အခန်း (၃၉-၄၀)
Vol. 4 Ch. 39-40
အပိုင်း (၃၉) ချူချီမုန့် (ကွတ်ကီး)
ရှဲ့အိမ်တော်မှ အစေခံသည် ရှန်အိမ်ရှေ့တွင် စကားနှစ်ခွန်းခန့်သာ ပြောရသေးခင်မှာပင် ရှန်မြောင်က သူ့ကို အိမ်ထဲသို့ ဖိတ်ခေါ်လိုက်လေသည်။ ထို့နောက် ခြံတံခါးကို "ဝုန်း" ခနဲ ပိတ်လိုက်ရာ အပြင်ဘက်တွင် ချောင်းမြောင်းကြည့်ရှုနေကြသူများမှာ လန့်သွားကြတော့သည်။
အရင်က ရှန်မြောင်သည် ရှဲ့အိမ်တော်သခင်မ၏ မျက်နှာသာပေးမှုကို ခံရသဖြင့်သာ ရှဲ့အိမ်တော်သို့သွားပြီး ပဲနီဌာပနာပေါက်စီများကို ကင်ပေးခဲ့ရကြောင်း၊ အိမ်တော်ထိန်းကျန့်နှင့် ဘာမှမပတ်သက်ကြောင်း အကြိမ်ကြိမ် ရှင်းပြခဲ့ဖူးသည်။ သို့သော် ဘယ်သူကမှ မယုံကြည်ခဲ့ကြပေ။
ရှဲ့အိမ်တော်လို ဂုဏ်သရေရှိအိမ်တော်မျိုးတွင် အစေခံများ ဝန်းရံလျက် ချမ်းသာကြွယ်ဝပြီး အရသာရှိသော အစားအစာများကို စားသုံးနေကြသည့် လူကုန်ထံများက လမ်းဘေးဈေးသည်တစ်ယောက်၏ အစားအစာများကို အဘယ်မှာ လှည့်ကြည့်ပါမည်နည်း။ သို့သော် ၃ ရက်ဆက်တိုက် မိုးရွာနေသည့်ကြားမှ လှည်းအကြိုအပို့ဖြင့် ခေါ်ယူနေသည်မှာလည်း အမှန်ပင် ဖြစ်နေပြန်သည်။
ယခု အိမ်တော်ထိန်းကျန့် ပြောစကားအရ ရှဲ့အိမ်တော်မှ လူကုန်ထံများသည် ရှန်မြောင်၏ လက်ရာကို အလွန်နှစ်သက်သဖြင့် ထပ်ခါတလဲလဲ လာရောက်ဝယ်ယူကြသည် ဆိုသည်မှာ အမှန်တကယ် ဖြစ်နေလေသည်။
ရှန်သာ့ကျဲအာရဲ့လက်ရာက တကယ်ရော အဲဒီလောက်ကောင်းလို့လား။ သူတို့တွေက အိမ်နီးချင်းတွေဖြစ်ကြပေမယ့် ဘယ်သူကမှ တံတားထိပ်က ရှန်သာ့ကျဲအာရဲ့ဆိုင်ကို သွားအားမပေးကြဘူး။ ဘာလို့လဲဆိုတော့ ရှန်သာ့ကျဲအာလုပ်တဲ့ ပဲနီဌာပနာပေါက်စီနဲ့ ပေါင်မုန့်တွေက စျေးမပေါဘူးလေ။ တစ်ခုကို ၈ ဝမ် တောင် ပေးရတာ။ ၈ ဝမ်ဆိုတာ ဂျုံကြမ်းတစ်ပြည်လောက် ဝယ်လို့ရတဲ့ စျေးပဲ။
အရင်တုန်းက ရှန်သာ့ကျဲအာရဲ့အဖေ ဖွင့်ခဲ့တဲ့ ရှန်မိသားစုခေါက်ဆွဲဆိုင်တုန်းကတော့ သူတို့တွေ သွားစားဖြစ်ကြပါတယ်။ ရှန်သာ့ကျဲအာအဖေရဲ့လက်ရာက မဆိုးဘူးလေ။ ပြီးတော့ ပမာဏများပြီး စျေးတန်တယ်။ ဒါပေမဲ့... လူကုန်ထံတွေ စွဲလမ်းသွားလောက်တဲ့အထိ ကောင်းတာမျိုးတော့ မဟုတ်ပါဘူး။
ပြီးတော့ အဲဒီအစေခံက ရှဲ့ကျိုကော ဆိုတဲ့ နာမည်ကို ထုတ်ပြောသွားတာ ကြားလိုက်သလိုပဲ။ ရှဲ့မိသားစုရဲ့ သခင်လေး ဖြစ်နေမလား။
ရှန်မြောင်က ရုပ်ရည်လေး သန့်ပြန့်ပြီး မုန့်လုပ်တတ်တာကလွဲရင် နာမည်ပျက်ရှိတဲ့ မိန်းမလေ။ သူက ဘယ်လိုလုပ်ပြီး ဒီလိုအခွင့်အရေးမျိုး ရနိုင်မှာလဲ။ အိမ်တော်ထိန်းကျန့်က ယဉ်ကျေးမှုအရ ပြောတာပဲ ဖြစ်မှာပါ။
သမီးပျိုရှိသော အိမ်နီးချင်းအချို့မှာ ထိုအကြောင်းကို တွေးပြီး မနာလိုဝန်တိုစိတ်များ ဖြစ်ပေါ်လာကြတော့သည်။
အချို့သော အလုပ်မရှိ အကိုင်မရှိသူများက တံခါးပိတ်သွားသည်တိုင် အိမ်ထဲမဝင်ချင်ကြသေးပေ။ အိမ်မှ ထမင်းပန်းကန်များ ယူလာပြီး ရှန်အိမ်တံခါးဝတွင် ထိုင်စားကာ ဘာသံမှ မကြားရသော်လည်း သူတို့ ဘယ်အချိန်ပြန်မလဲ ဆိုသည်ကို စောင့်ကြည့်နေကြလေသည်။
ရှန်မြောင်ကတော့ ထိုအကြည့်များကို လုံးဝ ဂရုမစိုက်ပေ။ သူမသည် အကဲဆတ်သူဖြစ်ပြီး အရင်ဘဝကတည်းက တစ်ဖက်သား၏ မျက်လုံးထဲမှ ခံစားချက်များနှင့် မပြောပြသော စကားများကို အလွယ်တကူ နားလည်နိုင်သူ ဖြစ်သည်။ ထို့ပြင် စားသောက်ဆိုင်ဖွင့်ဖူးသဖြင့် လူပေါင်းစုံနှင့် ဆက်ဆံဖူးရာ လူ့သဘောသဘာဝကို ကောင်းကောင်း နားလည်သည်။ ယခု လမ်းကြားတစ်ခုတည်း အတူနေထိုင်ကြသူ အများစုမှာလည်း ဈေးသည်များဖြစ်ကြရာ မျက်နှာချင်းဆိုင် တွေ့နေရသူများ ဖြစ်သည်။ အစပိုင်းတွင် ရှန်မိသားစု ကျဆင်းသွားသဖြင့် သူတို့ သနားခဲ့ကြသော်လည်း ယခု အချိန်တိုအတွင်း သူမ ငွေရှာနိုင်လာပြီး ဖောက်သည်ကြီးများ ရလာသည်ကို မြင်သောအခါ မနာလို ဖြစ်လာကြခြင်းပင်။
