အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
အပိုင်း (၄၃) လမ်းဘေးဈေးသည်ဘဝ နေ့စဉ်မှတ်တမ်း
မျိုးဆက် အဆက်ဆက်မှ အမွေရရှိလိုက်သော ရှန်မြောင်၏ မျက်နှာပြောင်တိုက်သည့် စကားများကြောင့် သည်ခေတ်မှ စိတ်ကြီးကြသည့် လက်မှုပညာရှင်များသည် ဒေါသထွက်လွန်းသဖြင့် သူမနှင့် နေရာမှာပင် အဆက်အသွယ် ဖြတ်လုနီးပါး ဖြစ်သွားကြလေသည်။
နောက်ဆုံးတွင် သူမသည် လေသံပျော့ပျော့ဖြင့် သူတို့အား သေသေချာချာ ညှိနှိုင်းဆွေးနွေးရလေသည်။ အဆုံးသတ်တွင် အုတ်ကြွပ်မိုးအိမ် သုံးလုံးအတွက် ငွေ ၆၈ ကွမ်းဖြင့် သဘောတူညီမှု ရရှိသွားခဲ့သည်။ သူမအနေဖြင့် အလုပ်သမားများကို တစ်နေ့လျှင် ရေနှင့်ထမင်း နှစ်နပ် ကျွေးမွေးရမည်။ သူတို့သည် ထမင်းကို အားရပါးရ စားချင်ကြပြီး ဗိုက်မဝလျှင် အလုပ်တွင်မည် မဟုတ်ပေ။
ရှေးခေတ် အိမ်ဆောက်လုပ်ရေးတွင် "လုပ်ငန်းကြီး ငါးခု၊ လက်မှု ရှစ်မျိုး" ဟူ၍ ခွဲခြားထားသော်လည်း လက်သမားပညာသည် အခရာဖြစ်၏။ ဤခေတ်တွင် လက်သမားသည် ဗိသုကာပညာရှင်နှင့် ဒီဇိုင်းပညာရှင် ရာထူးကိုပါ ပူးတွဲတာဝန်ယူရပြီး ပုံကြမ်းရေးဆွဲခြင်း၊ ပုံစံငယ်ပြုလုပ်ခြင်းနှင့် ဆောက်လုပ်ရေးကို ကြီးကြပ်ခြင်းတို့ ပြုလုပ်ရသည်။ ထို့ကြောင့် ယန်လောင်ဟန့်သည် တက်ကြွစွာဖြင့် ထောင့်ချိုးပေတံနှင့် မျဉ်းခွက်ကိုလွယ်ကာ တပည့်များကို ဦးဆောင်လျက် ရှန်မြောင်၏အိမ်သို့ မြေတိုင်းတာရန် ရောက်လာလေသည်။ မူလ မီးလောင်သွားသော အိမ်နေရာဟောင်းတွင်သာ ပြန်လည်ဆောက်လုပ်ရန် ရှန်မြောင်နှင့် အတည်ပြုလိုက်ကြသည်။
မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင် ဤအခန်းသုံးခန်း၏ ဧရိယာသည် မသေးငယ်လှဘဲ လေးထောင့်စပ်စပ် ကျနလှသည်။ ယခင်က မိဘများနှင့် ရှန်းအာက တစ်ခန်း၊ ကျိအာက တစ်ခန်း၊ နောက်တစ်ခန်းမှာ သူမ နေထိုင်ခဲ့ကြသည်။ အတွင်းပိုင်း အပြင်အဆင်များမှာ ကုတင်၊ စားပွဲ၊ ကုလားထိုင်၊ ဗီဒိုနှင့် အဝတ်သေတ္တာများ စသည်ဖြင့် အတူတူပင် ဖြစ်သည်။ ယခု သူမသည် အခန်းသုံးခန်းစလုံးကို အိပ်ခန်းတွဲများအဖြစ် ပြောင်းလဲချင်ပြီး ပန်းပွင့်ပုံဖော်ထားသော ဗီဒိုဖြင့် အကန့်ကန့်ကာ ဧည့်ခန်းငယ်နှင့် အိပ်ခန်းဟူ၍ ခွဲထုတ်လိုက်ချင်သည်။ ကျိအာ့အခန်း၏ အပြင်ဘက်တစ်ဝက်ကို စာကြည့်ခန်း လုပ်နိုင်ပြီး အကန့်၏ အနောက်ဘက်တွင် နေ့စဉ် အိပ်စက်အနားယူရန် အိပ်ခန်းလုပ်လိုက်လျှင် သီးသန့်ဆန်ပြီး စာဖတ်စရာ နေရာလည်း ရှိသွားပေလိမ့်မည်။
ထို့ပြင် အခန်းသုံးခန်းစလုံး၏ အိပ်ခန်းအပိုင်းတွင် ရှန်မြောင်သည် ယန်လောင်ဟန့်ကို နောက်ပိုင်းခေတ်ကကဲ့သို့ နံရံပေါ်တွင် အုတ်ဖြင့် တိုက်ရိုက်စီဆောက်ထားသည့် မှန်တင်ခုံပါသော နံရံကပ်ဗီဒိုတစ်ခု ပြုလုပ်စေချင်သည်။ အတွင်းပိုင်းတွင် သစ်သားတန်းများ၊ အကန့်များဖြင့် အဝတ်အစား အမျိုးမျိုးကို ခွဲခြားထားရှိနိုင်ရန် စီစဉ်ထားသည်။ သို့မှသာ အဝတ်အစားများကို အဝတ်သေတ္တာထဲ အမြဲ ခေါက်ထည့်ထားစရာ မလိုတော့ဘဲ တွန့်ကြေနေခြင်း၊ ထုတ်ဝတ်တိုင်း ရေနွေးကရားအောက်ခြေဖြင့် မီးပူတိုက်ရခြင်းနှင့် ပိုးကိုက်ခံရခြင်းတို့မှ ကင်းဝေးစေမည် ဖြစ်သည်။
ခေတ်သစ်မှ ဗီဒိုများက မည်မျှကောင်းလိုက်ပါသနည်း။ အကယ်၍ သစ်သားဖြင့် ဗီဒိုတစ်စုံ လုပ်ခိုင်းမည်ဆိုပါက ကုန်ကျစရိတ်မှာ မသက်သာလှပေ။ သို့သော် နံရံတွင် အုတ်ဖြင့် တိုက်ရိုက်စီလိုက်ပါက သစ်သားဖိုး အများကြီး သက်သာသွားမည် ဖြစ်ပြီး သရွတ်ကိုင်လိုက်ရုံဖြင့် ဗီဒိုတံခါးနှင့် တံခါးဘောင် တပ်ဆင်ရန်သာ လိုတော့သည်။
အခန်းသုံးခန်းလုံး၏ အပြင်ဘက်တွင် မိုးရေဒဏ်ကာကွယ်ရန် စင်္ကြံနှင့် အိမ်ရှေ့ဆင်ဝင်များ ထားရှိမည်ဖြစ်ပြီး အိမ်၏ ကြမ်းခင်းကို မြှင့်တင်ကာ ရေမြောင်းများ ဖောက်လုပ်ပြီး အစိုဓာတ်နှင့် ပိုးမွှားဒဏ် ကာကွယ်ရန် စီစဉ်ထားသည်။
ခြံဝင်း၏ အနောက်ဘက်ထောင့်တွင် သူမအတွက် ရေကန်ငယ်လေးတစ်ခု အလကား တူးပေးရန် တောင်းဆိုထားပြီး ဘေးတွင် ကျောက်ခဲများ စီကာ အိမ်ရှေ့ဆင်ဝင်နှင့် ဆက်သွယ်ထားသော ကျောက်ပြားခင်း လမ်းကလေး တစ်ခုလည်း ဖောက်လုပ်မည် ဖြစ်သည်။ အရှေ့ဘက် ခြံထောင့်ရှိ မြေကွက်လပ်ကိုလည်း တစ်ပါတည်း ရှင်းလင်းပေးရန် ပြောထားပြီး သစ်သား ခြံစည်းရိုးခတ်ကာ နောင်တွင် သခွားသီးနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနိုင်မည်။ ဟင်းခင်းဘေးတွင် သူမအတွက် အုတ်ဖြင့် ကြက်အိမ်နှင့် ခွေးအိမ်ပါ တစ်ပါတည်း ဆောက်လုပ်ပေးရမည်။
ရှန်မြောင်သည် မူလက ယန်လောင်ဟန့် ဆရာတပည့်များကို စပျစ်စင်တစ်ခု အလကား ဆောက်လုပ်ခိုင်းရန် သို့မဟုတ် ခြံဝင်းထဲတွင် အဝတ်လှန်းရန် သစ်သားတိုင် စိုက်ခိုင်းရန် ရည်ရွယ်ထားသော်လည်း ယန်လောင်ဟန့်၏ ဖြူဖျော့သွားသော မျက်နှာထားကြောင့် သူမ လက်လျှော့လိုက်ရကာ နှမြောတသဖြင့် သက်ပြင်းချလိုက်မိသည်။
'ထားလိုက်ပါတော့လေ၊ ဒီလို ရိုးသားတဲ့ လက်မှုပညာရှင်ကောင်း တစ်ယောက်ကို စိတ်ဆင်းရဲပြီး သေအောင် မလုပ်မိပါစေနဲ့တော့။ နောက်ဆိုရင် ဒီလို စိတ်သဘောထားကောင်းပြီး လက်ရာမဆိုးတဲ့ လက်သမားကို ဘယ်မှာသွားရှာရပါ့မလဲ...'
