အခန်း (၁၀၆၁-၁၀၆၂)
Vol. 72 Ch. 1061-1062
Ch 1061
(ပစ္စည်းစုဆောင်း၍ပြီးစီး)
သခင်ကြီးကု၏ ဝိညာဥ်က မခံနိုင်စွာ တွန့်လိမ်လိုက်ပြီး နာကျင်စွာအော်လိုက်သည်။
သို့ပေမဲ့ သူက အော်နေတာ မရပ်ခဲ့ပေ။
“ဒါလောင်မသေမျိုးဘုရင်ကြီး ကျုပ်ကို စိတ်မပူနဲ့.. ကျုပ်က အပြစ်ကြီးကျူးလွန်မိခဲ့တဲ့ သူပဲ၊ ကျုပ်ကို သနားနေဖို့မလိုဘူး”
“ကျုပ်ကြောင့်နဲ့ ဒီကောင်ကြီးလွတ်သွားရင် အကုန်လုံး ဒုက္ခရောက်လိမ့်မယ်”
“ငါ ပါးစပ်ပိတ်ဖို့ ပြောထားတယ်” ခေါင်းကိုးလုံးသားရဲက ဒေါသတကြီး မာန်ပြီးသည်နှင့် သခင်ကြီးကု၏ဝိညာဥ်ကို ထပ်ဖိနှိပ်လိုက်ပြီး စကားမပြောနိုင်တော့အောင် လုပ်လိုက်သည်။
ထို့နောက်မှာ လောထျန်းကို ကြည့်ကာ ပြောလိုက်၏။
“ဟေ့ကောင်၊ မင်းငါ့ကိုလွှတ်ပေးရင် ဒီလူ့ရဲ့ဝိညာဥ်ကို ငါပြန်ပေးမယ်။ ပြီးရင် ငါနတ်ဘုရားတောအုပ်ကို ချက်ချင်းပြန်သွားမယ်လို့ ကတိပေးတယ်”
သူ့အနေနှင့် ဒီအခြေအနေက တော်တော်လေး မျှတသည်ဟု ထင်ပါ၏။
ဒါပေမဲ့ လောထျန်းက မျက်မှောင်ကြုတ်လိုက်လေကာ
“ဘာလို့လွှတ်ပေးရမှာလဲ”
“ဟမ်” ခေါင်းကိုးလုံးသားရဲ မှင်သက်သွားမိသည်။
လောထျန်း၏ မေးခွန်းကို သူနားမလည်တော့ပါချေ။
သို့သော် ကျားတစ်ကောင်လို စူးရှစွာ ကြည့်နေသော လောထျန်းကြောင့် သူ စိတ်ရှည်ရှည် ရှင်းပြရပါတော့၏။
“ မင်းငါပြောသလို မလုပ်ရင် ငါဒီကောင့်ကို နင်းချေပစ်မှာနော်”
ပြောပြီးသည်နှင့် ခေါင်းကိုးလုံးသားရဲက သခင်ကြီးကု၏ ဝိညာဥ်ကို လောထျန်းမြင်အောင် လှုပ်ပြလိုက်သည်။
တစ်ချိန်ထဲမှာ သူအနည်းငယ် ဂုဏ်ယူမိသွားသေး၏။
“ဟမ့်၊ လူသားတွေက ကြောင်သူတော်တွေပဲ၊ လူကယ်ဖို့အတွက်ဆိုရင် စတေးရတာ သေလောက်အောင် ကြိုက်ကြတဲ့သူတွေ.. ငါပြောသလို ဒီကောင်လေး သေချာပေါက် လုပ်မှာပဲ”
ထိုသို့တွေးလိုက်ပြီး ခေါင်းကိုးလုံးသားရဲက လောထျန်းကို မျက်လုံးများကျဥ်းကာ ကြည့်လိုက်လေသည်။
နောက်တစ်စက္ကန့်မှာ လောထျန်း လက်တစ်ဖဝါးတစ်ဖက် မြှောက်လိုက်တာကို မြင်လိုက်ရသည်။ ကောင်းကင်ဘုံတာအိုလက်ဝါးက ချက်ချင်း အသက်ဝင်လာ၏..
