← Chapters

မွေးရာပါသိုင်းစွမ်းရည် တဲ့လား

Vol. 26 Ch. 293

မွေးရာပါသိုင်းစွမ်းရည် တဲ့လား

Vol. 26 Ch. 293

ဝူချီသည် အကြောင်းရင်းမရှိဘဲ ကြောက်ရွံ့တုန်လှုပ်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။

ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါတစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံနေရသကဲ့သို့သူမ၏ ဖြူဖွေးနုနယ်သော အသားအရေပေါ်တွင် ကြက်သီးမွေးညင်းများ ထလာ၏။

သူမက အသက်ရှူနှုန်းပင်မြန်လာပြီး ကျိယွမ်ကို ကြောက်ရွံ့စွာ ကြည့်လိုက်သည်။

"ဘာ..ဘာများ ထူးခြားလို့လဲ။"

"မင်းရဲ့... သွေးလေ။"

ကျိယွမ်သည် ဝူချီကို စိုက်ကြည့်နေဆဲရှိ၏။ သူမ၏ အသားအရေမှာ အလွန်ဖြူဖျော့သဖြင့် အရေပြားအောက်ရှိ အပြာရောင် သွေးကြောလေးများအတွင်း သွေးများ ဖြည်းညှင်းစွာ စီးဆင်းနေသည်ကိုပင် သူ မြင်နေရသည်။

ဝူချီ၏ ကိုယ်လေးတွန့်သွား၏။

"ကျွန်မရဲ့ သွေး ဟုတ်လား။"

သူမ နားမလည်နိုင် ဖြစ်နေသည်။ ကျိယွမ်သည် ထူးဆန်းသော ဝါသနာများရှိသည့် သူဌေးတစ်ဦးများ ဖြစ်နေမလားဟုပင် သူမ သံသယဝင်မိသည်။

"ငါ့အတွက်တော့ မင်းဆီမှာ အထူးခြားဆုံးအရာက မင်းရဲ့ သွေးပဲ။"

ကျိယွမ်က နှုတ်ခမ်းကိုလျှာနှင့်သပ်ကာ ဆက်ပြော၏။

"မင်းရဲ့ သွေး နည်းနည်းလောက် ငါ့ကို ပေးမလား၊ အပြန်အလှန်အနေနဲ့ ငါ မင်းရဲ့ ဆန္ဒလေးတစ်ခုကို ဖြည့်ဆည်းပေးမယ်။ ဪ... ဓမ္မတာသွေးကိုတော့ မလိုချင်ဘူးနော်။"

"အိုး..."

ကျိယွမ်၏ နောက်ဆုံးစကားကြောင့် မိမိကိုယ်ကို တည်ငြိမ်ပြီး ပွင့်လင်းသူဟု ယူဆထားသော ဝူချီပင်လျှင် နားရွက်များအထိ နီမြန်းသွားရသည်။

သူမသည် ကျိယွမ်၏ မျက်လုံးများကို မကြည့်ရဲတော့ဘဲ ခေါင်းငုံ့ထားမိ၏။

သူ၏ စကားများက သူမကို အကြီးအကျယ် ရိုက်ခတ်သွားစေပြီး စိတ်ကူးထဲတွင် အမျိုးမျိုးသော ပုံရိပ်များဖြင့် ရှုပ်ထွေးသွားစေသည်။

မစ္စတာကျိက မိန်းမလှလေးများ၏ လတ်ဆတ်သော သွေးကို သောက်ရတာ နှစ်သက်သည့် မိစ္ဆာတစ်ကောင် ဖြစ်နေမလား။

"ဘယ်လို သဘောရလဲ။"

ကျိယွမ်က ဝူချီအားဆွဲဆောင်မှုရှိစွာ ပြုံးပြပြီး မေ့ဆတ်ပြ၏။

ဝူချီမှာ ထိုအပြုံးကြောင့် သိသိသာသာ စိတ်လှုပ်ရှားသွားပြီး ခေတ္တမျှ ဝေခွဲမရဖြစ်သွားသည်။ အတန်ငယ်ကြာပြီးနောက် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ကျိယွမ်ဘက်သို့ ခေါင်းငဲ့ပေးလိုက်၏။

သူမသည် သူမ၏ အပေါ်အင်္ကျီကို အောက်သို့အနည်းငယ် ဆွဲချလိုက်ပြီး နုညံ့ဖြူဖွေးသော လည်တိုင်ကျော့ကျော့လေးကို ဖော်ပြလိုက်သည်။

"မစ္စတာကျိ... ကျွန်မသွေးကို ယူပါတော့။"

သူမက ကံကြမ္မာကို လက်လျှော့လိုက်သကဲ့သို့ လည်စင်းပေးနေ၏။

သူမ ရွေးချယ်ခဲ့သော လမ်းကို သူမ ကိုယ်တိုင် လျှောက်လှမ်းရမည် ဖြစ်သည်။ သွေးအနည်းငယ် ဆုံးရှုံးရခြင်းကို ဂရုမစိုက်နိုင်ပါ ။ အခြားသူများထက် သာလွန်ချင်သော စိတ်ဆန္ဒက ပို၍ပြင်းပြနေ၏။

အခွင့်အရေးက ရှေ့တည့်တည့်သို့ ရောက်နေသဖြင့် သူမ အဆုံးရှုံးမခံနိုင်တော့ပါ။

ဒါက သူနဲ့ပိုရင်းနှီးဖို့ အကောင်းဆုံးအခွင့်အရေးပဲ။

"ငါက အစုံစားသတ္တဝါ ဆိုပေမဲ့ လူ့သွေးကိုတော့ မသောက်ဘူး။ လူ့သွေးသောက်တာက ဥပဒေနဲ့ မညီဘူးလေ။ ငါက ဥပဒေကို ဘယ်တော့မှ မချိုးဖောက်ဘူး။ လည်ပင်းကို ပြန်ဖုံးလိုက်တော့။ နောင်တစ်ချိန် ငါ့အတွက် သွေးလိုအပ်လာတဲ့အခါ မင်းကို လာရှာပါ့မယ်။"

