← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အပိုင်း (၁၇) ချန်ကျိုးမြို့၏ ည

တစ်ကိုက်တည်းနှင့်တင် အပေါ်ကအခွံက အလွန်ကြွပ်ရွနေ၏။ မီးအရှိန်က အလွန်မှ အနေတော်ဖြစ်လေသည်။ ကြွပ်ရွနေသည့်မုန့်သားက ပါးစပ်ထဲတွင် ကွဲအက်သွားသော်လည်း အပေါ့အရသာကိုမူ မပျောက်ပျက်စေချေ။ ဆားအရသာ အနည်းငယ်နှင့် ဆီပါသော်လည်း မအီပေ။

အရသာကို သေချာမခံစားရသေးခင်မှာပင် ကြွပ်ရွမွှေးကြိုင်အောင် ကြော်ထားသည့်ကြက်သားနှင့် အီကြာကွေးတို့သည် ချိုချဉ်အရသာရှိသည့် နို့နှစ်ရောင်အချဉ်ရည်နှင့် ရောနှောကာ ပါးစပ်ထဲသို့ ဝင်လာခဲ့သည်။ အချိုဓာတ်ထဲတွင် အချဉ်ဓာတ် အနည်းငယ်စွက်နေပြီး အသား၏အနံ့ကို ပိုမိုပြင်းထန်အောင် ပံ့ပိုးပေးနေသကဲ့သို့ပင်။

ထို့နောက် လတ်ဆတ်သည့် ဟင်းရွက်ကို ထပ်ကိုက်လိုက်သည်နှင့် ပူပြင်းသည့်ရာသီဥတုထဲတွင် လေအေးတစ်ချက် ဖြတ်တိုက်သွားသကဲ့သို့ ခံစားလိုက်ရပြီး ပါးစပ်ထဲက အသားနှင့်ကြက်ဥအရသာကို လတ်ဆတ်မှုတစ်ခု အုပ်မိုးသွားစေသည်။

ရှဲ့ထျောင် သတိပြန်ဝင်လာသည့်အချိန်တွင် သူသည် သူ့လက်ချောင်းများကို တိတ်တဆိတ် လိုက်စုပ်နေမိတော့သည်။

သူက သူ့အစေခံများကို လှမ်းကြည့်လိုက်၏။ သူတို့အားလုံးက သူ့ထက်ပင် မြန်မြန်စားနေကြ၏။ ငတ်မွတ်နေသည့်ကျားများက အစာကို အငမ်းမရ စားသောက်နေကြသကဲ့သို့ပင်။ ပါးစပ်အပြည့်အမောက် စားနေကြပြီး နှုတ်ခမ်းပေါ်တွင် အချဉ်ရည်များ ပေကျံနေသည်ကို လျှာဖြင့် လိုက်သပ်နေကြလေသည်။

ရှဲ့ထျောင်သည် သူ့အတွက် သုံးခုလောက် ချန်ထားခဲ့သင့်သည်ဟု ရုတ်တရက် နောင်တရသွားမိတော့၏။

မုန့်ပြန်ဝယ်ရန် လူလွှတ်ချင်သော်လည်း မျက်နှာပျက်စရာကောင်းသည်ဟု တွေးမိကာ မုန့်နှစ်ခုလောက် ထပ်ဝယ်ရန် ပြန်လှည့်ကြည့်လိုက်ရာ ထိုအမျိုးသမီးငယ်လေးက အားနာသည့်မျက်နှာထားဖြင့် ပြောလိုက်သည်ကို မမျှော်လင့်ဘဲ ကြားလိုက်ရလေသည်။ "အိုး... ကျွန်မက ပထမဆုံးအကြိမ်ဆိုတော့ ဘယ်လောက်လုပ်ရမှန်းမသိလို့ အခု ၅၀ လောက်ပဲ စမ်းလုပ်လာခဲ့တာ၊ နည်းမယ်လို့ ထင်မထားမိဘူး၊ အခုတော့ အကုန်ရောင်းထွက်သွားပြီ၊ မနက်ဖြန်မှ ပိုလုပ်လာခဲ့ပါ့မယ်"

ရှန်မြောင်သည်လည်း သည်လောက် မြန်မြန်ကုန်သွားလိမ့်မည်ဟု ထင်မထားခဲ့ချေ။

သူမ လုပ်လာသည့် ဝက်အူချောင်း ဆယ်ချောင်းကျော်သည် တစ်ချောင်းကို ၄ ဝမ်၊ နှစ်ချောင်းကို ၇ ဝမ်ဖြင့် ရောင်းချရာ လမ်းသွားလမ်းလာများကို မြည်းစမ်းရန် တစ်ချောင်းလှီးကျွေးလိုက်သည်မှလွဲလျှင် ကျန်တာအားလုံးက ရှိုကျွားပင်မုန့် မရောင်းရသေးခင်မှာပင် ကုန်စင်သွားခဲ့သည်။

ဝက်အူချောင်းကို ဝါးတံဖြင့်ထိုးကာ ဓားရာပေးပြီး ဒယ်ပြားပေါ်တင်ကာ ဆီပူပူလေး လောင်းလိုက်သည်နှင့် ရွှေအိုရောင်သန်းကာ ပွင့်အာလာလေသည်။ ထို့နောက် အချဉ်ရည်သုတ်ကာ အပေါ်ခွံ ကြွပ်ရွလာသည်အထိ ကြော်လိုက်လျှင် မွှေးကြိုင်သည့်အနံ့များ ထွက်ပေါ်လာပြီး ၁၀ မိုင်အကွာလောက်ထိပင် အနံ့ရနိုင်လေသည်။

ဤအရာက ရှိုကျွားပင်မုန့်ထက် စျေးသက်သာသည်။ ၄ ဝမ်ဆိုလျှင် "အသား" အကြီးကြီးတစ်တုံး စားရသဖြင့် လမ်းသွားလမ်းလာများကို ငွေထုတ်ပြီး ဝယ်စားချင်အောင် ဆွဲဆောင်နိုင်ပေသည်။

ဝက်သားကို မည်သို့ စီမံထားသဖြင့် ညှီနံ့လုံးဝမရကြောင်း တိုးတိုးတိတ်တိတ် မေးမြန်းသူများလည်း ရှိလေသည်။ ရှန်မြောင်သည် နောက်ပိုင်းတွင် ခေါက်ဆွဲဆိုင်ဖွင့်ဦးမည်ဖြစ်ရာ သူမ၏လျှို့ဝှက်ချက်ကို လူသိရှင်ကြား မည်သို့ ပြောပြနိုင်ပါမည်နည်း။

သူမသည် သဘောကောင်းစွာ ပြုံးပြလိုက်ပြီး ပြောလိုက်လေသည်။ "မနက်ဖြန် လာစားကြပါဦး၊ ကျွန်မ နေ့တိုင်း လာရောင်းမှာပါ၊ မစားရမှာ မပူပါနဲ့"

တစ်ချို့က မနက်ဖြန် ဘယ်အချိန်လာမလဲဆိုသည်ကို အသေအချာ မေးမြန်းပြီး စောစောလာစောင့်ရန် ပြင်ဆင်နေကြလေသည်။

လူအုပ်ကွဲသွားပြီးနောက် ရှန်မြောင်သည် စားပွဲပေါ်က ပန်းကန်ခွက်ယောက်များကို စတင်သိမ်းဆည်းလိုက်၏။ ဝက်အူချောင်းကြော်သည့် ဆီများကို ထမင်းချိုင့်ထဲသို့ ပြန်ထည့်ကာ ကြိုးဖြင့်ချည်ပြီး လက်မောင်းတွင် ချိတ်လိုက်လေသည်။ ထီးအကြီးကြီးကို ပခုံးပေါ်တင်ကာ ခုံပုနှင့်မီးဖိုကို စားပွဲပေါ်တင်ပြီး လက်နှစ်ဖက်ဖြင့် မလိုက်သည်။

