အခန်း (၁၀၅၅-၁၀၅၆)
Vol. 72 Ch. 1055-1056
Ch 1055
( ကြွေ့ထျန်း လျို့ဝှက်နယ်မြေ)
လောထျန်း ခေါင်းညိတ်လိုက်ပါသည်။
ဒေသကိုးခု၏ အစဥ်အလာ အဆက်ဆက်တွင် များစွာသော ပုဂ္ဂိုလ်ကျော်များ ရှိခဲ့သည်။
ပြန်လည်အသက်သွင်းခြင်းသခင်ကြီးလိုမျိုး လူယုတ်မာများ ရှိခဲ့ကြသလို ဒါလောင်မသေမျိုးဘုရင်ကြီးနှင့် သခင်ကြီးကုလို လူသားအကျိုး ထမ်းရွက်ပေးသော လူကောင်းများစွာလည်း ရှိကြပါသည်။
ထိုအချိန်မှာပဲ ဒါလောင်မသေမျိုးဘုရင်ကြီးက ပြောလိုက်သည်။
“ဝင်ပေါက်ကို ဖွင့်လိုက်ပါ”
“ဟုတ်ကဲ့” အစောင့်လေးက ပြန်လည်ဖြေကြားပြီးသည်နှင့် အစီအမံ အသက်သွင်းလိုက်၏။
မကြာမီမှာပဲ ဝင်ပေါက်တံခါးက ခပ်ဖြည်းဖြည်း ပွင့်လာခဲ့သည်။
“သခင်လေးလောထျန်း ကျေးဇူးပြုပြီး လိုက်ခဲ့ပါဦးဗျ”
ဒါလောင်မသေမျိုးဘုရင်ကြီးက ဦးဆောင်ပြီး ဝင်သွားခဲ့သည်။
လောထျန်း ခဏလောက် စဥ်းစားပြီးနောက်မှ အနောက်ကလူအုပ်ကို လှည့်ပြောလိုက်၏။
“ ရှောင်ရှောင်းပဲ လိုက်ခဲ့.. ကျန်တဲ့လူတွေ နေခဲ့ကြ”
လောရှောင်ရှောင်းက တစ်ခါ အသိစိတ်လွတ်ဖူးသည့်အတွက် သူမကို သူအနည်းငယ် စိတ်ပူမိသည်။
သူမကို အနားခေါ်ထားနိုင်လျှင် သူ အချိန်မရွေး ထိန်းချုပ်ပေးနိုင်ပါသည်။
ထို့အပြင် သူမရောဂါ၏ ဇစ်မြစ်က အထဲမှာ ရှိနေသည့်အတွက် သူမကို အတူခေါ်သွားတာ သင့်တော်ပါ၏။
ထိုသို့ဖြင့် သူတို့သုံးဦး ဝင်ပေါက်ထဲ ခြေချလိုက်ကြသည်။
မကြာမီမှာပဲ ပတ်ဝန်းကျင်က အနည်းငယ် ရှုတ်ထွေးသွားပြီး မီးခိုးရောင်ဖျော့ဖျော့ မြင်နေရသော နေရာတစ်ခုအတွင်း သူတို့ ရောက်လာကြသည်။
“ဒါက ကြွေ့ထျန်းလျို့ဝှက်နယ်မြေလား”
လောထျန်း လှည့်ပတ်ကြည့်ရှုနေရင်း အနည်းငယ် အံ့သြသွားပါသည်။
ဒီနေရာက သူခန့်မှန်းထားသလို မှောင်မိုက်ပြီး ကြောက်စရာ ကောင်းမနေခဲ့ပေ။
နေထိုင်ကောင်းသည့် နေရာတစ်ခုနှင့် ဆင်တူပြီး ကောင်းချီးပေးခံထားရသော နေရာတစ်ခုလိုမျိုး ချီစွမ်းအင်ကလည်း ပြည့်လျှံနေသည်။
ထိုအချိန်မှာ ဘေးဘက်က ဒါလောင်မသေမျိုး ဘုရင်ကြီးက မျက်မှောင်ကြုတ်နေလေ၏။
“ဟမ်.. ဘာတွေ ဖြစ်နေတာလဲ” သူက ရှုတ်ထွေးစွာ ရေရွတ်လိုက်သည်။
“ဘာဖြစ်လို့လဲဗျ” လောထျန်း ချက်ချင်း မေးလိုက်သည်။
ဒါလောင်မသေမျိုးဘုရင်ကြီးက နက်ရှိုင်းသော လေသံဖြင့် ပြောလာသည်။
