← Chapters

ကိုယ်ခံပညာကို ဆက်လက်လေ့ကျင့်ခြင်း

Vol. 26 Ch. 291

ကိုယ်ခံပညာကို ဆက်လက်လေ့ကျင့်ခြင်း

Vol. 26 Ch. 291

အထပ်မြင့်အဆောက်အအုံ၏ အပေါ်ဆုံးတွင် ကျိယွမ်သည် အတွေးနက်နေသော မျက်လုံးများဖြင့် ကောင်းကင်ကို ကြည့်နေခဲ့သည်။

ပြန်လည်ဝင်စားသူတွေကိုသတ်ရင် အကျိုးကျေးဇူးတွေ ရတယ်။

အကယ်၍ အခြားဝင်စားသူတစ်ဦးသာဆိုလျင် ဝမ်ဝေကို သတ်ဖြတ်ပြီးနောက် ရရှိလာသော အကျိုးကျေးဇူးများကို မြည်းစမ်းကြည့်ပြီးပါက အခြားသော ပြန်လည်စတင်သူများကို လိုက်လံအမဲလိုက်ရန် သွေးဆောင်ခံရနိုင်၏။

"ဒီလို ကံကောင်းမှု အနည်းငယ်က စိတ်ကျန်းမာရေးမကောင်းကြောင်း ထောက်ခံစာလောက်တောင် အသုံးမဝင်ပါဘူး။ တခြားပြန်လည်စတင်သူတွေကို လိုက်သတ်ရအောင် ငါကတကယ်ရူးနေတာမှ မဟုတ်တာ"

အခြားသော ပြန်လည်စတင်သူ အများစုသည် ယခင်ဘဝက သာမန်လူများသာဖြစ်ပြီး ကျိယွမ်ကဲ့သို့ အားကောင်းသော ထိုးထွင်းသိမြင်မှု မရှိကြပေ။ ထို့ကြောင့် အခြားပြန်လည်စတင်သူများကို သတ်ဖြတ်ခြင်းက သူတို့၏ ကံကောင်းမှုကို သိမ်းပိုက်နိုင်သည်ဟူသောအချက်ကို သူတို့ တော်ရုံနှင့်မသိနိုင်ကြပါ။

ဝမ်ဝေ၏အလောင်းကို တစ်ချက်ပြန် ကြည့်ရင် ကျိယွမ် စိတ်ပျက်သလို ညည်းတွား၏။

"နှမြောစရာပဲ။ အတွေ့အကြုံရမှတ်လေးတောင် မရလိုက်ဘူး။နင်က လေကြီးမိုးကြီးနဲ့ဆိုတော့ တော်တော် အစွမ်းထက်တယ်လို့ ငါ ထင်ထားခဲ့တာ"

ကျိယွမ်သည် ထိုသို့ ရေရွတ်ရင်းမှ စနိုက်ပါသမား၏ အလောင်းနားသို့ လျှောက်သွားကာ ဆက်သွယ်ရေးကိရိယာကို ကောက်ယူလိုက်သည်။

ထို့နောက် အနည်းငယ်ကြာသောအခါ အဆောက်အဦးပေါ်မှ ပြန်လာခဲ့လေ၏။

.........

နှစ်နာရီကြာပြီးနောက်။

ကျိယွမ်သည် ဆေးဖက်ဝင်အပင်မျိုးစုံနှင့် ပင်လယ်မိစ္ဆာများ ပြည့်နှက်နေသည့် အခန်းကျယ်ကြီးကို လှည့်ပတ်ကြည့်ရှုရင်း အလွန်ကျေနပ်နေ၏။

သို့သော် ခွမ်းဟွမ်ကတော့ ယခုချိန်ထိ

ထိတ်လန့်နေဆဲ ဖြစ်ပုံရသည်။ ယနေ့ ဖြစ်ပျက်ခဲ့သမျှသည် သူ၏ သာမန်အစိအမြင်ထက် များစွာကျော်လွန်နေခဲ့သည်မဟုတ်ပါလား။

လွန်ခဲ့သော နှစ်နာရီအတွင်း သူ့ဆီသို့ သတင်းမျိုးစုံ ဆက်တိုက် ရောက်ရှိလာခဲ့သည်။

လမ်းမပေါ်တွင် ကျိယွမ်ကို လုပ်ကြံရန် ကြိုးပမ်းခဲ့သူမှာ သလင်းနက်မြို့စားမိသားစုမှ ကျောက်ရန်ကျိ ဖြစ်ကြောင်း သူသိခဲ့ရ၏။

ကျောက်ရန်ကျိသည် အထက်တန်းလွှာမျိုးရိုးမှဖြစ်ပြီး သူ၏ဖခင်သည် လွန်ခဲ့သော အနှစ်သုံးဆယ်က ချင်-ချွေစစ်ပွဲတွင် အမှုထမ်းခဲ့သူ ဖြစ်သည်။

ယခုအခါ ကျောက်မိသားစုကို ကျောက်ရန်ကျိက ဦးဆောင်နေပြီး သူသည် ထျန်းယွဲ့မြို့တွင် အငြင်းပွားဖွယ်မရှိသော အရှင်သခင်လည်း ဖြစ်၏။

မျိုးရိုးစဥ်ဆက် ဗစ်ကောင့်စ်ဘွဲ့ရဖြစ်သော ခွမ်းဟွမ်းပင် ထျန်းယွဲ့မြို့၌ သလင်းနက်မိသားစုနှင့် ဆက်ဆံရာတွင် လိုက်လျောပေးရလေသည်။

"မစ္စတာကျိ... ကျွန်တော်တို့ လောလောဆယ် ထျန်းယွဲ့ကနေ ထွက်သွားသင့်လား"

ခွမ်းဟွမ်က စမ်းသပ်သည့်အနေဖြင့် အကြံပြုသလို မေးလိုက်သည်။

ဤနေရာသည် သလင်းနက်များ၏ နယ်မြေဖြစ်ပြီး အကယ်၍ သူတို့သည် ကျိယွမ်ကို အပြတ်ရှင်းရန် ဆုံးဖြတ်ထားပါက ခွမ်းဟွမ်အနေဖြင့် ကူညီနိုင်စွမ်း ရှိမည်မဟုတ်ပေ။

သူ၏ လက်အောက်ခံ ကြေးစားစစ်သားများသည် သလင်းနက်၏ အင်အားစုများကို ယှဉ်နိုင်စွမ်း မရှိကြပါ။

သို့သော် အကယ်၍ သူသည် ကျိယွမ်ကို ချင်းယန်သို့ ခေါ်သွားနိုင်ပါက သူ့ကို ကာကွယ်ပေးနိုင်မည်ဟု ယုံကြည်ချက် ရှိ၏။

