← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အပိုင်း (၁၉) ဟင်းနုနွယ်ဖက်ထုပ်

စုန့်ခေတ်လူများသည် ဖက်ထုပ်ကို "ကျောင်းအာ၊ ကျောင်းဇီ" ဟူ၍ ခေါ်ဝေါ်ကြ၏။ ပြန့်ကျင်းမြို့ရှိ ကျိုးတံတားတွင် အလွန်နာမည်ကြီးသည့် ကြွပ်ရွမွှေးကြိုင်သော အသားဖက်ထုပ်ဆိုင်တစ်ဆိုင်ရှိပြီး နေ့တိုင်း ဧည့်သည်များနှင့် ပြည့်နှက်နေတတ်လေသည်။ ဧကရာဇ်ကပင် သူ့ကုန်းကုန်းများကို စေလွှတ်ကာ ဝယ်ခိုင်းတတ်ကြောင်း သတင်းသဲ့သဲ့ကြားရ၏။

ရှန်းအာသည် ကြားလိုက်သည်နှင့်တပြိုင်နက် ခေါင်းကို တွင်တွင်ယမ်းလိုက်ပြီး ပြောလိုက်လေသည်။ "သမီး မစားဖူးဘူး၊ စားချင်တယ်"

"ကောင်းပါပြီရှင်၊ မောင်နှမနှစ်ယောက်လုံး ဒီကိုလာပြီး မကြီးကို ဂျုံမှုန့်စကာတိုက်ပေးကြ၊ မကြီးက အစာအရင်နယ်လိုက်မယ်၊ ခဏနေရင် စားရတော့မှာပါ"

ရှန်မြောင်သည် သူမ၏နှာခေါင်းလေးကို ဆွဲလိုက်ပြီး မီးဖိုဆောင်သို့ သွားကာ ဂေါ်ဖီထုပ်လှီးရန် ထရပ်လိုက်လေသည်။

ကျိအာသည် ရှန်းအာကို ဖိနပ်စီးပေးပြီးနောက် ခွေးခြေပုလေးကို သယ်မလာခဲ့လေသည်။ ရှန်မြောင်သည် ကုန်ကျစရိတ်သက်သာစေရန် ကျောက်ကြိတ်ဆုံဖြင့် ကြိတ်ထားသည့် ဂျုံကြမ်းများကိုသာ ဝယ်ယူလေ့ရှိသည်။ မြေခဲနှင့် ကျောက်စရစ်ခဲအသေးစားများကိုသာ စစ်ထုတ်ထားသဖြင့် ဂျုံမှုန့်အဖြူထဲတွင် ဂျုံဖွဲများစွာ ပါဝင်နေပြီး မည်းတူးနေကာ စားရသည်မှာ ခံတွင်းမတွေ့လှပေ။ ခေတ်သစ်သိပ္ပံရှုထောင့်မှကြည့်လျှင် ဂျုံဖွဲသည် အာဟာရပြည့်ဝပြီး အဆီကျစေသော်လည်း ကျိအာနှင့် ရှန်းအာတို့မှာမူ ကိုယ်အလေးချိန်လျှော့ချရန် လုံးဝမလိုအပ်ပေ။

ရှန်မြောင်သည်လည်း ခံတွင်းတွေ့သည့် အရသာကိုသာ နှစ်သက်လေသည်။ သို့မဟုတ်ပါက လည်ချောင်းနာစေတတ်၏။

ထို့ကြောင့် သူမသည် ကျိအာကို ကျောက်ဆုံဖြင့် ဂျုံများကို ညက်အောင်ထောင်းခိုင်းပြီး စကာဖြင့် နှစ်ကြိမ်ခန့် စစ်ခိုင်းလိုက်လေသည်။ သို့သော် ထိုသို့လုပ်လျှင်လည်း သန့်စင်မည်မဟုတ်သဖြင့် ဂျုံမှုန့်များကို ဝါးကပ်တစ်ခုထဲ ထည့်ကာ လက်နှစ်ဖက်ဖြင့်ကိုင်၍ လေထဲသို့ မြှောက်ကာ ပြာရလေသည်။ ဖွဲပြာသည် ဂျုံမှုန့်ထက် ပေါ့ပါးသဖြင့် လေနှင့်အတူ လွင့်ပါသွားတတ်၏။ ဤနည်းဖြင့်ပြုလုပ်မှသာ ဂျုံမှုန့်အနုစားကို ရရှိပြီး စားရသည်မှာလည်း ကောင်းမွန်မည် ဖြစ်သည်။

သို့သော် ခေတ်သစ်ကဲ့သို့တော့ ညက်ညောမည်မဟုတ်ပေ။ ခေတ်သစ်တွင် ဂျုံမှုန့်ကို အဆင့်အတန်းအမျိုးမျိုး ခွဲခြားထားနိုင်လေသည်။ အကယ်၍ စုန့်ခေတ်တွင်သာ ဂျုံကြိတ်စက်ရှိခဲ့လျှင် ဤနည်းဖြင့်ပြုလုပ်ထားသည့် ဂျုံအစားအစာများသည် စစ်မှန်သော အရသာထူးများ ဖြစ်လာပေလိမ့်မည်။

သို့သော် ဒါသည် စိတ်ကူးယဉ်သက်သက်သာ ဖြစ်လေသည်။

ရှန်မြောင်သည် ကိုယ့်ကိုကိုယ် လှောင်ရယ် ရယ်မောလိုက်ပြီး ဂေါ်ဖီထုပ်ကို ရေဆေးကာ ပါးပါးလှီးပြီး ဆားဖြင့် နယ်ထားလိုက်သည်။ ဂေါ်ဖီထုပ် နှပ်ထားစဉ်တွင် သူမသည် ကြက်ဥကို နူးညံ့အောင်ကြော်ကာ အတုံးသေးလေးများ လှီးလိုက်ပြီး မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ ဂျင်းတို့နှင့်အတူ ရောလိုက်လေသည်။

ထို့နောက် ဂေါ်ဖီထုပ်၊ ကြက်ဥ၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်နှင့် ဂျင်းအားလုံးကို ပန်းကန်လုံးအကြီးထဲသို့ ထည့်လိုက်ကာ ဆား၊ ဟင်းခတ်အမွှေးအကြိုင်၊ ဆီနှင့် ပဲငံပြာရည်တို့ထည့်၍ မွှေလိုက်ရာ ဖက်ထုပ်အစာသွပ်ရန် အဆင်သင့် ဖြစ်သွားတော့သည်။

ထို့နောက် ဟင်းနုနွယ်ကို ဆေးကြောပြီး အမျှင်လိုက်လှီးကာ ကျောက်ဆုံဖြင့်ထောင်း၍ အရည်ညှစ်လိုက်လေသည်။

ကျိအာဘက်တွင်လည်း ဂျုံမှုန့်များကို ပြာပြီးပြီဖြစ်ရာ ရှန်မြောင်သည် စိမ်းမြမြ ဟင်းနုနွယ်ရည်ကို ဂျုံမှုန့်ထဲသို့ လောင်းထည့်လိုက်တော့သည်။ နောက်ပိုင်းအဆင့်များမှာ ပုံမှန်ဖက်ထုပ်လုပ်နည်းအတိုင်း ရေထည့်ခြင်း၊ ဂျုံနယ်ခြင်း၊ နှပ်ထားခြင်းတို့ ပြုလုပ်ပြီးနောက် နှပ်ထားသည့်ဂျုံမုန့်တုံးကို အရှည်လိုက် လှိမ့်ကာ အတုံးသေးလေးများ လှီးဖြတ်လိုက်လေသည်။

နောက်ဆုံးတွင် သူမ၏လက်စွမ်းကို ပြရတော့သည်။ ဒလိမ့်တုံးပင် မသုံးဘဲ ဂျုံမှုန့်အနည်းငယ်ဖြူးကာ မကပ်အောင်လုပ်ပြီးနောက် သူမသည် ဂျုံတုံးအသေး ၁၀ ခုကျော်ကို အနည်းငယ်ပြားအောင် ဖိလိုက်ကာ ထပ်လိုက်လေသည်။ လက်တစ်ဖက်က လှည့်ကာ လက်တစ်ဖက်က ဖိပြီး တဖက်လှန်ကာ နှစ်ပတ်ခန့် လှည့်လိုက်သည်နှင့် တခဏအတွင်း ဝိုင်းစက်ပြီးပါးလွှာသည့် ဖက်ထုပ်ရွက် ၁၀ ချပ်ကျော်ကို တပြိုင်နက်တည်း ရရှိသွားတော့သည်။