သူတို့သည် သူမ၏ မိုးချုပ်မိုးလင်း အလုပ်လုပ်ရသော ပင်ပန်းမှုများနှင့် တစ်ယောက်တည်း ရုန်းကန်နေရသော ဝန်ထုပ်ဝန်ပိုးများကို မမြင်ကြပေ။ သူမ၏ ရုပ်ရည်လှပမှုကြောင့် ရှဲ့အိမ်တော်နှင့် တံတားထိပ်မှ စားသုံးသူများက ထပ်ခါတလဲလဲ လာရောက်အားပေးသည်ဟုသာ ထင်မြင်ကြသည်။ ကြိုးစားအားထုတ်မှုအားလုံးသည် အစွဲအလမ်းနှင့် မနာလိုမှုများ၏အောက်တွင် အမြဲတမ်း ရှုံးနိမ့်ရစမြဲပင်။
‘သူတို့တွေက ငါ့ကို မနာလိုဖြစ်နေကြတာပဲ။ စကားပုံတစ်ခုရှိသလိုပေါ့... ညီအစ်ကိုတွေ ဒုက္ခရောက်မှာကြောက်တယ်၊ ညီအစ်ကိုတွေ Land Rover မောင်းမှာကို ပိုကြောက်တယ် တဲ့။ ငါက ကောင်းစားနေတာကို သူတို့ မမြင်ချင်ကြဘူး။’
ထို့ပြင် သူမနှင့် သူတို့က "ညီအစ်ကို" ဟု ခေါ်လောက်သည့် ပတ်သက်မှုလည်း မရှိပေ။
သာမန်စိတ်ထားရုံသာ ရှိတော့သည်။
တခြားသူများ၏ အမြင်တွင် ရှိနေသော ပုံရိပ်သည် အစစ်အမှန်၏ တစ်ပုံတစ်ပုံမျှပင် မရှိပေ။ ရှန်မြောင်သည် အရင်ဘဝက မိသားစု၏ ချစ်ခြင်းမေတ္တာဖြင့် ကြီးပြင်းလာသူဖြစ်ရာ မိမိကိုယ်ကို သံသယဝင်လေ့ မရှိပေ။ သူမကို မကြိုက်သူများကသာ ပြဿနာရှိသည်ဟု ယူဆလိုက်သည်။ လူအချင်းချင်း ရေစက်ပါမှ ဆုံတွေ့ရပြီး ရေစက်ကုန်လျှင် လမ်းခွဲရမည်သာ ဖြစ်ရာ အရာရာကို အတင်းအကျပ် တောင်းဆိုနေစရာ မလိုပေ။
ဒါတွေက အသေးအဖွဲကိစ္စတွေပါ။ အရေးကြီးတာက... ရှန်မြောင်သည် ကျိအာယူလာပေးသည့် လက်ဖက်ရည်ကို အိမ်တော်ထိန်းကျန့်ရှေ့သို့ တိုးပေးလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
"အိမ်တော်ထိန်းကျန့် မြည်းကြည့်ပါဦး၊ ဒါက ကျွန်မ အသစ်လုပ်ထားတဲ့ မုန့်ပါ၊ ဝက်ဆီရယ် သကြားရယ် ကြက်ဥရယ်နဲ့ လုပ်ထားတာပါ"
အိမ်တော်ထိန်းကျန့်က ယဉ်ကျေးစွာ ကျေးဇူးတင်စကား ပြောလိုက်ပြီး ရွှေအိုရောင် မုန့်လေးတစ်ချပ်ကို ကောက်ယူလိုက်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
ခြံဝင်းထဲတွင် သန့်ရှင်းနေသည်။ ထောင့်တစ်နေရာတွင် မီးခိုးထွက်နေသော မီးဖိုတစ်ခုရှိပြီး အခြားတစ်ဖက်တွင် အုတ်ကျိုးအုတ်ပဲ့များဖြင့် လုပ်ထားသော ကြက်ခြံရှိသည်။ ကြက်ပေါက်စ ၃ ကောင်က အစာရှာရန် ခြံဝင်းထဲတွင် ပြေးလွှားနေကြသည်။
ခြံဝင်းထဲတွင် အနည်းငယ် ဟာလာဟင်းလင်း ဖြစ်နေသော်လည်း သပ်ရပ်နေသည်။ သို့သော် တောင်ဘက်စင်္ကြံလမ်းနှင့် အခန်း ၃ ခန်းမှာ မီးလောင်ထားသဖြင့် အိမ်တိုင်များသာ ကျန်တော့သည်။ မီးဖိုချောင်တစ်ခုသာ မီးလောင်ဒဏ် မသင့်ဘဲ ကျန်ရစ်ခဲ့သည်။ ရှေ့ဘက်ကို ကြည့်လိုက်လျှင်လည်း မီးလောင်ထားသော တံခါးတစ်ချပ်ကို တွေ့ရသည်။ အိမ်တစ်အိမ်လုံးတွင် ခြံစည်းရိုးမှလွဲ၍ ကျန်သော နံရံများမှာ မီးခိုးမှိုင်းများ စွဲနေသည်။
စောစောက အပြင်ဘက်တွင် ခြံစည်းရိုးနှင့် တံခါး၊ ပြတင်းပေါက်များက အသစ်စက်စက်ဖြစ်နေပြီး တံခါးရှေ့တွင် ပန်းအိုးများပင် စိုက်ထားသေးရာ အတွင်းထဲတွင် ဤမျှ ပျက်စီးနေလိမ့်မည်ဟု ထင်မထားမိပေ။
ရှန်အိမ်၏ ဟာလာဟင်းလင်း ဖြစ်နေမှုက သူ့ကို အံ့သြသွားစေသော်လည်း သူသည် ခေါင်းငုံ့ပြီး မုန့်စားလိုက်ရင်း မျက်လုံးထဲမှ သနားဂရုဏာသက်သည့် အရိပ်အယောင်များကို ဖုံးကွယ်ထားလိုက်သည်။ သို့သော် တစ်ကိုက် ကိုက်လိုက်သည်နှင့် ကြွပ်ရွမွှေးကြိုင်သော အရသာကြောင့် လျှာကိုပင် ကိုက်မိမတတ် အံ့သြသွားတော့သည်။
"ဒီမုန့်လေးက အရမ်းစားကောင်းတာပဲ။ ခုနက ရှန်ညန်ဇီ ဘာပြောလိုက်တာလဲ၊ ဒါကို... ချူ... ချူချီမုန့် လို့ ခေါ်တယ်ဟုတ်လား၊ ဘာလို့ ချူချီမုန့် လို့ ခေါ်တာလဲ"
အိမ်တော်ထိန်းကျန့်က သံသယဖြစ်သော်လည်း ခေါင်းတညိတ်ညိတ်ဖြင့် ချီးကျူးလိုက်သည်။
"တကယ်ကို မွှေးပြီး ကြွပ်ရွနေတာပဲ။ ရှန်ညန်ဇီ ဒါကို ဘယ်လိုလုပ်တာလဲ"