“ဟမ်”
ခေါင်းကိုးလုံးသားရဲ ထိတ်လန့်သွားချိန်မှာပဲ ထိုလက်ဝါးက သူ့အပေါ် ကျရောက်လာခဲ့သည်။
ဘုန်း
သူ အလျင်အမြန်ရှောင်လိုက်တာတောင်မှ ခြေတစ်လှမ်းနောက်ကျသွားပြီး သူ၏ ခေါင်းတစ်လုံးက လောထျန်း၏ လက်ဖဝါးအောက်မှာ ပိတ်မိသွားခဲ့သည်။
ချက်ချင်းပဲ ထိုခေါင်းက သွေးမှုန်အဖြစ် ပျံ့ကျဲသွားလေသည်။
“မဖြစ်ဘူး”
ခေါင်းကိုးလုံးသားရဲ၏ မျက်လုံးက အပြင်ထွက်တော့မတတ် ပြူးကျယ်သွားသည်။
သူ၏ ဦးခေါင်းလေးခဗျာ နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့ပြီး နောက်ဆုံးမှ ပြန်လွတ်လာသည်.. သို့သော် မိနစ်ပိုင်းအတွင်း အခုလို နင်းချေခံလိုက်ရသည်။
ကျန်သောခေါင်းရှစ်ခုက ချက်ချင်းပဲ လောထျန်းကို ဝါးစားတော့မတတ် စူးရဲစွာ ကြည့်လိုက်ကြ၏။
“မင်း.. မင်းဘာလုပ်တာလဲ။ ငါဒီကောင့်ကို သတ်ပစ်မှာလို့ ပြောတာ မကြားဘူးလား”
ပြောပြီးသည်နှင့် ခေါင်းကိုးလုံးသားရဲက လက်ထဲက သခင်ကြီးကု၏ ဝိညာဥ်ကို ထပ်ယမ်းပြသည်။
လောထျန်းက မျက်မှောင်ကြုတ်နှင့် ပြန်ဖြေလိုက်ပါ၏။
“အင်း ကြားတယ်လေ”
“ဒါဆိုဘာကိစ္စ ငါ့ကို ရိုက်နေရသေးတာလဲ”
ခေါင်းကိုးလုံးသားရဲက ဒေါသတကြီးအော်သည်။
လောထျန်းက အံ့သြစွာ ပြန်ဖြေလိုက်လေသည်။
“မင်း သတ်ချင်ရင်သတ်ပေါ့၊ ငါနဲ့ဘာဆိုင်လဲ။ ငါနဲ့အဲ့လူနဲ့ ဘာပတ်သတ်မှုမှ မရှိဘူး။ ပြီးတော့ သူကိုယ်တိုင် စိတ်မပူဖို့ ပြောသွားတာကို မင်း မကြားဘူးလား”
“မင်း..” ခေါင်းကိုးလုံးသားရဲ ပြောစရာမရှိတော့ပေ။
လောထျန်း ပြောသွားတာမှန်ပါသည်.. ဒါပေမဲ့ အဲ့လိုမဖြစ်သင့်ဘူးလေ။
သူနားလည်သလောက် လူသားတစ်ယောက်က ဒီလိုမပြုမူရဘူးလေ။
သူ အတွေးလွန်နေစဥ်မှာပဲ..
ဘုန်း
လောထျန်းက ထပ်မံတိုက်ခိုက်လိုက်လေရာ၊ အရှုတ်အထွေးနတ်ဘုရားအလင်းတန်း ရောက်လာခဲ့သည်။
ဘုန်း
ချက်ချင်းပဲ ခေါင်းနောက်တစ်လုံး ပျောက်ကွယ်သွားလေ၏။
“ဟေ့ကောင်..” အလွန့်အလွန် မည်းမှောင်နေသော မျက်နှာထားဖြင့် ခေါင်းကိုးလုံးသားရဲက အော်ဟစ်လိုက်သည်။
ဒီလိုမကောင်းတဲ့ကောင်မျိုးနဲ့မှ သူဘာကြောင့် ကြုံတွေ့ရသနည်း။
ဒီကောင်က သူ့ထက်ပင် ရက်စက်သေးသည်။
တစ်ဖက်က လောထျန်းက နှစ်ကြိမ်မြှောက်တိုက်ပြီးနောက်မှာ အနည်းငယ် စိတ်မရှည်ဖြစ်လာခဲ့သည်။
ချက်ချင်းပဲ အရှုတ်အထွေးနတ်ဘုရားအလင်းတန်းကို ခန္ဓာကိုယ်ပတ်ပတ်လည် ဝန်းရံစေလိုက်သည့်အတွက် အရှုတ်အထွေးမဟာတာအို ထွက်ပေါ်လာခဲ့သည်။
“ခေါင်းကခုနှစ်လုံး ကျန်သေးတာဆိုတော့ ငါအကုန်သုံးပေးရတာပေါ့”
လောထျန်းက အဖက်မလုပ်သော မျက်နှာထားနှင့် ဆိုသည်။
ထို့နောက်မှာ လက်တစ်ဖက်ကို ပေါ့ပါးစွာ ဝေ့ယမ်းလိုက်၏။
ဘိ
အရှုတ်အထွေးလက်နက် ခုနှစ်ခုက ချက်ချင်း ဝဲပျံလာခဲ့သည်။
“မင်း..”
