အခန်း (၃၇-၃၈)
Vol. 4 Ch. 37-38
အပိုင်း (၃၇) ကြက်သွန်မြိတ်ဝက်သားလိပ်
လမ်းကြားထိပ်တွင် ကျောပေးထိုင်ကာ အမျိုးသမီးများ အလုပ်ကိုယ်စီနှင့် စုဝေးနေကြသည်။ တစ်ယောက်က ဒူးပေါ်တွင် ပန်းထိုးတောင်းလေးတင်ပြီး ပန်းထိုးနေသည်။ တစ်ယောက်က ခြင်းတောင်းပုလေးကိုတင်ပြီး မြေပဲခွာနေသည်။ နောက်တစ်ယောက်က ဘူးသီးခြောက်ဖတ်ကိုကိုင်ပြီး ခြေရင်းတွင် သစ်သားဇလုံချကာ ပုလင်းခွံ၊ အိုးခွံများကို ဆေးကြောနေသည်။
ထိုအထဲတွင် အတင်းအဖျင်း ပြောရသည်ကို အနှစ်သက်ဆုံးဖြစ်သည့် အဒေါ်လီလည်း ပါဝင်လေသည်။
ရှန်မြောင်သည် လေးလံသည့်ဝန်ကို ထမ်းထားသော်လည်း ခြေလှမ်း ပေါ့ပါးသူဖြစ်ရာ သူတို့အနောက်သို့ အသံတိတ် ရောက်ရှိလာလေသည်။ အမျိုးသမီးများက ခေါင်းငုံ့ အလုပ်လုပ်ရင်း စကားကောင်းနေသဖြင့် သတိမထားမိကြပေ။ ထို့ကြောင့် ရှန်မြောင်သည် သူတို့အနောက်မလှမ်းမကမ်းရှိ အမှိုက်ပုံဘေးတွင် ရပ်ကာ စိတ်ဝင်တစား နားထောင်နေလိုက်သည်။
တစ်ယောက်က စကားစလိုက်သည်။ "ဒီရက်ပိုင်း ရှဲ့အိမ်တော်က လူတွေ မလာကြတော့ပါလား”
နောက်တစ်ယောက်က ဖြေလိုက်သည်။ "အိမ်တော်ထိန်းကျန့်က ရှန်သာ့ကျဲအာကို သဘောမကျတော့လို့ နေမှာပေါ့”
နောက်တစ်ယောက်က သက်ပြင်းချကာ ဝင်ပြောသည်။ "သူတို့က ကျွန်တွေဆိုပေမယ့် ရှဲ့အိမ်တော်က ကျွန်တွေလေ၊ လစာက ငါတို့ ပင်ပန်းခံ ရောင်းနေတာထက်တောင် များသေးတယ်၊ ရှန်သာ့ကျဲအာနဲ့ ရရင်တောင် သူတို့က နိမ့်ကျသွားမှာ၊ သဘောမကျတာလည်း မဆန်းပါဘူး။ ရှန်သာ့ကျဲအာက သနားစရာ ကောင်းပေမယ့် မုဆိုးမ ဖြစ်နေပြီလေ၊ အပျိုစင်မှ မဟုတ်တော့တာ”
နောက်တစ်ယောက်က ငြင်းလိုက်သည်။ "အဲလိုတော့မဟုတ်ဘူး။ ဖြစ်နိုင်သေးတာပေါ့၊ ကြားတာတော့ သူ့ယောက်ျားဟောင်းက ပန်းသေပန်းညှိုးရောဂါ ရှိတယ်ဆို”
နောက်တစ်ယောက်က သံသယဝင်သွားသည်။ "မဟုတ်ပါဘူး၊ ငါ ကြားတာတော့ ရှန်သာ့ကျဲအာ ကလေးမရနိုင်လို့ ယောက္ခမက ကွာခိုင်းတာဆို”
"သုံးနှစ်လောက် ကလေးမရတာနဲ့ ကွာခိုင်းတယ်ဆိုတာ မြန်လွန်းမနေဘူးလား။ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါ အရင်တုန်းက ကုအိမ်က ချွေးမ ပြောတာ ကြားဖူးတယ်၊ သူ့ယောက်ျားဟောင်းက သူ့အမေအိုကြီးနဲ့ ဖောက်ပြန်နေလို့ ရှန်သာ့ကျဲအာ သည်းမခံနိုင်လို့..." သံသယဝင်သူ တစ်ယောက် ထပ်တိုးလာသည်။
ကြားရသူတစ်ယောက်က ပျို့အန်ချင်သွားသည်။ "ငါလည်း အဲဒါ ကြားဖူးတယ်၊ ယုံတောင်မယုံနိုင်စရာကြီး၊ တော်ပါတော့ဟယ်၊ မပြောကြပါနဲ့တော့”
နောက်တစ်ယောက်က သက်ပြင်းချလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် ရှန်သာ့ကျဲအာ ရုပ်ရည်က ထိပ်တန်းပဲ၊ ငါတို့လမ်းကြားတင်မကဘူး၊ ၁၀ မိုင် ပတ်လည်မှာ ဒီလောက်လှတာ မရှိဘူး။ ဒါပေမဲ့ ကံဆိုးတာက ယောက်ျား ကွာရှင်းခံထားရတယ်၊ ကလေးမရနိုင်ဘူး ဆိုတဲ့ နာမည်ဆိုးလည်း ရှိနေတော့ ဘယ်လောက်လှလှ ဘယ်သူမှ မယူရဲတော့ဘူးလေ။ ဟင်း... ကံဆိုးလိုက်တာ၊ ရှန်မိသားစု တစ်ခုလုံး ကံဆိုးကြတယ်”
ရှန်းအာသည် နားမလည်စွာဖြင့် အစ်မကြီးကို မော့ကြည့်လိုက်ရာ အစ်မကြီးက ပြုံးနေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမ ခေါင်းစောင်းပြီး စဉ်းစားလိုက်ကာ အစ်မကြီး လုပ်ကျွေးထားသည့် တုတ်ထိုးသကြားလုံးကိုသာ ပြန်ငုံ့စားနေလိုက်သည်။ အစ်မကြီး စိတ်မဆိုးရင် ပြီးတာပဲလေ။ ရှန်းအာ့ခေါင်းထဲတွင် အစားအသောက်နှင့် အစ်မကြီးသာ ရှိသည်။
ဒီသကြားလုံးကို ရှန်မြောင် ဈေးမထွက်ခင် လုပ်ပေးခဲ့ခြင်း ဖြစ်သည်။ သကြားခဲကို မီးအေးအေးဖြင့် အရည်ပျော်အောင် ကျိုပြီး လှော်ထားသော သစ်ကြားသီး၊ မြေပဲ အစအနများကို ဖြူးကာ မီးပိတ်ပြီး ဝါးတုတ်တံဖြင့် လှည့်ပတ်ယူလိုက်ရာ အလုံးဝိုင်းဝိုင်းကြီး ဖြစ်လာသည်။
သကြားလုံးထဲတွင် မွှေးကြိုင်ပြီး ကြွပ်ရွနေသော အခွံမာသီးများ ပါဝင်သဖြင့် အလွန် စားကောင်းလှသည်။