တဖက်တွင် ဖက်ထုပ်ထုပ်နေရင်း တဖက်တွင် ရေနွေးတည်ထားလေသည်။ ဖက်ထုပ်ထုပ်ပြီးသည့်အချိန် ရေမပွက်တပွက်အချိန်တွင် ဖက်ထုပ်များကို ထည့်လိုက်လေသည်။

ထိုလှုပ်ရှားမှုအစီအစဉ်များကို ကြည့်ရင်း ရှန်းအာ၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။ သူမသည် ဒီရက်ပိုင်းအတွင်း မီးဖိုခုံနားတွင် ဝပ်ကာ ရှန်မြောင် အလုပ်လုပ်သည်ကို ကြည့်ရသည်ကို နှစ်သက်နေလေသည်။ ရှန်မြောင်သည် ထမင်းဟင်းချက်ရာတွင် မြန်ဆန်ပြီး လက်ရာကောင်းသလို မည်သည့်လှုပ်ရှားမှုကမျှ ပိုနေသည်မရှိပေ။ အဆင့်တစ်ဆင့်ပြီးတိုင်း မီးဖိုခုံကို လက်စသတ်သန့်ရှင်းရေးလုပ်ကာ ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းတတ်သဖြင့် စားပွဲတင်ခုံမှာ အမြဲတမ်း သန့်ရှင်းသပ်ရပ်နေလေသည်။

ရှန်းအာသည် မျက်လုံးများကို မှေးထားလိုက်ပြီး ဒယ်အိုးကြီးထဲတွင် ဖက်ထုပ်များ လိမ့်ကာ ထွက်ပေါ်လာသည့် အငွေ့များကို ခံစားနေလိုက်သည်။ အပူငွေ့များက မျက်နှာပေါ်သို့ ရိုက်ခတ်လာရာ စိုစွတ်နွေးထွေးနေလေ၏။ ရှန်မြောင်က အလုပ်ရှုပ်နေသည့်ကြားမှ အိတ်ကပ်ထဲက လက်ကိုင်ပုဝါကို ထုတ်ကာ ကုန်း၍ သူမ၏မျက်နှာကို သုတ်ပေးလိုက်လေသည်။ ထင်းမီးလောင်ကျွမ်းမှုမှ ရရှိသည့် နွေးထွေးမှုအလယ်တွင် သူမသည် မကြီးဖြစ်သူ၏ခါးကို ဖွဖွလေး ဖက်ထားလိုက်လေသည်။

သူမ မကြီးကို အရမ်းချစ်တာပဲ။

.........

ဖက်ထုပ်ပြုတ်ရာတွင်လည်း နည်းလမ်းရှိလေသည်။ ရေထဲသို့ ဆားအနည်းငယ်ထည့်ရပြီး မီးအရှိန်ကိုလည်း ဂရုစိုက်ရသည်။ "အဖုံးဖွင့်ရင် အခွံကျက်၊ အဖုံးအုပ်ရင် အဆာကျက်" ဟု ဆိုရိုးရှိသည့်အတိုင်း ကြားထဲတွင် ရေအေး သုံးကြိမ် ထည့်ပေးရလေသည်။ သို့မှသာ ဖက်ထုပ်ရွက်များ ပြဲမသွားမည်ဖြစ်သည်။ ခဏအကြာတွင် ဝဝကစ်ကစ်ဖြင့် ရွှေဒင်္ဂါးပုံစံ ဖက်ထုပ်အိုးကြီးတစ်အိုး ကျက်သွားတော့သည်။

ဤတစ်ကြိမ်တွင် ရှန်မြောင်သည် ဖက်ထုပ် အလုံး ၆၀၊ ၇၀ ခန့် ပြုတ်ထားလေသည်။ အိမ်တွင် အသားမရှိတော့သဖြင့် ဖက်ထုပ်အစာသွပ်ထဲတွင် မုန်လာဥနီနှင့် ဂေါ်ဖီထုပ် အများဆုံးပါဝင်သော်လည်း သူမ မြည်းစမ်းကြည့်ရာတွင် အရသာ တော်တော်ကောင်းမွန်လေသည်။ ထို့ကြောင့် တဝက်ခန့် ခွဲထုတ်လိုက်ပြီး ပန်းကန်ပြားဖြင့်ထည့်ကာ ပူနေတုန်း အဒေါ်ကုအိမ်သို့ သွားပို့လိုက်လေသည်။

ဒီနေ့ သူများ၏လှည်းကို ငှားသုံးထားသဖြင့် ကျေးဇူးတုံ့ပြန်ရမည်။

ကုအိမ်နောက်ဖေးခြံဝင်းထဲတွင် အဒေါ်ကုတစ်ယောက်တည်းသာ ရှိလေသည်။ ကုထူစူးသည် အရက်ဆိုင်တွင် အလုပ်ရှုပ်နေပြီး ဦးလေးကုကိုမူ ရှန်မြောင် ပြန်ရောက်သည့် နေ့ကတည်းက မတွေ့ရသေးပေ။ သူသည် အချိန်အတော်များများတွင် မြို့ပြင်ရှိ ကုမိသားစုငှားရမ်းထားသည့် အရက်ချက်စက်ရုံတွင် အလုပ်လုပ်နေရပြီး မိုးချုပ်မှ အိမ်ပြန်ရောက်တတ်သည်။ ကုမိသားစုတွင် အပင်ပန်းဆုံးလူ ဖြစ်လေသည်။

အဒေါ်ကုသည် မီးဖိုဆောင်ထဲတွင် ဆန်ပြုတ်နွှေးနေလေသည်။ ရှန်မြောင်က လာရင်းကိစ္စကို ပြောလိုက်သောအခါ သူမက လက်ကာပြပြီး ပြောလိုက်လေသည်။ "ညည်းတို့ သုံးယောက် အိမ်ထောင်စုတစ်ခုကို ထူထောင်ရတာ မလွယ်ပါဘူး၊ ပိုက်ဆံမသုံးပါနဲ့"

"ပိုက်ဆံမကုန်ပါဘူး၊ ဂေါ်ဖီထုပ်နဲ့ ကြက်ဥအစာသွပ်ထားတာပါ၊ အရသာက ပေါ့ပေါ့လေးမလို့ အဒေါ် မကြိုက်မှာတောင် စိုးရိမ်နေရတာ"

ရှန်မြောင်က ပြုံးလျက် ဖက်ထုပ်ပန်းကန်ကို နောက်ဖေးစားပွဲပေါ် တင်လိုက်ပြီး ပြောလိုက်လေသည်။ "ကျွန်မ ပြန်ရောက်ကတည်းက အဒေါ်က နေ့တိုင်း ကူညီပေးခဲ့တာလေ၊ ကျွန်မက ဘယ်လိုလုပ်ပြီး ကျေးဇူးမသိတတ်ဘဲ နေရမှာလဲ၊ အခု အိမ်အခြေအနေက ခက်ခဲနေတော့ စားစရာလေးနဲ့ပဲ ကျေးဇူးဆပ်နိုင်တာပါ၊ အဒေါ်လည်း ကျွန်မလက်ရာကို မြည်းကြည့်ပါဦး"

ထိုအခါမှ အဒေါ်ကုသည် အားနာမနေတော့ပေ။ ဝတ်ထားသည့် ခါးစီးဖြင့် လက်ကို သုတ်လိုက်ပြီး ထွက်ကြည့်လိုက်ရာ ပြုံးလျက် ပြောလိုက်လေသည်။ "ညည်းရဲ့ဖက်ထုပ်တွေက ထူးထူးဆန်းဆန်းပါလား၊ စိမ်းစိမ်းစိုစိုလေးတင် မဟုတ်ဘူး၊ ရွှေဒင်္ဂါးတုံးလေးတွေနဲ့ တူတယ်"

