← Chapters

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အပိုင်း (၄၁) ခွေးဝယ်ခြင်းနှင့် အိမ်ဆောက်ခြင်း

"သာ့ကျဲအာ လည်း ဈေးလာဝယ်တာလား။ အို... ဒါ ရှန်းအာလေးပဲ၊ အရပ်ရှည်လာပြီး ဝလာလိုက်တာ” ဦးကြီးရှန်သည် ယပ်တောင်ကို ခတ်ရင်း မျက်နှာတွင် မချိသွားဖြဲအပြုံးဖြင့် ပြောဆိုလေသည်။ "ဦးကြီးတို့အိမ်မှာ ကိစ္စတွေများနေလို့ မင်းတို့ကို လာမကြည့်ဖြစ်ဘူး၊ ကျိအာရော ဘယ်ရောက်နေလဲ၊ သူ့ရောဂါ သက်သာသွားပြီလား”

ရှန်မြောင်သည် မတ်တတ်ထရပ်လိုက်ပြီး ပြန်ဖြေလိုက်လေသည်။ "ပျောက်သွားတာ ကြာပါပြီ။ ဦးကြီး စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်”

သူမသည် ဦးကြီးရှန်တို့မိသားစုကို တည်ငြိမ်စွာ ဆက်ဆံနိုင်သော်လည်း ရင်းနှီးချင်သည်ဟု မဆိုလိုပေ။ လူ့သဘောသဘာဝသည် အတ္တကြီးမားစမြဲ ဖြစ်လေသည်။ ဦးကြီးရှန်နှင့် တင်းရှီတို့သည် ညီဖြစ်သူ၏ သားသမီးများကို မစောင့်ရှောက်လိုသဖြင့် ကျိအာနှင့် ရှန်းအာတို့ကို နှိပ်စက်ခဲ့သည်ကို သူမ စိတ်ထဲတွင် ဘယ်တော့မှ မေ့ပျောက်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် စိတ်နာကျည်းမိလေသည်။ နှစ်ဖက်မိသားစုသည် လုံးဝ မျက်နှာပျက်စရာ မဖြစ်ခဲ့ကြသော်လည်း ဘာမှ မဖြစ်ခဲ့သလို နေရန်မှာ မဖြစ်နိုင်ပေ။

အထူးသဖြင့် ယခုအခါ သူမသည် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပြီး ဦးကြီးရှန်တို့မိသားစုကို မှီခိုရန် အစီအစဉ်မရှိသဖြင့် အလွန်အမင်း ရင်းနှီးပြနေစရာ မလိုတော့ပေ။

သူမသည် မျက်လုံးကို ဝေ့ကြည့်လိုက်ပြီး တင်းရှီကို နှုတ်ဆက်လိုက်လေသည်။ "ကြီးတော် နေကောင်းလား” တင်းရှီ စကားမပြောနိုင်ခင်မှာပင် သူမဘာသာ မတ်တတ်ပြန်ရပ်လိုက်ပြီး ဟိုင်ကောအာကို လှည့်ကြည့်ကာ ဟန်ဆောင်ပြုံးဖြင့် ပြောလိုက်ပြန်လေသည်။ "ဟိုင်ကောအာလည်း အရပ်ရှည်လာပြီး ဝလာတာပဲ”

ဤသို့ နှုတ်ဆက်စကားဆိုပြီးနောက် နှစ်ဖက်မိသားစုသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြောစရာစကား မရှိတော့သကဲ့သို့ ဖြစ်သွားကြလေသည်။

ရှန်းအာသည် ဦးကြီးရှန် ပေါ်လာကတည်းက "ရွှစ်" ခနဲ ရှန်မြောင်၏ နောက်ကျောဘက်သို့ ဝင်ရောက်ပုန်းအောင်းနေခဲ့လေသည်။ ရှန်မြောင်က သူတို့နှင့် စကားပြောပြီးမှသာ ခေါင်းလေးပြူထွက်လာသော်လည်း လက်တစ်ဖက်က ရှန်မြောင်၏ စကပ်ကို ဆုပ်ကိုင်ထားဆဲပင်။

သူမသည် ဦးကြီးနှင့် ကြီးတော်တို့ကို မကြိုက်ပေ။ ကြီးတော်က အရမ်းဆိုးပြီး စိတ်ဆိုးလျှင် လူကို ရိုက်တတ်လေသည်။

သူမသည် မိဘနှစ်ပါး၏ အငယ်ဆုံးသော သားသမီးဖြစ်ရာ မိဘများ ရှိစဉ်က မိဘများ၊ မကြီးနှင့် အစ်ကိုတို့က သူမကို ချစ်ခင်ကြပြီး အလိုလိုက်ထားသဖြင့် ကလေးဆိုးလေး ဖြစ်နေခဲ့လေသည်။ ငိုချင်လျှင် ငိုမည်၊ ရယ်ချင်လျှင် ရယ်မည်ဖြစ်ပြီး တစ်ခါတစ်ရံ ခေါင်းမာလာလျှင် ဘယ်သူပြောပြော မရတတ်ပေ။

အထူးသဖြင့် မိဘနှစ်ပါး ဆုံးပါးသွားချိန်တွင် သူမက ငယ်ရွယ်လွန်းသဖြင့် သေခြင်းတရားကိုပင် နားမလည်ဘဲ ဦးကြီးရှန်အိမ်သို့ နုံအစွာ ရောက်သွားခဲ့လေသည်။

သို့သော် သူများအိမ်ဝင်းထဲရောက်ပြီး အရင်းမဟုတ်သော ကလေးဖြစ်နေသောအခါ မည်သူကမှ သည်းခံပြီး အလိုလိုက်တော့မည် မဟုတ်ရာ အခြေအနေက တစ်မျိုးပြောင်းသွားတော့လေသည်။ ကျိအာက ကာကွယ်ပေးထားသော်လည်း ရှန်းအာသည် ဒုက္ခတချို့ကို ခံစားခဲ့ရလေသည်။

ဦးကြီးရှန်အိမ်ရောက်မှပင် "သေဆုံးခြင်း" ဆိုသည်ကို သူမ နားလည်ခဲ့ရလေသည်။

သေဆုံးခြင်းဆိုသည်မှာ ဘယ်တော့မှ ပြန်မလာခြင်း ဖြစ်လေသည်။

ဖေဖေနှင့် မေမေတို့သည် ကောင်းကင်ဘုံသို့ သွားပြီး နတ်မင်းကြီးတွေ ဖြစ်သွားကြပြီ။ ဘယ်တော့မှ ပြန်မလာတော့ချေ။ သူမ ငိုငို၊ ရုန်းရင်းဆန်ခတ်လုပ်လုပ်၊ ဖျားနာနာ၊ ထိခိုက်ဒဏ်ရာရရ သူတို့ ဘယ်တော့မှ ပြန်မလာနိုင်ကြတော့ပေ။

ထိုအချိန်မှစ၍ သူမတွင် မကြီးနှင့် အစ်ကိုသာ ရှိတော့လေသည်။

ရှန်းအာသည် နှာခေါင်းကို ရှုံ့လိုက်ပြီး မကြီး၏ နောက်ကျောဘက်မှ သတိထား၍ ချောင်းကြည့်လိုက်ရာ ကြီးတော်နှင့် ဦးကြီးတို့က သူမကို ထပ်မကြည့်တော့သဖြင့် သက်ပြင်းချလိုက်လေသည်။ ဂါဝန်စကို ဆုပ်ကိုင်ထားသောလက်ကို ဖြည်းဖြည်းချင်း လွှတ်လိုက်ပြီး ရှန်မြောင် ဝယ်ကျွေးထားသော ၁၂ လက်မ (၃၀ စင်တီမီတာ) ရှည်လျားသည့် ကော်မှုန့်အသားချောင်းကင်ကြီးကို လက်နှစ်ဖက်ဖြင့် ပိုက်ထားလိုက်လေသည်။ ထိုအသားချောင်းကို ဝါးနှီးကြမ်း နှစ်ချောင်းဖြင့် ထိုးထားပြီး ပွင့်အာလာသည်အထိ ကင်ထားရာ အလွန်မွှေးကြိုင်သော်လည်း အတော်လေး လေးလံလေသည်။

