အခန်း (၂၃-၂၄)
Vol. 3 Ch. 23-24
အပိုင်း (၂၃)
"ရတာပေါ့၊ ဘာလို့ မရရမှာလဲ"
ဒါက အော်ဒါအကြီးကြီးလေ။
ရှန်မြောင်သည် ထိုချမ်းသာသောအိမ်တော်မှ အစေခံကို အသေးစိတ် မေးမြန်းကြည့်လိုက်ရာ သူသည် တာ့ရှန့်ကော်ဘုရားကျောင်း အနောက်ဘက် ကျုံးကူမျှော်စင်ရှိ ရှဲ့အိမ်တော်မှ အတွင်းအိမ်တော်ထိန်းဖြစ်ကြောင်း သိလိုက်ရလေသည်။ ဤမန်ထိုများသည် ရှဲ့အိမ်တော်မှ ကွယ်လွန်သွားသော အဘိုးဖြစ်သူ၏ တစ်နှစ်ပြည့် ကုသိုလ်ဖြစ်ပွဲအတွက် ဖြစ်လေသည်။
ပွဲကို ၃ ရက်ဆက်တိုက် ကျင်းပမည်ဖြစ်ပြီး နေ့စဉ် ဘုန်းကြီးများအတွက် မန်ထို ၁၅၀ လှူဒါန်းရမည်ဖြစ်လေသည်။ ထို့ကြောင့် အသားဆီကို အသုံးမပြုဘဲ ပဲဆီ သို့မဟုတ် နှမ်းဆီကိုသာ အသုံးပြုရမည်ဖြစ်ပြီး သက်သတ်လွတ်ဖြစ်ကြောင်း အာမခံရမည်ဖြစ်လေသည်။
ကြက်ဥလည်း ထည့်လို့မရတော့ဘူးပေါ့...
ရှန်မြောင်က ခဏလောက် စဉ်းစားလိုက်၏။ ကြက်ဥမပါလျှင် စားရသည့်အရသာက သိပ်ပြီး နူးညံ့မည်မဟုတ်သလို ကင်လိုက်သည့်အခါ အရောင်အဆင်းကလည်း သိပ်လှမည်မဟုတ်ပေ။ ပေါင်မုန့်ထဲ ကြက်ဥထည့်ခြင်းသည် ပေါင်မုန့်ကို စိုစွတ်စေခြင်း၊ ပွလာစေခြင်းနှင့် ကင်လိုက်သည့်အခါ ရွှေအိုရောင်သန်းစေရန်အတွက် ဖြစ်သည်။ သို့သော် ဆီမပါ၊ သကြားမပါ၊ ကြက်ဥမပါသည့် ပေါင်မုန့်လုပ်နည်းများလည်း အများကြီးရှိပါသည်။
ရေများများထည့်ပြီး တဆေးများများထည့်လိုက်လျှင် ပေါင်မုန့်၏ နူးညံ့မှုကို ထိန်းထားနိုင်ပေလိမ့်မည်။ ဒါပေမဲ့ မီးဖိုနားမှာ တောက်လျှောက်စောင့်နေရမှာပေါ့။ မုန့်ကင်နေတဲ့အချိန်တစ်လျှောက်လုံး မီးအပူချိန်ကို သေချာချိန်ညှိပြီး ဂရုတစိုက် ထိန်းချုပ်ရလိမ့်မယ်။ ဒါမှပဲ ပေါင်မုန့်ထဲက ရေဓာတ် အလွန်အကျွံ ခမ်းခြောက်မသွားဘဲ နေမှာ။ မဟုတ်ရင် လက်နက်လုပ်လို့ရတဲ့အထိ မာသွားလိမ့်မယ်။
ရှန်မြောင်အတွက်မူ ဤကိစ္စသည် ပြဿနာကြီးမဟုတ်ချေ။
"ရှင်တို့သခင်က ဘယ်အချိန် လိုချင်တာလဲရှင်"
ရှန်မြောင်က အချိန်ကို အရင်မေးလိုက်သည်။ ပုံမှန်အားဖြင့် ကုသိုလ်ဖြစ်ပွဲများသည် မနက်မှ ညအထိ ကျင်းပလေ့ရှိပြီး အချို့အခါတော်ချိန်များဆိုလျှင် သန်းခေါင်ယံအချိန်ပင် ဖြစ်တတ်လေသည်။ အချိန်မကိုက်ဘဲ စောလွန်းခြင်း သို့မဟုတ် နောက်ကျလွန်းခြင်းများ ဖြစ်ခဲ့လျှင် အချိန်မီ မပို့နိုင်ဘဲ သူများအိမ်တော်၏ ကိစ္စကြီးကို နှောင့်နှေးစေမည်ကို သူမ စိုးရိမ်မိသည်။
ဘုန်းကြီးများ အနားယူချိန်မှာ ညနေ ၅ နာရီမှ ၇ နာရီကြားဖြစ်ကြောင်း သိလိုက်ရလေသည်။ ရှန်မြောင်သည် ခဏလောက် တွေးတောလိုက်ပြီးနောက် ပြောလိုက်လေသည်။
"ဒီလိုလုပ်ကြမလား၊ ကျွန်မ နေ့လယ်ကျရင် အသားဆီနဲ့ ကြက်ဥမပါတဲ့ မန်ထိုကင်တစ်အိုးကို အစမ်းသဘော အရင်လုပ်ပြီး လာပို့ပေးမယ်လေ၊ ရှင်တို့သခင်ကို မြည်းစမ်းခိုင်းကြည့်လိုက်ပါ၊ တကယ်လို့ ရှင်တို့သခင် သဘောကျတယ်ဆိုရင် ကျွန်မကို မုန့်စိမ်းလုပ်ပြီး ရှင်တို့အိမ်ရောက်မှ လာကင်ခွင့်ပြုမလားဆိုတာ ကူမေးပေးပါနော်၊ ရှင်တို့အိမ်က မီးဖိုကို ငှားသုံးရုံပါပဲ၊ လမ်းခရီးအချိန်ကို သက်သာစေတာပေါ့... တကယ်လို့ အဆင်မပြေဘူးဆိုရင်လည်း ကျွန်မ အိမ်မှာပဲ လုပ်ပြီး လာပို့ပေးပါ့မယ်၊ လမ်းမှာ အေးသွားမှာစိုးလို့ပါ"
ထိုအိမ်တော်မှ အစေခံသည် မိမိရှေ့မှ မုန့်လုပ်သည့် အမျိုးသမီးငယ်က စကားပြောဆိုရာတွင်ရော အလုပ်လုပ်ရာတွင်ပါ ဤမျှ စေ့စပ်သေချာလိမ့်မည်ဟု ထင်မထားခဲ့ချေ။ ထို့ကြောင့် ဝမ်းသာအားရ ပြောလိုက်လေသည်။
"ရှန်ညန်ဇီ ပြောတာ အဓိပ္ပာယ်ရှိသားပဲ၊ ဒါဆို ခဏနေရင် ပြန်ပြီး လုပ်သာလုပ်လိုက်တော့၊ အစမ်းလုပ်မယ့် ဒီတစ်အိုးအတွက် ကျွန်တော် အခုပဲ ငွေချေခဲ့ပါ့မယ်၊ ရှန်ညန်ဇီကို မနစ်နာစေရပါဘူး၊ ညနေစောင်းလို့ သခင် အိမ်ပြန်ရောက်တဲ့အချိန်ကျရင် ကျွန်တော် သခင်ကြီးကို မြည်းစမ်းခိုင်းလိုက်မယ်၊ သဘောတူတယ်ဆိုတာနဲ့ လူလွှတ်ပြီး ရှန်ညန်ဇီကို လာပြောခိုင်းလိုက်ပါ့မယ်"
ရှန်မြောင်၏ သဘောထားမှာလည်း ထိုအတိုင်းပင် ဖြစ်သည်။ ဤကဲ့သို့ ကြိုတင်မှာယူသည့် အော်ဒါအကြီးစားမျိုးကို ဘက်ပေါင်းစုံမှ အတည်ပြုထားမှသာ ပြန်ပြင်ရသည့် အလုပ်ရှုပ်သက်သာမည်။ ယခုအချိန်တွင် သူမသည် ဆင်းရဲနေသဖြင့် ပြန်ပြင်ရသည့် ဆုံးရှုံးမှုကို မတတ်နိုင်ချေ။
သူမသည် ပြုံးလျက် သဘောတူလိုက်ပြီး ရှဲ့အိမ်တော် အစေခံထံမှ အစမ်းလုပ်မည့် တစ်အိုးစာအတွက် ၃၀ ဝမ်ကို လက်ခံလိုက်လေသည်။ ထို့နောက် ပဲနီဌာပနာပေါင်မုန့် လာပို့မည့်အချိန်ကို ချိန်းဆိုလိုက်ပြီး ပန်းကန်ခွက်ယောက်များကို ခြင်းတောင်းထဲသို့ ထည့်ကာ သိမ်းဆည်းလိုက်သည်။ တခြားသော စားပွဲ၊ ကုလားထိုင်နှင့် မီးဖိုများကို တံပိုးတန်းဖြင့် ထမ်းရန် စည်းနှောင်လိုက်ပြီး အိမ်ပြန်ရန် ပြင်ဆင်လိုက်တော့သည်။
ဝဖိုင့်ဖိုင့်အမျိုးသမီးသည် ရှန်မြောင်၏ တစ်ကိုယ်လုံးတွင် ပစ္စည်းများ ပြည့်နှက်နေသည်ကို မြင်လိုက်ရသဖြင့် အာမေဋိတ်သံဖြင့် အံ့ဩစွာ ပြောလိုက်လေသည်။
"ရှန်ညန်ဇီ... ညည်းရဲ့ အားကလည်း သန်လိုက်တာအေ..."
