အခန်း (၂၇-၂၈)
Vol. 3 Ch. 27-28
အပိုင်း (၂၇) ရှဲ့မိသားစု၏ ဂုဏ်သတင်း (၂)
ရှဲ့ရှစ်ယီးညန် သည် အိမ်ပြန်ရောက်သည်နှင့် ဒေါသတကြီးဖြင့် အစားအသောက် လျှော့စားကာ ဘာမှမစားဘဲ နေတော့သည်။
အမှန်တကယ်တွင်မူ ညတိုင်း ဗိုက်ဆာလွန်းသဖြင့် ရင်ပူမိသည်။ အထူးသဖြင့် သည်နေ့ မန်ထိုကင်က အလွန်မွှေးကြိုင်နေပြီး အမေကလည်း သက်သတ်လွတ်ဟု ပြောထားသည် မဟုတ်ပါလား။
ရှဲ့ရှစ်ယီးညန်သည် သည်းမခံနိုင်တော့ပေ။
'သက်သတ်လွတ်ဆိုတော့ စားလည်း မဝလောက်ပါဘူး။ နည်းနည်းလောက် စားလိုက်တာ ဘာဖြစ်မှာမို့လို့လဲ... ဘာမှမဖြစ်ပါဘူး...'
"နင်တို့တတွေကလေ အမေ့ကို စိတ်ချမ်းသာအောင် မထားကြဘူး" သခင်မကြီးရှီးက ခါးသီးစွာပြုံးရင်း ခေါင်းခါလိုက်၏။ ရှဲ့မိသားစုသည် အိမ်ခွဲမနေကြသဖြင့် ကလေးများအားလုံးကို အသက်အရွယ်အလိုက် စီစဉ်ထားသော်လည်း သူမကိုယ်တိုင် မွေးဖွားထားသည့် ကလေးမှာ သုံးယောက်သာ ရှိသည်။ အကြီးဆုံး ရှဲ့ထျောင်က အိမ်မကပ်ဘဲ အပျော်အပါးလိုက်စားကာ နေ့တိုင်း အပြင်ထွက်နေတတ်သည်။ ဒုတိယသား ရှဲ့ချီကမူ အားကိုးရဆုံး ဖြစ်သော်လည်း စေ့စပ်ကြောင်းလမ်းခြင်း ပျက်ပြယ်ပြီးနောက်တွင် အစားအသောက် ပျက်နေပြန်သည်။ အငယ်ဆုံး သမီးလေးမှာမူ မိခင်၏ ရင်အုပ်မကွာ အချစ်တော်လေး ဖြစ်ခဲ့သော်လည်း သည်ရက်ပိုင်းတွင် နတ်ပူးနေသည့်နှယ် စိတ်ကောက်ကာ ထမင်းမစား၊ ဟင်းမစား လုပ်နေပြန်သည်။
"ဒါဆိုလည်း အဲဒီမုန့်သည် ရှန်ညန်ဇီဆီမှာ မန်ထိုကင် ၄၅၀ မှာလိုက်တော့" သခင်မကြီးရှီးက ပြတ်သားစွာ ပြောလိုက်ပြီး ငွေသွားယူရန် အထိန်းတော်ကို ခိုင်းလိုက်တော့သည်။ "သူက မိန်းကလေးတစ်ယောက်တည်း အပြင်ထွက်ပြီး လက်မှုပညာနဲ့ မိသားစုကို ရှာဖွေကျွေးမွေးနေတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ သူ့ဆီက စရံငွေ မယူနဲ့တော့၊ စာချုပ်ချုပ်ပြီးတာနဲ့ ငွေအပြည့်ချေလိုက်၊ သွားကြတော့၊ သူ့ကို အပြင်မှာ အကြာကြီး စောင့်မနေစေနဲ့၊ မရိုင်းပျစေနဲ့"
"ဟုတ်ကဲ့ပါ သခင်မကြီး" အစေခံများသည် အမိန့်ရသည်နှင့် ချက်ချင်း လှုပ်ရှားကြတော့သည်။
ထို့နောက် သခင်မကြီးရှီးသည် သားသမီးသုံးယောက်ကို မန်ထိုကင်များနှင့်အတူ အပြင်သို့ မောင်းထုတ်လိုက်လေတော့သည်။
"အမေ့ဆီမှာ လာပြီး မတ်တတ်ရပ်မနေကြနဲ့၊ အမေက ဂိုဒေါင်သီးသန့်စီက စာရင်းတွေကို စစ်ရဦးမှာ၊ နင်တို့ဘာသာ သွားဆော့ကြ၊ အမေ နင်တို့သုံးယောက်လုံးကို ကြည့်ရတာ မျက်စိနောက်လာပြီ၊ သွားကြ သွားကြ"
ရှဲ့ချီက အပြစ်မရှိဘဲ အဆူခံလိုက်ရသဖြင့် ပန်းကန်ကို ကိုင်ကာ အစ်ကိုကြီးနှင့် ညီမငယ်နောက်မှ လိုက်ထွက်လာခဲ့သည်။
'ငါက အခုမှ ရောက်ကာစလေ၊ ဖင်တောင် မပူသေးဘူး'
သူပါ ဘာလို့ အငြိုငြင် ခံလိုက်ရတာလဲဟု တွေးနေမိသည်။
ရှဲ့ထျောင်ကမူ အဆူခံရသည်ကို ဂရုမစိုက်ပေ။ သူသည် နေ့တိုင်း အဓိကဆောင်သို့ လာပြီး မိခင်၏ ဆူပူကြိမ်းမောင်းမှုကို မခံရလျှင် ညဘက် အိပ်ပျော်မည် မဟုတ်ပေ။ ထို့ကြောင့် အပြင်ရောက်သည်နှင့် ပျင်းရိလေးတွဲ့စွာဖြင့် ညီဖြစ်သူ၏ ပခုံးကို ဖက်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ကျိုကော... အစ်ကိုကြီး မင်းကို ကျူးလျန်လမ်းကြားမှာ အသစ်ဖွင့်ထားတဲ့ ဆောင်ကြာမြိုင်ကို လိုက်ပို့ပေးရမလား..."