"ကွေ့ကောက်နေတဲ့ တောင်ပေါ်လမ်းကလေးနဲ့ မတူဘူးလား" ရှန်မြောင်က ပြုံးလိုက်သည်။ သူမသည် ဦးနှောက်ကို အမြန်အဆန် အလုပ်ပေးလိုက်ပြီး ကွတ်ကီး ဆိုသည့် အနောက်တိုင်းနာမည်ကို တရုတ်ရနံ့ပါသည့် အဓိပ္ပာယ်ဖွင့်ဆိုချက် ပေးလိုက်လေသည်။ ထို့နောက် အခွင့်ကောင်းယူပြီး စကားလမ်းကြောင်း လွှဲကာ အလုပ်ကိစ္စ ပြောလိုက်သည်။
"ဒီမုန့်လုပ်ရတာ လွယ်ပါတယ်၊ လုပ်နည်း အမျိုးမျိုးရှိသလို အရသာလည်း အမျိုးမျိုး ရနိုင်ပါတယ်၊ ဒီလိုမုန့်မျိုးက တကယ် ရှားပါးတယ်၊ အိမ်တော်ထိန်းကျန့်က မုန့်လုပ်နည်း လာဝယ်တာဆိုတော့ ဒီ ချူချီမုန့် လုပ်နည်းကိုပါ တစ်ခါတည်း ဝယ်သွားပါလား"
ချူချီမုန့်၏ နို့နံ့သင်းပျံ့မှုမှာ ထောပတ်ကြောင့် ဖြစ်သည်။ ထောပတ်ကို နွားနို့ဖြင့် ပြုလုပ်ရသည်။ သို့သော် နွားနို့က စျေးကြီးလွန်းသဖြင့် ရှန်မြောင်က ဝက်ဆီဖြင့် အစားထိုးလိုက်သည်။ ဆီထဲတွင် သကြားထည့်ကာ လက်ဖြင့်မွှေပြီး ပျော်သွားသောအခါ ကြက်ဥထည့်ကာ သမအောင် ထပ်မွှေရသည်။ ထို့နောက် ဂျုံမှုန့်ထည့်ကာ နယ်ပြီး ဆီစိမ်စက္ကူကိုသုံးကာ ခေါက်ထားသော အိတ်ဖြင့် ပုံဖော်ပြီး ကင်လိုက်ခြင်း ဖြစ်သည်။
လုပ်နည်းက လွယ်ကူသော်လည်း အခက်အခဲမှာ ကြက်ဥမွှေတံ မရှိခြင်းပင်။ ရှန်မြောင် မွှေပြီးသောအခါ လက်မောင်းပြုတ်ထွက်မတတ် ညောင်းညာသွားသည်။ ဤမုန့်ကို ကျိအာ စာဖတ်ရင်း စားရန် ရည်ရွယ်ပြီး လုပ်ထားသော်လည်း ကျိအာ တစ်ခုမှ မစားရသေးခင်မှာပင် မျက်စိရှေ့မှ ချမ်းသာခြင်းနတ်ဘုရားကြီးက စားပစ်လိုက်လေပြီ။
ရှဲ့အိမ်တော်က သူမလောက် မဆင်းရဲသဖြင့် နွားနို့ ဝယ်နိုင်ပေသည်။ သူတို့သာ ဤလုပ်နည်းကို ဝယ်သွားပြီး ထောပတ်လုပ်ကာ နွားနို့ထည့်လိုက်လျှင် အရသာက ပိုမိုကောင်းမွန်လာပြီး နို့နံ့သင်းပျံ့ကာ ကြွပ်ရွနေပေလိမ့်မည်။ ထို့ပြင် ချူချီမုန့်ကို စပျစ်သီးခြောက်၊ အခွံမာသီး၊ လက်ဖက်စိမ်းမှုန့် စသည်တို့ ထည့်ကာ ပုံစံအမျိုးမျိုး ပြုလုပ်နိုင်သည်။
မုန့်ပုံစံက သေးငယ်ပြီး သယ်ဆောင်ရ လွယ်ကူသဖြင့် လှပသော ယွန်းသေတ္တာထဲတွင် အရသာအမျိုးမျိုး ထည့်ကာ စီလိုက်လျှင် ကြည့်ကောင်းပြီး တန်ဖိုးရှိသဖြင့် သူဌေးအချင်းချင်း လက်ဆောင်ပေးရန် အကောင်းဆုံး ဖြစ်လာနိုင်သည်။
ရှန်မြောင်သည် မျက်နှာတွင် အပြုံးမပျက်ဘဲ အသေးစိတ် ရှင်းပြကာ ကုန်ပစ္စည်းကို အားပါးတရ ကြော်ငြာလိုက်လေသည်။
သူမအနေဖြင့် ချူချီမုန့်နှင့် ကြက်ဥအနှစ်ဌာပနာမုန့်ကို တံတားထိပ်တွင် သွားရောင်းလျှင် ငွေရနိုင်သော်လည်း များများစားစား မရနိုင်ပေ။ ဤမုန့်နှစ်မျိုးလုံးတွင် ကြက်ဥ၊ ဆီနှင့် သကြား အများအပြား ပါဝင်ပြီး ဂျုံမှုန့်အနုစားကို သုံးရသဖြင့် သူမအတွက် အရင်းအနှီး များလွန်းသည်။ လုပ်ပြီးလျှင်လည်း စျေးကြီးကြီးဖြင့် ရောင်းမှ ကိုက်မည်။ သို့သော် လမ်းဘေးဆိုင်တွင် တန်ဖိုးကြီးမုန့်များ ရောင်းရန် မသင့်တော်ပေ။ နောက်ပိုင်း ဆိုင်ဖွင့်လျှင်လည်း ဤမုန့်နှစ်မျိုးဖြင့် ငွေရှာရန် မလွယ်ကူပေ။
ယနေ့တော့ တိုက်ဆိုင်စွာပင် မိသားစုစားရန် လုပ်ထားသည်ဖြစ်ရာ ပမာဏ နည်းပြီး အရင်းအနှီးကို ထည့်မတွက်ထားပေ။
သို့သော် မုန့်လုပ်နည်းကို ရောင်းမည်ဆိုလျှင်မူ ကွာခြားသွားပြီ ဖြစ်သည်။
အိမ်တော်ထိန်းကျန့် ကြားလိုက်ရချိန်တွင် သူ့မျက်လုံးများ အရောင်လက်သွားတော့သည်။ သခင်မကြီးက ကြက်ဥအနှစ်ဌာပနာမုန့်လုပ်နည်းကို ဝယ်ချင်နေတာက ရှဲ့ကျိုကောနဲ့ မယ်တော်ကြီးတို့ ကြိုက်နှစ်သက်လို့လေ။ ဝယ်ထားလိုက်ရင် စားချင်တဲ့အချိန် လုပ်စားလို့ရတာပေါ့။ ဒုတိယအချက်က ရှဲ့အိမ်တော်က တတိယမိသားစုရဲ့ သမီးပျိုလေးတွေက ၁၅ နှစ်၊ ၁၆ နှစ် အရွယ် ရောက်နေကြပြီ။ အိမ်မှာ ၂ နှစ်လောက် ဆက်ထားမယ်ဆိုရင်တောင် အခုကတည်းက သတို့သားလောင်း စရှာဖို့ လိုနေပြီလေ။ သခင်မကြီးက ဘုရားပွဲပြီးတာနဲ့ ၅ လပိုင်းမှာ ပန်းပွဲတော်ကျင်းပဖို့ ပြင်ဆင်နေပြီ။ အဓိက ရည်ရွယ်ချက်ကတော့ ရှဲ့အိမ်တော်က သမီးပျိုလေးတွေကို လူကုန်ထံ အသိုင်းအဝိုင်းက ကတော်ကြီးတွေရှေ့မှာ မျက်နှာပြပြီး ဂုဏ်ရည်တူတဲ့ ခင်ပွန်းကောင်း ရစေဖို့ပဲ။
