အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
အပိုင်း (၂၁) ပဲနီလေးပေါင်မုန့်တန်း
ရှန်မြောင်သည် "လက်ထောက်လေး" နှစ်ယောက်ကို ခေါ်ပြီး ပစ္စည်းအများအပြား ဝယ်ရန် အပြင်ထွက်လာခဲ့လေသည်။ ဒီနေ့ ဂျုံကြမ်းက တစ်တိုကို ၁၀ ဝမ်ရှိပြီး ဂျုံနုကတော့ တစ်တိုကို ၃၀ ဝမ် ပေးရလေသည်။
(တို (အလေးချိန်ယူနစ်) တစ်တိုကို တစ်ပြည်ကျော်ကျော်)
ရှန်မြောင် အရင်က တွက်ချက်ဖူးသည်။ တစ်တိုလျှင် စုန့်ခေတ်အလေးချိန် ၉ ကျင်းကျော်ရှိပြီး ခေတ်သစ်ပေါင်ချိန်နှင့်ဆိုလျှင် ၁၁ ပေါင်ကျော်ရှိလေသည်။ ဂျုံကြမ်းဝယ်ပြီး ကိုယ်တိုင် စကာပြန်ချသည်က ပိုပြီး တန်သော်လည်း အနည်းငယ် လက်ဝင်လေသည်။
ပဲနီလေး၊ ပဲစိမ်း အစရှိသည်တို့မှာ တစ်တိုကို ၈ ဝမ်သာ ရှိသဖြင့် စျေးနှုန်းမှာ အလွန်သက်သာလေသည်။
သကြားက ဆားထက် စျေးပေါပြီး တစ်တိုကို ၃၀ ဝမ်၊ ဆားကတော့ တစ်တိုကို ၆၀ ဝမ်ခန့် ရှိလေသည်။
ရှန်မြောင်ရောက်နေသည့် ဤစုန့်ခေတ်သည် သူမ ကောင်းကောင်းသိထားသည့် မြောက်ပိုင်းစုန့်ခေတ်နှင့် များစွာ ကွာခြားမှုရှိလေသည်။ သကြားရည်ထဲတွင် အုတ်နီခဲအကျိုးအပဲ့များထည့်ပြီး သကြားရည်ကို အလွှာကွဲစေကာ သကြားဖြူထုတ်လုပ်သည့် နည်းပညာမှာ နေရာအနှံ့ ပျံ့နှံ့နေပြီဖြစ်သည်။ သကြားအထွက်နှုန်း များပြားလာသည်နှင့်အမျှ သာမန်ပြည်သူများလည်း မကြာခဏ ဝယ်စားနိုင်ကြပြီ ဖြစ်သည်။
သကြားတစ်ခုတည်း မဟုတ်ပေ။ မနေ့က သူမ မနက်ခင်း စျေးရောင်းထွက်ချိန်တွင် ဘေးနားမှ စျေးသည်များနှင့် စားသုံးသူများက နိုင်ငံရေးအကြောင်း ကျယ်လောင်စွာ ဆွေးနွေးနေကြသည်ကို ကြားလိုက်ရသည်။ သို့မှသာ သူမရောက်နေသည့် ဤစုန့်ပြည်သည် မြောက်ဘက်မှ လျောင်၊ ကျင်း တို့နှင့် သုံးပွင့်ဆိုင် အားပြိုင်နေရကြောင်း သိလိုက်ရသည်။ အနောက်ဘက်မှ ရှီးရှမင်းဆက်ကတော့ ပေါ်မလာသေးပေ။ စုန့်မင်းဆက်က အင်အားတောင့်တင်းပြီး တည်ငြိမ်နေသဖြင့် တန်ရှန်းမျိုးနွယ်စုများသည် စုန့်မင်းဆက်၏ ပြည်နယ် ၅ ခုမှ နယ်စားပယ်စားများသာ ဖြစ်နေကြသေးသည်။ လီယွမ်ဟောက်နှင့် သူ့မျိုးဆက်များသည် စစ်သူကြီးများအဖြစ်သာ ရှိနေကြပြီး ဧကရာဇ်အဖြစ် ကြေညာကာ ရှီးရှနိုင်ငံကို ထူထောင်ခြင်း မရှိကြသေးပေ။
ကျင်းနိုင်ငံသည် အင်အားကြီးထွားလာသော်လည်း မတန်တဆ ဆက်သရသည့် ပဏ္ဍာဆက်စနစ်ကြောင့် လျောင်နိုင်ငံနှင့် ဖြေရှင်းမရနိုင်သည့် ရန်ငြိုးများ ရှိနေလေသည်။ သူသည် သမိုင်းထဲကအတိုင်းပင် စုန့်မင်းဆက်နှင့် မိတ်ဖွဲ့ကာ လျောင်ကို အတူတူတိုက်ရန် ကမ်းလှမ်းလာခဲ့သည်။ သို့သော် လက်ရှိအုပ်ချုပ်နေသည့် မင်းကြီးမှာ ရှားရှားပါးပါး ဉာဏ်ကောင်းသူတစ်ဦး ဖြစ်လေသည်။ အပြန်အလှန် မှီခိုရေးသဘောတရားကို သူ နားလည်သဖြင့် လျောင်နှင့် ကျင်း ကြားတွင် ဟန်ချက်ညီအောင် ကစားနေခဲ့သည်။
လျောင်နှင့် ကျင်း တိုက်ခိုက်ကြလျှင် စုန့်က တံငါသည်သာ လုပ်မည်။ နောက်ထပ် ခရုတစ်ကောင် ဝင်မလုပ်နိုင်ပေ။ ထို့ကြောင့် လျောင်က အသာစီးရလျှင် ကျင်းနှင့်ပူးပေါင်းပြီး လျောင်ကိုတိုက်သည်။ ကျင်းက အသာစီးရပြန်လျှင် လျောင်နှင့် ကုန်သွယ်ရေးလုပ်ကာ နောက်ကွယ်မှ စစ်နက်လက်နှင့် ရိက္ခာ ထောက်ပံ့ပေးပြန်သည်။
ယခုအခါ လျောင်နိုင်ငံသည် ကျင်းနိုင်ငံ တောင်ဘက်သို့ ဆင်းမလာနိုင်အောင် တားဆီးပေးသည့် အကာအကွယ် ဖြစ်လာခဲ့သည်။ စုန့်မင်းဆက်သည် အခွင့်ကောင်းယူပြီး စစ်အင်အားချဲ့ထွင်ကာ "မီးတွင်း" (ရေနံ) တူးဖော်ခြင်းကိုပါ တတ်မြောက်လာခဲ့သည်။ စစ်လက်နက်ဌာနတွင် "ရေနံလုပ်ငန်း"၊ တောင်ပိုင်းမြောက်ပိုင်း လက်နက်လုပ်ငန်းနှင့် လေးမြှားဌာနတို့ကို အထူးတလည် ဖွဲ့စည်းတည်ထောင်ထားပြီး ယမ်းမီး လက်နက်များကို သုတေသနပြုလုပ်ကာ အစွမ်းထက်လက်နက်များကို ထုတ်လုပ်နေကြသည်။ ထို့ကြောင့် လျောင်နှင့် ကျင်းတို့သည် နှစ်ကြိမ်တိုင်တိုင် ကတိဖျက်ပြီး နယ်စပ်ကို ကျူးကျော်ခဲ့သော်လည်း အကျိုးအမြတ် မရခဲ့ကြပေ။
ထိုအမျိုးသားများ တံတွေး တစိုစိုနှင့် ပြောနေကြသည်ကို ရှန်မြောင် နားထောင်ကြည့်ရာ အကြမ်းဖျင်း နားလည်လိုက်သည်။ ဤအချိန် စုန့်ခေတ်တွင် မြေပေါ်ရေနံ(လက်ယက်တွင်း)များကို ရှာဖွေတွေ့ရှိထားပြီး စစ်လက်နက် ပစ္စည်းများတွင် ထည့်သွင်းအသုံးပြုနေကြကာ မြို့သိမ်းတိုက်ပွဲများတွင် ရေနံကို လောင်စာအဖြစ်သုံးသည့် ပစ်ခတ်ရသော ဗုံးများကိုပင် ဖန်တီးထားကြလေပြီ။
သူမသည် စိတ်နှစ်ခွဖြင့် နားထောင်ရင်း ဈာန်ဝင်နေသဖြင့် ပန်ကိတ်ပင် တူးလုနီးပါး ဖြစ်သွားခဲ့ရသည်။
အခုတော့ အခြေအနေကောင်းနေပြီ။ လျောင်၊ ကျင်း နှင့် စုန့် သုံးနိုင်ငံလုံး ဘယ်သူ့ကိုမှ ဘယ်သူ မနိုင်နိုင်ကြပေ။ ဤသည်မှာ ဧကရာဇ်တို့၏ ဟန်ချက်ညီအောင် ထိန်းညှိခြင်း ပညာပင်။ ဝမ်းနည်းစရာကောင်းသည်မှာ ရှန်မြောင် လာခဲ့သည့် ကမ္ဘာမှ စုန့်မင်းဆက်သည် ဤသဘောတရားကို နားမလည်ခဲ့ဘဲ ကျားနှင့် ခင်မင်မိသလိုဖြစ်ကာ မင်းဆိုးမင်းညစ်များ ပေါ်ထွက်ခဲ့ရခြင်း ဖြစ်သည်။
ထို့ကြောင့် ဤစုန့်မင်းဆက်သည် ပြင်ပရန်သူ ရှိနေသော်လည်း စစ်ဘေးစစ်ဒဏ် မရှိသေးပေ။ ဆက်တိုက် သီးနှံအထွက်တိုးသည့် နှစ်များနှင့် ကြုံကြိုက်သဖြင့် ရေကြောင်းကုန်စည်ပို့ဆောင်ရေး ဖြောင့်ဖြူးကာ ပြန့်ကျင်းမြို့၏ ဆန်စျေးနှုန်းများလည်း တဖြည်းဖြည်း တည်ငြိမ်ပြီး သက်သာလာခဲ့သည်။ ထို့ကြောင့် ရှန်မြောင်သည် အေးအေးဆေးဆေး စျေးဝယ်နိုင်ခြင်း ဖြစ်လေသည်။
