အခန်း (၃၃၂)
Vol. 31 Ch. 332
“မဟာဖုန်းမင်းဆက် ဟုတ်လား”
စုန့်ယွီဖေးက မျက်မှောင်ကြုတ်လိုက်ရင်း - “အရှင်မင်းကြီးက မဟာဖုန်းကို တိုက်ခိုက်ဖို့ ကြံစည်နေတာလား”
မဟာလော့ဧကရာဇ်က ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည် - “မှန်တယ်။ ကျုပ်တို့ မဟာလော့မှာ ရိက္ခာတွေ ပြတ်လပ်နေပြီ၊ ဒါကို တခြားနိုင်ငံတွေဆီကနေပဲ ပြန်ဖြည့်ဆည်းလို့ရမယ်။ ကျုပ်တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာက မဟာဖုန်းမင်းဆက်ပဲရှိတယ်။ မဟာဖုန်းက မဟာရှနဲ့ စစ်ဖြစ်ပြီးကတည်းက အရှုံးကြီးရှုံးပြီး နိုင်ငံတော်အင်အားကလည်း တော်တော်လေး ချည့်နဲ့နေပြီလေ။ အခုက တိုက်ခိုက်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ”
“ဒါပေမဲ့ ကျွန်မကြားတာတော့ တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် မဟာဖုန်းမှာလည်း ဒီနှစ် ရိက္ခာထွက်နှုန်းက အတော်လေး လျော့နည်းနေတယ်လို့ သိထားတယ်…”
“အဲဒါကိုလည်း ကျုပ်သိပါတယ်”
မဟာလော့ဧကရာဇ်က ခေါင်းညိတ်ပြရင်း - “ဒါပေမဲ့ သူတို့က အင်အားကြီး မင်းဆက်နိုင်ငံတစ်ခုပဲလေ။ ရိက္ခာတွေ ဘယ်လောက်ပဲ နည်းနေပါစေဦးတော့၊ ၃၀ ကနေ ၄၀ ရာခိုင်နှုန်းလောက်တော့ ကောက်ခံနိုင်ဦးမှာပါ။ အဲဒီလောက်ဆိုရင်ပဲ ကျုပ်တို့အတွက် လုံလောက်နေပါပြီ”
စုန့်ယွီဖေးက တွန့်ဆုတ်နေဆဲပင် - “ဒါပေမဲ့ မဟာဖုန်းမင်းဆက်က ဗုဒ္ဓဂိုဏ်းရဲ့ သြဇာအောက်မှာ ရှိနေတာလေ…”
မဟာလော့ဧကရာဇ်က ပြန်လည်ချေပလိုက်သည် - “နတ်မိမယ် ပြောချင်တာက... နတ်မိမယ်တို့ရဲ့ တာအိုဂိုဏ်းက ဗုဒ္ဓဂိုဏ်းကို ကြောက်နေတယ်လို့ ဆိုလိုတာလား”
စုန့်ယွီဖေးက ခေါင်းယမ်းလိုက်ကာ - “အဲလိုတော့ မဟုတ်ဘူးလေ။ ဒီစစ်ပွဲက နိုင်ငံနှစ်ခုကြားက ပဋိပက္ခလို့ ထင်ရပေမဲ့ ကျွန်မတို့ ဂိုဏ်းနှစ်ခုကြားက အကျိုးစီးပွား ခွဲဝေမှုတွေနဲ့လည်း ဆက်စပ်နေတယ်။ ဆံပင်တစ်ပင်ကို ဆွဲလိုက်ရင် တစ်ကိုယ်လုံး လှုပ်ခတ်သွားသလိုမျိုး အခြေအနေမို့လို့ ကျွန်မတို့ သတိထားဖို့ လိုတယ်။ ဒီလိုလုပ်ပါ... ကျွန်မ ဗုဒ္ဓဂိုဏ်းနဲ့ အရင်သွားပြီး ညှိနှိုင်းကြည့်ပါ့မယ်၊ အရှင်မင်းကြီးအနေနဲ့ ကျွန်မရဲ့ သတင်းစကားကိုပဲ စောင့်နေလိုက်ပါ”
