← Chapters

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အပိုင်း (၄၉) ခေါက်ဆွဲခြောက်ရနံ့

မနေ့ညက ကျိအာသည် စာမေးပွဲနီး၍ စိတ်လှုပ်ရှားကာ ညစာစားရင်းဖြင့် မသိစိတ်က စာအုပ်ကို ကျက်မှတ်နေမိရာ ဟင်းရည်ပူများနှင့် အခါခါ လောင်ခဲ့ရလေသည်။

ယနေ့ မနက်ပိုင်းတွင်မူ သူမက ဇီးဖျော်ရည် တစ်ခွက်ကို အရင်တိုက်လိုက်လေသည်။ သောက်ပြီးသွားသည့်အခါ သူသည် အတော်လေး တည်ငြိမ်သွားလေသည်။ ဇီးဖျော်ရည်သည် သောက်လို့ကောင်းရုံသာမက စိတ်ကို ကြည်လင်လန်းဆန်းစေပြီး ရေငတ်ပြေစေသည့် အာနိသင်ရှိသည်။ ထို့ကြောင့် စာမေးပွဲကြီးကို ရင်ဆိုင်ရမည့် ကျိအာ၏ စိုးရိမ်ပူပန်မှုများကို အေးမြချောမွေ့သည့် ဇီးဖျော်ရည်က ဆေးကြောပေးလိုက်နိုင်လေသည်။

ဖိယုံးစာသင်ကျောင်း အတွင်းမှ သာယာနာပျော်ဖွယ် ခေါင်းလောင်းသံများ ထွက်ပေါ်လာပြီး စာမေးပွဲ တစ်ခု ပြီးသွားလေပြီ။ မေးခွန်းငါးခုရှိရာ တစ်ခုပြီးတိုင်း ခေါင်းလောင်းထိုးလေ့ရှိသည်။ အပြင်ဘက်တွင် စောင့်ကြပ်နေသည့် စစ်သည်များသည်လည်း သူတို့၏တုတ်ရှည်များဖြင့် မြေကြီးကို ဆောင့်ကာ "တိတ်ကြ... တိတ်ကြ" ဟု သံပြိုင် အော်ဟစ်ကြသည်။

စာမေးပွဲခန်းထဲတွင် ဖြေဆိုနေကြသည်မှာ ကိုယ့်သားသမီးများ ဖြစ်ကြသဖြင့် အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည့် မိဘဆွေမျိုးများသည် တဖြည်းဖြည်း တိတ်ဆိတ်သွားကြသည်။ မြင့်မားသည့် တံတိုင်းအတွင်းရှိ ကလေးများကို အနှောင့်အယှက် ဖြစ်မည် စိုးသဖြင့် တချို့ဆိုလျှင် စကားပြောလျှင်ပင် လည်ချောင်းသံကို နှိမ့်ကာ တိုးတိုးလေး ပြောကြသည်။

သည်အချိန်တွင် မုန့်လာဝယ်သူ နည်းပါးသွားပြီဖြစ်သည်။ ရှန်မြောင်က အေးအေးလူလူ စားသောက်နေသည့် ရှန်းအာကို ကြည့်ရင်း သူမကိုယ်တိုင်လည်း သစ်ပင်အောက်တွင် ကျေနပ်စွာ ထိုင်ချလိုက်သည်။ နေ့လယ်စာအဖြစ် မုန့်တစ်လုံးကို စားလိုက်ပြီးနောက် ဒူးနှစ်ဖက်ကို ပိုက်ကာ ဟိုင်ထန်ပန်းများနှင့် သစ်တော်ပန်းများ ဝေဆာနေသည့် သစ်ကိုင်းများကို ငေးမောကြည့်ရှုနေမိသည်။ လေပြည်လေညင်း တိုက်ခတ်လာသည့်အခါ ပန်းရနံ့သင်းသင်းလေးများ ပါလာတတ်သည်။

ရာသီဥတုက သာယာလိုက်တာ။ ကျိအာတစ်ယောက် အဆင်ပြေပြေ ဖြေနိုင်မှာပါ။

စာမေးပွဲခန်းထဲတွင်တော့ ရှန်ကျိသည် စုတ်တံကို ချလိုက်ပြီး စာလုံးများ အပြည့်ရေးထားသည့် စာရွက်ကို ဆွဲဆန့်ကာ ဘေးတစ်ဖက်တွင် အခြောက်ခံထားလိုက်သည်။

စာမေးပွဲခန်းများကို ကြိမ်ကန့်လန့်ကာပါးပါးလေးဖြင့် ခြားထားသော်လည်း အသံလုံခြင်း မရှိပေ။ ရှန်ကျိသည် ဘေးပတ်ဝန်းကျင်မှ စာဖြေသူများ၏ စုတ်တံထိပ်ဖျားနှင့် စာရွက်တို့ ပွတ်တိုက်သံ တရှဲရှဲကိုပင် ကြားနေရသည်။ နေမွန်းတည့်ချိန် ရောက်လာသည့်အခါ နေရာအနှံ့မှ ရေနွေးတောင်းသည့် အသံများ ထွက်ပေါ်လာသည်။

အရင်က ဖိယုံးစာသင်ကျောင်းတွင် စာမေးပွဲဖြေလျှင် ရေအေးသာ တိုက်လေ့ရှိသည်။ သို့သော် ကလေးအများအပြား ရေအေးသောက်ပြီး ဝမ်းပျက်ဝမ်းလျှော ဖြစ်ကုန်ကြသည်။ တချို့ဆိုလျှင် အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဖျားနာသွားကြပြီး စာမေးပွဲလည်း ဆက်မဖြေနိုင်၊ ကျန်းမာရေးလည်း ထိခိုက်ကုန်ကြသည်။ ထိုကိစ္စကြောင့် ပြည်သူများ၏ မကျေနပ်သံများ ထွက်ပေါ်လာပြီးနောက်ပိုင်း ကျောင်းတော်က ရေနွေးပြောင်းတိုက်ခဲ့သော်လည်း စာမေးပွဲကြေးကိုမူ သိသိသာသာ တိုးမြှင့်လိုက်လေသည်။

ရှန်ကျိသည် မနက်ပိုင်းတစ်ပိုင်းလုံး အာရုံစိုက်ပြီး ဖြေဆိုခဲ့ရာ ယခုအချိန်တွင် ဗိုက်ဆာလာခဲ့သည်။ သူသည် မြေပန်းကန်လုံးကြီးကို ထုတ်ယူလိုက်ပြီး အခွင့်အရေးရတုန်း ရေနွေးတစ်အိုး တောင်းလိုက်သည်။ စာမေးပွဲခန်းထဲသို့ ယူဆောင်ခွင့်မပြုသည့် ပစ္စည်းများ များပြားပြီး အစားအသောက်များကိုလည်း ကန့်သတ်ထားသည်။ ဥပမာ - ဟင်းချက်စရာများ၊ ဆန်ပြုတ်များကို ယူဆောင်ခွင့်မပြုပေ။ အထဲတွင် စာခိုးစာဝှက် ထည့်သယ်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် လူအများစုသည် မုန့်ခြောက်များကိုသာ ယူလာကြသည်။ ဝင်ပေါက်တွင် စစ်ဆေးရေးစစ်သည်များက ထိုမုန့်ခြောက်များကိုပင် အမှုန့်ကြေအောင် ချိုးဖဲ့စစ်ဆေးတတ်သေးသည်။

သို့သော် သူ့မကြီး၏ ဉာဏ်က ကွန့်မြူးလွန်းသည်။ ဆီကြော်ထားသည့် ခေါက်ဆွဲခြောက်သည် ပြားပြားကပ်ကပ် ဖြစ်နေပြီး အောက်ခြေအထိ မြင်နေရသဖြင့် ချိုးဖဲ့စစ်ဆေးမည်ကို မကြောက်ပေ။ အပိုင်းပိုင်း ကျိုးသွားလျှင်လည်း စားရသည်မှာ အတူတူပင်။ ရေနွေးပူပူလောင်းထည့်ပြီး ခဏအုပ်ထားလိုက်သည်နှင့် ကျက်သွားပြီး မွှေးပျံ့နေတော့သည်။ မုန့်ခြောက် ဝါးရသည်ထက် အများကြီး သာလေသည်။

ရှန်ကျိ ရေနွေးတောင်းလိုက်သည့်အချိန်တွင် မျက်စောင်းထိုးမှာ ထိုင်နေသည့် ဟိုင်ကောအာက မော့ကြည့်လိုက်သည်။

ဘယ်ဘဝက ရေစက်ဆိုးတွေပါလိမ့်။ ဟိုင်ကောအာ၏ ခုံနံပါတ်သည် ရှန်ကျိနှင့် ကပ်လျက်ကျပြီး စာမေးပွဲခန်းတွင်လည်း မျက်စောင်းထိုး ကျနေလေသည်။ ထိုင်ခါစက မျက်နှာချင်းဆိုင်မိပြီး နှစ်ယောက်လုံး ကြောင်သွားကြသေးသည်။ သို့သော် မေးခွန်းရသည်နှင့် ရှန်ကျိသည် ခေါင်းမမော့တော့ပေ။ ဟိုင်ကောအာကသာ သူ့ကို အလွန်အမင်း ဂရုစိုက်နေပြီး စိတ်ထဲတွင် တင်းနေခဲ့သည်။

အရင်က ဆရာလျို၏ စာသင်ဝိုင်းတွင် ဟိုင်ကောအာသည် အစားကြီးပြီး အပျင်းကြီးကာ အတင်းပြောတတ်သော်လည်း စာပေဘက်တွင် ဉာဏ်ကောင်းသူ ဖြစ်သည်။ ထို့ကြောင့် စာတော်သည်ဟု ဆိုနိုင်သည်။ ဆရာလျို လစဉ်စာမေးပွဲ စစ်သည့်အခါတိုင်း စာခိုးကူးဖို့ ခိုးထွက်လေ့ရှိပြီး စာမေးပွဲကို လျစ်လျူရှုကာ အပြင်ခိုးထွက်ပြီး စာကူးပေးတတ်သည့် ရှန်ကျိထက် အမှတ်များလေ့ရှိသည်။

