← Chapters

သန္ဓေပြောင်း ပင်လယ်မိစ္ဆာ

Vol. 26 Ch. 288

သန္ဓေပြောင်း ပင်လယ်မိစ္ဆာ

Vol. 26 Ch. 288

မိန်းမလှလေးများအားလုံးက ပင်လယ်ပြင်ကို အသေအချာ စိုက်ကြည့်နေကြပြီး ကျိယွမ် ပြောခဲ့သည့် ချစ်စရာလေးဆိုသော ငါးကိုဖမ်းယူရန် အတော်ပင် စိတ်အားထက်သန်နေကြပုံရသည်။

ကျိယွမ်က ထိုသတ္တဝါကို အမှန်တကယ် စိတ်ဝင်စားပုံရသည်ကို မြင်သောအခါ ခွမ်းဟွမ်ကလည်း သူ၏လူများအားလုံးကိုပါ ငါးဖမ်းရန် အမိန့်ပေးလိုက်၏။

"ဘယ်သူပဲ ဖမ်းမိပါစေ ၊ ငါ အမှတ်တရလက်ဆောင်လေးတစ်ခု ပေးမယ်"

ကျိယွမ်က ငါးမျှားနေရင်းမှ ပျင်းရိစွာ ကတိပေးသည်။

သို့သော် ထိုစကားကြောင့် မိန်းမလှ ကြယ်ပွင့်လေးများအားလုံးနှင့် ခွမ်းဟွမ်၏ လက်အောက်ငယ်သားများမှာ မျက်နှာများ တင်းမာနိုးကြားသွားကြ၏ ။

မစ္စတာကျိကဲ့သို့ အရေးပါသော ပုဂ္ဂိုလ်တစ်ဦးထံမှ အမှတ်တရလက်ဆောင်သည် လုံးဝတန်ဖိုးရှိမည်မှာ အသေအချာပင် မဟုတ်ပါလား။

၎င်းသည် အနည်းဆုံး ချင်ယွမ်ငွေ သောင်းဂဏန်း သို့မဟုတ် သိန်းဂဏန်းပင် တန်ကြေးရှိနိုင်သည် ။

ငါ မိကို မိရမယ် ။

ဒီနေ့ကတော့ ငါဘအတွက် လာဘ်ကြီးဝင်မဲ့နေ့ထင်တယ် ။

အားလုံးသည် မျှော်လင့်ချက်များဖြင့် ပင်လယ်ပြင်ကို စိုက်ကြည့်ရင်း ငါးမျှားတံများပေါ်တွင် အာရုံအပြည့်စိုက်ထားကြ၏။ ။

ခွမ်ဟွမ်းကိုယ်တိုင်လည်း ငါးမျှားတံကို အာရုံစိူက်ကာ မျှားနေသည် ။ သူကတော့ ကျိယွမ်ပေးမည့် ဆုလာဘ်ထက် ချစ်စရာလေးဆိုသောအရာကို များစွာစိတ်ဝင်စားသောကြောင့်ဖြစ်သည်။

သူက အသံကိုနှိမ့်ကာ မေးလိုက်သည်။

"မစ္စတာကျိ ...ဒီ... ချစ်စရာလေးက ကျင့်ကြံခြင်းနဲ့ ဆက်စပ်နေတာလား"

ထိုအရာက မည်သည့်အရာဆိုသည်ကို မသိရသော်လည်း ကျိယွမ်၏ အာရုံစိုက်မှုကို ခံရသည့်အရာမှန်သမျှသည် ဒဏ္ဍာရီလာ ကျင့်ကြံခြင်းနှင့် ပတ်သက်နေသင့်သည်ဟု သူဆလေသည်။

"မဟုတ်ဘူး"

ကျိယွမ်က ခေါင်းခါပြပါသည် ။

"ဒါက သိုင်းပညာနဲ့ ဆက်စပ်နေတယ်"

"သိုင်းပညာလား"

ခွမ်းဟွမ်အံ့အားသင့်သွားသည် ။

ချင်းယွမ်နိင်ငံ၏ ဗစ်ကောင့်မှူးမတ်တစ်ဦးအနေဖြင့် ခွမ်းဟွမ်သည် သိုင်းပညာအား ရင်းနှီးရလေသည် ။

ယခင်ကဆိုလျှင် ဝတ္တရားအရသိုင်းပညာအချို့ကို ကိုယ်တိုင်လေ့ကျင့်ခဲ့ဖူးသော်လည်း သိုင်းပညာမှာ အတော်လေးအားနည်းကြောင်း တွေ့ရှိခဲ့သည်။

၎င်းသည် စစ်တပ်မှ တိုက်ခိုက်ရေးနည်းပြတစ်ဦး သင်ကြားပေးနိုင်သည့်အရာလောက်ပင် လက်တွေ့မကျသလို မျိုးရိုးဗီဇဆေးများ၏ အာနိသင်ကိုလည်း မမီနိုင်ပေ ။

"သိုင်းပညာက အတော်လေး အားနည်းတာ မဟုတ်ဘူးလား"

ခွမ်းဟွမ်းက မပြောဘဲ မနေနိုင်ဖြစ်သွားမိသည် ။

သူသည် သိုင်းပြိုင်ပွဲ၏ ချန်ပီယံဖြစ်သော အသန်မာဆုံး သိုင်းပညာရှင်ကို ပင် မြင်ဖူးလေ၏ ။

၎င်းတို့မှာ အထိုက်အလျောက် ကျွမ်းကျင်မှုရှိသော်လည်း ထိုမျှသာ ဖြစ်သည် ။

"လောကမှာ အားနည်းတဲ့ လမ်းစဉ်ဆိုတာ မရှိဘူး ၊ အားနည်းတဲ့ လူပဲ ရှိတယ်"

ကျိယွမ်က ရှင်းပြရန် ပျင်းရိစွာဖြင့် လိုရင်းကိုသာ ပြောလိုက်သည် ။

ခွမ်းဟွမ်က ထိုစကားကို သေချာနားမလည်ပါ ။ သူက ကျိယွမ်အား ဇဝေဇဝါကြည့်ပြီး မေးခွန်းတစ်ခုထွက်လာ၏။

"မစ္စတာကျိက ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူးလား"

"ငါက အဓိကအနေနဲ့ ကျင့်ကြံခြင်းကို လေ့ကျင့်တာ ၊ ဒါပေမဲ့ ဒီမှာတော့... ငါ သိုင်းပညာကို ကြည့်ချင်တယ် ။ ငါက လမ်းစဉ်ပေါင်းစုံ သိုင်းနတ်ဘုရား ဖြစ်ချင်တဲ့လူပဲ"

(နည်းလမ်းပေါင်းစုံသိုင်းနတ်ဘုရား အစား လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရားဟု သုံးစွဲသွားပါမည်)