လက်တွန်းလှည်းလေးနှင့် အိမ်တံခါး၊ ပြတင်းပေါက်များကို အပ်နှံဖူးပြီးနောက် မီးဖိုချောင်တံခါးနှင့် ခြံဝင်းတံခါးတို့သည် အသုံးပြုရသည်မှာ ခိုင်ခံ့ပြီး တစ်သားတည်းကျသည်ကို တွေ့ရသဖြင့် ရှန်မြောင်သည် ယန်လောင်ဟန့်၏ လက်ရာကို အလွန်သဘောကျကာ ယန်လောင်ဟန့်၏ လူပုံစံကိုလည်း အကဲခတ်မိလေသည်။ အိမ်ပြင်ဆင်ရေး အဖွဲ့များကို ရှာဖွေရာတွင် လူလိမ်လူကောက်များနှင့် တွေ့ရမည်ကို အစိုးရိမ်ရဆုံး ဖြစ်သည်။ သူတို့သည် နားမလည်သူများကို အနိုင်ကျင့်ကာ ပစ္စည်းညံ့များကို အစားထိုး သုံးစွဲတတ်ကြပြီး ဆောက်လုပ်ပြီးစီးသော အိမ်သည် အရည်အသွေး မပြည့်မီ ဖြစ်သွားတတ်သည်။
ထို့ကြောင့် အိမ်ပြင်ဆင်ရေးကိစ္စတွင် လူတစ်ဖက်သား၏ ကိုယ်ကျင့်တရားနှင့် နည်းပညာသည် ပထမဦးစားပေးဖြစ်ပြီး ဈေးနှုန်းမှာ ဒုတိယဖြစ်သည်။
ယန်လောင်ဟန့်သည် စကားနည်းပြီး ဈေးနှုန်းလည်း မကြီးမြင့်ပေ။ ယခင်က ရှန်မြောင်အတွက် တံခါးနှင့် ပြတင်းပေါက်များ ပြုလုပ်ပေးရာတွင် သုံးစွဲထားသော ပစ္စည်းများမှာ အလွန် ခိုင်ခံ့လေသည်။
ထို့ကြောင့် ဤတစ်ကြိမ်တွင်လည်း သူမသည် စိတ်ချလက်ချဖြင့် သူ့ကို ရှာဖွေရခြင်း ဖြစ်သည်။
ရှန်မြောင်နှင့် ယန်လောင်ဟန့်တို့သည် တစ်နာရီကျော်ကြာအောင် ဆွေးနွေးခဲ့ကြပြီး လက်ဖက်ရည် တစ်အိုးလုံး ကုန်သွားသည်။ နောက်ဆုံးတွင် ယန်လောင်ဟန့်သည် နဖူးမှ ချွေးစေးများကို သုတ်လိုက်ပြီး ပြောလိုက်သည်။ "ဒါဆို ဒီအတိုင်းပဲ အတည်ပြုလိုက်မယ်၊ ပြန်ရောက်ရင် ပုံကြမ်းဆွဲလိုက်မယ်၊ မနက်ဖြန်ကျရင် မင်းမှာထားတဲ့ လက်တွန်းလှည်းကိုပါ တစ်ပါတည်း တွန်းလာခဲ့ပေးမယ်"
ပြောပြီးသည်နှင့် ချက်ချင်းပင် တပည့်များကို ခေါ်ကာ ထွက်ပြေးလေတော့သည်။ ရှန်မြောင်က "တစ်ပါတည်း လုပ်ပေးရမည့်" ကိစ္စများ ထပ်မံပြောဆိုလာမည်ကို စိုးရိမ်သောကြောင့်ပင်။
ဤရှန်ညန်ဇီသည် စကားပြော အလွန်ကောင်းသည်။ ဈေးဆစ် တော်ရုံသာမက လူကို ချော့မော့ရာတွင်လည်း ကျွမ်းကျင်လှသည်။ "ရှင်က ယန်လုပန်း (လက်သမား နတ်ဘုရား) ပါပဲ"၊ " ပြန့်ကျင်းမြို့လုံးမှာ ရှင့်လက်ရာကိုပဲ သဘောကျတာ"၊ "ဈေးလေး လျှော့ပေးပါဦး၊ နောက်ဆိုရင် ရှင့်ကို အလုပ်တွေ ဆက်သွင်းပေးဦးမှာ"၊ "ဈေးလျှော့လို့ မရရင်လည်း တစ်ခုခုတော့ လက်ဆောင် ထည့်ပေးမှ ဖြစ်မယ်၊ ကျွန်မက ဖောက်သည်ဟောင်းလေ၊ တစ်ပဲခြောက်ပြားလေးပဲ လျှော့တာမျိုး မလုပ်ပါနဲ့" ဟူ၍ ပါးစပ်မှ မချတမ်း ပြောဆိုလေသည်။
သူသည် ခေါင်းမူးနောက်သွားရလေသည်။ မိတ်ဆက်ပေးမည့် အလုပ်အသစ်များ မမြင်ရသေးဘဲ အလကား လုပ်ပေးရသည့် အလုပ်များသာ တိုးလာလေသည်။
ယန်လောင်ဟန့်ခမျာ တွေးမိရင်း တစ်ကိုယ်လုံး တုန်တက်သွားကာ တပည့်များ တွဲပို့ပေးမှုဖြင့် ပိုလို့ပင် မြန်မြန် ပြေးထွက်သွားတော့သည်။
နောက်တစ်ရက်တွင် ပုံစံဒီဇိုင်းနှင့် လက်တွန်းလှည်းလေးကို ရှန်မြောင်က အလွန်သဘောကျသွားလေသည်။ တာ့ရှန့်ကော်ဘုရားကျောင်းမှ ဘုန်းတော်ကြီးကို အသိသက်သေပြုကာ ယန်လောင်ဟန့် အပါအဝင် အခြားသော လက်မှုပညာရှင်များနှင့်အတူ လက်မှတ်ထိုး လက်ဗွေနှိပ်ကြပြီး လုပ်ငန်းကြာချိန်၊ ငွေကြေးနှင့် အိမ်ပုံစံစသည်တို့ကို အသေးစိတ် သဘောတူညီချက် ရယူလိုက်သည်။ ရှန်မြောင်သည် သက်သေအရှေ့တွင် ငွေ ၄၀ ကွမ်းကို ရေတွက်၍ ယန်လောင်ဟန့်အား ပေးလိုက်သည်။ သူသည် ထိုငွေများဖြင့် သစ်၊ ကျောက်၊ အုတ်နှင့် အုတ်ကြွပ်များကို ဝယ်ယူရမည် ဖြစ်သည်။
သည်လိုနှင့် ရှန်မိသားစု၏ အိမ်ဆောက်လုပ်ရေး လုပ်ငန်းကြီးကား တခမ်းတနား စတင်လေပြီ။
ကုမိသားစုက ဤကိစ္စကို ပထမဆုံး သတိပြုမိသူ ဖြစ်သည်။
အဒေါ်ကုသည် လွန်ခဲ့သော နှစ်ရက်က ချောင်းအနည်းငယ်ဆိုးသဖြင့် ဆေးနှစ်ထုတ် သောက်ကာ အိမ်ထဲတွင် တစ်နေကုန် အနားယူနေခဲ့ပြီး အပြင်မထွက်ခဲ့ပေ။
