အခန်း (၁၀၅၇-၁၀၅၈)
Vol. 72 Ch. 1057-1058
Ch 1057
(သနားညှာတာခြင်း)
ပတ်ဝန်းကျင်၌ တဖြစ်ဖြစ်အသံများ ထွက်ပေါ်လာခဲ့သည်။
ဒါလောင်မသေမျိုးဘုရင်ကြီး သတိထားမိပြီး လှည့်ကြည့်လိုက်သည်နှင့် သူ့နောက်မှာရပ်နေကြသော နတ်ဘုရားသားတော်များ၏ အနောက်တွင် သားရဲ အရိပ်ကိုယ်စီ စုဝေးနေမှန်း တွေ့လိုက်ရ၏။
ထိုပုံစံတွေထဲမှ တစ်ချို့ကို သူမှတ်မိပေမဲ့ တစ်ချို့ကိုတော့ လုံးဝမသိပေ။ တူညီတာ တစ်ခုက ထိုသားရဲအရိပ်များမှ နတ်ဘုရားတောအုပ်၏ အရောင်အဝါကို ဖျော့တော့စွာ ခံစားရသည်။
ဒါလောင်မသေမျိုးဘုရင်ကြီးနားလည်သွားသောကြောင့် မျက်လုံးများကျဥ်းလိုက်ကာ အံ့သြတကြီးမေးလိုက်၏။
“မင်းတို့အားလုံးလဲ အပူးခံလိုက်ရတာလား”
ဒီလူတွေက နတ်ဘုရားသားတော်များ မဟုတ်တော့ပေ။ ကျောက်စာတိုင်များအတွင်း ပိတ်မိနေသင့်သော နတ်ဘုရားတောအုပ်က နမိတ်ဆိုးများဖြစ်လေသည်။
ဒါလောင်မသေမျိုးဘုရင်ကြီး၏ စကားကိုကြားသည်နှင့် ထိုသူတွေအားလုံးက ရယ်မောကုန်ကြသည်.. ထိုထဲမှ ခေါင်းကိုးလုံးနမိတ်ဆိုးက အဆိုးဆုံးပင်။
“မင်းမှန်းတာ မှန်တယ်” ထိုကောင်က ခပ်ပြုံးပြုံး.ပြောသည်။
ဒါလောင်မသေမျိုးဘုရင်ကြီးတစ်ယောက် မျက်စိရှေ့က မြင်ကွင်းကြောင့် မယုံကြည်နိုင်စွာဖြင့် တုန်ယင်လာသည်။
“ဒါပေမဲ့ ဘာလို့လဲ.. အစီအမံတွေ အကောင်းတိုင်းရှိနေရက်နဲ့ မင်းတို့ ဘာကြောင့် လွတ်လာရတာလဲ”
နောက်ထပ်ရယ်မောသံများ ပျံ့လွင့်လာပြန်သည်။
ခေါင်းကိုးလုံးနမိတ်ဆိုးက ရယ်နေတာ ရပ်လိုက်ပြီး ပြောလိုက်သည်။
“ဒါတွေအားလုံးက သခင်ကြီးကုရဲ့ လောဘကြောင့်ပဲ”
“မင်းဘာကို ဆိုလိုတာလဲ” ဒါလောင်မသေမျိုးဘုရင်ကြီး မျက်မှောင်ကြုတ်လိုက်သည်။
“ဒီနေရာကို နှစ်ပေါင်းများစွာ စောင့်ကြပ်ပေးနေတဲ့ သခင်ကြီးကုကို အလိုဆန္ဒ မရှိတဲ့သူလို့ မင်းတို့က ထင်နေကြတယ်မလား.. ဒါပေမဲ့ငါ့ရဲ့ နောက်ကွယ်က လွှမ်းမိုးမှုတွေကြောင့် နောက်ဆုံးတော့ သူ့ရဲ့ လောဘတွေ နိုးထလာတယ်လေ”
“သူက သူ့ရဲ့ကျင့်ကြံမှုကို အမြဲမကျေမနပ် ဖြစ်နေခဲ့တာ.. မသေမျိုးဘုရင် အဆင့်ကိုးအထိ အဆင့်တက်ခဲ့ပေမဲ့ သာမာန်နည်းလမ်းတွေ ဘယ်လိုပဲသုံးသုံး အဆင့်ထပ်မတတ်နိုင်တော့ဘူး”
“ပြီးတော့ ဒီကြွေ့ထျန်းလျို့ဝှက်နယ်မြေက မသေမျိုးဧကရာဇ်ရဲ့ ထောက်ပံ့မှုမရှိတော့ အစီအမံက အားနည်းလာတယ်.. ဆယ်နှစ်ကြာတိုင်းမှာ ငါ့ရဲ့အစွမ်းအနည်းငယ်ကို ထုတ်လို့ရလာခဲ့တယ်”
“အဲ့ဒီအခွင့်အရေးကို အသုံးပြုပြီး ကြွေ့ထျန်း လျို့ဝှက်နယ်မြေအနက်ပိုင်းထဲမှာ မသေမျိုးကျောက်တုံးတစ်ခု ငါဖန်တီးခဲ့တယ်။ နတ်ဘုရားတောအုပ်ရဲ့ သန့်စင်တဲ့စွမ်းအင်တွေကို ကျောက်တုံးထဲ ထည့်ခဲ့လိုက်တယ်”
“အဲ့ဒီကျောက်တုံးကို သခင်ကြီးကုက မတော်တဆ ရှာတွေ့ခဲ့တာပဲ။ အစကတော့ သူသံသယ ဝင်သေးတာပေါ့”