စုန့်ခေတ်က ဖက်ထုပ်များကို ထောင့်သုံးထောင့်ချွန်ချွန် လခြမ်းကွေးပုံစံ လုပ်လေ့ရှိသည်။ ထို့ကြောင့်လည်း "ကျောင်းဇီ (ထောင့်)" ဟု အမည်တွင်ခြင်း ဖြစ်သည်။ ရှန်မြောင်လုပ်သကဲ့သို့ ဝဝကစ်ကစ်နှင့် နှစ်ဖက်ကော့နေသည့်ပုံစံမှာ ရှားပါးလေသည်။

ရှန်မြောင်ကလည်း အရွှန်းဖောက်လိုက်ပြီး ပြောလိုက်သည်။ "ဒါက နိမိတ်ကောင်း ယူလိုက်တာလေ၊ နေ့တိုင်း ရွှေဒင်္ဂါးတွေ ဝင်လာအောင်လို့ပေါ့၊ ဟုတ်တယ်မလား"

အဒေါ်ကုသည် ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။ "ညည်းရဲ့ပါးစပ်လေးက အရင်ကထက် အများကြီး ပိုတတ်လာတာပဲ"

"အဒေါ် မြည်းကြည့်ပါဦး၊ ကျွန်မ ပြန်လိုက်ဦးမယ်" ရှန်မြောင်က ယဉ်ကျေးစွာ နှုတ်ဆက်ပြီး ပြန်ရန်ပြင်လိုက်၏။

ရှန်မြောင် ထွက်သွားပြီးနောက် အဒေါ်ကုသည် ဝဝကစ်ကစ် ဖက်ထုပ်တစ်လုံးကို ယူကာ ကိုက်လိုက်ရာ ဆန်းသစ်သည့် အရသာကြောင့် အံ့အားသင့်သွားရလေသည်။ ကိုက်လိုက်သည်နှင့် ဖက်ထုပ်ရွက်က ဟင်းနုနွယ်နံ့သင်းနေပြီး အထူအပါးမှာ အနေတော်ပင်။ ဂျုံနံ့၊ ဂေါ်ဖီထုပ်၏အချိုဓာတ်နှင့် ကြက်ဥအမွှေးနံ့တို့ ပေါင်းစပ်သွားပြီး နုပ်နုပ်စဉ်းထားသည့် မုန်လာဥနီများလည်း ပါဝင်နေရာ အသားပါသည်ထက်ပင် ပို၍လတ်ဆတ်ချိုမြိန်နေလေသည်။ စားရသည်မှာ လွန်စွာ မွှေးကြိုင်ပြီး အီမသွားပေ။ အဒေါ်ကုသည် စားပွဲနားတွင် ရပ်လျက် သတိမထားမိလိုက်ဘဲ သုံးလုံးတိတိ ကုန်သွားတော့သည်။

"စားဖိုမှူးရဲ့သမီး ဖြစ်ရတာ တန်ပါပေတယ်၊ ဒါက မွေးရာပါ ဟင်းချက်လက်ရာပဲ"

အဒေါ်ကုသည် တိုးတိုးလေး ရေရွတ်လိုက်လေသည်။ စုန့်လူမျိုးများသည် ဆောင်းဝင်ချိန်နှင့် နှစ်သစ်ကူးချိန်တိုင်း အိမ်တိုင်းလိုလို ဖက်ထုပ်လုပ်လေ့ရှိရာ အဒေါ်ကုလည်း လုပ်တတ်သည်မှာ သေချာသည်။ သို့သော် ဤကဲ့သို့ ချိုမြိန်လတ်ဆတ်သည့် ဖက်ထုပ်မျိုးကိုတော့ တစ်ခါမှ မစားဖူးခဲ့ပေ။ မွှေးကြိုင်ရုံသာမက ဗိုက်လည်း မကယ်ပေ။ စားပြီးရင်း စားချင်နေမိသည်။

သို့သော် သူမသည် နှမြောတသစွာဖြင့် ဆက်မစားတော့ဘဲ သူမ၏ အရသာမရှိသည့် ဆန်ပြုတ်ကိုသာ ဆက်သောက်လိုက်လေသည်။ ဖက်ထုပ်ပန်းကန်ကိုတော့ မီးဖိုပေါ်တွင် နွေးထားလိုက်ပြီး သူမ၏အမျိုးသား အရက်ချက်စက်ရုံမှ ပြန်ရောက်လာသည့်အခါ မိသားစုအတူတကွ စားသောက်ရန် တေးထားလိုက်တော့သည်။

ရှန်မြောင် အိမ်ပြန်ရောက်သည့်အချိန်တွင် ရှန်းအာ၏ ပါးပြင်ပေါ်တွင် ဂေါ်ဖီထုပ်ဖတ်လေးများ ကပ်နေသည်အထိ စားသောက်ထားလေသည်။ ကျိအာသည် သူမ နောက်ထပ်စားမည့်အလုံးကို တားဆီးနေပြီး သူမ ညှပ်ထားသည့် ဖက်ထုပ်ကို တူဖြင့်ရိုက်ချကာ ပန်းကန်ထဲ ပြန်ထည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်ရသည်။ "နင် ၁၂ လုံးတောင် စားပြီးပြီ၊ ထပ်မစားနဲ့တော့၊ ဗိုက်ကွဲထွက်သွားလိမ့်မယ်"

ရှန်းအာက လက်မခံဘဲ ရှန်မြောင်ပြန်လာသည်ကို မြင်သည်နှင့် နှုတ်ခမ်းစူကာ ငိုတော့မည့်ပုံလုပ်ပြီး ခွေးခြေပေါ်မှ ဆင်းကာ တဒုန်းဒုန်းပြေးလာလေသည်။ ရှန်မြောင်၏ စကပ်စကိုဆွဲကာ ကျိအာက သူမကို ဖက်ထုပ်မစားခိုင်းကြောင်း၊ ကမ္ဘာပေါ်တွင် အဆိုးဆုံး အစ်ကိုကြီးဖြစ်ကြောင်း တိုင်တောလေတော့သည်။

ကျိအာမှာ ဒေါသထွက်လွန်းသဖြင့် အံကို တင်းတင်းကြိတ်ထားလိုက်မိ၏။

မကြီးဖြစ်သူ ပြန်ရောက်လာကတည်းက သူမတွင် အားကိုးစရာရှိလာပြီး နေ့တိုင်းလိုလို ချွဲနွဲ့နေတော့သည်။

ရှန်မြောင်သည် ထိုမောင်နှမနှစ်ယောက် ဖက်ထုပ်တစ်လုံးအတွက် ရန်ဖြစ်နေကြသည်ကို မြင်ရသည်မှာ ဆန်းသစ်နေလေသည်။ ဤကလေးနှစ်ယောက် သူမဘေးတွင် ရောက်နေသည်မှာ လေးငါးရက်ရှိပြီဖြစ်ပြီး ကျိအာက အစပိုင်းတွင် ခေါင်းမာသော်လည်း နောက်ပိုင်းတွင် အလုပ်အလုအယက်လုပ်ကာ လူကြီးမပူရအောင် လိမ္မာလွန်းလှသည်။ ကြည့်ရတာ အခုမှပဲ ကျိအာနှင့် ရှန်းအာကို သူမပေးသည့် လုံခြုံမှုက လုံလောက်သွားပုံရပြီး ကလေးနှစ်ယောက်လုံး သူမရှေ့တွင် ချွဲတတ်လာကြပြီ။

သို့သော် စားစရာလေးတစ်ခုအတွက်နှင့် စိတ်ကောက်နေကြသည်ကတော့ ရယ်စရာကောင်းလှသည်။ ရှန်မြောင်သည် လေးနက်တည်ကြည်သည့် ကျိအာနှင့် ပါးဖောင်းဖောင်းလေးဖြင့် ခါးထောက်ထားသည့် ရှန်းအာတို့ကို ကြည့်ရင်း ရယ်ချင်နေမိတော့သည်။

နောက်ဆုံးတွင် သူမသည် မောင်နှမနှစ်ယောက်ကြား ဝင်ပါလိုက်ရတော့သည်။

"ရှန်းအာ... အစ်ကိုက ညီမလေးအတွက် တွေးပေးတာလေ၊ အဲဒီလို မပြောရဘူး၊ ညီမလေးအရွယ်နဲ့ ဖက်ထုပ်အကြီးကြီး ၁၂ လုံး စားတာက များနေပြီ၊ ညကျရင် ရင်တောင့်ပြီး ဗိုက်နာလာရင် ညီမလေးပဲ ခံစားရမှာ၊ ကျိအာ... မောင်လေးရဲ့စေတနာက မှန်ပါတယ်၊ ဒါပေမဲ့ ညီမလေးက ငယ်သေးတယ်လေ၊ နောက်ဆိုရင် သူနဲ့စကားပြောတဲ့အခါ ဖြည်းဖြည်းပြောနော်၊ ဒေါသတကြီးနဲ့ အော်ငေါက်နေရင် ဘယ်သူမှ မကြိုက်ဘူးလေ၊ ဟုတ်တယ်မလား"

