မြေရိုင်းဒေသက ငါ့ကို အခက်တွေ့အောင် လုပ်တယ်
Vol. 8 Ch. 753
နောက်ဆုံးတွင် မန္တန်ဝင်္ကပါသည် ပိုင်ရှောင်ချန်းအတွက် အလွန်အနှောင့်အယှက်ဖြစ်ခဲ့၍ ၄င်းကို ဖြိုခွင်းရန် ထာဝရဧကရာဇ်လက်သီးကို အားထားခဲ့ရပြီးနောက် ပြန်လည်သက်သာရန် ကောင်းကင်ကြမ္မာဆေးလုံးကို အသုံးပြုခဲ့ရသည်။ ထိုနည်းအတိုင်းသာ မတိုက်ခိုက်ခဲ့လျှင် သူ နိုင်လိမ့်မည် မဟုတ်ပေ။
သူက ဒေါသထွက်လွန်း၍ တရှူးရှူးတရှဲရှဲ ဖြစ်နေပြီး လက်ရွေးစင်များဆီသို့ အမြန်သွားကာ ထာဝရထီးနက်ကို ထိုးစိုက်လိုက်သည်။ အထူးသဖြင့် သူက ကျိုးဟုန်ကို ပယ်ပယ်နယ်နယ် ထိုးချလိုက်ပြီး သက်စောင့်အားများစွာ ယူငင်လိုက်သည်။
လူအများစုက အော်ဟစ်မြည်တမ်းကြသော်လည်း ကျိုးဟုန်ကမူ နှုတ်ခမ်းပြတ်မတတ် အံကြိတ်လျက် ပိုင်ရှောင်ချန်းကို စကားတစ်ခွန်းမဟပဲ စိန်းစိန်းဝါးဝါးသာ စိုက်ကြည်နေပေသည်။
" ဘာလဲ " ပိုင်ရှောင်ချန်းက ပြောသည်။
" မင်း မှန်တယ်လို့ ထင်နေတုန်းလား။ ငကြောက်၊ ဝိညာဥ်ရေနွေးအိုးမှာထဲက မင်း ငါ့ကို ဂြိုဟ်မွှေနေခဲ့တာလေ။ ပြီးတော့ မင်းက စွန်းရီဖန်နဲ့ စီမာတာအိုကို မင်းအတွက် ညစ်ပတ်တဲ့အလုပ်တွေလုပ်ခိုင်းခဲ့တယ်။ အခုတော့ မင်းက ပရိယာယ်ဆင်နေပြန်ပြီ "
ပိုင်ရှောင်ချန်းမှာ ကျိုးဟုန်ကို နေရာမှာပင် ရှင်းပစ်လိုက်ချင်သည့်တိုင် ကျိုးဟုန်၏ ဖခင်က မည်မျှတန်ခိုးအာဏာကြီးမားသည်ကို မေ့၍မရကြောင်း သူ့ကိုယ်သူ သတိပေးလိုက်သည်။
"မင်းရဲ့ အဖေသာ နတ်ဘုရားတစ်ပိုင်း မဟုတ်ရင် ကိုယ်တော်ပိုင်က မင်းကို သတ်ပြီးပြီကွ "
ပိုင်ရှောင်ချန်းက အေးစက်စက် နှာမှုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲတွင် သက်စောင့်အားမကျန်လုနီးပါးဖြစ်သည်အထိ စုပ်ယူလိုက်သည်။ ထိုအချိန်တွင် သူသည် သူ၏ရောစပ်အရိုးများ အသံမြည်လာသည်ကို ခံစားလိုက်ရသည်။
သူက ထာဝရထီးနက်ကို နုတ်ယူလိုက်ရင်း သူ၏ကိုယ်တွင်းသို့ အာရုံဖြန့်ကျက်လိုက်ရာ သူ၏ အရိုးများမှ အစပြု၍ အပူစီးကြောင်းတစ်ခု ဖြတ်သန်းစီးဆင်းနေကြောင်း တွေ့လိုက်ရသည်။ သူ့တစ်ကိုယ်လုံး တုန်တက်သွားပြီးနောက် သူ၏ ခုခံနိုင်စွမ်းအားများနှင့် သူ၏ စုစုပေါင်းခွန်အားနှစ်ခုလုံး တိုးပွားလာကြောင်း ခံစားလိုက်ရသည်။
ယခုအခိုက်အတန့်တွင် သူသည် ရောစပ်အရိုး အဆင့်မှ...” စွမ်းအားအရိုးအဆင့် “ သို့ ဖောက်ထွက်နေပြီဖြစ်သည်။