"ငါက ဘာလို့ ထွက်သွားရမှာလဲ"

ကျိယွမ်က ချက်ချင်းခေါင်းခါလိုက်သည်။

"ငါ လူသတ်တုန်းက မျက်မြင်သက်သေ မရှိဘူး။ ငါကလည်း တော်တော် သတိထားခဲ့တယ်။ သက်သေလည်း မရှိ၊ သက်သေခံလည်း မရှိဘဲ ရဲတွေက ငါ့ကို ဘယ်လို ရှာတွေ့နိုင်မှာလဲ"

ခွမ်းဟွမ်မှာ ဘာဆက်ပြောရမည် မသိသဖြင့် ခေတ္တမျှ တိတ်ဆိတ်သွားရသည်။

သူစိုးရိမ်နေသည်က ရဲများမဟုတ်ပါ။

"မစ္စတာကျိ သူတို့က တစ်ယောက်ယောက်ကို ဖမ်းဖို့အတွက် သက်သေ မလိုပါဘူး"

သက်သေဆိုသည်မှာ နှစ်ဖက်စလုံး၏ အဆင့်အတန်းကတူညီမှသာ လိုအပ်ခြင်း ဖြစ်သည်။

မြင့်မြတ်သော အထက်တန်းလွှာများသည် အဆင့်နိမ့်သူများကို သက်သေပြရန် မလိုသကဲ့သို့၊ အဆင့်နိမ့် အထက်တန်းလွှာများသည်လည်း သာမန်လူများကို သက်သေပြရန် မလိုအပ်ပေ။

"သက်သေ မလိုဘူးလား။ သူတို့မလိုပေမဲ့ ငါကတော့ဒါကို ပြရမှာပဲ "

ကျိယွမ်သည် သူ၏ အရူးလက်မှတ်ကိုထုတ်ပြလိုက်သည်။ ဤအရာနှင့်ဆိုလျှင် သူသည် အလွန် ယုံကြည်မှု ရှိ၏။

ခွမ်းဟွမ်မှာ နောက်တစ်ကြိမ် တိတ်ဆိတ်သွားခဲ့ရပြန်သည်။

ကျိယွမ်နှင့် ရင်ဆိုင်ရချိန်တွင် သူသည် နားမလည်နိုင်သော နက်ရှိုင်းမှုကို ခံစားနေရသလို သူပြောသည့်စကားများကိုလည်း လိုက်မမှီပါ ။

"သလင်းနက်မိသားစုက မျိုးဗီဇစစ်သားအဖွဲ့ကို စေခိုင်းနိုင်ရုံတင်မကဘဲ အပူစွမ်းအင်သုံး လက်နက်တွေကိုလည်း အသုံးပြုနိုင်တာကြောင့် မပေါ့ဆသင့်တာပါ"

ခွမ်းဟွမ်က အရေးအကြီးဆုံးကို ထုတ်ဖော်သတိပေးလိုက်သည်။

သူ၏စိုးရိမ်မှုတွင် မျိုးဗီဇစစ်သားအဖွဲ့ကလည်း တစ်ကဏ္ဍပါဝင်သည်။

ချင်းယွမ်နိုင်ငံ၏ အင်အားနှင့်ဆိုလျှင် စနစ်တကျ ဖွဲ့စည်းထားသော မျိုးဗီဇအဖွဲ့သည် အဆင့်နိမ့်နိုင်ငံတစ်ခု၏ တပ်ရင်းတစ်ရင်းကိုပင် အလွယ်တကူ ချေမှုန်းနိုင်၏။

အခြားတစ်ဖက်တွင်မူ အပူစွမ်းအင်သုံးလက်နက်များသည် လူသားတို့၏အင်အားနှင့် ယှဉ်နိုင်သော အရာမဟုတ်ပေ။ အပူစွမ်းအင်သုံး လက်နက်များ၏ အစွမ်းအောက်တွင် သတ္တဝါအားလုံးမှာ တန်းတူပင်။ ကျင့်ကြံသူ ဖြစ်နေပါစေ ဘာမှ ထူးခြားမည် မဟုတ်ပါ။

ကန်ရှင်းဂြိုဟ်မှ ရရှိသောနည်းပညာကို အခြေခံထားသော အချို့ လက်နက်များသည် နတ်ဘုရားများကိုပင် သတ်ဖြတ်နိုင်သည်ဟု ကျွမ်းကျင်သူများက ဆိုကြ၏။

"အင်း.. အဲဒီလက်နက်တွေက ဒုက္ခပေးနိုင်တယ်"

ကျိယွမ်ကလည်း ဝန်ခံသည်။

ယနေ့ ကြုံတွေ့ခဲ့သော စနိုက်ပါရိုင်ဖယ်သည် သူ၏ လက်ရှိ ရုပ်ပိုင်းဆိုင်ရာ အခြေအနေအရ အမှန်တကယ် ထိမှန်ခဲ့ပါက သူ့ကို သေစေနိုင်၏။ အပူစွမ်းအင်သုံး လက်နက်များသာဆိုလျှင် ပြောနေစရာပင် မလိုပေ။

လက်ရှိအချိန်တွင် ၎င်းတို့ကို ရင်ဆိုင်ရခြင်းမှာ အမှန်တကယ် ခက်ခဲနိုင်သည်။

"ဒါဆို ကျွန်တော်နဲ့အတူ လိုက်ဖို့ သဘောတူတယ်လို့ ဆိုလိုတာလား"

ခွမ်းဟွမ်၏ မျက်လုံးများ တောက်ပလာခဲ့သည်။ဤအရာက သူ့ကို ကျိယွမ်နှင့် ပိုမိုနီးစပ်စေပြီး သူတို့၏ ဆက်ဆံရေးကို ခိုင်မာစေမည်ဟု သူယူဆ၏။

"လက်နက်တွေက ခက်ခဲပေမဲ့ လူတွေက ရိုးရှင်းပါတယ်။ ငါ့ရဲ့ ရန်သူတွေဟာ လက်နက်တွေ မဟုတ်ဘူးလေ၊ လူတွေပဲ"

ကျိယွမ်က ထေ့သလိုလိုအပြုံးနှင့် ပြောလိုက်သည်။

လက်နက်ဆိုသူမှာ လူကပစ်ရသည်မဟုတ်ပါလား။ ဤဂြိုဟ်ပေါ်တွင် ကျင့်ကြံသူများထံမှ လူသားများကိုကာကွယ်ပေးနိုင်သော နည်းပညာများမရှိသေးပါ။

"ဘာ"

