← Chapters

ရုတ်တရက်တိုက်ခိုက်ခံရခြင်း

Vol. 26 Ch. 289

ရုတ်တရက်တိုက်ခိုက်ခံရခြင်း

Vol. 26 Ch. 289

ချစ်စရာလေးကို ဖမ်းမိသွားပြီးနောက် ဆီပူပူတွင်ကြော်ရန်အတွက် လျင်မြန်စွာ ယူဆောင်သွားကြသည် ။

ခွမ်းဟွမ်သည် အနည်းငယ်တွေးနေပြီးနောက် ကျိယွမ်အနီးသို့ကပ်လာပြန်၏။

သူသည် သိချင်သောအရရှိတိုင်း ကျိယွမ်အနားသို့ ကုပ်ကုပ်လေးကပ်ကာ မေးလေ့ရှိသည်။

"မစ္စတာကျိက ပင်လယ်မိစ္ဆာတွေ လိုအပ်နေတာလား"

ပင်လယ်မိစ္ဆာများသည် အဖိုးတန်သော်လည်း ခွမ်းဟွမ်ကဲ့သို့သော မှူးမတ်တစ်ဦးအတွက်မူ ၎င်းတို့ကို ရရှိရန်မှာ အလွန်ခက်ခဲသောကိစ္စ မဟုတ်ပါ ။

"ခုနကလိုမျိုး တစ်ကောင်တော့ လိုချင်မိသ ။ သာမန်ဟာတွေဆိုရင်လည်း... ငါ ကြည့်ပေးလို့ရပါတယ်"

ကျိယွမ်ကလည်း ရလဒ်ကို တိတိကျကျမသိသေးသဖြင့် မရောမရာဖြစ်နေ၏။

သူသည် သန္ဓေပြောင်း ပင်လယ်မိစ္ဆာများကို လိုအပ်သော်လည်း သန္ဓေပြောင်းနေသော အကောင်တိုင်းတော့ မဟုတ်ပေ ။

သူ ငါးမျှားနေစဉ်က ပင်လယ်ကို စောင့်ကြည့်နေခဲ့ပြီး ပင်လယ်မိစ္ဆာတစ်ကောင်ထက်မကကို တွေ့ရှိခဲ့သည် ။

သို့သော် ၎င်းတို့အနက် မည်သည့်အကောင်ကမှ ချစ်စရာလေးပေးသော ခံစားချက်မျိုးကို မပေးနိုင်ခဲ့ပါ ။

"ဟိုင်ရှင်းယာပေါ်မှာ ပင်လယ်မိစ္ဆာတွေ အများကြီး ရှိပါသေးတယ်"

"ကျွန်တော် အခုချက်ချင်းပဲ ခင်ဗျားအတွက် စုဆောင်းပေးပါ့မယ်"

ခွမ်းဟွမ်က အမှန်တကယ်ပင် နောက်လိုက်ကောင်းပီသလှ၏ ။ သူက ချက်ဆို နားခွက်ကမီးတောက်ဆိုသော နောက်လိုက်မျိုးပင်။

"အင်း"

ကျိယွမ်က သဘောတူကြောင်း ခေါင်းငြိမ့်ပြသည် ။ သူကလည်း ပင်လယ်မိစ္ဆာများကို လေ့လာချင်နေ၏ ။

ပင်လယ်မိစ္ဆာများသည် သိုင်းပညာနှင့် တစ်စုံတစ်ရာသော ဆက်နွှယ်မှု ရှိနေသည်ကတော့ သေချာသည်။

သို့သော် ကျိယွမ်၏ သိုင်းပညာကျွမ်းကျင်မှုက လက်ရှိတွင်အလွန်အားနည်းနေသဖြင့် ထိုဆက်နွှယ်မှုက ဘာလဲဆိုသည်ကို ခွဲခြားနိုင်ရန် မစွမ်းသာသေးချေ။

ခဏအကြာတွင် ကြော်ထားသော သန္ဓေပြောင်းပင်လယ်မိစ္ဆာကို ယူဆောင်လာကြလေသည် ။ စားဖိုမှူးက အစွမ်းကုန် ကြိုးစားထားသည်မှာ ထင်ရှားသော်လည်း ကြော်ထားသော သန္ဓေပြောင်း ပင်လယ်မိစ္ဆာမှာ အရုပ်ဆိုးနေဆဲဖြစ်ပြီး စားချင်စဖွယ် လုံးဝမရှိပါ။

မင်းသမီးများအားလုံးသည် ထိုအရာကိုကြည့်ကာ ၎င်းတို့၏ ပါးစပ်များကို ပိတ်ထားမိကြသလို ကျိယွမ်၏ရှေ့တွင် စိတ်ထိန်းနေသည့်ကြားမှ အတော်လေး ရွံရှာနေပုံရှိ၏ ။

ခွမ်းဟွမ်က သူမတို့၏အမူအယာကို သတိထားမိသဖြင့် ရှင်းပြလိုက်သည်။

"ဒီလို သန္ဓေပြောင်း ပင်လယ်မိစ္ဆာအသားမျိုးကို သာမန် ပွဲတော်တွေမှာတောင် တွေ့ရခဲတယ် ။ သူ့အသွင်အပြင်ကို ကြည့်ပြီး အထင်မသေးနဲ့ ၊ ဒီအပိုင်းအစလေး တစ်ခုတည်းတင် သန်းချီ တန်တယ်"

သူ၏ စကားကို ကြားသောအခါ မင်းသမီးများ၏ အမူအယာများက သိသိသာသာ ပြေလျော့သွား၏ ။ ဝူချီ၏ လှပသော မျက်လုံးများက ဝိုင်းစက်သွားလေသည် ။

"အဲဒီလောက်တောင် ဈေးကြီးတာလား"

ယခင်က ရွံစရာကောင်းလှသဖြင့် စားချင်စိတ် သိပ်မရှိခဲ့သော်လည်း ယခုမူ သွားရည်များ စတင်ကျလာသလိုရှိ၏ ။

ဒီလောက်စျေးကြီးတဲ့အစားအစာ မြည်းမကြည့်ဖူးရင် နှမြောဖို့ကောင်းတယ်။

ထိုအချိန်တွင် ကျိယွမ်သည် တူတစ်ချောင်းဖြင့် သန္ဓေပြောင်း ပင်လယ်မိစ္ဆာ၏ ဦးခေါင်းကို အသာအယာဖိလိုက်၏ ။ ချက်ချင်းပင် အလွန်တောက်ပသော သွေးတစ်စက် ထွက်ပေါ်လာလေသည် ။