" ဟမ့် မင်းတို့ကောင်တွေမှာ တန်ခိုးအာဏာကြီးမားတဲ့နောက်ခံတွေရှိသလို ငါ့မှာလဲ ရှိတယ်ကွ "
ပုံမှန်အားဖြင့် သူ၏ထာဝရအရိုးများ အဆင့်တက်ခြင်းက သူ့ကို ပျော်ရွှင်ဝမ်းမြောက်စေသည်။ သို့သော် ယခုအချိန်တွင် သူ လုံးဝ စိတ်မလှုပ်ရှားမိပေ။ ထိုမျှသာမက စောစောက သူ အလွန်အကျူးစကားဆိုခဲ့ခြင်းသာ ဖြစ်ပြီး အမှန်တကယ်တော့ သူ အလွန်အမင်း စိုးရိမ်ပူပန်နေသည်။
" ဒီတစ်ခါတော့ ခင်ဗျားကယ်မှရတော့မယ် သရဲကြီးဘုရင်ရေ " သူက တွေးလိုက်သည်။
“ ကျုပ်တော့ တကယ် ဒုက္ခရောက်နေပြီ။ ကျုပ်က ခင်ဗျားသား မဟုတ်ပေမယ့် ခင်ဗျားရဲ့ သမက်လေ ဟုတ်တယ်မလား။ ဒါက အနည်းဆုံးတော့ သားတစ်ပိုင်း ဖြစ်နေတယ်လို့ ပြောရင်ရတယ်မလား "
သူက သက်ပြင်းချရင်း သူ ချောက်ချခံခဲ့ရခြင်းသာဖြစ်ကြောင်း တွေးနေသည်။ သူက အပြစ်ကင်းစင်သည်။ အမှားတစ်ခုမျှ သူ မလုပ်ခဲ့ပေ။ သူက မီးတောက်ဖန်တီးရာတွင် စိတ်နစ်နေချိန် အနှီအရူးတစ်သိုက်က ပြဿနာရှာခဲ့၍ တိုက်ပွဲစခဲ့ခြင်း ဖြစ်သည်။
" ငါက ဘာလုပ်ရမှာလဲ။ ငါ ပြန်မတိုက်ရင် ငါအသတ်ခံရမှာလေ။ ပြီးတော့ ငါလဲ ဘယ်သူ့ကိုမှ မသတ်ချင်ပါဘူး။ ဒါက မတော်တဆဖြစ်တာလေ "
ထိုအကြောင်းတွေးမိလေလေ သူ့စိတ်ထဲတွင် ဆိုးဝါးသောခံစားချက်များ ပိုမိုဝင်ရောက်လာလေ ဖြစ်နေတော့သည်။ သူက ထွက်ပြေးလိုက်ချင်သည့်တိုင် ပြေးစရာမြေမရှိကြောင်း သိသည်။
သူသာ မြေရိုင်းဒေသထဲတွင် ဝရမ်းပြေးအနေဖြင့် အဆုံးသတ်သွားပါက သူ၏ သရုပ်မှန်သည် ပိုင်ရှောင်ချန်းဖြစ်ကြောင်း ဖော်ပြလိုက်သကဲ့သို့ ဖြစ်လိမ့်ပေမည်။
" ဒီအတိုင်းတာ တကယ်ဖြစ်လို့ကတော့... ငါတော့ လုံးဝရှုံးပြီပဲ။ မြေရိုင်းဒေသက ငါ့ကို အခက်တွေ့အောင် တော်တော်လုပ်တယ်။ ငါ့ရဲ့ နာမည်နှစ်ခုလုံး သေမိန့်ကျစာရင်းပေါ် ရောက်မှာကိုတော့ မယုံနိုင်ဘူးကွာ "
ထိုအကြောင်းများကို စဥ်းစားနေရင်း ပိုင်ရှောင်ချန်းမှာ ငိုချင်နေမိတော့သည်။ ထိုမျှသာမက ယခု သူသည် သူ၏ယင်ယန်ဝိညာဥ်ပေါ်၌ နောက်ထပ် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ရန် မကြိုးစားရဲသေးပေ။ မဟုတ်လျှင် လူအများက သူ မည်သူ ဖြစ်ကြောင်း အလွယ်တကူ သိရှိသွားမည် ဖြစ်သည်။
" ငါ ဘာလုပ်ရမလဲ။ အီးးး....ခေါင်းကိုက်လိုက်တာ "