ယနေ့မနက် အိပ်ရာထချိန်တွင် တစ်ဖက်အိမ်မှ ဆူညံသံများ၊ လူသံများ၊ အော်ဟစ်သံများကို ကြားလိုက်ရသည်။ တံခါးဖွင့်ကြည့်လိုက်ရာ ရှန်မိသားစု၏ အနောက်ဘက် ခြံဝင်းတံခါး ပွင့်နေပြီး သစ်သားပြားဖြင့် လျှောလမ်းတစ်ခု လုပ်ထားသည်ကို တွေ့ရသည်။ သန်မာထွားကျိုင်းသော အလုပ်သမား နှစ်ယောက်သည် ပခုံးပေါ်တွင် ကြိုးကြီးများ သိုင်းလျက် ကျောက်တိုင်များကို ဆွဲယူနေကြသည်။
ထို့နောက် အခြား အလုပ်သမား နှစ်ယောက်ကလည်း သဲနှင့်ကျောက်များကို ထမ်းပိုးလျက် တံခါးပေါက်ထဲသို့ ဝင်သွားကြသည်။ ထို့နောက်တွင် ရွှံ့ရည်များ၊ ကျောက်တုံးများ သယ်ဆောင်လာသူများနှင့် လူအသွားအလာ မပြတ်တမ်း ရှိနေသည်။
အဒေါ်ကုတစ်ယောက် အံ့သြသွားလေသည်။ "ရှန်မိသားစုက အိမ်ဆောက်တော့မလို့လား"
သူမ ရပ်ကြည့်နေစဉ်မှာပင် အခြား အိမ်နီးချင်းများလည်း ထွက်လာကြသည်။ မကြာမီ ရှန်မိသားစု အိမ်ရှေ့တွင် ဝိုင်းအုံကြည့်ရှုနေကြရာ သစ်မြစ်ခြောက်ကဲ့သို့ မျက်နှာတွင် အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော လက်သမားတစ်ဦးက မောင်းထုတ်လေသည်။
"ဖယ်ကြ၊ ဝိုင်းမကြည့်ကြနဲ့၊ ကြည့်စရာ ဘာမှ မရှိဘူး၊ ခဏနေရင် သစ်လုံးတွေ လှိမ့်တော့မှာ၊ ထိခိုက်မိရင် တာဝန်မယူဘူးနော်"
အဒေါ်ကုသည် ထိုသူကို မှတ်မိလိုက်သည်။ ၎င်းမှာ ကျင်းလျန်တံတား တစ်ဖက်ကမ်းမှ လက်သမားယန် ဖြစ်သည်။ သူမ၏အိမ်မှ စားပွဲနှင့် ထိုင်ခုံများကိုလည်း ယန်မိသားစုက ပြုလုပ်ပေးထားခြင်း ဖြစ်သဖြင့် သိချင်စိတ်ဖြင့် အနားတိုးကာ မေးလိုက်သည်။
"ယန်လောင်ဟန့်၊ ရှင်တို့ ရှန်မိသားစုအိမ်ကို ဆောက်ပေးနေတာလား"
"မြင်တဲ့အတိုင်းပဲလေ"
ဘေးနားမှ အဒေါ်လီ ကြားသွားသဖြင့် လေကို တစ်ချက် ရှိုက်သွင်းလိုက်ပြီး အဒေါ်ကု အနားကပ်ကာ မေးလိုက်သည်။
"ဒီ ရှန်သာ့ကျဲအာက ပြန်ရောက်တာ လဝက်လောက်ပဲ ရှိသေးတာကို အိမ်ဆောက်နိုင်တဲ့အထိ ပိုက်ဆံ ရှာနိုင်ပြီလား၊ ရှင် ကြည့်လိုက်စမ်း၊ အထဲမှာ အုတ်တွေအများကြီးပဲ၊ အုတ်ကြွပ်မိုးအိမ် ဆောက်မှာတဲ့၊ သူမမှာ ဘယ်ကငွေတွေ ရှိနေလို့လဲ"
အဒေါ်ကုက အမှတ်တမဲ့ မသိစိတ်က ရှန်မြောင်ဘက်မှ ကာပြောလိုက်သည်။
"ဪ... သူ အိမ်ထောင်ပြုတုန်းက အဖေရှန် ပေးလိုက်တဲ့ မင်္ဂလာဆောင် လက်ဖွဲ့ငွေတွေပါ၊ ငါတို့ လမ်းကြားထဲမှာတောင် အုတ်အော်သောင်းတင်း ဖြစ်ခဲ့သေးတာပဲ၊ သူက ယောကျ်ားအိမ်ကနေ ပြန်လာတာ ဆိုပေမယ့် လက်ထဲမှာ ငွေစလေး ဘာလေး ပါလာတာက ပုံမှန်ပါပဲ"
"ငါ ထင်တာတော့ မဟုတ်လောက်ဘူး" အဒေါ်လီက နှာခေါင်းရှုံ့လိုက်သည်။ အကယ်၍ လက်ဖွဲ့ငွေသာ ဖြစ်လျှင် ပြန်ရောက်ရောက်ချင်း ရက်ပိုင်းအတွင်း အိမ်ဆောက်ဖို့ ပြင်ဆင်ပေလိမ့်မည်။ ယခုမှ ဘာကြောင့် ဆောက်ရသနည်း။ သူမသည် ဉာဏ်များသူ ဖြစ်သဖြင့် ရှဲ့အိမ်တော်မှ အိမ်တော်ထိန်းက ဆက်တိုက် ရောက်လာတတ်ကြောင်း၊ ဒီရက်ပိုင်း ရှန်မြောင်ကလည်း ရှဲ့အိမ်တော်သို့ မကြာခဏ သွားရောက်ကြောင်းနှင့် လှည်းဆရာ လာကြိုသည်ကို သူမ ကိုယ်တိုင် အကြိမ်ကြိမ် တွေ့ဖူးကြောင်းတို့ကို သတိရသွားသည်။ ကြည့်ရတာ ဒီ ရှန်သာ့ကျဲအာရဲ့ ပိုက်ဆံတွေက ရှဲ့အိမ်တော်က ရတဲ့ငွေတွေပဲ ဖြစ်ရမယ်။
သူမတော့ ဘုရားပေးတဲ့ ဆုလာဘ် ရလိုက်ပြီပဲ။
အဒေါ်ကုက သူမ၏ မနာလိုဖြစ်နေသော မျက်နှာကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ "မဟုတ်ရင်တောင်မှ ဒါက သူများ ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်ပြီး ရလာတဲ့ ငွေတွေပါ၊ သာ့ကျဲအာ ပြန်ရောက်လာတဲ့ ရက်ပိုင်းအတွင်းမှာ ကြက်ထက်စောပြီး ထရတယ်၊ ခွေးထက်နောက်ကျပြီးမှ အိပ်ရတယ်၊ ပိုက်ဆံနည်းနည်း စုမိလို့ အိမ်မှာ မီးလောင်ထားတဲ့ အခန်းတွေကို ပြန်ပြင်တာ ဘာများ ဆန်းလို့လဲ၊ မောင်နှမ သုံးယောက်လုံး ပျက်စီးနေတဲ့ အိမ်ထဲမှာပဲ နေလို့ မဖြစ်ဘူးလေ၊ အဖေရှန် မရှိတော့ကတည်းက ကျန်ခဲ့တဲ့ မောင်နှမတွေက သနားစရာ ကောင်းနေပါပြီ၊ ပိုက်ဆံရှာပြီး အိမ်ဆောက်တာကို ဘာများ မနာလို ဖြစ်စရာ ရှိလို့လဲ၊ အိမ်နီးချင်းချင်းပဲဟာကို ကလေးတွေကို ငယ်ငယ်ကတည်းက မြင်လာခဲ့ကြတာပဲ၊ လီထျောင်ဇီရဲ့ မိန်းမရယ်... ရှင်လည်း သိပ်ပြီး အဲလောက် မတွယ်ကပ်စမ်းပါနဲ့”