ခွမ်းဟွမ် အံ့အားသင့်သွားပြီး ကျိယွမ်အားနားမလည်သလို ကြည့်လိုက်သည်။

"မင်း ဒီနေ့ ကံကောင်းရင် ညနေလောက်ဆို ကျောက်မိသားစုရဲ့ စံအိမ်မှာ ကျင်းပတဲ့ စားသောက်ပွဲကို တက်ရောက်ရလိမ့်မယ်"

ကျိယွမ်က ဆေးပင်ခြောက်တစ်ပင်ကို သေချာကြည့်နေရင်းမှ အရိပ်အမြွတ်ပေးလိုက်သည်။ သူ၏မျက်လုံးများကတော့ လေးနက်နေပြီး တစ်ခုခုကို ဆုံးဖြတ်ထားပုံရ၏။

ကျောက်မိသားစု ထိန်းချုပ်ထားသော အပူစွမ်းအင်သုံး လက်နက်များသည် ကျိယွမ်၏ လက်ရှိခွန်အားအတွက်ပြဿနာဖြစ်နိုင်သည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် ကျောက်မိသားစုဝင်များမှာမူ သာမန်လူများသာ မဟုတ်ပါလား။

သူတို့တွင် မျိုးဗီဇစစ်သားများ ရှိနေလျှင်ပင် ဘာဖြစ်သနည်း။

ကျိယွမ်သည် ဂိမ်းပေါင်းများစွာ ကစားခဲ့ပြီး ယန်နတ်ဘုရားနှစ်ပါးကိုပင် သတ်ဖြတ်ခဲ့ဖူး၏။ သူ၏ နည်းလမ်းများသည် ဆန်းကြယ်ပြီး ခန့်မှန်းရခက်ခဲသည်။ ယန်နတ်ဘုရားပင်လျှင် အမြဲတမ်း မကာကွယ်နိုင်သော သူ၏အကြံအစည်များကို သာမန်လူသားတစ်ဦးက မည်သို့ ကာကွယ်နိုင်မည်နည်း။

ဆက်သွယ်ရေးကိရိယာကို ရရှိချိန်တွင် ကျိယွမ်သည် တစ်ဖက်မှ တာဝန်ရှိသူဖြစ်သော ကျောက်ရန်ကျိအား ဖုန်းခေါ်ဆိုခဲ့လေသည်။

ထို့နောက် ကျောက်ရန်ကျိအား သူ၏ ပြစ်မှုများအတွက် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်၍ တောင်းပန်ရန် တောင်းဆိုခဲ့၏။

သဘာဝအတိုင်းပင် ကျောက်ရန်ကျိက ငြင်းဆန်ခဲ့ပြီး မည်သည့် နောင်တရမှုကိုမှလည်း မပြသခဲ့ပေ။

ထို့ကြောင့် ကျိယွမ်သည်လည်း မည်သည့် ကရုဏာမျှ မပြသရန် ဆုံးဖြတ်လိုက်တော့သည်။

တစ်ချို့လူတွေက အခေါင်းမြင်မှ မျက်ရည်ကျတယ်ဆိုတာ အမှန်ပဲ။

ဒဏ္ဍာရီများတွင် မိစ္ဆာတစ်ကောင်၏ အသံကို ကြားရခြင်းသည် တစ်ဦးတစ်ယောက်ကို မှောင်မိုက်ခြင်းနှင့် စိတ်ပျက်အားငယ်ခြင်းထဲသို့ ဆွဲခေါ်သွားနိုင်သည်ဟု ဆိုကြ၏။ ကျိယွမ်၏ တည်ရှိမှုမှာ မည်သည့် မိစ္ဆာထက်မဆို ပိုမို အစွမ်းထက်သည်ကိုတော့ မည်သူမှ မသိကြပေ။

ဖုန်းပြောစဥ်က ကျိယွမ်၏က ပင်ကိုယ်သံကို အသုံးပြုခဲ့ပြီး ဘာမှဖုံးကွယ်မထားခဲ့ချေ။

တစ်ဖက်မှ ကျောက်ရန်ကျိကလည်း သူ၏ စကားများကိုလည်း အလေးအနက် မထားခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ယခုဖုန်းခေါ်ဆိုမှုတစ်ခုမှတစ်ဆင့် လူတစ်ယောက်ကို အမှန်တကယ် သတ်နိုင်သည်ဟု သူ မည်သည့်အခါမျှ စိတ်ကူးမိမည် မဟုတ်သောကြောင့် ဖြစ်သည်။

.......

ထိုအချိန်တွင် ကျောက်စံအိမ်အတွင်း၌ဖြစ်သည်။

ကျောက်ရန်ကျိသည် တင်းမာသော မျက်နှာအမူအရာနှင့် လူသတ်လိုသော ရိပ်ယောင်များ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကျောက်ကျစ်ချီ ကို ကြည့်နေ၏။

"သူက အဆင့်နိမ့်တဲ့ သာမန်လူတစ်ယောက်ပဲ။ ငါ သတ်ချင်ရင် အချိန်မရွေး သတ်လို့ရတယ် ၊ ဘာအကြောင်းပြချက်မှ မလိုဘူး"

ကျောက်ကျစ်ရှီက ထိုစကားကို လက်မခံပါ။

"သူက သာမန်လူ မဟုတ်ဘူး၊ သူက အာဇာနည်တစ်ယောက်ရဲ့ မိဘမဲ့ကလေးပဲ"

ကျောက်ကျစ်ချီကလည်း ဒေါသတကြီး ပြန်အော်၏။

နိုင်ငံအပေါ် အမြဲတမ်း သစ္စာရှိပြီး သူ၏ စစ်သားများကို အလွန်တန်ဖိုးထားသော ကျောက်ကျစ်ချီသည် အစ်ကိုဖြစ်သူ၏ အနှစ်မဲ့သောစကားကို နှစ်ခါပြန်မစဉ်းစားဘဲ တုံ့ပြန်ခဲ့သည်။

"သူတို့က လယ်သမားတစ်စုပဲ။ ငါက သူတို့ကို မြှောက်စားဖို့ ရွေးချယ်ရင် ဒါက ဂုဏ်အသရေပဲ။ မဟုတ်ရင်တော့ သူတို့ဟာ လူရမ်းကားတွေနဲ့ မတည်ငြိမ်တဲ့ အစိတ်အပိုင်းတွေပဲ"

ကျောက်ရန်ကျိက ကျောက်ကျစ်ချီကို စိုက်ကြည့်ရင်း သူ၏ လေသံကလည်း ရုတ်တရက် အေးစက်သွား၏။

"မင်း ဒီကိစ္စမှာ ဝင်ပါခဲ့သလား"

ကျိယွမ်သည် သူ့လို ကျောက်ရန်ကျိအတွက် အရေးမပါသော သာမန်လူတစ်ဦးသာ ဖြစ်သည်။ သူ စိုးရိမ်သည်မှာ ကျိယွမ်ကို ကူညီရန်အတွက် ကျောက်ကျစ်ချီက နောက်ကွယ်မှ ဝင်ရောက် စွက်ဖက်ခဲ့ခြင်း ရှိ၊ မရှိဟူသော ပြဿနာပင်။

ကျောက်ရန်ကျိသည် သူ၏ ညီဖြစ်သူကို အမြဲတမ်း သတိထားနေခဲ့ပြီး မည်သည့်အခွင့်အရေးကိုမှ ပေးမည်မဟုတ်ပါ။

"ငါ..."