သူက သက်ပြင်းချရင်း နောက်ဆုံးတွင် သရဲကြီးဘုရင်ထံ လူတချို့ကို သတ်ခဲ့မိကြောင်း ရှင်းပြသည့် စာတစ်စောင်ပို့လိုက်သည်။ သရဲကြီးဘုရင်က ပထမတွင် ပြန်မတုံ့ပြန်ပေ။ နောက်မှ သူက ပိုင်ရှောင်ချန်းကို အတော်လေး ပစ်ပစ်နှစ်နှစ် ဆဲဆိုလိုက်ပြီးနောက် ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် ပြင်ဆင်လိုက်သည်။
ပိုင်ရှောင်ချန်းမှာ သရဲကြီးဘုရင်က သူ့ကို ဆဲဆိုပြီးနောက်တွင် အတန်ငယ် စိတ်သက်သာရာရသွားပြီး ထိုလူကို အလွန်အမင်း သစ္စာရှိခဲ့သည်က အလဟဿမဖြစ်ကြောင်း စဥ်းစားလိုက်သည်။
" ရွှီရှန်နဲ့ ချင်းမေ့ယွမ်။ သူတို့နှစ်ယောက်လုံးကြောင့် ဒီအရှုပ်ထုပ်ကြီး ဖြစ်လာတာ "
တိုက်ပွဲတစ်လျှောက်လုံး သူ့ကို တိုက်ခိုက်ရန် လာသည့် လူအများစုသည် ထိုမိန်းကလေးနှစ်ယောက်၏ နာမည်ကို အသေအချာ ဖော်ထုတ်သွားခဲ့သည်။
" အဲဒီနှစ်ယောက်ကတော့ ပြဿနာရှာပြီး ပြေးပြီ"
ပိုင်ရှောင်ချန်း၏အတွေးများက သူ့ကို ပို၍သာ စိတ်ဓာတ်ကျလာစေတော့သည်။ ဤအချိန်တွင် သူ၏မျက်နှာ လက်ခနဲဖြစ်သွားပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ တဂျုန်းဂျုန်း ထစ်ခြုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်လာပြီး မယုံကြည်နိုင်ဖွယ် ဖိအားများ နေရာအနှံ့ သက်ရောက်လာတော့သည်။
ကောင်းကင်ယံတွင် ဧရာမမျက်နှာကြီးနှစ်ခုပေါ်လာပြီး တစ်ခုက သက်လက်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဖြစ်ပြီး အခြားတစ်ယောက်က အဘိုးကြီးတစ်ယောက်ဖြစ်သည်။ နတ်အဆင့်အရှိန်အဝါများလည်း ထွက်ပေါ်လာကာ နေရာတစ်ခုလုံးကို ပိတ်လှောင်ရင်း အကျဥ်းထောင်ကဲ့သို့ အရာတစ်ခုအသွင်ပြောင်းလိုက်သည်။
" နတ်အဆင့်ကျင့်ကြံသူတွေ "
သူ့မျက်လုံးများ ဝိုင်းစက်ပြူးကျယ်လာပြီး တွေးလိုက်သည်။ သိသာထင်ရှားစွာပင် ထိုလူများသည် သူ့ကို တိုက်ခိုက်ခဲ့သည့် လက်ရွေးစင်အချို့၏ မျိုးနွယ်စုများမှ ဖြစ်ပြီး ဗဟိုဧကရာဇ်မြို့တော်၏ ကောင်းကင်နယ်စားဆယ်ယောက်ထဲက နှစ်ယောက်ဖြစ်သည်။
သူတို့အပြင် နတ်တစ်ပိုင်းအဆင့် အရှိန်အဝါများလည်း ရှိလေသည်။ ပိုင်ရှောင်ချန်း၏ မျက်လုံးများ ဝင်းလက်သွားတော့သည်။ မရေမတွက်နိုင်သည့် သေစေနိုင်သော လက်နက်များက သူ့တစ်ယောက်တည်းကို ချိန်ထားသည့်အလား သူ ခံစားလိုက်ရတော့သည်။