စကားသာ ပြောရသော်လည်း ဘယ်လိုအလုပ်က ဒီလောက် ငွေအများကြီး ရနိုင်ပါသနည်း။ ဒါက စူးစမ်းချင်စရာ မဟုတ်ပါလား...။ အဒေါ်လီသည် ဘာမှ ဆက်မပြောတော့ဘဲ နောက်ဆုံးအနေဖြင့် ခေါင်းမော့ကြည့်လိုက်ရာ ရှန်မိသားစု ခြံဝင်းထဲတွင် လုပ်ငန်းခွင် ဝင်နေကြသည်ကို တွေ့လိုက်ရသည်။ သူမ ခဏလောက် ရပ်ကြည့်နေပြီးမှ လှည့်ထွက်သွားတော့သည်။
အဒေါ်ကုသည်လည်း ခေါင်းခါရင်း ကိုယ့်အိမ်ကိုယ် ပြန်လာခဲ့သည်။
ကုထူစူးလည်း နိုးနေပြီ ဖြစ်သည်။ ခြံဝင်းထဲတွင် ရပ်ရင်း မျက်နှာသုတ်ပဝါဖြင့် မျက်နှာကို ဖြစ်သလို သုတ်လိုက်သည်။
အဒေါ်ကုက အနားသွားပြီး မေးလိုက်သည်။ "ရှန်မိသားစု အိမ်ဆောက်နေတာ နင် သိလား၊ နင်က နေ့တိုင်း ဟိုဘက်အိမ်က သာ့ကျဲအာဆီ သွားနေတာဆိုတော့လေ"
"မသိပါဘူး" ကုထူစူးက မျက်နှာမည်းကြီးဖြင့် လှည့်ထွက်သွားလေသည်။
"ဟဲ့... ဒီကောင်လေး" အဒေါ်ကုမှာ နားမလည်နိုင် ဖြစ်သွားတော့သည်။ "ဘာတွေ စိတ်ကောက်နေတာလဲ"
အိမ်တွင် အလုပ်များနေပြီး ရှုပ်ပွညစ်ပတ်ကာ လူရှုပ်နေသဖြင့် ရှန်မြောင်သည် ငွေစုသည့်အိုး၊ ရှန်းအာ၊ ခွေးနှင့် ဟင်းလှီးဓားတို့ကို တစ်ပါတည်း ယူဆောင်လာပြီး စာကျက်ရမည့် ကျိအာကို အိမ်စောင့်ရန် ထားခဲ့လေသည်။ အိမ်တွင် ကြက်ပေါက်လေးများနှင့် အိမ်ကိုပါ စောင့်ရှောက်ရမည်။
ရှန်မြောင်သည် အလုပ်သမားများအတွက် လက်ဖက်ရည် ပြင်းပြင်းတစ်အိုး ကျိုပေးခဲ့ပြီး အသားအစာသွပ် ဂျုံကြမ်းပေါက်စီ ပေါင်းအိုး ငါးဆင့် စာ ပေါင်းပေးခဲ့ကာ အသစ်စက်စက် လက်တွန်းလှည်းလေးကို တွန်းလျက် မနက်ခင်းဈေးသို့ ထွက်လာခဲ့လိုက်သည်။
သူမ၏အိမ်တွင် ကုတင်သုံးလုံး၊ ခုံတန်းလျားအနည်းငယ်နှင့် စားပွဲတစ်လုံးမှလွဲ၍ ဘာမှမရှိပေ။ ယခုဆိုလျှင် လူပေါင်းများစွာအတွက် ထမင်းဟင်း ချက်ပြုတ်ပေးရသဖြင့် ပိုလျှံသော ဆန်ပင် မရှိတော့ရာ သူခိုးလာမည်ကို မကြောက်ပေ။
ဈေးပေါသော ကုတင်၊ အိပ်ရာခင်းနှင့် ခုံတန်းလျားများမှလွဲ၍ ဘာမှ မရှိသဖြင့် သူခိုးဝင်လာလျှင်ပင် သနားပြီး ငွေပြန်လှူသွားရမည့် အခြေအနေမျိုး ဖြစ်သည်။
ကျိအာသည် အသက်မကြီးသေးသော်လည်း အိမ်စောင့်ရန် လုံလောက်ပေသည်။
ရှန်မြောင်သည် သူမ၏ ငွေများကို အကုန် ယူလာခဲ့ပြီး လက်တွန်းလှည်းအောက်ရှိ ခြင်းတောင်းထဲတွင် ဝှက်ထားလိုက်သည်။
ယနေ့ မနက်ခင်းဈေးပြီးသည်နှင့် အိမ်တွင် စုဆောင်းထားသော ဝမ်များကို ပြန့်ကျင်းရှိ ငွေလဲကောင်တာကြီးများတွင် သွားရောက်ပြီး ငွေတုံးများနှင့် လဲလှယ်ရန် စိတ်ကူးထားသည်။ ဝမ်များက လေးလံပြီး နေရာယူသဖြင့် သိမ်းဆည်းရ ခက်ခဲသည်။ ငွေတုံးများက ဈေးကွက် တည်ငြိမ်ပြီး ငွေတစ်လျန်လျှင် တစ်ကွမ်းနှင့် ညီမျှကာ အရွယ်အစား သေးငယ်သဖြင့် သိမ်းဆည်းရ လွယ်ကူသဖြင့် ဖွက်ထားရန် အဆင်ပြေသည်။
မူလက ပြန့်ကျင်းရှိ ကျောင်းဇီ (ငွေစက္ကူ) ဆိုင်များကို သူမ စဉ်းစားခဲ့သော်လည်း ကျောင်းဇီ လဲလှယ်ရာတွင် တစ်ကွမ်းလျှင် "ထိန်းသိမ်းခ" ဝမ်၃၀ နှုတ်ယူသည်ဟု ကြားသိရသည်။ ယခုအခါ ရုံးတော်မှ "ရုံးတော်ထုတ် ကျောင်းဇီ" များ ထုတ်ဝေနေပြီး ကျောင်းဇီ အတုပြုလုပ်မှုသည် ရုံးတော် စာရွက်စာတမ်း အတုပြုလုပ်မှုနှင့် ပြစ်ဒဏ်တူညီကာ ဖမ်းမိပါက ခေါင်းဖြတ်ခံရမည် ဖြစ်သော်လည်း ရှန်မြောင်သည် ကုန်သည်များ လွတ်လပ်စွာ ထုတ်ဝေခဲ့သော ဤ "ဘဏ်" များ၏ ဂုဏ်သိက္ခာကို သိပ်ပြီး မယုံကြည်လှပေ။
ဤခေတ်တွင် ရွှေနှင့်ငွေလောက် စိတ်ချရသော အရာ မရှိပေ။
ထို့ပြင် သူမသည် ငွေအမြောက်အမြား သယ်ဆောင်သွားရမည့် သူဌေးကြီးတစ်ဦး မဟုတ်သဖြင့် လောလောဆယ် မလိုအပ်သေးပေ။
ငွေတုံးကသာ အကောင်းဆုံးပင်!