အရှုတ်အထွေးလက်နက်ခုနှစ်ခု၏ အရောင်အဝါကို ခံစားမိသည်နှင့် ခေါင်းကိုးလုံးသားရဲ ခေါင်းကြိမ်းသွားလေ၏။
ထိုတိုက်ခိုက်မှုကိုသာ ရင်ဆိုင်ရလျှင် သူ တကယ် သေဆုံးရလိမ့်မည်။
ခေါင်းကိုးလုံးသားရဲ၏ နှလုံးသားတစ်ခုလုံး အရိုင်းဆန်လာတော့သည်။
“ ဟေ့ကောင်… မင်း..မင်း၊ မင်းမဟုတ်တာ မလုပ်နဲ့နော်၊ မင်းငါ့ကို သတ်လို့မရဘူး”
ကျန်သော ခေါင်းခုနှစ်လုံးမှ အမည်းရောင်အလင်းများ ထွက်ပေါ်လာသည်။
နောက်တစ်စက္ကန့်မှာပဲ…
ဝူး
ကြီးမားသော သားရဲ ခန္ဓာကိုယ်က မရေမတွက်နိုင်သော အလင်းမှုန်အဖြစ် ပြောင်းလဲသွားပြီး အဘက်ဘက်ကို ပျံ့ကျဲသွားလေ၏။
“ဟဟ၊ ငါအခု ငါ့ရဲ့ဝိညာဥ်နဲ့ ခန္ဓာကိုယ်ကို အခြေခံအကျဆုံး ဝတ္ထုအဖြစ် ပြောင်းလဲလိုက်ပြီ။ မင်းဘယ်လိုနည်းလမ်းနဲ့မှ ငါ့ကိုသတ်လို့ မရတော့ဘူးကွ”
“နှစ်တစ်သန်းနေရင် ဒီအမှုန်တွေက ပြန်စုဝေးသွားမယ်။ အဲ့ဒီအချိန်ကျရင် ငါ့ရဲ့ပင်မခန္ဓာကိုယ်ပါ အပေါ်ကမ္ဘာထဲ ရောက်လာတော့မှာ.. ငါ့ရဲ့ခန္ဓာကိုယ်နဲ့ ပြန်ပေါင်းစည်းပြီးသွားရင် မင်းငါ့ကို.ဘာမှ မလုပ်နိုင်တော့ဘူး”
“ဒီတစ်ခေါက် ငါရှုံးတာ ဝန်ခံတယ်၊ ဒါပေမဲ့ မင်းလဲမနိုင်ခဲ့ဘူး”
ကောင်းကင်နှင့်မြေကြီးကြားမှာ ခေါင်းကိုးလုံးသားရဲ၏ ပဲ့တင်ထပ်နေသော အသံကိုပဲ ကြားနေရသည်။
ခေါင်းကိုးလုံးသားရဲက အမှုန်အဖြစ် ပျောက်ကွယ်သွားသည့်အတွက် ဒါလောင်မသေမျိုးဘုရင်ကြီးလဲ အချုပ်အနှောင်မှ လွတ်မြောက်သွားခဲ့သည်။
လောထျန်း၏ ဘေးကို ခက်ခက်ခဲခဲ လျှောက်လာခဲ့ပြီး ပတ်ပတ်လည်ကို အားငယ်စွာ ကြည့်ကာ သက်ပြင်းချလိုက်၏။
“သခင်လေးလောထျန်း၊ ဒီအနေအထားထိ ရောက်အောင် တိုက်ခိုက်ခဲ့ရတာ သခင်လေး အတွက်လဲ လွယ်ကူမှာမဟုတ်ပါဘူး။ ဒါပေမဲ့ နတ်ဘုရားတောအုပ်ရဲ့ နမိတ်ဆိုးက သတ်ဖို့မလွယ်ဘူး.. သခင်လေး စိတ်ဓာတ် မကျပါနဲ့”
ဒီကိစ္စကြောင့် လောထျန်း စိတ်ပျက်သွားမှာ သူစိတ်ပူမိသည်။
ထိုအချိန်မှာ လောထျန်းတစ်ယောက် မျက်လုံးများတောက်ပသွားရင် ရုတ်တရက် ထအော်လေ၏။
“သန့်စင်တဲ့ စွမ်းအင်..”
