← Chapters

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အပိုင်း (၃၁) ကျိချိုက်ကော်ပြန့်လိပ် (၂)

စားဖိုမှူးဖန်းသည် မုန့်နယ်နေရင်း သူမ ဟင်းချက်နေသည်ကို ငေးမော ကြည့်နေမိလေသည်။ ဓားကိုမြှောက်လိုက် ချလိုက်၊ ဟိုလှည့်ဒီလှည့်ဖြင့် အမှားအယွင်း လုံးဝမရှိဘဲ တစ်ယောက်တည်းနှင့် လူသုံးယောက်စာ အလုပ်ကို ပြီးမြောက်အောင် လုပ်နေလေသည်။

ခဏအကြာတွင် အစာပလာလည်း ရပြီ။ မီးလည်းမွှေးပြီးပြီ။ ဆီအိုးလည်း တည်ပြီးသွားလေပြီ။

ရှန်မြောင်သည် ဟင်းချက်လျှင် အလွန်အာရုံစိုက်တတ်သဖြင့် စားဖိုမှူးဖန်း၏ အကြည့်များကို သတိမထားမိပေ။ သူမ၏ အဘိုးက ပြောဖူးသည်... စိတ်နှစ်ခွဖြစ်နေသူသည် မီးဖိုချောင်ထဲ ဝင်၍မရ၊ မီးအပူချိန်ကို ကောင်းကောင်း မထိန်းနိုင်ရုံသာမက ဟင်းရွက်လှီးရင်း လက်ကိုပါ လှီးမိတတ်သည်။ ဤကဲ့သို့သောသူများသည် အတွေးများလွန်းသဖြင့် ရေရှည်တွင် အပင်ပန်းခံနိုင်မည် မဟုတ်ဟု ဆိုဖူးသည်။

စိတ်ရှင်းသူများမှသာ ဟင်းကောင်း ထမင်းကောင်း ချက်နိုင်မည် ဖြစ်သည်။

သို့သော် ရှန်မြောင်သည် ကိုယ့်ကိုယ်ကို စိတ်ရှင်းသူဟုတော့ ဝန်မခံလိုပေ။

သူမ ကော်ပြန့်ရွက်ကို စလုပ်လေသည်။

ကော်ပြန့်ရွက်လုပ်ရသည်မှာလည်း လွယ်ကူသည်။ ဘေးနားတွင် စားဖိုမှူးဖန်း နယ်ထားပြီးသား ဂျုံနယ်တုံး ရှိနေသဖြင့် ရှန်မြောင် ကိုယ်တိုင် လုပ်စရာ မလိုတော့ပေ။ လှည့်ကြည့်လိုက်ပြီး သူ့ကို မေးလိုက်သော်လည်း သူသည် မတ်တပ်ရပ်လျက် ငေးမောနေသည်ကို တွေ့လိုက်ရသည်။ သူမ နှစ်ခါ သုံးခါ ခေါ်လိုက်မှ စားဖိုမှူးဖန်း သတိပြန်ဝင်လာပြီး ခေါင်းညိတ်ကာ သဘောရှိ ယူသုံးရန် ပြောလိုက်လေသည်။

ရှန်မြောင်လည်း ချက်ချင်း ယူလိုက်ပြီး ဂျုံနယ်တုံးကို အတုံးသေးလေးများ ခွဲလိုက်သည်။ ဂျုံသားသည် ကျစ်လျစ်ပြီး ချောမွတ်နေသည်ကို စမ်းသပ်မိလိုက်ရာ စားဖိုမှူးဖန်းကို လှည့်ကြည့်ပြီး ချီးကျူးလိုက်လေသည်။

"စားဖိုမှူးဖန်း... ရှင် နယ်ထားတဲ့ ဂျုံသားက တကယ်ကောင်းတာပဲ။ မီးဖိုချောင်အလုပ် နားမလည်တဲ့သူတွေက ဂျုံနယ်တာ ကောင်းကောင်းနယ်တတ်ဖို့ဆိုတာ ပညာရပ်တစ်ခုဆိုတာ မသိကြဘူး၊ ရှင် ဂျုံနယ်ထားတဲ့ ပညာရပ်ကို ကျွန်မ စမ်းကြည့်လိုက်တာနဲ့ သိတယ်၊ သေချာပေါက် မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ လက်ရာပဲ ဖြစ်မယ်"

စားဖိုမှူးဖန်း၏ ကျန်ရှိနေသေးသော မကျေနပ်ချက် တစ်ဝက်သည်လည်း ဤစကားကြောင့် လုံးဝ ပျောက်ကွယ်သွားလေသည်။ သူသည် မျက်နှာရဲသွားသော်လည်း ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်သည်။

"ကျွန်တော့်မိသားစုက သုံးဆက်တိုင်တိုင် ရှဲ့အိမ်တော်ရဲ့ စားဖိုမှူးတွေလေ၊ အိမ်တွင်းပညာက လက်ဆင့်ကမ်းလာခဲ့တာ။ ငယ်ငယ်တုန်းက ကျွန်တော့်အရပ်က မီးဖိုခုံလောက်တောင် မရှိသေးဘူး၊ ဂျုံစနယ်နေရပြီ"

ရှန်မြောင်သည် ဒယ်ပြားကို ယူလိုက်ပြီး ဂျုံတုံးကို အပြားလိုက် ဖြန့်ကာ မီးအေးအေးဖြင့် အလင်းပေါက်သည်အထိ ကျက်အောင်ကင်ရင်း လွမ်းဆွတ်တသသဖြင့် သက်ပြင်းချကာ ရယ်မောလိုက်လေသည်။

"တိုက်ဆိုင်လိုက်တာ။ ကျွန်မလည်း အတူတူပါပဲ။ ငယ်ငယ်တုန်းက ခုံပုလေးပေါ် တက်ပြီး အားကလည်း မရှိတော့ ဂျုံနယ်ရင်း လက်မောင်းတွေ မမြှောက်နိုင်တော့တဲ့အထိ ဖြစ်ဖူးတယ်၊ ဒါပေမဲ့ မနားရဲဘူး၊ နားလိုက်ရင် ဂျုံမနှပ်ဘဲ ပွသွားမှာစိုးလို့လေ၊ အဲဒီလိုဆိုရင် အဘိုးရဲ့ ဒလိမ့်တုံးက ခေါင်းပေါ် ရောက်လာတော့တာပဲ"

ငယ်စဉ်က ဟင်းချက်သင်ရသည်မှာ မီးဖိုချောင်ထဲတွင် ကြက်ပျံမကျ စည်ကားလှသည်။ အဘိုးသည် ဒလိမ့်တုံးကို ကိုင်ပြီး ရွာထိပ်မှ ရွာအဆုံးထိ လိုက်ရိုက်တတ်သည်။ သူမ ကြီးပြင်းလာပြီးနောက် ခန္ဓာကိုယ်သန်မာလာခြင်း၊ အားကောင်းလာခြင်းတို့သည် ငယ်ငယ်ကတည်းက ဂျုံနယ်ခြင်း၊ ရေထမ်းခြင်း၊ ဒယ်အိုးမွှေခြင်းနှင့် ထွက်ပြေးခြင်းတို့ကြောင့် လေ့ကျင့်ပြီးသား ဖြစ်သွားခြင်းပင်။

နှမြောစရာကောင်းသည်မှာ... သူမက သေဆုံးသွားခဲ့ပြီ။ အဘိုးလည်း အသက် ၉၀ ရှိနေပြီ။ သူသာ သိလိုက်ရရင် ဘယ်လောက်တောင် ဝမ်းနည်းလိုက်မလဲ။

"ဟုတ်တာပေါ့၊ ဟင်းချက်သင်တဲ့သူ ဘယ်သူက အရိုက်မခံရဖူးလို့လဲ"

သူတို့စကားပြောသံများသည် တိုးညှင်းပြီး သူတို့နှစ်ဦးကြားတွင် လေးလံသော အတိတ်ပုံရိပ်များ ဝေ့ဝဲနေသကဲ့သို့ ရှိကာ အခြားသူများ နားမလည်နိုင်သော ခံစားချက်များ ဖြစ်နေသည်။ စားဖိုမှူးဖန်း၏ ရင်ထဲတွင် ဝမ်းနည်းမှုအချို့ ဖြစ်ပေါ်လာပြီး ခေါင်းငုံ့ကာ ထောက်ခံလိုက်သည်။

ရှဲ့အိမ်တော်၏ စားဖိုမှူးအလုပ်သည် လက်ဆင့်ကမ်းလာခဲ့ပြီး ယခု သူ့လက်ထက်တွင် စားဖိုမှူးချုပ် ဖြစ်လာရခြင်းမှာ သူ့အဖေနှင့် အဘိုးတို့ ဆုံးပါးသွားကြပြီ ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် လေသံထဲတွင် လွမ်းဆွတ်မှုနှင့် ဝမ်းနည်းမှုများ ပါဝင်နေလေသည်။

သွက်လက်စွာဖြင့် ကော်ပြန့်ရွက်ကင်နေသော ရှန်ညန်ဇီကို ကြည့်ပြီး သူ့ရင်ထဲတွင် လှုပ်ရှားသွားကာ သူမကို မိတ်ဆွေစစ်ဟုပင် သတ်မှတ်ချင်စိတ် ပေါက်သွားလေသည်။

သူမကို မည်သို့ သတိထားစောင့်ကြည့်ခဲ့သည် ဆိုသည်ကိုပင် မေ့လျော့သွားတော့သည်။

စကားပြောနေရင်းဖြင့် ရှန်မြောင်သည် ကော်ပြန့်ရွက်များကို လုပ်ပြီးသွားလေသည်။ တစ်ဖက်တွင်လည်း စားဖိုမှူးဖန်းက ကိုယ်တိုင် စေတနာပါပါဖြင့် ခေါက်ဆွဲသားများကို ဆွဲပေးနေလေသည်။

ခေါက်ဆွဲသားဆိုသည်မှာ လက်လုပ်ခေါက်ဆွဲပင် ဖြစ်သည်။ သို့သော် စုန့်ခေတ်တွင် အစားအစာများကို အလွန်အမင်း ခွဲခြားသတ်မှတ်လေ့ရှိသည်။ ဟင်းရည်ပါသော ခေါက်ဆွဲကို ထန်းပင်၊ မန်ထိုကို ချွေးပင်၊ ခေါက်ဆွဲသုပ်ကိုတော့ နာမည်ပြောင်းပြီး စော်ထျောင် ဟု ခေါ်ဝေါ်ကြသည်။ ခေါက်ဆွဲတစ်မျိုးတည်းကိုပင် နာမည်အမျိုးမျိုး ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။

ရှန်မြောင် စရောက်ခါစက ဤကဲ့သို့ ရှုပ်ထွေးလှသော နာမည်များကို အသားကျအောင် အတော်အတန် လေ့ကျင့်ခဲ့ရသည်။ သို့သော် နှုတ်က မမှားသော်လည်း စိတ်ထဲတွင်တော့ ထန်းပင်နှင့် စော်ထျောင်ကို ခေါက်ဆွဲဟုသာ ခေါ်ဝေါ်နေဆဲပင်။ ဤသည်မှာ နောင်လာမည့် ခေတ်သစ်မှ ပါလာသော အကျင့်ဖြစ်သဖြင့် ပြုပြင်ရန် ခက်ခဲပေလိမ့်မည်...