ဝူချီသာမက အားလုံး အံ့သြသွားကြ၏။

ယနေ့တွင် မစ္စတာကျိက သူတို့အား မျက်လှည့်များ ခဏခဏပြနေသည် မဟုတ်ပါလား။

ကျိယွမ်ကတော့ ထိုသွေးစက်ကို နားလည်ရခက်သော အမူအရာဖြင့် ကြည့်နေပြီး မျက်မှောင်ကြုတ်လိုက်သည်။

သူ၏ ခန္ဓာကိုယ်က ထိုသွေးစက်ကိုအနည်းငယ်တုံ့ပြန်နေပြီး သူ၏သွေးများ ဆူပွက်နေသကဲ့သို့ ခံစားနေရ၏။

"ဒီသန္ဓေပြောင်း ပင်လယ်မိစ္ဆာနဲ့ ငါက ဘိုးဘေးချင်း တူနေမလားလို့ ရုတ်တရက် သံသယဝင်လာတယ်"

ကျိယွမ်က ထိုသွေးစက်ကိုကြည့်ကာ ရယ်ချင်နေသောမျက်ဖြင့် ကောက်ချက်ချလိုက်၏။

"ဘယ်လိုလုပ် အဲဒီလို ဖြစ်နိုင်မှာလဲ"

အနီးရှိမင်းသမီးများက ကျိယွမ်၏ စကားကို ဟာသတစ်ခုလို ရယ်မောလိုက်ကြသည်။

"ဒီပင်လယ်မိစ္ဆာတွေက ရောင်ခြည်ဖြာထွက်မှုကြောင့် သန္ဓေပြောင်းနေတဲ့ ငါးတွေပဲဥစ္စာ ။ ကျွန်မတို့က လူသားတွေလေ ၊ သူတို့နဲ့ ဘိုးဘေးချင်း ဘယ်လိုလုပ် တူနိုင်မှာလဲ"

"ဟုတ်တယ်လေ မစ္စတာကျိရဲ့"

အခြားသူများလည်း ဝေခွဲမရ ဖြစ်နေကြပြီး ကျိယွမ်က နောက်ပြောင်နေသည်ဟုသာ ယူဆကြသည် ။

လူနဲ့ပင်လယ်သတ္တဝါ ဘယ်လိုလုပ်ပြီး မျိုးရိုးတူမှာလဲ။

ကျိယွမ်က ထိုကိစ္စကို ဆက်မပြောတော့ဘဲ ဖိတ်ခေါ်လိုက်၏။

"အားလုံး အတူတူ စားကြရအောင် ။ ဒါက... အတော်လေး အားရှိစေတယ်"

သူ့အတွက် သန္ဓေပြောင်း ပင်လယ်မိစ္ဆာ၏ အဖိုးတန်ဆုံး အစိတ်အပိုင်းမှာ ထိုသွေးစက်ဖြစ်သည် ။

မကြာမီ ဘောလုံးအရွယ်အစားရှိသော သန္ဓေပြောင်း ပင်လယ်မိစ္ဆာကို အပိုင်းအစများအဖြစ် ခွဲဝေလိုက်ပြီးအားလုံးအတွက် တစ်ပုံစီရလာ၏ ။

ဝူချီသည် သူမ၏ ပန်းကန်ကို ကိုင်ထားရင်း မျက်လုံးများထဲတွင် ဂုဏ်ယူမှုများ ပြည့်နှက်နေသည် ။

ဝမ်းနည်းစရာ တစ်ခုတည်းမှာ သူမ၌ ဖုန်းပါမလာခြင်းပင်။သို့မဟုတ်ပါက သူမသည် ဓာတ်ပုံရိုက်ပြီး သူမ၏ သူငယ်ချင်းများ အုပ်စုထဲသို့ မျှဝေလိုက်မှာ သေချာ၏။

သူမ၏ ပန်းကန်ပေါ်ရှိ အသားအပိုင်းအစလေး တစ်ခုတည်းကတင် သောင်းဂဏန်း တန်ကြေးရှိပြီး ရွှေထက်ပင် ပိုမိုဈေးကြီးသည် မဟုတ်ပါလား ။

သူမကဲ့သို့ သာမန်အဆင့်သာရှိသော ကြယ်ပွင့်တစ်ဦးအနေဖြင့် ဤကဲ့သို့သော ဇိမ်ခံပစ္စည်းမျိုးကို မည်သည့်အချိန်မှ တတ်နိုင်ပါမည်နည်း ။

သူမသည် ဂရုတစိုက်ဖြင့် တစ်ကိုက်ကိုက်လိုက်ရာ ချက်ချင်းပင် အသား၏ အရသာက သူမ၏ ပါးစပ်ထဲတွင် ပျံ့နှံ့သွားကာ ကြွပ်ရွမှုကို ခံစားလိုက်ရသည် ။

"စားလို့ ကောင်းလိုက်တာ! တကယ့်ကို အရသာ ရှိတယ်"

ဝူချီသည် သူမ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ အရသာပင်ခံမိ၏။

ဤမျှ ဈေးကြီးသောအရာက အဘယ်ကြောင့် အရသာမကောင်းဘဲနေမည်နည်း။

အခြားသူများလည်း ထိုနည်းတူပင် ခံစားလိုက်ရပြီး ရွံစရာအကောင်ကြီးဟူသော အတွေးများ လုံးဝပျောက်ကွယ်သွားကြသည်။

သူတို့အတွက် သန္ဓေပြောင်း ပင်လယ်မိစ္ဆာ၏အသားမှာ လက်ရာမြောက် ထိပ်တန်းအစားအစာတစ်ခုပင်။

ကျိယွမ်ကတော့ အခြားသူများလို အသားကို မစားဘဲ သွေးတစ်စက်ကိုသာ မျိုချလိုက်သည် ။

ချက်ချင်းဆိုသလို သူ၏ ခန္ဓာကိုယ်အတွင်း၌ ပြောင်းလဲမှုအနည်းငယ်ကို ခံစားလိုက်ရပြီး သူ၏ သွေးများ စတင် ပူနွေးလာ၏။