စောစောက လက်တစ်ဖက်တည်းနဲ့ ကိုင်ထားရတာ အရမ်းလေးတာပဲ။ ပြုတ်ကျမလိုတောင် ဖြစ်သွားတယ်။

သူမသည် ခေါင်းငုံ့ပြီး တစ်ကိုက် ကိုက်လိုက်ကာ မော့ကြည့်လိုက်သောအခါ ဟိုင်ကောအာက သူမ၏ အသားချောင်းကင်ကို မျက်တောင်မခတ် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

ရှန်းအာ၏ မျက်လုံးများ ချက်ချင်း ကျဉ်းမြောင်းသွားပြီး ရှန်မြောင်၏ အနောက်သို့ ပြန်ဝင်ပုန်းလိုက်လေသည်။

ဟိုင်ကောအာကို အမုန်းဆုံးပဲ။ ကြီးတော်က ထမင်းချက် လက်ရာညံ့သဖြင့် သူတို့မိသားစုသည် အပြင်လူကို အစားအသောက် ဝယ်ခိုင်းပြီး စားလေ့ရှိကြသည်။ တစ်နေ့ သုံးနပ်တွင် ၅ ကြိမ်လောက် အပြင်စာ စားကြသဖြင့် ဟိုင်ကောအာသည် ခြင်းလုံးကဲ့သို့ ဝိုင်းစက်နေအောင် ဝနေခြင်း ဖြစ်လေသည်။ သို့သော် ထိုကဲ့သို့ ကောင်းမွန်သော အရာများကို ရှန်းအာနှင့် ကျိအာတို့ မရရှိခဲ့ပေ။ ဟိုင်ကောအာ စားကောင်းသောက်ဖွယ်များ စားတိုင်း ဗိုက်ဆာနေသော သူတို့နှစ်ယောက်ရှေ့တွင် တမင်တကာ ကြွားဝါလေ့ရှိလေသည်။

တစ်ကိုက်လေးတောင် သူမကို ခွဲမကျွေးခဲ့ဘူး။

ဟွန်း... အခု သူမမှာ မကြီး ရှိနေပြီ။ သူမ နေ့တိုင်း စားကောင်းသောက်ဖွယ်တွေ စားရပြီ။ သူ့ကို ပြန်မခွဲပေးဘူး။ သေအောင် လောဘတက်ပါစေ။ ကြည့်ခွင့်တောင် မပေးဘူး။

ရှန်းအာသည် သူ့ကို မျက်နှာပြောင်ပြလိုက်ပြီး သူမ၏ ကော်မှုန့်အသားချောင်းကင်ကြီးကို ပိုက်လျက် မကြီး၏ အရိပ်ထဲတွင် ပျော်ရွှင်စွာ ထိုင်စားနေတော့သည်။ တစ်ကိုက်ပြီး တစ်ကိုက် စားနေရင်း ပလပ်ပလပ်မြည်အောင် ဝါးနေလေသည်။ ပုံမှန်ဆိုလျှင် သူမသည် အစားစားရာတွင် အသံမမြည်စေသော်လည်း ယနေ့တွင်မူ တမင်တကာ အသံထွက်အောင် လုပ်နေခြင်း ဖြစ်လေသည်။

ထင်ထားသည့်အတိုင်းပင်။ ဟိုင်ကောအာသည် ခေါင်းကိုစောင်းကာ သူမစားနေသည်ကို ကြည့်နေလေသည်။ အသားကင်နံ့က သူ့နှာခေါင်းထဲသို့ တိုးဝင်လာပြီး မီးအနည်းငယ် ကျွမ်းနေသော အသားနံ့က သူ့ခံတွင်းကို နှိုးဆွနေလေ၏။ အထူးသဖြင့် အဝေးက ရလာသော အနံ့က ပိုပြီး ဆွဲဆောင်မှုရှိနေပြီး အပေါ်မှ ဖြူးထားသော ငရုတ်ကောင်းမွှေးနံ့ကိုပါ ရနေသဖြင့် တံတွေးများကို အကြိမ်ကြိမ် မျိုချနေရတော့သည်။ ဘယ်ကဝယ်တာလဲဟု မေးချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာစဉ် တင်းရှီက သူ့ပခုံးကို ရိုက်လိုက်လေသည်။ "သွားမယ်၊ စာအုပ်ဆိုင်သွားပြီး စာရေးကိရိယာတွေ ဝယ်ရဦးမယ်လေ”

ဦးကြီးရှန်သည် ရင်ကို ကော့လိုက်ပြီး ရှန်မြောင် ကြားအောင် ပြောလိုက်လေသည်။ "ဟုတ်တယ်၊ ဟုတ်တယ်၊ ဟိုင်ကောအာက နောက်ရက်နည်းနည်းဆိုရင် တော်ဝင်ကျောင်းတော်ရဲ့ ကလေးစာမေးပွဲ ဖြေရတော့မှာ၊ ဟိုင်ကောအာက ဉာဏ်ကောင်းမှန်း မင်းလည်း သိတာပဲ၊ ဆရာလီရဲ့ စာသင်ဝိုင်းမှာ အမြဲတမ်း ထိပ်ဆုံးကလေ၊ ဦးကြီးတို့ သွားလိုက်ဦးမယ်၊ မင်းနဲ့ ရှန်းအာလည်း ဖြည်းဖြည်း လျှောက်ကြည့်ကြပေါ့၊ ငါတို့ အချိန်မဖြုန်းတော့ဘူး”

ဟိုင်ကောအာသည် ဝတုတ်ပြီး အစားမက်သော်လည်း၊ ကစားမက်ပြီး ပါးစပ်သရမ်းသော်လည်း စာပေဘက်တွင်မူ ထူးဆန်းစွာ ပါရမီပါလေသည်။ ထို့ကြောင့် ဦးကြီးရှန် ကြွားဝါနေသည်မှာလည်း မဆန်းပေ။

သို့သော် ဒါက သူမနှင့် ဘာများ ဆိုင်ပါသနည်း။ ရှန်မြောင်က လေသံအေးအေးဖြင့် ပြောလိုက်လေသည်။ "ဦးကြီး ကောင်းကောင်းပြန်ပါ”

ထိုစကားပြောပြီးနောက် သူမသည် ခွေးရွေးရန် ကိုယ်ကို လှည့်လိုက်စဉ် ရှန်မြောင်၏ နောက်ကွယ်တွင် ပုန်းနေသော ရှန်းအာက ရုတ်တရက် ခေါင်းပြူထွက်လာပြီး ဒေါသထွက်ကာ သွားဖြဲပြနေသော ကြောင်ပေါက်လေးကဲ့သို့ ပြန်အော်ပြောလိုက်လေသည်။ "ငါ့အစ်ကိုလည်း ကလေးစာမေးပွဲ ဖြေမှာပဲ၊ ဘာများ အထူးအဆန်းမို့လို့လဲ”

ထိုစကားကို ကြားသောအခါ ဦးကြီးရှန်က ဟားတိုက် ရယ်မောလိုက်ပြီး တင်းရှီကလည်း မဲ့ကာ ပြောလိုက်လေသည်။ "အို... ကျိအာလည်း ဖြေမလို့တဲ့လား။ ဟုတ်ပါတယ်လေ၊ အသက်မီတဲ့သူတိုင်း ဝင်ဖြေလို့ရတာပဲ၊ ဒါပေမဲ့ ဖြေတာက ဖြေတာပဲလေ၊ သူ့မှာ သင်ပေးမယ့် ဆရာမရှိ၊ ကြိုးစားလိုစိတ်လည်း မရှိဘဲနဲ့ အောင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ။ သာ့ကျဲအာ... ကြီးတော် စကားကြမ်းတယ် မထင်ပါနဲ့၊ မင်း အလကား သက်သက် ပင်ပန်းမခံပါနဲ့။ ဖိယုံးစာသင်ကျောင်းဆိုတာ ရုံးတော်ကဖွင့်တဲ့ စာသင်ကျောင်းလေ။ အရှင်မင်းကြီးက သာမန်အရပ်သားတွေကို ဖြေခွင့်ပြုထားပေမယ့် ပြန့်ကျင်းမြို့ထဲမှာ ကလေးထောင်ပေါင်းများစွာ ဝင်ပြိုင်ကြတာ၊ တစ်နှစ်ကို လူ ၁၀၀ လောက်ပဲ ရွေးတာဟဲ့။ ဟိုင်ကောအာတောင်မှ ကျောင်းမှာ ဆရာက ကြပ်မတ်၊ အိမ်မှာ အဖေက သင်ပေးတာတောင် ငါတို့က သေချာပေါက် အောင်ပါမယ်လို့ ကြွားလုံးမထုတ်ရဲဘူး၊ နင်တို့ ကျိအာက..."

