← Chapters

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အပိုင်း (၃၅) ပညာလမ်းညွှန်ခြင်း

ရှဲ့ချီသည် နှုတ်မဟပါက အထက်တန်းစား မျိုးနွယ်မှ ဆင်းသက်လာမှန်း မသိသာစေသည့် လူငယ်လေးတစ်ဦး ဖြစ်လေသည်။

သူ့မျက်နှာထက်တွင် အထက်တန်းစား သခင်လေးများကဲ့သို့ မာန်မာန ထောင်လွှားသည့် အရိပ်အယောင်များ လုံးဝ မရှိချေ။ တစ်ခါတစ်ရံတွင် ဝတ်စားဆင်ယင်မှုသည် အံ့ဩဖွယ် ကောင်းလောက်အောင် ရိုးရှင်းလှသည်။ ပိုးဖဲကတ္တီပါ ဝတ်စုံများကို မဆိုထားနှင့်၊ ရှန်မြောင် သူ့ကို ကုန်တင်သင်္ဘောပေါ်တွင် ပထမဆုံးအကြိမ် တွေ့ဆုံစဉ်က သူသည် ဆင်းရဲလှပါသည်ဆိုသော ရှန်မြောင်ထက်ပင် ပို၍ ရိုးရှင်းစွာ ဝတ်ဆင်ထားခဲ့လေသည်။

တကယ်တမ်းတွင်မူ ထိုအချိန်က ရှန်မြောင် မသိခဲ့သည်မှာ ရှဲ့ချီ ဤသို့ ရိုးရှင်းစွာ ဝတ်ဆင်ရခြင်း အကြောင်းရင်းသည် အပြင်ထွက်တိုင်း ဓားပြတိုက် ခံရလေ့ရှိသည့် အတွေ့အကြုံများကြောင့် ဖြစ်လေသည်။ တခြားသူများအဖို့ အပြင်သွားရာတွင် ဝတ်ကောင်းစားလှ ဝတ်ဆင်ခြင်းသည် ကိစ္စမရှိသော်လည်း သူ့အဖို့မူ ပျားအုံထဲသို့ ပျားရည်သုတ်လိမ်းပြီး ဝင်သွားသကဲ့သို့ ဖြစ်နေတတ်သည်။

ယခင်က ကံဆိုးမိုးမှောင်ကျခြင်းကို ကာကွယ်ရန် သက်တော်စောင့်များ ငှားရမ်းခြင်း၊ အိမ်တော်မှ ကိုယ်ရံတော်များ၊ အစေခံများ များပြားစွာ ခေါ်ဆောင်သွားခြင်း စသည့် နည်းလမ်းများကို စဉ်းစားခဲ့ဖူးသော်လည်း နောက်ဆုံးတွင် လူများကိုပါ ဒုက္ခရောက်စေပြီး ငွေကြေးဆုံးရှုံးမှု ပိုများစေခဲ့သည်။ ထို့ကြောင့် ရှဲ့ချီနှင့် ရှဲ့မိသားစု တစ်ခုလုံးသည် အမှန်တရားကို သဘောပေါက်သွားကြတော့၏။

"ဒီမိုးနတ်မင်းက ကျိုကော တစ်ယောက်တည်းကိုပဲ ကွက်ပြီး ဒုက္ခပေးနေတာပဲ”

နောက်ပိုင်းတွင် ရှဲ့ချီ အပြင်ထွက်လျှင် ယန့်ရှူးတစ်ယောက်တည်းကိုသာ ခေါ်သွားတော့သည်။ သူတို့နှစ်ဦးတည်း တိတ်တဆိတ် ရုပ်ဖျက်ပြီး သွားလာခြင်းက ပို၍ အဆင်ပြေပုံ ရလေသည်။

ကံကောင်းထောက်မစွာဖြင့် မိခင်ဖြစ်သူ ရှီးရှီသည် ငယ်စဉ်ကတည်းက သူ့ကို ကိုယ်ခံပညာ သင်ပေးထားခဲ့သည်။ သို့မဟုတ်ပါက သူ၏ ကံကြမ္မာဆိုးနှင့်ဆိုလျှင် ယနေ့အထိ အသက်ရှင်နိုင်မည် မဟုတ်ချေ။

ရှန်မြောင်သည် အတွင်းရေးများကို မသိသဖြင့် စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်နေမိသည်။

'ရှန်ဦးကြီးတောင် ပိုးထည်အဝတ်အစား တချို့ ဝယ်ဝတ်တတ်သေးတယ်။ ဒါပေမဲ့ ရှဲ့ချီကို ကြည့်လိုက်ရင်တော့ ဝါဂွမ်းထည်၊ ပိုးထည် အကြမ်းစား အရောင်ဖျော့ဖျော့တွေကိုပဲ အမြဲဝတ်တာ တွေ့ရတယ်။ တောက်ပတဲ့ အရောင်တွေ ဝတ်ခဲတယ်။ အထူးသဖြင့် ဒီရက်ပိုင်းက သူ့အဘိုး ဆုတောင်းပွဲမို့လို့ ပိတ်သားအဖြူရောင်ကို ဝတ်ထားတယ်။ အင်္ကျီပေါ်မှာ ပန်းကနုတ်တွေ မပါသလို ခေါင်းမှာထိုးတဲ့ ဆံထိုးကလည်း ကျောက်ဖြူသားပဲ။'

'အလှဆုံးပြင်ချင်ရင် အဖြူရောင် ဝတ်ပါ...' ဆိုတဲ့ စကားက မိန်းကလေးတွေအတွက်ပဲ သုံးတာ မဟုတ်ဘူးပဲ။

ဒီနေ့ ရှဲ့ချီသည် အပြင်ထွက်ရန် အစီအစဉ် ရှိပုံမရချေ။ အိမ်နေရင်း ဝတ်ရုံဖြူ ဖားဖားကြီးကို ဝတ်ဆင်ထားရာ ဝေနှင့်ကျင်းခေတ်က စတိုင်လ်မျိုး ဖြစ်နေသည်။ ခါးတွင် အစိမ်းဖျော့ရောင် ခါးပတ်ကို လျော့တိလျော့ရဲ စည်းနှောင်ထားသဖြင့် လူပျိုပေါက်အရွယ် ပိန်ပါးသော ခန္ဓာကိုယ်ကို ပို၍ အရပ်ရှည်ပြီး ကြည့်ကောင်းနေစေကာ တောင်ကမ်းပါးယံတွင် ပေါက်ရောက်နေသော ဝါးပင်ပျိုလေးတစ်ပင်နှင့် တူနေလေသည်။

သူ ရုတ်တရက် စကားပြောလိုက်သဖြင့် ရှန်မြောင်မှာ အလန့်တကြား လှည့်ကြည့်လိုက်မိသည်။ ရှဲ့ချီသည် တံခါးဝသို့ ခေါင်းငုံ့ဝင်လာချိန် ဖြစ်သည်။ အပြင်တွင် မိုးသည်းနေသဖြင့် သူသည် သစ်သားခုံဖိနပ် အမြင့်ကို စီးထားပြီး အင်္ကျီလက်နှင့် အနားစများသည် မိုးရေစိုစွတ်နေကာ အနည်းငယ်မျှ ကြည်လင်တောက်ပနေသည်။

လက်မောင်းကြားတွင် စာအုပ်အဟောင်း တစ်ထပ်ကို ညှပ်ထားပြီး အင်္ကျီလက်မှ မိုးရေစက်များကို ခါထုတ်လိုက်သောအခါ ရှန်မြောင်သည် သင်းပျံ့သော ရနံ့တစ်ခုကို ရလိုက်လေသည်။

ယခင်က သတိမထားမိခဲ့သော်လည်း ဒီနေ့မှသာ သူ့အဝတ်အစားတွင် ထင်းရှူးနံ့ သင်းနေကြောင်း ရလိုက်သည်။ ထိုအနံ့သည် မိုးရေထိထားသော မြက်နံ့နှင့် ရောယှက်နေသဖြင့် နှင်းရည်စိုစွတ်နေသော သစ်တောနက်ထဲမှ ထွက်လာသူတစ်ဦးအလား လတ်ဆတ်အေးမြနေစေသည်။