မဟာလော့ဧကရာဇ်က ခပ်အေးအေးပင် ခေါင်းညိတ်လိုက်သည်။
စစ်ပွဲဆိုသည်မှာ အင်အားကြီးဂိုဏ်းကြီးနှစ်ခုကြားက ကိစ္စဖြစ်သဖြင့် ပေါ့ပေါ့တန်တန် စတင်၍မရကြောင်း၊ နောက်ကွယ်တွင် အကျိုးစီးပွား အပေးအယူများ ရှိနေမည်ဖြစ်ကြောင်း သူနားလည်သည်။
သို့သော် နောက်ဆုံးတွင် အသာစီးရမည်မှာ သူသာဖြစ်သည်ဟု သူယုံကြည်နေသည်။ အကြောင်းမှာ သူသည် တာအိုဂိုဏ်းမှ ရွေးချယ်ထားသူဖြစ်ပြီး တစ်ဂိုဏ်းလုံး၏ ထောက်ခံမှုကို အပြည့်အဝ ရရှိထားသောကြောင့် ဖြစ်သည်။ မဟာဖုန်းမင်းဆက်ကမူ ဗုဒ္ဓဂိုဏ်းလက်အောက်ခံ နိုင်ငံတစ်ခုမျှသာ ဖြစ်သည်။
မည်သူက ပိုအရေးပါပြီး မည်သူက အောင်နိုင်မည်ဆိုသည်မှာ ရှင်းနေပါတော့သည်။
မဟာလော့ဧကရာဇ်က နှုတ်ဆက်ရင်း - “ဒါဆိုရင် နတ်မိမယ်ကိုပဲ အားကိုးပါရစေ
သုံးရက်အကြာတွင် စုန့်ယွီဖေးသည် သတင်းကောင်းနှင့်အတူ ပြန်လည်ရောက်ရှိလာခဲ့သည်။
“စစ်တိုက်လို့ ရပြီ”
မဟာလော့ဧကရာဇ်မှာ အလွန်ဝမ်းသာသွားကာ - “ကောင်းလိုက်တာ”
“ဒါပေမဲ့ သူတို့က ကန့်သတ်ချက်တစ်ခု ထားထားတယ်”
“ဘာကန့်သတ်ချက်လဲ”
စုန့်ယွီဖေးက - “ဒီစစ်ပွဲမှာ ရိက္ခာကိုပဲ လုယူရမယ်။ ရိက္ခာရပြီးရင် ချက်ချင်းပြန်ဆုတ်ရမယ်၊ နယ်မြေသိမ်းပိုက်တာမျိုး မလုပ်ရဘူး။ နောက်ပြီး ဒီဖြစ်စဉ်အတွင်းမှာ ဗုဒ္ဓဂိုဏ်းဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင် ပြည်သူတွေကို မထိခိုက်စေရဘူး”
“သဘောတူတယ်... ဒါက သဘောတူညီချက်ပဲ”
တာအိုဂိုဏ်း၏ သဘောတူညီချက်နှင့် ဗုဒ္ဓဂိုဏ်း၏ ကြိတ်ပုန်းခွင့်ပြုချက်ကို ရရှိပြီးနောက် မဟာလော့ဧကရာဇ်သည် စစ်သည်တော် တစ်သန်းကို ချက်ချင်း စုစည်းကာ မဟာဖုန်းမင်းဆက်ကို ချီတက်တိုက်ခိုက်စေတော့သည်။