ကူညီမည့်သူ ရှိသည်ကလည်း ကောင်းသည့်ကိစ္စပင်။ ရှန်မြောင်က သူ့ကို ပြုံးပြလိုက်ပြီး ကော်ပြန့်လိပ်ကို အာရုံစိုက်လိုက်တော့သည်။ ဦးစွာ အစာပလာများကို ကော်ပြန့်ရွက်ပေါ်တွင် ညီညာစွာ တင်လိုက်ပြီး ဖြည်းဖြည်းချင်း လိပ်လိုက်သည်။ ထို့နောက် အစာများ မထွက်ကျအောင် ဘေးနှစ်ဖက်ကို ခေါက်လိုက်ပြီး အဆုံးထိ လိပ်လိုက်ကာ ဂျုံနှစ်ဖြင့် ပိတ်လိုက်သည်။

လုပ်ပြီးသွားသောအခါ တစ်ဖက်တွင် အသင့်ပြင်ထားသော ဆီအိုးသည် အပူချိန် အနေတော် ဖြစ်နေပြီ။

ဆီပူအိုးထဲတွင် တစီစီမြည်သံနှင့်အတူ ပါးလွှာသော ကော်ပြန့်ရွက်များသည် ချက်ချင်း ရွှေဝါရောင် ပြောင်းသွားတော့သည်။

ခဏအကြာတွင် မွှေးကြိုင်သော အနံ့များ ထွက်ပေါ်လာသည်။ ကြော်ထားသော ကျိချိုက်ကော်ပြန့်လိပ်သည် အပြင်ခွံ ကြွပ်ရွပြီး အတွင်းမှ အစာမှာ အလွန်လတ်ဆတ်မွှေးကြိုင်နေသည်။ ရှန်မြောင်သည် ပန်းကန်ပြားအပြည့် ထည့်လိုက်ပြီး စားဖိုမှူးဖန်းကို အပြင်သို့ ကူသယ်သွားခိုင်းလိုက်သည်။ ဆီအိုးထဲတွင် သုံးခု ကျန်ရစ်နေသေးသည်။ နောက်ဆုံးမှ လုပ်သည်ဖြစ်ရာ ကော်ပြန့်ရွက် နည်းသွားသဖြင့် ဤကော်ပြန့်လိပ်သုံးခုမှာ သေးငယ်ပြီး တစ်ကိုက်စာသာ ရှိလေသည်။ သူမသည် မျက်စိလျင်စွာဖြင့် ဆယ်ယူလိုက်ပြီး တစ်ခုကို ကျိအာ၏ ပါးစပ်ထဲသို့ အမြန်ထည့်ပေးလိုက်သည်။

ရှန်ကျိမှာ ပူလွန်းသဖြင့် ခုန်မိမတတ် ဖြစ်သွားသော်လည်း ပါးစပ်ထဲတွင် မွှေးကြိုင်လွန်းလှသဖြင့် ပါးစပ်ဟပြီး လေမှုတ်ထုတ်နေရသော်လည်း ထွေးမထုတ်ရက်ပေ။

ရှန်မြောင်က တိုးတိုးလေး ပြောလိုက်သည်။ "အမဲသား အစာသွပ်ထားတာ!"

ရှန်ကျိသည် ကြီးလာသည်အထိ အမဲသားအရသာကို တစ်ခါမျှ မမြည်းစမ်းဖူးခဲ့ပေ။ အပူကို အောင့်ခံပြီး ဝါးလိုက်ရာ ပါးစပ်ထဲတွင် ဝါးလေ မွှေးလေ ဖြစ်လာပြီး ကျိချိုက်ပင်၏ မွှေးပျံ့မှု၊ အမဲသား၏ နူးညံ့မှုတို့သည် ပါးစပ်တစ်ခုလုံး ပြည့်နှက်သွားကာ မျိုချရန်ပင် နှမြောနေမိသည်။

ရှန်မြောင်သည် တိတ်တဆိတ်ဖြင့် ရှန်းအာကိုလည်း တစ်ခု ထည့်ပေးလိုက်သည်။ ပြန်ရောက်သောအခါ ကိုယ်တိုင် လေမှုတ်ပြီး တစ်ခု စားလိုက်သည်။ စားပြီးနောက် ခေါင်းညိတ်လိုက်မိသည်... ရှေးလူကြီးများ ပြောခဲ့သလိုပင် "ရာသီလေးပါး ပြောင်းလဲတိုင်း ရာသီစာကို စားရမည်၊ ရာသီစာ မဟုတ်လျှင် မစားရ" ဆိုသည့်အတိုင်းပင်။

မြေကြီးထဲမှ ပေါက်ဖွားလာသော ရာသီပေါ်ဟင်းရွက်၏ လတ်ဆတ်ရှင်းသန့်သော အရသာသည် ဖန်လုံအိမ်စိုက် ဟင်းရွက်များနှင့် ယှဉ်၍မရနိုင်ပေ။

စားလို့ ကောင်းလိုက်တာ!

ထို့နောက် သူမသည် လက်ကို ထပ်ဆေးလိုက်ပြီး စားဖိုမှူးဖန်း ဆွဲထားပေးသော ခေါက်ဆွဲများကို ရေနွေးအိုးထဲ ထည့်လိုက်သည်။ လှည့်လိုက်ပြီး ပန်းကန်လုံးထဲတွင် ပဲငံပြာရည်၊ ဆား၊ ကြက်သွန်မြိတ်တို့ကို ထည့်လိုက်သည်။ အဆင်သင့် ဖြစ်သောအခါ ကြက်သွန်မြိတ်အချို့ကို ယူပြီး အရှည်လိုက် လှီးကာ အဖြူရောင်အပိုင်းကို ဖယ်ထားပြီး ဒယ်အိုးနောက်တစ်လုံးတွင် ခြောက်သွေ့ပြီး ရွှေဝါရောင် သန်းသွားသည်အထိ ဆီသတ်လိုက်သည်။

ရှန်မြောင်သည် ထင်းမီးအချို့ ထုတ်လိုက်ပြီး မီးအေးအေးဖြင့် ဆက်လက်ကြော်နေလိုက်သည်။ ကြော်နေရင်း လုံးဝ ဝါသွားပြီး မည်းလုနီးပါး ဖြစ်နေသော ကြက်သွန်မြိတ်များကို တူဖြင့် ဂရုတစိုက် ဖယ်ထုတ်လိုက်သည်။ မဟုတ်လျှင် မည်းသွားသော ကြက်သွန်မြိတ်များသည် ကြက်သွန်ဆီကို ခါးသက်သွားစေပြီး ခေါက်ဆွဲ၏ အရသာကို ပျက်စီးစေနိုင်သည်။

ကြက်သွန်ဆီ၏ အနံ့သည် ကြက်သွန်နံ့ပြင်းပြင်းနှင့် အနည်းငယ် တူးညှော်နံ့ ပါဝင်နေသည်။ ခေါက်ဆွဲသုပ် လုပ်ရာတွင် ပဲငံပြာရည်အပြင် မရှိမဖြစ် လိုအပ်သည်မှာ ကြက်သွန်ဆီပူပူ တစ်ဇွန်းပင် ဖြစ်သည်။ ကြော်ထားသော ကြက်သွန်ဆီကို ပူပူနွေးနွေး ဆမ်းလိုက်လျှင် ဂျုံနံ့၊ ဆီနံ့၊ ကြက်သွန်နံ့များ ပေါင်းစပ်သွားပြီး ခေါက်ဆွဲသည် အသက်ဝင်သွားတော့သည်။

ရှန်မြောင်သည် ကြော်ထားသော ကြက်သွန်ဆီကို စောစောက စပ်ထားသော အချဉ်ရည်ပေါ်သို့ တိုက်ရိုက် လောင်းထည့်လိုက်သည်။ ထိုအချိန်တွင် အိုးထဲမှ ခေါက်ဆွဲလည်း ကျက်သွားပြီဖြစ်ရာ ပန်းကန်ထဲ ထည့်လိုက်ပြီး ဆီပူလောင်းထည့်ကာ မွှေးကြိုင်နေသော အချဉ်ရည်ကို ပြုတ်ထားသော ခေါက်ဆွဲပေါ် လောင်းထည့်ပြီး မွှေလိုက်ရာ အဆင်သင့် ဖြစ်သွားလေသည်။

ကြက်သွန်မြိတ်ဆီဆမ်း ခေါက်ဆွဲသုပ်သည် လုပ်ရလွယ်ကူသော်လည်း ကောင်းမွန်အောင် လုပ်ရန်မှာမူ မလွယ်ကူပေ။

ခေါက်ဆွဲ ရသွားသောအခါ နောက်ဆုံးကျန်သော ပဲနီဌာပနာမန်ထိုအိုးလည်း ကျက်သွားလေပြီ။

ကျိအာ လှမ်းခေါ်သံကို ကြားလိုက်ရသဖြင့် ရှန်မြောင် အပြေးသွားကြည့်လိုက်ပြီး ကြေးညှပ်ဖြင့် သံပြားအောက်ခံကို ညှပ်ကာ မီးဖိုထဲမှ ပဲနီဌာပနာမန်ထိုများကို ဆွဲထုတ်လိုက်သည်။

မီးဖိုထဲမှ အပူငွေ့များ ဟပ်လိုက်သဖြင့် ရှန်မြောင်မှာ နောက်သို့ လန်သွားပြီး လက်ကာကာ မီးခိုးငွေ့များကို ယပ်ထုတ်လိုက်ရသည်။ အပူငွေ့များ ပျောက်ကွယ်သွားသောအခါ မျက်စိရှေ့မှ ပဲနီဌာပနာမန်ထိုများသည် အနေတော် ဖောင်းပွနေပြီး ရွှေဝါရောင်သမ်းကာ ပွယောင်းနေလေသည်။ ဂျုံနံ့သင်းသင်းလေးနှင့်အတူ ပဲနီနံ့များပါ ရောနှောနေသည်။

ရှန်မြောင်သည် ကျေနပ်စွာဖြင့် စားပွဲပေါ် တင်လိုက်ပြီး အကြောဆန့်လိုက်တော့၏။ ဒီနေ့ သူမ၏ အလုပ်များ ပြီးပြည့်စုံသွားပြီ။

စိတ်အေးသွားသဖြင့် ရှန်မြောင် ခေါက်ဆွဲပန်းကန်ကို သယ်ဆောင်သွားချိန်တွင် မျက်နှာပေါ်၌ အပြုံးများ ဆောင်ထားလေသည်။

မီးဖိုချောင်အပြင်ဘက် လမ်းကြားလေးဘေးတွင် ကျောက်သားဇရပ်လေး ရှိသည်။ သူမ လျှောက်သွားချိန်တွင် ရှဲ့ချီသည် ကော်ပြန့်လိပ်ကို ညှပ်ပြီး အရသာခံ စားသောက်နေသည်ကို တွေ့လိုက်ရ၏။ ဘေးနားမှ ယန့်ရှူးကတော့ နောက်ထပ် ပန်းကန်တစ်ချပ်တွင် ထည့်ထားသည်ကို ဇရပ်အပြင်ဘက်တွင် ထိုင်ပြီး စားနေရာ ကုန်လုနီးပါး ဖြစ်နေလေပြီ။

သူမ မွှေးကြိုင်နေသော ခေါက်ဆွဲနှစ်ပန်းကန် ထပ်မံသယ်ဆောင်လာသည်ကို မြင်သောအခါ ယန့်ရှူး၏ မျက်လုံးများ အရောင်တောက်သွားတော့သည်။

ရှန်မြောင်က ပြုံးပြီး ကမ်းပေးလိုက်သည်။

ရှဲ့ချီသည် ရှားရှားပါးပါး ခံတွင်းတွေ့နေပြီး စားသောက်ပုံမှာ ယဉ်ကျေးသိမ်မွေ့သော်လည်း မသိမသာဖြင့် ကော်ပြန့်လိပ် အတော်များများကို စားပြီးသွားလေပြီ။ သူသည် မျက်လွှာပင့်ပြီး ရှန်မြောင်ကို ကြည့်လိုက်ကာ ချီးကျူးလိုက်မိသည်။

"ရက်အနည်းငယ်လောက် မတွေ့ရတာ ရှန်ညန်ဇီရဲ့ လက်ရာက ပိုကောင်းလာပါလား"