ရှန်းအာ သကြားလုံးစားရင်း ဈာန်ဝင်နေသလို ရှန်မြောင်လည်း သူတို့ စကားဝိုင်းကို ဈာန်ဝင်စား နားထောင်နေသည်။ နောက်ဆုံးတွင် ပန်းထိုးနေသော အဒေါ်လီက ချည်မျှင်ကို ကိုက်ဖြတ်ပြီး ကျိအာအကြောင်း မလိုတမာ ပြောလာသည်အထိပင်။ "ဒီရှန်သာ့ကျဲအာက အိမ်တော်ထိန်းကျန့်ကို မျက်နှာပြောင်တိုက်ပြီး ကပ်ဖားတာ အလကားတော့ မဖြစ်ဘူးဟေ့။ မနေ့က ငါ့သား လီကိုအာ ပြောပြတယ်၊ သူ့မောင် ကျိအာက ကဗျာစပ်နည်းတွေ ရွတ်နေတယ်တဲ့၊ ပြီးတော့ စာရေးကိရိယာ အကောင်းစားတွေလည်း ရထားတယ်တဲ့၊ ဒါတွေက ရှန်သာ့ကျဲအာ ရှဲ့အိမ်တော်ကို ကပ်ဖားပြီး ရထားတာ နေမှာပေါ့”
ဒီနေ့ ကျိအာ အိမ်မှာ စာကျက်နေသဖြင့် ဈေးရောင်း မလိုက်လာပေ။
ရှန်မြောင်အိမ်ရှိ မြေမီးဖို ခြောက်သွေ့သွားပြီဖြစ်ရာ ပဲနီမုန့်တန်း ဖုတ်ရသည်မှာ ပိုမြန်လာသည်။ မီးဖို အပူချိန် တည်ငြိမ်ပြီး လုံခြုံသဖြင့် ကျိအာ ကူကြည့်ပေးစရာ မလိုတော့ပေ။ ထို့ပြင် ၅ လပိုင်း နွေရာသီ စာမေးပွဲအတွက် လဝက်သာ လိုတော့သဖြင့် ကျိအာ စာကို အာရုံစိုက်ရန် လိုအပ်သည်။
ဒါကြောင့် သူမက သူ့ကို အိမ်မှာပဲ ထားခဲ့လိုက်သည်။ တစ်ယောက်တည်း စာကျက်ရတာ ပိုအေးဆေးသည်။
ရှန်မြောင်သည် ရှဲ့ကျိုကော ပေးထားသည့် လမ်းညွှန်ချက်အတိုင်း ကျိအာအတွက် အိမ်စာများစွာ ပေးထားသည်။ နေ့စဉ် လက်ရေးလှ အခါ ၅၀ ကျင့်ရမည်။ "စာအုပ်ကြီး ၄ အုပ်" ခေါင်းစဉ်ဖြင့် စာစီစာကုံး တစ်ပုဒ် ရေးရမည်။ "အသံကာရန် လမ်းညွှန်" (ရှန်းယွင်ချီမုန့်) ကို အလွတ်ကျက်ရမည်။ ကဗျာ ၂ ပုဒ် စပ်ရမည်။ ဘုရင်ကို မြှောက်ပင့်သည့် စာစီစာကုံး ၃ ပုဒ်... အဲ... မှားလို့။ မူဝါဒရေးရာ စာတမ်း ၃ ပုဒ် ရေးရမည်။
တကယ်တော့ စုန့်ခေတ်တွင် "အသံကာရန် လမ်းညွှန်" စာအုပ် မပေါ်သေးပေ။ သို့သော် ရှန်မြောင် အလွတ်ရနေသည်လေ။ သူမ ကျိအာကို တစ်ခေါက် ရွတ်ပြပြီး လိုက်ရေးခိုင်းကာ အလွတ်ကျက်ခိုင်းလိုက်သည်။
သူမသည် အရင်ဘဝက မျိုးရိုးစဉ်ဆက် စားဖိုမှူး ဖြစ်သော်လည်း ပညာမတတ်သည့် စားဖိုမှူးတော့ မဟုတ်ပေ။ သူမအဘိုးသည် လက်ရေးလှ ရေးတတ်ရုံမက ပန်းချီဆွဲရာတွင်လည်း ကျွမ်းကျင်ပြီး အိမ်တွင် ရှေးဟောင်းစာအုပ်များ အပြည့်ရှိသည်။
သူမ မိဘများက ငယ်စဉ်ကတည်းက သိကျွမ်းခဲ့ပြီး နှစ်အိမ်မှာ လမ်းတစ်ဝက်သာ ခြားသည်။ ထို့ကြောင့် အဖေဘက်က အဘိုးဆီတွင် ဟင်းချက်နည်း သင်ရတာ ပင်ပန်းလာလျှင် အမေဘက်က အဘိုးအိမ်သို့ ထွက်ပြေးပြီး အနားယူလေ့ရှိသည်။ ခြံထဲတွင် နေရောင်ခြည် နွေးထွေးနေပြီး အဘိုးက စာအုပ်လှန်း၊ စာဖတ်၊ လက်ဖက်ရည်ကြမ်းသောက် နေတတ်သည်။ သူမသည် အဘိုးရင်ခွင်ထဲတွင် စာဖတ်သံ နားထောင်ရင်း၊ လက်ဖက်ရည်သောက်ရင်း၊ အိပ်ငိုက်ရင်း ကြီးပြင်းလာခဲ့ရသည်။
ထိုနေ့ရက်များကို ဘဝနှစ်ခုလုံး မမေ့နိုင်ခဲ့ပေ။
အဘိုးနှင့်အတူ ကျက်မှတ်ခဲ့ဖူးသော စာများ၊ သင်ယူခဲ့ဖူးသော သင်ခန်းစာများသည် ပျောက်ကွယ်မသွားဘဲ ဦးနှောက်ထဲတွင် စွဲထင်နေဆဲပင်။
ယခုအခါ သူမသည် အဘိုးက သူမကို ရွတ်ပြသကဲ့သို့ ကျိအာကို "အသံကာရန် လမ်းညွှန်" ကို ရွတ်ပြနေမိသည်။ "ဒါက ကျင်းလင်မြို့က ပညာရှိကြီးတစ်ဦး ပြုစုထားတာ၊ ကာရန်နဘေ၊ အသံနိမ့်မြင့်နဲ့ စကားလုံး အသုံးပြုပုံတွေကို လေ့လာဖို့ အရမ်းကောင်းတယ်လို့ အစ်မ ထင်တယ်”
ကျိအာ ကြားသည်နှင့် နှစ်သက်သွားပြီး ကူးယူကာ နေ့စဉ် ရွတ်ဖတ်နေတော့သည်။
မေးခွန်းဟောင်း လေ့ကျင့်ခြင်းသည် စာမေးပွဲ ရမှတ်ကောင်းရန် အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း ရှန်မြောင် လက်ခံထားသည်။ ကျိအာ၏ တိုးတက်မှုသည် ရှန်မြောင်ပင် အံ့ဩရလောက်အောင် မြန်ဆန်လှသည်။ သူမသည် ဦးလေးယန်ဆီမှ ရေစိုနေသော သစ်သားပြား အလကားတောင်းလာပြီး ရေစိုခံဆေး သုတ်ပေးထားသည်။ ရေဆေးလိုက်ရုံဖြင့် မင်များ ပျောက်သွားသဖြင့် စာရွက်ဖိုး သက်သာစေရန် လက်ရေးကျင့်ခိုင်းထားသည်။