အထဲသို့ ရောက်သောအခါ လက်မအားသော်လည်း ရှန်မြောင်ကို ခါးကိုင်းကာ ညင်သာစွာ နှုတ်ဆက်လေသည်။ "ရှန်ညန်ဇီ... ဒီရက်ပိုင်း ရာသီဥတု မကောင်းတော့ နေ့တိုင်း အသွားအပြန် ပင်ပန်းနေရပြီ”

ကောင်းကင်နှင့် မြေကြီးသည် စိုစွတ်နေပြီး ညနေဆည်းဆာသည် ဖြူဖွေးနေသည်။ အဖြူရောင်ဝတ်ရုံနှင့် လေပြည်ညင်းတို့ ယှဉ်တွဲလို့နေ၏။

သူမ မြင်လိုက်ရသည်မှာ နွေဦးမိုးရေဖြင့် ဆေးကြောသန့်စင်ထားသကဲ့သို့သော လူတစ်ယောက် ဖြစ်လေသည်။

ယန့်ရှူးသည် ကခုန်လျက် သူ့နောက်မှ ဝင်လာပြီး ထီးကိုသိမ်းကာ တံခါးခုံတွင် ရေခါလိုက်သည်။ ထို့နောက် ရှန်မြောင်ထံသို့ အရင်ဦးအောင် မျက်နှာလုပ် ပြောကြားလေသည်။

"ရှန်ညန်ဇီ... စောစောက ရှန်းအာက ပြောတယ်။ သူ့အစ်ကိုက တော်ဝင်ကျောင်းတော်ရဲ့ ကလေးတန်း ဝင်ခွင့်ဖြေမလို့တဲ့၊ အဲဒါနဲ့ ကျွန်တော် စဉ်းစားမိတာက ကျိုကော ငယ်ငယ်က ဖြေတုန်းက သုံးခဲ့တဲ့ စာအုပ်တွေ အများကြီး အခု မလိုတော့ဘူးလေ၊ အဲဒါ သူ့အစ်ကိုကို ငှားပေးရင် မကောင်းဘူးလားလို့၊ ဒါ အံကိုက်ပဲ မဟုတ်လား”

ရှန်မြောင်တစ်ယောက် ရုတ်တရက် သတိဝင်လာသည်။

ယန့်ရှူးက ပြောပြီးသည်နှင့် ချက်ချင်း ပြေးထွက်သွားကာ ရှန်းအာ၏ ကျောပိုးခြင်းတောင်းထဲမှ သူ မစားရသေးသော ငါးပုံစံကိတ်မုန့်ကို ထုတ်ယူပြီး ကျေနပ်စွာ ကိုက်စားလိုက်လေသည်။ 'ကံကောင်းလို့ ပူနေသေးတာပဲ။ ရှန်ညန်ဇီ ဖုတ်ထားတဲ့ ဒီငါးပုံစံ ပဲနီမုန့်က ပူတုန်းစားမှ အပြင်ခွံက ကြွပ်ပြီး ပိုစားကောင်းတာ၊ ငါ စားလို့ကို မဝနိုင်သေးဘူး။'

အားရပါးရ ကိုက်လိုက်ရာ အတွင်းမှ ပဲနီနှစ်သည် ထုထောင်းထားသဖြင့် ကိုက်လိုက်လျှင် အမျှင်တန်းနေလေသည်။

ယန့်ရှူးသည် ကျေနပ်စွာဖြင့် ရှန်းအာဘေးတွင် ဝင်ထိုင်ကာ အတူတူ ဆက်စားနေလိုက်သည်။ သူက ရှန်းအာ၏ လက်မောင်းကို တံတောင်နှင့်တို့ပြီး အားကျစွာ ညည်းတွားလိုက်သည်။ "ရှန်းအာ... နင့်အစ်မ ချက်တဲ့အစားအသောက်တွေက အရမ်းစားလို့ကောင်းတာပဲ၊ နင်က နေ့တိုင်း စားရတာဆိုတော့ ကောင်းလိုက်တာဟာ”

ထိုအကြောင်း ပြောလိုက်လျှင် ရှန်းအာသည် ချက်ချင်း ဉာဏ်ကောင်းသွားပြီး ခေါင်းလေးစောင်းကာ ပြောလိုက်သည်။ "ငါ့အစ်မက ကျင်းလျန်တံတားပေါ်မှာ ဈေးရောင်းတာလေ၊ နောက်ဆို နင် စားချင်ရင် ငါတို့ကို လာရှာလိုက်ရင် ရပြီပဲ၊ လမ်းနည်းနည်းပဲ လျှောက်ရတာကို”

ရှန်မြောင်မှာ နားထောင်ရင်း ရယ်ချင်သွားတော့၏။ 'ဒီကလေးမက စားဖို့ပဲ သိတယ်မှတ်နေတာ၊ အခုတော့ ဈေးကွက်ကြော်ငြာတောင် ဝင်ထိုးတတ်နေပြီပဲ။'

ကလေးနှစ်ယောက် ကောင်းကောင်းမွန်မွန် စကားပြောနေကြသည်ကို မြင်မှ သူမ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ ရှဲ့ချီသည် လက်ထဲမှ စာအုပ်များကို စားပွဲပေါ်တင်ကာ ဖြည်းဖြည်းချင်း စီစီရီရီ ခင်းကျင်းရင်း ပြောလိုက်သည်။

"ယန့်ရှူးက ကျွန်တော် ငယ်ငယ်ကသုံးခဲ့တဲ့ စာအုပ်တွေကို လာငှားပေးတာပါ၊ ဒါပေမဲ့ ကျွန်တော် ငယ်ငယ်တုန်းက စာဖတ်တာ စုံလွန်းတော့ ရှန်ကော (ရှန်အစ်ကို) ဘယ်အဆင့်ရောက်နေပြီလဲ မသိဘူး၊ ဒါကြောင့် အကုန် ယူလာလိုက်တာ၊ ခဏနေ ရှန်ညန်ဇီ သူ့ကို ခေါ်လာပေးပါ၊ ကျွန်တော် မေးကြည့်လိုက်ရင် သိရပါပြီ၊ ဒါမှ သူလည်း လမ်းပျောက်ပြီး အချိန်မကုန်ရတော့မှာ”

ဤအခြေအနေသည် တက္ကသိုလ်ဝင်ခွင့်ရပြီးသော စီနီယာအစ်ကိုကြီးက ဂျူနီယာ မောင်မယ်များကို အကြံဉာဏ်ပေး၊ အတွေ့အကြုံ မျှဝေနေသကဲ့သို့ပင်။ ဤအခွင့်အရေးသည် အလွန်ရှားပါးလှသည်။ အထူးသဖြင့် ရှဲ့ချီသည် ဖိယုံးစာသင်ကျောင်းတွင် တက်ရောက်နေသူဖြစ်ရာ ဆရာကြီးများနှင့် ဆရာများအကြောင်း ကောင်းကောင်း သိပေလိမ့်မည်။ သူတို့ ဘယ်လိုမေးခွန်းမျိုး မေးတတ်သလဲ ဆိုတာလည်း သိမှာ သေချာသည်။

"ကျိုကောက ကျိအာအတွက် လမ်းညွှန်ပေးမယ်ဆိုတော့ သူ့ကံပဲ၊ ကျိုကော ခဏစောင့်နော်၊ ကျွန်မ သူ့ကို အခုပဲ သွားခေါ်လိုက်မယ်” ယန့်ရှူး ရုတ်တရက် ထွက်သွားခြင်းက ဒီကိစ္စကြောင့်ကိုး။ ရှန်မြောင် ဝမ်းသာအားရ ဖြစ်သွားပြီး ကျေးဇူးတင်စကား အရင်ဆိုကာ ဂါဝန်စ,ကိုမလျက် စင်္ကြံအောက်တွင် စာကုန်းဖတ်နေသော ကျိအာကို သွားခေါ်လိုက်လေသည်။

ရှန်ကျိသည် ရုတ်တရက် ကြားလိုက်ရသဖြင့် ကြောင်အသွားပြီး မတုံ့ပြန်နိုင် ဖြစ်နေလေ၏။ ရှန်မြောင်က စိတ်လောနေသဖြင့် သူ့လက်ကို ဆွဲပြီး မီးဖိုချောင်ဘက်သို့ ပြေးတော့သည်။

သူသည် တရွတ်တိုက် ပါသွားပြီး ရင်များ တဒိန်းဒိန်း ခုန်နေသည်။ ဒီရက်ပိုင်း ဆရာမရှိဘဲ ကိုယ့်ဘာသာ လေ့လာနေရသဖြင့် ခေါင်းမူးနေသည်မှာ အမှန်ပင်။ သို့သော်...

