← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အပိုင်း (၃၃) ပဲနီလုံးမုန့်

ဒီနှစ် ဘာဖြစ်သည်မသိ။ ပြန့်ကျင်း၏ နွေဦးမိုးသည် ရွာချလိုက်သည်နှင့် မပြီးနိုင်မစီးနိုင် ဖြစ်နေတော့၏။ စတင်ရွာသွန်းချိန်မှစ၍ ရပ်တန့်သွားခြင်း မရှိပေ။

ယန်လျိုအရှေ့လမ်းကြားမှ လမ်းသည် လုံးဝ လျှောက်မရတော့ချေ။ လျှောက်လိုက်သည်နှင့် ခြေထောက်တွင် ရွှံ့များ ကပ်ပါလာသည်။ နောက်ပိုင်းတွင် လမ်းကြားထဲရှိ အိမ်တိုင်းမှ ငွေရှိသူက ငွေစိုက်၊ ငွေမရှိသူက လုပ်အားစိုက်ကာ စုစုပေါင်း ငွေ ၃ ကွမ်း ရရှိခဲ့လေသည်။ မြို့ပြင်မှ မြစ်ကျောက်တုံး ၇ ထမ်း၊ ၈ ထမ်းခန့် ထမ်းယူလာပြီး အကြီးအသေး ညီညာအောင် ထုရိုက်ခင်းကျင်းလိုက်ကြမှသာ လူများအဖို့ ရွှံ့အိုင်ထဲတွင် နေထိုင်ရသည့်ဘဝမှ လွတ်ကင်းသွားကြလေသည်။

ကျိအာသည် လန်ရှင်းစာအုပ်ဆိုင်သို့ စာကူးသွားမလုပ်သည်မှာ ၃ ရက် ရှိလေပြီ။ သို့သော် အစ်မဖြစ်သူက ရှဲ့အိမ်တော်မှ အလုပ်ကို လက်ခံထားသဖြင့် ကျိအာအနေဖြင့် စာသွားကူးရန် အစီအစဉ် မရှိတော့ပေ။ ထို့ကြောင့် ဒီနေ့မနက်စောစောတွင် အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသဖြင့် ခြံတံခါးဖွင့်ကြည့်လိုက်ရာ လမ်းကြားထဲတွင် ကျောက်တုံးလမ်း ခင်းနေကြကြောင်း သိလိုက်ရလေသည်။

ကုအာ့ကောနှင့် ဦးလေးကုတို့ သားအဖနှစ်ယောက်က ဦးဆောင်လုပ်ကိုင်နေကြသည်။ သူတို့သားအဖသည် ထွားကျိုင်းသန်မာပြီး တပုံစံတည်း မည်းနက်နေကြရာ မိုးရေထဲတွင် ဘယ်သူက ဘယ်သူမှန်း ခွဲခြားမရနိုင်ပေ။ ဦးလေးကုက မြေကြီးပေါ်တွင် ကျောက်တုံးချပေးပြီး ကုအာ့ကောက အပေါ်အင်္ကျီချွတ်ကာ ပခုံးကျယ်ကြီးပေါ်တွင် လျှော်ကြိုးများဖြင့် ချည်နှောင်ထားသော သစ်တုံးကြီးကို ထမ်းလျက် ဖခင်ဖြစ်သူ၏ အော်သံနှင့်အညီ မြေကြီးကို အားကုန် လှမ်းထုလေသည်။

ထိုသို့ဖြင့် မိုးရေစိမ်ထားသော ရွှံ့မြေကြီးထဲသို့ ကျောက်တုံးများ တစ်တုံးပြီးတစ်တုံး မြုပ်ဝင်သွားတော့သည်။

ကျိအာ အထင်မှားသည်လား မဆိုနိုင်သော်လည်း ကုအာ့ကောသည် ရှန်မိသားစုနှင့် ကုမိသားစု အိမ်ရှေ့လမ်းပိုင်းကို အထူးတလည် ခိုင်ခန့်သေသပ်အောင် ထုရိုက်နေပြီး ခင်းသည့် ကျောက်တုံးများသည်လည်း တခြားအိမ်များထက် ပိုများနေသည်။ ကုအာ့ကောသည် အရွယ်အစားတူညီသော လေးထောင့်ကျောက်တုံးများကို သေချာရွေးထုတ်ပြီး ရှန်မိသားစုအိမ်ရှေ့တွင် ညီညာစွာ စီတန်းခင်းကျင်းပေးနေသည်မှာ အိမ်ရှေ့တွင် ကျောက်ပြားလမ်း ခင်းထားသကဲ့သို့ပင် ဖြစ်နေလေသည်။

အဒေါ်လီသည် ထိုကိစ္စအတွက် မကျေမနပ်ဖြင့် တတွတ်တွတ် ပြောနေရှာသည်။ သို့သော် ရှန်မြောင်ကလည်း လမ်းခင်းခ ငွေဝမ် ၁၀၀ ထည့်ဝင်ထားပြီး လုပ်အားစိုက်ထုတ်နေသူမှာလည်း သူမ၏ယောက်ျား လီထျောင်ဇီ မဟုတ်သဖြင့် တိတ်တဆိတ်သာ ညည်းတွားနေနိုင်တော့၏။

သနားစရာကောင်းသည်မှာ လီကိုအာနှင့် ရှန်းအာတို့နှစ်ယောက် အိမ်ရှေ့ ရွှံ့အိုင်ထဲတွင် ခိုးဖွက်မွေးထားသည့် အမြီးမပြုတ်သေးသော ဖားလောင်းကောင်လေးများ ဖြစ်လေသည်။ ထိုအကောင်များသည် ဖားအဖြစ်သို့ မပြောင်းလဲသေးသော်လည်း ခြေထောက် ၄ ချောင်း ထွက်နေပြီဖြစ်သော ဖားလောင်းများ ဖြစ်ကြ၏။

ထိုအကောင်များကို ရှန်းအာက အစ်မဖြစ်သူနောက်လိုက်ပြီး ရေခပ်သွားစဉ် အားကြိုးမာန်တက် ဖမ်းလာခဲ့ခြင်း ဖြစ်သည်ဟု ကြားသိရသည်။

မထင်မှတ်ထားသည်မှာ တခဏအတွင်း၌ပင် ထိုဖားလောင်းနှစ်ကောင်သည် ကုအာ့ကော ထုလိုက်သည့် ကျောက်တုံးအောက်တွင် ပြားပြီး မုန့်ပြားကဲ့သို့ ဖြစ်သွားရှာသည်။ ရှန်းအာသည် ထိုဖားပြားလေးကို ကောက်ယူကာ လက်ဖောင်းဖောင်းလေးဖြင့် ကိုင်ထားပြီး ခြံထဲတွင်ရပ်လျက် ခေါင်းမော့ကာ အော်ဟစ်ငိုယိုတော့လေသည်။

ကျိအာသည် သူမကို ကုန်းပိုးကာ နာရီဝက်ခန့် ချော့မော့ခဲ့ရသည်။ နောက်ဆုံးတွင် မပိုးနိုင်တော့သဖြင့် မျက်နှာနီရဲကာ ညီမဖြစ်သူကို အောက်သို့ ချပေးလိုက်တော့သည်။ ကြည့်လိုက်သောအခါ သူမသည် ညစ်ပတ်နေသော ဖားပြားလေးကို ကိုင်လျက် ငိုနေဆဲဖြစ်ပြီး ဖားပြားကို တစ်ချက်ကြည့်လိုက် မျက်ရည်တစ်စက်ကျလိုက် ဖြစ်နေလေသည်။ နောက်ဆုံးတွင် ကျိအာသည် အကြံကုန်သွားပြီး ရုတ်တရက် အကြံတစ်ခုရကာ အကြံပြုလိုက်သည်။

"ရှန်းအာ... ဒီလိုလုပ်ပါလား၊ ဒီအကောင်ကို ကြက်ကျွေးလိုက်ရင် မကောင်းဘူးလား။ ဒါဆို သူ့ခမျာ တန်ဖိုးရှိရှိ သေသွားရတာပေါ့”

ရှန်းအာသည် ငိုလို့ ရဲနေသော မျက်လုံးများဖြင့် မော့ကြည့်ကာ အံ့အားသင့်သွားပြီးနောက် ခေါင်းမော့ကာ ပို၍ ကျယ်လောင်စွာ အော်ငိုလေတော့သည်။