ရှန်မြောင်သည် မနေ့က ဆန်ဆိုင်အချို့ကို ဝင်ထွက်ကြည့်ရှုပြီးနောက် "ယုံဖုန်းဆန်ဆိုင်" ကို ရွေးချယ်လိုက်သည်။ ဤဆိုင်မှ ဂျုံကြမ်းသည် သန့်စင်အောင် ပြုလုပ်ထားပြီး အလေးချိန်စီးအောင် ကျောက်ခဲများ ရောထည့်ထားခြင်း မရှိပေ။ ရှန်မြောင်သည် ထိုဆိုင်မှ ဂျုံကြမ်း ၃ တို၊ ပဲနီလေး ၃ တို၊ သကြား ၂ ကျင်း၊ ပဲဆီ ၂ တို ဝယ်ယူခဲ့သည်။ ဤဆန်ဆိုင်ပိုင်ရှင်မှာ စီးပွားရေးလုပ်တတ်သူဖြစ်ပြီး အစွန်းထွက်ငွေများကို လျှော့ပေးရုံသာမက ဆိုင်အကူကောင်လေးကိုပါ အိမ်အရောက် ပို့ခိုင်းလိုက်လေသည်။
ပဲနီလေးနှင့် ဂျုံမှုန့်များ ဝယ်ပြီးနောက် မလှမ်းမကမ်းရှိ ဝမ်မိသားစု နို့ထွက်ပစ္စည်းဆိုင်သို့ သွားပြီး နွားနို့စျေး မေးကြည့်လိုက်သည်။ ၁ ကျင်းကို ၂၅၀ ဝမ် ပေးရမှန်း သိလိုက်ရသည့်အခါ ရှန်မြောင်သည် မေးပြီးသည်နှင့် ပြုံးပြကာ ချက်ချင်း လှည့်ထွက်လာခဲ့လိုက်သည်။
"နို့အရသာ ပဲနီလေးမန်ထို" လုပ်မည့် အကြံအစည်ကို စိတ်ထဲမှ ကမန်းကတန်း ဖျက်လိုက်ရသည်။ နို့စျေးက မတတ်နိုင်လောက်အောင် ကြီးလွန်းလှသည်။
ဒီစုန့်ခေတ်က နွားနို့စျေးကလည်း ကြီးလိုက်တာဟယ်။
သို့သော် စုန့်မင်းဆက်၏ ပိုင်နက်နယ်မြေတွင် နွား၊ သိုး၊ မြင်း မွေးမြူနိုင်သည့် စားကျက်မြေ နည်းပါးလှသည်။ ရှိသမျှ နွားများကိုလည်း လယ်ယာစိုက်ပျိုးရေးတွင် အဓိက အသုံးပြုကြသဖြင့် တန်ဖိုးကြီးလှသည်။ နို့စားနွား သီးသန့်မွေးမြူသည်မှာ ရှားပါးသဖြင့် ဤသို့ စျေးကြီးနေခြင်းကို နားလည်ပေးလို့ ရသည်။
ရှန်းအာသည် ယုံဖုန်းဆန်ဆိုင်ပိုင်ရှင် ပေးလိုက်သည့် ဘောင်ချာကို သူမ၏ ပိုက်ဆံအိတ်လေးထဲသို့ လေးလေးနက်နက် သိမ်းဆည်းလိုက်သည်။ ထို့နောက် မျှော်လင့်တကြီးဖြင့် မော့ကြည့်ကာ မေးလိုက်လာ၏။ "မကြီး... ဘာအရသာရှိတာ ထပ်လုပ်မလို့လဲဟင်"
သူမ ဗိုက်ဆာနေပြီမှန်း ရှန်မြောင် နားထောင်ရုံနှင့် သိလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "အိမ်ရောက်ရင် ပထမဆုံးရတဲ့ တစ်သုတ်ကို ရှန်းအာ အရင်ဆုံး မြည်းစမ်းရမယ်"
ရှန်းအာသည် ပျော်ရွှင်သွားပြီး ဆက်မမေးတော့ပေ။ မကြီး ဘာပဲလုပ်လုပ် သေချာပေါက် စားကောင်းမှာပဲလေ။
မနက်ဖြန် စျေးဆိုင်ထွက်လျှင် ဝက်အူချောင်း တွဲမရောင်းရန် ရှန်မြောင် ဆုံးဖြတ်လိုက်သည်။ ဝက်အူချောင်း လုပ်ရသည်မှာ ဆားကုန်၊ ဟင်းခတ်အမွှေးအကြိုင်ကုန်သဖြင့် အရင်းအနှီး များလွန်းသည်။
သူမသည် ခေတ်သစ်ကာလတွင် လုပ်ရလွယ်ကူပြီး စားကောင်းသည့် ပဲနီလေးပေါင်မုန့်တန်း (ပဲနီဌာပနာပေါင်မုန့်)ကို လုပ်ရန် ဆုံးဖြတ်လိုက်သည်။ ဤသို့ဆိုလျှင် ရှိုကျွားပင်မုန့်က အငန်အရသာဖြစ်ပြီး နောက်ထပ် အချိုအရသာတစ်ခု ထပ်ရောင်းနိုင်သဖြင့် အချိုကြိုက်သူနှင့် အငန်ကြိုက်သူ နှစ်မျိုးလုံးအတွက် အဆင်ပြေစေလိမ့်မည်။ သူမလို အစားကြိုက်သူမျိုးဆိုလျှင်တော့ နှစ်မျိုးလုံး ဝယ်စားပေလိမ့်မည်။
ပဲနီလေးပေါင်မုန့်တန်းက တွက်ချက်ကြည့်လျှင် ဝက်အူချောင်းထက် ကုန်ကျစရိတ် များစွာ သက်သာသည်။
အရင်ဘဝက မန်ထိုလုပ်သည့် အတွေ့အကြုံအရ ပဲနီလေး ၁ ကျင်းကို ရေစိမ်ပြီး ကြိတ်လိုက်လျှင် ၂ ကျင်း ရနိုင်သည်။ ပေါင်မုန့်တန်း တစ်တန်းလျှင် အစာ ၂ လျန် ထည့်လျှင် လုံလောက်သည်။ ထို့ကြောင့် ဂျုံမှုန့် ၁ ကျင်း၊ ပဲနီလေး ၁ ကျင်း၊ ကြက်ဥ ၁ လုံး၊ သကြား ၂ လျန် ပေါင်းလျှင် ပေါင်မုန့်တန်း ၇ တန်း၊ ၈ တန်းခန့် ရနိုင်သည်။
သူမ၏ လုပ်အားခကို ထည့်မတွက်ဘဲ တဆေး၊ ဆီ၊ ထင်းမီးသွေးဖိုးများကို ထည့်တွက်လျှင် ပေါင်မုန့်တန်း တစ်တန်း၏ ထုတ်လုပ်မှုစရိတ်သည် ၂ ဝမ်ခန့်သာ ရှိလိမ့်မည်။
မြို့တွင်းပိုင်းတွင် နေထိုင်ကြသည့် "ပြန့်ကျင်းမြို့သူမြို့သား" အများစုမှာ နေထိုင်မှု ပြည့်စုံကြသည်။ အထူးသဖြင့် ကျင်းလျန်တံတားသည် တာ့ရှန့်ကော်ဘုရားကျောင်းနှင့် တော်ဝင်လမ်းမကြီးတို့နှင့် မဝေးသဖြင့် အနီးအနားတွင် နေထိုင်ကြသည့် အရာရှိကြီးများနှင့် သူဌေးသူကြွယ် များပြားလှသည်။ သို့သော် အသားမပါသည့် သရေစာများကို စျေးကြီးကြီး ပေးမဝယ်ချင်ကြပေ။ ရှန်မြောင် ခဏလောက် စဉ်းစားလိုက်သည်။ ဒီပေါင်မုန့်တန်းက အတုံးမသေးပေ။ လှီးဖြတ်လိုက်လျှင် မန်ထို ၄ လုံးစာလောက် ရနိုင်သည်။ ထို့ကြောင့် ပေါင်မုန့်တန်း တစ်တန်းလျှင် ၈ ဝမ် ရောင်းမည်။ အကယ်၍ လှီးပြီးသား တစ်တုံးချင်း ဝယ်ချင်လျှင် ၃ ဝမ်နှင့် ရောင်းမည်ဟု ဆုံးဖြတ်လိုက်သည်။
မနက်ဖြန် အတန်း ၅၀ လောက် အရင် စမ်းလုပ်ကြည့်မည်။ သူမ ကုန်ကြမ်းတွေ အများကြီး ဝယ်ထားသည်မို့ ရက်အတော်ကြာကြာ လုပ်ရောင်းလို့ ရလောက်သည်။
ပြီးတော့ ဒါက လုပ်ရတာလည်း ရိုးရှင်းသည်။
ခေတ်သစ်မှာဆိုလျှင် Air Fryerရှိပါက ဂျုံနယ်စရာမလိုဘဲ လေပူပေးစက်ဖြင့် တန်းလုပ်လို့ရသည်။ မီးဖိုချောင် အတွေ့အကြုံမရှိသူပင်လျှင် နူးညံ့ပြီး အမျှင်တန်းနေသည့် ပဲနီလေးပေါင်မုန့်ကို လုပ်နိုင်လေသည်။ သို့သော် စုန့်ခေတ်တွင်တော့ ရှန်မြောင်၏ မြေမီးဖိုကလည်း မခြောက်သေးသဖြင့် ပေါင်မုန့်ကင်သည့် မီးဖိုကိုသာ အသုံးပြုပြီး ဖြစ်သလို လုပ်ရပေလိမ့်မည်။
မုန့်ကင်သည့် မီးဖိုက အပူချိန် မငြိမ်သဖြင့် နည်းပညာ ကျွမ်းကျင်းမှု လိုအပ်လေသည်။
မနက်ဖြန် စျေးဆိုင်ထွက်ရန် ကိစ္စများကို စီစဉ်ပြီးနောက် ရှန်မြောင်သည် ကျိအာကို ခေါ်ပြီး စာရေးကိရိယာ တစ်စုံ၊ ဝါးခြင်းတောင်းကြီး တစ်လုံး၊ ဝါးပေါင်းချောင် ၁၀ လုံးနှင့် ထမ်းပိုးတစ်ချောင်း ဝယ်လိုက်သည်။ အပြန်လမ်းတွင် စာအုပ်ဆိုင်တစ်ဆိုင်ကို ဖြတ်သွားသဖြင့် စာအုပ်အချို့ ဝင်ဝယ်ပေးချင်သော်လည်း စျေးနှုန်းကို ကြည့်လိုက်ရာ အလွန်ကြီးလှသည်။ စာအုပ်လေးအုပ်၊ ကျမ်းငါးကျမ်း အကုန်ဝယ်လျှင် ငွေကြေး အတော်များများ ကုန်ကျပေလိမ့်မည်။