သို့သော် ငွေတုံးသည် သူမအတွက် စုဆောင်းထားရန် "ပုံသေအပ်ငွေ" သာ ဖြစ်ပြီး နေ့စဉ် အသုံးစရိတ်အတွက်မူ ဝမ်ကိုသာ ဆက်လက် အသုံးပြုရဦးမည်။
သူမသည် ငွေကြေးကိစ္စများကို တွေးတောနေသဖြင့် လက်တွန်းလှည်းလေး တံတားပေါ်သို့ ရောက်လာသည်နှင့် လူအများအပြား၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်ကို သတိမထားမိလိုက်ပေ။
ဤလှည်းလေးသည် တောက်ပလှပပြီး ဘီးနှစ်ဘီးပါကာ ခေါင်မိုးပေါ်တွင် သစ်သားဆိုင်းဘုတ်ကို ထွင်းထုထားပြီး အနီရောင်ဆေးသုတ်ထားသဖြင့် အဝေးမှပင် လှမ်းမြင်နေရသည်။ လှည်းကိုယ်ထည်ပေါ်တွင် ရှန်မြောင်သည် အပြာရောင် လိုက်ကာစကို တပ်ဆင်ထားပြီး ကျိအာကို "ရှန်ကျိမုန့်ဆိုင်" ဟူသော စာလုံးကြီးများကို ရေးခိုင်းထားသည်။
မူလ ဈေးရောင်းနေကျ နေရာသို့ တွန်းသွားလိုက်ရာ မေစန်းညန်က အထူးအဆန်း ဖြစ်နေပြီး စူးစမ်းလိုစိတ်ဖြင့် လာရောက် ကိုင်တွယ်ကြည့်ရှုလေသည်။
"ဒါ ဘယ်က လုပ်လာတာလဲ၊ လှလိုက်တာ၊ စားပွဲပေါ်မှာ ပစ္စည်းတွေ တင်လို့ရသေးတယ်၊ ညည်းကို တကယ် အားကျလိုက်တာ၊ အကြံတွေ တစ်ခုပြီး တစ်ခု ရှိနေတာပဲ"
ရှန်မြောင်ကလည်း ယန်လောင်ဟန့်၏ လက်သမားဆိုင်ကိုပါ တစ်ပါတည်း ကြော်ငြာပေးလိုက်လေတော့သည်။
…
အပိုင်း (၄၄) လမ်းဘေးဈေးသည်ဘဝ နေ့စဉ်မှတ်တမ်း (၂)
ဤလက်တွန်းလှည်းသည် ကြည့်ရသည်မှာ လှပရုံသာမက လှည်းအခင်းပြားပေါ်တွင် အမြောင်းလိုက် အချိုင့်လေးများ ပါရှိသည်။ ရှန်မြောင်၏ အိုးငယ်လေးများ၊ အစားအသောက်ဘူးလေးများသည် ထိုအချိုင့်ထဲသို့ အံဝင်ခွင်ကျ ဖြစ်နေပြီး ကုန်းတက်ကုန်းဆင်းများတွင် တိမ်းစောင်းပြုတ်ကျမည့်အရေး ပူပန်စရာ မလိုပေ။ လှည်းအခင်းပြားပေါ်တွင် အဝိုင်းပေါက်ကြီး တစ်ခု ဖောက်ထားပြီး အောက်ဘက်တွင် အလေးချိန်ခံနိုင်သော တန်းတစ်ခု ပါရှိရာ မြေမီးဖိုငယ်နှင့် ဒယ်ပြားတို့ကို မြှုပ်နှံ ထည့်သွင်းထားနိုင်သည်။ ဘေးဘက်တွင်လည်း ပစ္စည်းတင်ရန် နေရာလွတ် ပါရှိလေသည်။
လက်ကိုင်တန်းပေါ်တွင် ချိတ်များပါရှိပြီး ရှန်မြောင်သည် လက်ကိုင်ပါသော ကြိမ်ခြင်းတောင်းတစ်လုံးကို ချိတ်ဆွဲထားကာ အတွင်း၌ ကြက်ဥခွံများထည့်ရန် ဆီစိမ်စက္ကူ ခင်းထားသည်။
ရှန်မြောင်သည် လှည်းအောက်ခြေတန်းပေါ်တွင် ဇောက်နက်သည့် ကြိမ်ခြင်းတောင်းတစ်လုံး တင်ထားပြီး အတွင်း၌ သူမကိုယ်တိုင် ယက်လုပ်ထားသော ကောက်ရိုးခွေးအိပ်ရာ ခင်းထားသည်။ အိပ်ရာအောက်တွင် သူမ၏ ပိုက်ဆံဘူးရှိပြီး အိပ်ရာပေါ်တွင်ကား ခွေးပေါက်လေး၏ ဖင်လုံးလုံးလေး ရှိနေသည်။ သူမသည် ခွေးပေါက်လေးနှင့် ဤခြင်းတောင်းကို မုန့်ဖုတ်မီးဖိုဘေးတွင် ထားလိုက်သည်။ မနက်ခင်း အချိန်၌ ရာသီဥတု အနည်းငယ် အေးနေသေးသော်လည်း ဤကဲ့သို့ ထားရှိခြင်းကြောင့် ခွေးပေါက်လေး လိုက်ပါလာသည့်အခါ လေတိုက်ခံရပြီး အေးမှာကို စိုးရိမ်စရာ မလိုတော့ပေ။
ဤခွေးပေါက်လေးသည် ဝယ်လာစကတည်းက လိမ္မာရေးခြားရှိလှသည်။ တွေ့ကရာ လျှောက်မဟောင်သလို၊ နေရာတကာတွင်လည်း ဆီးမသွားပေ။ ရှန်မြောင်က ရေမြောင်းထဲတွင် ဆီးသွားရန် ခဏခဏ သင်ပေးလိုက်ရာ အချိန်တိုအတွင်း မှတ်မိသွားလေသည်။ ရှန်းအာနှင့် ကျိအာတို့သည်လည်း ခွေးပေါက်လေးကို အသည်းစွဲအောင် ချစ်ခင်နေကြသည်။ ကျိအာ စာကျက်၊ စာရေးနေချိန်တွင် ခွေးပေါက်လေးသည် ခြေထောက်နားတွင် ငြိမ်သက်စွာ ဝပ်နေတတ်ပြီး မဆူညံပေ။ ရှန်းအာက ခြံဝင်းထဲသို့ ပွေ့ခေါ်သွားကာ ကစားသည့်အခါတွင်လည်း လူရောခွေးပါ ချွေးပြန်သည်အထိ သဲအိတ်ပစ်တမ်း ကစားတတ်ကြသည်။
ရှန်းအာသည် ကစားဖော်အသစ် ရလာသဖြင့် ကြက်ပေါက်စ သုံးကောင်ကို ဒုက္ခမပေးတော့ပေ။ ယခင်က သူမသည် ကြက်ပေါက်စ သုံးကောင်လုံးကို နာမည်ပေးထားသော်လည်း ရှန်မြောင်မှာ နာမည်များကို မမှတ်မိတော့ပေ။ အမွေးအထူဆုံးနှင့် အရိုးအဆစ် အတောင့်တင်းဆုံးကို စန်းဟွမ်၊ ကြက်မပျိုလေး၏ နာမည်မှာ ရုံရုံဖြစ်ကြောင်းသာ မှတ်မိသည်။ ယခုအခါ ရှန်းအာသည် စိတ်ပြောင်းသွားပြီဖြစ်ရာ ကြက်ဖဖြူလေးကို အချစ်ဆုံး မဟုတ်တော့ပေ။
တစ်ခါက သူမသည် ပါးဖောင်းဖောင်းလေးဖြင့် စိတ်ဆိုးမာန်ဆိုး ပြောဖူးလေသည်။
"ကြက်ဖြူလေးက လျှောက်ပျံသန်းနေပြီး လူကိုလည်း ဆိတ်တတ်တယ်၊ သမီး သူ့ကို မကြိုက်တော့ဘူး၊ ရုံရုံကပဲ ကောင်းတယ်၊ သမီးပြောတာ နားထောင်တယ်၊ လျှောက်မပြေးဘူး"
ထို့နောက်တွင် သူမသည် ရုံရုံကို သူမ၏ ခေါင်းပေါ် သို့မဟုတ် ပခုံးပေါ်တွင် မကြာခဏ အိပ်စေပြီး "ရုံရုံက သမီးရဲ့ ငယ်သူငယ်ချင်းလေးပဲ" ဟု နာမည်ကောင်း တပ်ပေးလေသည်။
ယခု ခွေးပေါက်လေး ရောက်လာသဖြင့် ရှန်းအာသည် ကြက်များကို နေ့တိုင်း အစည်းအဝေး မခေါ်တော့ရာ ရှန်မြောင်ရော ကြက်များပါ သက်ပြင်းချနိုင်သွားကြသည်။
ယခုဆိုလျှင် သူမသည် ဈေးရောင်းထွက်ရာသို့ လိုက်ပါလာပြီး ဗိုက်ဝလျှင် အိပ်ငိုက်တတ်ခြင်း မရှိတော့ပေ။ ရှန်မြောင် ဈေးဆိုင်ခင်းလိုက်သည်နှင့် ရှန်းအာသည် လှည်းဘေးကာထားသော လိုက်ကာစကို လှန်ကာ ကိုယ်တစ်ပိုင်း ဝင်ရောက်ပြီး ခွေးပေါက်လေးနှင့် ဆော့ကစားနေတော့သည်။