ကျိအာ ဘာလုပ်ရမှန်း မသိတော့ချေ။

အရင်တုန်းက ရှန်းအာသည် နှံကောင်ဖမ်းပြီး ကြက်ကျွေးနေကျ မဟုတ်ပါလားဟု သူ့မှာ နားမလည်နိုင် ဖြစ်နေရသည်။ သူ့စိတ်ထဲတွင် ထိုဖားလောင်းကောင်သည် တီကောင်များ၊ နှံကောင်များနှင့် မထူးခြားပေ။ ဒီတစ်ခါ ရှန်းအာ ဘာလို့ ဒီလောက် သည်းကြီးမည်းကြီး ငိုနေရမှန်း သူ တကယ် နားမလည်တော့ပေ။

နောက်ဆုံးတွင် အစ်မဖြစ်သူ ထွက်လာပြီး ခါးကိုကုန်းကာ သူ့နားနားကပ်၍ တိုးတိုးလေး ပြောပြလေသည်။

"ကျိအာ... နင် နားမလည်ပါဘူး၊ သူက မနေ့က လီကိုအာနဲ့အတူ ရေအိုင်ဘေးမှာထိုင်ပြီး ဒီဖားလောင်းကောင်ကို ခြင်နှစ်ကောင် ဖမ်းကျွေးထားတာလေ၊ ဒါကြောင့် ဒီဖားလောင်းကောင်က ငါတို့အိမ်က ကြက်ပေါက်စလေးတွေလိုပဲ သူ မွေးထားတဲ့အကောင် ဖြစ်သွားပြီ၊ သူ့စိတ်ထဲမှာ အများကြီး ကွာခြားသွားပြီပေါ့”

ကျိအာသည် နားထောင်ပြီး ခေါင်းရှုပ်သွားရသည်။ သူ အစာကျွေးဖူးရုံနဲ့ ဖားလောင်းက ဖားလောင်းမဟုတ်တော့ဘူးလား။ ရုပ်ဆိုးပန်းဆိုး ဖားလောင်းကောင်ပဲ မဟုတ်ဘူးလား။

နောက်ဆုံးတွင် ရှန်မြောင်သည် ဖားပုံစံ "တျောင်းယွီရှောက်" (ငါးပုံစံကိတ်မုန့်) နှစ်ခု ဖုတ်ပေးလိုက်မှသာ ပြီးသွားတော့သည်။

ဤရက်ပိုင်း မိုးဆက်တိုက်ရွာနေသဖြင့် တံတားထိပ်ဈေးသို့ ဈေးထွက်မရောင်းနိုင်ရာ ကြိုတင်ရေစိမ်ထားသော ပဲနီများမှာ သုံးမကုန်နိုင်အောင် များပြားနေတော့သည်။ ရှန်မြောင်သည် ပဲနီများကို နည်းမျိုးစုံဖြင့် မကုန်ကုန်အောင် သုံးရသဖြင့် ရှန်မိသားစုသည် ဤနှစ်ရက်အတွင်း နပ်တိုင်း ပဲနီစားရသည့် နေ့ရက်များကို ဖြတ်သန်းနေရလေသည်။

သို့သော် ကျိအာနှင့် ရှန်းအာတို့၏ စိတ်ထဲတွင်မူ နပ်တိုင်း ပဲနီစားရသည့်တိုင် တစ်နေ့တာ ထမင်းသုံးနပ်ကို မျှော်လင့်တကြီး စောင့်စားနေကြသည်။

အကြောင်းမှာ အစ်မကြီးသည် ပဲနီများကို မျိုးစုံလှအောင် ဖန်တီးတတ်သောကြောင့်ပင်။

ဒီနေ့မနက် စောစောစီးစီး စားလိုက်ရသည်မှာ ပြစ်ချွဲအောင် ကျိုထားသော ပဲနီကောက်ညှင်းလုံးပြုတ် တစ်ပန်းကန် ဖြစ်သည်။ သုံးယောက်သား ပူပူနွေးနွေး စေးပိုင်နေသော ပဲနီလုံးမုန့်တစ်ပန်းကန်စီ ကိုင်လျက် တံခါးဘေးတွင်ထိုင်ကာ မိုးငေးနေကြသည်။ အစ်မကြီးက ကုမိသားစုထံမှ ဝယ်လာသော ကောက်ညှင်းချို အရက်ချိုကိုလည်း အနည်းငယ် ထည့်ထားသေးသည်။ ထို့ကြောင့် သောက်လိုက်လျှင် ချောမွတ်သော ပဲနီအရသာနှင့်အတူ မွှေးကြိုင်ချိုမြိန်သော ဆန်အရက်နံ့လေးပါ ရောယှက်နေပြီး စားလိုက်သည်နှင့် ခံတွင်းတွေ့စေသည်။ ကောက်ညှင်းလုံးလေးများကလည်း နူးညံ့အိစက်ကာ ဝါးလို့ကောင်းပြီး ဆန်နံ့သင်းနေရာ စားပြီးသည်နှင့် တကိုယ်လုံး ခေါင်းအစ ခြေအဆုံး နွေးထွေးသွားတော့သည်။

နေ့လယ်စာကိုတော့ ရှန်းအာကို ချော့ရန်လုပ်ပေးထားသည့် "တျောင်းယွီရှောက်" ကို စားကြသည်။

ရှန်မြောင်သည် ဇွန်းဖြင့် မုန့်နှစ်ရည် တစ်ဇွန်းခပ်ယူပြီး ဒယ်ပြားအပေါ်တွင် အပူချိန်စမ်းကြည့်လိုက်ပြီး စိတ်ထဲတွင် တွေးလိုက်သည်။

'တျောင်းယွီရှောက် ဆိုမှတော့ ပုံမှန်ဆို ငါးပုံစံ လုပ်ရမှာ၊ ဒါပေမဲ့... အခြေအနေအရ ဒီနေ့တော့ ဖားပုံစံ စမ်းလုပ်ကြည့်မယ်။'

သူမတွင် ပုံစံခွက် မရှိပေ။ မှာလုပ်လျှင်လည်း အချိန်ကုန် ငွေကုန်မည်ဖြစ်ရာ ကြက်ဥနှင့် ဂျုံမှုန့်ကို မုန့်နှစ်ရည်အဖြစ် မွှေလိုက်ပြီး ဇွန်းကြီးဖြင့် တစ်ဇွန်းခပ်ကာ ဒယ်ပြားပေါ်တွင် ပုံစံမကျတကျ ဖားပုံသဏ္ဌာန်ကို ဖြည်းဖြည်းချင်း ပုံဖော်လိုက်လေသည်။

မုန့်နှစ်ရည်ဖြင့် ဖားပုံစံဆွဲရာတွင် ဒယ်အိုးပူနေရမည်ဖြစ်ပြီး လက်ကလည်း မြန်ဆန်ငြိမ်သက်ရမည်။ မဟုတ်လျှင် လက်တစ်ချက်တုန်သွားပါက မုန့်နှစ်ရည်တစ်ဇွန်းလုံး ပုံပျက်သွားပြီး အသစ်ပြန်လုပ်ရပေလိမ့်မည်။ ရှန်မြောင်သည် အစပိုင်းတွင် တစ်ခုပျက်သွားသဖြင့် အကျက်ကြော်ပြီး ကိုယ်တိုင် စားလိုက်ရသည်။ နောက်ပိုင်းမှ လက်ငြိမ်သွားပြီး အဆင်ပြေသွားတော့သည်။

