← Chapters

ငါးနှစ်အကြာမှာ ကမ္ဘာကြီးက ပြောင်းလဲသွားခဲ့တယ်

Vol. 26 Ch. 290

ငါးနှစ်အကြာမှာ ကမ္ဘာကြီးက ပြောင်းလဲသွားခဲ့တယ်

Vol. 26 Ch. 290

အထပ်မြင့်အဆောက်အအုံတစ်ခု၏ အပေါ်ဆုံးတွင် အနက်ရောင်အပေါ်အင်္ကျီဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ယုံကြည်မှုအပြည့်ရှိသော မျက်လုံးများဖြင့် ရှိနေသည် ။

"ငါ့ရဲ့ ဒီတစ်ချက်တည်းနဲ့ နတ်ဘုရားတစ်ပါးတောင် သေသွားနိုင်တယ်"

သလင်းနက်မြို့စားကြီးမိသားစုမှ လေ့ကျင့်ပေးထားသော စနိုက်ပါသမားတစ်ဦးအနေဖြင့် ထိုအမျိုးသားသည် မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိ၏ ။

သူ၏ ပစ်ခတ်မှုစွမ်းရည်မှာ သံသယဖြစ်ဖွယ်မရှိသလို အရေးကြီးဆုံးမှာ အကွာအဝေးကလည်း ထင်သလောက်မဝေးနေခြင်းပင် ။ထို့ကြောင့်တစ်ချက်တည်းပစ်ရုံနှင့် ပစ်မှတ်ကို ဇီဝိန်ချွေရန် လုံးဝလုံလောက်သည် ။

သူ၏ဘေးတွင် ရိုးရှင်းသောပုံစံရှိသည့် မိန်းကလေးတစ်ဦး ရပ်နေ၏ ။ သူမ၏မျက်နှာတွင် တစ်ကမ္ဘာလုံးကို အထင်သေးနေသည့်အလား မောက်မာပြီး ယုံကြည်မှုများပြည့်လျှက်ရှိသည်။ ။

"သူသေသွားတာက ပိုကောင်းတယ် ။ ဒီလို အသုံးမကျတဲ့လူက ငါ့ရဲ့လက်တွဲဖော်ဖြစ်ဖို့တောင် မထိုက်တန်ဘူး ။ သူ့ကို သတ်လိုက်တာက ငါ့အတွက်ပိုအဆင်ပြေတယ်"

သူမက နှာခေါင်းရှုံ့၏။

ဝမ်ဝေဟု အမည်ရသော ထိုအမျိုးသမီးမှာ သာမန်ကုမ္ပဏီဝန်ထမ်းလေးတစ်ဦးသာ ဖြစ်သည် ။ အနာဂတ်တွင် သူမသည် အရည်အချင်းမရှိမှုကြောင့် အလုပ်ပြုတ်သွားမည်ဖြစ်ပြီး နောက်ဆုံးတွင် ကလေးထိန်းတစ်ဦး ဖြစ်လာရန် အတင်းအကျပ်စေခိုင်းခံရပေလိမ့်မည် ။

အွန်လိုင်းချေးငွေများကြားတွင် ပိတ်မိနေပြီးနောက် သူမ၏ဒေါသကြီးတတ်သော အကျင့်မှာ ပိုဆိုးလာခဲ့သည် ။ သူမက အသင့်အတင့် ချမ်းသာသော မိသားစုတစ်ခုတွင် ကလေးထိန်း ဖြစ်လာခဲ့သော်လည်း ကလေး၏ ငိုသံကို စိတ်အနှောင့်အယှက်ဖြစ်သဖြင့် သူမသည် ကလေးကို ဆေးခတ်ခြင်းနှင့် နှိပ်စက်ခြင်းများကို မကြာခဏ ပြုလုပ်ခဲ့ရာမှ နောက်ဆုံးတွင် သူမ၏ ပေါ့ဆမှုကြောင့် ကလေးသေဆုံးသွားခဲ့သည် ။

ထို့နောက် သူမသည် အဖမ်းခံရပြီး ထောင်ကျခဲ့လေ၏ ။

မူလက သူမ၏ဘဝသည် မှောင်မိုက်မှုနှင့် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေသော်လည်း ကံကြမ္မာက သူမကို နောက်ပြောင်ခဲ့သည် ။

ကမ္ဘာကြီးသည် ပြန်လည်စတင်သွားခဲ့ပြီး သူမသည် လွန်ခဲ့သော ဆယ်နှစ်ခန့်က အချိန်သို့ ပြန်ရောက်သွားခဲ့ခြင်းပင် ။

သူမ၏ ငယ်ရွယ်သော ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာသောအခါ သူမကိုယ်သူမ ကမ္ဘာကြီး၏ ရွေးချယ်ခံရသူဟု မှတ်ယူပြီး အတိတ်က မှတ်ဉာဏ်များကို အသုံးချကာ သူမသည်ကြယ်ခုနှစ်ပွင့်မိသားစုများနှင့် ချက်ချင်း မပူးပေါင်းခဲ့ပါ ။

