြသည်။ အလုပ်ကို အာရုံစိုက်လုပ်ကိုင်နေစဉ် ရှန်မြောင်က ဝက်သားများကို လျင်မြန်ဖျတ်လတ်စွာ ကိုင်တွယ်နေသည်ကို လှမ်းမြင်လိုက်ရသည်။ သူမလက်များသည် မြန်လွန်း၍ အရိပ်ပင်မထင်ပေ။ အသားနွှာခြင်း၊ လှီးဖြတ်ခြင်းများကို မျက်လုံးဖြင့် ကြည့်စရာမလိုဘဲ စဉ်းနီတုံးပေါ်တွင် ဒက်ခနဲ ဒက်ခနဲ မြည်အောင် ခုတ်ထစ်နေသည်ကိုသာ ကြားလိုက်ရသည်။ ခဏအကြာတွင် ရေစိမ်ပြီးသည်နှင့် ဒယ်အိုးထဲ ရောက်သွားတော့သည်။

မကြာမီတွင် ညှီနံ့သင်းသင်းလေးပါသော အသားနံ့များ ထွက်ပေါ်လာလေသည်။

ယန်လောင်ဟန့်၏ တပည့်ကြီးက အနံ့ခံကြည့်လိုက်ပြီး အခြားတပည့်တစ်ယောက်ကို တိုးတိုးကပ်ပြောလေသည်။

"ဒီ ရှန်ရှီ က သဘောထားကြီးသားပဲ၊ နေ့လယ်စာကို ဟင်းပူပူ ထမင်းပူပူ လုပ်ပေးနေတယ်။ ဟိုဘက်လမ်းက မုန့်ဆိုင်ဖွင့်တဲ့ ဆိုင်ရှင်ဝေ လို မဟုတ်ဘူး၊ သူ့အိမ် တံခါးသွားပြင်ပေးတုန်းက နေ့လယ်စာကို မုန့်ခြောက်နဲ့ ရေအေးပဲ ကျွေးတာ"

ထိုညီငယ်၏ အိမ်အခြေအနေမှာ အနည်းငယ် ပြည့်စုံသဖြင့် ခေါင်းညိတ်ထောက်ခံသော်လည်း မျက်နှာပျက်ကာ ပြောလေသည်။

"နှမြောစရာကောင်းတာက ဝက်သား ဖြစ်နေတာပဲ... ငါ တကယ် မစားနိုင်ဘူးကွာ၊ ပြီးခဲ့တဲ့တစ်ခေါက်က ငါ့မိန်းမ စျေးသက်သာလို့ဆိုပြီး ၂လျန်လောက် ဝယ်လာတာ၊ အဲဒီအနံ့ရတာနဲ့ ငါ့မှာ မနေ့ညက စားထားတာတွေတောင် အန်ထွက်မလို့ ဖြစ်သွားတာ..."

(ငွေလျန် မဟုတ်ဘဲ အလေးချိန်လျန်ပါ။ ၁လျန်-၅၀ဂရမ်)

"ထမင်းရှိတာတောင် ဂျီးများနေသေးတယ်"

ယန်လောင်ဟန့်က ဆောက်ဖြင့် သူ့ခေါင်းကို ခေါက်လိုက်ပြီး ပြောလေသည်။

"မင်းက ခေတ်ကောင်းမှာ မွေးလာလို့ ငတ်ဖူးတဲ့ဒဏ်ကို မသိတာ၊ မြေစေးစားရတာတို့ သစ်မြစ်ဝါးရတာတို့ ကြုံဖူးမှ မင်း အန်နိုင်မလား ကြည့်ရသေးတာပေါ့"

ထိုညီငယ်မှာ ချက်ချင်း အသံမထွက်ရဲတော့သော်လည်း သူ့ဗိုက်သူ ပွတ်သပ်လိုက်မိသည်။

'ငါကတော့ မုန့်ခြောက်ပဲ စားချင်တာပဲ၊ ဒီ ရှန်ရှီ မုန့်လုပ်တဲ့ လက်ရာကတော့ မဆိုးပါဘူး၊ မနက်က လုပ်ကျွေးတဲ့ ကြက်သွန်မြိတ်ဆီမုန့်ဆို ကြွပ်ရွမွှေးကြိုင်နေတာပဲ၊ ဆန်ပြုတ်ကလည်း ခပ်ပျစ်ပျစ်နဲ့ သောက်လို့ကောင်းတယ်၊ မနက်က ပိုနေတဲ့ဟာတွေ စားရရင်တောင် တော်သေးတယ်'

သူ ထိုသို့တွေးရင်း ဆက်လက် အလုပ်လုပ်နေလိုက်သည်။ ဆရာဖြစ်သူ ယန်လောင်ဟန့်ကို လှေကားထောင်ပေးနေစဉ် ရုတ်တရက် လျစ်လျူရှု၍ မရနိုင်သော အသားဟင်းနံ့ မွှေးမွှေးကြောင့် လည်ပင်းရှည်ထွက်သွားမိလေသည်။

ရှန်မြောင်သည် ဝက်အူ၊ ဝက်သည်း၊ ဝက်ကျောက်ကပ်နှင့် အသားများကို စက္ကူကဲ့သို့ ပါးလွှာအောင် လှီးဖြတ်ထားပြီး ဆား၊ ကော်မှုန့်တို့ဖြင့် နယ်ထားသည်။ ဂျင်းမျှင် ခတ်ထားသော ရေနွေးပွက်ပွက်ဆူထဲသို့ ထည့်ကာ တလိပ်လိပ်ဆူပွက်လာစေသည်။ ဆားအနည်းငယ်၊ အရက်ဝါ၊ ဂိုဂျိအရွက်၊ ကြက်သွန်မြိတ်တို့ကို ဖြူးကာ အိုးထဲမှ ဆယ်လိုက်လေသည်။

အပူငွေ့ တထောင်းထောင်းထနေသော ဟင်းရည်အိုးကြီးထံမှ မွှေးကြိုင်သော အနံ့များသည် အခန်းတစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားလေသည်။

သူသည် မျက်လုံးများ ပြူးကျယ်သွားပြီး ခွေးပေါက်လေးတစ်ကောင်နှယ် နှာခေါင်းရှုံ့ကာ အားရပါးရ ရှူရှိုက်လိုက်မိသည်။ တကယ်ထူးဆန်းသည်။ ခုနက ရနေသေးသည့် ညှီစော်နံများ ပျောက်သွားပြီ။ အနံ့မွှေးမွှေးလေး၏ နှိုးဆွမှုကြောင့် လည်ချောင်းထဲတွင် တံတွေးများ ဂလုခနဲ မျိုချမိလိုက်သည်အထိပင်။

........

ဝက်ကလီစာဟင်းရည် ချက်ရာတွင် မီးပြင်းပြင်းနှင့် ရေနွေးပွက်ပွက်ဆူထဲသို့ မြန်မြန်ထည့်ပြီး မြန်မြန်ဆယ်ယူရသည်။ သို့မှသာ ကော်မှုန့်မကွာဘဲ အသားမှာ ပါးစပ်ထဲထည့်လိုက်သည်နှင့် အရည်ပျော်သွားမတတ် နူးညံ့မည် ဖြစ်သလို ဝက်အူချောင်းမှာလည်း ကြွပ်ရွနေလိမ့်မည်။

ရှန်မြောင်သည် ဝက်ကလီစာဟင်းရည်ကို ခပ်ထည့်လိုက်သည်။ စောစောကတည်းက သစ်သားပေါင်းချောင်ထဲ ထည့်ပေါင်းထားသော အရောင်ငါးမျိုး ဆန်လုံးညိုထမင်းလည်း ကျက်နေပြီ ဖြစ်သည်။ အသားနုပ်ဖြင့် ကြော်ထားသော ဂေါ်ဖီထုပ်ကြော်လည်း ပြီးစီးသွားပြီ ဖြစ်ရာ ယန်လောင်ဟန့်နှင့် အဖွဲ့သားများကို ထမင်းစားရန် ခေါ်လိုက်လေသည်။

"ခဏလောက် နားပြီး ထမင်းစားကြရအောင်"

