ပုံပြင်ဟောင်းများ
Vol. 26 Ch. 294
"ကျွန်တော်က နေမကောင်းတဲ့သူနဲ့ တူလို့လား။"
ကျိယွမ်သည် စကားပြောချင်စိတ်များပင် ကုန်ခမ်းသွား၏။
ဤကမ္ဘာပေါ်ရှိ လူများ၏ ပျမ်းမျှဉာဏ်ရည်မှာ သိပ်မမြင့်မားလှသလို အမြင်လည်း အလွန်ကျဉ်းမြောင်းကြသည်ဟု သူ ထင်မိသည်။
ငါ့ရုပ်ရည်အနေအထားနဲ့ကွာ..ချောမောပြီးထက်မြတ်တဲ့ပုံပေါက်နေတာကို စိတ်ဝေဒနာရှင်လ်ု့ ထင်စရာလား။
ယန်ရှန်းကလည်း ကျိယွမ်ကို သေသေချာချာကြည့်ကာ တည်ကြည်စွာ ခေါင်းညိတ်လိုက်သည်။
"တူလည်းတူတယ်၊ မတူလည်း မတူဘူးလို့ပြောလို့ရတယ်"
အကယ်၍ သူသည် အမှန်တကယ် စိတ်ဝေဒနာရှင် ဖြစ်နေပါက သိုင်းပညာတွင် ဤမျှ ပါရမီရှိနိုင်မည်မဟုတ်ပါ။
ယန်ရှန်းသည် ဤရပ်ကွက်သို့ ပြောင်းလာသည်မှာ တစ်ပတ်သာ ရှိသေးသော်လည်း ကျိယွမ်၏ တိုးတက်မှုကို သူ၏ မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ ဤတိုးတက်မှုနှုန်းမှာ သူသိသော ပါရမီရှင်များနှင့် နှိုင်းယှဉ်လျှင်ပင် အလွန်အထင်ကြီးစရာ ကောင်းနေ၏။
"ဒါဆို မွေးရာပါသိုင်းစွမ်းရည်အပေါ် ဘယ်လို ထင်သလဲ။ ငါဆိုလိုတာကကွာ မင်း..ဘာတွေ သိမြင်လိုက်ရလဲ။"
ယန်ရှန်းသည် အဓိက အကြောင်းအရာသို့ ပြန်လှည့်ကာ စကားလမ်းကြောင်း ပြောင်းလိုက်သည်။ သူသည် ကျိယွမ်၏စိတိအားထက်သန်မှုကို မြင်သောအခါ သူ၏ငယ်ဘဝပုံရိပ်တစ်ခုကို ပြန်တွေ့လိုက်ရသလို ခံစားရသဖြင့် အလေးအနက် ထားနေမိသည်မှာတော့ အမှန်ပင် ။
သို့သော် သူကိုယ်တိုင်မှာလည်း အသက်လေးဆယ်ပင် မပြည့်သေးပါ။
ကီယွမ်သည် ယန်ရှန်း၏ မေးခွန်းကို ကြားသောအခါ ခေါင်းငုံ့ကာ အလေးအနက် စဉ်းစားပြီး စောစောက မြင်ကွင်းကို ပြန်လည် အာရုံဖော်လိုက်သည်။
ယန်ရှန်းက ပြုံးလိုက်၏။
"မွေးရာပါသိုင်းစွမ်းရည်ကို ပထမဆုံး မြင်တုန်းက ငါလည်းအရမ်း အံ့သြသွားခဲ့တာ၊ အဲဒါက တကယ့်ကို ထူးခြားဆန်းကြယ်ပြီး ထူးကဲတဲ့ အဆင့်ကို တက်လှမ်းတာလို့ ထင်ခဲ့တာ... ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ..."
သူ သက်ပြင်းချကာ ခေါင်းယမ်း၏။
ယန်ရှန်း၏ အသံတွင် အတိတ်အပေါ် လွမ်းဆွတ်မှုများကိုမြင်နေရသလို စိတိပျက်အားငယ်မှုများလည်း ရောပါနေသည်။
မွေးရာပါသိုင်းစွမ်းရည်များသည် ဆန်းကြယ်သည်ဟု ထင်ရသော်လည်း သိပ္ပံနည်းကျ စူးစမ်းကြည့်လျှင်တော့ သာမန်မျှသာ ဖြစ်သည်။ သို့သော် သိုင်းပညာရှင် မဖြစ်သေးသော ကျိယွမ်ကဲ့သို့ လူတစ်ယောက်ကို အထင်ကြီးစေရန်အတွက်တော့ လုံလောက်သည်ဟု သူထင်လေသည်။
ယန်ရှန်းက မျက်လုံးမှိတ်ကာစဥ်းစားနေသော ကျိယွမ်ကိုကြည့်နေစဥ်မှာပင် ကျိယွမ်၏ မျက်လုံးများပွင့်လာ၏။
"မွေးရာပါသိုင်းစွမ်းရည်ရဲ့ အနှစ်သာရက... သွေးမျိုးဆက်ဖြစ်ရမယ် ဟုတ်တယ်မှတ်လား။"
ကျိယွမ်က မျက်လုံးများကိုဖွင့်ကာ ယန်ရှန်းကို တည်ကြည်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။
ယန်ရှန်းသည် အံ့အားသင့်သွားပြီး သူ၏ ရင်ခုန်သံများ ရုတ်တရက် မြန်ဆန်သွားလေသည်။။
"မင်း အဲဒါကို ဘယ်လို သိတာလဲ။"
သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများက အထင်သားပေါ်လာ၏။ သူ အနားယူပြီးနောက်ပိုင်း ယခုကဲ့သို့ အံ့အားသင့်ရခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
ကျိယွမ်၏ အဖြေမှာ သူလုံးဝ မျှော်လင့်မထားသော အရာ ဖြစ်နေ၏။
မွေးရာပါသိုင်းစွမ်းရည်များအပေါ် သုတေသန ပြုလုပ်မှုသည် သမိုင်းတစ်လျှောက် ဘယ်တော့မှ မရပ်တန့်ခဲ့ပေ။ ကံမကောင်းသည်မှာ နှစ်ပေါင်းများစွာ သုတေသန ပြုလုပ်ခဲ့သော်လည်း တိကျသော ရလဒ်ကား ထွက်မလာခဲ့ပါ။