“ဟမ်” လောထျန်း၏ ဆိုလိုရင်းကို နားမလည်ပဲ ဒါလောင်မသေမျိုးဘုရင်ကြီး အနည်းငယ် အံ့သြသွားသည်။
ထိုအချိန်မှာပဲ လောထျန်းက အသံလွှင့်အဆောင်ကျောက်ပြားတစ်ခု ထုတ်လိုက်သည်။
“သခင်လေးလောထျန်း၊ ဘာလုပ်မလို့လဲ”
ဒါလောင်မသေမျိုးဘုရင်ကြီး ရှုတ်ထွေးလာတော့၏။
သို့သော် လောထျန်းက အဖြေမပေးဘဲ အသံလွှင့်အဆောင်ကျောက်ပြားကိုသာ အသက်သွင်းလိုက်သည်။
ဘိ
အသံလွှင့်အဆောင်ကျောက်ပြားပေါ်တွင် သခင်ကြီးဟောင်၏ မျက်နှာ ထွက်ပေါ်လာ၏။
“ သခင်လောထျန်းလား၊ ဒီအဖိုးကြီးက သခင်လောထျန်းကို အရိုအသေပေးပါတယ်”
သခင်ကြီးဟောင်က လောထျန်းကို မြင်သည်နှင့် အရိုအသေပြုလိုက်သည်။
လောထျန်းက လက်တစ်ဖက်သာ ယမ်းပြရင်း.တိုက်ရိုက်ပြောလိုက်လေ၏။
“သခင်ကြီးဟောင်၊ ကောင်းကင်ဘုံကိုးသွယ်အစီအရင်အတွက် ပစ္စည်းတွေ အသင့်ဖြစ်ပြီလား”
ဒီနေရာကို ရောက်မလာခင်က လောထျန်းသည် အဆုံးအစမဲ့ကျင့်ကြံဆင့်ကို တက်နိုင်ဖို့ရန် ကောင်းကင်ဘုံကိုးသွယ်အစီအရင်အတွက် ပစ္စည်းများ စုဆောင်းခိုင်းထားခဲ့သည်။
ဒီအချိန်လောက်ဆို အဆင်သင့်ဖြစ်နေသင့်ပြီ။
သခင်ကြီးဟောင်က ချက်ချင်းဖြေလာ၏။
“သခင်လောထျန်းကို မဟုတ်တောင် လာပြောတော့မလို့ပဲ၊ ပစ္စည်းက အဆင်သင့်တော့ဖြစ်နေပြီ.. ဒါပေမဲ့ မသေမျိုး ဆေးပင်တစ်ခုပဲ နဲနဲ ပြဿနာတက်နေတာ”
“ဟမ်..ဘာဖြစ်တာလဲ”လောထျန်း ချက်ချင်း စိတ်ပူသွားသည်။
ဒီအချိန်ကျမှ ဘာတွေ မှားယွင်းတော့မှာ များလဲ။
သခင်ကြီးဟောင်က ရှုတ်ထွေးနေသော မျက်နှာနှင့် ပြောလာသည်။
“အစကအဆင်ပြေသေးတယ်၊ ဒါပေမဲ့တကယ် သွားခူးလိုက်တဲ့အချိန်မှာ အဲ့ဒီမသေမျိုးဆေးပင်ထဲမှာ အဆိပ်တစ်ချို့ ပါနေတာ တွေ့လိုက်ရတယ်။ အထဲက အကျိုးဖြစ်စေတဲ့အစွမ်းက မပြောင်းလဲဘူးဆိုပေမဲ့ အဲ့ဆေးပင်ကို စားလိုက်ရင် သေချာပေါက် အဆိပ်ကိုလဲ ရှောင်လွှဲလို့မရတော့ဘူး”
“ဒါကြောင့် နောက်တစ်ပင်ကို စောင့်ရတော့မယ်.. စိတ်မပူပါနဲ့၊ နောက်သုံးလနေရင် အဲ့ဒီအပင် အရွယ်ရောက်လာပါပြီ”
လောထျန်း သက်ပြင်းရှည်ကြီး ချလိုက်လေကာ
“ကျုပ်က ကြီးကြီးမားမား တစ်ခုခု ဖြစ်တယ်ထင်သွားတာ၊ ဒီလောက်က ကိစ္စ မရှိဘူး။ ကျုပ်ကို ပစ္စည်းတွေအခုပဲ ပို့ပေးလိုက်ပါ..အဆိပ်ပါနေတဲ့ မသေမျိုးဆေးပင်ပါ ပို့ပေးလိုက်”
သူ၏ ကောင်းမွန်လှသော ခန္ဓာကိုယ်က သာမာန်အဆိပ်ကို ကြောက်စရာလား။
တစ်ခြားသူကို သေစေနိုင်ရင်တောင်မှ.. ကြီးမြတ်သော လောထျန်းက ဘာဖြစ်ရမည်နည်း။
“ဒါက..ဟုတ်ကဲ့ပါ” သခင်ကြီးဟောင်က အနည်းငယ် တွန့်ဆုတ်နေသော်လည်း အမိန့်ကို မငြင်းရဲတာကြောင့် ချက်ချင်း သဘောတူလိုက်သည်။
ထိုအချိန်မှာ ဒါလောင်မသေမျိုးဘုရင်ကြီးက အံ့သြစွာကြည့်ရင်း မေးလာလေ၏။
“သခင်လေးလောထျန်း၊ ဘာလုပ်မလို့တုန်း”