သူသည် ရှန်ကျိနှင့် တိတ်တိတ်ကလေး ပြိုင်ဆိုင်နေလေ့ရှိပြီး သူ့ကိုယ်သူ အထင်ကြီးတတ်သည်။

ဒီနေ့တွင် ဟိုင်ကောအာသည် စောစောစီးစီး ရေနွေးတောင်းထားပြီးဖြစ်သည်။ တင်းရှီက သူ့အတွက် ပြန့်ကျင်းမြို့တွင် နာမည်အကြီးဆုံး လျိုမိသားစုဆိုင်မှ သိုးသားမုန့် (၅) ခုကို ဝယ်ထည့်ပေးလိုက်သည်။ သို့သော် ဝင်ပေါက်တွင် စစ်ဆေးရေးစစ်သည်များက အမှုန့်ကြေအောင် ချိုးဖဲ့လိုက်ကြသည်။ သိုးသားနှင့် ဂျုံသား ရောနှောကာ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားသော်လည်း အရသာကတော့ မပြောင်းလဲပေ။

အကျိုးအကြေများ ဖြစ်သွားသဖြင့် မွှေးပျံ့သည့် သိုးဆီများက မုန့်သားထဲသို့ စိမ့်ဝင်သွားကာ ပိုပြီး အရသာရှိနေသေးသည်။

သူက စာတစ်ကြောင်းနှစ်ကြောင်း ရေးလိုက်၊ မုန့်တစ်ကိုက် ကိုက်လိုက်ဖြင့် စားသောက်နေရာ ထိုနေရာတစ်ဝိုက်တွင် သိုးသားနံ့များ လှိုင်နေတော့သည်။ ကြာလာတော့ သိုးသားအေးစက်သွားပြီး အညှီနံ့ ထွက်လာသဖြင့် ဘေးနားရှိ လူများမှာ သည်းမခံနိုင်တော့ဘဲ နှာခေါင်းကို စက္ကူဖြင့်ပိတ်ကာ ကိုယ့်အိမ်က ထည့်ပေးလိုက်သည့် နေ့လယ်စာကို စောစီးစွာ ထုတ်စားနေကြရသည်။

ရှန်ကျိတစ်ယောက်တည်းသာ နှာခေါင်းပိတ်နေသည့်အလား အာရုံစိုက်ပြီး ဖြေဆိုနေကာ နေ့လယ်ရောက်မှ ရေနွေးတောင်းခြင်း ဖြစ်သည်။

သည်အချိန်တွင် ဟိုင်ကောအာ ဗိုက်ဝနေပြီဖြစ်ကာ ရှန်ကျိ မုန့်ခြောက်ကိုက်မည့် သနားစရာမြင်ကွင်းကို ကြည့်ရန် ချောင်းနေသော်လည်း ရှန်ကျိက ခါးကိုင်းကာ စာအုပ်ခြင်းတောင်းထဲမှ မြေအိုးပန်းကန်လုံးကြီးကို ထုတ်ယူလိုက်ပြီး အဖုံးကို ဖွင့်လိုက်သည်ကို တွေ့လိုက်ရလေသည်။

ဟိုင်ကောအာက အဝေးကြီး ဖြစ်နေသဖြင့် အတွင်းထဲတွင် ဘာပါသည်ကို သေချာမမြင်ရပေ။ သို့သော် သူ့စပ်စုစိတ်က ထကြွလာပြီဖြစ်၏။ စုတ်တံကို ကိုင်ထားသော်လည်း စာတစ်လုံးမှ မရေးဘဲ မျက်တောင်မခတ် တောင့်ကြည့်နေမိသည်။

စာမေးပွဲဖြေနေတာသာ မဟုတ်လျှင် မတ်တပ်ရပ်ပြီး သွားကြည့်မိလောက်သည်။

ထိုအချိန်တွင် ရဲမက်က ရေနွေးအိုး လာချပေးသည်။ ရှန်ကျိက ရေနွေးအိုးကို ယူပြီး ပန်းကန်ထဲသို့ လောင်းထည့်လိုက်လေသည်။

ပွက်ပွက်ဆူနေသော ရေနွေးက ပန်းကန်အောက်ခြေရှိ အသားဟင်းနှစ်အနှစ်တုံးကို ချက်ချင်း အရည်ပျော်သွားစေပြီး အငွေ့တလူလူနှင့်အတူ ကြက်သွန်မြိတ်၊ နံနံပင်တို့၏ ပြင်းရှရှအနံ့ကို ထွက်ပေါ်လာကာ ဆီကြော်ထားသည့် ခေါက်ဆွဲခြောက်သည် ရေပူကြောင့် ပျော့အိသွားပြီး ဟင်းရည်နှင့် ပေါင်းစပ်သွားသည်။

ဟိုင်ကောအာသည် နှာခေါင်းထဲသို့ အသားနံ့များ တိုးဝင်လာသည်ကို ခံစားလိုက်ရပြီး ယစ်မူးစွာ မျက်လုံးမှိတ်လိုက်မိသည်။ သို့သော် မွှေးရနံ့က ရုတ်တရက် ရပ်တန့်သွားသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ ရှန်ကျိက အဖုံးပြန်အုပ်လိုက်ကြောင်း တွေ့လိုက်ရသည်။

သူ စိတ်ပျက်သွားသော်လည်း ခဏကြာတော့ ရှန်ကျိက အဖုံးပြန်ဖွင့်လိုက်ပြန်သည်။ ဒီတစ်ခါ ပေါင်းခံထားသဖြင့် အနံ့က ပိုမိုပြင်းထန်လာသည်။

ဟိုင်ကောအာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ရှန်ကျိက မျက်လှည့်ပြလိုက်သလိုပင် အချိန်တိုအတွင်း ဟင်းရည်အရသာ ပြည့်ဝသည့် ခေါက်ဆွဲပြုတ်ပူပူတစ်ခွက်ကို ဖန်တီးလိုက်ပြီး ဘေးလူကို ဂရုမစိုက်ဘဲ တူဖြင့် "ရှလွတ်... ရှလွတ်" မြည်အောင် စားသောက်နေသည်ကို ကြည့်နေမိတော့သည်။

ခဏချင်းမှာပင် စာမေးပွဲခန်းမတစ်ခုလုံး ပျံ့နှံ့နေသည့် သိုးညှီနံ့များ ပျောက်ကွယ်သွားပြီး လတ်ဆတ်မွှေးပျံ့သည့် ဟင်းခတ်အမွှေးအကြိုင်နံ့များဖြင့် အစားထိုးလိုက်သလို ဖြစ်သွားခဲ့သည်။ ထိုအနံ့ကို စာဖွဲ့ရန် ခက်ခဲလှပြီး မွှေးလည်းမွှေး၊ လတ်ဆတ်မှုလည်း ရှိပြီး လွှမ်းမိုးမှုလည်း ရှိလွန်းသည်။ ဟိုင်ကောအာတစ်ယောက် အကြိမ်ကြိမ် ရှူရှိုက်မိနေတော့သည်။ အရသာက လေးနက်ပြီး အငန်အချို အစပ်အဟပ်တည့်ကာ ခပ်ရှိန်းရှိန်း အနံ့လေးလည်း ပါနေသလိုလိုပင်။ ထို့ပြင် ပူနွေးနေသည့် ဂျုံနံ့၊ အသားနံ့၊ ကြက်ဥနံ့၊ ဟင်းသီးဟင်းရွက်နံ့... အရသာပေါင်းစုံ ရောနှောပေါင်းစပ်နေပြီး နှာခေါင်းထဲသို့ အတင်းတိုးဝင်ကာ စိတ်ကို လှုပ်ရှားစေလေသည်။

မွှေးလိုက်တာ... ဘာလို့ ဒီလောက် မွှေးရတာလဲ။ ဟိုင်ကောအာ၏ လည်ပင်းက အလိုအလျောက် ရှည်ထွက်လာတော့သည်။

လူအများကလည်း စုတ်တံကို ချပြီး နှာခေါင်းရှုံ့ကာ အနံ့ခံနေကြ၏။ စာမေးပွဲခန်းမထဲတွင် လျှောက်သွားခွင့်မရှိ၍သာ။ မဟုတ်လျှင် အနံ့လာရာလမ်းကြောင်းကို လိုက်ရှာမိကြလောက်သည်။

တခြားသူများက အနံ့ဘယ်ကလာမှန်း မသိသော်လည်း မျက်စောင်းထိုးမှာ ထိုင်နေသည့် ဟိုင်ကောအာကတော့ သွားရည်ကျမတတ် ဖြစ်နေရသည်။

သူက ခေါင်းငုံ့ပြီး ဆီခဲများ ကပ်ကာ အေးစက်နေသည့် သိုးသားမုန့်အကြေအမွများကို ကြည့်လိုက်သည်။ ချက်ချင်းပင် ခံတွင်းပျက်သွားတော့သည်။

..........