“ဒီနေရာမှာ အခုလို ချီစွမ်းအင်တွေ ရှိမနေသင့်ဘူး.. ဒီထဲမှာ ပိတ်ထားတဲ့ အကောင်ကြီးတွေက သေမှမသေသေးတာ။ အကယ်လို့ သူတို့တွေ ချီစွမ်းအင်ကို စုပ်ယူကျင့်ကြံပြီး သန်မာလာကြရင် ပြဿနာ တက်ကုန်လိမ့်မယ်”
ထိုအချိန်မှာပဲ…
ဘုန်း
ကျယ်လောင်သော အသံတစ်ခုကို သိပ်မဝေးသောနေရာမှ ရုတ်တရက် ကြားလိုက်ရသည်။
ချက်ချင်းပဲ အက်ရှသော အသံတစ်ခု ထွက်ပေါ်လာသည်။
“ဒါက… ဒါလောင်မသေမျိုးဘုရင်ကြီး.. မင်းလား”
လောထျန်း အသံလာရာကို ရှာဖွေလိုက်ရာ မြေပြင်ပေါ်က အုတ်ဂူငယ်တစ်ခုသာ ရှိသည်။
လောထျန်း.လန့်ဖြန့်ပြီး ဒါလောင်မသေမျိုး ဘုရင်ကြီးကို ကြည့်လိုက်ပါတော့သည်။
ထိုသူက အနေခက်စွာ ရှင်းပြလာ၏။
“ဒါက အကာအကွယ်အစီအမံရဲ့ နည်းလမ်းတစ်ခုပဲ.. အုတ်ဂူပိုများလေလေ၊ အစီအမံရဲ့ သန်မာမှုက တိုးလာလေလေပဲ။ အထဲက မိတ်ဆွေကို လွန်ခဲဲ့တဲ့ နှစ်တစ်ထောင်က ကျုပ်ကိုယ်တိုင် မြုပ်နှံခဲ့ရတာ.. သူက အဲ့အချိန်က တားမြစ်နယ်မြေနဲ့ပူးပေါင်းပြီး မကောင်းတဲ့ စွမ်းအင်တွေ လွှမ်းမိုးခံလိုက်ရတယ်။ ကျုပ် သူ့ကို သတ်လိုက်ရင် အရောင်အဝါတွေ အပြင်ထွက်လာမှာစိုးလို့ ဒီနေရာမှာ မြုပ်နှံပြီး အစီအမံကို အားတိုးခဲ့လိုက်တယ်”
လောထျန်းကို ရှင်းပြပြီးသည်နှင့် ဒါလောင်မသေမျိုးဘုရင်က အုတ်ဂူရှိရာကို မျက်နှာမူလိုက်ကာ ဆက်ပြောသည်။
“ ဟဲချန်းချီ.. မင်းခက်ခက်ခဲခဲ ရှင်သန်နေရတာ ကျုပ်သိပါတယ်။ အခုမင်းမှာ အချိန်သိပ်မကျန်တော့ဘူး”
ဟဲချန်းချီက အေးစက်စွာ နှာမှုတ်လိုက်ကာ
“ ဘယ်သူအရင်သေမလဲ မသိနိုင်ပါဘူး”
ဒါလောင်မသေမျိုးဘုရင်က အေးစက်စွာ မျက်နှာမဲ့လိုက်ပြီး ထိုသူကို မသိချင်ယောင် ဆောင်ကာ လောထျန်းနှင့် လောရှောင်ရှောင်းကို အရှေ့ဆက်ခေါ် သွားလိုက်သည်။
လမ်းတစ်လျှောက်လုံးတွင် သေးသေး၊ ငယ်ငယ်ဖြင့် အစီအရီရှိနေသော အုတ်ဂူတွေ ရှိနေ၏။
တစ်ချို့အုတ်ဂူများဆီမှ ဒေါသတကြီး အော်သံနှင့် ညည်းညူသံတို့ အဆတ်မပြတ် ထွက်ပေါ်နေသော်လည်း တစ်ချို့ကတော့ အထဲကလူမရှိတော့သည့်အတိုင်း တိတ်ဆိတ်နေလေ၏။
အနည်းငယ် လမ်းလျှောက်ပြီးနောက်မှာ သေးငယ်သော တဲလေးတစ်ခု ပေါ်လာခဲ့သည်။
ထိုတဲငယ်ကို မြင်သည်နှင့် ဒါလောင်မသေမျိုးဘုရင်က အနောက်လှည့်ကာ ပြောလိုက်သည်။
“သခင်လေးလောထျန်း၊ ဒါက သခင်ကြီးကုရဲ့ အိမ်ပဲ။ သူကဒီနေရာကို အကျွမ်းကျင်ဆုံးလို့ ပြောလို့ရတယ်။ ခေါင်းကိုးလုံးသားရဲရဲ့ ပိတ်သိမ်းထားတဲ့နေရာကို သွားချင်ရင် သူ့ကို အရင်ခေါ်ဖို့ လိုလိမ့်မယ်”