ဟင်းရည်အိုးကြီးတစ်လုံး၊ ထမင်းတစ်ပုံးနှင့် ဂေါ်ဖီထုပ်ကြော် တစ်ဒယ်အိုးကြီး။ ပမာဏ များလွန်းသဖြင့် ရှန်မြောင်က ဇလုံကြီးများဖြင့် ထည့်ပေးထားသည်။ အရင်က ယန်လောင်ဟန့်ထံမှ ဝယ်ထားသော စားပွဲပုလေးပေါ်တွင် တင်လိုက်သည်နှင့် နေရာပြည့်သွားသဖြင့် အားလုံးက စားပွဲဝိုင်းတွင် ပန်းကန်ကိုယ်စီကိုင်ကာ မတ်တပ်ရပ်၍ သော်လည်းကောင်း၊ ထိုင်၍ သော်လည်းကောင်း စားသောက်ကြရသည်။

ရှန်မြောင်သည် မီးဖိုချောင်ထဲတွင် ရှိစဉ်ကတည်းက သူမ၊ ကျိအာနှင့် ရှန်းအာတို့အတွက် သီးသန့် ခပ်ထားပြီး ဖြစ်သည်။ သူတို့သုံးယောက်သည် မီးဖိုဘေးရှိ ခုံပုလေးများတွင် ထိုင်စားကြသည်။ မီးဖိုချောင်တံခါး တပ်မပြီးသေးသဖြင့် ရှန်မြောင်သည် ဟင်းရည်ကို ဖြည်းဖြည်းချင်း သောက်ရင်း အလုပ်သမား ဆရာတပည့်တစ်သိုက် စားပွဲပေါ်ရှိ ဟင်းများကို ခဏလေးအတွင်း ပြောင်စင်အောင် လုယက်စားသောက်နေကြသည်ကို လှမ်းကြည့်နေလိုက်သည်။

ယန်လောင်ဟန့်၏ ဆယ်ကျော်သက်အရွယ် တပည့်လေးတစ်ယောက်ဆိုလျှင် ဟင်းရည်တစ်ပန်းကန်သောက်ပြီး ထမင်းဟင်းရည်ပွက် တစ်ပန်းကန် ထပ်ထည့်စားနေသည်။ စားကောင်းလွန်းသဖြင့် မျက်နှာတစ်ခုလုံး ချွေးများ ရွှဲနစ်နေပြီး ပါးစပ်ထဲတွင်လည်း ပလုတ်ပလောင်းနှင့် ပြောနေရှာသည်။

"ဆရာတူအစ်ကို... ကျွန်တော့်ဖို့လည်း ချန်ပေးဦးလေ..."

ကံကောင်းသည်မှာ ရှန်မြောင် ချက်ထားသည်က များလွန်းသဖြင့် ထိုသန်မာထွားကျိုင်းသော ယောက်ျားကြီး ဆယ်ယောက်ခန့်က ထမင်းတစ်ပုံးလုံးကို ကုန်စင်အောင် စားလိုက်ကြသည်။

နောက်ဆုံးတွင် ထိုတပည့်ငယ်လေးသည် ဗိုက်ကိုပိုက်ကာ ကြမ်းပြင်ပေါ် ထိုင်ချလိုက်ပြီး ပါးစပ်ထဲတွင် စွဲကျန်နေသော အိစက်ညက်ညောသည့် အရသာကို ပြန်ပြောင်းတွေးနေမိသည်။

ယန်လောင်ဟန့်သည်လည်း စားလို့ မဝသေးသည့်ဟန်ဖြင့် ပါးစပ်ကို သပ်လိုက်ပြီး ရှန်မြောင်ထံ လျှောက်လာကာ အံ့ဩတကြီး ပြောလိုက်လေသည်။

"ရှန်ရှီမှာ ဝက်သားကို ဒီလိုချက်ပြုတ်နိုင်တဲ့ လက်ရာမျိုး ရှိတာပဲ... ကျင်းလျန်တံတားအောက်က လျိုစာသောက်ဆိုင်၊ ကျင်းမင်ရေကန်အပြင်ဘက်က ဖန်လိုစားသောက်ဆိုင်၊ ချောင်တံခါးက မန်ဝမ်ဆိုင်၊ မြို့မြောက်ပိုင်းက ပါရှန်းလို စတဲ့ ဘယ်နေရာကိုပဲ သွားသွား အလုပ်ရနိုင်တယ်၊ ဘာကြောင့်များ လမ်းဘေးစျေးသည် အလုပ်ကို ရွေးချယ်ရတာလဲ"

ရှန်မြောင်လည်း ထိုအကြောင်းကို စဉ်းစားဖူးသည်။ သူမသည် အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း ယခု စုန့်ခေတ်တွင် အမျိုးသမီးများ အပြင်ထွက် စီးပွားရှာခြင်းကို နှိမ်ချခြင်း မရှိပေ။ အမျိုးသမီးစားဖိုမှူး၊ ပန်းထိုးမယ်၊ လမ်းဘေးအရက်ရောင်းသည့် အမျိုးသမီးများ နေရာတိုင်းတွင် ရှိကြသည်။ နာမည်ကြီး စားသောက်ဆိုင်ကြီးများ၊ နန်းဆောင်များတွင် သွားရောက် လုပ်ကိုင်မည် ဆိုပါကလည်း အလုပ်မရမည်ကို ပူစရာမလိုပေ။

'ဒါပေမဲ့ ငါ့မှာ ကိုယ်ပိုင် ခေါက်ဆွဲဆိုင်လေး ရှိနေတာပဲ၊ သူများဆီမှာ ဘာလို့ အလုပ်သမား သွားလုပ်ရမှာလဲ'

ထို့ကြောင့် သူမသည် တဖြည်းဖြည်း သပ်ရပ်လာသော ခြံဝင်းငယ်လေးကို ညွှန်ပြရင်း ပြုံးကာ ပြောလိုက်သည်။

"အဘိုးကလည်း မြှောက်ပြောနေပြန်ပါပြီ၊ ကျွန်မရဲ့ ဟင်းချက်လက်ရာတွေက မိဘမျိုးရိုးဆီက ရထားတာပါ၊ အိမ်အခြေအနေက ကျဆင်းနေတော့ မိန်းမသား ဖြစ်ပေမယ့် မိသားစုဂုဏ်ကို ပြန်ဆယ်ဖို့ မစဉ်းစားလို့ မရဘူးလေ၊ အဘိုးကြည့်ပါဦး... အခုဆိုရင် နေရထိုင်ရတာ တဖြည်းဖြည်း အဆင်ပြေလာပြီ မဟုတ်လား"

သူမ၏ စကားကြောင့် ယန်လောင်ဟန့်မှာ လေးစားသွားသလို ဟယ်အလုပ်သမားခေါင်းဆောင်ကလည်း မကြာခဏ လှမ်းကြည့်နေမိသည်။

ရှန်မြောင် ပြောသည်မှာ ရင်ထဲက စကားအစစ်အမှန်ပင်။ သူမသည် ကြီးကျယ်ခမ်းနားသော စီးပွားရေးလုပ်ငန်းကြီး တည်ထောင်ရန် မစဉ်းစားဖူးသလို အမြင့်ကြီးသို့ တက်လှမ်းရန်လည်း ဆန္ဒမရှိပေ။ ခြံဝင်းငယ်လေး တစ်ခု၊ ဝမ်းစာရှာဖွေနိုင်သော စားသောက်ဆိုင်ငယ်လေး တစ်ဆိုင်ဖြင့် ဤလောကကြီးထဲတွင် အေးချမ်းတည်ငြိမ်စွာ နေထိုင်သွားနိုင်လျှင် ထိုဘဝသည် ပြည့်စုံလုံလောက်နေပြီဟု ယူဆထားသည်။

နေ့လယ်ပိုင်းတွင်တော့ ရှန်မြောင်၏ အစားအသောက် ကောင်းမွန်မှုကြောင့်လား မသိ။ ယန်လောင်ဟန့်နှင့် အဖွဲ့သားများ အလုပ်လုပ်ရသည်မှာ အလွန်တက်ကြွနေကြသည်။ ဟယ်အလုပ်သမားခေါင်းဆောင်သည် တပည့်ငါးယောက်ကို ဦးဆောင်ကာ မနက်မှ ညနေထိ မနားတမ်း လုပ်ကိုင်ကြရာ တစ်ရက်တည်းဖြင့် ခြံစည်းရိုး တည်ဆောက်ပြီးစီးသွားလေသည်။

ထိပ်ပိုင်းမှ မြေနီလမ်းကြောင်း ခြောက်သွေ့သွားရန် စောင့်ဆိုင်းရုံသာ ကျန်တော့သည်။

ယန်လောင်ဟန့်သည် သူတို့ထက်ပင် စောစီးစွာ အလုပ်သိမ်းလိုက်သည်။ တံခါး၊ ပြတင်းပေါက်နှင့် မီးဖိုချောင်ခေါင်မိုးတို့သည် နေမဝင်ခင်မှာပင် သစ်လွင်တောက်ပသွားတော့သည်။