ခွေးပေါက်လေးကို နာမည်မပေးရသေးပေ။ သို့သော် ရှန်မြောင်သည် နာမည်ပေးရာတွင် အမှန်တကယ် ညံ့ဖျင်းလှသည်။ တာ့ဟွမ် (အဝါကောင်ကြီး)၊ လိုင်ဖူ (လာဘ်ကောင်)၊ ဟွမ်ဟွမ် (ရွှေဝါ) စသည့် နာမည်များလောက်သာ စဉ်းစားမိပြီး ထိုနာမည်များသည် ရိုးလွန်းနေသဖြင့် ရက်အနည်းငယ်လောက် သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ရန် ရည်ရွယ်ထားသည်။
မီရှောင်ညန်ဇီကတော့ စောစီးစွာ ရောက်ရှိနေပြီဖြစ်သည်။ သူမသည် ဆိုင်ခင်းပြီးသည်နှင့် လက်ထဲမှ သစ်သားဆံထိုးကို အာရုံစိုက် ထွင်းထုနေလေ၏။ ရှန်မြောင် ရောက်လာသည်ကို မြင်သောအခါ ခေါင်းမော့ကာ ပြုံးပြလိုက်သည်။
"ရှန်ညန်ဇီ မင်္ဂလာနံနက်ခင်းပါ"
"ရှောင်မီ နံနက်ခင်းပါ"
ထိုအချိန်တွင် ရှန်မြောင်သည် လက်တွန်းလှည်း အသစ်လဲလိုက်ကြောင်းနှင့် လှည်းထဲတွင် တစ်စုံတစ်ခု လှုပ်ရမ်းနေသည်ကို သူမ သတိထားမိလိုက်သည်။ သိချင်စိတ်ဖြင့် လှည့်ကြည့်လိုက်ရာ အပြင်ဘက်သို့ ပြူထွက်နေသော ရှန်းအာ၏ ဖင်လုံးလုံးလေးကို တွေ့လိုက်ရလေသည်။ သေချာ ကြည့်လိုက်မှ အတွင်းထဲတွင် နှစ်လသားအရွယ်ခန့်ရှိ အဝါနှင့်အဖြူ ရောစပ်နေသော ခွေးပေါက်လေး တစ်ကောင်ကိုပါ တွေ့လိုက်ရသည်။
"ရှန်ညန်ဇီက တစ်အိမ်လုံး ခေါ်လာတာပဲ" မေစန်းညန်သည်လည်း တွေ့သွားပြီး ပါးစပ်အုပ်ကာ ခိုးရယ်လိုက်သည်။ "အိမ်သားဦးရေက တကယ်ကို တိုးသထက် တိုးလာပါရောလား"
ရှန်မြောင်သည် မီးဖိုကို ပြင်ဆင်ရင်း မတတ်သာသည့် အပြုံးဖြင့် ပြောလိုက်သည်။
"ကျွန်မက အစက အိမ်စောင့်ဖို့ ခွေးကြီးတစ်ကောင် ဝယ်မလို့ပါပဲ၊ မနေ့က ဈေးမှာ စိတ်ကြိုက်မတွေ့တာနဲ့ ဒီခွေးပေါက်လေးကို ဝယ်ဖြစ်သွားတယ်၊ သွားတောင် မစုံသေးဘူးဆိုတော့ ဘယ်လိုလုပ် အိမ်စောင့်နိုင်မှာလဲ၊ ကျွန်မလည်း နောင်တရနေတာ၊ ဖြည်းဖြည်းချင်း ကြီးလာမယ့်အချိန်ကိုပဲ စောင့်ရတော့မှာပေါ့"
သို့သော် ဒါသည် ရေစက်ပင် ဖြစ်လိမ့်မည်။ ကြောင်ဈေးတန်း၊ ခွေးဈေးတန်း တစ်လျှောက်လုံး လျှောက်ကြည့်ခဲ့သော်လည်း ဤခွေးပေါက်လေးကို မြင်လိုက်ရသည့် အချိန်ကျမှသာ သူမ စိတ်လှုပ်ရှားသွားခဲ့ရသည်။
"ကိစ္စမရှိပါဘူး၊ ငယ်ငယ်ကတည်းက မွေးထားတာကမှ လူနဲ့ယဉ်ပါးပြီး သခင်ကို ကာကွယ်တတ်တာ" မေစန်းညန်က သဘောထားကြီးစွာ လက်ကာပြလိုက်သည်။
ထိုစဉ် လူတစ်ယောက်က သတိထားပြီး မေးမြန်းလိုက်သည်။
"ရှန်ညန်ဇီက အိမ်စောင့်ဖို့ ခွေးကြီးတစ်ကောင် လိုချင်တာလား"
ရှန်မြောင်၏ ရှေ့တွင် မုန့်ဝယ်ရန် စောင့်ဆိုင်းနေသော အဘွားအိုတစ်ဦးက သူမတို့ စကားပြောနေသည်ကို ကြားသွားပြီး ပြောလာသည်။
"အဘွားအိမ်မှာ အသက်၈ နှစ်ရှိပြီဖြစ်တဲ့ ခွေးအိုကြီး တစ်ကောင်ရှိတယ်၊ အရမ်းထက်မြက်တယ်၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူခိုးတစ်ယောက် ခြံစည်းရိုးကျော်ဝင်လာတာကို အဲဒီခွေးက အသေအလဲ ကိုက်ပြီး ဖမ်းထားတာ၊ တကယ်လို့ ရှန်ညန်ဇီ လိုချင်တယ်ဆိုရင် လက်ဆောင်ပေးပါရစေ"
ဤအဘွားအို၏ မျိုးရိုးနာမည်မှာ ဝူ ဖြစ်သည်။ ၃-၄ ရက် ခြားတစ်ခါ မြေးမလေး ရှန်းကော်အာကို ခေါ်ပြီး မုန့်လာဝယ်တတ်သဖြင့် ရှန်မြောင်က သူမကို မှတ်မိနေသည်။
သူမ၏ မြေးမလေး ရှန်းကော်အာသည် ငယ်စဉ်ကတည်းက အစာစားချင်စိတ် မရှိဘဲ နာမည်ကြီး ဂျီးများသူ ဖြစ်လေသည်။ ဟောသွန်းသကြားလုံးများ မည်မျှကျွေးကျွေး မထူးခြားပေ။ ပင်ပင်ပန်းပန်း ချက်ပြုတ်ကျွေးမွေးသော်လည်း မျက်နှာသာပေးပြီး နှစ်လုပ်သုံးလုပ် စားလျှင်ပင် ကံကောင်းလှပြီဟု ဆိုရမည်။ သို့သော် သူမသည် ရှန်မြောင်၏ မုန့်ကိုသာ အထူးတလည် ကြိုက်နှစ်သက်သည်။ ထို့ကြောင့် ဝူတာ့ညန် တစ်ယောက် ထမင်းပန်းကန်ကိုင်ပြီး ၃ မိုင်လောက်အထိ လိုက်ကျွေးတာတောင် ကလေးမလေးက ပါးစပ်မဟသည့် အချိန်တိုင်း မုန့်အနည်းငယ်နှင့် ပဲနီဌာပနာမုန့်များ ဝယ်ကာ ကလေးကို ချော့ရလေသည်။ "ရှန်းကော်အာ ထမင်းကောင်းကောင်း စားမယ်ဆိုရင် ရှန်ညန်ဇီ ဆိုင်က မုန့်နဲ့ ပေါက်စီတွေ လိုက်ဝယ်ကျွေးမယ်" ဟု ပြောရသည်။
ရှန်မြောင်သည် မုန့်ကို ဆီစိမ်စက္ကူဖြင့် ထုပ်ပိုးပေးရင်း သူမ၏ စကားကို ကြားသော် နားမလည်နိုင်စွာ မေးလိုက်သည်။
"ဒီလောက်နှစ်ကြာအောင် မွေးထားပြီး ဒီလောက်လိမ္မာတဲ့ခွေးကို အဘွားက ဘာလို့ သူများပေးချင်ရတာလဲ၊ ဆက်မွေးထားလို့ မရဘူးလား"
ဝူတာ့ညန်၏ မျက်နှာထားမှာ ဝမ်းနည်းရိပ်သန်းသွားပြီး သက်ပြင်းချလိုက်သည်။
"ပြောရရင်တော့ ဇာတ်လမ်းရှည်ပါတယ်ကွယ်... လေထင် ဆိုတာ အဘွားတို့အိမ်က ခွေးအိုကြီးရဲ့ နာမည်ပေါ့၊ သူက သခင်ကို ကာကွယ်တတ်တယ်၊ ရုပ်ရည်ကလည်း မြင့်မားခန့်ညားပြီး သန်လည်း သန်မာတယ်"
အဘွားအိုသည် သူမ၏ ခြေထောက်ကို ဖက်ထားသော ကလေးမလေးကို ညွှန်ပြရင်း မျက်ရည်များ စီးကျလာလေသည်။