ယခုအချိန်တွင် ကျိယွမ်၏ အစွမ်းမှာ အားနည်းနေသေးသည်။ ဝူချီ၏ သွေးထဲတွင် ထူးခြားမှုတစ်ခုခု ရှိနေသည်ကို သူ အာရုံခံမိသော်လည်း၊ ၎င်း၏ ထူးခြားမှုကို ဖော်ထုတ်ရန် အင်အားများစွာ အသုံးပြုရပေလိမ့်မည်။

ထို့အပြင် ၎င်းက ယခုလောလောဆယ်တွင် သူ့အတွက် မရှိမဖြစ်လည်း မလိုအပ်သေးသဖြင့် နောင်အနာဂတ်အတွက် ချန်ထားရန်သာ ဆုံးဖြတ်လိုက်သည်။

လက်ရှိတွင် အရေးကြီးဆုံးအရာမှာ သူ၏ အစွမ်းကို မြှင့်တင်ရန် ဖြစ်၏။ သူ၏ အစွမ်း တိုးတက်လာသည်နှင့် သူမ၏ ထူးခြားမှုကို လွယ်ကူစွာ မြင်နိုင်ပေလိမ့်မည်။

ကျိယွမ်၏ စကားကို ကြားရသောအခါ မှ ဝူချီခမျာ သက်ပြင်းချနိုင်သွား၏။သူမက မှိတ်ထားသော မျက်လုံးများကို ဖွင့်ကာ ကျိယွမ်အား နားမလည်ခြင်းနှင့်အတူ အနည်းငယ်ရှက်ရိပ်သန်းနေသော အကြည့်ဖြင့်ကြည့်လိုက်သည်။

"ကျွန်မရဲ့ သွေးက မစ္စတာကျိအတွက် အမြဲတမ်း အသင့်ရှိနေမှာပါရှင်။"

ဝူချီက ရိုးသားစွာ ကမ်းလှမ်းလိုက်၏။

"ငါက ကျွင်အန်းရပ်ကွက်မှာ နေတာ။ အခု မောင်းလို့ ရပြီ။"

"ကျွင်အန်းရပ်ကွက်လား။"

သူမသည် မြေပုံပေါ်၌ ကျွင်အန်း ရပ်ကွက်ဟု သတ်မှတ်လိုက်သည်။ ၎င်း၏ တည်နေရာကို မြင်လိုက်ရသောအခါ သူမ၏ ရင်ခုန်သံ အနည်းငယ် မြန်သွား၏။

အထက်တန်းကျောင်းတုန်းက ကျိယွမ်သည် အာဇာနည်တစ်ဦး၏ မိဘမဲ့ကလေး ဖြစ်ကြောင်း ကျောင်းနေဖက်များထံမှ သူမ ကြားဖူးသည်။ ခရီးသည်တင် သင်္ဘောပေါ်တွင် သူ့ကို တွေ့ပြီးနောက် ကျိယွမ်သည် ကျောင်းတက်နေစဉ်အတွင်း သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို တမင်တကာ ဖုံးကွယ်ထားခဲ့သည်ဟု သူမ ထင်ခဲ့၏။

သို့သော် ယခု သူသည် ကျွင်အန်း ရပ်ကွက်တွင် နေထိုင်ကြောင်း ကြားရသောအခါ သူမသည် အမျိုးမျိုးသော ဖြစ်နိုင်ခြေများကို စဉ်းစားမိလာသည်။

ခွမ်းဟွမ်လို မျိုးရိုးစဥ်ဆက်ဗစ်ကောင့် တစ်ဦးကပင် ပြာပြာသလဲ ဖားနေရသည့် ထိုမျှ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးက ယခုကဲ့သို့ သာမန်ရပ်ကွက်တွင် မည်သို့ နေထိုင်နိုင်သနည်း။

ဤအကြောင်းအရာ၏ နောက်ကွယ်တွင် ဖုံးကွယ်ထားသော ဇာတ်လမ်းတစ်ပုဒ်များ ရှိနေနိုင်သလား။

"ဟုတ်တယ်၊ ကျွင်အန်း ရပ်ကွက်ပဲ။"

ကျိယွမ်သည် မျက်လုံးကိုမှိတ်ထားလိုက်ပြီး ဘာမှ ထပ်မပြောတော့ပါ။

ဝူချီမှာ ဇဝေဇဝါဖြင့် ကားအားညင်သာစွာမောင်းထွက်လာခဲ့သည်။

ကျိယွမ်က အဘယ်ကြောင့် ထိုကဲ့သို့သော နေရာမျိုးတွင် နေရသနည်းဟု သူမ မေးချင်သော်လည်း မမေးရဲပါ။

အမှားအယွင်းတစ်ခုခုကြောင့် ကျိယွမ်ကို စိတ်အနှောင့်အယှက် ဖြစ်စေမိပါက သူမ သေသွားနိုင်သည်အထိ ဖြစ်နိုင်၏။ ချင်းယွမ်နိုင်ငံတွင် မှူးမတ်တစ်ဦးက နာမည်ကျော်ဆယ်လီတစ်ဦးကို သတ်ဖြတ်ခြင်းမှာ ထူးခြားသော ကိစ္စမဟုတ်ပါ။

ရှေးဟောင်းအင်ပါယာဖြစ်သော ချင်းယွမ် နိုင်ငံတွင် လူမှုအဆင့်အတန်း ခွဲခြားမှုက ရှင်းလင်းပြတ်သား၏။

ဝူချီသည် တိတ်ဆိတ်စွာဖြင့် ကျွင်အန်း ရပ်ကွက်ဆီသို့ မောင်းလာခဲ့သည်။

ညကပို၍မှောင်လာပြီး ခေတ်မီမြို့ပြ၏ ရောင်စုံမီးများ လင်းထိန်လာချိန်တွင် ကားက ရပ်ကွက်ထဲသို့ ရောက်သွား၏။ သူတို့ ဖြတ်သန်းလာခဲ့သော လင်းထိန်နေသည့် လမ်းမများနှင့် မတူတော့ဘဲ ကျွင်အန်းရပ်ကွက် အနီးတွင် လမ်းဘေးမီး အနည်းငယ်သာ လင်းနေသည်။

ဝူချီ နေထိုင်သည့် နေရာနှင့် ယှဉ်လျှင် ပင် ယခုနေရာက ကွဲပြားခြားနားသော ကမ္ဘာအညံ့စားတစ်ခုကဲ့သို့ပင်။