ရှန်မြောင်သည် မနက်ဖြန်မနက်စောစော မြေမီးဖိုနှင့် မီးဖိုခုံ လာရောက်ပြုလုပ်ပေးရန် ဟယ်အလုပ်သမားခေါင်းဆောင်နှင့် ချိန်းဆိုပြီးနောက် မီးဖိုချောင်ထဲတွင် အမောဖြေနေလိုက်သည်။ ရှန်းအာက လိမ်မ္မာစွာဖြင့် သူမ၏ နောက်ကျောဘက်သို့ ရောက်လာပြီး ပခုံးများကို နှိပ်နယ်ပေးလေသည်။

ကျိအာကလည်း ခြံဝင်းထဲတွင် ပြန့်ကျဲနေသော သစ်သားစများ၊ မြေမှုန့်များကို တံမြက်စည်း လှည်းကျင်းပြီး ပန်းကန်ခွက်ယောက် အများအပြားကို ဆေးကြောပေးလေသည်။

ဒီနေ့ နေ့လယ်ပိုင်း ခြံဝင်းထဲတွင် အလုပ်လုပ်နေကြစဉ် ရှန်မြောင်လည်း အားမနေခဲ့ပေ။

ယခု ညဉ့်နက်၍ လူခြေတိတ်ဆိတ်ချိန်၌ မီးဖိုချောင်ထဲတွင် နယ်ပြီးသား၊ အခြောက်ခံထားသော ဝက်အူချောင်းများ အပြည့် ချိတ်ဆွဲထားလေပြီ။ သူမသည် လမ်းဘေးဆိုင်လေး ဖွင့်ကာ ရှိုကျွားပင်မုန့် (တရုတ်ခေါက်မုန့်) နှင့် ဝက်အူချောင်းကင် ရောင်းချရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

ရှိုကျွားပင်မုန့်သည် အမှန်တကယ်တော့ ကြက်သွန်မြိတ်ဆီမုန့်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ခေတ်သစ်ကာလတွင် ပေါ်ပေါက်လာမည့် ထိုင်ဝမ်ဒေသမှ နာမည်ကြီး သရေစာမုန့် ဖြစ်သောကြောင့် စုန့်ခေတ် ပြန့်ကျင်းမြို့တွင် ဤအစားအစာမျိုး မရှိသေးပေ။ ရှန်မြောင်သည် ထိုနေ့က ညစျေးတန်းရှိ မုန့်ဆိုင်များကို လိုက်လံကြည့်ရှုရာ ဆင်တူသော မုန့်ဆိုင်တစ်ဆိုင်မှ မတွေ့ရသဖြင့် စိတ်ကူးပေါက်သွားခြင်း ဖြစ်သည်။

ပြန့်ကျင်းမြို့သူမြို့သားများသည် ခေတ်သစ် ဟူနန်သားများကဲ့သို့ပင် ကာဗွန်ဟိုက်ဒရိတ်နှင့် ဂျုံအစားအစာများကို အလွန်နှစ်သက်ကြသည်။ နေ့စဉ် ထမင်းစားသုံးမှု နည်းပါးပြီး မုန့်ခြောက်ကို အချဉ်ဖတ်ညှပ်ကာ ဆန်ပြုတ်ဖြင့် စားသောက်ခြင်း၊ ပူပူနွေးနွေး ခေါက်ဆွဲပြုတ် တစ်ပန်းကန် စားသောက်ခြင်း၊ အနည်းငယ် ငွေကြေးတတ်နိုင်လျှင် ဆိတ်သားပေါက်စီ စားသောက်ခြင်းများ ပြုလုပ်တတ်ကြသည်။

ထို့အပြင် စုန့်ခေတ်လူများသည် လက်ဖက်ရည်ကြမ်းနှင့် အရက်သောက်ခြင်းကို အထူးနှစ်သက်ကြသည်။ ထို့ကြောင့် မျက်နှာချင်းဆိုင် ကုမိသားစု ဖွင့်လှစ်ထားသော အရက်ဆိုင်သည် စီးပွားရေး ကောင်းမွန်ကာ နေ့စဉ် အရက်လာဝယ်သူများဖြင့် စည်ကားနေတတ်သည်။

အရသာဆန်းသစ်သော 'မုန့်' တစ်မျိုးသည် ပြန့်ကျင်းမြို့သူမြို့သားများ၏ အစာအိမ်ကို ဖမ်းစားနိုင်လိမ့်မည်ဟု ရှန်မြောင် ယူဆသည်။

ဝက်အူချောင်းကင် ဆိုလျှင်လည်း ဝက်သားကို ခွဲခြားဆက်ဆံသော ဤခေတ်ကြီးတွင် ရှာဖွေရခက်ခဲသော အရာဖြစ်သဖြင့် ဆန်းသစ်သော ပစ္စည်းတစ်ခု ဖြစ်လာပေလိမ့်မည်။ ထို့အပြင် ရှန်မြောင်သည် ကုန်ကျစရိတ် သက်သာသော ကော်မှုန့်ဝက်အူချောင်း ပြုလုပ်ရန် စီစဉ်ထားသဖြင့် စျေးနှုန်းသက်သာပြီး အရသာရှိကာ ရောင်းအားကောင်းရန် ရည်ရွယ်ထားသည်။

အရင်တုန်းက ရှန်မြောင်သည် မိဘများက 'အာဟာရမရှိသော အစားအစာ' ဟု သတ်မှတ်ထားသည့် ကော်မှုန့်ဝက်အူချောင်းများကို အလွန်ကြိုက်နှစ်သက်ခဲ့ဖူးသည်။ ငယ်ဘဝ အမှတ်တရဟုပင် ဆိုနိုင်သည်။ သို့သော် ခေတ်သစ်တွင် အပြင်၌ ရောင်းချသော ဝက်အူချောင်းများမှာ အသားအရင်းအမြစ် မသေချာသဖြင့် စားပြီးတိုင်း ဝမ်းပျက်တတ်သည်။ ထို့ကြောင့် သူမ ကိုယ်တိုင် စမ်းသပ်ပြုလုပ်ခဲ့ရာ လက်ရာမှာ ကျွမ်းကျင်နေပြီ ဖြစ်သည်။

ဝက်သားကို သူမ၏ 'ပုဆိန်သုံးလက်' နည်းလမ်းဖြင့် ကိုင်တွယ်ပြီးနောက် အသားကို နုပ်နုပ်စဉ်းကာ နယ်ထားလိုက်လျှင် ညှီနံ့များ ပျောက်ကွယ်သွားသည်။ ကော်မှုန့် ပိုထည့်လိုက်ခြင်းဖြင့် ကုန်ကျစရိတ်ကို ထိန်းချုပ်နိုင်ရုံသာမက အရသာကိုလည်း ပိုမိုကောင်းမွန်စေသည်။

ရှန်မြောင် စမ်းသပ်ကြည့်ရာ ဝက်သား ၁ ပိဿာလျှင် ဝက်အူချောင်း အချောင်းရေ ဒါဇင်နှင့်ချီ၍ ရရှိနိုင်သည်။

ဤသို့ ပြုလုပ်ထားသော ဝက်အူချောင်းကို 'အသားချောင်း' ဟု ခေါ်ဝေါ်ခြင်းမှာ အနည်းငယ် မြှောက်ပင့်လွန်းရာ ရောက်သော်လည်း ခေတ်သစ်က နည်းပညာဖြင့် ပြုလုပ်ထားသော အသားချောင်းများနှင့် ယှဉ်လျှင် သန့်ရှင်းပြီး စေတနာပါသည်ဟု ဆိုရပေမည်။

သို့သော် ရှန်မြောင် ပြုလုပ်နေရင်းမှ တွေ့ရှိလာရသည်မှာ ဤဝက်အူချောင်းတွင် ကုန်ကျစရိတ် အများဆုံးမှာ အသားမဟုတ်ဘဲ အသားနယ်ရာတွင် သုံးသော ဟင်းခတ်အမွှေးအကြိုင်များနှင့် ဆား ဖြစ်နေခြင်းပင်။ ဤခေတ်တွင် ဆားမှာ စျေးမပေါချေ။ သူမ ဝယ်ယူထားသော ဂျုံကြမ်းများကိုလည်း ဆယ်ကြိမ်ခန့် ပြန်လည်သန့်စင်အောင် ပြုလုပ်ရသဖြင့် တွက်ချက်ကြည့်လိုက်လျှင် သူမ မှန်းထားသည်ထက် ကုန်ကျစရိတ် ပိုများနေသည်။