ထိုအစား သူမသည် ဒေသခံအာဏာပိုင်အဖွဲ့တစ်ခုနှင့် အရင်ပူးပေါင်းခဲ့ရာ ထိုအဖွဲ့မှာသလင်းနက်မြို့စားကြီး၏ မိသားစုဖြစ်၏။

ပြီးခဲ့သော ဘဝမှ မှတ်ဉာဏ်များကို အသုံးပြု၍ သူမသည် သလင်းနက်မိသားစု၏ ယုံကြည်မှုကို အောင်မြင်စွာ ရရှိခဲ့သည် ။ ထို့ပြင် ကမ္ဘာကြီး ပြန်လည်စတင်ချိန်တွင် တျန်းယွဲ့မြို့၌ နောက်ထပ် ပြန်လည်ဝင်စားသူတစ်ဦးရှိနေသေးသည်ကိုလည်း သူမ သိရှိထားသည် ။

ထိုသူမှာလည်း တျန်းယွဲ့မြို့သားဖြစ်သဖြင့် သူမတွင် ထိုသူနှင့်ပတ်သက်သော အချက်အလက်များစွာ ရှိနေ၏ ။ ထိုသူသည် အနာဂတ်တွင် တစ်နှစ်အကြာ၌ သေဆုံးမည်ဖြစ်ကြောင်းကိုလည်း သူမ သိထားသည် ။

ထို့ကြောင့် ထိုသူသည် ကမ္ဘာကြီး ပြန်လည်စတင်ခြင်းနှင့် ပတ်သက်သည့် မှတ်ဉာဏ်များ ရှိလိမ့်မည်မဟုတ်ဟု သူမ ယူဆ၏။

ပင်ကိုယ်ကပင် တစ်ကိုယ်ကောင်းဆန်သောအမျိုးသမီးတစ်ဦးဖြစ်သည့်အတိုင်း တျန်းယွဲ့မြို့တွင် သူမတစ်ဦးတည်းသာ အချိန်နောက်ပြန်သွားနိုင်သူ ဖြစ်ရမည်ဟု ခံယူကာ ကျိယွမ်ဆိုသူ လူဝင်စားအား သတ်လိုစိတ်များ ဖြစ်ပေါ်လာလေသည် ။

သူမကဲ့သို့ ထူးခြားသောလူက အရေအတွက်နည်းလေ ပိုကောင်းလေပင် ။ ထို့ပြင် ကျိယွမ်သည် တစ်နှစ်အကြာတွင် သေဆုံးမည်ဖြစ်ပြီး ဆယ်နှစ်စာ မှတ်ဉာဏ်များလည်း မရှိသောကြောင့် ဝမ်ဝေက သူ့ကို အထင်သေးနေ၏။

"ငါ့နောက်ကို လိုက်ခဲ့ပါ ၊ နောက်ဆိုရင် နင်က ကြယ်ခုနှစ်ပွင့်မိသားစုကြီးတွေထဲကို ဝင်ခွင့်ရဖို့တောင် အရည်အချင်း ပြည့်မီလာနိုင်တယ်"

ဟု ဝမ်ဝေက စနိုက်ပါသမားအား အိပ်မက်ကြီးကြီး ပေးကာ ဆွဲဆောင်သည် ။

ထိုစဉ် အနက်ရောင်ဝတ်စုံနှင့် စနိုက်ပါသမားသည် ရုတ်တရက် မျက်မှောင်ကြုတ်သွား၏။

"ဘာဖြစ်တာလဲ ၊ သူ မသေဘူးလား "

မှန်ပြောင်းထဲမှတစ်ဆင့် ကျိယွမ် ကားပေါ်မှ ဆင်းလာသည်ကို သူ မြင်လိုက်ရသည် မဟုတ်ပါလား ။

၎င်းမှာ သူ၏ တွက်ဆချက်များကို လုံးဝ ဆန့်ကျင်နေလေသည် ။

တိုက်ဂါးသည် စနိုက်ပါရိုင်ဖယ်များ၏ ဘုရင်ဖြစ်ပြီး ကျည်ဆန်ကားမှန်ကို တိကျစွာ ဖောက်ထွက်သွားသည်ကိုလည်း သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည် ။ ကျိယွမ်သည် ကျည်ကာအင်္ကျီ ဝတ်ထားလျှင်ပင် သူ သေသင့်၏။

ဝမ်ဝေသည်လည်း အံ့အားသင့်သွားသော်လည်း လျင်မြန်စွာပင် ပြုံးလိုက်၏။

"သူ ကံကောင်းသွားပုံရတယ်"