နည်းနည်းလေး လေးသော်လည်း လမ်းမလျှောက်နိုင်လောက်အောင်တော့ မဟုတ်ပေ။

ရှန်မြောင်သည် ယခင်ဘဝကတည်းက အားမငယ်ခဲ့ပေ။ စားသောက်ဆိုင်ဖွင့်သူတိုင်း မနက်အစောကြီးထကာ ဟင်းသီးဟင်းရွက် တစ်လှည်းတိုက် သွားဝယ်ရသည်မှာ ထို့ထက်ပင် ပိုလေးသေးသည်။ မူလခန္ဓာကိုယ်ပိုင်ရှင်သည်လည်း ရုံမိသားစုတွင် အိမ်မှုကိစ္စအဝဝကို လုပ်ခဲ့ရသဖြင့် မိဘများ၏ရင်ခွင်အောက်တွင် နေခဲ့ရသည့် အူကြောင်ကြောင် ရှန်သခင်မလေး မဟုတ်တော့ပေ။ ထို့အပြင် ကျင်းလင်မြို့မှ ပြန့်ကျင်းမြို့သို့ လာသည့်လမ်းတစ်လျှောက်တွင် အထမ်းသမား ငှားမရသည့်အချိန်များ၌ အိတ်များကို ကိုယ်တိုင် သယ်ပိုးခဲ့ရသည်။ ထို့ကြောင့် ဒီရက်ပိုင်း အလုပ်များနေရသည်ကို သူမ ကျင့်သားရနေပြီဖြစ်သည်။

သို့သော် နောက်ပိုင်းကျလျှင်တော့ ထမ်းပိုးတစ်ချောင်း ဝယ်မှဖြစ်မည်။

ဝဝကစ်ကစ်အမျိုးသမီးကြီးသည် အစပိုင်းတွင် သူမ၏ဆိုင်၌ လူစည်ကားနေသည်ကို ကြည့်ပြီး မနာလိုဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် မုန့်လာဝယ်သူ အတော်များများက သူမ၏လက်ဖက်ရည်ကိုပါ ဝယ်သောက်ကြသဖြင့် ဝမ်းသာနေလေသည်။ ရှန်မြောင်ကလည်း အားလပ်ချိန်တွင် သူမကို သက်သတ်လွတ်မုန့်တစ်ချပ် လက်ဆောင်ပေးလိုက်သဖြင့် ယခုအချိန်တွင် ပျော်ရွှင်စွာ ကူညီပေးနေလေသည်။ မျက်စိတစ်ဖက်မှိတ်ပြကာ မေးလိုက်၏။ "လာကြိုမယ့်သူကို မစောင့်တော့ဘူးလား"

ရှန်မြောင်က ပြုံးပြီး ခေါင်းခါလိုက်ကာ ပြောလိုက်သည်။ "မစောင့်တော့ပါဘူး၊ ဒီပစ္စည်းလောက်က ဘာမှမဟုတ်ပါဘူး"

သူမက ထရပ်လိုက်ပြီး ပစ္စည်းသယ်ရန် ပြင်လိုက်စဉ် တံတားထိပ်မှ ကလေးနှစ်ယောက် ပြေးလာသည်ကို တွေ့လိုက်ရလေသည်။ ကျိအာက ပြေးလာပြီး သူမ၏ထီးကြီးနှင့် လက်မောင်းပေါ်က ပစ္စည်းများကို ယူလိုက်ကာ မီးဖိုနှစ်လုံးကို လက်တစ်ဖက်တည်းဖြင့် ဆွဲလိုက်သည်။ ရှန်းအာကလည်း ခုံပုကို ကူသယ်ပေးလေရာ တခဏအတွင်း ရှန်မြောင်မှာ စားပွဲတစ်လုံးသာ ကျန်တော့သည်။

"မောင်လေးတို့ ဘယ်လိုရောက်လာတာလဲ" ရှန်မြောင်သည် သဘောကျစွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "ကျိအာ... မောင်လေး သယ်တာ များနေပြီ၊ မီးဖိုကို မကြီးပေး"

"ရောင်းကောင်းမယ်လို့ မှန်းထားပြီးသားမလို့ လာလိုက်တာလေ"

မနေ့က မကြီးဖြစ်သူ မုန့်ဘယ်လောက်လုပ်ထားသည်ကို သူ အသိဆုံးပင်။ မကြီး၏လက်ရာကောင်းမွန်သဖြင့် မရောင်းရဘဲနေမည် မဟုတ်ကြောင်း တွေးမိကာ အိမ်သန့်ရှင်းရေးလုပ်၊ လက်သမားဆရာများ မီးဖိုနှင့် မြေမီးဖို ပြင်ဆင်ပြီးသည်ကို စောင့်ကြည့်ပြီးနောက် ထွက်လာခဲ့ခြင်းဖြစ်သည်။

"ကျွန်တော် သယ်နိုင်ပါတယ်၊ ဒါနဲ့ ဆရာဟယ့်က ပြောတယ်၊ မြေမီးဖိုကို ၅ ရက် ၈ ရက်လောက် အခြောက်ခံထားရမယ်တဲ့"

"မရပါဘူး၊ နောက်တစ်ခု ထပ်ပေး၊ မကြီး သယ်မယ်" ရှန်မြောင်က မီးဖိုအငယ်တစ်လုံးကို အတင်း လှမ်းယူလိုက်ပြီး မေးလိုက်သည်။ "ဆရာဟယ့်တို့ကို ကောင်းကောင်းမွန်မွန် နှုတ်ဆက်လိုက်ရဲ့လား၊ သူတို့ အလုပ်လုပ်ရတာ ပင်ပန်းတယ်လေ၊ ရေတိုက်လိုက်ရဲ့လား"

"မကြီး စိတ်ချပါ၊ ကျွန်တော် ရေတိုက်လိုက်ပါတယ်၊ ဆောက်သွားတောင် ကမ်းပေးလိုက်သေးတယ်"

ရှန်မြောင်က ပြုံးလိုက်မိသည်။ ကျိအာက ဉာဏ်ကောင်းပြီး စေ့စပ်သေချာသားပဲ။

သူတို့သုံးယောက်သည် ရယ်မောပြောဆိုရင်း အိမ်ပြန်လာကြလေသည်။

.........

တာ့ရှန့်ကော်ဘုရားကျောင်း အနောက်ဘက် ကျုံးကူလမ်းကြား၊ ရှဲ့အိမ်တော်။

ရှဲ့ချီသည် တောင်ဘက်ပြတင်းပေါက်အောက်ရှိ စာကြည့်စားပွဲတွင် စာဖတ်နေလေသည်။ ယန့်ရှူးက ရေပုံးငယ်လေးကိုဆွဲကာ ပြတင်းပေါက်အောက်ရှိ ငှက်ပျောပင်ကို ရေလောင်းပေးနေရင်း မော့ကြည့်လိုက်ရာ သူ့သခင် ကျိုကောက စာအုပ်ပြောင်းပြန်ကိုင်ကာ ငေးငိုင်နေသည်ကို တွေ့လိုက်ရလေသည်။

ယန့်ရှူးသည် ရဘူးသီးခြောက်ခွက်ဖြင့် ရေလောင်းရင်း လူကြီးတစ်ယောက်လို သက်ပြင်းချလိုက်လေသည်။ လှေပေါ်ကဆင်းပြီး ချန်ကျိုးမြို့သို့ သွားသည့်လမ်းတစ်လျှောက် အဆင်ပြေခဲ့သော်လည်း ပိုက်ဆံနှစ်ခါပျောက်၊ လမ်းသုံးခါမှား၊ လှည်းတစ်ခါမှောက်သည်မှလွဲလျှင် ကြီးကြီးမားမား ဘာမှမဖြစ်ခဲ့ပေ။ ယန့်ရှူးနှင့် ရှဲ့ချီတို့သည် အနည်းငယ် ပုံပျက်ပန်းပျက်ဖြစ်ခဲ့သော်လည်း ရှဲ့ချီ၏ အဒေါ်ဖြစ်သူ၏ ခင်ပွန်း ချွေးစီးချောင်အိမ်သို့ အောင်မြင်စွာ ရောက်ရှိခဲ့သည်။

ချွေးစီးချောင်နှင့် အဒေါ်ဖြစ်သူတို့က ရှဲ့ချီကို စားသောက်ပွဲကြီးဖြင့် တည်ခင်းဧည့်ခံခဲ့သော်လည်း စားသောက်နေစဉ်အတွင်း ဝမ်းနည်းပက်လက် ငိုကြွေးကာ ဝမ်းကွဲမကြီးဖြစ်သူမှာ ရောဂါပြင်းထန်စွာ ခံစားနေရသဖြင့် သက်သာနိုင်တော့မည် မဟုတ်ကြောင်း၊ ရှဲ့ချီအနေဖြင့် လက်ဆောင်ပစ္စည်း ခြောက်မျိုးကို ပြန်ယူသွားကာ ပြန့်ကျင်းမြို့သို့ ပြန်သင့်ကြောင်းနှင့် နောက်ပိုင်းတွင် ကိုယ်တိုင်လာရောက်ပြီး စေ့စပ်ကြောင်းလမ်းခြင်းကို ဖျက်သိမ်းပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဤကဲ့သို့ မတော်တဆမှုမျိုး ဖြစ်ပွားခဲ့သဖြင့် ရှဲ့ချီသည် ဝမ်းကွဲမကြီးချွေးကို တွေ့ဆုံချင်မိသည်။