“ဒါပေမဲ့ မင်းတို့လူသားတွေက တယ်လောဘကြီးသကိုး”
“တစ်ခါလောဘတက်မိတာနဲ့ အဲ့စိတ်ကို မထိန်းနိုင်တော့ပဲ အဆုံးမှာ အသိစိတ်တစ်ခုလုံး ဝါးမြိုခံလိုက်ရတာပဲမလား”
“အဲ့ကောင်လဲ နောက်ဆုံးမနေနိုင်တော့ပဲ ငါ့ရဲ့ကျောက်တုံးအရှေ့ကို ပြန်ရောက်လာခဲ့တယ်။ ငါပြောထားတဲ့ လမ်းညွှန်အတိုင်း အပေါ်က အစီအမံငယ်ကို ချိုးဖောက်ပြီး အထဲကစွမ်းအင်ကို လွှတ်ပေးလိုက်တယ်လေ”
“ဒီလိုနဲ့ သူ့ရဲ့ဝိညာဥ်ကို ကျောက်တုံးက ပိတ်သိမ်းလိုက်ပြီး သူ့ရဲ့ခန္ဓာကိုယ်ကို ငါယူလိုက်တာပေါ့”
ခေါင်းကိုးလုံးသားရဲက ရယ်မောရင်း ပြောလိုက်သည်။
“ဘာ.. သခင်ကြီးကုက တကယ်တော့..” ဒါလောင်မသေမျိုးဘုရင်ကြီး ထိုမှသာ သဘောပေါက်သွားသည်။
“ဘယ်အချိန်က ဖြစ်ခဲ့တာလဲ” ဘေးမှာတစ်လျှောက်လုံး ငြိမ်သက်စွာ ရပ်နေသော လောထျန်း ရုတ်တရက် မေးလိုက်လေ၏။
ခေါင်းကိုးလုံးသားရဲက အခုချိန်မှာ အောင်နိုင်နေသောကြောင့် အများကြီး မတွေးတောခဲ့ပေ။ လောထျန်း၏.မေးခွန်းကို ကြားပြီးနောက်မှာ ပျော်ရွှင်စွာ ဆက်ရှင်းပြလာခဲ့သည်။
“လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လား..သုံးဆယ်လားပဲ။ ငါသေချာမမှတ်မိတော့ဘူး”
“ဒါဆို မင်းရဲ့အစွမ်းက အပြင်ကမ္ဘာကိုကော ပို့လို့ရလား” လောထျန်း ထပ်မေးလိုက်သည်။
ခေါင်းကိုးလုံးသားရဲက ချက်ချင်းပဲ ကျယ်လောင်စွာ ရယ်မောလိုက်၏။
“ငါကဘာကြောင့်များ လွတ်လမ်းတစ်ခုထဲပဲ ရှာခဲ့မယ်လို့ မင်းထင်နေတာလဲ။ ငါဒီကောင့်ရဲ့ ခန္ဓာကိုယ်ကို.ယူထားပေမဲ့ ငါ့အစွမ်းအများစုက ပိတ်သိမ်းခံထားရတုန်းပဲ။ ပြီးပြောရရင် ဒီကောင့်ခန္ဓာကိုယ်က ငါ့အစွမ်းအားလုံးကိုလဲ ခံနိုင်ရည်မရှိပါဘူးကွာ”
“အကယ်လို့ ငါကျရှုံးသွားပြီး ခန္ဓာကိုယ် ပျက်ဆီးသွားရင် ဘယ်လိုလုပ်မလဲ။ ဒါကြောင့် လျို့ဝှက်နယ်မြေအပေါက်ဝ ဖွင့်တဲ့အချိန်မှာ ငါ့ရဲ့အစွမ်းကို အပြင်ပို့ပြီး ခန္ဓာကိုယ်တွေ ရှာခိုင်းခဲ့တယ်”
လောထျန်း.မျက်မှောင်ကြုတ်သွားလေပြီ
“အဲ့ဒီခန္ဓာကိုယ်ပိုင်ရှင်တွေက ဘာဖြစ်မှာလဲ”
“ဘာဖြစ်မှာလဲ ဟုတ်လား၊ အစတော့ ငါ့အစွမ်းက သူတို့ကိုကူညီပေးပြီး တိုးတက်စေမယ်လေ။ ဒါပေမဲ့ နောက်ဆုံးကျ ငါ့အစွမ်းမှာ ဝါးမြိုခံလိုက်ရပြီး ငါ့ရဲ့ရုပ်သေးရုပ်တွေ ဖြစ်လာမှာပဲ။ ငါ့ရဲ့ အစွမ်းတွေ စုဝေးနိုင်လာရင် နတ်ဘုရားတောအုပ်ထဲက ပင်မခန္ဓာကိုယ်ကို ဒီအပေါ်ကမ္ဘာထဲ ခေါ်လာနိုင်လိမ့်မယ်”
ချုပ်နှောင်ခံထားရသော ဒါလောင်မသေမျိုးဘုရင်ကြီး၏ မျက်နှာက ပိုမိုဖြူဖွေးသွားတော့သည်။
ဒေသကြီးကိုးခုတွင် အခုလို ကပ်ဘေးကြီး အစပျိုးနေခဲ့သည်ကို သူလုံးဝ မသိရှိခဲ့ပေ။
တစ်ဖက်သူသာ တကယ်အောင်မြင်သွားခဲ့လျှင်..