တကယ်ပဲ သူ့ကို လမ်းညွှန်ပေးမည့်သူ ရှိနေတာလား။

စာတတ်ပေတတ်များက အချင်းချင်း အထင်သေးတတ်ကြသည်။ ပညာသင်ကြားခြင်းသည် လူတန်းစားတစ်ရပ် ပြောင်းလဲစေနိုင်သော လှေကားထစ် ဖြစ်သဖြင့် လူအများစုသည် မိမိတတ်ထားသော ပညာများကို တခြားသူ တတ်သွားမည်စိုး၍ လက်သီးပုန်းဝှက်ထားတတ်ကြသည်။

ရှဲ့မိသားစုလို အိမ်တော်မျိုးဆိုလျှင် ပို၍ ပြောစရာ မလိုတော့ပေ။ ရှန်ကျိတစ်ယောက် စိတ်ထဲတွင် စိုးရိမ်လာမိသည်။

အစ်မကြီးက ဆရာလျို၏ စာသင်ဝိုင်းမှ လူချမ်းသာကို ဖားပြီး ဆင်းရဲသားကို နှိမ်တတ်သည့် အလေ့အထများကို မမြင်ဖူးပေ။ စာသင်ခန်းထဲတွင် ရွှေဆိုင်၊ ပိုးထည်ဆိုင်၊ ဆန်ဆိုင်ပိုင်ရှင် သားသမီးများကိုသာ ဝိုင်းဝိုင်းလည်နေတတ်ကြသည်။ ဆရာလျို ကိုယ်တိုင်လည်း စာသင်လျှင် ချမ်းသာသည့် ကျောင်းသားများကို အကောင်းဆုံးနေရာ ပေးထားပြီး စာသင်ပေးရာတွင်လည်း ပို၍ စိတ်ရှည်လေသည်။

ရှန်ကျိသည် ထိုအထဲတွင် အမြဲတမ်း လစ်လျူရှုခံရသူ၊ အမြဲတမ်း အလှောင်ခံရသူ ဖြစ်ခဲ့သည်။

ထိုအရာများကို ကြုံတွေ့ခဲ့ရသဖြင့် ရှန်မြောင် ဆွဲခေါ်ရာသို့ လိုက်ပါရန် ခြေလှမ်း တွန့်ဆုတ်နေခြင်း ဖြစ်သည်။

"ကျိအာ... ဘာလို့ မလိုက်တာလဲ” ရှန်မြောင်က ဆွဲမရသဖြင့် လှည့်ကြည့်လိုက်ရာ ခေါင်းငုံ့နေသော မောင်ငယ်ကို တွေ့လိုက်ရသည်။ သူမ ရိပ်မိသွားပြီး နူးညံ့စွာ ပြောလိုက်သည်။ "မပူပါနဲ့၊ အစ်မကြီးကို ယုံ၊ အစ်မကြီး လူကြည့်တာ မမှားပါဘူး”

ရှန်ကျိက စိတ်မသက်မသာဖြင့် တွေးလိုက်မိသည်။ 'ဒီစကားကို ကြားရတာ စိတ်မချစရာပါလား၊ အစ်မကြီးသာ လူကြည့်မမှားရင် အရင်တုန်းက ဟို ရုံသာ့လန်ကို ဘယ်ကြိုက်မိပါ့မလဲ။'

သို့သော် အစ်မဖြစ်သူ စိတ်မကောင်းဖြစ်မည်စိုး၍ ထိုစကားကို မျိုချလိုက်ပြီး ရှန်မြောင်နောက်သို့ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လိုက်သွားလေသည်။

မီးဖိုချောင်ထဲ ရောက်သောအခါ ရှန်ကျိသည် အစ်မကြီး မျက်နှာပျက်မည်စိုး၍ စိုးရိမ်စိတ်ကို ဘေးဖယ်ကာ ရှဲ့ချီကို ဦးစွာ လက်နှစ်ဖက်ကိုယှက်ပြီး ဂါရဝပြုလိုက်၏။

"ရှဲ့သခင်လေးကို ဂါရဝပြုပါတယ်”

"ဒီလို မလုပ်ပါနဲ့” ရှဲ့ချီက ပြန်လည် နှုတ်ဆက်ပြီး သူ ဘာစာအုပ်တွေ ဖတ်ပြီးပြီလဲ၊ လက်ရှိ ဘာသင်နေလဲ ဆိုသည်ကို အသေးစိတ် မေးမြန်းလိုက်သည်။ စိတ်ထဲတွင် အဖြေရသွားသောအခါ စကားအပို မပြောတော့ဘဲ ခဏစဉ်းစားပြီး စာအုပ်သုံးအုပ် ရွေးထုတ်လိုက်လေသည်။

"ဖိယုံးစာသင်ကျောင်းက တခြားကျောင်းတွေနဲ့ မတူဘူး၊ အခြေခံစာအုပ်တွေကို မမေးဘူး၊ အဲဒါတွေ ဖတ်စရာ မလိုဘူး။ တော်ဝင်ကျောင်းတော် ကလေးတန်း ဝင်ခွင့်စာမေးပွဲက နံပါတ်တစ် ၁၀ နှစ်အောက် ကလေးတွေကိုပဲ လက်ခံတယ်။ နံပါတ်နှစ် မေးခွန်း ၅ ခု မေးတယ်။ ပထမမေးခွန်းက လက်ရေးပဲ၊ စာအုပ်ကြီး ၄ အုပ်ထဲက စာတစ်ပုဒ်ကို ကူးရေးခိုင်းမယ်၊ သပ်ရပ်ပြီး အမှားကင်းမှ အောင်မယ်။ ခုနက မင်းလက်ရေးကို ငါ မြင်ပြီးပြီ၊ မင်းက ယန်ပုံစံကို ရေးတာပဲ၊ ဒီအရွယ်နဲ့ ဒီလောက်ရေးနိုင်တာ တော်လှပြီ၊ ဒီအဆင့်အတွက် ပူစရာမလိုဘူး။ ဒုတိယမေးခွန်းက စာစီစာကုံး၊ စာတစ်ပုဒ်ရေးရမယ်၊ အရေးအသား ချောမွေ့ပြီး အနှစ်သာရရှိရင် ရပြီ။ တတိယမေးခွန်းက ကဗျာစပ်နည်း၊ ကဗျာရေးခိုင်းတယ် ဆိုပေမယ့် တကယ်တမ်း စစ်တာက ကာရန်နဘေပဲ၊ ဒါကြောင့် အသံကာရန် စည်းမျဉ်းတွေကို အလွတ်ကျက်ထားတာက အခု မင်းဖတ်နေတဲ့ စာအုပ်တွေထက် ပိုအကျိုးရှိလိမ့်မယ်”

ရှန်မြောင် နားထောင်ရင်း ခေါင်းတညိတ်ညိတ် ဖြစ်နေပြီး မျက်နှာတွင် ဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လာသည်။

'ရှဲ့အိမ်တော်ကို မုန့်လာလုပ်ပေးတာ ကံကောင်းတယ်။ ကျိအာကို ခေါ်လာတာ ကံကောင်းတယ်။ ရှဲ့ကျိုကောက မာနမကြီးဘဲ ပေါင်းသင်းရလွယ်တာ ကံကောင်းတယ်။ ကံကောင်းခြင်းတွေ စုပေါင်းသွားလို့ ဒီနေ့ လမ်းညွှန်မှု ရသွားတာ၊ မဟုတ်ရင် ကျိအာ့ခမျာ လမ်းမှားကြီး လျှောက်ပြီး အချိန်ကုန်တော့မှာ။'