လမ်းစဉ်ပေါင်းစုံသိုင်းနတ်ဘုရား ဖြစ်လာရန်မှာ ကျိယွမ် ဤကမ္ဘာသို့ လာရခြင်း၏ တာဝန်ပင် မဟုတ်ပါလား။

လမ်းစဉ်ပေါင်းစုံသိုင်းနတ်ဘုရား မဖြစ်လာမီ သူသည် လူသားလမ်းစဥ်သိုင်းဘုရင်နှင့် ဝိညာဉ်လမ်းစဥ်သိုင်းဘုရင် ဖြစ်လာရန်လည်း လိုအပ်၏ ။

လူသားလမ်းစဥ်သိုင်းဘုရင် ဖြစ်လာရန်မှာ အတော်အတန် လွယ်ကူသော်လည်း ဝိညာဉ်လမ်းစဥ်သိုင်းဘုရင်ဖြစ်လာရန်အတွက်မူ ကျိယွမ်တွင် သဲလွန်စပင် မရှိသေးပါ ။

"ဒါနဲ့ မင်းတတ်နိုင်ရင် လမ်းစဉ်ပေါင်းစုံသိုင်းနတ်ဘုရားအကြောင်း သတင်းအချက်အလက်တွေကို ရှာပေးပါဦး"

ကျိယွမ်က ထိုကိစ္စအား ခွမ်းဟွမ်အား စေခိုင်းလိုက်သည် ။

"ကောင်းပါပြီ"

ခွမ်းဟွမ်က ချက်ချင်း သဘောတူလိုက်၏။

မသေမျိုးကျင့်ကြံသူ ကျိယွမ်ကို အလုပ်အကျွေးပြုရခြင်းမှာ ပျော်ရွှင်စရာ အလုပ်တစ်ခုကဲ့သို့ သူကသဘောထားလေသည်။

မသေမျိုးဖြစ်ဖို့ဆိုရင် ဒီထက်အဆပေါင်းများစွာ ပေးဆပ်ဖို့ ထိုက်တန်တယ်။

"အင်း...ဒါနဲ့ .. ငါ မင်းကို ရောင်းထားတဲ့ ကျင့်စဉ်က အခုလောလောဆယ် မပြည့်စုံသေးတဲ့ မူကွဲပဲ ၊ ဒါပေမဲ့ အဲဒါက မင်းကို နှစ်အနည်းငယ်လောက် လေ့ကျင့်ဖို့ လုံလောက်ပါတယ် ။ ငါ့ဇနီး ရောက်လာတဲ့အခါ ကျန်တဲ့ ကျင့်စဉ်တွေကို ငါ မင်းကို ပေးမယ်"

"စူပါပြိုင်ဘက်ကင်း ကမ္ဘာတုန်ဟည်းပေါက်ကွဲကျင့်စဉ်" သည် လက်ရှိတွင် ချီအဆင့်မှာသာ ရှိသေးပြီး မပြည့်စုံသေးပါ ။

အကြောင်းမှာ ကျိယွမ်သည် ကျိန်စာတစ်ခုအောက်တွင် ရှိနေဆဲဖြစ်ပြီး စွမ်းအားပြည့် မစဉ်းစားနိုင်သောကြောင့်ပင်။ သူ၏အင်အား တိုးလာသောအခါမှ ကျန်ရှိသော ကျင့်စဉ်များကို အချောသတ်နိုင်ပေလိမ့်မည်။

ခွမ်းဟွမ်သည် ထိုစကားကို ကြားသောအခါ အတွေးများစွာ သူ့ခေါင်းထဲသို့ ဝင်လာသည် ။

သို့သော်လည်း ၎င်းသည် စစ်မှန်သော ကျင့်ကြံခြင်းကျင့်စဉ် ဖြစ်ပါက ဘီလီယံတစ်ထောင်ဖြင့်ပင် ပြည့်စုံသောမူကွဲကို ဝယ်ယူနိုင်ပါ့မလားဟု စိုးရိမ်စိတ်လည်း ဖြစ်မိ၏။

လက်ရှိတွင် သူ၏ရည်မှန်းချက်မှာ ကျိယွမ်နှင့် ဆက်ဆံရေးကောင်း တည်ဆောက်ရန်ပင် ။ ငွေကြေးကို ကျင့်စဥ်ဝယ်ရန်အတွက်သာမက ထိုအတွက်လည်း သုံးရပေလိမ့်မည်။

မသေမျိုးလမ်းစဥ်တစ်ယောက်ရဲ့ အောက်မှာနေရတာ တိုးတက်ဖို့လမ်းစက မျှော်မှန်းလို့တောင် မရနိုင်ဘူး။ငါ အမိအရ ဆုပ်ကိုင်ထားရမယ်။

"ပြဿနာမရှိပါဘူး"

ခွမ်းဟွမ်က ကျေးဇူးတင်စွာ ဦးညွှတ်ပြလ်ုက်သည်။

အကယ်၍ သူသာ ကျိယွမ်၏ အင်အားအစစ်အမှန်ကို သိခဲ့လျှင် မပြည့်စုံသော ကျင့်စဉ်လေးတစ်ခုအတွက်ပင် ဘီလီယံတစ်ထောင် သို့မဟုတ် ဘီလီယံတစ်သောင်း သို့မဟုတ် ဘီလီယံတစ်သိန်း သုံးစွဲရခြင်းမှာ များစွာထိုက်တန်သည်ဟုပင် ထင်သွားမှာသေချာ၏။

၎င်းသည် ကျိယွမ်ကိုယ်တိုင် ဖန်တီးထားသော အပြစ်အနာဆာကင်းသည့် ကျင့်စဉ်ပင် မဟုတ်ပါလား။

ခွမ်းဟွမ်သည် ဆက်လက်၍ ငါးမျှားနေသော်လည်း သူ၏ စိတ်ထဲတွင် အတွေးများစွာ လွင့်ပျံနေခဲ့သည် ။

ငါသာ ကျင့်ကြံသူဖြစ်သွားရင်....။

အတန်ကြာသောအခါ ကျိယွမ်က ထိုင်နေရသည်ကို ပျင်းလာ၏။

"ဒီမှာ အေးဆေး ထိုင်နေကြမဲ့အတူတူ ၊ ငါမှာထားတဲ့ ပစ္စည်းတချို့ ယူခိုင်းလိုက် ၊ ငါ အဲဒါတွေကို ပြုပြင်မလို့ ။ရွှေ ၊ ရေ ၊ သစ်သား ၊ ပြီးတော့.."