မမျှော်လင့်ထားသော်လည်း ယခု ဖြစ်ရပ်မှာ သူမအတွက် ကိစ္စကြီးမဟုတ်ပါ ။ သူမသည် ထိုကျိယွမ်ကို အမဲလိုက်ရန် အစီအစဉ်များစွာ ပြင်ဆင်ထားပြီးသားပင်။

နင်က ကံဘယ်နှစ်ခါ ကောင်းနိုင်လဲဆိုတာ ကြည့်ရသေးတာပေါ့။

ထိုအချိန်တွင် အဝေးပြေးလမ်းမပေါ်၌ ဒါယွန်းတံဆိပ် အကြီးစားကုန်တင်ကားကြီးတစ်စီးသည် ရုတ်တရက် အရှိန်မြှင့်လာပြီး ကျိယွမ်ထံသို့ ကြောက်မက်ဖွယ် အရှိန်ဖြင့် ပြေးဝင်လာ၏ ။

ကုန်တင်ကားကြီးမှာ ထိန်းချုပ်မှု လွတ်သွားပုံရပြီး အရှိန်က ရုတ်တရက် မြင့်တက်လာခြင်းဖြစ်သည် ။

မတော်တဆဖြစ်စေ တမင်တကာဖြစ်စေ ပြင်းထန်သော ထိုတိုက်မိမှုသည် လူကို မဆိုထားနှင့် ကားငယ်တစ်စီးကိုပင် ကြိတ်ခြေပစ်နိုင်သည်ကတော့ အသေအချာပင်။

ရိုးရှင်းသော အဝတ်အစားများ ဝတ်ဆင်ထားသော ကားဒရိုင်ဘာ၏ မျက်လုံးများတွင် ရူးသွပ်မှုများ ရှိနေပြီး ကားရှေ့မှ ကျိယွမ်ကို သနားသလိုပင် ပြုံးကြည့်နေ၏။

လမ်းပေါ်မှ ကားများသည်လည်း ယောင်ယမ်းကာ ဘရိတ်အုတ်မိသွားကြပြီး ထိုကားကြီးနှင့် လွတ်ရာသို့ ဆွဲချလိုက်ရသည်။

"သေကုန်တော့မှာပဲ .."

အနီးဆုံးတွင်ရှိနေသော ဇိမ်ခံကားလေးထဲမှ ဒရိုင်ဘာက အလန့်တကြားကျိန်ဆဲကာ အမြန်ဘရိတ်အုပ်၏။

သို့သော် ကုန်တင်ကားကြီးက ကျိယွမ်ထံ တည့်တည့်ဦးတည်သွားသည်ကို မြင်သောအခါ သူသည် မကြည့်ရက်သလို မျက်လုံးများကို ပိတ်လိုက်မိသည် ။

"သေပြီ..."

"ဝုန်း..."

သို့သော် သူပြန်ဖွင့်လိုက်သောအခါ သူ စိတ်ကူးထားသည့်အတိုင်း ဟုတ်မနေခဲ့ပေ ။ ကုန်တင်ကားကြီးမှာ မမြင်ရသော နံရံတစ်ခုကို တိုက်မိသွားသကဲ့သို့ လေထဲတွင် လွင့်ထွက်သွားပြီးမှ မြေပြင်ပေါ်သို့ ဝုန်းခနဲပြန်ကျလာသည် ။

အရှေ့တွင် ရပ်နေသော လူငယ်လေးကိုမူ မတွေ့ရတော့ပါ ။

"ဘာဖြစ်သွားတာလဲ "

"ရဲကို ဖုန်းဆက်ရမယ်"

ထိုအမျိုးသားသည် ချက်ချင်းသတိဝင်လာပြီး အရေးပေါ်ဖုန်းခေါ်ဆိုလိုက်သည် ။ ထို့နောက် ဘာဖြစ်သွားသည်ကို ကြည့်ရန် ကားပေါ်မှ အမြန်ဆင်းလာ၏။

မလှမ်းမကမ်းတွင် ခွမ်းဟွမ်သည်လည်း ပက်လက်လန်နေသော ကုန်တင်ကားကြီးကို မျက်လုံးအပြူးသားဖြင့် ကြည့်နေမိသည်။

"ဒါက... လူသား တင့်ကားတစ်စီးလား "

အရှိန်ကုန်မောင်းလာသော ကုန်ကားကြီးက ရပ်နေသောလူတစ်ယောက်အား မညှာမတာဝင်တိုက်၏။

သို့သော် ရလဒ်က ကုန်ကားကြီး လေထဲမြောက်သွားပြီး ရုပ်ပျက်ဆင်းပျက်မှောက်သွားခြင်းပင်။

ကျိယွမ် လှုပ်ရှားသည်ကို မမြင်လိုက်ရသော်လည်း အရှိန်နှင့်ဝင်တိုက်သော ကုန်တင်ကားကြီး ယခုလို တိမ်းမှောက်သွားခြင်းမှာ ယုတ္တိမရှိပေ ။