ဖိယုံးစာသင်ကျောင်းအတွင်း အနီရောင်ယွန်းသုတ် စာလုံး "ကျာ" (A အဆင့်)ဟုကပ်ထားသော စာသင်ဆောင်တွင် နဉ်ယီတစ်ယောက် အိပ်ကောင်းနေလေသည်။ ဆရာကြီးက ကိုယ့်ဘာသာ စိတ်ပါလက်ပါ စာသင်နေချိန်တွင် သူက အစားအသောက်ကောင်းများ စားသောက်နေသည်ဟု အိပ်မက်မက်ရင်း ဇိမ်ကျနေလေသည်။ သူသည် နေ့လယ်ရောက်သည်အထိ အိပ်ပျော်နေပြီး အတန်းဖော်ဖြစ်သူ ရှန်အန်းက တံတောင်နှင့် တွန်းနှိုးလိုက်မှ လန့်နိုးလာတော့သည်။

"နဉ်ယီ... ကျောင်းဆင်းပြီ၊ သွားမယ်"

သူက အိပ်မှုံစုံမွှားဖြင့် မော့ကြည့်လိုက်ရာ ဆရာကြီးက ပြန်သွားပြီဖြစ်ပြီး ကျောင်းသားများလည်း သိမ်းဆည်းကာ ပြန်ကုန်ကြပြီဖြစ်သည်။ ရှန်အန်းနှင့် ရှဲ့ချီတို့သာ ကျန်ရစ်သည်။ သူတို့နှစ်ယောက်က မေးခွန်းတစ်ခုကို ဖြေရှင်းနေကြပုံရသည်။ ရှန်အန်းက သူ့ကို နှိုးရင်း မတ်တပ်ရပ်ကာ အပျင်းကြောဆန့်လိုက်သည်။

ဖိယုံးစာသင်ကျောင်းသည် ကလေးစာမေးပွဲ အောင်မြင်သူများကိုသာ လက်ခံပြီး ဆယ်ရက်တစ်ကြိမ် စာမေးပွဲစစ်ကာ အဆင့်ခွဲခြားသည်။ ကျာ၊ ယီ၊ ပင်း၊ တင်း၊ ရွှီ (A, B, C, D, E) ဟု အဆင့် (၅) ဆင့် ခွဲခြားထားရာ ထိပ်ဆုံးဖြစ်သည့် "ကျာ" အဆင့် ကျောင်းသားများသည် ကျောင်းအတွင်း၌ အလွန်လေးစားခံရသူများ ဖြစ်ကြသည်။ အကြောင်းမှာ အနာဂတ်တွင် ရှို့ချိုင်၊ ဘွဲ့ရ၊ ကျင့်ရှီ ဖြစ်လာမည့်သူများသည် "ကျာ" အဆင့်မှ မွေးထုတ်ပေးလိုက်သူများ ဖြစ်သောကြောင့်ပင်။

"ကျာ" အဆင့်သို့ ရောက်ရှိသော ကျောင်းသားများကို တော်ဝင်စာပေဌာန၊ ဝမ်ထောင်ဌာနတို့မှ ဆရာကြီးများ၊ လက်ထောက်ဆရာများက ကွန်ဖြူးရှပ်ကျမ်းစာများကို သင်ကြားပေးကြသည်။ နဉ်ယီသည် ကျောင်းပြေးလေ့ရှိပြီး အိပ်ငိုက်တတ်ကာ စာသင်ခြင်းထက် နန်ရွှင်တံခါးမှ အသားမုန့်ကို ပိုစိတ်ဝင်စားသော်လည်း ရှဲ့ချီ၊ ရှန်အန်းတို့နှင့်အတူ “ကျာ” အတန်းတွင် တက်ရောက်နေသူ ဖြစ်သည်။ စာမေးပွဲတိုင်းတွင် “ကျာ” အဆင့်၏ နောက်ဆုံးနားတွင် ကပ်ပြီး ပါလေ့ရှိသည်။ ယခုလည်း ဆရာတူ အတန်းတူ ဖြစ်သည့်အပြင် အဆောင်လည်း တူသဖြင့် သူတို့သုံးယောက်၏ သံယောဇဉ်မှာ အလွန်ခိုင်မာလေသည်။

ယနေ့ သင်ခန်းစာ ပြီးဆုံးပြီဖြစ်၍ ကျောင်းသားများ သုံးယောက်တစ်တွဲ နှစ်ယောက်တစ်တွဲ ထွက်ခွာသွားကြသည်။ ထမင်းစားဆောင်တွင် ညစာ ပြင်ဆင်ထားပြီဖြစ်သည်။ ရှန်အန်းက စာအုပ်သေတ္တာကို သိမ်းဆည်းပြီးနောက် အိပ်ချင်မူးတူး ဖြစ်နေသေးသည့် နဉ်ယီနှင့် စာအုပ်ကိုင်ကာ ဖတ်နေဆဲဖြစ်သည့် ရှဲ့ချီတို့ကို လှမ်းကြည့်လိုက်၏။

"ရှဲ့ချီ... သွားကြစို့" ရှန်အန်းက အပျင်းကြောဆန့်ရင်း စာအုပ်သေတ္တာကို လွယ်လိုက်သည်။ "ထမင်းစားဆောင်က စားဖိုမှူးလက်ရာက ဝက်စာလိုပဲ၊ အေးသွားရင် မျိုချလို့ရမှာ မဟုတ်ဘူး၊ နေ့လယ်စာစားပြီးရင် နဉ်ယီက မြောက်ဘက်တံခါးမှာဖွင့်တဲ့ တောခွေးသားဆိုင်ကို သွားဦးမယ်ဆို၊ တို့နှစ်ယောက်က မုန့်စန်းတို့နဲ့ တောင်တက်ပြီး နေဝင်ချိန်ကြည့်ဖို့ ချိန်းထားတယ်မလား၊ အခုမသွားရင် မမီဘဲနေမယ်"

ထမင်းစားဆောင်မှ အရောင်အဆင်းအနံ့အရသာ မပြည့်စုံသည့် ထမင်းဟင်းများကို တွေးမိသည်နှင့် ရှန်အန်းခမျာ ဗိုက်အောင့်ချင်သလို ဖြစ်သွားတော့သည်။ သို့သော် နည်းနည်းလောက်သာ ဝင်အောင်မစားလျှင် ညကျ ဗိုက်ဆာပြီး အိပ်မပျော်ဘဲ နေလိမ့်မည်။

"ပြီးပါပြီကွာ" ရှဲ့ချီက စာအုပ်ပိတ်လိုက်သည်။

ရှဲ့ချီ ကြိုးစားပမ်းစား စာဖတ်နေသည်ကို ကြည့်ပြီး ရှန်အန်းကတော့ နှမြောမိသည်။ ရှဲ့ချီသည် အသက် (၈) နှစ်၊ (၉) နှစ်အရွယ်ကပင် ခိုင်ဖုန်းခရိုင်ဝန်ကိုယ်တိုင် စစ်ဆေးသည့် ကလေးစာမေးပွဲကို အောင်မြင်ခဲ့ပြီး ထုန်ရှန်းစာမေးပွဲ ဖြေဆိုခွင့် ရရှိခဲ့သူဖြစ်သည်။ ထိုစဉ်က ဖိယုံးစာသင်ကျောင်း၏ ကလေးတန်းတွင် ပထမရခဲ့ပြီး ပြန့်ကျင်းမြို့တစ်ခုလုံး ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့သည့် ပါရမီရှင်တစ်ယောက် ဖြစ်သည်။ ယခု ဖိယုံးစာသင်ကျောင်းတွင်လည်း ထိပ်ဆုံးစာရင်းဝင် ဖြစ်သော်လည်း ကံမကောင်းရှာပေ။ စာပေစွမ်းရည် ထက်မြက်သော်လည်း ရှို့ချိုင်အဆင့်စာမေးပွဲကို ဖြေဆိုရာတွင် အောင်မြင်မှု မရရှိသေးပေ။

ရှန်အန်း စိတ်ထဲတွင် ရေတွက်ကြည့်လိုက်၏။ ရှဲ့ချီသည် စာမေးပွဲကြီးငယ်မဆို မဖြေဆိုမီတွင် မတော်တဆမှု တစ်ခုခု ကြုံရလေ့ရှိသည်။ တစ်ခါကဆိုလျှင် ရှို့ချိုင်အဆင့်စာမေးပွဲ ဖြေဆိုနေစဉ် သူထိုင်သည့် စာမေးပွဲခန်း ပြိုကျသည်အထိ ဖြစ်ခဲ့ဖူးသည်။ ရှန်အန်း ခေါင်းခါပြီး သက်ပြင်းချလိုက်မိသည်။ မည်သို့ နှစ်သိမ့်ပေးရမည်ကိုပင် မသိတော့ပေ။

တစ်ဖက်တွင်တော့ အိပ်ချင်မူးတူး ဖြစ်နေသော နဉ်ယီသည် အစားအသောက်အကြောင်း ကြားလိုက်သည်နှင့် ချက်ချင်း မျက်လုံးကျယ်သွားပြီး ရှဲ့ချီအနား ကပ်သွားလေသည်။

"ရှဲ့ကျိုရေ... ရှဲ့ကျို (ရှဲ့အိမ်ရဲ့ ၉ယောက်မြောက်သား)... မင်းဆီမှာ ဘဲဥငန်မုန့် ရှိသေးလား"

နဉ်ယီသည် လန်ရှင်းစာအုပ်ဆိုင်တွင် တိုက်ဆိုင်စွာ စားဖူးခဲ့ပြီး ယန်လျိုအရှေ့လမ်းကြားအထိ သွားဝယ်သော်လည်း မရခဲ့သည့် ဘဲဥငန်မုန့်ကို ရှဲ့မိသားစုက နည်းပညာဝယ်ယူသွားခဲ့ပြီဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။ ထိုနေ့က မုန့်သည်မလေး၏ ငြင်းပယ်ခြင်းကို ခံလိုက်ရပြီးနောက် သူသည် စိတ်ပျက်လက်ပျက်ဖြင့် ကျောင်းပြန်လာခဲ့သည်။ လမ်းတစ်လျှောက်လုံး စိတ်ဓာတ်ကျပြီး မပျော်မရွှင် ဖြစ်နေခဲ့ရာ သူနေထိုင်သည့် အဆောင်တံခါးကို ဖွင့်လိုက်သည်နှင့် ရင်းနှီးသော ဘဲဥငန်မုန့်ရနံ့ကို ရလိုက်လေသည်။

အခန်းထဲတွင် ရှဲ့ချီနှင့် ရှန်အန်းတို့က စားပွဲဝိုင်းတွင် ထိုင်နေကြသည်။ စားပွဲပေါ်တွင် ပုလဲခရုခွံစီခြယ်ထားသည့် သစ်သီးစုံပန်းချီရေးဆွဲထားသော အကန့်ကိုးကန့်ပါ ထမင်းချိုင့်တစ်လုံး ရှိနေပြီး အတွင်း၌ လုံးဝန်းကာ ရွှေဝါရောင်တောက်နေသည့် ဘဲဥငန်မုန့်များ စီစီရီရီ ရှိနေလေသည်။

"နဉ်တာ့ (နဉ်အိမ်က သားကြီး)... မင်း ပြန်လာပြီလား၊ ရှဲ့ကျိုအိမ်က အရမ်းစားကောင်းတဲ့ မုန့်တွေ ပို့လိုက်တယ်ကွ၊ မင်းက လောကအနှံ့သွားပြီး အစားအသောက်ကောင်းတွေ လိုက်မြည်းမယ်ဆို၊ ဒီမုန့်က အရသာ အရမ်းထူးခြားတယ်၊ ပြန့်ကျင်းက အစားအသောက်ကျွမ်းကျင်တဲ့ မင်းတောင် စားဖူးမှာ မဟုတ်ဘူး၊ လာမြည်းကြည့်စမ်း"