ကျိအာက ပြောလာသည်။ "မကြီး စာအုပ်မဝယ်နဲ့၊ တောင်ဘက်မြို့တံခါးနားက လန်ရှင်းစာအုပ်ဆိုင်က ဦးလေးကျိုးနဲ့ ကျွန်တော် ရင်းနှီးတယ်။ သူ့ဆီမှာ စာရေးကိရိယာတွေ ရှိတယ်။ ၂ ဝမ် ပေးရင် ဆိုင်ထဲမှာ ကိုယ့်ဘာသာ ကူးရေးလို့ ရတယ်။ "လွန်ယွီ" ကျမ်းတစ်အုပ်ကို ၃ ရက် ၅ ရက်လောက် ကူးရင် ပြီးပြီ။ အသင့်ဝယ်တာထက် ပိုကောင်းတယ်။ ကျွန်တော် ဆရာလျိုဆီမှာ စာသင်တုန်းက အားလုံး ကိုယ့်ဘာသာ ကူးရေးကြတာ"
အကြံကောင်းပဲ။ ရှန်မြောင်သည် ကျိအာကို မနက်ဖြန်မှစပြီး စာသွားကူးခိုင်းရန် ဆုံးဖြတ်လိုက်တော့သည်။ ပင်ပန်းမည် ဖြစ်သော်လည်း စာကူးခြင်းက လက်ရေးကျင့်ခြင်း၊ စာဖတ်ခြင်းနှင့် စာအုပ်ရခြင်းဟူသော ကျေးဇူး ၃ မျိုး ရစေမည့် ကိစ္စကောင်းပင်။
သူမ အလုပ်ပြီးသောအခါ ရှန်းအာကို ကြက်ပေါက်လေးများအတွက် အမိုးအကာလုံသည့် ကြက်အိမ်လေးကို အုတ်ခဲကျိုးများဖြင့် စီခိုင်းလိုက်ပြီး ပဲနီလေးများကို ရေစိမ်လိုက်သည်။ ထို့နောက် ကြက်သားပြား၊ ဝက်သားပြားကြော်ခြင်း၊ သခွားသီး စိတ်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်ပြီး မနက်ဖြန် ရှိုကျွားပင်မုန့် လုပ်ရန်အတွက် ပါဝင်ပစ္စည်းအားလုံး အဆင်သင့်ဖြစ်အောင် ပြင်ဆင်ကာ စောစော အိပ်ရာဝင်လိုက်လေသည်။
နောက်တစ်နေ့တွင်လည်း မိုးမလင်းခင် ထလာပြီး အသားပြားများကို တစ်ကြိမ် ထပ်ကြော်ကာ ပဲနီလေး ပေါင်မုန့်တန်း လုပ်လေသည်။ ပေါင်မုန့်တန်းက လတ်လတ်ဆတ်ဆတ် ကင်ထားမှ စားကောင်းသည်။ ထို့ကြောင့် သူမသည် မနေ့ညက ပဲနီလေးအစာသွပ်များကို လုပ်ထားပြီး ဂျုံမှုန့်များကို စကာချထားခဲ့သည်။ ဒီနေ့ စောစောထရခြင်းမှာ ပေါင်မုန့်ကင်ရန် ဖြစ်သည်။
စကာချထားသည့် ဂျုံနု၊ ကြက်ဥ၊ တဆေး၊ သကြားနှင့် ရေတို့ကို ရောနယ်ကာ ပုံဖော်ပြီး ပဲဆီအနည်းငယ် ထည့်သည်။ ဂျုံသားကို ပါးပါးလေး ဆွဲဖြန့်လို့ရသည်အထိ နယ်ပြီးနောက် ဂျုံကိုနှပ်ထားကာ အတုံးလေးများ ပိုင်းလိုက်သည်။ ပဲနီလေးအစာကို ဖြန့်ခင်းပြီး အောက်ပိုင်းကို အမြောင်းလိုက် လှီးကာ အပေါ်မှ အောက်သို့ လိပ်လိုက်သည်။ ထို့နောက် အပူပေးထားသည့် မုန့်ကင်မီးဖိုထဲသို့ ထည့်လိုက်သည်။ ရှန်မြောင်တစ်ယောက်တည်း အလုပ်များနေချိန်တွင် ကျိအာသည် မျက်လုံးကို ပွတ်သပ်ရင်း ထွက်လာပြီး ဘာမှမပြောဘဲ မီးကူမွှေးပေးလေသည်။
"နိုးသွားတာလား"
ရှန်မြောင်က စားပွဲပေါ်မှ လှီးထားသည့် ကြက်သားပြားတစ်တုံးကို ယူပြီး ကျိအာ ပါးစပ်ထဲ ထည့်ပေးလိုက်သည်။
"မဟုတ်ဘူး... မွှေးလွန်းလို့ နိုးလာတာ"
ရှန်ကျိသည် ကြက်သားကို ဝါးရင်း ယပ်တောင်ဖြင့် မီးဖိုကို ခပ်ပေးနေသည်။
ရှန်မြောင် ပြုံးလိုက်မိသည်။ ပေါင်မုန့်ကင်လိုက်လျှင် အခန်းတစ်ခုလုံး မွှေးကြိုင်သွားသည်မှာ အမှန်ပင်။ အရင်တုန်းကလည်း သူမသည် မုန့်တိုက်များမှ ထွက်လာသည့် အနံ့ကို သဘောကျခဲ့သည်။ ထိုအနံ့က နွေးထွေးမှုနှင့် တည်ငြိမ်မှုကို ပေးစွမ်းနိုင်သည်။
အဒေါ်လီအိမ်က အချိန်မှန်သည့် ကြက်ဖကြီး ခြံစည်းရိုးပေါ်တက်ပြီး တွန်သည့်အချိန်တွင် ရှန်မြောင် လုပ်လို့ပြီးသွားလေပြီ။ သူမသည် လက်မောင်းနှင့် ခါးကို ထုရိုက်လိုက်ပြီး မော့ကြည့်လိုက်ရာ ပြတင်းပေါက်အပြင်ဘက်မှ မဲမှောင်နေသည့်ကောင်းကင်သည် မီးခိုးရောင် ပြောင်းသွားကာ အရှေ့ဘက် မိုးကုပ်စက်ဝိုင်းတွင် လင်းစပြုလာပြီ ဖြစ်သည်။ ဆိုင်ခင်းရတော့မည်။
ရှန်းအာလည်း အနံ့မွှေးမွှေးကြောင့် စောစီးစွာ နိုးနေပြီဖြစ်သည်။ သူမဘာသာ အဝတ်အစား ဝတ်ပြီးနောက် ခေါင်းစည်းကြိုးကို ကိုင်ကာ ရှန်မြောင်ကို ခေါင်းဖြီးခိုင်းရန် လာရှာလေသည်။ ရှန်မြောင်က ကျစ်ဆံမြီး၊ မြင်းမြီးနှစ်ခွ၊ လိပ်ပြာပုံဆံထုံး၊ မင်းသမီးဆံထုံး အစရှိသည်ဖြင့် ပုံစံအမျိုးမျိုး ပြောင်းဖြီးပေးပြီးနောက်ပိုင်းတွင် သူမသည် ကျိအာဖြီးပေးသည့် ကြက်သိုက်ဆံပင်ပုံစံကို မနှစ်သက်တော့ပေ။
ရှန်မြောင်သည် သူမကို ခုံပုလေးပေါ် ထိုင်ခိုင်းလိုက်ပြီး ယနေ့တွင် ပန်းဖူးပုံစံ ဆံထုံးနှစ်ဖက်ကို လျင်မြန်စွာ ထုံးပေးလိုက်သည်။ ကြိုးနီလေးဖြင့် စည်းနှောင်ထားပေးရာ ရှန်းအာသည် နားရွက်အနောက်မှ ဆံထုံးလုံးလုံးလေးနှစ်ခုကို စမ်းကြည့်ပြီး အပြင်သို့ ပြေးထွက်ကာ မီးဖိုဆောင်အပြင်ဘက် ရေအိုးကြီးထဲ ငုံ့ကြည့်လိုက်သည်။ သူမပုံစံကို မြင်လိုက်ရသည့်အခါ မျက်လုံးလေးများ ကွေးသွားသည်အထိ ပြုံးလိုက်လေသည်။
"မကြီး ဖြီးပေးတဲ့ ဆံပင်ကမှ လှတာ"
ရှန်းအာကို ဖြီးပေးပြီးနောက် ရှန်မြောင်သည် ကျိအာကိုပါ ဆွဲခေါ်ပြီး ခေါင်းဖြီးပေးလိုက်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က အလုပ်ရှုပ်နေသဖြင့် သူ့ကို သေချာ မပြင်ဆင်ပေးဖြစ်ပေ။ သူက နေ့တိုင်း ဆံပင်ကို စုစည်းပြီး ဘေးနှစ်ဖက်တွင် အထုံးနှစ်ခု ထုံးထားတတ်သည်။ သူ့၏ လေးနက်တည်ကြည်သည့် မျက်နှာပေးနှင့်ဆိုလျှင် ထိုဆံပင်ပုံစံက ရယ်စရာကောင်းနေသည်။
ဒီခေတ်က ကလေးဆံပင်ပုံစံများက ရယ်စရာကောင်းသည်။ တချို့ကလေးများဆိုလျှင် ခေါင်းတုံးတုံးထားပြီး ထိပ်လယ်ခေါင်နှင့် နောက်စေ့ ဘေးနှစ်ဖက်တွင် ဆံပင်အနည်းငယ် ချန်ကာ ကျစ်ဆံမြီး သို့မဟုတ် အထုံးလေးများ ထုံးထားတတ်ကြသည်။ ယင်းကို "ဖိုကျောင်" ဟု ခေါ်သည်။