သူမသည် ပုံဆွဲပြီးနောက် ခဏစောင့်လိုက်၏။ မုန့်နှစ်ပုံစံ အနည်းငယ် ခဲသွားပြီး ရွှေဝါရောင်သမ်းကာ လေပူပေါင်းလေးများ ထလာသောအခါ အလယ်က လွတ်နေသော နေရာများကို ကျန်နေသည့် မုန့်နှစ်ရည်ဖြင့် ဖြည့်လိုက်သည်။ မီးထိုးထားသော ထင်းချောင်းနှစ်ချောင်းကို ဆွဲထုတ်လိုက်သောအခါ အလယ်ရှိ မုန့်နှစ်များလည်း ပွလာသည်။ ရှန်မြောင်သည် မုန့်ပြားအလယ်တွင် ပဲနီနှစ်ကို ထူထူထဲထဲ သုတ်လိမ်းလိုက်ပြီး မုန့်နှစ်ရည် တစ်ဇွန်းထပ်ထည့်ကာ ပဲနီနှစ်ကို ဖုံးအုပ်လိုက်သည်။ ထို့နောက် ဇွန်းဖြင့်လှန်ကာ တစ်ဖက်သို့လှည့်ပြီး နှစ်ဖက်စလုံး ရွှေညိုရောင်သမ်းသည်အထိ ကြော်လိုက်သောအခါ ပန်းကန်ထဲသို့ ထည့်လို့ ရသွားပြီဖြစ်သည်။

ဤနည်းဖြင့် လုပ်ထားသော မုန့်သည် ပုံစံခွက်ဖြင့် လုပ်သည်နှင့် အရသာချင်း မကွာခြားလှပေ။ ပူပူနွေးနွေး စားလိုက်လျှင် အမျှင်တန်းနေအောင် စေးပိုင်နေသည်။

ပုံစံခွက်ဖြင့် ဖိထားသလောက် မလှပသည်သာ ရှိသည်။ ရှန်မြောင်က ရုပ်ဆိုးသော်လည်း အနံ့မွှေးသည်ဟု ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်ရသည်။

ရှန်မြောင်သည် ရှန်းအာ၏ မျက်နှာလောက်ရှိသော ဖားပုံစံမုန့်ကို ကိုင်ကာ သူမကို သွားချော့လိုက်သည်။ မထင်မှတ်ထားသည်မှာ ရှန်းအာသည် မျက်ရည်များ ဝဲနေသော မျက်လုံးဖြင့် အကြာကြီး စိုက်ကြည့်နေပြီး ဘာပုံမှန်း မသိရှာပေ။ သူမသည် အငိုလွန်ပြီး ရှိုက်နေသော်လည်း သံသယဖြင့် မေးလိုက်လေသည်။

"မကြီး... မကြီး လုပ်ထားတာက အပြားလိုက် ဖြစ်သွားတဲ့ ကြွက်ကြီးလားဟင်”

ရှန်မြောင် စကားဆွံ့အသွားသည်။ "...ဖားပါဟယ်”

ထိုအဖြေကြောင့် ရှန်းအာသည် မုန့်ကို လှမ်းယူပြီး သေချာကြည့်လိုက်ရသည်။ နောက်ဆုံးတွင် "ဖားရုပ်ဆိုးမုန့်" ၏ ရုပ်ဆိုးလွန်းပုံကို သဘောကျပြီး ရယ်မောလာတော့သည်။

မရည်ရွယ်ဘဲ ဖြစ်သွားသော်လည်း သူမ ဖားရုပ်ဆိုးမုန့်ကို ကိုင်ပြီး ရယ်နေသည်ကို မြင်ရသဖြင့် ရှန်မြောင်လည်း လိုက်ရယ်မိတော့သည်။

နေ့လယ်စာ စားပြီးနောက် ရှန်မြောင်သည် ပဲနီပံမုန့်တန်း လုပ်ရန် ပြင်ဆင်လိုက်သည်။ ရှဲ့အိမ်တော်မှ မြင်းလှည်းမောင်းသမား ကျိုးသာ့သည် ထွက်ခွာမည့်အချိန်ကို မနေ့ကတည်းက ကြိုချိန်းထားပြီး ဖြစ်သည်။ သူမသည် သူတစ်ပါးကို စောင့်ခိုင်းရသည်ကို မကြိုက်ပေ။ ထို့ပြင် မိုးရွာသဖြင့် ရာသီဥတု အေးနေရာ ဂျုံနယ်ခြင်းနှင့် ဂျုံနှပ်ခြင်းများကို စောစော လုပ်ထားလိုက်သည်။

မိုးမတိတ်သဖြင့် ဤနှစ်ရက်လုံး ရှဲ့အိမ်တော်မှ လှည်းလွှတ်ကြိုနေသည်တွင် ရှန်မြောင်၏ အခက်အခဲများ ပြေလည်သွားခဲ့သည်။

ထိုအချက်က ရှန်မြောင်ကို ကျေးဇူးတင်စေသည်။ သူမက ပိုက်ဆံယူပြီး အလုပ်လုပ်ပေးသူ ဖြစ်သော်လည်း ရှဲ့မိသားစုက လှည်းလွှတ်ကြိုခြင်းသည် သူတို့၏ စေတနာပင် ဖြစ်သည်။

ထိုနေ့က ရှဲ့အိမ်တော်မှ လှည်းမောင်းသမားသည် လှည်းပေါ်မှ ခုန်ဆင်းလာပြီး ရှန်မြောင်ကို လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်ကာ ပြောကြားခဲ့သည်။ သူတို့သခင်လေး ကျိုကောက မိုးသည်းလွန်းသဖြင့် အကြိုလွှတ်လိုက်ခြင်း ဖြစ်ကြောင်း၊ ဆုတောင်းပွဲလုပ်ခြင်းသည် ကုသိုလ်ယူလို၍ ဖြစ်ရာ တခြားလူများကို ပင်ပန်းဆင်းရဲမှု မဖြစ်စေလိုကြောင်း မှာကြားလိုက်သည်ဟု ဆိုလေသည်။

ထိုစကားကို ကြားရသဖြင့် ရှန်မြောင် စိတ်ထဲတွင် နွေးထွေးသွားပြီး ဝန်ထုတ်ဝန်ပိုး မဖြစ်တော့ပေ။

လှည်းမောင်းသမား ကျိုးသာ့သည် မျက်နှာဝိုင်းဝိုင်း၊ အသက် ၃၀ ကျော်ခန့်ရှိပြီး သဘောကောင်းမည့်ပုံ ပေါက်သည်။ လာရင်းကိစ္စကို ပြောပြီးနောက် လှည်းထဲမှ လူကြီးဝတ် မိုးကာအင်္ကျီတစ်ထည်နှင့် ကလေးဝတ် နှစ်ထည်ကို ထုတ်ပေးလေသည်။

"ရှန်ညန်ဇီ... ဒါလေး ဝတ်လိုက်ပါ၊ ဒါတွေက ယန့်ရှူး မှာလိုက်တာပါ။ အကြီးက အိမ်က ရှစ်ယီးညန်(သခင်မလေး၁၁) ဝတ်ဖူးတဲ့ဟာပါ၊ ချည်ပြေသွားလို့ တစ်ခါပဲ ဝတ်ရသေးတယ်၊ သူ မလိုချင်တော့လို့ ကျုပ်မိန်းမက အိမ်ယူသွားပြီး ပြန်ချုပ်ထားတာ၊ အသစ်အတိုင်းပါပဲ။ ကလေးဝတ် နှစ်ထည်ကတော့ ယန့်ရှူးနဲ့ ကျိုကောရဲ့ စာသင်သားအကူ ချိုးဟောင်တို့ ဝတ်နေကျပါ၊ လျှော်ဖွတ်ထားလို့ မညစ်ပတ်ပါဘူး၊ ယန့်ရှူးက ရှန်ညန်ဇီကို ယာယီအသုံးပြုဖို့နဲ့ အားမနာဖို့ မှာလိုက်ပါသေးတယ်”

ရှန်မြောင်သည် မည်သို့ ငြင်းပယ်မည်နည်း။ သူမအိမ်တွင် ထီးနှစ်ချောင်းမှလွဲ၍ မိုးကာအင်္ကျီ ဝယ်ရန် မတတ်နိုင်သေးပေ။ လှည်းမောင်းသမား ယူလာပေးသည့် ပစ္စည်းများမှာ သေသပ်စွာ ခေါက်ထားပြီး ပေါ့ပါးလှရာ သူမက အားနာပါးနာဖြင့် ဒုက္ခရှာပါပြီဟု ပြောလိုက်ရတော့သည်။