"တစ်နေ့တုန်းက အဘွားရဲ့မြေးမလေး ရှန်းကော်အာ လမ်းကြားထဲမှာ တခြားကလေးတွေရဲ့ အနိုင်ကျင့်တာကို ခံရတယ်၊ ကလေး ငိုသံကြားတော့ လေထင်က စိတ်ပူပြီး ကြိုးကို ရုန်းဖြတ်လိုက်တယ်၊ ပြီးတာနဲ့ ခြံစည်းရိုးကို ခုန်ကျော်ပြီး ဟောင်သံပေးကာ အနိုင်ကျင့်တဲ့ ကလေးကို ဝင်လုံးလိုက်တယ်၊ သူက လူကို မကိုက်ပါဘူး၊ ဒါပေမဲ့ အဲဒီကလေးက နောက်ပြန်လဲကျပြီး ခေါင်းနဲ့မြေကြီး ဆောင့်မိတော့ သွေးတွေ အများကြီး ထွက်ကုန်တယ်၊ အဘွားကလည်း ခြေမသန် လက်မသန်ဆိုတော့ အချိန်မီ တားဖို့ မတတ်နိုင်ခဲ့ဘူး! နောက်တော့ အဘွားလည်း အဲဒီကလေးကို ပွေ့ပြီး ဆေးခန်းပြေးရတာပေါ့၊ သွေးတိတ်အောင် လုပ်ပေးလိုက်လို့ တော်သေးတာပေါ့၊ ကိစ္စကြီးကြီးမားမား မဖြစ်သွားဘူး၊ ဆေးလိမ်းပြီး လဝက်လောက်နေတော့ အနာဖေးတက်ပြီး ပျောက်သွားတယ်၊ ဒါပေမဲ့ အဲဒီကလေးရဲ့ မိဘတွေက အဘွားတို့ဘက်က ဘယ်လောက်ပဲ တောင်းပန်ပန်၊ လျော်ကြေးငွေ ၁၀ ကွမ်း ပေးတာတောင် ကျေနပ်ပုံမရဘူး၊ ခွေးကို သတ်ပြီး အသားစားရမှ ကျေနပ်မယ်တဲ့၊ မဟုတ်ရင် အရာရှိဆီ တိုင်ပြီး ခွေးကို ရိုက်သတ်ခိုင်းမယ်လို့ လုပ်နေကြတယ်"
ရှန်မြောင်မှာ တိတ်ဆိတ်သွားတော့သည်။ ဤကဲ့သို့သော ကိစ္စမျိုးသည်... အမှန်တကယ် ဖြေရှင်းရခက်လှသည်။
"သူတို့မိသားစုက လူအင်အားများပြီး အရှိန်အဝါကြီးတော့ နေ့တိုင်း လာရန်ရှာကြတယ်၊ အဘွားတို့ သားအမိတွေလည်း မတတ်နိုင်တော့ဘူး၊ အစကတော့ လေထင်ကို နယ်က ဆွေမျိုးအိမ် ပို့ထားပြီး တခြားအသား တစ်မျိုးမျိုးနဲ့ အစားထိုး လှည့်စားလိုက်မယ်လို့ စိတ်ကူးထားတာ၊ ဒါပေမဲ့ ဆွေမျိုးတွေကလည်း လေထင်လို လူကို ထိခိုက်အောင် လုပ်ဖူးတဲ့ ခွေးမျိုးကို ကြောက်နေကြတယ်၊ တကယ်တော့... သူက ခွေးလိမ္မာလေးပါ၊ ပုံမှန်ဆိုရင် လူကို ရန်မမူတတ်ပါဘူး"
ဝူတာ့ညန်သည် မျက်ရည်သုတ်ကာ သက်ပြင်းချလိုက်သည်။
"ဒါကြောင့် ရှန်ညန်ဇီက ခွေးဝယ်ချင်တယ်ကြားလို့ မစဉ်းစားဘဲ ပြောမိလိုက်တာပါ၊ ရှန်ညန်ဇီ အိမ်မှာလည်း ကလေးနှစ်ယောက် ရှိနေတော့ ခွေးစိတ်ရိုင်းဝင်မှာကို ကြောက်ရှာမှာပေါ့လေ... အဘွား မပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါတော့"
ဝူတာ့ညန်သည် မုန့်ကို လှမ်းယူပြီး ခေါင်းခါလျက် ညှိုးငယ်စွာဖြင့် ရှန်းကော်အာကို ဆွဲကာ ပြန်တော့မည် ပြုလေသည်။
ကျောခိုင်းလိုက်သည်နှင့် ရှန်းကော်အာသည် ဝူတာ့ညန်၏ အင်္ကျီလက်စကို ဆွဲကာ အသံတိုးတိုးဖြင့် ရှိုက်ငိုလျက် တောင်းပန်လေသည်။
"အဘွား... လေထင်ကို မသတ်ပါနဲ့နော်... လေထင်က ခွေးလိမ္မာလေးပါ..."
သို့သော် သူမကို ပြန်လည်တုံ့ပြန်သည်မှာ ဝူတာ့ညန်၏ ထပ်ခါတလဲလဲ သက်ပြင်းချသံသာ ဖြစ်လေသည်။
ရှန်မြောင်၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး သူတို့အား လှမ်းတားလိုက်သည်။
"အဘွား... ခဏနေပါဦး"
သူမ အစက လက်မခံခဲ့ခြင်းမှာ အဘွားပြောပြပုံအရ လေထင်ကဲ့သို့ ခွေးမျိုးသည် တစ်သက်လုံး သခင်တစ်ယောက်တည်းကိုသာ အသိအမှတ်ပြုတတ်သဖြင့် သူမ လက်ခံလိုက်လျှင်လည်း မွေးမြူနိုင်မည် မဟုတ်ဟု ယူဆသောကြောင့် ဖြစ်သည်။ သို့သော် ဤကိစ္စကို သိပြီးမှ လေထင် အမှန်တကယ် အသတ်ခံရပြီး အသားစားခံလိုက်ရမည် ဆိုလျှင် သူမ၏ စိတ်ထဲတွင်လည်း နေသာမည် မဟုတ်ပေ။
"နောက်မှ အဘွား အားတဲ့အချိန်ကျရင် လေထင်ကို ကျွန်မအိမ် ခေါ်လာခဲ့ပါဦး၊ ကျွန်မ ကြည့်ကြည့်ပါဦးမယ်" ရှန်မြောင်သည် နောက်ဆုံးတွင် ထိုသို့ ပြောလိုက်တော့သည်။
အတည်ပြုသော စကား မဟုတ်သော်လည်း ဝူတာ့ညန်မှာ မျက်ရည်ဝဲမတတ် ဖြစ်သွားရသည်။
"ကောင်းပါပြီရှင်၊ ကောင်းပါပြီ၊ ရှန်ညန်ဇီကို ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး"
ရှန်မြောင်က ခေါင်းခါပြလိုက်၏။ "ကြည့်ရုံပဲ ကြည့်ဦးမှာနော်၊ ကျွန်မလည်း ကူညီနိုင်ချင်မှ ကူညီနိုင်မှာ"
"ညန်ဇီ့မှာ ဒီလိုစိတ်ကူး ရှိတာနဲ့တင် လေထင်အတွက် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိလာပါပြီ" ဝူတာ့ညန်သည် ကျေးဇူးတင်စကား အထပ်ထပ်ဆိုကာ ရှန်းကော်အာကို ဆွဲလျက် အိမ်ပြန်သွားလေသည်။
မေစန်းညန်က သူတို့ ထွက်သွားမှ အနားကပ်လာပြီး ရှန်မြောင်ကို တီးတိုးပြောလေသည်။
"ဒီလိုခွေးမျိုးကို ညန်ဇီက တကယ် လိုချင်လို့လား၊ ပိုက်ဆံမကုန်ဘူး ဆိုပေမယ့် မွေးလို့ရမှာ မဟုတ်ဘူး၊ ရက်နည်းနည်းနေပြီးရင် ပြန်ပြေးသွားလိမ့်မယ်၊ ယဉ်ပါးမှာ မဟုတ်ဘူး"
မီရှောင်ညန်ဇီကလည်း သစ်မှုန်များကို မှုတ်ထုတ်ရင်း ခေါင်းညိတ်ထောက်ခံသည်။ "ကျွန်မအိမ်က ခွေးဆိုရင် နယ်ကို ပို့လိုက်တာတောင် ကိုယ့်ဘာသာ အိမ်ပြန်ရောက်အောင် လာတတ်တယ်"
ရှန်မြောင်သည် အဘိုးအိမ်မှ ခွေးကို သတိရသွားမိသည်။ သူမ ယခင်ဘဝက အိမ်တွင် အငြိမ်းစား ပိုလိပ်ခွေးတစ်ကောင်ကို မွေးစားထားဖူးသည်။ နာမည်မှာ ကျီဖုန်းဖြစ်ပြီး အလွန် ထက်မြက်ကာ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်ခဲ့ဖူးသည်။ ခြေထောက်ဒဏ်ရာ ရပြီးနောက် အငြိမ်းစား ပေးလိုက်ခြင်း ဖြစ်သည်။ သူမ ငယ်စဉ်က ဘယ်သူမှ သူမကို မအနိုင်ကျင့်ရဲပေ။ အကြောင်းမှာ ကျီဖုန်းသည် သူမဘေးတွင် အမြဲ ကာကွယ်ပေးနေသောကြောင့်ပင်။