ထို့ကြောင့် ကျိအာသည် ဒီရက်ပိုင်း စာကိုသာ အာရုံစိုက်နေပြီး နေ့ဘက်တွင် ကြောင်တောင်တောင် ဖြစ်နေကာ ညဘက် အိပ်မက်ထဲတွင်ပင် "တိမ်နှင့် မိုး... နှင်းနှင့် လေ... နေဝင်ချိန်နှင့် ကောင်းကင်ပြာ..." ဟု ယောင်ရွတ်နေတတ်သည်။
ဒါကြောင့် ဒီမိန်းမကြီးများက သူမကို အတင်းပြောသည်မှာ ကိစ္စမရှိသော်ငြား ကြိုးစားနေသည့် ကျိအာကို ထိခိုက်အောင် ပြောနေသည်ကိုတော့ ခွင့်မလွှတ်နိုင်ပေ။
ထို့ကြောင့် ရှန်မြောင်သည် သူတို့အနောက်မှ ရုတ်တရက် ထပြောလိုက်သည်။ "အဒေါ်တို့ရေ... နေကောင်းကြလား၊ လူစုံလို့ပါလား”
ထိုအသံ ထွက်လာသည်နှင့် နေ့ခင်းကြောင်တောင် သရဲခြောက်သလို ဖြစ်သွားပြီး အတင်းပြောနေကြသူများ လက်ထဲမှ ပစ္စည်းများ လွတ်ကျကုန်မတတ် လန့်သွားကြတော့၏။ သူတို့သည် တုန်တုန်ယင်ယင် မော့ကြည့်လိုက်ချိန်တွင် ရှန်မြောင်က မျက်နှာထား ပြင်ဆင်ပြီးနေပြီ။
သူတို့ကို ပြန်ပြောခွင့် မပေးဘဲ ရှန်မြောင်က ဝမ်းနည်းပက်လက်ဖြင့် လက်ညှိုးထိုး ပြောလိုက်သည်။ "ကျွန်မကို ပြောတာက ထားလိုက်ပါတော့၊ ကျိအာ့ကိုတော့ ဒီလို မလုပ်ကြပါနဲ့ရှင်။ လူ့ဘဝမှာ အရာရာကို ကပ်ဖားလို့ ရချင်ရမယ်၊ ပညာကိုတော့ ကပ်ဖားလို့ မရပါဘူး။ ဗိုက်ထဲက ပညာသာ စာရေးကိရိယာ ကောင်းကောင်း သုံးရုံနဲ့ ရမယ်ဆိုရင် လူတိုင်း ပညာရှိ ဖြစ်ကုန်ကြမှာပေါ့။ အဒေါ်လီ... ကျိအာ စာမဖတ်တုန်းကလည်း အဒေါ် နှိမ်တယ်၊ အခု သူ ကြိုးစားနေပြန်တော့လည်း အပြစ်ရှာပြန်ပြီ။ တခြားဟာတွေ ထားလိုက်ပါတော့၊ အဒေါ်တို့ကို တစ်ခုလောက် မေးပါရစေ၊ ကျွန်မတို့ မောင်နှမတွေ အဒေါ်တို့ ဆန်ကို စားပြီး၊ အဒေါ်တို့ အင်္ကျီကို ဝတ်ထားလို့လား။ မိဘမဲ့ မောင်နှမတွေကို ဘာလို့ ဒီလောက်တောင် ရက်စက်ကြရတာလဲ”
အဒေါ်လီသည် ရှန်မြောင်၏ တဲ့တိုးမေးခွန်းကြောင့် မျက်နှာ ပျက်သွားပြီး ဖြေစရာ စကားမရှိ ဖြစ်သွားတော့သည်။
ရှန်မြောင်က ဒေါသထွက်မနေဘဲ မျက်ရည်ဝဲချင်ယောင်ဆောင်ကာ လက်ကိုင်ပဝါဖြင့် မျက်ရည်မရှိသော မျက်လုံးကို တို့လိုက်ပြီး တုန်ယင်သော လက်ဖြင့် ညွှန်ပြလိုက်သည်။ "အဒေါ်တို့ရယ်... ရက်စက်လိုက်ကြတာ၊ ကျွန်မတို့ကို သေလမ်းပို့နေကြတာလား။ နောက်တစ်ခါ ဒီလိုစကားတွေ ကြားရရင် အဒေါ်တို့ အိမ်ရှေ့မှာ ကြိုးဆွဲချ သေပြလိုက်မယ်၊ ညတိုင်း အဒေါ်တို့နဲ့ လာတွေ့ပြီး စကားစမြည် ပြောကြတာပေါ့”
"အို... ဘယ်ကလာ၊ ဘာတွေ လျှောက်ပြောနေတာလဲ”
"ရှန်သာ့ကျဲအာရယ်... စိတ်မဆိုးပါနဲ့၊ အဒေါ်တို့က ကြားတာလေး ပြန်ပြောရုံပါ၊ အတည် ပြောတာ မဟုတ်ပါဘူး”
"ဟုတ်ပါတယ်၊ တကယ်တော့ အဒေါ်တို့ ပြောတာ မဟုတ်ပါဘူး”
"အိုဟယ်... အိမ်မှာ ဟင်းအိုး တည်ထားတာ မေ့လို့၊ ပြန်လိုက်ဦးမယ်..."
"ငါရောပဲ၊ ငါ့မြေး နိုးနေလောက်ပြီ၊ ပြန်မှ ဖြစ်မယ်”
အားလုံး ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြသည်။ အဒေါ်လီလည်း အကြောင်းပြချက် ပေးပြီး ထွက်ပြေးသွားတော့သည်။ ရှန်မြောင်က ခါးပြန်မတ်လိုက်ပြီး မျက်လုံးထောင့်ကို ပဝါဖြင့်တို့ကာ နှာခေါင်းရှုံ့ပြီး မော့ကြည့်လိုက်လေသည်။ "ရှန်းအာ... သွားမယ်”
အိမ်ရှေ့ရောက်လို့ ဝန်ပိုးချပြီး တံခါးဖွင့်ရန် ပြင်လိုက်စဉ် ကုထူစူးက သူ့အိမ်ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ဘယ်အချိန်ကတည်းက နားထောင်နေမှန်း မသိပေ။ ရှန်မြောင် လှည့်ကြည့်လိုက်ပြီး ခေါင်းညိတ် နှုတ်ဆက်လိုက်သည်။
မထင်မှတ်ထားသည်မှာ ကုထူစူးက ခေါင်းငုံ့ထားရာမှ ရုတ်တရက် စကားပြောလာသည်။ "ရှန်သာ့ကျဲအာ... နင် အရင်ကနဲ့စာရင် အများကြီး ပြောင်းလဲသွားပြီနော်”
ရှန်မြောင်မှာ ခြေလှမ်းတန့်သွားပြီး ပြန်လှည့်ကြည့်လိုက်မိသည်။
"အရင်တုန်းကဆို သူတို့ အတင်းပြောရင် နင်က ရှက်ပြီး အိမ်ပြန်ငိုနေကျ..."