ရှန်မြောင်က ဂရုမစိုက်ဘဲ ရယ်မောလိုက်လေသည်။
"ဒါက ကောင်းကျိုးကြီးတစ်ခုပါရှင်"
သူမသည် ယခင်ဘဝတုန်းက အသက် ၃၀ ကျော်သည်အထိ အိမ်မထောင်ဘဲ ကိုယ့်စီးပွားရေးနှင့်ကိုယ် အလုပ်ရှုပ်နေခဲ့သူ ဖြစ်သည်။ လူပေါင်းစုံနှင့် တွေ့ကြုံရသဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် လက်ဝှေ့ပညာကို နှစ်နှစ်ကြာအောင် အချိန်ပေး သင်ယူခဲ့ဖူးလေသည်။ တစ်ခါက သူငယ်ချင်း၏ ချစ်သူဟောင်း ဖောက်ပြန်သည်ကို မိပြီး ထိုလူယုတ်မာကို တစ်ချက်တည်းနှင့် လည်ထွက်သွားအောင် ရိုက်ခဲ့ဖူးလေသည်။
တံတားဈေးတန်းရှိ လူမိုက်အချို့သည် မူလက ရှန်မြောင်၏ ရုပ်ရည်ချောမောမှုနှင့် ဘေးနားတွင် ယောက်ျားသားမရှိသည်ကို တွေ့သဖြင့် လာရောက်စနောက်ချင်ခဲ့ကြသည်။ သို့သော် သူမ၏ ပခုံးဖြင့်ထမ်း၊ လက်ဖြင့်မ,နိုင်သော အားအင်ကို တွေ့လိုက်ရသောအခါ ထိုစိတ်ကူးကို တိတ်တိတ်လေး ဖျက်သိမ်းလိုက်ကြတော့သည်။
ဒီနေ့ ရှိုကျွားပင်နှင့် ပဲနီဌာပနာမန်ထိုများ အကုန်ရောင်းထွက်သွားပြီဖြစ်ရာ ပစ္စည်းများမှာ လာတုန်းကထက် ပေါ့ပါးနေသဖြင့် သူမအတွက် အပန်းမကြီးလှပေ။
ရှန်မြောင်သည် ပစ္စည်းများကို အိမ်တွင် ထားလိုက်ပြီး အိမ်၌ ကျန်ရှိနေသေးသော ဟင်းသီးဟင်းရွက်များဖြင့် မီးမွှေးကာ နေ့လယ်စာကို အမြန်ချက်ပြုတ်လိုက်သည်။ ကောက်ညှင်းငချိတ်နှင့် ဆန်ဝါရောနှောထားသော ထမင်းပေါင်းတစ်အိုး၊ ဟင်း ၃ မျိုးဖြစ်သည့် ကျောက်ဖရုံသီးအချိုကြော်၊ ခရမ်းသီးသုပ်၊ ကြက်ပေါင်သားဌာပနာ မှိုတို့ဖူးနှင့် ကြက်ဥအချို့ကို ကြော်လိုက်လေသည်။
ထို့နောက် အပိုင်းကြီးတစ်ပိုင်း ခွဲထုတ်ကာ ၃ ထပ် ချိုင့်ထဲသို့ ထည့်လိုက်ပြီး မီးဖိုပေါ်တွင် နွေးထားလိုက်သည်။ သူမနှင့် ရှန်းအာတို့သည် အိမ်တွင် နေ့လယ်စာ အရင်စားလိုက်ကြသည်။
စားသောက်ပြီးနောက် သူမသည် ထမင်းချိုင့်ကို ဆွဲကာ ရှန်းအာကို လက်ဆွဲပြီး အိမ်မှ ထွက်လာခဲ့လေသည်။ ပထမအချက်မှာ စာအုပ်ဆိုင်သို့သွားပြီး ကျိအာ စာကူးသည့်အခြေအနေကို ကြည့်ရှုရင်း နေ့လယ်စာ သွားပို့ရန်ဖြစ်သည်။ ဒုတိယအချက်မှာ ပဲဆီ အနည်းငယ် ဝယ်ရန်ဖြစ်သည်။ ယခု အိမ်တွင်ရှိသော ဆီအများစုမှာ ဝက်ဆီနှင့် ကြက်ဆီများဖြစ်နေသဖြင့် ညနေပိုင်းတွင် သက်သတ်လွတ် ပဲနီဌာပနာမန်ထို လုပ်ရန်အတွက် ပဲဆီ လိုအပ်နေခြင်းဖြစ်သည်။
လမ်းတစ်ဝက်တွင် ထင်းလှည်းအကြီးကြီး တွန်းလာသော ကုထူစူးနှင့် ဆုံလေသည်။ သူသည် ရှန်မြောင်ကို တွေ့လိုက်ရသည်နှင့် မျက်လုံးများ အရောင်လက်သွားပြီး လည်ပင်းတွင် ပတ်ထားသော ပုဝါဖြင့် ချွေးများကို သုတ်ကာ လှမ်းခေါ်လိုက်လေသည်။
"သာ့ကျဲအာ"
ရှန်မြောင် ရပ်လိုက်သောအခါ သူက လှည်းကိုတွန်းလျက် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာပြီး အလျင်အမြန် ပြောလိုက်လေသည်။
"မင်း အပြင်သွားမလို့လား၊ ဒီနေ့ ထင်းတွေ အများကြီး ခုတ်လာတယ်၊ ငါ မင်းဆီ နည်းနည်း လာပို့ပေးမယ်လေ၊ မင်း အပြင်ထွက်ဝယ်နေစရာ မလိုတော့ဘူးပေါ့"
ရှန်မြောင်က ခေါင်းခါပြီး ငြင်းလိုက်သည်။
"ကုအာ့ကော... မလိုပါဘူးရှင်၊ ကျွန်မ ကိုယ့်အားကိုယ်ကိုးနိုင်နေပါပြီ၊ ရှင့်ပစ္စည်းတွေကို အလကားလိုချင်လို့ မဖြစ်ပါဘူး၊ ရှင်တို့အိမ်မှာပဲ သုံးလိုက်ပါ၊ ရှင်တို့အိမ်က အရက်ချက်တာဆိုတော့ ထင်းအများကြီး လိုတာပဲဟာ"
သူမသည် သူများအပေါ် အမြဲတမ်း အခွင့်အရေး မယူချင်ပေ။ ထို့အပြင် ကုထူစူးသည် မြို့ပြင်ထွက် ထင်းခုတ်ပြီး မြို့ထဲသို့ ပြန်တွန်းလာရသည်မှာ သူ့ခွန်အားနှင့် ခြေထောက်နှစ်ဖက်ကိုသာ အားပြုရသည့် ပင်ပန်းသော အလုပ်ဖြစ်သည်။ အရင်တစ်ခေါက်က ယူခဲ့ခြင်းမှာ သူမ ပြန်ရောက်ခါစတွင် အိမ်၌ ဘာမှမရှိသဖြင့် အရေးပေါ် အကူအညီယူခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်ထိ အလကား လိုချင်နေလျှင်တော့ လွန်ရာကျပေလိမ့်မည်။
ကုထူစူးက တစ်စုံတစ်ခု ထပ်ပြောချင်နေသော်လည်း ရှန်မြောင်က လက်ထဲမှ သစ်သားထမင်းချိုင့်ကို မြှောက်ပြလိုက်ပြီး ပြုံးကာ ပြောလိုက်လေသည်။
"ကျိအာက လျိုဖုန်းစာအုပ်ဆိုင်မှာ စာကူးနေတာမလို့ ကျွန်မ အရင်သွားလိုက်ဦးမယ်နော်၊ ကုအာ့ကောလည်း ထင်းခုတ်ရတာ ပင်ပန်းလာပြီဆိုတော့ အိမ်ပြန်ပြီး မြန်မြန် အနားယူလိုက်ပါဦး"
ပြောပြီးသည်နှင့် သူမက ရှန်းအာကို ကုထူစူးအား လက်ပြနှုတ်ဆက်ခိုင်းလိုက်ပြီး နှစ်ယောက်သား ဆက်ထွက်လာခဲ့ကြသည်။