လောထျန်းက လျို့ဝှက်နယ်မြေထဲက ပေါများသော စွမ်းအင်နှင့်အတူ လေထုထဲ လောလောလတ်လတ်ကမှ ဝင်ရောက်လာသည့် သန့်စင်သည့်စွမ်းအင်များကို ကြည့်ရင်း စပ်ဖြဲဖြဲ ပြုံးလိုက်ပြီးမှ စိတ်လှုပ်ရှားစွာ ပြောလိုက်လေ၏။
“ကျုပ်လား.. အဆင့်တက်မလို့လေ”
……Ch 1062
(နည်းလမ်းနှစ်မျိုး)
“အဆင့်တက်မယ်ဟုတ်လား”
လောထျန်း ပြောတာကို နားမလည်သောကြောင့် ဒါလောင်မသေမျိုးဘုရင်ကြီး၏ ပုံစံက ရှုတ်ထွေးလာခဲ့သည်။
ဘိ
ထိုအချိန်မှာပဲ အဖြူရောင်အလင်းတန်း တစ်ခုက သခင်ကြီးကု၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်။
နောက်တစ်စက္ကန့်မှာ သခင်ကြီးကု မျက်လုံးပွင့်လာခဲ့ပြီး အကြမ်းပတမ်း ချောင်းဆိုးလေ၏။
ဒါလောင်မသေမျိုးဘုရင်ကြီး ချက်ချင်း ရှေ့တိုးသွားလိုက်ကာ
“သခင်ကြီးကု အဆင်ပြေရဲ့လား”
အချိန်အကြာကြီး ချောင်းဆိုးပြီးနောက်မှာ သခင်ကြီးကု အဆင်ပြေသွားခဲ့ပြီး ဖြူဖွေးနေသော မျက်နှာဖြင့် ပြောလာခဲ့သည်။
“အဲ့ဒီအကောင်ကြီး ကိုယ့်ကိုယ်ကို ဖျက်ဆီးလိုက်တုန်းက ကျုပ်ရဲ့ဝိညာဥ်လဲ ထိခိုက်သွားခဲ့တယ်… ဒီဘဝမှာ မသေမျိုးဧကရာဇ်တစ်ပိုင်းအဆင့်ကို ကျုပ်မရောက်နိုင်တော့ဘူး ထင်ပါရဲ့ဗျာ”
ဒါလောင်မသေမျိုးဘုရင်ကြီး သက်ပြင်းဖွဖွ ချလိုက်၏။
သခင်ကြီးကု က မသေမျိုးဧကရာဇ်တစ်ပိုင်း အဆင့်ကို အဆင့်တက်ချင်၍ အခုလို ခေါင်းကိုးလုံးသားရဲဆီမှ လှည့်စားခံလိုက်ရခြင်း ဖြစ်သည်။
သို့ပေမဲ့ အဆုံးမှာတော့ ကျရှုံးခဲ့သည့်အပြင် ဘယ်တော့မှ အဆင့်တက်နိုင်တော့မည် မဟုတ်ပေ။ ကံကြမ္မာက သခင်ကြီးကုကို ကျီစယ်လွန်းတာပဲ။
ထိုအချိန်မှာပဲ သခင်ကြီးကုက သတိဝင်လာပြီး လောထျန်းကို ရုတ်တရက် ပြောလိုက်၏။
“သခင်လေးလောထျန်း၊ ကျေးဇူးပြုပြီး ဒီကလေးတွေကိုလဲ ကယ်တင်ပေးပါအုံး”
ပြောပြီးသည်နှင့် သူက ဘေးက နမိတ်ဆိုးများကို လက်ညိုးထိုးလိုက်သည်။
ဒီကောင်တွေက ကြွေ့ထျန်းလျို့ဝှက်နယ်မြေ အတွင်း လာရောက်လေ့လာသော ဂိုဏ်းအသီးသီး၏ နတ်ဘုရားသားတော်များကို တိုက်ခိုက်ခဲ့သည်။ ပြောရလျှင် ထိုလူငယ်များအားလုံးက သူ့ကြောင့် ထိခိုက်သွားရတာပဲ။
လောထျန်း.ဘာမှမပြောခဲ့ပေ။ ထို့နောက် ဘေးမှာရပ်နေကြသော နမိတ်ဆိုးများကို တစ်ချက်ကြည့်ပြီး စိတ်ဝိညာဥ်စွမ်းအင်ကို အသက်သွင်းလိုက်၏။
ဘုန်း
သူ၏ စိတ်ဝိညာဥ်စွမ်းအင်က ထိုခန္ဓာကိုယ်များအတွင်း ဖောက်ဝင်သွားသည်။
အကုန်လုံးဆီမှ နာကျင်လွန်း၍ ညည်းညူသံများ ထွက်ပေါ်လာပြီး တစ်ယောက်ချင်းဆီ မြေပြင်ပေါ်ပြုတ်ကျကာ အဆတ်မပြတ် တွန့်လိမ်ကုန်လေသည်။
အချိန်တစ်ခုကြာပြီးနောက်မှသာ အကုန်လုံး တဖြည်းဖြည်းနှင့် ငြိမ်လာသည်။
လူငယ်တစ်ယောက်က သူ့မျက်လုံးကို ခပ်ဖြည်းဖြည်း ဖွင့်လိုက်ရင်း ကတုန်ကယင် ပြောလာခဲ့သည်။
“ဘာ..ဘာတွေဖြစ်ခဲ့တာလဲ”