ကျိယွမ်ကသာ ထိုသို့ဖြစ်အောင် ပြုလုပ်ခဲ့ခြင်းဆိုလျှင် ထိုသူအား လူသားတင့်ကားတစ်စီးဟုပင် ခေါ်ရပေတော့မည်။

ဤစွမ်းအားမျိုးနှင့်ဆိုလျှင် နယ်စပ်တွင် မျိုးရိုးဗီဇမြှင့်တင်ထားသော စစ်သားတစ်ဖွဲ့လုံးကိုပင် တစ်ယောက်တည်းနှင့် အလွယ်တကူ ခြေမှုန်းနိုင်လောက်သည် ။ သေချာသည်မှာ ထိုစစ်သားများတွင် အဆင့်မြင့်လက်နက်များ မရှိလျှင် သေချာပေါက် ချေမှုန်းခံရပါလိမ့်မည်။

ထိုအချိန်တွင် အဆောက်အအုံ အမိုးပေါ်ရှိ ဝမ်ဝေ၏အပြုံးမှာ အေးခဲသွားခဲ့သည် ။

"ဘာဖြစ်တာလဲ ၊၊ ကုန်တင်ကားက ဘာလို့ မှောက်သွားတာလဲ "

အကွာအဝေးမှာ ဝေးလွန်းသဖြင့် ဘာဖြစ်သွားသည်ကို သူမ ရှင်းရှင်းလင်းလင်း မမြင်ရပါ ။ သူမသည် ဒရိုင်ဘာကို ဆက်သွယ်ရန် ကြိုးစားသော်လည်း တိတ်ဆိတ်မှုသာ ပြန်ရ၏ ။

"သူက ကားကို လှန်ပစ်လိုက်တာလား ၊သူက အဆင့်မြင့် မျိုးရိုးဗီဇဆေးကို သုံးထားတာလား "

ဝမ်ဝေ၏ မျက်နှာတွင် ထိတ်လန့်ဟန်များ ပေါ်လာသည် ။

"မဖြစ်နိုင်ပါဘူး ! အဆင့်မြင့် မျိုးရိုးဗီဇဆေးတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာပါ ၊ သူက ဒါမျိုးကို ရနိုင်တဲ့ အရည်အချင်း မရှိဘူး ။ ဒါက မတော်တဆဖြစ်မှာပါ ၊ ကုန်တင်ကားသမားက မူးနေလို့ မတော်တဆ မှောက်သွားတာ ဖြစ်မယ် ။"

စနိုက်ပါသမားက ကောက်ချက်ချလိုက်သည် ။

ထိုစကားကို ကြားသောအခါမှ ဝမ်ဝေမှာ သက်ပြင်းချနိုင်သွားလေ၏ ။

သူမကိုယ် သူမလည်း ပြန်၍ သတိပေးလိုက်သည်။

ငါက ရွေးချယ်ခံရသူပဲ ၊တောင်ပြိုနေတယ်ဆိုရင်တောင် တည်တည်ငြိမ်ငြိမ် နေနိုင်ရမယ်။ကားမှောက်တာလောက်နဲ့ တုန်လှုပ်နေစရာလား။

"သူ ဘယ်ရောက်သွားလဲ"

ဝမ်ဝေက မှန်ပြောင်းဖြင့် ရှာဖွေသော်လည်း ကျိယွမ်ကို မတွေ့ရတော့ပါ ။

" ရှုပ်ရှုပ်ရှက်ရှက်တွေကြားမှာ ထွက်ပြေးသွားတာ ဖြစ်မယ် ။ ကိစ္စမရှိပါဘူး ၊ ဒါကို အထက်ကို ငါ တင်ပြလိုက်မယ် ။ သူ တျန်းယွဲ့မြို့ကနေ လွတ်အောင် မပြေးနိုင်ပါဘူး ။"

စနိုက်ပါသမားက ထိုသို့ပြောပြီး သလင်းနက်မိသားစုဝင်များကို ဆက်သွယ်လိုက်သည် ။

ဝမ်ဝေသည် ကုန်တင်ကားကို ကြည့်ကာ ပြုံးလိုက်ပြီး မှတ်ချက်ချ၏။

"သူက တကယ် ကံကောင်းတာပဲ "

တစ်ဖက်လူသည်လည်း သူမကဲ့သို့ပင် ကမ္ဘာကြီး၏ ကံကြမ္မာက ရွေးချယ်ထားသော ပြန်လည်မွေးဖွားသူတစ်ဦး ဖြစ်နေသဖြင့် သတ်ရခက်နေခြင်းဖြစ်မည်ဟု သူမ ဝေဝေဝါးဝါး ခံစားမိနေသည် ။