"ကုအာ့ကော..." ရှန်မြောင်က သူ့စကားကို ဖြတ်ပြောလိုက်ပြီး သက်ပြင်းချလိုက်သည်။
သူမသည် ရှန်သာ့ကျဲအာ အစစ်မဟုတ်ကြောင်း ပေါ်သွားမည်ကို မစိုးရိမ်ပေ။ သူမ ခေါင်းမော့ကြည့်လိုက်သည်။ ပြန့်ကျင်းသို့ ပြန်ရောက်ပြီးနောက် ကုထူစူးကို ပထမဆုံးအကြိမ် သေချာကြည့်ခြင်း ဖြစ်သည်။ လမ်းကြားထဲတွင် သူတို့နှစ်ဦးတည်း ရှိနေသော်လည်း ရှန်မြောင်က လေသံလျှော့ကာ ပြောလိုက်သည်။
"လူဆိုတာ ပြောင်းလဲတတ်တယ်ဆိုတာ နင် သိသင့်တယ်၊ ငိုတတ်တဲ့ ရှန်သာ့ကျဲအာလည်း ကြီးပြင်းလာမှာပေါ့။ အလိုလိုက်ခံထားရပြီး လောကအကြောင်း နားမလည်တဲ့ ရှန်သာ့ကျဲအာဟာ ကျင်းလင်မြို့ကို ရောက်သွားပြီး ၃ နှစ်အတွင်း ဘာတွေ ကြုံတွေ့ခဲ့ရလဲဆိုတာ ငါပဲ သိတယ်”
သူမသည် ရှန်သာ့ကျဲအာ အစစ်မဟုတ်သော်လည်း သူမအကြောင်း အသိဆုံး ဖြစ်သည်။
ရှန်မြောင်၏ ခေါင်းထဲတွင် ရှန်သာ့ကျဲအာ၏ မှတ်ဉာဏ်များ အပြည့်ရှိသည်။ သူမ၏ ကြောက်ရွံ့မှုနှင့် နောင်တများကို ကိုယ်ချင်းစာ ခံစားမိသည်။ သူမ တိုးတိုးလေး ပြောလိုက်သည်။ "ဒီ ၃ နှစ်အတွင်း မိဘမောင်ဘွားတွေနဲ့ ဝေးပြီး သူစိမ်းတွေနဲ့ ပြည့်နေတဲ့ 'အိမ်' မှာ တစ်ယောက်တည်း ရင်ဆိုင်ခဲ့ရတယ်။ မျက်လုံးဖွင့်လိုက်တာနဲ့ ယောက္ခမရဲ့ နှိပ်စက်မှုတွေကို ခံရတယ်၊ ညဉ့်နက်သန်းခေါင်အထိ အဝတ်လျှော်ရတယ်၊ မိုးမလင်းခင်ထပြီး ရေခပ် မြက်ရိတ်ရတယ်၊ အိမ်စရိတ်ကာမိအောင် ရက်ကန်းယက် ပန်းထိုးရတယ်... ကုအာ့ကော... နင် သိထားရမှာက မိန်းကလေးတစ်ယောက်ဟာ မိဘအိမ်မှာ အလိုလိုက်ခံရပြီး ယောက်ျားကောင်းနဲ့ တွေ့မှသာ တစ်သက်လုံး ဒုက္ခမရောက်ဘဲ ဖြူစင်တဲ့စိတ်လေးနဲ့ နေနိုင်မှာ၊ ဒီလိုကံကောင်းတဲ့သူ စုန့်မင်းဆက်တစ်ခုလုံးမှာ ဘယ်နှယောက် ရှိမလဲ။ ငါကတော့ ကံမကောင်းခဲ့ပါဘူး။ ပြီးတော့ ငါက မိဘမဲ့၊ ကွာရှင်းထားတဲ့သူ၊ အခု ဘာမှ မရှိတော့ဘူး။ နင်က အဲဒီလို ပြောနေမယ်ဆိုရင်... ငါ့အတွက် ရက်စက်လွန်းရာ မကျဘူးလား”
ကုထူစူးသည် ရှန်မြောင်၏ စကားကြောင့် ဆွံ့အသွားပြီး မျက်နှာနီရဲကာ ဘာပြောရမှန်းမသိ ဖြစ်နေသည်။ "ငါ... အဲဒီသဘော ပြောတာ မဟုတ်ပါဘူး..."
ရှန်မြောင်က ခေါင်းခါပြလိုက်၏။ "လူဆိုတာ အတိတ်မှာပဲ နစ်မွန်းနေရင် ဘယ်လိုလုပ် ရှေ့ဆက်မလဲ။ ကံကောင်းခြင်းပဲဖြစ်ဖြစ်၊ ကံဆိုးခြင်းပဲဖြစ်ဖြစ် ကံကြမ္မာပေးတဲ့ အခက်အခဲတွေကို လက်ခံရမှာပဲ။ ဘယ်သူမှ တစ်သက်လုံး ကံဆိုးမနေဘူးလို့ ငါ ယုံကြည်တယ်။ ငါ ပြဇာတ်တစ်ပုဒ်ကို သဘောကျတယ်၊ အဲဒီထဲမှာ 'ငါ့ကံကြမ္မာကို ငါဖန်တီးမယ်၊ မိုးနတ်မင်း ဖန်တီးတာ မဟုတ်ဘူး' ဆိုတဲ့ စကားပါလေ၊ ရိုးအီနေပြီ ဆိုပေမယ့် တစ်နေ့ကျရင် ငါ့လက်နဲ့ ငါ ကောင်းမွန်တဲ့ ဘဝတစ်ခုကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်တယ်”
ရှန်မြောင်က လေးနက်သော မျက်လုံးများဖြင့် သူ့ကို ကြည့်ကာ ပြောလိုက်သည်။
"ကုအာ့ကော... ငါ ပြန်ရောက်ကတည်းက နင် ကူညီပေးခဲ့တာ ကျေးဇူးတင်ပါတယ်၊ ကျိအာနဲ့ ရှန်းအာကို ကုမိသားစုက စောင့်ရှောက်ပေးခဲ့တာကိုလည်း ကျေးဇူးတင်ပါတယ်၊ ပြီးတော့ မကြီးပြင်းသေးတဲ့ ရှန်သာ့ကျဲအာကို သံယောဇဉ်ရှိပေးခဲ့တာလည်း ကျေးဇူးတင်ပါတယ်။ နင် နားလည်မယ်လို့ ထင်ပါတယ်၊ ငါက နင့်မှတ်ဉာဏ်ထဲက ရှန်သာ့ကျဲအာ မဟုတ်တော့ပါဘူး။ ဒါကြောင့်... ကုအာ့ကော... နင်လည်း ရှေ့ဆက်ပါတော့။ နင့်ကို နားလည်မှုရှိတဲ့ မိန်းမကောင်းတစ်ယောက်နဲ့ တွေ့ပြီး တစ်သက်လုံး ပျော်ရွှင်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်။ ငါ့အတွက်ကတော့... ငါလည်း ကြိုးစားပြီး ကောင်းကောင်း အသက်ရှင်သွားမှာပါ”
"ကုအာ့ကော... ငါ့အတွက် စိတ်မပူပါနဲ့တော့”
ပြောပြီးသည်နှင့် ခါးကိုင်းနှုတ်ဆက်ကာ ပြန်ပြောခွင့်မပေးဘဲ ရှန်းအာကိုခေါ်ပြီး အိမ်ထဲ ဝင်သွားတော့သည်။
ကုထူစူးနှင့် ပွင့်ပွင့်လင်းလင်း ပြောဖို့ စဉ်းစားခဲ့သော်လည်း ဤကဲ့သို့ ရုတ်တရက် ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော် ကောင်းပါသည်။ ကုထူစူးက လူဆိုးမဟုတ်သော်လည်း ဒီလို သတိထားဆက်ဆံနေရသည်မျိုးကို မဖြစ်ချင်တော့ပေ။ နောက်ဆို ကုမိသားစုနှင့် တွေ့လျှင် အားနာစရာလည်း မလိုတော့ချေ။
ကုထူစူးသည် ခေါင်းငုံ့လျက် အကြာကြီး ရပ်နေပြီးမှ အသက်ပြန်ရှူနိုင်သကဲ့သို့ ဖြစ်သွားကာ နံရံကိုမှီပြီး မော့ကြည့်လိုက်သည်။ လမ်းကြားထဲမှ ကောင်းကင်ပြာပြာ၊ တိမ်တိုက် ထူထူများကို ကြည့်ရင်း လွန်ခဲ့သော ၃ နှစ်က နေ့တစ်နေ့ကို ပြန်ရောက်သွားသလို ခံစားလိုက်ရ၏။ ကျဉ်းမြောင်းသော လမ်းကြားလေးထဲတွင် အနီရောင် ပိုးစများဖြင့် တန်ဆာဆင်ထားပြီး ရှန်မိသားစုအိမ်ရှေ့တွင် ဆိုင်းဝိုင်းများ တီးမှုတ်နေကြသည်မှာ တကယ့်ကို မင်္ဂလာရှိလှသော မြင်ကွင်းပင်။
...