အကျိုးဆက်က မတွေးဝံ့စရာပေ။
ထိုအချိန်မှာပဲ ခေါင်းကိုးလုံးသားရဲက ဒါလောင်မသေမျိုးဘုရင်ကြီး၏ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်ပြီး အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။
“ဒါလောင်မသေမျိုးဘုရင်ကြီး၊ မင်းရဲ့အစွမ်းက တကယ်ကို.ပိုကောင်းတာပဲ။ မင်းရဲ့ခန္ဓာကိုယ်ကို ငါယူလိုက်ပြီးရင် ငါ့အစွမ်းလဲတိုးလာမယ်။ ဒါဆို ဒီလျို့ဝှက်နယ်မြေရဲ့ အချုပ်အနှောင်ကို ဖျက်ဆီးဖို့ အခွင့်အရေးပိုရှိလာပြီ”
“မင်းဘာလုပ်မလို့လဲ” ဒါလောင်မသေမျိုးဘုရင်ကြီး နှလုံးသားတစ်ခုလုံး တင်းကျပ်လာသလို ခံစားလိုက်ရသည်။
ခေါင်းကိုးလုံးသားရဲက တဖြည်းဖြည်း အရှေ့တိုးလာနေပြီပင်။
“ငါလား.. မင်းရဲ့ခန္ဓာကိုယ်ကို ယူမှာလေ” ပြောပြီးသည်နှင့် ခေါင်းကိုးလုံးသားရဲ၏ ပါးစပ်ကြီးက ပွင့်ဟလာကာ ကိုက်ဖို့အသင့်ပြင်လိုက်သည်။
ထိုအချိန်မှာပဲ..
ဘုတ်
ခေါင်းကိုးလုံးသားရဲ၏ ပုခုံးပေါ် လက်တစ်ဖက် ရောက်လာလေ၏။
“ဟမ်”
ခေါင်းကိုးလုံးသားရဲက အနည်းငယ်လန့်သွားပြီး လှည့်ကြည့်ဖို့ ကြိုးစားလိုက်သည်။ လောထျန်းကို မြင်သည်နှင့် ထိုကောင်ကြီးက မျက်မှောင်ကြုတ်သွားလေကာ
“နိမ့်ကျတဲ့ကျင့်ကြံဆင့်နဲ့ အမှိုက်ကောင်ပဲ.. မင်းကငါ့အတွက် အသုံးမဝင်ဘူး။ လစ်လိုက်တော့ ဒါဆိုငါမင်းကို အသက်ချမ်းသာပေးမယ်”
ခေါင်းကိုးလုံးသားရဲက အေးစက်စွာ ပြောလိုက်သည်။
ကျန်သောသားရဲများကလည်း ဝိုင်းဝန်း လှောင်ရယ်ပေးကြပါသည်။
“ဟဟ..ဒီခွေးက တကယ်ဘာလုပ်ချင်နေတာလဲ။ သူ့ကိုသူ သူရဲကောင်းကြီးများ ထင်နေလားပဲ”
“သူ့ရဲ့အဆင့်မရှိတဲ့ အရည်အချင်းကို ကြည့်လိုက်အုံး.. ငါတို့သခင်က သူ့ကို အတွေးတစ်ချက်နဲ့တင် အကြိမ်သောင်းချီ သတ်ပစ်လိုက်လို့ရတယ်။ ဒီကောင်ကများ တကယ်ကြီး ရှေ့တိုးလာရဲတယ်”
“ငါတို့သခင် ဘယ်လောက်သန်မာတယ်ဆိုတာ ဒီကောင်.မသိလို့နေမယ်”
“အေးပေါ့လေ၊ ပုရွက်ဆိတ်တစ်ကောင်ရဲ့ မျက်လုံးထဲမှာ ကြက်တစ်ကောင်နဲ့ နဂါးမင်းနဲ့ ဘာကွာခြားချက်ရှိမှာလဲ။ လောကကြီးအကြောင်း နားလည်ဖို့ အဲ့ကောင်က ပျော့လွန်းနေပါသေးတယ်”
တစ်ယောက်တစ်ပေါက် စကားတွေကို နားထောင်နေရင်း ဒါလောင်မသေမျိုးဘုရင်ကြီး တစ်ယောက် ချွေးစေးတွေ ပြန်လာတော့သည်။
သူချက်ချင်းပဲ ကျယ်လောင်စွာ အော်ဟစ်လိုက်တော့၏။