" နတ်အဆင့်ကျင့်ကြံသူနှစ်ယောက် "
သူက ရင်တဒိန်းဒိန်းခုန်နေလျက် တွေးလိုက်သည်။
" နတ်တစ်ပိုင်း ကိုးယောက်၊ မရေမတွက်နိုင်တဲ့ ဝိညာဥ်ကျင့်ကြံသူတွေ "
ဗဟိုဧကရာဇ်မြို့တော်တွင် မြေရိုင်းဒေသတစ်ခွင်လုံးရှိ ထိပ်တန်းပညာရှင်များစွာ ရှိသည့်အတွက် နတ်အဆင့်ကျင့်ကြံသူများက တကယ်တော့ မြင်ရခဲသည်မဟုတ်ပေ။ သို့သော် မြေရိုင်းဒေသတစ်ခုလုံးအနေဖြင့် စဥ်းစားလိုက်ပါက အတွေ့များလှသည်ဟု မဆိုနိုင်ပေ။
ပိုင်ရှောင်ချန်းမှာ ယခင်ကထက်ပို၍ စိုးရိမ်သောကရောက်လာတော့သည်။ အရိုးပေါ် အရေတင် ဖြစ်နေသည့် ကျိုးဟုန်နှင့် အခြားသူများမှာတော့ ဆန့်ကျင်ဘက်ပင်။ နတ်အဆင့်ကျင့်ကြံသူနှစ်ယောက် ပေါ်လာသည်ကို မြင်သောအခါ သူတို့၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားသည့်အရိပ်အယောင်များ ထင်းခနဲ ပေါ်ထွက်လာတော့သည်။
နတ်အဆင့်ကျင့်ကြံသူနှစ်ယောက်က ပိုင်ရှောင်ချန်းနှင့် သူတို့ပတ်လည်ရှိ လူများကို ငုံ့ကြည့်လိုက်သည်။ သူတို့၏ ဆက်ခံသူများအပါအဝင် လက်ရွေးစင်များ၏ သက်စောင့်အားများ မည်သို့ ထိခိုက်သွားသည်ကို သူတို့ မြင်လိုက်ရလေသည်။ ထိုအခိုက်တွင် နတ်များ၏ မျက်နှာများ မည်းမှောင်သွားသည်။
မကြာမီ သူတို့၏ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် အကြည့်များက ပိုင်ရှောင်ချန်းပေါ်သို့ ကျရောက်လာတော့သည်။ သူတို့၏ အဆင့်အတန်းကို စဥ်းစားလိုက်လျှင် ယခုအခြေအနေအတွက် သူတို့အနေဖြင့် မည်သို့မျှ လုပ်နေစရာမလိုချေ။ သူတို့ရောက်ရှိလာခြင်းသည်ပင် သူတို့၏ သဘောထားများကို ထင်ရှားနေသည်။
" ဒီကောင်၊ ပိုင်ဟောက်ကို သတ် " သက်လတ်ပိုင်းအရွယ်နတ်အဆင့်ကျင့်ကြံသူ၏ အသံက ကောင်းကင်ယံမှကျဆင်းလာသည့်အလား ဟိန်းခနဲ ထွက်ပေါ်လာသည်။
သူ၏အေးစက်တင်းမာေသာလေသံကြောင့် နတ်တစ်ပိုင်းအဆင့်ရှိ ကောင်းကင်မြို့စားကိုးဦးလုံး၏ရင်ထဲတွင် သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်းတောက်လောင်လာသည်။ ထိုကောင်းကင်မြို့စားများသည် ယခုလို သနားစရာကောင်းသော အခြေအနေသို့ ဆိုက်ရောက်နေသော သူတို့၏ လက်ရွေးစင် ဆက်ခံသူများ၏ မြင်ကွင်းကြောင့် အလွန်အမင်း ဒေါသထွက်နေကြသည်။ သေသွားသူများထဲတွင် သူတို့၏ မျိုးနွယ်စုဝင်များဖြစ်သော မြို့စားနှစ်ဦးပင် ရှိနေသည်။