ထိုစဉ်က နဉ်ယီသည် ဘဲဥငန်မုန့် တစ်ဘူးလုံးကို ကြည့်ပြီး ကြောင်အသွားခဲ့သည်။ ရှန်အန်း လှမ်းခေါ်သည်ကိုပင် မကြားတော့ပေ။ ထို့နောက် သူတစ်ယောက်တည်း (၅) လုံး ဆက်တိုက် စားပစ်လိုက်မှသာ လိုချင်တာ မရဘဲ လက်လျော့လိုက်ရပြီးမှ မမျှော်လင့်ဘဲ ပြန်ရလိုက်သည့် အတက်အကျကြမ်းသော စိတ်ခံစားချက်များ ပြေလျော့သွားတော့သည်။

"ကျန်တာတွေ ဆရာကြီးတွေကို ပေးလိုက်ပြီ၊ ဘယ်ရှိတော့မလဲ" ရှဲ့ချီက ပြုံးပြီး ခေါင်းခါလိုက်သည်။ "ကိစ္စမရှိပါဘူး၊ နောက်မှ ချိုးဟောင်ကို အိမ်ပြန်ယူခိုင်းလိုက်မယ်၊ အခု အိမ်က စားဖိုမှူးက တတ်နေပြီ၊ ရှန်ညန်ဇီဆီက တိုက်ရိုက်သင်လာတာဆိုတော့ လက်ရာက လုံးဝမခြားနားပါဘူး"

နဉ်ယီက ကြက်ကလေး စပါးကောက်သလို ခေါင်းတငြိမ့်ငြိမ့် လုပ်နေတော့၏။ "ကတိနော်... ကတိ"

သုံးယောက်သား ရယ်မောပြောဆိုရင်း စာသင်သားအကူများကို ခေါ်ကာ နေ့လယ်စာ အနည်းငယ် စားသောက်ပြီးနောက် အခြားအဆောင်မှ ကျောင်းသားများ၏ ဖိတ်ကြားချက်အရ အနီးနားရှိ တောင်ပေါ်သို့ တက်ရောက်ရန် ပြင်ဆင်ကြလေသည်။

နဉ်ယီတစ်ယောက်သာ သူတို့နှင့် မလိုက်ဘဲ အစားအသောက်ကောင်း စားသောက်ရန် နောက်ဖေးပေါက်မှ တစ်ယောက်တည်း ပျော်ရွှင်စွာ ထွက်ခွာသွားလေသည်။

စုန့်ခေတ်လူများသည် အမြဲတစေ အနုပညာဆန်ကြသည်။ ကုန်သွယ်ရေးနှင့် စာပေ ထွန်းကားသည့် ဤခေတ်တွင် လူငယ်စာသင်သားများသည် တောင်ရေတောတောင်များကြားတွင် အချိန်ကုန်ဆုံးရသည်ကို နှစ်သက်ကြသည်။ ရှဲ့ချီနှင့် အတန်းဖော်များသည်လည်း ထိုနည်းလည်းကောင်းပင်။ သူတို့သည် ဝါးတောများကြား လျှောက်လည်ရင်း တောင်တန်းအလှ၊ ပန်းအလှ၊ ရေအလှများကို ခံစားကာ ဝါးပင်များကို ခေါက်လျက် သီချင်းဆို ကဗျာရွတ်ကြပေမည်။

သို့သော် ကျောင်းတံခါးဝသို့ ရောက်သည့်အခါ စာတိုက်လမ်းမပေါ်တွင် လူအသွားအလာ ရှုပ်ထွေးနေသည်ကို မြင်လိုက်ရမှ ရှဲ့ချီ သတိရသွားသည်။ ဟုတ်သားပဲ... ဒီနေ့က ကျောင်းတော်က ကလေးစာသင်သားသစ်တွေကို လက်ခံသည့်နေ့ပဲ။ သူသည် အလိုအလျောက် ရှန်မိသားစုမှ ကလေးကို သတိရမိလိုက်သည်။

ထို့နောက်...

သူသည် အဝေးသို့ လှမ်းမျှော်ကြည့်လိုက်မိ၏။

သစ်ကိုင်းထက်တွင် ပန်းများ ဝေဆာနေပြီး နေ့လယ်ခင်း နေရောင်အောက်တွင် ပန်းရိပ်များ ယိမ်းနွဲ့လို့နေသည်။

သစ်ပင်အောက်တွင်လည်း မိန်းမလှလေး တစ်ယောက် ရှိနေလေတော့၏။

...

အပိုင်း (၅၀)

ရှန်မြောင် ကိုယ်တိုင်ချက်ပြုတ်ထားသည့် ‘ခေါက်ဆွဲကြော်ပြုတ်’ ကို စားချင်နေသူမှာ ဟိုင်ကောအာ တစ်ယောက်တည်း‌တော့ မဟုတ်ချေ။

ဒီနေ့ ကလေးစာမေးပွဲကို ကြီးကြပ်ရသည့် ဆရာကြီး၏ အမည်မှာ ယောင် ဖြစ်လေသည်။ သူသည် အသက် ၆၀ ကျော်နေပြီဖြစ်ပြီး လေးထောင့်ကျကျ မျက်နှာပိုင်ရှင်ဖြစ်ကာ မျက်နှာပေါ်တွင် အရေးအကြောင်းများ ပြည့်နှက်နေလေသည်။ သူ၏ မွေးရာပါ အပေါ်သို့ကော့တက်နေသည့် မျက်လုံးများသည် သူ့ကို ပေါင်းသင်းဆက်ဆံရန် ခက်ခဲသူတစ်ယောက်ဟု ထင်ရစေသည်။ သူသည် မူလက တော်ဝင်ကျောင်းတော်၏ အကြီးအကဲ ဖြစ်သော်လည်း အဆင့်မြင့်အရာရှိတစ်ဦးကို လမ်းမပေါ်တွင် ရိုက်နှက်ခဲ့မှုကြောင့် တရားစွဲဆိုခြင်း ခံခဲ့ရလေသည်။ သို့သော် အကြောင်းရင်းခိုင်လုံမှု ရှိသည်ဟု ယူဆရသည့်အတွက် အပြစ်ဒဏ်ကို လျှော့ပေါ့စဉ်းစားပေးခဲ့သည်။ အရိုက်ခံရသည့် အရာရှိသည် ဆရာကြီးယောင်၏ မြေးမလေးနှင့် လွန်ခဲ့သောနှစ်ကမှ စေ့စပ်ထားသူဖြစ်ပြီး ထိုစေ့စပ်ထားသူမှာ ‘လျန်ကျီလမ်းကြား (ဆောင်ကြာမြိုင်ရပ်ကွက်လမ်း)’ ထဲတွင် ရှိနေသည်ကို လူအများ တွေ့ရှိခဲ့ကြသောကြောင့် ဖြစ်လေသည်။

စုန့်ခေတ်လူများသည် ဆောင်ကြာမြိုင်များသို့ သွားရောက်လေ့ရှိကြပြီး ထိုကိစ္စကို မည်သူကမျှ အပြစ်မတင်ကြပေ။ သို့သော် သီဆို ကပြကာ လှပသော အမျိုးသမီးများဖြင့် စည်ကားသိုက်မြိုက်နေသည့် ‘ကျူးလျန်လမ်းကြား’ နှင့်မတူဘဲ ‘လျန်ကျီလမ်းကြား’ မှာ အနည်းငယ် ထူးခြားမှုရှိလေသည်။ ထိုနေရာတွင် ဧည့်သည်ခံသူများမှာ အမျိုးသမီးများ မဟုတ်ဘဲ အမျိုးသားများသာ ဖြစ်ကြလေသည်။

ဆရာကြီးယောင်သည် ထိုကိစ္စကို သိလိုက်ရပြီးနောက် လမ်းမလယ်ခေါင်တွင် စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်ပြီး ထိုသူကို ဖမ်းချုပ်ကာ အကြီးအကျယ် ရိုက်နှက်ဆုံးမခဲ့သည်။

ထိုသူ၏ ရှေ့သွားနှစ်ချောင်းပင် ကျိုးသွားခဲ့ရသည်။

ရုံးတော်မှ နှစ်ဖက်မိသားစုကို ပြေလည်စေချင်သော်လည်း ဆရာကြီးယောင်မှာ စိတ်သဘောထား ပြတ်သားသူဖြစ်ရာ ထိုသူများနှင့် ဆက်နွှယ်ပတ်သက်ရန် လုံးဝ ငြင်းဆန်ခဲ့လေသည်။ အရိုက်ခံရသည့် ဘက်ကလည်း ကျေအေးပေးရန် မလိုလားပေ။ ထို့ကြောင့် နှစ်ဖက်မိသားစု၏ အရှုပ်တော်ပုံမှာ လူတိုင်းသိသွားကြတော့သည်။ သခင်မလေးယောင်မှာ တစ်နေ့တစ်နေ့ မျက်ရည်ဖြင့် မျက်နှာသစ်နေရပြီး အိမ်ပြင်သို့ပင် မထွက်ရဲရှာတော့ပေ။ အရိုက်ခံရသည့် ဘက်ကလည်း အပြစ်များကို ပုံချကာ ပြန်လည်တိုက်ခိုက်ကြလေသည်။ အရာရှိကို လမ်းမလယ်ခေါင်တွင် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းမှာ ငြင်းမရသည့် အမှန်တရားဖြစ်နေသဖြင့် အရေးယူခြင်း မပြု၍ မရပေ။ နောက်ဆုံးတွင် ဆွေမျိုးအင်အားနည်းပါးပြီး အဆက်အသွယ်လမ်းကြောင်းမရှိသည့် ဆရာကြီးယောင်မှာ ရာထူးမှ ထုတ်ပယ်ခံလိုက်ရပြီး ဂုဏ်သိက္ခာလည်း ကျဆင်းသွားကာ ယခုအခါ အဆင့်(၉) စာချဆရာကြီးအဖြစ်သို့ ရောက်ရှိသွားခဲ့ရလေသည်။