ငါးမျှားခြင်းသည် သူအမြဲတမ်း လုပ်နေသည့်အရာ မဟုတ်ပါ ။ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ ပို၍ ပို၍ပျင်းလာ၏။

ကျန့်ကျွင်းလေးဆိုရင်တော့ ပျင်းမှာမဟုတ်ဘူး ၊ သူက ငါးဖမ်းရတာ ဝါသနာပါတယ်။

ကျင့်ကြံခြင်းနှင့် ပတ်သက်လျှင်လည်း ကျိန်စာကြောင့် သူ၏တိုးတက်မှုက နှေးကွေးနေပြန်သည် ။

အချိန်အားနေမှတော့ ပစ္စည်းတချို့သုံးကာ သူ၏ အင်အားကို မြှင့်တင်ရန် ဆေးရည်အချို့ အဖြစ် သန့်စင်လိုက်သည်က ပိုကောင်းပေလိမ့်မည် ။

ထို့အပြင် သူသည် ပင်လယ်ထဲမှ ချစ်စရာလေးကို မျှားခေါ်ရန် အခြားသော နည်းလမ်းများကိုလည်း အသုံးပြုရန် စဉ်းစားနေသည် ။

"ဟုတ်ကဲ့"

ခွမ်းဟွမ်သည် နောက်ဆုံးမှာတော့ ကျိယွမ်၏ အရည်အချင်းများကို မြင်တွေ့ရတော့မည်ဟုထင်ကာ အလွန်စိတ်လှုပ်ရှားသွား၏ ။

မကြာမီ သူနှင့်သူ၏ လက်အောက်ငယ်သား အချို့က လိုအပ်သောပစ္စည်းများကို ယူဆောင်လာကြသည် ။

ငါးမျှားနေသည့် မင်းသမီးများအားလုံးကတော့ ဘာဖြစ်တော့မည်ကို မသိဘဲ ဇဝေဇဝါ ဖြစ်နေကုန်၏ ။

"ငါ့ကို ဖျော်စက်တစ်ခု ၊ အပူချိန်မြင့် အိုးတစ်လုံးနဲ့..."

ကျိယွမ်က မျှော်လင့်တကြီး ကြည့်နေသော ခွမ်းဟွမ်ကို ထပ်မံညွှန်ကြားပြန်သည်။

ခွမ်းဟွမ် ကြောင်သွား၏။

သူထင်ထားသည်က ထိုသို့မဟုတ်ပါ ။

သို့သော် သူ၏ လက်အောက်ငယ်သားများကို ထိုပစ္စည်းများ ချက်ချင်းသွားယူရန် အမိန့်ပေးလိုက်သည် ။

သူ၏ စိတ်ထဲတွင်တော့ ဝေခွဲမရခြင်းများဖြင့် ပြည့်နှက်နေပြီး အေးအေးလူလူငါးဆက်မျှားနေသော ကျိယွမ်အား ကြည့်နေ၏။ ။

သူက ဒါတွေကို ဟင်းချိုလို ပြုတ်မလို့လား။

ကျိယွမ်က သူ၏အတွေးကို သိနေသည့်အလား လှည့်မကြည့်ဘဲ ပြောသည်။

"အေးအေးဆေးဆေး လုပ်လို့ရနေတာကို ဘာလို့ဆန္ဒတွေစောနေတာလဲ "

မကြာမီ ဖျော်စက်နှင့် အခြားသော ကိရိယာများ ရောက်ရှိလာ၏ ။ ကျိယွမ်သည် အပင်များကို တစ်ခုချင်းစီယူကာ ဖျော်စက်ထဲသို့ ထည့်၏ ။

ထို့နောက် ဖျော်စက်နှိုးသံက ခန်းမထဲတွင် ပဲ့တင်ထပ်သွားခဲ့သည် ။

ရှိနေသူအားလုံးကတော့ အပင်များ အစိပ်စိပ်အမွှာမွှာ ကြိတ်ခြေခံရသည်ကို စူးစမ်းစွာ ကြည့်နေကြ၏ ။

သို့သော် အချို့လူများကျတာ့ ခေတ္တသာကြည့်ကာ အကြည့်ပြန်လွှဲသွားပြီး ချစ်စရာလေးကို ဖမ်းမိရန် မျှော်လင့်ချက်ဖြင့် ပင်လယ်ကို စောင့်ကြည့်နေကြဆဲပင်။

ပေါင်းပင်တွေကို အမှုတ်ကြိတ်တာ ဘာဆန်းမှာလဲ။

ငါက ဘာများလုပ်မှာလဲလို့ ။

လူချမ်းသာတွေရဲ့ ဝါသနာတွေက ထူးဆန်းလိုက်တာ ။

"ကဲ... ပြီးပြီ"

အားလုံးပြီးသောအခါ ကျိယွမ်သည် ဖန်ခွက်တစ်ခုကို ယူကာ အပြာရင့်ရောင် ဆေးရည်များကို လောင်းထည့်လိုက်သည် ။

သူက ဆေးရည်ကို တစ်ကျိုက်တည်း သောက်လိုက်ပြီး ကျင့်ကြံခြင်းကျင့်စဉ်ကို အရှိန်အဟုန်ဖြင့် စတင် လည်ပတ်စေ၏ ။

ခဏအတွင်း သူ၏ကျင့်ကြံမှုသည်လည်း အဆက်မပြတ် တိုးတက်လာလေသည် ။

"မင်းလည်း သောက်ချင်လား ၊ ဒါပေမဲ့ မင်းက စူပါပြိုင်ဘက်ကင်းကမ္ဘာတုန်ဟည်းပေါက်ကွဲကျင့်စဉ်နဲ့ တွဲပြီးလေ့ကျင့်ဖို့ လိုမယ်"

ကျိယွမ်က ငေးကြည့်နေသော ခွမ်းဟွမ်အတွက် ဖန်ခွက်တစ်ခွက် ငှဲ့ပေးလိုက်သည် ။

ကုံရှင်းပေါ်တွင် ဝိညာဉ်စွမ်းအင် များစွာ မရှိပါ ။ ၎င်းသည် ကန်းလန်နယ်မြေထက် အဆပေါင်းများစွာလျော့နည်း၏ ။

ထို့ကြောင့် ပိုမိုကောင်းမွန်သော ရလဒ်များရရှိရန် ကျင့်ကြံခြင်းတွင် အထောက်အကူပြုရန် ဤဆေးရည်များ အလွန်လိုအပ်လေသည် ။

သို့သော် ကျိယွမ်သည် ကုံရှင်းပေါ်ရှိ ဝိညာဉ်စွမ်းအင်များမှာ ဖြည်းဖြည်းချင်း တိုးပွားလာနေသည်ကိုလည်း မရေမရာ ခံစားမိသလိုဖြစ်နေ၏ ။