ဒါ့အပြင် သခင်မကြီးက ရှဲ့ကျိုကောအတွက်လည်း သတို့သမီးလောင်း ရှာပေးချင်နေသေးတယ်။ အရင်တုန်းက စေ့စပ်ပွဲ ပျက်သွားခဲ့ပေမယ့် ရှဲ့ကျိုကော မကောင်းလို့ ပျက်တာမှ မဟုတ်တာ။ အိမ်ထောင်ရေးဆိုတာ လောလို့မရဘူးလေ။ တစ်နှစ်၊ နှစ်နှစ်လောက် အချိန်ယူ ရှာဖွေရတာမျိုးလည်း ရှိတတ်တယ်။ သခင်မကြီးက အသံတိတ် စုံစမ်းနေပြီး သင့်တော်မယ့်သူကို ရှာဖွေနေတာ။ ရှဲ့ကျိုကောရဲ့ ကံကြမ္မာက တခြားသူတွေနဲ့ မတူဘူးလေ။ ပေါ့ပေါ့တန်တန် လုပ်လို့ မဖြစ်ဘူး။
အဲဒီလို ပွဲလမ်းသဘင်မျိုးမှာ လူကုန်ထံတွေ မစားဖူးတဲ့ ဆန်းသစ်ပြီး အရသာရှိတဲ့ မုန့်မျိုး ပါဝင်ဖို့ လိုအပ်တယ်။
အခု နားထောင်ကြည့်ရသလောက် ဒီ ချူချီမုန့်က ကြက်ဥအနှစ်ဌာပနာမုန့်ထက် ဧည့်ခံပွဲတွေမှာ ပိုသင့်တော်မယ့်ပုံပဲ။ သမီးပျိုလေးတွေက ဧည့်ခံပွဲမှာ ကြက်ဥအနှစ်ဌာပနာမုန့်ကို ကိုက်စားရင် မုန့်ဖတ်တွေက ပါးစပ်နဲ့ အင်္ကျီပေါ် ပေကျံကုန်မှာပေါ့။ ကြည့်ရဆိုးလိုက်တာ။ ဒီ ချူချီမုန့်ကျတော့ သေးငယ်ပြီး ချစ်စရာကောင်းတယ်။ ရှန်မြောင် ပြောသလို အရသာအမျိုးမျိုး လုပ်ပြီး သေတ္တာလှလှလေးထဲ ထည့်လိုက်ရင် မိန်းကလေးတွေ သဘောကျမှာ သေချာတယ်။
"ရှန်ညန်ဇီ ပြောတဲ့ ဒီမုန့်လုပ်နည်းနှစ်ခုအတွက် ဘယ်လောက်လိုချင်လဲ" အိမ်တော်ထိန်းကျန့်က ရှန်မြောင်ကို ကြည့်ပြီး လေးနက်စွာ မေးလိုက်၏။ သူ၏ သနားဂရုဏာစိတ်များ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ဤကဲ့သို့ ဆန်းသစ်သော အကြံဥာဏ်များနှင့် လက်ရည်ကောင်းမွန်သော မိန်းကလေးသည် နောက်ပိုင်းတွင် ဆင်းရဲဒုက္ခ ရောက်လိမ့်မည် မဟုတ်ပေ။
ရှန်မြောင်လည်း အရင်က လုပ်နည်းရောင်းဖူးခြင်း မရှိသဖြင့် စျေးကွက်ပေါက်စျေးကို မသိပေ။ သို့သော် အခွင့်အရေးက လက်ထဲရောက်နေပြီဖြစ်ရာ လက်လွှတ်မခံနိုင်ပေ။ မဟုတ်လျှင် သူတို့ မလိုချင်တော့ပါက နောက်တစ်ကြိမ် အခွင့်အရေး ရတော့မည် မဟုတ်ပေ။
ရှဲ့အိမ်တော်က စားဖိုမှူးဖန်းက ကြက်ဥအနှစ်ဌာပနာမုန့်ကို တကယ်ပဲ မလုပ်တတ်လို့လား။ မဟုတ်ပါဘူး။ ဒီမုန့်က နည်းပညာ သိပ်မပါပါဘူး။ ရှဲ့အိမ်တော်က သူမဆီကနေ ခဏခဏ ဝယ်စားပြီး စားဖိုမှူးဖန်းက မြည်းစမ်းကြည့်လိုက်ရင် အချိန်တိုအတွင်းမှာပဲ တူအောင် လုပ်နိုင်မှာပါ။ ရှဲ့အိမ်တော်က အချိန်တိုအတွင်းမှာ ဆန်းသစ်ပြီး စားကောင်းတဲ့ မုန့် လိုချင်လို့သာ လာဝယ်တာ ဖြစ်မှာပါ။
ရှန်မြောင်သည် အခြေအနေကို ခန့်မှန်းပြီးနောက် ရိုးသားစွာ ပြောလိုက်သည်။
"အိမ်တော်ထိန်းကျန့်က ကျွန်မရဲ့ ကျေးဇူးရှင်ပါ။ အိမ်တော်ထိန်းကျန့်သာ အဲဒီနေ့က ပေါက်စီလာမဝယ်ရင် ကျွန်မ ဒီလိုအခွင့်အရေးမျိုး ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျေးဇူးဆပ်တဲ့အနေနဲ့ အိမ်တော်ထိန်းကျန့်ကို အခက်တွေ့အောင် မလုပ်ပါဘူး။ မုန့်လုပ်နည်းတစ်ခုကို ငွေ ၄၀ လျန် ဆိုရင်ရော၊ ကြက်ဥအနှစ်ဌာပနာမုန့်မှာ လုပ်နည်းနှစ်မျိုးရှိပါတယ်... ကျွန်မ စျေးထပ်မတောင်းတော့ပါဘူး၊ လုပ်နည်းနှစ်မျိုးလုံး သင်ပေးပါ့မယ်။ တစ်မျိုးက ရှဲ့အိမ်တော်မှာ လုပ်ခဲ့တဲ့ ပဲနီနဲ့ ကြက်ဥအနှစ်ပါတာ၊ နောက်တစ်မျိုးကတော့ ပိုကောင်းပါတယ်... အသားမွ၊ ပိန်းဥနှစ်၊ ကြက်ဥအနှစ်၊ ပဲနီတွေ ပါပါတယ်၊ အရသာ ပိုရှိပါတယ်။ အသားမွနဲ့ ပိန်းဥနှစ် လုပ်နည်းကိုပါ သေချာ သင်ပေးမှာပါ၊ ဒါကြောင့် ဒီ ၄၀ လျန် ထဲမှာ လုပ်နည်း ၄ မျိုး ပါဝင်နေတာပါ။ ချူချီမုန့်ကတော့ ပုံစံအမျိုးမျိုး ပြောင်းလို့ရပါတယ်၊ ကျွန်မ အကုန်သင်ပေးပါ့မယ်၊ စိတ်ချပါ၊ ရှဲ့အိမ်တော်က ကျွန်မရဲ့ လုပ်နည်းကို ဝယ်လိုက်ရင် တန်ကို တန်စေရပါမယ်"