ကျိအာကတော့ ခေါင်းမရိတ်ထားပေ။ အရင်က နေမကောင်းဖြစ်ထားသဖြင့် ဆံပင်ကို ဖားလျားချထားသည်မှာ တစ်ရက်နှစ်ရက် ရှိပြီ။ နောက်ပိုင်း နေကောင်းလာသော်လည်း သူက အထုံးနှစ်ခု ဆံပင်ပုံစံကိုသာ လုပ်တတ်သည်။
ရှန်မြောင်က သူ့ကို ဆံထုံးတစ်ဝက်ထုံးသည့် ပုံစံ ပြင်ပေးရန် ဆုံးဖြတ်လိုက်သည်။
သူ့အရွယ် ကလေးက ဆံပင်ထားတာ မကြာသေးသဖြင့် ဆံပင်အရှည်က ပခုံးအောက် တစ်လက်မ နှစ်လက်မခန့်သာ ရှိသေးသည်။ ရှန်မြောင်က လက်ဖြင့် သပ်တင်ပြီး စုစည်းလိုက်ရာ နဖူးနှင့် နားထင်ဘေးမှ အသစ်ထွက်စ ဆံပင်နုလေးများကို စည်း၍ မရသဖြင့် ထိုအတိုင်း ချထားလိုက်ရသည်။
စည်းလို့ရသည့် ဆံပင်များကို ခေါင်းထိပ်တွင် စုစည်းပြီး အဝိုင်းပုံစံ ဆံထုံးထုံးကာ အဝတ်အစားနှင့် အရောင်တူသည့် အပြာရောင် အဝတ်စဖြင့် စည်းပေးလိုက်သည်။ ရှန်မြောင်သည် အဝတ်စကို တမင်သက်သက် အရှည်ချန်ထားပြီး ခေါင်းနောက်ဘက်တွင် တွဲလောင်းချထားလိုက်သည်။ ခေါင်းဖြီးပြီးနောက် လူကို ဆွဲထူကာ ဘယ်ကြည့်ညာကြည့် ကြည့်လိုက်ရာ ကျိအာမှာ ရှက်လွန်းသဖြင့် ပုစွန်ပြုတ်ကဲ့သို့ နီရဲသွားတော့သည်။ ထိုအခါမှ ရှန်မြောင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ရှန်မိသားစုဝင်များ၏ ရုပ်ရည်က မဆိုးကြပေ။ အသားအရေလည်း ဖြူကြသည်။ ကျိအာသည် ဤဆံပင်ပုံစံကြောင့် လူပျိုပေါက် ကောင်လေးတစ်ယောက်နှင့် တူသွားလေသည်။
မျက်နှာသွင်ပြင် သန့်ရှင်းကြည်လင်ပြီး တကယ် ကြည့်ကောင်းနေလေသည်။
ရှန်မြောင်တစ်ယောက် ယနေ့တွင် ဦးလေးကုအိမ်မှ လှည်းမငှားတော့ပေ။ မနေ့က ဝယ်ထားသည့် ဝါးခြင်းတောင်းကြီးနှင့် ထမ်းပိုးက အသုံးဝင်လာပြီ ဖြစ်သည်။ အိမ်တွင်လည်း ခြံစည်းရိုးနှင့် တံခါးရှိပြီဖြစ်သဖြင့် အိမ်စောင့်ကျန်ခဲ့ရန် မလိုတော့ပေ။ သူမသည် ပါဝင်ပစ္စည်းများကို ဝါးခြင်းတောင်းထဲထည့်ပြီး လွယ်လိုက်သည်။ စားပွဲနှင့် မီးဖိုကို ထမ်းပိုးဖြင့် ထမ်းလိုက်သည်။ လက်တစ်ဖက်က ထမ်းပိုးကို ကိုင်ထားပြီး ရှန်းအာက သူမအတွက် ခုံပုလေးကို ကူသယ်ပေးသည်။ ကျိအာကတော့ မီးသွေးထည့်ထားသည့် ခြင်းတောင်းကို ဆွဲလာသည်။
လူသုံးယောက် ငွေရှာရန်အတွက် တက်ကြွစွာ ထွက်ခွာလာကြလေသည်။
ရှန်မြောင် ဆိုင်ခင်းပြီးသည်နှင့် ကျိအာကို ခြင်းတောင်းငယ်လေး ပေးလိုက်သည်။ အထဲတွင် အတုံးလိုက်လှီးထားသည့် ပဲနီလေးပေါင်မုန့်တန်း နှစ်တန်း ပါလေသည်။ စာအုပ်ဆိုင်ရောက်လျှင် ဆိုင်ရှင်နှင့် အကူကောင်လေးကို မုန့်ဝေကျွေးရန် မှာကြားပြီးနောက် စာကူးရန်လွှတ်လိုက်သည်။ ရှန်းအာကိုတော့ သူမဘေးနားတွင် ထားလိုက်သည်။ ရှန်မြောင်က ရှန်းအာကို ငွေကူသိမ်းခိုင်းရန် စီစဉ်ထားသဖြင့် သူမအနေဖြင့် မုန့်လုပ်ခြင်းကိုသာ အာရုံစိုက်နိုင်မည် ဖြစ်သည်။
ဒီနေ့ သူမရောက်သည်နှင့် မနေ့က မုန့်မစားလိုက်ရသည့် ဖောက်သည်များက လာစောင့်နေကြပြီ ဖြစ်သည်။
ချမ်းသာပုံရသည့် လူကောင်ကြီးကြီးနှင့် အမျိုးသားက ချက်ချင်းပင် မုန့် ၃ ခု ယူမည်ဟု ပြောလာသည်။ ဆော့စ်ကိုလည်း နှစ်ဆထည့်ခိုင်းသဖြင့် ရှန်မြောင် အလုပ်ရှုပ်သွားတော့သည်။ ရှန်းအာက စားပွဲဘေးက ခုံပုလေးပေါ်တွင် လိမ္မာစွာ ထိုင်နေပြီး ရှန်မြောင် သူမအတွက် သီးသန့်လုပ်ပေးထားသည့် သူမခေါင်းထက်ပင် ကြီးမားသော ပဲနီလေးပေါင်မုန့်ကြီးကို ကိုက်ဝါးနေလေသည်။
ဤပဲနီလေးပေါင်မုန့်တန်းသည် မီးဖိုထဲ မထည့်ခင် အပေါ်မှ သကြားရည် သုတ်ထားသဖြင့် ရွှေအိုရောင်သန်းနေပြီး ကြွပ်ရွသော အလွှာလေး ဖြစ်နေသည်။ တစ်ကိုက် ကိုက်လိုက်လျှင် အပြင်က ကြွပ်ရွပြီး အတွင်းသားက ပွနေကာ လက်ဖြင့် ဆွဲဖဲ့လိုက်ပါက အမျှင်တန်းနေလေသည်။ ပဲနီလေးအစာက နူးညံ့သော်လည်း လက်ဖြင့် ထောင်းထားခြင်း ဖြစ်သဖြင့် အစေ့အဆန်လေးများ ပါဝင်နေကာ စားရသည်မှာ အရသာ ပိုရှိလေသည်။
ရှန်းအာက ဒီနေ့တွင် ရှန်မြောင် ချုပ်ပေးထားသည့် ငန်းဝါရောင် အဝတ်အစားကို ဝတ်ထားသည်။ နားရွက်နောက်က ဆံထုံးလုံးလုံးလေးနှစ်ခုကို ကြိုးနီလေးဖြင့် လိပ်ပြာပုံစံ စည်းထားပြီး ကြိုးစလေးများက နားရွက်ဘေးတွင် တွဲလောင်းကျနေသည်။ သူမ၏ ဖောင်းကားနေသည့် ပါးဖောင်းဖောင်းလေးများကို ပိုပြီး ဝိုင်းစက်ကာ ဖြူဥနေစေသည်။
သူမသည် အစားအသောက်ကိုသာ အာရုံရောက်နေလေသည်။ လက်နှစ်ဖက်ဖြင့် ပေါင်မုန့်တန်းကြီးကို ကိုင်ကာ တစ်ကိုက်ပြီး တစ်ကိုက် စားနေသည်။ ပါးစပ်ထောင့်တွင် ပဲနီလေးအနှစ်များ ပေကျံနေပြီး ဆန်အိုးထဲ ကျသွားသည့် ရှဉ့်ကလေးတစ်ကောင်နှင့် တူနေတော့သည်။
ရှန်းအာလို ထမင်းစားမြိန်ပြီး ဖက်တီးလေးဖြစ်နေသည့် ကလေးမျိုးက အဘိုးအဘွားတိုင်း လိုချင်သည့် မြေးပုံစံမျိုး ဖြစ်သည်။ သူမက ဘေးနားတွင် အရသာရှိရှိ စားပြနေသဖြင့် ရှန်မြောင်အတွက် သက်ကြီးရွယ်အို ဖောက်သည်များကို ဆွဲဆောင်ပေးနိုင်ခဲ့သည်။ ရှန်းအာနှင့် ရွယ်တူကလေးများလည်း စိတ်ဝင်စားသွားကြပြီး မိဘများ၏ အင်္ကျီစကို ဆွဲကာ လက်ညှိုးစုပ်ရင်း မျက်တောင်မခတ် တောင်းဆိုနေကြတော့သည်။
"ဒီကလေးက စားကောင်းလိုက်တာ၊ ကျန်းမာရေးလည်း ကောင်းပုံရတယ်" တောင်ဝှေးထောက်ထားသည့် အဘွားအိုတစ်ဦးက ရှန်းအာ အားရပါးရ စားနေသည်ကို ပြုံးပြီး ကြည့်နေသည်။
"ကလေးအလိမ္မာလေးက တကယ်စားနိုင်တာပဲ၊ စားနိုင်တာ ကောင်းတယ်၊ နောက်ဆို ချမ်းသာမယ့် ကလေးပဲ"
ရှန်မြောင် ပြုံးလိုက်ပြီး "အစုံပါ" ရှိုကျွားပင်မုန့် နှစ်ခုကို လုပ်ပြီးသည်နှင့် ထိုလူကောင်ကြီးကြီး အမျိုးသားကို ပေးလိုက်သည်။ ထို့နောက် စားပွဲထောင့်က ဝါးခွက်ကို ရှန်းအာဆီ ကမ်းပေးလိုက်သည်။
"ရေနွေးကြမ်း သောက်လိုက်ဦး၊ နင်နေမယ်"