ထိုအတွေးကြောင့် သူမသည် ဝမ်းသာသလိုလို စိတ်ရှုပ်သလိုလို ဖြစ်နေ၏။

"ဒါပေမဲ့ သူက အပြည့်အဝ ပြန်လည်ဝင်စားသူ မဟုတ်ပါဘူး ၊ ငါ့လက်ထဲကနေ ဘယ်လို လွတ်မှာလဲ "

ထိုသို့တွေးမိသောအခါ ဝမ်ဝေ ယုံကြည်မှု ပြန်ရလာသည် ။

ခဏအကြာတွင် စနိုက်ပါသမားသည် ဖုန်းကိုချကာ မျက်နှာပျက်နေ၏။

"မစ္စဝမ်ဝေ ၊ ကျောက်ကျစ်ချီက ကျွန်တော်တို့ကို ချက်ချင်းပြန်လာပြီး ရှင်းပြခိုင်းနေတယ်"

သလင်းနက်မြို့စားမိသားစုသည်လည်း လုံးဝ စည်းလုံးနေသည်တော့ မဟုတ်ပါ ။ ဝမ်ဝေနှင့် ပူးပေါင်းဆောင်ရွက်မှုကို လူတိုင်းက ထောက်ခံထားခြင်းမဟုတ်ချေ။

ကျောက်ကျစ်ချီသည် မိသားစု၏ အခြားအုပ်စုတစ်ခုကို ကိုယ်စားပြုပြီး ဝမ်ဝေကို အမြဲ သတိထားနေသူ ဖြစ်သည် ။ ယခု လုပ်ကြံမှုမှာလည်း ကျောက်ကျစ်ချီ မသိအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏ ။

ယခု လုပ်ငန်းစဉ်စတင်သည်နှင့် ကျောက်ကျစ်ချီက သိသွားပြီး စနိုက်ပါသမားကို ဖုန်းဖြင့်ဆူပူနေခြင်းပင်။

"ဟွန့် ၊ သူကတော့ အသက်ကြီးပြီး သူငယ်ပြန်နေပြီ ထင်တယ် "

ဝမ်ဝေ၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ လက်ခနဲ ပေါ်လာသည် ။

"သူ့ကို ဂရုမစိုက်နဲ့ ၊ သလင်းနက်မိသားစုက အခု သူ့လက်အောက်မှာ ရှိတာ မဟုတ်ဘူး ။"

ဝမ်ဝေသည် ကျောက်ကျစ်ချီကို မကျေနပ်သည်မှာ ကြာလေပြီ ။ သူမ၏ ရည်မှန်းချက်များ အောင်မြင်ပြီးလျှင် ကျောက်ကျစ်ချီကို ဖယ်ရှားပစ်ရန် သူမ စီစဉ်ထား၏။

ဝမ်ဝေ၏ အမိန့်ကို ရသောအခါ စနိုက်ပါသမားသည် ခေါင်းညိတ်လိုက်သည် ။

"ကျွန်တော် ရဲစခန်းကို အမိန့်ပေးပြီး ကျိယွမ်ကို စစ်ဆေးဖို့ ခေါ်ခိုင်းလိုက်မယ် ။"

သူက တစ်မျိုးစီစဥ်လိုက်၏။

ဥပဒေဆိုသည်မှာ အုပ်ချုပ်သူလူတန်းစားအတွက် ကိရိယာတစ်ခုသာ ဖြစ်သည် ။ အဆင့်အတန်း ခွဲခြားမှုများက နည်းပညာတိုးတက်လာသော်လည်း ပျောက်ကွယ်မသွားသည့်အပြင် ပို၍ပင် ခိုင်မာလာခဲ့လေသည် ။

စနိုက်ပါသမား၏ အစီအစဉ်ကို ကြားသောအခါ ဝမ်ဝေသည် ပို၍ ကျေနပ်သွား၏ ။

ယခင်က သူမအတွက် မင်းစိုးရာဇာများနှင့် အစောင့်အကြပ်များမှာ ကျားနှင့် ခြင်္သေ့များကဲ့သို့ ကြောက်စရာကောင်းသော်လည်း ယခုမူ သူမအတွက် အလုပ်လုပ်ပေးရသော နယ်ရုပ်များဖြစ်လာခဲ့လေပြီ။

အခြားသူများ၏ ကံကြမ္မာကို ထိန်းချုပ်ရခြင်းမှာ စိတ်လှုပ်ရှားစရာ ကောင်းလှ၏ ။

"ကောင်းပြီ ၊ ငါတို့ ပြန်ပြီးတော့..."

ဝမ်ဝေ၏ စကားလုံးများမှာ ရုတ်တရက် ရပ်တန့်သွားသည် ။

အကြောင်းမှာ သူမ၏ အရှေ့တည့်တည့်တွင် ရင်းနှီးသော ပုံရိပ်တစ်ခု ပေါ်လာသောကြောင့်ပင် ။

သူမ၏ နှလုံးခုန်နှုန်း မြန်သွားသော်လည်း ပြန်လည် တည်ငြိမ်သွားခဲ့သည် ။

သူမက ချီးကျူးသလို လက်ခုပ်တီးလိုက်ပြီး..