ဤသာမန်ရပ်ကွက်ကို မြင်လိုက်ရသောအခါ ဝူချီ၏ ဇဝေဇဝါ ဖြစ်မှုမှာ ပိုမိုနက်ရှိုင်းလာ၏။ ဤရပ်ကွက်သည် သူဌေးရပ်ကွက်နှင့် လုံးဝ နှိုင်းယှဉ်၍ မရပါ။

သူမ နေထိုင်သည့် ရပ်ကွက်လောက်ပင် မကောင်းပေ။

ထိုအချိန်တွင် ကျိယွမ်က ပျင်းရိစွာ အညောင်းဆန့်လိုက်ပြီး မျက်လုံးများဖွင့်လိုက်၏။ ရင်းနှီးသော ရပ်ကွက်ကို မြင်ရသောအခါ ပြုံးလိုက်လေသည်။

"ရောက်ပြီ။"

ကျိယွမ် ကားပေါ်မှ ဆင်းလိုက်သည်နှငိ့ ဝူချီကလည်း တစ်ခုခု ပြောချင်သလိုဖြင့် နောက်မှ အမြန် လိုက်ဆင်းလေ၏။

"လိုက်ပို့ပေးတာ ကျေးဇူးပဲ။"

ကျိယွမ်က ယဉ်ကျေးစွာ ပြောလိုက်သည်။

ဝူချီက ပြာပြာသလဲ ခေါင်းခါပြီး အပန်းမကြီးကြောင်း ရှင်းပြ၏။

"ဒါက ဘာမှ အလုပ်မရှုပ်ပါဘူးရှင်။"

"ရော့... ခရီးခအတွက် ၂၇ ယွမ်။"

ချီယွမ်က အကြွေစေ့နှင့် ငွေစက္ကူများ ရောနေသည့် ၂၇ ယွမ်ကို အိတ်ကပ်ထဲမှ ထုတ်ပေးလိုက်သဖြင့် ဝူချီ ကြောင်သွားလေသည်။

ခရီးခ ဟုတ်လား။

"ယူထားလိုက်ပါ။ ငါက အလကားစီးတဲ့သူ မဟုတ်ဘူး။"

ဥပဒေကို အမြဲလိုက်နာတတ်သူ ကျိယွမ်က စည်းကမ်းမဖောက်ချင်သလိုပြောလိုက်၏။

"ပြီးတော့ အွန်လိုင်းမှာ ငါ့ကို ကပ်စေးနည်းတယ်လို့ မပြောနဲ့ဦး။ ငါ သင်တန်းကျောင်းကို တက္ကစီနဲ့ သွားတုန်းက ၂၆ ယွမ်ပဲ ကျတာ၊ အခု တစ်ယွမ်တောင် ပိုပေးခဲ့သေးတယ်။"

ဝူချီသည် ဇဝေဇဝါ ဖြစ်နေသော မျက်နှာဖြင့် ကျိယွမ်ပေးသောပိုက်ဆံကို ယူလိုက်ရသည်။ သို့သော် သူမသည် ကျိယွမ်၏ပြုပုံနှင့်စိတ်သဘောထားကို လုံးဝ နားမလည်နိုင်ပါ။

ဤအရာသည် အစွမ်းထက်သူများ၏ ထူးဆန်းသော အမူအကျင့်တစ်ခုလေလား။

"ငါ့အိမ်မှာ ထမင်းချက်တတ်တဲ့ ကြောင်မရှိလို့ မင်းကို အိမ်ထဲ မဖိတ်တော့ဘူး။ နှုတ်ဆက်ပါတယ်နော်။"

ကျိယွမ်က ယဉ်ကျေးစွာနှုတ်ဆက်ပြီး ချက်ချင်း ထွက်သွားသဖြင့် ဝူချီမှာကားဘေးတွင် ကြောင်တောင်တောင် လေး ကျန်ရစ်ခဲ့သည်။ သူမသည် စိတ်ရှုပ်ထွေးစွာဖြင့် ကျိ

ယွမ်၏ကျောပြင်အား ငေးကြည့်နေမိ၏။

"သူက တကယ်ပဲ ဒီမှာ နေတာလား။"

သူမ၏ မန်နေဂျာပြောခဲ့ဖူးသောစကားအား သူမရုတ်တရက်အမှတ်ရမိသွားသည်။

ကျိယွမ်သည် ဗစ်ကောင့်ခွမ်းဟွမ်ကို တစ်ခုခု ကူညီပေးခဲ့ဖူးသဖြင့် မျက်နှာသာ ပေးခံရသော သာမန်လူတစ်ယောက်သာ ဖြစ်နိုင်ကြောင်း သူမအားပြောခဲ့ခြင်းပင်။

ယခုအနေအထားအရ ထိုစကားက စဥ်းစားစရာဖြစ်လာခဲ့သည်။

..........

"မစ္စတာကျိ၊ ကျောက်ကျစ်ချီက... ခင်ဗျားကို တောင်းပန်ဖို့ တွေ့ဆုံခွင့် တောင်းနေပါတယ်ဗျ။"

ဖုန်းထဲမှ ခွမ်းဟွမ်၏ အသံမှာ စိတ်လှုပ်ရှားမှုနှင့်အတူ တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်နေသည်။

မနေ့က သူနှင့်ကျိယွမ်တို့သည် စနိုက်ပါသမား၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ၎င်းမှာ သလင်းနက်မိသားစု၏ လက်ချက်ဖြစ်ကြောင်း သိလိုက်ရပြီးနောက် ခွမ်းဟွမ်၏ ပထမဆုံး အတွေးမှာ ကျိယွမ်နှင့်အတူ ထွက်ပြေးပြီး ထိုမုန်တိုင်းကို ရှောင်ရှားရန် ဖြစ်၏။

သို့သော် မည်သူ ထင်ထားမည်နည်း...