ရုတ်တရက် စစ်ချီလာခြင်းကြောင့် မဟာဖုန်းဘက်က လုံးဝ မပြင်ဆင်ထားမိဘဲ နှစ်နိုင်ငံကြားက ခံတပ်များမှာ အချိန်တိုအတွင်း ကျိုးပေါက်သွားတော့သည်။ မဟာလော့စစ်တပ်သည် မြို့ရွာများကို အရှိန်အဟုန်ဖြင့် သိမ်းပိုက်ကာ တားဆီးမရအောင် ရှေ့သို့ တိုးလာခဲ့သည်။
ဤစစ်ပွဲသတင်းသည် တစ်ကမ္ဘာလုံးကို လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။
“မဟာလော့က မဟာဖုန်းကို တိုက်နေတာလား၊ ဒီနိုင်ငံနှစ်ခုက ဘာလို့ ရုတ်တရက်ကြီး စစ်ဖြစ်ရတာလဲ”
“ကြားတာတော့ မဟာလော့မှာ ရိက္ခာအထွက်နှုန်း နည်းသွားလို့တဲ့၊ အဲဒီလို လိုအပ်ချက်ကို ဖြည့်ဖို့ မဟာဖုန်းဆီကနေ သွားလုတာပေါ့။ ပြောရရင်တော့ အားနည်းတဲ့လူကို ရွေးပြီး နှိပ်တာပေါ့ကွာ”
“ဒါပေမဲ့ ဒီနှစ်နိုင်ငံရဲ့ နောက်ကွယ်မှာ တာအိုဂိုဏ်းနဲ့ ဗုဒ္ဓဂိုဏ်း ရှိနေတာလေ၊ နှစ်ခုလုံးက ဒီခေတ်ရဲ့ အင်အားအကြီးဆုံး အဖွဲ့အစည်းတွေပဲ။ ဂိုဏ်းကြီးနှစ်ခုကြားမှာ ပဋိပက္ခတွေ ဖြစ်တော့မှာလား”
“အင်း... ငါလည်း နားမလည်နိုင်တော့ဘူး၊ အခြေအနေက တော်တော်လေး ရှုပ်ထွေးနေပုံပဲ”
“ထားလိုက်ပါတော့ကွာ၊ ဒါတွေက ငါတို့လို သာမန်လူတွေ ဝင်ပါလို့ရတဲ့ ကိစ္စတွေ မဟုတ်ပါဘူး။ ငါတို့ကတော့ ပွဲကြည့်ပရိသတ်အဖြစ်ပဲ စောင့်ကြည့်ကြတာပေါ့”
လူအများက ဘေးကနေ ဝိုင်းကြည့်နေကြသော်လည်း မဟာဖုန်းမင်းဆက်၏ နန်းတော်ထဲတွင်မူ မဟာဖုန်းဧကရာဇ်မှာ ထိတ်လန့်တုန်လှုပ်နေတော့သည်။
“ငါတို့ ဘာလုပ်ကြမလဲ၊ မဟာလော့က ငါတို့ကို တိုက်ဖို့ ပြင်နေပြီ”
မဟာလော့မင်းဆက်ဆိုသည်မှာ အသစ်တက်လာသော အင်အားစုတစ်ခုမျှသာ ဖြစ်သဖြင့် သူက အရေးပင် မစိုက်ခဲ့ပေ။ သို့သော် မဟာလော့၏ နောက်ကွယ်တွင် တာအိုဂိုဏ်း ရှိနေသည်။
မိမိ၏နယ်မြေမှာ ဗုဒ္ဓဂိုဏ်း၏ သြဇာအောက်တွင် ရှိနေပါလျက်နှင့် ရန်သူက စစ်တပ် လွှတ်ရဲသည်ဆိုကတည်းက ၎င်းမှာ တာအိုဂိုဏ်း၏ ခွင့်ပြုချက် ပါဝင်နေသည်မှာ ထင်ရှားလှသည်။ တစ်နည်းအားဖြင့် တာအိုဂိုဏ်းက သူ့ကို တိုက်ရန် ပြင်နေခြင်းပင် ဖြစ်ချေသည်။ သူက ဘာလုပ်နိုင်မှာမည်နည်း။ သူ့ထံတွင် ခုခံကာကွယ်ပေးမည့် ကောင်းကင်အဆင့် သိုင်းပညာရှင်ပင် မရှိချေ။