စကားမဆုံးသေးခင်မှာပင် အခန်းထဲမှ သခင်မကြီးရှီး၏ ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။
"ရှဲ့ထျောင်... နင် လုပ်ရဲလုပ်ကြည့်စမ်း"
ရှဲ့ထျောင်သည် ဆက်ပြောရဲတော့ဘဲ ခြေကုန်သုတ် ပြေးတော့သည်။
ရှဲ့ရှစ်ယီးညန် နှင့် ရှဲ့ချီတို့သာ ကျန်ရစ်ခဲ့ပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေမိကြသည်။ ခဏကြာမှ ရှဲ့ချီက ပြောလိုက်သည်။
"ဒါဆိုရင် ငါ့ခြံဝင်းထဲသွားပြီး စစ်တုရင် ကစားကြမလား"
"ကောင်းသားပဲ၊ ဒုတိယအစ်ကိုက ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ညီမလေးဆီမှာ ကျောက်မင်မင်အိုး ရှုံးထားတာဆိုတော့ ဒီနေ့ ဘာကြေးထပ်မှာလဲ"
"အမေ ငါ့ကို ပေးလိုက်တဲ့ မန်ထိုကင်ကို ကြေးထပ်မယ်လေ"
ရှဲ့ရှစ်ယီးညန်သည် ဗိုက်မဝသေးသည်သာမက သည်မန်ထိုကင်ကို စားပြီးရင်း စားချင်နေသဖြင့် မျက်လုံးများ အရောင်တောက်သွားပြီး တံတွေးမြိုချကာ ပြောလိုက်တော့သည်။ "ကတိတည်ရမယ်နော်"
မောင်နှမနှစ်ယောက်သည် စင်္ကြံလျှောက်လမ်းအတိုင်း အတူတူ လျှောက်သွားလိုက်ကြ၏။ ယန့်ရှူးကမူ ခေါင်းငိုက်စိုက်ချကာ အနောက်မှ လိုက်ပါလာပြီး စိတ်ထဲတွင် ဝမ်းနည်းနေရှာသည်။
'ဘုရားရေ... မန်ထိုကင်က လောင်းကြေးဖြစ်သွားပြီဆိုတော့ ငါ စားရပါတော့မလား'
နောက်တစ်စက္ကန့်တွင် ရှဲ့ချီက လှည့်ကြည့်လိုက်ပြီး သူ့ပါးစပ်ထဲသို့ မန်ထိုတစ်တုံး ထိုးထည့်ပေးလိုက်လေသည်။ "စားလိုက်၊ ငါက ဘယ်တုန်းက မင်းကို ငတ်ထားဖူးလို့လဲ"
ယန့်ရှူးသည် ပါးစပ်ကို အုပ်ထားလိုက်ပြီး မျက်လုံးများ အရောင်တောက်ကာ မော့ကြည့်လိုက်၏။ ရှဲ့ချီကမူ ပြန်လှည့်သွားပြီ ဖြစ်သဖြင့် သူသည် ပေါ့ပါးသွက်လက်စွာဖြင့် အနောက်မှ ပြေးလိုက်သွားတော့သည်။
အပြင်ဘက်တွင်တော့ ရှန်မြောင်သည် တံခါးစောင့်နှစ်ယောက်နှင့် စကားပြောဆိုနေရာ ရှဲ့မိသားစုတွင် မိသားစုခွဲ ဘယ်နှစ်ခုရှိသည်ကိုပင် သိလုနီးပါး ဖြစ်နေပြီဖြစ်သည်။
စောစောက သတင်းဝင်ပို့သော တံခါးစောင့် ပြန်ထွက်လာပြီး ရှန်မြောင်ကို ဝမ်းသာအားရ ပြောလေသည်။ "ရှန်ညန်ဇီ ဝမ်းသာစရာပဲဗျ၊ အားလုံးအဆင်ပြေတယ်၊ ကျွန်တော်တို့ သခင်မကြီးက မိန်းကလေးရဲ့ မန်ထိုကင်ကို စားပြီး အရမ်းသဘောကျသွားတယ်၊ နောက် ၃ ရက်နေရင်ကျင်းပမယ့် တရားပွဲအတွက် သက်သတ်လွတ်မုန့်တွေကို မိန်းကလေးဆီမှာပဲ မှာဖို့ ပြောလိုက်တယ်၊ မိန်းကလေး နေ့တိုင်း အသွားအပြန် ပင်ပန်းရမှာမို့လို့ ငွေကို ကြိုရှင်းပေးလိုက်တယ်၊ ပိုနေတဲ့ငွေတွေကတော့ မိန်းကလေး ရေနွေးကြမ်းဝယ်သောက်ဖို့တဲ့"
ပြောရင်းဆိုရင်း အသစ်စက်စက် ကြေးပြား ၄ တွဲကို ထုတ်ပေးလာသည်။ ကြေးပြားဟောင်းများထက် အရည်အသွေး ပိုကောင်းသည်။ သူမနှင့် အတွင်းဆောင်မှူးကျန့်တို့ ပြောထားသည်မှာ ၃၆၀၀ ဝမ် သာ ဖြစ်သော်လည်း ရှဲ့သခင်မကြီးက ၄၀၀၀ (၄ တွဲ) ပေးလိုက်သည် မဟုတ်ပါလား။
ဒါသည် ရေနွေးကြမ်းဖိုး ၄၀၀ ဝမ် အပိုရလိုက်ခြင်းပင်။
ရှန်မြောင်လည်း အလွန်အမင်း ဝမ်းသာသွားမှုကို မနည်းထိန်းချုပ်ထားလိုက်ရပြီး တည်ငြိမ်အောင်နေကာ ရိုးသားစွာဖြင့် ကျေးဇူးတင်စကား ပြောလိုက်လေသည်။ "ရှင်တို့ သခင်မကြီးကို ကျေးဇူးတင်ပါတယ်ရှင်၊ ရှင်တို့ သခင်မကြီးက အလုပ်လုပ်တာ တကယ်မြန်ဆန်တိကျတာပဲ၊ အိမ်တော်ကြီးကို အုပ်ချုပ်တဲ့ သခင်မကြီး ပီသပါပေတယ်၊ ဪ ဒါနဲ့... ရှင်တို့သခင်မကြီးက ကျွန်မကို နောက်ဖေးမီးဖိုဆောင်က မီးဖိုကို ငှားသုံးခွင့်ပေးမလား မသိဘူး။ ကျွန်မက အိမ်မှာ အစိမ်းလုပ်လာပြီး ဒီရောက်မှ ကင်ပေးမယ်ဆိုရင် အချိန်ကိုက်ပြီး ပူပူနွေးနွေးလေး ရမှာလေ"
"သခင်မကြီးက ပြောပါတယ်၊ အပြင်ဘက်စင်္ကြံအောက်က မီးဖိုဆောင်ကို ရှန်ညန်ဇီ စိတ်ကြိုက်သုံးပါတဲ့၊ အဲဒီအချိန်ကျရင် ဒီတံခါးပေါက်ကိုပဲ လာခဲ့ပါ၊ တာဝန်ကျတဲ့ တံခါးစောင့်က ခေါ်သွားပေးလိမ့်မယ်၊ ပြီးရင်လည်း ဒီတံခါးကပဲ ပြန်ထွက်ပါ"
သည်လိုဆိုလျှင် အကောင်းဆုံးပင်။ ရှန်မြောင်က ရှန်းအာကို ညွှန်ပြပြီး ထပ်မေးလိုက်သည်။
"ကျွန်မမိဘတွေက စောစီးစွာ ဆုံးပါးသွားကြလို့ မောင်နှမနှစ်ယောက်နဲ့ အတူနေရတာပါ၊ သူတို့က ငယ်သေးတော့ တစ်ပါတည်း ခေါ်လာလို့ရမလား"
တံခါးစောင့်က ငြိမ်သက်စွာ သကြားစားနေသော ရှန်းအာကို ကြည့်လိုက်ပြီး ခဏစဉ်းစားကာ သဘောတူလိုက်သည်။ သို့သော် သေချာစွာ မှာကြားလေသည်။
"ကိစ္စမရှိပါဘူး။ အဲဒီ စင်္ကြံအောက်က မီးဖိုဆောင်က ဧည့်သည်တွေအတွက် သီးသန့်ထားတာပါ၊ မိန်းကလေး ခေါ်လာခဲ့လို့ ရပါတယ်၊ ဒါပေမဲ့ ကြိုပြောထားရဦးမယ်၊ မီးဖိုဆောင်ကလွဲရင် ကျန်တဲ့နေရာတွေကို မောင်နှမတွေကို သေချာထိန်းပေးပါ၊ တခြားနေရာတွေကို လျှောက်မသွားစေနဲ့၊ ကျွန်တော်တို့ သခင်တွေ သခင်လေးတွေနဲ့ တိုးမိရင် ပြဿနာတက်လိမ့်မယ်၊ မိန်းကလေး မသိလို့ပါ... အပြင်ဆောင်မှာ နေတဲ့ သခင်လေးတွေက တော်တော်ဆိုးတာ"