ဆရာကြီးယောင်၏ သားသမီးများမှာ စောစီးစွာ ကွယ်လွန်သွားကြသဖြင့် သူ၏လက်ထဲတွင် မြေးမလေးတစ်ယောက်သာ ကျန်ရှိတော့သည်။ ထို့ကြောင့် ရာထူးလျှော့ချခံရလျှင်လည်း ခံလိုက်တော့မည်ဟု သဘောပိုက်ကာ တော်ဝင်ကျောင်းတော်တွင် စာဆက်သင်ပြီး နည်းပါးလှသည့် လစာဖြင့် ဝမ်းစာရှာနေရလေသည်။ ဆရာကြီးယောင်တို့ မိသားစုမှာ ပြန့်ကျင်းဇာတိ မဟုတ်ပေ။ သူ ပါမောက္ခချုပ် ဖြစ်စဉ်က တော်ဝင်ကျောင်းတော်နှင့် ကပ်လျက်တွင် ဝယ်ယူထားသည့် အခန်းသုံးခန်းပါ အိမ်မှာလည်း တာ့ရှန့်ကော်ဘုရားကျောင်းသို့ ပေးသွင်းရမည့် ကြွေးမြီများ ကျန်ရှိနေသေးသည်။ ထို့ကြောင့် ရုတ်တရက် ဆင်းရဲသွားသော ယောင်မိသားစုမှာ အသားဟင်း၏ အရသာကို မမြည်းစမ်းရသည်မှာ ရက်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်လေသည်။

စာမေးပွဲတွင် မသမာမှုများကို ကာကွယ်ရန်အတွက် ဖိယုံးစာသင်ကျောင်းတွင် တာဝန်ထမ်းဆောင်နေသော ဆရာကြီးများ အားလုံးကို ခွင့်ရက်ပေးထားလေသည်။ ထို့ကြောင့် ဒီနေ့တွင် တော်ဝင်ကျောင်းတော်မှ သူ့ကို ဖိယုံးစာသင်ကျောင်းသို့ စာမေးပွဲကြီးကြပ်ရန် ဆင့်ခေါ်ထားခြင်း ဖြစ်သည်။ သို့သော် ကလေးစာမေးပွဲကို ကြီးကြပ်ရာတွင် ဘာမှ လုပ်စရာမလိုပေ။ ကင်းလှည့်ခြင်းကို ရဲမက်များက တာဝန်ယူထားပြီး ဆရာကြီးယောင် အနေဖြင့် ‘ပင်း’စာမေးပွဲခန်းမမှ အရေးပေါ် ကိစ္စရပ်များကိုသာ ဖြေရှင်းပေးရန် လိုအပ်လေသည်။ ဥပမာအားဖြင့် တစ်စုံတစ်ယောက် လမ်းမှားပြီး စာမေးပွဲခန်းမ မှားဝင်လာလျှင် စာမေးပွဲမစမီ နေရာမှန်သို့ ပို့ဆောင်ပေးခြင်း၊ တစ်စုံတစ်ယောက် မူးမေ့လဲကျသွားလျှင် နာမည်စာရင်းမှ ပယ်ဖျက်ပြီး မိသားစုထံ ပြန်လည်ပို့ဆောင်ပေးခြင်း၊ သို့မဟုတ် တစ်စုံတစ်ယောက် မသမာမှု ပြုလုပ်လျှင် စာရင်းမှ ပယ်ဖျက်ကာ မောင်းထုတ်ပြီး နောက်နောင် စာမေးပွဲဖြေဆိုခွင့် ပိတ်ပင်ခြင်း စသည်တို့ ဖြစ်လေသည်။

သို့သော် ဒီနေ့မနက်ခင်း တစ်ခုလုံးတွင် ဘာကိစ္စမှ ဖြစ်ပျက်ခြင်း မရှိပေ။ ဆရာကြီးယောင်သည် ကုလားထိုင်ပေါ်တွင် မှီထိုင်ရင်း စာဖတ်လိုက်၊ ကျောင်းသားများ၏ အိမ်စာများကို စစ်ဆေးလိုက်ဖြင့် နောက်ဆုံးတွင် အိပ်ငိုက်လာတော့သည်။ သူ အိပ်ပျော်လုဆဲဆဲ အချိန်တွင် ပြင်းထန်သော အမွှေးနံ့တစ်ခုက သူ့နှာခေါင်းထဲသို့ တိုးဝင်လာပြီး သူ့ကို လန့်နိုးသွားစေတော့သည်။ အိပ်ငိုက်နေသည်များပင် ချက်ချင်း ပျောက်ပြယ်သွားလေသည်။

သူသည် ကုလားထိုင်ပေါ်တွင် ခါးကိုမတ်လိုက်ပြီး အဝတ်အစားများကို သပ်ရပ်အောင် ပြုပြင်ကာ ဖြူဖွေးနေသော မုတ်ဆိတ်မွှေးများကို သပ်လိုက်သည်။ ထို့နောက် ဘာမှမဖြစ်သကဲ့သို့ မတ်တပ်ရပ်လိုက်ပြီး ဘေးနားတွင် စောင့်ကြပ်နေသော ရဲမက်တစ်ဦးကို မေးလိုက်လေသည်။

“ဘာအနံ့က ဒီလောက်တောင် မွှေးနေတာလဲ”

ထိုရဲမက်မှာ ကျိအာကို ရေနွေးပို့ပေးခဲ့သူ ဖြစ်လေသည်။ သူသည် ရေနွေးဖြင့် ပွလာသော အရသာရှိပြီး အရည်ရွှမ်းသည့် ထန်းပင် ခေါက်ဆွဲတစ်ပန်းကန်လုံးကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသူ ဖြစ်သည်။ ထိုပန်းကန်ထဲတွင် ကြက်ဥ၊ အသားနှင့် ဟင်းသီးဟင်းရွက်များ အပြည့်ပါဝင်လေသည်။ သူသည် ပြန်လည်တွေးတောရင်း တံတွေးများကို ‘ဂလု’ ခနဲ မျိုချလိုက်ပြီး လက်နှစ်ဖက်ကို ယှက်ကာ ပြန်ဖြေလိုက်လေသည်။

“ဆရာကြီးယောင် တင်ပြပါတယ်။ ဒီအမွှေးနံ့က ပင်းအမှတ်စဉ် ၈၁ မှာထိုင်တဲ့ ကျိအာ လို့ခေါ်တဲ့ ကလေးဆီကပါ။ ဒါက သူ့အိမ်က သူ့အတွက် ပြင်ဆင်ပေးလိုက်တဲ့ အစားအသောက် ဖြစ်ပါတယ်”

“ယူလာတဲ့ အစားအသောက်ဟုတ်လား” ဆရာကြီးယောင်က အနံ့ခံလိုက်ပြီး ပြောလိုက်သည်။ “ဒါက ထန်းပင် ခေါက်ဆွဲအနံ့ မဟုတ်ဘူးလား”

“ထန်းပင် ခေါက်ဆွဲအစစ်ပါ”

ရဲမက်သည်လည်း ထိုအရာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ လက်ဟန်ခြေဟန်ဖြင့် စိတ်အားထက်သန်စွာ ရှင်းပြလေသည်။ “ဒီလိုမျိုးပါ ခင်ဗျာ... ရေနွေးအိုးတစ်လုံး လောင်းထည့်လိုက်တာနဲ့ အခြောက်ခံထားတဲ့ ခေါက်ဆွဲခြောက်က ထန်းပင် ခေါက်ဆွဲဖြစ်သွားတာပါ။ ပွလာတဲ့အချိန်မှာ အမျှင်တွေက တစ်ချောင်းချင်းစီ ကွဲထွက်သွားပြီး အိစက်ညက်ညောနေတာပါပဲ။ ကျိအာ လို့ခေါ်တဲ့ ကလေးက ‘ရှလွတ် ရှလွတ်’ နဲ့ စားနေတာ ကြည့်လို့ကောင်းလိုက်တာဗျာ။ ကြည့်ရတာ အိစက်ပြီး ဝါးလို့ကောင်းမယ့်ပုံပဲ။ ပွလာပြီးတော့ လုံးဝ ပျော့ဖတ်မသွားဘူး”

ဆရာကြီးယောင်သည် စိတ်ဝင်စားသွားပြီး စာမေးပွဲခန်းမကို လှည့်လည်စစ်ဆေးသကဲ့သို့ ဟန်ဆောင်ကာ ပင်းအမှတ်စဉ် ၈၁ ဆီသို့ လျှောက်သွားပြီး ကြည့်လိုက်လေသည်။ ကျိအာဟုခေါ်သော ကလေးမှာ စား၍ပင် ကုန်ခါနီးနေလေပြီ။ သူသည် နောက်ဆုံးကျန်နေသည့် တွန့်လိမ်နေသော ခေါက်ဆွဲဖတ်များကို တူဖြင့် ညှပ်ယူလိုက်ပြီး လေပွေမုန်တိုင်းကဲ့သို့ ပါးစပ်ထဲသို့ စုပ်ယူလိုက်သည်ကို တွေ့လိုက်ရလေသည်။ ဆီရောင်တောက်နေသော အညိုရောင် ဟင်းရည်များက ပါးစပ်ဘေးသို့ စင်သွားရာ သူက လက်ကိုင်ပုဝါဖြင့် သုတ်လိုက်သည်။ ပန်းကန်ထဲတွင် ခေါက်ဆွဲအကျိုးအပဲ့များနှင့် ဟင်းရည်အနည်းငယ် ကျန်နေသည်ကို မြင်သောအခါ သူက ပန်းကန်ကို မော့လိုက်ပြီး အဖတ်ရော အရည်ပါ ပြောင်စင်အောင် စားသောက်လိုက်တော့သည်။

နောက်ဆုံးတွင် သူသည် လေတစ်ချက် တက်လိုက်လေသည်။

"ဗိုက်ပြည့်သွားပြီ၊ အရသာရှိလိုက်တာ..." ကျိအာသည် လက်ကိုင်ပုဝါဖြင့် ပါးစပ်နှင့် နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီး မြေအိုးပန်းကန်ကို သိမ်းဆည်းလိုက်သည်။ သူ့စိတ်ထဲတွင် အလွန် ကျေနပ်နေလေသည်။ မကြီး ချက်ကျွေးသော အစားအစာများစွာကို စားဖူးပြီး အရာအားလုံးက အရသာရှိသော်လည်း သူသည် ဤအသင့်စား ထန်းပင်ခေါက်ဆွဲကို အနှစ်သက်ဆုံး ဖြစ်လေသည်။