ကျောက်ကျစ်ချီသည် ကျောက်ရန်ကျိကို ကြည့်ရင်း စိတ်ပျက်မှုများ ပြည့်နှက်နေခဲ့သည်။ သူ၏ အစ်ကိုဖြစ်သူ ဘာတွေးနေသည်ကို သူ သိမြင်နေသဖြင့် ပို၍ပင် စိတ်ပျက်သွားမိခဲ့သည်။

ယခုအချိန်အထိ ကျောက်ရန်ကျိသည် အာဏာလုပွဲအကြောင်းကိုသာ စဉ်းစားနေဆဲပင် မဟုတ်ပါလား။

"ငါ အဲဒီလို လုပ်ခဲ့မိရင် ကောင်းမှာ"

ကျောက်ကျစ်ချီက အစ်ကိုဖြစ်သူ၏မျက်လုံးကို တည့်တည့်စိုက်ကြည့်သည်။

"အခု သူ အသက်ရှင်သွားပြီဆိုတော့ အစ်ကို... သူ့နောက်ကို ထပ်မလိုက်တော့ဖို့ ငါ မျှော်လင့်ပါတယ်"

ကျောက်ရန်ကျိ၏ မျက်လုံးများတွင် လှောင်ပြောင်ရိပ်များ လင်းလက်သွားပြီး နှုတ်ခမ်းကလည်း မဲ့သွား၏။

"ငါက သူ့နောက်ကို မလိုက်ချင်ပေမဲ့ သူက လက်မလျှော့တာ။ ခုနကတင် သူ ငါ့ကို ဖုန်းဆက်ပြီး ခြိမ်းခြောက်သေးတယ်၊ ပြစ်မှုတွေအတွက် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ပြီး တောင်းပန်ဖို့ ပြောတယ်လေ။"

" ဟားဟား ဟားဟား ... တကယ့်ကို ရဲတင်းတဲ့ ကောင်ပဲ။ ငါ ဒီလိုလူမျိုး မတွေ့ရတာ ကြာပြီ။ မင်း ဒါကို ဖြေရှင်းချင်ရင် ရိုးရိုးလေးပဲ။ မင်း ကိုယ်တိုင် သူ့ကို ဒီကိုခေါ်လာပြီး ငါ့ကို တောင်းပန်ခိုင်းပါ။ သူက တကယ် စိတ်ရင်းမှန်တယ်ဆိုရင် ငါ သူ့အသက်ကို ချမ်းသာပေးကောင်း ပေးနိုင်လိမ့်မယ် ၊ မဟုတ်ရင်တော့ "

ကျောက်ကျစ်ချီ၏ ရင်ထဲတွင် တင်းကျပ်သွားပြီး စိတ်ပျက်မှုနှင့် ဒေါသတို့မှာ အဆုံးစွန်ထိ ရောက်ရှိသွားခဲ့သည်။သို့သော် သူသည် ခေါင်းငုံ့ကာ ဘာမှ မပြောတော့ပေ။

ကျောက်ရန်ကျိ၏ အေးစက်သော အသံကတော့ သူ၏ နားထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။

"အထက်တန်းလွှာတွေဟာ မမှားနိုင်ဘူး၊ မှားခဲ့ရင်တောင် အဲဒါကို ဝန်မခံနိုင်ဘူး။ အဆုံးထိ သွားရမှာပဲ။ ငါတို့သာ အဲဒီတံခါးကို ဖွင့်ပေးလိုက်ရင် အဲဒီလယ်သမားတွေက ငါတို့ဟာ အနိုင်ကျင့်ရလွယ်တယ်လို့ မထင်သွားကြဘူးလား။ အချိန်ကြာလာရင် ဘယ်သူက ငါတို့ကို ကြောက်တော့မှာလဲ"

ကျောက်ရန်ကျိအတွက်မူ အထက်တန်းလွှာတို့၏ ဂုဏ်သိက္ခာနှင့် အာဏာသည် အရေးကြီးဆုံး ဖြစ်သည်။

၎င်းနှင့် နှိုင်းယှဉ်ပါက အသက်တစ်ချောင်းမှာ ဘာမှ မဟုတ်ပေ။

ကျိယွမ်ကို သတ်ဖြတ်ရန် စီမံချက်တွင် ထူးဆန်းမှုများစွာ ရှိနေသော်လည်း ကျောက်ရန်ကျိကတော့ ဂရုမစိုက်ပါ။

သူသည် ထျန်းယွဲ့မြို့တွင် အကြွင်းမဲ့ အာဏာရှိ၏။

ကျောက်ကျစ်ချီသည် သူ၏ အစ်ကိုကို ကြည့်ကာ ဘာမှထပ် မပြောခဲ့ပါ။

ကျောက်ရန်ကျိ ပြောသမျှသည် သူတို့၏ ဖခင်ဖြစ်သူ အကြိမ်ကြိမ် ပြောဖူးသော စကားများသာ ဖြစ်သည်။

"ကျိယွမ်ရဲ့ ခေါင်းကို ငါ့ဆီ ယူလာပေး၊ ဒါမှ ဒီကိစ္စ ပြီးသွားလိမ့်မယ်။ မဟုတ်ရင်တော့... ထျန်းယွဲ့မြို့က အာဇာနည်မိသားစုဝင်တွေ ရရှိမယ့် အကျိုးခံစားခွင့်တွေကတော့... အင်း..."

ကျောက်ရန်ကျိက ဗြောင်ကျကျ ခြိမ်းခြောက်လိုက်သည်။

ကာလရှည်ကြာ ရရှိထားသော အာဏာနှင့် အောက်ခြေလူတန်းစားများအပေါ် ထိန်းချုပ်နိုင်မှုကြောင့် ကျောက်ရန်ကျိသည် အလွန်အမင်း ယုံကြည်မှု လွန်ကဲနေခဲ့သည်မှာ အလွန်ကြာမြင့်ခဲ့လေပြီ။

"တောက်... တောက်...တောက် .."