ရှန်မြောင်က အမှန်အတိုင်း ပြောလိုက်သည်။ "ရှဲ့အိမ်တော်က ဟင်းချက်ပစ္စည်းတွေ ကောင်းလို့ပါ"

ထိုအချိန်က လှေပေါ်တွင် ဤကဲ့သို့ ကောင်းမွန်သော အခြေအနေမျိုး မရှိဘဲ ဟင်းသီးဟင်းရွက်များမှာလည်း တစ်ရက်နှစ်ရက်လောက် ကြာနေပြီ ဖြစ်သည်။

ရှဲ့ချီက သဘောမတူပေ။ "ဟင်းချက်ပစ္စည်း ကောင်းပေမယ့် လက်ရာကောင်းနဲ့ တွဲဖက်မှ ဖြစ်မှာပါ"

ရှန်မြောင်က ပြုံးပြီး ချီးကျူးစကားကို လက်ခံလိုက်တော့သည်။ မိုးကောင်းကင်ကို မော့ကြည့်လိုက်ရာ ခဏနေလျှင် တံခါးစောင့် ယန်ချီ လာကြိုတော့မည် ဖြစ်သဖြင့် ရှဲ့ချီကို နှုတ်ဆက်လိုက်ပြီး သူမ၏ ပေါင်းအိုးအကြီးကြီး ၈ လုံးကို သွားရောက်သိမ်းဆည်းရန် ပြင်လိုက်သည်။

ယန့်ရှူးသည် ခေါက်ဆွဲကို စုပ်စားရင်း မျှော်လင့်ချက်အပြည့် ပါဝင်သော မျက်နှာထားဖြင့် မေးလိုက်သည်။

"ညန်ဇီ မနက်ဖြန်လည်း လာဦးမှာလားဟင်"

ကော်ပြန့်လိပ်နှင့် ခေါက်ဆွဲသည် စားလို့ကောင်းလွန်းသဖြင့် သူ့လျှာကိုပင် မျိုချမိမတတ် ဖြစ်နေသည်။

ရှဲ့ချီသည် လက်ထဲမှ တူကိုမြှောက်ပြီး သူ့ခေါင်းကို ခေါက်မည့်ဟန် ပြုလိုက်ကာ မတတ်သာသည့်ဟန်ဖြင့် တားမြစ်လိုက်သည်။

"ယန့်ရှူး! ပြန်ရောက်ရင် အိမ်တော်ထိန်းကျန့်ကို ပြောပြီး မင်းကို အပြစ်ပေးခိုင်းရမယ်!"

အိမ်တော်ထိန်းကျန့်သည် အပြင်ဘက်တွင် သဘောကောင်းသော်လည်း သခင်များကို မျက်နှာလိုမျက်နှာရ လုပ်တတ်ပြီး သူတို့ကဲ့သို့ အသက်ငယ်သော အစေခံလေးများကိုတော့ ဘီလူးသရဲကဲ့သို့ ဆက်ဆံတတ်သည်။ သူသည် ဝါးခြမ်းပြားဖြင့် အစေခံလေးများကို ဆုံးမတတ်ရာ ခန္ဓာကိုယ်ပေါ် ရိုက်လိုက်လျှင် အလွန်နာကျင်ရလေသည်။

ယန့်ရှူးသည် ကြားလိုက်သည်နှင့် ကိုယ်လေးကျုံ့သွားပြီး လည်ပင်းရှုံ့ကာ စကားဆက်မပြောရဲတော့ဘဲ ခေါင်းငုံ့ပြီး ခေါက်ဆွဲကိုသာ အာရုံစိုက် စားသောက်နေလိုက်သည်။

စားလို့ကောင်းလိုက်တာ။ တကယ် စားလို့ကောင်းလိုက်တာ! သူသည် ပါးစပ်ဘေးတွင် ကြက်သွန်ဆီနှင့် ပဲငံပြာရည်များ ပေကျံနေသည်အထိ "ရှလွတ် ရှလွတ်" မြည်အောင် အားရပါးရ စားသောက်နေလေသည်။

ရှန်မြောင်သည် သူ၏ အစားငတ်နေသော ပုံစံကို ကြည့်ပြီး နှုတ်ခမ်းစေ့ကာ မရယ်မိအောင် ထိန်းလိုက်ရသည်။

ထိုအချိန်တွင် ယန်ချီသည်လည်း ချိန်းထားသည့်အတိုင်း ရောက်လာပြီဖြစ်ရာ မီးဖိုချောင်တံခါးဝတွင် ခေါင်းပြူကြည့်နေသည်။ ရှန်မြောင် ကျောက်သားဇရပ်ထဲတွင် ရှိနေပြီး ဇရပ်ထဲတွင် သခင်လေးပါ ရှိနေသည်ကို မြင်လိုက်ရသဖြင့် မလာရဲဘဲ အဝေးကသာ လှမ်းကြည့်နေသည်။

ရှန်မြောင် မြင်လိုက်သဖြင့် အမြန်ပြောလိုက်သည်။

"ကျွန်မ ပြန်ရတော့မယ်"

ပြီးနောက် ရှဲ့ချီကို ကြည့်ပြီး ယန့်ရှူးအတွက် အသနားခံလိုက်သည်။

"ကျိုကော... သူ့ကို အပြစ်မပေးပါနဲ့နော်"

ရှဲ့ချီသည်လည်း ပြောရုံသာ ပြောခြင်းဖြစ်သည်။ မဟုတ်လျှင် ယန့်ရှူးသည် ဤကဲ့သို့ အကျင့်ဖြစ်လာပါမည်တဲ့လား။ သက်ပြင်းချလိုက်ပြီး သဘောတူလိုက်လေသည်။

သူသည် မတ်တပ်ရပ်ပြီး လိုက်ပို့မည့်ဟန်ဖြင့် လက်နှစ်ဖက်ကို ယှက်လိုက်သည်။

"ဒီနေ့ ရှန်ညန်ဇီကို ဒုက္ခပေးမိပြီ။ ဒါနဲ့... ဖန်းတာ့၊ မင်း အသားနဲ့ဟင်းရွက်အချို့ ယူပြီး ရှန်ညန်ဇီ ပြန်ယူသွားဖို့ ထည့်ပေးလိုက်ပါ"

ရှဲ့ချီသည် ငွေထပ်ပေးချင်သော်လည်း မလေးစားရာ ရောက်မည်စိုးသဖြင့် စကားပြောင်းလိုက်ခြင်း ဖြစ်သည်။

ရှန်မြောင်က အလျင်အမြန် လက်ကာလိုက်ပြီး ပြောလိုက်သည်။

"ရှင့်အိမ်က သာ့ညန်က လုပ်အားခ ပေးပြီးပါပြီ။ ဆုကြေးငွေတွေလည်း အများကြီး ပေးထားပါသေးတယ်၊ ကျိုကော ထပ်ပြီး ဘာမှ မပေးပါနဲ့တော့၊ ရိုးရှင်းတဲ့ အစားအစာ နှစ်ပွဲလောက် လုပ်ပေးရုံပါ၊ ကျွန်မ အားစိုက်ရုံလောက်ပဲမို့ ဘာမှ မဟုတ်ပါဘူး"

ရှဲ့ချီက ပြုံးလိုက်ပြီး စားပွဲပေါ်မှ ကော်ပြန့်လိပ်ကို ညွှန်ပြလိုက်သည်။

"နွေဦးပေါက် ကျိချိုက်ပင်ရဲ့ ထူးခြားတဲ့ အရသာကို စားခွင့်ရအောင် လုပ်ပေးတဲ့အတွက် ရှန်ညန်ဇီကို ကျေးဇူးတင်တဲ့အနေနဲ့ ပေးတာလို့ပဲ သဘောထားလိုက်ပါ"

ရှန်မြောင်က သူ့ကို ကြည့်လိုက်၏။ သူက ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး မျက်နှာပေါ်တွင် အပြုံးများ ရှိနေဆဲပင်။

သူမလည်း အားနာစွာဖြင့် လက်ခံလိုက်ရတော့သည်။

ရှဲ့ကျိုကောသည် ရုပ်ရည် သိမ်မွေ့သလို စကားပြောရာတွင်လည်း ညင်သာသော်လည်း သူ့ဆုံးဖြတ်ချက်ကို ပြောင်းလဲရန် ခက်ခဲပုံရသည်။ အထူးသဖြင့် သူသည် နွေဦးရာသီ၏ နေဝင်ချိန်တွင် မတ်တပ်ရပ်လျက် မိမိကို ပြုံးပြနေပုံမှာ "ကျောက်စိမ်းကဲ့သို့သော လူကြီးလူကောင်း၊ ထိတွေ့လိုက်လျှင် နွေးထွေးသည်" ဟူသော စကားနှင့် ကိုက်ညီနေလေသည်။

ယန့်ရှူးသည် ခေါက်ဆွဲပန်းကန်ကို ကိုင်ထားရင်း ရှန်ညန်ဇီနှင့် ယန်ချီတို့ မီးဖိုချောင်ထဲ ဝင်သွားသည်ကို မျက်တောင်မခတ်ဘဲ ကြည့်နေမိ၏။ ခဏအကြာတွင် ယန်ချီသည် သူမအတွက် လှည်းထမ်းပိုးကို ထမ်းပြီး ထွက်လာလေသည်။

အပြင်ဆောင်မှ စားဖိုမှူးဖန်းသည်လည်း ရှားရှားပါးပါး မကပ်စီးဘဲ ရှန်ညန်ဇီ၏ ဝါးပေါင်းအိုးထဲတွင် ဟင်းသီးဟင်းရွက်နှင့် အသားများ အပြည့်ထည့်ပေးလိုက်ရာ များလွန်းသဖြင့် အပေါ်ဆုံးအိုးပင် ဖုံး၍မရတော့ဘဲ အဖုံးအောက်မှ လတ်ဆတ်သော သိုးပေါင်တစ်ချောင်း ထွက်ပြူနေပြီး လှည်းထမ်းပိုး လှုပ်ရှားလိုက်တိုင်း တလှုပ်လှုပ် ဖြစ်နေလေတော့သည်။

ရှန်ညန်ဇီက ထွက်မသွားခင် လှည့်ကြည့်လိုက်ပြီး ဒူးညွှတ်ကာ နှုတ်ဆက်လိုက်သည်။

ယန့်ရှူးက ခေါက်ဆွဲပန်းကန်ကို ကိုင်ရင်း မတ်တပ်ရပ်ကာ သူမကို လက်ပြနှုတ်ဆက်လိုက်သည်။ ရှဲ့ချီလည်း ဇရပ်အပြင်ဘက်သို့ ထွက်လာလေသည်။

သူမက ပြုံးလိုက်ပြီး ကလေးမလေးကို လက်ဆွဲကာ ယန်ချီနောက်သို့ လိုက်ပါသွားလေသည်။ သူမ၏ နောက်တွင် သူမနှင့်အတူ ပါလာသော အသက်ပိုကြီးသည့် ကောင်လေးကလည်း သူတို့ကို ဦးညွှတ်နှုတ်ဆက်လိုက်ပြီး သုံးယောက်သား အတူတူ ထွက်ခွာသွားကြတော့သည်။

ရှဲ့ချီသည် မောင်နှမသုံးယောက်ကို ငြိမ်သက်စွာ ကြည့်နေမိလေသည်။

မက်မွန်ဝါရောင် အရိပ်လေးသည် နေဝင်ဆည်းဆာထဲသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားလေသည်။ နေရောင်ခြည်သည် သူမ၏ နားထင်စပ်မှ ဆံနွယ်များကို တောက်ပသွားစေပြီး ဘေးတိုက်မျက်နှာလေး၏ အသားအရေသည် အလင်းရောင်အောက်တွင် ကြည်လင်တောက်ပလို့ နေလေသည်။ တဖြည်းဖြည်းနှင့် သူမသည် နေဝင်ချိန်၏ အဆုံးသို့ ရောက်သွားပြီး အလင်းရောင်များသည် သူမကိုယ်ပေါ်မှ တစစ ပျောက်ကွယ်သွားကာ နှာတံ၊ မေးစေ့နှင့် သွယ်လျသော လည်တိုင်တို့သည် အရိပ်ကျသွားပြီး တစ်ကိုယ်လုံး၏ ကောက်ကြောင်းများသည် ထင်ရှားပြီး နူးညံ့သွားလေသည်။