ကုထူစူးသည် ရှန်မြောင်၏ ကျောပြင်ကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့လေသည်။ ရှန်မြောင်၏ ခန္ဓာကိုယ်သည် သွယ်လျသော်လည်း ပိန်လှီမနေပေ။ သူမသည် မီးဖိုချောင်အလုပ်များနှင့် အသားကျနေပြီးပုံရသည်။ တစ်နေ့က သူ မနက်စောစောထပြီး ရေခပ်သွားရာမှ ပြန်လာစဉ် ရှန်မိသားစု၏ နောက်ဖေးတံခါး တဝက်ဟဟ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
သူမသည် ခြံထဲရှိ ရေစည်ပိုင်းထဲသို့ ရေဖြည့်နေသည်ကို တွေ့လိုက်ရလေသည်။ သူမသည် လက်မောင်းအင်္ကျီကို ပင့်တင်ထားသဖြင့် လက်ဖျံတစ်ဖက် ပေါ်နေသည်။ ရေအပြည့်ပါသော ရေပုံးကြီးကို မလိုက်သောအခါ သွယ်လျသော လက်မောင်းပေါ်တွင် ကြွက်သားအလွှာပါးလေးများနှင့် အပြာရောင် သွေးကြောလေးများ ထောင်တက်လာသည်ကို တွေ့လိုက်ရသည်။
စုန့်ခေတ်လူများသည် ပျံသန်းနေသော ဇာမဏီငှက်ကဲ့သို့ နွဲ့နှောင်းသည့် အမျိုးသမီးများကို နှစ်သက်ကြသည်။ အရင်က သာ့ကျဲအာသည်လည်း ထိုကဲ့သို့ပင်။ နွဲ့နှောင်းပြီး အားနွဲ့ကာ စကားသံကျယ်ကျယ် ပြောလိုက်လျှင်ပင် လန့်ပြီး ငိုတတ်သူဖြစ်သည်။ အမှောင်ကြောက်သည်။ ခြင်ကိုက်မည်ကို ကြောက်သည်။ စကားပြောလျှင်လည်း လေသံတိုးတိုးလေးသာ ပြောတတ်သည်။
ယခုတော့... ဝက်ရိုးကြီးကို ဓားဖြင့် တစ်ချက်တည်း ပြတ်အောင် ခုတ်နိုင်နေပြီ။ ဈေးထွက်ရောင်းလျှင်လည်း လက်တွန်းလှည်းမပါဘဲ သူ့ကို အကူအညီမတောင်းတော့ပေ။ ကိုယ်တိုင် ပခုံးဖြင့်ထမ်း၊ လက်ဖြင့်ဆွဲကာ လမ်းလျှောက်လျှင် ကျားတစ်ကောင်လို လေဟုန်စီးပြီး သွားလာနိုင်နေပြီ။
မောင်ငယ်နှမငယ် နှစ်ယောက်ကို ရှာဖွေကျွေးမွေးရင်း ပင်ပန်းကြောင်း တစ်ခွန်းမဟပေ။ မီးလောင်ထားပြီး တိုင်လုံးများသာ ကျန်တော့သည့် အိမ်ပျက်ကြီးထဲတွင် အိပ်ရသည့် ပထမဆုံးညမှာပင် ဝမ်းနည်းပက်လက် ငိုကြွေးနေမည့်အစား ရှန်းအာနှင့်အတူ ကြယ်များကို ရေတွက်ကာ ရယ်မောနေခဲ့သည်။ သူမ တကယ် ပြောင်းလဲသွားခဲ့ပြီ။
သူ့ကို "ကုအာ့ကော" ဟု နူးနူးညံ့ညံ့ ခေါ်တတ်သော ရှန်သာ့ကျဲအာသည် ဤသုံးနှစ်အတွင်း လုံးဝ ပျောက်ကွယ်သွားခဲ့ပြီဟု ထင်ရသည်။ ကုထူစူးသည် အကြောင်းအရင်းမရှိဘဲ စိတ်ထဲတွင် ဟာတာတာဖြစ်သွားပြီး စိတ်ဓာတ်ကျသွားသလို ခံစားလိုက်ရသည်။ သူသည် တွန်းလှည်းကို ဖြည်းဖြည်းချင်း တွန်းကာ ခြေလှမ်းအနည်းငယ် လျှောက်လိုက်ပြီးနောက် ပြန်လှည့်ကြည့်လိုက်မိသည်။
ရှန်မြောင် ညီအစ်မနှစ်ယောက်သည် လူအုပ်ကြားထဲသို့ ရောက်ရှိသွားပြီဖြစ်၍ ကောင်းကောင်းပင် မမြင်ရတော့ချေ။ သို့သော် သူမသည် တစ်ခါမှ ပြန်လှည့်မကြည့်ဘဲ ပုံမှန်ခြေလှမ်းဖြင့်သာ ရှေ့သို့ ဆက်လျှောက်သွားလေသည်။ သူသည် ခဏမျှ ငေးကြည့်နေပြီးနောက် တိတ်ဆိတ်စွာဖြင့် ခေါင်းကိုပြန်လှည့်ကာ လှည်းကိုတွန်းလျက် လမ်းကြားလေးထဲသို့ ဝင်သွားတော့သည်။
..........
ရှန်မြောင်ကတော့ ကုထူစူးနှင့် တွေ့ခဲ့သည်ကို စိတ်ထဲမထားသလို သူများတွေ ဘာတွေးနေလဲဆိုတာကိုလည်း ဂရုမစိုက်ပေ။
သူမသည် ဒီအော်ဒါကနေ ပိုက်ဆံဘယ်လောက်ရမလဲ ဆိုတာကိုသာ တွေးတောနေသည်။ သူမနှင့် ရှဲ့အိမ်တော်အစေခံ ဈေးညှိခဲ့သည်မှာ ဒီနေ့ရောင်းဈေးအတိုင်း တစ်ချောင်းလျှင် ၈ ဝမ် ဖြစ်သည်။ သို့သော် သူမအနေဖြင့် ကြက်ဥမထည့်ဘဲ နေ၍ရသည်။ ဒါဆိုလျှင် မန်ထိုတစ်ချောင်းကို ကုန်ကျစရိတ် ၁ ဝမ်နီးပါး သက်သာသွားမည်။ တကယ်လို့ အိမ်အရောက်သွားကင်ပေးမယ်ဆိုရင် မီးသွေးဖိုးပါ သက်သာဦးမည်။
ဒီနေ့ သူမသည် ပဲနီဌာပနာမန်ထို ၅၅ ချောင်း လုပ်ခဲ့သည်။ ၂ ချောင်းကို ကျိအာအတွက် ချန်ထားပြီး ၁ ချောင်းကို ရှန်းအာစားလိုက်သည်။ သူမကိုယ်တိုင် ၁ ချောင်းစားပြီး ၁ ချောင်းကို ပုံမှန်အတိုင်း ဝဖိုင့်ဖိုင့်အမျိုးသမီးကို ပေးလိုက်သည်။ သူမကလည်း ယဉ်ကျေးမှုအရ စွန်ပလွံသီးဟင်းရည်တစ်ပန်းကန်ကို ရှန်းအာသောက်ရန် ပြန်ပေးခဲ့သည်။
ကျန်သည့် အလုံး၅၀ အကုန်ရောင်းထွက်သွားသည်။ အများစုက အချောင်းလိုက် ဝယ်သွားကြခြင်းဖြစ်သည်။ ခုနက နေ့လယ်စာစားရင်း ရှန်းအာနှင့် ပိုက်ဆံထိုင်ရေကြည့်ရာ ဒီနေ့ ပဲနီဌာပနာမန်ထို တစ်မျိုးတည်းနှင့်ပင် ဝမ် ၄၀၀ ရရှိခဲ့သည်။ ကုန်ကျစရိတ် နှုတ်လိုက်လျှင် အမြတ်ငွေ ဝမ် ၃၀၀ ခန့် ကျန်သည်။ ရှိုကျွားပင် ရောင်းရငွေပါ ပေါင်းလိုက်လျှင် ဒီနေ့ အမြတ်ငွေ ဝမ် ၈၀၀ နီးပါး ရရှိလေသည်။
တကယ်လို့သာ ရှဲ့အိမ်တော်က မန်ထို ၄၅၀ အော်ဒါကို လက်ခံလိုက်မယ်ဆိုရင် သူမ တစ်ခါတည်းနဲ့ ငွေ ၃ လျန်တောင် ရနိုင်မှာ။
၃ လျန်တောင်နော်။ ဒါက ငွေ ၃ လျန်တောင် ဖြစ်နေတာ။
ရှန်မြောင် တွေးလိုက်မိရုံနှင့် ကျေနပ်နေပြီး လမ်းလျှောက်ရသည်မှာ ပိုပြီး ပေါ့ပါးသွက်လက်လာတော့သည်။
..........