ကျီဖုန်းသည် ကျောင်းလွယ်အိတ်ကို ကိုက်ချီပြီး သူမကို ကျောင်းလိုက်ပို့လေ့ရှိသည်။ နာရီကြည့်တတ်ပြီး အချိန်ကို တွက်ချက်ကာ ကျောင်းဆင်းချိန်တွင် ကျောင်းဝတွင် လာစောင့်နေတတ်သည်။
မိုးရွာရွာ နေပူပူ အမြဲ ရှိနေခဲ့သည်။
အချိန်မရွေး နေရာမရွေး သူမ အော်ဟစ်လိုက်သည်နှင့် ကောင်းကင်ဘုံမှ နတ်ဘုရား ဆင်းသက်လာသကဲ့သို့ သူမရှေ့သို့ ရောက်လာတတ်သည်။
နောက်ပိုင်းတွင် ကျီဖုန်း အိုမင်းပြီး ခွေးကမ္ဘာသို့ ပြန်သွားခဲ့သည်။
အဘိုးက ခွေးလေ့ကျင့်ရေးစခန်းသို့ အကြောင်းကြားပြီး ခွင့်ပြုချက် ရရှိပြီးနောက် အိမ်မွေးတိရစ္ဆာန် သင်္ဂြိုဟ်ရေးဌာနကို ရှာဖွေကာ ကျီဖုန်း၏ အရိုးပြာကို ဇာတိမြေအိမ်ရှိ ခြံဝင်းထဲတွင် မြှုပ်နှံပေးခဲ့သည်။ ကျီဖုန်း အသက်ရှင်စဉ်က အိပ်စက်ရန် အလွန်နှစ်သက်သော ကွေ့ဟွားပန်းပင် အောက်တွင်ပင် ဖြစ်သည်။
သူမက တိုးညှင်းစွာ ပြောလိုက်သည်။ "အရင်ဆုံး ကြည့်ကြတာပေါ့၊ အရင်ဆုံး ကြည့်လိုက်ပါဦးမယ်"
ဤကြားဖြတ်ဇာတ်လမ်း ပြီးသွားသောအခါ ဖောက်သည်များ ရောက်လာပြန်သဖြင့် ရှန်မြောင်သည် စိတ်ကို ပြန်လည်စုစည်းကာ ဆက်လက် အလုပ်ရှုပ်နေလိုက်သည်။
ရာသီဥတု ပူနွေးလာသည်နှင့်အမျှ နေထွက်ချိန်လည်း စောလာလေသည်။
ရှဲ့ထျောင်သည် မှုန်ကုပ်ုပ် မျက်လုံးများဖြင့် လမ်းလျှောက်ထွက်လာခဲ့လေသည်။ သူသည် ကျူးလျန်လမ်းကြားရှိ ဆောင်ကြာမြိုင်တွင် ၃-၄ ရက်ကြာ နေထိုင်ခဲ့ပြီး ဖြစ်သည်။ အိမ်ပြန်မသွားလျှင် မိခင်ဖြစ်သူက ရှီးမိသားစုပိုင် တုတ်ရှည်ဖြင့် မြေကြီးပေါ် ဖိကာ ဖက်ထုပ်လုပ်ရန် အသားစဉ်းသကဲ့သို့ ရိုက်နှက်တော့မည် ဖြစ်သဖြင့် ယနေ့မနက်တွင် အိမ်ပြန်ရန် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။
သို့သော် မနေ့ညက တစ်ညလုံး သောက်စားမူးယစ်ထားသဖြင့် ယခုအခါ ခြေထောက်နှစ်ဖက်သည် ဂွမ်းပုံပေါ် နင်းထားသကဲ့သို့ ဖြစ်နေသည်။ သူသည် ယိုင်နဲ့နဲ့ဖြင့် လမ်းလျှောက်နေရပြီး ဘေးမှ အစေခံများ တွဲထားရသည်။
သူသည် ပင်ပန်းကြီးစွာဖြင့် လမ်းတစ်ဝက်သို့ ရောက်သောအခါမှ အရက်အရှိန်ကြောင့် ထိုင်းမှိုင်းနေသော ဦးနှောက်က အလုပ်ပြန်လုပ်လာပြီး မျက်လုံးပြူးကာ ကိုယ်ရံတော်ကို မေးလိုက်သည်။
"... ငါ့လှည်းရော... ကျိုးလောင်အာ့က ဘာလို့ လာမကြိုတာလဲ"
ကိုယ်ရံတော်က မရယ်ရဲ ရယ်ရဲ အပြုံးဖြင့် ပြောသည်။ "အိမ်တော်က လှည်းတွေ၊ မြင်းတွေအားလုံးကို သာ့ညန်က ပြန်ခေါ်သွားပါပြီ၊ စားသောက်ပွဲ ပြင်ဆင်ဖို့တဲ့၊ မြို့ပြင်ထွက် ဈေးဝယ်တဲ့သူကဝယ်၊ ဖိတ်စာသွားပို့တဲ့သူကပို့၊ ချန်ကျိုးနဲ့ ချိုက်ကျိုးက ဆွေမျိုးတွေဆီ စာသွားပို့တဲ့သူကပို့နဲ့ ဘယ်သူမှ မအားကြတော့ပါဘူး၊ လွန်ခဲ့တဲ့ ရက်နည်းနည်းက ကျိုကော တော်ဝင်ကျောင်းတော်ကို သွားတုန်းကတောင် အိပ်ရာလိပ်တင်ထားတဲ့ မြည်းတစ်ကောင်ပဲ ပါတယ်၊ ကျိုကောတောင် ခြေကျင် လမ်းလျှောက်သွားရတာပါ"
ရှဲ့ထျောင်တစ်ယောက် ကြောင်အသွားလေသည်။ "ဒါ... အမေကလည်း ရက်စက်လိုက်တာကွာ"
သူ အပြင်မှာ ပျော်ပါးသောက်စားနေသည်မှာ ဤမျှ ကြာမြင့်နေပြီဖြစ်သော်လည်း အမေဖြစ်သူက လူလွှတ်၍ လာမရှာသည့်အပြင် ယခုအခါ လှည်းကိုပါ ပြန်ခေါ်သွားလေပြီ။
"စန်းကော မပူပါနဲ့၊ သာ့ညန်က အစောကြီးကတည်းက စကားပါးလိုက်ပါတယ်၊ စန်းကော သောက်ချင်သလောက် သောက်ပါတဲ့၊ သောက်ရင်း သေသွားရင်တောင် သူ ဝင်မပါတော့ဘူးတဲ့"
ရှဲ့ထျောင်သည် ကိုက်ခဲနေသော နဖူးကို ဖိနှိပ်လိုက်ရင်း ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်လာကာ နောက်ဆုံးတွင် ကိုယ်ရံတော်၏ ပခုံးကို ဖြည်းညှင်းစွာ မှီလျက် သက်ပြင်းချလိုက်သည်။
"ဒါဆိုလည်း သွားကြတာပေါ့... နေဦး၊ တံတားရောက်ရင် ဖန့်စောင်ဆိုင်က အမူးပြေစေတဲ့ အာ့ချန်ဟင်းရည် တစ်ခွက်လောက် အရင်ဝယ်သောက်ရမယ်၊ မဟုတ်ရင် ငါ အိမ်ပြန်ရောက်အောင် လျှောက်နိုင်မှာ မဟုတ်ဘူး"
မောကြီးပန်းကြီးဖြင့် ဖန့်ဆောင်း၏ အမွှေးနံ့သာဆိုင်သို့ လျှောက်လာပြီးနောက် ရှဲ့ထျောင်သည် ဆိုင်ဘေးတွင် ချထားသော ဝါးပုထိုင်ခုံလေးပေါ်တွင် ဖင်ထိုင်ချလိုက်သည်။ အင်္ကျီလက်ဖြင့် ယပ်ခတ်နေစဉ် ရင်းနှီးသော မွှေးရနံ့တစ်မျိုးကို ရုတ်တရက် ရလိုက်ပြီး လှည့်ကြည့်လိုက်မှ သတိရသွားလေသည်။
"သြော်... ဟို မုန့်လုပ်တဲ့ မိန်းမလှလေးပဲ"
ဆယ်ရက်ကျော်ခန့် မတွေ့ခဲ့သည့်နောက်တွင် ထိုအလှပဂေးလေး ပို၍ လှလာသယောင်။
ပထမဆုံး တွေ့စဉ်က ထိုအလှပဂေးလေးသည် ဖြူဖျော့ကာ နွမ်းနယ်နေပုံရပြီး လှပသော်လည်း ရောဂါရိပ်သန်းနေသဖြင့် ပင်ပန်းနွမ်းနယ်နေပုံ ပေါက်နေသည်။ ယခုမူကား အားအင်ပြည့်ဖြိုးနေပုံရပြီး မျက်နှာလေးမှာ ဖြူဝင်းကာ ပန်းရောင်သန်းနေလေတော့သည်။
...