ကောင်းကင်နယ်စား အမိန့်ထုတ်လိုက်သည့် အခိုက်အတန့်မှာပင် အလင်းတန်းကိုးခုက ပိုင်ရှောင်ချန်းထံ တစ်ဟုန်ထိုးသွားလိုက်ကြသည်။
စဥ်းစားနေရန် သို့မဟုတ် အစီအစဥ်ချနေရန် အချိန်မရှိပေ။ ပိုင်ရှောင်ချန်းက ချက်ချင်း နောက်ဆုတ်လိုက်သည်။ သူထိုသို့ လုပ်လိုက်သည်နှင့် စောစောက သူရပ်ခဲ့သည့်နေရာမှာ ဝုန်းခနဲပေါက်ကွဲသွားပြီး ကျောက်တုံးကျောက်ခဲများ ဖွာခနဲလွင့်ထွက်လာကာ ပျက်စီးသွားသည်။
သူသာ ရှောင်တိမ်းရာတွင် အနည်းငယ် နောက်ကျနေခဲ့ပါက သူပါ ပေါက်ကွဲပျက်စီးသွားမည်ဖြစ်သည်။
သူသည် ရင်တဒိန်းဒိန်းခုန်နေသော်လည်း ယခုအချိန်တွင် မည်သို့ပြုလုပ်ရမည်ကို မတွေးနိုင်ပေ။ သရဲကြီးဘုရင်က ဖြေရှင်းပေးနိုင်လိမ့်မည်ဟုသာ သူ ယုံကြည်နိုင်တော့သည်။ ယခု သူက နတ်တစ်ပိုင်း ကောင်းကင်မြို့စားကိုးဦးလက်မှ ထွက်ပြေးရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။
ပိုင်ရှောင်ချန်းသည် နတ်တစ်ပိုင်းအဆင့် စစ်နိုင်ဘုရင်ငယ်ကို ရင်ဆိုင်ခဲ့ဖူးသော်လည်း ယခုလူများကား မတူပေ။ ထိုတိုက်ပွဲတွင်းက စစ်နိုင်ဘုရင်ငယ်သည် ထိုအဆင့်သို့ တက်သွားရုံသာ ရှိသေးသော်လည်း လက်ရှိကောင်းကင်မြို့စားကိုးဦးသည် သူတို့၏ ကျင့်ကြံခြင်းအခြေခံများကို တည်ငြိမ်အောင် ဆောင်ရွက်ထားပြီးဖြစ်သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ သူတို့သည် နတ်တစ်ပိုင်းများအနက် လက်ရွေးစင်များ ဖြစ်သည်။
တစ်ယောက်ချင်းစီတိုင်းက ပိုင်ရှောင်ချန်းအတွက် ပြိုင်ဘက်ဖြစ်နေမည်မှာ မေးခွန်းထုတ်စရာပင် မလိုချေ။
ပိုင်ရှောင်ချန်းသည် တစ်ယောက်ချင်း တိုက်ခိုက်လျှင် နိုင်သည်အထိ ယုံကြည်ချက်ရှိသည်။ သို့သော် တစ်ခါတည်းနှင့် ကိုးယောက်ရင်ဆိုင်ရန်အတွက်မူ ထွက်ပြေးရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။
ဝုန်းးးး
ကောင်းကင်မြို့စားကိုးဦးက မည်သည်ကိုမှ ချန်လှပ်မထားတော့ဘဲ သူတို့၏ ဝှက်ဖဲများကို တိုက်ရိုက်အသုံးပြုနေကြရာ မှော်အတတ်များနှင့် နတ်ဘုရားစွမ်းရည်များက ကောင်းကင်နှင့် မြေကြီးကို ရိုက်ခတ်နေပြီး လေထဲတွင် စူးရှသောအလင်းများ တလက်လက် တောက်ပနေတော့သည်။ လက်ချောင်းကိုးချောင်းပါသော ကို့ရို့ကားယား လက်ကြီးက ပိုင်ရှောင်ချန်းကို ဆွဲဖမ်းရန် ဆန့်ထုတ်နေသည့် အလား။