ထို့နောက် သူမက သူတို့ကို အလုပ်ပေးလိုက်လေသည်။

"မောင်နှမနှစ်ယောက်လုံး ဗိုက်ဝပြီမလား၊ ဒါဆိုရင် အဒေါ်လီ အိမ်က လီကိုအာဆီ သွားကစားချည်၊ ပြီးရင် အဒေါ်လီကိုပါ တန်းမေးခဲ့ပေး၊ ဘယ်ဈေးပွဲတော်မှာ ကြက်ပေါက် ဘဲပေါက်လေးတွေ စျေးသက်သာပြီး ကောင်းလဲလို့၊ ငါတို့လည်း လဆန်းတစ်ရက် လပြည့်နေ့ ဈေးပွဲတော်ရောက်ရင် မွေးဖို့အတွက် နည်းနည်းပါးပါး ဝယ်ကြမယ်လေ"

အဒေါ်လီအိမ်သည် ရှန်မြောင်တို့အိမ်၏ နောက်ဘက် နှစ်အိမ် သုံးအိမ်ကျော်တွင် ရှိသည်။ သူမ၏အမျိုးသား လီထျောင်ဇီသည် ပန်းကန်ကွဲ ဖာထေးသည့်သူဖြစ်ပြီး လေမှုတ်စက်အငယ်စား၊ မီးဖို၊ ခုံပုနှင့် တူ စသည့်ကိရိယာများကို ထမ်းပိုးဖြင့်သယ်ကာ လမ်းကြားများထဲ လျှောက်သွားပြီး အော်ဟစ်ဈေးရောင်းလေ့ရှိသူ ဖြစ်သည်။ အိမ်က ဆိုင်တွင်လည်း အိုးခွက်ပန်းကန်များကို ရောင်းချလေသည်။

အဒေါ်လီကမူ ကြက်ဘဲမွေးမြူရာတွင် ဆရာကျသူတစ်ဦးဖြစ်သည်။ သူမ၏အိမ်နောက်ဖေးတွင် တိရစ္ဆာန်အများဆုံး မွေးထားပြီး ကြက်၊ ဘဲနှင့် ယုန်များ ရှိလေသည်။ ရှန်မြောင် နေထိုင်သည့် ရက်အနည်းငယ်အတွင်း နေ့တိုင်း သူမအိမ်က ကြက်ဖကြီးများ ခြံစည်းရိုးပေါ်တက်ကာ တွန်သံကို ကြားနေရတတ်သည်။

ရှန်မြောင်သည်လည်း ဥစားကြက်တချို့ မွေးချင်သလို အိမ်စောင့်ရန် ခွေးပေါက်လေးနှစ်ကောင်ခန့်လည်း မွေးချင်လေသည်။ သူမအိမ်တွင် မိန်းမနှင့် ကလေးများသာ ရှိသဖြင့် ခြံစည်းရိုးနှင့် တံခါးကို ပြင်ထားပြီးသော်လည်း မသမာသူများ သူမအိမ်ကို မျက်စိကျမည်ကို စိုးရိမ်မိသည်။

ခဏအကြာတွင် ရှန်းအာနှင့် ကျိအာတို့ ပြန်ရောက်လာကြပြီး ပြိုင်တူပြောလိုက်ကြသည်။ "အဒေါ်လီက ပြောတယ်၊ မကြီးသာ မငြင်းဘူးဆိုရင် သူ့အိမ်မှာ အခုလေးတင် ဥကပေါက်ထားတဲ့ ကြက်ပေါက်နှစ်အုပ်ရှိတယ်တဲ့၊ အမွှေးကျားလေးတွေ၊ အနက်ရောင်လေးတွေ၊ အဖြူရောင်လေးတွေ အကုန်ရှိတယ်၊ ကြက်တွေကလည်း သန်မာတယ်၊ မကြီးကို စျေးသက်သက်သာသာနဲ့ ရောင်းပေးမယ်တဲ့၊ အပြင်ထွက်ဝယ်စရာ မလိုတော့ဘူးတဲ့"

ရှန်မြောင်သည်လည်း ထိုအကြံအတိုင်း စဉ်းစားထားခြင်းဖြစ်သည်။ ချက်ချင်းဆိုသလို ပါးစပ်ထဲက ဖက်ထုပ်ကို နှစ်လုပ် သုံးလုပ်နှင့် ကုန်အောင်ဝါးလိုက်ပြီး ပါးစပ်သုတ်ကာ ထရပ်လိုက်လေသည်။

"ဒါဆိုရင် ကောင်းတာပေါ့၊ မကြီး မောင်လေးတို့နဲ့အတူ လိုက်ရွေးမယ်"

သူမသည် စဉ်းစားထားပြီးသား ဖြစ်သည်။ နေ့တိုင်း မနက်အစောကြီး ဈေးထွက်ရောင်းမည်။ နေ့လယ်တွင် တစ်ရေးအိပ်ပြီး နေ့ခင်းပိုင်းတွင် မနက်ဖြန်အတွက် ကြိုတင်ပြင်ဆင်မည်။ တွန်းလှည်းနှင့် မြေမီးဖို လုပ်ပြီးသွားသည့်အခါ ပေါင်မုန့်အချို့ကို ဖုတ်ပြီး ညဈေးတန်းတွင် ထွက်ရောင်းပေလိမ့်မည်။

လောလောဆယ်တွင် ရှန်မြောင်၏အိမ်၌ ခြံစည်းရိုးနှင့် မီးဖိုဆောင်သာ ပြင်ဆင်ပြီးစီးသေးသည်။ အိမ်မကြီး၊ ဘေးအဆောင်၊ ဂိုဒေါင်နှင့် ထင်းမီးဖိုဆောင်တို့သည် မီးထဲပါသွားပြီး တိုင်များသာ ကျန်တော့သည်။ နံရံဆောက်သည့်နေ့က အရှိန်ဖြင့် တွန်းချလိုက်သဖြင့် ယခုအခါ မြေကွက်လပ်သာ ကျန်တော့သည်။

သူမတွင် စုဆောင်းငွေ ၂၀ကွမ်း လောက်သာ ကျန်တော့သည်။ သူမ ယန်လောင်ဟန့်ကို မေးမြန်းထားဖူးရာ ဒီအခန်းအနည်းငယ်ကို ပြန်ဆောက်မည်ဆိုလျှင် ထို ၂၀ ကွမ်း လုံး ကုန်သွားမည့်အပြင် နောက်ထပ် ၂၀ လောက် ထပ်စိုက်ရဦးမည်ဖြစ်သည်။ ဒါတောင် သာမန်သစ်လုံးအိမ် ဆောက်လုပ်စရိတ်သာ ရှိသေးသည်။ ကျောက်ပြား၊ အုတ်ကြွပ်မိုး အိမ်မျိုး ဆောက်ချင်လျှင် ကွမ်း ၆၀ မှ ၁၀၀ အထိ ကုန်ကျနိုင်သည်။

ရှေးခေတ်ဖြစ်စေ၊ ခေတ်သစ်ဖြစ်စေ အိမ်ခြံမြေစျေးနှုန်းသည် လူကို ခေါင်းကိုက်စေသည်ချည်းသာ။

ရှန်မြောင်သည် လက်ထဲတွင် စုငွေမရှိလျှင် စိုးရိမ်တတ်သူဖြစ်လေသည်။ ထို့ကြောင့် သိပ်မလောရန် ဆုံးဖြတ်လိုက်၏။ ငွေထပ်စုပြီးမှ နောက်ဘက်က အိမ်သုံးလုံးကို တခါတည်း ပြန်ဆောက်လိုက်မည်။ ထိုအခါကျမှ ခေါက်ဆွဲဆိုင်ကို ပြန်ဖွင့်နိုင်ပေလိမ့်မည်။

ထိုအကြောင်းများကို တွေးတောရင်း သူမသည် ကြိမ်ခြင်းတောင်းကို ကောက်ယူလိုက်ပြီး ခြေလှမ်းရေတွက်ရင်း လမ်းလျှောက်နေသည့် ကျိအာ၊ ခုန်ဆွခုန်ဆွလုပ်နေသည့် ရှန်းအာတို့နှင့်အတူ အဒေါ်လီအိမ်သို့ လိုက်သွားလိုက်လေသည်။ အဒေါ်လီသည် သူမ၏ခြံဝင်းငယ်လေးထဲတွင် ဖိနပ်အောက်ခံ ပြုလုပ်နေလေသည်။ ရှန်မြောင်လာသည်ကို တွေ့သောအခါ ခြံဝင်းထဲတွင် အေးအေးလူလူ လမ်းလျှောက်နေသည့် ကြက်မကြီးနှင့် နောက်က တကောက်ကောက်လိုက်နေသည့် ကြက်ပေါက်စများကို မေးငေါ့ပြလိုက်ပြီး ပြောလိုက်လေတော့သည်။ "ညည်းဘာသာ ရွေးလိုက်တော့"

...