"ကျွန်မ နားလည်ပါတယ်၊ စိတ်ချပါရှင်"
ရှန်မြောင်သည် နားလည်သဘောပေါက်သွားပြီး ရှန်းအာကို ခေါ်ကာ ပျော်ရွှင်စွာဖြင့် နှုတ်ဆက်ထွက်ခွာလာခဲ့တော့၏။
ရှဲ့မိသားစုသည် ဂုဏ်ကြီးသည့်မျိုးနွယ်တို့၏ မာနရှိသော်လည်း အိမ်တော်စည်းကမ်း ကောင်းမွန်သည်ကို မြင်နိုင်သည်။ တံခါးစောင့်များသည် လူကို ဆက်ဆံရာတွင် မောက်မာခြင်းမရှိသလို ပွဲစားခလည်း မယူကြပေ။ အသေးအဖွဲကိစ္စမှ တဆင့် ကြီးမားသော အရာကို ခန့်မှန်းနိုင်သကဲ့သို့ ထိုနေရာတွင် အလုပ်သွားလုပ်ရမည်မှာ စိတ်ချရပေသည်။
ရှန်မြောင်သည် အိတ်ကပ်ထဲမှ လေးလံသော ကြေးပြားများကို စမ်းကြည့်လိုက်ပြီး တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ သူခိုးခါးပိုက်နှိုက်များနှင့် တွေ့မည်စိုးသဖြင့် ရှန်းအာကို ဆွဲကာ အိမ်သို့ အပြေးတပိုင်း ပြန်လာခဲ့ရသည်။ ကံကောင်းစွာဖြင့် လမ်းတလျှောက်လုံး အဆင်ပြေချောမွေ့ခဲ့သည်။ လမ်းတွင် သကြားရုပ်သည်ကို တွေ့သောအခါ ရှန်းအာအတွက် ခေါင်းထက်ပင်ကြီးသော သကြားမြင်းရုပ်ကြီး တစ်ရုပ် ဝယ်ပေးလိုက်သေးသည်။
လမ်းကြားထိပ်သို့ ရောက်သောအခါ ခြင်းတောင်းလွယ်ကာ လျှောက်လာနေသော ကျိအာကို တွေ့လိုက်ရလေသည်။ ရှန်မြောင်သည် ရှဲ့မိသားစုအိမ်တွင် သက်သတ်လွတ် မန်ထိုကင် လုပ်ပေးရမည့်အကြောင်းကို ကျိအာအား ပြောပြလိုက်ပြီး လွယ်အိတ်ထဲမှ လေးလံနေသော ငွေအိတ်ကို စမ်းကြည့်ခိုင်းလိုက်သည်။
"ရှဲ့အိမ်တော်က အလှူလုပ်မယ့်အချိန်နဲ့ မနက်ခင်းဈေးအချိန်က မတိုက်ဆိုင်ဘူး။ မကြီးက မနက်ပိုင်း ရောင်းပြီးတာနဲ့ နေ့လယ်ပိုင်းကျရင် အမီလုပ်လို့ရတယ်"
အတွင်းဆောင်မှူးကျန့် လာမေးမြန်းစဉ်ကတည်းက ရှန်မြောင်သည် ရှဲ့အိမ်တော်သို့ သွားပြီး ပဲနီဌာပနာကင် လုပ်ပေးရန် အကြံပြုခဲ့ခြင်းဖြစ်သည်။ မီးသွေးဖိုး သက်သာစေရန်အပြင် အချိန်ကုန်သက်သာစေရန်လည်း ဖြစ်သည်။ သူမသည် နေ့စဉ် မနက်ခင်းဈေးရောင်းချခြင်းကို အပျက်မခံလိုပေ။ အော်ဒါအကြီးကြီး ရထားသော်လည်း ပုံမှန်အတိုင်း ဈေးထွက်ရန် ပြင်ဆင်ထားသည်။
ပင်ပန်းသလား။ ငွေရမည်ဆိုလျှင် မပင်ပန်းပါ။
ရှန်ကျိသည် ဝမ်းသာသော်လည်း မကြီးဖြစ်သူ ပိုပင်ပန်းမည်ကို စိုးရိမ်နေမိသည်။ မနက်ခင်းဈေးမီရန် မကြီးဖြစ်သူသည် မနက် ၃ နာရီကတည်းက ထလုပ်ရသည် မဟုတ်ပါလား။ ပုံမှန်ဆိုလျှင် နေ့လယ်ပိုင်းတွင် တစ်ရေးတစ်မော အိပ်စက်အနားယူနိုင်သော်လည်း ယခု ၃ ရက်တွင်တော့ အားတော့မည် မဟုတ်ပေ။ ထို့ကြောင့် သူက လေးနက်စွာ ပြောလိုက်လေသည်။
"ဒါဆိုရင် ဒီရက်ပိုင်း ကျွန်တော် စာသွားမကူးတော့ဘူး။ မကြီးကို ကူညီပေးဖို့ နေခဲ့မယ်၊ ပြီးတော့ ရှဲ့အိမ်တော်ကို မကြီးနဲ့အတူတူ လိုက်ခဲ့မယ်"
"ကိစ္စမရှိပါဘူး။ မောင်လေး သွားကူးစရာရှိတာ သွားကူးပါ၊ ဒီလောက်အလုပ်လေးကို မကြီး လုပ်နိုင်ပါတယ်" ရှန်မြောင်က ခေါင်းခါပြလိုက်ကာ "လီအဒေါ်ကြီး ပြောဖူးတယ်၊ နောက်လကျရင် တော်ဝင်ကျောင်းတော်ရဲ့ ဖိယုံးစာသင်ကျောင်းက စာမေးပွဲစစ်တော့မှာတဲ့၊ မကြီးက မောင်လေးကို တော်ဝင်ကျောင်းတော်က ကျောင်းသားဖြစ်လာဖို့ မျှော်လင့်နေတာ၊ ဒါဆိုရင် ဆရာကောင်း လိုက်ရှာစရာမလိုတော့ဘူးလေ၊ တော်ဝင်ကျောင်းတော်က ပါမောက္ခတွေထက် ဘယ်ဆရာက ပိုကောင်းမှာလဲ"
ရှန်ကျိသည် သည်တစ်ကြိမ်တွင် ပြတ်သားစွာ ပြောလိုက်တော့သည်။ "မကြီး... မပူပါနဲ့၊ လောဘကြီးရင် ဘာမှမရဘဲ နေလိမ့်မယ်၊ ကျွန်တော် ဒီနေ့ စာအများကြီး ကူးပြီးပါပြီ၊ ဒီ ၃ ရက်အတွင်းမှာ ဒါတွေကို အရင်လေ့လာလိုက်မယ်၊ ပြီးမှ ဆက်ကူးမယ်လေ၊ မကြီး... ကျွန်တော် ရှဲ့အိမ်တော်ကို မကြီးနဲ့အတူတူ လိုက်ခဲ့မှာပါ၊ ဆရာက ပြောဖူးတယ်၊ ယောက်ျားကောင်းဆိုတာ အခက်အခဲ အတားအဆီးတွေကြောင့် စိတ်ဓာတ်မပြောင်းလဲရဘူးတဲ့၊ မကြီးကို ကူပြီး မီးမွှေးပေး၊ ရေထည့်ပေး၊ ပဲနီထောင်းပေးရင်းနဲ့လည်း ကျွန်တော် စာဖတ်လို့ ရပါတယ်"
ရှန်မြောင်သည် ကလေးဆန်သော မျက်နှာပေါက် ရှိသော်လည်း တည်ငြိမ်ပြတ်သားသော မျက်ဝန်းများ ပိုင်ဆိုင်ထားသည့် ရှန်ကျိကို ငေးကြည့်နေမိသည်။ သူ ငယ်ငယ်ရွယ်ရွယ်နှင့် သည်လိုစကားမျိုး ပြောတတ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမသည် မနေနိုင်ဘဲ သူ့ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရှီးကျူးလိုက်သည်။
"ကျိအာ... မောင်လေးမှာ ဒီလိုစိတ်ဓာတ်ရှိတာ အရမ်းကောင်းတယ်၊ မောင်လေးပြောတာ မှန်ပါတယ်၊ အရင်တုန်းက မကြီး ကြားဖူးတယ်၊ ယောက်ျားကောင်းတစ်ယောက်ဆိုတာ မြင့်မြတ်တဲ့နေရာရောက်မှ ဖြစ်လာတာမဟုတ်ဘူး။ ချမ်းသာကြွယ်ဝတဲ့နေရာမှာနေလည်း ဇိမ်ယစ်မနေဘူး။ ဆင်းရဲဒုက္ခရောက်နေလည်း ကိုယ့်ခံယူချက်ကို မစွန့်လွှတ်ဘူး။ ဒါမှသာ ယောက်ျားကောင်းတစ်ယောက်လို့ ခေါ်ထိုက်တယ်တဲ့"