ချွေးစီးချောင်က မျက်နှာပျက်လျက် ပြောလေသည်။ "အဲဒီကလေးက ရောဂါဆိုးရနေတာမလို့ လူတောမတိုးနိုင်ဘူး၊ ခြံဝင်းအနောက်ဘက်မှာ အနားယူနေတာ၊ ကျိုကော မတွေ့တာ ပိုကောင်းပါတယ်"

"အကုန်လုံးက အဲဒီကလေး ကံမကောင်းလို့ပါ" အဒေါ်ဖြစ်သူက လဲကျလုမတတ် ငိုကြွေးလေသည်။

ရှဲ့ချီ၏စိတ်ထဲတွင် သံသယရှိသော်လည်း အဒေါ်ဖြစ်သူ၏ ငိုကြွေးသံနှင့် ဝမ်းနည်းပူဆွေးမှုမှာ ဟန်ဆောင်မှုမဟုတ်သဖြင့် စကားအတိုင်း လက်ဆောင်ပစ္စည်း ခြောက်မျိုးကို စာရင်းနှင့်တိုက်စစ်ကာ အိမ်သို့ စာတစ်စောင် ပြန်ရေးလိုက်လေသည်။

ထိုနေ့ည ချွေးအိမ်တော်တွင် တည်းခိုစဉ် သူသည် တော်တော်နှင့် အိပ်မပျော်နိုင်ဖြစ်နေပြီး တွေးတောနေမိသည်။ အဒေါ်ဖြစ်သူ ပြောပုံအရ ဝမ်းကွဲမကြီး၏ရောဂါမှာ သာမန်မဟုတ်ပေ။ ချန်ကျိုးနှင့် ပြန့်ကျင်းသည် မြင်းဒုန်းစိုင်းစီးလျှင် ရက်အနည်းငယ်သာ ကြာသော ခရီးဖြစ်သည်။ ဆေးကုသရန် ပြန့်ကျင်းသို့ အဘယ်ကြောင့် မသွားရသနည်း။ စေ့စပ်ကြောင်းလမ်းခြင်းကို ဖျက်သိမ်းမည်ဆိုလျှင် လက်ဆောင်ပစ္စည်း ခြောက်မျိုး မပေးခင်ကတည်းက ရှဲ့မိသားစုထံ အဘယ်ကြောင့် စာမရေးခဲ့သနည်း။

ချွေးမိသားစုသည်လည်း ချန်ကျိုးမြို့တွင် အထက်တန်းစား မိသားစုဖြစ်ရာ သည်လောက် ကျင့်ဝတ်မသိဘဲ မနေတန်ရာ။

ရှဲ့ချီသည် အိပ်ရာမှထကာ အိပ်ချင်မူးတူးဖြစ်နေသည့် ယန့်ရှူးကိုခေါ်ပြီး လကြည့်ရန် ခြံဝင်းထဲ ဆင်းလာခဲ့သည်။

သူသည် ချွေးအိမ်တော်၏ ရေကန်ဘေးရှိ မျှော်စင်အတိုင်း လျှောက်သွားကာ လကိုကြည့်၊ ရေကိုကြည့်ရင်း စိတ်ရှုပ်ထွေးမှုများကို ဖြေဖျောက်ရန် ကြိုးစားနေစဉ် အမှတ်တမဲ့ဖြင့် လမ်းမှားသွားမိလေသည်။ ရှေ့တွင် မြင့်မားစိမ်းစိုနေသည့် ပန်းပင်များ၊ သစ်ပင်များကို တွေ့လိုက်ရပြီး အဆောက်အအုံများက သစ်ပင်များကြားတွင် ဖုံးကွယ်နေကာ လူသူကင်းမဲ့နေပုံ ပေါက်နေသည်။

ရှဲ့ချီ ပြန်လှည့်ရန် ပြင်လိုက်စဉ် ခြံစည်းရိုးအပြင်ဘက်တွင် မီးရောင်များ လှုပ်ခတ်နေသည်ကို တွေ့လိုက်ရပြီး "မလုပ်ပါနဲ့... မလုပ်ပါနဲ့... သမီး မှားသွားပါပြီ အဖေ... မရိုက်ပါနဲ့... အား... အမေ... ကယ်ပါဦး... ကယ်..." ဟူသည့် သနားစဖွယ် ငိုယိုတောင်းပန်သံကို ကြားလိုက်ရလေသည်။ အသံက ရုတ်တရက် ရပ်သွားပြီး ပါးစပ်ပိတ်ထားသကဲ့သို့ ဝူးဝူးဝါးဝါးအသံသာ ကျန်တော့သည်။

"သူ့ပါးစပ်ကို ပိတ်ထားလိုက်စမ်း" လေထဲတွင် ချွေးစီးချောင်၏ ဒေါသတကြီး အသံထွက်ပေါ်လာသည်။ "မျိုးရိုးဂုဏ်သိက္ခာကို ဖျက်ဆီးတဲ့ ဒီလိုအသုံးမကျတဲ့ကောင်မက အော်ရဲသေးတယ်ပေါ့၊ ဒီလိုအရှက်မရှိတဲ့ကိစ္စမျိုး လုပ်ရဲမှတော့ ဒီနေ့လိုမျိုးဖြစ်လာမယ်ဆိုတာ တွေးထားသင့်တယ်"

ခဏနားပြီးနောက် အံကြိတ်ကာ ဆူပူကြိမ်းမောင်းသံ ထပ်ထွက်လာပြန်သည်။

"နင်လို တိရစ္ဆာန်မသာ မရှိရင်၊ မိဘတွေရဲ့ချစ်ခြင်းမေတ္တာကို အခွင့်ကောင်းယူပြီး အိမ်ထောင်ကျရင် လွတ်လွတ်လပ်လပ် နေရတော့မှာ မဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ စေ့စပ်ပွဲမတိုင်ခင် အပန်းဖြေခရီး ထွက်ချင်တယ်လို့ လိမ်ပြောပြီး ထွက်မသွားခဲ့ရင် ငါနဲ့နင့်အမေ ဒီအခြေအနေရောက်မှ သိရတာမျိုး ဖြစ်လာမလား၊ နင်က အဲဒီအစေခံကောင်နဲ့ ခိုးပြေးဖို့တောင် ကြံစည်ရဲတယ်ပေါ့၊ မိဘတွေ ဆယ်နှစ်ကျော် ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကျေးဇူးကို မထောက်၊ ချွေးမိသားစုရဲ့ ဂုဏ်သိက္ခာကို မထောက်၊ အဖေ့ရဲ့ ရာထူးဂုဏ်သိက္ခာကို မထောက်၊ ညီမလေးတွေရဲ့ အနာဂတ်ကို မထောက်ဘဲနဲ့ သူများတွေက နင့်အသက်ကို ဘာလို့ ငဲ့ညှာပေးရမှာလဲ၊ မိဘတွေ သေသေချာချာ သွန်သင်ဆုံးမပါလျက်နဲ့ နင်လို ကျေးဇူးကန်းတဲ့ကောင်မမျိုး ဖြစ်လာမယ်လို့ ဘယ်သူ ထင်မှာလဲ"

ရှဲ့ချီနှင့် ယန့်ရှူးတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခြံစည်းရိုးအောက်ရှိ သစ်ပင်ကြီးကို အမှီပြုကာ ခြံစည်းရိုးပေါ် တက်ကြည့်လိုက်ကြသည်။ ဘေးကခြံဝင်းသည် ချွေးမိသားစု၏ ဘိုးဘွားပိုင် ဘုရားကျောင်းဖြစ်ပုံရသည်။ လူများ အိမ်ထဲတွင် ရှိနေသဖြင့် သူတို့ကို မမြင်ရပေ။ ညဉ့်နက်သန်းခေါင်တွင် ပြတင်းပေါက်တံခါးများပေါ်၌ လှုပ်ရှားနေသည့် ဖယောင်းတိုင်မီးရိပ်များကိုသာ မြင်နေရသည်။

ညဘက်တွင် ဖယောင်းတိုင်မီးရိပ်များသည် အလွန်ကြီးမားနေပြီး ခြေလက်များ တွန့်လိမ်နေသည့် ဘီလူးကြီးများကဲ့သို့ ဖြစ်နေသည်။ မှောင်မိုက်နေသည့်ညတွင် မှိန်ဖျော့ဖျော့အလင်းရောင်နှင့် လှုပ်ရှားနေသည့် အရိပ်များသာ ရှိနေသဖြင့် အရာအားလုံးက ထူးဆန်းကြောက်မက်ဖွယ်ကောင်းနေကာ ရင်တထိတ်ထိတ် ဖြစ်စေတော့သည်။

...