တိုးပွားနှုန်းကတော့ အလွန်ပင် နှေးကွေးလှသည် ။

ခွမ်းဟွမ်က ဝမ်းသာအားရဖြင့် ဖန်ခွက်ကို ချက်ချင်းယူလိုက်၏။

သူသည် ကျိယွမ် သူ့ကို ရောင်းချခဲ့သော ကျင့်ကြံခြင်းကျင့်စဉ်ကို ချက်ချင်း ပြန်လည်ဆင်ခြင်ပြီး သူ၏ စိတ်ထဲတွင် ထိုနည်းလမ်းအတိုင်း လည်ပတ်ရန် ကြိုးစား၏ ။

သို့သော်လည်း တစ်စုံတစ်ရာသော အကြောင်းကြောင့် သူ လည်ပတ်ရန် ကြိုးစားသောအခါ သူ၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်မရ ဖြစ်နေသလို ခံစားရသည် ။

စွမ်းအင်များမှာ စီးဆင်းနိုင်ခြင်း မရှိဘဲ ပိတ်ဆို့နေပုံရလေ၏။

ထိုအချိန်တွင် ကျိယွမ်က ခွမ်းဟွမ်အား ကြည့်ကာ သက်ပြင်းချပြီး လက်ချောင်းများဖြင့် သူ၏ ခန္ဓာကိုယ်ကို ပုတ်ပေးလိုက်သည် ။

"ဆက်လုပ်"

ခွမ်းဟွမ်သည် ရုတ်တရက် အလင်းပွင့်သွားသလို ခံစားရပြီး သူ၏ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော စွမ်းအင်များမှာ လျင်မြန်စွာ ရွေ့လျားလာလေသည် ။

"သောက်လိုက်တော့"

ကျိယွမ်၏ အသံ ထပ်မံ ထွက်ပေါ်လာသည်နှင့် ခွမ်းဟွမ်းသည် အစိမ်းရောင်ရှိသော ပျစ်ချွဲချွဲအရည်များကို လျင်မြန်စွာ မော့သောက်ပစ်၏ ။

ထူးဆန်းသော သာယာမှုတစ်ခုမှာ သူ့အပေါ် လွှမ်းမိုးသွားပြီး လေထဲတွင် ဝဲပျံနေသကဲ့သို့ ခံစားရစေသည် ။ ထိုခံစားချက်မှာ ကာမဂုဏ်အရသာအထွတ်အထိပ်သို့ ရောက်ရှိခြင်းထက် ဆယ်ဆ သို့မဟုတ် အဆတစ်ရာမက ပိုမို ပြင်းထန်၏။

ခွမ်းဟွမ်သည် ရုတ်တရက် မျက်လုံးများ ပြူးသွားကာ သူ၏ မျက်နှာမှာ အံ့အားသင့်မှုနှင့်အတူဝမ်းသာမှုတို့ဖြင့် ပြည့်နှက်သွားသည် ။

"နတ်ဘုရားကျင့်စဉ်ပဲ ၊ ဒါဟာ နတ်ဘုရားကျင့်စဉ် ဖြစ်ရမယ်"

ဤခံစားချက်မှာ စွဲလမ်းဖွယ်ကောင်းလှသည် မဟုတ်ပါလား။

၎င်းသည် သူ့အား တစ်စုံတစ်ရာသော စိတ်ကြွဆေးများပင် သုံးစွဲထားသလားဟုပင် တွေးတောမိစေ၏။

သို့သော်လည်း ဤဆေးရည်များအတွက် ကုန်ကြမ်းများမှာ သာမန်အပင်များသာ ဖြစ်ပြီး တရားမဝင် ပစ္စည်းများ မပါဝင်သည်က မျက်မြင်ကိုယ်တွေ့ပင်။

"မင်းရဲ့ ပါရမီက အတော်လေး ညံ့ဖျင်းတယ် ။ စတင်ဖို့အတွက် တစ်လ ဒါမှမဟုတ် နှစ်လလောက် ကြာလိမ့်မယ်"

ကျိယွမ်က ပေါ့ပေါ့ပါးပါး မှတ်ချက်ပေးလိုက်ပြီး ပင်လယ်ဘက်သို့ပြန်လှည့်သွားသည် ။

ထိုမျှသာ ကြာမြင့်ခြင်းမှာ ကျိယွမ်ကိုယ်တိုင်ဖန်တီးထားသော ကျင့်စဥ်ကိုလေ့ကျင့်ခွင့်ရရှိခြင်းကြောင့်ဖြစ်ပြီး ထိုသို့မဟုတ်ဘဲ အခြားကျင့်စဥ်များနှင့်ဆိုလျှင် စတင်ရန် ဆယ်နှစ်ခန့် ကြာသွားနိုင်၏ ။

ထို့အပြင်တစ်သက်လုံးစာအတွက် သူ၏ အောင်မြင်မှုမှာလည်း ချီသန့်စင်ခြင်းအစောပိုင်း အဆင့်များတွင်သာ ကန့်သတ်ခံထားရပေလိမ့်မည်။

သို့သော် ထိုကိစ္စများကို ကျိယွမ်က ခွမ်းဟွမ်အား ရှင်းမပြတော့ပါ ။

ခွမ်းဟွမ်ကတော့ ကျိယွမ်၏စကားကြောင့် မျှော်လင့်ချက်များ အလွန်ရှင်သန်လာ၏။

မသေမျိုးဖြစ်ရန် တစ်လ သို့မဟုတ် နှစ်လလောက်ကို မစောင့်နိုင်စရာ အကြောင်းမရှိပါ။

ထိုအချိန်တွင် ငါးမျှားနေသော ကျိယွမ်သည် နောက်ထပ် ဆေးရည်တစ်ခွက်ကို ယူလိုက်ပြီး လက်ချောင်းဖြင့် ဖန်ခွက်ကို အသာအယာ ပုတ်လိုက်သည် ။

ရုတ်တရက် ဖန်ခွက်ထဲမှ အနီရောင်အလင်းတန်းတစ်ခု ရဲခနဲ ထွက်ပေါ်လာ၏ ။

အနီးဆုံးတွင် ရပ်နေသော ဝူချီသည်ထိုအရာကို ပထမဆုံး သတိထားမိသွားသောအခါ အံ့သြတကြီးဖြစ်သွားကာ ကျိယွမ်အား မယုံသလိုကြည့်သည် ။

"ဒါက... မျက်လှည့်လား"

အခြားသော မင်းသမီးများကလည်း အ အံ့အားသင့်သွားကြ၏ ။

ဘယ်လိုပင်ကြည့်ကြည့် ၎င်းမှာ အမှိုက်ပင်များဖြင့် လတ်လတ်ဆတ်ဆတ် လုပ်ထားသော ဖျော်ရည်တစ်ခွက်သာဖြစ်ပြီး ရုတ်တရက် အနီရောင်အလင်းတန်းများ ထွက်ပေါ်လာစရာ အကြောင်းလုံးဝမရှိပါ။

သူဘယ်လို လုပ်လိုက်တာလဲ။

ကျိယွမ်က အရေးမကြီးသလို ရယ်မောကာ ရှင်းပြ၏။

"ငါ့ရဲ့ ချစ်စရာလေးကို ဆွဲဆောင်နိုင်မလားဆိုတာသိရအောင် ငါးစာအချို့ ထည့်လိုက်တာပါ"

သူက ပြောပြောဆိုဆိုနှင့် ဖန်ခွက်ကို ပင်လယ်ထဲသို့ ပစ်ချလိုက်လေသည် ။

ဘန်း...