ကျိုးသာ့က လက်ကာပြလိုက်ပြီး "ကိစ္စမရှိပါဘူးဗျာ" ဟု ပြောလိုက်လေသည်။

ပဲနီပံမုန့်တန်းများကို ဆီစိမ်ပိတ်စဖြင့် လုံအောင်အုပ်ပြီး ကျိုးသာ့က ကူညီသယ်ဆောင်ပေးသည်။ မြင်းလှည်းအတွင်းခန်းက ကျယ်ဝန်းသော်လည်း ပေါင်းအိုးများ အပြည့်တင်ထားသဖြင့် ရှန်မြောင်နှင့် ကျိအာ၊ ရှန်းအာတို့ သုံးယောက်မှာ ကျပ်ကျပ်တည်းတည်း ထိုင်လိုက်ရသည်။ သို့သော် မည်သူမျှ မညည်းညူကြပေ။ အကြောင်းမှာ မိုးရေထဲ လမ်းလျှောက်သွားရသည်ထက် အများကြီး ကံကောင်းသောကြောင့်ပင်။

ထိုနေ့က လှည်းပေါ်ရောက်သည်နှင့် ရှန်မြောင် တစ်ခုခုကို သတိရသွားပြီး လိုက်ကာကို လှန်ကြည့်လိုက်သည်။

မိုးမှုန်များကြားတွင် ကုထူစူးသည် သူ့အိမ်ရှေ့တံခါးဝ၌ မိုးကာဝတ်၊ ခမောက်ဆောင်းလျက် ရပ်နေပြီး မြင်းလှည်းကြီးကို တိတ်ဆိတ်စွာ ငေးကြည့်နေလေသည်။

ကျိုးသာ့သည် လှည်းပေါ် မတက်သေးဘဲ မြင်းနီကြီးဝတ်ထားသည့် မိုးကာကို တင်းကျပ်အောင် စည်းနှောင်ပေးကာ မိုးစိုနေသည့် မြင်းခေါင်းကို ပုတ်ပေးပြီးမှ လှည်းမောင်းနေရာသို့ တက်လိုက်သည်။ ထို့နောက် ကျဉ်းမြောင်းသော လမ်းကြားထဲတွင် လှည်းကို ခက်ခဲစွာ ကွေ့ကာ လမ်းထိပ်သို့ ဂရုတစိုက် မောင်းထွက်သွားလေသည်။

လှည်းဘီးက ရေအိုင်ကို ကြိတ်မိသဖြင့် ရေများစဉ်သွားသည်။ ကုထူစူးသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ပင့်ကြည့်လိုက်ရာ မိုးရေများကြားမှတဆင့် မြင်းလှည်းပေါ်တွင် ထိုင်နေသော ရှန်မြောင်နှင့် အကြည့်ချင်း ဆုံသွားလေသည်။

မိုးသည်းလွန်းသဖြင့် ခမောက်က သူ့မျက်နှာတစ်ဝက်ကို ဖုံးအုပ်ထားရာ ရှန်မြောင်သည် သူ့မျက်နှာကို သေချာမမြင်ရပေ။ မိုးရေထဲတွင် ရွှံ့ရုပ်တုတစ်ခုလို ရပ်နေသော အရပ်ရှည်ရှည် ပုံရိပ်တစ်ခုကိုသာ မြင်နေရသည်။ သူမက သူ့ကို လက်ပြလိုက်သည်။

"မိုးသည်းနေတယ်၊ ကုအာ့ကော ပြန်ဝင်တော့လေ”

ကုထူစူးက ဘာမှပြန်မပြောပေ။ ရှန်မြောင်သည် နောက်တစ်ကြိမ် လက်ပြလိုက်ပြီး ခန်းဆီးစကို ချလိုက်တော့သည်။

ရှန်းအာကို ဖက်ထားရင်း လှည်းထဲတွင် သူမ သက်ပြင်းချလိုက်မိသည်။

သူမသည် ရှန်မြောင် အစစ်မဟုတ်သဖြင့် ကုထူစူး၏ ရင်းနှီးမှုအပေါ် မည်သို့မျှ မခံစားရသလို သူ့စိတ်ပျက်မှုကိုလည်း တုံ့ပြန်နိုင်စွမ်း မရှိပေ။ သူ့ဘက်က ဖြစ်ပေါ်လာသော ရှုပ်ထွေးသည့် ခံစားချက်များကိုလည်း ဂရုစိုက်ပေးနိုင်ခြင်း မရှိပေ။

ထို့အပြင် ဝိညာဉ်ကူးပြောင်းလာသည့် ကိစ္စက သူမ၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်ဖြစ်ရာ နှုတ်မှ ထုတ်ပြောဖို့ မဖြစ်နိုင်ပေ။

သည့်အပြင်... ကုထူစူး၏ ရင်းနှီးမှုသည် "ရှန်မြောင်အစစ်" အတွက်သာ ဖြစ်ပြီး "သူမ" အတွက် မဟုတ်ပေ။ ရှန်မြောင်သည် အမြဲတမ်း သတိထားတတ်သူ ဖြစ်သည်။ ကုအဒေါ်၏ အားနာပါးနာ အကြည့်များကို သူမ သတိထားမိသလို၊ သူမ ဓားကိုင်ပြီး အသားခုတ်၊ အရိုးခုတ်သည့်အခါ သွေးများစဉ်ထွက်သည်ကို မြင်လျှင် ကုထူစူး အကြည့်လွှဲသွားသည်ကိုလည်း သတိထားမိသည်။

သို့သော် ကုမိသားစုသည် မူလခန္ဓာပိုင်ရှင်နှင့် ကျိအာ၊ ရှန်းအာတို့အပေါ် ကောင်းမွန်ခဲ့ကြသည်။ အိမ်နီးချင်း သံယောဇဉ်ကို မဖျက်ဆီးလိုပေ။ ကုအဒေါ်က ကလေးနှစ်ယောက်ကို ကူညီထောက်ပံ့ခဲ့သည်ကိုလည်း အောက်မေ့သည်။ ထို့ကြောင့် လောလောဆယ် ခပ်ခွာခွာနေလိုက်ခြင်းက အကောင်းဆုံးပင်။

သူမ ပြန့်ကျင်းသို့ ရောက်လာခြင်းသည် တစ်စုံတစ်ယောက်အတွက် မဟုတ်ဘဲ သူမလိုချင်သည့် ဘဝကို နေထိုင်ရန်အတွက်သာ ဖြစ်လေသည်။

နောက်မှ အခွင့်အရေးရှာပြီး ကုထူစူးကို ပွင့်ပွင့်လင်းလင်း ပြောပြရမည်။

ထို့နောက် ရှန်မြောင်သည် လှည်းအတွင်းခန်းကို ဝေ့ဝဲကြည့်လိုက်ရာ ဤလှည်းသည် ကုန်တင်ရန် သို့မဟုတ် သာမန်ဧည့်သည်ကြိုရန် သုံးသည့်လှည်း မဟုတ်ကြောင်း နောက်ကျမှ သတိထားမိလိုက်သည်။

လှည်းအတွင်းခန်းသည် သန့်ရှင်းသပ်ရပ်နေပြီး မြင့်တက်နေသည့် ထိုင်ခုံပေါ်တွင် ဝါးစားပွဲပုလေးတစ်လုံးနှင့် ကြိမ်ဖျာထိုင်ခုံ နှစ်လုံး ရှိသည်။ လှည်းနံရံတွင် စာလုံးပန်းချီကား တစ်ချပ် ချိတ်ဆွဲထားသည်။ ထိုင်ခုံအောက်တွင် အံဆွဲနှစ်ခု ပါရှိပြီး ရှန်မြောင် မဖွင့်ရဲသော်လည်း စစ်တုရင်ခုံ သို့မဟုတ် လက်ဖက်ရည်ဗန်း ရှိလိမ့်မည်ဟု ခန့်မှန်းမိသည်။ စားပွဲပုလေး၏ထောင့်တွင် စင်ငယ်လေးတစ်ခု ရှိပြီး အပေါ်ထပ်တွင် ဗုဒ္ဓလက်ချောင်းသံပုရာသီး တစ်ပန်းကန်၊ အလယ်ထပ်တွင် ကြေးနီဖြင့်လုပ်ထားသော ဇီးပွင့်ပုံ အမွှေးတိုင်အိုးနှင့် အောက်ဆုံးထပ်တွင် စာအုပ်အဟောင်း နှစ်အုပ် တင်ထားလေသည်။