“သခင်လေး.. ညင်ညင်သာသာ လုပ်ပါ”
ခေါင်းကိုးလုံးသားရဲက ချက်ချင်းပဲ ဒါလောင်မသေမျိုးဘုရင်ကြီးကို မှင်သက်စွာ လှည့်ကြည့်လာခဲ့သည်…ထို့နောက် ကျယ်လောင်စွာ ရယ်မောလေတော့၏။
“ဟဟ.. ဒေသကိုးခုရဲ့ ဆယ်ဘွဲ့ရမသေမျိုး ဘုရင်က ငါ့ရှေ့မှာ ခွေးတစ်ကောင်လို အမြှီးတနှံ့နှံ့နဲ့ အသနားခံနေတာလား။ ဒီလျို့ဝှက်နယ်မြေကို နှစ်ပေါင်းရာနဲ့ချီပြီး မင်းစောင့်ရှောက်ခဲ့တာ မဟုတ်ဘူးလား.. ဂုဏ်သိက္ခာကြီးလှတဲ့ ဒါလောင်မသေမျိုးဘုရင်ကြီး ဘယ်ရောက်သွားလဲ”
ခေါင်းကိုးလုံးသားရဲ၏.အားရနေသော ရယ်သံက ပိုမိုကျယ်လောင်လာသလို ဘေးမှ သားရဲအသီးသီးကလည်း အဖော်ပြုပေးကြသည်။
သူတို့အတွက် ဒါလောင်မသေမျိုးဘုရင်ကြီးကို အရှက်ခွဲရတာ တော်တော်ပျော်ဖို့ ကောင်းနေဟန်ပင်။
ရယ်လို့အားရသည်နှင့် ခေါင်းကိုးလုံးသားရဲက ရုတ်တရက်.မျက်လုံးများ ကျဥ်းမြှောင်းလိုက်ပြီး ဒါလောင်မသေမျိုးဘုရင်ကြီးကို ကြည့်ကာ ပြောလိုက်သည်။
“ကောင်းပြီလေ.. ငါ့ကိုဒူးထောက် တောင်းပန်လိုက်”
သို့သော်လည်း ထိုအချိန်မှာပဲ ဒါလောင်မသေမျိုးဘုရင်ကြီး၏ ခက်ခက်ခဲခဲ တံတွေးမြိုချပြီး ပြောသံကို ထပ်ကြားလိုက်ရသည်။
“သခင်လေးလောထျန်း.. ကျေးဇူးပြုပြီး.ညင်ညင်သာသာ လုပ်ပါအုံး”
……..
Ch 1058
(အရမ်းအင်အားကြီးတာပဲ)
“ဟမ်” ခေါင်းကိုးလုံးသားရဲ အံ့သြစွာဖြင့် ဒါလောင်မသေမျိုးဘုရင်ကြီးကို လှည့်ကြည့်လိုက်သည်။
“မင်းကဘယ်သူ့ကို ပြောလိုက်တာလဲ”
သို့သော် ဒါလောင်မသေမျိုးဘုရင်ကြီးက အကြည့်တစ်ချက်ပင် မပေးခဲ့ချေ။ ထိုအစား လောထျန်းကိုသာ စွဲစွဲမြဲမြဲ ကြည့်နေရင်း ပြောလိုက်၏။
“သခင်လောထျန်း… ဒီသူတောင်းစားက သေသင့်တာမှန်ပေမဲ့ သခင်ကြီးကုနဲ့ ဘာမှမဆိုင်ပါဘူး၊ သခင်ကြီးကုက အများကြီးစွန့်လစ်အနစ်နာခံခဲ့တဲ့ လူကောင်းတစ်ယောက်ပါ။ သူ့ကိုသေတဲ့အထိ ရိုက်လိုက်ရင် သခင်ကြီးကု နေစရာခန္ဓာကိုယ် မရှိတော့ဘဲ တကယ်ကြီး ဝိညာဥ်ဖြစ်သွားလိမ့်မယ်”
လောထျန်း ဒေါသထွက်လျှင် ဘယ်လောက်ကြမ်းတမ်းလဲ သူသိပါသည်။
ထိုကောင်လေးက နတ်ဘုရားသစ်တောရဲ့ ထိပ်သီးအင်အားကြီး သတ္တဝါဆိုးကြီးဖြစ်တဲ့ နမိတ်ဆိုးရဲ့ လက်တစ်ဖက်ကို အရင်းက ဆွဲဖြုတ်ခဲ့တဲ့အပြင် နတ်ဘုရားတောအုပ်ထဲကိုပါ ဝင်မွှေခဲ့သူ မဟုတ်လား။
လောထျန်း တကယ် စိတ်ရူးဖောက်သွားလို့ကတော့..