သလင်းနက်ခေါင်းဆောင်ဖြစ်သူ ကျောက်ရန်ကျိသည် ထိုနေ့၌ပင် ရုတ်တရက် သေဆုံးသွားခဲ့သည်။

ထိုကိစ္စသည် ကျိယွမ်နှင့်မဆိုင်ပါဟု လာပြောလျှင် သူကဟားတိုက်၍ပင် ရယ်မောမိမှာ သေချာ၏။

ထိုဖြစ်ရပ်ကြောင့်ပင် ကျိယွမ်သည် ခြေရာလက်ရာ မကျန်ဘဲ အလွယ်တကူသတ်ဖြတ်နိုင်သော ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း ခွမ်းဟွမ်ကို ပို၍နားလည်သွားစေခဲ့သည်။

ကျောက်ရန်ကျိတွင် အစောင့်အကြပ် မည်မျှပင် များပြားနေပါစေ၊ သူသည် ကျိယွမ်၏ အလွယ်တကူ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။

"အဲဒါ ဘယ်သူလဲ။ ငါ မသိဘူး။"

ကျိယွမ်၏ ရင်းနှီးသူများထဲတွင် ထိုအမည်မရှိပါ။

"သူက ကျောက်ရန်ကျိရဲ့ ညီပါ၊ အခုတော့ ကျောက်မိသားစုရဲ့ ခေါင်းဆောင်ပေါ့။"

ကျောက်ရန်ကျိ သေဆုံးပြီးနောက် အာဏာသည် အခြားသူများလက်ထဲသို့ ရောက်ရှိသွားသည်။ ကျောက်ကျစ်ချီမှာ လူမိုက်မဟုတ်ပါ။ သူ၌ ကိုယ်ပိုင်မူဝါဒနှင့် ယုံကြည်ချက်များ ရှိသော်လည်း ကျောက်မိသားစု၏ အာဏာကိုတော့ အခြားသူထံ လက်လွတ်ခံမည် မဟုတ်ပါ။

တစ်ရက်အတွင်းမှာပင် သူသည် ကျောက်မိသားစုကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့၏။

"ဪ သူလား။ ငါ သူ့ကို မတွေ့ချင်ဘူး။ ငါ သတ်ချင်တဲ့သူက သေသွားပြီပဲ။ သူ့ကို ဘာလို့ တွေ့ရမှာလဲ။ သူ့အစ်ကိုအတွက် လက်စားချေချင်လို့လား။ ငါ့မှာ စိတ်ရောဂါ ရှိကြောင်း ထောက်ခံစာ ရှိတယ်လို့ သူ့ကို ပြောလိုက်၊ ငါ သူတရားစွဲမှာကို မကြောက်ဘူး။"

ကျိယွမ်က အမှန်အတိုင်းပြန်ဖြေလိုက်သည်။

သူ၏ စကားကြောင့် ခွမ်းဟွမ်မှာ ဝမ်းသာသလို ထိတ်လည်းထိတ်လန့်သွားရသည်။

မျှော်လင့်ထားသည့်အတိုင်း ကျောက်ရန်ကျိသည် ကျိယွမ်၏ လက်ချက်ဖြင့် သေဆုံးသွားခြင်းပင်။ ကံကောင်းထောက်မစွာဖြင့် သူသည် ကျိယွမ်ကို သစ္စာဖောက်ရန် မကြိုးခဲ့မိပါ။ ကျိယွမ်သည် ကျောက်ရန်ကျိကို လွယ်လွယ်ကူကူ သတ်နိုင်လျှင် သူ့ကို သတ်ရန်မှာလည်း ပို၍ပင်လွယ်ကူပေလိမ့်မည် ။

"မစ္စတာကျိရဲ့ စကားတွေကို ကျောက်ကျစ်ချီဆီ အရှိအတိုင်း ပြန်ပြောလိုက်ပါ့မယ်။ ဒါနဲ့ မစ္စတာကျိ....ကျောက်ကျစ်ချီက ကျောက်ရန်ကျိကို ခင်ဗျားသတ်တာကို သိဦးမှာ မဟုတ်ဘူး... ကျွန်တော် ဒါကို လျှို့ဝှက်ထားပေးရမလား။"

"ငါက အစွမ်းကို ဖုံးကွယ်ထားချင်တာမှ မဟုတ်တာ၊ ဘာလို့ ဖုံးထားနေမှာလဲ။ ပြီးတော့ ငါ့မှာ စိတ်ရောဂါ ထောက်ခံစာ ရှိတာပဲ၊ ဘာကြောက်စရာမှ မလိုဘူး။"

ကျိယွမ်က တစ်ဘက်လူ သိခြင်း မသိခြင်းက အရေးမပါသလို ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

မိဘလည်းမရှိ၊ သားသမီးလည်းမရှိ၊ စိတ်ရောဂါ ထောက်ခံစာလည်း ရှိနေသော ကျိယွမ်မှာ အခြေခံအားဖြင့် ဆုံးရှုံးစရာမရှိသော အနေအထားတွင် ရှိနေ၏။သူက ဘာကိုကြောက်နေရမည်နည်း။

"ကောင်းပါပြီ။"

ကျိယွမ်သည် ထိုမျှနှင့်ဖုန်းချလိုက်ပြီး ဆက်လက် ကျင့်ကြံနေလေသည်။

နောက်ပိုင်းရက်များတွင်လည်း ကျိယွမ်သည် ပုံမှန်အတိုင်းပင် လေ့ကျင့်၏။ နေ့ဘက်တွင် သင်တန်းကျောင်းသို့ သွားပြီး ညဘက်တွင် ကျင့်ကြံရန်အတွက် ဆေးဖော်စပ်သည်။

ဘဝက တည်ငြိမ်နေပြီး လှိုင်းမထသော ရေကန်ဟောင်းတစ်ခုကဲ့သို့ပင် တိတ်ဆိတ်ငြိမ်သက်လေ၏။

ပြောင်းလဲမှုကိုပြောရမည်ဆိုလျှင် ယခုအခါ သူ့တွင် အချိန်ပြည့် ကားဆရာမ ဝူချီ ရှိနေခြင်းသာ တိုးလာသည်။

တစ်ကြိမ်တွင်တော့ ဝူချီသည် သူ့ကို အိမ်သို့ လိုက်ပို့နေစဉ် သင်တန်းကျောင်းမှ အခြားသူများက မြင်သွားကြကုန်၏။

ဝူချီသည် ထျန်းယွဲ့ မြို့တွင် အတန်အသင့် နာမည်ကြီးသူ ဖြစ်ရာ ဤကိစ္စက သင်တန်းကျောင်းတွင် အတော်လေး လှုပ်ခတ်သွားစေခဲ့သည်။