လှည်းအတွင်းပိုင်းသည် ရိုးရှင်းသော်လည်း ကျက်သရေရှိလှသည်။ အပြင်ဘက်တွင် မိုးရနံ့၊ မြေရနံ့များ ရနေသော်လည်း လှည်းထဲတွင်မူ သံပုရာသီးရနံ့ သင်းပျံ့နေသည်။

ရှန်မြောင်သည် လှည်းထောင့်တွင် ချိတ်ဆွဲထားသည့် မီးအိမ်မှ "ရှဲ့" ဟူသော စာလုံးသည် ကျုံးစတိုင် လက်ရေးဖြစ်ကြောင်း သတိရလိုက်သည်။

လှည်းပိုင်ရှင်ကို သူမ ခန့်မှန်းမိလိုက်ပြီ။

နောက်ပိုင်းတွင် သူမသည် ရှဲ့ကျိုကောကို လူချင်းတွေ့ပြီး ကျေးဇူးတင်စကား ပြောချင်ခဲ့သော်လည်း ရှဲ့အိမ်တော်တွင် ပဲနီပံမုန့်တန်း သွားလုပ်သည့်ရက်များ၌ သူ့ကို လုံးဝ မတွေ့ရတော့ပေ။ မီးဖိုချောင်ထဲတွင် သူမအပေါ် သဘောကောင်းလာသည့် စားဖိုမှူးဖန်းနှင့် ရံဖန်ရံခါ ခိုးစားလာတတ်သည့် ယန့်ရှူးကိုသာ တွေ့ရလေသည်။

..........

မျက်စိတစ်မှိတ်အတွင်း ဒီနေ့သည် ရှဲ့အိမ်တော် ဆုတောင်းပွဲ၏ နောက်ဆုံးရက်သို့ ရောက်ရှိလာခဲ့ပြီ။

ပဲနီပံမုန့်တန်း လုပ်ပြီးသောအခါ အချိန်ပိုနေသေးသဖြင့် ရှန်မြောင် စဉ်းစားလိုက်ပြီး ရှဲ့ကျိုကောအတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် အထူးမုန့်တစ်မျိုး လုပ်ရန် ပြင်ဆင်လိုက်သည်။

မုန့်လုပ်ပြီးသည်နှင့် ကျိုးသာ့က လာကြိုလေသည်။ မကြာမီ ရှဲ့အိမ်တော်သို့ ရောက်ရှိပြီး သူမလည်း ကျွမ်းကျင်စွာ မုန့်ဖုတ်လေသည်။ စားဖိုမှူးဖန်းက ဟိုဟိုဒီဒီ စကားလာပြောနေပြီး ရှန်မြောင်က မီးဖိုကို ယပ်ခတ်ပေးရင်း စိတ်မပါတပါ ပြန်ပြောနေရသည်။ သူမ၏ မျက်လုံးများက တံခါးခုံပေါ်တွင်ထိုင်ပြီး ပုရွက်ဆိတ်များ အိမ်ပြောင်းသည်ကို ကြည့်နေသော ယန့်ရှူးနှင့် ရှန်းအာတို့ဆီသို့ ရောက်သွား၏။

ယခုအချိန်တွင် ယန့်ရှူးနှင့် ရှန်းအာတို့နှစ်ယောက်၏ လက်ထဲတွင် မျက်နှာထက်ပင်ကြီးမားသော ပဲနီအစာသွပ် "တျောင်းယွီရှောက်" (ငါးပုံစံကိတ်မုန့်) ကို ကိုင်ထားကြလေသည်။

...

အပိုင်း (၃၄) ဘဲဥဆားငံမုန့်

ရှန်မြောင်သည် ဒီတစ်ခါတွင် ငါးပုံစံကို ဆွဲပြီး မုန့်ဖုတ်လိုက်သည်။ အရင်ဘဝက လုပ်ဖူးထားသဖြင့် ငါးပုံဆွဲသည့် လက်ရာမကျသေးပေ။ "ဖားရုပ်ဆိုးမုန့်" ထက်စာလျှင် ပိုပြီး အသက်ဝင်သည်။

ရှဲ့အိမ်တော်သို့ လာတိုင်း ရှန်မြောင်သည် ရှန်းအာ ဗိုက်ဆာမည်စိုး၍ မုန့်အမျိုးမျိုးကို လုပ်ပေးလေ့ရှိသည်။ မနေ့က ကိတ်မုန့်အကြီးကြီး လုပ်ပေးလိုက်သည်။ ယန့်ရှူး ရောက်လာပြီး မုန့်ကိုကြည့်ကာ အားကျနေသည်။ ရှန်းအာက သဘောကောင်းသူပီပီ တစ်ဝက်ကို ဖဲ့ကျွေးလိုက်လေသည်။

ယန့်ရှူးသည် အဆော့မက်သော်လည်း ပေးကမ်းတတ်သည်။ ရှန်းအာ့ဆီမှ ပဲနီမုန့် ရလိုက်သည်နှင့် သူသည် ခြံထဲသို့ ချက်ချင်းပြေးသွားကာ ချယ်ရီသီး လက်တစ်ဆုပ်စာ ခူးလာပြီး ရှန်းအာနှင့် ဝေစားလေသည်။ သူက ရှင်းပြလိုက်၏။

"ဒါက ငါတို့ ကျိုကောရဲ့ ခြံထဲက ချယ်ရီပင်ကသီးတဲ့ အသီးတွေလေ၊ ကျိုကောက ချယ်ရီသီးကို သစ်သီးတွေရဲ့ ဘုရင်၊ အကောင်းဆုံးအသီးလို့ ပြောတယ်၊ နင် စားဖူးလား”

ရှန်းအာ မစားဖူးသဖြင့် ရိုးသားစွာ ခေါင်းခါပြလိုက်သည်။

ထို့ကြောင့် မနေ့က ပြန်ခါနီးတွင် ယန့်ရှူးသည် ချယ်ရီသီးတစ်ခြင်းကို ဆွဲပြီး အမောတကော ပြေးလာကာ ရှန်မြောင်ကို ပေးလေသည်။

"ကျိုကောက ရှန်ညန်ဇီကို အိမ်ယူသွားစားပါလို့ မှာလိုက်တယ်၊ အပင်ပေါ်မှာ ထားရင်လည်း စာကလေးတွေ စားသွားမှာ နှမြောစရာကြီးတဲ့”

ထိုစကားu လိမ်ပြောမှန်း သိသာသည်။ စုန့်ခေတ်တွင် ချယ်ရီပင် စိုက်ပျိုးရခက်ခဲသဖြင့် အသီးများသည် အလွန်တန်ဖိုးရှိသည်။

ရှန်မြောင် သိထားသည်မှာ ချယ်ရီသီးသည် ဟန်မင်းဆက်ကတည်းက နန်းတော်သုံး ပစ္စည်းဖြစ်သည်။ နန်းတော်အတွင်းတွင် ချယ်ရီပင်များစွာ စိုက်ပျိုးထားပြီး နှစ်စဉ် နွေဦးပေါက်ချိန်တွင် ရိတ်သိမ်းရရှိသော ပထမဆုံး ချယ်ရီသီးများကို ဘုရင်မင်းမြတ်၏ ဘိုးဘေးဘီဘင်များကို ဦးစွာ ပူဇော်ရသည်။ ပူဇော်ပြီးမှသာ ရွှေပန်းကန်၊ ရွှေတူ၊ ငွေဇွန်းများဖြင့် ထည့်ကာ မင်းသားများနှင့် အမတ်ကြီးများကို ဆုချလေ့ရှိသည်။

သာမန်ပြည်သူများတွင် ချယ်ရီသီးရှိလျှင် စားရက်မည် မဟုတ်ချေ။ ဈေးကြီးပေးကာ ချမ်းသာသူများကို ရောင်းပြီး ဝမ်းရေးဖြေရှင်းကြမည်သာ ဖြစ်သည်။

ရှန်မြောင်က အခွင့်ကောင်းယူပြီး မေးလိုက်သည်။

"မင်းတို့ ကျိုကော အိမ်မှာ ရှိလား”