ဒါက စောစောက ဝဖိုင့်ဖိုင့်အစ်မကြီး လာပေးထားသည့် ဆီးသီးချိုရည် ဖြစ်သည်။
ရှန်းအာသည် ဝါးခွက်ကို လိမ္မာစွာ ကိုင်ပြီး ရည်နွေးကြမ်း သောက်လိုက်သည်။ ထို့နောက် ပေါင်မုန့်ကြီးကို ဆက်စားလေသည်။
"အနံ့က မွှေးလိုက်တာ၊ ရှန်ညန်ဇီရေ... ဒါက ဘာမုန့်လဲ၊ မုန့်က အနံ့မွှေးပြီး ချိုမယ့်ပုံပဲ" ထိုအဘွားအိုသည် လေထဲတွင် ပျံ့လွင့်နေသည့် ပေါင်မုန့်ကင်နံ့ကို မနေနိုင်ဘဲ ရှူရှိုက်ရင်း မေးလိုက်သည်။
"ဒါက ကျွန်မလုပ်ထားတဲ့ ပဲနီလေးမန်ထိုပါ"
ရှန်မြောင်သည် ဒီခေတ်နှင့် ကိုက်ညီမည့် နာမည်တစ်ခုကို စဉ်းစားပြီး ပေးလိုက်သည်။ စားပွဲပေါ်တွင် ပိတ်စပါးဖြင့် အုပ်ထားသည့် ပဲနီလေး ပေါင်မုန့်တန်းကို ဖွင့်ပြလိုက်သည်။
"သာမန် မန်ထိုတွေက ပေါင်းကြတာများတယ်လေ၊ ကျွန်မက ကင်ကြည့်ရင် ကောင်းမလားဆိုပြီး စမ်းလုပ်ကြည့်တာပါ။ ကျွန်မ ညီမလေး စားနေတာက မလှီးရသေးတဲ့ဟာ၊ တကယ်တော့ တစ်တန်းကို လေးပိုင်း ပိုင်းလို့ရတယ်။ မိသားစု သုံးယောက် မနက်စာအတွက် ရေနွေးကြမ်းနဲ့ တွဲစားရင် လုံလောက်တယ်၊ ၈ ဝမ်ပဲ ပေးရမှာ။ တစ်တုံးချင်း ဝယ်ချင်လည်း ရတယ်၊ တစ်တုံးကို ၃ ဝမ်ပါ။ အဒေါ်ကြီး ကြည့်ပါဦး၊ အားလုံးက သန့်စင်ထားတဲ့ ဂျုံနုနဲ့ လုပ်ထားတာ၊ အထဲမှာ ကြက်ဥနဲ့ သကြားလည်း ပါတယ်။ ပဲနီလေးအစာလည်း အများကြီး ပါတယ်။ ဒီမနက်မှ စောစောထပြီး ကင်လာတာ၊ အရသာက အရမ်းကောင်းတယ်။ အဒေါ်ကြီး ဝယ်သွားလို့ ဒီနေ့ မကုန်ရင်တောင် မနက်ဖြန် ဆက်စားလို့ ရသေးတယ်။ အခု ရာသီဥတုနဲ့ဆိုရင် နှစ်ရက် သုံးရက်လောက် အထားခံတယ်"
ပြောရင်းဆိုရင်း ဓားငယ်လေးဖြင့် တစ်တုံး လှီးထုတ်လိုက်ပြီး အတုံးသေးလေးများ ထပ်ပိုင်းကာ မြည်းစမ်းခိုင်းလိုက်သည်။
ပိုက်ဆံပေးစရာ မလိုသည့်အရာဆိုလျှင် ခဏလေးနှင့် ကုန်သွားတတ်သည်။ ပထမဆုံး လာမေးသည့် အဘွားအိုက တစ်တုံးလောက် လုယူပြီး ပါးစပ်ထဲ ထည့်လိုက်ရာ ချိုမြမြ၊ နူးညံ့အိစက်သည့် အရသာက လျှာပေါ်တွင် ပျံ့နှံ့သွားလေသည်။ သူမ ထပ်စားချင်သေးသော်လည်း ပန်းကန်ပြားထဲတွင် ဘာမှ မကျန်တော့ပေ။
ဒါတင်မကသေးပေ။ ရှန်မြောင်၏ ရှိုကျွားပင်မုန့်ကို စားဖူးသည့် ဖောက်သည်များကလည်း ချက်ချင်း ဝယ်ယူကြတော့သည်။
"ကျွန်တော့်ကို နှစ်တန်းပေး၊ ၁၆ ဝမ် နော်"
"ကျုပ်တို့ကို လေးတန်း ထည့်ပေး၊ အရသာက မိုက်တယ်"
ပဲနီလေး ပေါင်မုန့်တန်းက ခဏလေးအတွင်း တော်တော်များများ ရောင်းထွက်သွားသည်။ ရှန်မြောင်က ရှန်းအာကို ပိုက်ဆံကောက်ခိုင်းလိုက်ရာ ရှန်းအာသည် သူမ၏ ပေါင်မုန့်အကြီးကြီးကို နှမြောတသသဖြင့် ရှန်မြောင်၏ စားပွဲအောက်က ခြင်းတောင်းထဲ ဂရုတစိုက် ထည့်လိုက်လေသည်။ ထို့နောက် ခုံပုလေးပေါ် မတ်တပ်ရပ်ကာ ငွေများကို လိမ္မာစွာ လိုက်ကောက်ပြီး မြေအိုးထဲ ထည့်လေသည်။
ထိုအချိန်တွင် လမ်းတစ်ဖက်ခြမ်းရှိ မုန့်တိုက်ပိုင်ရှင် ဝေ့ယောင်သည် မြည်းလှည်းမောင်းရင်း ဖြတ်သွားလေသည်။ သူသည် ဖောက်သည်မှာထားသည့် မင်္ဂလာဆောင်သုံး မုန့်များကို သွားပို့ခြင်း ဖြစ်သော်လည်း တစ်ခါမှ မရဖူးသည့် မွှေးကြိုင်သော ဂျုံနံ့ကြောင့် ခြေလှမ်းတန့်သွားခဲ့လေတော့သည်။
...
အပိုင်း (၂၂) အော်ဒါအကြီးကြီး ရောက်လာခြင်း
ဝေ့ယောင်သည် မုန့်ဆိုင်ဖွင့်လှစ်လာခဲ့သည်မှာ နှစ်ပေါင်းမနည်းတော့ချေ။ ထို့ကြောင့် ဤအနံ့ကို ရလိုက်သည်နှင့် မရိုးရှင်းကြောင်း သူ သိလိုက်လေသည်။ ထို့ကြောင့် မလိုက်ချင်လိုက်ချင်ဖြစ်နေသည့် ခေါင်းမာသောမြည်းကို အတင်းဆွဲကာ လူအများ ဝိုင်းအုံနေသည့် ဆိုင်လေးရှေ့သို့ မနည်းတိုးဝှေ့ပြီး ခေါင်းပြူကြည့်လိုက်လေသည်။
ရွှေအိုရောင်သန်းနေသည့် အမြှောင်းရှည်ရှည်၊ အပေါ်ခွံကြွပ်ကြွပ်ရွရွနှင့် မန်ထိုကင်များကို စားပွဲပုလေးပေါ်တွင် တင်ထားပြီး ချိုမြိန်သော ဂျုံနံ့သင်းသင်းလေးများ ထွက်ပေါ်နေသည်။ ဤဆိုင်လေးကို စောင့်နေသည့် ဆိုင်ပိုင်ရှင်မှာ ရုပ်ရည်သန့်ပြန့်သော အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး နို့နံ့မစင်သေးသည့် ဝတုတ်တုတ် ကလေးတစ်ယောက်ကိုလည်း ခေါ်ထားလေသည်။ လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်သည် အပေးအယူမျှစွာဖြင့် စားသုံးသူများအတွက် မန်ထိုကင်များကို သွက်လက်ချက်ချာစွာ ထုပ်ပိုးပေးနေကြသည်။
ဤမန်ထိုကင်ကို ကြည့်လိုက်သည်နှင့် လတ်လတ်ဆတ်ဆတ် ကင်ထားမှန်း သိသာနေသည်။ အရောင်အဆင်း တောက်ပပြီး ဆီရောင်လေးများ လက်နေလေသည်။ ဝေ့ယောင်သည် မျက်လုံးများကို ကစားလိုက်ပြီး စားသုံးသူများက သူမကို ရှန်ညန်ဇီ ဟု ခေါ်ဝေါ်နေကြသည်ကို ကြားလိုက်ရသဖြင့် သူကလည်း လိုက်ခေါ်လိုက်လေသည်။
“ရှန်ညန်ဇီ ကျွန်တော်လည်း တစ်ခုလောက် ဝယ်မယ်”
“ဒီကဧည့်သည် မင်္ဂလာပါရှင်၊ ကျွန်မတို့ဆီက မန်ထိုကင်တစ်ချောင်းကို ၈ဝမ်ပါ၊ အထဲမှာ ပဲနီဌာပနာအပြည့်ပါတယ်၊ ၈ဝမ်ကျပါတယ်ရှင်၊ စားကောင်းရင် နောက်တစ်ခေါက် လာအားပေးပါဦးနော်”
“ဦးလေး စားကောင်းရင် ထပ်လာနော်”
ဝတုတ်တုတ်ကလေးက ပိုက်ဆံကို လက်ခံလိုက်ပြီး မျက်လုံးလေးများ ကွေးညွှတ်သွားသည်အထိ ပြုံးကာ ဝင်ပြောလိုက်လေသည်။
ဝေ့ယောင်သည် ကလေးငယ်၏ နို့နံ့မစင်သေးသည့် အသံဖြင့် ဈေးခေါ်သံကြောင့် အမှတ်မထင် ပြုံးလိုက်မိသည်။ သို့သော် သူ ဘာမှမပြောရသေးခင်မှာပင် တခြားလူများက တိုးဝေ့လာသဖြင့် မြည်းရောလူပါ အပြင်ဘက်သို့ ရောက်သွားတော့သည်။
ထို့ကြောင့် သူသည် အနောက်သို့သာ ဆုတ်လိုက်ရပြီး လက်ထဲတွင် အနွေးဓာတ်ကျန်နေသေးသည့် ပဲနီဌာပနာမန်ထိုကင်ကို ငုံ့ကြည့်လိုက်လေသည်။