ဖန်ခွက်မှာ ရေထဲသို့မကျမီ လေထဲတွင် ရုတ်တရက် ပေါက်ကွဲသွား၏ ။

အနီရောင်အရည်များမှာ မိုးရေစက်များကဲ့သို့ ပင်လယ်ရေပြင်အနှံ့ပျံ့ကျဲသွားတော့သည် ။

ထိုမြင်ကွင်းမှာ ကြည့်နေသူအားလုံးကို မှင်တက်သွားစေပြီး မင်းသမီးတစ်ဦးက သူမ၏ ပါးစပ်ကို ပိတ်ကာ မရဲတရဲမေး၏။

"မစ္စတာကျိက မျိုးရိုးဗီဇဆေးတွေ သုံးထားတာများလား"

မျိုးရိုးဗီဇဆေးများသည် အလွန်ပင် ဈေးကြီးပြီး အဆင့်အမျိုးမျိုး ရှိသည် ။

ကျိယွမ် ယခုပြသခဲ့သော အာနိသင်ကို ရရှိရန်အတွက် ငွေရှိရုံနှင့် အလွယ်တကူ မရရှိနိုင်သော အဆင့်မြင့် မျိုးရိုးဗီဇဆေးတစ်ခုခု လိုအပ်မည်မှာ အသေအချာပင် ။

ခွမ်းဟွမ်ကဲ့သို့ မျိုးရိုးစဥ်ဆက် မှုးမတ် တစ်ဦးကပင် ကျိယွမ်ကို များစွာ လေးစားနေသည်ကို ထောက်ဆလျှင် ကျိယွမ်အနေဖြင့် အဆင့်မြင့် မျိုးရိုးဗီဇဆေးများကို ရရှိနိုင်ခြင်းမှာ သဘာဝကျလေသည် ။

ငွေနှင့်အရှိန်အဝါရှိသည့် အချို့သော မင်းသမီးများသည်လည်း မျိုးရိုးဗီဇဆေးများကို ကိုယ်တိုင် ဝယ်ယူနိုင်ကြ၏ ။

သို့သော်လည်း အချို့သော မျိုးရိုးဗီဇဆေးများသည် အလှအပဆိုင်ရာ ဆေးဝါးများနှင့် မူလကတည်းက ဆန့်ကျင်နေပြီး ၎င်းတို့သည် ခန္ဓာကိုယ်၏ နူးညံ့မှုကို ထိခိုက်စေနိုင်သောကြောင့် အမျိုးသမီး အနည်းငယ်သာ မျိုးရိုးဗီဇဆေးများကို သုံးစွဲရန် ရွေးချယ်ကြသည် ။

အနိမ့်စား မျိုးရိုးဗီဇဆေးများသည် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အလှအပကိုပင် ပျက်စီးစေနိုင်၏ ။

ထို့ကြောင့် အကြောင်းရှိသော မင်းသမီး အနည်းငယ်ကသာ မျိုးရိုးဗီဇဆေးများကို ရွေးချယ်ကြခြင်းပင်။

အခြားတစ်ဖက်တွင်မူ အချို့သော အမျိုးသား အက်ရှင်စတားများသည် ၎င်းတို့၏ စွမ်းဆောင်ရည် မြှင့်တင်ရန် မျိုးရိုးဗီဇဆေးများကို အသုံးပြုကြ၏။

ခုန်ပျံကျော်လွှားတိုကိခိုက်ခန်းများအတွက် ထိုစွမ်းရည်များက အလွန်အသုံးလေသည်။

"အဲဒီဆေးမျိုး ငါမသုံးပါဘူး"

ကျိယွမ်က ခေါင်းခါပြ၏။ထို့နောက် သူက ချင်ချင်းသတိပေးလိုက်သည်။

"မျက်စိဖွင့်ထားကြ ၊ ငါ့ရဲ့ ချစ်စရာလေးက မကြာခင် တက်လာတော့မယ်"

"ဟင်.."

အခြားသူအားလုံးမှာလည်း ၎င်းတို့၏ ငါးဖမ်းခြင်းကို အပြေးအလွှား ပြန်လည် စတင်ကြသည် ။

အချိန်များ ကုန်ဆုံးသွားပြီး ကျိယွမ်ကတော့ ငါးမျှားရင်း ဆေးရည်များကို ဆက်လက် သောက်သုံးနေခဲ့သည် ။

သူ၏ ကျင့်ကြံမှုအဆင့်မှာလည်း ဆက်လက် တိုးတက်နေ၏ ။

မကြာမီမှာပင် သူသည် ချီအလယ်အလတ်အဆင့်သို့ ရောက်ရှိသွားတော့သည် ။

သို့သော် ဤအရာမှာ သူ့အတွက် ဘာမှမပြောပလောက်ပါ။

အရင်းအမြစ်များ ပိုမိုရှိလာပါက သူသည် အခြေခံတည်အဆင့်သို့ လျင်မြန်စွာ ရောက်ရှိနိုင်ပေတော့မည် ။

အနီရောင်ဖျော်ရည်များကြောင့် ထင်၏။ ယခင်က တည်ငြိမ်နေသော ရေမျက်နှာပြင်ပေါ်သို့ ပင်လယ်သတ္တဝါများ ပိုမို ထွက်ပေါ်လာကြသည် ။

ငါးများစွာကလည်း ဤဧရိယာသို့ ကူးခတ်လာကြကုန်၏ ။

ထို့ကြောင့် ငါးဖမ်းမိသူများ ပို၍ ပို၍ များလာပြီး ၎င်းတို့ထဲမှ အများစုမှာ တန်ဖိုးရှိသော ငါးများဖြစ်နေသည်။

သို့သော် ငါးဖမ်းမိသူများက မပျော်ရွှင်ကြပါ ။ အကြောင်းမှာ ၎င်းတို့ထဲမှ မည်သူကမှ ကျိယွမ် အလိုရှိသော ချစ်စရာလေးကို မဖမ်းမိသောကြောင့်ပင်။

ရုတ်တရက် ဝတ်စုံပြည့် ဝတ်ဆင်ထားသော သန်မာသည့်လူတစ်ဦးက အလန့်တကြားထအော်လေသည်။

"အကောင်ကြီးပဲ ၊ ငါ ဆွဲတင်လို့ မရဘူး"