လောထျန်း.ခေါင်းသာ ညိတ်ပြလိုက်သည်။
ထို့နောက် လောရှောင်ရှောင်းကို လှည့်ကြည့်လိုက်သည်။ သူမ၏ ပုံစံက အနည်းငယ် အားနည်းနေရုံမှအပ တစ်ခြား လက္ခဏာတော့ မရှိပေ။ လောထျန်း ထိုမှသာ အနည်းငယ် စိတ်သက်သာ သွားသည်။
ဒါလောင်မသေမျိုးဘုရင်ကြီးက တဲငယ်ကို ကြည့်ကာ အော်လိုက်လေသည်။
“သခင်ကြီးလု.. ကျုပ် လာတွေ့တယ်”
ထိုအသံ ထွက်လာပြီးသည်နှင့်..
ချပ်
သစ်သားတံခါးချပ်က ပွင့်လာပြီး အထဲမှ ခပ်ကုန်းကုန်း လူအိုကြီးကို တွေ့လိုက်ရသည်။
“ဒါလောင်မသေမျိုးဘုရင်ကြီး မင်း ဘေးကင်းစွာ ပြန်ရောက်နိုင်ခဲ့ရဲ့လား” ထိုလူအိုကြီးက ကြိုးစားခေါင်းမော့လိုက်ပြီး ဒါလောင်မသေမျိုးဘုရင်ကြီးကို ခက်ခက်ခဲခဲ ကြည့်လိုက်သည်။
ဒါလောင်မသေမျိုးဘုရင်ကြီးက ပြုံးပြလိုက်ရင်း
“ဟုတ်တယ်..ကံကောင်းလို့ပါဗျာ”
ပြောပြီးသည်နှင့် ဒါလောင်မသေမျိုးဘုရင်က လောထျန်းကို မနေနိုင်စွာ လှည့်ကြည့်လိုက်ပါသေး၏။ ထို့နောက်မှာမှ
“အိုးဒါနဲ့.. သခင်ကြီးကု၊ ဒီမှာ ဘာဖြစ်ခဲ့တာလဲ။ ဘာလို့ချီစွမ်းအင်တွေ အရမ်းများနေရတာလဲ”
သခင်ကြီးကုက အနည်းငယ် ချောင်းဆိုးလိုက်သည်။
“ဘယ်တတ်နိုင်မှာတုန်းဟ။ မင်းက နတ်ဘုရားသားတော်တွေအများကြီးကို အထဲကို လွှတ်ခဲ့တာလေ.. ကျုပ်လိုအဘိုးကြီးက ချီစွမ်းအင်မရှိလဲ ကိစ္စမရှိဘူး.. နေနိုင်တယ်။ ဒါပေမဲ့ အဲ့ဒီကလေးတွေဘယ်လို လုပ်ကြမလဲ။ ဒါကြောင့် အဲ့ကောင်လေးတွေ ပုံမှန်လို ကျင့်ကြံနိုင်ကြအောင် ကျုပ် မသေမျိုးသွေးကြောကနေ မသေမျိုးချီစွမ်းအင် နဲနဲ လွှတ်ပေးခဲ့တာ”
ဒါလောင်မသေမျိုးဘုရင်ကြီး ခပ်ဖြည်းဖြည်း ခေါင်းညိတ်လိုက်သည်။
“သခင်ကြီးကု တွေးတာကောင်းပါတယ်။ အခု အကုန်အဆင်ပြေပြီဆိုတော့ နတ်ဘုရားသားတော်တွေကို ပြန်လွှတ်လိုက်ကြတော့မလားဗျ”
သခင်ကြီးကု ခေါင်းညိတ်လိုက်လေကာ
“အဲ့တာကောင်းတယ်။ ဒီလို နေမမြင်ရတဲ့နေရာက ပါရမီရှင်တွေ နေထိုင်သင့်တဲ့နေရာတစ်ခု မဟုတ်ဘူး”
ဒါလောင်မသေမျိုးဘုရင်ကြီး အနည်းငယ် အံ့သြသွားသော်လည်း အများကြီး မတွေးခဲ့ပေ။
သခင်ကြီးကု၏ စတေးမှုများကို ကြည့်လိုက်လျှင် အခုလို ညည်းတွားမှုက ဖြစ်သင့်သည် မဟုတ်လား။
“ဒါနဲ့သူတို့တွေ အခုဘယ်မှာတုန်း.. ကျုပ် မတွေ့မိဘူးရော”