ရှန်ကျိက မော့ကြည့်လိုက်ရာ ရှန်မြောင်က ပြုံးပြီး သူ့ကို ပြန်ကြည့်နေသည်။ သူမက တိုးတိုးညင်းညင်း ပြောလာသည်။ "မောင်လေး နောင်တစ်ချိန်ကျရင် ဖြောင့်မတ်မှန်ကန်တဲ့ ယောက်ျားကောင်းတစ်ယောက် ဖြစ်လာမယ်လို့ မကြီး ယုံကြည်တယ်၊ မျှော်လင့်နေမယ်"
ရှန်ကျိသည် အစ်မကြီးဖြစ်သူကို ကြည့်လိုက်ပြီး အစ်မကြီးဖြစ်သူ၏ ကြည်လင်သော မျက်ဝန်းထဲတွင် အရိပ်ထင်နေသော သူ့ပုံရိပ်ကို မြင်လိုက်ရသည်။ သူ လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
သူ ဖြစ်လာစေရမည်။
သူ စာကို ကြိုးစားသင်ယူပြီး နောင်တစ်ချိန်တွင် မကြီးနှင့် ရှန်းအာကို ကောင်းမွန်သော ဘဝတစ်ခု ပေးမည်။
ရှန်းအာသည် တံခါးခုံပေါ်တွင် ထိုင်ပြီး ရှန်မြောင် ဝယ်ပေးလာသော သကြားမြင်းရုပ်ကြီးကို လျှာဖြင့်လျက်နေရာ မျက်နှာတစ်ခုလုံး စေးကပ်လို့နေလေသည်။ သူမသည် အစ်ကိုကြီးကို တစ်လှည့်၊ အစ်မကြီးကို တစ်လှည့် ကြည့်ပြီး မနေနိုင်ဘဲ မေးလိုက်သည်။ "ဒါဆိုရင် သမီးကရော... မကြီးနဲ့ အစ်ကိုကြီးက သွားကြတော့မယ်ဆိုတော့ ရှန်းအာက ဘယ်သွားရမှာလဲ"
ရှန်မြောင်နှင့် ကျိအာတို့သည် တပြိုင်နက် လှည့်ကြည့်လိုက်ကြပြီး ပြိုင်တူ ရယ်မောလိုက်ကြသည်။ "ရှန်းအာက ဘယ်သွားရမှာလဲ၊ တို့မောင်နှမသုံးယောက်က အတူတူနေရမှာပေါ့"
နောက်တစ်နေ့တွင် ရှန်မြောင်သည် မိုးမလင်းခင် ထပြီး ပုံမှန်အတိုင်း ပဲနီဌာပနာ ၆၀ နှင့် ရှိုကျွားပင်မုန့် ၅၀ ခန့် လုပ်ကာ မနက်ခင်းဈေး ရောင်းထွက်ခဲ့သည်။
သည် ၂ ရက်အတွင်း ဈေးရောင်းရသည်မှာ ၅၀ ၊ ၆၀ ခန့် လုပ်ရုံဖြင့် မလောက်ငှပေ။ များသောအားဖြင့် ဈေးမကွဲခင် ကုန်သွားတတ်သည်။
သို့သော် ရှန်မြောင်က ပိုလုပ်ရန် အစီအစဉ် မရှိပေ။ ပထမအချက်မှာ သူမတစ်ယောက်တည်း လုပ်ရသည်ဖြစ်၍ သည်ပမာဏသည် အနေတော်ပင် ဖြစ်နေသည်။ ဒုတိယအချက်မှာ ရှိုကျွားပင်မုန့် ရောင်းလာသည်မှာ ၂ ရက်ရှိပြီ ဖြစ်ရာ ရေရှည်ရောင်းလျှင် လတ်ဆတ်မှု လျော့နည်းသွားပေလိမ့်မည်။ အသစ်အဆန်း ကြိုက်သူများက လာဝယ်တော့မည် မဟုတ်ဘဲ တကယ်ကြိုက်သူများသာ လာဝယ်တော့မည်။ တတိယအချက်မှာ ၂ ရက်၊ ၃ ရက်အတွင်း အခြားမုန့်သည်များကလည်း လိုက်လုပ်ရောင်းချနေကြပြီ ဖြစ်သည်။ သို့သော် သူတို့က ရှန်မြောင်၏ ဆော့စ်လုပ်နည်းကို မသိသလို လက်ရာလည်း ရှန်မြောင်လောက် မကောင်းသဖြင့် လက်ရှိတွင် သိပ်မထိခိုက်သေးပေ။
ထို့ကြောင့် ရှန်မြောင်သည် သည်ပမာဏလောက်သာ ရောင်းချရန် စီစဉ်ထားလိုက်သည်။ သိပ်မပင်ပန်းသလို မကုန်ဘဲ ကျန်မည်ကိုလည်း စိုးရိမ်စရာ မလိုပေ။
သူမကဲ့သို့ အရင်းအနှီးနည်းသော ဈေးသည်အဖို့ ပစ္စည်းကျန်ပြီး ဈေးပေါပေါနှင့် ရောင်းရမည်ကို အကြောက်ဆုံးပင်။ ထို့ကြောင့် ကိုယ့်အားကိုယ်ကိုးပြီး လုပ်နိုင်သလောက်သာ လုပ်ခြင်းက ရေရှည်အတွက် ကောင်းမွန်သည်။
သည်နေ့တွင် ကျိအာသည် ကတိအတိုင်း လန်ရှင်းစာအုပ်တိုက်သို့ မသွားဘဲ မနက်ခင်းဈေး လိုက်ရောင်းပေးသည်။
ကျိအာ ရှိနေသဖြင့် ရှန်မြောင် အတော်လေး သက်သာသွားသည်။ ရှိုကျွားပင်မုန့် လုပ်ရုံသာ ရှိသည်။ ကျိအာသည် ညီမလေးကို ထိန်းပေးရင်း ပဲနီဌာပနာ ကူရောင်းပေးသည်။ သူသည် ငွေရှင်းရာတွင် အလွန်သွက်လက်ပြီး အမှားအယွင်း မရှိပေ။
ဧည့်သည်ပါးသော အချိန်တွင် ခုံပုလေးပေါ်ထိုင်ကာ မနေ့က ကူးထားသော စာရွက်များကို ထုတ်ဖတ်နေတတ်သည်။
ထင်ထားသည့်အတိုင်း သည်နေ့တွင် ပဲနီဌာပနာက ရှိုကျွားပင်မုန့်ထက် ပိုရောင်းကောင်းပြီး မနက်ခင်းဈေး သိမ်းခါနီးမှ ရှိုကျွားပင်မုန့်များ ကုန်သွားတော့သည်။
ရှန်မြောင်သည် ပစ္စည်းများ သိမ်းဆည်းနေပြီး ရှဲ့အိမ်တော်အတွက် ပဲနီဌာပနာ ၁၅၀ လုပ်ရန် ပြန်တော့မည်အပြုတွင် ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် မြည်းတစ်ကောင်ကို ဆွဲကာ ရှေ့သို့ ရောက်လာလေသည်။
သူက ရောက်သည်နှင့် မေးလိုက်သည်။
"ရှန်ညန်ဇီ... မင်း ဝေ့ယောင်မုန့်တိုက်မှာ မုန့်လုပ်တဲ့ဆရာ လာလုပ်ချင်လား"
...
အပိုင်း (၂၈) ရှင်ဖြစ်နေတာကိုး (၁)
ဝေ့ယောင်သည် အသက် ၄၀ ဝန်းကျင်ခန့်ရှိပြီး ကြာပန်းပွင့်ပုံများပါသည့် လည်ဝိုင်းဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ ဝမ်းဗိုက်အဖြူရောင်နှင့် လည်ဆံအညိုရောင်ရှိသည့် မြည်းတစ်ကောင်ကို ဆွဲကာ အလျင်အမြန် ရောက်လာလေသည်။ ရှန်မြောင်ကို တွေ့လိုက်ရသည်နှင့် အသက်ပင် မျှတအောင် မရှူနိုင်သေးခင် ဤစကားကို ပြောလိုက်တော့သည်။
ဤစကားကြောင့် ရှန်မြောင်သာမက ဘေးပတ်ဝန်းကျင်ရှိ ဈေးသည်များပါ ဝိုင်းကြည့်လာကြသည်။