လူတိုင်းက ကျိယွမ်သည် နာမည်ကြီးကြယ်ပွင့်မလေး ဝူချီနှင့် တွဲနေသည်ဟု ထင်မြင်သွားကြ၏။

ရလဒ်အနေဖြင့် ကျိယွမ်ကို ကြည့်သည့် ဝမ်ရှီချောင်၏အကြည့်များက ပြောင်းလဲသွားလေ၏။ သူမက အနည်းငယ်ရင်နာနေသော အမူအယာဖြင့် သက်ပြင်းချသည်။

"နင်က နာမည်ကြီးကြယ်ပွင့်တစ်ယောက်နဲ့ တွဲနေတာကိုး မထူးဆန်းတော့ပါဘူး။"

သူမက အဖြေကိုရှာဖွေတွေ့ရှိသွားခဲ့လေပြီ။

မင်ဝူ သင်တန်းကျောင်း အသိုင်းအဝိုင်းတွင် ရွှီထဲ့ဟွာ ကဲ့သို့သော အဆင့်အတန်းရှိသူမှလွဲ၍ အခြားသော ချမ်းသာသည့် ဒုတိယမျိုးဆက် သူဌေးသားများပင် ဝူချီကို အထင်သေးနိုင်သည့် အနေအထားမရှိကြပါ။

ဝူချီက ကျိယွမ်ကို နေ့စဉ် အကြိုအပို့ လုပ်ပေးနေခြင်းက လူတိုင်းကို အံ့အားသင့်စေ၏။

အထူးသဖြင့် ကျိယွမ်သည် သာမန်ဆင်းရဲသောမိသားစုမှ ဖြစ်ကြောင်း သူမ၏ သူငယ်ချင်း ရှင်းယွီထံမှ ကြားထားသော ဝမ်ရှီချောင်မှာ ပို၍ အံ့သြသွားခဲ့ရသည်။

ရှင်းယွီ၏ ကျိယွမ်အပေါ် အမြင်မှာလည်း ပြောင်းလဲသွားသည်။ ကျိယွမ်သည် သူမနှင်တူညီသော လမ်းကြောင်းပေါ်တွင် ရှိနေသည်ဟု သူမ ထင်မြင်လာကာ ကျိယွမ်အပေါ် ရှင်းပြ၍မရသော နှစ်သက်မှုတစ်ခုပင် ဖြစ်ပေါ်လာသည်။

ညနေခင်းတွင် ကျိယွမ်သည် ဝူချီအားနုတ်ဆက်ပြီး ရပ်ကွက်ထဲသို့ အေးအေးလူလူလမ်းလျှောက် ဝင်လာခဲ့သည်။

ရပ်ကွက်ထဲရှိ လမ်းဘေးမီး မှိန်ပျပျ လိမ္မော်ရောင်များက သူ့အားနွေးထွေးသော ခံစားမှုကို ပေးနေ၏။

ရပ်ကွက်အတွင်းရှိ မြေကွက်လပ်တစ်ခုတွင်တော့ သန်မာထွားကြိုင်းသော အမျိုးသားတစ်ဦး သိုင်းပညာ လေ့ကျင့်နေလေသည်။ သူ၏ လှုပ်ရှားမှုများက အားပါ၏ ။ ထို့အပြင် အလွန်ပင် ကြမ်းတမ်းရက်စက်သည်။

မင်ဝူ သင်တန်းကျောင်းမှ ထိပ်တန်းကျောင်းသား ရွှီထဲ့ဟွာသည်ပင်လျှင် ဤအမျိုးသားနှင့် ယှဉ်ပါက များစွာ နိမ့်ကျနေသည်ဟု ကျိယွမ် ခံစားလိုက်ရသည်။

"အစ်ကိုယန်၊ လေ့ကျင့်နေတုန်းပဲလား။"

ကျိယွမ်က ထိုအမျိုးသားဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်၏။

ထိုလူ၏ အမည်မှာ ယန်ရှန်းဟုခေါ်ပြီး လွန်ခဲ့သော တစ်ပတ်က ကျိယွမ်၏ အိမ်ဘေးသို့ ပြောင်းရွှေ့လာပြီး အိမ်နီးချင်း ဖြစ်လာသူ ဖြစ်သည်။

ယန်ရှန်းမှာ အသက် ၃၀ ကျော် အရွယ်ဖြစ်ပြီး စစ်သားတစ်ယောက်၏ အငွေ့အသက်များ ပြည့်ဝနေ၏။ သို့သော် သူသည် ပြင်းထန်သောဒဏ်ရာအချို့ ရရှိခဲ့သဖြင့် စစ်တပ်မှ စောစီးစွာ အနားယူခဲ့ရလေသည်။

သူကလည်း သိုင်းပညာကို နှစ်သက်စွာလေ့ကျင့်ပြီး ကျိယွမ်ကလည်း သ်ုင်းပညာကို လေ့ကျင့်နေသူမှန်းသိရပြီးနောက် သူတို့နှစ်ဦးမှာ အတော်လေး ရင်းနှီးလာကြသည်။

သို့သော် သိုင်းပညာပိုင်းတွင်မူ ယန်ရှန်းက အချိန်ကြာကြာလေ့ကျင့်ခဲ့သူဖြစ်သောကြောင့် ပို၍အဆင့်မြင့်သူဟု ဆိုနိုင်၏။

ကျိယွမ်သည် တစ်ခါတစ်ရံတွင် ယန်ရှန်းအား အချို့သော အချက်များကို အကြံဉာဏ် တောင်းလေ့ရှိသည်။

"ပြန်ရောက်ပြီလား။ ဟ ..မင်းက နောက်ထပ် အဆင့်တက်သွားပြန်ပြီပေါ့။"

ယန်ရှန်းက လေ့ကျင့်မှုကိုရပ်နားလိုက်ကာ ကျိယွမ်ကိုနှုတ်ဆက်ပြီး သူ၏ မျက်လုံးများက တောက်ပသွားလေသည်။

"ဟုတ်ကဲ့။"

ကျိယွမ်က ခေါင်းညိတ်ပြလိုက်၏။

"မင်းရဲ့ ပါရမီက... ကြောက်စရာကောင်းလိုက်တာ။"