ထိုအစား လွဲမှားသော အယူဝါဒများနှင့် ဂိုဏ်းဂဏအမျိုးမျိုးသာ ပေါ်ပေါက်လာခဲ့သည်။
ယခုအခါ ကမ္ဘာပေါ်ရှိ ထိပ်တန်းသိုင်းပညာရှင်များ စုပေါင်း၍ ငွေကြေး၊ လူအင်အားနှင့် လုပ်ပိုင်ခွင့်များစွာ အသုံးပြုပြီးနောက်တွင်မှ မွေးရာပါသိုင်းစွမ်းရည်၏ လျှို့ဝှက်ချက် အနည်းငယ်ကိုသာ ဖော်ထုတ်နိုင်ခဲ့ကြ၏။
ထိပ်တန်းသိုင်းပညာရှင်တစ်ဦးဖြစ်သော ယန်ရှန်းသည် ထိုသုတေသနလုပ်ငန်းများတွင် ပါဝင်ခဲ့ဖူးပြီး နောက်ဆုံးထွက်ရှိထားသော သုတေသနရလဒ်များအရ မွေးရာပါသိုင်းစွမ်းရည်များသည် သွေးနှင့် ဆက်နွှယ်နေနိုင်ကြောင်း ညွှန်ပြနေကြောင်း အားလုံးတွေ့ရှိခဲ့လေ၏။
အမှန်အတိုင်းပြောရလျှင် ထိုကောက်ချက်ကို ပထမဆုံး ကြားစဉ်က ယန်ရှန်းမှာ တော်တော်လေးအံ့သြခဲ့ရသည်။
သိုင်းပညာသည် အဘယ့်ကြောင့် သွေးနှင့်ဆက်နွှယ်နေရသနည်း။
ထိုရလဒ်ကြောင့် ထိပ်တန်းသိုင်းပညာရှင် အသိုင်းအဝိုင်းမှာပင် လှုပ်ခတ်သွားခဲ့ပြီး ပို၍တိကျသောအဖြေကို ရှာဖွေရန်ကြိုးစားကြ၏။ သို့သော် ထိုသတင်းမှာ သူတို့ထိပ်တန်းအသိုင်းအဝိုင်း ကျဉ်းကျဉ်းလေးအတွင်း၌သာ ရှိနေပြီး ပြည်သူများထံ လုံးဝ ပေါက်ကြားခြင်း မရှိသေးပေ။
သူတို့က လျှ်ုဝှက်ရှာဖွေနေဆဲပင် ရှိ၏။
ကျိယွမ်သည် သာမန်အာဇာနည်မျိုးဆက် မိဘမဲ့ ကလေးတစ်ဦးသာဖြစ်ပြီး စိတ်ဝေဒနာလက်မှတ်ရထားသူလည်း ဖြစ်သည်။ ထိပ်တန်းများကြားမှ လျှို့ဝှက်ချက်ကို သူလိုကောင်လေးတစ်ယောက်က သိနိုင်စရာအကြောင်းမရှိပါ။
ကျိယွမ်က ဒါကို ဘယ်လို သိနေရတာလဲ။
ယန်ရှန်း မအံ့သြဘဲ မည်သို့နေနိုင်တော့မည်နည်း။
"ကျွန်တော် မြင်လိုက်ရတာပါ"
ကျိယွမ်က မထူးဆန်းသောကိစ္စတစ်ခုလို ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"မြင်လိုက်ရတယ် ဟုတ်လား။"
ယန်ရှန်းသည် ကျိယွမ်ကို သံသယဖြင့် ကြည့်ကာ မယုံနိုင် ဖြစ်နေ၏။
"အစ်ကို မွေးရာပါသိုင်းစွမ်းရည်သုံးလိုက်တဲ့အချိန်မှာ အစ်ကို့ရဲ့ သွေးတွေက နည်းနည်း ဆူပွက်လာတဲ့ အခြေအနေမှာ ရှိနေတယ်၊ ကျွန်တော့်ရဲ့ မျက်စိက ကောင်းပါတယ်၊ ဒီလောက်လေးကို မြင်ရဖို့မျက်မှန် တပ်စရာတောင် မလိုပါဘူး"
ယန်ရှန်းမျက်မှောင်ကြုတ်သွား၏။
"သွေးက နည်းနည်း ဆူပွက်လာတယ် ..ဟုတ်လား။"
သူက ကျိယွမ်၏ စကားကို ပြန်လည် သေသေချာချာ စဉ်းစားကြည့်နေသည်။ ဟုန်လေလက်ဝါးကို သုံးစဥ်က သွေးများသာဆူပွက်ခြင်းမဟုတ်ဘဲ
သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ကြွက်သား၊ အရွတ် ၊ အဆီများပါမကျန် ဆူပွတ်နေခြင်းဖြစ်သည်။
ဒါပေမဲ့ ကျိယွမ်က ဘာလို့ သွေးကိုပဲ ရွေးပြောသွားတာလဲ၊ ဒါကတိုက်ဆိုင်မှု
လား ဒါမှမဟုတ် ပါရမီလား။
ယန်ရှန်း၏ စိတ်ထဲတွင် အတွေးများစွာ ဖြစ်ပေါ်နေပြီး ဝေခွဲမရဖြစ်နေ၏။
အကယ်၍ တိုက်ဆိုင်မှုဆိုလျှင် ကိစ္စမရှိသော်လည်း ပါရမီဆိုလျှင်တော့ ကြောက်စရာ ကောင်းလှသည်ဟု ဆိုရပေလိမ့်မည်။
၎င်းသည် ကျိယွမ်မှာ သိုင်းပညာအတွက် အလွန် ထူးခြားစွာ သင့်တော်သူဖြစ်ကြောင်း သက်သေပြနေခြင်း မဟုတ်ပါလား။
ထိုပါရမီနှင့်ဆိုလျှင် သူသည် သိုင်းပညာလောက၏ ထိပ်ဆုံးသို့ပင် ရောက်ရှိနိုင်သည့် အခွင့်အရေး ရှိနေ၏။
အဆင့်မြင့် မျိုးရိုးဗီဇဆေး သုံးထားသူများကို မယှဉ်နိုင်သော်လည်း သိုင်းပညာ၏ ထိပ်ဆုံးဆိုသည်မှာ သာမန်လူများအတွက်တော့ ကြောက်မက်ဖွယ်ကောင်းသော အရာ ဖြစ်နေဆဲပင်။