ထိုအချိန်တွင် ခမ်းနားထည်ဝါသော သင်္ကန်းကို ဝတ်ဆင်ထားသည့် ဘုန်းကြီးအိုတစ်ပါး ဝင်ရောက်လာသည်။
“အောမီထောဖော... အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ အရှင်မင်းကြီး အနန္တဘုန်းတော် ကြီးမားပါစေ”
ဧကရာဇ်သည် ထိုဘုန်းကြီးကို မြင်သောအခါ အားကိုးတကြီးဖြင့် အပြေးအလွှား ဆီးကြို နှုတ်ဆက်လိုက်သည် - “ကိုယ်တော် ကျဲထန်... ကိုယ်တော် နောက်ဆုံးတော့ ရောက်လာပြီပဲ”
ကျဲထန်သည် အင်ပါယာချီအဆင့်၏ ထိပ်သီးအဆင့်သို့ ရောက်ရှိနေသူဖြစ်ပြီး ကောင်းကင်အဆင့် ကျဲချန်၏ စီနီယာ ဘုန်းကြီးလည်း ဖြစ်သည်။ ဗုဒ္ဓဂိုဏ်းအတွင်း၌ အလွန်လေးစားခံရသူဖြစ်ပြီး မဟာဖုန်းမင်းဆက်တွင် ဗုဒ္ဓတရားတော်များ ပြန့်ပွားရေးအတွက် စေလွှတ်ခြင်း ခံထားရသူဖြစ်သည်။ ထို့ကြောင့် မဟာဖုန်းဧကရာဇ်က သူ့ကို အလွန်ပင် ရိုသေလေသည်။
“အရှင်မင်းကြီး... ဘယ်ကိစ္စအတွက် ဒီက နိမ့်ကျတဲ့ ဘုန်းကြီးကို ခေါ်ယူရတာပါလဲ” ဟု ကိုယ်တော် ကျဲထန်က မေးမြန်းလိုက်သည်။
မဟာဖုန်းဧကရာဇ်မှာ စိုးရိမ်တကြီးဖြင့် - “ကိုယ်တော်... မဟာလော့စစ်တပ်က တာအိုဂိုဏ်းရဲ့ အကူအညီနဲ့ ကျွန်တော်တို့ကို တိုက်ခိုက်နေပါတယ်။ ကျွန်တော်တို့မှာ ခုခံနိုင်စွမ်း မရှိဘူး၊ အခြေအနေက အရမ်းစိုးရိမ်ရပါတယ်။ ဒါကို ဗုဒ္ဓဂိုဏ်းဘက်က ဘယ်လို ကူညီပေးမလဲ”
ကိုယ်တော် ကျဲထန်က လက်အုပ်ချီလိုက်ရင်း - “အောမီထောဖော… ဒါက လောကီရေးရာတွေပါ၊ ဗုဒ္ဓတပည့်သားတွေ ဖြစ်ကြတဲ့ ကိုယ်တော်တို့က လောကီအာရုံတွေကို စွန့်လွှတ်ပြီး စင်ကြယ်အေးချမ်းစွာ နေထိုင်ကြသူတွေမို့ ဒီလိုကိစ္စတွေမှာ ဝင်မပါလိုပါဘူး။ အရှင့်မင်းကြီး ခွင့်လွှတ်ပေးပါ”
မဟာဖုန်းဧကရာဇ်မှာ စိတ်ထဲမှ ကျိန်ဆဲနေတော့သည်။
‘လောကီအာရုံကို စွန့်လွှတ်ထားတဲ့ ရဟန်းတွေတဲ့လား...’