နောက်ဆုံးတွင် နေဝင်ချိန်သည် ရှည်လျားသော အရိပ်အဖြစ် ပြောင်းလဲသွားပြီး လမ်းကြားလေးအတွင်းမှ ပန်းပင်သစ်ပင်များဖြင့် ဖုံးကွယ်သွားတော့သည်။

နောက်ဆုံးတော့ မမြင်ရတော့ချေ။

"ရှန်ညန်ဇီသာ နေ့တိုင်း အိမ်လာပြီး မန်ထိုကင်ပေးရင် ဘယ်လောက်ကောင်းမလဲ"

ယန့်ရှူးက လက်ထဲတွင် ကျန်ရှိသော ကြက်သွန်မြိတ်ဆီဆမ်း ခေါက်ဆွဲသုပ် ပန်းကန်တစ်ဝက်နှင့် ကော်ပြန့်လိပ် နှစ်ခုကို ကြည့်ပြီး ဆွေးမြေ့စွာ ပြောလိုက်လေသည်။

"ဒီခေါက်ဆွဲသုပ်က ကြည့်ရင်တော့ ပဲငံပြာရည်၊ ဆားနဲ့ ဆီပဲ ပါတာပါ၊ ဘာလို့ ဒီလောက် အရသာရှိရတာလဲ"

ရှဲ့ချီ လှည့်လာပြီး ဦးနှောက်ထဲတွင် အစားအသောက်သာရှိသည့် ယန့်ရှူးကို မနေနိုင်ဘဲ လက်လှမ်းကာ ခေါင်းခေါက်လိုက်တော့သည်။

"တော်လိုက်တော့၊ သူများကို နေ့တိုင်း အိမ်လာပြီး မန်ထိုကင်ခိုင်းရအောင် အဘိုးရဲ့ တရားပွဲက ၄၉ ရက်တောင် ကြာမှာမို့လို့လား၊ ဒီလောက်ရက်အများကြီး စာရွတ်ရင် မြေအောက်က အဘိုးတောင် နတ်စည်းစိမ် ခံစားဖို့ ထွက်သွားလောက်ပြီ"

ယန့်ရှူး ခေါင်းစောင်းပြီး စဉ်းစားလိုက်သည်... မဖြစ်နိုင်လို့လား။

"မင်းဟာလေ... ခေါင်းထဲမှာ အစားအသောက်ကလွဲရင် တခြားအရာတွေ တွေးလို့မရဘူးလား၊ စာဖတ်စာရေး သင်ခိုင်းတော့လည်း မသင်ဘူး၊ မဟုတ်ရင် ငါ စာသင်ကျောင်းသွားရင် မင်းကို ခေါ်သွားလို့ ရတာပေါ့"

ရှဲ့ချီသည် ပန်းကန်ထဲမှ ကော်ပြန့်လိပ်ကို ကိုင်လိုက်ပြီး ခြေလှမ်းလှမ်းလိုက်သည်။

"သွားမယ်... အဘွားအဆောင်ကို သွားပြီး ဂါရဝပြုကြမယ်"

ယန့်ရှူးသည် ပန်းကန်ထဲမှ ခေါက်ဆွဲများကို နှစ်လုပ် သုံးလုပ်နှင့် အကုန်စားလိုက်ပြီး အနောက်မှ အမြန်လိုက်သွားလေသည်။

သူသည် ပါးစပ်သုတ်လိုက်ပြီး ရှဲ့ချီ၏ ကျောပြင်ကို မျက်နှာပြောင်ပြလိုက်၏။ စာဖတ်စာရေး သင်တာ ဘာပျော်စရာကောင်းလို့လဲ။ သူ စာသင်ကျောင်းသွားပြီး ဒုက္ခမခံချင်ပါဘူး! ချိုးဟောင်က ကျိုကောနဲ့အတူ စာသင်ကျောင်းသွားပြီး ပြန်လာတိုင်း ၅ ကျင်းစာလောက် ပိန်ပိန်သွားတာ။ သူ ပြောပြဖူးတယ်... စာသင်ကျောင်းထဲက ထမင်းဟင်းတွေက အကုန်လုံး ပေါင်းထားတဲ့ ဟင်းတွေချည်းပဲတဲ့။ မနက်ကနေ ညအထိ ပေါင်းထားတာတွေချည်းပဲ။ အရမ်း စားရခက်တယ်တဲ့။

သူ့စိတ်ထဲတွင်တော့ မနက်ဖြန်အတွက် မျှော်လင့်နေလေပြီ။

ယန့်ရှူးက စီစဉ်ထားပြီးသားပင်။ သူ အချိန်ကို တွက်ချက်ထားပြီး ရှန်ညန်ဇီကို ခိုးထွက်ပြီး လာရှာမည်။

ရှန်ညန်ဇီက သဘောကောင်းသည်။ ထိုအချိန်ကျလျှင် ရှန်ညန်ဇီကို အရသာရှိတာတွေ ပိုလုပ်ခိုင်းပြီး သူတစ်ယောက်တည်း မီးဖိုချောင်ထဲမှာ အကုန်စားပစ်လိုက်မည်။

ကျိုကောကို လုံးဝ မပြောပြဘူး!

...

အပိုင်း (၃၂) သိုးသားဓားခုတ်ခေါက်ဆွဲ

ရှဲ့ချီသည် ပြီးခဲ့သည့်ညက ကျိချိုက်ကော်ပြန့်လိပ်ကို စားသောက်ခဲ့ပြီးနောက် ဗိုက်ဝကာ နေလို့ထိုင်လို့ကောင်းသွားသဖြင့် ညဘက်တွင် ကောင်းစွာ အိပ်ပျော်သွားခဲ့လေသည်။ တစ်ညလုံး အိပ်မက်မမက်ဘဲ နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့၏။

နောက်တစ်နေ့ မနက်စောစောတွင် အပြင်ဘက်မှ သည်းထန်စွာရွာသွန်းနေသည့် မိုးသံကြောင့် သူ နိုးလာခဲ့ရလေသည်။ သူသည် ပြတင်းပေါက်ကို ထောက်ကာ ဖွင့်ကြည့်လိုက်ရာ မိုးသည်းထန်စွာ ရွာသွန်းနေပြီး မိုးရေစက်ကျသံများ တဖွဲဖွဲ ကြားနေရသည်။ သူ့စာသင်သားအကူနှစ်ယောက်ဖြစ်သည့် ယန့်ရှူးနှင့် ချိုးဟောင်တို့အပြင် တခြားအစေခံများသည် စင်္ကြံလမ်းအောက်တွင် ထိုင်ကာ မိုးငေးကြည့်နေကြသည်။ သူတို့သည် လက်များကို ဆန့်ထုတ်ကာ မိုးရေခံရင်း တစ်ယောက်နှင့်တစ်ယောက် ပက်ကစားကာ ဆူညံနေကြလေသည်။

သူသည် တဝက်ဖွင့်ထားသည့် ပန်းပုပြတင်းပေါက်မှတဆင့် ရယ်မောနေသည့် အစေခံများနှင့် မိုးရေစက်များကို တိတ်ဆိတ်စွာ ငေးကြည့်နေမိလေသည်။

မိုးသည် နေ့လယ်ပိုင်းရောက်သည်အထိ မတိတ်သေးချေ။ နေရာတိုင်းတွင် စိုစွတ်နေပြီး လေကလည်း အေးစက်လာသည်။ ရှဲ့ချီသည် နေ့ဝက်ခန့် စာဖတ်လိုက်၊ စာလုံးကြီးများ ရေးလိုက်နှင့် ဆရာများ ပေးထားသည့် ကဗျာများနှင့် စာစီစာကုံးများကို ပြီးအောင် လုပ်လိုက်လေသည်။ မိုးမတိတ်နိုင်သည်ကို ကြည့်ရင်း သူသည် ရုတ်တရက် အလုပ်လက်မဲ့ ဖြစ်သွားသလို ခံစားလိုက်ရ၏။

သူသည် ပိုးဖြူရောင်ဝတ်ရုံပါးကို ဝတ်ဆင်ကာ စင်္ကြံလမ်းသို့ လမ်းလျှောက်ထွက်လာပြီး လှမ်းမျှော်ကြည့်လိုက်လေသည်။

အဝေးတစ်နေရာတွင် မိခင်ဖြစ်သူက အစေခံများကို ကျူရိုးစင်၏ ဘေးပတ်လည်တွင် မိုးကာများ ကာရံခိုင်းထားပြီး ဂျင်းမျှင်ပျားရည်လက်ဖက်ရည်အိုးကြီးတစ်အိုးကို ကျိုချက်ကာ ကျူရိုးစင်ထဲတွင် တရားစာရွတ်နေသည့် ဘုန်းကြီးအား ဆက်ကပ်စေသည်။ မိုးသံကြားမှ တရားစာရွတ်သံနှင့်အတူ စန္ဒကူးနံ့များ ရောယှက်နေပုံမှာ လောကီနှင့်မတူဘဲ နတ်ဘုံနတ်နန်းဆန်နေလေသည်။

အနီးနားတွင်မူ သူ့ခြံဝင်းထဲမှ သန့်ရှင်းရေးလုပ်သည့် အလုပ်ကြမ်းသမားများသည် ကောက်ရိုးမိုးကာအင်္ကျီနှင့် ခမောက်များကို ဝတ်ဆင်ကာ သစ်သားဖိနပ်များ စီးလျက် ဝါးချိတ်ရှည်များကို ကိုင်ပြီး သစ်ရွက်များပိတ်ဆို့နေသည့် ရေမြောင်းကို ကြိုးစားပမ်းစား ရှင်းလင်းနေကြသည်။

ရှဲ့ချီသည် အင်္ကျီရင်ဘတ်ကို စေ့လိုက်ပြီး ရုတ်တရက် ရှန်မြောင်ကို သတိရသွားလေသည်။

မနေ့က သူမသည် တံခါးစောင့်နှင့်အတူ ထွက်သွားစဉ်က ရှဲ့ချီသည် ကျောက်သားဇရပ်ထဲတွင် ရပ်လျက် သူမ အဝေးသို့ ထွက်သွားသည်ကို တိတ်တဆိတ် လိုက်ပို့နေခဲ့သည်။ ရှဲ့အိမ်တော်တံခါးမှ ထွက်သွားသည်နှင့် သူမ၏ ပိန်ပါးသော ပခုံးလေးသည် ဝန်ပိုးကို ထမ်းရတော့မည်ဖြစ်ပြီး သူမ၏ နောက်တွင် မောင်ငယ် နှမငယ် နှစ်ယောက်က လိုက်ပါသွားကြသည်။ သူတို့သည် ကျင်းလျန်တံတားအထိ ခြေကျင် လမ်းလျှောက်ပြန်ရပေလိမ့်မည်။

ဒီနေ့ မိုးရွာပြန်ပြီဖြစ်ရာ လမ်းခရီးသည် ရွှံ့ဗွက်များဖြင့် ပိုပြီး သွားလာရခက်ခဲပေလိမ့်မည်။