ဖိယုံးစာသင်ကျောင်းရဲ့ ကလေးစာမေးပွဲမှာ ဘာမေးခွန်းတွေ မေးမယ်ဆိုတာတောင် သိမှာ မဟုတ်လောက်ဘူး။

တင်းရှီက ဆက်မပြောတော့ဘဲ မာန်တက်နေသော ပုံစံဖြင့် လက်ကိုင်ပုဝါကိုသုံးကာ ပါးစပ်သုတ်လိုက်ပြီး အထင်သေးသည့် မျက်နှာထားကို ထုတ်ပြလိုက်လေသည်။ သူမတို့အိမ်က ငွေအများကြီး သုံးပြီး လမ်းကြောင်းရှာကာ ဖိယုံးစာသင်ကျောင်းတွင် မနှစ်က ဘာမေးခွန်းတွေ မေးခဲ့လဲ ဆိုသည်ကို ကြိုတင်စုံစမ်းထားပြီး ဖြစ်လေသည်။

ဖိယုံးစာသင်ကျောင်းတွင် ကျောင်းသားသစ်လက်ခံရန် စစ်ဆေးသည့် မေးခွန်းများသည် အခြားပုဂ္ဂလိက ကျောင်းများနှင့် လုံးဝ မတူညီပေ။

ရှန်မြောင်သည် ပါးစပ်နှင့် အင်္ကျီရင်ဘတ်တစ်ခုလုံး မုန့်ဖတ်များနှင့် ဆီများ ပေကျံနေသော ဟိုင်ကောအာကို တစ်ချက်ကြည့်လိုက်သည်။ သူမသည် ဒေါသ မထွက်သည့်အပြင် ပြုံးကာ ပြောလိုက်လေသည်။ "ဟိုင်ကောအာလို လူတောင် ဖြေလို့ရသေးတာပဲ၊ ကျိအာက ဘာလို့ မရရမှာလဲ။ ကျိအာက အရင်တုန်းက အခြေအနေမပေးခဲ့လို့ပါ၊ ဒါပေမဲ့ ကြီးတော်အနေနဲ့ လူတစ်ယောက်ကို အရင်တုန်းက အမြင်ဟောင်းတွေနဲ့ပဲ ဆက်ကြည့်မနေသင့်ဘူး”

တင်းရှီမှာ မျက်မှောင်ကြုတ်သွားလေသည်။ ဟိုင်ကောအာလို လူမျိုးဆိုတာ ဘာသဘောလဲ။

သူမ သားဖြစ်သူဘက်သို့ လှည့်ကြည့်လိုက်ရာ ပါးစပ်အပြည့်အမောက်နှင့် မျက်လုံးနှစ်လုံးက ရှန်းအာလက်ထဲမှ အသားချောင်းကင်ကို ပြူးကြည့်နေသည်ကို တွေ့လိုက်ရသည်။ တကယ့်ကို မျက်နှာအပြည့် အသားတွေဖြင့် တုံးအအပုံစံ ပေါက်နေပြီး စာတတ်ပေတတ် ရုပ်မျိုး မရှိပေ။

ဒေါသအဟုန်က ရင်ထဲမှ ထွက်ပေါ်လာပြီး ပြန်လည် ရန်တွေ့ရန် ပြင်လိုက်သော်လည်း ရှန်မြောင်က အခွင့်အရေး မပေးဘဲ ရှန်းအာကို ခေါ်ကာ ထွက်ခွာသွားလေသည်။

"ဦးကြီး၊ ကြီးတော် သွားလိုက်ပါဦးမယ်” ရှန်မြောင်က ပြောရင်းဆိုရင်း ရှန်းအာကို ဆွဲကာ ခွေးလေး ကြောင်လေးများ ရောင်းချသည့် ဝမ်မိသားစု အိမ်မွေးတိရစ္ဆာန်ဆိုင်ဘက်သို့ ကွေ့သွားလိုက်လေသည်။ လက်ကိုလည်း ဟန်လုပ်ပြီး ဝှေ့ယမ်းပြလိုက်လေသည်။ "ကျွန်မတို့လည်း အလုပ်ရှုပ်နေလို့ ဦးကြီးတို့၊ ကြီးတော်တို့နဲ့ စကားအကြာကြီး မပြောတော့ပါဘူး၊ သွားခွင့်ပြုပါဦး”

တင်းရှီသည် ဒေါသကို မြိုသိပ်လိုက်ရသဖြင့် ရင်ဘတ်ထဲတွင် ဆို့နင့်နေကာ ဒေါသအရှိန်ကြောင့် သားဖြစ်သူ၏ ပခုံးကို လှည့်ဆွဲလိုက်လေသည်။ "စားမယ်... စားမယ်... စားဖို့ပဲ သိတယ်”

ဟိုင်ကောအာမှာ ဝမ်းနည်းသွားပြီး မုန့်ပင် ပြုတ်ကျမတတ် ဖြစ်သွားလေသည်။ "အမေ... ဘာလို့ ကျွန်တော့်ကို ရိုက်တာလဲ”

"မသွားသေးဘူးလား၊ ရှင့်တူမနဲ့ တွေ့ရတာ ကျက်သရေကို တုံးတယ်” တင်းရှီက ဒေါသတကြီး အော်ပြောလိုက်လေသည်။

တင်းရှီ အလွန် ဒေါသထွက်နေရခြင်းမှာ ရှန်သာ့ကျဲအာရှေ့တွင် နောက်တစ်ကြိမ် အရေးနိမ့်သွားခြင်းကြောင့်ပင်။ ဘယ်အချိန်ကတည်းက သူမ စကားနိုင် မလုနိုင်တော့တာပါလိမ့်။

ဦးကြီးရှန်နှင့် ဟိုင်ကောအာတို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပခုံးတွန့်လိုက်ကြပြီး အကြောင်းမဲ့ ဒေါသထွက်နေသော ခြင်္သေ့မကြီးနောက်သို့ လိုက်ပါသွားကြလေသည်။

ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် တင်းရှီက အံကြိတ်ကာ နောက်ပြန်လှည့်ကြည့်လိုက်ရာ ရှန်မြောင်သည် အမွေးအဝါရောင်သန်းသော ခွေးလေးတစ်ကောင်ကို ရွေးချယ်ပြီး ခွေးပွေ့ထားသောသူနှင့် အာရုံစိုက် စျေးဆစ်နေသည်ကို တွေ့လိုက်ရသည်။ သူတို့ကို အကြည့်တစ်ချက်လေးပင် မစွန့်ကြဲတော့ပေ။

သူတို့သည် အရေးမပါသော လူများ ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသဖြင့် စိတ်ထဲတွင် ပိုမို မကျေမနပ် ဖြစ်သွားကာ မုန်းတီးစွာ တွေးတောလိုက်လေသည်။ 'ကွာရှင်းပြီး အိမ်ပြန်ရောက်လာတယ်၊ မိဘတွေလည်း မရှိဘဲနဲ့ နောက်ပိုင်း ဘယ်လိုစခန်းသွားမလဲ ကြည့်ကြသေးတာပေါ့။ ကျိအာ စာမေးပွဲအောင်မယ်လို့ မျှော်လင့်နေတာက ရယ်စရာကောင်းလိုက်တာ၊ ပိုက်ဆံပေးထားတာတောင် ကျောင်းပြေးတဲ့ကောင်က ဘာမျှော်လင့်ချက် ရှိမှာလဲ။'

တင်းရှီ ဒေါသထွက်နေချိန်တွင် ရှန်မြောင်သည် လှည့်ထွက်သွားကတည်းက ဦးကြီးရှန်တို့မိသားစုအကြောင်းကို ခေါင်းထဲမှ ထုတ်ပစ်လိုက်ပြီ ဖြစ်သည်။

လူဆိုသည်မှာ အချစ်အမုန်းကို ဂရုမစိုက်ဘဲ နေနိုင်ရမည်။ ဦးကြီးရှန်တို့မိသားစုက သူမကို အထင်သေးလျှင်လည်း သေးပါစေ၊ သူမက သူတို့အတွက် အသက်ရှင်နေတာမှ မဟုတ်တာ။ ကိုယ့်လမ်းကိုယ်လျှောက်မယ်၊ သူတို့ ပြောချင်ရာ ပြောပါစေ။