ကျိယွမ်က မျက်လုံးများကို မှိတ်ကာ သူ၏အတွင်းပိုင်းကို စစ်ဆေးကြည့်လိုက်သည် ။

အသက်ရှုချိန် ဆယ်ကြိမ်ခန့်ကြာမှ ကျိယွမ်က မျက်လုံးများကို ဖွင့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခုပေါ်လာ၏။

"ငါ့ရဲ့ သိုင်းပညာပါရမီက... တကယ်ပဲ တိုးလာတာပဲ"

သူ၏ သိုင်းပညာပါရမီ အမှန်တကယ်တိုးတက်လာခဲ့၏ ။

အကယ်၍ သူသာ မင်ဝူသိုင်းသင်တန်းကျောင်းသို့ သွားရောက်ပြီး ပြန်လည် စစ်ဆေးမည်ဆိုပါက သူ၏ သိုင်းပါရမီကို ကိုယ်စားပြုသော မျဉ်းကြောင်းများက ၃ ကြောင်းထက်ပိုနေမှာ သေချာလေသည်။

"ဒါဆို ပင်လယ်မိစ္ဆာတွေက တကယ်ပဲ သိုင်းပညာနဲ့ ဆက်စပ်နေတာလား"

သို့မဟုတ် ဖြစ်နိုင်သည်မှာ... သွေးမျိုးဆက်နှင့် ဆက်စပ်နေခြင်းလည်း ဖြစ်နိုင်၏ ။

ဤကမ္ဘာပေါ်ရှိ သိုင်းပညာသည် သွေးမျိုးဆက်များနှင့် ဆက်နွှယ်နေနိုင်ကြောင်း ကျိယွမ်သည် မရေမရာ ခံစားမိနေသည် ။ သွေးမျိုးဆက် ပိုမို အားကောင်းလေ ၊ သိုင်းပါရမီ ပိုမို ကောင်းမွန်လေဖြစ်ပြီး တိုးတက်မှုမှာလည်း ပိုမို မြန်ဆန်လေပင် ။

သို့သော်လည်း သွေးမျိုးဆက်များ နောက်ပိုင်းတွင် များစွာရောနှောလာပြီး အားပျော့သွားခြင်းကြောင့် သိုင်းမျိုးဆက်များသည်လည်း တဖြည်းဖြည်း အားနည်းလာခဲ့ပုံရှိ၏။

မည်မျှအားနည်းလာသနည်းဆိုလျှင် မီတာတစ်ဆယ် နှစ်ဆယ်ခန့် ခုန်နိုင်ခြင်းကိုပင် ပြိုင်ဘက်ကင်းသော စွမ်းဆောင်ချက်ကြီးအဖြစ် သတ်မှတ်နေကြသည် မဟုတ်ပါလား ။

၎င်းသည် သွေးမျိုးဆက်များ ရောနှောသွားခြင်းနှင့် ဆက်စပ်နေသည်ဟု ကျိယွမ်က အကြမ်းဖျင်း ခန့်မှန်းလိုက်သည် ။

"မစ္စတာကျိ... ဘာဖြစ်လို့လဲ"

ကျိယွမ် အတွေးလွန်နေသည်ကို သတိပြုမိသောအခါ ခွမ်းဟွမ်က တိုးတိုးကပ်မေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး ၊ စိတ်ဝင်စားစရာ တစ်ခုခုကို တွေးမိလို့ပါ"

ကျိယွမ်က ခွမ်းဟွမ်ကို ကြည့်ပြီး သူအတွေးမှန် မမှန်သိချင်လာ၏။

"ရှေးဟောင်းခေတ်တုန်းက အလွန်သန်မာတဲ့ သိုင်းပညာရှင်တွေအကြောင်း မှတ်တမ်းတွေ ဘာတွေရှိလား"

သူက သိုင်းပညာရှင်များ၏ သမိုင်းကြောင်းကို မေးမြန်းလိုက်သည် ။

"အဲဒါက... ဟုတ်ကဲ့ ၊ စစ်တပ်တစ်ခုလုံးကို တစ်ယောက်တည်း ရင်ဆိုင်နိုင်တဲ့သူတွေအကြောင်း မှတ်တမ်းတွေ ရှိပါတယ် ၊ ဒါပေမဲ့... အဲဒါတွေက ချဲ့ကားထားတဲ့ သမိုင်းမှတ်တမ်းတွေ များပါတယ် ။ ခေတ်သစ် သိပ္ပံနည်းကျ လေ့လာမှုတွေအရ သိုင်းပညာမှာ အကန့်အသတ် ရှိတယ်လို့ ဆိုကြပြီး ရန်သူတစ်ရာကို အနိုင်ယူနိုင်တဲ့ စစ်သည်တော်ဟာ အထွက်အထိပ်ဆုံးကို ရောက်နေပြီလို့ ဆိုရမှာပါ"

ခွမ်းဟွမ်က သူသိထားသည့်အတိုင်း ရှင်းပြသည် ။

သိုင်းပညာ၏ အကန့်အသတ်မှာ လူတစ်ရာကို အနိုင်ယူနိုင်သော စစ်သည်တော်မျှသာ ဖြစ်၏ ။ စိတ်မကောင်စရာမှာ အဆင့်မြင့် မျိုးရိုးဗီဇဆေးများက ထိုသိုင်းပညာ အကန့်အသတ်ကို အလွယ်တကူ ကျော်ဖြတ်နိုင်ခြင်းပင် ။

ခွမ်းဟွမ်က အသံတိုးတိုးဖြင့် မရဲတရဲပြန်မေး၏။

"မစ္စတာကျိ ...မသေမျိုးလမ်းစဉ်ရဲ့ အကန့်အသတ်ကရောဘယ်လိုလဲ ...ဟို ...လူတစ်သောင်းကို အနိုင်ယူနိုင်တဲ့ စစ်သည်တော်မျိုးလား"