အပိုင်း (၃၈)
ရှန်မိသားစု၏ မင်္ဂလာပစ္စည်းပုံးများသည် ခြံဝင်းငယ်လေးထဲတွင် ပြည့်နေပြီး လမ်းကြားထိပ်တွင် ဝေါယာဉ်တစ်စီး ရပ်ထားသည်။ ဓလေ့ထုံးစံအရ သတို့သမီးသည် အိမ်မှမထွက်မီ ခြေထောက်ကို မြေကြီးနှင့် မထိရပေ။ သို့သော် ရှန်သာ့ကျဲအာတွင် အစ်ကိုကြီး မရှိသလို ကျိအာကလည်း ငယ်သေးသည်။
ထိုနေ့က သူသည် ရှန်သာ့ကျဲအာ၏ မွေးစားအစ်ကို အနေဖြင့် သူမကို ကျောပိုးကာ ဝေါယာဉ်ပေါ် တင်ပေးခဲ့သည်။
အစိမ်းရောင် မင်္ဂလာဝတ်စုံနှင့် ယပ်တောင်ဝိုင်းလေးကို ကိုင်ထားသော ရှန်သာ့ကျဲအာသည် ပေါ့ပါးသော ပျံလွှားငှက်ငယ်လေးပမာ သူ့ကျောပေါ်သို့ မှီတွယ်လိုက်သည်။
သွယ်လျသော လက်မောင်းလေးက သူ့လည်ပင်းကို ဖက်လိုက်ချိန်တွင် ကုထူစူးမှာ မျက်ရည်ဝဲကာ မတ်တပ်ပင် မရပ်နိုင်တော့ပေ။ ယနေ့ထိတိုင် သူ ထိုနေ့ကို အမှတ်ရနေဆဲဖြစ်သည်။ အကြောင်းမှာ ထိုနေ့သည် သူနှင့် ရှန်သာ့ကျဲအာ အနီးကပ်ဆုံး ရှိခဲ့သောနေ့ ဖြစ်သလို အဝေးကွာဆုံး ဖြစ်သွားခဲ့သော နေ့လည်း ဖြစ်နေသောကြောင့်ပင်။
မင်္ဂလာတေးသွားများ ပျံ့လွင့်နေပြီး ဆွေမျိုးမိတ်ဆွေများနှင့် မင်္ဂလာဆောင်အထိန်းတော်များ၏ ဆုတောင်းသံများ ပြည့်နှက်နေသည်။ ကိုက် ၃၀ ခန့်သာ ရှိသော လမ်းခရီးကို သူသည် ခြေထောက်များ လေးလံစွာဖြင့် တရွေ့ရွေ့ လျှောက်ခဲ့ရသည်။ ဝေါယာဉ်နား ရောက်သောအခါ သူ မချပေးချင်သဖြင့် အထိန်းတော်က အကြိမ်ကြိမ် တိုက်တွန်းမှသာ အံကိုတင်းတင်းစေ့ကာ ထိုင်ချပေးလိုက်ရသည်။
ရှန်သာ့ကျဲအာ ဝေါယာဉ်ပေါ် ရောက်သွားပြီ။ သူမ၏ မျက်နှာကို မန်ဒါလီငှက်ပုံ ယပ်တောင်ဝိုင်းဖြင့် ကွယ်ထားပြီး ကြည်လင်ပြတ်သားသော အသံဖြင့် သူ့ကို နောက်ဆုံးစကား နှစ်ခွန်း ပြောခဲ့သည်။
"ကုအာ့ကော... ကျေးဇူးတင်ပါတယ်နော်”
ကုထူစူးက မတ်တပ်ရပ်လိုက်သည်။ သူသည် ခေါင်းငုံ့ထားဆဲဖြစ်ပြီး လက်ကိုဆန့်ကာ သူမ၏ အစိမ်းရောင် ဝတ်စုံပေါ်မှ တွဲလောင်းကျနေသော အဆင်တန်ဆာများကို သေသပ်အောင် ပြင်ပေးလိုက်သည်။
"အားမြောင်..." သူ့အသံများ တုန်ယင်ကာ အက်ကွဲနေ၏။ စုန့်ခေတ်တွင် အမျိုးသမီး၏ နာမည်ရင်းကို မိဘနှင့် ခင်ပွန်းသည်မှလွဲ၍ တခြားသူများ ခေါ်ဝေါ်ခွင့် မရှိပေ။ ပုံမှန်ဆိုလျှင် အစ်မကြီး၊ ညီမလေး စသည်ဖြင့်သာ ခေါ်ဝေါ်ကြသည်။ သို့သော် သူသည် သည်းမခံနိုင်တော့ဘဲ ရင်ထဲတွင် အကြိမ်ရာချီ ခေါ်ခဲ့သော နာမည်ကို ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ်အဖြစ် ထုတ်ခေါ်လိုက်မိသည်။ "ရုံမိသားစုက နင့်အပေါ် မကောင်းရင် ငါ့ကို စာရေးလိုက်နော်၊ ငါ လာပြီး နင့်ဘက်က ရပ်တည်ပေးမယ်”
ထိုအချိန်က ရှန်သာ့ကျဲအာ ကြောင်သွားပြီး ဘာမှ ပြန်မပြောနိုင်သေးခင်မှာပင် အထိန်းတော်က ဒေါသတကြီးဖြင့် သူ့ကို ဘေးသို့ တွန်းထုတ်လိုက်သည်။ "ဖယ်စမ်း... ကုမိသားစုက ကောင်လေး၊ ဒီလို မင်္ဂလာရှိတဲ့နေ့မှာ ဘာတွေ လာပြောနေတာလဲ။ ကဲ... အချိန်တော် ရောက်ပြီ၊ ဝေါယာဉ်ထွက်မယ်ဟေ့..."