ရှန်မြောင်လည်း သိလိုက်သည်။ ကျိအာ ယခု ကူးရေးနေသော စာအုပ်များ၊ ဖတ်နေသော စာအုပ်များနှင့် ရှဲ့ချီ ပြောသည့်အရာများသည် လုံးဝ မဆိုင်ပေ။ ဒီနေ့ ယန့်ရှူးက စိတ်ကူးပေါက်ပြီး ကျိအာအတွက် စာအုပ်မငှားပေးခဲ့လျှင် သူတို့အနေဖြင့် ဤအတွင်းရေးများကို သိနိုင်မည် မဟုတ်ချေ။ ကျိအာ၏ ကြိုးစားမှုများလည်း သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။

"စတုတ္ထနဲ့ ပဉ္စမမေးခွန်းက ဒီနှစ်ပိုင်းအတွင်း ဘုရင်မင်းမြတ် ထုတ်ပြန်တဲ့ အမိန့်တော်တွေကို မေးတာ..." ရှဲ့ချီက ပြောရင်း မျက်ခုံးပင့်ကာ ပြုံးလိုက်ရင်း အသံကို နှိမ့်ပြီး ပြောလိုက်၏။ "ဒီနှစ်ပုဒ်က ဘာပညာမှ မလိုဘူး၊ အမိန့်တော်တွေကို လိုက်ရှာစရာလည်း မလိုဘူး၊ စာလုံးတိုင်း အဓိပ္ပာယ်ဖွင့်နေစရာလည်း မလိုဘူး။ တကယ်တော့ ဒီနှစ်ပုဒ်က ဖြေရအလွယ်ဆုံးပဲ၊ မင်း လုပ်ရမှာက ဘုရင်မင်းမြတ်ရဲ့ ဘုန်းတန်ခိုးကြီးမားပုံ၊ ဉာဏ်ပညာကြီးမားပုံတွေကို ဖော်ကျူးပြီး ဘယ်လောက် ပိုမြှောက်ပင့်ရေးနိုင်ရင် အမှတ်ပိုရလေပဲ”

ရှန်ကျိတစ်ယောက် ကြောင်သွားတော့သည်။ ဟင်... ဒီလို လုပ်လို့ ရတာလား။

ရှဲ့ချီ၏ မျက်နှာထားနှင့် လေသံက မပြောင်းလဲပေ။ သို့သော် ရှင်းလင်းပြတ်သားစွာ ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ တော်ဝင်ကျောင်းတော်က အစိုးရဖွင့်တဲ့ ကျောင်းလေ၊ နောင်တစ်ချိန် အရာရှိ လုပ်ကြမယ့်သူတွေပဲ၊ အရာရှိလုပ်တယ်ဆိုတာ စံနှုန်းတွေကို ထိန်းသိမ်းပြီး တိုင်းပြည်အကျိုး သယ်ပိုးရမှာ မှန်ပေမယ့် လောကနဲ့ လိုက်လျောညီထွေ နေတတ်ဖို့၊ လူနေမှုဆက်ဆံရေး နားလည်ဖို့လည်း လိုအပ်တယ်လေ။ ရှေ့သုံးပုဒ်က စာပေအခြေခံကို စစ်တာ၊ နောက်နှစ်ပုဒ်က လူမှုဆက်ဆံရေး ဉာဏ်ရည်ကို စစ်တာပဲ”

ရှန်ကျိသည် စာပေပညာရှင်ဆိုတာ မာန်ရှိရမယ်၊ ဂုဏ်သိက္ခာရှိရမယ်၊ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရမယ် ဆိုသည့် စကားများကိုသာ ကြားဖူးထားပြီး ဤကဲ့သို့ လက်တွေ့ကျသည့် စကားမျိုး မကြားဖူးသဖြင့် ကြောင်အသွားသည်။ သူသည် ရှဲ့ချီ၏ စကားများကို စိတ်ထဲတွင် အထပ်ထပ် အခါခါ တွေးတောနေမိသည်။ သို့သော် သူက ငယ်သေးသဖြင့် မှတ်သာထားလိုက်ပြီး ရှဲ့ချီ၏ စကားထဲတွင် ပါဝင်သော နက်ရှိုင်းသည့် အဓိပ္ပာယ်ကို နားမလည်နိုင်သေးပေ။

ရှန်မြောင်ကမူ နားလည်သဖြင့် လှည့်ကြည့်လိုက်ရာ ရှဲ့ချီက သူမကြည့်နေသည်ကို သတိထားမိပြီး ပြုံးပြလာလေသည်။

ရှန်မြောင်လည်း ပြန်ပြုံးပြလိုက်၏။

'ဒီ ရှဲ့ကျိုကောက အထက်တန်းစားနဲ့ မတူဘူး၊ တကယ့် လူတတ်ပဲ။'

ထို့နောက် ရှဲ့ချီသည် ရွေးထုတ်ထားသော စာအုပ်သုံးအုပ်ကို ကျိအာအား ကမ်းပေးလိုက်သည်။

"ဒီသုံးအုပ်ကို အရင်ဖတ်ပါ၊ တကယ်လို့ သေချာဖတ်နိုင်မယ်ဆိုရင် နောက်လ စာမေးပွဲကို ဖြေနိုင်မှာပါ။ အထဲမှာ ငါရေးထားတဲ့ မှတ်စုလေးတွေ ပါတယ်။ ဖတ်ချင်ဖတ်၊ မဖတ်ချင်နေ ရတယ်”

ရှန်ကျိ လှမ်းယူလိုက်သောအခါ စာအုပ်ပေါ်တွင် ရှဲ့ချီ၏ လက်အပူငွေ့ ကျန်နေသေးပြီး ထိုနွေးထွေးမှုသည် မီးပွားလေးတစ်ခုအလား သူ့ရင်ထဲသို့ ရောက်ရှိသွားကာ သူ့စိတ်ဓာတ်နှင့် မျှော်လင့်ချက်များကို တောက်လောင်စေခဲ့သည်။ အစ်မကြီး မပြန်လာခင်က သူသည် အနှိမ်ခံ၊ အပြောခံခဲ့ရသည်။ အဒေါ်လီက သူ စာမေးပွဲ မအောင်နိုင်ဘူးလို့ ပြောတယ်။ အတန်းဖော်တွေက သူ့ကို စိတ်ကူးယဉ်နေတယ်လို့ ပြောတယ်။ ဆရာလျိုက သူ စာတတ်ပေတတ် မဖြစ်ထိုက်ဘူးလို့ ပြောတယ်။ ကြီးတော်က သူ စာရင်းကိုင်လောက်ပဲ ဖြစ်မယ်လို့ ပြောတယ်။

သူသည် စုတ်တံကို ထိပ်ပြောင်သည်အထိ သုံးပြီး စက္ကူမဖြုန်းရဲသဖြင့် မြေကြီးပေါ်တွင်သာ သစ်ကိုင်းဖြင့် စာရေးလေ့ကျင့်ခဲ့ရသည်။

ဒါပေမဲ့ ဒီနေ့တော့ လူတစ်ယောက်က သူ့ကို 'မင်း သေချာ ကြိုးစားရင် ဖြစ်နိုင်ပါတယ်' ဟု ပြောလာခဲ့သည်။

သူ့မျက်ရည်အိမ် ရွှဲစိုလာပြီး ကျေးဇူးတင်စကား မပြောတတ်တော့သဖြင့် မတ်တပ်ရပ်ကာ ရှဲ့ချီကို ခါးကိုင်း၍ လေးလေးနက်နက် အရိုအသေ ပေးလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

"လမ်းညွှန်ပေးတဲ့အတွက် ကျိုကောကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် သေချာ ကြိုးစားပါ့မယ်၊ ပြီးတော့ ဒီစာအုပ်တွေကို မပျက်စီးအောင် သေချာ ထိန်းသိမ်းထားပါ့မယ်”

ရှဲ့ချီသည် သူက အရိုအသေပေးမည်ကို ကြိုသိနေသကဲ့သို့ ရှန်ကျိ ခါးကိုင်းလိုက်သည်နှင့် လက်မောင်းကို လှမ်းထိန်းလိုက်လေသည်။

"တယဉ်တကျေး လုပ်နေစရာ မလိုပါဘူး၊ စာအုပ်ဆိုတာ ဖတ်ဖို့လေ၊ ဘုရားစင်ပေါ် တင်ထားဖို့မှ မဟုတ်တာ”

ရှန်မြောင်မှာ အောင့်မထားနိုင်ဘဲ ရယ်မောလိုက်မိလေတော့သည်။ အင်း... ဒီစကားက သူမ အကြိုက်ဆုံးပဲ။

...