သခင်ကြီးကုက သူ၏ ကုန်းကုန်းကိုင်းကိုင်း ခန္ဓာကိုယ်ကို အနည်းငယ် မတ်လိုက်ရင်း အဝေးတစ်နေရာကို လက်ညိုးထိုးလိုက်သည်။
“ အများစုက ဟိုးရှေ့မှာ.ကျင့်ကြံနေကြတယ်”
ဒါလောင်မသေမျိုးဘုရင်ကြီးက နားလည်စွာ ပြောလိုက်သည်။
“အိုးဟုတ်သား.. သခင်ကြီးကု၊ ကျုပ်ဒီနေရာကို အတည်ပြုစရာတစ်ခု ရှိလို့လာခဲ့တာဗျ။ ကျုပ်ကို ခေါင်းကိုးလုံးသားရဲကိုချုပ်ထားတဲ့ နေရာဆီ ခေါ်သွားပေးပါအုံး”
သခင်ကြီးကု၏ မျက်နှာထားက မသိမသာ ပြောင်းလဲသွားသော်လည်း.အများကြီး မပြောခဲ့ပေ။
“ကောင်းပြီ”
ထို့နောက်တွင် သူက ဦးဆောင်ပြီးထွက်သွား လိုက်သည်။
ဒါလောင်မသေမျိုးဘုရင်က ချက်ချင်းပဲ လောထျန်းတို့ကို အနောက်ကလိုက်လာဖို့ အချက်ပြလိုက်၏။
ထိုသို့ဖြင့် သူတို့တွေ အချိန်အကြာကြီး ထပ်မံ လမ်းလျှောက်ခဲ့ရပြန်သည်။
သိပ်မဝေးသော နေရာက ကြီးမားသော အုတ်ဂူများရှေ့တွင် ကြာပန်းပုံထိုင်ကာ ကျင့်ကြံနေကြသော လူငယ်တစ်ချို့ကို ရုတ်တရက် တွေ့လိုက်ရသည်။
သခင်ကြီးကုက ပြောလိုက်သည်။
“ဒီကောင်လေးတွေက ပါရမီ ထူးကြတယ်.. မင်းလောက်တော့ မတော်ပေမဲ့ သူတို့ရဲ့ အရည်အချင်းက ထိပ်သီးပါပဲ”
ဒါလောင်မသေမျိုးဘုရင် ခေါင်းညိတ်လိုက်သည်။
“အင်း.အမှန်ပဲ.. ထူးချွန်တဲ့ လူငယ်လေးတွေ”
ယခင်က သူသာဆိုလျှင် ထိုလူငယ်လေးများကို အများကြီး ချီးကျုးမိမှာ ဖြစ်သည်။
သို့သော် လောထျန်းကို မြင်ပြီးနောက်မှာ ထိုကောင်လေးတွေကို သူဘယ်လိုမှ ချီးကျူးပေးလို့ မရတော့ဘူး။
ထိုလူငယ်တွေကလည်း တစ်ဖြည်းဖြည်း နီးကပ်လာသော သူတို့ကို သတိထားမိသွားဟန်ပင်။
“သခင်ကြီးကု” ခေါင်းဆောင်ဖြစ်သူက အရင်ဆုံး အရိုအသေ ပေးလာခဲ့သည်။
ထို့နောက် ဒါလောင်မသေမျိိုးဘုရင်ကြီးကို မြင်ပြီး အနည်းငယ် မှင်သက်သွားလေသည်။
သခင်ကြီးကုက မိတ်ဆတ်ပေးလိုက်၏။
“ ဒါက ဆယ်ဘွဲ့ရမသေမျိုးဘုရင်ဖြစ်တဲ့ ဒါလောင်မသေမျိုးဘုရင်ကြီးပဲ.. မင်းတို့တွေ ပုံမှန်ဆို တွေ့ခွင့်ရမှာ.မဟုတ်ဘူး”
ဒါလောင်မသေမျိုးဘုရင်ကြီးက လက်တစ်ဖက်ယမ်းကာ နှုတ်ဆက်လိုက်သည်။
သခင်ကြီးကုက ဆက်ပြောလိုက်၏။
“ ဟုတ်ပြီ.. အခု ငါတို့တွေ ခေါင်းကိုးလုံးသားရဲကို ချုပ်နှောင်ထားတဲ့ နေရာကို သွားကြမလို့.. မင်းတို့တွေ အတွေ့အကြုံ လိုက်ယူချင်ကြလား”