အပိုင်း (၁၈) ဆိုင်သိမ်းပြီး ငွေရေတွက်ခြင်း

"ကျိုကောရှဲ့ ရောက်လာပြီ၊ လန်ကျွီယွိရှုလို အရည်အချင်းရော ရုပ်ရည်ပါ ပြည့်စုံတဲ့ ခင်ပွန်းလောင်းကို နင်မလိုချင်ဘူး၊ သူခိုးရုပ် သူခိုးဓလေ့နဲ့ ညစ်ပတ်စုတ်ပြတ်နေတဲ့ တိရစ္ဆာန်ကောင်ကိုမှ လိုချင်ရတယ်လို့၊ နင် ငါ့ကို အဖေလို့ ထပ်မခေါ်နဲ့တော့၊ ငါ့မှာ နင့်လိုမျိုး မျိုးရိုးဂုဏ်သိက္ခာကို ဖျက်ဆီးတဲ့ ပြည့်တန်ဆာမမျိုး သမီးမရှိဘူး၊ နင့်အမေက နင့်ကို အလိုလိုက်လွန်းလို့သာ ငါက အခုမှ နင့်ကို စီရင်ရတာ၊ အခုတော့ ဆက်ပြီး အချိန်ဆွဲလို့မရတော့ဘူး၊ အခုချက်ချင်း ဒီကောင်မ ဗိုက်ထဲက တိရစ္ဆာန်ကောင်ကို ရိုက်သတ်ပစ်လိုက်"

အခန်းထဲတွင် လူအများအပြား ရှိနေပုံရသည်။ ဆံပင်များ ဖရိုဖရဲဖြစ်နေသည့် အမျိုးသမီးတစ်ဦးသည် ကြမ်းပြင်ပေါ်တွင် လဲလျောကျနေ၏။ လူတစ်ယောက်က သူမ၏ ခြေလက်များကို ဖိချုပ်ထားပြီး အခြားတစ်ယောက်က သူမ၏ ခေါင်းကို ဆွဲထားသည်။ ထိုအမျိုးသမီးသည် အသည်းအသန် ရုန်းကန်နေပြီး ချုပ်နှောင်ထားမှုမှ တခဏတာ လွတ်မြောက်သွားလေသည်။ သူမသည် သွေးမျက်ရည်ကျမတတ် အသံဖြင့် မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်လေသည်။

"အဖေ၊ မိဘစကား နားထောင်ရမယ်၊ အောင်သွယ်တော်စကား နားဝင်ရမယ်လို့ ဖေဖေ အမြဲပြောတယ်၊ ဒါပေမဲ့ သမီးရဲ့ မင်္ဂလာပွဲအတွက် သမီးသဘောတူလား မတူလားဆိုတာ ဘယ်သူမှ တစ်ခါမှ မမေးခဲ့ကြဘူး၊ သမီးက သမီးရဲ့ တစ်ဘဝလုံးကို ပုံအောပြီး မိသားစု၊ ညီမကြီးတွေနဲ့ အဖေရဲ့ ရာထူးဂုဏ်ရှိန်အတွက် ဘာလို့ စတေးခံပေးရမှာလဲ၊ သမီး မလိုလားဘူး၊ သမီးလည်း မလိုလားပါဘူး၊ သမီးလည်း လူတစ်ယောက်လို အသက်ရှင်ချင်တာပါ အဖေရယ်"

"သေခါနီးတာတောင် နောင်တမရသေးဘူး၊ လူ့လောကမှာ ရှင်သန်ရတာ ကိုယ့်သဘောဆန္ဒအတိုင်း မဟုတ်ဘူး၊ နင်က မိသားစုရဲ့ အရိပ်အာဝါသကို ခိုလှုံပြီး စည်းစိမ်ဥစ္စာ ခံစားစံစားခဲ့ပြီးပြီ၊ ပြန်ပြီး ကျေးဇူးမဆပ်သင့်ဘူးလား၊ နင့်ညီမကြီးတွေက နင်နဲ့အတူ ငယ်ငယ်ကတည်းက ကြီးပြင်းလာခဲ့တာ၊ သွေးရင်းသားရင်း သံယောဇဉ်ကို ငဲ့ညှာထောက်ထားပြီး ဖြည့်ဆည်းမပေးသင့်ဘူးလား၊ နင်က ကိုယ့်အတ္တတစ်ခုတည်းကိုပဲ တဖွဖွ ပြောနေတယ်၊ စိတ်ဓာတ်က ဒီလောက်တောင် ယုတ်ညံ့နေမှတော့ နင့်ကို မမွေးခဲ့မိရင် ကောင်းသားလို့ ငါ နောင်တရတယ်၊ ရိုက်စမ်း"

ထို့နောက် လူတစ်ယောက်သည် တုတ်ကို မြင့်မြင့်မြှောက်ကာ သူမ၏ စူထွက်နေသော ဗိုက်ပေါ်သို့ အားကုန်လွှဲ၍ ရိုက်ချလိုက်လေသည်။

ရှဲ့ချီသည် နံရံပေါ်တွင် တွယ်ကပ်ရင်း မနေနိုင်တော့ဘဲ အော်ဟစ်လိုက်မိသည်။

ထိုအော်သံကြောင့် တဖျပ်ဖျပ် လှုပ်ရှားနေသော ဖယောင်းတိုင်မီးရိပ်များသည် ချက်ချင်းပင် လှည့်ကြည့်လာကြသည်။ ထို့နောက် တံခါးရွက်ကို ချွေးဖန်းကွမ်အရာရှိ ချွေးစီးချောင်က မျက်နှာထားတင်းတင်းဖြင့် တွန်းဖွင့်လိုက်လေသည်။ ရှဲ့ချီသည် ဘယ်က ရောက်လာမှန်းမသိသော သတ္တိများကို မွေးကာ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်မိသည်။

"ဦးလေး... ကျွန်တော်... ကျွန်တော် လက်ထပ်ပွဲ ဖျက်သိမ်းပေးပါ့မယ်၊ ဒီနေ့ကိစ္စကိုလည်း နောင်ဘယ်တော့မှ ထုတ်မပြောပါဘူး၊ ဦးလေး... ဦးလေး မကြီးဝမ်းကွဲကို အသက်ချမ်းသာပေးပါဗျာ"

ထို့နောက်တွင်တော့ အထုတ်အပိုးများကိုပင် မသိမ်းဆည်းနိုင်တော့ဘဲ ယန့်ရှူးနှင့်အတူ မြင်းစီးကာ နေ့ရောညပါ မနားတမ်း ပြန့်ကျင်းမြို့သို့ ပြန်လာခဲ့ကြသည်။ လမ်းခရီးတလျှောက် လေဒဏ်မိုးဒဏ်ကို ကြံ့ကြံ့ခံရင်း ရှဲ့အိမ်တော်တံခါးဝသို့ ရောက်သည့်အခါ သခင်နှင့် တပည့်နှစ်ယောက်၏ ပုံစံမှာ လမ်းဘေးက တောင်းရမ်းစားသောက်သူ သူတောင်းစားများထက်ပင် ဆိုးရွားနေသဖြင့် တံခါးစောင့်ကပင် မမှတ်မိလုနီးပါး ဖြစ်ခဲ့ရသည်။

အိမ်ပြန်ရောက်ပြီးမှ ရှဲ့ချီသည် သတိပြန်ဝင်လာသော်လည်း ယနေ့အချိန်ထိ စိတ်မောလူမောဖြစ်ကာ စိတ်နှလုံးများ ရှုပ်ထွေးနေဆဲ ဖြစ်နေလေသည်။