အပိုင်း (၃၆)

ရှဲ့ချီက သူနှင့်မတူသော အလွန်သစ်လွင်သည့် စာရေးကိရိယာတောင်းတစ်တောင်းကို ကမ်းပေးလိုက်သည်။

"ဒါတွေက ငါ အသုံးများတဲ့ စာရွက်နဲ့ စုတ်တံတွေပါ၊ ရွှယ်ထောင်စက္ကူတို့၊ ထုံဟူစုတ်တံတို့လို တန်ဖိုးကြီးတာတွေ မဟုတ်ပေမယ့် သုံးရတာ အဆင်ပြေတယ်၊ ယူထားလိုက်ပါ၊ နောက်ဆိုရင်..."

ရှန်ကျိသည် လှမ်းယူရဲပုံမရသဖြင့် တွေဝေနေစဉ် ယန့်ရှူးက "အာ... ဘာဖြစ်နေတာလဲ" ဟု ညည်းတွားရင်း ယူလိုက်ကာ ကျိအာ့ရင်ခွင်ထဲ အတင်းထည့်ပေးလိုက်သည်။

"မင်း မယူရင် ကျိုကော လက်ညောင်းနေတော့မှာပေါ့”

ရှန်ကျိ မျက်နှာရဲသွားပြီး ပစ္စည်းပုံကို ပိုက်ထားကာ ဘာလုပ်ရမှန်းမသိဘဲ ရှန်မြောင်ကို လှမ်းကြည့်လိုက်လေသည်။

ရှန်မြောင်လည်း နှုတ်ခမ်းကိုကိုက်ကာ စိတ်ညစ်သွားသည်။ ဒီကျေးဇူးကြွေးကို ဘယ်လို ဆပ်ရပါ့မလဲ။

ဘဲဥဆားငန်မုန့် တစ်ဗူးတည်းဆိုရင် နည်းလွန်းနေပြီ။

ရှဲ့ချီက သူမ၏ အတွေးကို ရိပ်မိနေသကဲ့သို့ ရှန်မြောင်ဘက်သို့ လှည့်ကာ ပြုံးပြလိုက်သည်။

"ဘာမှ ပြောစရာ မလိုပါဘူး၊ ဒါက ကျွန်တော့်အတွက် အသေးအဖွဲ ကိစ္စလေးပါ၊ ပြောပလောက်တဲ့အရာ မဟုတ်ပါဘူး။ ရှန်ညန်ဇီရော ရှန်ကောရော စိတ်ထဲ ထားမနေပါနဲ့၊ စိတ်မသက်မသာ ဖြစ်နေဖို့လည်း မလိုပါဘူး၊ ကျေးဇူးဆပ်ဖို့လည်း တွေးမနေပါနဲ့။ ကျွန်တော် ဒီလိုလုပ်ပေးတာက ပြန်လိုချင်လို့ လုပ်ပေးတာ မဟုတ်ပါဘူး။ ကျွန်တော် အသက်ရှင်နေတာကိုက လူအများကြီးရဲ့ အကူအညီကြောင့်ပါ၊ ဟိုတလောက သင်္ဘောပေါ်မှာ ရှန်ညန်ဇီ တိုက်တဲ့ ခေါက်ဆွဲပြုတ်ပူပူလေးတစ်ခွက်ကြောင့် ကန်စွန်းဥမုန့်ခြောက်တွေနဲ့ ပြည့်နေတဲ့ ကျွန်တော်တို့ ဗိုက်တွေ ရက်ပေါင်းများစွာ နွေးထွေးခဲ့ရတာလေ။ ဒါကြောင့် ရှန်ညန်ဇီ စိတ်ချလက်ချ လက်ခံလိုက်ပါ၊ ရှန်ကောလည်း စိတ်ဖြောင့်ဖြောင့်နဲ့ စာသာကြိုးစားပါ”

ရှန်မြောင် နားထောင်ရင်း ထူးဆန်းသလို ခံစားလိုက်ရသည်။ လူအများကြီးရဲ့ အကူအညီကြောင့် အသက်ရှင်နေရတယ် ဆိုတာ ဘာအဓိပ္ပာယ်လဲ။ သို့သော် သူမ ဆက်မတွေးရသေးခင်မှာပင် ရှဲ့ချီသည် ရှေ့တိုးလာပြီး ကျိအာ့ပခုံးကို ဖွဖွလေး ပုတ်လိုက်သည်။

"နောင်တစ်ချိန် ဖိယုံးစာသင်ကျောင်းမှာ တွေ့ကြမယ်”

ရှဲ့ချီ၏ စကားသံ တိုးသော်လည်း ကျိအာ့အတွက် အကြီးအကျယ် လှုပ်ခတ်သွားစေပြီး အားတက်သွားကာ လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်တော့သည်။

ထိုစကား ပြောပြီးသည်နှင့် အသက် ၁၃၊ ၁၄ နှစ်အရွယ်ခန့်ရှိသော ရုပ်ရည်သန့်ပြန့်သည့် စာသင်သားအကူတစ်ယောက် အပြင်ဘက်မှ ဝင်လာလေသည်။ သူသည် ပြေးလာရသဖြင့် ခေါင်းပေါင်းများပင် ပြေလျော့နေပြီး တံခါးဘောင်ကို ကိုင်ကာ အမောဖြေနေရသည်။

"ကျိုကော... ဘာလို့ ဒီရောက်နေတာလဲ၊ ကျွန်တော်ဖြင့် ရှာလိုက်ရတာ..."

ယန့်ရှူးက လှည့်ကြည့်လိုက်ပြီး မေးလိုက်၏။ "ဟေ... ချိုးဟောင်၊ မင်း ဘာလာလုပ်တာလဲ"

"မင်းကများ ပြောရသေးတယ်၊ ကျိုကောကို ဒီခေါ်လာပြီး ဘာမှမပြောတော့ ငါက လိုက်ရှာရတာပေါ့၊ ထားလိုက်တော့၊ သခင်ကြီးက ကျိုကောကို လိုက်ရှာခိုင်းနေတယ်၊ လှည်းပြင်ပြီး အပြင်ထွက်မလို့တဲ့၊ အမတ်မင်းချုပ်က ကျင်းမင်ကန်ဘေးက တုန်းဖုန်းအဆောင်မှာ မိုးရေထဲက စားသောက်ပွဲ လုပ်မလို့တဲ့၊ သခင်ကြီးကို ဖိတ်ထားတယ်လေ”

ယန့်ရှူးက အပြင်ဘက်မှ သည်းထန်စွာ ရွာသွန်းနေသော မိုးကို လက်ညှိုးထိုးပြပြီး မယုံကြည်နိုင်စွာ ပြောလိုက်သည်။

"ဒီလို ရာသီဥတုကြီးမှာ မိုးရေထဲက စားသောက်ပွဲ လုပ်ဦးမလို့လား၊ အဲဒီအမတ်မင်းက ကြွက်စုတ်ပွဲတော်လို့ နာမည်မပေးလိုက်ဘူးလား။ သခင်ကြီးကလည်း သူ့ဘာသာ သွားပါလား၊ ဘာလို့ ကျိုကောကို အမြဲ ခေါ်သွားချင်နေရတာလဲ”

ချိုးဟောင် အမောပြေသွားပြီး လက်ကာပြလိုက်လေသည်။

"ပြောနေလို့လည်း ထူးမှာမဟုတ်ဘူး၊ သခင်ကြီးက လောနေတယ်၊ ငါ အဝတ်အစား အပိုတွေ ယူထားပြီးပြီ၊ ကျိုးအာ့ကိုလည်း ပိုစိတ်ချရတဲ့ လှည်းအမြင့်တစ်စီး ပြင်ခိုင်းထားတယ်၊ အဆင်ပြေလောက်မှာပါ... ကျိုကော... သွားရအောင်”