တစ်ဖက်တွင်တော့ တောင်ဘက်မြို့တံခါးစောင့်တပ် စခန်းရုံးအနီးရှိ လန်ရှင်းစာအုပ်ဆိုင်တွင် ကျိအာသည် ခေါင်းငုံ့ကာ စာများကို အသည်းအသန် ကူးရေးနေလေသည်။
လန်ရှင်းစာအုပ်ဆိုင်ပိုင်ရှင်၏ မျိုးရိုးအမည်မှာ ကျိုး ဖြစ်သည်။ သူသည် မျက်နှာသွယ်သွယ်နှင့် ကြည့်ရသည်မှာ အနည်းငယ် ခက်ထန်ပုံပေါက်သော အဘိုးအိုတစ်ဦးဖြစ်ပြီး အသက် ၆၀ နီးပါး ရှိနေပြီဖြစ်သည်။ ဦးလေးကျိုး၏ ဇနီးသည် စောစီးစွာ ဆုံးပါးသွားခဲ့ပြီး နောက်အိမ်ထောင်မပြုဘဲ သားသမီးနှစ်ယောက်ကို တစ်ယောက်တည်း ရှာဖွေကျွေးမွေးကာ ကြီးပြင်းစေခဲ့သည်။
သို့သော် သားဖြစ်သူမှာ လွန်ခဲ့သောနှစ်များက ရန်ကျိုးတွင် စစ်မှုထမ်းရန် ထွက်သွားပြီးနောက် ထိုနေရာတွင်ပင် အိမ်ထောင်ကျကာ အခြေချနေထိုင်သွားသည်။ သမီးဖြစ်သူမှာလည်း လော့ရန်မြို့သို့ အိမ်ထောင်ပြုပြီး ပါသွားလေသည်။ သားသမီးများ၏ နေထိုင်မှုဘဝမှာ သူလောက် သက်တောင့်သက်သာ မရှိလှပေ။ သူသည် သားဖြစ်သူ၏အိမ်တွင် ၂ နှစ် သွားနေပြီး သမီးအိမ်တွင်လည်း ၂ နှစ် သွားနေခဲ့သော်လည်း နောက်ဆုံးတွင် တစ်ယောက်တည်း ပြန်လာပြီး ဤစာအုပ်ဆိုင်ငယ်လေးကို စောင့်ရှောက်ရင်း ဘဝကို အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။
သူသည် စောစီးစွာ ကွယ်လွန်သွားသော ဇနီးသည်၏ ငယ်နာမည်ကို ယူပြီး ဤဆိုင်ကို နာမည်ပေးထားခြင်းဖြစ်သည်။ ဇနီးသည်က သူ့ဘေးတွင် ရှိနေသေးသည်ဟု သဘောထားခြင်းပင်။
သူ့အနားတွင် သားသမီးမြေးမြစ်များ မရှိသဖြင့် ပါးစပ်က ထုတ်မပြောသော်လည်း စိတ်ထဲတွင် ရှန်ကျိအာကဲ့သို့ ဆိုင်လာပြီး စာဖတ်သည့် ကလေးများကို အလွန်သနားချစ်ခင်လေသည်။ စာအုပ်စာရွက်များကို တန်ဖိုးထားပြီး ဟိုခေါက်ဒီခေါက် မလုပ်ဘဲ၊ မင်ရည်များ စွန်းထင်းအောင် မလုပ်သရွေ့ သူသည် ပိုက်ဆံပေးပြီး ဆိုင်တွင် စာလာကူးသည်ကို ခွင့်ပြုထားလေသည်။
သို့သော် စာသင်ကျောင်း စတက်သည့် ကလေးအများစုမှာ ချမ်းသာသော အိမ်မှဖြစ်ကြသည်။ သူတို့သည် အသက်ငယ်ပြီး အပင်ပန်းမခံနိုင်ကြသဖြင့် ၂ ရက်လောက် စာလာကူးပြီးလျှင် ပျောက်သွားတတ်ကြသည်။ ဤ ရှန်ကျိအာ တစ်ယောက်သာ လွန်ခဲ့သော ၂ နှစ်လောက်ကတည်းက ကြိုကြားကြိုကြား စာလာကူးလေ့ရှိသည်။ သူ့လက်ရေးကလည်း မဆိုးလှပေ။ အသက်ငယ်ငယ်နှင့် လက်ရေးသပ်ရပ်ပြီး အားပါလေသည်။ ထို့ကြောင့် ပုံပြင်စာအုပ်အသစ်များ ထွက်ရှိလာပြီး ပုံနှိပ်၍ မမီတော့သည့် အချိန်များတွင် ဦးလေးကျိုးသည် သူ့ကို အထူးတလည်ခေါ်ပြီး စာအုပ်အနည်းငယ် ကူးခိုင်းကာ မုန့်ဖိုးပဲဖိုး ပေးတတ်လေသည်။
ဘာပဲဖြစ်ဖြစ် ဒီကလေးကို ငှားပြီး စာကူးခိုင်းတာက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ စာပေသမားတွေကို ငှားတာထက်စာရင် အများကြီး သက်သာတယ်လေ။
ဦးလေးကျိုးသည် မြင့်မားသော ကောင်တာနောက်တွင် ထိုင်ကာ ပေသီး ခေါက်နေသည်။ ရံဖန်ရံခါ ရှန်ကျိအာကို လှမ်းကြည့်သလို ဆိုင်ထဲတွင် လှည့်ပတ်ကြည့်ရှုနေသူများ စာအုပ်ခိုးမခိုးကိုလည်း အကဲခတ်နေလေသည်။
နောက်ဆုံးတွင် သူ့အကြည့်က ရှန်ကျိအာဆီသို့ ပြန်ရောက်သွားပြီး ပါးစပ်ကို တပ်မက်စွာ သပ်လိုက်မိသည်။ ဒီနေ့ ရှန်ကျိအာ လာတုန်းက သူ့အတွက် ပဲနီဌာပနာမန်ထိုကင် ယူလာပေးခဲ့သည်။ နေ့တစ်ဝက် ကုန်ဆုံးသွားပြီ ဖြစ်သော်လည်း ထိုအရသာက သူ့ပါးစပ်ထဲတွင် စွဲကျန်နေဆဲဖြစ်ပြီး အလွန် အရသာခံလို့ ကောင်းနေဆဲပင်။
ဦးလေးကျိုးသည် မုဆိုးဖိုဘဝဖြင့် ကလေးများကို ပြုစုပျိုးထောင်ရင်း ဘဝတစ်လျှောက်လုံး ပင်ပန်းလာခဲ့သူ ဖြစ်သည်။ ကပ်စေးနည်းသည်မှာ အကျင့်ပါနေပြီး တစ်နှစ်ပတ်လုံး ဆိုင်ကောင်းကနားသို့ သွားရောက်စားသောက်လေ့ မရှိပေ။ ယခု ကိုယ့်ဘာသာကိုယ် ချက်ပြုတ်စားသောက်ရာတွင်လည်း ပိုပြီး ချွေတာလေသည်။ ချက်ပြုတ်သည့်အခါ အရသာကို ဂရုမစိုက်ဘဲ ဗိုက်ဝရုံသာ ပြီးစလွယ် စားသောက်တတ်လေသည်။
ဒီနေ့မနက် ဦးလေးကျိုး အိပ်မှုန်စုံမွှားဖြင့် ထလာချိန်တွင် မနက်စာမပြောနှင့် မျက်နှာပင် မသစ်ရသေးဘဲ ဆိုင်တံခါးကို ဖွင့်လိုက်ရာ ဤကလေးက ခြင်းတောင်းလေး ပိုက်လျက် တံခါးခုံပေါ်တွင် ထိုင်စောင့်နေသည်ကို တွေ့လိုက်ရသည်။ ကြာကြာထိုင်စောင့်နေရ၍ အိပ်ငိုက်နေသည်လားမသိ၊ တံခါးပြားကို ဖြုတ်လိုက်သည်နှင့် ကလေးက ခေါင်းစိုက်ကျမလို ဖြစ်သွားခဲ့သည်။
"ဟေ... ကျိအာပါလား၊ မတွေ့တာတောင် ကြာပြီပဲ၊ ဒီနေ့ စောလှချည်လား"
ဦးလေးကျိုးက မျက်လုံးကို ပွတ်သပ်ရင်း သူ့ကို ဆိုင်ထဲ ဝင်ခွင့်ပေးလိုက်သည်။ ဒီနေ့ ဒီကလေး ဝတ်စားထားတာ သပ်ရပ်သားပဲဟု တွေးလိုက်မိသည်။ အပြာရောင် ရေလှိုင်းအဆင် အင်္ကျီလေးနှင့် ချုပ်ရိုးချုပ်သား ကြမ်းသော်လည်း အထည်သစ်မှန်း သိသာလေသည်။ ဆံပင်ကိုလည်း စုချည်ထားပြီး ပုံမှန်လို ဖရိုဖရဲ ဖြစ်မနေပေ။ သူက သမ်းဝေရင်း မေးလိုက်သည်။
"မင်းညီမလေးရော၊ ဒီနေ့ မခေါ်လာဘူးလား၊ မင်းကြီးတော် ရိုက်မှာ မကြောက်ဘူးလား"
"ဦးလေးကျိုး... ကျွန်တော် စာလာကူးတာပါ"
ရှန်ကျိအာက ရင်ခွင်ထဲ ပိုက်ထားသော ခြင်းတောင်းလေးကို ဦးလေးကျိုး ရင်ခွင်ထဲသို့ ထိုးထည့်ပေးလိုက်ပြီး ကိုယ်ပိုင် စာရေးကိရိယာများကို ထုတ်လိုက်သည်။ ဦးလေးကျိုး၏ နောက်စကားကို ကြားလိုက်ရသောအခါ သူက ခေါင်းငုံ့လျက် ချောင်းတစ်ချက်ဟန့်လိုက်သော်လည်း ဝမ်းသာမှုကို ဖုံးကွယ်မထားနိုင်ပေ။
"ကျွန်တော့်မကြီး ပြန်ရောက်လာပြီ၊ ကျွန်တော်တို့အားလုံးကို ပြန်ခေါ်သွားပြီ၊ ရှန်းအာ ရိုက်မခံရတော့ဘူး"
ဒါကတော့ သတင်းထူးပဲ။ ဦးလေးကျိုးက တံခါးပြားများကို ဖြုတ်ပြီး ထောင့်တစ်နေရာတွင် စီထားလိုက်၏။ ထို့နောက် ခေါင်းလှည့်ကြည့်ကာ အံ့ဩစွာ ပြောလိုက်လေသည်။
"မင်းမကြီး... ဟို ကျင်းလင်မြို့ကို အိမ်ထောင်ပြုသွားပြီး မင်းတို့ကို ပစ်ထားတဲ့ မကြီးလား၊ သူက ပြန်လာဖို့ စိတ်ကူးရှိသေးတာလား"
"ဟုတ်ကဲ့"
ရှန်ကျိအာက ထူးလိုက်ပြီး ခြေဖျားထောက်ကာ "ကျင့်ဝတ်ပေါင်းချုပ်" စာအုပ်ကို ကျွမ်းကျင်စွာ ရှာယူလိုက်သည်။ စက္ကူများကို ဖြန့်ခင်းပြီး စာရေးခုံတစ်ခုံ ရှာထိုင်လိုက်သည်။ ရေခွက်ယူကာ စုတ်တံကို ဖြည်းဖြည်းချင်း စိုစွတ်အောင် လုပ်ရင်း ထပ်ပြောလိုက်လေသည်။
"ဦးလေးကျိုး... ကျွန်တော့်မကြီးက ကျွန်တော်တို့ကို ပစ်ထားခဲ့တာ မဟုတ်ပါဘူး"
မကြီး ထွက်သွားကာစ ပထမနှစ်တုန်းက သူနှင့် ရှန်းအာတို့သည် မကြီးအကြောင်း မကြာခဏ ပြောဖြစ်ခဲ့ကြသည်။ နောက်ပိုင်း ဘယ်လိုဖြစ်သွားမှန်းမသိ၊ မကြီးကို လွမ်းဆွတ်သည့်စိတ်က မျှော်လင့်ချက်မဲ့သည့် ရှည်လျားသော စောင့်ဆိုင်းမှုများကြားတွင် တဖြည်းဖြည်းနှင့် နာကြည်းမှု၊ ဒေါသများအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
...