ထိုအချိန်တွင် ရုတ်တရက် မွှေးကြိုင်သော အနံ့တစ်မျိုးသည် နံရံကို ဖောက်ထွင်း၍ ဝင်ရောက်လာ၏။ တံခါးဝမှ ကောင်လေးတစ်ယောက်က ပန်ကိတ်ပန်းကန်ကို ကိုင်ကာ ဝင်လာပြီး တံတွေးမြိုချရင်း ဝမ်းသာအားရ ပြောလေသည်။

"ကျိုကော... စန်းကော (သခင်လေးသုံး)ဆီက အစေခံက လူလွှတ်ပြီး ပန်ကိတ်အချို့ လာပို့ပေးပါတယ်၊ ကျင်းလျန်တံတားပေါ်မှာ ပန်ကိတ်သည်မလေး အသစ်ရောက်လာတယ်တဲ့၊ လက်ရာ အရမ်းကောင်းတယ်ဆိုလို့ သခင်လေးမြ ည်းကြည့်ဖို့ ပို့လိုက်တာပါ"

"ငါ မစားတော့ဘူး..." ရှဲ့ချီသည် စာအုပ်ကို ချလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်တွင် ပန်ကိတ်ကိုကြည့်ကာ သွားရည်ကျနေသော ယန့်ရှူးကို တချက်ကြည့်လိုက်ပြီးနောက် စကားပြန်ပြင်လိုက်သည်။ "မင်းတို့ပဲ ခွဲစားလိုက်ကြတော့"

"ကျေးဇူးပါ ကျိုကော" ယန့်ရှူးသည် သုံးပေခန့်အထိ မြောက်တက်သွားအောင် ခုန်ပေါက်လိုက်ပြီး တံခါးဝမှ ကောင်လေးနှင့်အတူ စင်္ကြံလမ်းက လှေကားထစ်တွင် ထိုင်လိုက်ကြသည်။ တစ်ယောက်တစ်ချပ်စီဖြင့် ခေါင်းပင်မမော့ဘဲ စားနေကြရာ ခြံဝင်းတစ်ခုလုံး ပန်ကိတ်အနံ့များ မွှေးကြိုင်သွားတော့သည်။

အနံ့က နှာခေါင်းဝသို့ တိုးဝင်လာသဖြင့် ရှဲ့ချီ၏ နှာခေါင်းလေး လှုပ်သွားသော်လည်း မကြာမီတွင်ပင် ထိုနေ့ညက ဦးလေးဖြစ်သူသည် သူ၏ အော်သံကြောင့် တံခါးဖွင့်လိုက်သည့် မြင်ကွင်းက မျက်စိထဲသို့ ပြန်လည်ရောက်ရှိလာသည်။ မီးရောင်များ ဖြာကျသွားပြီး ကြမ်းပြင်ပေါ်တွင် သွေးကွက်ကြီးတစ်ခု ရေအိုင်သဖွယ် ထွန်းလင်းနေကာ မကြီးဝမ်းကွဲ၏ စကပ်အောက်မှ စိမ့်ထွက်လာသည်ကို မြင်ယောင်လာမိသည်။

ယန့်ရှူးက အရပ်ပုသဖြင့် သိပ်မမြင်လိုက်ရသော်လည်း ရှဲ့ချီကတော့ သေသေချာချာ မြင်လိုက်ရခြင်း ဖြစ်သည်။

သူသည် ခံတွင်းပျက်သွားရုံသာမက ပျို့အန်ချင်သလိုပင် ဖြစ်လာသည်။

မကြီးဝမ်းကွဲနှင့် သူသည် မျက်နှာချင်းဆိုင် ဆုံဖူးရုံသာ ရှိခဲ့သည်။ ငယ်စဉ်က သူ ချန်ကျိုးမြို့သို့ ခေတ္တသွားရောက်နေထိုင်စဉ်က အသက် ခုနစ်နှစ်ပင် မပြည့်သေးသဖြင့် ကျားမ မခွဲခြားဘဲ မကြီးဝမ်းကွဲက သူ့ကိုခေါ်ကာ နေရာအနှံ့ လျှောက်လည်ခဲ့ဖူးသည်။ ချန်ကျိုးမြို့က ဘုရားပွဲများ၊ ဈေးတန်းများ၊ ပွဲလမ်းသဘင်များကို မည်မျှ ကြည့်ခဲ့ဖူးမှန်း မသိတော့ချေ။ မှတ်ဉာဏ်ထဲတွင် သူမသည် အလွန်သွက်လက်တက်ကြွသော အမျိုးသမီးတစ်ဦး ဖြစ်ခဲ့သည်။

ဦးလေးဖြစ်သူ၏ ထိုညက စကားများအရ သူမသည် ကိုယ်ဝန်ရှိနေပုံရပြီး ခိုးရာလိုက်ပြေးရန် ကြိုးစားသော်လည်း မအောင်မြင်ဘဲ ဦးလေးဖြစ်သူက ပြန်ဖမ်းလာခြင်း ဖြစ်သည်။ သူမတွင် ကိုယ့်ကိုယ်ကို မချစ်တတ်ခြင်း၊ ကိုယ်ကျိုးကြည့်ခြင်းဟူသော အပြစ်များ ရှိသော်လည်း ဤမျှ ရက်ရက်စက်စက် ရိုက်သတ်ခံရသည်အထိတော့ မဖြစ်သင့်ပေ။ သို့သော် ဦးလေးဖြစ်သူက သူမကို အပြစ်ပေးခြင်းမှာလည်း ချွေးမိသားစုထဲက အခြားသော သမီးမိန်းကလေးများ၏ ဂုဏ်သိက္ခာအတွက် ဖြစ်ပုံရသည်။ သူသည် မကြီးဝမ်းကွဲကို သနားရမည်လား၊ သို့မဟုတ် ဦးလေးဖြစ်သူကဲ့သို့ပင် သူမကို စက်ဆုပ်ရမည်လားဆိုသည်ကို မဝေခွဲတတ်တော့ချေ။

မကြီးဝမ်းကွဲ၏ "မိဘစကား နားထောင်ရမယ်၊ အောင်သွယ်တော်စကား နားဝင်ရမယ်၊ ဒါပေမဲ့ သမီးရဲ့ မင်္ဂလာပွဲအတွက် သမီးသဘောတူလား မတူလားဆိုတာ ဘယ်သူမှ တစ်ခါမှ မမေးခဲ့ကြဘူး" ဟု စူးစူးဝါးဝါး အော်ဟစ်လိုက်သော အသံသည် သူ့ရင်ထဲတွင် ရှင်းပြရခက်သော ခံစားချက်ကြီးတစ်ခုအဖြစ် မွန်းကြပ်နေစေလေသည်။

သူသည် သက်ပြင်းချလိုက်ပြီး မတ်တပ်ရပ်ကာ ပြတင်းပေါက်ကို ပိတ်လိုက်၏။

အပူအပင်ကင်းပြီး အသည်းနှလုံးမရှိသော ယန့်ရှူးနှင့် တံခါးဝမှ ကောင်လေးတို့သာ ဗိုက်ကားအောင် စားပြီး စင်္ကြံလမ်းက ပြောင်လက်နေသော ကြမ်းပြင်ပေါ်တွင် မှီထိုင်ရင်း ရေရွတ်နေကြတော့သည်။

"ဒီ ပန်ကိတ်သည်လေးက တကယ်ကို နာမည်ကြီးလောက်ပါပေတယ်"

"စန်းကောက အထူးတလည် လူလွှတ်ပြီး ပို့ခိုင်းတာ အလကားမဟုတ်ဘူးပဲ"

"ကျိုကော ခံတွင်းမတွေ့တာနဲ့ တို့တွေပဲ လာဘ်ရသွားတာပေါ့ ဟီးဟီး"

...