ရှဲ့မိသားစုသည် မျိုးဆက်တိုင်းတွင် စာပေပညာရှင်ကြီးများ ပေါ်ထွက်လေ့ရှိပြီး စာပေထွန်းကားသော မိသားစုကြီးဖြစ်သည်။ ဝေကျင့်ခေတ်က အငွေ့အသက်များ ကျန်ရှိနေပြီး တရားဆွေးနွေးခြင်းနှင့် ဗုဒ္ဓဘာသာဆိုင်ရာ ကိစ္စရပ်များကို နှစ်သက်ကြသည်။ ရှဲ့ချီသည် ၁၀နှစ်သားအရွယ်ကပင် ရှဲ့မိသားစုမှ စာပေဝါသနာအိုး ဦးလေးများနှင့်အတူ လောကအနှံ့ ခရီးထွက်ကာ ဗဟုသုတရှာဖွေခဲ့ဖူးသည်။ ထို့ကြောင့် သူသည် အသက်မကြီးသေးသော်လည်း လောကဓံ၏ ဆင်းရဲဒုက္ခများကို မြင်တွေ့ဖူးလေသည်။ သူသည် အထက်တန်းစား သခင်လေးများကဲ့သို့ မာန်မာနမကြီးသလို ဆန်ရေစပါး မခွဲခြားတတ်သူလည်း မဟုတ်ချေ။ တစ်နပ်စာအတွက် ရုန်းကန်ရသည့် ပင်ပန်းဆင်းရဲမှုကို တခြားသူများထက် ပိုမို နားလည်စာနာတတ်လေသည်။

သူသည် ငယ်စဉ်ကတည်းက ကံဆိုးမိုးမှောင်ကျတတ်ပြီး ကောင်းမွန်သော ခရီးစဉ်များကို အသက်အန္တရာယ်ရှိသော စွန့်စားခန်းများအဖြစ် ပြောင်းလဲပစ်တတ်သဖြင့် ဦးလေးများအတွက် မမျှော်လင့်ထားသော အခက်အခဲများကို ဖြစ်စေခဲ့သည်။ သို့သော် ရှဲ့ချီတွင် မိခင်ဖြစ်သူ ရှီးရှီ၏ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် အကောင်းမြင်စိတ်များ ရှိလေသည်။ သာမန်မိခင်သာဆိုလျှင် သားဖြစ်သူ ဒုက္ခအကြိမ်ကြိမ်ကြုံရသည်ကို သိပါက အပြင်ထွက်ခွင့် ပြုတော့မည် မဟုတ်ပေ။

မိခင်ဖြစ်သူ ရှီးရှီကမူ ဖယောင်းတိုင်မီးအောက်တွင် အဝတ်အစားချုပ်လုပ်ရင်း ခေါင်းငုံ့ကာ ပြုံးလျက် ပြောလေ့ရှိသည်။

"ကျိုကော... မကြောက်ပါနဲ့၊ သားက အကြိမ်တိုင်း ကံဆိုးတတ်ပေမယ့် အကြိမ်တိုင်း ကံကောင်းပြီး ပြန်လွတ်လာတာပဲ မဟုတ်လား။ ဒီလို ထူးဆန်းတဲ့ အန္တရာယ်မျိုးက တခြားသူတွေ တစ်သက်လုံး မကြုံဖူးပေမယ့် သားကျမှ ကြုံရတာလေ။ ပြီးတော့ လောကမှာ ဘယ်သူက ပြည့်စုံလို့လဲ။ နောင်တရစရာ ၈ခု ၉ခုလောက် ရှိတာက ပုံမှန်ပါပဲ။ လူတိုင်းက စိတ်တိုင်းကျ ဖြစ်ချင်ကြပေမယ့် စိတ်တိုင်းမကျရင် အသက်မရှင်တော့ဘူးလား။ ဒါကြောင့် စိတ်ဓာတ်မကျပါနဲ့၊ အမေကတော့ ကံဆိုးခြင်းနဲ့ ကံကောင်းခြင်းက ဒွန်တွဲနေတယ်လို့ ယုံကြည်တယ်။ သားက ကောင်းမှုလုပ်ပြီး လိပ်ပြာလုံသရွေ့ တစ်နေ့ကျရင် ကံကောင်းခြင်းတွေ ရောက်လာပြီး အဆင်ပြေသွားမှာပါ”

ရှဲ့ချီက ထိုအကြောင်းကို တွေးမိပြီး ပြုံးလိုက်မိလေသည်။

ဟုတ်ပေသည်။ ကောင်းမှုသာလုပ်ပါ၊ အကျိုးရလဒ်ကို မမေးပါနှင့်။ လိပ်ပြာလုံဖို့သာ အဓိကပင်။

ထို့နောက် သူသည် မိုးရေထဲတွင် ကစားနေသော ယန့်ရှူးကို လှမ်းခေါ်ပြီး သေချာမှာကြားလိုက်လေသည်။

"မင်း လှည်းနဲ့မြင်းတွေကို ထိန်းသိမ်းတဲ့ ကျိုးသာ့ဆီ သွားပြီး ငါ့လှည်းတစ်စီးကို ထုတ်ပေးဖို့ ပြောလိုက်၊ တတိယအဒေါ်က လူအင်အား မလောက်ဘူးလို့ ပြောတာကို ဂရုစိုက်မနေနဲ့။ ပြီးရင် ကျိုးသာ့ကို အချိန်တွက်ပြီး ရှန်ညန်ဇီကို သွားကြိုခိုင်းလိုက်။ ငါတို့အိမ်က ငွေပေးပြီး သက်သတ်လွတ်မုန့် လာလုပ်ခိုင်းတာ မှန်ပေမယ့် သူတို့ကို ဝန်တွေထမ်းပြီး မိုးထဲလေထဲ လာခိုင်းလို့ မဖြစ်ဘူးလေ။ အဘိုးအတွက် ဆုတောင်းပွဲလုပ်တာက ကောင်းမှုကုသိုလ်ယူဖို့ပဲ၊ လူတိုင်း ဘေးကင်းပါစေလို့ ဆုတောင်းရမှာ၊ ဒီကိစ္စကြောင့် တခြားသူကို ဒုက္ခရောက်စေတာမျိုး မဖြစ်စေသင့်ဘူး”

ယန့်ရှူးက ခေါင်းညိတ်လက်ခံပြီး ထီးယူကာ ပြေးထွက်သွားလေသည်။

လမ်းတစ်ဝက်ရောက်မှ တစ်ခုခုကို သတိရသွားပြီး သူနေသည့် အဆောင်ဘက်သို့ ပြန်ကွေ့ကာ သူ့မိုးကာအင်္ကျီနှင့် အတူနေသည့် ချိုးဟောင်ဆီမှ ပိုကြီးသည့် မိုးကာအင်္ကျီကို ငှားကာ မြင်းဇောင်းတွင် မြင်းထိန်းနေသည့် ကျိုးသာ့အား ပေးလိုက်ပြီး သေချာ မှာကြားလိုက်လေသည်။

ရှဲ့ချီသည် အခန်းထဲသို့ ပြန်ဝင်ပြီး စစ်တုရင် တစ်ယောက်တည်း ကစားနေလိုက်သည်။ မကြာမီတွင် ယန့်ရှူး ပြန်ရောက်လာပြီး တံခါးဝတွင် ထီးချကာ ကျိုးသာ့ဆီမှ ယူလာသည့် ပဲလှော်များကို စားရင်း ပြောလိုက်သည်။ "ကျိုကော... အားလုံး စီစဉ်ပြီးပါပြီ”

သူက ခေါင်းညိတ်လိုက်ပြီး စိတ်ထဲ မထားတော့ပေ။

ထို့နောက် ဖခင်ဖြစ်သူက လူလွှတ်ပြီး ဧည့်သည်တွေ့ရန် ဧည့်ခန်းမသို့ လာခိုင်းသဖြင့် ရှဲ့ချီသည် မတတ်သာဘဲ ထသွားရလေသည်။ ဖခင်ဖြစ်သူသည် အရာရာကောင်းမွန်သော်လည်း အနည်းငယ် ဂုဏ်မက်တတ်သည်။

ယန့်ရှူးက ထီးအကြီးတစ်ချောင်းကို သွားယူပြန်သည်။ အပြင်ထွက်ခါနီးတွင် ရေရွတ်လိုက်လေသည်။ "ဧည့်သည်တွေက ယဉ်ကျေးမှုအရ ချီးကျူးတာကို သခင်ကြီးက အဟုတ်မှတ်ပြီး ပျော်နေတော့မှာပဲ”

ရှဲ့ချီက သူ့ကို ဖျတ်ခနဲ ကြည့်လိုက်ရာ ယန့်ရှူးက ဟီးခနဲရယ်ပြီး ပါးစပ်ကို လက်ဖြင့် ပိတ်လိုက်လေသည်။

သို့သော် ခဏသာ ပိတ်ထားပြီး မိုးထဲသို့ လှမ်းဝင်လိုက်သည်နှင့် မိုးသံများကြားမှ ရှဲ့ချီအား သူကြားခဲ့ရသည့် ဟာသကို ပြောပြလေသည်။ "ကျိုကော... လွန်ခဲ့တဲ့ရက်ပိုင်းက ကျွန်တော်တို့ ချန်ကျိုးကနေ မပြန်လာခင်တုန်းကလေ၊ ဧည့်သည်တစ်ယောက်က သခင်ကြီးရဲ့ သားလိမ္မာလေးကို တွေ့ချင်ပါတယ်ဆိုပြီး တောင်းဆိုတော့ သခင်ကြီးက မတတ်သာဘဲ စန်းကောကို ခေါ်လိုက်ရတယ်။ စန်းကောက မနေ့ညက ပြည့်တန်ဆာရုံမှာ တစ်ညလုံး အရက်သောက်ထားတာလေ၊ အစေခံတွေက အတင်းဆွဲခေါ်လာတော့ ယိုင်နဲ့နဲ့နဲ့ ဧည့်သည်ရှေ့ရောက်ရော၊ နှုတ်ဆက်ဖို့ ပါးစပ်ဟလိုက်တာနဲ့ ဧည့်သည် ကိုယ်ပေါ်ကို အန်ချလိုက်ရောတဲ့..."

ရှဲ့ချီသည် နှုတ်ခမ်းလှုပ်ရုံ ပြုံးလိုက်ပြီး ထိုမြင်ကွင်းကို မြင်ယောင်ကာ နှုတ်ခမ်းမွှေးများ ထောင်ထွက်မတတ် ထိတ်လန့်သွားမည့် ဖခင်ဖြစ်သူ၏ မျက်နှာကို စိတ်ကူးကြည့်မိလေသည်။

"သခင်ကြီးက... သခင်ကြီးက လန့်ပြီး စားပွဲပေါ်တောင် ခုန်တက်သွားတယ်တဲ့” ယန့်ရှူးက အောင့်မထားနိုင်ဘဲ ရယ်မောလိုက်လေသည်။ ထိုနေ့က ရှဲ့အဖေသည် ဧည့်သည်တွေ့ရန် ရက်ဝက်လောက် ပန်းထိုးထားရသည့် တိမ်ကွက်ကြားမှ ကြိုးကြာပုံ ဝတ်ရုံသစ်ကို ဝတ်ဆင်ထားသည်။ သားဖြစ်သူက ကြမ်းပြင်ပေါ် အန်ချလိုက်သည်ကို မြင်သောအခါ ဧည့်သည်ကို ကူညီဖို့ မစဉ်းစားဘဲ အဝတ်အစားကို နှမြောသဖြင့် စားပွဲပေါ် ခုန်တက်သွားခြင်း ဖြစ်သည်။

ရှဲ့ချီက ရယ်ချင်စိတ်ကိုထိန်းကာ ခေါင်းခါလိုက်သည်။

"ပြန်ရောက်ရောက်ချင်း အစ်ကိုကြီးကို အပြင်မထွက်ရဘူးဆိုပြီး အိမ်မှာ လှောင်ပိတ်ထားတာ ဒါကြောင့်ကိုး၊ ဒီကိစ္စကြောင့် အပြစ်ပေးခံရတာပဲ”