ရှဲ့ချီလည်း သက်ပြင်းချလိုက်ရ၏။ သို့သော် ရှန်မြောင်တို့ဘက်သို့ လှည့်လိုက်ချိန်တွင် မကောင်းသော စိတ်ခံစားမှုများကို ဖုံးကွယ်ထားပြီး မျက်နှာထား ပြေလျော့ကာ မျက်လုံးထဲတွင် အပြုံးရိပ်များ ထင်ဟပ်နေသည်။

"ဒီနေ့တော့ ဧည့်ဝတ်မကျေနိုင်တော့ဘူး၊ ရှန်ညန်ဇီ... ကျွန်တော် အရင်သွားနှင့်တော့မယ်”

ရှန်မြောင် ရုတ်တရက် သူမ၏ ဘဲဥဆားငန်မုန့်ကို သတိရသွားပြီး လက်ခုပ်တီးလိုက်သည်။

"ကျိုကော... ခဏနေပါဦး”

ရှဲ့ချီလည်း အံ့ဩသွားသည်။ သို့သော် ရှန်မြောင်သည် ကိုယ်ကိုလှည့်ကာ ဂါဝန်စ,ကိုမပြီး မီးဖိုချောင်ခန်းဆီးနောက်သို့ ပြေးဝင်သွားလေသည်။

သူမသည် စားစရာထည့်သည့်သေတ္တာထဲတွင် သေသပ်လှပစွာ စီထားသော ဘဲဥဆားငန်မုန့်များကို အမြန်ယူကာ နဖူးမှ ချွေးများကိုပင် မသုတ်နိုင်ဘဲ ရှဲ့ချီရှေ့သို့ ကမ်းပေးလိုက်တော့သည်။

ရှဲ့ချီတစ်ယောက် ကြောင်သွားပြီး လှမ်းမယူဘဲ ဖြစ်နေမိသည်။

"ကျွန်မမှာ တန်ဖိုးကြီးပစ္စည်း မရှိပါဘူး၊ ကျိုကောလည်း အဲဒါတွေ မက်မောမှာ မဟုတ်ဘူး၊ စဉ်းစားကြည့်တော့ ဒီရက်ပိုင်း ဂရုစိုက်ပေးတာကို ကျေးဇူးဆပ်ဖို့အတွက် မုန့်လေးပဲ လုပ်ပေးတတ်တာ၊ ဒါလေးပဲ လက်ဆောင်ပေးပါရစေ”

ရှန်မြောင်က ရှဲ့ချီ၏ အင်္ကျီလက်စကို ဆွဲယူလိုက်ပြီး သေတ္တာကို အတင်းထည့်ပေးလိုက်မှ စိတ်သက်သာရာ ရသွားသည်။ သူမ ခေါင်းမော့ကာ မျက်လုံးလေးများ ကွေးသွားအောင် ပြုံးပြလိုက်သည်။

"ဒါလေးက ကျွန်မရဲ့ ကျေးဇူးတင်မှုကို အပြည့်အဝ မဖော်ပြနိုင်ပေမယ့် ဒီရက်ပိုင်း ဂရုစိုက်ပေးခဲ့တာတွေကို ကျေးဇူးတင်ပါတယ်၊ ဒီမုန့်လေးကို ကြိုက်နှစ်သက်ပါစေလို့ မျှော်လင့်ပါတယ်”

ရှဲ့ချီ ခေါင်းငုံ့ကြည့်လိုက်ချိန်တွင် ရှန်မြောင်က လက်ကို လွှတ်ပေးလိုက်သဖြင့် အင်္ကျီလက်စ ပြန်ကျသွားသည်။

ပြန်မော့ကြည့်လိုက်သောအခါ ရှန်ညန်ဇီ၏ အပြုံးကို တွေ့လိုက်ရလေသည်။

မျက်ခုံး၊ မျက်လုံးလေးများ ကွေးညွှတ်နေပြီး ရေကန်ပမာ ကြည်လင်တောက်ပနေသည်။

ရှန်ညန်ဇီ၏ မျက်နှာသည် အလွန်လှပသည်တော့ မဟုတ်ပေ။ စကားမပြော၊ မပြုံးဘဲ နေလျှင် သစ်သားပန်းပုရုပ်တု အလှလေးလိုပင်။ သို့သော် လှုပ်ရှားလိုက်သည်နှင့် ထိုခန္ဓာကိုယ်ထဲတွင် နွေးထွေးပြီး အားအင်ပြည့်ဝသော ဝိညာဉ်တစ်ခု နိုးထလာသကဲ့သို့ ဖြစ်သွားကာ သူမ၏ အမူအရာတိုင်းက လူကို စိတ်ချမ်းသာစေသည်။

ရှဲ့ချီ၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး လက်ထဲမှ သေတ္တာကို ကြည့်ကာ မျက်လုံးထဲတွင် နူးညံ့သော အပြုံးရိပ်များ ပေါ်လာတော့သည်။

"နွေဦးကျောင်းပိတ်ရက် ကုန်တော့မယ်၊ နောက်နှစ်ရက်နေရင် ကျွန်တော် မြို့ပြင်ထွက်ပြီး ကျောင်းသွားတက်ရတော့မယ်၊ နောက် ၁၀ ရက်နေမှ ပြန်လာရမှာဆိုတော့ ရှန်ညန်ဇီရဲ့ လက်ရာကို စားဖို့ မလွယ်တော့ဘူး... ကျေးဇူးတင်ပါတယ်၊ ဒါဆို... ကျွန်တော် လက်ခံလိုက်ပါ့မယ်”

ခဏရပ်ပြီးနောက် ဒီနေ့သည် ဆုတောင်းပွဲ နောက်ဆုံးရက်ဖြစ်ကြောင်း သတိရလိုက်ပြီး ရှန်ညန်ဇီ နောက်ထပ် လာတော့မည် မဟုတ်ကြောင်း သိလိုက်ရသည်။

ထို့ကြောင့် နူးညံ့စွာ ထပ်ပြောလိုက်သည်။

"ရှန်ညန်ဇီ... နှုတ်ဆက်ပါတယ်”

ထိုအချိန်တွင် နေဝင်ရီတရော ဖြစ်နေပြီ။ မိုးသံ တဖွဲဖွဲနှင့် မြက်နံ့ သင်းပျံ့နေ၏။ ရှဲ့ချီ၏ ဝတ်ရုံဖြူလက်စများသည် ညခင်းလေပြည်တွင် ရေလှိုင်းပမာ လှုပ်ခတ်နေသည်။ ရှန်မြောင်သည် ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲ နွေးထွေးသွားကာ ခေါင်းမော့ပြီး ရိုးသားစွာ ဆုတောင်းပေးလိုက်သည်။

"ဟုတ်ကဲ့၊ ကျိုကော ပညာရေးမှာ အောင်မြင်ပါစေ၊ ရေစက်ဆုံရင် ပြန်တွေ့ကြတာပေါ့”

***

ရှဲ့အိမ်တော်မှ ပြန်ရောက်ပြီးနောက် ရှန်မိသားစု မောင်နှမသုံးယောက်၏ နေ့ရက်များသည် ပုံမှန်အတိုင်း အေးဆေးတည်ငြိမ်စွာ လည်ပတ်နေပြန်သည်။

ရှန်မြောင်သည် ထုံးစံအတိုင်း မနက်စောစောထကာ ဈေးထွက်သည်။ လက်ဆွဲပန်ကိတ်နှင့် ပဲနီပံမုန့်တန်းများသည် ဖောက်သည် ရနေပြီဖြစ်ရာ အရင်ကထက် ပိုပြီး သက်သောင့်သက်သာ ရောင်းချနေရသည်။