ရှန်မြောင်သည် ကျိအာ၊ ရှန်းအာတို့နှင့်အတူ ယန်လျိုအရှေ့လမ်းကြားသို့ ပြန်ရောက်လာရာ တွန်းလှည်းတွန်းပြီး ထွက်လာသော ကုထူစူးနှင့် အံကိုက် တွေ့လိုက်ရသည်။ သူသည် ရှန်မြောင်ကို စားပွဲဝိုင်းကူသယ်ပေးရင်း သူ့ကို မစောင့်သဖြင့် သူမကို အပြစ်တင်လေသည်။

"ဒီနေ့ ရောင်းရတာမြန်လို့ ကိုယ့်ဘာသာ သယ်လာလိုက်တာ၊ နောက်ရက်တွေကျရင်လည်း ရှင့်ကိုပဲ နေ့တိုင်း ဒုက္ခပေးနေလို့ မကောင်းပါဘူး၊ ဒါဆို ကျွန်မက ဘယ်လိုလူ ဖြစ်သွားမလဲ၊ ကုအာ့ကော ရှင်ပြန်တော့လေ" ရှန်မြောင်က ပြုံးကာ ပြောလိုက်သည်။

ကုထူစူးသည် ရှန်မြောင်တို့အိမ် နောက်ဖေးတံခါးပေါက်အထိ လိုက်ပို့ပေးလေသည်။ ရှန်မြောင်က စားပွဲခုံကို လှမ်းယူပြီး ကျေးဇူးတင်စကားပြောကာ တံခါးပိတ်လိုက်သည်။ သူသည် ခြေလှမ်းများကို ရပ်တန့်လိုက်ရပြီး ရှန်မြောင်တို့အိမ်က အသစ်တည်ဆောက်ထားသော ခြံစည်းရိုးကို တိတ်တဆိတ် မော့ကြည့်လိုက်မိ၏။

ရှန်မိသားစု၏ သည်ခြံစည်းရိုးသစ်သည် အခြားအိမ်များကဲ့သို့ ထုံးဖြူသုတ်ထားသော နံရံမျိုး မဟုတ်ပေ။ ငွေကုန်ကြေးကျ သက်သာစေရန် ကျောက်တုံးနှင့် မြေနီကို ရောနှောကာ တည်ဆောက်ထားပြီး အချောမကိုင်ထားသဖြင့် ရှေးဆန်ပြီး ရိုးရှင်းနေသည်။ သို့သော် သာမန်ခြံစည်းရိုးများထက် ပိုမြင့်ပြီး ထိပ်ပိုင်းတွင် ချွန်ထက်သော ကြွေကွဲစများ အပြည့် စိုက်ထူထားသည်။

ခြံဝန်းတံခါးမှာလည်း အလွန်ထူထဲ ခိုင်ခံ့ပြီး တံခါးပေါ်ရှိ သစ်သားအကွက်အဆင်များမှာ လှပပြေပြစ်ကာ သစ်စေး သုံးထပ်သုတ်ထားသဖြင့် ပြောင်လက်တောက်ပနေသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ရှန်မိသားစုအိမ်သည် မြက်ရိုင်းများ ထူထပ်နေသော အပျက်အစီးပုံကြီး ဖြစ်ခဲ့သော်လည်း မကြီး ပြန်ရောက်လာသည်မှာ လေးငါးရက်သာ ရှိသေးသည့်တိုင် လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။

မူလက သူမလို မိန်းကလေးတစ်ယောက်တည်း အိမ်ထောင်ဦးစီး လုပ်နိုင်ပါ့မလားဟု စိတ်ပူခဲ့သော်လည်း အခုကြည့်ရသည်မှာတော့ သူ စိုးရိမ်လွန်ခဲ့ပုံရသည်။

ကုထူစူးသည် အကြောင်းအရင်းမရှိဘဲ စိတ်ထဲတွင် ဟာတာတာ ဖြစ်သွားကာ အိမ်သို့ ပြန်လှည့်လာခဲ့သည်။ ခြံတံခါးကို တွန်းဖွင့်လိုက်သည်နှင့် မိခင်ဖြစ်သူ၏ စူးစမ်းသော အကြည့်နှင့် ဆုံလိုက်ရသဖြင့် သူ၏ ညိုမောင်းသော မျက်နှာမှာ ရဲခနဲ ဖြစ်သွားပြီး ကပျာကယာ ပြောလိုက်သည်။ "ကျွန်တော် ရှေ့ဘက်မှာ သွားကူမလို့"

ပြောပြီးသည်နှင့် သူသည် ထွက်ပြေးသွားတော့သည်။

ကုအဒေါ်ကြီးကတော့ သားဖြစ်သူ၏ ပျာယာခတ်နေသော ကျောပြင်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိ၏။ ပါးစပ်က တစ်ခုခု ပြောချင်သော်လည်း နောက်ဆုံးတွင် သက်ပြင်းချသံအဖြစ်သာ ပြောင်းလဲသွားတော့သည်။

အစတုန်းက ဒီသားငတုံးလေးသည် မကြီးကို သဘောကျခဲ့ပြီး ဇနီးအဖြစ် ပေါင်းသင်းချင်ခဲ့သည်။ နေ့တိုင်း ရှန်မိသားစု ခေါက်ဆွဲဆိုင်တွင် ယောင်လည်လည်နှင့် ဝင်ကူလုပ်ပေးနေခဲ့သည်။ နှစ်ဖက်မိသားစုကလည်း ဆယ်စုနှစ်ချီ ခင်မင်ရင်းနှီးမှုရှိရာ ရှန်မိဘများကလည်း သဘောတူခဲ့ကြသည်။

သို့သော် နောက်ပိုင်းတွင် ရုံသာ့လန် ရောက်လာခဲ့သည်။ ရုပ်ရည်သန့်ပြန့်ချောမောသော စာပေပညာရှင်တစ်ယောက်ဖြစ်ပြီး အပြောအဆို အနေအထိုင် ယဉ်ကျေးသိမ်မွေ့သူ ဖြစ်သဖြင့် ရှန်မကြီး၏ စိတ်ဝိညာဉ်ကို ချက်ချင်း ဖမ်းစားသွားခဲ့သည်။

ကုန်သည်အလုပ် လုပ်ကိုင်ခြင်းသည် စားဝတ်နေရေး မပူရသော်လည်း ပညာတတ်စာပေသမားများကတော့ တမူထူးခြားပေသည်။ သူတို့၏ အနာဂတ်လမ်းခရီးက တောက်ပမည်ဖြစ်ပြီး အသက်အရွယ် ကြီးသည်က ကိစ္စမရှိပေ။ သာမန်ကုန်သည်သမီးလေးကို လက်ထပ်ချင်သည်ဆိုလျှင် ရှန်မိသားစုအတွက် အမြင့်ရောက်သွားသလိုပင်။ ထို့ကြောင့် မင်္ဂလာကိစ္စကို ထိုသို့ အတည်ပြုလိုက်ကြသည်။

ရှန်မကြီးသည် နောက်တစ်နှစ်တွင် အိမ်ထောင်ပြုသွားခဲ့သည်။ ကုထူစူးသည် အရက်ကို သုံးရက်ဆက်တိုက် သောက်ခဲ့ပြီး မင်္ဂလာဧည့်ခံပွဲတွင်လည်း အဝေးကသာ လှမ်းငေးကြည့်ရဲခဲ့သည်။

အခုတော့ သူမသည် တစ်ကောင်ကြွက်ဘဝဖြင့် ပြန်ရောက်လာခဲ့ပြီ။ ဂုဏ်သတင်း မကောင်းတော့သော်လည်း ရုပ်ရည်သွင်ပြင်က ထိုအချိန်ကထက် ပိုမိုလှပကျက်သရေရှိလာသည်။ သားဖြစ်သူက နောက်တစ်ကြိမ် ဖင်တကြွကြွနှင့် ကပ်သွားပြန်ပြီဖြစ်ရာ ကုအဒေါ်ကြီး စိတ်မပူဘဲ ဘယ်လိုလုပ် နေနိုင်ပါမည်နည်း။

သူမ၏ ရင်ထဲတွင်တော့ သားဖြစ်သူအနေဖြင့် ဂုဏ်ရည်တူပြီး အပြစ်အနာအဆာကင်းသော အပျိုစင်မိန်းကလေးတစ်ယောက်ကို ရှာဖွေအိမ်ထောင်ပြုကာ ဤအရက်ဆိုင်လုပ်ငန်းကို ဆက်ခံပြီး တစ်သက်လုံး အေးအေးချမ်းချမ်း နေသွားစေချင်သည်သာ ဖြစ်သည်။