ယန်ရှန်းက ကျိယွမ်အား ထူးဆန်းသော အမူအရာဖြင့် ကြည့်နေသည်။

"မဆိုးပါဘူး၊ ကမ္ဘာပေါ်မှာ နံပါတ် ၃ ပေါ့။"

ကျိယွမ်ကလည်း ဝင့်ကြွားစွာပြန်ဖြေ၏။

"မင်းက လက်မှတ်ရသိုင်းပညာရှင် တစ်ယောက်ဖြစ်အောင် ဘယ်လို အဆင့်တက်ရမလဲဆိုတာကို ငါ့ကို မေးချင်တာ မဟုတ်လား။"

ယန်ရှန်း၏ မျက်နှာက တည်ကြည်သွားလေသည်။

"ဟုတ်တယ်။"

လက်ရှိတွင် ကျိယွမ်သည် မင်ဝူ လက်သီးသိုင်း၏ ဆဋ္ဌမအဆင့်သို့ ရောက်နေပြီဖြစ်ကာ သတ္တမအဆင့်သို့ ရောက်ရန် တစ်လှမ်းသာ လိုတော့၏။

သတ္တမအဆင့်သို့ ရောက်ရှိသွားပါက သူသည် သိုင်းပညာရှင်လက်မှတ်ကို ရရှိပေတော့မည်။

သို့သော် ယခုတစ်ခါအဆင့်တက်မှုနှင့် ပတ်သက်၍ ကျိယွမ်၏ စိတ်ထဲတွင် သံသယများစွာ ရှိနေ၏။

ထို့ကြောင့် အတွေ့အကြုံများသော ယင်ရှန်းကို မေးမိခြင်းပင်။ကျိယွမ်က မသိလျှင် မည်သူ့ကိုမဆို မေးရန်ဝန်မလေးတတ်ပေ။

"သိုင်းပညာရှင် တစ်ယောက် ဖြစ်လာဖို့ဆိုရင် မင်းရဲ့ ကိုယ်ပိုင်မွေးရာပါသိုင်းစွမ်းရည်ကို ဖော်ထုတ်နိုင်ဖို့ လိုတယ်။ မွေးရာပါသိုင်းစွမ်းရည်တွေက လူသားတွေရဲ့ ကန့်သတ်ချက်ကို ကျော်လွန်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ အစွမ်းကို ထုတ်ဖော်နိုင်တယ်"

ယန်ရှန်း၏ မျက်လုံးများက လေးနက်လာ၏။

"ရှေးခေတ်တုန်းက အဆင့်မြင့်သိုင်းပညာရှင်တွေဟာ မြစ်တွေကိုတောင် လက်ချောင်းတစ်ချောင်းတည်းနဲ့ ဖြတ်တောက်နိုင်တဲ့ မွေးရာပါသတ်ဖြတ်ကွက်တွေကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ တောင် ကောလာဟလတွေ ရှိခဲ့တယ်။"

" ဒါပေမဲ့ ဒီအကြောင်းကို လေ့လာတဲ့ ပညာရှင်တွေအားလုံးကတော့ အဲဒါတွေဟာ အဓိပ္ပာယ်မရှိတဲ့ ပုံပြင်တွေဖြစ်ပြီး မွေးရာပါသိုင်းစွမ်းရည်တွေဟာ သတ်ဖြတ်ကွက်တွေအဖြစ် ပြောင်းလဲမသွားနိုင်ဘူးလို့ ကောက်ချက်ချထားကြတယ်။"

အဆုံးသတ်စကားကိုတော့ ယန်ရှန်းက စိတ်ပျက်နေသော မျက်လုံးများဖြင့် ပြောလိုက်သည်။

သူသည် အနားယူထားသော စစ်သားတစ်ဦးသာ မကဘဲ ထိပ်တန်းသိုင်းပညာရှင် တစ်ဦးလည်းဖြစ်၏။သိုင်းပညာလမ်းစဥ်တွင် သူသည် ကန့်သတ်ချက်သို့ ရောက်လုနီးပါးထိ လေ့ကျင့်အောင်မြင်ခဲ့သူဖြစ်သည်။

သို့သော်လည်း သူသည် အဆင့်မြင့် မျိုးရိုးဗီဇဆေးများ သုံးစွဲထားသူကိုတော့ အနိုင်မယူနိုင်ခဲ့ပါ။

တိုက်ပွဲတွင် ဒဏ်ရာ ရပြီးနောက် သူ၏ ဇာတိမြေ ဖြစ်သော ကျွင်အန်းရပ်ကွက်လေးသို့ ပြန်ရောက်လာခဲ့၏။

"အခုခေတ်မှာ မွေးရာပါသတ်ဖြတ်ကွက်တွေအကြောင်း ပြောတာက ဒဏ္ဍာရီအကြောင်း ပြောနေသလိုပဲ။ မွေးရာပါသိုင်းစွမ်းရည်တွေအကြောင်းပဲ ဆက်ပြောကြရအောင်"

ယန်ရှင်းက ကျိယွမ်အားစိတ်ပါလက်ပါရှင်းပြနေသည်။ စိတ်တူ ကိုယ်တူ ဝါသနာတူသူများနှင့် စကားပြောရလျှင် မည်သူမဆို သူ့လိုပင်တက်ကြွနေမှာ သေချာ၏။

"မွေးရာပါသိုင်းစွမ်းရည်ဆိုတာက သိုင်းပညာရှင်တိုင်းရဲ့ အနှစ်သာရပဲ၊ ပြီးတော့ သိုင်းပညာရှင် တစ်ယောက်ချင်းစီရဲ့ စွမ်းရည်တွေက တစ်ခုနဲ့တစ်ခု မတူဘူး။"

"ဥပမာကွာ... ပြီးခဲ့တဲ့ ကိုယ်ခံပညာ ပြိုင်ပွဲရဲ့ ချန်ပီယံမှာ 'ဝိညာဉ်အသံ လက်သီး' ရှိတယ်။ လက်သီးတစ်ချက် ပစ်သွင်းလိုက်ရင် ရန်သူတွေ ခုခံဖို့ မဖြစ်နိုင်အောင် ပုံရိပ်ယောင်တွေ အများကြီး ပေါ်လာတာမျိုးပေါ့။"

"ဒီလို မွေးရာပါသိုင်းစွမ်းရည်မျိုးဟာ လူသားတွေရဲ့ ကန့်သတ်ချက်ကို ကျော်လွန်ပြီး လမ်းစဉ်အဆင့်ကို ရောက်နေပြီလို့ ပြောလို့ရတယ်။ဒါပေမဲ့..."