"မွေးရာပါသိုင်းစွမ်းရည်တွေဆိုတာ သွေးတွေ ဆူပွက်လာပြီး တိကျတဲ့ တုန်ခါမှုနှုန်း တစ်ခုကို ရောက်သွားတဲ့အခါ ထွက်ပေါ်လာတာပါ၊ အဲဒါက ထူးကဲတဲ့ အစွမ်းနဲ့ နည်းနည်းဆက်စပ်မှု ရှိတယ်"
ကျိယွမ်က အခိုင်အမာ ပြောလိုက်သည်။ ကုန်ရှင်းဂြိုဟ်ပေါ်တွင် သိုင်းပညာများ အဘယ့်ကြောင့် အားနည်းနေရသနည်း ဆိုသည်ကို သူ နားလည်သွားပြီ ဖြစ်သည်။
၎င်းမှာ သွေးမျိုးဆက်များ အလွန် လျော့ပါးသွားသောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် ယန်ရှန်း၏ '
ဟုန်လေ လက်ဝါးကို သုံးစဉ်က သွေးဆူပွက်မှုမှာ အလွန်နည်းပါးလှ၏။
ထိုဆူပွက်မှုက မလုံလောက်ပေ။
"သိုင်းပညာရဲ့ ကန့်သတ်ချက်ကို ဘယ်လို ကျော်ဖြတ်ရမလဲဆိုတာ အစ်ကို သိလား။"
ကျိယွမ်က ယန်ရှန်းကို မေးလိုက်သည်။
"ငါ မသိဘူး။ သိရင် ငါ ဒီမှာ ရှိနေမှာ တောင် မဟုတ်ဘူး။ ဒါပေမဲ့ သိုင်းပညာရှင်တောင်မဖြစ်သေးတဲ့ မင်းကရော သိလို့လား။"
ယန်ရှန်းက ထိုသို့မေးသော်လည်း ကျိယွမ်ကို အရင်ကထက် ပိုလေးစားသောအကြည့်ဖြင့် ကြည့်လိုက်သည်။
အရင်က သူသည် ကျိယွမ်ကို ပါရမီရှင်တစ်ဦးဟု ထင်ခဲ့သော်လည်း ယခုအခါတွင်တော့ ပါရမီသပ်သပ်မဟုတ်ဘဲ တစ်ခုခု ထူးခြားနေသည့်သူဟု မြင်လာ၏။
"သိုင်းပညာရဲ့ ကန့်သတ်ချက်ကို ကျော်ဖြတ်ဖို့ဆိုရင် ခင်ဗျားရဲ့ ဘိုးဘွားတွေကို အသိအမှတ် ပြုရမယ်"
ကျိယွမ်က သူနားလည်ထားသည့်အတိုင်း လေးနက်စွာပြောလိုက်သည်။
"ကုံရှင်းဂြိုဟ်ပေါ်က သိုင်းပညာတွေကို 'သွေးမျိုးဆက်သိုင်းပညာ' လို့ ခေါ်ရင် ပိုမှန်လိမ့်မယ်။ တကယ်လို့ ခင်ဗျားရဲ့ ဘိုးဘေးတစ်ယောက်က သိုင်းပညာ ကန့်သတ်ချက်ကို ကျော်ဖြတ်ပြီး မြင့်မားတဲ့ နယ်ပယ်ကို ရောက်သွားမယ်ဆိုရင်... ခင်ဗျားရဲ့ သွေးမျိုးဆက်ကလည်း မြင့်မားသွားပြီး သိုင်းပညာ အလားအလာနဲ့ အစွမ်းတွေကလည်း တိုးတက်လာလိမ့်မယ်။"
ယန်ရှန်းသည် ကျိယွမ်၏ စကားကို လက်ခံခြင်း ၊ ငြင်းခုံခြင်းမရှိခဲ့ပါ ။ သူက အတန်ကြာအထိ တိတ်ဆိတ်စွာ စဉ်းစားနေ၏။ပြီးမှ မျက်မှောင်ကြုတ်ကာ လက်ခံ၏။
"မင်းပြောတာကို ငါ... အတိုင်းအတာတစ်ခုအထိ နားလည်ပါတယ်"
ဤသီအိုရီသည် ထိပ်တန်းသိုင်းပညာရှင် အသိုင်းအဝိုင်းတွင် ယခင်က ပျံ့နှံ့ဖူးသည်။ ရှေးလူများက သွေးမျိုးဆက် သန့်စင်သောကြောင့် ပိုသန်မာကြပြီး၊ ခေတ်သစ်လူများကတော့ သွေးမျိုးဆက်များ လျော့ပါးသွားသောကြောင့် အားနည်းလာခြင်း ဖြစ်သည်ဟု ယူဆခဲ့ကြ၏။
သို့သော် ဤအရာမှာ ယူဆချက်တစ်ခုသာ ဖြစ်ပြီး အတည်ပြုချက် မရရှိသေးပေ။
"ဒါပေမဲ့ ငါက ကန့်သတ်ချက်ကို မကျော်ဖြတ်နိုင်ဘူး... ငါ့ဘိုးဘွားတွေ ဆိုရင်တော့ ပိုဝေးသေးတာပေါ့။ ငါ့ဘိုးဘွားတွေကို အားကိုးပြီး အေးအေးဆေးဆေး နေချင်ပေမဲ့ အဲဒါက တကယ့်ကို စိတ်ကူးယဉ်သလိုဖြစ်နေမှာ။"
ယန်ရှန်းက လေးနက်စွာသုံးသပ်၏။
အခြားသူကို မဆိုထားနှင့် သူ့ဖခင်၏ သိုင်းပညာပါရမီမှာ သူ့ထက်ပင် ညံ့ဖျင်းလေသည်။သူ၏ အဘိုးဖြစ်သူကလည်း သာမန်သိုင်းပါရမီသာရှိ၏။
ထို့ကြောင့် ဘိုးဘေးများကို အားကိုးရန်မှ သူ့အတွက် စိတ်ကူးယဥ်နေရသလိုပင်။
ထို့အတူပင် ကမ္ဘာပေါ်ရှိ ထိပ်တန်း သိုင်းပညာရှင်များပင်လျှင် ကန့်သတ်ချက်ကို ကျော်ဖြတ်နိုင်သည်ဟု မည်သူမျှ မပြောရဲကြပေ။
"အဲဒါ လွယ်လွယ်လေးပဲလေ။ အစ်ကိုက ကျွန်တော့်ကို အစ်ကို့ရဲ့ ဘိုးဘေးအဖြစ် အသိအမှတ် ပြုလိုက်ပေါ့။ ကျွန်တော် ကန့်သတ်ချက်ကို ကျော်ဖြတ်သွားတဲ့အခါ အစ်ကို့ရဲ့ သွေးမျိုးဆက်ကလည်း မြင့်မားသွားပြီး ကိုယ်ခံပညာ ကန့်သတ်ချက် ကျိုးပျက်သွားလိမ့်မယ်။"
ယန်ရှန်းခင်မျာ သွေးအန်လုလုဖြစ်သွားလေသည်။
"တော်လိုက်တော့..."