"စိတ်ဝင်စားစရာပဲ ၊ နင် တကယ်ပဲ ဒီကို ရောက်လာတာပေါ့ ။ ငါ့ဘက်မှာ ကျောက်ကျစ်ချီကို သတင်းပေးတဲ့ သစ္စာဖောက် ရှိနေလို့လား ၊ အဲဒီကနေတစ်ဆင့် နင်သိသွားပုံပဲ"

သူမက ပိုင်နိုင်စွာ မေးလိုက်သည်။

တစ်ချိန်တည်းမှာပင် ဝမ်ဝေ၏ ဦးနှောက်မှာ အလုပ်လုပ်နေပြီး ဖြစ်နိုင်ခြေအရှိဆုံး အခြေအနေကို တွက်ဆနေ၏ ။

ပူးပေါင်းထားသူမရှိလျှင် ကျိယွမ်ကဲ့သို့ အရှုံးသမားတစ်ဦးက သူမကို ယခုလို လာရောက် ရင်ဆိုင်ရဲစရာ အကြောင်းမရှိပါ ။

"နင်က ကျောက်ကျစ်ချီနဲ့ ပူးပေါင်းပြီး အဆင့်မြင့် မျိုးရိုးဗီဇဆေးတောင် ရထားပုံပဲ ။"

ဝမ်ဝေက အရာအားလုံး သူမ ထိန်းချုပ်မှုအောက်မှာ ရှိနေသကဲ့သို့ ပြောလိုက်သည် ။

ကျိယွမ်က အလွန်မောက်မာနေပုံရသောဝမ်ဝေကို ထူးဆန်းသလိုကြည့်၏။

"နင် စိတ်မနှံ့ဘူးလား ၊ ငါ့ကို သတ်ဖို့ လူလွှတ်တာ နင်ပေါ့ ၊ ဘာလို့လဲ "

"နင်ကို သတ်ဖို့ အကြောင်းပြချက်မှ မလိုတာ ၊ သတ်ချင်လို့ သတ်တာပဲ"

ဝမ်ဝေက ယုံကြည်မှုအလွန်မြင့်မားလှသည် ။

"အိုး ..နင်ကလည်း မောက်မာတဲ့ မိန်းမတစ်ယောက်ပဲကိုး"

ကျိယွမ်က အံ့အားသင့်သွားသည် ။ သူမ၏ရုပ်ရည်ပုံစံ ၊ သူမ၏ ခွန်အားနှင့် ယခုလိုမောက်မာနေသည်မှာ တော်တော်လေး ထူးဆန်းလှသည်မဟုတ်ပါလား ။

သေနတ်နဲ့ပစ်တာလည်း မသေ ၊ ကားနဲ့တိုက်တာလည်း မသေတဲ့အပြင် သူတို့ပုန်းနေတဲ့ တိုက်အမြင့်ပေါ်ကို ခဏလေးနဲ့ရောက်လာတဲ့သူကို သူက အသုံးမကျတဲ့သူလို့ ထင်နေတုန်းပဲလား။

ဝမ်ဝေကတော့ သဘာဝကျသောအချက်များကို ဂရုမစိုက်ဘဲ မောက်မာစွာဆက်ပြောသည်။

"နင် ဘာလို့ သေရမလဲဆိုတာ ငါ ပြောပြပေးမယ် ။ ငါက ပြန်လည်ဝင်စားသူတစ်ယောက်ဖြစ်နေလို့ နင်ကို သတ်တာပဲ"

"ဟေ.."

"ပြန်လည်ဝင်စားလာတာနဲ့ပဲ လူသတ်ပိုင်ခွင့် ရှိတယ်လား ၊ ဥပဒေကို ဂရုမစိုက်လို့ ရတယ်ပေါ့"

ကျိယွမ်က ဒေါသတကြီးမေးလိုက်၏။

ထိုမိန်းမတွင် သေချာပေါက် စိတ်ဝေဒနာရှင်လက်မှတ်ရှိနေရမည် ။

သို့မဟုတ် ပြန်လည်ဝင်စားစဥ်က ဦးနှောက်အပြည့်အစုံပြန်ပါမလာခြင်းလည်း ဖြစ်နိုင်၏။

"နင်လိုကောင်က အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ မသိပါဘူး "

ဝမ်ဝေ၏ မျက်လုံးများတွင် ရူးသွပ်မှုများ ပေါ်လာသည် ။

"အနာဂတ်က ဘယ်လိုပဲဖြစ်ဖြစ် နင်နဲ့ မဆိုင်တော့ဘူး... ဘာလို့လဲဆိုတော့ နင့်မှာ အနာဂတ် မရှိတော့လို့ပဲ ။"