ထို့ကြောင့် သူမသည် ပျော်ပျော်ရွှင်ရွှင်ပင် ခွေးတစ်ကောင်ကို ရွေးနေလိုက်သည်။

အရင်ကြည့်ခဲ့သော ခွေးဆိုင်များမှ ခွေးများသည် ပုံပန်းသွင်ပြင် သိပ်မကောင်းလှပေ။ သူမ ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်သောအခါ ဒုတိယမြောက် ခွေးဆိုင်မှ ဈေးသည်မှာ မျက်နှာထား အလွန်ကြင်နာတတ်ပုံရသည့် အမျိုးသမီးဖြစ်ပြီး ဝမ်ဝူညန် ဟု ခေါ်ကြလေသည်။

ဒီဆိုင်က ခွေးပေါက်စလေးတွေပဲ ရောင်းတာပါ။

ရှန်မြောင်က ခွေးကြီး ဝယ်ချင်တာဖြစ်သဖြင့် ရစ်ဝဲမနေသင့်သော်လည်း အိမ်က ဝတုတ်နေသော ခွေးပေါက်စလေးကို ပွေ့ဖက်ထားရင်း ချစ်ခင်စွာ ပွတ်သပ်ပေးနေမိသည်။ အခြားဆိုင်များနှင့်မတူဘဲ သူမဆိုင်မှ ခွေးထည့်သည့် သစ်သားလှောင်အိမ်ထဲတွင် အဝတ်စအထူ ခင်းထားလေသည်။ လှောင်အိမ်ထဲမှ ခွေးများသည်လည်း အိမ်မွေးခွေးများ ဖြစ်ကြောင်း သိသာသည်။ ပထမဆိုင်လောက် အရေအတွက် မများ၊ မျိုးစိတ် မစုံသော်လည်း ခွေးလေးများက ကျန်းမာသန်စွမ်းပြီး အမွေးများ ပြောင်လက်ကာ နှာခေါင်းလေးများ စိုစွတ်နေလေသည်။

ရှန်မြောင်သည် ကျောအဝါရောင်၊ ဗိုက်အဖြူရောင်ရှိသော အမွေးရှည်ခွေးလေးတစ်ကောင်ကို သဘောကျသွားလေသည်။ ခြေသည်း၊ နှာခေါင်းနှင့် လျှာလေးများက ပန်းရောင်သန်းနေသည်။ အရိုးအဆစ် ကြီးမားပြီး မွေးချင်းများထက် ပိုမို ဝဖိုင့်နေသည်။ လည်ကုပ်ကို ဆွဲမလိုက်သောအခါ ခြေထောက်လေးချောင်းက သဘာဝအတိုင်း တွဲလောင်းကျနေပြီး ရုန်းကန်ခြင်း၊ ကြောက်လန့်ခြင်း မရှိပေ။ မျက်လုံးလေးများက စပျစ်သီးနက်ကဲ့သို့ ဝိုင်းစက်ကာ စိုစွတ်တောက်ပလျက် သူမကို ကြည့်နေလေသည်။

ချစ်စရာကောင်းလိုက်တာ။ ရှန်မြောင်သည် ခွေးလေး၏ မျက်ဝန်းများတွင် ဖမ်းစားခံလိုက်ရပြီး ဤခွေးလေးကို ယူရန် ဆုံးဖြတ်လိုက်တော့သည်။

သူမသည် အစက အိမ်စောင့်ရန် ခွေးကြီးတစ်ကောင် ဝယ်မည်ဟု စိတ်ကူးထားသော်လည်း ရှေ့နားက ခွေးပွဲစားများ၏ ခွေးများသည် သစ်တိုင်တွင် ကြိုးဖြင့် ချည်နှောင်ခံထားရပြီး လှောင်အိမ်တစ်ခုထဲတွင် ၅ ကောင်၊ ၆ ကောင်ခန့် ပြွတ်သိပ်ထည့်ထားသဖြင့် မတ်တတ်ရပ်ရန်၊ လှည့်ရန်ပင် နေရာမရှိကြပေ။ ခွေးတိုင်းလိုလို မျက်လုံးများ မှေးမှိန်နေပြီး အမွေးများ ရှုပ်ထွေးနေကြသည်။

ဝမ်ဝူညန်၏ ဆိုင်ကသာ ကွဲပြားနေသည်။ သူမက ခွေးကြီးများ မရောင်းချပေ။ ရှေ့တွင် လှောင်အိမ် ၂ ခု၊ ၃ ခုသာ ရှိပြီး ခွေးပေါက်စ အနည်းငယ်သာ ရောင်းသည်။

ရှန်မြောင်က မေးမြန်းလိုက်သောအခါ ဝမ်ဝူညန်က နေလှန်းထားသော ကြွက်သားခြောက်ကို ခွေးလေးအား ကျွေးရင်း ပြောလိုက်လေသည်။ "မိန်းကလေး သိအောင် ပြောပြရရင်... ကျွန်မက မနက်ဈေးလမ်းမှာ ကြောင်ဆိုင်၊ ခွေးဆိုင် ဖွင့်ထားတာပါ၊ ဒီနေ့ ဈေးရက်မို့လို့ လာပြီး အပျော်သဘော ရောင်းတာပါ၊ ရောင်းရရောင်းရ မရောင်းရရောင်းရ ကိစ္စမရှိပါဘူး။ ကျွန်မ ခွေးလေးတွေက အိမ်မှာ သေချာ ဂရုစိုက်မွေးထားတာပါ၊ တခြားလူတွေလို လက်လွှဲလက်ပြောင်း သယ်လာတာ မဟုတ်ပါဘူး၊ မိန်းကလေး ကြည့်လိုက်တာနဲ့ သိမှာပါ။ ဒါကြောင့် ကျွန်မက သူတို့ကို ကောင်းကောင်း စောင့်ရှောက်မယ့် အိမ်ရှင်မျိုးနဲ့ပဲ တွေ့ချင်တာပါ။ ကျွန်မလည်း ပိုက်ဆံရ၊ မိန်းကလေးလည်း ခွေးချစ်စရာလေးရ၊ ခွေးလေးလည်း အိမ်ကောင်းကောင်း ရောက်တာပေါ့။ လူတိုင်း ငွေမက်ကြပေမယ့် သမာအာဇီဝကျကျပဲ ရှာသင့်တယ်လေ၊ ကျွန်မက အဲဒီလိုပဲ ရောင်းတာပါ”

သူမ၏စကားတွင် အဓိပ္ပာယ်တစ်ခု ပါဝင်နေလေသည်။ ရှန်မြောင်လည်း စိတ်လှုပ်ရှားသွား၏။ စောစောက ကြည့်ခဲ့သော ဆိုင်များမှ ခွေးများ မှိုင်တွေနေသည်မှာ ခရီးပန်းလာခြင်းကြောင့် ဖြစ်နိုင်ပြီး အခြားဒေသမှ သယ်ယူလာခြင်း ဖြစ်တန်ရာသည်။ အထူးသဖြင့် ခွေးကြီးများဆိုလျှင် ဘယ်ကလာမှန်းပင် မသိနိုင်ပေ။

'သူခိုးဆီက ခွေးဆိုရင်တော့ လုံးဝ မဝယ်သင့်ပါဘူး။'

...

အပိုင်း (၄၂)

"မကြီး..." ရှန်းအာက ရုတ်တရက် အသံချိုချိုလေးဖြင့် ခေါ်လိုက်သည်။

ရှန်မြောင် လှည့်ကြည့်လိုက်ရာ ရှန်းအာသည် ဘယ်အချိန်ကတည်းက ကော်မှုန့်အသားချောင်းကင်ကြီး ကုန်သွားမှန်း မသိ။ ဝတုတ်နေသော ခွေးပေါက်စလေးကို လက်မောင်းကြားတွင် ပိုက်ထားကာ သူမ၏ ပါးပြင်လေးဖြင့် ခွေးလေး၏ နူးညံ့သောအမွေးအမျှင်များကို ပွတ်သပ်နေလေသည်။

ဝမ်ဝူညန်သည်လည်း ခွေးလေးကို တစ်ချက် ပွတ်သပ်လိုက်ရင်း မာန်တက်သော လေသံဖြင့် ပြောလိုက်လေသည်။ "မိန်းကလေးက မျက်စိရှိသားပဲ၊ ဒီတစ်ကောင်က ကျွန်မဆီက ခွေးတွေထဲမှာ အကောင်းဆုံးပဲ၊ ကြီးလာရင် သေချာပေါက် ထည်ဝါခန့်ညားနေမှာ၊ အိမ်စောင့်တာလောက်ကတော့ ပြောစရာတောင် မလိုဘူး၊ လူချမ်းသာတွေက အမဲလိုက်ခွေးအဖြစ်တောင် ဝယ်သွားလို့ရတယ်”