ယန်ရှန်း ဒေါသထွက်သွား၏။
ယွမ်ကတော့ တခိခိ ရယ်လိုက်ပြီး ယန်ရှန်းအား နှုတ်ဆက်သည်။
"အစ်ကိုက သိုင်းပညာ ကန့်သတ်ချက်ကို ကျော်ဖြတ်ချင်တဲ့ စိတ်ဆန္ဒက သိပ်မပြင်းပြသေးဘူး ထင်တယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော် အသိအမြင် တချို့ ရခဲ့ပါပြီ၊ အိမ်ပြန်ပြီး လေ့ကျင့်လိုက်ဦးမယ်၊ သွားပြီနော်"
ပြောပြီးသည်နှင့် ကျိယွမ်က ချက်ချင်း ထွက်ခွာသွားလေသည်။
ကျိယွမ်၏ ကျောပြင်ကို ကြည့်ရင်း ယန်ရှန်းမှာ ရှုပ်ထွေးစွာ ကျန်ရစ်ခဲ့လေ၏။
"သူက တကယ်ပဲ ပါရမီရှင်လား"
သူက ချက်ချင်းခေါင်းယမ်း၏။
"မဟုတ်ဘူး၊ သူက တကယ်ပဲ စိတ်မနှံ့တာ ၊ ငါ သူ့ကို ဘိုးဘေးအဖြစ် အသိအမှတ် ပြုလိုက်လည်း၊ သူ ကန့်သတ်ချက်ကို ကျော်ဖြတ်သွားရင်တောင် ငါ့သွေးမျိုးဆက်က မြင့်မားမလာနိုင်ဘူး၊ ဘာလို့လဲဆိုတော့ ငါတို့က သွေးသားမှ မတော်စပ်တာ"
သူသည် ကျိယွမ်၏ယုတ္တိဗေဒကြောင့် လမ်းမှားရောက်သွားသည်ဟုပင် ခံစားလိုက်ရသည်။
အခြားသူတစ်ဦးကို ဘိုးဘေးအဖြစ် သတ်မှတ်ခြင်းက ဘယ်လိုမှ အလုပ်မဖြစ်နိုင်ပေ။ ထို့အပြင် သိုင်းပညာ ကန့်သတ်ချက်ကို ကျော်ဖြတ်ရန်မှာ ထိုမျှ မလွယ်ကူပါ။
သမိုင်းတစ်လျှောက် ပါရမီရှင်များစွာ ပေါ်ထွက်ခဲ့သော်လည်း မည်သူမျှ မကျော်ဖြတ်နိုင်ခဲ့ပေ။
အတန်ကြာတွေဝေနေပြီးနောက် ယန်ရှန်းသည် သူသည် သူ၏ သူငယ်ချင်းဟောင်း တစ်ဦးထံ မက်ဆေ့ခ်ျ ပို့လိုက်သည်။
"ငါ သိုင်းပညာပါရမီရှင်စစ်စစ် တစ်ယောက်နဲ့ တွေ့ခဲ့တယ်၊ သူ့ရဲ့ ပါရမီက ငါ ငယ်ငယ်တုန်းကထက် အများကြီး ပိုအားကောင်းတယ်"
" တကယ်လား၊ မင်း သူ့ကို ဘယ်တော့ တပည့်အဖြစ် လက်ခံမှာလဲ"
တစ်ဖက်မှ အကြောင်းပြန်ချက်က ချက်ချင်း ရောက်လာသည်။
"တပည့် လက်ခံဖို့ကိုတော့ မေ့ထားလိုက်ပါ ၊ အရင်က ပြဿနာဟောင်းတွေ ပြန်မဖော်ချင်တော့ဘူး"
ယန်ရှန်းက စာဆက်မရိုက်တော့ဘဲ အသံဖိုင် ပို့လိုက်သည်။
"ဒီပါရမီရှင်လေးက ငါ့ရဲ့ မွေးရာပါသိုင်းစွမ်းရည်ကို တစ်ခါပဲ မြင်ဖူးတာ၊ ဒါပေမဲ့ သူက အဲဒါဟာ သွေးမျိုးဆက် ဆူပွက်မှုနဲ့ ဆက်စပ်နေနိုင်တယ်လို့ ချက်ချင်း ကောက်ချက်ချသွားတယ်"
"ဘာ...မဖြစ်နိုင်တာ ၊ သူက ဒါကို ဘယ်လို သိတာလဲ။ တကယ်ပဲ အဲဒီလို ပါရမီရှင်မျိုး ရှိလို့လား"
သူ၏ သူငယ်ချင်းက စိတ်လှုပ်ရှားစွာ မေးလာသည်။
"ဒါတင်မကဘူး၊ သူက သိုင်းပညာ ကန့်သတ်ချက်ကို ကျော်ဖြတ်နိုင်မယ့် နည်းလမ်းကိုလည်း ပြောပြသွားသေးတယ်၊ သေချာ စဉ်းစားကြည့်ရင်... အဲဒီလမ်းကြောင်းက ဖြစ်နိုင်ခြေ ရှိတယ်"
"မင်း နောက်နေတာလား။ သိုင်းပညာ ကန့်သတ်ချက်ကို ကျော်ဖြတ်ဖို့ နည်းလမ်းကို လူသစ်လေး တစ်ယောက်က ပြောပြတယ်ပေါ့ ၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ၊ မင်းခေါင်း တစ်ခုခုများ ထိထားလား "
သူငယ်ချင်း၏အသံတွင် မယုံကြည်နိုင်မှုများ အထင်သားပါဝင်နေ၏။
ထိုကိစ္စမှာ ၂၁ ရာစုကမ္ဘာရှိ ကောလိပ်ကျောင်းသား တစ်ယောက်က နျူကလီးယား ပေါင်းစပ်မှုကို ဖော်ထုတ်လိုက်သကဲ့သို့ဖြစ်နေပြီး ပညာရှင်များအတွက် လက်ခံရန်ခက်ခဲလှလေသည်။