သို့သော် ပြုလုပ်ပြီးနေပြီ ဖြစ်ရာ ဇွတ်မှိတ်ပြီး ဆက်လုပ်ရုံသာ ရှိတော့သည်။ မနက်ဖြန် ရောင်းအား မည်သို့ရှိမည်ကို စောင့်ကြည့်ရပေမည်။

သူမသည် ဒီနေ့ နေ့ဝက်ခန့် အချိန်ပေးပြီး အူများနှင့် ဂျုံမှုန့် ၈၀ ရာခိုင်နှုန်းပါသော အသားများကို ပြင်ဆင်ခဲ့သည်။ ညစာစားပြီးချိန်တွင် ဝက်အူချောင်းများကို တစ်ချောင်းချင်းစီ စွပ်ကာ ရှိုကျွားပင်မုန့်အတွက် ဂျုံနယ်လေသည်။ ဂျုံလုံးလေးများလုံးပြီးနောက် ဆီသုတ်ကာ နှပ်ထားလိုက်သည်။

ရှိုကျွားပင်မုန့်၏ မုန့်သားပြုလုပ်ပုံမှာ ကြက်သွန်မြိတ်ဆီမုန့်နှင့် ဆင်တူသော်လည်း ရှန်မြောင်က ဂျုံနယ်ရာတွင် သကြား၊ ဆားနှင့် နှမ်း အနည်းငယ် ထည့်သွင်းထားသဖြင့် မုန့်သားတွင် အရသာ ပါရှိနေသည်။ ဝက်အူချောင်းများ သွတ်သွင်းပြီးချိန်၊ မုန့်သားနှပ်ထားချိန် ပြည့်သွားပြီ ဖြစ်ရာ အလွှာများစွာ ပါရှိပြီး ကြွပ်ရွမွှေးကြိုင်သော မုန့်သားရရှိရန် အဓိက သော့ချက်မှာ လက်ရာပင် ဖြစ်သည်။

ရှန်မြောင်က ဂျုံလုံးတိုင်းကို ပါးလွှာအောင် ဒလိမ့်တုံးဖြင့် လှိမ့်ပြီး ယပ်တောင်ကဲ့သို့ ခေါက်ကာ အရှည်ဆွဲဆန့်ပြီး ခရုပတ်ပုံစံ လိပ်လိုက်သည်။ လိပ်ပြီးသား ဂျုံတုံးများကို ၁၅ မိနစ်ခန့် ထပ်မံနှပ်ထားပြီးမှ ပါးလွှာအောင် ပြန်လည်ဖြန့်လိုက်လျှင် ရရှိပြီ ဖြစ်သည်။

ပြောရလျှင် လွယ်ကူသော်လည်း ခက်ခဲမှုမှာ လက်ရာတွင် ရှိလေသည်။

မုန့်သားအကြမ်းထည်များကို တစ်ခုချင်းစီ ပြုလုပ်ပြီးနောက် ဂျုံမှုန့်ခြောက် ဖြူးကာ ဆီစိမ်စက္ကူဖြင့် ခံပြီး ခြင်းတောင်းထဲတွင် ထပ်ထားလိုက်သည်။ ထို့နောက် အစာပလာများကို လှီးဖြတ်ရလေသည်။ သခွားသီးကို အတုံးသေးလေးများ တုံးခြင်း၊ ဆလပ်ရွက်ကို ရေဆေးပြီး တစ်ရွက်ချင်း ခွာထားခြင်း၊ ကြက်သားပြားကြော်၊ ဝက်သားပြားကြော်၊ မုန်လာဥချဉ်၊ အီကြာကွေး စသည်ဖြင့် ပြင်ဆင်ထားသည်။ ဤရှိုကျွားပင်မုန့်ကို အဆင့်ခွဲကာ ရောင်းချမည် ဖြစ်သည်။ သက်သတ်လွတ်၊ အသားပါသည့်အရာ၊ အသားနှင့် ကြက်ဥပါသည့်အရာ ဟူ၍ ငွေကြေးတတ်နိုင်မှုအပေါ် မူတည်ပြီး ရွေးချယ်နိုင်ရန် စီစဉ်ထားသည်။

အရေးအကြီးဆုံးမှာ သူမသည် ကြက်ဥဖြင့် 'ဆလပ်ရွက်သုပ်ဆော့စ်' တစ်အိုး ပြုလုပ်ထားခြင်းပင်။

ဆလပ်ရွက်သုပ်ဆော့စ်ကို ရှန်မြောင် အရင်ဘဝက အကြိမ်ကြိမ် ပြုလုပ်ဖူးလေသည်။ ပြုလုပ်ပုံမှာ အလွန်ရိုးရှင်းပြီး ကြက်ဥအနှစ်၊ ဆီ၊ ဆား၊ သကြားနှင့် ရှာလကာရည်တို့သာ လိုအပ်သည်။ အချိုးအစား မှန်ကန်လျှင် အလွယ်တကူ ပြုလုပ်နိုင်သည်။ အဓိကမှာ ဤဆော့စ်၏ ပါဝင်ပစ္စည်းကို အပြင်ပန်း ကြည့်ရုံဖြင့် မခန့်မှန်းနိုင်ခြင်းပင်။ ဤကဲ့သို့သော ထူးခြားသည့်ဆော့စ် ရှိနေမှသာ ရှိုကျွားပင်မုန့်ကို သူတစ်ပါးက အလွယ်တကူ တုပ၍ မရနိုင်ဘဲ တစ်ဦးတည်းမူပိုင် ရောင်းချနိုင်ပေလိမ့်မည်။

နှမြောစရာကောင်းသည်မှာ ဤခေတ်တွင် ခရမ်းချဉ်သီး မရှိသေးသဖြင့် ခရမ်းချဉ်သီးဆော့စ် မလုပ်နိုင်ခြင်းပင်။

ငရုတ်ကောင်းမှုန့်ဆော့စ် လုပ်မည် ဆိုပြန်လျှင်လည်း... ထားလိုက်ပါတော့၊ ငရုတ်ကောင်းစေ့က ရွှေလောက် စျေးကြီးရာ သူမ မတတ်နိုင်သေးပေ။

အရာအားလုံး အဆင်သင့် ဖြစ်နေပြီ။ ရှန်မြောင် စောစော အိပ်ရာဝင်လိုက်တော့သည်။ မနက်ဖြန် မနက်ခင်းစျေး၏ စည်ကားမှုကို သူမ လက်လွတ်ခံ၍ မဖြစ်ပေ။

...

1 အပိုင်း (၁၆) လမ်းဘေးဈေးဆိုင်လေး ခင်းကျင်းခြင်း

နောက်တစ်နေ့ မိုးလင်းသည်နှင့် ရှန်မြောင် နိုးလာလေသည်။ ရှန်မြောင်သည် ကျိအာနှင့် ရှန်းအာတို့ကို အိမ်ကောင်းကောင်းစောင့်ရန် မှာကြားပြီးနောက် စားပွဲဝိုင်း၊ ခုံပု၊ အစားအစာ၊ မီးသွေးနှင့် ဒယ်ပြားတို့ကို သိမ်းဆည်းကာ မီးဖိုနှစ်လုံးကို သယ်ဆောင်လျက် တံခါးဝတွင် စောစီးစွာ လာစောင့်နေသော ကုထူစူးနှင့်အတူ ကျင်းလျန်တံတားဆီသို့ သုတ်ခြေတင် ထွက်လာခဲ့ကြလေသည်။

ကုထူစူးက လက်တွန်းလှည်းကို ဆွဲလာပြီး ရှန်မြောင်က လှည်းပေါ်ရှိ ပစ္စည်းများကို သေချာချည်နှောင်လိုက်၏။ အထူးသဖြင့် သူမ အချိန်အကြာကြီး အားထုတ်ထားရသည့် အစားအသောက်ထည့်သော သစ်သားဘူး ၇-၈ ဘူးနှင့် ဟင်းခတ်အမွှေးအကြိုင် ပုလင်းများကို ပိုပြီး ဂရုစိုက်ရသည်။ တစ်ဘူးလေး မှောက်သွားလျှင်ပင် သူမမှာ အသက်ရှူရပ်မတတ် နှမြောတသ ဖြစ်ရလိမ့်မည်။