"ဒါမျိုးက စန်းကောကို ဘယ်တားနိုင်မှာလဲ၊ နောက်တစ်နေ့ကျတော့ တံတိုင်းကျော်ပြီး ထွက်သွားတာပဲ” ယန့်ရှူးက ပခုံးတွန့်လိုက်ပြီး ထိုနေ့က မုန့်ကို သတိရကာ ပဲလှော်ကို တလုပ်ကြီး စားလိုက်ပြန်သည်။ "ဒါကြောင့်ပဲ တိုက်တိုက်ဆိုင်ဆိုင် ရှန်ညန်ဇီဆီက မုန့်ကို ဝယ်ပြီး လာပို့တာ ဖြစ်မယ်”

"ခဏနေ အပြင်ဆောင်ရောက်ရင် ထပ်မစားနဲ့တော့နော်၊ တခြားအဆောင်ကလူတွေ မြင်သွားရင် အမေဆီ တိုင်လိမ့်မယ်၊ ပြီးရင် မင်း အဆူခံရဦးမယ်” နှစ်ယောက်သား စကားပြောရင်း အတွင်းဆောင် တံခါးကို ကျော်ဖြတ်လာချိန်တွင် ရှဲ့ချီက မှာကြားလိုက်လေသည်။

ယန့်ရှူးက လက်ထဲမှ ပဲလှော်များကို ပါးစပ်ထဲ အကုန်မောင်သွင်းလိုက်တော့သည်။

ရှဲ့မိသားစုတွင် အဘိုး ဆုံးပါးသွားပြီ ဖြစ်သော်လည်း အဘွားသက်ရှိထင်ရှား ရှိနေသေးသဖြင့် မိဘရှိလျှင် အိမ်မခွဲရဟူသော စုန့်ခေတ် စည်းကမ်းအရ ညီအစ်ကို သုံးယောက်လုံး အတူနေထိုင်ကြသည်။ မြေးများသည်လည်း "ရှီ" (Shi) စာလုံးပါသည့် မျိုးဆက်များ ဖြစ်ကြသည်။ ထို့ကြောင့် ရှဲ့ချီကို "ကျိုကော" (ကိုးယောက်မြောက်အစ်ကို) ဟု ခေါ်ကြသော်လည်း တကယ်တမ်းတွင် မိဘတူ အစ်ကိုအရင်းမှာ မိသားစုတွင် တတိယမြောက်ဖြစ်သည့် ရှဲ့ထျောင် (စန်းကော) တစ်ယောက်သာ ရှိလေသည်။

မိသားစုကြီးဖြစ်သဖြင့် လူများလျှင် ပြဿနာ ရှိစမြဲပင်။

တခြားအဆောင်မှ ဝမ်းကွဲအစ်ကိုကြီး နှစ်ယောက်သည် အသက်ကြီးကြပြီး တချို့မှာ နယ်ဘက်တွင် ရာထူးငယ်လေးများဖြင့် အရာရှိ ဖြစ်နေကြပြီ။ သို့သော် အရာရှိဟူသည့် ဂုဏ်ပုဒ်ရှိသဖြင့် အပြင်လူများက အကြီးဆုံးအိမ်က ကလေးနှစ်ယောက်ထက် ပိုအလားအလာရှိသည်ဟု ပြောဆိုကြသည်။ ထို့ကြောင့် တတိယမိသားစုမှ အဒေါ်ဖြစ်သူက မိခင်ဖြစ်သူ၏ အိမ်မှုကိစ္စ စီမံခန့်ခွဲခွင့်ကို လုယူချင်နေခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ဖခင်ဖြစ်သူသည် ရှဲ့ချီကို အရာရှိလောကနှင့် မိတ်ဆက်ပေးကာ နောင်တစ်ချိန် စာမေးပွဲအောင်ပြီး ရာထူးကြီးကြီးရကာ အကြီးဆုံးအိမ်အတွက် မျက်နှာပန်းလှစေရန် ရည်ရွယ်နေခြင်း ဖြစ်သည်။

'ပြောရရင် အစ်ကိုကြီးကို မတွေ့တာ ၂ရက်ရှိပြီပဲ။' ရှဲ့ချီ စဉ်းစားလိုက်မိသည်။ ရှဲ့ထျောင်က အရင်တုန်းက ကျူးလျန်လမ်းကြားကို သွားမည်ဟု ပြောခဲ့ဖူးရာ ဘယ်ပြည့်တန်ဆာအိမ်မှာများ သွားအိပ်နေလဲ မသိပေ။ သူ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိပြန်သည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း သူသည် မူးလိုက် အိပ်လိုက်၊ နိုးလာလျှင် ပြန်သောက်လိုက်နှင့်သာ အချိန်ကုန်နေပြီး အရက်အိုးထဲတွင် သူ့ကိုယ်သူ နှစ်ထားချင်နေပုံရသည်။ တစ်ခါတလေ ရက်ပေါင်းများစွာ အိမ်မပြန်ဘဲ နေတတ်သည်။

မိခင်ဖြစ်သူက သူ့ကို ဂရုမစိုက်ဘဲ ပုတီးစိပ်ရင်း ခေါင်းမမော့ဘဲ ပြောလေ့ရှိသည်။

"သောက်ပါစေ၊ သောက်ပြီး သေသွားရင် ပြီးတာပဲ”

ရှဲ့ချီက ထပ်မံ သက်ပြင်းချလိုက်မိပြန်သည်။ အစ်ကိုကြီးသာ ဒီလို ဆက်ပြီး ပျက်စီးနေမယ်ဆိုရင် ပြန်လာတဲ့အခါ အဖေ့လက်ချက်နဲ့ အရိုက်ခံရဦးမှာ သေချာတယ်။

စင်္ကြံလမ်းတစ်ကွေ့သို့ ရောက်သည်နှင့် ဧည့်ခန်းမသို့ ရောက်လာပြီး ကဗျာရွတ်သံများကို ကြားနေရပြီ ဖြစ်သည်။ ရှဲ့ချီသည် သက်ပြင်းထပ်ချလိုက်ပြီး ခြေလှမ်းတန့်ကာ ယန့်ရှူး ထီးသိမ်းပြီးသည်အထိ စောင့်နေလိုက်သည်။ ထို့နောက် ဖခင်ဖြစ်သူ ဂုဏ်ယူဝင့်ကြွားနိုင်မည့် ကျက်သရေဆောင်အဖြစ် ဧည့်ခံရန် ဝင်သွားလိုက်လေသည်။

မိုးက ပိုသည်းလာသည်။ ခေါင်မိုးတံစက်မြိတ်မှ ကျလာသည့် မိုးရေများသည် ကုလားကာသဖွယ် ဖြစ်နေသည်။ ရှဲ့အိမ်တော်သာမက ပြန့်ကျင်းမြို့တစ်မြို့လုံး မိုးရေထဲတွင် နှစ်မြုပ်နေပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ လမ်းပေါ်မှ ဈေးသည်များလည်း ဆိုင်သိမ်းကုန်ကြပြီ။ ကျင်းလျန်တံတားအောက်မှ ပြန့်မြစ်ရေသည်လည်း မြင့်တက်လာသည်။ ယန်လျိုအရှေ့လမ်းကြားရှိ ကျဉ်းမြောင်းသော လမ်းကလေးတွင် ရွှံ့ဗွက်များဖြင့် ပြည့်နှက်နေပြီး ရေအိုင်များ ထွန်းနေလေသည်။

ဒီနေ့မနက်စောစောတွင် ရှန်မြောင်သည် မိုးသံကြားပြီး လန့်နိုးလာသည်။ စောင်ကိုဖယ်ကာ မီးဖိုချောင်သို့ ပြေးသွားသော်လည်း ဆီစိမ်ပိတ်စ ရှာမတွေ့သဖြင့် ခြံထဲသို့ ကြည့်လိုက်ရာ ကျိအာက စောစောစီးစီး နိုးနေပြီး မိုးယိုနေသည့် စင်္ကြံအောက်တွင် စာကျက်နေသည်ကို တွေ့လိုက်ရသည်။

ကြည့်လိုက်သောအခါ နံရံခြေရင်းရှိ မခြောက်သေးသည့် မြေမီးဖိုကို ဆီစိမ်ပိတ်စဖြင့် လုံခြုံစွာ အုပ်ထားပြီး လေမလန်စေရန် အုတ်ခဲကျိုးများဖြင့် ဖိထားသည်ကို တွေ့လိုက်ရသည်။

ခြံထဲမှ ကြက်ကလေးများကိုလည်း ဖမ်းပြီး မိုးမပက်သည့် ထောင့်တစ်နေရာတွင် ဝါးခြင်းကွဲဖြင့် အုပ်ထားလေသည်။ ကြက်ပေါက်စ ၃ကောင်သည် အတွင်းထဲတွင် စုပြုံနေပြီး အော်မြည်ကာ အမွေးအတောင်များကို ရှင်းလင်းနေကြသည်။

ရှန်မြောင်သည် တံခါးဘောင်ကို မှီကာ သက်ပြင်းချလိုက်မိ၏။

ကျိအာက ခြေသံကြားသဖြင့် လှည့်ကြည့်လိုက်ရာ ရှန်မြောင်ကို တွေ့လိုက်ရသည်။ သူမသည် အပေါ်ထပ်အင်္ကျီ မဝတ်ရသေးဘဲ ဆံပင်များ ဖားလျားချထားသည်။

"မကြီး... အထဲပြန်ဝင်ပြီး အင်္ကျီသွားဝတ်လိုက်ပါ၊ ဒီနေ့ မိုးရွာတော့ ရာသီဥတုက ပိုအေးတယ်”

"နင် ဘယ်အချိန်က ထတာလဲ၊ မကြီး မကြားလိုက်ပါလား”

"မနက် ၃နာရီလောက်ကတည်းက ထတာ”

ထိုအခါမှ ရှန်မြောင်က မနက် ၇နာရီ ထိုးနေပြီဖြစ်ကြောင်း သိလိုက်ရသည်။

မိုးရွာသဖြင့် မိုးချုပ်နေပြီး ဒေါ်ဒေါ်လီတို့အိမ်က ကြက်ဖကြီးလည်း မတွန်သဖြင့် သူမ အိပ်ရာထ နောက်ကျသွားခြင်း ဖြစ်သည်။ သို့သော် မိုးက သည်းကြီးမည်းကြီး ရွာနေသဖြင့် မနက်ခင်းဈေးထွက်ဖို့ မဖြစ်နိုင်တော့ပေ။ မီးသွေးမီးဖိုတောင် မီးညှိလို့ရမည် မဟုတ်ချေ။ တစ်ရက်လောက် နားလိုက်တာပဲ ကောင်းပါတယ်။

ထို့ကြောင့် သူမသည် စိတ်လျော့လိုက်ပြီး ဖြည်းဖြည်းဆေးကြော ဝတ်ဆင်ကာ မနက်စာလုပ်ရန် မီးဖိုချောင်ထဲ ဝင်သွားလိုက်သည်။

မနေ့ညက ရှဲ့အိမ်တော်က ကျိုကောသည် စားစရာအများအပြားကို သူမအား အတင်းထည့်ပေးလိုက်သည်။ သိုးပေါင်တစ်ချောင်း၊ ဂျုံမှုန့်နှစ်အိတ်၊ ကြက်ဥတစ်တောင်း၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ ပါဝင်သည်။ ထို့အပြင် စားဖိုမှူးဖန်းကလည်း နယ်ပြီးသား ဂျုံမုန့်နှစ်တုံးကို ပေးလိုက်ကာ စေတနာဖြင့် ပြောလေသည်။

"မိုးချုပ်နေပြီ၊ ပြန်ရောက်မှ ညစာချက်စားရင် ပင်ပန်းနေလိမ့်မယ်၊ ဒါလေးယူသွားပြီး အိုးထဲထည့်ပြုတ်လိုက်ရင် စားလို့ရပြီ၊ သက်သာတာပေါ့၊ ဒါကလည်း ကျိုကောရဲ့ စေတနာပါပဲ”