လက်ကြီးမှာ အလွန်ကြောက်စရာကောင်းလှသဖြင့် ပိုင်ရှောင်ချန်းမှာ ကြောက်လန့်တုန်ရီနေတော့သည်။ ထိုလက်ကြီးသာ သူ့ကို ထိလိုက်ပါက သူ၏ စွမ်းအားကြီးသော အပြင်အားခန္ဓာကိုယ်ပင် တောင့်ခံနိုင်မည် မဟုတ်ကြောင်း ခံစားနေရသည်။ သူသည် ခန္ဓာကိုယ်သာမက ဝိညာဥ်ပါ အသတ်ခံလိုက်ရမည် ဖြစ်သည်။
" သရဲကြီးဘုရင်ရေ၊ ခင်ဗျား မြန်မြန်မလုပ်ရင် ကျုပ်ရဲ့ သနားစရာအသက်လေး ဆံုးရှုံးရတော့မယ်ဗျ"
သူက စိတ်ထဲတွင် အော်ဟစ်မြည်တမ်းနေပြီး သူ့မျက်နှာတွင် ချွေးများ ရွှဲနစ်နေတော့သည်။ သူသာ နည်းနည်းလေးပင် နှေးသွားလျှင် လက်ချောင်းကိုးချောင်းလက်ကြီးက သူ့ခန္ဓာကိုယ်အား ဖမ်းဆုပ်သွားမည်ကိုသာ သိရှိနိုင်တော့မည်။
" ခင်ဗျားတို့ သတိရှိရင် တစ်ယောက်ချင်းချမလား "
သူက ဒေါသတကြီး အော်လိုက်သည်။ ကံကောင်းထောက်မစွာ သူက အံမခန်း အရှိန်ကို ထုတ်နိုင်သေးပြီး သူ၏ ကျင့်ကြံခြင်းအခြေခံနှင့် ပေါင်းစပ်လိုက်သည်တွင် သူ့ကို မယုံနိုင်စရာကောင်းလောက်အောင် လျင်မြန်သွားစေတော့သည်။ အရေးအကြီးဆုံးက သူသည် စွမ်းအားအရိုးအဆင့်သို့ တက်ခဲ့ပြီးဖြစ်ရာ ၄င်းက သူ့ကို ပိုမြန်နေစေတော့သည်။
သူက ပုံရိပ်ယောင်များသာ ကျန်ရစ်သည်အထိ အရှိန်ကုန်ပြေးနေသဖြင့် ကောင်းကင်မြို့စားများ၏ နတ်ဘုရားစွမ်းရည်များမှာ သူ့ကို ထိပင် မထိနိုင်ကြပေ။ သို့သော် သူက ပြန်မတိုက်ခိုက်နိုင်ဘဲ အချိန်သာဆွဲနိုင်သည်။
ကောင်းကင်မြို့စားကိုးဦး မျက်မှောင်ကြုတ်သွား၏။ သူတို့ အတူတကွ တိုက်ခိုက်ခြင်းက ထိုပြိုင်ဘက်အပေါ် မည်မျှအလေးအနက်ထားကြောင်း ဖော်ပြနေသည့်တိုင် သူ၏ မယုံကြည်နိုင်ဖွယ် အရှိန်ကြောင့် သူနှင့် တခဏမျှရင်ဆိုင်ရန်ပင် မဖြစ်နိုင်အောင် ဖြစ်နေသည်။
ထိုအချိန်တွင် လေထဲရှိ သက်လက်ပိုင်းအရွယ် ကောင်းကင်နယ်စားက အေးတိအေးစက် နှာမှုတ်လိုက်သည်။ သူ့ကို ကိုယ်စားပြုသည် မျက်နှာကြီးသည် ကောင်းကင်နယ်စား၏ ပုံစံဖြစ်လာသည့်တိုင်အောင် ပုံပျက်ရှုံ့တွလာသည်။ ထို့နောက် သူက ထွက်ပြေးနေသော ပိုင်ရှောင်ချန်းထံ ချိန်ရွယ်၍ သူ၏ လက်ညှိုးကို ဝှေ့ယမ်းလိုက်သည်။
သူ၏လက်က လေကိုခွင်း၍ ဝှေ့ယမ်းလိုက်ချိန် သခင်မလေးဟုန်ချိန်၏ ဒေါသထွက်နေသော အသံ ပဲ့တင်ထပ်လာတော့သည်။
" လက်ကို ဖယ်လိုက်စမ်း ချန်ဟောင်စုန့် "