ရှန်မြောင် လှည်းပေါ်တွင် ကြိုးချည်နေသည်ကို ကြည့်ရင်း ကုထူစူးက သူမ၏ လှုပ်ရှားမှုများ သွက်လက်ချက်ချာသည်ကို သတိထားမိလိုက်သည်။ ပြဿနာကြုံရတိုင်း ငိုတတ်သည့် အရင်က သခင်မလေးပုံစံနှင့် လုံးဝ မတူတော့ချေ။ သူ့စိတ်ထဲတွင် ဝမ်းနည်းစိတ်ရော သနားစိတ်ပါ ဖြစ်မိသွား၏။ ထိုစဉ်က သခင်မလေးသည် အိမ်တွင် သည်လောက် ပင်ပင်ပန်းပန်း အသက်မွေးရမည်ဟု ဘယ်တုန်းကများ တွေးမိခဲ့ပါမည်နည်း။ သို့သော် ယခုအချိန်တွင် ဒါတွေကို ပြောနေရုံဖြင့် အဓိပ္ပာယ်မရှိတော့ပေ။

ယန်လျိုအရှေ့လမ်းကြားနှင့် ကျင်းလျန်တံတားမှာ အလွန်နီးကပ်သဖြင့် ခဏချင်းနှင့် ရောက်ရှိသွားကြသည်။ ယခုအချိန်တွင် တံတားပေါ်၌ တဲထိုးသူများ၊ ထီးမိုးသူများ၊ ကုန်ပစ္စည်းခင်းကျင်းနေသူများဖြင့် ပြည့်နှက်နေပြီဖြစ်ရာ ရှန်မြောင် ရောက်လာသည့်အချိန်က အတော်ပင် ကိုက်ညီမှုရှိလှလေသည်။

သူမ ရောက်လာသည်နှင့် တံတားပေါ်ရှိ လမ်းဘေးဈေးသည်များက တိတ်တဆိတ် အကဲခတ်နေကြသည်။

ကျင်းလျန်တံတားပေါ်ရှိ ဈေးသည်များမှာ မကြာခဏ ပြောင်းလဲလေ့ရှိရာ ဈေးသည်အသစ်ရောက်လာခြင်းက မဆန်းပေ။ သို့သော် ရှန်မြောင်ကဲ့သို့ ငယ်ရွယ်နုပျိုပြီး ချောမောလှပသည့် အမျိုးသမီးတစ်ယောက်ကိုတော့ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်လေသည်။

ယောက်ျားအများစုက ထပ်ခါထပ်ခါ ကြည့်နေမိကြသည်။ ထိုချောမောလှပသော မိန်းမပျိုလေး မျက်စိရှေ့မှ ဖြတ်သွားချိန်တွင် သူမ၏နောက်မှ မဲမဲသဲသဲနှင့် အရပ်ရှည်ရှည် ယောက်ျားတစ်ယောက်က သူမအား ကူညီပြီး လှည်းဆွဲလာသည်ကို မြင်လိုက်ရမှသာ အကြည့်များကို ကပျာကယာ ပြန်ရုတ်သိမ်းသွားကြလေသည်။

ကုထူစူးက သူမအတွက် မီးဖိုနှင့် ဒယ်ပြားများကို ချပေးပြီး နေရာချခင်းကျင်းပေးသည်။ ရှန်မြောင်က အိမ်မှ ယူလာသော စားပွဲဝိုင်းလေးကို သယ်လာပြီး သူမ၏ ဆိုင်နေရာလွတ်လေးထဲသို့ အံဝင်ခွင်ကျ ထည့်လိုက်သည်။ သနားစရာကောင်းသည်မှာ ကျိအာနှင့် ရှန်းအာတို့ပင်။ မနက်စောစော သူမ ပေါင်းအိုးထဲ ထည့်နွှေးထားသည့် ပေါက်စီနှင့် ဆီကြော်မုန့်များကို မီးဖိုဘေးတွင် မတ်တတ်ရပ်ရင်း စားနေရရှာသည်။

"ကျုပ် ဆိုင်ပြန်ပြီး ကူလုပ်ပေးလိုက်ဦးမယ်၊ မင်း ဘယ်အချိန်ပြန်မှာလဲ"

ကုထူစူးက သူမအတွက် နေရာထိုင်ခင်း ပြင်ဆင်ပေးပြီး လှည်းအောက်မှ ဆီစိမ်စက္ကူထီးအကြီးကြီးတစ်ချောင်းကို ထုတ်ကာ ကျောက်တိုင်တွင် ချည်နှောင်ပေးလိုက်သည်။ ခိုင်မခိုင် လှုပ်ကြည့်ပြီးမှ လှည့်မေးလိုက်ခြင်း ဖြစ်သည်။

"ကျုပ် ပြန်လာကြိုမယ်လေ"

ရှန်မြောင်က လက်ကာပြလိုက်ပြီး ပြောလိုက်လေသည်။

"ကျွန်မ ရောင်းပြီးရင် ကိုယ့်ဘာသာ ပြန်လာခဲ့ပါ့မယ်"

သူမ ဒီနေ့ မုန့်အခု ၅၀ သာ ယူလာခဲ့သည်။ ကုန်တာနှင့် ပြန်မည်ဟု စိတ်ကူးထား၏။ သူမ ကျိအာအတွက် ကျောင်းရှာပေးချင်နေမိသည်။ တစ်နေကုန် အိမ်ထဲတွင် အောင်းနေရခြင်းက ရေရှည်အတွက် ကောင်းမွန်သော နည်းလမ်းမဟုတ်ပေ။

"ဒီလောက်များတာကို မင်းလို မိန်းမသားတစ်ယောက်တည်း ဘယ်လိုသယ်နိုင်မှာလဲ"

ကုထူစူးက ပစ္စည်းများကို လက်ညှိုးထိုးပြပြီး မိုးကောင်းကင် အချိန်နာရီကို ကြည့်ကာ လှည်းကို ပြန်တွန်းလိုက်သည်။

"ဒါဆို ကျုပ် အချိန်မှန်းပြီး လာခဲ့မယ်၊ မင်း စောင့်နေနော်" ပြောပြီးသည်နှင့် ရှန်မြောင်၏ ငြင်းစကားကိုပင် မစောင့်တော့ဘဲ ထွက်သွားတော့သည်။

သူ ထွက်သွားသည်နှင့် ဘေးနားမှ ဝဖိုင့်ဖိုင့်အမျိုးသမီးက တခစ်ခစ်ရယ်ကာ ကပ်လာပြီး ပြောလိုက်သည်။

"ရှင့်ယောက်ျားက ကြည့်ရတာ ကြောက်စရာကောင်းပေမယ့် ရှင့်အပေါ်တော့ သိပ်ဂရုစိုက်တာပဲနော်"

ရှန်မြောင်မှာ အနေခက်သွားရ၏။ လူတစ်ယောက် မေးတိုင်း သူမက ကွာရှင်းထားပြီး ကလေးနှစ်ယောက်နှင့်ပါဟု လိုက်ပြောပြနေ၍ မဖြစ်ချေ။ သို့နှင့် ခေါင်းခါပြလိုက်ပြီးသာ ပြောလိုက်လေသည်။

"သူက ကျွန်မယောက်ျား မဟုတ်ပါဘူး"

ဝဖိုင့်ဖိုင့်အမျိုးသမီးက ကြောင်အသွားတော့သည်။ ရှန်မြောင်၏ အိမ်ထောင်သည်အသွင်အပြင်ကို ကြည့်လိုက်၊ အဝေးသို့ ရောက်သွားပြီဖြစ်သော ကုထူစူးကို လှမ်းကြည့်လိုက်နှင့် အသံနှိမ့်ကာ ထပ်မေးလိုက်သည်။

"ဒါဆို သူက ရှင့်ရည်းစားလား"

ရှန်မြောင် ....