ကုအဒေါ်ကြီးက ဒီဘက်တွင် သက်ပြင်းချနေသော်လည်း ရှန်မြောင်တို့ မောင်နှမသုံးယောက်ကတော့ တံခါးဂျက်ကို တင်းတင်းကျပ်ကျပ် ပိတ်ပြီး စောင်ပုံထဲတွင် ပုန်းကာ ပိုက်ဆံရေနေကြသည်။ ဒီနေ့ အရမ်းအလုပ်ရှုပ်လွန်းသဖြင့် ဒီနေ့အတွက် ဝင်ငွေဘယ်လောက်ရသည်ကို ရေတွက်ဖို့ အချိန်မရခဲ့ပေ။

ပုဝါကို ခင်းလိုက်ပြီး ကောက်ရိုးကြိုး နှစ်ချောင်းကို ယူကာ ငွေထည့်ထားသော မြေအိုးထဲမှ ပိုက်ဆံများကို ပုဝါပေါ်သို့ 'ဂျလောက်' ခနဲ သွန်ချလိုက်သည်။ ရေတွက်ရင်း သုံးစွဲရမည့် ငွေကြေးများကို ဖယ်ထုတ်ထားလိုက်သည်။ သူမသည် ပန်ကိတ်အချပ် ၅၀ လုပ်ခဲ့ပြီး ဝဖိုင့်ဖိုင့် အမျိုးသမီးကြီးကို တစ်ချပ် လက်ဆောင်ပေးလိုက်ရာ စုစုပေါင်း ၄၉ ချပ် ရောင်းရလေသည်။

ထိုအထဲတွင် ဈေးနှုန်း ၈ ဝမ် ရှိသော 'မိသားစုစုံလင်' ၂၄ ပွဲ၊ ဈေးနှုန်း ၇ ဝမ် ရှိသော 'နှစ်ထပ်ကွမ်းမင်္ဂလာ' ၁၂ ပွဲ ပါဝင်သည်။ ကျန်သည့် ၁၄ ပွဲထဲတွင် ၃ ဝမ်တန် သက်သတ်လွတ်ပန်ကိတ်က တစ်ဝက်၊ ကြက်ဥမပါ ၅ ဝမ်တန် အသားပန်ကိတ်က တစ်ဝက် ဖြစ်သည်။

ကျိအာက စဉ်းစားလိုက်ပြီး ဦးအောင် ပြောလိုက်သည်။

"ပန်ကိတ် ဒီနေ့ စုစုပေါင်း ၃၃၂ ဝမ် ရောင်းရတယ်"

ရှန်းအာက ပိုက်ဆံများကို သီကုံးရန် တာဝန်ယူထားပြီး တစ်ပြားချင်းစီ သီကုံးနေကာ ၅၈ ပြားအထိသာ ရေတွက်ရသေးသဖြင့် အူကြောင်ကြောင်လေးနှင့် မေးလိုက်သည်။ "အစ်ကိုကြီးက ဘယ်လိုလုပ် ဒီလောက်မြန်မြန် ရေတွက်လိုက်တာလဲဟင်"

ရှန်မြောင်လည်း အံ့သြတကြီးနှင့် သူ့ကို ကြည့်လိုက်မိသည်။ တန်းပြီး စိတ်တွက် တွက်လိုက်တာပဲ။

ကျိအာသည် မကြီးဖြစ်သူ၏ အကြည့်ကြောင့် နေရခက်သွားကာ ခေါင်းကို ကုတ်လိုက်ပြီး ပြောလိုက်သည်။ "အရင်တုန်းက ဆရာ့ဆီမှာ စာသင်တုန်းက ကျွန်တော်က သင်္ချာလို တွဲဖက်ပညာရပ်တွေကို စာပေကျမ်းဂန်တွေထက် ပိုမြန်မြန် တတ်မြောက်ခဲ့တယ်၊ ဆရာက ကျွန်တော့်ကို ဉာဏ်ကောင်းပေမဲ့ နေရာတကျ မသုံးတတ်ဘူးလို့ အမြဲပြောတယ်၊ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာတော့ တကယ်လို့ စာမေးပွဲမအောင်ရင် စာရေးစာချီ ဝင်ဖြေပြီး ခရိုင်ရုံးမှာ စာရင်းကိုင် လုပ်မယ်လို့ တွေးထားတာ"

ရှန်မြောင်လည်း နှမြောတသ ဖြစ်မိသွားသည်။ နှမြောမိသည်ကတော့ ... ဒီကလေးသာ ခေတ်သစ်ကို ရောက်သွားရင် သိပ္ပံပညာလေ့လာမည့် မျိုးစေ့ကောင်းလေး ဖြစ်မှာ သေချာသည်။

ကြည့်ပါဦး။ ငယ်ငယ်ရွယ်ရွယ်နှင့် ကိုယ့်အနာဂတ်အတွက် ရှင်းလင်းပြတ်သားတဲ့ စီမံကိန်း ရှိနေပြီ။ ရှန်မြောင် ရှေ့ဘဝက ဒီအရွယ်တုန်းကဆိုလျှင် အနာဂတ်ဆိုတာ ဘာမှန်းမသိဘဲ ဒယ်အိုးမခါတတ်သဖြင့် ငိုနေရမည့်အရွယ်သာ ရှိသေးသည်။

"ဒါက အလုပ်မရှိ အကိုင်မရှိ လျှောက်တွေးတာ မဟုတ်ပါဘူး၊ တခြားသူတွေက မင်းလိုမျိုး ဉာဏ်ကောင်းချင်တာတောင် မရကြဘူး၊ ပြီးတော့ မကြီးက မင်းအတွေးကို အရမ်းကောင်းတယ်လို့ ထင်တယ်၊ အသက်မွေးဝမ်းကျောင်း ပညာရပ်ပေါင်းစုံမှာ ထူးချွန်သူတွေ ရှိကြတာပဲ၊ ရှို့ချိုင်တို့ ကျွီရန်တို့ မဖြစ်လည်း ကိစ္စမရှိပါဘူး၊ တခြား အသက်မွေးဝမ်းကျောင်းစရာတွေ ရှိသေးတာပဲ မဟုတ်လား"

ပြန့်ကျင်းမြို့တွင် စာမေးပွဲ အကြိမ်ကြိမ်ကျပြီး မြစ်ထဲခုန်ချကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားသူများ ရှိကြောင်း ရှန်မြောင် ကြားဖူးသဖြင့် ကျိအာကို ကြိုတင်၍ ရှင်းပြထားလိုက်သည်။

"စာပေပညာရှင်တွေက ကုန်သည်တွေထက် ပိုမြင့်မြတ်တယ်လို့ မကြီး ဘယ်တုန်းကမှ မထင်ဖူးဘူး၊ မကြီးထင်တာကတော့ လူဆိုတာ ကိုယ့်လက်မောင်းအားကိုးပြီး ထမင်းစားသရွေ့၊ မခိုးမဝှက်သရွေ့ အားလုံးက လေးစားဖို့ကောင်းပါတယ်"

ဒီလိုစကားမျိုးကို ကျိအာ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်ပြီး လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

"ကျွန်တော် မှတ်ထားပါ့မယ် မကြီး"

ရှန်မြောင်က ဆက်ပြီး တွက်ချက်လိုက်သည်။ ကော်မှုန့်ဝက်အူချောင်းက စုစုပေါင်း ၂၁ ချောင်း လုပ်ခဲ့သော်လည်း အပြင်မထွက်ခင် ကျိအာနှင့် ရှန်းအာတို့အတွက် ၂ ချောင်း ချန်ထားခဲ့ပြီး၊ နောက်ထပ် ၁ ချောင်းကို လှီးဖြတ်၍ မြည်းစမ်းခိုင်းခဲ့သဖြင့် ၁၈ ချောင်းသာ ရောင်းခဲ့ရသည်။ တစ်ချောင်း ၄ ဝမ်တန် ၁၂ ချောင်း ရောင်းရပြီး၊ ကျန် ၆ ချောင်းမှာ '၂ ချောင်း ၇ ဝမ်' ဈေးဖြင့် ၃ ပွဲ ရောင်းရသည်ဖြစ်ရာ ဒီအတိုင်းတွက်လျှင် ...