သူသည် သစ်သားရုပ်၊ ရွှံ့ရုပ်တစ်ခုလို ဘေးသို့ တွန်းထုတ်ခံလိုက်ရပြီး ခြေလှမ်းပင် ယိုင်သွားခဲ့သည်။ သူသည် မိမိလက်ကို ငေးကြည့်နေမိပြီး သူ့စိတ်ထဲတွင် တွေးလိုက်မိသည်မှာ သူ လက်လွှတ်လိုက်ပြီ၊ ရှန်သာ့ကျဲအာနှင့် ဒီတစ်သက် ဝေးသွားပြီ ဟူ၍ပင်။
ဒီနေ့ကစပြီး သူမသည် သူများမယား ဖြစ်သွားပြီ။
ရင်ထဲတွင် ဆို့တက်လာပြီး မင်္ဂလာတေးသွားများ ပြန်လည် မြည်ဟည်းလာသည်။ ဗုံသံများကြားတွင် သူ ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ရာ မထင်မှတ်ထားသည်မှာ ဝေါယာဉ်၏ အနီရောင် ခန်းဆီးက ပွင့်သွားပြီး ဆူညံသံများကြားတွင် ရှန်သာ့ကျဲအာသည် ယပ်တောင်ဝိုင်းကို အောက်သို့ အနည်းငယ် လျှောချလိုက်ပြီး ပြုံးရိပ်သန်းနေသော မျက်လုံးများဖြင့် သူ့ကို တိုးတိုးလေး လှမ်းခေါ်လိုက်သည်။
"ကုအာ့ကော... ငါ သွားတော့မယ်၊ ဂရုစိုက်နော်”
နှဲသံများ စူးရှစွာ ထွက်ပေါ်လာပြီး ဗုံသံ၊ လင်းကွင်းသံများ၊ ဗြောက်အိုးသံများ ဆူညံသွားကာ ရှန်သာ့ကျဲအာ၏ အသံသည်လည်း အပိုင်းပိုင်းအစစ ဖြစ်ကာ လေထဲတွင် ပျောက်ကွယ်သွားတော့သည်။ ဝေါယာဉ်သည် ယိမ်းထိုးလျက် ထွက်ခွာသွားပြီး သူနှင့် ရင်းနှီးသော၊ နူးညံ့သော မျက်ဝန်းတစ်စုံသည်လည်း လှုပ်ခါနေသော ကန့်လန့်ကာ နောက်ကွယ်တွင် ပျောက်ကွယ်သွားလေတော့သည်။
ထိုရုတ်တရက် ဖြစ်ပေါ်လာသော ခံစားချက်သည်လည်း ထိုမျက်ဝန်းများထဲတွင် ပျောက်ကွယ်သွားလေသည်။
ဟုတ်ပါတယ်၊ ဘာပဲဖြစ်ဖြစ် သူမ ကောင်းစားပါစေ၊ တစ်သက်လုံး ကောင်းစားပါစေလို့ သူ မျှော်လင့်ပါတယ်။
ဝမ်းနည်းစရာ ကောင်းသည်မှာ နောက်ဆုံးတွင် ဆုတောင်းမပြည့်ခဲ့ပေ။
ရှန်မိသားစု ပျက်စီးသွားပြီး ရှန်သာ့ကျဲအာ တစ်ယောက်တည်း ပြန်ရောက်လာသည်။ သို့သော် လွန်ခဲ့သော ၃ နှစ်က လွှတ်လိုက်သော လက်သည် ပြန်ဆွဲလို့ မရတော့ပေ။ အဲဒီတုန်းက သူသည် နိမ့်ကျသည်ဟု ခံယူပြီး ခန့်ညားချောမောသော စာတတ်ပေတတ် ရုံသာ့လန်နှင့် ယှဉ်ပြိုင်ရန် သတ္တိမရှိခဲ့ခြင်းကို အပြစ်တင်ရမည်လား။ အကယ်၍ သူ သတ္တိရှိခဲ့မယ်ဆိုရင်... အကယ်၍ သူသာ စောစောစီးစီး ဖွင့်ပြောခဲ့မယ်ဆိုရင်... ဘယ်လောက်ကောင်းလိုက်မလဲ။
အခုတော့... နောင်တရလည်း အချိန်လွန်သွားပြီ။
သူသည် ခေါင်းမော့ကာ သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီး မျက်လုံးကို လက်ဖြင့် ပွတ်သပ်လိုက်သည်။ နောက်ထပ် မော့မကြည့်တော့ဘဲ လှည့်ထွက်ကာ အိမ်တံခါးကို ပိတ်လိုက်တော့သည်။
.........
ရှန်မြောင်သည်လည်း ပြောချင်တာ ပြောလိုက်ရသဖြင့် စိတ်ပေါ့ပါးသွားတော့သည်။ သူမသည် ဘယ်သူ့ကိုမှ မထိခိုက်စေချင်သော်လည်း တစ်ခါတစ်ရံတွင် မိမိနှလုံးသားနှင့် ဆန့်ကျင်ပြီး ဟန်ဆောင်နေလို့ မရပေ။ ဟင်းချက်ရာတွင် ဟန်ဆောင်လို့ မရသလို ဘဝကို ဖြတ်သန်းရာတွင်လည်း ဟန်ဆောင်လို့ မရဟု သူမ ခံယူထားသည်။
သူမသည် လက်ကို လွှဲကာ မီးဖိုချောင်ထဲသို့ ပေါ့ပါးစွာ ဝင်သွားပြီး ဓားကိုင်လိုက်သည်နှင့် အကျင့်ပါနေသော လက်က ဓားကို လှပစွာ လှည့်လိုက်မိသည်။ စိတ်လည်း ငြိမ်သက်သွားသည်။
မတွေးတော့ဘူး၊ ဒီနေ့ နေ့လယ်စာအတွက် ကြက်သွန်မြိတ်ဝက်သားလိပ် လုပ်စားမယ်။
သူမသည် ဓားသံ တဒုန်းဒုန်းမြည်အောင် အသားစဥ်းလိုက်သည်။ ဝက်သားလိပ် လုပ်ရသည်မှာ ရိုးရှင်းသည်။ ဂျုံမှုန့်ကို ရေနှင့်နယ်ပြီး ၁၅ မိနစ်ခန့် နှပ်ထားလိုက်လျှင် သုံးလို့ရပြီ။ အသားကို နှုတ်နှုတ်စင်း၊ ဆား၊ ဆီ၊ ပဲငံပြာရည်နှင့် ကြိုတင် ပြုလုပ်ထားသော ဟင်းခတ်အမွှေးအကြိုင် ၁၃ မျိုး ပါဝင်သည့် အမှုန့်ကို ထည့်၊ ကြက်သွန်မြိတ်ထည့်ပြီး သမအောင် မွှေလိုက်သည်။ ဂျုံနယ်ထားသည်ကို ပါးနိုင်သမျှ ပါးအောင် လှိမ့်လိုက်သည်။ စက္ကူလို ပါးသွားပြီဆိုလျှင် သုံးလို့ရပြီ။
ထိုအချိန်တွင် အသားအနှစ်ကို ဂျုံပြားပေါ်တွင် ညီညာအောင် သုတ်လိမ်းပြီး အလွှာလိုက် လိပ်လိုက်သည်။ အတုံးလေးများ တုံးပြီး ပေါင်းအိုးထဲထည့်ကာ ၁၅ မိနစ်ခန့် ပေါင်းလိုက်လျှင် စားလို့ရပြီ ဖြစ်သည်။
ကျက်သွားသော ဝက်သားလိပ်ကို ကိုက်လိုက်လျှင် နူးညံ့ပြီး အသားနံ့ မွှေးကြိုင်နေသည်။ အသားအနှစ်များ အပြည့်ပါဝင်ပြီး အချဉ်ရည်နှင့် တို့စားလျှင် ပို၍ အရသာရှိလှသည်။