အပိုင်း (၂၀) ကြက်ပေါက်လေးများ ဝယ်ခြင်း

ရှန်မြောင်သည် ထိုနေရာတွင် ထိုင်ချလိုက်ပြီး အချိန်အတော်ကြာ ကြည့်ရှုနေလေသည်။ အဒေါ်လီအိမ်မှ ဤကြက်ပေါက်လေးများသည် ကြက်မကြီး အတော်များများမှ မွေးထားပုံရပြီး အမွေးအရောင်၊ အကောင်အရွယ်အစားတို့ မတူညီကြဘဲ အတူတကွ ရောနှောနေကြ၏။

သူမသည် ရွေးချယ်ပြီးရင်း ရွေးချယ်ကာ နောက်ဆုံးတွင် အမွေးကျား ကြက်ပေါက်လေးတစ်ကောင်ကို ဖမ်းလိုက်လေသည်။ သူမသည် "ကျိကျိ" မြည်ကာ အော်ဟစ်နေသည့် ကြက်ပေါက်လေးကို လှန်လိုက်ပြီး ကြက်ဖင်လေးပေါ်ရှိ အဝါ၊ အဖြူ၊ အနက် ရောနေသည့် အမွေးနုလေးများကို မှုတ်လိုက်ကာ စအိုဝကို ကြည့်လိုက်၏။ ကြက်ဖဆိုလျှင် စအိုဝတဝိုက်၌ သိသာထင်ရှားသည့် အဖုလေးတစ်ခု ပါရှိတတ်ပြီး ကြက်မဆိုလျှင် မပါရှိပေ။ ဤအကောင်သည် ကြက်မ ဖြစ်သည်။

ဥစားရန်အတွက် ကြက်မက မရှိမဖြစ် လိုအပ်လေသည်။ သူမသည် ထိုအကောင်ကို ယူလိုက်ပြီး နောက်ထပ် အမွေးဖြူ ကြက်ဖပေါက်လေးတစ်ကောင်ကို ထပ်ဖမ်းလိုက်သည်။ အကြောင်းမှာ ရှန်းအာက ထိုအကောင်ကို ကြိုက်နှစ်သက်နေသောကြောင့် ဖြစ်၏။ တစ်ကိုယ်လုံးတွင် အမွေးအရောင် တခြားမပါဘဲ အမြီးမှအစ ဖွေးဖွေးလှုပ်နေပြီး နှုတ်သီးပေါ်တွင် အနီရောင် ကြက်မောက်သီး အသေးစားလေး ပါရှိကာ အရိုးအဆစ် ကြီးမားသဖြင့် တကယ်ပင် လှပပေသည်။

ထို့နောက် ကျိအာကိုလည်း ခေါင်းတစ်ခုလုံး အဝါရောင်သန်းနေသည့် ကြက်မပေါက်လေးတစ်ကောင်ကို ရွေးခိုင်းလိုက်ပြီးနောက် ရှန်မြောင်သည် မတ်တတ်ရပ်ကာ လက်ခါလိုက်လေသည်။ လောလောဆယ် အများကြီး မမွေးသေးတာ ကောင်းလိမ့်မည်။ ယခင်ဘဝက သူမသည် ကြက်သတ်ဖူးရုံသာရှိပြီး ကြက်မမွေးဖူးပေ။ ဤကြက်ပေါက်လေးများသည် လက်ဝါးတစ်ဝက်စာလောက်သာ ရှိသေးရာ မတော်တဆ အကောင်သေသွားလျှင် ဒုက္ခရောက်ပေလိမ့်မည်။ ထို့ကြောင့် သုံးကောင်လောက်သာ အရင်မွေးကြည့်တာ ကောင်းလိမ့်မည်။

အဒေါ်လီသည် ဖိနပ်အောက်ခံ ဖာထေးနေရင်း ရှန်မြောင်တို့ ကြက်ရွေးနေသည်ကို ကြည့်ကာ ဤရှန်သာ့ကျဲအာသည် ကြက်ရွေးတတ်ပြီး အထီးအမ ခွဲခြားတတ်သည်ဟု တွေးလိုက်မိလေသည်။ သူမသည် မျက်ခုံးပင့်လိုက်ပြီး ပြောလိုက်လေသည်။ "ရွေးလို့ပြီးပြီလား။ ကြက်မလေးက ၆ ဝမ်၊ ကြက်ဖလေးက ၇ ဝမ် ပေးရင် ရပါပြီ။ နောက်ပိုင်း ဒီကြက်ဖလေး ကြီးလာပြီး တွန်တတ်ပြီဆိုရင် တိရစ္ဆာန်အရောင်းအဝယ်ဈေးကွက်မှာ ၃၀၀ ဝမ်လောက်နဲ့ ရောင်းလို့ရတယ်တော့”

ရှန်မြောင်သည် ယခင်က ကြက်သားသွားဝယ်ဖူးရာ ဈေးကွက်ဝင် ကြက်ရှင်တစ်ကောင်လျှင် ၇၀ ဝမ် ပေးရလေသည်။ သာမန် ကြက်ပေါက်လေးများသည် ၁၀ ဝမ်၊ ၈ ဝမ် စသဖြင့် ရောင်းချကြပြီး နာမည်ကြီးသည့် ကူရှီကြက်၊ လုဟွာကြက် မျိုးစိတ်များဆိုလျှင် ကြက်ပေါက်တစ်ကောင်ကို ၁၀ ဝမ်ကျော် ရောင်းချတတ်ကြသည်။

အဒေါ်လီ မွေးထားသည်များမှာ ပြန့်ကျင်းဒေသထွက် သာမန်ကြက်များ ဖြစ်ပုံရသည်။ မျိုးစပ်ထားသည်မှာ များလွန်းသဖြင့် ဘာမျိုးစိတ်မှန်း ပြောရန်ခက်ခဲနေ၏။ ရှန်မြောင် သေချာကြည့်ရှုလိုက်ရာ ကျိအာရွေးလိုက်သည့် အကောင်တစ်ကောင်တည်းသာ "ကြက်ဝါသုံးဆင့်" ဟု ခေါ်နိုင်သည့် နှုတ်သီးဝါ၊ အမွေးဝါ၊ ခြေထောက်ဝါသည့် လက္ခဏာရှိပြီး ကိုယ်လုံးကိုယ်ထည်ကလည်း တခြားအကောင်များထက် သေးငယ်နေသည်ကို တွေ့ရလေသည်။

ပြောရမည်ဆိုလျှင် ထိုကြက်ဝါမျိုးကို ပေါင်းလိုက်လျှင် တကယ်ကို မွှေးကြိုင်လှပေသည်။

ရှန်မြောင်သည် ထိုကြက်ပေါက်လေးကို ကြင်နာစွာ စိုက်ကြည့်နေပြီး ၎င်းက ကြက်ပေါင်းဟင်းရည်အိုးကြီး ဖြစ်သွားမည့်ပုံစံကို မြင်ယောင်နေသကဲ့သို့ ရှိလေသည်။