မေစန်းညန် ဟု ခေါ်ကြသည့် မေမျိုးနွယ် ဝဖိုင့်ဖိုင့်အမျိုးသမီးသည် ရှန်မြောင်နှင့် ကပ်လျက်ရှိရာ ဤစကားကို ကြားလိုက်ရသဖြင့် မျက်ခုံးများ ပင့်တက်သွားတော့သည်။
ဝေ့ယောင်သည် ကျင်းလျန်တံတားတွင် မုန့်ဆိုင်ဖွင့်လာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သည်။ သူ၏ဆိုင်မှ အသားဌာပနာ မင်္ဂလာကိတ်မုန့်များသည် အလွန်နာမည်ကြီးလေသည်။ ဤနားတဝိုက်တွင် မင်္ဂလာကိစ္စရှိပါက သူ့ဆိုင်တွင် မင်္ဂလာကိတ်မုန့်များကို သွားရောက်မှာယူလေ့ရှိကြသည်။ သို့သော် ယခုနောက်ပိုင်းနှစ်များတွင် မုန့်ဆိုင်များ မှိုလိုပေါက်လာပြီး ပုံစံသစ်များလည်း အများအပြား ရှိလာသည်။ သို့တိုင်အောင် ဝေ့မိသားစုမုန့်ဆိုင်သည် အခြေခိုင်ပြီး လက်ရာကောင်းသည့် ဆိုင်ဟောင်းတစ်ဆိုင် ဖြစ်နေဆဲပင်။ ထို့ကြောင့် မေစန်းညန်လည်း သူ့ကို သိလေသည်။
သူမ အိမ်ထောင်ကျစဉ်က မိသားစုက ဝေ့မိသားစုဆိုင်မှ မင်္ဂလာကိတ်မုန့်များကို မှာယူခဲ့ဖူးသည်။
သည်လောက် နာမည်ကြီးသည့် ဆိုင်ကြီးတစ်ဆိုင်က တံတားဈေးတွင် မုန့်လာရောင်းသည့် ရှန်ညန်ဇီကို လာရောက် ကမ်းလှမ်းလိမ့်မည်ဟု ထင်မထားခဲ့ချေ။
သူမသည် ဆိုင်ခင်းသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ဝေ့သူဌေး၏ မျက်စိကျခြင်းကို ခံလိုက်ရလေသည်။
သို့သော် ရှန်ညန်ဇီ၏ လက်ရာသည် အမှန်တကယ် ကောင်းမွန်ကြောင်းကိုတော့ မေစန်းညန်လည်း ဝန်ခံရပေလိမ့်မည်။
ရှန်ညန်ဇီသည် နေ့တိုင်း ဆိုင်လာခင်းလျှင် သူမကို ပေါင်မုန့်ကင် သို့မဟုတ် ပန်ကိတ် တစ်ခု ပေးလေ့ရှိသည်။ စားရသည်မှာ မွှေးကြိုင်လှ၏။ တစ်ခုတည်းသော စိတ်ညစ်စရာမှာ သူမသည် ဤနှစ်ရက် သုံးရက်အတွင်း အရသာရှိရှိ စားသောက်မိသဖြင့် ဗိုက်တွင် အသား ၂ ကျင်းခန့် တိုးလာခြင်းပင်။
ရှန်ညန်ဇီက သူမကို မွှေးပျံ့နေသည့်မုန့်များ ကျွေးသဖြင့် သူမကလည်း လက်ဖက်ရည်ရောင်းသူပီပီ လက်ဖက်ရည်ဖြင့် ပြန်လည် ဧည့်ခံလေသည်။ ထို့ကြောင့် နှစ်ယောက်သားသည် လျင်မြန်စွာပင် ရင်းနှီးလာကြသည်။
မေစန်းညန်သည် တခြားသူများ၏ ပြောစကားမှတဆင့် ရှန်ညန်ဇီ၏ နောက်ကြောင်းကို သိထားပြီးဖြစ်သည်။ သူမ၏ မိဘနှစ်ပါးစလုံး ဆုံးပါးသွားကာ ခင်ပွန်းသည်၏ စွန့်ပစ်ခြင်းကို ခံရပြီး ငယ်ရွယ်သည့် မောင်နှမနှစ်ယောက်ကို လုပ်ကျွေးပြုစုနေရသည့် သနားစရာအဖြစ်ကို သိထားရသည်။ ထို့ကြောင့် သူမအပေါ် သနားကရုဏာ သက်မိပြီး သူမ နေ့တိုင်း ရောင်းကောင်းသည်ကိုလည်း မနာလို မဖြစ်တော့ပေ။
ယခု သူမ ကံကောင်းသည်ကို မြင်လိုက်ရသဖြင့် ဘေးမှ ဝင်ပြောပေးလိုက်သည်။ "ရှန်ညန်ဇီ ဒါက တကယ့်ကိစ္စကြီးပဲ၊ နောက်ဆိုရင် ဝေ့မိသားစုမုန့်ဆိုင်မှာ မုန့်သွားလုပ်ရတော့မယ်ဆိုတော့ ဒီနေရာမှာ မိုးဒဏ်လေဒဏ် ခံနေစရာ မလိုတော့ဘူးပေါ့”
မေစန်းညန်သည် စေတနာအမှန်ဖြင့် ဤသို့ တွေးမိခြင်းဖြစ်သည်။ ဆိုင်တွင် မုန့်လုပ်ဆရာလုပ်ရသည်မှာ ဝင်ငွေသေချာပြီး ယနေ့ ဧည့်သည်များမလား၊ နက်ဖြန် ဧည့်သည်နည်းမလား ဟူ၍ ပူပန်နေစရာမလိုပေ။ လစဉ် လစာရမည်ဖြစ်ပြီး နှစ်သစ်ကူးပွဲတော်တွင်လည်း ဆန်နှင့် ရိက္ခာများ ရဦးမည်။ ဟုတ်သားပဲ။ ခဏနေကျလျှင် ရှန်ညန်ဇီအတွက် လစာ ပိုရအောင် သူမ ဝင်ပြောပေးရဦးမည်။
သို့သော် ရှန်မြောင်သည် စိတ်လှုပ်ရှားပုံမရဘဲ ထိုအခွင့်အရေးကောင်းကို အပြင်သို့ တွန်းထုတ်လိုက်ကာ ယဉ်ကျေးစွာ ငြင်းပယ်လိုက်လေသည်။ "ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်၊ ဒါပေမဲ့ ကျွန်မတို့အိမ်ကလည်း အရင်တုန်းက ဆိုင်ဖွင့်ခဲ့ဖူးတာဆိုတော့ မိသားစုလုပ်ငန်းကို ပြန်လည်ထူထောင်ချင်တဲ့ စိတ်ဆန္ဒပဲ ရှိပါတယ်၊ တခြားသူဆီမှာ အလုပ်သွားမလုပ်ချင်ပါဘူး၊ ဒါကြောင့် ကျေးဇူးတင်စကားပဲ ပြောပါရစေရှင်”
ဝေ့ယောင် နားမလည်နိုင် ဖြစ်သွားသည်။ သူသည် ယနေ့ မလာခင်ကပင် ဤရှန်ညန်ဇီ၏ နောက်ကြောင်းကို စုံစမ်းပြီးဖြစ်သည်။ သူမ၏ မျိုးရိုးနှင့် အခြေအနေကို သိထားသည်။ သူမသည် ဤသို့ မာနကြီးလိမ့်မည်ဟု ထင်မထားမိပေ။ ထို့ကြောင့် မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။
"ရှန်ညန်ဇီက ကျွန်တော်ပေးမယ့် လစာနည်းမှာ စိုးလို့လား၊ ကျွန်တော်က ရှန်ညန်ဇီရဲ့ လက်ရာကို သဘောကျလို့ လာခေါ်တာပါ၊ မိန်းကလေးတစ်ယောက်မို့လို့ နှိမ်တာမျိုး မဟုတ်ပါဘူး၊ ကျွန်တော် စဉ်းစားထားပြီးသားပါ၊ ကျွန်တော့်ဆိုင်က ဆရာတွေအားလုံး တစ်လကို ငွေ ၅ ကွမ်း ရကြတယ်၊ ပြီးတော့ ကိုယ်လုပ်တဲ့မုန့်တစ်ဘူး ရောင်းရတိုင်း အမြတ် ၂ ဝမ် ရပါတယ်၊ မင်းကိုလည်း အဲဒီဆရာအိုကြီးတွေနဲ့ တန်းတူ လစာပေးပါမယ်၊ ဘယ်လိုလဲ”