"ဒီတစ်ကောင် ဘယ်လောက်လဲ" ရှန်မြောင် ဆုံးဖြတ်ချက် ချလိုက်လေသည်။

" ဝမ်၈၀ ပါ၊ ပြီးရင် ခွေးအိပ်ဖို့ ဝါဂွမ်းဖာ တစ်ခုနဲ့ ခွေးချည်ကြိုးတစ်ချောင်း လက်ဆောင်ပေးမယ်၊ ဘယ်လိုလဲ"

ရှန်မြောင်သည် မျက်လုံးကို မှေးစင်းလိုက်ပြီး လက်ငါးချောင်း ထောင်ပြလိုက်သည်။ "၅၀ ဝမ်"

"ဘယ်ဖြစ်မလဲ" ဝမ်ဝူညန်က လက်ကာပြလိုက်သည်။

သို့သော် ရှန်မြောင်သည် ဤဆိုင်မရောက်ခင် ရှေ့နားက ခွေးဆိုင်အများအပြားကို မေးမြန်းစုံစမ်းခဲ့ပြီးပြီ ဖြစ်သည်။ စုန့်ခေတ်တွင် ခွေးမွေးခြင်း ခေတ်စားသော်လည်း တောင်ဘက်ဒေသမှ နာမည်ကြီး မျိုးစိတ်အချို့သာ ငွေအမြောက်အမြား ပေးရတတ်သည်။ ဝမ်ဝူညန် ရောင်းချနေသည်မှာ ရက်စက်ကြမ်းကြုတ်သော တိဗက်ခွေးအမျိုးအစား၊ ပါရှန်းမျိုးနွယ်ဝင် ခွေးများ သို့မဟုတ် နာမည်ကြီး အမဲလိုက်ခွေးများ မဟုတ်ပေ။ ဤကဲ့သို့ အိမ်စောင့်ရန် မွေးသည့် သာမန် ခွေးပေါက်စများမှာ ပုံမှန်အားဖြင့် ငွေဆယ်ဂဏန်းသာ ရှိတတ်သည်။ ရှန်မြောင်သည် အချိန်ကြာမြင့်စွာ စျေးဆစ်ပြီးနောက် ၆၂ ဝမ် ဖြင့် ဝယ်ယူလိုက်ပြီး ခွေးစာတစ်အိတ်ပါ လက်ဆောင်ရလိုက်သည်။

ဟုတ်ပါသည်။ သာ့စုန့်ခေတ်တွင် အိမ်မွေးတိရစ္ဆာန် ဝန်ဆောင်မှုလုပ်ငန်းများ ရှိနေပြီ ဖြစ်သည်။ ကြောင်၊ ခွေး ရောင်းချသော ဆိုင်များတွင် ၎င်းတို့အတွက် လိုအပ်သော ပစ္စည်းမျိုးစုံကိုလည်း ရောင်းချပေးသည်။ ဥပမာ - ခွေးမွေးလျှင် ကောက်နှံဖြင့် ပြုလုပ်ထားသော ခွေးစာ၊ ကြောင်မွေးလျှင် ငါးရှဉ့် သို့မဟုတ် ဝက်အူချောင်း၊ ငါးမွေးလျှင် ပုဇွန်ဆိတ် စသည်တို့ ရောင်းချပေးသည်။ ယခုခေတ်တွင် ကြောင်၊ ခွေးများကို ရေချိုးပေးခြင်း၊ အလှပြင်ပေးခြင်း ဝန်ဆောင်မှုများပင် ရှိနေပြီး "ကြောင်ခွေးပြုပြင်ခြင်း" ဟု ခေါ်ဆိုကြသည်။

ရှန်မြောင် ခွေးဝယ်ပြီးချိန်တွင် ဝမ်ဝူညန်က မှာကြားလိုက်သေးသည်။ "ကျွန်မဆိုင်က မာရှင်းလမ်းမကြီးကနေ တောင်ဘက်ကို ပေ ၂၀ လောက် လျှောက်လိုက်ရင် စိမ်းပြာရောင် နောက်ခံမှာ ခွေးခေါင်းပုံ အဝါရောင် ဟင်းလင်းဖွင့်ထားတဲ့ ဆိုင်လေ၊ အဲဒါ ကျွန်မဆိုင်ပဲ။ နောက်ပိုင်း မိန်းကလေး ခွေးအိမ်ဝယ်ချင်တာပဲဖြစ်ဖြစ်၊ ခွေးရေချိုးချင်တာ၊ အလှပြင်ချင်တာပဲဖြစ်ဖြစ် ကျွန်မဆီ လာခဲ့နော်။ ကျွန်မက ခွေးအမွေးညှပ်တာ တော်တော် ကျွမ်းကျင်တယ်ရှင့်။ ပြီးတော့... ခွေးလေး နေမကောင်းဖြစ်တာမျိုး ရှိရင်လည်း ခွေးပိုက်ပြီး ကျွန်မဆီ တန်းလာခဲ့၊ ဖြစ်ကတတ်ဆန်း ဆေးကုတာမျိုး၊ လွှတ်ပစ်လိုက်တာမျိုး မလုပ်နဲ့နော်။ ကျွန်မဆိုင်ဘေးမှာ တိရစ္ဆာန်ဆေးကုခန်း ဖွင့်ထားတဲ့ ဝမ်ရှစ်ချီညန် ဆိုတဲ့ ဆရာမက တော်တော်တော်တာ၊ ခွေးအသက်ပေါင်းများစွာကို ကယ်ခဲ့ဖူးတယ်။ မိန်းကလေး မှတ်ထားနော်၊ သေချာ မှတ်ထား”

ရှန်မြောင်က ခေါင်းညိတ်လိုက်ပြီး စိတ်ထဲ မှတ်သားထားလိုက်သည်။ ဝမ်ဝူညန်က စိတ်သဘောထား ကောင်းမွန်သူ တစ်ဦး ဖြစ်ပုံရသည်။

ထပ်မံ လျှောက်ကြည့်သော်လည်း ဝယ်စရာ မရှိတော့သဖြင့် ရှန်မြောင်သည် ခွေးလေးကို ပွေ့ပြီး အိမ်ပြန်လာခဲ့သည်။

အိမ်ရှေ့ရောက်သောအခါ လူနှစ်ယောက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်ကို တွေ့လိုက်ရသည်။ ရှန်မြောင် အမြန် လျှောက်သွားလိုက်ရာ အိမ်တော်ထိန်းကျန့်က ခြေသံကြားသဖြင့် လှည့်ကြည့်လိုက်ပြီး ပြုံးကာ လက်နှစ်ဖက် ဆုပ်ကိုင်အရိုအသေပေးလိုက်သည်။ "ရှန်ညန်ဇီ ပြန်ရောက်လာတာ ကွက်တိပဲ၊ သခင်မကြီးက..."

"အိမ်တော်ထိန်းကျန့် အိမ်ထဲဝင်ပြီး လက်ဖက်ရည်သောက်ရင်း ဖြည်းဖြည်း ပြောကြတာပေါ့" ရှန်မြောင်သည် နံရံတွင် နားများ ရှိတတ်ကြောင်း သိသဖြင့် မုန့်လုပ်နည်းရောင်းလိုက်သည့်အကြောင်းကို လူသိရှင်ကြား မဖြစ်စေလိုပေ။ ထို့ကြောင့် အိမ်တော်ထိန်းကျန့်ကို အိမ်ထဲသို့ အမြန် ဖိတ်ခေါ်လိုက်သည်။

ကျိအာ အိမ်မပြန်ရောက်သေးသဖြင့် အိမ်တွင် ရေနွေးမရှိပေ။ ရှန်မြောင်သည် ခြင်းတောင်းနှင့် ပစ္စည်းများကို ချလိုက်ပြီး ရှက်ရွံ့စွာဖြင့် ရေတစ်ခွက် ခပ်ပေးလိုက်သည်။ သို့သော် အိမ်တော်ထိန်းကျန့်က ကိစ္စပြောရန် လာခြင်းဖြစ်၍ လက်ကာပြကာ ငြင်းပယ်လိုက်ပြီး လာရင်းကိစ္စကို ရှင်းပြလိုက်လေသည်။