ယန့်ရှူးက နှုတ်ခမ်းဆူပြီး ညည်းတွားသံဖြင့် ပြောလိုက်သည်။

"ရှိတယ်၊ ဒါပေမဲ့ မရှိသလိုပဲ၊ ဒီနှစ်ရက်အတွင်း သခင်ကြီးက သူ့ကို ဧည့်သည်တွေ့ခိုင်းလိုက်၊ မိုးထဲလေထဲ ကဗျာရွတ်ခိုင်းလိုက်နဲ့ အလုပ်ရှုပ်နေတာ၊ 'နွေဦးမိုးက ဆီလိုတန်ဖိုးရှိတယ်၊ ကျင်းမင်ကန်ဘေးက မိုးရေထဲက မိုးမခပင်တွေက သိပ်လှတာ၊ ကဗျာတစ်ပုဒ်လောက် ရေးစပ်သင့်တယ်' တဲ့... တကယ့်ကို အားနေလို့ လုပ်နေတာ၊ ငါတို့ ကျိုကောမှာတော့ ပင်ပန်းလို့ သေတော့မယ်”

"မင်း မလိုက်သွားဘူးလား”

"ကျိုကောက မလိုက်ခိုင်းဘူး၊ မိုးသည်းနေလို့ အိမ်မှာပဲ နေခဲ့တဲ့” ယန့်ရှူးက ဝမ်းသာအားရ ပြုံးစိစိဖြင့် ပြောလိုက်သည်။ "ကျွန်တော်က စာမှမတတ်တာ၊ ကျိုကော စာဖတ်စာရေးတာကို ကူညီရတဲ့ ဒုက္ခက ချိုးဟောင် လုပ်ရတာလေ”

ရှန်မြောင်မှာ ရယ်ချင်သွားတော့သည်။ "ဒါဆို မင်းက ဘာလုပ်ရတာလဲ”

ယန့်ရှူးက ရင်ကိုကော့ပြီး ဂုဏ်ယူစွာ ပြောလိုက်၏။ "ရှန်ညန်ဇီ မသိပါဘူး၊ ကျွန်တော် ငယ်ငယ်တုန်းက တစ်နှစ်မှာ မြောက်ဘက်မှာ စစ်ပွဲတွေဖြစ်၊ နှင်းမုန်တိုင်းတွေကျနဲ့ မိသားစုတွေ ကွဲကွာကုန်ရော၊ ကျွန်တော် မမှတ်မိတော့ပေမယ့် သခင်မကြီးက စုံစမ်းပေးထားတယ်၊ ကျွန်တော် ၂ နှစ်၊ ၃ နှစ်သားအရွယ်မှာ မိဘတွေနဲ့အတူ ရန်ကျိုးကနေ ယန်ကျိုးအထိ လမ်းလျှောက်လာခဲ့တာတဲ့၊ ဒါပေမဲ့ ယန်ကျိုးမှာလည်း စားစရာမရှိဘူး၊ နောက်တော့ မိဘတွေ ငတ်ပြီး ဆုံးသွားတယ်၊ ဦးလေးက ကျွန်တော့်ကို မကျွေးနိုင်လို့ ဆန်နှစ်အိတ်နဲ့ လဲလိုက်တယ်၊ အဲဒီနောက် လူကုန်ကူးသူတွေနဲ့အတူ ပြန့်ကျင်းအထိ ခြေဗလာနဲ့ ရောက်လာခဲ့တာ... နောက်ဆုံးကျမှ ကျိုကောက ကျွန်တော့်ကို ဝယ်လိုက်တာ၊ အဲဒီကတည်းက သခင်မကြီးက ကျွန်တော့်ကို ကျိုကောရဲ့ ခရီးသွားအဖော်အဖြစ် ထားလိုက်တာ၊ ကျွန်တော်က သတ္တိကောင်းတယ်တဲ့၊ ကျိုကောလိုပဲ အသက်ပြင်းတယ်တဲ့၊ ပြီးတော့ ဒုက္ခခံနိုင်တယ်တဲ့”

ရှန်မြောင် နားထောင်ရင်း ရင်ထဲ စို့နင့်သွားပြီး သူ့ခေါင်းလေးကို ဖွဖွလေး ပုတ်ပေးလိုက်မိသည်။

ဘာ အသက်ပြင်းတာလဲ၊ ဒီလောက်ငယ်တဲ့ ကလေးလေး အစာမငတ်ဘဲ ရှင်သန်လာတယ်ဆိုတာ မိဘတွေက ရှိသမျှအစာကို သူ့ကို ဦးစားပေး ကျွေးခဲ့လို့ပေါ့။ ရှဲ့အိမ်တော်က သခင်မကြီးက ယန့်ရှူးကို သူ့ဘဝဇာတ်ကြောင်း ဒီလို ပြောပြခဲ့တယ်ဆိုတော့ သဘောကောင်းမည့်ပုံရသည်။ ဒါကြောင့်လည်း ရှဲ့ကျိုကောက ဒီလို စိတ်ထားမျိုး ရှိနေတာ ဖြစ်မည်။

"ဒါပေမဲ့ ဦးလေးက ရောင်းလိုက်လို့ တော်သေးတာပေါ့၊ မဟုတ်ရင် ကျိုကောဘေးကို ဘယ်ရောက်လာမှာလဲ” ယန့်ရှူးကတော့ ဝမ်းနည်းပုံမပေါ်ဘဲ ခြေထောက်ကို လှုပ်ယမ်းကာ ကျေနပ်စွာ ပြောလိုက်သည်။ "အဲဒီတုန်းက ကျွန်တော့်ကို ဂျုံအိတ်ထဲထည့်ပြီး လူကုန်ကူးသူက လမ်းဘေးမှာ တိရစ္ဆာန်လို ဆွဲရောင်းနေတာ၊ ကျိုကောက ဈေးထဲမှာ တွေ့ပြီး သခင်မကြီးကို ဝယ်ခိုင်းလိုက်တာ၊ မဟုတ်ရင် ရှဲ့အိမ်တော်က အပြင်ကလူကို ဝယ်လေ့မရှိဘူး၊ အိမ်မှာ မွေးထားတဲ့ ကျွန်တွေကိုပဲ သုံးတာ”

ရှန်မြောင် ခေါင်းညိတ်လိုက်ပြီး စိတ်ထဲတွင် ရှဲ့ကျိုကောသည် ငယ်ရွယ်သော်လည်း စိတ်ထားကောင်းသူ ဖြစ်ကြောင်း တွေးမိလိုက်သည်။ ယန့်ရှူးကို မဆိုထားနှင့် သူမလို မုန့်လာလုပ်ပေးသည့် စားဖိုမှူးကိုပင် ယဉ်ကျေးစွာ ဆက်ဆံသည်။

ရှဲ့ကျိုကောတင်မက ရှဲ့မိသားစုတစ်ခုလုံး၏ အစဉ်အလာ ဖြစ်ကောင်းဖြစ်နိုင်သည်။

ဒီနှစ်ရက်အတွင်း ရှဲ့အိမ်တော်တွင် နေထိုင်ရင်း သူမသည် ကျူရိုးစင်၏ ပြောင်းလဲမှုများကို သတိထားမိသည်။ ပထမနေ့ နေသာချိန်တွင် အမိုးသာ ရှိသော်လည်း နောက်ပိုင်း မိုးရွာသောအခါ ဘေးပတ်လည်တွင် မိုးကာများ ကာရံပေးထားပြီး မီးသွေးမီးဖိုများ ထည့်ပေးထားကာ နေ့ရောညပါ ဂျင်းနှင့် သကြားပါသည့် လက်ဖက်ရည်ကို တည်ခင်းဧည့်ခံထားသည်။

ရှန်မြောင်၏ ပဲနီပံမုန့်တန်းသည် ဘုန်းကြီးများအတွက် သက်သတ်လွတ် အစားအစာ၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်လေသည်။ သူတို့အတွက် နေ့စဉ် ဟင်းသုံးမျိုး၊ ဟင်းရည်တစ်မျိုး စီစဉ်ပေးထားသည်။ စားဖိုမှူးဖန်းသည် သက်သတ်လွတ်မုန့် မလုပ်တတ်သော်လည်း ဤသုံးရက်အတွင်း မီးဖိုချောင်အကူများနှင့်အတူ မိုးချုပ်သည်အထိ ဘုန်းကြီးများအတွက် ချက်ပြုတ်ပေးနေရသည်။

ထိုဘုန်းကြီးများသည် သုံးရက်လုံး တရားရွတ်သော်လည်း ပိန်မသွားသည့်အပြင် ဝဖြိုးလာကြသည်။