ကုံရှင်းပေါ်တွင် မသေမျိုးလမ်းစဉ်နှင့် ဒဏ္ဍာရီပုံပြင် မှတ်တမ်းများစွာ ရှိပါသည် ။ သို့သော်လည်း ကုံရှင်းမှ လူများသည် စိတ်ကူးယဉ်မှု အားနည်းပြီး အလွန်အကျွံ ချဲ့ကားခြင်းမျိုး မရှိသောကြောင့်လားတော့မသိပါ ။ ဤဒဏ္ဍာရီလာ ပုဂ္ဂိုလ်များ၏ အထင်ရှားဆုံး မှတ်တမ်းများမှာ ပျံသန်းခြင်းနှင့် ပင်လယ်ကို ဖြတ်ကူးခြင်းတို့လောက်သာ ပါဝင်၏ ။တိုက်ခိုက်နိုင်စွမ်းကိုကား မည်သူမှ မသိကြချေ။

ထို့ကြောင့် ခွမ်းဟွမ်အတွက်မှာတော့ လူတစ်သောင်းကို အနိုင်ယူနိုင်ခြင်းကပင် ကြောက်မက်ဖွယ်ကောင်းသော အစွန်းရောက်သော စွမ်းဆောင်ချက် ဖြစ်နေလေပြီ ။ အကယ်၍ သူသာ မသေမျိုးလမ်းစဉ်၏ အကန့်အသတ်သို့ ရောက်ရှိပြီး ထိုကဲ့သို့သော စစ်သည်တော် ဖြစ်လာနိုင်ပါက သူသည် ကြယ်ခုနှစ်ပွင့် မိသားစုကြီးများကြားတွင် နေရာတစ်ခု ရရှိမည်မှာ အသေအချာပင်။

"မင်းက မသေမျိုးလမ်းစဉ်ကို အထင်သေးနေတာပဲ"

ချီယွမ်က ပျင်းရိစွာ ရယ်မောလိုက်သည် ။

"အခုလောလောဆယ် ငါက... အင်း ၊ အတော်လေး အားနည်းနေသေးတယ် ၊ ဒါပေမဲ့ လူတစ်သောင်းကို သတ်ဖို့ဆိုတာ...ငါ့အတွက် သိပ်မခက်ဘူး"

ကျိယွမ်၏စကားကို ကြားသောအခါ ခွမ်းဟွမ်၏ ရင်ခုန်သံများ အလွန် မြန်သွားလေသည် ။

သူသည် လေးစားထိတ်လန့်သော အမူအရာဖြင့် ကျိယွမ်ကို ကြည့်မိသွား၏။

သို့သော် ဝန်ခံရလျှင် သူသည် ကျိယွမ်၏ စကားများအပေါ် သံသယအချို့ ရှိနေဆဲပင် ။

ဒါကြီးကနည်းနည်းတော့ ချဲ့ကားနေသလိုပဲ ၊ တော်တော်အားနည်းနေတာတောင် လူတစ်သောင်းကို သတ်ဖို့မခက်ဘူးတဲ့ ။

၎င်းမှာ အလွန်အမင်း ချဲ့ကားလွန်းလှသည်ဟုတော့ သူထင်သည် ။

သူတို့နှစ်ဦးသည် အသံတိုးတိုးဖြင့် စကားပြောနေကြပြီး အခြားသူများနှင့်လည်း အနည်းငယ် ဝေးကွာနေသောကြောင့် မည်သူမျှမကြားရ၍သာ တော်တော့သည် ။ မဟုတ်လျှင် ကျိယွမ်အား တော်တော်လေး ရူးနေသူဟု ထင်သွားနိုင်၏။

"သိုင်းပညာအကြောင်း ပြောရရင် ၊ အခုခေတ်မှာ ဆုတ်ယုတ်နေတာဆိုပေမဲ့ ရှေးဟောင်းခေတ်တုန်းကတော့... အတော်လေး သန်မာခဲ့ပုံရတယ်"

ကျိယွမ်က ခွမ်းဟွမ်၏အထင်ကိုဂရုမစိုက်ပါ ။ သူ၏ အတွေးကို ရေရွတ်လိုက်သည် ။

ပင်လယ်မိစ္ဆာထံမှ ထုတ်ယူခဲ့သော သွေး၏ လုပ်ဆောင်ချက်က သိုင်းပညာသည် ထိုမျှ မရိုးရှင်းကြောင်း ကျိယွမ်ကို သဘောပေါက်စေခဲ့၏ ။

ခေတ်သစ်လူသားများသည် သိုင်းပညာနှင့် ပတ်သက်၍ သွေးမျိုးဆက်များ အလွန်အမင်း ရောနှောသွားသောကြောင့်သာ သိုင်းပညာ၏ စစ်မှန်သော စွမ်းအားကို မထုတ်ဖော်နိုင်ခြင်း ဖြစ်နိုင်သည် ။

"နှမြောစရာပဲ... ငါ့ရဲ့ ခန့်မှန်းချက်အရ သိုင်းပညာမှာ တကယ်ပဲ အကန့်အသတ် ရှိတယ် ၊ အဲဒီ အကန့်အသတ်က... ဘိုးဘွားတွေပဲ"

သိုင်းပညာ၏ အကန့်အသတ်မှာ သွေးမျိုးဆက်၏ မြစ်ဖျားခံရာ ထိုဘိုးဘွားပင် ဖြစ်၏ ။

တစ်နည်းအားဖြင့်ပြောရလျှင် သိုင်းပညာ၌ မည်မျှပါရမီကောင်းပါစေ နောက်မျိုးဆက်များသည် ၎င်းတို့၏ ဘိုးဘွားများကို မည်သည့်အခါမျှ ကျော်ဖြတ်နိုင်မည် မဟုတ်ပါ ။

အကြောင်းမှာ နောက်ပိုင်းတွင် ရှိလာသမျှ အရာအားလုံးမှာ ထိုဘိုးဘွားထံမှ ဆင်းသက်လာခြင်းကြောင့် ဖြစ်သည် ။

သို့သော် သိုင်းပညာတွင် အားသာချက်တစ်ခု ရှိနေ၏ ၊ အကယ်၍ ဘိုးဘွားတစ်ဦးကသာ ဖောက်ထွက်နိုင်ခဲ့ပါက ၎င်းသည် နောက်မျိုးဆက်များ အားလုံးအတွက် သွေးမျိုးဆက်ထူးခြားမှုကို ဖြစ်ပေါ်စေနိုင်ပြီး ထိုမှတစ်ဆင့် ၎င်းတို့၏ အင်အားကို တိုးတက်စေနိုင်ခြင်းပင်ဖြစ်သည် ။