အဒေါ်လီက ရှန်မြောင်သည် ကြက်ကိုစိုက်ကြည့်ကာ စကားမပြောသဖြင့် ဈေးကြီးသည်ဟု ထင်နေကြောင်း ယူဆလိုက်ပြီး အလျင်အမြန် ရှင်းပြလိုက်တော့သည်။

"ငါ့ဈေးက မကြီးပါဘူး၊ ဒီကြက်ပေါက်လေးတွေ ဥကပေါက်ပြီးတာ ၁၀ ရက်လောက်ရှိပြီ၊ အကုန်လုံး သန်မာကြတယ်၊ ကြည့်ပါဦး... ဖင်လေးတွေဆို သန့်ရှင်းနေတာပဲ၊ ကြက်ချေးတစ်စက်မှ မပေဘူး၊ ဝမ်းမသွားဘူးလေ။ အပြင်မှာဝယ်ရင် ဝမ်းသွားတဲ့ကြက်ပေါက်တွေ မိတတ်တယ်၊ နှစ်ရက်လောက် မွေးပြီးတာနဲ့ သေရော”

ရှန်မြောင်က ခေါင်းညိတ်လိုက်သည်။ အဒေါ်လီ ပြောသည့်ဈေးက တန်သည်ဟု ဆိုရမည်။ အိမ်နီးနားချင်းများဖြစ်သည့်အပြင် ပေါက်ဈေးထက်လည်း လျှော့ပေးထားသဖြင့် သူမ ထပ်ပြီး ဈေးမဆစ်တော့ချေ။ ဝမ် ၁၉ ပြားကို ရေတွက်ပြီး အဒေါ်လီကို ပေးလိုက်ပြီး ယူလာသည့် ကြိမ်ခြင်းတောင်းထဲသို့ ကြက်ပေါက်လေးများ ထည့်ကာ နှုတ်ဆက်ပြန်ရန် ပြင်လိုက်လေသည်။

ပြန်ရန်ပြင်နေစဉ် အဒေါ်လီသည် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ကျိအာကို ပြုံးကာ ပြောလိုက်လေသည်။

"ဒါနဲ့ ကျိအာက ဆရာလျိုဖွင့်ထားတဲ့ စာသင်ဝိုင်းမှာ စာမသင်တော့ဘူးလား။ အိမ်မှာနေရင်း ဘာမှလုပ်စရာမရှိရင် ဒီရက်ပိုင်း အဒေါ်လီတို့အိမ်လာပြီး ကိုအာနဲ့အတူ စာပြန်နွှေးကြမလား။ ဟင်း... နင့်ဦးလေးလီကလည်း နေ့တိုင်း လမ်းကြားတွေထဲ လျှောက်သွားနေရတော့ အားကိုမအားဘူး၊ ဒီနေ့ အဒေါ် ဈေးသွားရင်း ကြားခဲ့တာ၊ တော်ဝင်ကျောင်းတော်က ဖိယုံးစာသင်ကျောင်းမှာ နောက်လကျရင် နွေရာသီစာမေးပွဲ ကျင်းပပြီး ကျောင်းသားသစ်တွေ ခေါ်မယ်တဲ့။ ကိုအာက အသက်ငယ်သေးတော့ အောင်မယ်လို့တော့ မမျှော်လင့်ပါဘူး၊ ဝင်ဖြေကြည့်ပြီး ဗဟုသုတရအောင်လို့ပါ”

ထိုသို့ ပြောနေသော်လည်း အဒေါ်လီ၏မျက်နှာထားသည် မိမိသားအတွက် ဂုဏ်ယူနေသည့်ပုံ ပေါက်နေလေသည်။

ရှန်မြောင်လည်း စိတ်ဝင်စားသွားမိသည်။ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင် တော်ဝင်ကျောင်းတော်သည် ကန့်သတ်ချက်ရှိသည်ဟု မှတ်သားဖူးသဖြင့် မေးလိုက်လေသည်။

"တော်ဝင်ကျောင်းတော်က မြို့တော်အရာရှိ အဆင့် ၇ နဲ့အထက်က သားသမီးတွေကိုပဲ လက်ခံတာ မဟုတ်ဘူးလား”

"သာ့ကျဲအာ (မိသားစုတစ်ခုရဲ့သမီးကြီး/ ပထမသာ့ကျဲအာ)က ၃ နှစ်လောက် ပြန်မလာတော့ မသိတာ မဆန်းပါဘူး၊ တော်ဝင်ကျောင်းတော်ရဲ့ စည်းကမ်းတွေ ပြောင်းသွားတာ ကြာလှပြီ”

အဒေါ်လီသည် သတင်းစုံစမ်းရာတွင် နှာစွင့်သူဖြစ်ပြီး တော်ဝင်ကျောင်းတော်သည် သူမအိမ်က ဖွင့်ထားသကဲ့သို့ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းမော့ကာ ပြောလိုက်လေသည်။

"သာ့ကျဲအာ မသိသေးဘူးလား၊ အစိုးရမင်းက 'အဆောင်သုံးခုစနစ်' ကို သတ်မှတ်လိုက်ပြီလေ၊ အခုဆိုရင် တော်ဝင်ကျောင်းတော်ကို အထက်၊ အလယ်၊ အောက် ဆိုပြီး အဆောင် ၃ ခု ခွဲထားသလို အတွင်းဆောင်နဲ့ အပြင်ဆောင် ဆိုပြီးတော့လည်း ခွဲထားသေးတယ်။ အတွင်းဆောင် ကျောင်းသားတွေကိုတော့ အရာရှိကြီးတွေရဲ့ သားသမီးတွေကိုပဲ လက်ခံပေမဲ့ အပြင်ဆောင် ကျောင်းသားတွေကတော့ နွေရာသီစာမေးပွဲ အောင်တယ်ဆိုရင် အဆင့် ၈ အောက် အရာရှိတွေရဲ့ သားသမီးတွေနဲ့ သာမန်ပြည်သူတွေပါ ကျောင်းတက်ခွင့်ရှိတယ်။ အပြင်ဆောင်ကျောင်းသားတွေက တောင်ဘက်ဆင်ခြေဖုံးမှာ ဆောက်ထားတဲ့ 'ဖိယုံးစာသင်ကျောင်း' မှာ တက်ရမှာ၊ အတွင်းဆောင်ကျောင်းသားတွေနဲ့ အတူတူ မဟုတ်ဘူးလေ”

ရှန်မြောင်၏မျက်လုံးများ အရောင်တောက်လာပြီး မေးလိုက်သည်။ "နွေရာသီစာမေးပွဲက ဘယ်တော့ စမလဲဆိုတာ သိလားရှင်”

"မနှစ်ကအတိုင်းဆိုရင်တော့ ၅ လပိုင်းလယ်လောက် ဖြစ်လောက်တယ်”

အဒေါ်လီသည် ကျိအာကို တချက်ကြည့်လိုက်ပြီး ရှန်မြောင်ကို အဓိပ္ပာယ်ပါပါ ပြုံးပြလိုက်ကာ ပြောလေသည်။

"သာ့ကျဲအာက ကျိအာကို ဝင်ဖြေခိုင်းချင်လို့လား၊ ဒါဆိုရင်တော့ သူ့ကို သေချာဆုံးမမှ ဖြစ်မယ်၊ အကျင့်ဆိုးတွေကို ပြင်ခိုင်းရမယ်။ အဒေါ်က စကားပြောရင် ဗွင်းဗွင်းရှင်းရှင်း ပြောတတ်လို့ စိတ်မရှိပါနဲ့၊ ကျိအာက ဒီနှစ်ပိုင်း ဆရာလျိုဆီမှာ စာသင်တုန်းက ပညာရေးမှာ သာမန်အဆင့်ပဲရှိပြီး စာလည်း မကြိုးစားဘူးလို့ ကြားတယ်၊ စာအုပ်ဆိုင်ကို ခိုးပြေးပြီး အပျော်ဖတ်စာအုပ်တွေ ဖတ်တတ်တယ်တဲ့၊ ဖတ်ရင်လည်း တစ်နေကုန်ပဲတဲ့၊ ဒီလို ပေါ့တီးပေါ့ဆ ဆက်နေမယ်ဆိုရင် တော်ဝင်ကျောင်းတော် ဝင်ခွင့်ရဖို့က ခက်ခဲလိမ့်မယ်၊ တခြားကျောင်းမှာ သွားတက်ရင်လည်း ပိုက်ဆံဖြုန်းရာပဲ ကျမှာ”