ယန်ရှင်းက သက်ပြင်းချ၏။

"သိုင်းစွမ်းရည်ဘယ်လောက်ပဲ ကောင်းကောင်း. ငါတို့လို ကာဗွန်အခြေပြု သက်ရှိတွေဟာ အဆင့်မြင့် မျိုးရိုးဗီဇဆေးတွေ မရှိရင် တကယ်ကိုအားနည်းလွန်းတယ်"

သူက ထိုသို့ပြောရင်းမှ အတိတ်ကို ပြန်သတိရနေဟန်ရှိသည်။

သူ၏ မွေးရာပါသိုင်းစွမ်းရည်ကို ပထမဆုံးအကြိမ် ထုတ်ဖော်နိုင်ခဲ့စဉ်က သိုင်းပညာသည် အလွန် ဆွဲဆောင်မှု ရှိကြောင်း သူ ပထမဆုံးအကြိမ် ခံစားခဲ့ရ၏။

သူသည် ထူးကဲသော လမ်းစဉ်တစ်ခုပေါ်သို့ တက်လှမ်းနေပြီဟုပင် ယုံကြည်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် မွေးရာပါသိုင်းစွမ်းရည်များသည် သာမန်သိုင်းပညာများ သို့မဟုတ် သာမန်ကျွမ်းကျင်မှုများ မဟုတ်ဘဲ... ထူးကဲသောအစွမ်းများ ဖြစ်သောကြောင့်ပင်။

ထိုထူးကဲသောအစွမ်းမှာ မျိုးဗီဇပြောင်းဆေးများထက် အားနည်းနေသော်လည်း ၎င်းသည် ထူးကဲသောအရာ ဖြစ်နေဆဲပင်ဖြစ်၏။

ကံမကောင်းစွာဖြင့် ဆယ်စုနှစ်တစ်ခုကျော် ကြိုးစားခဲ့ပြီးနောက် သူသည် သိုင်းပညာ၏ ထိပ်ဆုံးသို့ ရောက်ခဲ့သော်လည်း သူ၏ ကန့်သတ်ချက်ကို မကျော်လွှားနိုင်ခဲ့ပါ။

ဝမ်းနည်းစရာအကောင်းဆုံးမှာ နှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ရသော်လည်း မျိုးရိုးဗီဇဆေး ထိုးထားသူတစ်ဦး၏ အလွယ်တကူ အနိုင်ယူခြင်းကို ခံလိုက်ရခြင်းပင်။

မွေးရာပါသိုင်းစွမ်းရည်သည်ပင် ထိုသူများရှေ့တွင် အသုံးမဝင်တော့ပါ။

မျိုးရိုးဗီဇဆေးများက မွေးရာပါသိုင်းစွမ်းရည်များကို လုံးဝ ကျော်လွန်သွားနိုင်သော မျိုးရိုးဗီဇဆိုင်ရာ သိုင်းပညာအသစ်များကိုပင် ပေါ်ထွက်လာစေနိုင်သည်။

ယန်ရှန်း လုံးဝစိတ်ပျက်သွားပြီး သိုင်းပညာ လမ်းစဥ်သည်လည်း အဆုံးသို့ ရောက်သွားပြီဟု ခံစားလိုက်ရ၏။

နှစ်ပေါင်းများစွာအတွင်း ပညာရှင်များက သိုင်းပညာကို လေ့လာခဲ့ကြသလို ၊ ထိပ်တန်း သိုင်းပညာရှင်များကလည်း ကန့်သတ်ချက်များကို ကျော်လွန်ရန် နည်းလမ်းများကို ရှာဖွေခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ခြင်းမှာလည်း ဝမ်းနည်းစရာပင်။

ယနေ့ခေတ်မှာတော့ သိုင်းပညာသည် ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ဘိုးဘွားရိုးရာယဉ်ကျေးမှုတစ်ခုနှင့် ပြိုင်ပွဲဝင် အားကစားတစ်ခုအဆင့်သို့ပင် လျော့ကျသွားခဲ့လေပြီ။

"ထူးကဲသောအရာ ဟုတ်လား။"

ကျိယွမ်၏ မျက်လုံးများ တောက်ပသွားသည်။

ရိုးရိုးသားသား ပြောရလျှင် သူသည် မွေးရာပါသိုင်းစွမ်းရည်ဆိုသောအရာကို တစ်ခါမှ မမြင်ဖူးပါ။

မင်ဝူ သင်တန်းကျောင်းတွင် လက်မှတ်ရသိုင်းပညာရှင် အနည်းငယ်သာ ရှိပြီး သူနှင့်လည်း မရင်းနှီးသလို၊ မည်သူကမှလည်း သူတို့၏ မွေးရာပါသိုင်းစွမ်းရည်များကို လူမြင်ကွင်းတွင် မထုတ်ပြကြပါ။

"ထူးကဲတယ်လို့ ပြောတာက သိုင်းပညာကို နာမည်ကောင်းအောင် ပေးထားတာသပ်သပ်ပါပဲ ။"

ယန်ရှန်းက မိမိကိုယ်ကို လှောင်ပြောင်သလို ရယ်မောလိုက်သည်။

အကယ်၍ သိုင်းပညာကသာ တကယ် ထူးကဲခဲ့လျှင် မျိုးရိုးဗီဇဆေး သုံးရုံဖြင့် မွေးရာပါစွမ်းရည်နှင့် တူညီသော အရာများကို မည်သို့ ပြုလုပ်နိုင်ပါမည်နည်း။

ယခုတော့ တူညီရုံသာမက များစွာပင်

သာလွန်နေသည် မဟုတ်ပါလား။

"ထားတော့ ..အကြိမ်တစ်ရာ ပြောတာထက် မင်းကိုယ်တိုင် တစ်ကြိမ် မြင်လိုက်ရတာက ပိုကောင်းပါတယ်။ ငါ့ရဲ့ မွေးရာပါသိုင်းစွမ်းရည်ကို ငါ ပြပေးမယ်။"