သို့သော်လည်း လွန်ခဲ့သော နှစ်ပေါင်းထောင်ချီအတွင်း ကုံရှင်း၏ သမိုင်းကြောင်းကို ကြည့်လျှင် ထိုကဲ့သို့သော ထူးခြားဖြစ်ရပ်မျိုးအား မှတ်တမ်းတင်ထားခြင်း မရှိသလောက်ပင် ။

၎င်းက သိုင်းပညာ၏ မြစ်ဖျားခံရာ ဘိုးဘွားအချို့မှာ သေဆုံးသွားခြင်း သို့မဟုတ် ထပ်မံ၍ ဖောက်ထွက်နိုင်ခြင်း မရှိတော့ခြင်းကို ဖော်ပြနေသည် ။ ထို့ကြောင့် နောက်ထပ် သွေးမျိုးဆက် ထူးခြားမှုများ ဖြစ်မလာတော့ခြင်းပင် ။

သို့သော် နောက်ထပ် မေးခွန်းတစ်ခုကလည်း ရှိလာ၏။

အကယ်၍ ကျိယွမ်၏အင်အားက သူ၏ဘိုးဘွားများထက် သာလွန်သွားပြီး အင်အားပို၍တိုးလာခဲ့ပါက ဘိုးဘွားများ၏ အခြားသွေးမျိုးဆက်များမှာလည်း ထိုထူးခြားမှုကို ခံစားရမည်လားဆိုသော မေးခွန်းပင်။

အကယ်၍ ထိုသို့ဆိုလျှင် အရိုးပုံကြီး တစ်ပုံတောင်မှ သွေးမျိုးဆက် ဆူပွက်မှုကို ခံစားရမည့်သဘောရှိ၏။

သို့သော် အနည်းငယ်ထပ်တွေးပြီးနောက် ကျိယွမ် ထိုကိစ္စအားခေါင်းထဲက ထုတ်လိုက်၏။

ငါ့အင်အားကို တိုးတက်လာအောင် အရင်လုပ်တာပေါ့ ၊ အင်အားမရှိသေးဘဲ တွေးနေတာတွေက အပိုပဲ။

...... ...

အပျော်စီးသင်္ဘော၏ အခြားတစ်နေရာတွင်ဖြစ်သည် ။

ဝမ်ရွှီသည် သူ၏ရှေ့မှ သန်မာသော လူကို ခက်ထန်သော အမူအရာဖြင့် ကြည့်နေ၏ ။

သူတို့သည် ပင်လယ်မိစ္ဆာများကို ယူရန်နှင့် သူတို့၏ တာဝန်ကို အဆုံးသတ်ရန် ဟိုင်ရှင်းယာသို့ လာခဲ့ခြင်းဖြစ်၏။

ဟိုင်ရှင်းယာမှ တာဝန်ခံမှာ တော်တော်လေးတာဝန်ကျေစွာ ပူးပေါင်းပေးခဲ့ပြီး သူတို့အား ပင်လယ်မိစ္ဆာ အချို့ကို ပေးခဲ့သည် ။

သို့သော် ယခုမူ သူ၏အထက်လူကြီးထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုက ဤပင်လယ်မိစ္ဆာများကို မှူးမတ်အုပ်စုထံ လွှဲပြောင်းပေးရန် တောင်းဆိုလာ၏။

၎င်းမှာ သူက ဤခရီးကို အလကား လာခဲ့ရသလိုဖြစ်ပြီး တစ်နေ့လုံး အချိန်ဖြုန်းခဲ့ရသကဲ့သို့ ဖြစ်သွားစေသည် ။သူမည်သို့ ကျေနပ်နိုင်မည်နည်း။

သို့သော်လည်း လက်နက်ကိုင်ဆောင်ထားပြီး ဝတ်စုံပြည့် ဝတ်ဆင်ထားသူများကို ဆန့်ကျင်ရန်တော့ သူမမိုက်မဲပါ။

ဝမ်ရွှီသည် အနည်းငယ် ခါးကိုကိုင်းကာ လေးစားစွာဆိုလိုက်သည်။

"ပင်လယ်မိစ္ဆာတွေ အားလုံး ဒီမှာပါ ။ တစ်ကောင်မှ မပျောက်ပါဘူး"

"ကောင်းပြီ ၊ စစ်ဆေးလိုက်ကြ"

ဝတ်စုံဝတ်ထားသူက အမိနိ့ပေးလိုက်သည်နှင့် အခြားသူများသည် သေတ္တာများကို ဖွင့်ကာ အတွင်းရှိ ပင်လယ်မိစ္ဆာများကို စစ်ဆေးကြသည် ။

"ပြဿနာ မရှိပါဘူး"

"ကောင်းတယ်"

ဝတ်စုံပြည့်ဝတ်ထားသူသည် ပင်လယ်မိစ္ဆာများ အဆင်ပြေသည်ကို မြင်သောအခါ ကျေနပ်သွားပြီး ဝမ်ရွှီကို နှုတ်ဆက်၏။

"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။ဒါဆို ငါတို့ ဒါတွေကို ယူသွားတော့မယ်"

ထိုသို့ပြောပြီးနောက် ဝတ်စုံပြည့်ဝတ်ထားသူများသည် ပင်လယ်မိစ္ဆာများ ပါရှိသော သေတ္တာများကို ယူဆောင်ကာ ထွက်ခွာသွားကြ၏ ။

သူတို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း ဝမ်ရွှီက မခံချင်စွာသက်ပြင်းချလိုက်သည်။

"ငါတို့လို အောက်ခြေဝန်ထမ်းတွေက အဲဒီမှူးမတ်တွေရဲ့ အစေခံတွေကိုတောင် မမီပါလား"

သူ၏ဘေးမှ လူကလည်း သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ပြ၏ ။

ထိုမိသားစု စစ်သည်တော်များသည် ရှေးခေတ်တုန်းကဆိုလျှင် အိမ်တွင်းကျွန်များသာ ဖြစ်ကြပါလိမ့်မည် ။

"ငါတို့လည်း ကြိုးစားပြီး တစ်နေ့ကျရင် မှူးမတ်တွေ ဖြစ်လာဖို့ပဲ မျှော်လင့်ရတော့မှာပေါ့"