သခင်ကြီးကု မပြောနှင့်၊ သူကိုယ်တိုင်ပင် အသက်ရှင်နိုင်မည်ဟု အာမ မခံနိုင်ပါချေ။
ခေါင်းကိုးလုံးသားရဲက နောက်ဆုံးမှာ အသိစိတ်ဝင်လာခဲ့သည်။
သူက ဒါလောင်မသေမျိုးဘုရင်ကြီးကို တစ်လှည့်၊ လောထျန်းကိုတစ်လှည့် ကြည့်လိုက်သည်။ ပြီးလျှင် ဒါလောင်မသေမျိုးဘုရင်ကြီးကို ပြန်လှည့်ကြည့်ပြီး အံ့သြစွာ မေးလိုက်လေ၏။
“မင်းပြောချင်တာက ဒီနားမှာ ရပ်နေတဲ့ကောင်လား”
ဒါလောင်မသေမျိုးဘုရင်ကြီးက မျက်နှာကို မဲ့လိုက်လေကာ..
“မဟုတ်ရင် ဘယ်သူဖြစ်ရမှာလဲ”
ခေါင်းကိုးလုံးသားရဲက ချက်ချင်း မပျော်မရွှင် ဖြစ်သွားတော့သည်။
“ဒါလောင်မသေမျိုးဘုရင်ကြီး၊ မင်း အကြောက်လွန်ပြီး ရူးသွားတာလား။ ဒီအမှိုက်ကောင်ကို မင်းက တောင်းဆိုနေတာလား။ အဲ့လောက်အဆင့်လောက်နဲ့များ.. ငါ မိနစ်ပိုင်းအတွင်း အပိုင်းပိုင်း လုပ်ပေးလိုက်လို့ ရတယ်”
ပြောပြီးသည်နှင့် ခေါင်းကိုးလုံးသားရဲက လောထျန်းကို သေတဲ့အထိ ခြောက်လန့်စေရန် အရောင်အဝါအပြည့် ဖော်ထုတ်လိုက်သည်။
သို့သော် လောထျန်းက တုတ်တုတ်ပင် မလှုပ်ပါချေ။
ခေါင်းကိုးလုံးသားရဲ၏ ပုခုံးပေါ်တင်ထားသည့် သူ့လက်ကလည်း နဂိုအတိုင်း ခိုင်မြဲစွာ ရှိနေသည်။
“ဘာ..ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ခေါင်းကိုးလုံးသားရဲ ချက်ချင်းပဲ အနည်းငယ် အံ့သြသွားသည်။
သို့သော် နောက်တစ်စက္ကန့်မှာပဲ သူ၏ ကောက်ကျစ်သော မျက်လုံးက မျက်စံများ ကျဥ်းမြှောင်းသွားကာ မျက်နှာကို မဲ့လိုက်သည်။
“အိုး.. ငါအထင်မှားခဲ့တာပဲ။ မင်းကို အရည်အချင်းရှိမယ်လို့ ငါမထင်ထားဘူး။ ကောင်းပြီလေ.. ဒီလိုဆိုမှတော့ ငါမင်းကို လေးစားမှုတစ်ချို့ ပြပေးရတာပေါ့”
ဝူး
ခေါင်းကိုးလုံးသားရဲ၏ ခန္ဓာကိုယ်အနောက်က သားရဲခေါင်းကြီးကိုးခု၏ အရိပ်များက ချက်ချင်းပဲ လောထျန်းရှိရာကို ချာခနဲ လှည့်လာခဲ့သည်။
“ မင်းရဲ့ ခန္ဓာကိုယ်က ဝင်ပူးခံရဖို့ တန်ဖိုးရှိမယ် ထင်တယ်.. ငါမင်းရဲ့ ဝိညာဥ်ကို အပြီးတိုင် ဖျက်ဆီးပေးမယ်”
ထိုကြိမ်းဝါးသံကြီး ဆုံးသည်နှင့် ခေါင်းကိုးလုံးဆီမှ ထွက်လာသော စိတ်ဝိညာဥ်စွမ်းအင်များက ဖျက်ဆီးနိုင်စွမ်း အပြည့်ဖြင့် လောထျန်းရှိရာ အပြေးရောက်လာသည်။
“ အိုး မဖြစ်ဘူး” ဒါလောင်မသေမျိုးဘုရင်ကြီး အထိတ်တလန့် ရေရွတ်လိုက်၏။
လောထျန်း၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ဘယ်လောက်အင်အားကြီးလဲ သူသေချာ သိပါသည်။ သူတို့သာ ထိပ်တိုက် တိုက်ခိုက်ကြလျှင် ခေါင်းကိုးလုံးသားရဲ အနေနှင့် အခွင့်အရေးတစ်ခုတောင် မရှိနိုင်ဘူး။