"သီအိုရီအရတော့ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ စမ်းသပ်ဖို့ လိုအပ်တယ်၊ မင်း ငါနဲ့အတူ စမ်းသပ်ကြည့်မလား"
ယန်ရှန်း၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာ၏။
"ဘယ်လို စမ်းသပ်မှာလဲ"
"မင်း ငါ့ကို ဘိုးဘေးအဖြစ် အသိအမှတ် ပြုလိုက်၊ တကယ်လို့ ငါက သိုင်းပညာ ကန့်သတ်ချက်ကို ကျော်ဖြတ်သွားရင် မင်းရဲ့ သွေးမျိုးဆက်ကလည်း မြင့်မားသွားလိမ့်မယ်"
ယန်ရှန်းက သူ၏ အကြံကို ပြောလိုက်၏။
ပြန်စာက ယခင်လို ချက်ချင်းရောက်မလာတော့ပါ။
တစ်မိနစ်ခန့် ကြာပြီးနောက် သူ၏ သူငယ်ချင်းက စက္ကန့် ၆၀ ရှိသော အသံဖိုင် တစ်ခု ပို့လိုက်သည်။
ယန်ရှန်းက ၄င်းအား ဖွင့်မနားထောင်ပါ။
၎င်းမှာ ဆဲဆိုသံများဖြင့် ပြည့်နှက်နေမည်ကို သူ သိနေသည် မဟုတ်ပါလား။
ယင်ရှန်းက ပြုံးစိစိဖြစ်နေရင်းမှ ဆက်ပြောလိုက်၏။
"တကယ်တော့ အဲဒါက ယုတ္တိရှိပါတယ်ဟ၊ ငါ့သူငယ်ချင်းလေး ပေးခဲ့တဲ့ အကြံပြုချက်လေ ၊ သူက ပြောသေးတယ်....."
ယန်ရှန်းသည် ကျိယွမ်နှင့် သူ ပြောခဲ့သော စကားများကို သူငယ်ချင်းဖြစ်သူအား ပြန်၍ပြောပြ၏။
"အဲဒါက မှန်တယ်ဆိုရင်တောင်၊ ငါက ဘာလို့ မင်းကို ဘိုးဘေးအဖြစ် သတ်မှတ်ရမှာလဲ၊အဲဒီအစား မင်းက ငါ့ကို သတ်မှတ်လိုက်ပါလား"
"ရမလားကွ ၊ ငါ့ရဲ့ သိုင်းပညာ ပါရမီက မင်းထက် ပိုသန်မာတာကို ၊ ငါက ကန့်သတ်ချက်ကို ကျော်ဖြတ်ဖို့ အခွင့်အရေး ပိုများတယ် ၊ ဟုတ်တယ်မှတ်လား "
ယန်ရှန်းက ဂုဏ်ယူစွာပြုံးရင်း ပြောလိုက်သည်။
"ဟုတ်ပါပြီ၊ မင်းက ပိုသန်မာပါတယ်၊ ပါရမီလည်း ပိုမြင့်တယ်၊ ပြီးတော့ မိန်းကလေးတွေကို ဖြားယောင်းတဲ့ နေရာမှာလည်း မင်းက ပိုတော်ပါတယ်၊"
" မင်း မက်ဆေ့ခ်ျ ပို့လိုက်တာနဲ့ မိန်းကလေးက အိပ်တော့မယ်နော်၊ မနက်မှ ပြောမယ်လို့ ချက်ချင်းပြန်ပြောခံရတဲ့အထိ မင်းက တော်တာပါ"
"သွားစမ်းပါ"
ယန်ရှန်း၏ မျက်နှာ နီမြန်းသွားသည်။
ဘာဆိုင်လို့လဲ ၊ ဒါသပ်သပ် ဖဲ့တာ။
"မင်းထက်စာရင်တော့ ငါက ပိုတော်ပါသေးတယ်၊ ဝမ်ယန်ကို ချစ်ရေးဆိုဖို့အတွက်နဲ့ အစားအသောက် ပို့တဲ့ ဆိုင်ရှင်တွေကို မကောင်းတဲ့ မှတ်ချက်တွေလိုက်ပေးခဲ့တဲ့ မင်းထက်စာရင်တော့ ငါက အများကြီး သာတယ်လေ"
ယန်ရှန်း၏ သူငယ်ချင်းဟောင်းမှာလည်း ငယ်စဉ်က ထူးခြားသော လူတစ်ယောက် ဖြစ်၏။ သူသည် တစ်ခါက ဆိုင်ပေါင်းစုံမှ အစားအသောက်များကို မှာယူပြီးနောက် ချက်ချင်းပင် ဝမ်ယန်ကို ချစ်ရေးဆိုသည့် စာသားနှင့်အတူ ထိုအစားအသောက်များကို မကောင်းသော မှတ်ချက်များ ပေးခဲ့ဖူးသည်။
သူ၏ရဲတင်းသော အပြုအမူက ကျောင်းတွင် အတော်လေး လှုပ်ခတ်သွားခဲ့ပြီး ဝမ်ယန်မှာ အရှက်ရကာ တော်တော်လေး အခက်တွေ့ခဲ့ရ၏။
ယန်ရှန်း သိသည်မှာ သူငယ်ချင်းဖြစ်သူသည် ငယ်စဉ်က ဝမ်ယန်အပေါ် ထားခဲ့သော ရန်ငြိုးတစ်ခုကြောင့်သာ ဖြစ်ပြီး ယခုအခါတွင်တော့ ထိုကိစ္စများမှာ ဘာမှ မဟုတ်တော့ပါ။