သူသည် အရသာကို ပြန်လည်ခံစားနေစဉ် သူ့မျက်လုံးရှေ့သို့ အရိပ်တစ်ခု ကျရောက်လာလေ၏။

မော့ကြည့်လိုက်သောအခါ အပြာရောင် ရင်ဖုံးအင်္ကျီလက်ရှည် ဝတ်ဆင်ထားပြီး ခေါင်းတွင် ဦးထုပ်ဆောင်းကာ ခြေထောက်တွင် အနက်ရောင် သားရေဖိနပ် စီးထားသည့် မုတ်ဆိတ်ဖြူနှင့် အဘိုးကြီးတစ်ဦးက လက်ကိုနောက်ပစ်လျက် သူ့ကို စူးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

ကျိအာသည် ကပျာကယာ ထရပ်လိုက်ပြီး ခါးကိုကိုင်းကာ အရိုအသေ ပြုလိုက်လေသည်။

“ကျောင်းသားက ဆရာကို ဂါရဝပြုပါတယ်”

သူသည် စည်းကမ်းတစ်ခုခုကို ချိုးဖောက်မိသဖြင့် ကြီးကြပ်ရေးမှူး အဘိုးကြီး ရောက်လာသည်ဟု ထင်မှတ်လိုက်လေသည်။ ထို့ကြောင့် မနက်ကတည်းက ယခုအချိန်ထိ သူပြုမူခဲ့သမျှကို ပြန်လည်စဉ်းစားကြည့်သော်လည်း ခေါင်းမှ ချွေးများသာ ပြန်ထွက်လာပြီး မည်သည့်အမှား လုပ်မိသည်ကို စဉ်းစား၍မရပေ။

ထိုစဉ် သူ့ခေါင်းပေါ်မှ အိုစာပြီး တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာလေသည်။ “ကျောင်းသားလေး... မင်းရဲ့ ဒီရေနွေးပူပူလောင်းထည့်ပြီး စားလို့ရတဲ့ ထန်းပင် ခေါက်ဆွဲကို ဘယ်က ဝယ်လာတာလဲ”

ကျိအာမှာ ကြောင်အသွားပြီး မော့ကြည့်လိုက်သည်။ အချိန်အတော်ကြာမှ ပြန်ဖြေလိုက်လေသည်။

“... ဝယ်စရာနေရာ မရှိပါဘူး။ ကျွန်တော့် မကြီး လုပ်ပေးလိုက်တာပါ”

အဘိုးကြီးသည် ထိုစကားကို ကြားသောအခါ ဖြူဖွေးနေသော မျက်ခုံးများကို တွန့်ချိုးလိုက်ပြီး မျက်နှာပေါ်တွင် နှမြောတသဖြစ်သွားသည့် အရိပ်အယောင်များ ပေါ်လာလေသည်။

သုံးနှစ်ကြာ သူများအိမ်တွင် ကပ်နေခဲ့ရခြင်းက ကျိအာကို လူကဲခတ်ကောင်းသူ တစ်ယောက် ဖြစ်လာစေခဲ့သည်။ သူက ချက်ချင်း ဖြည့်စွက်ပြောလိုက်လေသည်။

“ဆရာ့ကို ပြောပြပါရစေ။ ကျွန်တော်တို့အိမ်က ထန်းပင် ခေါက်ဆွဲဆိုင် ဖွင့်ထားပါတယ်။ ကျင်းလျန်တံတားဘေးက ယန်လျိုအရှေ့လမ်းကြားမှာပါ။ နာမည်က ရှန်မိသားစု ထန်းပင်ဆိုင် လို့ ခေါ်ပါတယ်။ ကျွန်တော့် မကြီးရဲ့ ထန်းပင် ခေါက်ဆွဲလုပ်တဲ့ လက်ရာက မိဘမျိုးရိုးဆီက ရထားတာပါ။ ထန်းပင် ခေါက်ဆွဲတင် မကပါဘူး၊ ခေါက်မုန့်၊ ပေါင်းမုန့်နဲ့ တခြားမုန့်မျိုးစုံကိုလည်း လုပ်တတ်ပါတယ်။ ပြန့်ကျင်းတစ်မြို့လုံးမှာ တစ်ဆိုင်တည်း ရှိတာပါ”

ဆရာကြီးယောင်သည် စိတ်ထဲတွင် သေချာမှတ်သားထားလိုက်သော်လည်း မျက်နှာထားကို တင်းလိုက်ပြီး ဟိန်းဟောက်လိုက်လေသည်။ “စာမေးပွဲဖြေနေတာကို စိတ်ကိုနှစ်ထားရမယ်။ ဘယ်လိုလုပ် အိမ်က စီးပွားရေးကို တွေးနေရတာလဲ။ လူကြီးလူကောင်းတွေက အပိုစကား မပြောဘူး၊ ပညာတတ်တွေက အကျိုးအမြတ်အကြောင်း မပြောဘူး။ မြန်မြန် ထိုင်လိုက်။ သေချာ အာရုံစိုက်ပြီး စာဖြေစမ်း”

“ဟုတ်ကဲ့ပါ” ကျိအာလည်း ကပျာကယာ ပြန်ထိုင်လိုက်လေသည်။

ဆရာကြီးယောင်သည် လက်ကိုနောက်ပစ်ကာ ဆက်လက်ကြည့်ရှုရန် ပြင်လိုက်စဉ် ‘တောက်’ ခနဲ အသံကို ကြားလိုက်ရလေသည်။ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော အနည်းငယ် ဝဖိုင့်ဖိုင့် ကလေးတစ်ယောက်သည် ကျိအာ ဘေးဖယ်ထားသည့် ပြောင်စင်နေသော ပန်းကန်လုံးကို မျက်လုံးအပြူးသား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။ အနံ့ကို ရှူရှိုက်ရုံဖြင့် မိန်းမောနေသကဲ့သို့ ဖြစ်နေပြီး ပါးစပ်ထောင့်မှ သွားရည်များ စီးကျလာကာ စားပွဲခုံပေါ်သို့ တည့်တည့်ကျသွားခြင်း ဖြစ်နေတော့သည်။

ထိုပုံစံမှာ ကြည့်ရဆိုးလွန်းသဖြင့် ဆရာကြီးယောင်မှာ ဘာပြောရမှန်းမသိ ဖြစ်သွားပြီး စိတ်ပျက်လက်ပျက်ဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်လေသည်။ သူသည် ဘေးနားမှ ရဲမက်ကို စိတ်မကောင်းစွာဖြင့် ပြောလိုက်လေသည်။

“ငါတို့ တာ့စုန့် ပြန့်ကျင်းက ကလေးတွေက ထန်းပင် ခေါက်ဆွဲတစ်ပန်းကန်နဲ့တင် စိတ်ဓာတ်တွေ ယိမ်းယိုင်နေကြပြီ။ စိတ်ဓာတ်ကြံ့ခိုင်မှု လုံးဝ မရှိကြဘူး။ ဒီတိုင်းသာ ဆက်သွားရင် ဒီတိုင်းပြည်၊ ဒီနိုင်ငံအတွက် ဘာမျှော်လင့်ချက် ရှိတော့မှာလဲ”

ထန်းပင် ခေါက်ဆွဲအနံ့များမှာ ပျောက်ကွယ်မသွားသေးဘဲ လေထဲတွင် သင်းပျံ့နေဆဲဖြစ်ရာ လူများ၏ နှာခေါင်းထဲသို့ တိုးဝင်နေလေသည်။ ရဲမက်သည် စိတ်ပါလက်ပါ မရှိဘဲ ထောက်ခံလိုက်လေသည်။ “ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ဆရာကြီးယောင် ပြောတာ မှန်ပါတယ်”

သို့သော် သူ့စိတ်ထဲတွင်မူ တွေးတောနေလေသည်။

ရှန်မိသားစု မုန့်ဆိုင်... ကျင်းလျန်တံတား ယန်လျိုအရှေ့လမ်းကြား... အင်း... နောက်ရက် တာဝန်ပြီးရင် ငါလည်း သွားမြည်းစမ်းကြည့်ဦးမှပဲ။

.......

အချိန်ကာလ ရွေ့လျားလာသည်နှင့်အမျှ ထမင်းစားချိန် ကျော်လွန်သွားပြီး နေ့ခင်းဘက် နေရောင်ခြည်သည်လည်း တဖြည်းဖြည်း အနောက်ဘက်သို့ ယွန်းလာလေသည်။ စျေးဝယ်ထွက်သူများ ပိုမိုနည်းပါးလာပြီး စာမေးပွဲခန်းမအပြင်ဘက်တွင် စျေးရောင်းနေသော စျေးသည်များသည်လည်း တစ်ဝက်ကျော်ခန့် လျော့နည်းသွားလေသည်။ သို့သော် ကျိအာ ထွက်မလာသေးသဖြင့် ရှန်မြောင်နှင့် ရှန်းအာတို့ ဆက်လက်စောင့်ဆိုင်းနေရလေသည်။ သူမ မတ်တပ်ရပ်ပြီး ရေတွက်ကြည့်ရာ ရောင်းမထွက်သေးသော ပေါင်မုန့်၁၀ လုံးခန့် ကျန်နေသေးသည်။ ညနေပိုင်းတွင် ရောင်းထွက်မည် မထွက်မည်ကို သူမ မသိပေ။

ရောင်းမထွက်လည်း ကိစ္စမရှိပါဘူးလေ။

ဤမုန့်များသည် ရက်အနည်းငယ်ကြာအောင် အထားခံလေသည်။ အိမ်ပြန်ရောက်လျှင် မနက်စာအဖြစ် စားနိုင်သည်။ အလုံးလိုက်စားလျှင်သော်လည်းကောင်း၊ လှီးဖြတ်ပြီး ပြန်ကင်ကာ ကြက်ဥ၊ ကြက်သားနှင့် ဟင်းရွက်များ ညှပ်၍ အသားညှပ်ပေါင်မုန့် ပြုလုပ်စားလျှင်သော်လည်းကောင်း ကောင်းမွန်လေသည်။