၈ဝမ်ဆိုသည်မှာ ဈေးမကြီးလှပေ။
သူ့ဆိုင်တွင် သေသပ်လှပသော မုန့်များကို တစ်ဗူးလျှင် ဝမ်၁၀၀ဖြင့် ရောင်းချသည်များ ရှိသော်လည်း ဤကဲ့သို့သော မုန့်မျိုးကိုတော့ မမြင်ဖူးခဲ့ချေ။ မန်ထိုကင်ကို ယူပြီးနောက် မြည်းကိုဆွဲကာ အပြင်ဘက်သို့ ဆက်လျှောက်လာရင်း တစ်ကိုက်ကိုက်လိုက်လေသည်။
ဝေ့ယောင်၏မျက်လုံးများ အရောင်လက်သွားတော့၏။
ပထမဆုံး အပေါ်ခွံက ကြွပ်ရွနေပြီးနောက် မန်ထိုကင်၏ အလွန်နူးညံ့အိစက်သော အရသာကို ခံစားလိုက်ရသည်။ သို့သော် နှစ်ချက်လောက် ဝါးကြည့်လိုက်သောအခါ အနည်းငယ် စီးပိုင်သော အရသာပါ ရှိနေပြန်သည်။
အထဲတွင် ပဲနီဌာပနာ တစ်လွှာသာ ပါသော်လည်း နူးညံ့အိစက်ပြီး မအီဘဲ ချိုမွှေးနေလေသည်။ သူသည် စားရင်းစားရင်း ခေါင်းညိတ်မိသွားတော့သည်။ ပဲနီဌာပနာကို ဤမျှကောင်းမွန်အောင် ပြုလုပ်နိုင်ရန် လွယ်ကူသည်မဟုတ်ပေ။
ဝေ့ယောင်သည် အစားအသောက် ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။ သူ့ဆိုင်တွင် မုန့်လုပ်သည့် ဆရာနှစ်ယောက်ကို ငှားရမ်းထားသော်လည်း ယခု တစ်ကိုက်ကိုက်လိုက်သည်နှင့် ဆိုင်မှ ဆရာအိုကြီးနှစ်ယောက်၏ နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သော လက်ရာသည်ပင် ဤအမျိုးသမီးငယ် ရှန်ညန်ဇီကို မမီသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် နှစ်ကိုက် သုံးကိုက်ဖြင့် အကုန်စားလိုက်ပြီးနောက် ပြန်လှည့်သွားကာ မေးမြန်းချင်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။ သို့သော် လူများက ရှုပ်ထွေးနေပြီး လက်ထဲတွင်လည်း အရေးကြီးဧည့်သည်၏ ကုန်ပစ္စည်းများ ရှိနေသဖြင့် နောက်ဆုံးတွင် သူသည် အလုပ်ရှုပ်နေဆဲဖြစ်သော ရှန်မြောင်ကို လှမ်းကြည့်လိုက်ရုံသာ တတ်နိုင်လိုက်လေသည်။
သူက သူမ၏ပုံစံကို မှတ်သားထားလိုက်သည်။ မနက်ခင်းဈေး လူကွဲသွားလျှင် သူ ပြန်လာမေးဦးမည်ဟု တွေးထားလိုက်၏။ သူ့စိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခု ပေါ်လာခဲ့၏။ ဤရှန်ညန်ဇီက သူ့မုန့်ဆိုင်တွင် မုန့်လာလုပ်ပေးချင်စိတ် ရှိမရှိ မသိပေ။
ဝေ့ယောင်၏မုန့်ဆိုင်သည် အရှိန်အဝါ မသေးငယ်ပေ။ ကျင်းလျန်တံတား မြောက်ဘက်လမ်းရှိ ထုံကူလမ်းကြားမှ ဆိုင်နှစ်ဆိုင်လုံးသည် သူ့ဆိုင်များဖြစ်သည်။ သို့သော် ယခုနောက်ပိုင်းတွင် ပတ်ဝန်းကျင်၌ မုန့်ဆိုင်များ များပြားလာသဖြင့် သူ့ဖောက်သည်ဟောင်း အများအပြားသည် တခြားဆိုင်များသို့ ရောက်ကုန်ကြပြီး စီးပွားရေးသည် တဖြည်းဖြည်း ပါးလာခဲ့သည်။ သူသည် လုပ်စရာမရှိ ဖြစ်နေသော်လည်း စိတ်ထဲတွင် မီးလောင်နေသကဲ့သို့ ပူပန်နေရလေသည်။
ထို့ကြောင့် ယနေ့တွင် သူကိုယ်တိုင် ကုန်ပစ္စည်း လိုက်ပို့ရခြင်းဖြစ်သည်။ ပထမအချက်မှာ လေးစားမှုကို ပြသရန်ဖြစ်ပြီး ဒုတိယအချက်မှာ ခြံဝင်းကျယ်ကြီးများထဲမှ အဝယ်တော်များကို လာဘ်ထိုးကာ တန်ဖိုးရှိသော ဖောက်သည်ဟောင်းများကို ပြန်လည်ဆွဲဆောင်ရန် ဖြစ်သည်။
သို့သော် ဤကဲ့သို့ တစ်မူထူးခြားပြီး အရသာရှိသော မုန့်မျိုးသာ ရောင်းချရလျှင်... ဝေ့ယောင်၏မျက်လုံးများထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ ထွက်ပေါ်လာတော့၏။
ဝေ့ယောင်၏ ခြေလှမ်းများသည် ပိုမိုမြန်ဆန်လာခဲ့သည်။ ပစ္စည်းပို့ပြီးသည်နှင့် သူ သေချာပေါက်ပြန်လာပြီး ဤရှန်ညန်ဇီကို နားချရပေလိမ့်မည်။
.....
တစ်ဖက်တွင်တော့ ရှန်မြောင်သည် တစ်စုံတစ်ယောက်က သူမကို ခေါ်ယူချင်နေမှန်း မသိခဲ့ပေ။ သူမသည် ရှိုကျွားပင် လုပ်နေရင်း တစ်ဖက်မှ မြေးအဘွားနှစ်ယောက်အတွက် ပဲနီဌာပနာပေါင်မုန့်တန်း အကြီးကြီးတစ်တန်းကို ထည့်ပေးနေရသည်။
ထိုအဘွားအိုသည် ငွေရှင်းပြီးနောက် သူမ၏ခြေထောက်ကို အတင်းဖက်ထားသော မြေးဖြစ်သူကို ခေါ်ကာ တစ်ဖက်သို့ သွားစားလေသည်။ မြေးဖြစ်သူကို အရင်ဆုံး တစ်ဖဲ့ ဖဲ့ကျွေးလိုက်ပြီး ကိုယ်တိုင်လည်း အလျင်အမြန် တစ်ဖဲ့ ဖဲ့ယူကာ စားလိုက်လေသည်။
အို... ခုနက မြည်းစမ်းကြည့်တုန်းက တစ်ဖဲ့လေးပဲ ရလိုက်တာ၊ အခုမှပဲ အားရပါးရ ရှိတော့တယ်။ အင်း... မဆိုးဘူးပဲ။ ပဲနီဌာပနာက နူးနူးညံ့ညံ့ ချိုမြမြလေး။ ကိုက်လိုက်တာနဲ့ ပါးစပ်ထဲမှာ အရည်ပျော်သွားသလိုပဲ။ ဖြည်းဖြည်းချင်း အရည်ပျော်ကျသွားတဲ့ အရသာက သိပ်ကောင်းတာပဲ။ ဒီမန်ထိုကင်က ကောင်းလိုက်တာ၊ သူမလို သွားမကောင်းတဲ့ လူကြီးတွေတောင် စားလို့ရတယ်။
အိမ်တွင် အစားရွေးတတ်သော သူမ၏မြေးလေးဆိုလျှင် တစ်တုံးကြီးကိုပင် ကုန်အောင်စားပြီးသွားပြီ။ ထို့နောက် စိတ်မရှည်နိုင်စွာဖြင့် သူမ၏ဘောင်းဘီစကို လှမ်းဆွဲကာ ပြောလေသည်။
“အဘွား သား ထပ်စားချင်တယ်၊ ထပ်စားချင်တယ်”
အဘွားအိုလည်း နောက်တစ်ဖဲ့ ဖဲ့ကျွေးလိုက်သည်။ လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်သည် တံတားတိုင်အောက်တွင် ထိုင်ကာ အကုန်ပြောင်အောင် စားလိုက်ကြသည်။
စားပြီးသွားသော်လည်း အားမရနိုင်သေးဘဲ မြေးလေးက မဝသေးကြောင်း ပူဆာနေပြန်သည်။ ဤကလေး ဤမျှလောက် အစားစားချင်စိတ် ဖြစ်ပေါ်လာသည်မှာ ပထမဆုံးအကြိမ်ပင်။
အဘွားအိုသည် အံ့ဩဝမ်းသာဖြစ်သွားပြီး မြေးလေးကို ဆွဲကာ မုန့်ဆိုင်လေးထဲသို့ အတင်းတိုးဝင်လိုက်သည်။ သို့သော် ခဏလေးအတွင်းတွင် စားပွဲပေါ်၌ အထပ်လိုက် စီထားသော ပဲနီဌာပနာမန်ထိုကင်များသည် ကုန်ခါနီးဖြစ်နေပြီး နောက်ဆုံး ၄၊ ၅ ချောင်းလောက်သာ ကျန်တော့သည်။ အဘွားအိုက အလုအယက် ပြောလိုက်လေသည်။
“ကျွန်မ နောက်ထပ် နှစ်ချောင်းလောက် ထပ်ယူမယ်”
.........