ထိုလူ၏ မျက်နှာမှ နီမြန်းနေပြီး သူ၏ ရပ်ခြေမှာလည်း မတည်မငြိမ် ဖြစ်နေ၏ ။ငါးကိုကြိုးစားထိန်းနေရမှန်း သိသာလှသည်။

"ငါတို့ ကူမယ် "

ကြေးစားစစ်သား နှစ်ဦး သုံးဦးက ရှေ့သို့အမြန်တိုးသွားပြီး ထိုအမျိုးသားကို ကူညီလိုက်ကြသည်။

ငါးမျှားနေသော မင်းသမီးများကလည်း စိတ်လှုပ်ရှားစွာ ကြည့်ကာ မည်သည့်ငါးဖြစ်နိုင်မည်နည်းဟု တွေးမိနေ၏ ။

"ငါးမန်းများ ဖြစ်နိုင်မလား"

၎င်းတို့ထဲမှတစ်ဦးက မေးလိုက်သည် ။

ထိုအချိန် ငါးဖမ်းမိသူ၏မျက်နှာပေါ်၌ စိုးရိမ်ပူပန်မှုများ ဖြစ်လာပြီး အရေးတကြီး အော်ဟစ်လေသည် ။

"မကောင်းတော့ဘူး ၊ ငါးမျှားတံ ကျိုးတော့မယ်"

ပင်လယ်အတွင်းမှ သတ္တဝါမှာ အလွန်ပင် သန်မာလှ၏ ။ ကြေးစားစစ်သား သုံးလေးဦး ကူညီနေသည့်တိုင် ၄င်းကိုဆွဲမတင်နိုင်ဘဲ ငါးမျှားတံမှာလည်း အစွမ်းကုန်ကွေးညွှတ်ကာ ကျိုးတော့မည့် အနေအထား ဖြစ်နေရသည် ။

ဤငါးမျှားတံနှင့် ငါးဖမ်းကြိုးမှာ အထူးစပ်သတ္တုဖြင့် ပြုလုပ်ထားပြီး ပေါင်ရာချီ လေးလံသော ပင်လယ်ငါးများကို အလွယ်တကူ ဖမ်းယူနိုင်၏။

ထို့ကြောင့် ယခုမိနေသော ငါးမှာ အတော်ထူးခြားနေကြောင်း ဖော်ပြနေသလိုပင် ။

"ငါ လုပ်မယ်"

ကျိယွမ်က သူ၏ငါးမျှားတံကို ချကာမတ်တပ်ရပ်လိုက်သည် ။

ထို့နောက် သူက ငါးမျှားတံကို ညင်သာစွာ ဖမ်းကိုင်လိုက်လေ၏ ။

ကွေးနေသော ငါးမျှားတံမှာ ရုတ်တရက် ဆန့်ထွက်သွားပြီး အလွန်မာကြောသော သံမဏိချောင်းအလား ဖြောင့်တန်းသွားသည် ။

ကျိယွမ်က ရေပြင်ကို ဖောက်ထွင်းမြင်နိုင်သကဲ့သို့ ပင်လယ်ကို စိုက်ကြည့်လိုက်၏။

"ဟားဟား ဟားဟား ၊ တကယ်ပဲ... ငါ့ရဲ့ ချစ်စရာလေးကိုး"

သူ၏ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ရုံဖြင့် ငါးဖမ်းတံမှာ ချက်ချင်း တည်ငြိမ်သွားပြီး ငါးမျှားတံကို သုတ်ခနဲဆွဲယူလိုက်သည်။

လူတိုင်း၏ မျက်လုံးများမှာ ထိုငါးပေါ်သို့ ရောက်ရှိသွား၏။

"ဒါက... အတော်လေး အရုပ်ဆိုးတာပဲ"

မင်းသမီးတစ်ဦးသည် ရွံရှာစွာဖြင့် သူမ၏ပါးစပ်ကိုပိတ်ကာ အမှတ်တမဲ့ အော်မိသွားသည်။

ဝူချီ၏ ရှည်လျားသော ခြေတံလေးများမှာလည်း လဲကျလုနီးပါး ဖြစ်သွားသောကြောင့် ကမန်းကတန်း ဆောင့်ကြောင့်ထိုင်လိုက်ရာ သူမ၏ ဂါဝန်မှာ လှပသောတင်ပါးများတွင် လပြည့်ဝန်းကဲ့သို့ တင်းကျပ်နေ၏ ။

သူမသည် သိသိသာသာ သို့မဟုတ် မသိမသာ ကျိယွမ်ဘက်သို့ မှီတွယ်မလိုပြုကာ လန့်ဖျပ်သွားသည် ။

"အဲဒါ ဘာကြီးလဲ" ။

လူတိုင်းသည် ထူးဆန်းသော အမည်းရောင်ပုံရိပ်ကို အံ့အားသင့်မှုများဖြင့် ကြည့်နေကြသည် ။

ထိုပုံရိပ်တွင် ကြက်တစ်ကောင်၏ ဦးခေါင်းကဲ့သို့ ဦးခေါင်းရှိသော်လည်း ကြက်လိုတော့ အမွှေးများမရှိပါ ။

သွေးရောင်ရှိသော အသားလုံးတစ်ခုက ၎င်း၏ နဖူးမှ ထွက်နေသဖြင့် ကြောက်စရာကောင်းသော ပုံစံကို ဖြစ်ပေါ်စေသည် ။

တစ်ချိန်တည်းမှာပင် ၎င်း၏ အောက်ပိုင်းမှာ အမည်းရောင် ဂျယ်လီကဲ့သို့ အရာဝတ္ထုများ စုစည်းနေပြီး စေးကပ်ကာ ကြည့်ရသည်မှာ အတော်ပင် ထူးဆန်းပြီး ရွံရှာစရာလည်းကောင်းသလို ကြောက်စရာလည်းကောင်းနေ၏ ။

သိသိသာသာပင် ၎င်းသည် ကုံရှင်းပေါ်ရှိ မည်သည့်သာမန်သတ္တဝါနှင့်မျှ မတူညီပါ ။

"ဒါ...ဒါက .. ပင်လယ်မိစ္ဆာလား"

ဗဟုသုတ ကြွယ်ဝသော ခွမ်းဟွမ်က ထိုသတ္တဝါကို ချက်ချင်း မှတ်မိသွားသည် ။

"ပင်လယ်မိစ္ဆာလား"

"ဒါက တကယ် ပင်လယ်မိစ္ဆာပဲ"