သို့ပေမဲ့ စိတ်ဝိညာဥ်စွမ်းအားကိုတော့.. သူ မသိပေ။
နတ်ဘုရားသစ်တော၏ နမိတ်ဆိုးများသည် စိတ်ဝိညာဥ်စွမ်းအင် တိုက်ခိုက်မှုများတွင် တဖတ်ကမ်းထူးချွန်ကြသည်။
ဒါဆို လောထျန်း အခက်တွေ့သွားလောက်မလား။
သူ စိုးရိမ်လာခဲ့သည်။
ဝူး
ခေါင်းကိုးလုံးသားရဲ၏ စိတ်ဝိညာဥ်စွမ်းအင်က လောထျန်းအပေါ် ကျရောက်လာလေပြီ။
“ဟီးဟီး သေချင်နေတဲ့ကောင်”
ခေါင်းကိုးလုံးသားရဲက လောထျန်းကို တစ်ချက်တည်းနှင့် လွှင့်ပစ်ဖို့ ကြံစည်ထားခဲ့တာပင်။
သို့သော် စက္ကန့်ပိုင်းအတွင် သူထိတ်လန့်သွားရသည်။
သူ၏ ပုခုံးပေါ်က လက်က ပြေလျော့သွားခြင်း မရှိသည့်အပြင် ပိုမို ခိုင်မာလာကြောင်း ခံစားမိလိုက်၍ပင်။
“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါမင်းကို တိုက်ခိုက်ခဲ့တယ်လေ….ငါ သေချာပေါက်”
ခေါင်းကိုးလုံးသားရဲ တစ်ယောက် ထိတ်လန့်မှုကနေ ရုန်းမထွက်နိုင်သေးပေ။
သူသည် ခန္ဓာတစ်ခြားဝိညာဥ်တစ်ခြား ဖြစ်နေပြီး တစ်ခြားသူ၏ ခန္ဓာအတွင်း ရောက်နေလျှင်တောင်မှ သူ၏ စိတ်ဝိညာဥ်စွမ်းအင်က အားမနည်းပါပေ။
အခုလိုအနီးကပ် အကွာအဝေးအတွင်းမှ သူ၏ စိတ်ဝိညာဥ်စွမ်းအင် တိုက်ခိုက်မှုကို ခံရလျှင် ဆယ်ဘွဲ့ရ မသေမျိုးဘုရင် ဖြစ်နေလျှင်တောင်မှ သေဆုံးရလိမ့်မည်။
ဒါပေမဲ့ သူ့အရှေ့က လောထျန်းက ဘာမှ မဖြစ်ဘူးတဲ့လား။
ထိုအချိန်မှာပဲ လောထျန်းက အေးစက်စွာ ပြောလိုက်သည်။
“မင်း သေသင့်တယ်”
“ဟမ်” လောထျန်း၏ လူသတ်အရိပ်အငွေ့ကို ခံစားမိသောကြောင့် ခေါင်းကိုးလုံးသားရဲ ထိတ်လန့်သွားသည်။
တစ်ဖက်သူက အခုထိ အရောင်အဝါ မဖော်ထုတ်သေးတာတောင်မှ ဘာကြောင့် အခုလို ကြောက်ရွံ့စေလဲဆိုတာကို သူ နားမလည်နိုင်တော့ဘူး။
ဒီခံစားချက်ကို ရင်းနီးနေသလိုမျိုး သူခံစားရသည်။
သူ.ဘယ်တုန်းက ခံစားခဲ့ဖူးတာများလဲ။
ဟုတ်သည်.. သူ ဟိုးအရင်တုန်းက နတ်ဘုရားတောအုပ်ထဲက ထာဝရတည်မြဲမှုသုံးပါးနှင့် ရင်ဆိုင်ရစဥ်က ခံစားဖူးတာပဲ။
သူ၏ မျက်စိရှေ့က ကောင်လေးက ထာဝရတည်မြဲမှုသုံးပါး နီးနီး သန်မာနေတာလား။
ဒါပေမဲ့ ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး.. မဖြစ်သင့်ဘူးလေ။
ဒေသကိုးခုအတွင်းမှာ ဘယ်လိုလုပ် အခုလို ဘီလူးမျိုး ရှိနေနိုင်မှာလဲ။
“ချီးပဲ.. မင်းပဲ သေလိုက်ကွ”
ခေါင်းကိုးလုံးသားရဲတစ်ယောက် သူ၏ ဒေါသကို မထိန်းနိုင်တော့ပေ။
ဘုန်း