ကြက်သွန်မြိတ်ဝက်သားအရသာအပြင် မုန်ညင်းချဉ်ဝက်သား၊ ပဲငပိဝက်သား၊ အစပ်ဝက်သား စသည်ဖြင့် အမျိုးမျိုး လုပ်စားနိုင်သည်။ ဘယ်အရသာမဆို ကောင်းမွန်လှပြီး ရှန်မြောင်အတွက်မူ တစ်ကိုက်စားလိုက်သည်နှင့် မူးမေ့လဲသွားလောက်အောင် အရသာရှိသည်ဟု သတ်မှတ်ထားလေသည်။
ပေါင်းအိုးပေါ် တင်လိုက်သည်နှင့် ရှန်းအာတစ်ယောက် အနံ့ရပြီး ရောက်လာတော့သည်။
သူမသည် အိမ်ထဲတွင် အလုပ်ရှုပ်နေသဖြင့် စောစောက ကုထူစူးနှင့် စကားပြောနေသည်ကို လမ်းထိပ်တွင် ရပ်နားထောင်နေသူ ရှိကြောင်း သတိမထားမိလိုက်ပေ။
လူစည်ကားသော ဈေးလမ်းမပေါ်တွင် ရှဲ့ချီသည် ကြိမ်စာအုပ်သေတ္တာကြီးကို လွယ်ထားပြီး ဘေးတွင် ယန့်ရှူးက လက်ဗလာနှင့် လိုက်ပါလာသည်။ ချိုးဟောင်ကမူ အမွေးပြောင်လက်နေသော မြည်းနက်တစ်ကောင်ကို ဇွဲကောင်းကောင်းဖြင့် ဆွဲလာပြီး တခြားလက်တစ်ဖက်ဖြင့် မြည်းပေါ်တင်ထားသော အိပ်ရာလိပ်နှင့် စာအုပ်သေတ္တာနှစ်လုံးကို ထိန်းထားသည်။ သူတို့ သုံးယောက်နှင့် မြည်းတစ်ကောင်သည် ယန်လျိုအရှေ့လမ်းကြားမှ ထွက်ခွာလာပြီး စည်ကားသော ဈေးလမ်းမထဲသို့ ရောက်ရှိလာကြသည်။
ယန့်ရှူးက စိတ်ပျက်လက်ပျက် မေးလိုက်သည်။
"ကျိုကော... စောစောက ဘာလို့ ရှန်ညန်ဇီကို မတားလိုက်တာလဲ။ ကျွန်တော်တို့ ဒီကို သက်သက်လာတာလေ၊ ဆရာကြီးယောင်ကို ကန်တော့ဖို့ ဘဲဥဆားငန်မုန့် လာဝယ်တာ မဟုတ်ဘူးလား”
ထိုနေ့က ရှန်ညန်ဇီ ပေးလိုက်သော ဘဲဥဆားငန်မုန့်ကို ရှဲ့ချီသည် စားသောက်ပွဲမှ ပြန်ရောက်ပြီး မြည်းစမ်းကြည့်ရာ အလွန်ကောင်းမွန်ကြောင်း ချီးကျူးခဲ့သည်။ သူကိုယ်တိုင်ပင် နှမြောသဖြင့် ၂ ခုသာ စားပြီး ကျန်တာများကို အမေနှင့် အဘွားထံ ပို့လိုက်သည်။
သူက အစေခံဖြစ်သော်လည်း ကျိုကော၏ ဆုချမှုကြောင့် တစ်ဝက်တိတိ စားလိုက်ရသည်။
ထိုတစ်ဝက် စားလိုက်ရသည်ကို ယနေ့ထိ တသသ ဖြစ်နေခဲ့ရသည်။
ရှဲ့ချီက ပြန်မဖြေဘဲ ငေးငိုင်နေပြီး ခဏကြာမှ ပြုံးလိုက်သည်။
'ငါ့ကံကြမ္မာ ငါဖန်တီးမယ်၊ မိုးနတ်မင်း ဖန်တီးတာ မဟုတ်ဘူး... တကယ် ကောင်းတဲ့ စကားပဲ၊ ဒါပေမဲ့ ဘယ်ပြဇာတ်ထဲကလဲ မသိဘူး။ ပြန့်ကျင်းက ပြဇာတ်တွေထဲမှာ မကြားဖူးပါဘူး၊ ဧကန္တ ကျင်းလင်က ပြဇာတ်များလား။ ဘာဇာတ်လမ်းလဲဆိုတာ နားထောင်ကြည့်ချင်သားပဲ။'
ချိုးဟောင်သည် တဒုန်းဒုန်း လျှောက်နေသော မြည်းကို မနည်းဆွဲနေရသည်။ ယန့်ရှူးကလည်း မြည်းဖင်ကို ပုတ်ရင်း တိုးတိုးလေး ညည်းတွားနေသည်။
"မြည်းငတုံး... လိမ္မာစမ်းပါ၊ မြန်မြန်လျှောက်၊ ချိုးဟောင်... သူ့ကို ကြာပွတ်နဲ့ တစ်ချက်လောက် ရိုက်လိုက်ပါလား၊ ဒါဆို ငြိမ်သွားမှာ... ကျိုကော... သခင်မကြီးက စားသောက်ပွဲအတွက် အိမ်က လှည်းတွေ အကုန်လုံး အပြင်လွှတ်လိုက်တယ်၊ အခု ကျွန်တော်တို့ မြို့ပြင်ရောက်တဲ့အထိ လမ်းလျှောက်ရတော့မယ်၊ ကျောင်းရောက်ရင် မိုးတောင် ချုပ်တော့မယ်”
ချိုးဟောင်က မြည်းကို မနည်း ထိန်းလိုက်ရပြီး ယန့်ရှူးကို လှမ်းဆူလိုက်သည်။
"သခင်မကြီးကိုတောင် မင်းက အပြစ်ပြောရဲသေးတယ်၊ အိမ်တော်ထိန်းကျန့် သိသွားရင် မင်း အရိုက်ခံရတော့မယ်”
ယန့်ရှူးက နှုတ်ခမ်းဆူပြီး "ငါ အရိုက်ခံရရင် မင်းတိုင်လို့ပဲ နေမှာ" ဟု ပြန်ပြောလိုက်သည်။
ချိုးဟောင်က မျက်စောင်းထိုးလိုက်ပြီး သူ့ကို ဂရုမစိုက်တော့ဘဲ မြည်းကို အတင်းဆွဲကာ ရှေ့က ထွက်သွားတော့သည်။
ရှဲ့ချီသည် စာသင်သားအကူနှစ်ယောက်၏ ရန်ပွဲကို ဂရုမစိုက်ဘဲ လမ်းလျှောက်ရင်း ရေရွတ်နေမိသည်။
"ကံကောင်းတာပဲဖြစ်ဖြစ်၊ ကံဆိုးတာပဲဖြစ်ဖြစ် ကံကြမ္မာပေးတဲ့ အခက်အခဲတွေကို လက်ခံရမယ်၊ ဘယ်သူမှ တစ်သက်လုံး ကံဆိုးမနေဘူးလို့ ယုံကြည်တယ်... ရှန်ညန်ဇီ ပြောတာ သိပ်မှန်တာပဲ”
ယန့်ရှူးသည် ထိုအချိန်ကျမှ သူ့သခင်က သူ့စကားကို နားမထောင်မှန်း သိလိုက်ရပြီး ပါးဖောင်းကာ စိတ်ထဲတွင် ကျိတ်ပြောနေမိသည်။ 'တစ်သက်လုံး ကံဆိုးမနေဘူးဆိုတာတော့ မသိဘူး၊ တစ်ဝက်လောက် ကံဆိုးနေတဲ့သူကတော့ ဒီမှာ တစ်ယောက်ရှိတယ်။'
သခင်နှင့် ကျွန် သုံးယောက်သည် လမ်းတစ်လမ်း ကျော်လာခဲ့ကြသည်။ ကျင်းလျန်တံတားကို မမြင်ရတော့ပေ။ ထိုအချိန်မှ ရှဲ့ချီ သတိဝင်လာပြီး ယန့်ရှူးကို ပြောလိုက်သည်။
"သြော်... ဟုတ်သားပဲ၊ ဘဲဥဆားငန်မုန့် မဝယ်ရသေးဘူးပဲ..."