ထို့ကြောင့် မနေ့ညက ရှန်မြောင်တို့ မောင်နှမသုံးယောက်သည် အလွန်ကောင်းမွန်သည့် ညစာတစ်နပ်ကို စားခဲ့ရသည်။ သူမသည် သိုးပေါင်သားကို စက္ကူလိုပါးအောင် လှီးလိုက်ပြီး သိုးရိုးကို ဟင်းရည်တည်ကာ ဂျုံမုန့်နှစ်ကို ဓားဖြင့်လှီး၍ ရေနွေးပွက်ပွက်ဆူထဲ ထည့်လိုက်သည်။ သိုးသားဓားခုတ်ခေါက်ဆွဲပြုတ်တစ်ပန်းကန်သည် ရှန်မြောင်၏ တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုများကို လျော့ပါးသွားစေသည်။

ရှန်းအာနှင့် ကျိအာတို့သည် မိဘများ ဆုံးပါးသွားပြီးကတည်းက သိုးသားကို ဒီလောက်အများကြီး မစားဖူးကြပေ။

ရှန်မြောင်လည်း ဒီလောက်ကောင်းသည့် သိုးသားမျိုးကို မကိုင်တွယ်ဖူးချေ။

သူမလို စားဖိုမှူးဟောင်းတစ်ယောက်အနေဖြင့် အနံ့ခံကြည့်ရုံနှင့် သိုးပေါင်သား လတ်ဆတ်မလတ်ဆတ် သိနိုင်သည်။ အသားအရောင်က မီးရောင်ထိုးစရာမလိုဘဲ တောက်ပသည့် ပန်းရောင်သမ်းနေပြီး အသက်ရှင်စဉ်က တက်ကြွသန်မာမည့် သိုးတစ်ကောင်ဖြစ်ကြောင်း ခံစားမိစေသည်။ လှီးဖြတ်လိုက်သည့်အခါ အတွင်းမှ အဆီအသားများက ညီညာစွာ ပြန့်နှံ့နေပြီး စိုပြည်နေသည်။

သိုးပေါင်သားဆိုသည်မှာ ဤသို့ဖြစ်ရမည်။ အဆီများ ဝါနေလျှင် အစာမကောင်းတာ သို့မဟုတ် ကြာရှည်ထားထားလို့ ဖြစ်နိုင်သည်။ ထိုသို့ဆိုလျှင် ညှီနံ့ နံတတ်သည်။ အထူးသဖြင့် အဆီအလွှာ ထူလွန်းလျှင် အလွန်အီတတ်သည်။ အဆီနည်းလွန်းလျှင်လည်း အသားက မာသွားတတ်သည်။ ယခုလို အဆီအသား မျှတသည့် သိုးပေါင်သားက အကောင်းဆုံးပင်။

ရှန်မြောင်သည် မိန်းမလှလေး၏ ခြေထောက်ကို ပွတ်သပ်နေသလိုမျိုး သိုးပေါင်ကို ဆေးကြောရင်း တံတွေးမြိုနေမိသည်။

စားဖိုမှူးဖန်း ပေးလိုက်သည့် သိုးပေါင်မှာ ရှေ့ခြေထောက်ဖြစ်ကြောင်း သိသာသည်။ သိုးရှေ့ခြေထောက်သည် နောက်ခြေထောက်ထက် လှုပ်ရှားမှုနည်းသဖြင့် အသားပိုဆူပြီး အကြောနည်းကာ အရည်ရွှမ်းပြီး နူးညံ့သည်။ ဟော့ပေါ့လုပ်စားရန် အသင့်တော်ဆုံးပင်။ သိုးနောက်ခြေထောက်ဆိုလျှင် အသားများပြီး အကြောများသဖြင့် ပြုတ်တာ၊ နှပ်တာ၊ ပေါင်းတာတို့နှင့် ပိုသင့်တော်သည်။

ထို့ကြောင့် ရှန်မြောင်သည် သိုးပေါင်သားကို ပါးပါးလှီးပြီး သိုးရိုးဟင်းရည်ထဲတွင် ခဏလေး နှစ်လိုက်ရုံနှင့် ကျက်သွားစေသည်။ သို့မှသာ သိုးသား၏ မူလအရသာကို ရရှိပြီး နူးညံ့ချောမွတ်သည့် အရသာကို ခံစားရလိမ့်မည်။ သူမ၏ ဓားသွေးကောင်းမွန်မှုကြောင့် သိုးသားသည် အလင်းပေါက်သည်အထိ ပါးလွှာပြီး ပါးစပ်ထဲထည့်လိုက်သည်နှင့် ဝါးစရာမလိုဘဲ အရည်ပျော်သွားမတတ်ပင်။

ရှန်မြောင် လှီးထည့်လိုက်သည့် ဂျုံသားများသည် အလယ်တွင်ထူပြီး ဘေးဘက်တွင်ပါးကာ မိုးမခရွက်ပုံစံ လှပနေသည်။ ပြုတ်ပြီးသောအခါ ချောမွတ်ပြီး စားကောင်းလှသည်။ ကြက်သွန်မြိတ်နှင့် ဂျင်းအနည်းငယ်ထည့်လိုက်ရုံဖြင့် အလွန်အရသာရှိပြီး ညှီနံ့ လုံးဝမရှိပေ။ အထူးသဖြင့် သိုးရိုးဟင်းရည်ကြည်သည် မွှေးကြိုင်လှပြီး သွားရေကျရစေတော့သည်။

ခေါက်ဆွဲ၊ အသားနှင့် ဟင်းရည် သုံးမျိုးပေါင်းစပ်လိုက်ပြီးနောက် မောင်နှမသုံးယောက်သည် မီးဖိုချောင်ထဲရှိ စားပွဲပုလေးတွင် ဝိုင်းဖွဲ့ထိုင်ကြပြီး မီးဖိုမှ အနွေးဓာတ်နှင့်အတူ တစ်ယောက်လျှင် ပန်းကန်အကြီးကြီး တစ်လုံးစီဖြင့် စားသောက်ကြသည်။ သိုးသားများက ပန်းကန်အပြည့် ဖုံးအုပ်နေပြီး အားရပါးရ စားသောက်လိုက်ကြသည်။

သုံးယောက်သား ဟင်းရည်ပါမကျန် ကုန်စင်အောင် သောက်လိုက်ကြပြီး ပန်းကန်လုံးများကို ချကာ တပြိုင်ထဲ လေချင်တက်တော့သည်။

ကျိအာသည် ဒီလောက် ဗိုက်တင်းအောင် မစားရသည်မှာ ကြာပြီဖြစ်သည်။ သူက ရှန်းအာကို လှည့်ကြည့်လိုက်ရာ ထိုကလေးမလေးသည်လည်း ချွေးများပြန်ကာ ပါးလေးနှစ်ဖက် ရဲနေသည်ကို တွေ့လိုက်ရသည်။ သူမက သူမ၏ ဖောင်းကားနေသည့် ဗိုက်ပူပူလေးကို ပုတ်ပြရင်း ပြောလိုက်၏။ "မကြီး... ကြည့်ပါဦး၊ ညီမလေးဗိုက်က ဖားဗိုက်လို ဖြစ်သွားပြီ”

ရှန်မြောင်မှာ ရယ်မောမိတော့သည်။

မောင်နှမသုံးယောက် ဗိုက်ကားအောင် စားပြီးနောက် ကုလားထိုင်ပေါ်တွင် ခဏလောက် မှီထိုင်ကာ အမောဖြေလိုက်ကြသည်။ နောက်ဆုံးတွင် ကျိအာက အရင်ထကာ ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းဆေးကြောလေသည်။

ရှန်မြောင်က ရှန်းအာကို ခေါ်ပြီး ခြံထဲတွင် လမ်းလျှောက်ကာ အစာချေလေသည်။

မွေးထားသည့် ကြက်ပေါက်စ ၃ကောင်သည် ယဉ်ပါးနေပြီဖြစ်ရာ လူမြင်သည်နှင့် မပြေးသည့်အပြင် အစာကျွေးမည်မှတ်ပြီး လိုက်လာကြသည်။ ထို့ကြောင့် ကျိအာက မီးဖိုချောင်ထဲတွင် ပန်းကန်ဆေးရင်း ခြံထဲလှမ်းကြည့်လိုက်သောအခါ မကြီးက ရှေ့က၊ ရှန်းအာက နောက်က၊ သူတို့နောက်တွင် တောင်ပံခတ်လိုက်လာသည့် ကြက်ပေါက်စလေးများ တန်းစီနေသည်ကို မြင်လိုက်ရလေသည်။

မိဘများ ရုတ်တရက် ဆုံးပါးသွားပြီးနောက် သုံးနှစ်လုံးလုံး သူများအိမ်တွင် ကပ်နေခဲ့ရသည့် အဖြစ်အပျက်များက ကျိအာကို အပြုံးနည်းပြီး သတိကြီးသူတစ်ယောက် ဖြစ်လာစေခဲ့သည်။ သို့သော် ယခုအချိန်တွင်တော့ သူ့ကိုယ်သူပင် သတိမထားမိဘဲ အစ်မနှင့် ညီမငယ်ကို ကြည့်ရင်း ပန်းကန်ကို အားရပါးရ ဆေးကြောကာ မျက်လုံးများပါ ပြုံးနေမိသည်။

ဒီအိမ်က အစ်မကြီး ပြန်ရောက်လာသောနေ့ကစပြီး တကယ့်အိမ်တစ်လုံး ဖြစ်လာခဲ့သည်။

အခုတလော သူ အိပ်မက်မက်လျှင် မိဘများ၏ မည်းနက်နေသည့် ခေါင်းတလားကြီးများနှင့် စက္ကူပြာမှုန်များ လွင့်ပျံနေသည့် အသုဘအိမ်ကို မမက်တော့ပေ။ ဦးကြီးအိမ်တွင် မိုးမလင်းခင်ထပြီး အလုပ်လုပ်ရသည့် မှောင်မိုက်သော နေ့ရက်များကိုလည်း မမက်တော့ပေ။

သူ့အိပ်မက်ထဲတွင် အသံနှင့် အရောင်များ ရှိလာပြီ။ ကြက်တွန်သံများ၊ တောပန်းလေးများ၏ အရောင်များ၊ ရှန်းအာ၏ ရယ်သံများနှင့် မနက်စောစော ဂျုံနယ်ပြီး ဟင်းချက်နေသည့် အစ်မကြီး၏ ကျောပြင်ကို မြင်မက်လာသည်။

ပြီးတော့...