သားရဲခေါင်းကြီး ကိုးခုက ချက်ချင်းပဲ ပါးစပ်ကြီး ပွင့်လာကာ မတူညီသော တိုက်ကွက်ကိုးခုဖြင့် လောထျန်းကို ဦးတည်လိုက်သည်။
ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းက ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်စေ၏။
ကြွေ့ထျန်း လျို့ဝှက်နယ်မြေကို မသေမျိုးဧကရာဇ်သုံးပါး အစွမ်းဖြည့်တင်းပေခဲ့၍ မဟုတ်လျှင် ထိုကြောက်စရာ စွမ်းအင်က လေဟာနယ်ကိုပင် ဖောက်ထွက်သွားနိုင်သည်။
အခုလို အင်အားနှင့်ဆိုပါက ဆယ်ဘွဲ့ရ မသေမျိုးဘုရင် ဖြစ်နေလျှင်တောင် ချွင်းချက် မရှိ သေဆုံးသွားပေမည်။
သို့သော် ခေါင်းကိုးလုံးသားရဲ ခဗျာ ပိုမို ထိတ်လန့်လာတော့သည်။
လောထျန်းက သူ့မျက်စိရှေ့မှာပဲ သူ၏ တိုက်ကွက်ကို မျက်တောင်တစ်ချက်မခတ်၊ ခန္ဓာကိုယ်တစ်ချက် မလှုပ်ရှားပဲ ရင်ဆိုင်သွားလေရဲ့..။
သို့ပေတည့်.. သူ၏ အင်အားကြီးလှသော တိုက်ခိုက်မှုက ထိုကောင်လေး၏ အကာအကွယ်ကိုပင် မဖောက်ထွက်နိုင်ခဲ့ပေ။
လောထျန်းအနောက်မှာ ရပ်နေသော လောရှောင်ရှောင်း လည်း ထိခိုက်ဒဏ်ရာတစ်ခုတောင် မရှိခဲ့ဘူး။
ဒါဘယ်လိုလုပ် ဖြစ်နိုင်ပါမည်နည်း။
ကမ္ဘာပေါ်မှာ အဘယ်ကြောင့်များ အခုလို ထူးခြားကောင်းမွန်သည့် ခုခံနိုင်စွမ်း ရှိနေရသနည်း။
ခေါင်းကိုးလုံးသားရဲတစ်ယောက် ဆက်လက် တိုက်ခိုက်ဖို့ပင် မေ့လျောသွားကာ လောထျန်းကိုပဲ တမေ့တမော ကြည့်လိုက်သည်။
တစ်ဖက်သူက တိုက်ခိုက်တာ ရပ်သွားသည့်အတွက် လောထျန်း အေးစက်စက် မျက်နှာမဲ့လိုက်သည်။
“ မင်းတိုက်ခိုက်လို့ ပြီးပြီလား.. ဒါဆို ငါ့အလှည့်ပဲ”
“ဟမ့်၊ မင်းငါ့ကို မသတ်နိုင်ပါဘူး။ မင်းငါ့ကို သတ်ရင် သခင်ကြီးကုလဲ သေရလိမ့်မယ်”
ခေါင်းကိုးလုံးသားရဲက ထိတ်လန့်စွာဖြင့် ချက်ချင်း အော်ဟစ်လိုက်သည်။
သို့သော် လောထျန်းက မျက်တောင် တဖြတ်ဖြတ် ခတ်လိုက်ကာ ဘာမှ မတုံ့ပြန်သေးပေ။
ဝူး
ထိုအချိန်မှာပဲ အင်အားကြီးသော စွမ်းအင်လှိုင်းတစ်ခု အလုံးအရင်းလိုက် ကျရောက်လာမှန်း ခေါင်းကိုးလုံးသားရဲ ခံစားလိုက်ရသည်။
သူ၏ မျက်လုံးက အနည်းငယ် တုန်ယင်သွားကာ အံ့သြတကြီး အော်လိုက်လေ၏။
“စိတ်ဝိညာဥ်စွမ်းအင် တိုက်ကွက်လား”
လောထျန်းက စိတ်ဝိညာဥ်စွမ်းအင်ကို အသုံးပြုတာမြင်တော့ ခေါင်းကိုးလုံးသားရဲ၏ မျက်နှာက အနည်းငယ် ပြုံးချင်လာခဲ့သည်။
“ဟဟ.. မင်းက သန်မာတာမှန်ပေမဲ့ မောက်မာနေတာက မင်းရဲ့ပြဿနာပဲကွ”
“မင်းတို့လူသားတွေရဲ့ ကျင့်ကြံမှုက ငါတို့ နတ်ဘုရားတောအုပ်နဲ့ အပုံကြီးကွာတယ်ဆိုတာ သိထားလိုက်”