ယန့်ရှူး ဒေါသထွက်ပြီး သွားကြိတ်လိုက်သည်။ "...အခု ပြန်သွားရင်လည်း နောက်ကျနေပြီ”
ရှဲ့ချီ စဉ်းစားလိုက်ပြီး လမ်းဘေးတွင် ထိုင်နေသော အလုပ်လက်မဲ့ တစ်ယောက်ကို ခေါ်ကာ ပိုက်ဆံပေးပြီး ရှဲ့အိမ်တော်သို့ သတင်းပို့ခိုင်းလိုက်သည်။ ထိုလူသည် ရှီးကျုံးကူလမ်းကြားမှ ရှဲ့အိမ်တော်မှန်း သိလိုက်သောအခါ မလှည့်စားရဲဘဲ ခေါင်းညိတ် လက်ခံပြီး ပြေးထွက်သွားလေသည်။
"အိမ်တော်ထိန်းကျန့်ကို လူလွှတ်ပြီး ရှန်ညန်ဇီအိမ်က မုန့်ဝယ်ခိုင်းလိုက်မယ်၊ ပြီးရင် ကျောင်းကို လာပို့ခိုင်းလိုက်ရင် ရပြီ။ ကျွန်တော်တို့ အခု သွားဝယ်ရင်တောင် ရှန်ညန်ဇီက ချက်ချင်း လုပ်ပေးနိုင်မှာ မဟုတ်ဘူး” ရှဲ့ချီသည် မုန့်စားချင်ရုံသက်သက်ဖြင့် လူပင်ပန်းခံ စီစဉ်နေသည်ကို မသိစေချင်သော်လည်း ယခုတော့ မတတ်နိုင်တော့ပေ။
ယန့်ရှူး ချက်ချင်း ပြုံးဖြီးသွားပြီး ရှဲ့ချီ၏ အင်္ကျီလက်စကို ဆွဲကာ တောင်းဆိုလိုက်သည်။
"အဲဒီ ဘဲဥဆားငန်မုန့်က တကယ် စားကောင်းတာ၊ ဟိုတစ်ခါ စားပြီးကတည်းက စွဲနေတာ၊ ဒီတစ်ခါ ကျိုကော ကျွန်တော့်အတွက် တစ်ခုလောက် ချန်ပေးနော်၊ မရရင်တောင် တစ်ခုဆို ရပြီ”
"ငါက ဘယ်တုန်းက မင်းကို ငတ်ထားဖူးလို့လဲ၊ မြန်မြန်လျှောက်စမ်းပါ၊ ဒီလို အချိန်ဆွဲနေရင် မင်း ဘယ်လို ပြန်လာမလဲ ကြည့်ရသေးတာပေါ့”
သူတို့ သုံးယောက်သား ဝေးရာသို့ ထွက်ခွာသွားကြလေသည်။ တစ်နာရီကျော် ကြာသောအခါ ယန်လျိုအရှေ့လမ်းကြားထိပ်တွင် မြင်းလှည်းသံ၊ မြင်းဟီသံများ ဆူညံသွားသည်။ လမ်းကြားထဲမှ အိမ်နီးချင်းများ တံခါး၊ ပြတင်းပေါက်များကို ဟကာ အပြင်သို့ ချောင်းကြည့်ကြသည်။
အို... ရှန်မိသားစု အိမ်ရှေ့တွင် ဝတ်ကောင်းစားလှနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ရပ်နေသည်။ ဟိုတစ်ခါ လာတဲ့ ရှဲ့အိမ်တော်က အိမ်တော်ထိန်းကျန့် မဟုတ်လား။ သူ ရှန်မိသားစုတံခါးကို လာခေါက်ပြန်ပြီ။ လူတိုင်း စိတ်ဝင်စားသွားကြပြီး တချို့က မနေနိုင်ဘဲ တံခါးဖွင့်ပြီး ထွက်ကြည့်ကြသည်။
ရှန်မြောင် တံခါးဖွင့်လိုက်ပြီး အိမ်တော်ထိန်းကျန့်ကို မြင်လိုက်ရသဖြင့် ကြောင်သွားတော့သည်။ ထို့နောက် အိမ်နီးချင်းများ၏ စပ်စုသော မျက်လုံးများကို သတိထားမိလိုက်ပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ မနက်က ပြောခဲ့တာတွေ သဲထဲရေသွန် ဖြစ်ကုန်ပြီ။ ဒီတစ်ခါတော့ မြစ်ဝါမြစ်ထဲ ခုန်ချပြီး ဆေးရင်တောင် စင်တော့မည် မဟုတ်ပေ။
သို့သော် ရှန်မြောင်သည် ယဉ်ကျေးစွာ နှုတ်ဆက်မေးမြန်းလိုက်သည်။
"အိမ်တော်ထိန်းကျန့်... ဘာကိစ္စ ရှိလို့ပါလဲရှင်”
အိမ်တော်ထိန်းကျန့်က ဟက်ဟက်ပက်ပက် ရယ်မောပြီး ပြောလိုက်သည်။ "သတင်းကောင်း နှစ်ခု ပါလာပါတယ်၊ တစ်ခုက ကျွန်တော်တို့ ကျိုကောက လူလွှတ်ပြီး ဘဲဥဆားငန်မုန့် ၅၀ မှာခိုင်းလိုက်လို့ပါ၊ ကျောင်းက ဆရာတွေကို လက်ဆောင်ပေးချင်လို့တဲ့။ ဒုတိယတစ်ခုက ကျွန်တော်တို့ သခင်မကြီးက ဟိုတစ်လောက ရှန်ညန်ဇီရဲ့ ဘဲဥဆားငန်မုန့်ကို စားပြီး အရမ်း သဘောကျနေတယ်၊ အိမ်က စားဖိုမှူးဖန်းက ဘယ်လိုလုပ်လုပ် မတူဘူး ဖြစ်နေတယ်၊ ဒါကြောင့် သခင်မကြီးက ရှန်ညန်ဇီဆီကနေ မုန့်လုပ်နည်းကို ဝယ်လို့ရမလားဆိုပြီး မေးခိုင်းလိုက်တာပါ၊ ဒါမှ နောက်ဆို အိမ်မှာပဲ လုပ်စားလို့ ရအောင်လို့လေ”
သူမ ရှဲ့ကျိုကောကို လက်ဆောင်ပေးလိုက်တာက တစ်အိမ်လုံးကို ကြော်ငြာပေးလိုက်သလို ဖြစ်သွားပြီ။ ရှန်မြောင် ဝမ်းသာသွားပြီး မျက်နှာထား ချက်ချင်း ပြောင်းကာ တံခါးကို ကျယ်ကျယ်ဖွင့်ပေးလိုက်သည်။
အရင်တုန်းက ဆိုင်ရှင်ဝေ့က သူ့ဆိုင်ကို ပြိုင်ဆိုင်လာမှာစိုးလို့ ပဲနီမုန့်တန်း လုပ်နည်းကို မဝယ်ခဲ့ပေမယ့် ရှဲ့မိသားစုကတော့ မတူဘူးလေ။ သူတို့က စီးပွားရေး လုပ်မှာမှ မဟုတ်တာ။
သူမသည် မျက်လုံးများ အရောင်တောက်လာပြီး အိမ်တော်ထိန်းကျန့်ကို အိမ်ထဲသို့ ဖိတ်ခေါ်လိုက်သည်။
"သြော်... ဒီလိုလား၊ အိမ်ထဲကြွပြီး အေးဆေး ဆွေးနွေးကြတာပေါ့... ကျိအာ... ကျိအာ... စာမဖတ်နဲ့ဦး၊ ဧည့်သည်ကို လက်ဖက်ရည် လာတိုက်ပါဦး။ ရှန်းအာ... ကြက်ကို လွှတ်လိုက်တော့၊ ကြက်က အမွေးတွေ ကျွတ်ကုန်ပြီ၊ မီးဖိုချောင်ထဲက မုန့်အခြောက်တွေ သွားယူပြီး ဧည့်ခံလိုက်၊ လက်ဆေးဖို့ မမေ့နဲ့နော်”
ချမ်းသာခြင်းနတ်ဘုရားက ကိုယ်တိုင် ထပ်ရောက်လာတာလေ။ ကောလာဟလတွေ ဂရုစိုက်မနေပါဘူး။
...