" မင်း ခုထိ မသေသေးဘူးလား"

ရုတ်တရက်ဆိုသလို ဝေးကွာသောနေရာမှ လာသလိုလို အသံတစ်ခုမှာ ကျောက်ရန်ကျိ၏ နားထဲတွင် တိုးတိုးလေး ကပ်ပြောလိုက်သကဲ့သို့ ဝင်ရောက်လာ၏။

"ဘယ်သူလဲ"

ထို့သို့မေးပြီးသည်နှင့် သတိကြီးသော ကျောက်ရန်ကျိက ပြာပြာသလဲဖြင့် ပတ်ဝန်းကျင်ကို ရှာဖွေလိုက်သည်။

ဘယ်ကလာတဲ့အသံလဲ။

သူက မည်နည်းစကားပြော ကိရိယာကိုမှ တပ်မထားခဲ့ပါ။

ကျောက်ကျစ်ချီမှာ အံ့အားသင့်သွားပြီး သူ၏အစ်ကိုဘာဖြစ်နေသည်ကို နားမလည်နိုင် ဖြစ်သွားခဲ့သည်။

အခန်းအပြင်ဘက်ရှိ အခြားသူများအားလုံးသည်လည်း တစ်ဦးကိုတစ်ဦး ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်နေကြသည်။

ကျောက်ရန်ကျိက ရုတ်တရက် ဘာဖြစ်သွားလေသနည်း။

"မြို့စားကြီး... ဘာဖြစ်လို့ပါလဲ"

အနီးရှိ အဘိုးအိုတစ်ယောက်က နားမလည်သလို မေးလိုက်သည်။

သို့သော် ချက်ချင်းဆိုသလို သူ၏မျက်နှာမှာ ပျက်

ယွင်းသွားခဲ့သည်။

ကျောက်ရန်ကျိသည် ရုတ်တရက် သူ၏သေနတ်ကို ဆွဲထုတ်လိုက်ပြီး သူ၏ မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေကာ ကြောင်တောင်တောင်ဖြစ်နေသောကြောင့်ပင်။

သူ၏ လက်မှာ ထိန်းချုပ်၍ မရတော့သကဲ့သို့ ဖြစ်နေပြီး မျက်လုံးများထဲမှ သွေးများ စီးကျလာ၏။

ထိုမြင်ကွင်းသည် ရောက်ရှိနေသူအားလုံးကို ထိတ်လန့်သွားစေခဲ့သည်။

ကျောက်ကျစ်ချီမှာလည်း ဆွံ့အသွားပြီး ဘာဖြစ်နေသည်ကို နားမလည်နိုင်တော့ပေ။

"ကျွန်တော်... နောင်တရ ... မဟုတ်ဘူး... ကယ်ပါ ကယ်ကြပါ"

"ဝန်ခံပါတယ် ကျွန်တော်ဝန်ခံပါတယ်ဗျ"

သွေးမျက်ရည်များစီးကျနေသော ကျောက်ရန်ကျိသည် ရူးသွပ်နေသူပမာ အော်ဟစ်တောင်းပန်နေ၏။

သူသည် တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုကို ခံထားရသကဲ့သို့ ဖြစ်နေပြီး မည်သူမျှ တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် သေနတ်ကို မြှောက်ကာ သူ၏ ဦးခေါင်းကို ပစ်ခတ်၍ အဆုံးစီရင်လိုက်၏။

ဒိုင်း...။

"သခင်ကြီး"

"မြန်မြန်... ဆရာဝန် ခေါ်လိုက်ကြ"

အခန်းအတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ကျောက်ရန်ကျိ၏ ခန္ဓာကိုယ်အား ပြေးပွေ့သူကပွေ့ ၊ လက်နက်များထုတ်ကာ ရန်သူရှာသူကရှာနှင့် အလုပ်များကုန်လေသည်။

ကျောက်ကျစ်ချီမှာ ထိတ်လန့်နေပြီး ခုနက ဘာဖြစ်သွားသည်ကို နားမလည်နိုင် ဖြစ်နေ၏။

သူ၏ အစ်ကိုသည် ရုတ်တရက် သေနတ်ထုတ်ကာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ခြင်း ဖြစ်သည်။

သို့သော် မယုံနိုင်စရာမှာ တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုခံရကာ ထိုသို့လုပ်သွားခြင်းပင်။

သူ၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ တိုးပွားလာခဲ့သည်။

ရုတ်တရက် ကျောက်ကျစ်ချီသည် တစ်စုံတစ်ခုကို တွေးမိသွားပြီးနောက် သူ၏ ထိတ်လန့်မှုမှာ ပိုမို နက်ရှိုင်းသွားလေ၏။

အစ်ကိုဖြစ်သူ၏ အလောင်းကိုကြည့်ကာ သူငေးကြောင်နေတော့သည်။

..........

နောက်တစ်နေ့ရောက်သောအခါ ။

အခန်းထဲ၌ ကျိယွမ်သည် မင်ဝူ လက်သီးကို တစ်ကျော့ လေ့ကျင့်ပြီးသွားခဲ့သည်။ သူ၏ အဝတ်အစားများမှာ ချွေးများဖြင့် ရွှဲစိုနေသော်လည်း သူသည် အင်အားအပြည့်ရှိနေပြီး သူ၏ ခန္ဓာကိုယ်မှ အငွေ့အသက်များပင်ထွက်ပေါ်နေ၏။

"ဗီဇပြောင်း ပင်လယ်မိစ္ဆာရဲ့ သွေးက တကယ်ကို အားကောင်းတဲ့ အထောက်အပံ့ပဲ"

သူက ကျေနပ်သလို မှတ်ချက်ချ၏။

ဗီဇပြောင်းပင်လယ်မိစ္ဆာ၏ သွေးကို စုပ်ယူပြီးနောက် ကျိယွမ်၏ မင်ဝူလက်သီးလေ့ကျင့်မှုမှာ ပိုမိုမြန်ဆန်လာပြီး တိုးတက်မှုမှာ ပိုမိိုသိသာလာခဲ့သည်။

ဗီဇပြောင်း ပင်လယ်မိစ္ဆာ၏ သွေးသည် ကိုယ်ခံပညာ ပါရမီကို မြှင့်တင်ပေးပြီး လူတစ်ဦး၏ အလားအလာကို တိုးပွားစေပုံရလေသည်။

"တခြား သာမန် ပင်လယ်မိစ္ဆာတွေမှာ အဲဒီလို အကျိုးသက်ရောက်မှု မရှိတာ နှမြောစရာပဲ"