အဒေါ်ကု မိသားစုကိုလည်း ပေးလိုက်အုံးမယ်။ လမ်းကြားထဲတွင် လူအများက သူမအကြောင်း အတင်းပြောကြသော်လည်း အဒေါ်ကုက အမြဲတမ်း သူမဘက်မှ ရပ်တည်ပြောဆိုပေးလေ့ရှိသည်။ အဒေါ်ကုသည် သူမရှေ့တွင် ထိုအကြောင်းကို တစ်ခါမျှ ထုတ်မပြောဖူးသော်လည်း သူမကတော့ မတော်တဆ ကြားဖူးသဖြင့် စိတ်ထဲတွင် အမြဲ မှတ်သားထားလေသည်။

ခေါင်းလှည့်ကြည့်လိုက်သောအခါ ရှန်းအာသည် နေရောင်ဒဏ်ကြောင့် အိပ်ငိုက်နေလေသည်။ အိမ်တွင်ဆိုလျှင် ဤအချိန်၌ စောင်ကိုဖက်ကာ ဟောက်သံလေးများ ထွက်သည်အထိ အိပ်ပျော်နေတတ်သည်။ ကလေးများက လူကြီးများထက် အိပ်ချိန်ပိုများပြီး အိပ်လေ ကြီးထွားလေ ဖြစ်သည်။ ရှန်မြောင်သည် ခြင်းတောင်းအကြီးကို လှန်လိုက်ပြီး သန့်ရှင်းအောင်သုတ်ကာ ရှန်းအာကို ထဲသို့ ထည့်လိုက်လေသည်။ သို့မှသာ သူမ အထဲတွင် ထိုင်လိုက်လျှင် ကျောမှီစရာရှိပြီး ခဏလေးနှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

ရှန်မြောင်လည်း သစ်ပင်အောက်မှ အရိပ်ရသော နေရာသို့ ရွှေ့လိုက်ပြီး ပေါင်မုန့်များ ထည့်ထားသော ခြင်းတောင်းအသေးကို ပေါင်ပေါ်တွင် တင်လိုက်ပြီး ပိုက်ဆံအိုးကို ခါးနောက်တွင် ဝှက်ထားလိုက်သည်။ သူမသည် နေရောင်ကြောင့် တစ်ကိုယ်လုံး ပျင်းရိလေးလံနေသဖြင့် မျက်လုံးမှိတ်ကာ တစ်ရေးအိပ်လိုက်တော့သည်။ ခဏအကြာတွင် ဖိယုံးစာသင်ကျောင်း တံခါးဝမှ ပညာရှိခေါင်းပေါင်းဦးထုပ်နှင့် ရင်ဘတ်တွင် ဇာမဏီငှက်ပုံ ထိုးထားသော အဖြူရောင် ဝတ်ရုံရှည်များ ဝတ်ဆင်ထားသည့် ကျောင်းသားအချို့ ထွက်လာကြလေသည်။

လက်ရှည်အင်္ကျီများက လေထဲတွင် လွင့်ပျံနေပြီး သူတို့သည် သုံးယောက်တစ်တွဲ နှစ်ယောက်တစ်တွဲဖြင့် ရယ်မောပြောဆိုကာ လျှောက်လာကြလေသည်။

လူအများက သူတို့ကို ကြည့်နေကြပြီး မျက်လုံးထဲတွင် အားကျမှုများ ပြည့်နှက်နေလေသည်။ ရင်ဘတ်တွင် ဇာမဏီငှက်ပုံ ပါရှိခြင်းက ဤသူများသည် ဖိယုံးစာသင်ကျောင်း၏ ထိပ်တန်း ကျောင်းသားများ ဖြစ်ကြောင်း သိသာစေသည်။ ယခင်နှစ်က အောင်စာရင်းထွက်ခဲ့သော ကျာအဆင့် ကျောင်းသားများ၏ ၃၀ ရာခိုင်နှုန်းမှာ အတွင်းမြို့တော်ရှိ တော်ဝင်ကျောင်းတော်မှ ကျောင်းသားများဖြစ်ပြီး နောက်ထပ် ၂၀ ရာခိုင်နှုန်းမှာ ဖိယုံးစာသင်ကျောင်းမှ ဖြစ်ကြလေသည်။ ဤကျောင်းသားများသည် ယခုအခါ ရာထူးမရှိကြသေးသော်လည်း နှစ်အနည်းငယ်ကြာ၍ စာမေးပွဲအောင်သွားပါက အဆင့်၇ အရာရှိများ ဖြစ်လာကြပေလိမ့်မည်။

အထူးသဖြင့် ဤလူငယ်များသည် ရုပ်ရည်သန့်ပြန့်သူများ ဖြစ်ကြရာ ယခုကဲ့သို့ လမ်းလျှောက်လာသည်ကို မြင်လျှင် လူတိုင်း ငေးကြည့်ကြသည်မှာ မဆန်းပေ။

စျေးသည်အများစုမှာ မျက်စိလျင်ကြရာ ချက်ချင်းပင် တောင်းများကို ထမ်းပြီး အနားသို့ တိုးသွားကြသော်လည်း ကျောင်းသားများ၏ နောက်မှပါလာသော စာသင်သားအကူများ၏ ဟိန်းဟောက်မှုကြောင့် လူစုကွဲသွားကြလေသည်။ ထိုလူငယ်များသည် မြို့ပြင်ရှိ ယောင်ရှန်းဘုရားကျောင်းသို့ တောင်တက်ခရီးထွက်ရန် တိုင်ပင်နေကြသည်။ သို့သော် ထိုလူငယ်များထဲတွင် အရပ်အရှည်ဆုံးနှင့် ရုပ်ရည်အချောဆုံး လူငယ်တစ်ဦးက တစ်စုံတစ်ခုကို သတိထားမိသွားဟန်ဖြင့် လမ်းဘေးရှိ ဟိုင်ထန်ပန်းပင်အောက်သို့ လှမ်းကြည့်လိုက်လေသည်။

“ရှဲ့ကျိုကော... မင်း ဘာကြည့်နေတာလဲ”

ရှန်အန်းက စပ်စုချင်စိတ်ဖြင့် သူကြည့်နေသည့် နေရာသို့ လှမ်းကြည့်လိုက်လေသည်။ ဟိုင်ထန်ပန်းပင်ကို လေတိုက်ခတ်လိုက်သဖြင့် အပွင့်များ ကြွေကျနေလေသည်။ သစ်ပင်အောက်တွင် မိန်းမပျိုလေးတစ်ဦး ထိုင်နေပြီး ပေါင်ပေါ်တွင် ကြိမ်ခြင်းတောင်းလေးကို ပိုက်ကာ သစ်ပင်ကို မှီ၍ အိပ်ပျော်နေလေသည်။ ပန်းရောင် ပန်းပွင့်ဖတ်လေးများသည် သူမ၏ ခေါင်းနှင့် ပခုံးပေါ်သို့ ကြွေကျနေကြရာ နှင်းမုန်တိုင်း မိထားသကဲ့သို့ ဖြစ်နေလေသည်။

“လှလိုက်တဲ့ အမျိုးသမီးလေးပဲ” နောက်တစ်ယောက်ဖြစ်သည့် မုန့်စန်းကလည်း ချီးကျူးလိုက်လေသည်။

ရှဲ့ချီက ခြေလှမ်းကျဲဖြင့် လျှောက်သွားလိုက်၏။ အနားရောက်မှ သစ်ပင်အောက်တွင် ခြင်းတောင်းအကြီးကြီး တစ်လုံးရှိနေပြီး ရှန်းအာကို အထဲတွင် ထည့်ထားသည်ကို တွေ့လိုက်ရလေသည်။ သူမသည်လည်း ယိုင်နဲ့နဲ့ဖြင့် အိပ်ပျော်နေပြီး ပါးပြင်လေးများမှာ နေရောင်ကြောင့် ပန်းရောင်သမ်းနေလေသည်။ ရင်ခွင်ထဲတွင်လည်း ကိုက်ရာလေးများ ပါရှိသည့် ခေါက်မုန့်တစ်ဝက်ကို ဖက်ထားလေသည်။

သူ့နှုတ်ခမ်းမှာ မနေနိုင်တော့ဘဲ အပြုံးအသွင် ကွေးတက်သွားတော့သည်။

သူငယ်ချင်းများလည်း နောက်မှလိုက်လာပြီး ဘေးပတ်ဝန်းကျင်မှ ပစ္စည်းများကို ကြည့်ကာ ထူးဆန်းသလို မေးလိုက်ကြသည်။

“ဒီမုန့်ရောင်းတဲ့ အမျိုးသမီးကို မင်း သိလို့လား”

“အင်း... ရှန်မိသားစု မုန့်ဆိုင်ပိုင်ရှင်က ငါ့ရဲ့ မိတ်ဆွေပဲ”

နဉ်ယီသာ ဒီနေရာမှာ ရှိနေလျှင် သူလည်း စိတ်လှုပ်ရှားစွာဖြင့် “ငါလည်း သိတယ်၊ ငါလည်း သိတယ်” ဟု ဝင်ပြောပေလိမ့်မည်။ နဉ်ယီ ကဲ့သို့ အစားသောက်ခုံမင်သူတိုင်း၏ စိတ်ထဲတွင် အရသာရှိသော အစားအစာများကို ဖန်တီးနိုင်သည့် စားဖိုမှူးများသည် သူတို့၏ ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြလေသည်။

ရှန်မြောင်သည် အိပ်ပျော်နေသော်လည်း အိပ်မောကျခြင်း မရှိပေ။ မျက်လုံးရှေ့တွင် လူအများ ရပ်နေသဖြင့် စူးရှသော နေရောင်ခြည်များ ကွယ်ပျောက်သွားပြီး အရိပ်ရလာသလို ခံစားလိုက်ရသည်။ သူမသည် ဝိုးတဝါးဖြင့် နိုးလာရာ နိုးနိုးချင်း ရှဲ့ချီ၏ စကားသံကို ကြားလိုက်ရလေသည်။