နတ်ဘုရားသားတော်များ အချင်းချင်း အကြည့်ဖလှယ်လိုက်ကြကာ သူတို့၏ မျက်လုံးထဲ၌ အံ့သြမှုနှင့်အတူ ပျော်ရွှင်မှုများ ဝင်ရောက်လာသည်။
“ သေချာပေါက် လိုက်ချင်တာပေါ့ဗျာ”
ခေါင်းဆောင် လူငယ်လေးက ပြောလိုက်သည်။
……
Ch 1056
(ခန္ဓာကိုယ်အပိုင်စီးခြင်း)
“ကောင်းပြီ..လိုက်ခဲ့ကြလေ”
သခင်ကြီးကုက အပြုံးတစ်ခုနှင့် အရှေ့မှ ဦးဆောင်သွားလိုက်သည်။
လောထျန်းတို့လည်း အနောက်က လိုက်သွားလိုက်ကြသည်။
ဒီလိုနှင့် လမ်းမှာနောက်ထပ် နတ်ဘုရားသားတော် တစ်စု ကျင့်ကြံနေသည်နှင့် တွေ့ခဲ့ပြန်ပြီး သူတို့တွေကလည်း သိချင်စိတ်ဖြစ်ပေါ်ကာ အတူလိုက်လာကြသည်။
အချိန်မည်မျှ ကြာသွားသည်ပင် မသိတော့ပေ.. ရှည်လျားစွာ လမ်းလျှောက်ပြီး သူတို့တွေ ကြွေ့ထျန်းလျို့ဝှက်နယ်မြေ အနက်ပိုင်းအထိ ရောက်လာခဲ့ကြ၏။
စီတန်းကာရှိနေသော မြင့်မားသည့် အုတ်ဂူကျောက်စာတိုင်များကို အဝေးမှ လှမ်းမြင်နေရပြီပင်။
“သခင်လေးလောထျန်း.. ဒီကျောက်စာတိုင် သုံးခုက ကြွေ့ထျန်းလျို့ဝှက်နယ်မြေကို မသေမျိုးဧကရာဇ်သုံးပါး ပူးပေါင်း ဖွင့်လှစ်တုန်းက သူတို့ထားခဲဲ့တဲ့ ပိတ်လှောင်မှု အစီအမံပဲ”
“ဒါက ခေါင်းကိုးလုံးသားရဲကို ရည်ရွယ်ပြီး.လုပ်ထားတာ၊ အခု ဒီကျောက်စာတိုင်တွေ အကောင်းအတိုင်း ရှိနေမှတော့ အစီအမံလည်း ထိခိုက်မှု မရှိနိုင်ပါဘူး”
အဝေးမှ ကျောက်စာတိုင် သုံးခု၏ ထုတ်လွှတ်နေသော ဖိအားကို ခံစားလိုက်ရမှသာ ဒါလောင်မသေမျိုးဘုရင်ကြီးက စိတ်သက်သာစွာ သက်ပြင်းတစ်ချက်ချလိုက်ပြီး လောထျန်းကို ရှင်းပြလာခဲ့သည်။
လောထျန်း ချက်ချင်းပဲ လောရှောင်ရှောင်းကို လှည့်မေးလိုက်သည်။
“မင်း တစ်ခုခုခံစားရလား”
လောရှောင်းရှောင်းက မျက်မှောင်လေးကြုတ်ပြီး ခေါင်းရမ်းလိုက်လေ၏။
“ဘာမှမခံစားရဘူး”
ထျန့်ကျီတောင်တွင် ရှိနေစဥ် အစောပိုင်းက နတ်ဘုရားတောအုပ်၏ နမိတ်ဆိုးလက်ချက်ကြောင့် လေဟာနယ် ပွင့်သွားချိန်တွင် သူမ၏ ထူးခြားစိတ်စွမ်းအင်ပင်လယ်က ထိန်းချုပ်မှု လွတ်ကင်းသွားခဲ့သည်။
ထိုအချက်က ခေါင်းကိုးလုံးသားရဲနှင့် သက်ဆိုင်နေပါက ဤနေရာရှိ ပိတ်လောင်အစီအမံနှင့်လည်း သက်ဆိုင်ရမည်ပင်။
သို့သော် လောရှောင်ရှောင်းက ဘာမှမထူးခြားဘူးဟု ဆိုလာလေရာ.. လောထျန်း ဇဝေဇဝါ ဖြစ်လာသည်။
“အားလုံးပဲ အနားကိုသွားကြည့်ကြရအောင်”
ထိုအချိန်မှာပဲ သခင်ကြီးကုက ခပ်ကုန်းကုန်းအနေအထားဖြင့် ပြောလိုက်သည်။