အပိုင်း (၂၄)
ဒါပေမဲ့ အခုတော့ မကြီး ပြန်ရောက်လာပြီဆိုတော့ ဒီကိစ္စတွေအကုန် လွင့်စင်ပျောက်ကွယ်သွားပါပြီ။
မကြီးရဲ့ ယောက္ခမအိမ်က အရမ်းဆိုးတာ၊ မကြီးလည်း ဒုက္ခတွေအများကြီး ခံခဲ့ရရှာတယ်။ ဒါပေမဲ့ သူပြန်ရောက်လာပြီဆိုတော့ ကျွန်တော်တို့ အားလုံးအဆင်ပြေသွားပါပြီ။
ရှန်ကျိအာသည် ဖြူဥသန့်ရှင်းသော မျက်နှာလေးကို မော့ကာ ကျေနပ်အားရစွာ ပြုံးလိုက်လေသည်။ ထို့နောက် ဦးလေးကျိုး ဘေးတွင်ချထားသော ခြင်းတောင်းကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။
"ဒါက မကြီးက ဦးလေးကျိုးစားဖို့ ထည့်ပေးလိုက်တာပါ၊ မကြီး ကိုယ်တိုင်လုပ်ထားတာ၊ သူက ဘာမဆိုလုပ်တတ်တယ်။ အရမ်းစားလို့ကောင်းတယ်။ ဦးလေးကျိုး ပူတုန်းလေး မြည်းကြည့်လိုက်ပါဦး"
"မင်းရဲ့ ဦးလေးကျိုးက အသက်ရှင်လာတာ ဆယ်စုနှစ်ချီနေပြီကွ၊ ဘယ်လိုအစားကောင်းမျိုး မစားဖူးဘဲ နေမလဲ၊ မင်းလို လောကအကြောင်း နားမလည်သေးတဲ့ ကလေးကများ ဘာတွေကောင်းတာ ရှိဦးမှာမို့လို့လဲ..."
ဦးလေးကျိုးက ပါးစပ်မာနေလေသည်။ စိတ်ထဲတွင်တော့ ဒီကလေးက စာလာကူးပြီး ဝမ်းစာရှာနေရတာ၊ သူ့မကြီးက သူ့အပေါ် တကယ်ရော ကောင်းရဲ့လား၊ ကလေးတစ်ပိုင်းကို စာကူးခိုင်းပြီး ပိုက်ဆံရှာခိုင်းတဲ့ အစ်မက ဘယ်လိုအစားကောင်းမျိုး ပေးလိုက်နိုင်မှာလဲဟု တွေးနေမိလေသည်။
လွန်ခဲ့သော နှစ်များအတွင်း ရှန်ကျိအာ အရိုက်ခံရတိုင်း ညီမလေးကိုခေါ်ပြီး သူ့စာအုပ်ဆိုင်သို့ ထွက်ပြေးလာတတ်သည်။ ကြာလာသောအခါ သူသည် ရှန်ကျိအာတို့ အိမ်တွင်းရေး ရှုပ်ထွေးမှုများကို ရှင်းရှင်းလင်းလင်း သိလာရသည်။ ဤကလေးသည် အလွန်သနားစရာကောင်းလေသည်။ မိဘနှစ်ပါး မရှိတော့သလို ဦးကြီးနှင့်ကြီးတော်တို့ကလည်း စိတ်ထားမကောင်းကြချေ။ အိမ်ထောင်ကျသွားသော အစ်မဖြစ်သူကလည်း ဖခင်နာရေးတုန်းက တစ်ခေါက်ပြန်လာပြီးနောက် ဆိုင်ကို ဦးကြီးထံ ပေါင်နှံကာ ထွက်သွားခဲ့လေသည်။
အိမ်ထောင်ပြုသွားသော သမီးမိန်းကလေးသည် ရေမြောင်းထဲ သွန်ပစ်လိုက်သော ရေနှင့်တူသည်ဟု ဆိုကြသော်လည်း ၃ နှစ်လုံးလုံး အဆက်အသွယ်မလုပ်ဘဲ နေခဲ့သည်မှာ ရှားပါးလှပေသည်။
သူသည် မျက်မှောင်ကြုတ်လျက် ခြင်းတောင်းပေါ်တွင် အုပ်ထားသော ဝါဂွမ်းစကို လှန်လိုက်ရာ မွှေးပျံ့သော ဂျုံကင်နံ့တစ်မျိုး နှာခေါင်းဝသို့ တိုးဝင်လာလေသည်။ မွှေးရုံသာမက ချိုသည့်အနံ့ပါ ရနေသည်။ ဦးလေးကျိုးသည် ကိုယ့်ကိုယ်ကိုယ်ပင် သတိမထားမိလိုက်ဘဲ တံတွေးမြိုချလိုက်မိလေသည်။ ဦးနှောက်က ကြောင်အမ်းနေသော်လည်း လက်ကမူ လှမ်းယူပြီးသား ဖြစ်နေချေပြီ။ လက်ထဲသို့ ရောက်သည်နှင့် နူးညံ့လွန်းသဖြင့် လက်ရာချိုင့်ဝင်သွားသည်အထိ ဖြစ်သွားလေသည်။
"ကျွန်တော် ရင်ခွင်ထဲထည့်ပြီး ယူလာတာ၊ ပူတောင်ပူနေလောက်သေးတယ်"
ရှန်ကျိအာသည် မင်ရည်သွေးနေရင်း ခေါင်းမမော့ဘဲ ပြောလိုက်လေသည်။
တကယ်ပင် ပူနေသေးသည်။ ပူရုံသာမက အလွန်လည်း နူးညံ့အိစက်နေသေးသည်။
ဦးလေးကျိုးသည် ဦးစွာ တစ်ကိုက်ကိုက်စားလိုက်ပြီးနောက် နှစ်ကိုက်နှင့်ပင် မုန့်တစ်ဝက် ကုန်သွားတော့သည်။ သူသည် စားပြီးနောက် ကြောင်သွားပြီး မယုံကြည်နိုင်စွာ မေးလိုက်လေသည်။
"ဒါ မင်းမကြီး ကိုယ်တိုင်လုပ်တာ ဟုတ်လား၊ မင်းမကြီးက အသက်ဘယ်လောက် ရှိပြီလဲ"
သူ စောစောက ကြွားလုံးထုတ်ခဲ့ခြင်း မဟုတ်ပေ။ သူ ငယ်ရွယ်စဉ်က သူ့ဇနီးသည်နှင့်အတူ နယ်လှည့်ကုန်သည် လုပ်ခဲ့ဖူးပြီး စာအုပ်ဆိုင်ဖွင့်ခဲ့ခြင်း မဟုတ်ပေ။ ငယ်စဉ်က တောင်ပိုင်းမြောက်ပိုင်း အကုန်သွားလာခဲ့ဖူးရာ ဘယ်လိုအစားကောင်းမျိုး မစားဖူးဘဲ နေပါမည်နည်း။ ဇနီးသည် ဖျားနာပြီး ဆုံးပါးသွားမှသာ သူသည် ခရီးမထွက်ချင်တော့ဘဲ ဇနီးသည်၏ ဆန္ဒအတိုင်း သားသမီးနှစ်ယောက်ကို စုဆောင်းထားသော ငွေကြေးဖြင့် ကောင်းမွန်စွာ ပြုစုပျိုးထောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
သမီးဖြစ်သူ မင်္ဂလာမဆောင်ခင် ရက်အနည်းငယ်အလိုတွင် နောင်ဆိုလျှင် တွေ့ရဖို့ ခက်ခဲတော့မည်ဖြစ်၍ သမီးနှင့်သားကို ဖန်လိုစားသောက်ဆိုင်သို့ အထူးတလည် ခေါ်သွားကာ ဟင်းကောင်းများ မှာကျွေးခဲ့ဖူးသည်။ ဖန်လိုစားသောက်ဆိုင်တွင်လည်း မက်မွန်သီးပုံစံ လုပ်ထားသော ပဲနီဌာပနာမန်ထို ရှိပြီး အလွန်စားကောင်းလေသည်။ ထိုမုန့်ကို နှစ်ပေါင်းများစွာ ဝါရင့်နေသော မုန့်လုပ်ဆရာကြီးတစ်ဦး လုပ်သည်ဟု ကြားဖူးလေသည်။
ထိုအရသာကို တစ်သက်လုံး စွဲလမ်းနေလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယနေ့တွင် ထိုမုန့်ထက် ပိုကောင်းသော လက်ရာကို စားလိုက်ရလေသည်။ ထို့နောက် ရှန်ကျိအာက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်ကို ကြားလိုက်ရလေသည်။
"မကြီးက ဒီနှစ်ဆို ၂၁ နှစ်ပြည့်ပြီ၊ အဲ့ဒါကြောင့် ၂၂ နှစ်ထဲ ရောက်နေပြီပေါ့"
အသက် ၂၀ ကျော်ပဲ ရှိသေးတာလား။ ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ရာကလည်း ကောင်းလိုက်တာ။
ဦးလေးကျိုးသည် ဗဟုသုတများသူ ဖြစ်သည်။ သူ အသက်ကြီးနေပြီ ဖြစ်သော်လည်း လျှာကတော့ ကောင်းနေဆဲပင်။ ၃ ကိုက်လောက်ဖြင့် ကျန်သည့်မုန့်တစ်ဝက်ကို စားလိုက်လေသည်။ ထို့နောက် နာရီဝက်ခန့် ကြာသောအခါ သူသည် ကုလားထိုင်ပေါ်တွင် မှီထိုင်ရင်း မီးဖိုပေါ်မှ လက်ဖက်ခြောက်ကြမ်း ရေနွေးအိုးကို ယူငှဲ့ကာ တစ်ငုံချင်းသောက်ရင်း ဗိုက်ကားလာသည်အထိ စားသောက်လိုက်လေသည်။ လေတက်သံများပင် ထွက်လာတော့သည်။
ရှန်ကျိအာသည် စာမျက်နှာ အတော်များများ ကူးပြီးသွားလေသည်။ ဦးလေးကျိုး လေတက်သံကြားမှ သူလည်း မစားရသေးကြောင်း သတိရသွားသည်။ ခါးဆန့်ပြီး ကြည့်လိုက်ရာ သူယူလာသော ပေါင်မုန့်တန်းအရှည်ကြီး ၂ ခုမှာ မုန့်ဖတ်ခြောက်လေးများသာ ကျန်တော့သည်ကို တွေ့လိုက်ရသဖြင့် အသံတုန်တုန်ဖြင့် မေးလိုက်လေသည်။
"ဦးလေးကျိုး... ကျွန်တော် မစားရသေးဘူးလေ..."