‘မင်းတို့ ယူထားတဲ့ ရွှေငွေတွေနဲ့ အကျိုးအမြတ်တွေက နည်းတာမှ မဟုတ်တာ။ အခုကျမှ လောကီရေးရာမှာ ဝင်မပါဘူး ဟုတ်လား… နိုင်ငံရေးကိစ္စတွေမှာ မင်းတို့ ဝင်မနှောင့်ယှက်ခဲ့တာ ဘယ်နှခါရှိလို့လဲ။ သူတော်ကောင်းယောင်ဆောင်နေတဲ့ အယောင်ဆောင်တွေ... ဟူး’
ဧကရာဇ်မှာ ဒေါသထွက်နေသော်လည်း အကူအညီ လိုနေသဖြင့် ချော့မော့ပြောလိုက်ရသည် - “ကိုယ်တော်ကလည်း အဲဒီလို မပြောပါနဲ့။ ကိုယ်တော်တို့က လောကီရေးရာတွေကို စွန့်ထားတယ်ဆိုပေမဲ့ မြတ်စွာဘုရားကလည်း သတ္တဝါတွေကို သနားကြင်နာရမယ်လို့ ဟောထားတယ် မဟုတ်လား။ အသက်တစ်ချောင်းကို ကယ်တင်တာက ခုနစ်ထပ်ဘုရား တည်တာထက် ကုသိုလ်ရတယ်လို့ ဆိုတယ်လေ။ ကိုယ်တော်တို့က ဒီအတိုင်း ထိုင်ကြည့်နေတော့မှာလား”
“နောက်ပြီး ဗုဒ္ဓဘာသာက ကျွန်တော်တို့ မဟာဖုန်းရဲ့ နိုင်ငံတော်ဘာသာပဲလေ။ ကျွန်တော်သာ မရှိတော့ရင်၊ မဟာဖုန်းသာ ပြိုလဲသွားရင် ကိုယ်တော်တို့ရဲ့ တရားတော်တွေကို ဘယ်လို ဆက်ပြီး ပြန့်ပွားအောင် လုပ်မလဲ။ ကိုယ်တော် သဘောတူတယ် မဟုတ်လား”
“အောမီထောဖော… အရှင့်မင်းကြီး ပြောတာလည်း မှန်ပါတယ်” ဟု ကိုယ်တော် ကျဲထန်က ဆိုလိုက်သည်။
မဟာဖုန်းဧကရာဇ်မှာ မျှော်လင့်ချက်ကလေး ရလာသလို ခံစားလိုက်ရသည်။ သို့သော် ကျဲထန်က ဆက်ပြောလိုက်သည်မှာ -
“ဒါကြောင့် ဗုဒ္ဓဂိုဏ်းက တာအိုဂိုဏ်းနဲ့ ညှိနှိုင်းပြီးပါပြီ။ ဒီစစ်ပွဲက ဆက်ဖြစ်နိုင်ပေမဲ့ ဗုဒ္ဓဘာသာဝင်တွေကို မထိခိုက်စေရဘူး၊ နယ်မြေကိုလည်း သိမ်းပိုက်ခွင့်မရှိဘူးလို့ သဘောတူထားပါတယ်။ ဒါဆိုရင် မဟာဖုန်းမင်းဆက်ကလည်း သဘာဝအတိုင်း ဆက်ရှိနေမှာပါပဲ။ အောမီထောဖော… ”
မဟာဖုန်းဧကရာဇ်မှာ ပျာယာခတ်သွားကာ - “ဒါပေမဲ့ ကိုယ်တော်... ကျွန်တော်တို့ကျတော့ကော၊ ကျွန်တော်တို့ နန်းတွင်း ကျတော့ကော ဘယ်လိုလုပ်မလဲ”
“ဒါက ဖြေရှင်းရ လွယ်ကူပါတယ်”