"ယန့်ရှူး... ကြည့်စမ်း၊ ငါ့အစ်ကို မီးဖိုပြာနဲ့ စာရေးနေပြန်ပြီ” စကားပြောနေရင်း ရှန်းအာက ယန့်ရှူးနား ကပ်သွားပြီး ကျိအာ့ဘက်ကို လက်ညှိုးထိုးပြကာ တိုးတိုးလေး ပြောလိုက်လေသည်။ "ငါ့အစ်ကိုက စာတော်တယ်၊ ပိုက်ဆံလည်း တွက်တတ်တယ် သိလား”

ယန့်ရှူးက ငါးပုံစံကိတ်မုန့်ကို တစ်ကိုက်ကိုက်ပြီး ရှန်းအာကို ခေါင်းညိတ်ပြလိုက်သည်။

"နင့်အစ်ကိုက အရမ်း ကြိုးစားတာပဲ၊ နောင်ကျရင် လူကြီးလူကောင်း ဖြစ်လာမှာ”

"ဟုတ်တယ်၊ မကြီးက ပြောတယ်၊ နောက်လ တော်ဝင်ကျောင်းတော်မှာ ကလေးတန်းဝင်ခွင့် စာမေးပွဲရှိတယ်တဲ့၊ အစ်ကို့ကို ဖြေခိုင်းမလို့တဲ့” ရှန်းအာကလည်း မုန့်တစ်ကိုက် ကိုက်လိုက်သည်။ "ဒါကြောင့် အစ်ကိုက အားတာနဲ့ စာကျက်နေတာ”

ယန့်ရှူးက ခေါင်းစောင်းပြီး စဉ်းစားလိုက်သည်။ ဘာစဉ်းစားမိသည်မသိ၊ စားလက်စ ငါးပုံစံကိတ်မုန့်ကို ပြန်ထုပ်လိုက်ပြီး ပြောလိုက်သည်။

"ခဏစောင့်နော်၊ ငါ ခဏနေ ပြန်လာခဲ့မယ်”

သူသည် မုန့်ကို ရှန်းအာ၏ ကျောပိုးခြင်းတောင်းထဲ သေချာထည့်ပေးပြီး လျှပ်စီးလို ပြေးထွက်သွားလေသည်။

ရှန်မြောင်က သူ့အပြုအမူကြောင့် လန့်သွားကာ လှမ်းမေးလိုက်သည်။ "ဟဲ့... ယန့်ရှူး ဘယ်သွားမလို့လဲ”

ရှန်းအာလည်း ကြောင်တောင်တောင်ဖြင့် ခေါင်းခါပြလိုက်၏။

သူမသည် ဒီနေ့ ရှန်မြောင် ချုပ်ပေးသည့် အဝတ်အစားသစ်ကို ဝတ်ဆင်ထားသည်။ မက်မွန်ပန်းရောင် ရင်ဖုံးအင်္ကျီနှင့် အရောင်တူ စကပ်ကို ဝတ်ဆင်ထားသည်။ ရှန်မြောင်က လက်မောင်းနှင့် စကပ်အနားတွင် ချယ်ရီသီးပုံလေးများ ထိုးပေးထားသည်။ အဝတ်အစားနှင့် လိုက်ဖက်အောင် ဆံပင်ကို အသည်းပုံ နှစ်ဖက်ခွဲစည်းပေးထားပြီး အနီရောင်ကြိုးဖြင့် ဘောလုံးလေးများ ချိတ်ဆွဲပေးထားသဖြင့် လမ်းလျှောက်လျှင် နားဘေးတွင် လှုပ်ခါနေသည်မှာ ချစ်စရာကောင်းလှသည်။

ရှန်မြောင်သည် ခေါင်းလေးစောင်းကာ ကြည့်နေသည့် ညီမလေးကို အသည်းယားသွားပြီး ပါးဖောင်းဖောင်းလေးကို ဆွဲညှစ်လိုက်ကာ မီးဖိုနား ပြန်သွားလိုက်သည်။

ယန့်ရှူး ပြန်လာပါစေဟု သူမ ဆုတောင်းနေမိသည်။ သူမသည် နေ့လယ်က အပင်ပန်းခံ လုပ်ထားသည့် မုန့်ဗူးကို ရှဲ့ချီအား ပေးရန် သူ့ကို အကူအညီတောင်းရဦးမည်။

ဒီနေ့ ပဲနီပံမုန့်တန်း ၁၅၀ ဖုတ်ပြီးလျှင် သူမ ရှဲ့အိမ်တော်သို့ လာရတော့မည် မဟုတ်ပေ။ ဒီလို အိမ်ကြီးရခိုင်မျိုးသည် မျိုးရိုးစဉ်ဆက် ကျွန်မွေးထားပြီး မိသားစု ဟင်းချက်နည်းများလည်း ရှိတတ်ရာ အပြင်မှ အစားအသောက် မှာယူလေ့မရှိပေ။ ဒါကြောင့်လည်း ပထမဆုံးအကြိမ် လာတုန်းက စားဖိုမှူးဖန်းက မကျေမနပ် ဖြစ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ရှဲ့ကျိုကော၏ စေတနာကို သူမ ကျေးဇူးတုံ့ပြန်ချင်သည်။

နေ့လယ်က သူမ အချိန်ကုန်ခံ လုပ်ခဲ့သည်မှာ ဘဲဥဆားငန်မုန့် ဗူးတစ်ဗူး ဖြစ်သည်။

ဘာကြောင့် ဘဲဥဆားငန်မုန့်ကို ရွေးရသလဲဆိုရင်... စားလို့ကောင်းတယ်၊ လှတယ်၊ ဆန်းသစ်တယ် ဆိုသည့် အကြောင်းပြချက်များကြောင့်ပင်။

ဘဲဥဆားငန်မုန့်၏ အဓိကလျှို့ဝှက်ချက်မှာ ဆီနှင့်နယ်ထားသော မုန့်နှစ်တွင် ရှိသည်။ မုန့်နှစ်ကောင်းမှသာ အလွှာလိုက် ဖြစ်ပေါ်ပြီး ပါးစပ်ထဲထည့်လိုက်သည်နှင့် ကြွပ်ရွစွာ အရည်ပျော်သွားမည် ဖြစ်သည်။ သူမသည် မုန့်နှစ်လုပ်ရန် အထူးဂရုစိုက်ခဲ့ရသည်။

ဘဲဥဆားငန်ကို အဒေါ်လီဆီမှ ကြိုဝယ်ထားခြင်း ဖြစ်သည်။ အဒေါ်လီသည် စိတ်သဘောထား သေးသိမ်ပြီး စကားများသော်လည်း ကြက်ဘဲ မွေးမြူရာတွင် တော်ပြီး ဘဲဥဆားငန် လုပ်ရာတွင်လည်း လက်ရာကောင်းသည်။ ရှန်မြောင်သည် ဘဲဥဆားငန် ရွေးရာတွင် ကျွမ်းကျင်သည်။ အခွံပေါ်တွင် အဖြူရောင်အလွှာပါး ရှိရမည်။ လက်ဖြင့်ပွတ်လျှင် ချောမနေရ၊ အခွံသန့်ရှင်းပြီး လုံးဝန်းရမည်။ အရည်အသွေးညံ့သော ဘဲဥဆားငန်သည် အခွံမည်းပြီး အမည်းစက်များ ပါတတ်သည်။ အက်ရာပါလျှင် ပိုဆိုးသည်။

သူမသည် အဒေါ်လီ၏ စဉ့်အိုးဘေးတွင်ထိုင်ကာ အကြာကြီး ရွေးချယ်ခဲ့ရသည်။ ခြေထောက်များ ထုံကျင်သွားသည်အထိ ရွေးနေစဉ် အဒေါ်လီ၏ မေးခွန်းများကိုလည်း သည်းခံဖြေကြားခဲ့ရသည်။

"ရှန်သာ့ကျဲအာ... နေပါဦး၊ နင်က အဲဒီလို လူဂုဏ်ထန်တွေနဲ့ ဘယ်လိုသိတာလဲ”