ဦးလေးကျိုးသည် ကျေနပ်စွာဖြင့် ဗိုက်ကိုပွတ်နေစဉ် ရှန်ကျိအာ၏ မကျေမနပ် မျက်လုံးများနှင့် ဆုံသွားလေသည်။ သူ ကြောင်သွားပြီး ရှက်ရွံ့စွာ ရယ်မောလိုက်လေသည်။
"အို... သတိမထားမိလိုက်ဘူး... အဲ... ငါ့နောက်ဖေးမီးဖိုဆောင်မှာ ဆန်ကြမ်းပြုတ် ကျိုထားတာ ရှိတယ်။ မင်းကို သွားယူပေးမယ်နော်၊ အိုကွယ်... ဒီလောက်ကြီး ကြည့်နေဖို့ လိုလို့လား၊ ကဲပါ... ဒီနေ့ကစပြီး မင်း စာလာကူးရင် ငါ ပိုက်ဆံမယူတော့ဘူးလေ၊ ဟုတ်ပြီလား"
ရှန်ကျိအာသည် မတတ်သာဘဲ လက်ခံလိုက်ရသည်။ နောက်ပိုင်းတွင် ဦးလေးကျိုး ယူလာပေးသော ဆန်ပြုတ်ကို မြင်လိုက်ရသောအခါ ပိုပြီး ကြောင်အမ်းသွားလေသည်။ ဆန်ပြုတ်ထဲတွင် မီးဖိုပြာများ ပါနေသည်။ မွဲခြောက်ခြောက်နှင့် အရည်ကျဲနေသော ဆန်ပြုတ်ကြီးမှာ ဝက်စာကျွေးသည့် စားကြွင်းစားကျန်များနှင့် တူနေလေသည်။
ရှန်ကျိအာသည် အကြာကြီး ကြည့်နေသော်လည်း စားရဲသည့်သတ္တိ မရှိပေ။
ပြီးခဲ့သည့်ရက်ပိုင်းတွင် သူ မည်မျှ ကောင်းကောင်းမွန်မွန် စားသောက်ခဲ့ရသည်ကို ရုတ်တရက် သတိပြုမိသွားသည်။
မကြီးဆိုလျှင် ဆန်ဝါပြုတ် ပြုတ်လျှင်ပင် ရွှေအိုရောင်သန်းပြီး ပျစ်နှစ်နေအောင် ပြုတ်တတ်သည်။ အိုးချပြီး အအေးခံလိုက်လျှင် ဆန်ဆီအလွှာထူထူကြီး တက်လာတတ်သည်။ ဘာမှမထည့်ဘဲ ဒီအတိုင်း သောက်လိုက်ရင်တောင် ဆန်နံ့မွှေးနေပြီး ဆန်ဆီက ပါးစပ်ထဲတွင် စွဲကျန်ရစ်ကာ သိပ်ကို နေလို့ကောင်းသည်။
မကြီး၏ ဆန်ပြုတ်ကို တွေးပြီးနောက်တော့ ရှန်ကျိအာက ဟိုဝက်စာလို ဆန်ပြုတ်ပန်းကန်ကို အဝေးသို့ တိတ်တဆိတ် တွန်းထုတ်လိုက်လေသည်။
ကံကောင်းသည်မှာ သူသည် လွန်ခဲ့သော ၂ ရက်က စောစောထပြီး မကြီးကို မီးမွှေးပေးခြင်း၊ သခွားသီးလှီးပေးခြင်း၊ ဟင်းသီးဟင်းရွက် ဆေးပေးခြင်းများ လုပ်ပေးခဲ့သည်။ မကြီးက အသားပြားနှင့် မုန့်ပြားကြော်ပြီးတိုင်း သူ့ကို ခွံ့ကျွေးတတ်သဖြင့် သူ့ဗိုက်က သိပ်ပြီး မဆာလှပေ။
ဝက်စာနှင့်တူသော ဤဆန်ပြုတ်ပန်းကန်ကို ကြည့်ရင်း... သူ မစားတော့ရန် ဆုံးဖြတ်လိုက်တော့သည်။
သူသည် စာကူးသည့်အလုပ်ကိုသာ အာရုံစိုက်လိုက်သည်။
ဆရာလျို၏ စာသင်ဝိုင်းတွင် တက်တုန်းက "စာလုံးတစ်ထောင်" စာအုပ်ကို သင်ပြီးသွားပြီဖြစ်သည်။ စာသင်ဝိုင်းတွင် "ကလေးသင်ခန်းစာများ" နှင့် "ပညာရှိစကားပုံပေါင်းချုပ်" စာအုပ်များကို ဆက်သင်တော့မည့်အချိန်တွင် ရန်ဖြစ်ပြီး အထုတ်ခံလိုက်ရခြင်းဖြစ်သည်။
ထို့ကြောင့် သူသည် ဒီရက်ပိုင်းတွင် ဤစာအုပ် ၂ အုပ်ကို ကူးယူပြီး ကိုယ့်ဘာသာ ဖတ်ရှုလေ့လာရန် စီစဉ်ထားခြင်းဖြစ်သည်။ နားမလည်သည်များ ရှိလျှင် စာအုပ်ဆိုင်သို့ လာပြီး ကံစမ်းကြည့်ရမည်။ တစ်ခါတစ်ရံ ဆင်းရဲသော စာသင်သားများသည် ဤနေရာတွင် အလကား စာလာဖတ်တတ်ကြရာ ကျိအာက သူတို့ကို မေးမြန်းရန် ပြင်ဆင်ထားလေသည်။
စာသင်ကျောင်းမှ အသက်ကြီးသော စာသင်သားများသည် ဤစာအုပ် ၂ အုပ်ကို ဖတ်လေ့ရှိရာ သူလည်း ထိုနည်းတူ လိုက်ဖတ်လျှင် မှားစရာမရှိဟု ရှန်ကျိအာက ယူဆထားလေသည်။
ထို့ကြောင့် မနက်ခင်းတစ်ခုလုံး အိမ်သာသွားသည်မှလွဲ၍ နေရာမှမထပေ။ ထိုသို့ ကြိုးစားပမ်းစား လုပ်နေသည်ကို ဦးလေးကျိုး မြင်သောအခါ ကြည့်မနေနိုင်တော့ဘဲ ထရပ်ကာ အညောင်းဆန့်ရင်း ကျယ်လောင်စွာ ပြောလိုက်လေသည်။
"နေ့လယ်တောင် ရောက်နေပြီ၊ အိမ်မပြန်သေးဘူးလား၊ ငါ မင်းကို နေ့လယ်စာ ကျွေးမှာမဟုတ်ဘူးနော်"
သူ နောက်ဖေးဝင်ပြီး ထမင်းချက်တော့မည်ဖြစ်ရာ ဤကောင်လေး မပြန်ဘဲ သောင်တင်နေ၍ ပြောလိုက်ခြင်းဖြစ်သည်။
ထိုစကားကို ကြားသောအခါ ရှန်ကျိအာက မျက်လုံးကို မပွင့်တပွင့် မော့ကြည့်ရင်း ပြောလိုက်လေသည်။
"ဦးလေးကျိုးရာ... ပြောထွက်လိုက်တာ၊ ဦးလေးသာ မနက်က ကျွန်တော့်ရဲ့ မန်ထိုကင်ကို မစားလိုက်ဘူးဆိုရင် ကျွန်တော် အခုလောက်ဆို နေ့လယ်စာ စားပြီးနေလောက်ပြီ"
လိမ္မာသော ရှန်ကျိအာသည် ရှန်မြောင် ထည့်ပေးလိုက်သော မန်ထိုကင်ကို မနက်စာတစ်ဝက်၊ နေ့လယ်စာတစ်ဝက် စားရန်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
မကြီးသည် နေ့စဉ် မိုးချုပ်မိုးလင်း အလုပ်ရှုပ်နေသော်လည်း တစ်ခါမှ ညည်းညူခြင်း မရှိပေ။ သူသည် ထိုအရာများကို မြင်တွေ့နေရသဖြင့် ကိုယ်တိုင်လည်း ချွေတာတတ်နေပြီ။ ရှန်မြောင်က မနက်စာအတွက် သက်သက် ထည့်ပေးလိုက်မှန်း သူ လုံးဝ မသိခဲ့ပေ။
ဦးလေးကျိုးသည် ကလေးပြောတာ ခံလိုက်ရသဖြင့် ရှက်သွားပြီး နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။
"ဒါဆိုလည်း အဘိုးနဲ့ အထဲလိုက်ခဲ့၊ မင်းက ဆန်ပြုတ်ကို မကြိုက်လို့ မစားဘူးဆိုတော့ ငါ မင်းအတွက် ခေါက်ဆွဲပြုတ် တစ်ပန်းကန်လောက် ပြုတ်ပေးမယ်..."