မင်းသမီးများအားလုံးမှာ အံ့အားသင့်သွားကြ၏ ။

၎င်းတို့ထဲမှ အချို့မှာ ယခင်က ပင်လယ်မိစ္ဆာစွပ်ပြုတ်ကို သောက်ဖူးသော်လည်း အစစ်အမှန် ပင်လယ်မိစ္ဆာကို တစ်ခါမျှ မမြင်ဖူးကြပါ ၊ ယခု မျက်မြင်ဒိဌ မြင်လိုက်ရသောအခါ စားခဲ့မိသည်ကို နောင်တရပြီး ရွံရှာခြင်း သို့မဟုတ် ပျို့အန်ချင်ခြင်းများ ဖြစ်ပေါ်လာတော့သည်။

"ငါ့ရဲ့ ချစ်စရာလေးက ပင်လယ်မိစ္ဆာလား"

ကျိယွမ်ကတော့ ရုပ်ဆိုးလှသော ပင်လယ်မိစ္ဆာကို စိုက်ကြည့်ရင်း သူ၏ မျက်လုံးများ တောက်ပနေ၏ ။

အကြောင်းရင်းမသိရသော်လည်း ပင်လယ်မိစ္ဆာကို မြင်လိုက်ရကတည်းက သူ့အား တံတွေးမျိုချစေပြီး တစ်ခုလုံးကို ဝါးစားပစ်ချင်သော စိတ်ဆန္ဒကို ခံစားရသည် ။

"မဟုတ်ဘူး ၊ ဒါက သာမန် ပင်လယ်မိစ္ဆာ မဟုတ်ဘူး ။ ဒါက သန္ဓေပြောင်း ပင်လယ်မိစ္ဆာပဲ"

ခွမ်းဟွမ်းက သေချာကြည့်ပြီးနောက် အံ့အားသင့်စွာ ထပ်မံဟစ်အော်လိုက်၏ ။

ပင်လယ်မိစ္ဆာမှာ သေးငယ်ပြီး ဘောလုံးတစ်လုံးထက်ပင် သေးငယ်တတ်လေသည် ။

ယေဘုယျအားဖြင့် ပင်လယ်မိစ္ဆာများသည် အရွယ်အစားနှင့်အလေးချိန်မှာ သဘာဝကျကျ အချိုးညီကြ၏ ။အကောင်သေးလျှင် အလေးချိန်နည်း၏ ။ အကောင်ကြီးလျှင် အလေးချိန်များ၏။

သို့သော် သန်မာသော ကြေးစားစစ်သားလေးငါးဦး စုပေါင်းသော်လည်း ဤပင်လယ်မိစ္ဆာကို ဆွဲမတင်နိုင်ခြင်းမှာ ၎င်းသည် ထူးခြားနေပြီး သဘာဝကို မလိုက်နာကြောင်း ဖော်ပြနေ၏။

ထို့ကြောင့် ၎င်းသည် သေချာပေါက် သန္ဓေပြောင်း ပင်လယ်မိစ္ဆာပင် ဖြစိရမည်။

ပင်လယ်မိစ္ဆာများသည် တန်ဖိုးရှိသော်လည်း သန္ဓေပြောင်း ပင်လယ်မိစ္ဆာများသည် ပို၍ပင်အဖိုးတန်၏ ။

ဤဘောလုံးအရွယ်အစားရှိသော ပင်လယ်မိစ္ဆာသည် သန်းပေါင်းများစွာတန်ကြေးရှိနိုင်သည်။

"သန္ဓေပြောင်း ပင်လယ်မိစ္ဆာလား"

ကျိယွမ်သည် ဆောင့်ကြောင့်ထိုင်ကာ ပင်လယ်မိစ္ဆာကို ထိတွေ့ရန် လက်လှမ်းလိုက်၏ ။

"သတိထားပါ ၊ သန္ဓေပြောင်း ပင်လယ်မိစ္ဆာတွေက အန္တရာယ်ရှိတယ်"

ခွမ်းဟွမ်၏ ဗဟုသုတများအရ

သန္ဓေပြောင်း ပင်လယ်မိစ္ဆာများသည် မသိရခြင်းများစွာနှင့်အတူ ကြီးမားသော အန္တရာယ်ကို ကိုယ်စားပြုသည့် သတ္တဝါဖြစ်ကြသည်။

၎င်းတို့၏ အသားတွင် အမျိုးအမည်မသိနိုင်သော ရောင်ခြည်ဖြာထွက်မှုများ ပါဝင်နေနိုင်ပြီး အကာအကွယ်မပါဘဲ ထိတွေ့ခြင်းမှာ အသက်အန္တရာယ်ရှိနိုင်၏။

"စိတ်မပူပါနဲ့ ၊ ဒါက သန္ဓေပြောင်း ပင်လယ်မိစ္ဆာ မဟုတ်ဘူး ။ ဒါ ငါ့ရဲ့ ချစ်စရာလေးပဲ ။ ဖြစ်နိုင်တာက... အဲဒါက ငါ့ရဲ့ မျှော်လင့်ခြင်းလမင်းတောင် ဖြစ်လာလိမ့်မယ်"

ကျိယွမ်က ထိုသို့ပြောရင်း

သူ၏လက်က သန္ဓေပြောင်း ပင်လယ်မိစ္ဆာ၏ စေးကပ်သောအရေပြားကို ထိတွေ့လိုက်သည် ။

အလွန်ပြင်းထန်ပြီး ကြမ်းတမ်းပါသည်ဆိုသော ပင်လယ်မိစ္ဆာမှာ ၎င်း၏ သဘာဝရန်သူနှင့် တွေ့ဆုံလိုက်ရသကဲ့သို့ တုန်ယင်သွားလေ၏ ။

ခွမ်းဟွမ်မှာ မှင်တက်သွားရသည် ။

သူသည် ယခင်က သန္ဓေပြောင်း ပင်လယ်မိစ္ဆာများကို မြင်ဖူးပြီး ၎င်းတို့၏ စိတ်နေစိတ်ထားကို အကြမ်းဖျင်းသိထားပါသည်။

၎င်းတို့သည် ကြမ်းတမ်းပြီး နားလည်ရရှုပ်ထွေးသော သတ္တဝါများပင် ။

၎င်းတို့၏ အမူအယာတွင် ကြောက်ရွံ့ခြင်းဟူသောပုံစံ မည်သည့်အခါမှ မရှိခဲ့ပါ။

သို့သော် ယခုတွင်မူ ၎င်းသည် ကြောက်လန့်နေသော အိမ်မွေးတိရစ္ဆာန်လေးကဲ့သို့ တုန်ယင်နေ၏ ။

ကျိယွမ်အနီးတွင် ရပ်နေသော ဝူချီသည် သူမ၏ ရွံရှာမှုကို အောင့်အီးကာ အနားတိုးလာသည် ။

"မစ္စတာကျိက အတော်လေး ကြင်နာတတ်တာပဲ ၊ ဒီလို... ထူးခြားတဲ့ အသွင်အပြင်ရှိတဲ့ ပင်လယ်မိစ္ဆာကိုတောင် ညင်ညင်သာသာ ဆက်ဆံပေးတယ်"