ထိုကောင်လေးက သခင်ကြီးကုကို မြင်သည်နှင့် သတိကပ်သွားကာ အော်ဟစ်တော့သည်။
“ကျုပ်…ကျုပ် မှတ်မိပြီ၊ ခင်ဗျား ကျုပ်ကို လှည့်စားခဲ့တာပဲ။ ကျုပ်ကို ဒီလိုဖြစ်အောင် ခင်ဗျားလုပ်ခဲ့တာ”
တစ်ခြားနိုးလာကြသော လူငယ်အသီးသီးကလဲ ဒေါသထွက်နေသော မျက်နှာများဖြင့် ကြည့်လာကြလေ၏။
အကုန်လုံးသည် တူညီသောနည်းလမ်းဖြင့် လှည့်စားခံခဲ့ ကြရဟန် ရှိသည်။
သခင်ကြီးကု တစ်ယောက် ဘာလုပ်ရမည် မသိတော့ဘဲ.. ဒါလောင်မသေမျိုးဘုရင်ကြီးကို အကူအညီတောင်းစွာ လှည့်ကြည့်လိုက်သည်။
ဒါလောင်မသေမျိုးဘုရင်ကြီး ရှေ့တစ်လှမ်းတိုးကာ ရှင်းပြလိုက်၏။
“အကုန်လုံးပဲ၊ ဒါက နားလည်မှုလွဲတာပါ…”
ဒါလောင်မသေမျိုးဘုရင်ကြီး၏ အကြမ်းဖျဥ်း ရှင်းပြမှုကြောင့် အကုန်လုံး နားလည်သွားခဲ့သည်။
“ကျွန်တော်တို့.. တကယ်ကြီး ဝိညာဥ်ဝင်ပူးခံလိုက်ရတာပေါ့၊ ဒါဆို အခု ဘာပြဿနာမှ မရှိတော့ဘူးမလားဟင်”
လူငယ်လေးက စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် မေးလိုက်သည်။
သခင်ကြီးကု ခေါင်းရမ်းလိုက်လေကာ
“စိတ်မပူပါနဲ့၊ မင်းတို့ကအချိန်ခဏပဲ ဝိညာဥ် အပြင်ရောက်သွားခဲ့တာပါ။ အဲ့ကောင်တွေမှာ မင်းတို့ဝိညာဥ်ကို ပျက်ဆီးအောင်လုပ်ဖို့ အချိန်မလုံလောက်ခဲ့ဘူး။ နောက်ထပ် ဆယ်ရက်..လဝက်လောက်ပဲ ပိုကြာခဲ့မယ်ဆို ရင်တောင် မင်းတို့တွေအားလုံး နောင်တအပြည့်နဲ့ ရှင်သန်ကြရတော့မှာ”
ထိုမှသာ အကုန်လုံး စိတ်သက်သာသွားခဲ့သည်။
ထိုအချိန်မှာပဲ သခင်ကြီးကုက ရှေ့တစ်လှမ်းတိုးလိုက်ပြီး လောထျန်းရှေ့မှာ ဒူးထောက်ချကာ ပြောလိုက်သည်။
“ဒီအဘိုးကြီးက အမှားကြီးကျူးလွန်မိခဲ့တယ်။ သခင်လေးလောထျန်း ဖြေရှင်းပေးခဲ့လို့ မဟုတ်ရင် အပေါ်ကမ္ဘာတစ်ခုလုံး ကံဆိုးမိုးမှောင် ကျရတော့မှာ…ကျုပ်ကြောင့်နဲ့ အဲ့ဒီလိုဖြစ်သွားရရင် အကြိမ်တစ်ထောင် သေပေးရရင်တောင် ပြန်ဆပ်ဖို့ လုံလောက်မယ် မထင်ပါဘူး”
သခင်ကြီးကုက လောထျန်းကို အရိုအသေပေးလိုက်သည်။
လောထျန်းက ရေသေလို တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့ပြီး အရိုအသေပြုပြီးသည်အထိ စောင့်ပြီးမှ ပြောလိုက်၏။
“သခင်ကြီးကု၊ ခင်ဗျားလုပ်ခဲ့တဲ့ ကိစ္စကို ကျုပ်ဝင်မပါလိုဘူး..ဒါပေမဲ့ ကျုပ် ခွင့်မလွှတ်ပေးနိုင်တဲ့ အရာတစ်ခု ရှိနေတယ်”
ဒါလောင်မသေမျိုးဘုရင်ကြီး ကျောရိုးတစ်လျှောက်လုံး ချမ်းစိမ့်သွားသလို ခံစားလိုက်ရသည်။
လောထျန်း၏ ပုံစံက ဒေါသထွက်နေဟန်ပင်။
သခင်ကြီးကုကို တိုက်ခိုက်ခဲ့လျှင် သူ ဘယ်လိုလုပ်ရမလဲ။
သူ ရှေ့ထွက်ပြီး အသနားခံဖို့ရန် ခြေတစ်လှမ်းတိုးလိုက်သည်.. သို့သော် ရှုတ််ထွေးနေသော မျက်နှာဖြင့် တွန့်ဆုတ်စွာ အနောက်ပြန်ဆုတ်လိုက်ပြန်၏။
သူ စကားပြောဖို့ရန် အချိန်မကျသေးဘူး..