စကားမဆုံးခင်မှာပင် တံခါးဝရှိ ခန်းဆီးစကို သွယ်လျသော လက်တစ်ဖက်က လှန်လိုက်လေသည်။
"ရှန်းအာ... ဒီနေရာလား"
နူးညံ့သိမ်မွေ့သော မျက်နှာထားနှင့် အမျိုးသမီးတစ်ဦးက ခေါင်းပြူကြည့်လိုက်ပြီး တစ်ချက်ဝေ့ကြည့်လိုက်ရာ ထောင့်တစ်နေရာတွင် စာထိုင်ကူးနေသော ကောင်လေးကို တွေ့သွားလေသည်။ နေ့လယ်ခင်း နေရောင်ခြည်သည် သူမ၏ကျောဘက်မှ ဝင်ရောက်လာပြီး သူမတစ်ကိုယ်လုံးကို ရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားသကဲ့သို့ ဖြစ်နေသည်။ သူမသည် ကောင်လေးကို လက်ပြလိုက်လေသည်။
"ကျိအာ"
ရှန်ကျိအာသည် အသံကြားသည်နှင့် အံ့ဩစွာ မော့ကြည့်လိုက်ပြီး အူယားဖားယား ထရပ်ကာ ပြေးထွက်လာလေသည်။
"မကြီး... ဘယ်လိုလုပ် ရောက်လာတာလဲ"
အသံတွင် အံ့ဩဝမ်းသာမှုများ လျှံကျနေလေသည်။
ဦးလေးကျိုးသည် အသက်ကြီးနေပြီ ဖြစ်သော်လည်း ရုတ်တရက် ဤအမျိုးသမီး၏ ရုပ်ရည်ကို မြင်လိုက်ရသောအခါ မျက်စိကျိန်းသွားသလို ဖြစ်သွားသည်။ သို့သော် သူ ချက်ချင်းပင် သတိပြန်ဝင်လာသည်။ ဪ... ဒါ ရှန်ကျိအာနဲ့ ရှန်ရှန်းအာတို့ မောင်နှမ နှစ်ယောက်ကို ဦးကြီးအိမ်မှာ ပစ်ထားပြီး ဂရုမစိုက်တဲ့ အစ်မကြီးဆိုတာ ဖြစ်မယ်။
ဟေ... ကြည့်ရတာလည်း စိတ်နှလုံး မာကျောမယ့်ပုံ မပေါ်ပါဘူး။
"မကြီး မောင်လေးစားဖို့ နေ့လယ်စာ လာပို့တာလေ၊ ဒီနေ့ ဘယ်လိုလဲ၊ ပင်ပန်းလား"
ရှန်မြောင်သည် လက်ထဲရှိ ၂ ထပ်ပါ သစ်သားထမင်းချိုင့်ကို မြှောက်ပြလိုက်ပြီး ခါးကို အနည်းငယ်ကိုင်းကာ လက်ကိုင်ပုဝါဖြင့် ကျိအာ၏ပါးပေါ်တွင် ပေနေသော မင်စက်များကို ဖွဖွလေး သုတ်ပေးလိုက်သည်။ ထို့နောက် ဦးလေးကျိုးဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"ဒါ ဦးလေးကျိုး ထင်ပါတယ်။ ကျိအာက ဦးလေးအကြောင်း ခဏခဏ ပြောပြတယ်။ ဒီနှစ်တွေအတွင်း ဦးလေးက သူ့ကို ဂရုစိုက်ပေးခဲ့တာတွေကို ကျွန်မကပဲ အစား ကျေးဇူးတင်ပါတယ်နော်"
ပြောရင်းဖြင့် သူမက လေးလေးနက်နက် ဦးညွှတ်အရိုအသေ ပေးလိုက်လေသည်။
ဘယ်စာအုပ်ဆိုင်က ကလေးကို ငှားပြီး စာကူးခိုင်းမှာလဲ။ ကလေးလက်ရေးက ဘယ်လောက်ပဲ သပ်ရပ်တယ်ပြောပြော လူကြီးလက်ရေးကိုတော့ မမီနိုင်ပေ။ သေသေချာချာ တွေးကြည့်လိုက်လျှင် ဤ ဦးလေးကျိုး စိတ်သဘောထား ကောင်းမွန်သောကြောင့်သာ ကျိအာကို အထူးတလည် ဂရုစိုက်ပြီး ထမင်းစားလက်မှတ် ပေးထားခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။
"အို... ညည်းကလည်း အားနာစရာတွေ ပြောနေပြန်ပြီ"
ဦးလေးကျိုးက လက်ကာပြလိုက်သည်။
"ဒီကလေးက လိမ္မာပါတယ်။ ငါ့ဈေးရောင်းတာကိုလည်း မနှောင့်ယှက်ပါဘူး"
ရှန်မြောင်သည် တစ်ချိန်လုံး ယဉ်ကျေးမနေတော့ပေ။ ဦးလေးကျိုးက အသက်ကြီးနေပြီ။ ရှန်မြောင် ဝင်လာကတည်းက နောက်ဖေးမီးဖိုဆောင်ကို အမှတ်တမဲ့ လှမ်းကြည့်လိုက်ရာ မီးဖိုက အေးစက်နေသည်ကို တွေ့ရသဖြင့် ဒီဆိုင်ရှင် ဘာမှမစားရသေးကြောင်း ခန့်မှန်းမိလိုက်သည်။ ကံကောင်းသည်မှာ သူမသည် အစားအသောက်များကို ပိုထည့်လာခဲ့ခြင်းပင်။ ထို့ကြောင့် ပြုံးလျက် ထမင်းချိုင့်ကို ဖွင့်လိုက်လေသည်။
"ကျွန်မ ဒီနေ့ တမင်တကာ ပိုချက်လာခဲ့တာ၊ ဒီကလေးက ဦးလေးဆီမှာ အကြာကြီး ဒုက္ခပေးနေတာဆိုတော့ ဦးလေးကို အားနာလို့လေ၊ ဦးလေး ဒီနေ့ မငြိုငြင်ဘူးဆိုရင် ကလေးနဲ့အတူတူ ဝင်စားပါလား"
ဦးလေးကျိုးသည် မနက်က စားခဲ့သော မန်ထိုကင်ကို သတိရသွားပြီး ယခု ဖွင့်လိုက်သော ထမင်းချိုင့်ထဲမှ မွှေးပျံ့သော အနံ့ကိုပါ ရလိုက်သဖြင့် ချက်ချင်းပင် လက်ခံလိုက်လေသည်။
ရှန်မြောင်သည် နောက်ဖေးမီးဖိုဆောင်ရှိ စားပွဲလေးပေါ်တွင် ထမင်းဟင်းများကို ခင်းကျင်းလိုက်သည်။ တစ်လွှာချင်းစီ ထုတ်ယူလိုက်သည်။ သူမသည် ပန်းကန်ခွက်ယောက်များကိုပါ ယူလာခဲ့သဖြင့် ဦးစွာ ဦးလေးကျိုးအတွက် ကောက်ညှင်းဆန်ဝါ ထမင်းတစ်ပန်းကန် အပြည့်ခပ်ပေးလိုက်ပြီးမှ ကျိအာအတွက် ခပ်ပေးလိုက်သည်။
"ဦးလေးကျိုးနဲ့ ကျိအာ ဖြည်းဖြည်းစားကြနော်၊ ကျွန်မနဲ့ ရှန်းအာကတော့ အိမ်မှာ စားခဲ့ပြီးပြီ"
"အေးပါ... ရှန်မိသားစုက တူမလေးက သိပ်သဘောကောင်းတာပဲ..."