နေ့စဉ် ဈေးရောင်းရင်း မေစန်းညန်အပြင် မိတ်ဆွေသစ်အချို့လည်း ရလာသည်။

မူလက သူမဆိုင်၏ ညာဘက်တွင် မေစန်းညန်၏ ဖျော်ရည်ဆိုင်၊ ဘယ်ဘက်တွင် ဖိနပ်သည် အဘိုးအို၏ ဆိုင် ရှိလေသည်။ သို့သော် ၃ ရက်နားပြီး ပြန်လာသောအခါ ဘယ်ဘက်ဆိုင်နေရာတွင် သစ်သားပန်းပု ဆံထိုးနှင့် ခေါင်းအဆင်တန်ဆာများ ရောင်းချသည့် ကောင်မလေးတစ်ယောက် ရောက်နေသည်။ အသက် ၁၅၊ ၁၆ နှစ်ခန့်သာ ရှိဦးမည်။

မေစန်းညန် ပြောပြချက်အရ သူမသည် အနီးနားရှိ ယွီရှုလမ်းကြားမှ မီမိသားစု၏ သမီးဖြစ်ကြောင်း သိရသည်။ သူမအဖေသည် ပန်းပုဆရာဖြစ်ပြီး ငယ်စဉ်ကတည်းက ဖခင်ထံမှ ပညာသင်ကြားခဲ့ရာ ပါရမီထူးချွန်သဖြင့် ဖခင်ဖြစ်သူက သား၊ သမီး မခွဲခြားဘဲ ပညာအကုန် သင်ပေးခဲ့ကြောင်း ဆိုသည်။

ယခုအခါ မီရှောင်ညန်ဇီ (မီမိသားစုမှ မိန်းကလေးငယ်) သည် ပရိဘောဂကြီးများ မထုဆစ်နိုင်သေးသော်လည်း သစ်သားဆံထိုးလေးများကို ကောင်းစွာ ထုဆစ်နိုင်နေပြီ ဖြစ်သည်။

မီရှောင်ညန်ဇီသည် လူကြောက်တတ်ပုံရသည်။ ဈေးရောင်းရာတွင် အော်ဟစ်မရောင်းဘဲ စားပွဲပုလေးတစ်လုံး ခင်းကာ ပန်းပုဓားလေးကိုင်ပြီး ခေါင်းငုံ့၍ ဆံထိုး ထုဆစ်နေတတ်သည်။ သို့သော် လက်ငင်းထုဆစ်ရောင်းချခြင်းနှင့် ပုံစံကို မှာယူနိုင်ခြင်းတို့ကြောင့် လူအများ စိတ်ဝင်စားကာ ရောင်းကောင်းနေလေသည်။

ရှန်မြောင်လည်း သူမလက်ရာ ကောင်းမွန်သည်ကို တွေ့သဖြင့် သုံးချောင်း ဝယ်လိုက်သည်။ လိပ်ပြာပုံ ပန်းပွင့်ဆံထိုးကို ရှန်းအာအတွက်၊ မက်မွန်သီးနှင့် လင်းနို့ပုံ (ကံကောင်းခြင်းနှင့် ပျော်ရွှင်ခြင်း) ဆံထိုးကို သူမအတွက်နှင့် ပုစဉ်းပုံ ဆံထိုးကို ကျိအာအတွက် ဝယ်လိုက်သည်။

စုန့်ခေတ်တွင် ကျား၊ မ မရွေး ပန်းပန်ကြသည်။ ရှန့်စစ်ပွဲတော် (၃လပိုင်း ၃ရက်)၊ ယွမ်ရှောင်ပွဲတော် (မီးထွန်းပွဲတော်) စသည့် ပွဲတော်ရက်များတွင် ဘုရင်မင်းမြတ် ကိုယ်တိုင် အမတ်များကို ပန်းဆံထိုးများ ဆုချလေ့ရှိသည်။ ရာထူးအလိုက် ပန်းပုံစံများ ကွဲပြားကြသည်။ ထို့ကြောင့် ပွဲတော်ရက်များတွင် လမ်းမပေါ်၌ ကျား၊ မ မရွေး ခေါင်းပေါ်တွင် ပန်းများဝေဆာစွာ ပန်ဆင်ထားကြသည်ကို တွေ့မြင်ရလေ့ရှိသည်။

ထိုပန်းများသည် သဘာဝပန်းများ ရှိသလို ပိုးသား၊ သစ်သား၊ ရွှေ၊ ငွေများဖြင့် ပြုလုပ်ထားသော ပန်းများလည်း ရှိကြသည်။

ပြန့်ကျင်းမြို့တွင် ခေါင်းပန်အဆင်တန်ဆာ ရောင်းချခြင်းသည် ခေတ်မကုန်နိုင်သော စီးပွားရေးတစ်ခု ဖြစ်သလို ပြိုင်ဆိုင်မှုလည်း ပြင်းထန်လှသည်။

ရှန်မြောင်သည် မီရှောင်ညန်ဇီနှင့် စကားပြောခွင့် သိပ်မရပေ။ သူမက ပန်ကိတ်လုပ်နေရပြီး ဟိုတစ်ယောက်က ပန်းပုထုနေသောကြောင့်ပင်။ သို့သော် တစ်ရက်တွင် မီရှောင်ညန်ဇီ ရောင်းကောင်းသည်ကို မြင်ပြီး နောက်ထပ် ပိုးပန်းဆံထိုးရောင်းသည့် အမျိုးသမီးတစ်ယောက် သူမဘေးတွင် လာရောင်းလေသည်။ ထိုအမျိုးသမီးသည် ခေတ်မီစွာ ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် ပန်းမျိုးစုံ ပန်ထားသဖြင့် လူစိတ်ဝင်စားမှု များလေသည်။ သူမက အသံကောင်းကောင်းဖြင့် "ခေါင်းအဆင်တန်ဆာ ရမယ်နော်... ပျိုနီပန်း၊ ရှောင်းယောင်၊ နှင်းဆီ... အစုံရှိတယ်..." ဟု အော်ဟစ်ရောင်းချရာ မီရှောင်ညန်ဇီ၏ ဖောက်သည်အချို့ကို ဆွဲဆောင်သွားလေသည်။

နောက်တစ်နေ့တွင် ပိုးပန်းကုံးသည်မက "ခေါင်းအဆင်တန်ဆာ ‌နော်..." ဟု အော်လိုက်ရာ မီရှောင်ညန်ဇီကလည်း ရုတ်တရက် အသံကုန်ဟစ်ပြီး "ငါလည်း ရောင်းတယ်ဟေ့..." ဟု အော်လိုက်လေသည်။

ရှန်မြောင် ပန်ကိတ်လုပ်ရင်း "ဖလူး" ခနဲ ရယ်မိသွားတော့သည်။

မီရှောင်ညန်ဇီက အပြစ်ကင်းစင်သော မျက်လုံးများဖြင့် လှည့်ကြည့်လာ၏။ ရှန်မြောင်က အပြုံးကို အမြန်သိမ်းကာ ပဲနီပံမုန့်တန်း တစ်ပိုင်းကို လှီးဖြတ်ပြီး ကမ်းပေးလိုက်သည်။ မီရှောင်ညန်ဇီက ရှက်ရွံ့စွာ လှမ်းယူပြီး တိုးတိုးလေး ကျေးဇူးတင်စကား ပြောလိုက်သည်။ ထိုအချိန်မှစ၍ သူတို့နှစ်ဦး ရင်းနှီးသွားကြတော့သည်။

နောက်ထပ် မိတ်ဆွေသစ်တစ်ဦးကတော့ ထူးထူးခြားခြား ကြောင်ကြီးတစ်ကောင် ဖြစ်သည်။ အချိန်မှန်မှန် တံတားပေါ်တက်လာပြီး ကြက်သားကြော် ခိုးစားတတ်သော ကြောင်ကျားကြီး ဖြစ်သည်။ ထိုကြောင်ကြီးသည် အလွန်ဝင့်ကြွားပြီး လက်မောင်းနှင့် ကျောကုန်းတွင် အစင်းရာများ ပါရှိကာ လမ်းလျှောက်လျှင် ကျားတစ်ကောင်လို ရင်ကော့ပြီး လျှောက်တတ်သည်။