"အရင်က ရှန်ညန်ဇီနဲ့ ပြောထားတဲ့ကိစ္စကို သခင်မကြီး သဘောတူလိုက်ပြီ။ သခင်မကြီးက ချူချီမုန့်ကို အရမ်းကြိုက်သလို အသားမွနဲ့ ပိန်းဥနှစ်ပါတဲ့ ကြက်ဥအနှစ်ဌာပနာမုန့်ကိုလည်း ချီးကျူးမဆုံး ဖြစ်နေတာ။ ဒါကြောင့် ရှန်ညန်ဇီ တောင်းတဲ့ စျေးကို သခင်မကြီးက ချက်ချင်း ခေါင်းညိတ်လိုက်တယ်။ ဒါပေမဲ့ သခင်မကြီး မှာလိုက်တာ တစ်ခုရှိတယ်။ ရှန်ညန်ဇီအနေနဲ့ မုန့်လုပ်နည်းကို စာရေးပေးရုံတင်မကဘဲ စားဖိုမှူးဖန်းကို သေချာ သင်ပေးရမယ်တဲ့၊ ဒါမှ စားဖိုမှူးဖန်းက စာကြည့်ပြီး စမ်းတဝါးဝါး လုပ်နေစရာ မလိုတော့ဘဲ အချိန်ကုန်သက်သာမှာလေ"

"ဒါက လုပ်ပေးရမှာပေါ့၊ ကျွန်မ မနက်တိုင်း ဈေးရောင်းပြီးရင် နေ့လယ်ဘက် အားပါတယ်"

ယန်လောင်ဟန့်က မနေ့ကပဲ တပည့်ကို လွှတ်ပြီး မုန့်ရောင်းလှည်းက မနက်ဖြန် ရမယ်လို့ လာပြောထားတာ၊ ရှန်မြောင်က မနက်ပိုင်း ဈေးရောင်းမပျက်ချင်ဘူးလေ၊ ရေရှည်ဝင်ငွေရမယ့် ဒီလုပ်ငန်းလေးကိုလည်း ဆက်လုပ်ရမှာပဲ။

အိမ်တော်ထိန်းကျန့်က စဉ်းစားလိုက်သည်။ အိမ်တော်တွင် ဧည့်ခံပွဲအတွက် ပြင်ဆင်နေကြရာ လူရှုပ်နေသော်လည်း ဧည့်သည် အဝင်အထွက် နည်းနေသဖြင့် ရှန်မြောင် လာသင်လျှင် သင့်တော်မည်ဟု တွေးလိုက်သည်။

"ဒါဆိုရင် ရှန်ညန်ဇီကို ရှဲ့အိမ်တော်ထိ လာပြီး မုန့်လုပ်နည်းနှစ်ခု သင်ပေးဖို့ အကူအညီ တောင်းပါရစေ။ တစ်ချက်က ရှန်ညန်ဇီက မိန်းကလေးဖြစ်နေတော့ စားဖိုမှူးဖန်းက နေ့တိုင်း ရှန်ညန်ဇီအိမ်ကို ဝင်ထွက်နေရင် နာမည်ပျက်မှာ စိုးလို့ပါ၊ နှစ်အချက်က မုန့်လုပ်နည်းသင်ရင် ကုန်ကြမ်းပစ္စည်းတွေ ဝယ်ရပြုရမှာ၊ စားဖိုမှူးဖန်းက နေ့တိုင်း သယ်လာဖို့ မလွယ်ဘူးလေ၊ ဒါကြောင့် ရှန်ညန်ဇီ ရှဲ့အိမ်တော်ကို လာသင်ပေးတာက ပိုအဆင်ပြေမယ် ထင်တယ်။ ရှန်ညန်ဇီ ဘယ်လိုသဘောရလဲ။ နောက်တစ်ချက်က သင်ကြားတဲ့အချိန် လိုအပ်မယ့် ကုန်ကြမ်းပစ္စည်းတွေကို စာရင်းလုပ်ပေးပါ၊ ကျွန်တော် ကြိုတင် ဝယ်ထားခိုင်းလိုက်မယ်၊ စားဖိုမှူးဖန်းကို သေချာ သင်ပေးဖို့ မေတ္တာရပ်ခံပါတယ်"

"ကောင်းပါပြီ၊ ကောင်းပါပြီ၊ အိမ်တော်ထိန်းကျန့် စီစဉ်တာ ပြည့်စုံလွန်းပါတယ်" ရှန်မြောင်က မျက်လုံးများ မှေးသွားသည်အထိ ပြုံးလိုက်လေသည်။

အိမ်တော်ထိန်းကျန့်က ရှဲ့အိမ်တော်လို အိမ်ကြီးအိမ်ကောင်းရဲ့ အိမ်တော်ထိန်းပီသပါပေတယ်။ ကိစ္စရပ်တွေကို စီစဉ်ရာမှာ တိကျသေချာပြီး သူများအတွက်လည်း ထည့်သွင်းစဉ်းစားပေးတယ်။ စားဖိုမှူးဖန်းက နေ့တိုင်း ပစ္စည်းတွေ သယ်ပြီး ရှန်အိမ်ကို လာသင်ရင် ရပါတယ်။ ဒါပေမဲ့ အိမ်တော်ထိန်းကျန့် ပြောသလိုပဲ လူအများ အာရုံစိုက်ခံရလွန်းတယ်။

သဘောတူညီမှု ရပြီးနောက် အိမ်တော်ထိန်းကျန့်က အနောက်မှ ပါလာသော အစေခံလေးကို လေးလံသော သစ်သားသေတ္တာတစ်လုံး ပေးခိုင်းလိုက်သည်။ "ရှန်ညန်ဇီ ရေတွက်ကြည့်ပါဦး"

အစေခံလေးသည် အပြင်ဘက် လှည်းပေါ်မှ သစ်သားသေတ္တာကြီးကို သွားယူလာသည်။ သူသည် လက်နှစ်ဖက်ဖြင့် ပွေ့ထားသော်လည်း လေးလံနေပုံရပြီး ခြေလှမ်းများ လေးလံကာ ချွေးများ ထွက်နေသည်။ ရှန်အိမ်ထဲ ရောက်မှ အသက်ရှူသံ ပြင်းပြင်းဖြင့် ခြံဝင်းထဲက စားပွဲပုလေးပေါ် တင်လိုက်သည်။

ရှန်မြောင်တစ်ယောက် ရင်ခုန်သွားတော့သည်။ မဖြစ်နိုင်တာ...

သူမ အလိုအလျောက် ဖွင့်ကြည့်လိုက်ရာ အတွင်းထဲတွင် ကြေးပြားများ ပြည့်နှက်နေသည်။ ဝါဝင်းတောက်ပနေသော ကြေးပြားများကို ကြိုးနီဖြင့် သီထားသည်။ အိမ်တော်ထိန်းကျန့်က ကူညီ ရေတွက်ပေးရာ စုစုပေါင်း အတွဲ ၈၀ ရှိပြီး အထပ်လိုက် စီထားသည်။

ရေတွက်ပြီးနောက် အိမ်တော်ထိန်းကျန့်က သေတ္တာထဲ ပြန်ထည့်ပေးပြီး လှပသော သစ်သားသေတ္တာကိုပါ ပေးလိုက်သည်။

"ငွေ ၈၀ လျန် တိတိပါ၊ တစ်ပြားမှ မလျော့ပါဘူး"

"အို..." ရှန်မြောင် မျက်လုံး မခွာနိုင်တော့ပေ။ လက်က လှမ်းယူလိုက်မိသော်လည်း ယဉ်ကျေးမှုအရ တစ်ခွန်း ပြောလိုက်သေးသည်။ "အိမ်တော်ထိန်းကျန့်ကလည်း... အာ... စားဖိုမှူးဖန်း တတ်မှ ပေးလည်း ရပါတယ်။ အိမ်တော်က ကျွန်မဆိုင်ကို အမြဲအားပေးနေတာပဲ၊ မယုံစရာ အကြောင်းမှ မရှိတာ။ သခင်မကြီးက သဘောကောင်းလွန်းပါတယ်။ ဒါ... ဒါ... ကျွန်မ လက်ခံလိုက်ပါမယ်"

စကားမဆုံးခင်မှာပင် ရင်ခွင်ထဲ ပွေ့ထားလိုက်လေပြီ။

အိမ်တော်ထိန်းကျန့်က ရယ်ချင်စိတ်ကို ထိန်းလိုက်လေသည်။ "ဒါက ပေးသင့်တာပါ၊ ရှန်ညန်ဇီက စေတနာထားမှတော့ ရှဲ့အိမ်တော်က ကတိဖျက်စရာ အကြောင်းမရှိပါဘူး"