ကျိယွမ်က ဆုံးဖြတ်ချက် ချလိုက်လေပြီ ။ နေ့ခင်းကြောင်တောင် လူသတ်ရန် ကြိုးစားခြင်းမှာ လက်ခံနိုင်စရာ မရှိပါ ။အထူးသဖြင့် သူ့အားသတ်ရန်ကြိုးစားခြင်းပင်။

"မျိုးရိုးဗီဇဆေးကြောင့် နင်က ယုံကြည်မှု ရှိနေတာလား ၊ နင် ဘယ်သူနဲ့ ရင်ဆိုင်နေရလဲဆိုတာ မသိသေးဘူးပဲ "

ဝမ်ဝေက အထက်စီးဆန်စွာ ကြိမ်းဝါးလိုက်သည် ။

"ဒါပေမဲ့... နင်ရော ဘယ်သူနဲ့ ရင်ဆိုင်နေရလဲဆိုတာ သိရဲ့လား"

ကျိယွမ်က တည်ငြိမ်စွာ ပြန်မေးလိုက်၏။

ဝမ်ဝေက ဂရုမစိုက်သလို တုန့်ပြန်သည်။

"ပြောစမ်းပါဦး ၊ ငါ ဘယ်သူနဲ့ ရင်ဆိုင်နေရတယ်ဆိုတာလေး "

"စိတ်ကျန်းမာရေး လက်မှတ်ရှိပြီး အရူးလုပ်နေတဲ့ လူတစ်ယောက်နဲ့ပေါ့ "

ထိုအချိန်တွင် ကျိယွမ်သည် စိတ်ကျန်းမာရေး လက်မှတ်ကို ထုတ်ပြလိုက်သည် ။

"ဒီလက်မှတ်ရှိရင် ငါ နင့်ကို သတ်ရင်တောင် ဥပဒေအရ တာဝန်ယူစရာ မလိုပါဘူး ၊ အခု... ငါ နင်ကို စိတ်ကြိုက် သတ်လို့ ရပြီ ။"

"နင်. ဟားဟားဟားဟား ၊ နင် တကယ် ရူးနေတာပဲ ။ နင်က တစ်နှစ်နဲ့သေသွားသော အနာဂတ် ကမ္ဘာကြီးက ဘယ်လိုဖြစ်လာမလဲ မသိလိုက်ရဘူးကိုး ၊ ငါ့လက်ချက်နဲ့ သေရတာ နင့်ဘဝအတွက် အကြီးကျယ်ဆုံး ဂုဏ်ယူစရာပဲ "

သူမသည် သွေးနီရောင် ပုတီးစေ့တစ်စေ့ကို ထုတ်ယူလိုက်ပြီး စိတ္တဇဆန်စွာ ပြုံးလိုက်သည် ။ သူမဘေးရှိ စနိုက်ပါသမားမှာမူ ထိုပုတီးစေ့ကို ကြည့်ကာ ကြောက်လန့်နေ၏ ။

"ဒါက နင့်အတွက် အိပ်မက်ဆိုး ဖြစ်လာလိမ့်မယ်"

ဝမ်ဝေက အောင်နိုင်သူအလား ရယ်မောလိုက်ပြန်သည် ။

နောက်ငါးနှစ်အကြာတွင် ကမ္ဘာပေါ်၌ နတ်ဘုရားကမ္ဘာနှင့် ဆက်သွယ်ထားသော ဟင်းလင်းပြင် အက်ကြောင်းများ ပေါ်လာတော့မည် ဖြစ်သည် ။ ထိုကမ္ဘာမှ နတ်ဘုရားများသည် တင့်ကားများကိုပင် ဓားတစ်ချက်ဖြင့် ပိုင်းဖြတ်နိုင်စွမ်း ရှိကြ၏ ။

ဝမ်ဝေ၏ လက်ထဲရှိ အနီရောင် ပုတီးစေ့မှာ ထိုနတ်ဘုရားကမ္ဘာမှ လက်ကျန်ပစ္စည်းတစ်ခု ဖြစ်သည် ။ သူမသည် အတိတ်က အသိပညာများကို သုံးကာ ဤအရာကို အရယူခဲ့ခြင်းပင် ။

ပုတီးစေ့ကို ကိုင်ထားချိန်တွင် သူမသည် မိမိကိုယ်ကိုယ် နတ်ဘုရားမတစ်ပါးကဲ့သို့ ခံစားနေရသည် ။

"နှမြောစရာပဲ ၊ ဒီဖားသူငယ်ကတော့ သူ ဘာနဲ့ ရင်ဆိုင်နေရလဲ မသိသေးပါဘူး "