တစ်ရက်တွင် ဘယ်ကရောက်လာမှန်းမသိဘဲ နှာခေါင်း တရှုံ့ရှုံ့လုပ်ကာ ရှန်မြောင်၏ ဆိုင်ရှေ့တွင် ထိုင်နေပြီး မောင်းမရပေ။ ဆိုင်နောက်ဘက်သို့ ဝင်လာပြီး အမြီးထောင်ကာ ရှန်မြောင်၏ ခြေထောက်ကို လာပွတ်သီးပွတ်သပ် လုပ်လေသည်။

ရှန်မြောင်၏ ဂါဝန်အနားစတွင် ကြောင်မွေးများ ကပ်ကုန်တော့သည်။

သို့သော် သူမ စိတ်မမာသဖြင့် ဖောက်သည်ရှင်းချိန်တွင် ကြက်ဥတစ်လုံး ခွဲကာ သပ်သပ်ကြော်ပြီး ကျွေးလိုက်သည်။

ပြီးတော့ ကြောင်ကျားကြီး၏ အမွေးကို ပွတ်သပ်ပေးလိုက်မိသည်။

သူက တရှူးရှူးဖြင့် အားရပါးရ စားသောက်ပြီး ဖင်ကုန်းကာ ရှန်မြောင်ကို ပုတ်ခိုင်းလေသည်။

"ဟောဗျာ... ဇိမ်ခံတတ်လိုက်တာ” ပါးစပ်ကသာ ပြောနေသော်လည်း လက်ကတော့ အလိုအလျောက် ပုတ်ပေးနေမိသည်။ ကြောင်ကြီးက စားရင်း လည်ချောင်းထဲမှ တဂွီဂွီ အသံပြုကာ ဇိမ်ယူနေသည်။

မေစန်းညန်က ဖောက်သည်ရှင်းပြီးနောက် ကြောင်အော်သံကြား၍ လှည့်ကြည့်လိုက်ရာ လက်ပိုက်ပြီး ရယ်မောလိုက်လေသည်။

"ရှန်ညန်ဇီ... ညည်းတော့ ဒုက္ခရောက်ပြီ။ ဒီကြောင်က ဒီနားတဝိုက်မှာ နာမည်ကြီး ကပ်ဖားကောင်လေ။ တစ်ခါကျွေးလိုက်ရင် မသွားတော့ဘူး။ ညည်းကို ပြောပြရဦးမယ်၊ အရင်တုန်းက တံတားအောက်မှာ အားကွေ့ဆိုတဲ့ ကောင်လေးတစ်ယောက် လှေပေါ်မှာ ငါးမျှားနေကျလေ၊ တစ်နေ့လုံးနေမှ တစ်ကောင်နှစ်ကောင် ရတာ၊ ဒီကြောင်က လည်တယ်၊ နေ့တိုင်း သူ့ဘေးနားသွားထိုင်ပြီး ငါးစောင့်စားတာ၊ ကောင်လေးကွေ့က သနားပြီး ကျွေးလိုက်တာ ကုန်ရော။ ဒါတင်မကဘူး၊ ငါးမမိတဲ့နေ့ဆိုရင် ကြောင်က မျက်လုံးပြူးကြီးနဲ့ ကြည့်နေတော့ အားနာပြီး ဈေးထဲက ငါးဝယ်ကျွေးရတယ်တဲ့”

ရှန်မြောင်က မေစန်းညန်ဆီမှ ရေတစ်ခွက်ငှားပြီး လက်ဆေးရင်း သဘောပေါက်သွားသည်။ 'ဒါကြောင့် ဒီကြောင်ကြီး အမွေးတွေ ပြောင်လက်နေတာကိုး၊ တော်ပါပေတယ်။'

နောက်ပိုင်းတွင် မေစန်းညန် ပြောသည့်အတိုင်း ရှန်မြောင် တစ်ခါကျွေးမိသည်နှင့် နေ့တိုင်း ဆိုင်သို့ လာစောင့်နေတော့သည်။ ရှန်မြောင်က ဆီကြော်စာ၊ အငန်စာများ မကျွေးချင်သဖြင့် အားကွေ့လိုပင် နေ့တိုင်း ကြက်သားတစ်တုံး သပ်သပ်ပြုတ်ပြီး ကျွေးရလေသည်။ တစ်ခါတစ်ရံ ဖောက်သည်များပြီး အလုပ်ရှုပ်နေချိန်တွင် လှည့်ကြည့်လိုက်လျှင် ရှန်းအာက ကြောင်ကြီးကိုပိုက်ပြီး တံတားတိုင်ကိုမှီကာ ငိုက်နေသည်ကို တွေ့ရတတ်သည်။

နေရောင်ခြည်က တောက်ပနေပြီး ကလေးတစ်ယောက်နှင့် ကြောင်တစ်ကောင် ခြေပစ်လက်ပစ် အိပ်ပျော်နေကြသည်။ နေရောင်အောက်တွင် သူတို့နှစ်ဦးစလုံး တောက်ပနေပြီး နွေးထွေးမှုများ ပြည့်နှက်နေလေသည်။

သူမမှာ ခဏလောက် တိတ်တိတ်လေး ငေးကြည့်နေရင်း အမောအပန်းများ ပြေပျောက်သွားသလို ခံစားလိုက်ရသည်။

ဒီနေ့လည်း ထိုနည်းအတိုင်းပင်။ ရှန်မြောင်သည် ပန်ကိတ်နှင့် ပဲနီမုန့်တန်းများ ရောင်းကုန်သွားပြီ။ ရှန်းအာက ကြောင်ကြီး၏ ရှေ့လက်တစ်ဖက်ကို ကိုင်ပြီး နှုတ်ဆက်နေသည်။ ရှန်မြောင်က ကြောင်ကို အိမ်ခေါ်မွေးချင်သော်လည်း ကြောင်က လိုက်ချင်ပုံမရပေ။ အစာစားပြီး ရှန်းအာ၏ အနှိပ်အနယ်ကို ခံယူပြီးနောက် လက်သည်းကို လျှာဖြင့်လျက်ကာ တံတားတိုင်ပေါ် ခုန်တက်ပြီး တံတားအောက်သို့ ဆင်းကာ ကျင်းလျန်တံတား ဝဲယာရှိ လမ်းကြားများကို လှည့်လည်စစ်ဆေးရန် ထွက်ခွာသွားလေသည်။

သူ့အထင် ကျင်းလျန်တံတား တဝိုက်က လမ်းနှစ်လမ်းလုံး သူ့ပိုင်နက် ဖြစ်နေပုံရသည်။

ရှန်မြောင် သဘောပေါက်သွားပြီး ခေါင်းခါကာ ရေရွတ်လိုက်သည်။ 'သူက ချစ်စရာ ညောင်ညောင် မဟုတ်ဘူး၊ လမ်းသရဲကြီးပဲ။'

ထို့ကြောင့် ရှန်မြောင်သည် ထိုကြောင်ကြီးနှင့် ရေလိုအေးသော မိတ်ဆွေအဖြစ်သာ ဆက်ဆံရတော့သည်။

ဒီနေ့ ကြောင်ကြီးကို နှုတ်ဆက်ပြီးနောက် သူမနှင့် ရှန်းအာသည် ထုံးစံအတိုင်း ဝန်ပိုးကိုထမ်းကာ လမ်းကြားထဲသို့ ဝင်လာခဲ့ကြ၏။ အထဲမရောက်ခင်မှာပင် အမျိုးသမီးအချို့ စုရုံးကာ စကားပြောနေသံကို ကြားလိုက်ရသည်။

သူမ နာမည်ကိုလည်း ကြားလိုက်ရသည်။

ရှန်မြောင် မျက်ခုံးပင့်လိုက်သည်။ ဟုတ်ပါပြီ... သူမ၏ အေးချမ်းသော နေ့ရက်များထဲတွင် ပိုပြီး ဆန်းကြယ်သော ဇာတ်လမ်းများ ရောနှောပါဝင်လာပြန်ပြီ။ ထိုဇာတ်လမ်းများသည် ထိုအဒေါ်ကြီးများ၏ ပါးစပ်ဖျားမှ မွေးဖွားလာခြင်း ဖြစ်ပေသည်။

...

All Chapters