သေတ္တာက လေးလံသော်လည်း ရင်ထဲတွင် ပျော်ရွှင်မှုများ ပွင့်လန်းနေသည်။

ရှန်မြောင်သည် ပျော်ရွှင်စွာဖြင့် အိမ်တော်ထိန်းကျန့်ကို ချီးမွမ်းစကားများ ပြောဆိုလိုက်သည်။ ရှဲ့အိမ်တော် သခင်မကြီး၊ ဘွားတော်ကြီး၊ ရှဲ့ကျိုကော၊ ယန့်ရှူး၊ လှည်းမောင်းသမား ကျိုးတာ့၊ စားဖိုမှူးဖန်း၊ တံခါးစောင့် ယန်ချီ နှင့် အိမ်တော်ထိန်းကျန့် အထိ လူကုန်အောင် ချီးမွမ်းခန်းဖွင့်လိုက်သည်။

ချောမောလှပသော မိန်းကလေးတစ်ဦး၏ ချိုသာသော စကားများဖြင့် ချီးမွမ်းခံရသဖြင့် မြေးရနေပြီဖြစ်သော အိမ်တော်ထိန်းကျန့်ပင် မျက်နှာရဲသွားပြီး စာချုပ်ချုပ်ကာ နှုတ်ဆက်ပြီး ပြန်လည်ထွက်ခွာသွားတော့သည်။

"ကျွန်မ လိုက်ပို့ပါမယ်" ရှန်မြောင် ဘယ်ညာ ကြည့်လိုက်ပြီး နောက်ဆုံးတွင် ငွေသေတ္တာကို ကြက်ခြံထဲ ထည့်လိုက်သည်။ လန့်ပြီး ထပျံသွားသော ကြက်ကလေးများကို ဂရုမစိုက်ဘဲ ဂါဝန်စ,မပြီး အိမ်တော်ထိန်းကျန့်နောက်သို့ အပြေးလိုက်သွားလိုက်သည်။

ဧည့်သည်လိုက်ပို့နေသော သူမ၏ ခြေလှမ်းများမှာ လေပေါ် မြောက်တက်လုမတတ် ပေါ့ပါးသွက်လက်နေတော့သည်။

ရှဲ့အိမ်တော်က ဒီလောက် သဘောကောင်းပြီး ငွေလက်ငင်းချေမယ်လို့ ထင်မထားမိဘူး။

အသစ်စက်စက် ကြေးပြားတွေက ရှန်မြောင်ကို မျက်စိကျိန်းစေပြီး မျက်နှာပေါ်က အပြုံးကို ဖုံးကွယ်ထားလို့ မရနိုင်တော့ပေ။ စောစောက အံကိုကြိတ်ပြီး ထိန်းချုပ်ခဲ့ရတာ၊ လက်ကိုင်ပုဝါနဲ့ ပါးစပ်ကို အုပ်ထားခဲ့လို့သာ သွားတွေ ပေါ်မလာခဲ့တာ။

လမ်းကြားထိပ်အထိ လိုက်ပို့ပြီးနောက် အိမ်တော်ထိန်းကျန့်က လက်နှစ်ဖက်ယှက်ကာ ဂါရဝပြုလိုက်ပြီးနောက် လှည်းပေါ်တက်ပြီး ပြန်သွားလေသည်။

အိမ်တော်ထိန်းကျန့် ပြန်သွားပြီးနောက် ရှန်မြောင် အိမ်ပြန်ရောက်သည်နှင့် ကြက်ခြံထဲမှ ငွေသေတ္တာကို ပြန်ဆွဲထုတ်လိုက်သည်။ ဝယ်လာခါစ နို့ပြတ်ကာစ ခွေးပေါက်စလေးနှင့် လှေကားထစ်တွင် ထိုင်ကာ ခွေးနားရွက်ကို ကိုင်ကစားနေသော ရှန်းအာကို ကြည့်ပြီး စိတ်မသန့် ဖြစ်မိသည်။

ဒီလောက်များတဲ့ ငွေတွေကို အိမ်မှာ ထားလို့ ဘယ်ဖြစ်မလဲ။

ညနေစောင်းတွင် ရှန်ကျိ အိမ်ပြန်ရောက်လာသည်။ သူ၏ ရင်ဘတ်ထဲတွင် ကြေးပြား ၁၈ ပြား ထည့်လာပြီး မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲနေသည်။

ဒီနေ့ လန်ရှင်းစာအုပ်ဆိုင်မှာ ဖိယုံးစာသင်ကျောင်းက ကျောင်းသားတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူနဲ့ အဘိုးကျိုးတို့ ကောင်တာနောက်မှာ ထိုင်ပြီး အသားမွ ပိန်းဥနှစ် ကြက်ဥအနှစ်ဌာပနာမုန့် စားနေတုန်း ကောင်တာရှေ့ကနေ ခေါင်းတစ်လုံး ပြူထွက်လာခဲ့တာ။

ရှန်ကျိ လက်ထဲက မုန့် ပြုတ်ကျမတတ် လန့်သွားခဲ့ရတာ။

အဲဒီလူက သူ့ဆီကနေ တစ်ခုလောက် ရောင်းပါဆိုပြီး အတင်း ပူဆာနေတော့တာ။

အဘိုးကျိုးက ထိုလူကို သိနေသဖြင့် ဟားတိုက်ရယ်ပြီး ပြောလိုက်လေသည်။ "နဉ်ယိရာ... နဉ်ယိ... မင်း ကျောင်းမှာ စာကောင်းကောင်း မဖတ်ဘဲ ဘာလို့ ထွက်လာပြန်တာလဲ"

ထိုကျောင်းသားက အရပ်ရှည်သော်လည်း ကလေးမျက်နှာလေးနှင့် ပြုံးပြီး ပြန်ဖြေသည်။ "နန်ရွှင်တံခါးမှာ ဆိတ်သားမုန့်ဆိုင် အသစ်ဖွင့်တယ်လို့ ကြားလို့ သွားမြည်းမလို့ပါ၊ ဒီဘက်ကို လမ်းကြုံလို့ စာရွက် လာဝယ်တာ..." သူက ရှန်ကျိ လက်ထဲက မုန့်ကို လက်ညှိုးထိုးပြပြီး "ဒါ ဘာမုန့်လဲ၊ တစ်ခါမှ မမြင်ဖူးဘူး၊ ကြည့်ရတာ စားကောင်းမယ့်ပုံပဲ၊ ဘယ်ဆိုင်က ဝယ်တာလဲ ပြောပြပါလား"

ရှန်ကျိက အိမ်က လုပ်စားတာပါ၊ မရောင်းပါဘူးဟု ပြောလိုက်သည်။

နဉ်ယိက လက်မခံဘဲ စားချင်တယ်လို့ ဇွတ်ပြောနေတော့သည်။ ရှန်ကျိလည်း မတတ်သာဘဲ သူ့ဝေစုထဲက တစ်လုံး ရောင်းပေးလိုက်ရတော့၏။ အရင်က အစ်မဖြစ်သူ မုန့်လုပ်တုန်းက ညည်းတွားသံကို ကြားဖူးထားခဲ့သည်။ ‘အသားမွနဲ့ ပိန်းဥနှစ်ပါတဲ့ ကြက်ဥအနှစ်ဌာပနာမုန့်က အရင်းကို ၁၀ ဝမ် လောက် ရှိတယ်။ အပြင်မှာ ရောင်းရင် ၁၈ ဝမ် လောက် ရောင်းမှ ဖြစ်မယ်’ ဟူသည့် စကားကို မှတ်မိနေပြီး ထိုဈေးနှင့်သာ ရောင်းခဲ့လိုက်သည်။

ကျောင်းသားက စျေးလုံးဝ မဆစ်ဘဲ ပိုက်ဆံပေးပြီး ရှန်ကျိ လက်ထဲက မုန့်ကို ယူသွားတော့၏။

တစ်ကိုက် ကိုက်လိုက်သည်နှင့် မျက်လုံးများ မှေးသွားတော့သည်။

အလွှာလိုက် ဖြစ်နေပြီး ကြွပ်ရွနေတဲ့ မုန့်သားတွေက သွားကြားထဲမှာ ကြေမွသွားပြီး မွမွလေး ကျလာကာ ဂျုံနံ့သင်းပျံ့နေတာပဲ။ နောက်တစ်ကိုက် ထပ်ကိုက်လိုက်တော့ ငန်ကျိကျိ ကြက်ဥအနှစ်က ပါးစပ်ထဲမှာ ပျော်ဝင်သွားပြန်ရော။ ထူးခြားတဲ့ အငန်အရသာနဲ့ မုန့်သားရဲ့ အချိုအရသာ ပေါင်းစပ်သွားပြီး လိုက်ဖက်ညီလွန်းလှတာပဲ။