ရှန်မြောင် ဘာပြန်ပြောရမှန်း မသိဖြစ်နေသည်ကို မြင်သောအခါ ဝဖိုင့်ဖိုင့်အမျိုးသမီးက ကိုယ့်စကားကိုယ် မှားမှန်းသိသွားပြီး လက်ခုပ်တစ်ချက်တီးကာ ပြောလိုက်လေသည်။

"သြော်... ကျွန်မ သိပြီ၊ ရှင်က မုဆိုးမ မလား၊ ဟို မျက်နှာမဲမဲနဲ့ လူက ရှင့်ကို ကြိုက်နေတာပေါ့၊ ရှင့်ကို အိမ်ခေါ်သွားချင်နေတာမလား"

"သူက ကျွန်မယောက်ျား မဟုတ်ပါဘူး၊ အိမ်နီးချင်းပါ" ရှန်မြောင်က ပြောလိုက်၏။

ဝဖိုင့်ဖိုင့်အမျိုးသမီးက မယုံကြည်သော်လည်း ရှန်မြောင်နှင့် ဆက်ပြောချင်နေသေးသည်။ သို့သော် လမ်းသွားလမ်းလာ ဧည့်သည်ကို မြင်လိုက်ရသဖြင့် အနောက်သို့ ချက်ချင်းလှည့်ကာ အော်ဟစ် ဈေးခေါ်လိုက်လေသည်။

"လက်ဖက်ရည်ပြုတ်ရည် ကောင်းကောင်း ရမယ်နော်၊ ဇီးသီးပြုတ်ရည်၊ ပင်စိမ်းပြုတ်ရည်၊ ပဲပိစပ်ပြုတ်ရည်တွေ ရမယ်၊ မြေအိုးတစ်လုံးကို ဝမ် ၂၀၊ တစ်ခွက် နှစ်ဝမ်၊ နှစ်ခွက် သုံးဝမ် ပါ၊ လူကြီးမင်းတွေ ကြိုက်နှစ်သက်မယ့် လက်ဖက်ရည်ပြုတ်ရည် ကောင်းကောင်းလေးတွေပါ"

ဝဖိုင့်ဖိုင့်အမျိုးသမီး၏ အသံက စူးရှပြတ်သားသဖြင့် ဟင်းခြင်းတောင်း ကိုင်လာသည့် အမျိုးသမီးနှစ်ယောက်ကို ဆွဲဆောင်နိုင်ခဲ့သည်။ တစ်ယောက်က ဇီးသီးပြုတ်ရည် တစ်ပန်းကန်နှင့် နောက်တစ်ယောက်က အဘွားအိုပြုတ်ရည် တစ်ပန်းကန်ကို မှာယူလိုက်ကြသည်။ ရှန်မြောင်က သူတို့ကို ငေးကြည့်ရင်း ခေတ်သစ်မှ မိန်းကလေးများ ဈေးဝယ်ထွက်ရင်း နို့လက်ဖက်ရည် သောက်ကြသည့် အဓိက အစီအစဉ်နှင့် တူနေသည်ဟု တွေးမိကာ မသိမသာ ပြုံးလိုက်မိလေသည်။

စုန့်ခေတ်လူများသည် မနက်စာ မစားမီနှင့် စားပြီးချိန်များတွင် "ဆေးဘက်ဝင် လက်ဖက်ရည်ပြုတ်ရည်" တစ်ခွက်သောက်လေ့ ရှိကြသည်။ ဝဖိုင့်ဖိုင့်အမျိုးသမီး ဖွင့်ထားသည့် လက်ဖက်ရည်ဆိုင်သည် ခေတ်သစ်မှ နို့လက်ဖက်ရည်ဆိုင်ကဲ့သို့ပင် ဖြစ်သည်။ ဤနေရာတွင် စားသောက်ဆိုင်နှင့် အရက်ဆိုင်များပြီးလျှင် ဒုတိယ အများဆုံးဖြစ်ကာ နေရာတိုင်း၌ တွေ့မြင်နိုင်သည်။

"ဆေး" နှင့် "ပြုတ်ရည်" ဟူသော စကားလုံးများ ပါဝင်သော်လည်း ဆေးနံ့ထွက်နေသည်မျိုး မဟုတ်ဘဲ အာနိသင်ထူးခြားသည့် လက်ဖက်ရည်များသာ ဖြစ်သည်။ ဥပမာ - ဝဖိုင့်ဖိုင့်အမျိုးသမီး ယခုလေးတင် အော်ဟစ်ရောင်းချလိုက်သည့် "ပဲပိစပ်ပြုတ်ရည်" သည် အစာအိမ်ကို သက်သာစေပြီး အူလမ်းကြောင်းကို ချောမွေ့စေသည်။ "ပင်စိမ်းပြုတ်ရည်" သည် ချောင်းဆိုးရပ်တန့်စေပြီး ပန်းနာရင်ကြပ် သက်သာစေသည်။ ထို့အပြင် အမူးပြေစေပြီး လန်းဆန်းစေသည့် "အာချန်ပြုတ်ရည်" လည်း ရှိသေးသည်။

မိန်းကလေး အများစု နှစ်သက်ကြသည်မှာ "ဆီးသီးပြုတ်ရည်"၊ "သင်္ဘောသီးပြုတ်ရည်"၊ "ကွေ့ဟွားပြုတ်ရည်"၊ "တရုတ်ဇီးသီးပြုတ်ရည်" နှင့် "အဘွားအိုပြုတ်ရည်" စသည်တို့ ဖြစ်ကြသည်။ ထိုမိန်းကလေး ဝယ်သွားသည့် အဘွားအိုပြုတ်ရည် ဆိုသည်မှာ ဖုတ်ထားသည့် သစ်အယ်သီး၊ နှမ်းဖြူ၊ သစ်ကြားသီး၊ သံလွင်သီး စသည်တို့ကို သေချာကျိုချက်ထားခြင်းဖြစ်ပြီး ထန်းလျက် အနည်းငယ်ထည့်ထားသဖြင့် အရသာမှာ ပြည့်စုံကာ ချိုဆိမ့်နေသည်။

စုန့်ခေတ်၏ မြောက်ဘက်တွင် လျောင်နိုင်ငံ ရှိနေသဖြင့် မြောက်ဘက်မှ ခြေသလုံးအိမ်တိုင် လူမျိုးများ သောက်လေ့ရှိသည့် နို့လက်ဖက်ရည်သည် ပြန့်ကျင်းတွင် ခေတ်မစားသေးပုံရသည်ဟု ရှန်မြောင် စဉ်းစားခန်း ဝင်လိုက်မိသည်။ လုပ်ရောင်းကြည့်လျှင် ကြိုက်မည့်သူ ရှိမလား မသိပေ။

သူမ ငေးငိုင်နေစဉ်မှာပင် ဝဖိုင့်ဖိုင့်အမျိုးသမီးက လက်ဖက်ရည် နှစ်ပန်းကန်ဖိုး ငွေ ၄ ဝမ် ကို ပိုက်ဆံအိုးထဲ ထည့်လိုက်သည်။ သာယာပြတ်သားသည့် ပိုက်ဆံအသံများကြောင့် ရှန်မြောင် အသိပြန်ဝင်လာတော့သည်။ သူမ မုန့်မြန်မြန် လုပ်မှ ဖြစ်တော့မည်။

.........

ကောင်းကင်အနားသတ်၌ ငါးဗိုက်သားရောင်ကဲ့သို့ ဖြူလာပြီ ဖြစ်သည်။ လမ်းဘေးတစ်ဖက်တစ်ချက်ရှိ ဆိုင်များမှ မီးအိမ်များလည်း တဖြည်းဖြည်း မှိတ်ကုန်ကြပြီ။ မနက်ခင်း မြူနှင်းများကြားတွင် တံတားဈေးမှ လက်ဖက်ရည်ဆိုင်၊ အစားအသောက်ဆိုင်များ ဖွင့်လှစ်နေကြပြီ။ နေရာအနှံ့တွင် ရေနွေးငွေ့များ ပျံ့လွင့်နေပြီး အစားအသောက် ရနံ့မျိုးစုံလည်း ရောနှောနေသဖြင့် လူများကို ခြေလှမ်းတုန့်သွားစေသည်။

ကျင်းလျန်တံတားနှင့် လမ်းတစ်လမ်းသာ ခြားသော ခိုင်ပေါင်းဘုရားကျောင်း၏ အနောက်ဘက် ကျုံကူလမ်းကြားမှ ရှဲ့ထျောင်သည် ပခုံးပေါ်တွင် ဂျိုးသိမ်းငှက်တစ်ကောင် တင်ထားသည်။ ဖခင်ဖြစ်သူ ညီလာခံတက်ရောက်နေချိန်တွင် အိမ်မှ အစေခံများကို ခေါ်ကာ ခွေးဆွဲပြီး ခြံစည်းရိုးကျော် ထွက်လာခဲ့ခြင်း ဖြစ်သည်။