"ထျန်းယွဲ့ မြို့မှာ ကိုယ်ခံပညာ ပြိုင်ပွဲကျင်းပဖို့ သုံးလတောင် မလိုတော့ဘူး၊ မင်းပြောတဲ့ ပါရမီရှင်လေးကို ငါ လာတွေ့ရမလား။ သူပြောတာက နည်းနည်းတော့ ရူးကြောင်ကြောင် နိုင်ပေမဲ့၊ ယုတ္တိတော့ ရှိသားပဲ"
သိုင်းပညာနှင့်ပတ်သတ်လာလျှင် သူ၏သူငယ်ချင်းကလည်း ယန်ရှန်းလိုပင် အလေးအနက်ထားသူဖြစ်၏။
"ကောင်းပြီလေ၊ အချိန်တန်ရင် ငါ မင်းကို မိတ်ဆက်ပေးမယ်၊ ပြီးတော့ သူ့ကို တပည့်အဖြစ် လက်ခံဖို့ မစဉ်းစားနဲ့ဦး၊ သူ့ကို ငါတို့ရဲ့ အသိုင်းအဝိုင်းထဲ ဆွဲမသွင်းချင်ဘူး"
"ဘာလို့လဲ၊ မင်း ကွေ့ရန်လူမျိုးတွေကို ကြောက်လို့လား"
ယန်ရှန်း ခဏမျှ တိတ်သွားသည်။
"ငါက မကြောက်ပါဘူး၊ ... ရွံရှာတာ"
ကွေ့ရန် လူမျိုးများသည် ဝူကွေနိုင်ငံ၏ အဓိကလူမျိုးစုဖြစ်ပြီး ထိုနိုင်ငံတွင် ဘုရားကျောင်းခေါင်းဆောင်က စစ်မှန်သော အုပ်ချုပ်သူ ဖြစ်သည်။ ကွေ့ရန်လူမျိုးများနှင့် ချင်းယွမ်တို့အကြား ပဋိပက္ခသည် လွန်ခဲ့သော ရာစုနှစ်များစွာကတည်းက ရှိခဲ့၏။
ကွေ့ရန်လူမျိုးများသည် ချင်းယွမ်အပေါ် ဝူကွေ၏ တိုက်ခိုက်မှုများ၏ အဓိကလက်မည်းကြီးမှာ ကုဝုနိုင်ငံဖြစ်၏။
ကုံရှင်းဂြိုဟ်ပေါ်တွင် ချင်းယွမ်နှင့် ကုဝူ တို့သည် ကမ္ဘာ့အင်အားကြီး နိုင်ငံနှစ်ခု ဖြစ်ပြီး ကွေ့ရန် လူမျိုးများသည် ကုဝူနိုင်ငံက လက်သပ်မွေးထားသော ခွေးရူးများဟုပင် ဆိုနိုင်၏။
သူတို့သည် စစ်ပွဲများနှင့်အတူ တွေ့ရာအရပ်သားများကိုပါ ရက်စက်စွာ သတ်ဖြတ်မှုများကို မကြာခဏ ပြုလုပ်လေ့ရှိသည့် အယုတ်တမာများပင်။
အတိတ်က ယန်ရှန်း ပါဝင်ခဲ့သော ထိပ်တန်းသိုင်းပညာရှင်အုပ်စုသည် ကွေ့ရန်လူမျိုးများ၏ ဘုန်းကြီးတစ်ပါးကို သတ်ဖြတ်ရန် တာဝန် ပေးအပ်ခံခဲ့ရသည်။ ထိုစဥ်က မျိုးရိုးဗီဇ စစ်သည်များကို မသုံးနိုင်သောကြောင့် တာဝန်သည် သူတို့ထိပ်တန်းသိုင်းပညာရှင်များထံ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။
ထိုအချိန်က ယန်ရှန်းနှင့်သူ၏ အဖွဲ့သည် ဘုန်းကြီးကို အောင်မြင်စွာ သတ်နိုင်ခဲ့သော်လည်း ၎င်းက ကွေ့ရန် လူမျိုးများကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။
ကွေ့ရန်လူမျိုးလုပ်ကြံသတ်ဖြတ်သူများနှင့် အစွန်းရောက် ယုံကြည်သူများသည် ယန်ရှန်းနှင့် သူ၏အဖွဲ့အပေါ် ရူးသွပ်သောအသေခံ တိုက်ခိုက်မှုများကို ဆက်တိုက် ပြုလုပ်ခဲ့ကြသဖြင့် ယန်ရှန်းသည် ထိုတာဝန်တွင် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကာ အနားယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။
သို့သော် ကွေ့ရန်လူမျိုးများနှင့် ရန်ငြိုးကတော့ ယနေတိုင် ကျန်ရှိနေဆဲပင်။
ထို့ကြောင့် သူသည် ကျိယွမ်ကို ဤကိစ္စများထဲသို့ ဆွဲမသွင်းချင်ခြင်း ဖြစ်သည်။
ကျိယွမ်အနေနှင့် သိုင်းပညာ ကန့်သတ်ချက်ကို ကျော်ဖြတ်နိုင်လျှင်ပင် ကွေ့ရန် လူမျိုးများ၏ မျိုးရိုးဗီဇ စစ်သည်များကို ယှဉ်နိုင်မည်မဟုတ်ပါ။