ကိုယ်တော် ကျဲထန်က ကရုဏာသက်ဟန်ဖြင့် ပြုံးလိုက်ရင်း - “အရှင့်မင်းကြီးနဲ့ နန်းတွင်းအရာရှိအားလုံး ဗုဒ္ဓဘာသာထဲကို ဝင်လိုက်မယ်ဆိုရင် ဗုဒ္ဓရဲ့ တပည့်သားတွေ ဖြစ်သွားကြပြီလေ။ ဒါဆိုရင်တော့ ဗုဒ္ဓရဲ့ စောင့်ရှောက်မှုကို ခံရမှာ အသေအချာပါပဲ။အောမီထောဖော… ”
မဟာဖုန်းဧကရာဇ်၏ မျက်လုံးများ ပြူးကျယ်သွားကာ ရင်ထဲတွင် ဒေါသများ ဟုန်းဟုန်းတောက်သွားတော့သည်။
‘ဒီမြေခွေးအိုကြီး... မင်းက ငါတို့ကို ဝါးမြိုဖို့ အကွက်ချနေတာကိုး’
‘ငါက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ပေးပြီး ပြည်သူတွေကို ကိုးကွယ်ခိုင်းထားတာတောင် မင်းတို့က မကျေနပ်သေးဘူးလား။ အခု ငါနဲ့ နန်းတွင်းအရာရှိတွေကိုပါ မလွှတ်ဘူးပေါ့လေ’
အကယ်၍ သူနှင့် အရာရှိများပါ ဘုန်းကြီးဝတ်ကာ သို့မဟုတ် ဗုဒ္ဓတပည့်သား ဖြစ်သွားမည်ဆိုပါက နောင်တွင် မဟာဖုန်းကို မည်သူက အမိန့်ပေးမည်နည်း။ သူ့စကားက အတည်ဖြစ်မည်လား သို့မဟုတ် ဗုဒ္ဓဂိုဏ်း၏ စကားက အတည်ဖြစ်မည်လား။ တကယ့်ကို ယုတ်မာသောအကြံပင်။
ဧကရာဇ်က ဒေါသကို ထိန်းလိုက်ရင်း ဝတ်ရုံစကို ခါထုတ်ကာ - “ကိုယ်တော်... ကျွန်တော် နေမကောင်းလို့ နန်းတော်ထဲမှာ နားဖို့ လိုနေပြီ။ ကိုယ်တော် ပြန်နိုင်ပါပြီ”
“အောမီထောဖော...ဒီက နိမ့်ကျတဲ့ ဘုန်းကြီး ပြန်ပါရစေ” ကိုယ်တော် ကျဲထန် ထွက်ခွာသွားတော့သည်။
မဟာဖုန်းဧကရာဇ်သည် ဒီအတိုင်း ငြိမ်မနေဘဲ နိုင်ငံ၏ စစ်တပ်ကို စုစည်းကာ ခုခံရန် ကြိုးစားလေတော့သည်။ သူသည် ပြည်ပနိုင်ငံများထံမှလည်း အကူအညီ တောင်းခံခဲ့သည်။ လင်းပိုင်ဖန်ထံသို့ပင် အကူအညီတောင်းစာ ပေးပို့ခဲ့သေးသည်။
သို့သော်လည်း အင်အားကြီး ဂိုဏ်းကြီးနှစ်ခု ပါဝင်ပတ်သက်နေသော ဤစစ်ပွဲတွင် မည်သူက ဝင်ရောက်စွက်ဖက်ရဲမည်နည်း။ ထို့ကြောင့် မဟာဖုန်းဧကရာဇ်၏ ကြိုးပမ်းမှုများမှာ အချည်းနှီးသာ ဖြစ်ခဲ့ရသည်။
၎င်းမှာ ဆောင်းဦးနှောင်းပိုင်းတွင် နောက်ဆုံးအချိန်၌ ရုန်းကန်နေရသော နှံကောင်တစ်ကောင်၏ အဖြစ်နှင့် တူနေတော့သည်။