ရှန်မြောင်က စကားမဆက်ဘဲ ကျိအာကို အရင်ကြည့်လိုက်သည်။ ထင်သည့်အတိုင်း ကျိအာက စဉ်းစားစရာပင်မလိုဘဲ တန်းပြောလိုက်သည်။

"၄၈ ဝမ် နဲ့ ၂၁ ဝမ် ပေါင်းရင် ဝက်အူချောင်းက ရတဲ့ဝင်ငွေ စုစုပေါင်း ၆၉ ဝမ် ပါ"

"မနေ့က ဟင်းရွက်ဝယ်တာ များသွားတယ်၊ သခွားသီး၊ ဟင်းရွက်ဝယ်တာ ၃ ဝမ်၊ ဝက်သားစိမ်း တစ်ကျင်း ၈ ဝမ်နဲ့ နှစ်ကျင်းဆိုတော့ ၁၆ ဝမ်၊ ကြက်ရင်အုပ်သား ၈ ဝမ်၊ ကြက်ဥ အလုံး ၅၀ ဝယ်တာ ၄၅ ဝမ်ဆိုတော့ စုစုပေါင်း ၄၅ ဝမ်၊ ဆီက ဝက်သားထဲကနေ ချက်ယူတာမို့ ပိုက်ဆံမကုန်ဘူး၊ ပဲငံပြာရည်၊ ရှာလကာရည်၊ ဆား စတာတွေအတွက် ၅ ဝမ်လောက် မှတ်လိုက်မယ်၊ ဂျုံကြမ်းမှုန့်က ၅ ဝမ်ဖိုး သုံးလိုက်တယ်၊ မီးသွေး တစ်ကျင်း ၇ ဝမ်၊ ဒါကြောင့် ဒီနေ့ ဆိုင်ခင်းတဲ့ အရင်းအနှီးက ၈၉ ဝမ်..."

ဆိုင်ခန်းငှားခ ၅၀ ဝမ်ကို တစ်ရက်ချင်းစီ ပြန်ခွဲလိုက်လျှင် တစ်ရက်ကို အရင်းအနှီး ၂ ဝမ်ခန့် ကျသင့်သည်။ ဒီနေ့ သူမ၏ လုပ်အားခကို မထည့်တွက်လျှင် မနက်ခင်းဈေး ရောင်းရငွေ အသားတင်အမြတ်မှာ ၃၁၀ ဝမ် ဖြစ်သည်။

ပြန့်ကျင်းမြို့ လမ်းမပေါ်တွင် ခြေသလုံးအိမ်တိုင် လျှောက်သွားနေသည့် အလုပ်လက်မဲ့များပင် ဟိုပြေးဒီပြေးဖြင့် တစ်ရက်ကို ဝမ် ၁၀၀၊ ၂၀၀ လောက် ရကြသည်။ သူမ ရသည့်ငွေက တကယ်မများလှပေ။ ဝက်အူချောင်းက ဆား၊ ဂျုံမှုန့်တို့ဖြင့် နယ်ရသဖြင့် အမြတ်နည်းပါးရာ နောက်ရက်တွင် ဆက်မလုပ်တော့ပေ။ ထို့အပြင် ရေရှည်အတွက် သူမအနေဖြင့် ပိုမိုသက်သာသော အသား၊ ဟင်းရွက် ဈေးကွက်ကို ရှာဖွေရမည်။ သို့မဟုတ်ပါက အရင်းအနှီးက သုံးပုံတစ်ပုံအထိ နေရာယူနေသဖြင့် တကယ်ကို များလွန်းနေသည်။

စားသောက်ကုန်လုပ်ငန်း လုပ်သူများတွင် အရင်းကျေမည့် စည်းမျဉ်းတစ်ခု ရှိသည်။ ရောင်းဈေးသည် အရင်းအနှီး၏ သုံးဆ အနည်းဆုံးရှိမှသာ အရှုံးမပေါ်မည် ဖြစ်သည်။ အကြောင်းမှာ ဒီနေ့ရရှိသော ဝင်ငွေထဲမှ နောက်တစ်ခေါက် ဈေးဝယ်မည့် အရင်းအနှီးကို ဖယ်ထားရဦးမည် ဖြစ်ရာ အရင်းအနှီးများနေပါက ရေရှည်တွင် အရှုံးပေါ်နိုင်သည်။

ထို့အပြင် ယခုက နွေဦးနှောင်းပိုင်း ဖြစ်သဖြင့် ရာသီဥတု ပူနွေးလာကာ မီးသွေးဈေးနှုန်း သက်သာလာခြင်း ဖြစ်သည်။ အကယ်၍ ဆောင်းတွင်းရောက်လျှင် မီးသွေးတစ်ကျင်းသည် ဆန် ခြောက်ပြည်နှင့် ညီမျှနေသဖြင့် အရင်းအနှီးက ထပ်တက်လာပေလိမ့်မည်။

ရှန်မြောင်သည် စေ့စေ့စပ်စပ် တွက်ချက်ပြီးနောက် သူမ၏ စီးပွားရေးပုံစံကို ချက်ချင်း ပြုပြင်ပြောင်းလဲရန် ဆုံးဖြတ်လိုက်တော့သည်။

"မများပေမဲ့ ဒီနေ့တော့ ဝင်ငွေရှိလာပြီ၊ တို့တွေ အခုဆိုရင် တရားဝင် ငွေစရှာနိုင်ပြီလို့ ပြောလို့ရပြီပေါ့"

ရှန်မြောင်သည် အရင်းအနှီးနှင့် အမြတ်ငွေကို တွက်ချက်ရာတွင် ကျိအာနှင့် ရှန်းအာတို့ကို မရှောင်ဘဲ တွက်ပြခြင်း ဖြစ်သည်။ သူတို့အနေဖြင့် ပိုက်ဆံရှာရ ခက်ခဲကြောင်း သိရှိစေရန်နှင့် ငယ်ရွယ်စဉ်ကတည်းက ငွေကြေးတန်ဖိုးကို နားလည်စေရန် ဖြစ်သည်။ သို့မှသာ အနာဂတ်တွင် အသုံးအစွဲကြီးသူ၊ ပျင်းရိသူများ မဖြစ်လာမှာ ဖြစ်သည်။

ကျိအာသည် ရှန်မြောင်နှင့်အတူ တွက်ချက်ပြီးနောက် ရင်ထဲတွင် စိတ်မကောင်း ဖြစ်နေမိ၏။ မကြီးဖြစ်သူက တစ်နေ့လုံး ပင်ပန်းခံ လုပ်ကိုင်ခဲ့ရသည်ကို ထည့်မတွက်ထားပေ။ သို့သော် သူကတော့ စိတ်ထဲတွင် မှတ်သားထားလိုက်သည်။ ဒီ "ရှာဖွေ" ရရှိလာသော ၃၁၀ ဝမ်တွင် ကြေးပြားတစ်ပြားချင်းစီတိုင်း၌ မကြီးဖြစ်သူ၏ ပင်ပန်းဆင်းရဲသော ချွေးစက်များ ပါဝင်နေသည်။

ရှန်းအာကတော့ နားလည်တစ်ချက် မလည်တစ်ချက်နှင့် တွက်နေပြီး နောက်ဆုံးတွင် ရှန်မြောင် ပျော်နေသည်ကို မြင်သဖြင့် လိုက်ပျော်ကာ ခုန်ပေါက်ရင်း အော်ဟစ်လိုက်သည်။ "ရှန်းအာ့ရဲ့ မကြီးက ထိပ်ဆုံးကပဲ၊ တော်လိုက်တာ"

ကျိအာ၏ ဝမ်းနည်းပူဆွေးမှုများမှာ ရှန်းအာ၏ ခုန်ပေါက်မှုကြောင့် ပျောက်ကွယ်သွားရပြီး မတတ်သာသည့်အဆုံး လိုက်ရယ်လိုက်ရတော့သည်။

ရှန်မြောင်ကလည်း လက်ခုပ်တီးကာ မတ်တပ်ရပ်လိုက်ပြီး ပြုံးလျက် ပြောလိုက်လေသည်။ "အိမ်မှာ ဂေါ်ဖီထုပ်၊ မုန်လာဥနီနဲ့ ဟင်းနုနွယ်ရွက် နည်းနည်းကျန်သေးတယ်လို့ မကြီးထင်တယ်၊ ကြက်ဥလည်း လေးငါးလုံး ကျန်သေးတယ်ဆိုတော့ တို့တွေ ဒီနေ့ ဟင်းနုနွယ်ဖက်ထုပ် လုပ်စားကြမလား၊ နင်တို့ အစိမ်းရောင် ဖက်ထုပ် စားဖူးလား"

...

All Chapters