ချင်ယွမ်နိုင်ငံနှင့် ကုဝူနိုင်ငံ တို့သည် နိုင်ငံကြီးများပီသစွာ လူပုံအလည်တွင် တရားမျှတမှုနှင့် လွတ်လပ်မှုအကြောင်းကို ဟန်ဆောင် ပြောဆိုနေကြသေးသော်လည်း ဝူကွေ့ ကတော့ ဟန်ဆောင်ရန်ပင် မကြိုးစားတော့ပေ။
သူတို့၏ မျိုးရိုးဗီဇ စစ်သည်များသည် ပို၍ ရူးသွပ်ပြီး အသုံးပြုသူ၏ခန္ဓာကိုယ်ကို ပို၍ ထိခိုက်စေ၏။သို့သော် သူတို့မှာ ပို၍ အစွမ်းထက်ကြသည်ကလည်း အမှန်တရားပင်ဖြစ်၏။
ကွေ့ရန်လူမျိုး မျိုးရိုးဗီဇ စစ်သည်များ၏ ကြောက်မက်ဖွယ်အကောင်းဆုံးအချက်မှာ သူတို့၏ အသက်ကိုပင် ဂရုမစိုက်ဘဲ ရူးသွပ်စွာတိုက်ခိုက်တတ်ကြခြင်းဖြစ်သည်။
"ကွေ့ရန် လူမျိုးတွေက တကယ်ကို ရွံစရာတွေပါ ၊ ဒါပေမဲ့ ငါတို့ ဘာလုပ်နိုင်မှာလဲ"
သူ၏ သူငယ်ချင်းကလည်း အကူအညီမဲ့သော လေသံဖြင့် ရယ်မောလိုက်သည်။
သူတို့အားလုံးသည် လူသားများ ဖြစ်ကြပြီး ကမ္ဘာကြီးသည် သူတို့၏ အကြိုက်ပေါ် မူတည်ပြီး ပြောင်းလဲမည် မဟုတ်ပေ။
ကွေ့ရန်သည် ကျွန်စနစ်ကို ယခုအချိန်ထိ ကျင့်သုံးနေပြီး လူ့အသက်ကို တန်ဖိုးမထားသော်လည်း သူတို့သည် အဆင်ပြေစွာ နေထိုင်နေကြဆဲပင်ရှိသည်။ မိမိတို့က သဘောမကျသော်လည်း ပြောင်းလဲပေးနိုင်စွမ်းလည်း မရှိပါ။
"အဆိုးဆုံးကတော့ ဝူကွေ့ ရဲ့ သူတော်စင်သားတော်က ကန်းရှင်းဂြိုဟ်က ဗိုလ်ချုပ်တစ်ယောက်ရဲ့ သမီးနဲ့ လက်ထပ်လိုက်တာပဲ"
ထိုအရာက ပို၍ပင်ကြောက်မက်ဖွယ်ကောင်း၏။
ကန်ရှင်းဂြိုဟ်၏ နည်းပညာမှာ ကုံရှင်း ဂြိုဟ်ထက် များစွာ သာလွန်လေသည်။ ဝန်ခံရလျှင် ကုံရှင်း၏ နည်းပညာ တိုးတက်မှု အများစုမှာ ကန်ရှင်း ထံမှ လာခြင်းဟုပင် ဆိုနိုင်၏။
ကန်ရှင်း၏ သွေးစွန်းသော နှိမ်နင်းမှုများ မရှိခဲ့ပါက ကုံရှင်းသည် ဤမျှ မြန်မြန်ဆန်ဆန် တိုးတက်လာမည် မဟုတ်ပေ။
ယန်ရှန်း၏ အဖိုးသည် ကန်ရှင်းရှိ တာဝန်တစ်ခုတွင် သေဆုံးခဲ့ရ၏။ထို့ကြောင့် ကန်ရှင်းနှင့် ပတ်သက်လာလျှင် သူသည် ကြောက်ရွံ့သလို နာကျည်းမှုကိုလည်း ခံစားရသည်။
ဝူကွေ့ နှင့် ကန်ရှင်းတို့ မဟာမိတ် ဖြစ်သွားခြင်းက သူတို့အတွက် ဘယ်လိုမှ မကောင်းသောအရာတစ်ခုဖြစ်၏။
ထို့အပြင် ထူးဆန်းသည်မှာ ကုံရှင်းဂြိုဟ်ပေါ်မှ နိုင်ငံကြီးများပင် ။
ယနေ့ခေတ်တွင် ၄င်းတို့က ရန်သူဟောင်း ဖြစ်ခဲ့သော ကန်းရှင်းဂြိုဟ်အား ရန်ငြိုးထားရန် မတိုက်တွန်းတော့ဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကိုသာ ဟောပြောနေကြသည် မဟုတ်ပါလား။
ထို့ကြောင့် ကုံရှင်းဂြိုဟ်ပေါ်တွင် ကောလာဟလများစွာ ဖြစ်ပေါ်လာပြီး အကျယ်ပြန့်ဆုံး ကောလာဟလမှာ ချင်းယွမ်နိုင်ငံနှင့် ကွေ့ဝူနိုင်ငံ တို့၏ အထက်တန်းလွှာများကို ကန်ရှင်းဂြိုဟ်က ထိန်းချုပ်ထားသည်မှာ ကြာခဲ့ဘေပြီ ဟူ၍ ဖြစ်သည်။
ယန်ရှန်းအတွက်မူ ဤအရာများသည် အခြေအမြစ်မရှိသော ထင်ကြေးများသာ ဖြစ်၏
ကန်းရှင်းဂြိုဟ်နဲ့ မဟာမိတ်ဖြစ်စရာ အကြောင်းမရှိဘူး ။
............
"မွေးရာပါသိုင်းစွမ်းရည်..."