မေစန်းညန်သည် ကြားလိုက်ရသည်နှင့် မျက်လုံးများ အရောင်တောက်သွားတော့သည်။ ဒါက တော်တော်များတဲ့ လစာပဲ။ တစ်လကို ၅ ကွမ်း၊ ပြီးတော့ အမြတ်ဝေစုလည်း ရဦးမယ်တဲ့။
ဒီဝေ့သူဌေးက တော်တော်လေး သဘောထားကြီးတာပဲ။ သူမက ဝင်မပြောသာသဖြင့် ဘေးမှနေ၍ မျက်စိပစ်ကာ သဘောတူလိုက်ရန် ရှန်မြောင်ကို အချက်ပြနေတော့သည်။
ရှန်မြောင်က ခေါင်းခါနေဆဲပင်။ သို့သော် သူမက စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။
"ဝေ့သူဌေးက ကျွန်မရဲ့ ပေါင်မုန့်ကင်ကို စားဖူးပြီးမှ ဒီလိုစိတ်ကူး ပေါ်လာတာလား၊ တကယ်လို့ သူဌေးက ဒီပေါင်မုန့်ကင်ကို သဘောကျတယ်ဆိုရင် ကျွန်မက အဲဒီလုပ်နည်းကို ဝေ့သူဌေးဆီ ရောင်းပေးပါမယ်၊ နောက်ဆိုရင် ကျွန်မက ဒီတံတားစျေးမှာ ဒါကို မရောင်းတော့ဘဲ ဝေ့သူဌေးတစ်ယောက်တည်း ရောင်းဖို့ ပေးလိုက်ပါမယ်၊ အဆင်ပြေမလားရှင်”
ဝေ့ယောင်သည် အချိန်ကြာမြင့်စွာ စဉ်းစားလိုက်ပြီး သဘောထားမပေးဘဲ ပါးနပ်စွာဖြင့် ပြန်မေးလိုက်သည်။ "ရှန်ညန်ဇီက ဘာလို့ အဝေးကြီး လှမ်းတွေးနေရတာလဲ၊ စားသောက်ဖွယ်ရာ လုပ်နည်းတစ်ခုကို ရောင်းလိုက်ရင် ငွေ ၄၀-၅၀ ကွမ်းလောက်ပဲ ရမှာလေ၊ ခဏတာ အကျိုးအမြတ်ပဲ ရှိတာပါ၊ တချိန်ချိန်ကျရင် ကုန်သွားမှာပဲ၊ ကျွန်တော့်ဆိုင်မှာ အလုပ်လာလုပ်ပြီး ငွေဖြည်းဖြည်းချင်း စုတာက ပိုမကောင်းဘူးလား၊ နောက်ဆိုရင် နှစ်တိုင်း အစားအသောက် အဝတ်အစားအတွက် ပူစရာမလိုတော့ဘူးလေ”
ရှန်မြောင်က စိတ်ထဲတွင် တွေးလိုက်သည်။ သူဌေးလုပ်တဲ့သူပီပီ တော်တော်ပါးနပ်တာပဲ။ မျှော်လင့်ချက်တွေ ပေးတတ်တယ်။ သူမစကားကိုတော့ ပြန်မဖြေဘူး။
သို့သော် ထိုအချက်ကြောင့်ပင် တဖက်လူ၏ အကြံအစည်ကို သူမ သိလိုက်ရသည်။ ထို့ကြောင့် ခေါင်းခါလိုက်ပြီး ခါးကို ညွှတ်ကာ အရိုအသေပြုရင်း ကျေးဇူးတင်စကား ပြောလိုက်သည်။ "ကျွန်မ သဘောမတူချင်ပါဘူး၊ ဝေ့သူဌေးကို ကျေးဇူးတင်ပါတယ်ရှင်”
ဝေ့ယောင်သည် သူဌေးတစ်ယောက်အနေဖြင့် ကိုယ်တိုင်လာရောက် ဖိတ်ခေါ်ပြီး လစာကောင်းများ ပေးသည့်အပြင် အကြိမ်ကြိမ် ကောင်းမွန်စွာ ပြောဆိုခဲ့သော်လည်း ဤရှန်ညန်ဇီက မာနကြီးနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ဘေးပတ်ဝန်းကျင်မှ ဈေးသည်များကလည်း တီးတိုးပြောဆိုနေကြသဖြင့် သူ စိတ်မရှည်တော့ပေ။ လက်ကို ဝှေ့ယမ်းလိုက်ပြီး ထွက်ခွာသွားတော့သည်။ "ရှန်ညန်ဇီက ဒီလောက်တောင် အရေးလုပ်ခံချင်နေမှတော့ ကျွန်တော်လည်း မပြောတော့ပါဘူး၊ ရှန်ညန်ဇီ နောက်မှ နောင်တမရပါစေနဲ့လို့ပဲ မျှော်လင့်ပါတယ်၊ သွားလိုက်ပါဦးမယ်”
မေစန်းညန်သည် ရင်ဘတ်ကို ထုကာ ခြေဆောင့်လိုက်မိတော့သည်။
"အမယ်လေး ရှန်ညန်ဇီရယ် ဘာလို့ ဒီလိုအခွင့်အရေးကောင်းကို လက်လွှတ်လိုက်ရတာလဲ၊ သူ့အကြောင်း မသိလို့လား”
ပြောရင်းဆိုရင်း သူမက ခြေဖျားထောက်ကာ မလှမ်းမကမ်းရှိ ဆိုင်းဘုတ်အကြီးကြီးနှင့် ဆိုင်နှစ်ခန်းကို ညွှန်ပြလိုက်သည်။
"ဟိုမှာ မြင်လား၊ အဲဒါ ဝေ့မိသားစုမုန့်ဆိုင်ပဲ၊ နှစ်တိုင်း သူ့အိမ်တံခါးကို ဝင်ချင်တဲ့သူတွေ ဘယ်လောက်များလဲ သိလား”
ရှန်မြောင်သည် သူမ၏ ဝတုတ်တုတ်လက်ညှိုး ညွှန်ပြရာသို့ ကြည့်လိုက်ရာ နှစ်ထပ်အဆောက်အဦး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
တကယ့်ကို ခမ်းနားထည်ဝါသည်။
သူမက လက်ကို ဖြန့်ကာ ပြုံးလိုက်သည်။
"ကျွန်မကတော့ ဒါက ကိစ္စကောင်းတစ်ခုလို့ မထင်မိဘူး၊ စန်းညန် ရယ်၊ ကောင်းကင်ပေါ်ကနေ မုန့်တွေပြုတ်ကျလာရင်တောင် ဘယ်လိုလုပ်ပြီး ကျွန်မတို့ခေါင်းပေါ် တည့်တည့်လာကျမှာလဲ၊ ကျွန်မ အမြဲတမ်း တွေးမိတဲ့ စကားတစ်ခွန်းရှိတယ်၊ အဲဒါက တော်တော်လေး အဓိပ္ပာယ်ရှိတယ်၊ ဒီလောကကြီးမှာရှိတဲ့ ကိစ္စတွေအားလုံးက ပေးဆပ်ရတာတွေ ရှိစမြဲပါ၊ အလကားရတဲ့ ကောင်းကျိုးဆိုတာ မရှိပါဘူး”
ထိုစကားကြောင့် မေစန်းညန် ကြောင်သွားသည်။ သူမ၏ဆိုင်ထဲမှ ထွက်လာပြီး ရှန်မြောင်ကို ဆွဲကာ အသေအချာ မေးလိုက်သည်။
"ဒါဆို ပြောပါဦး၊ ဒါက ဘယ်လိုလုပ်ပြီး ကိစ္စကောင်းမဟုတ်ရတာလဲ၊ တစ်လကို ၅ ကွမ်း၊ ပြီးတော့ အမြတ်ဝေစုလည်း ရဦးမယ်၊ ရောင်းကောင်းရင် ညည်း တစ်လကို ၁၀ ကွမ်းလောက် ရနိုင်တယ်၊ ဘယ်နေရာမှာ ဒီလို ကိစ္စကောင်းမျိုး သွားရှာမလဲ”
ရှန်မြောင်က မတတ်သာသဖြင့် တိုးတိုးလေး ရှင်းပြလိုက်ရသည်။
"ရှင် စဉ်းစားကြည့်လေ၊ သူက ကျွန်မရဲ့ မုန့်လုပ်နည်းကို မဝယ်ချင်ဘဲ လူကို လစာကောင်းကောင်းနဲ့ ဝယ်ချင်နေတယ်၊ ကျွန်မက မုန့်တစ်မျိုးတည်း လုပ်တတ်တာမဟုတ်မှန်း သူ သိနေလို့ပေါ့၊ သူက ကျွန်မကို တစ်လ ၅ ကွမ်း ပေးပြီး ဆရာခန့်လိုက်ရင် ကျွန်မဆီကနေ တစ်လကို မုန့် ၁၀ မျိုး ၂၀ မျိုးလောက် လုပ်ခိုင်းလို့ရတယ်၊ ပြီးတော့ တပည့်တွေကို သင်ပေးခိုင်းဦးမယ်၊ တပည့်တွေ ဒါမှမဟုတ် တခြားဆရာတွေ တတ်သွားပြီဆိုရင် သူက ကျွန်မကို ဘာဆက်လုပ်ခိုင်းတော့မှာလဲ၊ ကျွန်မကို အလုပ်ထုတ်ပစ်လိုက်ရင် ကျွန်မမှာ ဘာနည်းလမ်းရှိဦးမှာလဲ၊ တစ်လ ၅ ကွမ်းဆိုတာ များတယ်လို့ ထင်ရပေမယ့် မုန့်လုပ်နည်းဝယ်တာထက် အများကြီး ပိုတွက်ခြေကိုက်တယ်လေ”