မနက်ခင်းဈေး ကွဲလုနီးပါးဖြစ်ပြီး နေလည်း မြင့်တက်လာပြီ။ ပြန့်ကျင်းမြို့တွင်းမှ အမှုထမ်းငယ်များသည် ဝါးလုံးရှည်ကို ကိုင်မြှောက်ကာ လမ်းဘေးဝဲယာရှိ ကြိုးကြာရုပ် ကျောက်မီးအိမ်များထဲမှ ဖယောင်းတိုင်မီးများကို လိုက်လံငြှိမ်းသတ်နေကြသည်။ ရှဲ့ချီသည် အဝတ်အစားလဲပြီးနောက် မိခင်ဖြစ်သူ သခင်မရှီးနှင့်အတူ လှည်းစီးကာ ကျင်းလျန်တံတားကို ဖြတ်ပြီး မြို့ပြင်သို့ ထွက်လာခဲ့သည်။ ချွေးမိသားစုက ပြန်လွှတ်လိုက်သော မင်္ဂလာလက်ဖွဲ့များကို သွားယူရန်ဖြစ်သည်။
သူ ပြန့်ကျင်းသို့ ပြန်ရောက်ပြီးနောက် ဦးလေးဖြစ်သူ၏ စကားအတိုင်း ဝမ်းကွဲအစ်မ အသည်းအသန် ဖျားနာနေကြောင်း မိဘများကို ပြောပြခဲ့ပြီး ကျန်သည့်ကိစ္စများကို နှုတ်ပိတ်ထားခဲ့သည်။ ရှဲ့မိဘနှစ်ပါးကလည်း သူသည် ဝမ်းကွဲအစ်မ ရုတ်တရက် ရောဂါရပြီး လက်ထပ်ပွဲ ပျက်သွားသည့်အတွက် စိတ်မကောင်းဖြစ်နေသည်ဟု ထင်မှတ်ကြသည်။ ထို့ကြောင့် သူ့ကို နှစ်သိမ့်ပေးရုံသာမက ဖခင်နှင့်မိခင်တို့က ချွေးမိသားစုထံ စာရေးပြီး လက်ထပ်ပွဲဖျက်သိမ်းသည့် ကိစ္စကို စီစဉ်ဆောင်ရွက်ရာတွင်လည်း သူ့ကို အသိမပေးဘဲ ထားခဲ့ကြသည်။
ယနေ့တွင်တော့ ကိစ္စအားလုံး ပြီးပြတ်သွားပြီဖြစ်၍ ပစ္စည်းသွားယူရုံသာ ရှိတော့သည်။
သခင်မရှီးသည် ရှဲ့ချီ မျက်နှာသေဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ကြင်နာစွာ နှစ်သိမ့်လေသည်။
“ရှဲ့ကျိုကော... ကံတရားဆိုတာ ရရင်လည်းရမယ် မရရင်လည်း မရဘူးဆိုတာမျိုးပါပဲ၊ သားက ငယ်ငယ်ကတည်းက ကံဆိုးတတ်တယ်လေ... ငယ်ငယ်တုန်းက လမ်းမကြီးပေါ် မီးပုံးပွဲသွားကြည့်ရင် မီးပုံးက သေချာပေါက် မီးလောင်တယ်၊ ကျင်းမင်ရေကန်ကို အလည်သွားရင် ရေထဲကျတယ်၊ ပညာသင်ထွက်ပြန်တော့လည်း အလိမ်ခံရ အခိုးခံရတယ်... ကိစ္စတိုင်း အဆင်ပြေတယ်ဆိုတာ မရှိသလောက်ပါပဲ၊ အမေလည်း အစတုန်းကတော့ စိတ်ပူပေမယ့် အခုတော့ ရိုးနေပါပြီ၊ သားရဲ့မင်္ဂလာပွဲ အခက်အခဲဖြစ်တာကို အမေ သိပ်မအံ့ဩပါဘူး၊ သားလည်း အရမ်း ခံစားမနေပါနဲ့၊ ပြီးတော့... ချန်ကျိုးကို လွှတ်လိုက်တဲ့ အမေတို့လူတွေ ပြောပြချက်အရ ဝမ်ညန်ဇီကို တွေ့ခဲ့တယ်တဲ့၊ မျက်နှာမှာ သွေးရောင်မရှိဘဲ ကုတင်ပေါ်မှာ စာရွက်တစ်ရွက်လို ပါးပါးလေး လဲနေတာ၊ တကယ့်ကို ရောဂါကြီးကြီးမားမား ဖြစ်နေတဲ့ပုံပါပဲ၊ သားရဲ့ဦးလေးနဲ့အဒေါ်က နှစ်ဖက်မိသားစု ခင်မင်မှုကိုထောက်ပြီး လက်ထပ်ပွဲ ဖျက်သိမ်းပေးတာပါ၊ အပြင်လူတွေကိုလည်း ငါတို့မိသားစု နာမည်ပျက်အောင် မပြောခဲ့သလို တင်တောင်းထားတဲ့ လက်ဖွဲ့တွေကိုလည်း နှစ်ဆပြန်လျော်ပေးခဲ့တယ်လေ၊ ကောင်းကောင်းမွန်မွန် ပြီးဆုံးသွားတယ်လို့ပဲ မှတ်ယူရမှာပေါ့၊ သား သိပ်ပြီး ဝမ်းနည်းမနေပါနဲ့”
ရှဲ့ချီ၏ မျက်ခုံးများ လှုပ်ရှားသွားသည်။ ဝမ်းကွဲအစ်မ အသက်ရှင်နေသေးသည်လား။
ပြောပုံအရဆိုလျှင် သူမ ဗိုက်ထဲက ကလေးကို မထိန်းနိုင်လိုက်ဟု ထင်ရသော်လည်း အသက်ရှင်ကျန်ရစ်ခဲ့သည်က မဆိုးလှပေ။ နောင်တွင် သူသည် ဤလျှို့ဝှက်ချက်ကို တစ်သက်လုံး သိမ်းဆည်းထားမည်။ သို့မှသာ ဝမ်းကွဲအစ်မ၏ နောက်တစ်ပိုင်းဘဝ အေးချမ်းနိုင်ပေလိမ့်မည်။
ရက်ပေါင်းများစွာ စိတ်ရှုပ်ထွေးနေခဲ့သော မျက်နှာထားသည် ချက်ချင်း ပြေလျော့သွားပြီး အပြုံးရိပ်လေးများ ထွက်ပေါ်လာလေသည်။
“အမေပြောတာ မှန်ပါတယ်”
ရှဲ့ချီ၏ မျက်နှာသွင်ပြင်သည် အလွန်ကြည့်ကောင်းသည်။ မျက်ဝန်းထောင့်များ အနည်းငယ် တုံးပြီး မျက်လုံးများက နက်မှောင်ကာ ဝိုင်းစက်နေသည်။ ထို့ကြောင့် အနည်းငယ် ပြုံးလိုက်သည်နှင့် အလွန်နူးညံ့သိမ်မွေ့ပြီး လူကြီးလူကောင်း ပီသသွားလေသည်။
သခင်မရှီးက သူ့လက်ဖမိုးကို ပုတ်ပေးလိုက်သည်။ လှည်းက ကျင်းလျန်တံတားပေါ်သို့ ရောက်လာပြီး လူများကြပ်တည်းနေသဖြင့် ဖြည်းဖြည်းချင်းသာ သွားနေရသည်ကို တွေ့လိုက်ရသည်။ အစားအသောက်မျိုးစုံ၏ အနံ့များက လှည်းဘေးသို့ လွင့်ပျံ့လာသဖြင့် သူမက မျက်တောင်ခတ်လိုက်ပြီး အကဲခတ်သည့်ပုံစံဖြင့် မေးလိုက်လေသည်။
“အမေ ဒီနေ့အလုပ်တွေရှုပ်နေလို့ မနက်စာတောင် မစားရသေးဘူး၊ ဗိုက်ဆာနေပြီ၊ သား အမေနဲ့ အတူတူစားပေးပါလား”
ရှဲ့ချီက ခေါင်းညိတ်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ကောင်းပါပြီ၊ သား အမေနဲ့ အတူတူစားပါ့မယ်”
သခင်မရှီးက ပြုံးလိုက်ပြီး လှည်းအပြင်ဘက်မှ အစေခံကို လှမ်းခေါ်လိုက်သည်။
တကယ်တော့ သူမသည် ရှဲ့ကျိုကော၏ အစေခံကို မေးမြန်းကြည့်ရာ သူသည် ဒီနေ့မနက်တွင် နှစ်လုပ်လောက်သာ စားပြီး တူကို ချထားခဲ့ကြောင်း သိလိုက်ရသဖြင့် ဤသို့ပြောလိုက်ခြင်း ဖြစ်သည်။
ထို့နောက် အိမ်စေအား တံတားပေါ်ရှိ ဈေးတန်းမှ သန့်ရှင်းပြီး အရသာရှိမည့် အစားအစာ အနည်းငယ်ကို အမြန်သွားဝယ်ခိုင်းလိုက်သည်။
လှည်းသည် လူအုပ်ကြားတွင် လိပ်တစ်ကောင်လို ဖြည်းဖြည်းချင်း ရွေ့လျားနေသည်။ ခဏအကြာတွင် လှည်းနံရံကို ခေါက်သံကြားလိုက်ရပြီး အိမ်စေက အထုပ်အပိုးများကို ကမ်းပေးလိုက်သည်။ ဝိုင်ချိုကောက်ညှင်းလုံး၊ ဖက်ထုပ်ကြော်၊ အသားထုပ်နှင့် လော်ပင်းမုန့်များ ပါဝင်လေသည်။
ရှဲ့ချီသည် တစ်ခုချင်းစီ လိုက်ကြည့်လိုက်သော်လည်း အားလုံးက ဆီများပြီး ခံတွင်းမတွေ့လှပေ။ သို့သော် မိခင်ဖြစ်သူ၏ မျှော်လင့်တကြီး အကြည့်များကို ရင်ဆိုင်လိုက်ရသဖြင့် သူသည် နောက်ဆုံးတွင် ပုံစံလေး ကြည့်ကောင်းသော ရွှေအိုရောင် မန်ထိုအရှည်တစ်ချောင်းကို ရွေးလိုက်လေသည်။
ဒါကတော့ မမြင်ဖူးသည့် ပုံစံပင်။