ရှဲ့အိမ်တော်မှ မြင်းလှည်းကြီးဖြင့် နှစ်ရက်ဆက်တိုက် လာကြိုသည်ကို တစ်လမ်းကြားလုံး သိသွားကြပြီဖြစ်သည်။

ပါးစပ်သတင်းများက ကောင်းလေ့မရှိပေ။ လူ့သဘောသဘာဝသည် ဆန်းကြယ်လှသည်။ အစပိုင်းတွင် သူမအပေါ် သနားကြသော်လည်း ယခုအခါ မနာလို ဖြစ်ကုန်ကြသည်။ တချို့က "ထပ်ပြီး" အရာရှိကတော် ဖြစ်တော့မယ်ဟု ပြောကြသလို၊ တချို့က ကံကောင်းလိုက်တာဟု ပြောကြသည်။ တချို့ကျတော့ ဒုတိယအိမ်ထောင်ပြုတော့မယ်၊ အရင်တုန်းက လာရှာတဲ့ ကျန့်အိမ်တော်ထိန်းနဲ့ ညားတော့မယ်ဟု ပြောကြပြန်သည်။

ရှန်မြောင်သည် အစပိုင်းတွင် ရှင်းပြသော်လည်း ကောလာဟလများက ပိုဆိုးလာသဖြင့် ဂရုမစိုက်တော့ပေ။ ရှင်းပြလေ ပိုဆိုးလေ ဖြစ်တတ်သည်။

ကျန့်အိမ်တော်ထိန်း၏ မြေးကပင် တစ်လပြည့်တော့မည်။ ဒါကိုတောင် အတင်းပြောစရာ လုပ်နေကြသည်။ ရယ်စရာကောင်းလိုက်သည့်ဖြစ်ခြင်း။

ထားပါတော့... သူမ သေချာရွေးချယ်ထားသော ဘဲဥဆားငန်များသည် အရည်အသွေးကောင်းမွန်သည်။ ကိုက်လိုက်လျှင် ဆီထွက်ပြီး စားလိုက်လျှင် သဲ့သဲ့လေးနှင့် အရသာရှိသည်။ ဘဲဥဆားငန်မုန့်လုပ်ရန် အကောင်းဆုံးပင်။

သူမသည် မုန့်နှစ်ကို အမြန်နယ်၊ အတုံးလေးတွေတုံး၊ ပြီးလျှင် အလုံးလေးတွေ လုံးလိုက်သည်။ ဆီမုန့်နှစ်ကိုလည်း အလုံးလေးတွေ လုံးထားလိုက်သည်။

နောက်ဆုံးတွင် မုန့်နှစ်ကို ပြားလိုက်ပြီး ဆီမုန့်နှစ်ကို ထည့်ကာ လုံးလိုက်သည်။ ပြီးလျှင် ဒလိမ့်တုံးဖြင့် လှိမ့်ကာ ခေါက်လိုက်၊ ပြန်လှိမ့်လိုက်ဖြင့် အကြိမ်ကြိမ် လုပ်ပြီးနောက် ဘေးဖယ်ထားလိုက်သည်။

ထို့နောက် ပဲနီကို ကြိတ်ချေကာ ပျားရည်နှင့် ရောနယ်လိုက်သည်။ ဘဲဥဆားငန်အနှစ် ၅ လုံးကို မီးဖိုပေါ်တွင် ကင်ပြီး ချေလိုက်သည်။ မုန့်နှစ်လုံးကို ပြားလိုက်ပြီး ဘဲဥဆားငန်အမှုန့်ကို ပဲနီနှစ်ဖြင့်အုပ်ကာ မုန့်နှစ်ထဲ ထည့်လိုက်သည်။ နောက်ဆုံးတွင် အလုံးလေးဖြစ်အောင် လုံးလိုက်ပြီး ကြက်ဥအနှစ် သုတ်လိမ်းကာ နှမ်းဖြူးပြီး ရှဲ့အိမ်တော်မှ မီးဖိုကြီးထဲတွင် ဖုတ်လိုက်တော့သည်။

ခေတ်သစ် ဘဲဥဆားငန်မုန့်များတွင် ကောက်ညှင်းနှင့် ဝက်သားခြောက်များ ပါဝင်သော်လည်း ရှန်မြောင်တွင် အချိန်မရှိသဖြင့် ရိုးရိုးရှင်းရှင်းသာ လုပ်လိုက်သည်။ သို့သော်လည်း အရသာရှိလှသည်။ မုန့်များသည် ရွှေရောင်သမ်းပြီး ဖောင်းကားနေကာ အပြင်ခွံက ကြွပ်ရွပြီး အတွင်းသားက နူးညံ့သည်။ အပေါ်မှ နှမ်းနက်လေးများက မုန့်ကို ပိုလှပစေသည်။

ရှန်မြောင်သည် မွှေးကြိုင်သော အနံ့ကို ရလိုက်သည်။ ထောပတ်နံ့ မပါသော်လည်း မုန့်သားက အနေတော် ကျက်နေသည်။

တစ်ခါတည်း အများကြီး ဖုတ်လိုက်သဖြင့် စားဖိုမှူးဖန်း၊ ကျိအာနှင့် ရှန်းအာတို့ကိုလည်း ကျွေးလိုက်သည်။ သူမကိုယ်တိုင်လည်း တစ်ခုစားကြည့်ရာ ဘဲဥဆားငန်နှင့် မုန့်သားအရသာအပြင် ပဲနီ၏ အနည်းငယ် ကြမ်းတမ်းသော အထိအတွေ့ကပါ ပေါင်းစပ်သွားပြီး အလွန်ကောင်းမွန်သည်ကို တွေ့လိုက်ရသည်။

သူမ ထင်ထားသည်ထက် ပိုကောင်းနေသည်။ ရှေးဟောင်းမီးဖိုဖြင့် အပူချိန်ထိန်းညှိရန် ခက်ခဲသဖြင့် စိတ်ပူခဲ့သော်လည်း ယခုအခါ အောင်မြင်သွားခဲ့သည်။

စားဖိုမှူးဖန်းက မျက်လုံးမှိတ်ပြီး အရသာခံနေသည်ကို ကြည့်ခြင်းအားဖြင့် သူမ၏ ဘဲဥဆားငန်မုန့် အောင်မြင်ကြောင်း သေချာသွားလေသည်။

ပစ္စည်းပေါများသော ခေတ်သစ်ကာလ၌ပင် ဘဲဥဆားငန်မုန့်သည် လူကြိုက်များသော မုန့်တစ်မျိုး ဖြစ်နေဆဲပင်။

အထူးသဖြင့် ချမ်းသာကြွယ်ဝသော ရှဲ့မိသားစုအတွက် တန်ဖိုးကြီးလက်ဆောင်များ မပေးနိုင်သည့်အပြင် သူမ၏ တစ်ခုတည်းသော တန်ဖိုးရှိသည့်အရာမှာ ဟင်းချက်လက်ရာသာ ဖြစ်သည်။

ထို့ပြင် စုန့်ခေတ်တွင် ဘဲဥဆားငန်မုန့်ကို မည်သူမျှ မစားဖူးသလို လုပ်လည်း မလုပ်တတ်ကြပေ။

ရှဲ့ကျိုကောလည်း သဘောကျလိမ့်မည်ဟု ထင်မိသည်။

မီးဖိုမီးတောက်များ လှုပ်ရှားနေပြီး ရှန်မြောင်၏ မျက်နှာကို အလင်းဟပ်နေသည်။ သူမသည် ခုံပုလေးပေါ်ထိုင်ပြီး မေးထောက်ကာ စဉ်းစားနေလေသည်။ ယန့်ရှူး ပြန်မလာရင် ဘဲဥဆားငန်မုန့်ကို ဘယ်လို ပေးရမလဲ။ စားဖိုမှူးဖန်းက အတွင်းဆောင်ထဲ ဝင်ခွင့်မရှိဘူးလို့ ပြောထားတယ်။ တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး ပေးခိုင်းရမလား... သို့ဆိုလျှင်လည်း လူသိရှင်ကြား ဖြစ်သွားမှာကို စိုးရိမ်ရသည်။

သူမ စိတ်ညစ်နေစဉ် နောက်ကျောဘက်မှ တောင်ကျစမ်းချောင်းလို ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။

"ရှန်ညန်ဇီ... နေကောင်းပါရဲ့လား”

...

All Chapters