"ဟုန်လေ လက်ဝါးတိုက်ကွက် "

ယန်ရှန်း၏ အသံနှင့်အတူ သူ၏ မျက်လုံးများ စူးရှသွား၏။

အားကောင်းသော အရှိန်အဝါတစ်ခု ပျံ့နှံ့သွားပြီး ကျိယွမ်သည် သာမန်ထက် သာလွန်သော အားအင်တစ်ခုကို အာရုံခံမိလိုက်သည်။

"၂၁ရာစု ကမ္ဘာက လူသားတွေထက်တော့ နည်းနည်း ပိုသန်မာတာပဲ။"

ကျိယွမ်က အနီးစပ်ဆုံးအကဲဖြတ်လိုက်၏။

သို့သော် အနည်းငယ်သာ ပိုသန်မာခြင်း သာဖြစ်ပြီး ဓား သို့မဟုတ် လက်နက်များကိုတော့ မခုခံနိုင်ပါ။

"ဟိတ် ...."

ကျယ်လောင်သော မာန်သွင်းအော်ဟစ်သံနှင့်အတူ ယန်ရှန်းသည် အားပါသော လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်ဖော်လိုက်သည်။ လေထုက တုန်ခါသွားသလိုလှုပ်ရှားသွားပြီး လေထဲတွင် အုန်းခနဲ မြည်သော မိုးကြိုးသံသဲ့သဲ့ ပဲ့တင်ထပ်သွား၏။

ဟုန်လေလက်ဝါးမှာ ၎င်း၏ အမည်နှင့် လိုက်ဖက်လှပေသည်။

ထိုလက်ဝါးရိုက်ချက်မှာ သာမန်လူများကို အံ့အားသင့်စေရန် လုံလောက်၏၊

၎င်းသည် အုတ်ခဲတစ်ခဲကို တစ်ချက်တည်းနှင့် လွယ်ကူစွာ ချေမှုန်းနိုင်သည်။

သာမန်လူတစ်ယောက်ကို ထိမှန်ပါက ချက်ချင်း သေဆုံးသွားမှာသေချာ၏။

ကျိယွမ်၏ မျက်ခုံးများတွန့်ချိုးသွားခဲ့သည်။

ထိုလက်ဝါးရိုက်ချက်တွင် သူသည် ထူးခြားသောအရာတစ်ခုကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။

"နှမြောစရာပဲ။ တကယ်လို့ ခင်ဗျားသာ ဘလူးစတားမှာ နေပြီး အုတ်ခဲခွဲတဲ့ လက်ဝါးရိုက်ချက်ကို နေ့တိုင်း လိုက်ဖ်လွှင့်ပြရင် ဖော်လိုဝါ သန်းချီရှိတဲ့ ချီကုန်းဆရာကြီး တစ်ယောက် ဖြစ်မှာ သေချာတယ်။ ကံမကောင်းတာက ဒါက ကုံရှင်းဖြစ်နေတာပဲ။"

ကျိယွမ်က ပွင့်လင်းစွာမှတ်ချက်ပေးလိုက်သည်။

ယန်ရှန်း၏ လက်သီးချက်တွင် ထူးကဲသော အစိတ်အပိုင်း အနည်းငယ် ပါဝင်နေသည်ကို သူခံစားမိ၏။

ဘလူးစတားတွင် ဆိုပါက လူအများက သူ့တွင် စစ်မှန်သော ကွန်ဖူးပညာ ရှိသည်ဟု ထင်သွားကြမှာ သေချာလေသည်။

သို့သော် ဤနေရာက ကုံရှင်း ဖြစ်ပြီး လူအများအပြားမှာ မျိုးရိုးဗီဇဆေးများ သုံးစွဲထားကြ၏။

အချို့ဆိုလျှင် သံမဏိများကိုပင် လက်ဗလာဖြင့် ကွေးနိုင်သည့်အထိ စွမ်းဆောင်နိုင်သည်။

ထို့ကြောင့် ထိပ်တန်းသ်ုင်းပညာရှင် တစ်ဦးမှာ အများအမြင်တွင် ဘာမှမထူးခြားလှပေ။

"ဘလူးစတား ဆိုတာ ဘာလဲ။"

ယန်ရှန်းက သိုင်းကွက်ကိုရုတ်သိမ်းကာ နားမလည်သလို မေးလိုက်၏။

"အပြာရောင် ဂြိုဟ်တစ်ခုပေါ့၊ အင်း... အဲဒါ ငါ့ရဲ့ ဇာတိပဲ၊ တကယ်တော့... ငါက ဂြိုဟ်သား တစ်ယောက်လေ။"

ယန်ရှန်းခမျာ မျက်လုံးပြူးသွားတော့သည်။

"မင်းရဲ့ စိတ်ရောဂါ ထောက်ခံစာက... တကယ်အစစ်လား။"

ယခုရပ်ကွက်ထဲသို့ ပြောင်းလာခါစက သူ၏အိမ်နီးချင်းတွင် စိတ်ရောဂါ ထောက်ခံစာရှိကြောင်း အချို့ကသတိပေးခဲ့ကြ၏။

သို့သော် ကျိယွမ်က စိတ်ရောဂါ ထောက်ခံစာ ရှိပါက ကိစ္စရပ်များ ပိုမိုလွယ်ကူပြီး ထောက်ပံ့ကြေးများ ရရှိသောကြောင့် ဟန်ဆောင်ထားခြင်းသာ ဖြစ်ကြောင်း သူ့ကိုရှင်းပြခဲ့သဖြင့်

ယန်ရှန်းက သူ့ကို ယုံကြည်ခဲ့မိသည်။

ကျိယွမ်၏ရုပ်ရည် ၊ သိုင်းပညာပါရမီနှင့် တည်ငြိမ်သောနေထိုင်ပုံတို့ကြောင့် စိတ်ဝေဒနာရှင် မဖြစ်နိုင်ဟု သူကယူဆမိသည်လည်း ပါ၏။

သို့သော် ယခုတော့ ကျိယွမ်၏ စိတ်ရောဂါမှာ အတုမဟုတ်ကြောင်း ပေါ်လာခဲ့လေပြီ။

ငါတော့ လူပေါင်းမှားပြီလား။

All Chapters