ပြောပြီးသည်နှင့် ကျောက်စာတိုင်ကြီးရှိရာ တရွေ့ရွေ့ တိုးကပ်သွားလေရာ.. နောက်မှ လောထျန်းတို့လည်း လိုက်သွားခဲ့လိုက်သည်။
ကျောက်စာတိုင် အနားရောက်သည်နှင့် တစ်ခုခု လွဲမှားနေသလို ဒါလောင်မသေမျိုး ဘုရင်ကြီး ခံစားလာရသော်လည်း အတိအကျ အဖြေမထုတ်နိုင်ခဲ့ပေ။
သခင်ကြီးကုက ခြေလှမ်းရပ်လိုက်ကာ
“ဒီအရှေ့မှာ တစ်ခြားအစီအမံတွေလည်း ရှိနေတာမလို့ ကျုပ်အရှေ့ကိုဆက်သွားလို့ မရတော့ဘူး။ တစ်ခုခု စစ်ဆေးချင်တယ်ဆိုရင် စစ်ဆေးကြပါ”
ဒါလောင်မသေမျိုးဘုရင်ကြီးက ခေါင်းညိတ်ပြလိုက်ပြီး လောထျန်းကို လှည့်ကြည့်လိုက်သည်။
“သခင်လေးလောထျန်း.. ကျေးဇူးပြုပြီး”
လောထျန်း ချက်ချင်းပဲ ရှေ့တစ်လှမ်းတိုးလိုက်ပါ၏။.
သူ့အနောက်မှ ဒါလောင်မသေမျိုးဘုရင်ကြီးနှင့် လောရှောင်ရှောင်းတို့ အနီးကပ်လိုက်ပါလာပြီး နတ်ဘုရားသားတော်များက ခြေလှမ်းအနည်းငယ်ခွာကာ လိုက်လာကြသည်။
ထိုအချိန်မှာပဲ..
ဒုန်း
ကျောက်စာတိုင်အတွင်းမှ အရောင်အဝါတစ်ခု ထိုးထွက်လာသည်။
“ဟမ်.. အစီအမံက ပြဿနာရှိနေတာလား”
ဒါလောင်မသေမျိုးဘုရင်ကြီး မျက်နှာ အနည်းငယ် ပျက်သွားလေပြီ။
အပေါ်ကမ္ဘာက လက်ရှိမှာ အားနည်းနေသေးသည်…အကယ်၍ ခေါင်းကိုးလုံးသားရဲကို ချုပ်နှောင်ထားသော အစီအမံသာ တစ်ခုခု ဖြစ်သွားပါက ပြဿနာ တက်လိမ့်မည်။
ဒါလောင်မသေမျိုး ဘုရင်ကြီးက သခင်ကြီးကုကို လှည့်ကြည့်ပြီး မေးလိုက်သည်။
“သခင်ကြီးကု ဒါဘာဖြစ်လို့လဲ”
ကျောက်စာတိုင်ရှိရာကို သခင်ကြီးက မျက်လုံးများကျဥ်းမြှောင်းကာ ကြည့်လိုက်သည်။
“ရပါတယ်.. ဒီလိုမျိုးခဏခဏ ဖြစ်နေကြပါ၊ ဘာမှမဖြစ်ဘူး”
သခင်ကြီးကု၏ ခိုင်မာသော မျက်နှာထားကို မြင်ရမှသာ ဒါလောင်မသေမျိုးဘုရင်ကြီး အနည်းငယ် စိတ်သက်သာသွားပြီး ကျောက်စာတိုင်ကို ပြန်လှည့်ကြည့်လိုက်သည်။
ထိုအချိန်မှာပဲ ကျောက်စာတိုင်အတွင်းမှ စိတ်ဝိညာဥ်စွမ်းအင်လှိုင်းတစ်ခု ဖျော့တော့စွာ ထွက်ပေါ်လာသည်။ ထိုစွမ်းအင်လှိုင်းက အစီအမံနှင့် ရင်ဆိုင်ပြီးနောက်မှာ မထင်သာလောက်အောင် အားပျော့သွားသည်။ သို့သော် ဒါလောင်မသေမျိုးဘုရင်ကြီး ချက်ချင်း သတိထားမိလိုက်လေ၏။
“သတိထား”
“ဟမ်”
ဒါလောင်မသေမျိုး ဘုရင်ကြီး ထိတ်လန့်သွားသည်။
သတိထားရမည်လား..ဘာကိုလဲ။ အစီအမံက ဘာကို သတိပေးချင်နေတာလဲ..