သခင်ကြီးကုက ထိုအချိန်မှာ တိုက်ရိုက်ပဲ မေးခွန်းထုတ်လိုက်သည်။
“သခင်လေးလောထျန်း ဘာကိုဆိုလိုချင်တာလဲ ဆိုတာ ကျုပ်မေးလို့ရမလား”
လောထျန်း အနောက်လှည့်ပြီး လောရှောင်ရှောင်းကို လာဖို့ရန် အချက်ပြလိုက်သည်။
“ခင်ဗျားက ခေါင်းကိုးလုံးသားရဲကို အပြင်ထွက်စေခဲ့ပြီး လောမိသားစုကို ထိခိုက်စေခဲ့တယ်။ ဒီကိစ္စကို မဖြေရှင်းနိုင်ရင် ကျုပ်ခင်ဗျားကို ချမ်းသာပေးမှာ မဟုတ်ဘူး”
လောထျန်း အေးစက်စွာ ပြောလိုက်၏။
“ဟမ်” သခင်ကြီးကု အံ့သြသွားသည်။
လောထျန်း၏ အချက်ပြမှုကြောင့် လောရှောင်ရှောင်းက သူမ၏ အသိစိတ်ပင်လယ်ကို ဖွင့်ပြလိုက်သည်။
ရင်းနီးသော ပုံရိပ်ကို ပြန်မြင်လိုက်ရ၍ သခင်ကြီးကု ထိတ်လန့်သွားလေ၏။
“ဒါ..ဒါက ခေါင်းကိုးလုံးနမိတ်ဆိုးလား” သူ၏ နှလုံးသားတစ်ခုလုံး တုန်ယင်သွားလေသည်။
သခင်ကြီးကုက ချက်ချင်းပဲ လောရှောင်ရှောင်းရှိရာကို တစ်ကိုယ်လုံး လှည့်ကြည့်ပြီး ဆိုလိုက်သည်။
“ဒီလို မဖြစ်သင့်ဘူး”
“ဘာမဖြစ်သင့်တာလဲ” လောထျန်း မျက်မှောင်ကြုတ်ဖြင့် မေးခွန်းထုတ်လိုက်၏။
သခင်ကြီးကုက အမြန်ရှင်းပြလိုက်သည်။
“ဒီကမိန်းကလေးက ခေါင်းကိုးလုံးနမိတ်ဆိုးရဲ့ ပုံစံအစစ်ကိုတောင် ဖော်ထုတ်နိုင်နေပြီ။ ဒီပုံစံအတိုင်းဆို သူမက အချိန်အကြာကြီးထဲက ခေါင်းကိုးလုံးနမိတ်ဆိုးရဲ့ အစွမ်းဆီမှာ သက်ရောက်ခဲ့ပြီး ရုပ်သေးရုပ် ဖြစ်နေသင့်ပြီ”
လောရှောင်ရှောင်းကို အထက်အောက် စစ်ဆေးပြီးနောက် သခင်ကြီးကုက မျက်မှောင်ကြုတ်ဖြင့် ဆက်ပြောသည်။
“ဒါပေမဲ့ ဒီမိန်းကလေးရဲ့ အသိစိတ်ပင်လယ်က ကြည်လင်ပြီး ချီစွမ်းအင်က သန့်စင်တယ်..သက်ရောက်ခံရတဲ့ အရိပ်အယောင် တစ်ခုတောင် မရှိဘူး။ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
လောထျန်းလဲ အံ့သြသွားသည်။
လောရှောင်ရှောင်းထံမှာ ဒီလိုအန္တာရယ်မျိုး ကျရောက်နေမှန်း သူလုံးဝ မသိခဲ့ပေ။
သခင်ကြီးကုက လောရှောင်ရှောင်းကို ရှုတ်ထွေးစွာ စိုက်ကြည့်နေရင်းမှ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ဒါဆို အခြေအနေတစ်ခုပဲ ရှိတော့တယ်”
“ဘာအခြေအနေလဲ” လောထျန်း မေးလိုက်သည်။
သခင်ကြီးကု မျက်မှောင်ကြုတ်ဖြင့် ရှင်းပြ၏။