ဤမန်ထိုက သာမန်စားနေကျနှင့်မတူဘဲ အပေါ်တွင် မွှေးကြိုင်သော အပေါ်ခွံအကြွပ်လေး ပါရှိသည်။ အစကတော့ အထဲတွင် အသားဌာပနာ ပါမည်ဟု ထင်ထားသော်လည်း တစ်ကိုက်ကိုက်လိုက်သောအခါ အပေါ်ခွံက ချိုမွှေးကြွပ်ရွပြီး တိမ်တိုက်ကို ကိုက်လိုက်ရသကဲ့သို့ နူးညံ့နေသည်။ အထဲတွင် ဆီရွှဲနေသော အသားများ ထွက်မလာဘဲ လတ်ဆတ်ပြီး နူးညံ့သိပ်သည်းသော ပဲနီဌာပနာများ ပါဝင်နေသည်။
ပဲနီက အနေတော်လေး ချိုပြီး အရသာမပျက်သလို လည်ချောင်းထဲတွင်လည်း စွဲကျန်မနေပေ။ အပြင်ခွံနှင့် လိုက်ဖက်ညီပြီး မထင်မှတ်ထားလောက်အောင် အရသာရှိလှသည်။ သူ၏ ငြိမ်သက်နေသော ခံတွင်းအရသာသည် နိုးကြားလာခဲ့သည်။ ထို့နောက် နောက်တစ်ကိုက် ထပ်ကိုက်လိုက်သောအခါ မကြေညက်သေးသော ပဲစေ့လေးများကိုပါ ဝါးမိလိုက်သဖြင့် ဝါးရသည့် အရသာ ပိုကောင်းသွားလေသည်။
“အမေ ဒီဟာလေး မဆိုးဘူး၊ အမေလည်း မန်ထိုကင် နည်းနည်းလောက် စားကြည့်ပါဦး”
ရှဲ့ချီက ဆီစိမ်စက္ကူထဲမှ ကျန်နေသည်ကို သခင်မရှီးအား ပေးလိုက်လေသည်။
“ဒါ ဘယ်ဆိုင်ကပါလိမ့်၊ အရင်က ဒီလိုလက်ရာမျိုး မစားဖူးဘူး၊ မန်ထိုကို ပဲနီဌာပနာထည့်ပြီး ကင်ထားတာ ဒီလောက်ကောင်းလိမ့်မယ်လို့ ထင်မထားမိဘူး”
သခင်မရှီးလည်း မြည်းစမ်းကြည့်လိုက်ရာ အမှန်ပင် ခေါင်းညိတ်မိလေသည်။
“မဆိုးပါဘူး”
ထို့နောက် ကန့်လန့်ကာကို လှန်လိုက်ပြီး ခုနက မနက်စာသွားဝယ်သည့် အိမ်စေကို မေးလိုက်သည်။ အိမ်တွင် ကျင်းပနေသည့် ကုသိုလ်ဖြစ်ပွဲကိုပင် သတိရသွားလေသည်။
“ဒီမန်ထိုကင်က အရသာရှိသားပဲ၊ ဘယ်ဆိုင်က ဝယ်လာတာလဲ၊ နောက်တစ်ခေါက်ကျရင် သွားမေးကြည့်လိုက်ပါဦး၊ သူတို့တွေ များများလုပ်ပေးနိုင်မလားလို့လေ၊ လုပ်တဲ့အခါကျရင် အသားဆီ သုံးထားသလားပေါ့၊ ဒီနှစ် သားအဘိုးရဲ့မွေးနေ့ပွဲ နီးလာပြီ၊ အမေလည်း ပွဲအတွက် သတ်သတ်လွတ်မုန့် လိုနေတာနဲ့အတော်ပဲ၊ ဒီဟာနဲ့ အစားထိုးလို့ရမလားလို့လေ”
အိမ်စေက ပြုံးပြီး ပြန်ဖြေလိုက်လေသည်။
“သိတဲ့လူပါပဲ၊ သခင်မ မနေ့ကလည်း သူတို့လက်ရာကို မြည်းစမ်းကြည့်ဖူးပါတယ်၊ မနေ့က စန်းကော လူလွှတ်ပြီး ဝယ်ခိုင်းလိုက်တဲ့ ရှိုကျွားပင်ကလည်း ဒီဆိုင်ကပါပဲ၊ နာမည်က ရှန်မိသားစုမုန့်ဆိုင်တဲ့၊ မုန့်လုပ်တဲ့မိန်းကလေးက ချောလွန်းလို့ တချို့က သူ့ကို ရှိုကျွားပင်မယ်လေး လို့တောင် ခေါ်ကြတယ်”
သခင်မရှီးသည် မနေ့ကစားခဲ့သည့် မုန့်ကို သတိရသွားသည်။ တကယ်ပင် ထူးထူးခြားခြား စားကောင်းလှသည်။ ဤ ရှန်မျိုးရိုးနှင့် အမျိုးသမီးငယ်လေးတွင် ထူးခြားသော စိတ်ကူးများ ရှိပုံရသည်ဟု တွေးမိပြီး ပြုံးလိုက်လေသည်။
“ရေစက်ပါပဲလေ၊ မင်းသွားမေးကြည့်လိုက်ပါဦး၊ ကုသိုလ်ဖြစ်ပွဲ ၃ရက်စာအတွက်... အင်း... မန်ထို ၄၅၀ လောက် လုပ်ပေးနိုင်မလားလို့လေ”
ထို့နောက် အိမ်စေကို ချက်ချင်း ပြန်လွှတ်ပြီး မေးခိုင်းလိုက်လေသည်။
စကားပြောနေသည့် အချိန်ခဏလေးအတွင်းတွင် ရှဲ့ချီသည် လက်ဖက်ရည်နှင့် မြည်းရင်း မန်ထိုကင်တစ်ချောင်းလုံး ကုန်အောင်စားလိုက်သည်ကို တွေ့ရသဖြင့် သခင်မရှီး ပိုပြီး ဝမ်းသာသွားတော့သည်။
ရှဲ့ကျိုကောသည် ချန်ကျိုးမှ ပြန်ရောက်ကတည်းက အစားအသောက် ပျက်နေခဲ့သည်။ ပထမရက်ကဆိုလျှင် နည်းနည်းစားပြီး အန်ပါအန်ခဲ့သည်။ သမားတော်က ခရီးပန်းပြီး အစာအိမ်ထိခိုက်သွားသည်ဟု ဆိုသည်။ ဤရောဂါက တခြားကုသနည်းမရှိဘဲ ဂရုတစိုက်နေထိုင်ပြီး များများစားနိုင်အောင် ချော့မော့ကျွေးမှသာ စားချင်စိတ်ပြန်ရှိလာပြီး သက်သာမည်ဖြစ်သည်။ ထို့ကြောင့် ရှဲ့မိသားစုမှ စားဖိုမှူးများ အစွမ်းကုန် ကြိုးစားချက်ပြုတ်သော်လည်း အရာမထင်ခဲ့ပေ။
ဘုရားကယ်ပါ့၊ အခုတော့ ဒီကလေး စိတ်တိုင်းကျသွားပြီထင်တယ်။
“အမေ့ကို စိတ်ပူစေမိပြီ၊ သား အမှားပါ”
သခင်မရှီး၏ အကြည့်များကို သတိထားမိလိုက်သဖြင့် ရှဲ့ချီက နားလည်သွားတော့သည်။
သူက ရှက်ရွံ့စွာပြောရင်း ထရပ်ပြီး ဦးညွှတ်လိုက်သည်။
သခင်မရှီးက အလျင်အမြန် လက်ကာပြလိုက်သည်။
“လှည်းပေါ်မှာ ဘာလို့ အခမ်းအနားတွေ လုပ်နေတာလဲ၊ သားကလည်းကွယ်... အသက်ငယ်ငယ်လေးနဲ့ စာအုပ်ကြီးသမား အဘိုးကြီးတွေလို လုပ်နေပြန်ပြီ၊ နင်တို့ သားအဖနှစ်ယောက်ရဲ့ နည်းနည်းလေးနေ ဦးညွှတ်ချင်နေတဲ့ စိတ်ဓာတ်ကိုတော့ တကယ်မနိုင်ဘူး”
သူမ၏ မျိုးရိုးဖြစ်သော ဟွိုင်နန်ရှီးမျိုးနွယ်သည် “ပညာရှိအမတ်များနှင့် တိုင်းပြည်ကို အတူအုပ်ချုပ်သည်” ဟူသော စုန့်ခေတ်တွင် စစ်မှုထမ်းခြင်းဖြင့် ကြီးပွားလာပြီး အပြစ်ပေးမခံရသော ရှားရှားပါးပါး မျိုးနွယ်ဖြစ်သည်။ ထို့ကြောင့် သခင်မရှီးသည် ပွင့်လင်းရိုးသားပြီး လက်တွေ့ကျကာ အသေးအဖွဲကိစ္စများကို ဂရုမစိုက်တတ်သည့် စိတ်ဓာတ်မျိုး ရှိလေသည်။ ထုံးတမ်းစဉ်လာများကို လိုက်နာရသည်ကို အနှစ်သက်ဆုံးဖြစ်သည်။
ရှဲ့မိသားစု၏လှည်းသည် နောက်ဆုံးတော့ တံတားပေါ်မှ ဆင်းနိုင်ခဲ့ပြီး လူအုပ်ထဲမှ ဖြည်းဖြည်းချင်း ထွက်ခွာလာနိုင်ခဲ့သည်။ လှည်းမောင်းသမားက ဇက်ကြိုးကို ပြန်ကိုင်လိုက်ပြီး မြင်းကလည်း လှည်းကိုဆွဲကာ တခွပ်ခွပ် အသံမြည်အောင် ပြေးရင်း တောင်ဘက်မြို့တံခါးအပြင်သို့ ပျောက်ကွယ်သွားတော့သည်။
ဆိုင်သိမ်းရန် ပြင်ဆင်နေသော ရှန်မြောင်သည်လည်း သူမရှေ့သို့ ရုတ်တရက်ရောက်လာသော ချမ်းသာသည့်အိမ်မှ အိမ်စေကို ကြည့်လိုက်လေသည်။ သူမသည် လှုပ်ရှားနေသော သက်ရှိချမ်းသာခြင်းနတ်ဘုရားကို ကြည့်နေသကဲ့သို့ အိမ်စေ၏ ပွင့်လိုက်ပိတ်လိုက်ဖြစ်နေသော ပါးစပ်ကို အံ့ဩဝမ်းသာစွာ ကြည့်နေမိတော့သည်။
“ရှန်ညန်ဇီ နေကောင်းလား၊ ကျွန်တော့်သခင်က မင်းရဲ့မန်ထိုကင်ကို စားပြီး သဘောကျလို့တဲ့၊ ဒီ ၂ရက် ၃ရက်အတွင်း မန်ထို ၄၅၀ လောက် လုပ်ပေးနိုင်မလားလို့ လာမေးတာပါ”
...