"ကောင်းတယ်။ ကောင်းတယ်။ အရမ်းကောင်းတယ်" နဉ်ယိက မျိုချပြီးသည်နှင့် အံ့သြတကြီး ချီးကျူးတော့သည်။ ရှန်ကျိရဲ့အိမ် ဘယ်မှာလဲလို့ မေးရုံတင်မကဘဲ မကြာခင် လာမှာမယ် ဟုပင် ပြောသေးလိုက်သေးသည်။ "အငန်နဲ့ အချိုက ဆန့်ကျင်ဘက် အရသာတွေလေ၊ မင်းအစ်မရဲ့ လက်ရာက ဒီအရသာနှစ်ခုကို ပေါင်းစပ်လိုက်တာ တော်လိုက်တာ။ ပဲနီနှစ်ကလည်း ကောင်းမှကောင်း။ ငါက အစားကောင်း ကြိုက်တဲ့သူပါ၊ ပဲနီနှစ်ပါတဲ့ မုန့်တွေ အများကြီး စားဖူးပေမယ့် ဒီလောက် ညက်ညောတဲ့ ပဲနီနှစ်မျိုး တစ်ခါမှ မစားဖူးဘူး။ ကြက်ဥအနှစ်ရဲ့ အငန်အရသာကို ထိန်းပေးရုံတင်မကဘဲ ချိုမြမြ အရသာကိုပါ ပေးစွမ်းသေးတယ်။ တကယ့်ကို လက်ရာမြောက်ပါတယ်"

ရှန်ကျိတစ်ယောက် မျက်လုံးပြူးမိတော့၏။ မုန့်တစ်ကိုက်စားပြီး စာစီကုံးပြနိုင်တဲ့လူမျိုး ပထမဆုံး မြင်ဖူးတာပဲ။

နဉ်ယိက မုန့်စားပြီးသည်နှင့် ဆိတ်သားမုန့် သွားမဝယ်တော့ဘဲ သူဌေးကျိုးကို ပူဆာနေတော့သည်။ ရှန်ကျိက ဒီနေ့ မုန့် ၅ လုံး ယူလာခဲ့ပြီး ၂ လုံးက သူစားရန်ဖြစ်ကာ ၃ လုံးက သူဌေးကျိုးကို ပေးဖို့ရန်ဖြစ်သည်။

ခုနက သူစားမည့် ၂ လုံးထဲက ၁ လုံးကို နဉ်ယိကို ရောင်းလိုက်ခြင်းဖြစ်သည်။ သူလည်း ၁ လုံး စားပြီးပြီဖြစ်သဖြင့် ကုန်သွားခဲ့ပြီ။ သို့သော်လည်း အဘိုးကျိုးက ၁ လုံး ကျန်နေသေးသည်။

ထို ၁ လုံးကို သူဌေးကျိုးက ညစာစားပြီးမှ စားဖို့ရည်ရွယ်ကာ ချန်ထားခြင်းဖြစ်နေသည်။ ခေါင်းခါပြီး မုန့်ဘူးကို အသေအချာ ပိုက်ထားလိုက်ကာ "မရဘူး... မရဘူး... မပေးနိုင်ဘူး"

မုန့် ၁ လုံးအတွက် နဉ်ယိနှင့် အဘိုးကျိုးတို့ ဆိုင်ထဲတွင် ပတ်ပြေးနေကြတော့သည်။ နောက်ဆုံးတော့ အဘိုးကျိုးက နောက်ဖေးခန်းထဲ ဝင်ပြေးသွားတော့၏။

ရှန်ကျိမှာ ပါးစပ်အဟောင်းသားနှင့်သာ ကြည့်နေမိတော့သည်။ သူက အစ်မဖြစ်သူရဲ့ လက်ရာကို နေ့တိုင်းစားနေကျမို့လို့ နဉ်ယိ ဒီလောက်ထိ ဖြစ်လိမ့်မယ်လို့ ထင်မထားမိဘူး။

ဒါပေမဲ့ စဉ်းစားကြည့်ရင်လည်း မဆန်းပါဘူး။ အစ်မရဲ့ လက်ရာက ပြိုင်ဘက်ကင်းတာကိုး။ တစ်ခါတလေ အစ်မက အကြံဉာဏ်ကောင်းတွေ ထွက်လာပြီး ဆန်းသစ်တဲ့ မုန့်တွေ လုပ်တတ်သေးတယ်။

ဘာပဲဖြစ်ဖြစ် သူက အစ်မအတွက် ဖောက်သည်တစ်ယောက် ရှာပေးနိုင်ခဲ့ပြီလေ။

သူက ထိုအကြောင်းကို အစ်မဖြစ်သူအား ပြောပြချင်နေခဲ့သည်။ အိမ်ပြန်ရောက်တော့ အစ်မက သူ့ကို မြင်သည်နှင့် ဆီးကာ ပြောလာလေသည်။ "ကျိအာ ပြန်လာပြီလား၊ ညစာ အိုးထဲမှာ ရှိတယ်။ ကိုယ့်ဘာသာ ခူးစားနော်၊ ရှန်းအာရယ်၊ ခွေးရယ်၊ ကြက်ရယ်ကို ကြည့်ထားဦး၊ အစ်မ အပြင်ခဏသွားမလို့၊ ခဏနေ ပြန်လာမယ်"

"ဟင်"

ရှန်ကျိတစ်ယောက် အိမ်ပေါက်ဝမှာ ကြောင်ရပ်နေတုန်း အစ်မဖြစ်သူက လေပွေလို ထွက်သွားတော့သည်။ သူမ ရင်ခွင်ထဲမှာ လေးလံတဲ့ သစ်သားသေတ္တာတစ်လုံး ပိုက်ထားသည်ကိုလည်း ရိပ်ခနဲ တွေ့လိုက်မိသည်။

ရှန်မြောင်ကတော့ ကျင်းလျန်တံတားကို ဖြတ်ကျော်ပြီး ယန်လောင်ဟန့် အိမ်သို့ ဝင်သွားလေသည်။

"ဦးလေးကြီး... ကျွန်မ အိမ်ဆောက်ဖို့ လာပြောတာပါ"

ရုတ်တရက် အသံကြားလိုက်ရသဖြင့် ရွေပေါ်ထိုးနေသည့် ယန်လောင်ဟန့်မှာ လန့်သွားပြီး လက်ချောင်း ပြတ်လုမတတ် ဖြစ်သွားရသည်။ တပည့်များလည်း ကြောင်အသွားကြ၏။

ရှန်မြောင်က သူ့ကို ဆွဲခေါ်ပြီး ပန်းရံဆရာ ဟယ်သိုက်ကျောက် နှင့် သူ့တပည့်များကိုပါ ခေါ်လိုက်လေသည်။ သူတို့၏ အကြံပြုချက်ဖြင့် တိုင်ထူမည့်သူများ၊ ကျောက်စီဆရာများ၊ အလုပ်ကြမ်းသမားများကိုပါ လိုက်ရှာသည်။

လူစုံသွားသောအခါ သူမသည် ကြောင်အနေသော လက်သမားများကို ကြည့်ပြီး ရဲရဲတောက် ပြောလိုက်လေသည်။ "တစ်လအတွင်း ပြီးရမယ်၊ ငွေ ၅၀ လျန် ပေးမယ်၊ အုတ်ကြွပ်မိုး အိမ်ကြီး ၃ လုံး ဆောက်ပေးပါ"

ယန်လောင်ဟန့် နှင့် ဟယ်သိုက်ကျောက် တို့မှာလည်း ကြောင်သွားကြကာ ခဏကြာမှ လှည့်ထွက်သွားကြသည်။ "... ပြန်လိုက်ပါဦးမယ်"

"ဟေး... ဟေး... မသွားကြပါနဲ့ဦး၊ ငွေက ညှိနှိုင်းလို့ ရပါတယ်။ ညှိနှိုင်းလို့ ရပါတယ်ဆို"

…

All Chapters