မိမိ၏အခန်းထဲပြန်ရောက်ကတည်းက ကျိယွမ်သည် သူ၏ မွေးရာပါသိုင်းစွမ်းရည်ကို စဉ်းစားနေခဲ့သည်။
"ငါ့ရဲ့ သွေးမျိုးဆက်နဲ့ အကိုက်ညီဆုံး ဖြစ်တဲ့ မွေးရာပါသိုင်းစွမ်းရည်ကမှ ငါ့အတွက် အသင့်တော်ဆုံး ဖြစ်သလို အစွမ်းအထက်ဆုံးလည်း ဖြစ်လိမ့်မယ်။"
ကျိယွမ်၏ မျက်လုံးများသည် သတင်းအချက်အလက် မြင်နိုင်သလို သူသည် ရန်နတ်ဘုရားကိုပင် သတ်ဖြတ်နိုင်သော အစွမ်းထက် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် သူ၏ သိမြင်မှုနှင့် နားလည်သဘောပေါက်နိုင်စွမ်းမှာ သာမန်လူများထက် အဆများစွာ သာလွန်၏။
ယန်ရှန်း၏ မွေးရာပါသိုင်းစွမ်းရည်ကို တစ်ကြိမ်သာ မြင်ဖူးသော်လည်း သိုင်းစွမ်းရည်များအပေါ် သူ၏ နားလည်မှုမှာ အခြားသူများထက် ကျော်လွန်နေလေပြီ။
"ဒါကြောင့်... ဒီခန္ဓာကိုယ်ရဲ့ မူလ သွေးမျိုးဆက်မှာ ရှိတဲ့ မွေးရာပါသိုင်းစွမ်းရည်ကသာ ငါ့အတွက် အသင့်တော်ဆုံးနဲ့ အစွမ်းထက်ဆုံးပေါ့ "
ကျိယွမ်၏ မျက်လုံးများတွင် စူးရှထက်မြတ်သောအရောင်တစ်ခု လင်းလက်သွား၏။
သူသည် သူ၏ သွေးများကို ထိုးဖောက် မြင်ရသကဲ့သို့ စိုက်ကြည့်နေသည်။ အာရုံစူးစိုက်မှုက အားကောင်းလွန်းလှ၍ သွေးများ၏ အတိတ်ကာလမူလအထိ ရောက်ရှိသွားသည့်အလားရှိ၏။
ပင်လယ်ထဲတွင် ကူးခတ်နေသော ထူးဆန်းသော ပင်လယ်သတ္တဝါများကို သူ မြင်လိုက်ရသည်။ ကောင်းကင်ယံမှ သွေးတစ်စက် ကျဆင်းလာသည်ကိုလည်း သူ မြင်လိုက်ရ၏။
ရုတ်တရက် သူ၏ စိတ်ထဲတွင် အရာအားလုံး ရှင်းလင်းသွားတော့သည်။
"ပေါက်ကွဲငှက်လက်သီး"
ရုတ်တရက် ကျိယွမ်၏ မျက်လုံးများ တောက်ပလာပြီး သူ၏ သွေးမျိုးဆက် အမွေအနှစ်မှ မှတ်ဉာဏ်များကို ရရှိခဲ့သကဲ့သို့ ဆက်လက် ဖော်ထုတ်နေ၏။
တစ်ပြိုက်နက်တည်းမှာပင် သူသည် မွေးရာပါသိုင်းစွမ်းရည်ကို ရရှိသွားလေသည်။
သို့သော်လည်း ......
"ဒီနာမည်က... တကယ်ကို အဆင့်အတန်း နိမ့်လှချည်လား။"
အသစ် ပေါ်လာသော သူ၏အဖိုးတန်မွေးရာပါသိုင်းစွမ်းရည်ကို ကြည့်ပြီး ကျိယွမ်မှာ ဆွံ့အသွားရသည်။
ထိုသိုင်းပညာ၏ အမည်မှာ လုံးဝ ဆွဲဆောင်မှု မရှိပေ။သိသိသာသာကို ပုံတုံးနေ၏။
ငါ့ဘာသာပေးထားတဲ့ စူပါပြိုင်ဘက်ကင်းကမ္ဘာတုန်ဟည်းပေါက်ကွဲလောက်တောင် မလန်းပါလား ။
ကျိယွမ်လို နာမည်ကောင်းများပေးတတ်သူအတွက် သူ၏သိုင်းစွမ်းရည်အမည်က အရှက်ရစရာပင်။
"ငါ့ရဲ့ ဘိုးဘေးက အတန်းပညာအရည်အချင်း နိမ့်ပါးပုံရတယ်၊ ပြီးတော့ ငှက်တွေကိုလည်း အတော်လေး မုန်းပုံရတယ်၊ မဟုတ်ရင် ဘာလို့ မွေးရာပါသိုင်းစွမ်းရည် 'ပေါက်ကွဲငှက်လက်သီး' ဆိုတဲ့ အပေါစားနာမည် ပေါ်လာရမှာလဲ။"
ကျိယွမ် စိတ်ဓာတ်ကျသွား၏။
လူကြားထဲတောင် ဟိတ်ဟန်ထုတ်လို့မရဘူး ၊ ငါရုပ်ရည်လေးနဲ့မှ မလိုက်။
သူသည် ထိုမွေးရာပါသိုင်းစွမ်းရည်ကို အပျော်သဘော စမ်းသပ်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
"ဖြစ်နိုင်တာ မဟုတ်ဘူး ၊ သူက ငှက်တွေကို တကယ် မုန်းခဲ့တာပဲ"
ကျိယွမ်ပို၍ စိတ်ဓာတ်ကျသွားရသည်ကတော့ ထိုပေါက်ကွဲငှက်လက်သီး' မှာ စာကလေးဖမ်းနေသည့် ကြောင်တစ်ကောင်နှင့် ပိုတူနေပြီး ပေါက်ကွဲတတ်သော အသွင်အပြင် တစ်ခုမျှ မရှိခြင်းပင်။
ဘယ်လိုတွေတောင်မှလား ဘိုးဘေးတို့ရယ်.....စာကလေးဖမ်းတဲ့ သိုင်းစွမ်းရည်တဲ့ ။