မေစန်းညန်သည် ပြောစရာစကားမရှိ ဖြစ်သွားပြီး ရေရွတ်လိုက်သည်။ "ဒီဝေ့သူဌေးက နာမည်ကြီး လူရိုးလူကောင်းတစ်ယောက်ပါ၊ ဒီလိုတော့ မလုပ်လောက်ပါဘူးနော်”
"ဘယ်လောက်ပဲ ရိုးသားတဲ့သူဖြစ်ဖြစ် သူက ကုန်သည်ပဲလေ”
ရှန်မြောင်က အရင်ဘဝတုန်းက ကိုယ်တိုင် စီးပွားရေးလုပ်ခဲ့ဖူးသူမို့ ဤအကွေ့အကောက်များကို ကောင်းကောင်း နားလည်သည်။ သူမ တကယ်တမ်း စိတ်မဆိုးပေ။ ခေါင်းငုံ့ကာ သူမ၏ ပစ္စည်းများကို ဆက်လက် သိမ်းဆည်းလိုက်သည်။
"ကုန်သည်ဆိုတာ အကျိုးအမြတ်ကို ရှာတာပဲ၊ အကျိုးအမြတ်နဲ့ တွေ့ရင် ဘယ်လောက်ပဲ ရိုးသားတဲ့သူဖြစ်ဖြစ် စေ့စေ့စပ်စပ် တွက်ချက်တတ်ကြတာပဲ၊ သူကလည်း သူ့ဆိုင်အတွက် လုပ်တာလေ၊ မုန့်လုပ်နည်းကို ဝယ်လာပြီး ရောင်းမကောင်းရင် ဒါမှမဟုတ် တခြားသူတွေ တုပလုပ်ရင် သူက အရှုံးကြီးရှုံးမှာပေါ့၊ ဒါပေမဲ့ သူက အဲလို စီစဉ်ထားတယ်လို့ ကျွန်မ တပ်အပ်မပြောပါဘူး၊ ဒါပေမဲ့ ကျွန်မက တခြားသူရဲ့ ထိန်းချုပ်မှုကို မခံချင်ဘူး၊ ပြီးတော့ ဒီလိုလည်း မလောင်းကြေးမထပ်နိုင်ဘူး၊ ကျွန်မ မလောင်းရဲဘူး”
သူမက မေစန်းညန်ကို လက်ပြလိုက်သည်။ "ကျွန်မမှာ တန်ဖိုးအရှိဆုံးက ဒီလက်နှစ်ဖက်ပဲ ရှိတယ်၊ တခြားဘာမှ မရှိဘူး၊ ဒါကြောင့် သတိထားရမယ်၊ တကယ်လို့ ဝေ့သူဌေးကို သဘောတူလိုက်ရင် ကျွန်မက ခဏတာ အကျိုးအမြတ်အတွက် ရေရှည်လမ်းကို ဖျက်ဆီးလိုက်သလို ဖြစ်သွားမှာပေါ့”
ရှန်မြောင်၏ အရင်ဘဝက မိသားစုသည် တရုတ်အစားအစာ လုပ်ငန်းကို လုပ်ကိုင်ကြသည်။ သူမတစ်ယောက်သာ တက္ကသိုလ်ပြီးသောအခါ နိုင်ငံခြားသို့ သွားပြီး အနောက်တိုင်းမုန့်လုပ်နည်းကို နှစ်နှစ်ကြာ သင်ယူခဲ့သည်။ အဘိုးဖြစ်သူ၏ ဆူပူကြိမ်းမောင်းခြင်းကို ခံခဲ့ရသော်လည်း တတ်မြောက်လာပြီးနောက် ရှန်မြောင် ပြန်ရောက်လာသည့်အခါ မုန့်ဖုတ်ပေးတိုင်း ထိုအဘိုးကြီးက လက်ဖက်ရည်နှင့် မြိန်ရည်ယှက်ရည် စားသောက်လေ့ရှိသည်။
ထို့ကြောင့် ဘယ်နေရာမှာ အလုပ်လုပ်သည်က အရေးမကြီးပေ။ အရေးကြီးသည်မှာ ခိုင်မာသည့် လက်ရာပိုင်ဆိုင်ထားဖို့သာ ဖြစ်သည်။ ယခုတော့ ပင်ပန်းသည်ဟု ထင်ရသော်လည်း ဆိုင်ဖွင့်နိုင်သည့်အချိန်ကျရင် အဆင်ပြေသွားလိမ့်မည်။
ရှန်မြောင်က ယုံကြည်မှု ရှိလေသည်။
"ညည်းပြောတာလည်း အတော်လေး အဓိပ္ပာယ်ရှိသား..."
မေစန်းညန်လည်း သူမက အသက်ငယ်သော်လည်း စိတ်သဘောထားက ဤမျှ ဖြူစင်ပြီး ပါးနပ်လိမ့်မည်ဟု ထင်မထားခဲ့သဖြင့် အထင်ကြီးသွားတော့သည်။ သူမသည် ခုနက ဝေ့ယောင် ရောက်လာကတည်းက စာအုပ်ကို တိတ်တဆိတ်ချထားပြီး အစ်မဖြစ်သူ၏ နောက်တွင် ရပ်နေသည့် ကျိအာကို မသိမသာ ကြည့်လိုက်မိ၏။
သူသည် အစ်မဖြစ်သူ၏ ကိစ္စကို ဝင်မပါဘဲ သူမ၏ နောက်တွင်သာ မတ်မတ်ရပ်နေသည်။ တင်းထားသည့် လေးတစ်စင်းအလားပင်။
ရှန်းအာကတော့ ရှန်မြောင် စကားပြောနေစဉ် ရှဉ့်လေးတစ်ကောင်လို အလုပ်ရှုပ်နေပြီး ပစ္စည်းအများအပြားကို ခေါက်တုံ့ခေါက်ပြန် သိမ်းဆည်းပေးနေလေသည်။
ဒီမောင်နှမသုံးယောက်က တော်တော်လေး ချစ်စရာကောင်းသည်။ အထူးသဖြင့် ကျိအာပင်။
မေစန်းညန်သည် ကျိအာနှင့် အသက်အရွယ်တူ သူမ၏သားကို သတိရသွားပြီး ရုတ်တရက် အားကျသွားတော့သည်။ သူမက ရှန်မြောင်နားသို့ တိုးကပ်ပြီး တီးတိုးမေးလိုက်သည်။
"ရှန်ညန်ဇီ၊ ညည်းရဲ့ မောင်လေးကို ဘယ်လိုများ ဆုံးမသွန်သင်ထားတာလဲ၊ တကယ့်ကို လိမ္မာလွန်းတာပဲ၊ စိတ်သဘောထားလည်း ကောင်းတယ်၊ ညည်းကို ကာကွယ်ပေးတတ်သေးတယ်၊ ကျွန်မအိမ်က ကောင်စုတ်လေးနဲ့ ယှဉ်လိုက်ရင် တကယ့်ကို ကြည့်လို့မရဘူး၊ အဆော့မက်လိုက်တာ အိမ်ခေါင်မိုးတက်ပြီး အုတ်ကြွပ်လှန်မတတ်ပဲ၊ သူ့ကို စာသင်ကျောင်းပို့ထားတာ နှစ်ရက်ပဲ ရှိသေးတယ် ဆရာက အိမ်ပြန်လွှတ်လိုက်ပြီ၊ စာသင်တဲ့ ဒီနှစ်ရက်အတွင်းမှာ ထမင်းစားချိန်ဆိုရင် အပြေးမြန်ဆုံးပဲတဲ့၊ ကျန်တဲ့အချိန်တွေမှာတော့ ငိုက်မြည်းနေတာပဲတဲ့၊ အတန်းထဲမှာ စာနှစ်မျက်နှာလောက် ကြည့်တာနဲ့ အိပ်ချင်နေရောတဲ့၊ ဆရာက သူ့ကို အတန်းရှေ့ထွက်ပြီး မတ်တပ်ရပ်ခိုင်းတာတောင် မတ်တပ်ရပ်လျက်နဲ့ အိပ်ပျော်သွားသတဲ့။
စာရေးတာကလည်း ကြက်ခြေရာလိုပဲ၊ သူ့ဘာသာသူကလွဲရင် ဘယ်သူမှ ဖတ်မရဘူး၊ ဆရာလည်း ဒေါသထွက်ပြီး လေဖြတ်မတတ် ဖြစ်သွားလို့ ဒီမနက်ပဲ လူရော ပိုက်ဆံပါ ပြန်ပို့လိုက်ပြီ၊ ဒီအတိုင်းဆက်သွားရင် ကျွန်မလည်း လေဖြတ်တော့မယ်ထင်တယ်”