ကျိအာ၏မျက်နှာသည် ချက်ချင်း ရဲတက်သွားပြီး တစ်ခုခုပြောချင်သော်လည်း နောက်ဆုံးတွင် ခေါင်းငုံ့ကာ နှုတ်ဆိတ်နေလိုက်လေသည်။

ရှန်မြောင်ကတော့ သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း မျက်နှာပျက်မသွားဘဲ ပြုံးကာ ပြောလိုက်လေသည်။

"အဒေါ် သတိပေးတာ ကျေးဇူးတင်ပါတယ်၊ ကျိအာက ဘယ်လောက်မှ မကြီးသေးတာ၊ လူဆိုတာ အမှားနဲ့ မကင်းနိုင်ပါဘူး၊ စကားပုံတောင် ရှိသေးတယ်မလား၊ အတိတ်က အကြောင်းအရာတွေက မနေ့က သေဆုံးသွားသလို သဘောထားပြီး နောင်ဖြစ်လာမယ့် အကြောင်းအရာတွေကိုတော့ ဒီနေ့မှ မွေးဖွားလာသလို သဘောထားရမယ်တဲ့၊ ကျွန်မကတော့ အတိတ်ကို ကြည့်ပြီး လက်ရှိကို ဆုံးဖြတ်လေ့မရှိပါဘူး၊ ပြီးတော့ ကိုယ့်မောင်အကြောင်း ကိုယ်ပဲ သိတာပါ၊ တဆင့်စကားတွေက ဘယ်လောက်များ မှန်နိုင်မှာမလို့လဲ၊ အတင်းအဖျင်းစကားတွေကို အတည်ယူလို့ မရပါဘူး”

ပြောပြီးသည်နှင့် ရှန်မြောင်သည် အဒေါ်လီ၏ ကြောင်အသွားသည့် မျက်နှာကို ဂရုမစိုက်တော့ဘဲ ခါးကိုမတ်ကာ အနည်းငယ် ဦးညွှတ်နှုတ်ဆက်လိုက်ပြီး မောင်နှမနှစ်ယောက်၏လက်ကို မြဲမြံစွာ ဆုပ်ကိုင်လျက် ပြန်လာခဲ့လေသည်။

အဒေါ်လီသည် လက်ထဲတွင် တစ်ဝက်ပြီးနေသည့် ဖိနပ်အောက်ခံကို ကိုင်ထားရင်း ရှန်မြောင်တို့ မောင်နှမသုံးယောက် ထွက်ခွာသွားသည်ကို ကြည့်ကာ ထူးဆန်းစွာ ရေရွတ်လိုက်လေသည်။

"ဒီ ရှန်သာ့ကျဲအာက စာသင်သားနဲ့ အိမ်ထောင်ကျဖူးလို့များ စကားပြောတာတွေက စာဆန်လာလိုက်တာ... ဘာတဲ့... မွေးတာတွေ... သေတာတွေနဲ့..." အဒေါ်လီသည် လိုက်ရွတ်ကြည့်သော်လည်း လျှာလိပ်မတတ် ဖြစ်သွားတော့သည်။

သူမသည် ခေါင်းခါလိုက်ပြီး ဖိနပ်အောက်ခံကိုသာ ဆက်ချုပ်နေလိုက်တော့သည်။

ရှန်မြောင် ပြောလိုက်သည့် စကားတစ်ခွန်းက ကျိအာ၏တစ်ကိုယ်လုံးကို တုန်လှုပ်သွားစေခဲ့သည်။

"အတိတ်က အကြောင်းအရာတွေက မနေ့က သေဆုံးသွားသလို သဘောထားပြီး နောင်ဖြစ်လာမယ့် အကြောင်းအရာတွေကိုတော့ ဒီနေ့မှ မွေးဖွားလာသလို သဘောထားရမယ်..."

သူသည် လမ်းတစ်လျှောက်လုံး ခေါင်းငုံ့ကာ ထိုစကားကို အကြိမ်ကြိမ် ရေရွတ်ရင်း စဉ်းစားခန်း ဖွင့်နေလေသည်။ နောက်ဆုံးတွင် သူသည် မနေနိုင်တော့ဘဲ ရှန်မြောင်ကို မော့ကြည့်လိုက်ရာ မျက်လုံးများ အရောင်တောက်လာပြီး အားကျလေးစားမှုများ ပြည့်နှက်နေလေသည်။

ရှန်မြောင်သည် အကြည့်ခံရသဖြင့် ကျောချမ်းသွားပြီး သေချာပြန်စဉ်းစားလိုက်မှ အလွဲကြီးလွဲသွားကြောင်း သိလိုက်ရတော့သည်။

'ဒီစာသားက 《လျောင်ဖန်၏ အဆုံးအမလေးရပ်》 ထဲကလေ၊ နောက်ခေတ်မှာတော့ မရှားပါးပေမဲ့ အဓိကပြဿနာက...'

'ဒီစာအုပ်က မင်ခေတ်မှ ပေါ်တာလေ'

သူမက ပါးစပ်ထဲရှိတာ လွှတ်ခနဲ ပြောလိုက်မိရာ ယခုအခါ ကျိအာအတွက် ဘဝလမ်းညွှန်စကား ဖြစ်သွားပုံရသည်။

'ဟူး... တကယ် တောင်းပန်ပါတယ် ဆရာယွမ်ဟွမ်ရေ၊ နောက်ပိုင်း အခွင့်အရေးရရင် ဆရာ့နာမည်ကို ပြန်ဖော်ထုတ်ပေးပါ့မယ်' ရှန်မြောင်သည် စိတ်ထဲတွင် တိတ်တိတ်လေး ချွေးပြန်နေမိတော့သည်။

အိမ်ပေါက်ဝ ရောက်သည်အထိ ရှန်းအာသည် အစ်ကိုနှင့် အစ်မ ပြောသည့်စကားများကို နားမထောင်ဘဲ ကြက်ပေါက်လေးများကိုသာ မျက်တောင်မခတ် ကြည့်လာခဲ့လေသည်။ အိမ်ထဲရောက်သည်နှင့် သူမသည် ကြက်ပေါက်လေးများကို ခြံဝင်းထဲ အမြန်ချပေးကာ နောက်ကနေ လိုက်ဖမ်းရင်း တခစ်ခစ် ရယ်မောနေတော့သည်။

အထူးသဖြင့် ဒီနေ့ ရှန်မြောင်က သူမကို ဆံပင်နှစ်ဖက်ခွဲ စည်းပေးထားသဖြင့် အတောင်ပံလေးနှစ်ဖက်လို ဖြစ်နေပြီး သူမ ပြေးလိုက်တိုင်း တလှုပ်လှုပ် ဖြစ်နေလေသည်။ အဝါနုရောင် အင်္ကျီလေးကို ဝတ်ထားသဖြင့် အဝေးကကြည့်လျှင် ပျားပိတုန်း ဝဝကစ်ကစ်လေးနှင့်တူကာ အလွန်ချစ်စရာ ကောင်းနေလေသည်။

ကျိအာ၏ခြေလှမ်းများမှာမူ ပို၍လေးလံလာပြီး နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်သည့်ပုံစံဖြင့် ရှန်မြောင်၏အင်္ကျီလက်စကို လာဆွဲကာ အားယူပြီး ရှင်းပြလေသည်။

"မကြီး... တကယ်တော့ ကျွန်တော် စာအုပ်ဆိုင်ကို ခိုးပြေးတာ အပျော်ဖတ်စာအုပ်တွေ ဖတ်ဖို့ မဟုတ်ပါဘူး..."