သူမသည် ကျိယွမ်ကို အထင်သေးစိတ်ဖြင့် ကြည့်လိုက်၏ ။

"ဒါက နင့်ရဲ့ နောက်ဆုံးလက်နက်လား ၊ ဒါက အဆင့်နိမ့် ချီကျင့်ကြံခြင်း ပစ္စည်းတစ်ခုပဲလေ ၊ ဒါကို ရတနာလို့ မှတ်နေတာလား "

ကျိယွမ်က စကားဆုံးသည်နှင့် လက်ကို ဝေ့ယမ်းလိုက်သည် ။

ချက်ချင်းပင် ထိုအနီရောင် ပုတီးစေ့မှာ အမှုန့်အဖြစ် ကြေမွသွားလေ၏။

ကျိယွမ်သည် လေထဲတွင် ဝဲနေသော ဝိညာဉ်စွမ်းအင် အနည်းငယ်ကို ရှူသွင်းလိုက်ပြီး ခေါင်းခါသည်။

"ငါ လေလည်တာလောက်တောင် စွမ်းအင်မရှိဘူး... ဒါပေမဲ့ ငါလေသိပ်မလည်တာက ခက်တယ် "

ဝမ်ဝေ၏ အပြုံးများ အေးခဲသွားသည် ။ သူမ၏ အဖိုးတန်ရတနာ ပျက်စီးသွားသည်ကို သူမ မယုံနိုင်အောင် ဖြစ်နေမိလေ၏။

"နင်...နင်က... ဝိညာဉ်စွမ်းအင်အကြောင်း ဘယ်လိုသိတာလဲ ၊ နင်က နောက်ထပ်တစ်နှစ်အကြာမှာ သေရမှာ မဟုတ်ဘူးလား "

လာမည့်တစ်နှစ်အတွင်း သေရမည့်ကျိယွမ်က လာမည့် ငါးနှစ်မှဖြစ်လာမည့် ဝိညာဉ်စွမ်းအင်အကြောင်းကို မည်သို့သိနေပြီး သူမ၏ ရတနာကို အလွယ်တကူ ဘယ်လို ဖျက်ဆီးနိုင်လေသနည်း ။

"သိချင်လား ၊ နှမြောစရာပဲ ၊ ငါ့မှာ စိတ်ကျန်းမာရေး လက်မှတ်ရှိတော့ သေမယ့်လူကို ရှင်းပြနေစရာ မလိုဘူး "

ကျိယွမ်က အရေးမကြီးသလို ပြောလိုက်စဥ်မှာပင် ရုတ်တရက် သေနတ်သံတစ်ချက် ထွက်ပေါ်လာသည် ။

စနိုက်ပါသမားက အခွင့်အရေးရသည်နှင့် ပစ်ခတ်လိုက်ခြင်းပင် ။

သို့သော် သူ၏ ကြိုးစားမှုမှာ အချည်းနှီး ဖြစ်သွားရှာသည် ။

"အိုး ... မင်း ပစ်တာ လွဲသွားပြီး သူ့ခေါင်းကို မှန်သွားပြီ"

မောက်မာလှသော ဝမ်ဝေ၏ ခေါင်းမှာ ဖရဲသီးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားလေသည် ။

ကျိယွမ်က ထိုမြင်ကွင်းကို ကြည့်ကာ ပြုံးနေပြီး စနိုက်ပါသမားဘက်သို့ လှည့်လိုက်၏ ။

စနိုက်ပါသမားမှာ မယုံနိုင်လောက်အောင် ဖြစ်နေသည် ။ သူသည် ကျိယွမ်ကို တည့်တည့်ချိန်ကာ အပိုင်နိုင်ဆုံး အနီးကပ်ပစ်ခဲ့ခြင်း မဟုတ်ပါလား။

ထို့နောက် လက်ဖျောက်တီးသံ တစ်ချက် ထွက်ပေါ်လာပြီး စနိုက်ပါသမားသည် ဘာမှန်းပင်မသိလိုက်ရဘဲ အသက်မဲ့စွာ လဲကျသွား၏ ။

"ငါ့မှာ စိတ်ကျန်းမာရေး လက်မှတ်ရှိလို့ တော်သေးတယ် ၊ မဟုတ်ရင် လူသုံးယောက်သတ်တာက ဥပဒေနဲ့ ငြိစွန်းနေလိမ့်မယ်။"

ကျိယွမ်က သူကံကောင်းသလို ရေရွတ်လိုက်သည် ။

ထို့နောက် သူသည် ဝမ်ဝေ၏ အလောင်းကို ကြည့်ကာ တစ်ခုခုကို စဉ်းစားနေ၏။

ဝမ်ဝေကို သတ်ပြီးနောက် သူ၏ "ကံ" မှာ အနည်းငယ် တိုးလာသကဲ့သို့ ခံစားလိုက်ရသောကြောင့်ဖြစ်လေသည်။

"ဒါက တမင်စီစဉ်ထားတာလား... ဒါမှမဟုတ် တိုက်ဆိုင်မှုလား "

All Chapters