သူမသည် လောဘမကြီးဘဲ တစ်ကြိမ်တည်းဖြင့် အလုပ်ဖြစ်အောင် ပြောလိုက်တော့သည်။ ပထမအချက်မှာ ရှဲ့အိမ်တော်နှင့် ရှဲ့ကျိုကောက သူမကို အများကြီး ကူညီခဲ့ဖူးသည်။ အထူးသဖြင့် ကျိအာ တော်ဝင်ကျောင်းတော် ဝင်ခွင့်ဖြေဆိုရာတွင် အချိန်မီ ကူညီပေးခဲ့သဖြင့် သူမ ကျေးဇူးဆပ်ချင်သည်။ ဒုတိယအချက်မှာ သူမသည် ရှဲ့အိမ်တော်နှင့် ရေရှည်လက်တွဲချင်သေးသည်။ ခေတ်သစ်စကားနှင့် ပြောရလျှင် ရှဲ့အိမ်တော်ကဲ့သို့ ဖောက်သည်ကောင်းနှင့် ရေရှည်တည်မြဲသော စီးပွားဖက် ဆက်ဆံရေး တည်ဆောက်ချင်ခြင်း ဖြစ်သည်။
အိမ်တော်ထိန်းကျန့်က စျေးနှုန်းကြားသောအခါ ခဏလောက် စဉ်းစားလိုက်၏။
တစ်ခုကို ၄၀ လျန် ဆိုတော့ နှစ်ခုဆိုရင် စုစုပေါင်း ၈၀ လျန် ပေါ့။ ဒါက နည်းတဲ့ပမာဏ မဟုတ်ဘူး။ ဒါပေမဲ့ ရှဲ့မိသားစုအတွက်တော့ အများကြီး မဟုတ်ပါဘူး။
အိမ်တော်ထိန်းကျန့် မျက်လုံးများ မှေးစင်းသွားသည်။ ရှန်ညန်ဇီက စျေးကို မတန်တဆ ခေါ်တာ မဟုတ်ဘူး။ သူမသာ နောက်ထပ်လုပ်နည်း တစ်မျိုးကို လျှို့ဝှက်ထားရင် သူတို့ သိမှာ မဟုတ်ဘူး။ အခုတော့ အကုန်ပြောပြမယ်ဆိုတော့ စေတနာ အပြည့်ရှိတာပဲ။
ဖန်လိုစားသောက်ဆိုင်က ဟင်းချက်နည်းတချို့ဆိုရင် ငွေတစ်ထောင် ပေးရင်တောင် မရောင်းဘူးလေ။
"ရှန်ညန်ဇီ... ဒီ ချူချီမုန့်တွေကို ကျွန်တော် ယူသွားပြီး သခင်မကြီးကို အရင်ပြလိုက်ဦးမယ်၊ သခင်မကြီးက ကြက်ဥအနှစ်ဌာပနာမုန့်လုပ်နည်းကိုပဲ မေးခိုင်းလိုက်တာဆိုတော့ ကျန်တာကို ကျွန်တော် သဘောနဲ့ ဆုံးဖြတ်လို့ မရဘူး" အိမ်တော်ထိန်းကျန့်က ချက်ချင်း သဘောမတူဘဲ ပြုံးကာ ပြောလိုက်သည်။
"ရပါတယ်၊ ရပါတယ်" ရှန်မြောင်လည်း ထိုအချက်ကို တွေးမိသဖြင့် အပြုံးမပျက်ဘဲ ချူချီမုန့်များကို ထုပ်ပေးလိုက်သည်။
မုန့်လုပ်နည်းအပြင် အိမ်တော်ထိန်းကျန့်က ကြက်ဥအနှစ်ဌာပနာမုန့် ၅၀ မှာလိုက်သဖြင့် ရှန်မြောင်က တစ်ခုကို ၁၀ ဝမ် ဖြင့် ရောင်းမည်ဟု ပြောကာ လာယူမည့်အချိန်ကို ချိန်းဆိုလိုက်လေသည်။ ထို့နောက် အိမ်တော်ထိန်းကျန့် လှည်းပေါ်တက်သည်အထိ လိုက်ပို့ပြီး ပြန်လာခဲ့လိုက်သည်။
သူမ ပြန်လှည့်လာသည်နှင့် အိမ်နီးချင်းများက တံခါး၊ ပြတင်းပေါက် ပိတ်သံများ ကြားလိုက်ရသည်။
...
အပိုင်း (၄၀)
ထူးဆန်းလိုက်တာ။ သူမ ပြန်ရောက်ခါစတုန်းက အားလုံးက သဘောကောင်းကြသလိုပဲ။ အခုကျတော့ မလိုမုန်းထားစိတ်တွေ ခံစားနေရတယ်။ ရှန်မြောင် မေးစေ့ကို ပွတ်လိုက်ပြီး တွေးလိုက်သည်။ မနက်ဖြန်က ဈေးနေ့ဆိုတော့ မြို့ပြင်က ဈေးကြီးကို သွားပြီး အိမ်စောင့်ဖို့ ခွေးတစ်ကောင်လောက် ဝယ်ရမယ်။
အိမ်တော်ထိန်းကျန့်ရဲ့ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ရတာ အဆင်ပြေမယ့်ပုံပဲ။ ငွေ ၈၀ လျန် ရရင် သူမ အိမ်ပြင်တော့မယ်။ အဲဒီကျရင် အိမ်နီးချင်းတွေက သူမ ငွေရတာ သိသွားကြမှာ။
သူမက အစိုးရိမ်လွန်နေတာ မဟုတ်ပါဘူး။ လူဆိုတာ ကိုယ့်ကိုယ်ကို ကာကွယ်ရမယ်လေ။ ရှန်အိမ်မှာ သူမနဲ့ ကလေးနှစ်ယောက်ပဲ ရှိတာဆိုတော့ သူခိုး မျက်စိကျလွယ်တယ်။ အရင်ကတည်းက ခွေးဝယ်ဖို့ စိတ်ကူးရှိပေမယ့် အခုလို အခြေအနေကြောင့် ပိုပြီး လိုအပ်လာပြီ။
ရှန်မြောင်သည် အိမ်ပြန်ရောက်သည်နှင့် အဆင့်မြှင့်ထားသည့် ကြက်ဥအနှစ်ဌာပနာမုန့်ကို လုပ်တော့သည်။
ဒီနေ့ အချိန်ပိုရတော့ မီးဖိုလည်း ခြောက်လောက်ပြီ။ ရှန်မြောင်သည် အသားမွနှင့် ပိန်းဥနှစ် လုပ်ပြီး ကြက်ဥအနှစ်ဌာပနာမုန့်ထဲ ထည့်ကာ ရှဲ့အိမ်တော်ကို ပို့ပေးလိုက်မည်ဟု စဉ်းစားထားလိုက်သည်။ ဒါမှ သခင်မကြီးနှင့် အိမ်တော်ထိန်းကျန့်က သူမ စကားမှန်ကြောင်း ယုံကြည်ကြလိမ့်မည်။