“ဒီမိန်းကလေးရဲ့အစွမ်းက နတ်ဘုရားတောအုပ်ရဲ့ နမိတ်ဆိုးထက် ပိုမြင့်နေတာပဲ.. သူမက ခေါင်းကိုးလုံးနမိတ်ဆိုးရဲ့ အရောင်အဝါကို လုံးဝ ဖိနှိပ်လိုက်ပြီး သူမအပိုင်အဖြစ် ပြောင်းလဲထားလို့မှ မဟုတ်ရင် ဒီလိုမဖြစ်နိုင်ဘူး”
“ဒါပေမဲ့ လောကမှာ ဒီလိုအစွမ်းမျိုးရှိလို့လား။ မသေမျိုးဧကရာဇ်ကြီးသုံးပါးတောင်မှ ခေါင်းကိုးလုံးသားရဲကို မနှိမ်နှင်းနိုင်ခဲ့ဘူးလေ…”
သခင်ကြီးကုတစ်ယောက် အလွန်ရှုတ်ထွေးနေဟန် ရှိသည်။
သို့သော် လောထျန်းကတော့ အတွေးပေါက်သွားလေပြီ။
လောရှောင်ရှောင်းမှာ ပိုမြင့်တဲ့အစွမ်းရှိနေတာပဲ.. ကောင်းကင်ဘုံတာအိုသိုင်း…
လောရှောင်ရှောင်းက ကောင်းကင်ဘုံတာအိုသိုင်းကို ကျင့်ပြီးမှ သူမ၏ အသိစိတ်ပင်လယ်ကို ဖွင့်လို့ရခဲ့တာကို လောထျန်း ပြန်အမှတ်ရလိုက်သည်။
ကောင်းကင်ဘုံတာအို၏ အစွမ်းက အလွန်အမင်း အင်အားကြီးသည်။
ထို့အပြင် ကျင့်ကြံဖို့ရန်လဲ ခဲယဥ်းသည့်အတွက် လောရှောင်ရှောင်း အနည်းငယ်သာ ကျင့်ကြံနိုင်ခဲ့၏။ သို့သော် ခေါင်းကိုးလုံးသားရဲကို ဖိနှိပ်ဖို့ လုံလောက်ခဲ့လေသည်။
လောထျန်း ချက်ချင်းပဲ သခင်ကြီးကုကို လှည့်မေးလိုက်သည်။
“ဒါဆို အဲ့အစွမ်းကို သူ ဘယ်လိုဖယ်လို့ ရမလဲ”
သခင်ကြီးကုက အကြာကြီးစဥ်းစားပြီးမှ ပြောလိုက်၏။
“လက်ရှိမှာ မိန်းကလေးရဲ့ ထိန်းချုပ်နိုင်စွမ်းက အရမ်းကောင်းပါတယ်။ နတ်ဘုရားတောအုပ်ထဲက ပင်မခန္ဓာကိုယ် ရောက်လာပြီး လှုပ်ရှားမှုမရှိသရွေ့ သူမ စိတ်လွတ်သွားမှာ မဟုတ်ပါဘူး”
“ဒါပေမဲ့ လုံးဝအပြီးဖြေရှင်းချင်ရင်တော့ နည်းလမ်းနှစ်ခု ရှိတယ်”
လောထျန်း ချက်ချင်းပဲ မျက်လုံးများ တောက်ပသွားသည်။
“ဘာနည်းလမ်းလဲ”
သခင်ကြီးကုက လက်တစ်ချောင်း ထောင်လိုက်ကာ
“မိန်းကလေးမှာ ခေါင်းကိုးလုံးနမိတ်ဆိုးရဲ့ အစွမ်းကို ဖိနှိပ်နိုင်တဲ့ အစွမ်းမျိုးပိုင်ဆိုင်ထားတယ်။ သူမသာ အဲ့ဒီအစွမ်းကို ဆက်ကျင့်ကြံပြီး တိုးတက်စေရင် ပင်မခန္ဓာကိုယ်နဲ့ ထိပ်တိုက် တွေ့ရင်တောင်မှ ထိန်းချုပ်မှုလွတ်ကင်းတော့မှာ မဟုတ်ဘူး”
လောထျန်း သက်ပြင်းချလိုက်လေ၏။
ဒီနည်းလမ်းက တကယ်ကို အဓိပ္ပါယ်ရှိပေသည်။
သို့သော် ကောင်းကင်ဘုံတာအိုသိုင်းကို ကျင့်ကြံရတာက သူ့အတွက် ရေသောက်သလို လွယ်ကူရင်တောင်မှ လောရှောင်ရှောင်းအတွက်တော့ မဟုတ်ဘူး။
“ဒုတိယနည်းလမ်းက ဘာလဲ” လောထျန်း မေးလိုက်သည်။
သခင်ကြီးကုက ချက်ချင်း ဖြေလိုက်ပါ၏။
“ခေါင်းကိုးလုံးသားရဲ ရဲ့ ပင်မခန္ဓာကိုယ်ကို သတ်ရမယ်”