"ကိုယ့်ကိုကိုယ် ဖြေသိမ့်မနေနဲ့ ။ ဒီနေ့ခေတ် လူ့အဖွဲ့အစည်းမှာ ငါတို့လို နွားတွေ မြင်းတွေက မှူးမတ်ဖြစ်ဖို့ ဘာအရည်အချင်း ရှိလို့လဲ ။ ကြယ်ခုနှစ်ပွင့်မိသားစုကြီးတချို့က သူတို့ရဲ့ နေရာတွေကို နှစ်ပေါင်း ရာချီ ထိန်းသိမ်းထားတာ ။ ငါတို့အတွက် နေရာ မရှိပါဘူး"

"ဟားဟား ဟားဟား ၊ ဒီကမ္ဘာကြီး အကြီးအကျယ် ပြောင်းလဲသွားမှပဲ ငါတို့အတွက် အခွင့်အရေး ရမယ် ထင်တယ်"

"ကမ္ဘာကြီး အကြီးအကျယ် ပြောင်းလဲဖို့ကို မေ့ထားလိုက်ပါ ၊ ငါကတော့ တည်ငြိမ်တဲ့ ဘဝမှာပဲ နေချင်ပါတယ်"

ဝမ်ရွှီက ပင်လယ်ပြင်ကို ငေးကြည့်ရင်း လေးနက်စွာ ဆို၏။

"ကမ္ဘာကြီး ပြောင်းလဲသွားရင်တောင် ငါတို့လို လူတွေက အရင်ဆုံး သေရမှာလေ"

သူသည် သူ၏ လက်ရှိဘဝကို အတော်ပင် ကျေနပ်နေပြီဖြစ်သည် ။ သူ၏ အတန်းဖော်ဟောင်းများ ဖြစ်ကြသော လီယန် ၊ ကျိယွမ် တို့နှင့် နှိုင်းယှဉ်လျှင် သူက များစွာအဆင်ပြေနေသည် မဟုတ်ပါလား။

"ဒီမှူးမတ်တွေက တကယ်ကို ရူးနေကြတာပဲ ။ ပင်လယ်မိစ္ဆာလိုမျိုး ရွံစရာကောင်းတဲ့ အရာတွေကိုတောင်... သူတို့က စားချင်နေကြသေးတယ် ။ ဖျားနာမှာကို မကြောက်ကြဘူးလား မသိဘူး"

............

အချိန်များ ကုန်ဆုံးသွားပြီး ညချမ်းအချိန်သို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့သည် ။

ဝူချီသည် အဝေးမှလူအုပ်ကြီးကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်နေမိ၏ ။

ယနေ့ သူမ တတ်သမျှ အစွမ်းကုန် ကြိုးစားခဲ့သော်လည်း သူမ လိုချင်သောအရာကို မရခဲ့ပါ။

ရှေ့တွင်ရှိနေသော ကျိယွမ်နှင့်ခွမ်းဟွမ်ကို အားကျသော မျက်လုံးများဖြင့် ကြည့်နေသော်လည်း အနားကိုတော့ မသွားခဲ့ချေ။

ထိုအချိနိတွင် သူမ၏ မန်နေဂျာက ဝူချီကို အနည်းငယ်စနောက်ချင်သောမျက်နှာဖြင့် မေးလိုက်၏ ။

"ဘယ်လိုလဲ..မအောင်မြင်ဘူးလား"

ဝူချီ၏ အားကျသော အကြည့်မှာ အနည်းငယ် စိတ်ပျက်မှုအဖြစ်သို့ ပြောင်းလဲသွားသည် ။

"ဟုတ်တယ်"

"အဲဒီ လူကုံထံတွေက အလှအပအမျိုးမျိုးကို မြင်ဖူးပြီးသားလေ ။ ငါတို့က ကြည့်ကောင်းတယ် ဆိုပေမဲ့ သူတို့ မျက်လုံးထဲမှာတော့ အရသာ အနည်းငယ်လောက်ပဲ ရှိတာ "

မန်နေဂျာက သက်ပြင်းချရင်း ဝူချီအားနှစ်သိမ့်ပေး၏ ။ သူမ၏အသံမှာ ဘဝအတွေ့အကြုံများစွာ ရှိခဲ့သူလို တည်ငြိမ်နေ၏။

မန်နေဂျာ၏စကားကို ကြားသောအခါ ဝူချီ၏ မျက်လုံးများ ပြန်လည် တည်ကြည်လာသည် ။

"မရဘူး ၊ ငါ...ဒီလိုမျိုး ဘဝနဲ့ မနေချင်ဘူး ၊ ရအောင် ရုန်းထွက်မှာ "

မန်နေဂျာအမျိုးသမီးက ဝူချီအား နင့်သဘောဆိုသည့်အဓိပ္ပါယ်ဖြင့် ပုခုံးတွန့်ပြလိုက်ပြီး စကားမဆိုတော့ပါ။

တစ်ချိန်တည်းမှာပင် ကျိယွမ်သည် သူ၏ရှေ့မှ သန်မာသောလူကို ကြည့်ကာ ခေါင်းယမ်းနေ၏။

"မင်း အရက်သောက်ထားတယ် ။ မင်း ငါ့ကိုကားမောင်းပို့ရင် အဲဒါက အရက်သောက်ပြီး ကားမောင်းတာ ဖြစ်လိမ့်မယ် ။ တကယ်လို့ ရဲဖမ်းခံရရင် မင်း ထောင်ကျမှာနော်"

စကားပုံ ရှိသည် မဟုတ်ပါလား။ မဆင်မခြင်ကားမောင်းခြင်းက သင့်ချစ်ရသူများကို မျက်ရည်ကျစေလိမ့်မည်တဲ့ ။

သဘာဝကျစွာပင် ကျိယွမ်သည် ထိုကဲ့သို့သော တရားမဝင် လှုပ်ရှားမှုများတွင် ပါဝင်မည် မဟုတ်ပါ ။

"ကိစ္စမရှိပါဘူး ၊ ကျွန်တော်တို့မှာ ခွင့်ပြုချက် ရှိပါတယ် ။ မူးယစ်ပြီး ကားမောင်းတဲ့ ဥပဒေတွေက သာမန်လူတွေအတွက်ပဲ"