ထမင်းဟင်းနံ့များ မွှေးပျံ့နေသဖြင့် ဦးလေးကျိုး စကားပင် မပြောနိုင်တော့ဘဲ ဟင်းတစ်ဖတ်ကို အမြန်လှမ်းညှပ်လိုက်လေသည်။ သူ ပထမဆုံး စားလိုက်သည်မှာ ကြက်ပေါင်သားဌာပနာ မှိုတို့ဖူး ဖြစ်သည်။ ကြက်ပေါင်သားက လတ်ဆတ်နူးညံ့ပြီး အရည်ရွှမ်းနေသည်။ တို့ဖူးနှင့် မှိုကလည်း ဟင်းရည်ကို စုပ်ယူထားသဖြင့် တစ်ကိုက်ကိုက်လိုက်သည်နှင့် ရပ်မရအောင် ဖြစ်သွားတော့သည်။
ဇနီးသည် ဆုံးပါးသွားပြီးကတည်းက ဦးလေးကျိုးသည် ဤကဲ့သို့ တူမချချင်လောက်အောင် ကောင်းမွန်သည့် ထမင်းဟင်းလက်ရာမျိုး မစားရသည်မှာ ဆယ်စုနှစ်ချီ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဗိုက်ပြည့်သွားသောအခါ သူသည် ထိုင်ခုံပေါ်တွင် အချိန်အတော်ကြာအောင် ငြိမ်သက်စွာ ထိုင်နေမိလေသည်။ ထို့နောက် အိုးထဲတွင် ကျန်နေသော သူကိုယ်တိုင်ပြုတ်ထားသည့် ဆန်ကြမ်းပြုတ်ကို လှမ်းကြည့်လိုက်ရာ ကျိအာ တွေးသကဲ့သို့ပင် "ငါ အရင်က စားနေတာတွေက ဝက်စာတွေများလား" ဟူသော အတွေး ဝင်လာမိလေတော့သည်။
..........
ရှန်ကျိအာသည်လည်း နေ့လယ်စာကို ထမင်း ၂ ပန်းကန် အပြည့်စားလိုက်သည်။ ဦးလေးကျိုး ဟင်းညှပ်တာ မြန်လွန်းသဖြင့် နှစ်လုပ်လောက်စားပြီး ဟင်းကုန်သွားမည်ကို စိုးရိမ်သောကြောင့် သူလည်း အငမ်းမရ စားသောက်လိုက်ခြင်း ဖြစ်သည်။ လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်သည် မုန်တိုင်းဝင်သလို စားသောက်လိုက်ကြရာ စစ်ပွဲဖြစ်နေသကဲ့သို့ပင် ထင်ရလေသည်။
ရှန်မြောင်က သူတို့နှစ်ယောက် ထမင်းစားနေချိန်တွင် အနီးနားရှိ ဆီဆိုင်သို့သွားပြီး ပဲဆီအနည်းငယ် ဝယ်လိုက်သည်။ ဝါးဆီပုံးကို ဆွဲပြီး ပြန်ရောက်လာချိန်တွင် ကျိအာလည်း စားပြီးသွားပြီဖြစ်သည်။ ချွေးသီးချွေးပေါက်များ ကျနေပြီး ရေနွေးကြမ်း တစ်ခွက်သောက်ကာ ကုလားထိုင်ပေါ်တွင် မှီလျက် အမောဖြေနေလေသည်။ ရှန်းအာက စားပွဲဘေးတွင် မှီလျက် သူတို့နှစ်ယောက်၏ ကြမ်းတမ်းသော စားသောက်ပုံကို ကြည့်ပြီး ကြောက်လန့်နေရှာသည်။ ရှန်မြောင် ပြန်ရောက်လာမှ အသိပြန်ဝင်လာပြီး တိုးတိုးလေး ပြောလိုက်လေသည်။
"ကြောက်စရာကြီး"
"ရှန်းအာ ဘာပြောလိုက်တာလဲ၊ ကျိအာ... မကြီးတို့ ပြန်တော့မယ်နော်၊ မောင်လေး နောက်ထပ် ၂ နာရီလောက် စာကူးပြီးရင် အိမ်ပြန်လာခဲ့တော့"
ရှန်မြောင်သည် ဝင်လာပြီး ရှန်းအာကို ခေါ်လိုက်သည်။ နေမဝင်ခင် အိမ်ပြန်ရောက်အောင် လာခဲ့ရန် ကျိအာကို မှာကြားလိုက်ပြီး ဆီပုံးဆွဲကာ အိမ်ပြန်ခဲ့ကြသည်။
လမ်းတွင် အရင်တစ်ခေါက်က အဝတ်စ ဝယ်ဖူးသည့် ဆိုင်ကို ဖြတ်သွားသဖြင့် အဝတ်စ အနည်းငယ် ထပ်ဝယ်လိုက်သည်။ သူမ၊ ရှန်းအာနှင့် ကျိအာတို့အတွက် နောက်ထပ် အဝတ်တစ်စုံစီ ထပ်ချုပ်ပေးရန် စီစဉ်ထားခြင်းဖြစ်သည်။ ယခု ကလေးနှစ်ယောက်တွင် မူလအဝတ်တစ်စုံနှင့် ရှန်မြောင် နောက်ပိုင်း ချုပ်ပေးထားသော တစ်စုံသာ ရှိပြီး လဲလှယ်ဝတ်ဆင်နေရသည်။ တကယ်လို့ မိုးဆက်တိုက်ရွာပြီး အဝတ်မခြောက်လျှင် ဒီကလေးနှစ်ယောက် ဖင်တုံးလုံး ဖြစ်ရပေတော့မည်။
အိမ်ရောက်သောအခါ ရှန်းအာသည် ခြံထဲတွင် အုတ်ကျိုးအပဲ့များကို ကောက်ရင်း ဆော့ကစားပြန်သည်။ ခြံထဲတွင် ပေါင်းပင်အချို့ ပေါက်ရောက်နေသဖြင့် ပိုးကောင်နှင့် လိပ်ပြာများလည်း များပြားလာသည်။ သူမသည် မြေကြီးပေါ်တွင် ထိုင်လျက် ကြက်ပေါက်လေးများအတွက် နှံကောင် ဖမ်းကျွေးနေပြီး တစ်ယောက်တည်း ပျော်ရွှင်နေလေသည်။
ရှန်မြောင်သည် မီးဖိုဆောင် တံခါးအပြင်ဘက် မလှမ်းမကမ်းရှိ မြေမီးဖိုကို စမ်းသပ်ကြည့်လိုက်ရာ ၅ ပုံ ၆ ပုံခန့် ခြောက်သွေ့နေပြီဖြစ်သည်။ ကံကောင်းသည်မှာ ဒီရက်ပိုင်း နေသာနေသဖြင့် ခြောက်တာ မြန်နေခြင်းဖြစ်သည်။ မိုးရွာလျှင်တော့ ဆီစိမ်ပိတ်စနှင့် အုပ်ထားရမည်ဖြစ်ပြီး အချိန်ပိုကြာသွားပေလိမ့်မည်။
ထရပ်လိုက်ရင်း ရှန်းအာ ဘာလုပ်နေလဲဆိုတာ လှမ်းကြည့်လိုက်သည်။
ဒီကလေးက ကြက်ပေါက် ၃ ကောင်နှင့် အတော်လေး ရင်းနှီးနေပြီ။ သူမလက်ထဲတွင် မသေမရှင် ဖြစ်နေသော နှံကောင်တစ်ကောင် ရှိနေပြီး မျက်နှာလိုက်ကာ ကြက်ဖဖြူလေးကို ရွေးကျွေးလိုက်သည်။ ကျန်သည့် ၂ ကောင်ကလည်း စားချင်ကြသည်။ ကြက်ဖြူလေးက လည်ပင်းဆန့်ပြီး နှံကောင်ကို ကိုက်ချီကာ ပြေးတော့သည်။ ကျန် ၂ ကောင်ကလည်း အတောင်ပံ တဖျပ်ဖျပ်ခတ်ကာ လိုက်လုကြလေသည်။
ကြက်ပေါက် ၃ ကောင်က တဂွက်ဂွက်အော်ရင်း ခြံထဲတွင် ပြေးလွှားနေကြသည်။ ရှန်းအာကလည်း ကြက်ဖင်နောက်က လိုက်ပြေးရင်း စေတနာအပြည့်ဖြင့် ဝင်ထိန်းပေးနေရှာလေသည်။
"နင်တို့တွေ မလုကြနဲ့လေ၊ ခဏနေ အမွေးတွေ ကျွတ်ကုန်ဦးမယ်၊ အယ်... ငါ ခဏနေ ထပ်ဖမ်းပေးမယ်၊ သေချာပေါက် ရှိဦးမှာပါဆို"
ရှန်မြောင်က ကြားပြီး ရယ်မောလိုက်မိသည်။
ညီမလေး တစ်ယောက်တည်း ပျော်နေသည်ကို တွေ့ရသဖြင့် သူမ စိတ်ချလက်ချ မီးဖိုဆောင်ထဲသို့ ဝင်လာခဲ့သည်။ မိုးကောင်းကင် အခြေအနေကို ကြည့်ပြီး အချိန်ကို ခန့်မှန်းလိုက်သည်။ ဒီအချိန်ဆိုလျှင် သက်သတ်လွတ် ပဲနီဌာပနာမန်ထို တစ်အိုး လုပ်ရန် အချိန်မီပြီး တာ့ရှန့်ကော်ဘုရားကျောင်းဘေးရှိ ကျုံးကူလမ်းကြားသို့ သွားပို့ရန် မီလောက်သည်ဟု တွေးလိုက်လေသည်။
...