ရှန်မြောင်သည် ရိပ်မိပြီးသားဖြစ်ရာ ပြုံးလျက် မေးလိုက်သည်။ "မကြီး သိပါတယ်၊ မောင်လေးက အိမ်စရိတ်ကာမိအောင် စာမူကူးပေးနေတာမလား”

ကျိအာသည် ရုတ်တရက် မော့ကြည့်လိုက်ပြီး မယုံကြည်နိုင်သည့် မျက်လုံးများဖြင့် ကြည့်နေမိသည်။ ဒီကိစ္စကို မကြီးက ဘယ်လိုလုပ် သိတာလဲ။

"ကြီးတော်က မောင်လေးတို့ကို ဒီလောက် နှိပ်စက်တာလေ၊ မကြီး ပြန်တွေ့တုန်းက မောင်လေးက ဖျော့တော့ပြီး ဝါးခြမ်းပြားလေးလို ပိန်နေတယ်၊ စိတ်ကလည်း ရင့်ကျက်တည်ငြိမ်နေပြီး အရင်ကလို ဆော့ကစားတတ်တဲ့ပုံ မရှိတော့ဘူး၊ ဒါပေမဲ့ ရှန်းအာကျတော့ အရင်လိုပဲ ဖြူဖြူဖွေးဖွေး ဝဝကစ်ကစ်လေးနဲ့ ဘာမှမပြောင်းလဲဘဲ နေနိုင်တယ်လေ”

ရှန်မြောင်က ကိုယ်ကိုကိုင်းကာ နွေးထွေးသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး ပြောလိုက်လေသည်။ "မကြီး ရောက်တဲ့နေ့ကတည်းက ပြောဖူးတယ်မလား၊ ကျိအာ... မကြီး မရှိတဲ့ ၃ နှစ်အတွင်းမှာ ညီမလေးကို ကောင်းကောင်း စောင့်ရှောက်ပေးခဲ့တယ်၊ မောင်လေး ပင်ပန်းခဲ့မှာပဲလို့”

ကျိအာသည် ကြောင်ငေးနေပြီးမှ ရုတ်တရက် ခေါင်းငုံ့ချလိုက်သည်။ ထိုစကားတစ်ခွန်းကြောင့် မျက်ရည်များ ဝဲတက်လာသော်လည်း ရှန်မြောင် မြင်သွားမည်ကို မလိုလားသဖြင့် အလျင်အမြန် ကျောခိုင်းကာ အိမ်ပြင်သို့ ပြေးထွက်သွားလေသည်။ ရှန်မြောင်သည် လိုက်မသွားဘဲ သူ့ကျောပြင်ကို ကြည့်ကာ လှမ်းပြောလိုက်လေသည်။ "ခဏနေ ထမင်းပြန်လာစားနော်”

သူသည် တစ်ယောက်တည်း တိတ်ဆိတ်စွာ နေပြီး ဝမ်းနည်းမှုများကို ဖွင့်ထုတ်ရန် နေရာတစ်ခု လိုအပ်နေသည်။

သွားမနှောင့်ယှက်တာ အကောင်းဆုံးပင်။

ရှန်မြောင်သည် ခေါင်းပြူထွက်ကြည့်လိုက်ပြီး ရှန်းအာကို ကြက်ပေါက်လေးများနောက် ထပ်ကြပ်မကွာ မလိုက်ရန်၊ ကြောက်ပြီး သေကုန်လျှင် ဒုက္ခရောက်မည်ဖြစ်ကြောင်း မှာကြားလိုက်လေသည်။ ထို့နောက် မီးဖိုဆောင်ထဲဝင်ကာ မနက်ဖြန်ရောင်းမည့် မုန့်ဖတ်များကို ပြင်ဆင်လိုက်သည်။ မုန့်ဖတ်လုပ်ပြီးသည့်အခါ လက်ဆေးပြီး အဒေါ်ရုံကို ရှန်းအာအား ခဏကြည့်ပေးရန် အကူအညီတောင်းကာ ဆန်ဆိုင်၊ ပဲဆိုင်များသို့ သွားရောက်ပြီး ဈေးနှုန်းစုံစမ်းလိုက်လေသည်။

ပြန်ရောက်လာသည့်အခါ ကျိအာသည် အသံတိတ် ပြန်ရောက်နေပြီး ဘာမှမဖြစ်ခဲ့သလိုမျိုး ရှန်းအာနှင့်အတူ မနက်က စစ်ထားသည့် ဂျုံဖွဲများကို ရေစိမ်ပြီး ကြက်စာကျွေးနေလေသည်။

"ကွက်တိပဲ၊ မကြီးနဲ့အတူ ပဲသွားဝယ်ရအောင် လိုက်ခဲ့ကြ”

ရှန်မြောင်သည် မနက်ဖြန် ဝက်အူချောင်း မလုပ်တော့ဘဲ ရှိုကျွားပင်မုန့်အပြင် ပေါင်မုန့်အချို့ ဖုတ်ရန် စိတ်ကူးထားသည်။ ပြန့်ကျင်းမြို့တခွင်လုံးတွင် ပေါက်စီနှင့် မန်ထိုများကို တရုတ်ရိုးရာနည်းဖြင့် ပြုလုပ်ကြပြီး မုန့်ပဲသရေစာများမှာလည်း စူးကျိုးစတိုင်က အဓိကဖြစ်သည်။ အများအားဖြင့် ဂျုံမှုန့်ကို ပေါင်းခြင်း၊ ဖုတ်ခြင်းတို့ ပြုလုပ်ကြပြီး အလွှာများပါခြင်း၊ အခွံမာသီး၊ ဝက်ဆီဖတ်များ အစာသွပ်ခြင်းတို့ ပြုလုပ်တတ်ကာ အချို၊ နူးညံ့မှု၊ အစိုဓာတ်၊ စေးကပ်မှုနှင့် သေသပ်လှပခြင်းတို့က အဓိကဖြစ်သည်။

ထို့ကြောင့် အနောက်တိုင်းစတိုင် အဓိကအစားအစာအဖြစ် စားနိုင်သည့် ပေါင်မုန့်ဖုတ်ခြင်းမှာ လုံးဝကွဲပြားခြားနားပြီး ဈေးနှုန်းသက်သာကာ လူတန်းစားမရွေး စားသုံးနိုင်ပေသည်။ ရှန်မြောင်သည် ရိုးရှင်းသည့် ပဲနီပေါင်မုန့်တန်း လုပ်ရန် ရည်ရွယ်ထားသည်။ ဤပေါင်မုန့်မျိုးသည် စားချင်စဖွယ်ပုံစံရှိပြီး ရွှေအိုရောင်သန်းကာ အပေါ်ခွံ အနည်းငယ်ကြွပ်ရွပြီး အရေးအကြောင်းများ ပါရှိသည်။ အတွင်းထဲတွင် အစာပါဝင်သဖြင့် စားကောင်းရုံသာမက ဈေးသက်သာပြီး လှပလေသည်။

အဓိကအားဖြင့် ပဲနီပေါင်မုန့်တန်း လုပ်ခြင်းသည် ဝက်အူချောင်းထက် အရင်းအနှီး များစွာ သက်သာသည်။ စုန့်ခေတ်တွင် ပဲနီ၊ ပဲစိမ်းကဲ့သို့သော ပဲအမျိုးအစားများသည် ဆန်နှင့် ဂျုံမှုန့်ထက် များစွာ ဈေးသက်သာလေသည်။ ထို့အပြင် စုန့်ခေတ်တွင် သကြားသည် ဆားထက် ဈေးပေါသည်။ ရှန်မြောင်သည် ခုနက မြို့တွင်းရှိ ဆန်ဆိုင်အားလုံးနီးပါးကို မေးမြန်းခဲ့ပြီးဖြစ်ရာ ဈေးနှုန်းများကို သိရှိသွားပြီး မနက်ဖြန် ဈေးရောင်းရန် အတွေ့အကြုံ ရရှိသွားပြီဖြစ်သည်။

ရှန်မြောင်သည် "ရှန်မိသားစု မုန့်ဆိုင်" ဟု ဆိုင်းဘုတ်တင်ထားသော်လည်း စုန့်ခေတ်တွင် ဂျုံဖြင့်လုပ်သော အစားအစာအားလုံးနီးပါးကို "ပင် (မုန့်)" ဟု ခေါ်ဝေါ်ကြသဖြင့် လမ်းကြောင်းလွဲသည်ဟု မဆိုနိုင်ပေ။

ပြီးတော့ ကျိအာအတွက် စာရေးကိရိယာအချို့ပါ ဝယ်ပေးရမည်။

အဒေါ်လီက ကျိအာသည် ပညာရေးတွင် သာမန်သာရှိသဖြင့် တော်ဝင်ကျောင်းတော် ဝင်ခွင့်မရမည်ကို စိုးရိမ်နေသော်လည်း ရှန်မြောင်ကတော့ ကျိအာ့ကို ယုံကြည်မှု ရှိနေလေသည်။

...

All Chapters