ကျိယွမ်သည် အခြားသော ပင်လယ်မိစ္ဆာများဖြင့်လည်း စမ်းသပ်ခဲ့ပြီး သူတို့၏ ခန္ဓာကိုယ်မှ သွေးအဆီအနှစ်ကို ထုတ်ယူခဲ့သည်။ ကံမကောင်းစွာဖြင့် ၎င်းတို့ကို သုံးစွဲခြင်းက မည်သည့် တိုးတက်မှုကိုမျှ မပေးနိုင်ခဲ့ပေ။

"ဒါဟာ သွေးမျိုးနွယ် မတူညီတာကြောင့်လည်း ဖြစ်နိုင်တာပဲ။ ဒီသာမန် ပင်လယ်မိစ္ဆာတွေရဲ့ သွေးဟာ ငါနဲ့မတည့်ပေမဲ့ တခြားသိုင်းပညာရှင်တွေအတွက် ပိုပြီး သင့်တော်တာလည်း ဖြစ်နိုင်တယ်"

သိုင်းပညာကို အချိန်တိုလေးသာ လေ့ကျင့်ရသေးသော်လည်း ဤကမ္ဘာ၏ သိုင်းပညာသည် သွေးမျိုးနွယ် ကျင့်ကြံခြင်း လမ်းစဉ်ကို လိုက်နာသည်ဟု ကျိယွမ် တွေ့ရှိခဲ့သည်။

သို့သော် ဤအရာမှာ သူ၏ လက်ရှိ လေ့လာမှုအပေါ် အခြေခံထားခြင်းသာ ဖြစ်ပြီး ပြည့်စုံသောအဖြေမှန် ဟုတ် မဟုတ်တော့ မသေချာသေးပါ။

"ဒါပေမဲ့ ငါ့ရဲ့ ဝါးမြိုခြင်း ခန္ဓာကိုယ်နဲ့ဆိုရင် သွေးများများသောက်တာက အကျိုးရှိပါတယ်။ ဘယ်သူသိမှာလဲ၊ ငါ အဲဒါတွေကို ပေါင်းစပ်ပြီး သွေးမျိုးနွယ်သစ်တစ်ခုတောင် ဖန်တီးနိုင်ကောင်း ဖန်တီးနိုင်လိမ့်မယ်"

ကျိယွမ်သည် ဤအချက်ကို စဉ်းစားနေခဲ့သည်မှာ ကြာလေပြီ။

ဖန်ထုန်လောကတွင် အစားရှောင်မယ်တော်ထံမှ ကြောက်မက်ဖွယ်ကောင်းသော ‘ဝါးမြိုခြင်း ခန္ဓာကိုယ်’ ကို ဆက်ခံပြီးနောက် ကျိယွမ်သည် စုပ်ယူနိုင်စွမ်းကို ရရှိခဲ့သည်။ထို့အပြင် ဘေးထွက်ဆိုးကျိုးလည်း မရှိခဲ့ပေ။

"မင်ဝူသိုင်းရဲ့ နောက်အပိုင်းတွေကို ရဖို့အတွက် ကိုယ်ခံပညာခန်းမကို ငါ သွားသင့်တယ်"

ဗီဇပြောင်းပင်လယ်မိစ္ဆာ၏ သွေးကို သုံးစွဲပြီးနောက် ချီယွမ်သည် တစ်ရက်အတွင်းမှာပင် ‘မင်ဝူလက်သီး’ ၏ တတိယအဆင့်သို့ လျင်မြန်စွာ ရောက်ရှိခဲ့လေသည်။

ထပ်မံ တိုးတက်ရန်အတွက်ဆိုလျှင် နောက်ဆက်တွဲအဆင့်များကို လေ့ကျင့်ရပေတော့မည်။

ကံကောင်းသည်မှာ သင်တန်းကျောင်း၏ လိုအပ်ချက်များမှာ မတင်းကျပ်ပေ။ ငွေပေးချေနိုင်သရွေ့ မိမိ၏ အဆင့်ကို သက်သေပြစရာမလိုဘဲ နောက်ပိုင်းများကို ဝယ်ယူနိုင်၏။

ကျိယွမ်တစ်ယောက်တည်းသာ မဟုတ်ပါ ။ သင်တန်းကျောင်းသို့ ဝင်ရောက်သည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း နောက်ဆက်တွဲအဆင့်များကို ဝယ်ယူထားသော သင်တန်းသအသစ်များစွာ ရှိလေသည်။

မကြာမီ ကျိယွမ်သည် အဝတ်အစားလဲကာ အပြင်သို့ ထွက်လာခဲ့သည်။

ယနေ့တွင် နေရောင်မှာ သိသိသာသာပြင်းထန်နေပြီး တက္ကစီသမားကလည်း အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်နေသည်ကို သူသတိထားမိ၏။

"ဘာတွေ ဖြစ်နေတာလဲ။ ကောင်းကင်မှာ ဒရုန်းတွေက အရင်ကထက် အများကြီး ပိုများနေတယ်"

တက္ကစီဒရိုင်ဘာက ကောင်းကင်ကို ကြည့်ရင်း ညည်းတွားလိုက်သည်။

"ဒရုန်းတွေ ပိုများတာ ပိုကောင်းပါတယ်။ ထျန်းယွဲ့ရဲ့ တရားဥပဒေစိုးမိုးရေးက သိပ်မကောင်းဘူးလေ။ မနေ့ကဆိုရင် လူတစ်ယောက်က နေ့ခင်းကြောင်တောင်မှာ သေနတ်တောင် ပစ်ခဲ့သေးတယ်"

တက္ကစီသမားက ကျိယွမ်၏ စကားကိုစိတ်ဝင်စားသွားပြီး ချက်ချင်းပြန်မေးသည်။

"ဘာ... ဘယ်မှာ ဖြစ်တာလဲ။ ကျွန်တော် မကြားမိပါလား"

"လန်ရှီး လမ်းမကြီးပေါ်မှာ "

"အဲဒီ အစုတ်ပလုတ် အထက်တန်းလွှာတွေ ဖြစ်မှာပေါ့။ သူတို့ပဲ လမ်းမပေါ်မှာ လူသတ်ဖို့ ရဲတင်းကြတာ"

တက္ကစီဒရိုင်ဘာက လက်ရှိ အခြေအနေကို မကျေမနပ်ဖြစ်လျက် ဒေါသတကြီး ရေရွတ်သည်။

သိပ်မကြာခင်မှာပင် တက္ကစီသည် မင်ဝူ သိုင်းသင်တန်းကျောင်းရှေ့တွင် ရပ်တန့်သွားခဲ့၏။

ကျိယွမ် ကားပေါ်မှ ဆင်းလိုက်သည်နှင့် အီလက်ထရောနစ် အသံထွက်ပေါ်နေသော စက်ရုပ်တစ်ရုပ်က အနားသို့ ချဉ်းကပ်လာခဲ့သည်။