အိမ်မှာ အသားမွ လုပ်ရတာ မခက်ချေ။ သူမက ကျိအာကို ရှန်းအာ ထိန်းခိုင်းပြီး ဝက်သားအသားကောင်း တစ်ကျင်းနှင့် ပိန်းဥကြီး အနည်းငယ် ဝယ်လာခဲ့သည်။ ပြန်ရောက်သောအခါ အသားကို ရေဆေးပြီး အဆီနှင့် အရွတ်များကို ဖယ်ရှားပစ်သည်။ အရွတ် လုံးဝ မကျန်စေရပေ။ မဟုတ်လျှင် အသားမွ မဖြစ်နိုင်ပေ။ ထို့နောက် အတုံးကြီး တုံးကာ သွေးညှီနံ့ ပျောက်အောင် ရေစိမ်ခြင်း၊ ရေနွေးဖျောခြင်းများ ပြုလုပ်ပြီး ကြက်သွန်မြိတ်၊ ဂျင်း၊ အရက် တို့ဖြင့် မိနစ် ၃၀ ခန့် ပြုတ်လိုက်သည်။
ထို့နောက် ဒလိမ့်တုံးဖြင့် အသားကို ထုလိုက်ရာ အသားများ ကွဲအက်သွားပြီး လက်ဖြင့် အမျှင်များ ဖြစ်အောင် မွှာလိုက်သည်။ ဆား၊ ဆီ၊ သကြား၊ ပဲငံပြာရည် စသည်တို့ ထည့်ကာ သမအောင် နယ်ပြီး ဒယ်အိုးထဲတွင် ခြောက်အောင် လှော်လိုက်သည်။ ပြီးနောက် ကျောက်ဆုံထဲ ထည့်ထောင်းလိုက်သည်။
ရှန်မြောင်က လှော်ထားသော နှမ်းဖြူ အနည်းငယ် ထပ်ထည့်လိုက်သဖြင့် အသားမွက ပိုမွှေးသွားသည်။
အသားမွ ကျက်သွားချိန်တွင် တစ်ခန်းလုံး အသားနံ့များ မွှေးကြိုင်နေတော့သည်။ သူမ မြည်းစမ်းကြည့်ပြီးနောက် ရှန်းအာနှင့် ကျိအာအတွက် ပန်းကန်လုံးလေးများဖြင့် တစ်ယောက်တစ်ပန်းကန် ထည့်ပေးလိုက်သည်။
ရှန်းအာက ပါးစပ်အပြည့် နှမ်းတွေပေနေပြီး မဝသေးသဖြင့် ကျိအာ၏ စားပွဲအောက်တွင် ပုန်းကာ ခိုးစားနေလေသည်။ သူမက ခြေဖျားထောက်ပြီး ကျိအာ စားပွဲပေါ်က အသားမွကို လှမ်းယူလိုက်သေးသည်။
ကျိအာက စာဖတ်သလို ဟန်ဆောင်နေပြီး မျက်လုံးမှိတ်ကာ ခေါင်းတညိတ်ညိတ်ဖြင့် ရယ်ချင်စိတ်ကို အောင့်အီးလျက် ညီမလေးက ခိုးစားနေသည်ကို လွှတ်ထားလိုက်သည်။
ရှန်မြောင်လည်း မြည်းစမ်းကြည့်ရာ အသားမွက ငန်ပျပျ၊ မွှေးကြိုင်ပြီး ဝါဂွမ်းကဲ့သို့ ပွနေသဖြင့် ကျေနပ်သွားသည်။ နောက်ဆိုရင် ကြက်သားနဲ့ အသားမွ လုပ်ကြည့်ဦးမယ်။ ကြက်ရင်အုံသားနဲ့လုပ်ရင် ပိုပြီး ကြွပ်ရွပြီး ဝါးလို့ကောင်းမယ်။
သူမ ဝယ်လာသော ဝက်သား တစ်ကျင်းဖြင့် အသားမွ တစ်အိုးကြီး ရလိုက်သည်။ ကြက်ဥအနှစ်ဌာပနာမုန့်ထဲ ထည့်ရန် လုံလောက်သည်ထက် ပိုနေလေသည်။ ပိုနေသော အသားမွများကို အသားမွကွတ်ကီး သို့မဟုတ် အသားမွကိတ်မုန့် လုပ်စားလျှင် ကောင်းမည်ဟု တွေးလိုက်၏။
ရှန်မြောင်ကတော့ မနက်ဖြန် မနက်စာ စားရန် စဉ်းစားပြီးပြီ ဖြစ်သည်။ အိမ်လုပ် အသားမွကွတ်ကီး နှင့် လမ်းထိပ်က လျိုတို့မိသားစုရဲ့ တို့ဖူးဆိုင်က မြေပဲတို့ဖူးဟင်းရည်နဲ့ဆိုရင် ကောင်းမှာပဲ။
ထို့နောက် ပိန်းဥနှစ် ဆက်လုပ်သည်။
စုန့်ခေတ်လူများသည် ပိန်းဥကို အလွန်ကြိုက်နှစ်သက်ကြသည်။ ပိန်းဥအကြီးကို "ထူကျစ်" ဟု ခေါ်ပြီး ပိန်းဥအသေးကို "ထူလိ" ဟု ခေါ်သည်။ ဆောင်းဦးရာသီ ရောက်တိုင်း မိသားစုလိုက် မီးဖိုဘေးတွင် ဝိုင်းထိုင်ပြီး ပိန်းဥဖုတ်စားလေ့ ရှိကြသည်။ သို့မဟုတ် အရက်တစ်အိုး နွှေးပြီး ပိန်းဥကို အရက်သုတ်ကာ မီးအေးအေးဖြင့် ဖုတ်စားကြသည်။ ပူပူနွေးနွေး စားလိုက်လျှင် မွှေးကြိုင်ပြီး ချိုမြမြ အရက်အရသာကို ခံစားရသည်။
သူမ ငယ်ငယ်တုန်းက ပိန်းဥအသေးကို အကြိုက်ဆုံးပဲ။ အသားက နူးညံ့ပြီး ချောမွေ့နေတာ။ အချဉ်ဖတ်နဲ့ ရောပြုတ်ပြီး ဟင်းရည်သောက်ရင် အရမ်းကောင်းတာ။ ငယ်ငယ်တုန်းက စားခဲ့တဲ့ ပိန်းဥက အငန်များတယ်။ ကြီးလာမှ ပိန်းဥနှစ်နဲ့ နို့လက်ဖက်ရည်၊ အချိုပွဲတွေ တွဲစားတာ ခေတ်စားလာတာ။ ပုံမှန်အားဖြင့် ပိန်းဥနှစ် လုပ်ရင် နွားနို့နဲ့ ကန်စွန်းဥ ခရမ်းရောင် ထည့်ရတယ်လေ။
သို့သော်လည်း ရှန်မြောင်ကတော့... နွားနို့ ဝယ်ရန် ငွေမရှိချေ။