“မင်းတို့ ရှဲ့မိသားစုက ဂုဏ်သရေရှိ အသိုင်းအဝိုင်းကလေ။ အခြေခံမရှိတဲ့ သူတွေဆို မင်းတို့နဲ့ ပတ်သက်လို့ မရဘူး။ ဘယ်တုန်းကများ လမ်းဘေးမုန့်သည် မိတ်ဆွေ ရှိသွားတာလဲ။ သူများမုန့်ကို စားပြီး ပိုက်ဆံရှင်းဖို့ မေ့သွားတာများလား” သူငယ်ချင်းများက ပခုံးဖက်ကာ ရယ်မောပြောဆိုလိုက်ကြသည်။

“တဲအိမ်လေးက စုတ်ပြတ်နေပေမယ့် ငါ့ရဲ့ ကိုယ်ကျင့်တရား ကောင်းမွန်ရင် နေပျော်ပါတယ်။ တဲအိမ်လေးက ဒီလိုဆိုမှတော့ မိတ်ဆွေဖွဲ့တာလည်း ဒီလိုပါပဲ” ရှဲ့ချီက တည်ငြိမ်စွာဖြင့် ပြန်လည်ချေပလိုက်ရာ တစ်ခွန်းတည်းဖြင့် သူငယ်ချင်းများ၏ ပါးစပ်ပေါက် ပိတ်သွားလေသည်။ “ဒါပေမဲ့ ရှန်မိသားစု မုန့်ဆိုင်ပိုင်ရှင်ရဲ့ မုန့်တွေက တကယ်ပဲ အရသာရှိတယ်။ ငါ တကယ် စားဖူးတယ်”

ရှန်မြောင်သည် မျက်လုံးကို ပွတ်သပ်ရင်း ခါးမတ်လိုက်ရာ ကိုယ်ပေါ်မှ ပန်းပွင့်များ ကြွေကျသွားလေသည်။

သူမ မျက်လုံးဖွင့်လိုက်သောအခါ ရှဲ့ချီသည် ကျောင်းဝတ်စုံကို ဝတ်ဆင်ထားပြီး သန့်ပြန့်စွာ ရပ်နေသည်ကို တွေ့လိုက်ရ၏။

သူမ နိုးလာသည်ကို မြင်သောအခါ သူက အလိုလို ပြုံးပြလိုက်လေသည်။

“ရှန်ညန်ဇီ နေကောင်းလား။ ဒီနေ့ ကလေးစာမေးပွဲ ရှိတော့ ရှန်ညန်ဇီ လာမယ်လို့ ကျွန်တော် ထင်နေတာ” သူ့မျက်လုံးများသည် နက်မှောင်နေပြီး လူကို ကြည့်သောအခါ အမြဲတမ်း အာရုံစိုက်ထားသကဲ့သို့ ဖြစ်နေတတ်ကာ ရေကန်ကြီး တစ်ကန်ကဲ့သို့ တည်ငြိမ်နေလေသည်။ “တကယ်ပဲ တွေ့ရတာပဲ”

စောစောက ထွက်လာကတည်းက ရှဲ့ချီသည် အလိုအလျောက် လိုက်လံရှာဖွေနေမိခြင်း ဖြစ်လေသည်။

ရှန်မြောင်လည်း ပြန်ပြုံးပြလိုက်လေသည်။ “ကျွန်မ ကျိအာကို စာမေးပွဲ လိုက်ပို့ရင်း ဒီမှာပဲ စောင့်နေတာပါ...” သူမသည် ရှဲ့ချီ၏ နောက်မှ အံ့ဩသွားသည့် ရုပ်များဖြစ်နေသော ကျောင်းသားများကို လှမ်းကြည့်လိုက်လေသည်။ ရှဲ့ချီက သူမနှင့် ရင်းရင်းနှီးနှီး စကားပြောနေသည်မှာ သူတို့ မျှော်လင့်မထားသော အရာဖြစ်နေပုံရသည်။

“ရှဲ့ကျိုကော အပြင်ထွက်လည်မလို့လား။ ယန့်ရှူး မပါဘူးလား။ ဪ... ဟုတ်သားပဲ၊ ကျွန်မ သတိရပြီ၊ ယန့်ရှူးက အိမ်မှာပဲ ရှိတာပဲ”

“အင်း... ယောင်ရှန်းဘုရားကျောင်းကို တောင်တက်ပြီး နေဝင်ချိန် ရွှေရောင်တောင်တန်း အလှကို သွားကြည့်ကြမလို့။ ယန့်ရှူးက စာမတတ်တော့ စာသင်ကျောင်းကို ကျွန်တော်နဲ့ လိုက်မလာဘူး။ အိမ်မှာပဲ ဆော့နေတာ” ထို့နောက် ခေါင်းလှည့်ပြီး သူ့နောက်မှ ၁၃ နှစ်၊ ၁၄ နှစ်အရွယ် စာသင်သားအကူကို ညွှန်ပြလိုက်လေသည်။ “ဒါက ချိုးဟောင် ပါ။ ရှန်ညန်ဇီလည်း မြင်ဖူးမှာပါ”

ရှဲ့မိသားစုအိမ်တွင် တစ်ခေါက် တွေ့ဖူးသည်ကို ရှန်မြောင် သတိရသွားလေသည်။

သန့်ပြန့်ပြီး တည်ငြိမ်ပုံရသော စာသင်သားအကူလေးသည် ရှဲ့ချီအတွက် စာအုပ်သေတ္တာကို လွယ်ထားပြီး ယဉ်ကျေးစွာဖြင့် အရိုအသေ ပြုလိုက်လေသည်။

သူမလည်း ပြန်လည် အရိုအသေ ပြုလိုက်လေသည်။ “စိတ်ကူးကောင်းတာပဲ။ တောင်တက်လမ်းက လျှောက်ရခက်တယ်၊ ရှဲ့ကျိုကော စားစရာလေးဘာလေး ဆောင်သွားပါလား။ ကျွန်မ ဒီနေ့မှ လုပ်လာတာ” ရှန်မြောင်သည် နှုတ်ဆက်ရင်း ပိုက်ဆံရှာရန် မမေ့ပေ။ လက်ထဲမှ ကြိမ်ခြင်းတောင်းကို မြှောက်ပြလိုက်ပြီး ရယ်ရယ်မောမောဖြင့် နောက်ပြောင်လိုက်လေသည်။ “ဒီမုန့်နာမည်က ‘ဇီဖောင်ကျင်းတိုက်’တဲ့၊ ဒီမုန့်ကို စားပြီးရင် နောင်တစ်ချိန်ကျရင် သေချာပေါက် အရာရှိကြီး ဖြစ်မှာ”

“ငွေမက်လိုက်တဲ့ အမျိုးသမီးပဲ” ရှဲ့ချီ၏ နောက်မှ သူငယ်ချင်းတစ်ယောက်က လှောင်ရယ်လိုက်လေသည်။

ရှန်အန်းက ထိုလူကို တံတောင်ဖြင့် တွန်းလိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။ “တော်ပါတော့၊ မင်းက ဘာလို့ ပါးစပ်ဖွာနေရတာလဲ”

ရှဲ့ချီက ဂရုမစိုက်ပေ။ ရှန်မြောင် ပြောသည့်အတိုင်း ခေါင်းငုံ့ကြည့်လိုက်ရာ ပေါင်မုန့်မှာ ရွှေရောင်မုန့်သားပေါ်တွင် ခရမ်းရောင် သမ်းနေပြီး ဖောင်းဖောင်းအိအိလေး ဖြစ်နေသည်ကို တွေ့လိုက်ရကာ အလယ်တွင် မြေပဲမှုန့်လေးများ ဖြူးထားလေသည်။ ထို့နောက်မှ သူက သဘောကျစွာ ပြုံးလိုက်လေသည်။ “ရှန်ညန်ဇီ ပေးတဲ့ နာမည်က တကယ်ပဲ လိုက်ဖက်တာပဲ။ ဒီမုန့်အရောင်က ပိုးစာသီးနဲ့ ဆိုးထားတာလား။ ဆိုးထားတာ အရမ်းလှတယ်”

ထို့နောက် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ပြောလိုက်လေသည်။ “နောက်ခဏနေရင် ကလေးစာမေးပွဲ ပြီးလောက်ပြီ”

ပြီးနောက် ပေါင်မုန့်ကို လက်ညှိုးထိုးပြလိုက်လေသည်။

“ရှန်ညန်ဇီ ရှိတာအကုန် ကျွန်တော့်ကို ရောင်းလိုက်ပါ။ မင်း မြို့ထဲကို ပြန်ရမှာဆိုတော့ လမ်းဝေးတယ်။ ခဏနေရင် စောစောစီးစီး ပြန်လို့ရအောင်လို့ပါ”

ရှန်မြောင်မှာ ကြောင်သွားပြီး အားနာသလို ဖြစ်သွားလေသည်။ “ကျွန်မက အဲဒီသဘောနဲ့ ပြောတာ မဟုတ်ပါဘူး”

“ကျွန်တော် သိပါတယ်” ရှဲ့ချီက ပြောလိုက်သည်။

ခဏလောက် တုံ့ဆိုင်းသွားပြီးမှ ထပ်ရှင်းပြလေသည်။ “ကျွန်တော်တို့ လူများတယ်လေ၊ အများကြီး ဝယ်ဖို့ လိုနေတာ”

ရှန်မြောင်လည်း လက်ထဲမှ ခြင်းတောင်းကို ရှဲ့ချီအား ပေးလိုက်လေသည်။ သူ့ဆီမှ ၁၂ ဝမ် မယူဘဲ တစ်ခုကို ၁၀ ဝမ် ဖြင့် လျှော့စျေးနှင့် ရောင်းပေးလိုက်သည်။

“မင်း စိတ်မပူပါနဲ့၊ ကလေးစာမေးပွဲက မခက်ပါဘူး။ ကျိအာသာ ဒီရက်ပိုင်း သေချာစာဖတ်ထားရင် သေချာပေါက် ချောချောမွေ့မွေ့ ဖြေနိုင်မှာပါ” ရှဲ့ချီက ခြင်းတောင်းကို ယူလိုက်ပြီး စကားအနည်းငယ် ပြောကာ ထွက်ခွာသွားတော့သည်။

ရှန်မြောင်၏ စိတ်နှလုံးသားလေးသည်လည်း နွေးထွေးသွားရလေသည်။

“ရှဲ့ကျိုကော ပြောတဲ့အတိုင်း ဖြစ်ပါစေ”

...

All Chapters