“ မင်းကများ ငါ့ရဲ့စိတ်စွမ်းအင်ပင်လယ်ကို တိုက်ခိုက်ချင်တာလား။ အဲ့တာ သေကြောင်းရှာနေတာပဲ”
ဘုန်း
ချက်ချင်းပဲ ခေါင်းကိုးလုံးသားရဲက ပုံစံအစစ်ကို အသွင်ပြောင်းလိုက်သည်။
မဟာဦးခေါင်းကြီးကိုးခုနှင့် ဧရာမ သတ္တဝါကြီးတစ်ကောင်က ကောင်းကင်နှင့်မြေကြီးကြားမှာ လိမ်ကောက်ကာ သွားလာနေရင်း ကြောချမ်းစရာကောင်းသော အပြုံးတစ်ခု ဖော်ထုတ်လိုက်သည်။
ခေါင်းကိုးလုံးသားရဲက လောထျန်း၏ စိတ်ဝိညာဥ်စွမ်းအင် တန်ပြန်သက်ရောက်မှုကို အသုံးချပြီး လောထျန်း၏ ခန္ဓာကိုယ်ကို အပိုင်ယူဖို့ ကြံစည်ခဲ့တာပင်။
လောထျန်း၏ ခန္ဓာကိုယ်က ဒါလောင်မသေမျိုးဘုရင်ကြီးထက် ပိုကောင်းမှန်း သူနားလည်သွားခဲ့ပြီ။
လောထျန်း၏ ခန္ဓာကိုယ်ကိုသာ ရလိုက်ပါက ဒီလျို့ဝှက်နယ်မြေရဲ့ ပိတ်လှောင်မှုအစီအမံကို အပြီးတိုင်ချိုးဖောက်ပြီး ဒေသကိုးခုကို.ဖျက်ဆီးနိုင်တော့မည်။
ကမ္ဘာနှစ်ခုကြားက လေဟာနယ်ကို အတင်းအကျပ်ဖွင့်ပြီး နတ်ဘုရားတောအုပ်ထဲက သူ၏ မူရင်းခန္ဓာကိုယ်ကိုတောင်မှ ပြန်ခေါ်လို့ ရနိုင်လိမ့်မည်။
သူ၏ နွေဦးကာလကို ရောက်လာတော့မည်။
ပိုမိုတည်ငြိမ်လာသော အတွေးများကြောင့် ခေါင်းကိုးလုံးသားရဲ မနေနိုင်စွာ ပြုံးလိုက်သည်။
“ဟမ်.. ဒီကောင့်ရဲ့စိတ်ဝိညာဥ်စွမ်းအင်က ဘယ်မှာလဲ။ ငါဘာလို့ မတွေ့ရတာလဲ”
စိတ်စွမ်းအင်ပင်လယ်အတွင်း၌ ခေါင်းကိုးလုံးသားရဲသည် ဦးခေါင်းကို နိမ့်ချပြီး ရှာဖွေသည့်တိုင်အောင် လောထျန်း၏ အရိပ်အယောင်ကိုတောင်မှ မတွေ့ခဲ့ပေ။
“ဘာဖြစ်နေတာလဲ။ သူလွတ်သွားတာလား”
သူ ခေါင်းရှုတ်လာပြီပင်။
သို့သော် ထိုအချိန်မှာပဲ အရိပ်တစ်ခု၏ လွှမ်းမိုးမှုကို ခေါင်းကိုးလုံးသားရဲ ခံစားမိလိုက်၏။
“ဟမ်” အချိန်ခဏကြာသည်အထိ ခေါင်းကိုးလုံးသားရဲတစ်ယောက် တုန်လှုပ်မှုမှ ရုန်းမထွက်နိုင်သေးပေ။ သူ၏ မျက်လုံးက ကြောက်မက်ဖွယ် မြင်ကွင်းမှာပဲ ကပ်ညိနေလေ၏။
သူ၏ ဦးခေါင်းထက်မှာရှိတဲ့ လောထျန်း၏ စိတ်ဝိညာဥ်ခန္ဓာကိုယ်က ဧရာမလူသားကြီးသဖွယ် အပေါ်ကနေ သူ့ကို စီးမိုးကြည့်နေခဲ့သည်။
လောထျန်း၏ အရိပ်အောက်မှာ ခေါင်းကိုးလုံးသားရဲက တီကောင်တစ်ကောင်လို တွန့်လိမ်နေရ၏။
“လာနောက်နေတာလား.. ဒီကမ္ဘာပေါ်မှာ ဒီလောက်အားကောင်းတဲ့ စိတ်ဝိညာဥ်စွမ်းအင် ရှိလို့လား” သူ ထိတ်လန့်တကြား ရေရွတ်လိုက်မိပြီ..
ထိုအချိန်မှာပဲ လောထျန်း၏ ခန္ဓာကိုယ်မှ ခြေထောက်တစ်ချောင်း မြှောက်လာတာကို သူတွေ့လိုက်ရသည်။