သူသည် ‌ခေါက်ဆွဲပြုတ်၏ အနွေးဓာတ်၊ ကောက်ညှင်းငချိတ်ကန်စွန်းဥမန်ထို၏ ဗိုက်ပြည့်မှု၊ ဟင်းနုနွယ်ရွက်ဖက်ထုပ်၏ နူးညံ့မှု၊ "မိသားစုပျော်ရွှင်ခြင်း" ပန်ကိတ်မုန့်၏ မွှေးကြိုင်မှု၊ ပဲနီဌာပနာမန်ထို၏ ချိုမြိန်မှု၊ သိုးသားဓားခုတ်ခေါက်ဆွဲ၏ လတ်ဆတ်မှုများကိုလည်း မြည်းစမ်းခွင့် ရခဲ့ပြီ။

ဒီနေ့ကစပြီး အစားအသောက်နှင့် အဝတ်အစားအတွက် ပူပန်စရာ မလိုတော့ပေ။

တကယ်... ကောင်းလိုက်တာ။

သူသည် ခေါင်းငုံ့လိုက်ပြီး ပူနွေးလာသည့် မျက်ဝန်းများကို ဖုံးကွယ်ထားလိုက်လေသည်။

ရှန်မြောင်တို့ တံခါးပိတ်ပြီး စားသောက်နေကြသော်လည်း အနံ့များက အပြင်သို့ ပျံ့လွင့်နေသည်။ လမ်းကြားလေးက ကျဉ်းမြောင်းသဖြင့် အသားနံ့များ နေရာအနှံ့ ရောက်ရှိနေသည်။ အဒေါ်ကုသည် မနေ့ကမှ ရှန်မြောင်ပို့လိုက်သည့် ဂေါ်ဖီထုပ် ကြက်ဥဖက်ထုပ် လုပ်နည်းကို သင်ယူနေပြီး မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေစဉ် မွှေးကြိုင်လှသည့် အနံ့ကြောင့် လဲကျမတတ် ဖြစ်သွားသည်။

သူမသည် ခါးစည်းတွင် လက်သုတ်လိုက်ပြီး အပြင်ထွက်ကာ အနံ့ခံကြည့်လိုက်သည်။

ကုထူစူး၏ အဖေကလည်း အိမ်တွင် ရှိနေသည်။ သူသည် ခြံထဲတွင် အရက်အိုးများကို ချွေးတလုံးလုံးဖြင့် ဆေးကြောနေစဉ် ပြင်းထန်သော သိုးသားနံ့ကို ရလိုက်သဖြင့် ခေါင်းမော့ကာ ရှူရှိုက်လိုက်မိသည်။ "မွှေးလိုက်တာကွာ၊ တခြား ဟင်းခတ်အမွှေးအကြိုင်အနံ့ မရဘူး၊ ဒါ သေချာပေါက် သိုးသားကောင်းပဲ ဖြစ်ရမယ်”

ဦးလေးကုသည် အရက်ချက်သည့် ဆရာကြီးဖြစ်သဖြင့် နှာခေါင်းအလွန်ကောင်းသည်။ နံရံနှစ်ထပ်ခြားနေသော်လည်း သူ အနံ့ရနေသည်။ သိုးသားဟင်းရည်က လတ်ဆတ်မွှေးကြိုင်နေပြီး အဓိကက အသားကောင်းလို့ ဖြစ်သည်။ သူ သွားရည်ကျလာသဖြင့် လည်ပင်းဆန့်ကြည့်လိုက်ရာ မီးဖိုချောင် စားပွဲပေါ်တွင် သူ့မိန်းမ ထုပ်ထားသည့် ပုံစံမကျသည့် သက်သတ်လွတ်ပေါက်စီများကို တွေ့လိုက်ရသဖြင့် စိတ်ပျက်စွာ လည်ပင်းပြန်ပုသွားတော့သည်။

အဒေါ်လီလည်း တံခါးဖွင့်ကြည့်လိုက်၏။ ဟိုကြည့်ဒီကြည့်နှင့် နောက်ဆုံးတွင် ရှန်မိသားစု၏ တံခါးသစ်ကြီးကို စိုက်ကြည့်နေမိသည်။

ဒီရှန်သာ့ကျဲအာကတော့ အငြိမ်မနေပါလား။ ဟိုတလောက ဘယ်ကမှန်းမသိသည့် ခြေကျိုးခုံတန်းရှည် နှစ်လုံးကို သယ်လာပြီး တံခါးရှေ့တွင် ခင်းထားသည်။ အိုးကွဲများဖြင့် တောပန်းများ စိုက်ထားပြီး သစ်သားပျဉ်ပြားလေးပေါ်တွင် စာရွက်နီကပ်ကာ စာနှစ်ကြောင်း ရေးထားသေးသည်။

"နွေဦးနှင့် နွေရာသီတွင် ငြိမ်းချမ်းပါစေ၊ ဆောင်းဦးနှင့် ဆောင်းရာသီတွင် မင်္ဂလာရှိပါစေ”

တံခါးဘေးတွင်လည်း "ရှန်" ဟုရေးထားသည့် သစ်သားပြားလေး ချိတ်ထားသည်။ ညဘက် မီးအိမ်ထွန်းလိုက်လျှင် ပန်းပွင့်လေးများနှင့် မင်စာလုံးများက နွေးထွေးပြီး ရှေးဆန်နေသည်။ အဓိကကတော့ ထိုစာလုံးများသည် သေသပ်လှပပြီး အားပါလေသည်။ အဒေါ်လီက လီကိုအာကို သွားကြည့်ခိုင်းပြီး ပြန်ဖတ်ပြခိုင်းမှ သိရခြင်းဖြစ်သည်။ ရှန်မိသားစုတွင် ကျိအာတစ်ယောက်သာ စာတတ်သည်ဟု ထင်ထားသော်လည်း ကျောင်းထုတ်ခံထားရသည့် ကျိအာက စာကို ဒီလောက်လှအောင် ရေးတတ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သူမ ဂုဏ်ယူနေသည့် လီကိုအာထက်ပင် ပိုတော်နေသေးသည်။

လေထဲတွင် သိုးသားနံ့က ပိုမွှေးလာသည်။ အဒေါ်လီက ရှန်မိသားစုတံခါးကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းမဲ့ကာ ကိုယ်ကိုပြန်သွင်းပြီး တံခါးပိတ်လိုက်သည်။

'ဒီရှန်မိသားစုက သိုးသားဟင်းရည်တောင် ချက်သောက်နေပါလား။ ဒီလောက်လက်ကြီးတာ။ သိုးသားက စျေးမပေါဘူးလေ။ ဆိုင်ဖွင့်တာမှ ရက်ပိုင်းပဲ ရှိသေးတယ်၊ သိုးသားတောင် ဝယ်စားနေပြီ။ ဒီလို ဖြုန်းတီးနေရင် ငွေဘယ်လောက်ရှာရှာ လောက်ပါ့မလဲ။ ရှန်မြောင်က ငယ်သေးတော့ ဆန်ကုန်မြေလေးမှန်း မသိ၊ အိမ်မှုကိစ္စ နားမလည်တာပါလေ။'

ရှန်မြောင်သည် လမ်းကြားထဲက အတင်းအဖျင်းများကို မသိပေ။ သိလျှင်လည်း သူမ အသားစားတာကို နှောင့်ယှက်နိုင်မည် မဟုတ်ပေ။ အသားကောင်းနေမှတော့ လတ်ဆတ်တုန်း စားရမှာပေါ့။ မဟုတ်ရင် နှမြောစရာကြီး။

သူမသည် တစ်ညလုံး ဗိုက်ထဲတွင် နွေးထွေးနေပြီး ကောင်းကောင်း အိပ်ပျော်ခဲ့သည်။ ဒါကြောင့်လည်း ဒီနေ့ အိပ်ရာထ နောက်ကျသွားခြင်း ဖြစ်မည်။

မိုးစက်များက ဆက်တိုက် ရွာသွန်းနေပြီး နေ့လယ်ရောက်သည်အထိ မတိတ်သေးပေ။ ရှန်မြောင်သည် မီးဖိုချောင်ထဲထိုင်ရင်း ဒီနေ့ ရှဲ့အိမ်တော်ကို သွားပို့ရမည့် ပဲနီဌာပနာပေါင်မုန့်တန်း ၁၅၀ ကို လုပ်နေရင်း တံစက်မြိတ်မှ ရေတံခွန်လိုကျနေသည့် မိုးရေများကို ကြည့်ကာ စိတ်ညစ်နေမိတော့သည်။

မိုးမတိတ်လျှင် အမိုးပါသည့် မြည်းလှည်း ငှားသွားရတော့မည်။ မဟုတ်လျှင် လမ်းလျှောက်သွားပါက အကုန် စိုရွှဲကုန်တော့မည်။ သူမ စိုတာ ကိစ္စမရှိပေမယ့် မုန့်တွေ စိုကုန်လျှင် မဖြစ်ချေ။ သူမ မြန်မြန်လုပ်မှ ဖြစ်တော့မည်။

သူမသည် မျှော်လင့်ချက်လေး ထားကာ မိုးတိတ်မလား စောင့်ကြည့်နေမိသည်။

သို့သော် သူမထင်သလို ဖြစ်မလာပေ။ မုန့် ၁၅၀ လုပ်ပြီးသည့်တိုင် မိုးက မတိတ်သည့်အပြင် လေပါ တိုက်လာသည်။ သစ်ပင်များ ယိမ်းထိုးနေသည်။ သူမ ထီးဆောင်းပြီး အပြင်ထွက်ကြည့်ရာ လမ်းမပေါ်တွင် ရေကြီးနေပြီး လူရိပ်ပင် မတွေ့ရပေ။ လှည်းငှားဖို့ရာ ဘယ်သွားငှားရမှန်း မသိပေ။

ဘယ်လိုလုပ်ရပါ့မလဲ။ သူမ သက်ပြင်းချပြီး အိမ်ထဲပြန်ဝင်ရန် ပြင်လိုက်စဉ် ကုမိသားစု၏ နောက်ဖေးတံခါး ပွင့်လာပြီး ကုထူစူးက မိုးကာဝတ်လျက် မိုးထဲလေထဲ အရက်အိုးများကို အိမ်ထဲ ရွှေ့နေသည်ကို တွေ့လိုက်ရသည်။ သူက ရှန်မြောင်ကို မြင်လိုက်သောအခါ ခမောက်ကို ပင့်တင်လိုက်သည်။ နေလောင်ထားသည့် မျက်နှာမည်းမည်းကြီး ပေါ်လာပြီး ရပ်ကာ မေးလိုက်သည်။

"ရှန်သာ့ကျဲအာ... ဘာဖြစ်လို့လဲ”

"ဘာမှမဖြစ်ပါဘူး၊ မိုးအခြေအနေ ကြည့်နေတာပါ” ရှန်မြောင်က ပြုံးပြလိုက်သည်။ သူမသည် ကုမိသားစုတွင် လှည်းရှိမှန်း သိသော်လည်း ဤကဲ့သို့ မိုးသည်းနေချိန်တွင် လက်တွန်းလှည်းကလည်း အသုံးမဝင်ပေ။ ရွှံ့ဗွက်ထဲ နစ်သွားနိုင်သည်။ ထို့ကြောင့် သူမသည် ငွေပိုကုန်လျှင်ကုန်ပါစေ မြင်းလှည်းငှားဖို့ ဆုံးဖြတ်ထားလိုက်တော့သည်။ သို့မှသာ ကျိအာနှင့် ရှန်းအာအတွက်လည်း စိတ်ချရမည်။

ကုထူစူးက သူမ အခက်တွေ့နေမှန်း သိလိုက်ပြီး အပြင်ထွက်လာကာ လေးလေးနက်နက် ပြောလိုက်သည်။

"အကူအညီလိုရင် ပြောနော်၊ ဒီရက်ပိုင်း ဈေးရောင်းထွက်တာ ငါ့ကို ဘာလို့ လာမခေါ်တာလဲ”

ရှန်မြောင် ပါးစပ်ဟလိုက်သော်လည်း စကားမပြောရသေးခင်မှာပင် အပြင်ဘက်မှ မြင်းခွာသံများနှင့် လှည်းဘီးလိမ့်သံများကို ကြားလိုက်ရလေသည်။ သစ်စေးဆီသုတ်ထားသည့် မြင်းလှည်းအသစ်တစ်စီးက မိုးရေများကို ခွဲကာ ရောက်ရှိလာပြီး သူမရှေ့တွင် ရပ်တန့်သွားသည်။

ရှန်မြောင်လည်း အံ့ဩသွားပြီး မော့ကြည့်လိုက်၏။ ပိုးသားဖြင့် ကွပ်ထားသည့် ခြောက်ထောင့်မီးအိမ်သည် လေဒဏ်မိုးဒဏ်ကြားတွင် ယိမ်းထိုးနေပြီး ထိုမီးအိမ်ပေါ်တွင် "ရှဲ့" ဟူသော စာလုံးကို ရေးထိုးထားလေသည်။

….

All Chapters