နွားနို့ ထည့်လိုက်ရင် ကြက်ဥအနှစ်ဌာပနာမုန့် တစ်ခုကို ဝမ် ၂၀၊ ၃၀ လောက်နဲ့ အိမ်တော်ထိန်းကျန့်ကို ရောင်းမှ ကိုက်မှာ။
ဒါ့အပြင် စုန့်ခေတ်မှာ ခရမ်းရောင် ကန်စွန်းဥ ရှာမတွေ့ဘူး။
ခရမ်းရောင် ကန်စွန်းဥ မထည့်လည်း ကိစ္စမရှိပါဘူး။ အဓိကက အရောင်လှအောင် ထည့်တာပဲလေ။ စျေးသက်သာအောင်လို့လည်း ပါတယ်။ ဒါပေမဲ့ နွားနို့ မပါဘဲ ပိန်းဥနှစ်ကို ဘယ်လို ချိုပြီး စားကောင်းအောင် လုပ်မလဲ။ ရှန်မြောင်သည် မီးဖိုရှေ့တွင် ရပ်ပြီး ခဏ စဉ်းစားလိုက်ကာ ပြုံးလိုက်မိလေသည်။
သူမက သကြားခဲကို သကြားရည် ကျိုလိုက်သည်။ ကောက်ညှင်းဆန်ကို အမှုန့်ကြိတ်လိုက်သည်။ ပိန်းဥကို ပေါင်းပြီး ထောင်းလိုက်ကာ ထိုနှစ်မျိုး ထည့်ပြီး မွှေလိုက်ရာ ပျစ်ခဲသော ဒိန်ချဉ်ကဲ့သို့ ဖြစ်သွားသည်။ ထို့နောက် ထပ်ပေါင်းလိုက်သည်။ ကောက်ညှင်းမှုန့်က ပိန်းဥနှစ်ကို စေးပိုင်သွားစေပြီး သကြားရည်က သကြားမှုန့်ထက် ပိုပြီး ညက်ညောစေသည်။ ပေါင်းပြီးသွားသောအခါ မြည်းစမ်းကြည့်ရာ နို့နံ့မပါသော်လည်း စားလို့ကောင်းသည်။ နူးညံ့ပြီး အနည်းငယ် စေးကပ်နေသည်။
ထို့နောက် ပုံမှန်အတိုင်း ကြက်ဥအနှစ်ဌာပနာမုန့် လုပ်သည်။ ပဲနီနှစ်ကို ဈေးရောင်းရန်အတွက် ညကတည်းက ကြိုလုပ်ထားသဖြင့် ပဲနီပေါင်မုန့် လုပ်ရာတွင် မကုန်ဘဲ ပိုနေသေးသည်။ ရှန်မြောင်သည် ခုံပုတစ်လုံး ယူပြီး ထိုင်ကာ ပါဝင်ပစ္စည်းများကို ရှေ့တွင် ချထားပြီး အင်္ကျီလက်ကို လိပ်တင်ကာ စလုပ်တော့သည်။ သူမသည် ခြံဝင်းထဲတွင် ရှန်းအာ ကြက်ပေါက်စလေးများ အော်သံ တုပနေသည်ကို နားထောင်ရင်း မုန့်လုပ်နေသည်။
လူသံနှင့် ကြက်သံ ရောနှောနေသည်။ ရှန်းအာက ကြက်ဘာသာစကား သင်ပြီး ကြက်များနှင့် စကားပြောရန် ကြိုးစားနေပုံ ရသည်။
မကြာမီ အခု၆၀ ပြီးသွားခဲ့သည်။
၅၀ ကို သေတ္တာထဲ ထည့်ပြီး ရှဲ့အိမ်တော်သို့ ပို့လိုက်သည်။ ကျန် ၁၀ ခုကို အိမ်တွင် စားရန် သိမ်းထားလိုက်သည်။
နောက်တစ်နေ့ မနက်စောစောတွင် ရှန်မြောင်က ကျိအာကို အသားမွ ပိန်းဥနှစ် ကြက်ဥအနှစ်ဌာပနာမုန့် အနည်းငယ် ထည့်ပေးလိုက်ပြီး လန်ရှင်းစာကြည့်တိုက်သို့ လွှတ်လိုက်၏။ သူဌေးကျိုးကိုလည်း မြည်းစမ်းရန် ပေးခိုင်းလိုက်သည်။ သူဌေးကျိုးက အထီးကျန် သက်ကြီးရွယ်အို ဖြစ်သော်လည်း အရင်က ကျိအာအပေါ် ကောင်းခဲ့သဖြင့် ရှန်မြောင်က တတ်နိုင်သလောက် ဂရုစိုက်ပေးချင်သည်။
ကျိအာ စာသွားဖတ်ပြီဖြစ်ရာ သူမသည် မနက်ခင်းဈေး သိမ်းပြီးသည်နှင့် ခြင်းတောင်းလွယ်၊ တောင်းရွက်ကာ ရှန်းအာနှင့်အတူ အစောဆုံး ထွက်သည့် လှည်းကို စီးပြီး ပြန့်ကျင်းမြို့အပြင်ဘက်က ဈေးကြီးတစ်ခုသို့ သွားခဲ့ကြသည်။ အိမ်သုံးပစ္စည်း ဝယ်ရင်း ခွေးတစ်ကောင်လောက် ဝယ်ဖို့ ရည်ရွယ်ထားသည်။
စုန့်ခေတ်ဈေးများတွင် မနက်ခင်းဈေး၊ ညနေခင်းဈေး အပြင် "မြို့ဈေး"၊ "မြက်ဈေး" နှင့် ဘုရားပွဲဈေးများလည်း ရှိသည်။ အထူးသဖြင့် နာမည်ကြီး ဘုရားကျောင်းများနှင့် ဝတ်ကျောင်းများရှေ့တွင် ကျင်းပသော ဈေးများမှာ ပိုပြီး စည်ကားသည်။ တာ့ရှန့်ကော်ဘုရားကျောင်း ကဲ့သို့သော နေရာများတွင် ဘုန်းကြီးများက ငွေချေးခြင်း၊ အမွှေးနံ့သာ၊ အဆောင်၊ ဗေဒင်ဟောခြင်း လုပ်ငန်းများအပြင် သစ်သီးယို၊ မုန့်များ ကိုယ်တိုင်လုပ်ပြီး ရောင်းချကြသည်။ "ဘုန်းကြီးပိုးထည်" ဟု ခေါ်သော အထည်များပင် ရောင်းချကြသည်။ ဘုန်းကြီးများနှင့် ရသေ့များက နေ့စဉ် တရားထိုင်သော်လည်း ငွေကြေးအနည်းငယ်အတွက် လူများနှင့် အပြိုင်အဆိုင် စျေးရောင်းရန် ဝန်မလေးကြပေ။
ဒါက စုန့်ခေတ်တွင် လူတိုင်း စီးပွားရှာကြသော ပုံရိပ်များပင်။
ယနေ့ ရှန်မြောင်သည် ‘မြက်ဈေး’ကို သွားခဲ့ခြင်းပင်။ သည်ဈေးက မြို့ပြင်က ကွင်းပြင်မှာ ရှိပြီး မြို့တံခါးကနေ ကျေးလက်ဒေသအထိ လမ်းဘေးဝဲယာမှာ ခင်းကျင်းရောင်းချကြသည်။ အလွန်စည်ကားသော ဈေးတစ်ခုပင်။