အစေခံက ခွေးကို ဆွဲထားပြီး သူနှင့်အတူ ကျင်းလျန်တံတားပေါ် တက်လာကာ ကျင်းမင်ရေကန်ဘောင်ဘက်သို့ ခွေးကျောင်း၊ ငှက်ကျောင်းရန် ထွက်လာကြသည်။

ကျင်းလျန်တံတားပေါ်၌ အချိန်ကြာမြင့်စွာ ဈေးရောင်းနေကြသူများထဲတွင် ရှဲ့ထျောင်ကဲ့သို့ ဈေးထဲတွင် တစ်နေကုန် အချိန်ဖြုန်းနေတတ်သော သူဌေးသားများ မသိသူဟူ၍ မရှိသလောက်ပင်။

ဝူသာ့လန် ရောင်းသည့် အသားခြောက်က ဝါးလို့ အကောင်းဆုံးဖြစ်ပြီး ဝဖိုင့်ဖိုင့်လျိုစော ကျိုသည့် ရေခဲချိုရည်က ရင်ထဲအေးမြသွားစေသည်။ ကျိန့်အမဲသတ်သမား ရောင်းသည့် သမင်သားကလည်း အလတ်ဆတ်ဆုံး ဖြစ်လေသည်။

ဟေ... ရှဲ့ထျောင်သည် လျစ်လျူရှု၍ မရနိုင်လောက်အောင် မွှေးပျံ့နေသည့် အနံ့တစ်မျိုးကို ရုတ်တရက် ရလိုက်သည်။ မွှေးကြိုင်နေသည့် အနံ့ လာရာသို့ လှမ်းကြည့်လိုက်ရာ တစ်ခါမှ မမြင်ဖူးသည့် ငယ်ရွယ်သော မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမသည် အသားအရေ ဖြူဝင်းကာ မျက်ခုံးမျက်လုံးများက ကွေးညွှတ်နေပြီး လူအုပ်ကြားထဲတွင် သွက်လက်စွာ မုန့်လုပ်နေလေသည်။

သူမ၏ ရှေ့တွင် စားပွဲငယ်တစ်လုံး ခင်းထားပြီး ပန်းကန်လုံးလေးများကို နှစ်တန်းစီထားသည်။ လက်တစ်ချောင်းစာ လှီးထားသည့် သခွားသီးချောင်းများ၊ အမျှင်လိုက်ဖြစ်နေသော မုန်ညင်းရွက်များ၊ ရွှေရောင်သမ်းအောင် ကြော်ထားသည့် အသားချောင်းများ၊ ကြက်ဥတစ်တောင်းနှင့် ဆော့စ်အိုးအနည်းငယ် ရှိလေသည်။

ဘယ်ဘက်လက်တွင် ရွှံ့မီးဖိုငယ် နှစ်လုံးကို မီးမွှေးထားပြီး အပေါ်တွင် ဒယ်ပြား တင်ထားကာ အောက်တွင် မီးသွေးများ ရဲနေသည်။ ဒယ်ပြားကို ဆီသုတ်ပြီး အသင့်လုပ်ထားသည့် မုန့်နှစ်ပြားကို တင်လိုက်ရာ ဆီပူသံ တရှဲရှဲ ထွက်လာသည်။ ဂျုံအနံ့သည် ဆီနှင့်ထိတွေ့ပြီးနောက် ချက်ချင်းပင် မွှေးပျံ့လာကာ ရွှေရောင်သမ်းသွားတော့သည်။ သူမသည် မီးဖိုနှစ်လုံးကို တပြိုင်နက်တည်း ကိုင်တွယ်နေသော်လည်း လုံးဝ ကမောက်ကမ မဖြစ်ဘဲ ရှေ့မှ ဧည့်သည်များကို ပြန်ဖြေနေသေးသည်။

"ဒီက လူကြီးမင်း... အသီးအရွက်ပဲ ပါတဲ့ မုန့်က ၃ ဝမ်၊ အသားပါတာက ၅ ဝမ် ပါ၊ ကြက်ဥရော အသားရော ထည့်မယ်ဆိုရင်တော့ 'နှစ်ထပ်ကွမ်းပျော်ရွှင်ခြင်း' လို့ ခေါ်ပါတယ်၊ နောက်ထပ် ၂ ဝမ် ထပ်ပေါင်းပေးရပါတယ်ရှင်"

ထိုမိန်းကလေးသည် ခါးတွင် အပြာရောင် ပန်းပွင့်လေးများပါသည့် ခါးစီးပိတ်စကို စည်းထားသဖြင့် ခါးသိမ်သိမ်လေး ဖြစ်နေသည်။ လက်ထဲတွင် သစ်သားဂေါ်ပြားလေးကို ကိုင်ထားကာ နူးညံ့သိမ်မွေ့စွာ လှည့်ပြောလိုက်ရာ ကြမ်းတမ်းသည့် ယောက်ျားကြီးပင် ရှက်သွေးဖြာသွားပြီး "ထည့်မယ်၊ ထည့်မယ်" ဟုသာ တဖွဖွ ပြောနေတော့သည်။

ထိုမိန်းကလေးသည် လက်ကို အလွန်သွက်လက်စွာ လှုပ်ရှားလိုက်ပြီး ကြက်ဥနီတစ်လုံးကို ယူကာ ဒယ်ပြားအစွန်းတွင် ညင်သာစွာ ခေါက်လိုက်သည်။ ရွှေရောင်သမ်းနေသော မုန့်ပြားပေါ်သို့ ကြက်ဥရည်များ ဖုံးအုပ်သွားတော့သည်။ သူမသည် ဂေါ်ပြားလေးဖြင့် ကြက်ဥနှစ်နှင့် အကာကို သမအောင် မွှေလိုက်ပြီး အစွန်းဘက်မှ မုန့်ပြားကို ကော်ကာ တစ်ဖက်သို့ လှန်လိုက်သည်။ ထိုလူကြီးအတွက် သခွားသီး နှစ်ချောင်း၊ ရွှေရောင်သမ်းအောင် ကြော်ထားသည့် ကြက်သားပြား နှစ်ခု၊ မုန်ညင်းရွက် နှစ်ရွက်နှင့် အီကြာကွေးတစ်ခု ထည့်ပေးလိုက်ပြီးနောက် ပဲငံပြာရည် လိုချင်သလား၊ အဖြူရောင်ဆော့စ် လိုချင်သလားဟု မေးလိုက်သည်။

"ဒီအဖြူရောင်အချဉ်ရည်က ကျွန်မ ကိုယ်တိုင် လုပ်ထားတာပါ၊ တခြားဆိုင်တွေမှာ မရှိပါဘူး၊ ရှင့်ရဲ့ အသားနဲ့ ကြက်ဥပါတဲ့ မုန့်ထဲမှာ ဒါလေး ထည့်လိုက်ရင် အလိုက်ဖက်ဆုံး ဖြစ်သွားမှာပါ၊ ဒါပေမဲ့ ဒီအချဉ်ရည်ထည့်ရင်တော့ ၁ ဝမ် ထပ်ပေးရမယ်နော်" ရှန်မြောင်က ပြုံးပြီး ရှင်းပြလိုက်သည်။

"ထည့်လိုက်ဗျာ" ထိုလူကြီးက လက်ကာပြပြီး ပြောလိုက်သည်။

ရှန်မြောင်က ဆော့စ်တစ်ဇွန်း ခပ်ထည့်လိုက်ပြီး အသားနှင့် ဟင်းသီးဟင်းရွက်များ အပေါ်တွင် ဖြန့်ခင်းလိုက်သည်။ ထို့နောက် မုန့်ပြား၏ ဘေးနှစ်ဖက်ကို အတွင်းသို့ ခေါက်လိုက်ပြီး ကြိုတင်ခေါက်ထားသည့် လေးထောင့်စက္ကူအိတ်ထဲသို့ ထည့်ကာ ထိုလူကြီးအား ကမ်းပေးလိုက်သည်။

"ရှင့်ရဲ့ အကောင်းဆုံး ကြက်ဥအသားအချဉ်ရည်စုံ 'မိသားစုပျော်ရွှင်ခြင်း' မုန့် ရပါပြီရှင်၊ လူကြီးမင်း အားပေးတာ ကျေးဇူးတင်ပါတယ်၊ ဖြည်းဖြည်း သုံးဆောင်ပါရှင်"