အနက်ရောင်ဝတ်စုံဝတ်ထားသောလူက ပိုင်နိုင်သလို ပြောလိုက်သည် ။

ခွမ်းဟွမ်က အနက်ရောင် ဝတ်စုံဝတ် လူကို သဘောမကျသလို စိုက်ကြည့်လိုက်ပြီး ကျိယွမ်ထံသို့ ရိုသေစွာ လျှောက်လှမ်းလာ၏။

"ကျွန်တော် မောင်းပါ့မယ်"

သူက လက်အောက်ငယ်သားကို အနည်းငယ် စိတ်ဆိုးသွားခြင်းပင် ။

ဒီကောင်က အလိုက်ကမ်းနားမသိဘဲ ဘာလို့ မစ္စတာကျိကို သွားပြီးငြင်းခုံနေရတာလဲ။

မစ္စတာကျိက အရက်သောက်ထားသော ဒရိုင်ဘာကို အလိုမရှိလျှင် သူမောင်းပို့ရုံသာရှိ၏။ယနေ့တွက် သူကလုံးဝ သောက်မထားခဲ့ပေ။

"ကောင်းပြီ"

ကျိယွမ်၏ သဘောတူညီချက်ရသည်နှင့် ခွမ်းဟွမ်သည် ဒရိုင်ဘာလုပ်ကာ ကျိယွမ်အား ပြန်လိုက်ပို့ပေးခဲ့သည်။

သို့သော် အလာတုန်းကလို တစ်စီးတည်းမဟုတ်တော့ပါ ။ နောက်ထပ် ကားလေးစီး လိုက်ပါလာ၏ ။

ထိုကားလေးစီးပေါ်တွင် ဆေးဖက်ဝင် ပစ္စည်းအမျိုးမျိုးနှင့် ဟိုင်ရှင်းယာမှ စုဆောင်းထားသော ပင်လယ်မိစ္ဆာများ တင်ဆောင်လာလေသည် ။

ကားမောင်းနေရင်း ခွမ်းဟွမ်က တစ်စုံတစ်ခုကို တွေးမိပုံဖြင့် စကားစ၏။

"ဒီဆေးဖက်ဝင် ပစ္စည်းတွေနဲ့ ပင်လယ်မိစ္ဆာတွေက နေရာအတော်ယူတယ် ၊ ပြီးတော့... သူတို့က မသန့်ရှင်းဘူး ၊ အနံ့လည်း တော်တော်နံတာ ။ ကျွန်တော့ သူငယ်ချင်း တစ်ယောက်က မစ္စတာကျိရဲ့ ရပ်ကွက်ထဲမှာ အိမ်တစ်လုံး ပိုင်တယ် ။ အဲဒါကို ခင်ဗျားကို ပေးလိုက်ရမလား ။ ဒါမှမဟုတ်ရင် ဒီပင်လယ်မိစ္ဆာတွေရဲ့ အနံ့က ခင်ဗျားရဲ့ အိမ်ကို စိတ်အနှောင့်အယှက် ဖြစ်စေလိမ့်မယ်"

ခွမ်းဟွမ်သည် အိမ်တစ်လုံးကို စတင် ကမ်းလှမ်းလိုက်ခြင်းပင် ။

တစ်နေ့လုံး စကားပြောကြည့်ပြီးနောက် ကျိယွမ်မှာ ဆန်းကြယ်ပြီး ခန့်မှန်းရ ခက်ခဲသူတစ်ဦး ဖြစ်ကြောင်း ပို၍ ခံစားလာရ၏ ။

ကျိယွမ်က ခေါင်းညိတ်၏။

"ရတယ်လေ"

ဤလောက်အကျိုးများသော ကိစ္စကို သူကငြင်းနေစရာမရှိပါ။

ကျိယွမ်က လက်ခံလိုက်သောအခါ ခွမ်းဟွမ် ဝမ်းသာသွားလေသည် ။ကျိယွမ်လိုလူမျိုးနှင့် နီးကပ်ရန်အတွက် အိမ်တစ်လုံးသည် ဘာမှမပြောပလောက်ပါ။

ထို့စဥ် မီးပွိုင့်၌ အနီရောင် ပြောင်းသွားသဖြင့် ကားမှာရပ်တန့်သွားသည် ။

ထိုအချိန်တွင် ကျိယွမ်က ကောက်ကာငင်ကာ မေး၏။

"ဒီကားက ကျည်ကာလား"

ခွမ်းဟွမ် ရုတ်တရက် ကြောင်သွားသော်လည်း ထွေထွေထူးထူး မစဉ်းစားဘဲ ဖြေလိုက်သည်။

"အခုက မြို့ထဲမှာလေ ၊ ဒါကြောင့် အလွန် ဘေးကင်းပါတယ် ။ ကျည်ကာ မဟုတ်ပါဘူး"

"ဘေးကင်းတယ် ဟုတ်လား"

ကျိယွမ်က ပြုံးလိုက်သည် ။

"ဒါဆို ဘာလို့ တစ်ယောက်ယောက်က စနိုက်ပါရိုင်ဖယ်နဲ့ ငါ့ကို ချိန်နေတာလဲ" ။

"ဘာ"

ခွမ်းဟွမ်၏ ရင်ခုန်သံမှာ ရပ်တန့်လုနီးပါး ဖြစ်သွားလေသည် ။

ထိုစဉ်မှာပင် စူးရှသော သေနတ်သံတစ်ခု ထွက်ပေါ်လာ၏ ။

လက်နက်အရောင်းအဝယ်လုပ်သူတစ်ဦးအနေဖြင့် ခွမ်းဟွမ်သည် ၄င်းက တိုက်ဂါး အမျိုးအစားစနိုက်ပါရိုင်ဖယ်၏ အသံမှန်း ချက်ချင်း မှတ်မိလိုက်သည် ။

ဤစနိုက်ပါရိုင်ဖယ်ကို စနိုက်ပါများ၏ ဘုရင်ဟု လူသိများလေ၏ ။

၎င်းသည် တစ်ကီလိုမီတာ အကွာအဝေးမှနေ၍ နှစ်စင်တီမီတာ အထူရှိသော သံမဏိကို ဖောက်ထွင်းနိုင်လောက်အောင် အားပြင်းသည်။

နောက်ဆုံးပေါ် မျိုးရိုးဗီဇဆေးထိုးထားသော စစ်သားများတောင်မှ ၎င်း၏ ကျည်ဆန်တစ်ချက်ထိလျှင် အသက်ရှင်လိမ့်မည် မဟုတ်ပါ ။