ရှန်မြောင် ရောက်သွားချိန်တွင် နောက်ကျနေပြီ ဖြစ်သည်။ အရပ်ရပ်မှ လူများ ရောက်ရှိနေကြပြီ။ လမ်းဘေးတစ်လျှောက် ဆိုင်ခန်းများ ပြည့်နှက်နေပြီး လူများ တိုးဝှေ့သွားလာနေကြသည်။ သူမကဲ့သို့ ခြင်းတောင်းလွယ်၊ တောင်းရွက်သူများ၊ လှည်းဆွဲသူများ များပြားလှသည်။
လယ်သမား အများအပြားလည်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကို ထမ်းပိုးပြီး လူအုပ်ကြားထဲတွင် အော်ဟစ်ရောင်းချနေကြသည်။ ရှန်မြောင်သည် နှစ်ပတ်လောက် လမ်းလျှောက်ပြီး ဆန်၊ ဂျုံ၊ အသား၊ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ် အချို့ ဝယ်လိုက်သည်။ အထည်ဆိုင်ရှေ့ ရောက်သောအခါ သူမနှင့် ရှန်းအာ၊ ကျိအာ တို့အတွက် နွေရာသီ ဝတ်ရန် အင်္ကျီ၊ ဘောင်းဘီ နှစ်စုံစီနှင့် ဖိနပ်တစ်ရံစီ ဝယ်လိုက်သည်။ နွေဦးရာသီ ကုန်တော့မည်ဖြစ်ရာ ရာသီဥတု ပူလာတော့မည်။
အဝတ်အစားအပြင် ဆီစိမ်စက္ကူ၊ ဝါးခြင်းတောင်း၊ ဆပ်ပြာသီး၊ ဟင်းသီးဟင်းရွက် မျိုးစေ့ စသည့် နေ့စဉ်သုံး ပစ္စည်းများလည်း ဝယ်လိုက်သည်။
ကျိအာအတွက် စုတ်တံ၊ စက္ကူနှင့် မင်တုံး နှစ်တုံးလည်း ဝယ်လိုက်သည်။
အရင်က ရှဲ့အိမ်တော်တွင် ပဲနီပေါင်မုန့် ၃ ရက် ကင်ပေးတုန်းက ငွေ ၄ လျန် ရခဲ့သည်။ နောက်ပိုင်း မိုးတိတ်သွားပြီး ဆိုင်ပြန်ဖွင့်တော့ တစ်နေ့ကို ငွေ ဝမ်၈၀၀ ကျော် ရသည်။ ရှန်မြောင် အချိန်အကြာကြီး စုဆောင်းခဲ့ပြီးမှ ငွေ ၈ လျန် ကျော် ရှိလာခဲ့သည်။ ယခုတော့ စျေးဝယ်ရာတွင် ရွေးချယ်စရာ များပြီး စျေးဆစ်ရသော်လည်း အရင်ကထက်စာလျှင်တော့ စိတ်အေးလက်အေး ဝယ်နိုင်လေသည်။
ပြန့်ကျင်းမြို့ပြင်က စျေးနှုန်းများက မြို့ထဲကထက် အများကြီး သက်သာသည်။ ရှန်မြောင်သည် ပစ္စည်းအပြည့်နျင့် ပြန်လာခဲ့တော့သည်။ နောက်ဆုံးမှာ ကြက်၊ ဘဲ၊ ကြောင်၊ ခွေး၊ နွား၊ ဆိတ် ရောင်းတဲ့သော တိရစ္ဆာန်တန်းကို ရောက်သွားခဲ့သည်။ မြင်းဟီသံ၊ နွားအော်သံ၊ ဝက်အော်သံတွေ၊ ကြိုးဖြတ်ပြီး ထပျံတဲ့ ကြက်တွေကြားထဲ ဖြတ်လျှောက်ပြီး ခွေးရောင်းသော လူတစ်ယောက်ရှေ့တွင် ထိုင်ချလိုက်စဉ် နောက်ကျောဘက်မှ အသံတစ်သံ ကြားလိုက်ရလေသည်။
"ရှန်သာ့ကျဲအာလား"
အလောတကြီး လှည့်ကြည့်လိုက်ရာ ဝဖိုင့်ဖိုင့် ပိုးထည်ရှည် ဝတ်ထားပြီး စာတတ်ပေတတ် ပုံစံဖမ်းထားသော ဦးကြီးရှန် ကို တွေ့လိုက်ရလေသည်။ သူက မပူမအေး ရာသီဥတုမှာ ယပ်တောင်ခတ်ပြီး ဟန်လုပ်နေသည်။ သူ့ဘေးတွင် ပိုးထည်ဝတ်ထားသော ဝဖိုင့်ဖိုင့် တင်းရှီ နှင့် ဝဖိုင့်ဖိုင့် ဟိုင်ကောအာ တို့ ရှိနေကြသည်။
တင်းရှီကတော့ သူမကို တော်တော်လေး သူစိမ်းဆန်ဆန် ကြည့်နေသည်။
ဟိုင်ကောအာက အသားဆီပြန် ပေါင်မုန့်ကို ကိုင်စားရင်း ပါးစပ်အပြည့် ဆီများ ပေကျံလျက် သူမကို စူးစမ်းအံ့သြစွာ ကြည့်နေလေသည်။
ရှန်မြောင် အိမ်ထောင်ကျသွားပြီးကတည်းက သူ သူမကို မတွေ့ရတော့ပေ။ တင်းရှီ ပြောစကားအရ ဝမ်းကွဲအစ်မဖြစ်သူက ယောက္ခမအိမ်တွင် နှိပ်စက်ခံရသဖြင့် ပိန်လှီပြီး ရုပ်ဆိုးနေမည်ဟု ထင်ထားခဲ့သည်။
သို့သော် ၃ နှစ် ကြာပြီးနောက် ရှန်မြောင်က အရင်ကလောက် ဝတ်ကောင်းစားလှ မဝတ်နိုင်သော်လည်း ရုပ်ရည်က အရင်ကထက် ပိုလှလာပြီး တက်ကြွလန်းဆန်းနေသည်။
သူမ၏ မျက်လုံးများက ဝိုင်းစက်ပြီး မျက်ဝန်းထောင့်များ ကော့ညွှတ်နေကာ နွေဦးနေရောင်အောက်တွင် ပယင်းကျောက်ကဲ့သို့ ကြည်လင်တောက်ပနေသည်။
ရှန်မြောင်လည်း ဦးကြီးရှန် တို့ မိသားစုနှင့် တွေ့ရလိမ့်မည်ဟု ထင်မထားသဖြင့် ထရပ်လိုက်ပြီး ရှန်းအာကို ဆွဲကာ နှုတ်ဆက်လိုက်လေတော့သည်။
"ဦးကြီးရှန် လည်း စျေးဝယ်ထွက်တာလား၊ တူမလေးကို ဘာကိစ္စ ခေါ်တာလဲ"