ထိုလူကြီးသည် ပူသည်ကိုပင် ဂရုမစိုက်ဘဲ ပါးစပ်အပြည့် ကိုက်ချလိုက်ရာ မွှေးကြိုင်သော မုန့်ပြားနှင့် အသားဟင်းသီးဟင်းရွက်များ ပါးစပ်ထဲသို့ ရောက်သွားတော့သည်။ မျိုပင် မချရသေးဘဲ မျက်လုံးများ အရောင်တောက်လာကာ နောက်ထပ်တစ်လုပ် ထပ်စားလိုက်သည်။ နှစ်လုပ် သုံးလုပ်နှင့် စားပြီးသွားရာ အော်ပြောလိုက်တော့သည်။

"ဒီလိုမျိုး သုံးခု ထပ်ပေးပါ"

ကြွပ်ရွမွှေးကြိုင်ပြီး အချဉ်ရည်အရသာ ပြည့်နှက်နေပုံကို ကြည့်ရင်း ဘေးတွင် ရပ်ကြည့်နေသော ရှဲ့ထျောင်ပင် သွားရည်ကျချင်လာသည်။ ပြီးတော့... ဒီမိန်းကလေးက တော်တော် ပါးနပ်တာပဲ၊ မုန့်တစ်ချပ် လုပ်တာတောင် နည်းလမ်းအမျိုးမျိုး သုံးထားသေးတယ်။

ရှဲ့ထျောင်သည် ဆွေကြီးမျိုးကြီး အသိုင်းအဝိုင်းမှ ဆင်းသက်လာသူ ဖြစ်သည်။ ယခင်ခေတ် ဟွာချောင်ပုန်ကန်မှု ပြီးနောက်ပိုင်းတွင် ပညာတတ်အသိုင်းအဝိုင်းမှာ ယခင် ထန်ခေတ်ကလောက် မကြီးပွားတော့ဘဲ သူ၏ဖခင်မှာလည်း အတွင်းဝန်ရုံးမှ စာကြည့်တိုက်မှူး အဆင့်သာ ရှိသော်လည်း အိမ်တွင် ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်လာသော လယ်ယာမြေများစွာ ရှိလေသည်။ အိမ်တွင် အစေခံများ ဝန်းရံလျက် ညီအစ်ကိုမောင်နှမများစွာဖြင့် စားသောက်ရန်အရေး ပူပန်စရာ လုံးဝ မလိုပေ။

ထိုလူကြီး ထွက်သွားပြီးနောက် အင်္ကျီနှင့် ဦးထုပ်ပေါ်တွင် ကစားစရာ အရုပ်များ စိုက်ထားသည့် လမ်းဘေးဈေးသည်တစ်ယောက်သည် "လေရဟတ် တစ်ခု တစ်ဝမ်၊ နှစ်ခုဆို နှစ်ဝမ်" ဟု အော်ဟစ်ကာ တံတားပေါ်မှ ဖြတ်လာသည်။ မုန့်နံ့ကြောင့် ခြေလှမ်းတုန့်သွားရာ ထိုမိန်းကလေးက သူ့ကို မှတ်မိဟန်ဖြင့် ပြုံးပြီး ပြောလိုက်သည်။

"ထပ်တွေ့ကြပြန်ပြီနော်၊ ကျွန်မ ရှင့်ဆီက လေရဟတ် ဝယ်ဖူးတယ်လေ၊ ဘာလိုချင်လဲ၊ ကျွန်မ လုပ်ပေးမယ်"

သူက ဘယ်ညာကြည့်ပြီးနောက် နောက်ဆုံးတွင် အသီးအရွက်မုန့် တစ်ခုသာ မှာလိုက်သည်။ လက်ထဲကိုင်စားရင်း မျက်လုံးများ မှေးစင်းသွားသည်ကို ကြည့်ရသည်မှာ အရသာ မဆိုးလှပုံရသည်။ ထို့နောက် အနီရောင်အင်္ကျီ အစိမ်းရောင်စကပ်နှင့် ခေါင်းပေါ်တွင် ပန်းပန်ထားသည့် အောင်သွယ်တော်မလေး တစ်ယောက် ရောက်လာပြီး နှစ်ခု ဝယ်သွားသည်။ တံတားလက်ရန်းကို မှီကာ အရသာရှိရှိ စားနေလေသည်။

ရှဲ့ထျောင် စိတ်လှုပ်ရှားသွားတော့သည်။ သူလည်း မနက်စောစော ခိုးထွက်လာရသဖြင့် ဘာမှ မစားရသေးရာ အစေခံကို လွှတ်ပြီး ကြက်ဥပါသည့် "အကောင်းဆုံး မိသားစုပျော်ရွှင်ခြင်း" မုန့်ကို သွားဝယ်ခိုင်းလိုက်သည်။

"ကြည့်ရတာ သန့်ရှင်းပုံပဲ၊ မင်းတို့ အိမ်ကို များများဝယ်ပြီး သွားပို့လိုက်၊ အထူးသဖြင့် ကျိုကော အခန်းထဲကို သွားပို့ဖို့ မမေ့နဲ့၊ သူ ချန်ကျိုးက ပြန်လာကတည်းက အစားအသောက်လည်း မစားဘဲ စိတ်ဓာတ်ကျနေတာ၊ အခု ဒီလတ်လတ်ဆတ်ဆတ် အစားအစာလေးတွေ သွားပို့ပေးလိုက်ရင် ခံတွင်းပြန်တွေ့လာလောက်တယ်"

သူက ဆက်လက်ပြီး သက်ပြင်းချကာ ညည်းတွားလိုက်သည်။

"ကျိုကောကိုလည်း အပြစ်ဆိုလို့ မရပါဘူး၊ ခရီးတစ်ခေါက်ထွက်တာ ပါသမျှ ငွေတွေ အလိမ်ခံလိုက်ရတယ်၊ ဒါက ထားလိုက်ပါတော့၊ ဖြစ်လေ့ဖြစ်ထ ရှိတာပဲလေ၊ ဒါပေမဲ့ ကောင်းမွန်တဲ့ လက်ထပ်ပွဲတစ်ခုက ရုတ်တရက်ကြီး ပျက်စီးသွားမယ်လို့ ဘယ်သူက ထင်ထားမှာလဲ၊ ဒီကိစ္စက ဘယ်သူ့ရင်ထဲမဆို ခံစားရခက်မှာပဲ"

သူသည် ညီဖြစ်သူ၏ ကံဆိုးမိုးမှောင်ကျမှုကို ခေါင်းခါရင်း သက်ပြင်းချနေကာ အစေခံကို မုန့်အခု ၂၀ ခန့် ဝယ်ခိုင်းလိုက်သည်။ ကိုယ်တိုင် မြည်းစမ်းရန် တစ်ခုချန်ထားပြီး အများစုကို မိဘ၊ အဘွားနှင့် ညီအစ်ကိုမောင်နှမများ စားရန် အိမ်သို့ ပို့ခိုင်းလိုက်သည်။ ကျန်သည်များကိုတော့ အစေခံများအား ရက်ရက်ရောရော ဆုချလိုက်လေသည်။

တောင်ပေါ်သား ရေမြေခြား အစားအစာများကို စားဖူးသည့် ရှဲ့ထျောင်သည် ဖန်လုံကဲ့သို့ စားသောက်ဆိုင်ကြီးများမှ ပုံမှန်ဖောက်သည် ဖြစ်လေသည်။ သူသည် တစ်နေ့တစ်နေ့ အပြင်တွင် လည်ပတ်နေပြီး ဗဟုသုတ များသူဖြစ်ရာ ဤကဲ့သို့ လမ်းဘေးဆိုင်လေးမှ အစားအစာသည် အံ့သြဖွယ်ကောင်းလောက်အောင် ကောင်းမွန်မည်ဟု မထင်မိပေ။

မိန်းမပျိုလေးက ချောမောလှပပြီး ဧည့်သည်ခေါ်သည့် စကားလုံးလေးတွေ နားထောင်ကောင်းလို့သာ လူတွေ စိတ်ဝင်စားကြတာ ဖြစ်မှာပါလေ။ မုန့်ပြားတစ်ချပ်ကို အသားနဲ့ ဟင်းသီးဟင်းရွက် ညှပ်ထားတာ မွှေးတော့ မွှေးပေမယ့် ဘယ်လောက်များ ကောင်းနေမှာမို့လို့လဲ... သူကတော့ အဆန်းအနေနဲ့ မြည်းစမ်းကြည့်ရုံသာ ဖြစ်သည်။

သူသည် အထင်အမြင်သေးသည့် စိတ်ဖြင့် တစ်လုပ် ကိုက်လိုက်လေတော့သည်။

...

All Chapters