"ခုံကျင် AI တက္ကစီ ဝန်ဆောင်မှုမှ ကြိုဆိုပါတယ်။ အလိုအလျောက် မောင်းနှင်စနစ်ဖြစ်ပြီး ပိုမို ဘေးကင်းစိတ်ချရပါတယ်။ အသုံးပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

စက်ရုပ်က ကျိယွမ်အား လက်ကမ်းစာစောင်တစ်ခု ပေးလိုက်၏။

ကျိယွမ်က စာရွက်ကို မယူရသေးမီမှာပင် ရေဝယ်ရန် ဆင်းသွားသော တက္ကစီဒရိုင်ဘာသည် စက်ရုပ်ကို ပြင်းပြင်းထန်ထန် ကန်ထည့်လိုက်သည်။

"အလကား စက်ရုပ်တွေ၊ ငါတို့ အလုပ်ကိုတောင် လာလုနေတာလား"

တက္ကစီဒရိုင်ဘာက ဒေါသတကြီးဆဲဆိုရင်း ပြန်ထွက်သွားလေ၏။

ခုံကျင်း AI တက္ကစီ ဝန်ဆောင်မှုသည် ချင်းယွမ်နိုင်ငံရှိ ခရီးသည်တင်ယာဉ် ဝန်ဆောင်မှု ကုမ္ပဏီအသစ် ဖြစ်သည်။

ကုမ္ပဏီသည် အလိုအလျောက် မောင်းနှင်စနစ်ကို ပေးစွမ်းရုံသာမက AI စက်ရုပ်များကိုပါ ဒရိုင်ဘာအဖြစ် အသုံးပြုထားသောကြောင့် လူသားဒရိုင်ဘာများစွာ၏ ပြင်းထန်သော ကန့်ကွက်မှုကို ရင်ဆိုင်နေရ၏။

သို့သော် သူတို့၏ ကန့်ကွက်မှုမှာ အချည်းနှီးသာ ဖြစ်သည်။

ချီယွမ်သည် ၄င်းကိုဂရုစိုက်မနေတော့ဘဲ မင်ဝူထဲသို့ ဝင်သွားကာ ဒုတိယစီနီယာအစ်ကိုကို ရှာဖွေပြီး သူ၏ ရည်ရွယ်ချက်ကို ရှင်းပြကာ မင်ဝူလက်သီး၏ ကျန်ရှိနေသော အဆင့်ကိုးဆင့်လုံးကို ရရှိရန် ငွေအမြောက်အမြား ပေးချေခဲ့၏။

"မင်းမှာ ဒီလောက် အလားအလာရှိမယ်လို့ ငါ မထင်ထားဘူး။ ရော့... ဒါက မင်ဝူတုန်ခါလက်သီး ဆယ့်နှစ်ဆင့်လုံးရဲ့ အစုံပဲ။ တကယ်လို့ မင်းသာ တစ်စုံလုံးကို တတ်မြောက်သွားရင် ကိုယ်ခံပညာ ပြိုင်ပွဲမှာ အဆင့်သုံးဆယ်အတွင်း ဝင်နိုင်လိမ့်မယ်"

ဒုတိယစီနီယာအစ်ကိုက ထုံးစံအတိုင်းသူ၏ ဘယ်ဘက်နှာခေါင်းပေါက်ကို နှိုက်ရင်း သိုင်းကျမ်းအားထုတ်ပေးသည်။ သူသည် ကျိယွမ်အပေါ် ပို၍ လှိုက်လှ်ုက်လှဲလှဲရှိလာ၏။

အစပိုင်းတွင်မူ ကျိယွမ်သည် အပျော်တမ်း ကစားရုံသက်သက်ဟု သူ ထင်ခဲ့သည်။ ယခုမူ ငွေအမြောက်အမြား အသုံးပြုပြီး ဝယ်ယူနေသဖြင့် သိုင်းပညာအပေါ် အလေးအနက်ထားပုံရလေ၏။

ရှေးခေတ်များတွင်ဆိုလျှင် ဤကဲ့သို့သော ဆုံးဖြတ်ချက်မျိုးသည် သူ့ကို ‘တပည့်ရင်း’ တစ်ဦး ဖြစ်လာစေမှာ သေချာသည်။

"ကိုယ်ခံပညာ ပြိုင်ပွဲအတွက် ပဏာမပွဲစဉ်တွေ မကြာခင် လာတော့မယ်ဆို။ စာရင်းသွင်းရမယ့်အချိန်ကျရင် ကျွန်တော်တို့သိုင်းကျောင်းအတွက် ကျွန်တော့်နာမည်ကို ထည့်ပေးလို့ ရမလား"

ကျိယွမ်က သူ၏ ရည်ရွယ်ချက်ကို ပြောလိုက်သည်။

ကိုယ်ခံပညာ ပြိုင်ပွဲအတွက် စာရင်းပေးသွင်းခြင်းကို သိုင်းကျောင်းများမှတစ်ဆင့် ဆောင်ရွက်ခြင်းဖြစ်သည်။

ပြိုင်ပွဲမှာ နီးကပ်လာပြီဖြစ်ရာ ကျိယွမ်သည် ချန်ပီယံဆုကို ဆွတ်ခူးပြီး ‘လူသားလမ်းစဥ် သိုင်းဘုရင် ဖြစ်လာရန် ပထမဆုံးခြေလှမ်းကို ရည်မှန်းထား၏။

"သုံးလပဲ လိုတော့တာ။ မင်း ဝင်ပြိုင်မလို့လား။ မင်းရဲ့ အခုအဆင့်နဲ့ဆိုရင် ပထမအဆင့်မှာတင် ပြုတ်သွားလိမ့်မယ်။ မြို့ရဲ့ အဆင့် ၁၀၀ အတွင်း ဝင်ဖို့တောင် ခက်လိမ့်မယ်"

ဒုတိယစီနီယာအစ်ကိုက ကျိယွမ်၏ ချောမောသော မျက်နှာကို ကြည့်ရင်း မှတ်ချက်ချ၏။

"အင်း... မင်းက အတွေ့အကြုံ ရချင်ရုံသက်သက် ထင်တယ်။ ကောင်းပြီလေ၊ ဒီပြိုင်ပွဲအတွက် စာရင်းသွင်းတဲ့အခါ မင်းနာမည်ကို ထည့်ပေးလိုက်မယ်။ ပြီးရင် လျှောက်လွှာပုံစံကို ဖြည့်ဖို့ မမေ့နဲ့ဦး"

ကျိယွမ်သည် အပျော်တမ်းမဟုတ်ဘဲ ချန်ပီယံဆုကို ရည်မှန်းထားသည်ဟူသောအချက်ကိုတော့ ဒုတိယစီနီယာအစ်ကိုက မသိရှာခဲ့ပါ။