သူမသည် ကျိယွမ်ကို မြှောက်ပြောရန် ကြိုးစားနေခြင်းပင် ။

ကျိယွမ်က ဤမျှရုပ်ဆိုးကာ ရွံ့စရာကောင်းသည့် သန္ဓေပြောင်း ပင်လယ်မိစ္ဆာကိုပင် သူ၏ မျှော်လင့်ခြင်းလမင်းလေး ဖြစ်လာနိုင်သည်ဟု ပြောခဲ့သည် မဟုတ်ပါလား။

အင်အားကြီးမားသော လူများတွင် ထူးဆန်းသော ဝါသနာအချို့ ရှိနေတတ်ခြင်းမှာ ပုံမှန်ပင်။

"သာမန်ကာလျှံကာကြည့်ရင် ဒီပင်လယ်မိစ္ဆာက နည်းနည်း ထူးဆန်းပုံရပေမဲ့ ကြည့်လေလေ ပိုပြီး ချစ်စရာကောင်းလေလေပဲ ။ ဒီကောင်လေးမှာ အတော်လေး... ထူးခြားတဲ့ ဆွဲဆောင်မှု ရှိတယ်"

ဝူချီသည် ကျိယွမ်နှင့် ပိုမိုနီးစပ်ရန် ကြိုးစားရင်း မဟုတ်မမှန် လုပ်ကြံပြောဆိုလိုက်၏။

ကျိယွမ်သည် ဝူချီ၏ ပိုးသားခြေအိတ်များ စွပ်ထားသော ရှည်လျားပြီး လုံးဝန်းသည့် ခြေထောက်များကို မကြည့်ဘဲ မနေနိုင် ဖြစ်သွားသည် ။

တစ်ချိန်တည်းမှာပင် နင်းထောင် ဆင်းလာသောအခါ သူမအား ဤကဲ့သို့သော အရာတစ်ခုကို ဝတ်ဆင်ခိုင်းမည်ဟု သူ ဆုံးဖြတ်လိုက်၏ ။

၎င်းသည် အမှန်တကယ်ပင် ဆွဲဆောင်မှု ရှိမှာသေချာသည်။

"ဒါကို ကြော်လိုက်ကြရအောင်"

ကျိယွမ်၏စကားကြောင့် ဝူချီ ခေတ္တမျှ ကြောင်အ သွားလေ၏။

ဆီနဲ့ကြော်မယ် ဟုတ်လား ။

သူ ခုနကပဲ အဲဒါကို ချစ်စရာလေး ၊ မျှော်လင့်ခြင်းလမင်းလေးလို့ ခေါ်ခဲ့တာ မဟုတ်ဘူးလား ။

သူက ချစ်ရင် ဆီနဲ့ကြော်တဲ့ ဝါသနာများရှိနေတာလား။

ခွမ်းဟွမ်က ချက်ချင်းအမိန့်ပေးလိုက်သည်။

"ဒီသန္ဓေပြောင်း ပင်လယ်မိစ္ဆာကို ဆီနဲ့ကြော်လိုက်ကြ ၊ သေချာကြော် ဆီအကောင်းစားကိုသုံး"

ကျိယွမ်သည် သန္ဓေပြောင်း ပင်လယ်မိစ္ဆာကို ဖမ်းမိခဲ့သော ကြေးစားစစ်သားကို ကြည့်လိုက်သည် ။

ကြေးစားစစ်သား၏မျက်နှာတွင် ထိန်းမနိုင်သိမ်းမရ ဖြစ်နေသော ပျော်ရွှင်သည့် အမူအရာမှာ ချက်ချင်း ထွက်ပေါ်လာ၏ ။

မစ္စတာကျိက သူ၏ကတိအား တည်တော့မည်မဟုတ်ပါလား။

"ငါ မင်းကို... စက္ကူတစ်ရွက် လက်ဆောင်ပေးမယ်"

ကျိယွမ်က ပြောပြောဆိုဆိုနှင့် သူ၏ အိတ်ကပ်ထဲမှ လက်သုတ်ပုဝါတစ်ထည်ကို ထုတ်ယူလိုက်သည် ။

ထို့နောက် သစ်ခက်လေးတစ်ခုကို ယူကာ ဆေးရည်ထဲသို့ နှစ်လိုက်ပြီး လက်သုတ်ပုဝါပေါ်တွင် တစ်စုံတစ်ခုကို စတင် ရေးဆွဲ၏ ။

ခဏချင်းတွင်ပင် တစ္ဆေသင်္ကေတတစ်ခု ရေးဆွဲထားသော လက်သုတ်ပုဝါမှာ ကြေးစားစစ်သား၏ လက်ထဲသို့ ကျရောက်သွားတော့သည် ။

"ဒါက မင်းရဲ့ အသက်ကို ကယ်နိုင်တယ်"

ကျိယွမ်က တည်ငြိမ်စွာ ပြောလိုက်သည် ။

သူ ရေးဆွဲခဲ့သော သင်္ကေတမှာ ကာကွယ်ရေး အဆောင်တစ်ခု ဖြစ်၏။

သူ့အပေါ်တွင် ဗုံးတစ်လုံး ပေါက်ကွဲလျှင်ပင် ၎င်းသည် ပိုင်ရှင်၏ အသက်ကို ကယ်ဆယ်နိုင်သည် ။

"မစ္စတာကျိကို ကျေးဇူးမတင်သေးဘူးလား"

ခွမ်းဟွမ်က ကြောင်တောင်တောင်လုပ်နေသော သူ၏နောက်လိုက်အား ငေါက်လိုက်သည်။

ကြေးစားစစ်သားမှာ ထိုအရာ၏ အသုံးဝင်ပုံကို နားမလည်သော်လည်း လက်သုတ်ပုဝါကို လျင်မြန်စွာ သိမ်းဆည်းလိုက်ပြီး ကျိယွမ်အားကျေးဇူးတင်စကား ပြောလေ၏။

ဟုတ်သည် မဟုတ်သည်အသာထား ၎င်းသည် လူကုံထံတစ်ဦး ဖန်တီးထားသော အနုပညာလက်ရာတစ်ခု ဖြစ်နိုင်ပြီး သောင်းဂဏန်းခန့် တန်ကြေးရှိနိုင်သည်ဟု သူကတွေးကာ ဝမ်းသာနေမိသည်။

ရောင်းစားဖို့ နေရာရှာရမယ်။

အခြားသော မင်းသမီးများကတော့ အထူးသဖြင့် ဝူချီသည် မနာလိုသော မျက်လုံးများဖြင့် ကြေးစားစစ်သားအား ကြည့်နေပြီး မချင့်မရဲခံစားနေကြရသည်။

ငါကျတော့ ဘာလို့မမိရတာလဲ။

All Chapters