ဤစကားကို မေစန်းညန်၏ ဒေါသထွက်နေသည့် မျက်နှာပေးနှင့် တွဲမြင်လိုက်ရသဖြင့် ရှန်မြောင် ရယ်ချင်သွားသည်။ သို့သော် မိဘများက အပြင်တွင် ကိုယ့်သားသမီးအကြောင်း အပြစ်ပြောနေခြင်းမှာ သူများက လှောင်ပြောင်တာကို ခံချင်လို့ မဟုတ်ဘဲ ရင်ထဲက မွန်းကြပ်မှုကို ဖွင့်ထုတ်ပြီး နှစ်သိမ့်မှု ရှာချင်ရုံသက်သက်သာ ဖြစ်ကြောင်း သူမ သိလေသည်။
ထို့ကြောင့် သူမက ရယ်ချင်စိတ်ကို ထိန်းလိုက်ပြီး စိတ်ရှည်လက်ရှည် ဖြေရှင်းပေးလိုက်သည်။ "ကလေးက ငယ်သေးတာပဲလေ၊ ဆော့ကစားတာက သဘာဝပါ၊ ဒါက စန်းညန်က မိခင်မေတ္တာကြီးမားလို့ပေါ့၊ မဟုတ်ရင် သူက ဘယ်လိုလုပ်ပြီး ဒီလောက် တက်ကြွတဲ့ စိတ်နေစိတ်ထားမျိုး ရှိမှာလဲ၊ ကျွန်မမောင်လေးလိုမျိုး ဖြစ်တာက တကယ်တမ်း ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး၊ ကျွန်မနဲ့သူက မိဘနှစ်ပါးစလုံး စောစီးစွာ ဆုံးပါးသွားတော့ မှီခိုစရာမရှိဘူးလေ၊ ဆင်းရဲတဲ့ကလေးက စောစောစီးစီး အိမ်ထောင်ဦးစီး ဖြစ်ရတယ်ဆိုသလို ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ရတာပါ၊ ဘယ်လို ဆုံးမထားလဲလို့ မေးရင် ကျွန်မလည်း မသိဘူး၊ သူက သူ့ဘာသာသူ လိမ္မာနေတာပါ”
ဤစကားကြောင့် မေစန်းညန် တိတ်ဆိတ်သွားသည်။ ရှန်မြောင်၏ ကြည်လင်နူးညံ့သည့် မျက်နှာလေးကို ကြည့်ရင်း ပထမဆုံးအကြိမ် လေသံက မနာလိုခြင်းမဖြစ်တော့ဘဲ သူမအတွက် သက်ပြင်းချမိသွားတော့သည်။
သူမ၏ သားအကြောင်းကို ပြန်တွေးမိလိုက်သောအခါ တကယ်ပင် စိတ်ပူစရာ သိပ်မရှိတော့ပေ။
"ညည်း ဒီနေ့ပြောတဲ့ စကားတွေကို ကျွန်မ ပထမဆုံး ကြားဖူးတာပဲ၊ ဒါပေမဲ့... ကျွန်မ တကယ့်ကို လေးစားသွားပြီ”
ဧည့်သည်ရောက်လာသဖြင့် မေစန်းညန်က ပြုံးရွှင်စွာဖြင့် ဆိုင်နောက်သို့ ပြန်ဝင်ကာ လက်ဖက်ရည် ဖျော်ပေးလိုက်သည်။ လက်ဖက်ရည် ဖျော်ရင်း ခေါင်းကိုစောင်းကာ ရှန်မြောင်ကို ပြောလိုက်သည်။
"အရင်တုန်းက ကျွန်မ ဒီလိုမျိုး တစ်ခါမှ မတွေးဖူးခဲ့ဘူး၊ ကျွန်မအဖေ မဆုံးပါးခင်တုန်းကဆိုရင် ကျွန်မမှာ အားကိုးစရာ ရှိသေးတယ်လို့ ထင်ခဲ့တာ၊ အိမ်က ယောက်ျားသာ မကောင်းဘူးဆိုရင် အထုပ်ဆွဲပြီး မိဘအိမ်ပြန်တိုင်မယ်လို့ တွေးခဲ့တာ၊ အဖေက သူ့ကို တုတ်နဲ့ရိုက်လိမ့်မယ်ပေါ့၊ အဖေဆုံးသွားတော့ ကျွန်မက ခင်ပွန်းသည်နဲ့ ရန်ဖြစ်ရင် အဲဒီလို သတ္တိမျိုး မရှိတော့ဘူး..."
ခဏလောက် ညည်းတွားနေလိုက်ပြီးနောက် ရှန်မြောင်လည်း ပစ္စည်းများ သိမ်းဆည်းပြီးသွားလေပြီ။ ကျိအာကလည်း ခုနက အလုပ်များနေပြီး ပစ္စည်းများ ကူသယ်ပေးကာ ညီမလေး၏ သကြားကပ်နေသည့် ပါးပြင်ကို သုတ်ပေးလိုက်သည်။ စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းငုံ့ကာ အလုပ်လုပ်နေလေသည်။
မေစန်းညန်က လက်ဖက်ရည် ဖျော်ပြီးသွားသောအခါ သူမ၏ဆိုင်လေးပေါ်တွင် မှောက်ကာ ကြည့်ရင်း အားကျစွာ ပြောလိုက်သည်။ "ဆင်းရဲတဲ့အိမ်က ကလေးတွေ စောစောစီးစီး အိမ်ထောင်ဦးစီး ဖြစ်ရတယ်ဆိုပေမယ့် ညည်းမောင်လေးလိုမျိုးက ရှားပါတယ်..."
ရှန်မြောင် သူမကို နှုတ်ဆက်ပြီး အိမ်ပြန်သွားသည့်တိုင် မေစန်းညန်၏ အားကျသည့် မျက်လုံးများက နောက်မှ တကောက်ကောက် လိုက်ပါနေဆဲပင်။
အိမ်ရောက်သောအခါ ရှန်မြောင် ခဏလောက် အနားယူလိုက်ပြီး ယနေ့ ကြုံခဲ့ရသည့်ကိစ္စကို မေ့ပစ်လိုက်တော့သည်။ ရှဲ့မိသားစု မှာထားသည့် ပဲနီဌာပနာ ပေါင်မုန့်တန်း ၁၅၀ အတွက် မနားမနေ ပြင်ဆင်လိုက်တော့သည်။
ပဲနီ၊ ဂျုံကြမ်း၊ သကြားနှင့် ပဲဆီ အစရှိသည့် ပစ္စည်းများကို ဆန်ဆိုင်တွင် ကြိုတင်မှာယူထားခဲ့ပြီး မနေ့ညနေက လာပို့ထားပြီးဖြစ်သည်။ ရှန်မြောင်က "ထိုက်ဖုန်းဆန်ဆိုင်" မှ သူဌေးနျိုနှင့် ရေရှည်ထောက်ပံ့ပေးမည့် ဈေးနှုန်းကို ညှိနှိုင်းထားခဲ့သည်။ ဆန်ဈေး၏ ၉၀ ရာခိုင်နှုန်းဖြင့် ရှန်မြောင်ထံ ပို့ပေးရန် သဘောတူထားသည်။
စုန့်ခေတ်၏ ဆန်ဈေးသည် ခေတ်သစ်လို တည်ငြိမ်မှုမရှိသော်လည်း လက်ရှိနှစ်များတွင်တော့ တည်ငြိမ်နေဆဲဖြစ်သည်။
ရှန်မြောင်က အလုပ်ကို သေသေချာချာ လုပ်တတ်သူဖြစ်သည်။ ဆန်ဈေး ရုတ်တရက် တက်သွားမည်ကို စိုးရိမ်ပြီး သူမ ရုတ်တရက် အရှုံးကြီး ရှုံးမည်ကို ကြောက်ရသည်။ ထို့ကြောင့် ဆန်ဆိုင်ပိုင်ရှင်ကို ပြန့်ကျင်းမြို့၏ ဆန်စပါးက ဘယ်ကလာသလဲ၊ ပုံမှန် ဈေးနှုန်းအတက်အကျ ဘယ်လိုရှိလဲ ဆိုသည်ကို အသေအချာ မေးမြန်းထားခဲ့သည်။
သူဌေးနျိုလည်း အထူးအဆန်း ဖြစ်သွားသည်။ ဆန်လာဝယ်သူက ဤမေးခွန်းမျိုးကို အမြစ်ကလှန်ပြီး မေးလိမ့်မည်ဟု သူ တခါမှ မကြုံဖူးခဲ့ပေ။ သို့သော် ရှန်မြောင်နှင့် ရေရှည် လက်တွဲရမည်ဖြစ်သဖြင့် သေသေချာချာ ရှင်းပြလိုက်သည်။
သူဌေး၏ စကားကို နားထောင်ပြီးနောက်တွင်မှ ရှန်မြောင်လည်း စိတ်အေးသွားတော့သည်။
...