ကျိယွမ်သည်လည်း ရှင်းပြရန် မကြိုးစားပေ။

"ကျေးဇူးပါ ဒုတိယစီနီယာအစ်ကို။ ကျွန်တော် ပြန်သွားပြီး လေ့ကျင့်တော့မယ်"

ဒုတိယစီနီယာအစ်ကိုနှင့် ခွဲခွာပြီးနောက် ကျိယွမ်သည် လေ့ကျင့်ရေးအခန်းသို့ ပြန်သွားလိုက်သည်။

ဆံပင်ကို မြင်းမြီးပုံစံ စည်းထားသော ဝမ်ရှီချောင်က ကျိယွမ်ကို မြင်သောအခါ ချက်ချင်း နှုတ်ဆက်၏။

"ငါ့နှာခေါင်းကို နည်းနည်း ထပ်ပြင်လိုက်တယ်။ ငါ ပလတ်စတစ် ဆာဂျရီ လုပ်ထားမှန်း သိသာနေတုန်းပဲလား"

သူမက ကျိယွမ်အနီးသို့ကပ်ကာ တိုးတိုးမေးသည်။

မကြာခင်က ကျိယွမ်သည် သူမ၏နှာခေါင်းမှာ သဘာဝမကျကြောင်း ထောက်ပြခဲ့သဖြင့် သူမမှာ အလွန်ဒေါသထွက်ကာ အလှအပဆိုင်ရာဆေးခန်းသို့ သွားရောက်၍ ပြဿနာရှာခဲ့၏။ ဆရာဝန်များက သူမကို အခမဲ့ ထပ်မံပြင်ဆင်ပေးခဲ့သဖြင့် ယခုအခါ ပိုကြည့်ကောင်းသည်ဟုထင်မြင်နေပြီး ကျိယွမ်ကို စမ်းသပ်လိုက်ခြင်းပင်။

"အင်း... အဲဒါမျိုးဆို ငါ့ကို မမေးသင့်ဘူး။ ငါ့မျက်စိက တော်တော် အားကောင်းတာ"

ကျိယွမ်က တိုက်ရိုက်မဖြေဘဲ ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။သူမအနေဖြင့် အကြိမ်တစ်ရာမက ပြင်ထားလျှင်ပင် သူ၏မျက်လုံးများအတွက် အဖြေကအတူတူပင် မဟုတ်ပါလား။

ဝမ်ရှီချောင်မှာ ပြောစရာ စကားမဲ့သွားခဲ့သည်။

"တောက်... ငါ ဒီနှာခေါင်းကို မလိုချင်တော့ဘူး"

အနီးအနားရှိ အခြားကျောင်းသားများသည် ထိုစကားကို ကြားသောအခါ တခွိခွိဖြစ်ကုန်၏။

ကျိယွမ်ကတော့ ဘာမှဆက်မပြောတော့ပါ။ သူက အားလုံးကိုလျစ်လျူရှုပြီး မင်ဝူတုန်ခါလက်သီးကို အာရုံစိုက်၍ လေ့ကျင့်နေခဲ့သည်။

ဤတစ်နာရီမှာ လျင်မြန်စွာ ကုန်ဆုံးသွားလေ၏။

ဒုတိယစီနီယာအစ်ကိုသည် ကျိယွမ် ဖြည့်စွက်ရန်အတွက် ကိုယ်ခံပညာ ပြိုင်ပွဲဝင် လျှောက်လွှာပုံစံတစ်ခုကို ယူကာ လေ့ကျင့်ခန်းထဲသို့ ရောက်လာလေသည်။

"မင်းအတွက် ..."

ဝမ်ရှီချောင်နှင့် အခြားသူများက နားမလည်သလိုကြည့်နေစဥ်မှာပင် ကျိယွမ်က လျှောက်လွှာကို ဖြည့်လိုက်၏။

အခြားသူများအားလုံးက ကျိယွမ်အား အထူးအဆန်းသတ္တဝါအလားကြည့်ကုန်တော့သည်။

သင်တန်းတတ်တာတောင် လဝက်မပြည့်သေးဘူး ကိုယ်ခံပညာပြိုင်ပွဲမှာ ဝင်ပြိုင်မလို့လား။

"နင် တကယ့်ကို သတ္တိရှိတာပဲ၊ ပထမနှစ်မှာတင် ကိုယ်ခံပညာ ပြိုင်ပွဲကို စာရင်းသွင်းတယ်ပေါ့။ နင့်ရဲ့ အရိုးတွေ ကျိုးသွားမှာ မကြောက်ဘူးလား"

ဝမ်ရှီချောင်က သူမ၏ ကိုယ်ကျပ် လေ့ကျင့်ရေးဝတ်စုံကြောင့် လှပနေသောခန္ဓာကိုယ်အား ပိုမိုပေါ်လွင်စေရန်

လှပစွာ အကြောဆန့်ရင်း မေးလိုက်သည်။

ကျိယွမ်က မျက်မှောင်ကြုတ်ပြီး သူမအား ကြည့်၏။

"နင့် ဂျိုင်းတွေကို ငါ့ဘက် လှည့်ပြီး အကြောမဆန့်နဲ့။ အနံ့နံတယ်"

သူက အားမနာစွာ ကန့်ကွက်လိုက်သည်။

"ငါ အဲဒီမှာရှိတဲ့ အမွှေးတွေအကုန် ရိတ်ထားတာ။ ဘယ်လိုလုပ် နံမှာလဲ။ နင်ကတော့... နင်က ဒီလောက်ချောနေပြီး ဘာလို့ ရည်းစားမရှိတာလဲဆိုတာ မဆန်းတော့ပါဘူး"

ဝမ်ရှီချောင် ဆွေ့ဆွေ့ခုန်သွားတော့သည်။

ဘယ်ယောက်ျားပျိုက လှပသောမိန်းမပျိုတစ်ယောက်ကို အဲဒီလို စကားပြောမည်နည်း။

ဒီကျိယွမ်ကတော့ ...။

ဝမ်ရှီချောင်စိတ်ဆိုးသွားသည်ကို ကျိယွမ်က မတောင်းပန်သည့်အပြင် လေ့ကျင့်ရန်အတွက် အခြားတစ်နေရာသို့ပင် ရွှေ့သွားခဲ့သည်။

ဝမ်ရှီချောင်မှာ ဒေါသတကြီးဖြင့် ကြမ်းပြင်အား ခြေဆောင့်လိုက်၏။

"ဒါဆိုလည်း နင့်ရဲ့လက်ငါးချောင်းနဲ့ပဲ တစ်ဘဝလုံး ဖြတ်သန်းသွားလိုက်တော့"

All Chapters