ဒါလောင်မသေမျိုးဘုရင်ကြီး အတွေးလွန်နေစဥ်မှာပဲ…
ဘုန်း
သခင်ကြီးကုက ရုတ်တရက်အနားရောက်လာပြီး လက်တစ်ဖက်မြှောက်ကာ ဒါလောင်မသေမျိုးဘုရင်ကြီးကို ရိုက်ချလိုက်လေသည်။
“ဘာ”
ဒါလောင်မသေမျိုးဘုရင်ကြီး လန့်သွားပြီး အမြန်ခုခံလိုက်သည်။
ဒုန်း
လက်ဖဝါးနှစ်ဖက် ရိုက်မိသွားသည်နှင့် ဒါလောင်မသေမျိုးဘုရင်ကြီး၏ လက်တစ်ချောင်းလုံး ထုံကျင်ကာ ကျိုးကြေသွားသလို ခံစားလိုက်ရ၏။
“သခင်ကြီးကု ခင်ဗျားဘာသဘောလဲ” သူ ရှုတ်ထွေးစွာ မေးလိုက်တော့သည်။
သခင်ကြီးကုက သူ့ကို ဘာကြောင့် တိုက်ခိုက်ရပါသနည်း။
သူ အဖြေပြန်မရသေးခင်မှာပဲ…
ဝုန်း
နတ်ဘုရားသားတော်များက စုဝေးပြီး သူ့ကို ဝိုင်းတိုက်ခိုက်လာခဲ့ကြသည်။
“ဘာ”
ဒါလောင်မသေမျိုးဘုရင်ကြီး ချက်ချင်းပဲ ခန္ဓာကိုယ်ကို ဖိနှိပ်ထားသော ထူးဆန်းသည့် ဖိအားတစ်ခုကို ခံစားလိုက်ရသည်။
“ဘာတွေဖြစ်နေတာလဲ” သူ လန့်လာပြီပင်။
ဒီနတ်ဘုရားသားတော်များက ဂိုဏ်းအသီးသီးက ရောက်လာသော ဧည့်သည်တော်များ.ဖြစ်သည်။ ငယ်ရွယ်သည့် မျိုးဆက်သစ်လူငယ်များ၏ ကျင့်ကြံမှုက ပုံမှန်အားဖြင့် သူ့ကို မယှဥ်နိုင်ပါချေ။ အခုတော့ သူတို့အားလုံးက ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်လုနီးပါး သန်မာနေကြသည်။ တစ်ယောက်ချင်းစီက သူ့ထက်မကျော်လွန်နိုင်ရင်တောင်မှ အများကြီး ကွာခြားချက် မရှိတော့ပေ။
တကယ်ပဲ ဘာတွေဖြစ်နေတာလဲ။
ဘုန်း
စုပေါင်းထားသော ဖိအားအောက်မှာ ဒါလောင်မသေမျိုးဘုရင်ကြီး အကြာကြီး မတောင့်ခံနိုင်တောပေ။ သူ ဒူးတစ်ဖက် ထောက် ကျသွားခဲ့သည်။
ဖြတ်
အသံတစ်ချက်နှင့်အတူ မည်းနက်နေသော ချိန်းကြိုးကြီးများက သူ့မျက်စိရှေ့ ပေါ်လာကာ တင်းတင်းကျပ်ကျပ် တုန်နှောင်လိုက်ပြန်သည်။
ချိန်းကြိုးများကြားတွင် သူ၏ မသေမျိုးစွမ်းအင်ကို အပြည့်အဝ ဖိနှိပ်လိုက်ကြသည်။
“ဘာတွေလဲ”
ဒါလောင်မသေမျိုးဘုရင်ကြီး ထိတ်လန့်လာပြီး တစ်ဖက်သူကို မော့ကြည့်လိုက်လေ၏။
သခင်ကြီးကု၏ ကုန်းကုန်းကိုင်းကိုင်း ခန္ဓာကိုယ်က ဖြည်းညင်းစွာ ဖြောင့်မတ်လာခဲ့သည်။
“ဟီးဟီး.. ဒါလောင်မသေမျိုးဘုရင်ကြီး… မင်းရဲ့ခန္ဓာကိုယ်က အခုဟာထက် အများကြီး ပိုကောင်းမှာပဲ”