တစ်စုံတစ်ယောက်က ဤသေနတ်ကို အသုံးပြုပြီး ကျိယွမ်ကို ပစ်ခတ်လိုက်လေပြီ ။

သူ မည်သို့ မထိတ်လန့်ဘဲ နေနိုင်မည်နည်း ။

"သွားပြီ"

ကျိယွမ်၏ဦးခေါင်းကို ကျည်ဆန်ထိမှန်ပြီး ဖွာလန်ကျဲသွားသော မြင်ကွင်းကို သူ မြင်ယောင်သွားမိ၏ ။

သို့သော်လည်း သူ ကျိယွမ်ဘက်သို့ အလန့်တကြားလှည့်ကြည့်လိုက်သောအခါ ကျိယွမ်မှာ ဘာမှမဖြစ်ဘဲ တည်ငြိမ်စွာ ထိုင်နေသည်ကို တွေ့လိုက်ရသည် ။

သူ၏ လက်ထဲတွင် ကြီးမားသော စနိုက်ပါ ကျည်ဆန်တစ်ခုကို ကိုင်ထားလေ၏။

ခွမ်းဟွမ်မှာ မယုံကြည်နိုင်မှုများဖြင့် မှင်တက်သွားရသည် ။

ဒါက လူတစ်ယောက် လုပ်နိုင်တဲ့ အရာမျိုးလား ။

အဆင့်မြင့်စနိုက်ပါရိုင်ဖယ်၏ ကျည်ဆန်အရှိန်မှာ အသံထက် သုံးဆ မြန်နိုင်ကြောင်း သူသေချာသိ၏ ။

ရုတ်တရက် လူတစ်သောင်းကို အနိုင်ယူနိုင်ကြောင်း ကျိယွမ် ပြောခဲ့သည်ကို ပြန်၍ အမှတ်ရသွားသည် ။

ထိုစဥ်က သူတကယ် မယုံခဲ့ပါ။

သို့သော် ယခုအခါမှာတော့ ကျိယွမ်က ချဲ့ကားပြောဆိုနေခြင်း မဟုတ်ဘဲ အမှန်တရားကို ပြောနေခြင်း ဖြစ်ကြောင်း သူ နားလည်သွားလေပြီ။

ကျိယွမ်သည် ကျည်ဆန်ကို ကိုင်ထားရင်း တည်ငြိမ်သောအမူအယာဖြင့် ပြုံးလိုက်သည် ။

"ဒီနေ့ သင်္ဘောပေါ်မှာ ငါ အဆင့်တက်နိုင်ခဲ့လို့ တော်သေးတာပေါ့ ၊ မဟုတ်ရင် ဒီပစ်ချက်က အတော်လေး ဒုက္ခပေးနိုင်လိမ့်မယ် "

"ဒီဂိမ်းထဲမှာ လူဆိုးတွေ သိပ်ရှိလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး ။ ဒါကြောင့် အေးအေးဆေးဆေး နေပြီး အပျော်တမ်း ဂိမ်းတစ်ခုလိုပဲ သဘောထားနေတာ ၊ ဒါတောင်မှ ငါ့ကို ရန်ပြုချင်တဲ့ ဗီလိန်တွေ ရှိနေသေးတယ်ပေါ့"

" တစ်ယောက်ယောက်က ဒါကို စစ်ပွဲဂိမ်းတစ်ခုအဖြစ် ပြောင်းလဲပစ်ချင်နေတာလား"

ခွမ်းဟွမ်သည် ထိုစကားများကို နားမလည်သော်လည်း စိတ်ထဲ၌ အတွေးများစွာ ဖြတ်သန်းသွားလေသည် ။

ယနေ့ ဖြစ်ရပ်များသည် သူ၏ အသိဉာဏ်ထက် လုံးဝ ကျော်လွန်နေ၏။ထို့အပြင် မမျှော်လင့်ထားခြင်းများလည်း ပါနေသည်။

ငါတစ်ယောက်လုံးပါနေတာကိုတောင် ငါ့ဧည့်သည်ကို စနိုက်ပါနဲ့ပစ်သတ်ရဲတယ်လား။သတ္တိကောင်းလှချည်လား။

သူသည် ဒေါသထွက်ခြင်းနှင့်အတူကြောက်ရွံ့မှုကိုပါ ခံစားနေရသည်ကိုလည်း ဝန်ခံရပေလိမ့်မည် ။

၎င်းက တစ်ဖက်လူသည် သူ့ကို လုံးဝ အလေးမထားကြောင်း ဖော်ပြနေခြင်း မဟုတ်ပါလား။

ထျန်းယွဲ့ မြို့တွင် သူကဲ့သို့ မျိုးရိုးစဥ်ဆက် ဗိုင်းကောင့်တစ်ဦးကို လျစ်လျူရှုဝံ့သူ သိပ်မရှိပါ။

၎င်း၏ နောက်ကွယ်ရှိ အင်အားစုမှာ အလွန်နက်ရှိုင်းကြောင်း ထင်ရှားနေလေသည် ။

"ဒီမှာ ခဏစောင့်နေဦး ။ ငါ အခုချက်ချင်း ပြန်လာခဲ့မယ်"

ကျိယွမ်က ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်၏။

"သတိထားပါ မစ္စတာကျိ။ အခြေအနေကို ထိန်းချုပ်လို့ မရတော့ဘူးဆိုရင် ကျွန်တော် ခင်ဗျားကို ရှင်းယန်မြို့ကို ခေါ်သွားပါ့မယ် ။ အဲဒါ ကျွန်တော့်ရဲ့ အမာခံနယ်မြေပါ"

ကျိယွမ်က တည်ငြိမ်စွာ ပြုံးလိုက်ပြီး မနီးမဝေးမှ အဆောက်အဦးတစ်ခုအား ကြည့်ရင်း ပြောလိုက်သည် ။

"ထွက်ပြေးတာက ငါစတိုင်လ်မဟုတ်ဘူး ၊ ဘယ်နေရာပဲဖြစ်ဖြစ် ထွက်ပြေးရမှာက ငါ့ရဲ့ ရန်သူတွေပဲ ဖြစ်ရမယ်"

All Chapters