သခင်ကြီးကုက ကျောချမ်းဖွယ် လေသံဖြင့် စပ်ဖြဲဖြဲပြောလာသည်။
ဒါလောင်မသေမျိုးဘုရင်ကြီး၏ မျက်လုံးများ ကျဥ်းမြှောင်းသွားပြီး အံ့သြမှုတစ်ဝက်ဖြင့် အမြန် ပြောလိုက်၏။
“မင်းက သခင်ကြီးကု မဟုတ်ဘူး”
သူ့မျက်စိရှေ့က သူက သခင်ကြီးကု မဟုတ်ပေ။
သခင်ကြီးကု ဘယ်ရောက်သွားသနည်း။
သခင်ကြီးကု လို ထိပ်သီးအဆင့် မသေမျိုးဘုရင်တစ်ယောက်၏ ခန္ဓာကိုယ်က အဘယ်ကြောင့် ဝင်ပူးခံလိုက်ရသနည်း။
ထိုအချိန်မှာ သခင်ကြီးကုက အပြုံးတစ်ခုနှင့် ပြောလာသည်။
“နောက်ဆုံးတော့ သိသွားပြီပေါ့”
သံသယများကို အတည်ပြုလိုက်နိုင်သည့်အတွက် ဒါလောင်မသေမျိုးဘုရင်ကြီးက မာကျောစွာ အော်ဟစ်လိုက်တော့သည်။
“သခင်ကြီးကု ဘယ်မှာလဲ”
မျက်စိရှေ့က သခင်ကြီးကု အယောင်ဆောင်က ရွံစရာကောင်းအောင် ပြုံးပြလာသည်။
“ဘယ်မှာလဲဟုတ်လား”
“သူမင်းကို အခုတင် စကားပြောခဲ့တယ်လေ”
ဒါလောင်မသေမျိုးဘုရင်ကြီး ထိတ်လန့်စွာဖြင့် အနောက်ကကျောက်စာတိုင်ကို လှည့်ကြည့်လိုက်ပြီး.မယုံနိုင်စွာ ပြန်မေးလိုက်ရသည်။
“ဒီထဲက..သခင်ကြီးကုလား”
“မဖြစ်နိုင်တာ”
“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ခေါင်းကိုးလုံးသားရဲ၏ အစီအမံတွင် ပြဿနာတစ်စုံတစ်ရာ မရှိဘဲနှင့် သခင်ကြီးကုက အဘယ်ကြောင့်အထဲကို ရောက်နေရတာလဲ။
ပိုအရေးကြီးတာက သခင်ကြီးကု၏ ဝိညာဥ်က အထဲမှာ ပိတ်ခံထားရတယ်ဆိုလျှင် လက်ရှိ သခင်ကြီးကု၏ ခန္ဓာကိုယ်ထဲရောက်နေတာက ဘယ်သူလဲ။
တကယ်တော့ အဖြေက သိသာနေပြီးသားပင်။
ထိုအချိန်မှာပဲ သခင်ကြီးကု အတုက ကောက်ကျစ်စွာပြုံးလိုက်သည်။
နောက်တစ်စက္ကန့်မှာပဲ…
ဝုန်း
သူ၏ ခန္ဓာကိုယ်အနောက်မှ ပုံရိပ်တစ်ခု စုဝေးလာခဲ့သည်။
ထိုထူးဆန်းသည့်နတ်သားရဲတွင် မတူညီသည့် ခေါင်းကိုးလုံး ပါပြီး ကြည့်လိုက်တာနှင့် ကြောက်စရာကောင်းလှသည်။
ဘာမှထပ်ရှင်းပြစရာမလိုပဲ ဒါလောင်မသေမျိုးဘုရင်ကြီး နားလည်လိုက်ပြီပင်။
သူ့မျက်စိရှေ့က ပုဂ္ဂိုလ်သည် ကျောက်စာတိုင်အတွင်း ပိတ်မိနေသင့်သော ခေါင်းကိုးလုံးသားရဲကြီး ဖြစ်သည်။
သူတကယ်ကြီး လွတ်လာခဲ့တာပဲ။